← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃) - အဇူရာနဂါး လက်တစ်ဖက် ဆုံးရှုံးခြင်း... ဝမ်ရန်ဝမ်၏ နောင်တ...

“ဒုန်း...”

စွမ်းအား ကာကွယ်ရေးဒိုင်း ပျက်စီးသွားသည်နှင့်အမျှ၊ ကျားဖြူနှင့် လိပ်နက် တမန်တော်များ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သူတို့သည် အလျင်အမြန်ပင် ရှောင်တိမ်းရန် ကြိုးစားလိုက်ကြသော်လည်း.....

နောက်ကျသွားခဲ့ပြီ ဖြစ်သည်...

ကျန်ရှိနေသော ဓားဆန္ဒများ ပေါက်ကွဲထွက်လာ၏...

ထူထပ်လှသော ဓားဆန္ဒများမှာ ခဏအတွင်းမှာပင် လောကတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထိုသူနှစ်ဦးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဤဓားဆန္ဒ၏ ပိုင်းဖြတ်မှုကြောင့် တိုက်ရိုက်ပင် နှစ်ပိုင်း ပြတ်သွားကြတော့သည်။

“ရှပ်...”

သွေးများ ပန်းထွက်လာသည်။

လိပ်နက် နှင့် ကျားဖြူ တမန်တော်တို့မှာ သူတို့၏ ခန္ဓာကိုယ်များ နှစ်ပိုင်းကွဲသွားသည်ကို မတတ်သာဘဲ ကြည့်နေကြရသည်။

သူတို့သည် ခါးသီးသော အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

နောက်ဆုံးတွင်တော့ သူတို့သည် ထာဝရ တိတ်ဆိတ်ခြင်းအတွင်းသို့ ဖြည်းညှင်းစွာ ကျဆင်းသွားကြတော့သည်။

၎င်းကို မြင်သော် သိပ်မဝေးသော နေရာရှိ အဇူရာနဂါး သည် မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။

မိမိရှေ့မှ အရာအားလုံးကို ယုံကြည်နိုင်စရာ မရှိလှသော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...........

ကျားဖြူနဲ့ လိပ်နက်က သူ့ရဲ့ ဓားတစ်ချက်တည်းနဲ့ တိုက်ရိုက် အသတ်ခံလိုက်ရတယ် ဟုတ်လား...........

ဒါကတော့.....

အဇူရာနဂါး ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုအချို့ ဖြစ်ပေါ်လာသည်။

သူသည် မိမိထံသို့ ပိုင်းဖြတ်လာတော့မည့် ဓားချီကို ပြန်ကြည့်လိုက်ရာ၊ သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ တိုးဝင်လာတော့သည်။

လိပ်နက် နှင့် ကျားဖြူ တို့၏ သာဓကရှိနေသဖြင့် သူသည် ဤဓားချက်ကို အသေအချာ မခုခံနိုင်မှန်း ကောင်းကောင်း သိနေသည်။ အကယ်၍ သူသာ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ဤဓားကို ခန္ဓာကိုယ်ဖြင့် ခုခံရန် ကြိုးစားခဲ့မည်ဆိုလျှင်.....

ရလဒ်တစ်ခုသာ သူ့ကို စောင့်ကြိုနေပေလိမ့်မည်...

၎င်းမှာ သေခြင်းတရား ပင် ဖြစ်သည်...

ကွေ့လီ သည် အဇူရာနဂါး ၏ ဆွဲခေါ်ရာနောက်သို့ လိုက်ပါကာ ထွက်ပြေးနေသည်။ သူသည် ဂျိချန်းဖန် က ဓားတစ်ချက်တည်းဖြင့် လိပ်နက် နှင့် ကျားဖြူ တမန်တော်တို့ကို သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသည်တွင်.....

‘စီနီယာအကို ခုနစ် ကတော့ အရင်အတိုင်း အင်အားကြီးနေတုန်းပဲ.....’

ကွေ့လီ က စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။

ထိုက်ကျင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အတိုင်းပင်...

အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်...

အဇူရာနဂါး သည်လည်း သူနှင့် အတွေးတူနေပေသည်။

ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အတိုင်း ရှန်ကျင်းနယ်ပယ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။ ရှန်ကျင်း အထွက်အထိပ် အဆင့် ကျွမ်းကျင်သူ အနည်းငယ် ထပ်ရှိမှသာ ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူနှင့် အပြန်အလှန် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်.....

သို့သော် ၎င်းမှာ ယှဉ်ပြိုင်ရုံသာ ရှိပေဦးမည်။

အဇူရာနဂါး ၏ မျက်ဝန်းများမှာ ပျာယာခတ်နေသည်။ သူသည် အဝေးသို့ အလျင်အမြန် ထွက်ပြေးနေသော်လည်း၊ သူ၏နောက်ကွယ်မှ ဓားဆန္ဒမှာ သူ့ကို တင်းကျပ်စွာ ပစ်မှတ်ထားနေဆဲ ဖြစ်သည်.....

သူ ဘယ်လိုပင် ပြေးပါစေ။

ကောင်းကင်ယံမှ ဓားဆန္ဒမှာ သူ၏နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေပေသည်။

“တောက်...”

အဇူရာနဂါး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

သူ မတောင့်ခံနိုင်တော့ပေ။

မတားဆီးနိုင်တော့ပေ။

သူ ဒါကို ဘယ်လို တိုက်ခိုက်ရပါ့မလဲ........

အဇူရာနဂါး ၏ မျက်ဝန်းများမှာ အနည်းငယ် ဝေဝါးသွားသည်။ ထိုစဉ်မှာပင် သူ၏ မျက်လုံးထောင့်မှ သူဆွဲခေါ်လာသော ကွေ့လီ ကို ရုတ်တရက် သတိပြုမိလိုက်ရာ.....

အဇူရာနဂါး ၏ မျက်ဝန်းများမှာ အနည်းငယ် လက်သွားသည်။

သူသည် မိမိအသက်ကို ကယ်တင်ရန် နည်းလမ်းကောင်းတစ်ခုကို တွေးမိသွားပုံရသည်။

“ရှပ် ”

နောက်ကွယ်မှ ဓားဆန္ဒမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

သူတို့ကြားရှိ အကွာအဝေးမှာ ပို၍ ပို၍ နီးကပ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အဇူရာနဂါး သည် ဤဓားဆန္ဒ၏ ဝါးမြိုခြင်းကို တိုက်ရိုက် ခံရတော့မည် ဖြစ်သည်.....

ထိုစဉ်မှာပင် အဇူရာနဂါး တွန့်ဆုတ်နေရန် အချိန်မရှိတော့ပေ။

သူသည် မိမိဆွဲထားသော ကွေ့လီ ကို ချက်ချင်းပင် မယူကာ မိမိ၏နောက်တွင် လူသားဒိုင်းအဖြစ် ထားလိုက်ပြီး အကျယ်ကြီး အော်ဟစ်လိုက်သည် .....

“ကွေ့လီ..... ဒီနေ့ပြီးရင်........”

“မင်းကို ငါ အသက်တစ်ချောင်း ကြွေးတင်တယ်လို့ မှတ်လိုက်ပါတော့........”

“ဝုန်း...”

သူ၏ အသံအဆုံးသတ်သည်နှင့် ဓားဆန္ဒမှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

ကိုးပါးသော ကောင်းကင်ယံထက်တွင် ဂျိချန်းဖန် သည် အဇူရာနဂါး ၏ လုပ်ဆောင်ချက်များကို အထင်အရှား မြင်နေရသည်။

သူသည် မျက်ခုံးအနည်းငယ် မြှင့်လိုက်ပြီး နှုတ်ခမ်းမှာလည်း အနည်းငယ် တွန့်သွား၏။ နောက်ဆုံးတွင် သူသည် လက်ကို အသာအယာသာ ဝှေ့ယမ်းလိုက်သည်.....

ဒီအဇူရာနဂါး ကတော့ တကယ်ပဲ အကွက်ချတတ်တာပဲလား...........

“ရှပ်...”

မူလက ပြင်းထန်လှသော ဓားဆန္ဒမှာ အသာအယာပင် ပျံ့လွင့်သွားပြီး၊ ခဏအတွင်းမှာပင် မြူခိုးများအဖြစ် ပြောင်းလဲကာ လေထုထဲ၌ ပျောက်ကွယ်သွားတော့သည်။

သို့သော် အဇူရာနဂါး သက်ပြင်းတစ်ချက် မချနိုင်ခင်မှာပင် သိမ်မွေ့လှသော ဓားဆန္ဒတစ်ခုမှာ ကွေ့လီ ကို တိတ်တဆိတ် ကျော်ဖြတ်သွားပြီး သူ၏ လက်တစ်ဖက်ကို ရုတ်တရက် ထိမှန်သွားတော့သည်.....

“ဝုန်း...”

ထိုဓားဆန္ဒမှာ သိမ်မွေ့လှသည်ဟု ထင်ရသော်လည်း၊ အဇူရာနဂါး ကို ထိတွေ့လိုက်သည့် ခဏမှာပင် သူ၏ လက်မောင်းတစ်ခုလုံးကို တိုက်ရိုက် ဝါးမြိုလိုက်တော့သည်။

“အား...............”

အဇူရာနဂါး အော်ဟစ်လိုက်မိသည်။

သူသည် မိမိ၏ လက်မောင်းပေါ်ရှိ သိမ်မွေ့လှသော ဓားဆန္ဒကို သတိပြုမိလိုက်ရာ၊ ပြတ်သားလှသော ဆုံးဖြတ်ချက်ဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို ချက်ချင်း လည်ပတ်စေကာ ဓားဆန္ဒ၏ ဝါးမြိုခြင်းခံနေရသော လက်မောင်းကို တိုက်ရိုက် ပိုင်းဖြတ်ပစ်လိုက်တော့သည်။

“ရှပ်...”

သွေးများ ပန်းထွက်လာပြီး အဇူရာနဂါး လက်တစ်ဖက် ဆုံးရှုံးသွားပြီ ဖြစ်သည်...

ပြတ်ကျသွားသော လက်မောင်းမှာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး၊ ထိုအတွင်းရှိ သိမ်မွေ့သော ဓားဆန္ဒကြောင့် ခဏအတွင်းမှာပင် ပြာအဖြစ်သို့ ကြိတ်ခြေခံလိုက်ရတော့သည်.....

“ရှူး...”

တစ်ချိန်တည်းမှာပင် ပြတ်ကျသွားသော လက်မောင်း၏ လက်ချောင်းများတွင် ဝတ်ဆင်ထားသော ‘ချန်ကွန်း အပြာရောင်အလင်းကွင်း’ မှာ အပြာရောင်အလင်းဖျော့ဖျော့လေး ထွက်ပေါ်လာပြီး၊ ကုန်ဆုံးခါနီးဖြစ်နေသော ဓားဆန္ဒကို ခက်ခဲစွာ တားဆီးလိုက်ပေသည်။

အဇူရာနဂါး မှာ ပြတ်ကျသွားသော အပြာရောင်အလင်းကွင်းကို ဂရုစိုက်နေရန် အချိန်မရှိပေ။ သူသည် ယခုအချိန်တွင် ထွက်ပြေးရန်နှင့် အသက်ရှင်ရန်သာ အလိုရှိတော့သည်...

“ရှူး...”

အဇူရာနဂါး ၏ ကိုယ်ဟန်မှာ လှုပ်ရှားသွားသည်။

ဓားဆန္ဒ၏ ပစ်မှတ်ထားခြင်းမှ လွတ်မြောက်သွားပြီးနောက်၊ သူသည် အဆိပ်မြူများအတွင်းသို့ ခဏအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

“တောက်.....”

“နှမြောစရာပဲ.....”

ဂျိချန်းဖန် က နောင်တအချို့ဖြင့် ခေါင်းခါလိုက်သည်။

အဇူရာနဂါး က ဤမျှအထိ သိက္ခာမရှိသော အလုပ်ကို လုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကောင်းပြီလေ။

သေခါနီးဆဲဆဲမှာတော့ ဘယ်သူက သိက္ခာတွေကို ဂရုစိုက်နေပါတော့မည်နည်း...

“ရှူး...”

ဂျိချန်းဖန် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

သူသည် သိပ်မဝေးသော နေရာတွင် ကျန်ရစ်ခဲ့သော ‘ချန်ကွန်း အပြာရောင်အလင်းကွင်း’ ကို ကောက်ယူလိုက်သည်။ ဤကဲ့သို့သော လက်ရရှိမှုမှာလည်း မဆိုးလှပေ။

နောက်သို့ ပြန်ကြည့်လိုက်လျှင် သူ့နောက်ကွယ်ရှိ အထက်လမ်း ဂိုဏ်းများမှ တပည့်များမှာ မှင်တက်နေကြပြီ ဖြစ်သည်။

“ဒါက ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ စွမ်းအားအစစ်အမှန်လား...........”

ကျင်းရှူးရှူး က တိုးတိုးလေး ရေရွတ်လိုက်မိသည်။

သူ၏ မျက်ဝန်းများထဲတွင် အားကျမှုများ ထွက်ပေါ်နေပေသည်။

ပတ်ဝန်းကျင်ရှိ အခြားသူများမှာလည်း အလားတူ အမူအရာများ ရှိနေကြသည်။ သူတို့သည် ဂျိချန်းဖန် နှင့် ယွမ်ယီလန် တို့၏ တိုက်ပွဲကို အရင်က ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးကြသော်လည်း.....

သို့သော် ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး၏ တိုက်ပွဲမှာ အလွန်ပင် နက်နဲဆန်းကြယ်လှပေသည်။

သူတို့အနေဖြင့် သေချာပင် မမြင်နိုင်ခဲ့ကြချေ။

ယခုမူ ဂျိချန်းဖန် က ဓားတစ်ချက်တည်းဖြင့် မိစ္ဆာဂိုဏ်း၏ ကြီးမြတ်သော တမန်တော်နှစ်ဦးကို သတ်ဖြတ်ကာ၊ ရှန်ကျင်းအထွက်အထိပ် အဆင့်ရှိသော အဇူရာနဂါး ကို လက်တစ်ဖက် ဖြတ်၍ ထွက်ပြေးစေသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရရာ.....

သူတို့သည် နောက်ဆုံးတွင်တော့ ထိုက်ကျင်းနယ်ပယ်၏ အစွမ်းကို နားလည်သွားကြပြီ ဖြစ်သည်။

ဤနယ်ပယ်သည်ကား ရှန်ကျင်းနယ်ပယ်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။

ရှန်ကျင်းနယ်ပယ် ဟုတ်လား... အစစ်အမှန် ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရလျှင်မူ၊ ၎င်းမှာ ကောင်းကင်ကြီးကို မော့ကြည့်နေသော ပိုးစုန်းကြူးလေးတစ်ကောင်နှင့် မခြားနားလှပေ...

သိပ်မဝေးသော နေရာရှိ ဝမ်ရန်ဝမ် သည် ရှေ့မှ လှုပ်ရှားမှုများကို အမြဲတမ်း အာရုံစိုက်နေခဲ့သည်။ ဂျိချန်းဖန် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားတော့သည်.....

သူ ဝင်ရောက်ကူညီရန် မပြင်ဆင်နိုင်ခင်မှာပင် လိပ်နက် နှင့် ကျားဖြူ တမန်တော်တို့မှာ ဂျိချန်းဖန် ၏ ဓားတစ်ချက်တည်းဖြင့် တိုက်ရိုက် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။

“ဒါကတော့.....”

ဝမ်ရန်ဝမ် ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး၊ သူ၏ မျက်နှာမှာလည်း ယုံကြည်နိုင်စရာ မရှိလှသော အမူအရာများဖြင့် ပြည့်နှက်နေပေသည်။

ချက်ချင်းဆိုသလိုပင် အဇူရာနဂါး လက်တစ်ဖက် ပြတ်လျက် ထွက်ပြေးလာသည်ကို သူ မြင်လိုက်ရသည်။

၎င်းကို မြင်သော် ဝမ်ရန်ဝမ် သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။

သူ အသက်ရှင်နေသေးတာပဲ တော်ပါသေးတယ်.....

သူသည် ‘ဖူလုံအိုး’ကို အလျင်အမြန် ဆင့်ခေါ်လိုက်ပြီး အဇူရာနဂါး ထွက်ပြေးသွားသော ဦးတည်ရာသို့ အမြန်ပင် လိုက်ပါသွားတော့သည်။

“ရှူး...”

သိပ်မကြာခင်မှာပင် အသက်လုနေရသော အဇူရာနဂါး ကို မှီသွားခဲ့သည်။

ယခုအချိန်တွင် ကွေ့လီ သည် ပြင်းထန်စွာ ဒဏ်ရာရထားသော အဇူရာနဂါး ကို ကျောပိုးလျက်၊ အဆိပ်မြူများအတွင်းမှ သတိကြီးစွာဖြင့် ဖြတ်ကျော်နေခြင်း ဖြစ်သည်.....

“ဂိုဏ်းချုပ်.....”

ဝမ်ရန်ဝမ် ရောက်လာသည်ကို မြင်သော် ကွေ့လီ က ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး ဘာမှ မပြောပေ။

“ညီအစ်ကို အဇူရာနဂါး..... အဆင်ပြေရဲ့လား.....”

ဝမ်ရန်ဝမ် က စိုးရိမ်တကြီးဖြင့် အနားသို့ လျှောက်သွားလိုက်သည်။

ဝိညာဉ်ဘုရင်ဂိုဏ်းတွင် ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ အနည်းငယ်သာ ရှိသည်။ ယခုမူ သူတို့ထဲမှ နှစ်ဦးမှာ ရုတ်တရက် ဆုံးရှုံးသွားခဲ့ရပြီး၊ ရှန်ကျင်းအထွက်အထိပ် အဆင့်သို့ ရောက်ရှိနေသော အဇူရာနဂါး မှာလည်း လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

၎င်းကို ကြီးမားလှသော ဆုံးရှုံးမှုကြီးဟု ဖော်ပြ၍ ရနိုင်ပေသည်...

“ဂိုဏ်းချုပ်.....” အဇူရာနဂါး ၏ မျက်နှာမှာ ဖြူလျော်နေပေသည်။ သွေးထွက်လွန်နေမှုကြောင့် သူ၏ အသံမှာလည်း အလွန်ပင် အားနည်းနေတော့သည်။

၎င်းကို မြင်သော် ဝမ်ရန်ဝမ် နောင်တအချို့ မရဘဲ မနေနိုင်တော့ပေ။

ငါ ဘာလို့ သူတို့ကို သွားပြီး ရန်စမိပါလိမ့်...........

ထို့နောက် ကုသရေး ဆေးလုံးတစ်လုံးကို အမြန်ထုတ်ယူကာ အဇူရာနဂါး ကို တိုက်ကျွေးလိုက်ပြီး၊ သူ၏ အမူအရာမှာလည်း ရှုပ်ထွေးနေတော့သည်.....

ဤကဲ့သို့သော ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များပြီးနောက် ဝိညာဉ်ဘုရင်ဂိုဏ်းသည် ရှန်ကျင်း နောက်ဆုံးအဆင့် ကျွမ်းကျင်သူ နှစ်ဦးကို တိုက်ရိုက် ဆုံးရှုံးလိုက်ရရာ၊ ၎င်းမှာ ကြီးမားလှသော ဆုံးရှုံးမှုကြီးပင် ဖြစ်ပေသည်.....

...

အခန်း (၂၃၄) - ကောင်းကင်ဧကရာဇ် ရတနာသိုက်... အနက်ရောင်ရေနဂါး ပေါ်ထွက်လာခြင်း...

ဝိညာဉ်ဘုရင်ဂိုဏ်းတွင် မူလက ရှန်ကျင်းအဆင့် တိုက်ခိုက်ရေးသမား ငါးဦးသာ ရှိပေသည်။

ယခု ကွေ့လီ နှင့်ဆိုလျှင် ခြောက်ဦးဟု ဆိုနိုင်သော်လည်း.....

လိပ်နက် နှင့် ကျားဖြူ တမန်တော်နှစ်ဦး သေဆုံးသွားခြင်း၊ အဇူရာနဂါး လက်တစ်ဖက် ပြတ်သွားခြင်းတို့ကြောင့် ဝိညာဉ်ဘုရင်ဂိုဏ်း၏ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားမှာ ခဏအတွင်းမှာပင် အကြီးအကျယ် ကျဆင်းသွားတော့သည်.....

အမှန်တကယ် အလုပ်ဖြစ်နိုင်မည့်သူများမှာ.....

ဝမ်ရန်ဝမ် နှင့် သုံးမြှီးတမန်တော် ယို့ကျီ တို့သာ ရှိပေတော့သည်။ ကွေ့လီ ဟုတ်လား........

ထိုလူငယ်မှာ မိစ္ဆာဂိုဏ်းနှင့် တစ်စိတ်တစ်ဝမ်းတည်း မဟုတ်သည်ကို ဝမ်ရန်ဝမ် ကောင်းကောင်း သိထားသည်။

သူ့ကို ယခုလောလောဆယ် အသုံးချ၍ ရနိုင်သော်လည်း နောင်တစ်ချိန်တွင်မူ သူတို့ လမ်းခွဲကြရမည်မှာ မလွဲဧကန်ပင်။

ခေတ္တမျှ တိတ်ဆိတ်သွားသည်။

ဝမ်ရန်ဝမ် ၏ အမူအရာမှာ အတော်ပင် ပျက်ယွင်းနေတော့သည်။

မူလက သူ၏ ဝိညာဉ်ဘုရင်ဂိုဏ်းမှာ အင်အား အတောင့်တင်းဆုံး ဖြစ်ခဲ့သည်။ မိစ္ဆာဂိုဏ်း၏ အဓိက အင်အားစုကြီး လေးခုထဲတွင် အခြားဂိုဏ်းကြီးများမှ ကျွမ်းကျင်သူများမှာ အကုန်အစင် သုတ်သင်ခံလိုက်ရသော်လည်း.....

သူ၏ ဝိညာဉ်ဘုရင်ဂိုဏ်းမှာမူ မည်သည့်ဆုံးရှုံးမှုမှ မရှိခဲ့ပေ။

သို့သော် ယခုမူ ဝိညာဉ်ဘုရင်ဂိုဏ်းသည်လည်း အခြားဂိုဏ်းကြီးများနှင့် သိပ်မထူးတော့ချေ။

အဆိပ်တစ်သောင်းဂိုဏ်းတွင် ရှန်ကျင်းအဆင့် တိုက်ခိုက်ရေးသမား နှစ်ဦး သုံးဦးခန့် ရှိနေသေးပြီး၊ ရှန်ကျင်းအထွက်အထိပ် အဆင့်ဖြစ်သော အဆိပ်နတ်ဘုရား မှာလည်း အသက်ရှင်နေဆဲ ဖြစ်သည်။

ဟဲ့ဟွမ်ဂိုဏ်းတွင်လည်း ရှန်ကျင်းကျွမ်းကျင်သူ နှစ်ဦး ရှိနေသေးပြီး၊ သက်ရှည်ခန်းမ တွင်မူ တစ်ဦးသာ ကျန်တော့သည်.....

ဤသို့ ကြည့်မည်ဆိုလျှင် သူ၏ ဝိညာဉ်ဘုရင်ဂိုဏ်းတွင် ဆုံးရှုံးမှုများ ရှိခဲ့သော်လည်း သူတို့၏ အင်အားမှာ လက်ခံနိုင်လောက်သော အခြေအနေတွင် ရှိနေသေးပေသည်။

သို့သော် သူ နောင်တရနေမိသည်...

ဘာလို့များ ဂျိချန်းဖန် တို့အဖွဲ့ကို အကြောင်းမရှိဘဲ သွားပြီး ရန်စမိပါလိမ့်...........

ဝမ်ရန်ဝမ် ၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်သွား၏။

“ဂိုဏ်းချုပ်.....” ကွေ့လီ ရှေ့သို့ တက်လာပြီး တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည် .....

“ကျွန်တော်တို့ အစီအစဉ်ကို ဆက်လုပ်ဖို့ လိုသေးလား.....”

သူက ဝမ်ရန်ဝမ် ကို ပြဿနာမရှာရန် အစောကတည်းက အကြံပေးခဲ့သော်လည်း၊ သူကမှ နားမထောင်ခဲ့သည် မဟုတ်ပါလား...

ဟက်။

တွေ့ပြီမလား.....

လူမှန်စကားကို နားမထောင်ခဲ့တော့။

မျက်စိရှေ့မှာတင် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတော့သည်ပဲ။

ဝမ်ရန်ဝမ် ၏ မျက်ဝန်းများထဲတွင် တွန့်ဆုတ်မှုအချို့ ရှိနေပေသည်။ သူသည် အသက်လုနေရသော အဇူရာနဂါး ကို တစ်ချက်ကြည့်လိုက်ပြီး၊ နောက်ဆုံးတွင်တော့ သက်ပြင်းချလျက် ဆိုလိုက်သည် .....

“မင်း အဇူရာနဂါး ကို ခေါ်ပြီး ဒီနေရာကနေ အရင်ဆုံး ထွက်သွားလိုက်တော့.....”

“ငါပဲ ဒီမှာ ဆက်နေပြီး နတ်ဘုရားသားရဲ ‘ဖီးနစ်ငှက်’ ကို ဖမ်းဖို့ အခွင့်အရေး ရှိမလားဆိုတာ ကြည့်လိုက်ဦးမယ်.....”

အကယ်၍ မရခဲ့လျှင်လည်း သူ့မှာ အခြား ရွေးချယ်စရာ မရှိတော့ပေ။

“အော်..... ဒါနဲ့.....” ဝမ်ရန်ဝမ် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ဆိုလိုက်သည် ..... “မင်း ‘တာဝမ့်ကျေးရွာ’ ကို ဖြတ်သွားတဲ့အခါ၊ ယို့ကျီ နဲ့ ပိယောင် တို့ကို ဒီကနေ အမြန်ဆုံး ထွက်သွားဖို့ သတိပေးလိုက်ဦး.....”

အစကတော့ သူသည် ပိယောင် နှင့် ဂျိချန်းဖန် တို့အကြားတွင် မျှော်လင့်ချက်အချို့ ထားရှိခဲ့သော်လည်း.....

ယနေ့ ဂျိချန်းဖန် ၏ ပြတ်သားလှသော လုပ်ဆောင်ချက်များက သူ့ကို အနည်းငယ် ကြောက်လန့်သွားစေခဲ့ပြီ ဖြစ်သည်။

ယောက္ခမက သမက်ကို ကြောက်နေရတယ် ဟုတ်လား... ဒါက ဘယ်လို ယုတ္တိမျိုးပါလိမ့်........

...

...

ဂျိချန်းဖန် သည် ဝမ်ရန်ဝမ် ဘာတွေ တွေးနေသည်ကို မသိပေ။

အမှန်စင်စစ် သူ သိခဲ့လျှင်ပင် ဂရုစိုက်နေမည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ သူ၏ အတွေးမှာ အလွန်ပင် ရိုးရှင်းလှသည်။

မင်းတို့တွေ ငါ့လူတွေကို လာမထိသရွေ့ အဆင်ပြေသည်။ ပိယောင် နှင့် ယို့ကျီ တို့၏ မျက်နှာကို ထောက်ထားပြီး မင်းတို့ရဲ့ အသက်ကို ယာယီ ချမ်းသာပေးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး.....

ဒါပေမဲ့ မင်းတို့ကမှ သေမင်းကို သွားပြီး ဖိတ်ခေါ်နေမှတော့။

အေးအေးဆေးဆေး မနေနိုင်ကြဘူးလား........

မင်းတို့က ဟို လီရွှန် လိုမျိုးပဲ ဖြစ်နေကြတာပဲ။

သေမင်းဆီကို ကိုယ်တိုင် လာရှာနေကြတာလား........

ငါ ဂျိချန်းဖန် ကို အနိုင်ကျင့်လို့ လွယ်တယ်လို့ တကယ်ပဲ ထင်နေကြတာလား...........

“ဝှစ်...”

ဂျိချန်းဖန် ၏ အကြည့်မှာ အဝေးသို့ ရောက်သွားသည်။

သူ၏ အကြည့်မှာ အဟန့်အတား အထပ်ထပ်ကို ဖောက်ထွင်းလျက်၊ ပြင်းထန်စွာ ဒဏ်ရာရထားသော အဇူရာနဂါး နှင့် ဝမ်ရန်ဝမ် ၏ ပျက်ယွင်းနေသော မျက်နှာတို့ကို မြင်နေရသကဲ့သို့ပင်.....

ဘာပဲဖြစ်ဖြစ် ထားလိုက်ပါတော့။

သူ့တွင် ထိလို့မရတဲ့ အရာတစ်ခုပဲ ရှိသည်။

၎င်းမှာ သူ့ဘေးနားက လူများပင်။

သူ့ရဲ့ စည်းကို လာမကျော်သရွေ့၊ သူ့ရဲ့ နောက်ဆုံးခံစစ်ကို လာမထိသရွေ့တော့ အရာအားလုံးက ညှိနှိုင်းလို့ ရနိုင်ပါသေးတယ်၊ ဒါပေမဲ့ မင်းတို့ကမှ သေလမ်းကို ရွေးနေကြတယ်ဆိုရင်တော့........

ဒါဆိုရင်လည်း ငရဲကိုပဲ သွားကြပေတော့...

“ဂိုဏ်းချုပ် စီနီယာအကို...”

“စီနီယာအကို ဂျိ~”

လုရွယ်ချီ နှင့် သူမတို့အဖွဲ့မှာ ဂျိချန်းဖန် ၏ ဘေးသို့ ရောက်လာကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် အားကျမှုများ ရှိနေပေသည်။ သူတို့ တစ်ခုခု ပြောချင်သော်လည်း၊ စကားသံများ ထွက်မလာခဲ့ကြချေ.....

တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်ထဲတွင် အနည်းငယ်လည်း ရှိန်နေမိကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့ရှေ့တွင် ရပ်နေသူမှာ ကျင်းယွမ်ကလန် ၏ ဂိုဏ်းချုပ် မဟုတ်ပါလား... အစစ်အမှန် ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးလေ...

ဘယ်လိုလုပ် မရှိန်ဘဲ နေနိုင်ပါ့မနည်း...

ထျန်းယင်းကျောင်းတော်မှ ဖာရှန်း အပါအဝင် လူအနည်းငယ်မှာ ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြပြီး၊ သူတို့၏ အမူအရာမှာလည်း အလွန်ပင် ရိုသေနေကြပေသည်၊ ဖန်ရှန်းဂူမှ နှစ်ဦးမှာမူ နောက်တွင်သာ ရပ်နေကြပြီး၊ ဂျိချန်းဖန် သတိထားမိသွားမှာကို ကြောက်သဖြင့် အနားသို့ မကပ်ရဲကြချေ.....

“ဂိုဏ်းချုပ် စီနီယာအကို..... စီနီယာအကိုက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ...........”

ကျင့်ရှူးရှူး က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

သူသည် ကျင်းယွမ်ကလန်၏ ဂျိချန်းဖန် ပရိသတ် နံပါတ်တစ် ဖြစ်သည့်အတိုင်း၊ ဂျိချန်းဖန် ၏ ရှေ့တွင် လုံးဝ ရှိန်မနေပေ၊ ထိုအစား သူသည် အတိုင်းမသိ စိတ်လှုပ်ရှားနေပေသည်။

၎င်းကို ကြားသော် ဂျိချန်းဖန် က အသာအယာ ပြုံးလိုက်ပြီး ဆိုလိုက်သည် ..... “ငါ မင်းတို့နောက်ကနေ အမြဲတမ်း လိုက်လာခဲ့တာပါ.....”

မူလက သူသည် ကျင့်ရှူးရှူး တို့အဖွဲ့ကို အသုံးချပြီး သက်ရှည်ခန်းမ နှင့် ဟဲ့ဟွမ်ဂိုဏ်း မှ လူတွေကို မျှားထုတ်ရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဝိညာဉ်ဘုရင်ဂိုဏ်းမှ လူတွေက အရင်ဆုံး ခုန်ထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားပါ့မနည်း...

သို့သော်လည်း သူ့ကို အပြစ်မတင်သင့်ပေ။

ဝမ်ရန်ဝမ် ကိုယ်တိုင်က သေလမ်းကို အတင်းရှာနေတာကိုပဲ အပြစ်တင်ကြပေတော့။

“အမိတာဘာ.....”

ဖာရှန်း က လက်ဝါးနှစ်ဖက် ယှက်လျက် ဘုရားစာ ရွတ်ဆိုလိုက်သည်။ သူသည် ဂျိချန်းဖန် ကို ရိုသေစွာ မေးလိုက်သည် ..... “စီနီယာအကို ဂျိ..... ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ.....”

၎င်းကို ကြားသော် ဂျိချန်းဖန် သည် သေခြင်းတရား ရွှံ့နွံအိုင် ၏ အနက်ရှိုင်းဆုံး နေရာကို လှည့်ကြည့်လိုက်သည်။

ကောင်းကင်ဧကရာဇ် ရတနာသိုက် က မကြာခင်မှာ ပွင့်တော့မည် ဖြစ်သည်။ သက်ရှည်ခန်းမ နှင့် ဟဲ့ဟွမ်ဂိုဏ်း မှ လူတွေကတော့ ထိုနေရာကို အစောကတည်းက လူအင်အားနှင့် စောင့်ကြပ်နေကြလောက်ပြီ။ အခြားနေရာမှာ အချိန်ဖြုန်းနေမည့်အစား.....

ထိုနေရာကို တိုက်ရိုက် သွားလိုက်တာက ပိုကောင်းပေလိမ့်မည်။

ထို့အပြင် သူ့အကြောင်းကလည်း အားလုံး သိသွားကြပြီ ဖြစ်သည်။

သူ့ရဲ့ တည်ရှိမှုကို ဆက်ပြီး ဖုံးကွယ်ထားဖို့ မလိုတော့ပေ။

တိုက်ရိုက်ပင် တိုက်ခိုက်ဝင်ရောက်သွားရုံသာ ရှိတော့သည်။

မည်သို့ပင်ဖြစ်စေ သူ၏ အစွမ်းဖြင့် မိစ္ဆာဂိုဏ်းသားတစ်စုကို ဖိနှိပ်ရန်မှာ လုံးဝ မခက်ခဲလှပေ၊ သူတို့ ထွက်ပြေးသွားမှာကိုသာ စိုးရိမ်ရပေသည်.....

“အားလုံးပဲ..... ငါ့နောက်က လိုက်ခဲ့ကြ.....”

ဂျိချန်းဖန် က စဉ်းစားပြီးမှ ဆိုလိုက်သည်။

၎င်းကို ကြားသော် ပတ်ဝန်းကျင်ရှိ လူအားလုံး ခေါင်းညိတ်လိုက်ကြသည်။

လုရွယ်ချီ နှင့် ကျင့်ပင်အာ မိန်းကလေးနှစ်ဦးမှာ ဂျိချန်းဖန် ၏ ဘေးတွင် တိုက်ရိုက် ရပ်လိုက်ကြပြီး၊ ထိုအဖွဲ့မှာ သေခြင်းတရား ရွှံ့နွံအိုင်၏ အနက်ရှိုင်းဆုံး နေရာသို့ လျှောက်လှမ်းသွားကြတော့သည်.....

...

...

“ဝုန်း...”

ဂျိချန်းဖန် နှင့် သူ၏အဖွဲ့မှာ သေခြင်းတရား ရွှံ့နွံအိုင်၏ ဗဟိုသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်၊ ရှေ့မှ မလှမ်းမကမ်းတွင် တောက်ပလှသော ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

“ရှူး...”

ရွှေရောင်အလင်းများမှာ ပွင့်အာလာသည်။

ပတ်ဝန်းကျင်ရှိ အဆိပ်မြူများမှာ ထိုအလင်းကြောင့် တိုက်ရိုက်ပင် ပျံ့လွင့်သွားပြီး၊ လောကတစ်ခုလုံး၏ အစစ်အမှန် ပုံစံမှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ရှေ့သို့ ကြည့်လိုက်လျှင် အဆိပ်မြူများအတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော မြင့်မားလှသည့် ‘ကျန့်မူ’ သစ်ပင်ကြီး တစ်ပင်ကို တွေ့လိုက်ရသည်။

လူပေါင်း တစ်ရာခန့် လက်ချင်းချိတ်၍ ဝိုင်းပတ်လျှင်ပင် ပြည့်နိုင်မည် မဟုတ်ချေ.....

၎င်းကို မြင့်မားလှသော ကျန့်မူသစ်ပင်ကြီးဟု ခေါ်ရခြင်းမှာလည်း ၎င်း၏ အမြင့်မှာ စိတ်ကူး၍ပင် မရနိုင်သောကြောင့် ဖြစ်သည်။ မြေပြင်ပေါ်မှာ ရပ်ပြီး မော့ကြည့်လျှင်ပင် ၎င်းသည် မည်မျှ မြင့်သည်ကို အတိအကျ မမြင်နိုင်ချေ။

ကောင်းကင်ယံ တိမ်တိုက်များထဲအထိ ထိုးဖောက်ဝင်ရောက်သွားသည်ကိုသာ တွေ့မြင်နိုင်ပေသည်။

လောကတစ်ခုလုံးစာ မြင့်မားနေသကဲ့သို့ပင်။

“ဝုန်း...”

ရွှေရောင်အလင်းများမှာ ထိုမြင့်မားလှသော ကျန့်မူသစ်ပင်ကြီးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း ဤမြင်ကွင်းကို သတိပြုမိသွားကြသည်။

အဆိပ်မြူများ ပျံ့လွင့်သွားသည်နှင့်အမျှ ရှေ့တွင် လူရိပ်များ ပေါ်လာတော့သည်။

ဟဲ့ဟွမ်ဂိုဏ်းမှ အကြီးအကဲ ‘ယွဲ့ရုံ’၊ သက်ရှည်ခန်းမ ၏ တစ်ဦးတည်းသော ကျန်ရှိသည့် ရှန်ကျင်းကျွမ်းကျင်သူ ‘ယွီရှန့်ကျီ’၊ အဆိပ်တစ်သောင်းဂိုဏ်းမှ ‘ဝူကုန်းကျီ’.....

သူတို့နောက်တွင် ဂိုဏ်းအသီးသီးမှ ထူးချွန်သော တပည့်များ ပါလာကြသည် .....

အဆိပ်တစ်သောင်းဂိုဏ်းမှ ‘ချင်းဝူယန့်’ နှင့် သက်ရှည်ခန်းမမှ ‘မုံကျိ’ တို့ ဖြစ်ကြသည်။

မိစ္ဆာဂိုဏ်း၏ အဓိက အင်အားစုကြီး သုံးခုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့၏ မျက်ဝန်းများထဲတွင် သံသယအချို့ ရှိနေပေသည်။

ထူးဆန်းလှပေသည်။

ဝိညာဉ်ဘုရင်ဂိုဏ်းက လူတွေ ဘာလို့ ရောက်မလာကြတာလဲ........

ဒီလို ပွဲကြီးပွဲကောင်းကို သူတို့ ဘယ်လိုလုပ် လွဲချော်နိုင်ပါ့မလဲ...........

“အကြီးအကဲ...”

“မကောင်းတော့ပါဘူး...”

အဆိပ်တစ်သောင်းဂိုဏ်းမှ ကင်းထောက်တစ်ဦးသည် အဆိပ်မြူများအတွင်းမှ ပြေးထွက်လာသည်။

သူ၏ မျက်နှာမှာ အတော်ပင် ပျာယာခတ်နေပြီး ဆိုလိုက်သည် .....

“ဝိညာဉ်ဘုရင်ဂိုဏ်းက လူတွေဟာ သေခြင်းတရား ရွှံ့နွံအိုင်ထဲမှာ အထက်လမ်းဂိုဏ်းက တပည့်တစ်စုကို ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျင်းယွမ်ကလန် ဂိုဏ်းချုပ် ရုတ်တရက် ပေါ်လာပြီး ဝိညာဉ်ဘုရင်ဂိုဏ်းက တမန်တော်နှစ်ဦးကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပါတယ်.....”

ဤစကားများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ မိစ္ဆာဂိုဏ်းသား အားလုံးမှာ အကြီးအကျယ် ထိတ်လန့်သွားကြတော့သည်။

အဆိပ်တစ်သောင်းဂိုဏ်းမှ ဝူကုန်းကျီ ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ဆိုလိုက်သည် .....

“ကျင်းယွမ်ကလန် ဂိုဏ်းချုပ်က ဒီကို ရောက်နေတာလား...........”

ဟဲ့ဟွမ်ဂိုဏ်းမှ အကြီးအကဲ ယွဲ့ရုံ နှင့် သက်ရှည်ခန်းမမှ ယွီရှန့်ကျီ တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ၊ သူတို့နှစ်ဦးစလုံး၏ မျက်ဝန်းများထဲတွင် လေးနက်သော အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။

ကျင်းယွမ်ကလန် ဂိုဏ်းချုပ်က ဒီမှာ ရောက်နေတာလား........

ပြီးတော့ သူက ဝိညာဉ်ဘုရင်ဂိုဏ်းက တမန်တော်နှစ်ဦးကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တယ် ဟုတ်လား...........

ဒါဆိုရင် သူတို့တွေကကော.....

အားလုံး၏ စိတ်နှလုံးမှာ လေးလံသွားတော့သည်။

ကျင်းယွမ်ကလန် ဂိုဏ်းချုပ်သည် ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီဟု သတင်းများ ထွက်နေခဲ့သည်။

သူသည် ဝိညာဉ်ဘုရင်ဂိုဏ်းမှ တမန်တော်နှစ်ဦးကို ဓားတစ်ချက်တည်းနှင့် သတ်နိုင်သည်ဆိုမှတော့၊

ထိုကောလာဟလများမှာ မမှားနိုင်တော့ပေ.....

“အားလုံးပဲ...”

“ငါတို့တွေ အရင်ဆုံး ပူးပေါင်းပြီး ရတနာသိုက်ထဲက ရတနာတွေကို အမိအရ ယူရလိမ့်မယ်၊ မဟုတ်ရင်တော့.....”

အဆိပ်တစ်သောင်းဂိုဏ်းမှ ဝူကုန်းကျီ ၏ လေသံမှာ လေးလံလှပေသည်။

သို့သော် သူ စကားမဆုံးခင်မှာပင် အဆိပ်မြူများ၏ ပြင်ပမှ ကြည်လင်ပြတ်သားသော ခြေသံများမှာ ပဲ့တင်ထပ်လာပြီ ဖြစ်သည်။

“ရှူး...”

အဆိပ်မြူများ ပျံ့လွင့်သွားသည်နှင့်အမျှ အနက်ရောင် ဝတ်စုံဝတ် ခန့်ညားလှသော လူငယ်တစ်ဦးမှာ လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်.....

...

All Chapters