အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း (၁၁) - အကြီးအကဲဆွန်း
စကားပြောပြီးနောက် လျိုချင်းလီသည် သူမ၏ အလုပ်ထဲတွင်သာ အာရုံစိုက်နေလိုက်သည်။
ရုတ်တရက် ဖိအားတစ်ခုက သူမအပေါ် ကျရောက်လာ၏။ သူမက တောင့်တင်းစွာဖြင့် ခေါင်းကို
မော့ကြည့်လိုက်သည်။ စင်မြင့်ပေါ်တွင် ဆံပင်ဖြူအဘိုးအို တစ်ဦးက သူမကို
စိုက်ကြည့်နေလေသည်။
လျိုချင်းလီ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
‘’ဒုက္ခပါပဲ... သူတို့ ငါ့ကို မိသွားပြီ’’
အစည်းအဝေး ပြီးဆုံးသွားချိန်၌ မျှော်လင့်ထားသည့် အတိုင်းပင် သူမကို ခေါ်ယူထားလေသည်။
"မင်းက ငါ့ရဲ့ သင်ကြားမှုတွေကို သဘောမကျလို့လား..."
လျိုချင်းလီက သူမရှေ့ရှိ ကြင်နာတတ်သော မျက်နှာပိုင်ရှင် အဘိုးအိုကို ကြည့်ကာ
ကသိကအောက် ပြုံးပြလိုက်သည်။
"အကြီးအကဲဆွန်း... အထင်လွဲနေပါပြီ။ တပည့်မှာ အဲဒီလို ရည်ရွယ်ချက် လုံးဝ
မရှိရပါဘူးရှင်..."
"ဒါဆို မင်းက ဘာလို့ စိတ်လေလွင့်နေရတာလဲ။"
"အဲဒါက..." လျိုချင်းလီမှာ ဆွံ့အသွားပြီး ချက်ချင်း မည်သို့ ရှင်းပြရမည်ကို
မသိတော့ချေ။
"အဲဒီ စာရွက်တွေက ဘာတွေလဲ..."
လျိုချင်းလီ၏ ရင်ထဲ၌ ထပ်မံ၍ ဒိန်းခနဲ ဖြစ်သွားပြန်သည်။
"အဲဒါတွေက..."
"အဲဒါတွေက ဘာတွေလဲ လို့ မေးနေတယ်။"
အမြဲတမ်း ကြင်နာတတ်သော အကြီးအကဲဆွန်း၏ လေသံမှာ
တင်းမာလာပြီး မျက်နှာထားမှာလည်း လေးနက်သွားလေသည်။
"အဲဒါတွေက... ထီလက်မှတ်တွေပါ..."
"ထီလက်မှတ်တွေ ဆိုတာ ဘာလဲ။"
လျိုချင်းလီက အလွန် ရှက်ရွံ့စွာဖြင့် သူမ၏ ခေါင်းကို ကုတ်လိုက်ကာ ‘’အဲဒါကို
ဘယ်လို ရှင်းပြရမလဲ..."
"ရိုးရိုးသားသားသာ ပြောစမ်းပါ။"
ဤတစ်ကြိမ်တွင် အကြီးအကဲဆွန်း၏ အသံ၌ ဖိနှိပ်ထားသော
အရှိန်အဝါ အချို့ ပါဝင်လာသည်။
လျိုချင်းလီမှာ ချွေးစေးများပင် ပျံလာ၏။ သူမသည် ဆန္ဒမပါသော်ငြား ထီဆိုင်၏
အဖြစ်အပျက်များကို အသေးစိတ် ရှင်းပြလိုက်ရတော့သည်။
ထိုအကြောင်းကို ကြားပြီးနောက် အကြီးအကဲဆွန်းသည် ဒေါသတကြီး ပေါက်ကွဲသွားတော့သည်။
"အဓိပ္ပါယ် မရှိတာ... တောကြိုတောင်ကြားက ဆိုင်ငယ်လေး တစ်ဆိုင်က ငါတို့
ကျောက်စိမ်းဓားဂိုဏ်းက လူငယ်ကျင့်ကြံသူတွေကို
ဒုက္ခပေးရဲတယ်ပေါ့လေ..."
"မဟုတ်ပါဘူး... အကြီးအကဲဆွန်း... ကျွန်မပြောတာကို နားထောင်ပါဦး..."
"ထပ်ပြောနေစရာ မလိုတော့ဘူး။ ဒီကိစ္စကို ကိုယ်တိုင် သွားရှင်းမယ်။ ဒီလို
လိမ်လည်လှည့်ဖြားတဲ့ လုပ်ရပ်တွေကို အမြစ်ဖြတ်ရမယ်။
မဟုတ်ရင် ပိုပြီးတော့ လူတွေ အများကြီးကို ထိခိုက်စေလိမ့်မယ်"
"ဒါပေမဲ့..."
"စိတ်မပူပါနဲ့။ လူသေလောက်တဲ့ အထိ မဖြစ်ထားတဲ့အတွက် အဲဒီ လူယုတ်မာကို ငါ
အသက်အန္တရာယ် ပေးမှာ မဟုတ်ပါဘူး..."
စကားအဆုံးတွင် အကြီးအကဲဆွန်းသည် လေထဲသို့ ပျံတက်ကာ ထွက်ခွာသွားလေတော့သည်။
လျိုချင်းလီမှာ မှင်တက်သွား၏။
‘’အနည်းဆုံးတော့ ငါ့ကို စကားဆုံးအောင် ပြောခွင့်ပေးပါဦးလားရှင်။ သတ္တမအဆင့်မှာ
ရှိတဲ့ အကြီးအကဲ တစ်ယောက်ကများ ဒီလို စကားမျိုးကို
ပြောထွက်ရဲတယ်ပေါ့လေ။ အဲဒီလူက
ဆိုင်ရှင်နော်...’’
သို့သော် အကြီးအကဲဆွန်းသည် သူ၏ ပျံသန်းခြင်း ဓားကို စီးနင်းကာ အဝေးသို့
ရောက်ရှိနေချေပြီ။
"မဖြစ်ဘူး... အကြီးအကဲဆွန်းသာ ဒီအတိုင်း ဆက်သွားနေရင် ဆိုင်ရှင်က သူ့ကို
ရိုက်သတ်ပစ်လိမ့်မယ်..."
ဤသို့ တွေးမိသည်နှင့် လျိုချင်းလီသည် ဂိုဏ်း၏ တံခါးပေါက်ဆီသို့ အပြေးအလွှား
သွားသော်လည်း တားဆီးခံလိုက်ရသည်။
"ဘယ်လိုလုပ်ရမလဲ... ငါ ဘယ်လိုလုပ်ရမလဲ..."
သူမက နေရာမှ မရွေ့ဘဲ ဟိုဟိုဒီဒီ
လမ်းလျှောက်နေကာ သိသာစွာ စိုးရိမ်ပူပန်နေသည်။
ရုတ်တရက် သူမ၏ အကြည့်တို့သည် သူတို့ရှေ့ ရင်ပြင် အလယ်၌ ရှိသော ရှေးဟောင်း
ခေါင်းလောင်းကြီးဆီသို့ ကျရောက်သွား၏။ ထို့နောက် သူမက သွားကို
ကျိတ်ကာ ထိုခေါင်းလောင်းဆီသို့ အပြေးအလွှား သွားလိုက်လေသည်။
"ထန်း..."
သတ္တု ရိုက်ခတ်သံ အကျယ်ကြီးနှင့် အတူ တစ်ဂိုဏ်းလုံး အုတ်အော်သောင်းနင်း
ဖြစ်သွားလေတော့သည်။ ကျောက်စိမ်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်
ဖြစ်သော လော့ဟုန်မြန် သည် ပထမဆုံး ထွက်ပေါ်လာပြီး သူ၏ အနောက်တွင် ဂိုဏ်းမှ
အကြီးအကဲများနှင့် ရေတွက်၍ မရသော တပည့်များ ပါဝင်လာသည်။
"သတိပေး ခေါင်းလောင်းကို ဘယ်သူ တီးလိုက်တာလဲ..."
...
ထီဆိုင် အတွင်း၌။
"မင်းတို့ နှစ်ကောင် ဘာလုပ်နေတာလဲ။"
ရှီဖျင်ဖုန်းက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"အဖေ... အဖေက ကံဆိုးလိုက်တာ။ အကြိမ်
နှစ်ရာလောက် ထုပြီးတာတောင် ဒီဟာလေးပဲ ရတယ်... အား..."
သူ စကားပင် မဆုံးလိုက်သေးခင်မှာပင် ရှီလုံယန်က သူ၏ ပါးကို ဖြတ်ရိုက်လိုက်လေသည်။
"ဖြောင်း..."
"သောက်ကောင်... ပါးစပ်ပိတ်ထားစမ်း..."
သူက ဘေးတွင် ရပ်နေသော လျိုမူချင်းကို လှည့်ကြည့်လိုက်ရာ လျိုမူချင်းမှာ ကြက်ဥများ
ခွဲရန်သာ အာရုံစိုက်နေပြီး သူ့စကားကို မကြားလိုက်ကြောင်း တွေ့လိုက်ရသည်။
ထိုအခါမှသာ သူက သက်ပြင်းချနိုင်တော့သည်။
‘’တော်သေးတယ်... ငါ့ကို မမိသွားတာ ဒီတုံးအတဲ့ အဘိုးကြီးရဲ့ မျက်လုံးထဲမှာ ငါက
သက်တမ်းတိုးစေနိုင်တဲ့ ရတနာတွေကို ရရှိထားတဲ့သူ ဖြစ်နေပြီ။ ဘယ်
အခြေအနေမျိုးမဆို ငါဒီအဘိုးကြီး ရှေ့မှာ အရှက်ကွဲခံလို့မဖြစ်ဘူး’’
"အဖေ... ကျွန်တော် တစ်ချက်လောက် စမ်းကြည့်ရမလား..."
"ထွက်သွားစမ်း... ဒီနေ့ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးရည်ကို မရရင်
အိမ်မပြန်ခဲ့နဲ့..."
ရှီညီအစ်ကို နှစ်ဦးသည် ပခုံးတွန့်ကာ ရွက်ဖျင်တဲ အတွင်းသို့ ပြန်ဝင်သွားကြသည်။
ထိုညီအစ်ကို နှစ်ဦးသည် သူတို့၏ လက်များ နာကျင်လာသည် အထိ ကတ်များကို
ခြစ်နေကြသော်လည်း ရိုးတွင်းခြင်ဆီ သန့်စင်ဆေးရည်ကို မရရှိခဲ့ပေ။
"ဒီနေ့က ကံဆိုးတဲ့ နေ့ပဲ ဖြစ်ရမယ်။"
"တတိယညီ ပြောတာ မှန်တယ်။ အစ်ကိုကြီးလည်း အဲဒီလိုပဲ ထင်တယ်။"
"ငါတို့လည်း အစ်ကိုကြီးနဲ့ တွေးတာချင်း တူတာပဲ။ ဒါနဲ့ အစ်ကိုကြီး... ငါတို့
ဆက်လုပ်ကြဦးမလို့လား။ ကျွန်တော်ကတော့ ဖျောင်းရှန်း
ပြည့်တန်ဆာအိမ်အတွက် ရွှေပြားတချို့ ချန်ထားမလို့
စဉ်းစားထားတယ်။"
ရှီဖျင်ယန်၏ မျက်လုံးများက အရောင်လက်သွားသည်။
"တတိယညီ... မင်းက ငါ့ကို အိပ်မက်ထဲကနေ
နှိုးလိုက်သလိုပဲ။"
သူ အိမ်ထောင်ကျပြီးကတည်းက သူ့ဆီမှာ ဒီလောက် ပိုက်ဆံ
အများကြီး ဘယ်တုန်းက ပါဖူးလို့လဲ။ ဒါက တကယ့်ကို ရှားပါးတဲ့
အခွင့်အရေးပဲ။
"အဖေ... တတိယဦးလေး... ကျွန်တော် ဒီမှာ ရှိတယ်နော်..." ရှီညီအစ်ကိုများသည်
လှည့်ကြည့်လိုက်ရာ မကျေမနပ် ဖြစ်နေသော ရှီယုံ၏ မျက်နှာကို
တွေ့လိုက်ရသည်။
"တူလေး... မင်းရော ပါချင်လို့လား။"
ထိုစကားကို ကြားသောအခါ ရှီယုံ၏ မျက်နှာထားသည် ခံစားချက် ကင်းမဲ့နေရာမှ
အံ့အားသင့်သွားပြီး ထို့နောက် အလွန် ဝမ်းသာသွားလေသည်။
"တကယ်လား..."
ရှီဖျင်ဖုန်းက မယုံနိုင်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ "မင်းကောင်လေး... မင်းက
တကယ်ကို တွေးရဲတာပဲ။ အဲဒါက လိမ်ပြောတာပေါ့ကွ။ မင်းအမေသာ သိသွားရင် မင်းရဲ့
တတိယဦးလေးတော့ သေပြီပဲ။"
ရှီယုံ၏ မျက်နှာထားသည် ဝမ်းသာနေရာမှ စိတ်ပျက်သွားပြီး ထို့နောက် မထီမဲ့မြင်
ဖြစ်သွားလေသည်။ "ဒါဆို ခုနက စကားတွေ အကုန်လုံး ပြောနေတာက
ဘာအဓိပ္ပါယ် ရှိလို့လဲ။"
ရှီဖျင်ယန်က ပခုံးတွန့်လိုက်သည်။ "ငါတို့က လက်နာနေလို့ ခဏနားရင်း စကားစမြည်
ပြောနေတာလေ။"
"ချွတ်..." ရှီယုံက မျက်လုံးလှန်ပြလိုက်ပြီး ကတ်များကို ဆက်၍ ခြစ်နေလေသည်။
ထို ရှီမိသားစုမှ အရူးလောင်းကောင်၏ စကားဝိုင်း တစ်ခုလုံးကို နားထောင်နေရသော လီယွဲ့မှာ
အံ့ဩနေရာမှ အတင်းအဖျင်း ပြောချင်စိတ်များ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင်မူ စကားပင်
မပြောနိုင်တော့ပေ။ သူသည် ထိုလောင်းကောင်အား တကယ်ပင် ထိုးကြိတ်ပစ်ချင်နေမိသည်။
ထိုအခိုက်အတန့်တွင် ခြံဝင်း အပြင်ဘက်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ရုတ်တရက်
ဝင်ရောက်လာသည်ကို သူ ခံစားလိုက်ရသည်။ ခြံဝင်း အတွင်းရှိ လူတိုင်းသည်
သူတို့ လုပ်နေသည့် အလုပ်များကို ချက်ချင်း ရပ်တန့်လိုက်ပြီး အဝင်ဝဆီသို့
ကြည့်လိုက်ကြသည်။
ဆံပင်ဖြူ အဘိုးအို တစ်ဦးသည် အေးစက်သော မျက်နှာထားဖြင့် ဝင်ရောက်လာလေသည်။ "ဒီလို
ယုတ်ညံ့တဲ့ နေရာမျိုးက လူအများကြီးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ငါ တကယ်
မထင်ထားခဲ့ဘူး။ ဒီအတိုင်း ဆက်ထားလို့ မဖြစ်တော့ဘူး။ ဒီနေ့တော့ ငါက
ကောင်းကင်ဘုံ ကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပေးမယ်..."
လျိုမူချင်းမှာ မှင်တက်သွား၏။ "ပြဿနာ ရှာမလို့လား... ပြဿနာ လာရှာတာလား..."
"သူက သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝင်လာတာ အသိသာကြီးကို... ခင်ဗျား အဲဒါကို
မသိဘူးလား..."
"သြော်... သိတာပေါ့... ဟင်... ခင်ဗျား အဲဒီ ထိုင်ခုံကို ဘယ်ကနေ သွားယူလာတာလဲ..."
လျိုမူချင်း လှည့်ကြည့်လိုက်သောအခါ ရှီလုံယန်က ခွေးခြေခုံလေး တစ်ခုကို ကိုင်ကာ
ပြဇာတ် ကြည့်ရန် အဆင်သင့် ဖြစ်နေသည့် အလား ဘေးတွင် ဝင်ထိုင်နေသည်ကို
တွေ့လိုက်ရသည်။ သူ၏ အနောက်တွင်မူ ခွေးခြေခုံ မရလိုက်သော သူ၏ သားအမိုက်
နှစ်ယောက်က ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့် ထိုင်နေကြသည်။
"အဘိုး... ဆရာ... ဖရဲစေ့ စားမလား..." အနောက်ဘက်မှ သူ၏ မြေးဖြစ်သူ လျိုဝူရီက သူ၏
အဝတ်အစားကို ဆွဲကာ ဖရဲစေ့ တစ်ဆုပ်ကို ကမ်းပေးလာသည်။
လျိုမူချင်း၏ ပါးစပ်က တွန့်ခါသွားသည်။ "ပြဿနာ တက်နေတာကို သိရက်နဲ့ ခင်ဗျားက
ဝင်မကူဘူးလား..."
ရှီလုံယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒါက ဆိုင်ရှင်ရဲ့ နယ်မြေဆိုတာကို
ထားလိုက်ဦး... ဒီအဘိုးကြီးရဲ့ အရှိန်အဝါက တော်တော်ကို နက်နဲတယ်။ ဒီမှာ ရှိတဲ့
သူတွေထဲမှာ ဘယ်သူက သူ့ကို အနိုင်ယူနိုင်မှာလဲ..."
"သတ္တမအဆင့် အထွတ်အထိပ်ပဲ..." ဝူဆန်းထုန်က ဖရဲစေ့ အခွံတစ်ခုကို ထွေးထုတ်လိုက်ရင်း
တည်ငြိမ်စွာ ပြောလိုက်သည်။ ဖောက်သည်များထဲတွင် သူ၏ ကျင့်ကြံခြင်း အဆင့်သည်
အမြင့်ဆုံး ဖြစ်ပြီး သတ္တမအဆင့် အစပိုင်းတွင် ရှိသော်လည်း ဤလူကို
ယှဉ်ပြိုင်ပါက သူ သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
"ကောင်းပြီလေ..." လျိုမူချင်းကလည်း လှည့်ကာ လျိုဝူရီ၏ လက်ထဲမှ ဖရဲစေ့ တစ်ဆုပ်ကို
ယူလိုက်သည်။ ပြဇာတ် ကြည့်ရသည်ကလည်း မဆိုးလှပေ။
"ဟမ့်..." အသံကြား၍ ကြည့်လိုက်သောအခါ ရှီလုံယန်က ဘယ်နေရာမှန်း မသိ ပေါ်လာသော
ဗာဒံစေ့ခြောက် ပန်းကန် တစ်ခုကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ "အရသာ
ရှိလိုက်တာ..."
သူတို့ အနောက်ရှိ မိသားစု နှစ်စုလုံးမှ အဖွဲ့ဝင်များ၏ နှုတ်ခမ်းများက အနည်းငယ်
တွန့်ခါသွားကြသည်။
‘’သူတို့က ဒီကိစ္စကိုတောင် ပြိုင်ဆိုင်နေကြတာလား။ အံ့ဩစရာ ကောင်းလိုက်တဲ့
လူတွေပဲ...’’
လီယွဲ့သည် ထီဆိုင် အတွင်းမှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
"မင်းက ဒီဆိုင်ရဲ့ ပိုင်ရှင်လား..."
"ဟုတ်ပါတယ်။"
"ဒီလောက် ငယ်ရွယ်တာကို ဒီလောက် ယုတ်မာလိမ့်မယ်လို့ မထင်ထားဘူး။"
လီယွဲ့က မျက်ခုံးပင့်လိုက်သည်။ "အဘိုးကြီး... ကျွန်တော် ခင်ဗျားကို သိတယ်လို့
မထင်ပါဘူး။"
"မင်း ငါ့ကို သိဖို့ မလိုဘူး။ မင်းရဲ့ ဆိုင်က ယုတ်ညံ့တဲ့ အနံ့အသက်တွေ ထွက်နေတယ်။
လူတွေကို လိမ်လည်တယ်။ စွဲလမ်းအောင် လုပ်တယ်။ မှန်ကန်တဲ့ လမ်းစဉ်တွေကို
ဖျက်ဆီးတယ်။ ဒါက နတ်ဆိုးလမ်းစဉ်နဲ့ ဘာကွာလို့လဲ... ဒီနေ့က စပြီး
ဒီဆိုင်ကို ပိတ်လိုက်တော့။ မဟုတ်ရင် ငါ ရက်စက်တယ်လို့ မဆိုနဲ့..."
‘’တကယ်ပါပဲ... ဒီ ခေါင်းမာတဲ့ အဘိုးကြီးက ဘယ်ကနေ ရောက်လာတာလဲ။’’
ထီလက်မှတ်များတွင် ဆိုးကျိုး အချို့ ရှိသည်ကို လီယွဲ့ ဝန်ခံသော်လည်း ၎င်းသည်
ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဆုမဲများသည်
အစစ်အမှန်များ ဖြစ်ပြီး လွန်ခဲ့သော နှစ်ရက်အတွင်း လည်ပတ်ခဲ့မှု အခြေအနေအရ
ဖောက်သည်များ အားလုံး အကျိုးအမြတ် ရရှိခဲ့ကြသည်။ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးရည်
တစ်ပုလင်းနှင့် အဝါရောင် အဆင့်ရှိ သိုင်းပညာ တစ်ခုသည် ဈေးကွက်ထဲတွင် အနည်းဆုံး
ရွှေပြား သိန်းနှင့်ချီ တန်ဖိုးရှိပေသည်။
"ဆိုင်ကို ပိတ်ရမယ် ဟုတ်လား..."
"မဖြစ်နိုင်တာ။ ငါ လာကစားတာ တစ်ရက်တောင် မပြည့်သေးဘူး။ ဆိုင်ပိတ်သွားရင် ငါ
ဘယ်သွားပြီး ပျော်ရတော့မလဲ..."
"ဆိုင်ပိတ်လို့ မဖြစ်ဘူး..."
"ဆိုင်ရှင်... သူ့ကို ဂရုမစိုက်နဲ့။ သူက ဆိုင်ကို ပိတ်လို့ မရပါဘူး..."
ထိုနေရာတွင် ရှိနေသူ အားလုံးက အသံကျယ်ကျယ်ဖြင့် ငြင်းခုံလာကြပြီး အကြီးအကဲဆွန်းကို
တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ကြလေသည်။
လီယွဲ့က သူ၏ နားထင်ကို ပွတ်လိုက်သည်။
"ထွက်သွားပါဗျာ... ခင်ဗျား လာခဲ့တယ် ဆိုတာကို
ကျွန်တော် မေ့ထားပေးပါ့မယ်။"
သူတို့ အားလုံးက လီယွဲ့ဘက်မှ ကာကွယ်ပေးနေသည်ကို မြင်သောအခါ အဘိုးအို ဆွန်း၏
မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင် အချို့ ဖြတ်ပြေးသွား၏။
ထို့နောက် ၎င်းသည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"သူတို့က လူတွေကို အရမ်း ဒုက္ခပေးနေပြီပဲ။ ဒီနေ့တော့ ကောင်းကင်ဘုံ ကိုယ်စား ငါက
တရားမျှတမှုကို ဖော်ဆောင်ပေးရလိမ့်မယ်..."
"ဝိုး... ဒီအဘိုးကြီးက ကြမ်းလှချည်လား။"
"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ။"
"သတ္တမအဆင့် ရှိတဲ့သူက ပထမအဆင့်ရဲ့ အရှိန်အဝါကို ထုတ်ပြနေတာပဲ... အထင်ကြီးစရာပဲ။"
"ဒီလူကို ငါ သိသလိုပဲ..." အားလုံး၏ အကြည့်များက ဝူဆန်းထုန်ထံသို့ ရောက်ရှိသွားကာ
နောက်ဆက်တွဲ ဇာတ်လမ်းကို စောင့်မျှော်နေကြသည်။
"ကျောက်စိမ်းဓားဂိုဏ်းက ဆွန်းချန်ဖုန်းလေ။ သူ့ရဲ့ လူငယ်ဘဝတုန်းက ထန်ဟွာလန် လို့
ခေါ်တဲ့ အရာရှိ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အကျင့်ပျက် ခြစားနေတဲ့
နန်းတွင်း အရာရှိတွေရဲ့ နှိပ်ကွပ်မှုကို ခံရပြီး ရာထူးကနေ
ဖယ်ရှားခံခဲ့ရတယ်။ သာမန် အရပ်သား အဖြစ်
လျှော့ချခံခဲ့ရတယ်။ နောက်ပိုင်းမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး
ကျောက်စိမ်းဓားဂိုဏ်းကို ဝင်ရောက်ခဲ့ကာ အကြီးအကဲ တစ်ယောက် ဖြစ်လာခဲ့တာပဲ။"
အခန်း (၁၂) - ယွင်ပြည်နယ်မှ မုရုံ မိသားစု
"ဒီလိုကိုး... ဒါကြောင့်ကိုး။ အရာရှိတွေ ဆိုတာက အားလုံး ခေါင်းမာပြီး တင်းမာကြတယ်။
အခြေအနေနဲ့ အညီ ပြောင်းလဲဖို့ မတတ်နိုင်ကြဘူး။"
"အဘိုးကြီး... ခေတ်တွေက ပြောင်းသွားပြီနော်။ ပြန်သွားလိုက်ပါ... ပြဿနာ
လာမရှာပါနဲ့။"
ဆွန်းချန်ဖုန်းက ထိုစကားများကို လျစ်လျူရှုလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းကို
တစ်ချက် ခေါက်လိုက်ရာ သူ၏ အနောက်မှ ရှည်လျားသော ဓားတစ်လက်သည် ဝှစ် ခနဲ
ပျံသန်းထွက်ပေါ်လာပြီး ငွေရောင် အလင်းတန်း တစ်ခု အဖြစ်
ပြောင်းလဲကာ လီယွဲ့ထံသို့ ပြေးဝင်သွားတော့သည်။
"မင်းက ဆက်ပြီး ခေါင်းမာနေဦးမယ် ဆိုရင် ဒီအဘိုးကြီး ရက်စက်တယ်လို့ မဆိုနဲ့တော့..."
"ထန်း..."
ကြည်လင်သော ရိုက်ခတ်သံ တစ်သံ ပေါ်ထွက်လာ၏။ ထို ငွေရောင်ဓားသည် လီယွဲ့၏ ရှေ့တွင်
ရပ်တန့်သွားသည်။ ၎င်းသည် မမြင်နိုင်သော စွမ်းအားတစ်ခု၏ တားဆီးမှုကို
ခံလိုက်ရပြီး လက်မဝက်ခန့်ပင် ရှေ့သို့ ဆက်မတိုးနိုင်တော့ချေ။
"အဘိုးကြီး... ခင်ဗျားက ကျုပ် သိတဲ့ လူတစ်ယောက်ကို သွားသတိရစေတယ်။"
လီယွဲ့၏ စိတ်ထဲတွင် သူ၏ မူလတန်းဆရာ ဖြစ်သလို အတန်းပိုင်လည်း ဖြစ်သော
ဆရာတစ်ဦးကို သတိရသွားမိသည်။ ထိုဆရာသည် ခေါင်းမာပြီး
တင်းမာတတ်သော်လည်း သဘောထားတော့ မဆိုးလှပေ။
"ဂျွတ်..."
လီယွဲ့က ဓား၏ အဖျားကို လက်ဖြင့် ဖိညှစ်ကာ အနည်းငယ် လိမ်ချိုးလိုက်ရာ ရှည်လျားသော
ဓားရှည်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေကာ ဖုန်မှုန့်များ အဖြစ်သို့
ပြောင်းလဲသွားလေတော့သည်။
"ဒီဓားကို ဒီနေ့ ခင်ဗျား ပြဿနာ လာရှာတဲ့ အတွက် လျော်ကြေး အဖြစ် သတ်မှတ်လိုက်မယ်။
အခု ထွက်သွားတော့... ခင်ဗျားကို ကျုပ် မသတ်ဘူး..."
မည်သူမျှ စကား မပြောရဲကြပေ။ မြင်ကွင်း တစ်ခုလုံးမှာ ထူးထူးခြားခြား
တိတ်ဆိတ်သွားသည်။
ဆွန်းချန်ဖုန်း၏ မျက်လုံးအိမ်များက တုန်ခါသွားပြီး သူ၏ ရင်ထဲတွင် အံ့ဩ တုန်လှုပ်မှု
လှိုင်းတံပိုးများ ထကြွလာ၏။
‘’ဒီလူငယ်က တကယ်ကို ဒီလောက် အစွမ်းထက်နေတာလား...’’
သို့သော်လည်း သူ၏ ကိုယ်ဟန်အနေအထားကမူ မတ်မတ်ရပ်နေဆဲ ဖြစ်ပြီး သူ၏ ခြေထောက်များက
ခြေတစ်လှမ်းမျှ နောက်ဆုတ်မသွားပေ။ သူ၏ အသွင်သည် မရှုံးနိုင်သော သူရဲကောင်း
တစ်ဦး အလား မားမားမတ်မတ် ရှိနေဆဲပင်။
"မင်းက အစွမ်းထက်ပါတယ်။ ဒါပေမဲ့ မှားတာက မှားတာပဲ။ ဒီနေ့ မင်းက ငါ့ကို သတ်ပစ်မယ်
ဆိုရင်တောင်မှ မင်းကို လမ်းမှားကနေ ပြန်လှည့်လာဖို့ ဒီအဘိုးကြီးက
ဆုံးမဦးမှာပဲ..."
လီယွဲ့၏ မျက်နှာက အေးစက်သွားသည်။
"ဒီလောက် စိတ်ဓာတ်တွေ ပြင်းထန်နေရင် နတ်ဆိုးမျိုးနွယ်စုကို သွားသတ်ပါလား။ ဒါမှမဟုတ်
မိစ္ဆာမျိုးနွယ်စုကို သွားရှင်းပါလား။ ဘာလို့ ဒီမှာ လာပြီး သူတော်စင် ယောင်
ဆောင်နေရတာလဲ။"
‘’မင်းအရမ်း ခေါင်းမာလွန်းတယ်... နည်းနည်းလေးမှ ကြည့်မရဘူး။’’
ဆွန်းချန်ဖုန်းက ခေါင်းကို မော့လိုက်သည်။ "လူသားမျိုးနွယ်စုက မိစ္ဆာမျိုးနွယ်စု၊
နတ်ဆိုးမျိုးနွယ်စုတွေနဲ့ စစ်ပွဲ ဆင်နွှဲတဲ့ အခါကျရင် ဒီအဘိုးကြီးက
ရှေ့တန်းကနေ ရပ်တည်ပေးမယ်..."
"ခင်ဗျားက ဒါကိုပဲ အတင်းအကြပ် တောင်းဆိုနေမှတော့..."
"နေပါဦး..."
ခြံဝင်း အပြင်ဘက်မှ လူရိပ်အချို့ အပြေးအလွှား ဝင်ရောက်လာကြသည်။
"မတိုက်ခိုက်ကြပါနဲ့..."
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အသက် လောင်းဆယ် အရွယ်ခန့် ရှိသော ရိုးရှင်းသည့် အဖြူရောင်
ဝတ်ရုံကို ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။
"ဂိုဏ်းချုပ်... ဘာလို့ ရောက်လာတာလဲ။"
"အကြီးအကဲဆွန်း... ပြဿနာ မရှာပါနဲ့တော့။ ဒီဂိုဏ်းချုပ်နဲ့ အတူ ပြန်လိုက်ခဲ့ပါ။"
"မဖြစ်ဘူး... ဒီနေ့..."
"သူ့ကို ကြိုးတုပ်ပြီး ပြန်ခေါ်သွားကြ..."
သူ စကားပင် မဆုံးလိုက်သေးခင်မှာပင် ဆွန်းချန်ဖုန်း၏ ပါးစပ်ပေါ်သို့ အသံတိတ်
မှော်စာအက္ခရာ တစ်ခု ကျရောက်လာပြီး ၎င်း၏ နောက်တွင် ကြိုးပုံစံ
မှော်ရတနာ တစ်ခုက ထပ်မံ ကျရောက်လာသည်။ ထိုကြိုးက သူ့ကို
ရစ်ပတ်သွားပြီးနောက် အနောက်ဘက်ရှိ အကြီးအကဲ
အချို့က ဆွန်းချန်ဖုန်းကို မကာ အပြင်ဘက်သို့ ပြေးထွက်သွားကြလေသည်။
"ဒါက..."
ဖြစ်စဉ် တစ်ခုလုံးကြောင့် လီယွဲ့၏ မျက်နှာမှာ မည်းမှောင်သွား၏။
‘’သူတို့က ဒီလိုမျိုး ခဏခဏ လုပ်နေကျပဲ...’’
ထိုအချိန်တွင် ဝူဆန်းထုန်က ဆက်၍ ပြောလိုက်သည်။ "အကြီးအကဲဆွန်းက နန်းတွင်းကို
စိတ်ပျက်သွားပေမဲ့ သူ့ရဲ့ တရားမျှတမှု စိတ်ဓာတ်ကတော့
မပျောက်ကွယ်သွားသေးဘူး။ ကျောက်စိမ်းဓားဂိုဏ်းမှာ
စာသင်နေရင်းနဲ့တောင် မတရားမှုတွေကို ကြားတာနဲ့ တောင်ပေါ်ကနေ ကိုယ်တိုင်
ဆင်းလာပြီး ဖြေရှင်းပေးတတ်တယ်..."
ဂိုဏ်း၏ အတင်းအဖျင်း စကားများကို ထိုနေရာတွင် ရှိနေသူ အားလုံးက စိတ်ဝင်တစား
နားထောင်နေကြသည်။
"ဒီအကြီးအကဲဆွန်းက တော်တော်ကို ထူးခြားတဲ့ စရိုက်ရှိတာပဲ..."
လော့ဟုန်မြန်၏ နားရွက်များက အနည်းငယ် နီရဲသွားပြီး သူမက လီယွဲ့ထံသို့ လက်ယှက်ကာ
အရိုအသေ ပေးလိုက်သည်။
"ကျွန်မတို့က ဆိုင်ရှင်ကို နှောင့်ယှက်မိသလို ဖြစ်သွားပြီ..."
အကယ်၍ ကျောက်စိမ်းဓားဂိုဏ်းမှ လူများသာ ရောက်မလာခဲ့လျှင် လီယွဲ့သည်
ဆွန်းချန်ဖုန်းကို တကယ်ပင် သတ်ပစ်မိပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ထီဆိုင်ကို ဆက်လက် လည်ပတ်ရမည်သာ ဖြစ်သည်။ မည်သည့်
အရာကမျှ သူ့ကို ဆိုင်ပိတ်စေနိုင်မည် မဟုတ်ပေ။ စနစ်၏ တာဝန်မှာ
ထီဆိုင်ကို ဖွင့်လှစ်ရန် ဖြစ်သည်။ စနစ်က ဤကမ္ဘာတွင် သူ အသက်ရှင်
ကျန်ရစ်ရေး အတွက် ကာကွယ်ပေးထားခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါက သေလမ်းသာ
ရှိလေသည်။
သို့သော် မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ လီယွဲ့သည် ဤအဘိုးအိုကို သတ်ပစ်ရန်
ခက်ခဲနေခဲ့သည်။ ထိုအဘိုးအိုသည် သူ၏ ယခင်ဘဝမှ အတန်းပိုင် ဆရာနှင့် တူနေသည်။
သူ၏ စရိုက်မှာ ခေါင်းမာပြီး တင်းမာသော်လည်း ထိုဆရာသာ မရှိခဲ့လျှင် လီယွဲ့သည်
ကျောင်းထွက်သွားသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
လီယွဲ့သည် လော့ဟုန်မြန်ကို လျစ်လျူရှုကာ လှည့်၍ ထီဆိုင် အတွင်းသို့
ဝင်သွားလိုက်သည်။ ထိုအချိန်တွင် အဝင်ဝမှ
ဆူညံသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
လူငယ် သခင်လေး တစ်ဦး ဝင်လာပြီး သူ၏ အနောက်တွင် လှပသော အစေခံ ကောင်မလေး နှစ်ဦး
ပါလာလေသည်။
"ချင်ပြည်နယ်လို ခေါင်ဖျားတဲ့ နေရာမျိုးမှာ ဒီလို တောက်ပတဲ့ အဆောက်အအုံလေး
ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ စိတ်ဝင်စားစရာပဲ..."
"ဒီမှာ လူတွေ တော်တော် များတာပဲ။"
သခင်လေး၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး သူ၏ မျက်နှာတွင်
ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက အမြဲတစေ တွဲခိုနေသည်။ ခြံဝင်း
အတွင်းရှိ လူတိုင်း၏ နေရာယူထားမှုများ အပေါ် အခြေခံ၍ သူ၏
မျက်လုံးများက လီယွဲ့ထံသို့ တိကျစွာ ကျရောက်သွား၏။
"ခင်ဗျားက ဒီဆိုင်ရဲ့ ပိုင်ရှင် ဖြစ်ရမယ်..."
လီယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
"လှပတဲ့ အဆောက်အအုံလေးပဲ။ ရွှေပြား ဘယ်လောက် ပေးရမလဲ။ ဒီသခင်လေး ဝယ်မယ်..."
‘’ဒီမောက်မာတဲ့ သခင်လေး အချိုးမျိုးကို ကြည့်ပါဦး။ နောက်ထပ် ပြဿနာ
လာရှာတဲ့ သူ တစ်ယောက် ထပ်ရောက်လာပြန်ပြီ။’’
ထိုနေရာတွင် ရှိနေသူ အားလုံးက ချက်ချင်းပင် နားစွင့်လိုက်ကြသည်။
လော့ဟုန်မြန်က ထွက်မသွားသေးဘဲ သူမ၏ အကြည့်များက ဤလူငယ် ဆိုင်ရှင်ထံသို့
ရောက်ရှိနေသည်။
လျိုချင်းလီသည် သာမန် တပည့် တစ်ဦးသာ ဖြစ်သည်။ သူမသည် တစ်ဝက်ယုံ တစ်ဝက်မယုံ
ဖြစ်နေခဲ့သော်လည်း အဝင်ဝသို့ ရောက်ရှိချိန်တွင် ဤဆိုင်ရှင်က
ဆွန်းချန်ဖုန်း၏ လူကြီးလူကောင်း ဓားကို ပေါ့ပေါ့ပါးပါး
ဖျက်ဆီးပစ်လိုက်သည်ကို မြင်တွေ့ခဲ့ရသည်။
ထို့အပြင် လော့ဟုန်မြန် ကိုယ်တိုင်ကပင် သူ၏ စွမ်းအားကို အကဲဖြတ်၍
မရနိုင်ခဲ့ပေ။
"မရောင်းဘူး..."
"ဒီသခင်လေး စိတ်ဝင်စားတဲ့ အရာတွေက သိပ်မများလှဘူး။ စျေးသာ ခေါ်လိုက်...
ဘယ်လောက်ဖြစ်ဖြစ် ရတယ်။"
လီယွဲ့က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
"လူစကားကို နားမလည်ဘူးလား။"
"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ..." အစေခံ ကောင်မလေး နှစ်ဦးက တစ်ပြိုင်နက် ရှေ့သို့
ထွက်လာကြသည်။
"တိတ်စမ်း... ဒီမှာ စကားပြောဖို့ မင်းတို့ကို ဘယ်သူက ခွင့်ပြုထားလို့လဲ။"
သခင်လေး၏ ဆူပူကြိမ်းမောင်းမှုကို ရင်ဆိုင်ရသောအခါ အစေခံ ကောင်မလေးများက အလျင်အမြန်
ဒူးထောက်လိုက်ကြသည်။
"သခင်လေး... ကျွန်မတို့ မှားသွားပါတယ်။"
"ဆိုင်ရှင်က မရောင်းချင်ဘူး ဆိုမှတော့ ဒီသခင်လေးကလည်း အတင်းအကြပ်
မတောင်းဆိုတော့ပါဘူး။"
သခင်လေးသည် ထီဆိုင် အတွင်းသို့ သူ့ဘာသာသူ လျှောက်သွားရာ လျိုနှင့် ရှီ
မိသားစုဝင်များက အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။
ဤလူသည် ချမ်းသာကြွယ်ဝသော မိသားစုမှ လာကြောင်း သိသာထင်ရှားလှသဖြင့် သူ့ကို
အပြစ်မပြုမိစေရန် ရှောင်ကြဉ်ရမည် ဖြစ်သည်။
ခြံဝင်း အတွင်း၌ လျိုမူချင်းနှင့် ရှီလုံယန်တို့က အချင်းချင်း အဓိပ္ပါယ်ပါပါ
ကြည့်လိုက်ကြသည်။ ချင်းယန်မြို့တွင် ဤသို့သော ပုဂ္ဂိုလ်မျိုး
အကြောင်းကို သူတို့ မကြားဖူးခဲ့ပေ။
"ထီဆိုင် ဟုတ်လား... ခင်ဗျားတို့ ဘာရောင်းတာလဲ။"
လီယွဲ့က ခြစ်ကတ်များပေါ်ရှိ ကစားနည်း ညွှန်ကြားချက်များကို လက်ညှိုးထိုးပြလိုက်သည်။
"ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်လိုက်။"
"ဒီလိုကိုး... စိတ်ဝင်စားစရာပဲ။"
အစေခံ ကောင်မလေး တစ်ဦးက ထိုင်ခုံ တစ်လုံးကို ယူလာပေးသည်။ သခင်လေးက
ဝင်ထိုင်လိုက်သည်။ "ကျုပ်က ယွင်ပြည်နယ် မုရုံ
မိသားစုက မုရုံရီ ပါ။ ဆိုင်ရှင်ကို ဘယ်လို ခေါ်ရမလဲ။"
ထိုစကားများကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ ရင်ထဲတွင် တပြိုင်နက်တည်း
ထိတ်လန့် တုန်လှုပ်သွားကြလေသည်။
ယွင်ပြည်နယ် ဆိုသည်မှာ ဝူမင်းဆက်တွင် မြို့တော် ပြီးလျှင် ဒုတိယ အချမ်းသာဆုံးနှင့်
အစွမ်းအထက်ဆုံး ပြည်နယ် တစ်ခု ဖြစ်ပေသည်။ မုရုံ မိသားစုမှာ ပို၍ပင် အထင်ကြီးစရာ
ကောင်းသေး၏။ ၎င်းသည် ယွင်ပြည်နယ်ရှိ ထိပ်တန်း မိသားစုကြီး လောင်းခုအနက် တစ်ခု
အပါအဝင် ဖြစ်ပြီး တတိယအဆင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦးက
ကာကွယ်ပေးထားကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။
ဤသို့သော မိသားစုကြီးမှ သခင်လေး တစ်ဦးကို မည်သို့မျှ သွားရောက် မစော်ကားသင့်ပေ။
လူတိုင်းသည် သူနှင့် ပဋိပက္ခ ဖြစ်ပွားနိုင်မည့် အခြေအနေများကို
ရှောင်ရှားရန် ခြံဝင်း အတွင်းသို့ တိတ်တဆိတ်
ဆုတ်ခွာသွားကြသည်။
ထီဆိုင် အတွင်း၌ လီယွဲ့၊ မုရုံရီနှင့် မုရုံရီ၏ အစေခံ ကောင်မလေး နှစ်ဦးသာ
ကျန်ရှိတော့သည်။ သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ
ထိုကဲ့သို့ ကြီးမြတ်သော မိသားစုမှ တပည့် တစ်ဦးသည် နင်ယန် ကဲ့သို့သော
ခေါင်ဖျားသည့် မြို့ငယ်လေးသို့ အဘယ်ကြောင့် ရောက်လာရသနည်း ဆိုသည့်
အချက်ပင် ဖြစ်သည်။
"နာမည်က အရေးမကြီးပါဘူး။ ကျုပ်ကို ဆိုင်ရှင် လို့ပဲ ခေါ်ပါ။"
မုရုံရီ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွား၏။ ဤလူသည်
'မုရုံ မိသားစု' ဟူသော စကားကို ကြားသော်လည်း မည်သည့် တုံ့ပြန်မှုမှ မပြသခဲ့ပေ။ သူ၏
စွမ်းအား အဆင့်ကိုလည်း အကဲဖြတ်၍ မရသလို နောက်ခံကိုလည်း မသိနိုင်ပေ။
မုရုံရီသည် မသိမသာပင် သတိဝီရိယ ကြီးမားလာသည်။
"ဒါဆိုရင်လည်း ဆိုင်ရှင်... ကျုပ် အားနေတာနဲ့ ဒီသခင်လေး ကစားဖို့ ကတ်တချို့
ပေးပါဦး။"
"ဘယ်လို အမျိုးအစားလဲ။"
"ဒီလိုမျိုး..." မုရုံရီက ရွှေပြား နှစ်ဆယ်တန် ခြစ်ကတ်များကို
လက်ညှိုးထိုးပြလိုက်သည်။
"ဘယ်လောက် ယူမလဲ။"
"ရှိသမျှ အကုန်ပဲ..."
လီယွဲ့၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။ "သေချာလို့လား..."
မုရုံရီက ခေတ္တ တန့်သွားသည်။
"သေချာတာပေါ့..."
‘’သောက်ကျိုးနည်း... ငွေရွှင်တဲ့ ကောင်တစ်ကောင်တော့ ရောက်လာပြီဟေ့။’’
လီယွဲ့က ကောင်တာပေါ်ရှိ ရွှေပြား နှစ်ဆယ်တန် ခြစ်ကတ်များ အားလုံးကို သူ၏ ရှေ့သို့
ကျွမ်းကျင်စွာ ချပေးလိုက်သည်။ အထုပ်ရေ တိတိကျကျ ငါးဆယ် ဖြစ်သည်။
မုရုံရီက သူ၏ အစေခံများကို ငွေရှင်းရန် ပြောမည့် ဆဲဆဲတွင်ပင်။ အံ့မခန်း မြင်ကွင်း
တစ်ခု ဖြစ်ပေါ်လာလေသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ကောင်တာပေါ်ရှိ အလွတ်
ဖြစ်သွားသော ခြစ်ကတ်များ နေရာတွင် ကတ်အသစ်များ အပြည့် ပြန်လည်
ထွက်ပေါ်လာလေသည်။
သာမန် အားဖြင့် သူသည် တစ်ပြိုင်နက်တည်း ဤမျှ အများကြီး မရောင်းရဖူးသဖြင့် လီယွဲ့က
စနစ်ကို ပစ္စည်းများ ပြန်ဖြည့်ခိုင်းသော အခါ ဤမျှ မြန်ဆန်ပြီး သိသာထင်ရှားမှု
မရှိခဲ့ပေ။ သို့သော် ယနေ့မူ... အရောင်းအဝယ် အကြီးကြီး ဖြစ်လေသည်။
"ဒါက..." မုရုံရီမှာ မှင်တက်သွားပြီး သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူ
အမြင်မှားနေခြင်း မဟုတ်ပေ။
လီယွဲ့က သူ၏ အံ့အားသင့်နေသော မျက်နှာကို ဂရုမစိုက်နိုင်ပေ။ ငွေရွှင်သော ဖောက်သည်ကို
ရရှိထားပြီ ဖြစ်ရာ သေချာပေါက် အလျင်အမြန် လှုပ်ရှားရမည် ဖြစ်သည်။ ပစ္စည်းဖြည့်...
ပစ္စည်းဖြည့်...
မကြာမီမှာပင် သူက အသစ် ထွက်ပေါ်လာသော ခြစ်ကတ် တစ်တန်းလုံးကို လျင်မြန်စွာ ယူထုတ်၍
မုရုံရီ၏ ရှေ့သို့ ချပေးလိုက်သည်။ နောက်သို့ လှည့်လိုက်သော အခါ။ ကောင်တာပေါ်ရှိ
အတန်းမှာ ထပ်မံ ပြည့်နှက်နေပြန်သည်။
မုရုံရီမှာ စပရိန် တစ်ခု အလား မတ်တပ် ထခုန်လိုက်ပြီး သူ၏ မျက်လုံးများက
ပြူးကျယ်သွားလေသည်။ "ရှောင်ရို... မင်း အဲဒါကို
မြင်လိုက်လား။"
"သ... သခင်လေး... ဒီအစေခံ မြင်လိုက်ပါတယ်။"
"ဒု... ဒုတိယအဆင့် အမြင့်ဆုံး နယ်ပယ်..." မုရုံရီ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏
အစောပိုင်းက တည်ငြိမ်မှုများ အားလုံးမှာ ပျောက်ကွယ်သွားလေတော့သည်။
ကျင့်ကြံသူ တစ်ဦး အနေဖြင့် တတိယအဆင့် ပေါင်းစည်းခြင်း နယ်ပယ်မှ ဒုတိယအဆင့်
အမြင့်ဆုံး နယ်ပယ် သို့ ချိုးဖောက် ဝင်ရောက်နိုင်ရန် လေး-ကိုး
လျှပ်စီး ကပ်ဘေး ၏ သန့်စင်မှုကို ခံယူရမည် ဖြစ်သည်။ လျှပ်စီး ကပ်ဘေးကို
ကျော်ဖြတ်ပြီးနောက် သူတို့၏ ရုပ်ခန္ဓာကို စွန့်ခွာကာ သူတို့၏
စိတ်ဝိညာဉ် စွမ်းအားများ မြင့်တက်လာပြီး ၎င်းကို ထာဝရ
စိတ်ဝိညာဉ် စွမ်းအား ဟု ခေါ်ဆိုကြသည်။ လျှပ်စီး ကပ်ဘေးကို
ကျော်ဖြတ်ပြီး ထာဝရ စိတ်ဝိညာဉ် စွမ်းအား ပိုင်ဆိုင်သူများသာ
လေဟာနယ်ထဲမှ အရာဝတ္ထုများကို ဖန်ဆင်း ထုတ်ယူနိုင်စွမ်း ရှိပေသည်။
ကျင့်ကြံခြင်း လမ်းစဉ်တွင် ဆဋ္ဌမအဆင့် အမြုတေ တည်ဆောက်ခြင်း နယ်ပယ်သည် ပထမဆုံး
အချိုးအကွေ့ ဖြစ်ပါက ဒုတိယ အချိုးအကွေ့မှာ တတိယအဆင့် အထက်ရှိ လျှပ်စီး
ကပ်ဘေးပင် ဖြစ်သည်။ ဝူမင်းဆက်ကို ထားလိုက်ပါတော့... ကောင်းကင်ကြယ်တာရာ
တိုက်ကြီး တစ်ခုလုံးတွင်ပင် အမြင့်ဆုံး နယ်ပယ် အဆင့်ရှိ
သိုင်းပညာရှင်များမှာ အလွန် ရှားပါးလှပေသည်။
အံ့အားသင့်ကာ တိတ်ဆိတ်နေသော အခိုက်အတန့် အတွင်းမှာပင် လီယွဲ့သည် လေးကြိမ်တိတိ
လှုပ်ရှားပြီး ဖြစ်နေသည်။ အထုပ်ရေ နှစ်ရာ... ရွှေပြား ရှစ်သောင်း။
စနစ်၏ အဆင့်လိုက် ဝင်ငွေ တာဝန်မှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
မုရုံရီမှာ နောက်ဆုံးတွင် လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာပြီး သူ၏ ရှေ့တွင်
တောင်လို ပုံနေသော ခြစ်ကတ်များကို ကြည့်လိုက်သည်။ "ရပ်ပါတော့...
ရပ်ပါတော့..."
လီယွဲ့က နောက်သို့ လှည့်ကြည့်လိုက်သည်။ "ခင်ဗျားက ရှိသမျှ အကုန် ဝယ်ချင်တယ် ဆို..."