← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း ၂၄၅ - ဟဲ့ဟွမ်ဂိုဏ်း၏ အသည်းအသန် ရုန်းကန်မှု...

ရှောင်ပိုင်သည် ဂျိချန်းဖန်၏ ကိုယ်ပေါ်တွင် တစ်ကိုယ်လုံး တွယ်ကပ်ထားသည်။

သူမသည် သူ့ကို တင်းကျပ်စွာ ဖက်ထားပြီး ဂျိချန်းဖန်၏ လက်ထဲရှိ 'ကောင်းကင်ဧကရာဇ် ဝိညာဉ်ကျောက်တုံး' ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။

"ဂုဂု..."

ရှောင်ပိုင်သည် သူမ၏ ရင်ထဲမှ တောင့်တမှုကို အတင်းအကျပ် နှိမ်နှင်းထားပြီး ဂျိချန်းဖန်၏ လက်ထဲရှိ ကျောက်တုံးလေးကို စပ်စုလိုသော မျက်ဝန်းများဖြင့် ကြည့်ကာ နားမလည်နိုင်သလို မေးလိုက်သည်။

"ဒါက ဘာကြီးလဲ"

"ဒါကို ဘယ်ကရတာလဲ။ ဘာလို့ ငါ့အပေါ် ဒီလောက် ဆွဲဆောင်မှု ပြင်းနေရတာလဲ"

ဂျိချန်းဖန်က ရှင်းပြလိုက်သည်။ "ဒါကို ကောင်းကင်ဧကရာဇ် ဝိညာဉ်ကျောက်တုံးလို့ ခေါ်တယ်။ ဒါက ဘာလဲဆိုတာ ငါလည်း အတိအကျ မသိသေးပေမဲ့ ဒါက ထူးခြားတဲ့ သားရဲတွေနဲ့ ဝိညာဉ်သားရဲတွေအပေါ် အရမ်း ဆွဲဆောင်မှုရှိတယ်..."

သူ၏ ခန့်မှန်းချက်မှာ အမှန်ပင် ဖြစ်၏။

ဤကောင်းကင်ဧကရာဇ် ဝိညာဉ်ကျောက်တုံးမှာ ရှောင်ပိုင်အတွက် အမှန်တကယ်ပင် အသုံးဝင်လှသည်။

သူမသာ ၎င်းကို စားသုံးလိုက်လျှင် မည်သို့သော ထူးခြားသည့် သက်ရောက်မှုများ ရှိလာမည်ကိုမူ သူ မသိသေးပေ။

ဂျိချန်းဖန် စဉ်းစားလိုက်ပြီးမှ "အခုလောလောဆယ်တော့ ဒါကို မင်းကို မပေးသေးဘူး။ အထဲမှာ ဘာတွေ ပါဝင်နေသလဲဆိုတာ အရင်ဆုံး လေ့လာကြည့်ဦးမယ်"

"ဒါကို ဝိညာဉ်ဆေးလုံးအဖြစ် ဖော်စပ်လို့ ရမလားဆိုတာ ငါ ကြည့်ရဦးမယ်

"

"ကောင်းပြီလေ"

ရှောင်ပိုင်သည် ဂျိချန်းဖန်၏ ကိုယ်ပေါ်တွင် ရေဘဝဲတစ်ကောင်ကဲ့သို့ တွယ်ကပ်နေရင်း ဝိညာဉ်ကျောက်တုံးကို အနည်းငယ် နှမြောတသဟန်ဖြင့် ကြည့်နေသည်။

သူမ၏ ခန္ဓာကိုယ်ဗီဇက ပြောပြနေသည်မှာ သူမသာ ၎င်းကို စားသုံးလိုက်လျှင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်မှာ သေချာသည်ဟူ၍ပင်။

"ကဲ... ဒါဆိုရင် ငါ အရင်ဆုံး တံခါးပိတ်ကျင့်ကြံဖို့ သွားတော့မယ်နော်" ဟု ဂျိချန်းဖန်က ပြောလိုက်သည်။

ဤသည်ကို ကြားသောအခါ ရှောင်ပိုင်က မျက်မှောင်လေး အနည်းငယ် ကြုတ်လိုက်၏။

သူမသည် ဂျိချန်းဖန်၏ ကော်လာကို ဆုပ်ကိုင်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ဘာတွေ အလောတကြီး ဖြစ်နေတာလဲ"

ပြောပြီးသည်နှင့် သူမသည် ဂျိချန်းဖန်ကို ဆွဲခေါ်ကာ အဆောင်ဝင်းအတွင်းသို့ လျှောက်လှမ်းသွားတော့သည်။

.........

"မင်း ဘာလုပ်မလို့လဲ"

ဂျိချန်းဖန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။

"လုပ်စရာရှိတာ လုပ်မလို့လေ..." ရှောင်ပိုင်က တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်ပြလိုက်သည်။

ဂျိချန်းဖန်: "..."

အခြေအနေက ပြောင်းပြန် ဖြစ်သွားလေသည်။

...

နှစ်နာရီခန့် ကြာပြီးနောက်။

ရှောင်ပိုင်၏ ဝတ်စုံမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံနွယ်များမှာ ပုခုံးပေါ်သို့ ဝဲကျနေကာ မျက်ဝန်းများမှာလည်း အနည်းငယ် ဝေဝါးနေ၏။

"အဟွတ်... အဟွတ်..."

ရှောင်ပိုင်၏ အသံမှာ အနည်းငယ် တိမ်ဝင်နေသည်။

ဂျိချန်းဖန်ကို အပြင်သို့ တွန်းထုတ်လိုသည့်အလား တွန်းလိုက်ရင်း ပြောလိုက်၏။

"တော်ပြီ"

"မင်း မြန်မြန်သွားတော့"

"တံခါးပိတ်ကျင့်ကြံဖို့က အရေးကြီးဆုံးပဲ"

......... ဂျိချန်းဖန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ခုနကပဲ ငါ့ကို အတင်းဆွဲထားပြီးတော့။ အခုကျမှ မပျော်တော့တာလား...

"ထပ်မလုပ်တော့ဘူးလား" သူက မောပန်းနေသော ရှောင်ပိုင်ကို ကြည့်ကာ စနောက်လိုက်သည်။

ဤစကားကို ကြားသောအခါ ရှောင်ပိုင်မှာ ခေါင်းကို အတင်း ခါယမ်းလိုက်တော့၏။

သူမ၏ အပြစ်ပြောစရာမရှိသော လှပသည့် မျက်နှာလေးပေါ်တွင် ခံစားချက်များ ကျန်ရှိနေဆဲဖြစ်ပြီး ပါးပြင်လေးများမှာလည်း ပန်းရောင်သန်းနေသည်။

"ဟက်... ငါးစုတ်လေးပဲ"

ဂျိချန်းဖန်က လှောင်ပြောင်လိုက်မိ၏။

ဘယ်သူမှ ငါ့ကို ယှဉ်နိုင်တဲ့သူ မရှိပါလား... အကုန်လုံး ငါးစုတ်လေးတွေချည်းပဲ...

ရှောင်ပိုင်က မျက်မှောင်လေး ကြုတ်ကာ ဂျိချန်းဖန်ကို မကျေမနပ် ကြည့်ရင်း "မင်း ဘယ်သူ့ကို ငါးစုတ်လို့ ခေါ်နေတာလဲ" ဟု မေးလိုက်သည်။

"မင်းကိုလေ..." ဂျိချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။

ထိုက်ကျင်းနယ်ပယ်မှ ပညာရှင်တစ်ဦးသည် သူ၏ အနှစ်သာရကို ထိန်းသိမ်းထားနိုင်သည်။

သူသာ အလိုရှိလျှင် အချိန်အကန့်အသတ်မရှိ ဆက်လက် လုပ်ဆောင်နိုင်သည် မဟုတ်ပါလား။

"မင်း..."

ရှောင်ပိုင်၏ မျက်နှာမှာ အနည်းငယ် မကျေမနပ် ဖြစ်နေ၏။ သူမသည် နှုတ်ခမ်းလေးကို ဆူလိုက်ပြီး "မင်း တကယ်ပဲ အစွမ်းထက်တယ်ဆိုရင် ကိုယ်ချင်းတိုက်ပြီး ဘယ်သူက ဆရာကြီးလဲဆိုတာ ကြည့်ကြတာပေါ့......"

"မလုပ်ပါဘူး..." ဂျိချန်းဖန်က ဝင့်ကြွားစွာ ပြုံးလိုက်သည်။

မြေခွေးဝိညာဉ်မနဲ့ ကိုယ်ချင်းတိုက်ဖို့လား...

အဲဒါ လူအပေါ့ပဲ မဟုတ်လား...

"ဟဲဟဲ... ငါ အရင်ဆုံး တံခါးပိတ်ကျင့်ကြံဖို့ သွားတော့မယ်"

ဂျိချန်းဖန်မှာ အမြန် ပြေးထွက်သွားတော့၏။

ရှောင်ပိုင်မှာ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သော်လည်း မကြာမီမှာပင် သူမ၏ ပေါင်အတွင်းပိုင်းမှ ကျဉ်စိမ့်စိမ့် ခံစားချက်က သူမကို နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားစေတော့သည်...။

"ဟွန်း ဟွန်း..."

"ဒီအဖွားကြီး ထိုက်ကျင်းနယ်ပယ်ကို တက်လှမ်းနိုင်တဲ့နေ့ကျမှ မင်းကို အိမ်ထဲကနေ ခွဲလောက်အောင် မထွက်နိုင်အောင် လုပ်ပြမယ်..."

ရှောင်ပိုင်က ဒေါသတကြီး ရေရွတ်လိုက်၏။

...

မျက်စိတစ်မှိတ်အတွင်းမှာပင်။

တစ်လခွဲခန့် အချိန်ကုန်လွန်သွားလေပြီ။

အနောက်ဘက် သေမင်းတောအုပ်တွင် ဖြစ်ပျက်ခဲ့သမျှမှာ နတ်ဘုရားနယ်မြေ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

တစ်ကိုယ်တော် ကျင့်ကြံသူ အားလုံးမှာ လွန်ခဲ့သော တစ်လခွဲက သေမင်းတောအုပ်တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် အဖြစ်အပျက်များအကြောင်းကို သိရှိသွားကြသည်။

ခဏတာမျှ။ လူအများမှာ ရုတ်တရက် ပေါ်ထွက်လာသော ဘေးဒုက္ခတိမ်တိုက်များနှင့် ပတ်သက်၍ အမျိုးမျိုး ခန့်မှန်းနေကြ၏။

အချို့က ရတနာကြီးတစ်ခု ထွက်ပေါ်လာသောကြောင့် ကမ္ဘာကြီး ပြောင်းလဲသွားသည်ဟု ယုံကြည်ကြသည်။

အချို့ကမူ ပြိုင်ဘက်ကင်း ပညာရှင်ကြီးတစ်ဦး ထိုအနီးအနားတွင် လှုပ်ရှားခဲ့သည်ဟု ခန့်မှန်းကြသည်။

အကြောင်းရင်းမှာ ဘာပဲဖြစ်ဖြစ် သေမင်းတောအုပ်သည် နတ်ဘုရားနယ်မြေ တစ်ခုလုံး၏ အာရုံစိုက်ရာ နေရာတစ်ခု ဖြစ်လာတော့သည်။

တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားမှာ အခွင့်အရေးကို ရှာဖွေရန်အတွက် သေမင်းတောအုပ်ဆီသို့ အပြေးအလွှား သွားကြတော့၏။

'မုန်တိုင်းကြီးလေ၊ ငါးက ပိုတန်ဖိုးရှိလေ' ဆိုသည့် စည်းမျဉ်းအတိုင်းပင် မဟုတ်ပါလား။

တစ်ကိုယ်တော် ကျင့်ကြံသူများကြားရှိ ကောလာဟလများနှင့် မတူသည်မှာ၊ သေမင်းတောအုပ်မှ အသက်ရှင် လွတ်မြောက်လာသော မိစ္ဆာဂိုဏ်း တပည့်များမှာ သူတို့၏ ဂိုဏ်းအသီးသီးသို့ အမြန်ပြန်သွားကြပြီး အရေးကြီးသော သတင်းအချို့ကို သယ်ဆောင်လာခဲ့ကြခြင်းပင်။

ဥပမာအားဖြင့်... ကျင်းယွမ်ကလန်၏ ဂိုဏ်းချုပ်သည် သေမင်းတောအုပ်သို့ လျှို့ဝှက်စွာ ရောက်ရှိလာပြီး ဝိညာဉ်ဘုရင်ဂိုဏ်းမှ သန့်ရှင်းသော တမန်တော်နှစ်ပါးကို သတ်ဖြတ်ကာ အဇူရာနဂါး၏ လက်တစ်ဖက်ကို ဖြတ်တောက်လိုက်ခြင်း ကဲ့သို့သော သတင်းများပင် ဖြစ်သည်။

၎င်းအပြင် ဂိုဏ်းသုံးဂိုဏ်းမှ ရှန်ကျင်းပညာရှင်များအားလုံး ကျင်းယွမ်ကလန်မှ လုရွယ်ချီနှင့် ကျင့်ပင်အာတို့၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်ဟူသော သတင်းပင်။

ဤသတင်းကို ကြားလိုက်ရသောအခါ မိစ္ဆာဂိုဏ်း တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။

ကျင်းယွမ်ကလန်၏ လက်ချက်ဖြင့် ရှန်ကျင်းပညာရှင် မည်မျှတောင် သေဆုံးသွားခဲ့ပြီနည်း။

သေချာ ရေတွက်ကြည့်လျှင် မိစ္ဆာဂိုဏ်း တစ်ခုလုံးတွင် ရှန်ကျင်းပညာရှင် မည်မျှကျန်ရှိသည်ကိုပင် သူတို့ မသိနိုင်တော့ပေ။

မူလက မိစ္ဆာဂိုဏ်း တစ်ခုလုံးတွင် ရှန်ကျင်းပညာရှင် အယောက်နှစ်ဆယ်နီးပါး ရှိခဲ့သော်လည်း ယခုမူ... အဓိက ဂိုဏ်းကြီးလေးဂိုဏ်းလုံး ပေါင်းလျှင်ပင် ဆယ်ယောက်ပင် မပြည့်ချင်တော့ပေ။

အော်... အခုဆိုရင် အဓိက ဂိုဏ်းကြီးလေးဂိုဏ်း မဟုတ်တော့ပါဘူး။

သက်ရှည်ခန်းမ တွင် မူလက ရှန်ကျင်းပညာရှင် တစ်ဦးသာ ရှိခဲ့ရာ ယခု ထိုတစ်ဦးတည်းသော ပညာရှင်မှာလည်း သေဆုံးသွားပြီ ဖြစ်သဖြင့် သက်ရှည်ခန်းမမှာ လုံးဝ ပျက်စီးသွားပြီဟု ဆိုရပေမည်။

အနည်းဆုံးတော့ သူတို့ကို မိစ္ဆာဂိုဏ်းကြီးလေးဂိုဏ်းထဲမှ တစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်တော့ပေ။

သေချာ ရေတွက်ကြည့်လျှင် ဝိညာဉ်ဘုရင်ဂိုဏ်းတွင် ယခုအခါ ရှန်ကျင်းပညာရှင် လေးဦး ကျန်ရှိနေသေးသည်။

အဆိပ်တစ်သောင်းဂိုဏ်း တွင်မူ အားနည်းနေသော အဆိပ်နတ်ဘုရားမှလွဲ၍ အဆိပ်ဂိုဏ်း၏ အကြီးအကဲ လေးဦးသာ ကျန်ရှိတော့သည်။

အဆိပ်ဂိုဏ်း အကြီးအကဲ လေးဦးထဲမှ ရှန်းကျီး မှာ သေဆုံးသွားပြီ ဖြစ်ရာ အကြီးအကဲ လေးဦးမှ သုံးဦးသာ ကျန်တော့သည်။

ဤသို့ ကြည့်လျှင် အဆိပ်တစ်သောင်းဂိုဏ်းတွင် ရှန်ကျင်းပညာရှင် လေးဦးနှင့် ရှန်ကျင်းနယ်ပယ်သို့ ရောက်ရန် နီးကပ်နေသော ချင်ဝူယန်အပါအဝင် ငါးဦးခန့်သာ ကျန်ရှိတော့သည်။

နောက်ဆုံးတွင် ဟဲ့ဟွမ်ဂိုဏ်းမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ အကြီးအကဲ ပိပိုင်ကို ထည့်ပေါင်းလိုက်လျှင် မိစ္ဆာဂိုဏ်း တစ်ခုလုံးတွင် ရှန်ကျင်းပညာရှင် ကိုးဦးခွဲခန့်သာ ကျန်ရှိတော့သည်။

ဆုံးရှုံးမှုမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏...

ဆယ်နှစ်ကျော် ကာလအတွင်းမှာပင် မိစ္ဆာဂိုဏ်း ရှန်ကျင်းပညာရှင်များ၏ တစ်ဝက်ကျော်မှာ သေဆုံးသွားခဲ့လေပြီ။

သိထားရမည်မှာ... ဤရှန်ကျင်းပညာရှင် အယောက်နှစ်ဆယ်ကျော်မှာ နှစ်ပေါင်း သုံးရာကျော်ကြာအောင် မွေးမြူခဲ့ရသူများ ဖြစ်သည်။

သို့သော် ဆယ်နှစ်ကျော်အတွင်းမှာတင် တစ်ဝက်ကျော် သေဆုံးသွားခဲ့သည်လား... အကယ်၍ ဤအတိုင်းသာ ဆက်သွားနေလျှင် မိစ္ဆာဂိုဏ်းမှာ လုံးဝ ကွယ်ပျောက်သွားတော့မည် မဟုတ်ပါလား။

...

အရှေ့ပင်လယ်၊ လျိုပေါ်တောင်။

ဟဲ့ဟွမ်ဂိုဏ်း၏ ဌာနချုပ် တည်ရှိရာ ရှောင်ယောင်းစမ်းချောင်း ။

အကြီးအကဲ ပိပိုင်၏ မျက်နှာမှာ အနည်းငယ် လေးလံနေ၏။ သူမသည် လက်ထဲရှိ သတင်းအချက်အလက်များကို ကြည့်နေရင်း တစ်ကိုယ်လုံး မှိုင်တွေနေပုံရသည်။

ယွဲ့ရုန် သေသွားပြီ။ ယခုအခါ ဟဲ့ဟွမ်ဂိုဏ်းတွင် ရှန်ကျင်းပညာရှင်အနေဖြင့် သူမတစ်ဦးတည်းသာ ကျန်ရှိတော့သည်။ မဟာမိတ်ဖြစ်သော သက်ရှည်ခန်းမမှာလည်း ပျက်စီးသွားပြီ ဖြစ်သည်။

ဟဲ့ဟွမ်ဂိုဏ်းအနေဖြင့် ရှေ့ဆက် ဘာလုပ်သင့်သနည်း။

"ကျင့်ပင်အာရဲ့ ကျင့်ကြံခြင်းက ရှန်ကျင်းအလယ်အဆင့်ကို တက်လှမ်းသွားတာ သေချာရဲ့လား......"

အကြီးအကဲ ပိပိုင်သည် သေမင်းတောအုပ်မှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသော ဟဲ့ဟွမ်ဂိုဏ်း တပည့်တစ်ဦးကို လှမ်းမေးလိုက်သည်။

"အစီရင်ခံပါတယ် အကြီးအကဲ၊ ဒါက လုံးဝ အမှန်ပါ..." ဟု ထိုတပည့်က ပြောလိုက်သည်။

"ဒီအကြောင်းကို အကြီးအကဲ ယွဲ့ရုန် ကိုယ်တိုင် ပြောခဲ့တာပါ"

ဤသည်ကို ကြားသောအခါ အကြီးအကဲ ပိပိုင်၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားတော့၏။

ဆယ်နှစ်တာ ကာလအတွင်းမှာတင် ကျင့်ပင်အာ၏ ကျင့်ကြံခြင်းမှာ ယူကျင်းအဆင့် ၈ မှ ရှန်ကျင်းအလယ်အဆင့်သို့ ခုန်တက်သွားသည်လား......

သူမသည် အမွေအနှစ် မှတစ်ဆင့် သူမ၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်သည့် တစ်စုံတစ်ရာသော ရတနာကို အမှန်တကယ် ရရှိခဲ့ခြင်းများလား။

ဤသို့ တွေးမိသည်နှင့် အကြီးအကဲ ပိပိုင်၏ ရင်ထဲ၌ လောဘစိတ်များ ပေါ်ထွက်လာတော့သည်။

အကယ်၍ သူမသာ ကျင့်ပင်အာ၏ ကိုယ်ပေါ်မှ ရတနာကို ရရှိခဲ့လျှင် သူမ၏ ကျင့်ကြံခြင်းမှာလည်း လျင်မြန်စွာ တိုးတက်လာမည် မဟုတ်ပါလား။

ဤသို့ တွေးရင်း အကြီးအကဲ ပိပိုင်၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားသည်။

သူမ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်ထွက်လာ၏။

ဤသည်မှာ ဟဲ့ဟွမ်ဂိုဏ်း၏ အသည်းအသန် ရုန်းကန်မှုလည်း ဖြစ်ပေလိမ့်မည်...

အောင်မြင်လျှင် အောင်မြင်၊ မအောင်မြင်လျှင် သေရုံသာရှိတော့၏...

အခန်း ၂၄၆ - မဟာမိတ်ဖွဲ့ခြင်း၊ အင်အားစုသုံးခု ပေါင်းစည်းခြင်းနှင့် ရွမ်ချာ ဂိုဏ်းအား တိုက်ခိုက်ခြင်း

ဟဲ့ဟွမ်ဂိုဏ်းမှာ ယခုအခါ လုံးဝ ဆုတ်ယုတ်ကျဆင်းနေပြီ ဖြစ်သည်။

ဂိုဏ်းတစ်ခုလုံးတွင် ရှန်ကျင်းပညာရှင် အဖြစ် အကြီးအကဲ ပိပိုင် တစ်ဦးတည်းသာ ကျန်ရှိတော့ပြီး အခြားတပည့်များထဲတွင် ယူကျင်းအဆင့် ၄ နှင့်အထက် ရောက်ရှိသူ အလွန်နည်းပါးလှသည်။

ဤအခြေအနေနှင့် ပတ်သက်၍ အကြီးအကဲ ပိပိုင်မှာ စွန့်စားရွေးချယ်မှုတစ်ခုကို ပြုလုပ်ရန်သာ ရှိတော့သည်။

အကယ်၍ အောင်မြင်ခဲ့လျှင် အားလုံးအတွက် ဝမ်းသာစရာဖြစ်ပြီး ဟဲ့ဟွမ်ဂိုဏ်း ပြန်လည် ထွန်းကားလာရန် အခွင့်အရေး ရှိလာပေလိမ့်မည်။

အကယ်၍ ကျရှုံးခဲ့လျှင်မူ ဟဲ့ဟွမ်ဂိုဏ်း၏ ပျက်သုဉ်းမှုကို ပို၍ မြန်ဆန်စေရုံသာ ရှိတော့၏။

မည်သို့ပင်ဖြစ်စေ 'သေခြင်း' နှင့် ရင်ဆိုင်နေရသည်မှာ အတူတူပင် ဖြစ်ရာ အဘယ်ကြောင့် စွန့်စားမှု မလုပ်ဘဲ နေမည်နည်း။

အကြီးအကဲ ပိပိုင်၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားပြီး သူမ၏ ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်း ချလိုက်တော့သည်။

သို့သော်... သူမ တစ်ဦးတည်း အင်အားနှင့်မူ ဤအစီအစဉ်ကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပေ။

သူမအနေဖြင့် သူမအတွက် မဟာမိတ်အချို့ကို စည်းရုံးရန် နည်းလမ်းရှာရပေမည်။

နှမြောစရာကောင်းသည်မှာ သက်ရှည်ခန်းမ မှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူမအနေဖြင့် မဟာမိတ် ရွေးချယ်လိုလျှင် ဝိညာဉ်ဘုရင်ဂိုဏ်းသို့မဟုတ် အဆိပ်တစ်သောင်းဂိုဏ်း ထဲမှသာ ရွေးချယ်စရာ ရှိတော့သည်။

မဟုတ်သေးဘူး...။ ဒါက မမှန်သေးဘူး။

ထိုအချိန်တွင် အကြီးအကဲ ပိပိုင်သည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူမ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။

မိစ္ဆာလမ်းစဉ်ထဲရှိ လူတွေမှသာ မဟာမိတ် လုပ်လို့ရခြင်း မဟုတ်ပေ။

အထက်လမ်းဂိုဏ် များမှာလည်း ကျင်းယွမ်ကလန်နှင့် အဆင်မပြေသော ဂိုဏ်းများလည်း ရှိနေသေးသည်။

ဥပမာအားဖြင့်... ဖန်ရှန်းဂူ ပင်

ဤသို့ တွေးမိသည်နှင့် အကြီးအကဲ ပိပိုင်မှာ အတွေးနက်သွားတော့သည်။

ဖန်ရှန်းဂူကို စည်းရုံး၍ ရနိုင်သော်လည်း အဆိပ်တစ်သောင်းဂိုဏ်းနှင့် ဝိညာဉ်ဘုရင်ဂိုဏ်းကိုလည်း လက်လွှတ်၍ မရပေ။

လူအင်အား များများရှိမှသာ အစီအစဉ်က ပို၍ စိတ်ချရပေလိမ့်မည်။

'အရင်ဆုံး ဝိညာဉ်ဘုရင်ဂိုဏ်း ဒါမှမဟုတ် အဆိပ်တစ်သောင်းဂိုဏ်းကို စည်းရုံးကြည့်ရမယ်' ဟု အကြီးအကဲ ပိပိုင်က သူမဘာသာ တွေးလိုက်သည်။

သူမသည် ဝိညာဉ်ဘုရင်ဂိုဏ်းနှင့် အဆိပ်တစ်သောင်းဂိုဏ်းထံသို့ သတင်းပို့ရန် တပည့်များကို ချက်ချင်း စေလွှတ်လိုက်၏။

မကြာမီမှာပင် ဝိညာဉ်ဘုရင်ဂိုဏ်းက ပထမဆုံး အကြောင်းပြန်လာခဲ့သည်။

...

ကျင်းယွမ်၏ မြောက်ဘက်၊ မြောက်ပိုင်း နတ်ဘုရားနယ်မြေ။

မြေခွေးဝိညာဉ်တောင် ။

ဝိညာဉ်ဘုရင်ဂိုဏ်း၏ ဌာနချုပ်။

ဝမ်ရန်ဝမ်သည် ဟဲ့ဟွမ်ဂိုဏ်းမှ အကြီးအကဲ ပိပိုင် ပေးပို့သော စာကို ကိုင်ထားရင်း သူ၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်နေကာ အတွေးထဲ နစ်မျောနေပုံရသည်...။

"ချပ် ချပ်!"

အပြင်ဘက်မှ ခြေသံအချို့ ကြားလိုက်ရသည်။

အဇူရာနဂါး လျှောက်လှမ်းလာ၏။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အင်္ကျီလက်တစ်ဖက်မှာ လွတ်နေကာ လက်တစ်ဖက် ပြတ်တောက်နေသည်မှာ ထင်ရှားလှသည်။

ယူကျင်းသည် သူမ၏ မျက်နှာကို အနက်ရောင် ပိတ်စဖြင့် ဖုံးအုပ်ထားရင်း သူ၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။

ဤသည်ကို မြင်သောအခါ ဝမ်ရန်ဝမ်သည် သူ၏ လက်ထဲမှ စာကို ချလိုက်သည်။ သူသည် အဇူရာနဂါးကို ကူညီရန် အမြန်သွားသော်လည်း အဇူရာနဂါးက လက်ကာပြလိုက်၏။

"ဂိုဏ်းချုပ်... ကျွန်တော် လမ်းမလျှောက်နိုင်တဲ့အထိတော့ မဆိုးရွားသေးပါဘူး"

အဇူရာနဂါး၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။ ဤသည်ကို ကြားသောအခါ ဝမ်ရန်ဝမ်ကလည်း သက်ပြင်းချရင်း ပြုံးလိုက်မိသည်။

သူက မေးလိုက်၏။ "ဘယ်လိုလဲ... ဂိုဏ်းအကြီးအကဲချုပ်က မင်းရဲ့ ပြတ်နေတဲ့ လက်ကို ပြန်ဆက်ပေးလို့ ရလား"

အဇူရာနဂါးက ခေါင်းခါပြလိုက်ပြီး "ကျွန်တော့်ရဲ့ ပြတ်သွားတဲ့ လက်က လုံးဝ ဖုန်မှုန့်လို ဖြစ်သွားတာပါ။ ပြန်ဆက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဂိုဏ်းအကြီးအကဲချုပ်လည်း ဘာမှ မတတ်နိုင်ဘူးလေ..."

"အဲဒီလိုလား..." ဝမ်ရန်ဝမ် အနည်းငယ် စိတ်ပျက်သွားမိသည်။

အဇူရာနဂါးသည် လက်တစ်ဖက် ပြတ်သွားသဖြင့် သူ၏ အစွမ်းမှာ သိသိသာသာ လျော့ကျသွားမည်မှာ သေချာသည်။ သူသည် ရှန်ကျင်းနှောင်းပိုင်းအဆင့် လောက်သာ စွမ်းဆောင်နိုင်တော့ပေလိမ့်မည်။

"ကွေ့လီ ရော ဘယ်မှာလဲ" ဟု ဝမ်ရန်ဝမ်က ဆက်မေးလိုက်သည်။

ယူကျင်းက အေးစက်သောအသံဖြင့် "သူ တာဝန်တစ်ခုနဲ့ အပြင်သွားနေပါတယ်။ လက်အောက်ခံ အင်အားစု ထဲက ဂိုဏ်းငယ်လေးအချို့က ပုန်ကန်ချင်တဲ့ အရိပ်အယောင်တွေ ပြနေလို့ပါ" ဟု ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ဝမ်ရန်ဝမ်၏ မျက်ဝန်းများ အေးစက်သွားတော့သည်။

ဝိညာဉ်ဘုရင်ဂိုဏ်းမှ သန့်ရှင်းသော တမန်တော်နှစ်ပါး ဆုံးရှုံးသွားသည်ကို မြင်သောအခါ လက်အောက်ခံ ဂိုဏ်းငယ်အချို့မှာ ပုန်ကန်လိုသော အတွေးများ စတင်ဝင်ရောက်လာကြခြင်းပင်။

ထိုကဲ့သို့သော ကိစ္စရပ်များကို ပြတ်ပြတ်သားသားနှင့် လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လှသည်။

"သူ ဒီမှာ မရှိတာလည်း ကောင်းပါတယ်" ဟု ဝမ်ရန်ဝမ်က သူ့ဘာသာ ရေရွတ်လိုက်၏။

ထို့နောက် သူသည် လက်ထဲရှိ စာကို အဇူရာနဂါးထံ ကမ်းပေးလိုက်ပြီး "အစ်ကို အဇူရာနဂါး... ဒါကို တစ်ချက်လောက် ကြည့်ကြည့်ပါဦး။ ငါတို့ ဒီအစီအစဉ်မှာ ပါဝင်သင့်တယ်လို့ မင်း ထင်သလား" ဟု မေးလိုက်သည်။

အဇူရာနဂါးသည် အံ့အားသင့်စွာဖြင့် စာကို ယူလိုက်သည်။

သူသည် စာပါ အကြောင်းအရာများကို သေချာဖတ်လိုက်ပြီးနောက် မျက်နှာမှာ ချက်ချင်း ပျက်သွားကာ အတွေးနက်သွားပုံရသည်။

အဇူရာနဂါး ဖတ်ပြီးသွားသောအခါ စာကို ယူကျင်းထံ ကမ်းပေးလိုက်ပြီး တိတ်ဆိတ်စွာပင် ဟဲ့ဟွမ်ဂိုဏ်း၏ အစီအစဉ်က တကယ်ရော အလုပ်ဖြစ်ပါ့မလားဟု စဉ်းစားနေတော့သည်။

ယူကျင်းသည် စာကို ယူဖတ်လိုက်၏။ စာပါ အကြောင်းအရာများကို မြင်သောအခါ သူမ မျက်မှောင်ကြုတ်သွားမိသည်။

သူမသည် စာကို ညင်သာစွာ ပြန်ချလိုက်ပြီး အေးစက်တည်ငြိမ်သော အသံဖြင့် "ဂိုဏ်းချုပ်... ဝိညာဉ်ဘုရင်ဂိုဏ်းကို မပျက်စီးစေချင်ဘူးဆိုရင် ဒီအစီအစဉ်မှာ မပါဝင်တာ အကောင်းဆုံးပါပဲ..." ဟု ပြောလိုက်သည်။

သူမက အလွန်တိုက်ရိုက် ပြောလိုက်ခြင်း ဖြစ်သော်လည်း ၎င်းက ဝမ်ရန်ဝမ်နှင့် အဇူရာနဂါးတို့ကို နိုးကြားသွားစေသည်။

"ဒါက..." အဇူရာနဂါး ခဏမျှ ဝေခွဲမရ ဖြစ်သွားသည်။ သူသည် ယူကျင်းကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဝမ်ရန်ဝမ်ကို ကြည့်ကာ ခေါင်းခါပြလိုက်၏။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ အခုတလော ဆုံးရှုံးမှုတွေ အရမ်းများထားတာပါ။ အရင်ဆုံး အင်အားပြန်ဖြည့်ပြီး နားနားနေနေ နေကြတာ မကောင်းဘူးလား"

ဝမ်ရန်ဝမ်က ခဏမျှ စဉ်းစားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။"

နောက်ဆုံးတွင် ဟဲ့ဟွမ်ဂိုဏ်း၏ ကမ်းလှမ်းချက်ကို သူ ငြင်းပယ်လိုက်တော့သည်။

...

"ငြင်း... ငြင်းလိုက်တာလား"

အကြီးအကဲ ပိပိုင်သည် ဝိညာဉ်ဘုရင်ဂိုဏ်း၏ အကြောင်းပြန်စာကို ရရှိသောအခါ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားမိသည်။

သို့သော် ထပ်မံ စဉ်းစားကြည့်လျှင် ဝိညာဉ်ဘုရင်ဂိုဏ်းမှာ အနောက်ဘက် ခရီးစဉ်အတွင်း ဆုံးရှုံးမှု အမှန်တကယ် များပြားခဲ့သည်။

ရှန်ကျင်းအဆင့်နှောင်းပိုင်း သန့်ရှင်းသော တမန်တော်နှစ်ပါး သေဆုံးခဲ့ပြီး ရှန်ကျင်းအဆင့်အထွတ်အထိပ် သို့ ရောက်နေသော အဇူရာနဂါးမှာလည်း လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။

သူတို့၏ အင်အားမှာ အမှန်တကယ်ပင် ဆုတ်ယုတ်သွားခဲ့ပြီ ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးတွင် ရှန်ကျင်းပညာရှင် သုံးလေးဦးခန့်သာ ကျန်ရှိတော့၏။

"ထားလိုက်ပါတော့"

"အဆိပ်တစ်သောင်းဂိုဏ်းရဲ့ အကြောင်းပြန်စာကိုပဲ စောင့်ကြည့်ရအောင်"

အကြီးအကဲ ပိပိုင်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ သူမသည် ခဏမျှ ဆက်လက်စောင့်ဆိုင်းနေပြီးနောက် မကြာမီမှာပင် အဆိပ်တစ်သောင်းဂိုဏ်း၏ အကြောင်းပြန်စာလည်း ရောက်ရှိလာတော့သည်။

အဆိပ်တစ်သောင်းဂိုဏ်း၏ အကြောင်းပြန်စာကို မြင်သောအခါ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့၏။

အဆိပ်တစ်သောင်းဂိုဏ်းက သဘောတူလိုက်လေသည်။

သို့သော် ထိုကိစ္စကို သူတို့နှင့် ထပ်မံ ဆွေးနွေးရန် လိုအပ်နေသေးသည်။

ထို့ကြောင့် အကြီးအကဲ ပိပိုင်သည် အဆိပ်တစ်သောင်းဂိုဏ်းသို့ ကိုယ်တိုင်သွားရောက်၍ အဆိပ်နတ်ဘုရားနှင့် အစီအစဉ် အသေးစိတ်ကို ဆွေးနွေးရန် ဆုံးဖြတ်လိုက်တော့သည်။

သုံးရက်အကြာတွင် အကြီးအကဲ ပိပိုင်သည် အဆိပ်တစ်သောင်းဂိုဏ်း၌ အဆိပ်နတ်ဘုရားနှင့် တွေ့ဆုံခဲ့သည်။

"အဟွတ် အဟွတ်..."

ထိုအချိန်တွင် အဆိပ်နတ်ဘုရား၏ မျက်နှာမှာ နီမြန်းနေပြီး ကျန်းမာရေး မကောင်းသည့်ပုံစံ လုံးဝ မပေါ်ပေ။

သူ၏ ဘေးတွင် အစိမ်းရောင် ဝတ်စုံနှင့် လူငယ်တစ်ဦး ရပ်နေ၏။ ထိုသူမှာ ချင်ဝူယန် ပင် ဖြစ်သည်။

"မိတ်ဆွေ ပိပိုင်... ထိုင်ပါဦး--" အဆိပ်နတ်ဘုရားက အနီးရှိ ကုလားထိုင်ကို ညွှန်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂရန်းမာစတာ “ အကြီးအကဲ ပိပိုင်က လက်ယှက်၍ ဂါရဝပြုပြီးနောက် ဘေးတွင် ထိုင်လိုက်၏။

အဆိပ်နတ်ဘုရားက အနည်းငယ် စဉ်းစားပြီးမှ "မိတ်ဆွေရဲ့ စာထဲမှာ ပါတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဒီဂိုဏ်းချုပ်ကလည်း အတော်လေး သဘောကျပါတယ်။ ဒါနဲ့ မိတ်ဆွေ ဝိညာဉ်ဘုရင်ဂိုဏ်းကိုရော ဆက်သွယ်ပြီးပြီလား" ဟု မေးလိုက်သည်။

ဤသည်ကို ကြားသောအခါ အကြီးအကဲ ပိပိုင်က ခါးသီးစွာ ပြုံးလိုက်ပြီး "ဝိညာဉ်ဘုရင်ဂိုဏ်းကတော့ ဒီအစီအစဉ်မှာ မပါဝင်နိုင်ဘူးလို့ အကြောင်းပြန်စာ ပို့လာပါတယ်..." ဟု ပြောလိုက်သည်။

အဆိပ်နတ်ဘုရား မျက်မှောင်ကြုတ်သွား၏။

ခဏမျှ စဉ်းစားပြီးနောက် သူက "ဝိညာဉ်ဘုရင်ဂိုဏ်းက ငြင်းလိုက်ပြီဆိုတော့... မိတ်ဆွေ ထင်တာကတော့ ငါတို့ အင်အားစု နှစ်ခုတည်းနဲ့ ဒီအစီအစဉ်ကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ ထင်သလား" ဟု မေးလိုက်သည်။

အကြီးအကဲ ပိပိုင်က ဝေခွဲမရ ဖြစ်မနေဘဲ ခေါင်းခါလိုက်ပြီး "အင်အားစု နှစ်ခုတည်းနဲ့တော့ မလုံလောက်တာ အမှန်ပါပဲ။ ဒါပေမဲ့..."

"ကျွန်မတို့မှာ နောက်ထပ် ရွေးချယ်စရာ တစ်ခု ရှိပါသေးတယ်!"

"ဘယ်သူလဲ" ဟု အဆိပ်နတ်ဘုရားက မေးလိုက်သည်။

အကြီးအကဲ ပိပိုင်၏ မျက်နှာပေါ်တွင် ညှို့ဓာတ်ပြင်းသော အပြုံးတစ်ခု ပေါ်လာပြီး သူမက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဖန်ရှန်းဂူ လေ!"

ဤစကားကို ကြားသောအခါ အဆိပ်နတ်ဘုရား၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားတော့သည်။

သူသည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး ချက်ချင်း ငြင်းပယ်ခြင်း မပြုပေ။

သိသာသည်မှာ... ဖန်ရှန်းဂူသည် ကျင်းယွမ်ကလန်နှင့် အဆင်မပြေဖြစ်နေပြီး စည်းရုံးရန် ဖြစ်နိုင်ခြေရှိသော ပစ်မှတ်တစ်ခု ဖြစ်သည်ကို သူလည်း နားလည်ထားပုံရသည်။

"ဖန်ရှန်းဂူကို စည်းရုံးဖို့ တာဝန်ကို ကျွန်မ ယူနိုင်ပါတယ်။ ဒါပေမဲ့ ဂရန်းမာစတာ ရဲ့ အကူအညီတော့ လိုအပ်လိမ့်ဦးမယ် ထင်ပါတယ်" ဟု ပြောရင်း အကြီးအကဲ ပိပိုင်သည် မတ်တတ်ရပ်ကာ အနည်းငယ် ဦးညွှတ်လိုက်၏။

"ကောင်းပြီလေ။"

အဆိပ်နတ်ဘုရားက ခေါင်းညိတ်ပြလိုက်သည်။ သူသည် သူ၏ဘေးရှိ ချင်ဝူယန်ကို ကြည့်ကာ "ဝူယန်... မင်း မိတ်ဆွေ ပိပိုင်နဲ့ အတူ လိုက်သွားလိုက်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ" ချင်ဝူယန်က ရိုသေစွာ ခေါင်းညိတ်လိုက်သည်။

All Chapters