← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) - ဖျောင်မြောင်နတ်ဘုရားဂိုဏ်း

အမျိုးသမီးနှစ်ဦးစလုံး ကြောင်သွားကြသည်။ "အလုပ် လုပ်ရမယ် ဟုတ်လား"

ရှချင်းက စိုးရိမ်တကြီးဖြင့် "စီနီယာ... ရုယီရဲ့ ခန္ဓာကိုယ်က အလုပ်ကြမ်းဒဏ်

မခံနိုင်ပါဘူး။ ကျုပ်ပဲ စီနီယာ့အတွက် အလုပ်တွေ ကူလုပ်ပေးပါရစေ" ဟု

ပြောလိုက်သည်။

"ရတာပေါ့" လီယွဲ့က အလွယ်တကူပင် သဘောတူလိုက်သည်။ သူ့အတွက်မူ မည်သူဖြစ်ဖြစ်

အတူတူပင်။

"ဒါပေမဲ့ ကျုပ်စကားကို ဆုံးအောင် နားထောင်ဦး။ ကျုပ်ရဲ့ သတ်မှတ်ချက်က ခင်ဗျားတို့

ဒီမှာနေဖို့ပဲ။ 'နေရမယ်' ဆိုတာက... ဒီနေ့ကစပြီး နေ့တိုင်း လာရမယ်လို့ ပြောတာ။

ကျုပ်ရဲ့ ခွင့်ပြုချက်မပါဘဲ ဒီအလုပ်ကို အကန့်အသတ်မရှိ ဆက်လုပ်ရမယ်။"

"နေ့တိုင်း လာရမယ်... ဒါက..." ရှချင်း၏ အိမ်မှာ ချင်းကျိုးတွင် မဟုတ်ပေ။

သူမဖခင်နောက်လိုက်၍ ချင်းယန်မြို့သို့ ခေတ္တလာခြင်းဖြစ်ရာ

တစ်နေ့တွင် ပြန်ကြရမည်ဖြစ်သည်။

"ဆိုင်ရှင်... ကျွန်မ သဘောတူပါတယ်" ထိုစဉ် ယွဲ့ရုယီက ဝင်ပြောလိုက်သည်။

"သေချာရဲ့လား"

"သေချာပါတယ်ရှင်။ ကျွန်မကို ဒီလိုအခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

ဆိုင်ရှင်။"

"ရုယီ..." ယွဲ့ရုယီက ရှချင်းကို အသာအယာ ပြုံးပြလိုက်သည်။ "စိတ်မပူပါနဲ့ အစ်မ။

ကျွန်မ လုပ်နိုင်ပါတယ်။ အနှစ်နှစ်ဆယ်အတွင်းမှာ ပထမဆုံးရတဲ့

အခွင့်အရေးကို ကျွန်မ အဆုံးရှုံးမခံနိုင်ဘူး။ ကျွန်မရဲ့

အခြေအနေကို မေမေနဲ့ ဦးလေးကို နားလည်အောင် ကူပြီး ရှင်းပြပေးပါဦးနော်"

ရှချင်း သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။ သူမ၏ ညီမလေး မည်မျှအလေးအနက်ထားသည်ကို

မြင်ရသဖြင့်- "ဒီကိစ္စကို ဖခင်ကို ကျုပ် သေသေချာချာ

ရှင်းပြပါ့မယ်။"

သူတို့က ညီအစ်မဝမ်းကွဲတွေ ဖြစ်နေတာကိုး။ ငါလည်း အများကြီး တွေးမိသွားတယ်။

"စီနီယာ... ကျုပ်တို့ မနက်ဖြန်မှ ပြန်လာလို့ ရမလားဟင် မိသားစုကို အသိပေးဖို့

လိုအပ်လို့ပါ။"

"ရတာပေါ့"

"ကျေးဇူးတင်ပါတယ် စီနီယာ။"

အမျိုးသမီးနှစ်ဦး၏ ဂါရဝပြုမှုကို လီယွဲ့ ရှောင်မနေတော့ဘဲ လက်ခံလိုက်သည်။ သူတို့

ထွက်သွားချိန်တွင် မွန်းတည့်နေပြီ ဖြစ်သည်။ သူသည် ရိုးရှင်းသော

အစားအစာအချို့ကို စားရင်း ပြတင်းပေါက်မှ အပြင်သို့

လှမ်းကြည့်လိုက်သည်။

ကျင့်ကြံသူများသည် 'ဘိကု' ကျင့်စဉ်အရ ရက်အနည်းငယ်ကြာ အစာမစားဘဲ

နေနိုင်ကြသော်လည်း... ဤလူများမှာမူ အတော်ပင်

ရူးသွပ်နေကြသည်။ အထူးသဖြင့် ချွီဟယ် ဆိုသော လူမှာမူ

နာရီပေါင်းများစွာကြာအောင်

ခေါင်းတစ်ချက်ပင် မဖော်ဘဲ ကစားနေသည်။ အစားစားခြင်း သို့မဟုတ်

အိမ်သာသွားခြင်းပင် မရှိတော့ပေ။

လုပ်ငန်းလည်ပတ်မှုပမာဏမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။ ဤအဆင့်အတွက်

ရွှေဒင်္ဂါး နှစ်သိန်း လိုအပ်ရာ ယခင်အဆင့်မှ ပိုလျှံလာသော

ပမာဏနှင့်ပေါင်းလျှင် လမ်းတစ်ဝက်နီးပါး ရောက်နေပြီဖြစ်သည်။

ကံမကောင်းသည်မှာ ချွီဟယ် ပေးလျော်ခဲ့သော ရွှေဒင်္ဂါးများသည်

ဆိုင်၏ လုပ်ငန်းလည်ပတ်မှုပမာဏထဲတွင် ထည့်မတွက်ခြင်းပင်။

"ဟေး... မင်း မသွားသေးဘူးလား" မက်မွန်ပင်အောက်တွင် လီယွဲ့သည် စာကလေးကို အေးအေးလူလူ

စနောက်နေသည်။ စာကလေးမှာ ထွက်မသွားသည့်အပြင် ယခုဆိုလျှင် ပို၍ပင် ရင်းနှီးလာခဲ့ပြီ။

သူ လက်ကမ်းလိုက်လျှင်ပင် ၎င်း၏ အမွှေးပွပွ ခေါင်းလေးဖြင့် သူ့ကို လာ၍

ပွတ်သီးပွတ်သပ် လုပ်တတ်နေပြီဖြစ်သည်။

"ငါ့ရဲ့ ဆွဲဆောင်မှုက ဒီလောက်တောင် ကြီးမားနေလိမ့်မယ်လို့ မထင်ထားဘူး။

ရက်ပိုင်းအတွင်းမှာတင် သံယောဇဉ် တွဲသွားကြတာပဲ"

ပုံမှန်အတိုင်းပင် လီယွဲ့သည် စာကလေးကို ထမင်းကျွေးလိုက်သည်။

စာကလေးနှင့် နင်ယူယူ သည် သူချက်သော အစားအစာကို

အလွန်ကြိုက်ကြသဖြင့် ကျွေးရွေးရသည်မှာ လွယ်ကူလှသည်။

ထိုစဉ် ခြံဝင်းအတွင်းသို့ လူအချို့ ဝင်လာကြသည်။ ဖုန်းမင်တောင်မှ ရတနာသတင်း

ပျံ့နှံ့သွားပြီးနောက် နေ့တိုင်းပင် စပ်စုလိုသူများ ဆိုင်ထဲသို့

ဝင်လာတတ်ကြသည်။

"ဆရာ... လူတွေ အများကြီးပဲ" အုပ်စုတစ်စု ရောက်ရှိလာရာ ခေါင်းဆောင်မှာ

အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်တွင်

ပန်းပွင့်လေးများကဲ့သို့ လှပသော အမျိုးသမီးငယ်လေးများ ပါလာကြသည်။

အထူးသဖြင့် စကားပြောလိုက်သော မိန်းကလေးမှာ အလွန်ပင် စင်ကြယ်သန့်ရှင်းသော

အလှမျိုး ရှိသည်။ သူမမှာ အသက် ၁၂ နှစ်၊ ၁၃ နှစ်ခန့်သာ ရှိသေးပြီး ရုပ်ရည်မှာ

အပြည့်အဝ မဖွံ့ဖြိုးသေးသော်လည်း ကြီးလာလျှင် အလွန်ထူးခြားမည့် အလှပိုင်ရှင်

ဖြစ်လာမည်မှာ အသေအချာပင်။

"ဆရာ... သူတို့ ဘာလုပ်နေကြတာလဲ" မိန်းကလေးသည် ဂိမ်းစက်ဧရိယာသို့

ခုန်ပေါက်ပြေးသွားပြီး မုရုန်ရိ၏ ပုခက်ကို

ပုတ်ကာ မေးလိုက်သည်။ "ဒီထဲမှာ ဘာရှိတာလဲ"

"ရွှမ်အာ... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့" ထိုစကားကြောင့် မိန်းကလေးက

နှုတ်ခမ်းဆူလိုက်ကာ "သိပါပြီ ဆရာ" ဟု ပြန်ဖြေသည်။

"ယဲ့ရွှမ်အာ... မင်းလို ကလေးမက ဒီကို ဘာလာလုပ်တာလဲ" ချွီဟယ် လှည့်ကြည့်လိုက်ရာ

ရင်းနှီးနေသော အဖြူနှင့် အပြာရောင် ဂိုဏ်းဝတ်စုံကို ချက်ချင်း

မှတ်မိသွားသည်။ ဖျောင်မြောင်နတ်ဘုရားဂိုဏ်း

"ချွီဟယ် ခင်ဗျားကရော ဘာလို့ ဒီမှာ ရှိနေတာလဲ"

"ငါ့ဘာသာ နေတာ မင်းနဲ့ မဆိုင်ဘူး ကလေးမ။" ချွီဟယ်က နှာခေါင်းရှုံ့ကာ

လှောင်ပြောင်လိုက်ပြီး ဂိမ်းစက်ကိုသာ

ဆက်ကစားနေတော့သည်။

"ရှင်... ဟွန်း တကယ်ကို ရိုင်းတာပဲ"

အသက်လတ်ပိုင်း အမျိုးသမီး ချဉ်းကပ်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဟောက်ယွဲ့ဂိုဏ်း၏ သန့်ရှင်းသောသားတော်က ဒီမှာ

ဘာလုပ်နေတာလဲ ပြီးတော့... သူ အဲဒီ သံတုံးကြီးကို ဘာတွေ လှုပ်ရှားနေတာလဲ

"ကုန်ပြီ ငါ လောဘမကြီးသင့်ဘူး" လျိုဝူယီသည် ကောင်းကင်ကို ကြည့်ကာ

သက်ပြင်းချလိုက်သည်။ သူ၏ ရွှေဒင်္ဂါးများ အားလုံး

ကုန်သွားသဖြင့် စက်ပေါ်မှ ဆင်းပေးလိုက်ရသည်။ သူသည် အားမလိုအားမရဖြစ်ကာ ထွက်လာစဉ်

တစ်စုံတစ်ယောက်က နောက်မှ ပုတ်လိုက်သည်။

"ဘာလဲဗျ" ဘယ်သူလဲဆိုတာ မြင်လိုက်ရချိန်တွင် လျိုဝူယီ၏ မျက်နှာတစ်ခုလုံး

နီမြန်းသွားသည်။ 'အမေ... ကျုပ်တော့ အချစ်မိသွားပြီ ထင်တယ်။'

"ဟေး... ဘာလို့ မျက်နှာကြီး နီနေတာလဲ နေမကောင်းဘူးလား"

"ဟင့်အင်း... မဟုတ်ပါဘူး။ နတ်မိမယ်လေး... ဘာကိစ္စရှိလို့လဲခင်ဗျာ"

ယဲ့ရွှမ်အာက ဂိမ်းစက်ကို မေးငေါ့ပြလိုက်သည်။ "ဒါတွေက ဘာကစားတာလဲ"

ဂိမ်းစက်အကြောင်း ပြောလိုက်သည်နှင့် လျိုဝူယီ၏ စိတ်ဝင်စားမှုမှာ တက်ကြွလာသည်။

"နတ်မိမယ်လေး... ခင်ဗျား မေးတာ လူမှန်သွားပြီ။ ဒါကို ဂိမ်းစက်လို့

ခေါ်တယ်၊ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ..." ထို့နောက် သူသည်

လက်ဟန်ခြေဟန်များဖြင့် အားတက်သရော ရှင်းပြတော့သည်။ အကယ်၍ သူသာ

ဆိုင်အကူဖြစ်လျှင် အလွန်တော်သော အကူတစ်ယောက်

ဖြစ်ပေလိမ့်မည်။

တစ်ဖက်တွင်မူ အသက်လတ်ပိုင်း အမျိုးသမီးသည် လီယွဲ့ထံ လျှောက်လာသည်။ "မေးပါရစေ...

အရှင်က ဒီနေရာရဲ့ ပိုင်ရှင်လား"

"အဲဒီလောက်တောင် သိသာနေလို့လား"

အမျိုးသမီးက ပြုံးလိုက်သည်။ "ဒီခြံထဲက လူတိုင်းက အလုပ်ရှုပ်နေကြတာ၊ အရှင်တစ်ယောက်ပဲ

အေးအေးဆေးဆေး ငှက်ကစားနေတာ မဟုတ်လား။ ဆိုင်ရှင်ကလွဲလို့ ကျန်တဲ့လူတွေ ဒီလို

အမူအရာမျိုး မရှိနိုင်ဘူး။ ခန့်မှန်းရ မခက်ပါဘူး။"

သူမ စကားပြောနေရင်း စိတ်အာရုံ ဖြင့် လီယွဲ့ကို စူးစမ်းလိုက်သည်။

သူမ၏ စိတ်အာရုံသည် လူငယ်လေး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားချိန်တွင်

အောက်ခြေမမြင်ရသော ချောက်နက်ကြီးတစ်ခုကဲ့သို့

ကျယ်ပြောလှသည်ကို တွေ့လိုက်ရသည်။

"ကဲ... ရှင်းရှင်းလင်းလင်း မြင်ရပြီလား" လီယွဲ့၏ ခပ်ပြုံးပြုံး အမူအရာကြောင့်

အမျိုးသမီး၏ နှလုံးသား တုန်လှုပ်သွားသည်။ ဤလူမှာ လုံးဝ မရိုးရှင်းပေ။

"ကျမ စော်ကားမိသွားပါတယ်" လီယွဲ့က ခပ်နောက်နောက် ပြုံးလိုက်ပြီး ဘာမှ

ထပ်မပြောတော့ပေ။ ကျင့်ကြံခြင်းလောကက လူတွေက ဘာလို့

ဒီလိုပဲ လုပ်တတ်ကြတာလဲ သူများအဆင့်ကို မသိရရင် မနေနိုင်ကြဘူးလား

"တခြား ဘာရှိသေးလဲ" အမျိုးသမီးက အတင်းပြုံးကာ "ကျမ နည်းနည်း ဇဝေဇဝါ ဖြစ်နေလို့ပါ။

ဟိုလူတွေ ဘာလုပ်နေကြတာလဲလို့ မေးချင်လို့ပါ"

"ဂိမ်းစက် ကစားနေကြတာလေ။"

အမျိုးသမီး ကြောင်သွားသည်။ "စလော့... ဂိမ်းစက် အဲဒါက ဘာလဲ"

"ကျွန်မ သိတယ်" ထိုစဉ် ယဲ့ရွှမ်အာသည် စိတ်လှုပ်ရှားစွာ ပြေးလာသည်။ "ကျွန်မ သိတယ်

ဆရာ ခုနက မေးကြည့်တာ... ဟို သံတုံးကြီးကနေ ကောင်းကင်အဆင့် မှော်လက်နက်တွေ

ထွက်တယ်တဲ့"

လီယွဲ့က ချောင်းတစ်ချက် ဟန့်လိုက်သည်။ "တိတိကျကျ ပြောရရင်တော့ အမှတ်တစ်ခုခု

ပြည့်သွားရင် ကောင်းကင်အဆင့် မှော်လက်နက်နဲ့ ဒီမှာ လဲလို့ရတာပါ။"

"ဪ... အတူတူပါပဲ"

အမျိုးသမီးသည် ခေတ္တမျှ ကြောင်သွားပြီးနောက် ရယ်မောလိုက်သည်။ "အရှင်...

နောက်မနေပါနဲ့။ ကောင်းကင်အဆင့် မှော်လက်နက်ဆိုတာ လောကမှာ

ရှားမှရှားပါ။ အဲဒီ သံတုံးကြီးကနေ ဘယ်လိုလုပ် ရနိုင်မှာလဲ"

"ရွှမ်အာ... မင်းလည်း ကလေးမဟုတ်တော့ဘူး၊ ဒါမျိုးကို ဘယ်လိုလုပ် ယုံ..." ဝုန်း

ရုတ်တရက် အလင်းရောင်များ အရပ်မျက်နှာအနှံ့ ဖြာထွက်လာသည်။ နဂါးဟိန်းသံနှင့်

ဓားသံများ ထွက်ပေါ်လာသည်။ အမျိုးသမီးသည် အမြန် လှည့်ကြည့်လိုက်ရာ

သူမ၏ သူငယ်အိမ်များ ကျုံ့သွားတော့သည်။

"ကောင်းကင်အဆင့်... ကောင်းကင်အဆင့် မှော်လက်နက်"

လီယွဲ့သည် ဓားသွားကို လေဖြင့် မှုတ်လိုက်ရင်း- "ဒါကို အတုလို့ ထင်နေတုန်းပဲလား"

"မဟုတ်ပါဘူး... လုံးဝ အစစ်ပါ" အမျိုးသမီးသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး

အလိုအလျောက် လက်လှမ်းလိုက်သော်လည်း ဓားမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"အရှင်... ကျမကို နောက်တစ်ခေါက်လောက် ထပ်ပြလို့ ရမလား" "မရဘူး။"

အမျိုးသမီး၏ မျက်လုံးများတွင် စိတ်ပျက်ရိပ်များ ပေါ်လာပြီးနောက် သူမသည်

ယဲ့ရွှမ်အာကို လှည့်ကြည့်လိုက်သည်။ "ရွှမ်အာ...

သွားကြစမ်း" "ဘယ်သွားမလို့လဲ ဆရာ" "ဂိမ်းစက် သွားကစားမလို့"

"ဒါပေမဲ့ နေရာမရှိဘူးလေ"

နောက်ထပ် နှစ်နာရီကြာအောင် ဖျောင်မြောင်ဂိုဏ်းမှ လှပသော

အမျိုးသမီးကျင့်ကြံသူများသည်

ဂိမ်းစက်များဘေးတွင် ဝိုင်းအုံနေကြသည်။ တစ်ယောက်ယောက် ဆင်းသည်နှင့် နေရာကို

ချက်ချင်း ဝင်ယူကြသည်။ နောက်ဆုံးတွင် တစ်ဦး၏ အမှတ်မှာ

သုညဖြစ်သွားပြီး ရွှေဒင်္ဂါးလည်း ကုန်သွားသဖြင့်

ဆင်းပေးလိုက်ရသည်။

ယဲ့ရွှမ်အာသည် အခွင့်အရေးကို အရယူကာ ကုလားထိုင်ပေါ်တွင် ဝုန်းကနဲ ထိုင်လိုက်သည်။

"ဆရာ... မြန်မြန်လာ"

နေရာလုနေသော ဖောက်သည်အချို့မှာ မိန်းကလေးငယ်လေး ဖြစ်နေသဖြင့် အလျှော့ပေးလိုက်ကြသည်။

အမျိုးသမီး ထိုင်လိုက်ပြီး ဂိမ်းစက်ကို ကြည့်ကာ ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။

"ရွှမ်အာ... ဒါကို ဘယ်လို ကစားရမှာလဲ" "အဲဒါက... ဪ ဟုတ်ပြီ၊ ကတ်ဆွဲရမယ်"

ယဲ့ရွှမ်အာသည် လီယွဲ့ကို ရှာလိုက်ရာ ထီဆိုင်ထဲတွင် တွေ့လိုက်ရသည်။ "ဆိုင်ရှင်...

ကတ်တစ်ခု" လီယွဲ့က လက်ယမ်းပြလိုက်ရာ ကတ်တစ်ခုသည် သူမလက်ထဲသို့ ကျရောက်လာသည်။

သူမသည် ထိုအပြုအမူကို သိပ်သတိမထားမိဘဲ ဆရာ့ထံသို့ ကတ်ကို အမြန်သွားပေးလိုက်သည်။

ချွီဟယ်သည် အမျိုးသမီး၏ ဘေးနားတွင် ရှိနေပြီး ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။

"မိုအကြီးအကဲ... ခဏနေရင် ဒေါသထွက်ပြီး ပေါက်ကွဲမသွားအောင်တော့

သတိထားဦးနော်"

အမျိုးသမီး၏ မျက်မှောင်များ တွန့်သွားသည်။ "ကလေး... ဝူယာ့ကျိက မင်းကို လူကြီးသူမကို

ရိုသေဖို့ မသင်ပေးထားဘူးလား"

ဖျောင်မြောင်နတ်ဘုရားဂိုဏ်းနှင့် ဟောက်ယွဲ့နတ်ဘုရားဂိုဏ်းတို့သည် ဝူမင်းဆက်၏

ထိပ်သီးဂိုဏ်းလောင်းဂိုဏ်းတွင် ပါဝင်သော်လည်း သူတို့သည် မတည့်ကြသည်မှာ

တစ်ကမ္ဘာလုံး သိသော အချက်ပင် ဖြစ်သည်။

အခန်း (၂၀) - ယဲ့ရွှမ်အာ

ချွီဟယ်က နှာခေါင်းရှုံ့ကာ ဘာမှ ထပ်မပြောတော့ပေ။ "ကဲ... ဆရာ၊ ဒီမှာ ကတ်ကို

အရင်ဆွဲလိုက်၊ ပြီးရင် ဒီအပေါက်ထဲကို တစ်ခါလှည့်ရင် ရွှေဒင်္ဂါး

တစ်ရာနှုန်းနဲ့ ထည့်လိုက်ရုံပဲ။"

ယဲ့ရွှမ်အာ၏ ညွှန်ကြားချက်အတိုင်း မိုအကြီးအကဲက လိုက်လုပ်ကြည့်သည်။ ငွေဖြည့်ခြင်း

အောင်မြင်သွားပြီးနောက် ယဲ့ရွှမ်အာ၏ အကူအညီဖြင့် ဂိမ်းစက် စတင်လည်ပတ်တော့သည်။

ဟူး... ကောင်းကင်အဆင့် မှော်လက်နက်ရဲ့ မြှူဆွယ်မှုအောက်မှာ နောက်ထပ် သနားစဖွယ်

ဝိညာဉ်တစ်ခု တိုးလာပြန်ပြီပဲ

လီယွဲ့သည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း မျက်နှာကျက်ကို ငေးကြည့်နေသည်။ သူ၏

ပုံစံမှာ 'ပျင်းရိခြင်း' ဟူသော စကားလုံးကို အသက်သွင်းထားသကဲ့သို့ပင်။

လက်ကိုင်ဖုန်း မရှိသော ဤကမ္ဘာတွင် နေ့ရက်တိုင်းမှာ

တစ်နှစ်ကဲ့သို့ပင် ကြာရှည်လှသည်။ သူသည်

မျက်လုံးကိုမှိတ်ကာ ခေတ္တမျှ မှေးစက်လိုက်သည်။

"ဆိုင်ရှင်"

ကြည်လင်အေးမြသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ လီယွဲ့ ကြည့်လိုက်ရာ ယဲ့ရွှမ်အာဟု

ခေါ်သော မိန်းကလေးငယ်လေး ဖြစ်နေသည်။ သူမ၏ မျက်လုံးဝိုင်းကြီးများမှာ

မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။ သူမ၏ ပုံစံမှာ လောင်းပုံတစ်ပုံက

အပြစ်ကင်းစင်ပြီး၊ လောင်းပုံတစ်ပုံက စင်ကြယ်ကာ၊

ကျန်လေးပုံမှာမူ တုံးအအ ပုံစံလေး ဖြစ်သည်။ ဘေးအိမ်က

အူကြောင်ကြောင် ကလေးမလေးနှင့်ပင် တူလှသည်။ အလွယ်တကူ

လိမ်ညာ၍ ရမည့်ပုံစံမျိုးပင်။

"ဘာကိစ္စရှိလို့လဲ"

"ဒီခြစ်ကတ်တွေက အမြင့်ဆုံးဆု ဘာရနိုင်လဲ" ယဲ့ရွှမ်အာက ကောင်တာပေါ်ရှိ ခြစ်ကတ်ကို

လက်ညှိုးထိုးပြသည်။

"ရွှေဒင်္ဂါး တစ်သောင်း။"

"ဒါကရော"

"ရိုးတွင်းခြင်ဆီသန့်စင်ဆေးရည်"

ယဲ့ရွှမ်အာက ထိုစကားကို ကြားသောအခါ မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။ လီယွဲ့၏

နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။ ဤကလေးမလေးက ထိုဆုများကိုပင်

အဖက်မလုပ်ပေ။ သို့သော်လည်း ကြီးကျယ်သော မိသားစုမှ လာသော

တပည့်တစ်ဦးအဖို့ ဤဆုများကို အထင်သေးခြင်းမှာ သဘာဝပင် ဖြစ်သည်။

"ဆိုင်ရှင်... ရွှေဥခွဲတာကရော"

"လောလောဆယ် ရွှေဥတွေထဲမှာလည်း အဆင့်မြင့်ဆုတွေ သိပ်မရှိသေးဘူး။"

"ဪ... အင်းပါ။" မိန်းကလေးငယ်လေးက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

လီယွဲ့၏ မျက်လုံးများ လှုပ်ရှားသွားသည်။ သူက သူမကို ကြည့်ကာ "လူတွေကို မချပြရသေးတဲ့

ပရောဂျက်အသစ်တစ်ခုတော့ ရှိတယ်။ ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင်တော့

အထူးအခွင့်အရေးအနေနဲ့ စောစော ဖွင့်ပေးလို့

ရပါတယ်။"

"တကယ်လား"

ထိုစကားကို ကြားသည်နှင့် ယဲ့ရွှမ်အာ၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ သူမ၏

အကြည့်များမှာ အလွန်ပင် စင်ကြယ်လှသည်။

"တကယ်ပေါ့"

"ဘယ်မှာလဲဟင်"

လီယွဲ့ မတ်တတ်ရပ်လိုက်ကာ "လာ... ကျုပ် နောက်က လိုက်ခဲ့" ဟု ပြောလိုက်သည်။

နှစ်ဦးသား တစ်ယောက်ပြီးတစ်ယောက် လျှောက်လာကြသည်။ ရှေ့ကလူမှာ နောက်ပြောင်လိုသော

အမူအရာရှိပြီး နောက်ကလူမှာမူ ကလေးတစ်ယောက်ကဲ့သို့ ခုန်ပေါက်နေသည်။

လီယွဲ့၏ ပုံစံမှာ ကလေးသူငယ် ပြန်ပေးဆွဲမည့် ဦးလေးကြီးတစ်ဦးနှင့်

တူနေသည်— မဟုတ်ပါ၊ လူဆိုး အစ်ကိုကြီးတစ်ယောက်နှင့် ပိုတူသည်။

သူတို့သည် မက်မွန်ပင်အောက်သို့ ရောက်လာကြသည်။ သူက လက်ကို မြှောက်လိုက်ရာ စနစ်မှ

ရရှိထားသော အလင်းလုံးလေး ထွက်ပေါ်လာသည်။ ၎င်းသည် ဟင်းလင်းပြင်

တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။

'မြေအောက်မြောင်း ဂိမ်းစိန်ခေါ်မှု' စတင်ပြီ ဖြစ်သည်။

"ဝိုး... တကယ်ကို အံ့သြဖို့ ကောင်းတာပဲ"

လီယွဲ့က ပြုံး၍ လှည့်ကြည့်ကာ "ဒါပဲလေ၊ တစ်ခါစမ်းရင် ရွှေဒင်္ဂါး တစ်ရာပဲ။"

"ဒါပေမဲ့ ဆိုင်ရှင်... ဒါကို ဘယ်လို ကစားရမလဲဆိုတာ အရင်ပြောပြရမှာလေ။"

လီယွဲ့က မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ "ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေကို

ရှောင်ရမှာ... အဆင့်တွေ ကျော်ဖြတ်နိုင်ရင် ဆုတွေရှိတယ်။ အဆင့်တွေ

များများကျော်နိုင်လေ ဆုတွေက ပိုကြီးလေပဲ။ ကောင်းကင်အဆင့်

မှော်လက်နက်တွေတောင် ပါနိုင်တယ်နော်။"

"တကယ်ကြီးလား"

"ဒါပေါ့... ကျုပ်က ခင်ဗျားကို လိမ်ပါ့မလား။ အဆင်သင့်ပဲလား"

ယဲ့ရွှမ်အာက လက်သီးကို ဆုပ်လိုက်ကာ "အဆင်သင့်ပါပဲ" ဟု ပြောသည်။ သူမသည်

ရွှေဒင်္ဂါးတစ်ရာကို လီယွဲ့အား ပေးပြီးနောက် ရှေ့သို့

လှောက်လှမ်းသွားသည်။ နောက်တစ်စက္ကန့်တွင် သူမသည် မှောင်မည်းနေသော

ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။

သူမ၏ လက်လေးကို ဝှေ့ယမ်း၍ မီးတောက်ကို ဖန်တီးရန် ကြိုးစားသော်လည်း- "ဒါ... ဒါက

အလုပ်မလုပ်ဘူး..." "ကျွန်မရဲ့ ဝိညာဉ်စွမ်းအားတွေ ဘယ်ရောက်ကုန်တာလဲ"

အပြင်ဘက်တွင်မူ လီယွဲ့သည် ထီဆိုင်အတွင်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

"မြန်မြန်လုပ် စနစ်... ဂိမ်းထဲက မြင်ကွင်းကို ဒီမှာ ပြစမ်း"

နောက်တစ်စက္ကန့်တွင် သူ၏ ရှေ့၌ ပွင့်လင်းမြင်သာသော အီလက်ထရောနစ် ဖန်သားပြင်တစ်ခု

ပေါ်လာသည်။ အတွင်း၌ ယဲ့ရွှမ်အာ၏ စိန်ခေါ်မှုကို တိုက်ရိုက်ထုတ်လွှင့်နေသည်။

မြင်ကွင်းမှာ ရှင်းလင်းရုံသာမက အသံပါ ကြားနေရသည်။

"ဒီဆိုင်ရှင်က ဝိညာဉ်စွမ်းအားတွေ လောင်းလို့မရဘူးလို့ ကြိုမပြောထားဘူး"

ယဲ့ရွှမ်အာမှာ အနည်းငယ် ကြောက်လန့်နေသော်လည်း သူမသည်

ဖျောင်မြောင်ဂိုဏ်း၏ အမာခံတပည့်တစ်ဦး ဖြစ်သည့်အားလျော်စွာ စိတ်ကို

အမြန်ပြန်ထိန်းလိုက်သည်။

"ချစ်စရာ တိရစ္ဆာန်လေးတွေ... ဘာတွေများ ဖြစ်မလဲ"

သူမ ရှေ့သို့ အနည်းငယ် လျှောက်သွားချိန်တွင် ရုတ်တရက် အရာတစ်ခုက သူမဆီသို့

အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ အနားသို့ ရောက်မှသာ သူမ

ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်မှာ— ၎င်းသည် စွယ်စုံကြီးများ

ပါရှိသော၊ ဦးခေါင်းတွင် အသားပိုများ ဖုထနေသော၊ အလွန်ပင်

ရိုင်းစိုင်းကြောက်မက်ဖွယ်ကောင်းသည့်

အနက်ရောင် လိပ်ကြီးတစ်ကောင် ဖြစ်နေသည်။

"ဘယ်မှာလဲ ချစ်စရာကောင်းတာ ဆိုင်ရှင် ကျမကို လိမ်လိုက်တာပဲ" ယဲ့ရွှမ်အာက

အော်ဟစ်လိုက်ကာ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး နောက်သို့

ဆုတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် ကျောက်ဆောင်များသာ ရှိပြီး

ပုန်းစရာ နေရာမရှိပေ။

သူမ ခြေချော်သွားသဖြင့် အမြန်ရပ်ကာ နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ

ပြာဝေသွားတော့သည်။ 'ချောက်ကြီး... အောက်ခြေမမြင်ရတဲ့ ချောက်နက်ကြီး'

"ဆိုင်ရှင်... ရှင် လူလိမ်ပဲ။" ယဲ့ရွှမ်အာမှာ ထိတ်လန့်နေပြီ ဖြစ်သည်။ ယခု သူမတွင်

ဝိညာဉ်စွမ်းအား လုံးဝ မရှိတော့ပေ။ လိပ်ကြီးက သူမဆီသို့ ပြေးဝင်လာသည်ကို

မြင်သောအခါ သူမ သွားကြိတ်ကာ မျက်လုံးကို မှိတ်လိုက်သည်။

"အား"

သူမ ရှိသမျှ အင်အားဖြင့် ခုန်လိုက်သည်။ သူမ ကျော်သွားခဲ့ပြီ။ လိပ်ကြီးသည် သူမကို

ကျော်သွားပြီးနောက် နောက်ဘက်ရှိ အဆုံးမဲ့ ချောက်နက်ကြီးထဲသို့

ပြုတ်ကျသွားတော့သည်။

"ဟူး..." ယဲ့ရွှမ်အာမှာ ချွေးစေးများ ထွက်လာသည်။ သူမ အပြင်သို့

ပြန်ထွက်ချင်သော်လည်း မည်သို့ ထွက်ရမည်ကို

မသိပေ။ "လူယုတ်မာ ဆိုင်ရှင်... ကျွန်မ အပြင်ထွက်ချင်တယ်"

သို့သော် ပဲ့တင်သံမှလွဲ၍ ဘာမှ ပြန်မကြားရပေ။ အပြင်ဘက်တွင်မူ လီယွဲ့က တဟားဟား

ရယ်နေသည်။ 'မင်း ထွက်ချင်တယ် ဟုတ်လား ငါ ကြည့်လို့တောင် မဝသေးဘူး'

ဤဂိမ်းဟင်းလင်းပြင်မှ ထွက်ရန် နည်းလမ်းနှစ်ခုသာ ရှိသည်။ တစ်ခုမှာ လီယွဲ့က

ကိုယ်တိုင် လွှတ်ပေးခြင်း ဖြစ်ပြီး နောက်တစ်ခုမှာ ဂိမ်းထဲတွင်

သေဆုံးခြင်း ဖြစ်သည်။ အမှန်စင်စစ် ဂိမ်းထဲတွင် သေဆုံးခြင်းမှာ အမှန်တကယ်

သေဆုံးခြင်း မဟုတ်ဘဲ ဂိမ်းမှ ရှုံးနိမ့်ခြင်းသာ ဖြစ်သည်။

ဤစိန်ခေါ်မှုသည် တုံ့ပြန်နိုင်စွမ်းကို လေ့ကျင့်ပေးရုံသာမက သတ္တိကိုလည်း

မြှင့်တင်ပေးနိုင်သည်။ ဆုများကို ဖယ်ထားလျှင်ပင် ဤအရာများသည်

ကျင့်ကြံသူများအတွက် အကျိုးရှိလှသည်။

ယဲ့ရွှမ်အာ၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလာသော်လည်း မကျအောင် ထိန်းထားသည်။

သူမသည် မိမိကိုယ်ကိုယ် အားပေးရင်း "လူတုံး ဆိုင်ရှင်" ဟု တိုးတိုးလေး

ဆဲဆိုနေမိသည်။ သူမ ဖြည်းဖြည်းချင်း ရှေ့သို့ စမ်းတဝါးဝါး

လျှောက်လာသည်။

"လာပြန်ပြီ... ရုပ်ဆိုးတဲ့ လိပ်ကြီး" သူမသည် အရင်အတိုင်းပင်

လိပ်ကြီးနားရောက်ကာနီးတွင်

မျက်လုံးမှိတ်၍ ခုန်လိုက်သည်။ သူမ ထပ်မံ

ကျော်ဖြတ်နိုင်ခဲ့ပြန်သည်။

သူမ ကြောက်နေသော်လည်း လိပ်နှစ်ကောင်ကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် သူမ၏ စိတ်ထဲတွင်

ဂုဏ်ယူလိုစိတ်လေး ပေါ်လာသည်။ 'ဒါက သိပ်ခက်တာလည်း မဟုတ်ပါဘူး'

တဖြည်းဖြည်းနှင့် သူမ ယုံကြည်မှု ပြန်ရလာပြီး ခြေလှမ်းများကို ခပ်သွက်သွက်

လှမ်းလိုက်သည်။ ရုတ်တရက် သူမ၏ ခြေထောက်မှာ နိမ့်ဆင်းသွားသည်။

'မကောင်းတော့ဘူး... ထောင်ချောက်ပဲ'

မြေပြင်သည် ရုတ်တရက် ပြိုကျသွားပြီး ယဲ့ရွှမ်အာမှာ ဟန်ချက်ပျက်ကာ

ပြုတ်ကျသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့်

သူမ၏ လက်များက မြေပြင်ကို အမြန်လှမ်းဆွဲထားနိုင်ခဲ့သည်။ သူမ၏

ခြေထောက်လေးများမှာမူ လေထဲတွင် ယိုင်ထိုးနေ၏။

"ကယ်ကြပါဦး" သူမ အောက်ခြေမမြင်ရသည့် ချောက်နက်ကြီးကို ငုံ့ကြည့်လိုက်သည်။

ကြောက်စရာ ကောင်းလိုက်တာ။ သူမ ထိန်းထားသမျှ မျက်ရည်များမှာ

စီးကျလာတော့သည်။

"လူယုတ်မာ ဆိုင်ရှင်... မြေပြင်ပြိုကျမယ်လို့ ကြိုမပြောထားဘူး" "ဟီး... ဆရာ...

ရွှမ်အာကို မြန်မြန် လာကယ်ပါဦး"

မည်သူမှ သူမကို လာမကယ်ပေ။ သူမ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမည်။ ဝိညာဉ်စွမ်းအား

မရှိသဖြင့် ခန္ဓာကိုယ် ခွန်အားကိုသာ အလောင်းပြုရမည်။ သူမ သွားကြိတ်ကာ

လက်မောင်းများကို အားစိုက်၍ ကိုယ်ကို အပေါ်သို့ ဖြည်းဖြည်းချင်း

ဆွဲတင်လိုက်သည်။ နောက်ဆုံးတွင် ခြေထောက်တစ်ဖက် မြေပေါ်သို့

ရောက်ရှိသွားပြီး သူမ အတင်းရုန်းတက်လိုက်နိုင်သည်။

ယဲ့ရွှမ်အာ ကုန်းပေါ်သို့ ပြန်တက်လာသည်။ သူမရှေ့တွင် ကျင်းတစ်ခု ရှိနေပြီး

နောက်တွင်မူ အဆုံးမဲ့ ချောက်ကမ်းပါးကြီး ရှိနေသည်။ "ဒါကို

ခုန်ကူးခိုင်းနေတာလား" "တကယ်ကို စိတ်ပျက်စရာ ကောင်းတဲ့ နေရာပဲ။

လုံးဝ မပျော်ဖို့ ကောင်းဘူး"

ယဲ့ရွှမ်အာမှာ အလွန်ပင် ဝမ်းနည်းနေပြီး နောင်တရနေမိသည်။ အပြင်သို့လည်း ထွက်မရသဖြင့်

ရှေ့သို့သာ ဆက်သွားရတော့မည်။ အပြင်ဘက်တွင် လီယွဲ့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း

အံ့သြနေမိသည်။

ဤကလေးမလေးက သူထင်သလောက် မညံ့ပေ။ ပထမ လိပ်ကောင်နဲ့တင် ရှုံးသွားလိမ့်မည်ဟု သူ

ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယဲ့ရွှမ်အာမှာ ဘယ်လက်ရှေ့ထွက်လျှင် ဘယ်ခြေပါ

ရှေ့ထွက်နေကာ ခြေလက်မညီဘဲ ပြေးနေသည်။

လီယွဲ့က သူ၏ နဖူးကို လက်ဖြင့် အုပ်လိုက်မိသည်။ 'ပါရမီရှင်ပဲ။ မင်းက ခြေလက်မညီဘဲ

ပြေးနေတာလား'

သူမ၏ ခန္ဓာကိုယ်မှာ အပေါ်အောက် ယိမ်းထိုးနေပြီး အသက်ရှူနှုန်းကို ထိန်းညှိကာ

ရှေ့သို့ စိုက်ကြည့်နေသည်။ "မင်း လုပ်နိုင်ပါတယ် ယဲ့ရွှမ်အာ။" "အား"

သူမ စတင် ပြေးတော့သည်။ ဖတ် သူမ ခေါင်းနှင့်မြေကြီး စိုက်လျက် လဲကျသွားသည်။

"ဖူး" လီယွဲ့ ပါးစပ်ထဲက လက်ဖက်ရည်များ ပန်းထွက်သွားသည်။ 'ဒါက တကယ်ကို ဖျော်ဖြေမှု

ကောင်းတာပဲ။ ကျုပ် သဘောကျတယ်။ ယဲ့ရွှမ်အာ... နောင်ဆို နေ့တိုင်း လာကစားပါဦး၊

ခင်ဗျားက ကျုပ်အတွက်တော့ စိတ်အာဟာရပဲ'

ယဲ့ရွှမ်အာသည် ခေါင်းကို ကိုင်ကာ ညည်းတွားရင်း ပြန်ထလာသည်။ ဖုန်တောထဲတွင် သူမ၏

ပုံစံမှာ တောင်းစားသူ ကလေးလေးတစ်ယောက်နှင့်ပင် တူနေသည်။ "နာလိုက်တာ...

ဟီး..."

ရုတ်တရက် ရှေ့မှ နောက်ထပ် လိပ်တစ်ကောင် ပြေးဝင်လာသော်လည်း လမ်းတစ်ဝက်ရှိ သူမ

ပြိုကျအောင် လုပ်ခဲ့သော ကျင်းထဲသို့ ပြုတ်ကျသွားသည်။

"ဟားဟားဟား" "ဟိဟိ... အရူးလိပ်ကြီး၊ တကယ်ကို တုံးတာပဲ"

ခုနကမှ ငိုနေသော ယဲ့ရွှမ်အာသည် ပြန်လည် ရယ်မောနေပြန်တော့သည်။

All Chapters