အခန်း (၁၁၁၇-၁၁၁၈)
Vol. 94 Ch. 1117-1118
အခန်း ၁၁၁၇ -
ဒဏ်ရာရလာသော မိတ်ဆွေများ ... ။
ဒုံရွှမ်တောင်ထိပ်။
“ မင်္ဂလာပါ တာအိုစု။ ”
စုရီတစ်ယောက် အရှေ့ဘက် ရွှမ်ဒေသ တောင်ထိပ်သို့ရောက်ရှိချိန်တွင် လီကျုံးသည် လူတိုင်းကို ဦးဆောင်ကာ နှုတ်ဆက်လာ၏။
မုချင်းချောင်လက်အောက်တွင် အမှုထမ်းခဲ့သော တောင်ဖြိုမိစ္ဆာနတ်ဆိုးဘုရင် ဖြစ်သည်။
“ ဒီအဘိုးကြီး ကျင့်ကြံနေတုန်း တာအိုစုရောက်လာကြောင်း လာရောက်သတင်း ပို့ပေမယ့် ကြိုဆိုဖို့နောက်ကျသွားပါတယ်။ ”
လီကျုံးက အပြုံးဖြင့် နှုတ်ဆက်ပြီး မျက်နှာအမူအရာတွင် လေးစားမှုများတဖွားဖွား ပေါ်နေချေပြီ။ စုရီက ပြုံးပြီး ခေါင်းညိတ်ကာ၊
“ ငါတို့ စကားပြောရအောင်။ ”
-ဟု ပြောကြားလိုက်သည်။
“ ကျေးဇူးပြုပြီး ဒီလမ်း ... ။ ”
လီကျုံးမှ ဦးဆောင်ပြီး တောင်ခါးပန်း တစ်နေရာရှိ သူ့နေအိမ်သို့ ခေါ်ဆောင်သွား၏။ လူတိုင်းခန်းမအတွင်း ဝိုင်းဖွဲ့ပြီးနောက် လက်ရှိ ပထမတိုက်ပွဲကွင်း အခြေအနေကို ပြောပြ လာကြသည်။
စုရီက သူတို့စကားဝိုင်းကို ဝိုင်သောက်ပြီး နားထောင်နေ၏။ ထို့ကြောင့်အခြားဒိုမိန်းသုံးခုမှ ခေါင်းဆောင်များအကြောင်း အမည်များ နှင့်တကွ သိရှိလာသည်။
ထိုခေါင်းဆောင်များတွင် မြောက်ပိုင်းအမှောင်နယ်မြေမှ ယွီချန်သည် အလျှို့ဝှက်ဆုံးနှင့် အသန်မာဆုံးဖြစ်၏။
ပထမတိုက်ပွဲကွင်းသို့ ဝင်ရောက်လာကတည်းက တစ်ယောက်တည်း ကျင့်ကြံနေခဲ့သည်။ သူ့တိုက်ပွဲများကို မည်သူမျှ မမြင်ဖူးသေးချေ။
သို့သော် သူ့ညီမ ဝမ်ရှုကျိသည်ပင် နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်း ခွန်အားကို ပြသထား၏။ အခြားသော ဒိုမိန်းများမှ ကျွမ်းကျင်သူ (၂၉)ယောက်ကို ဆက်တိုက် အနိုင်ယူထားခဲ့ပြီး ရှုံးပွဲမရှိသေးချေ။
ဤသည်မှာ သူမအစ်ကိုယွီချန်ထက် များစွာနိမ့်ကျနေသေးသည်ဟု ဝန်ခံထားဖူး၏။ ထို့ကြောင့် လူတိုင်းသည် ယွီချန်၏ ခွန်အားကို မှန်းဆမရတော့ချေ။
တစ်ဖက်တွင် ချင်စုရှင်သည်လည်း ကြောက်စရာကောင်းလောက်အောင် သန်မာ ချေပြီ။ သူမသည် အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း လူတိုင်းကို ဦးဆောင်နိုင်၏။
မကြာမီကပင် မိုးကြိုးတိမ်မြူတောင်တန်း တားမြစ်မြေသို့ သူမတစ်ဦးတည်းဝင်ရောက်ကာ မွေးရာပါ နတ်ဆိုးဝိညာဉ်တစ်ရာကျော်ကို သတ်ဖြတ်ပစ်ခဲ့ကြောင်းသတင်းရ၏။
မွေးရာပါနတ်ဆိုးဝိညာဉ်များသည် လူသားမဟုတ် တစ္ဆေမဟုတ်၊ ညစ်ညမ်းလှသည့် မကောင်းဆိုးဝါးစွမ်းအင်မှ မွေးဖွားလာသူများ ပေပင်။
သူတို့၏အစွမ်းသတ္တိသည် တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျွမ်းကျင်သူများ၏ အသက်ကို ခြိမ်းခြောက်ရန် လုံလောက်၏။
ထို့ကြောင့် ချင်စုရှင်းတစ်ယောက် မိုးကြိုးတိမ်မြူတောင်တန်း၌ မွေးရာပါနတ်ဆိုး ဝိညာဉ်တစ်ရာကျော်ကို သတ်ဖြတ်ခဲ့သည့် သတင်းမှာ အင်အားစုအသီးသီးထံ လွှမ်းမိုးစေသည်။
နောက်ဆုံးတစ်ယောက်မှ တောင်ပိုင်းမီးလျှံဒေသက ပထမဓားသမား ရန်ချန်ချင်းဖြစ်၏။ ထိုလူအကြောင်း ဆက်လက် ဆွေးလိုသော်လည်း စုရီသည် စိတ်ဝင်စားဟန် မပြတော့သဖြင့် လီကျုံးက အကြောင်းအရာကို ပြောင်းလဲလိုက်ရသည်။
“ ကဲ ... တခြားသူတွေအကြောင်း ပြောနေတာရပ်လိုက်တော့ ... လာ ငါတို့အားလုံး သောက်ကြရအောင်။ ”
လူတိုင်းခေါင်းညိတ်လျက် စုရီသည် သူတို့စကားဝိုင်းထံ စိတ်မဝင်စားတော့ကြောင်း နားလည်လိုက်၏။ သူတို့အမြင်၌ ထိုသူများမှာ မဖြတ်ကျော်နိုင်သော တောင်ကြီးများပေပင်။ စုရီအတွက်မူ သာမန်မျှသာဖြစ်နေပုံရ၏။
ထို့ကြောင့် ပထမတိုက်ပွဲကွင်းအနှံ့ နေရာအမျိုးမျိုးရှိ ရတနာများနှင့် အခွင့်အလမ်း အကြောင်း ပြောကြချိန်မှသာ စုရီက စိတ်ဝင်စားမှုပြလာသည်။
အဘယ့်ကြောင့်ဆိုသော် ယခုအချိန်၌ စုရီတစ်ယောက် ပြင်ပကမ္ဘာမှ ရရှိထားသော ကျင့်ကြံမှုအရင်းအမြစ်များမှာ မလုံလောက်တော့ချေ။
ထို့ပြင် အင်မော်တယ်အဆင့် အရင်းအမြစ်များသည် သေမျိုးကမ္ဘာတွင် အလွန်ရှားချေပြီ။ ကံကောင်းထောက်မစွာဖြင့် ပထမတိုက်ပွဲကွင်း၌ ရတနာများသတင်း ကြားရသည်မှာ ဝမ်းသာစရာပေပင်။
ဥပမာ နတ်ဝိညာဉ်မူလစွမ်းအင်၊ မဟာတာအိုကျောက်စိမ်းနှင့် ဒြပ်စင်ငါးပါး ကျောက်တုံးတို့သည် ပေါကြွယ်ဝလှ၏။
ယခုအချိန်၌ သူ့အာရုံကို ဆွဲဆောင်ထားသည်မှာ တိမ်ပေါ်ပျံသန်းခြင်း အဆင့် နတ်ဘုရားစွမ်းအင်အနှစ်သာရပေပင်။
“ ပထမတိုက်ပွဲမှာ စည်းမျဉ်းတွေနဲ့ ချည်နှောင်ထားတာက နှမြောစရာပဲ အဲဒါမရှိရင် ပြိုင်ဘက်တွေကို တိုက်ရိုက်သတ်ပြီး လုယူနိုင်တယ် ... ။ ”
စုရီက ဝမ်းနည်းစွာဖြင့် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ မြင်းတစ်ကောင်သည် ညဘက်မြက်မစားသော် ဝမည်မဟုတ်ချေ။
အခွင့်အလမ်းများကို ရှာဖွေခြင်းထက် လူသတ်ကာ ရတနာများတိုက်ရိုက်သိမ်းပိုက်ရန် ကြိုးစားခြင်းသည် သံသယဖြစ်စရာမလိုအောင် လွယ်ကူမြန်ဆန်ချေပြီ။
“ ကြည့်ရတာ အန္တရာယ်များတဲ့ တားမြစ်နယ်မြေတွေထဲကို အချိန်ယူပြီးတော့ စွန့်စားဝင်ရောက်ရှာဖွေရမယ်ထင်တယ် ... ။ ”
အရင်းအမြစ်များ လိုအပ်ချက်သည် အောက်ခြေမရှိသော တွင်းနက်ကြီးလိုပေပင်။ လက်ရှိပိုင်ဆိုင်မှုအရ အများဆုံး တစ်လမျှသာ ကျင့်ကြံနိုင်ပေတော့မည်။
“ တာအိုစု ... ဒီချွမ်ချီကျားကို ကျွန်အဖြစ်နှိမ်နင်းလိုက်တာလား။ ”
လီကျုံးက စုရီခြေထောက်နားတွင် ဝပ်နေတောသော ကြောင်ကလေးကိုကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်သည်။ စုရီက ချွမ်ချီကျားထံ ပြန်ကြည့်ပြီး၊
“ မဟုတ်ဘူး ... မထိုက်တန်ဘူး။ ”
-ဟု ခေါင်းခါပြလိုက်၏။ ချွမ်ချီကျားခမျာ ဂုဏ်သိက္ခာကို ရက်စက်စွာနင်းချေခံရသည်ဟု ခံစားလိုက်ရသဖြင့် စိတ်ဓာတ်ကျလျက် ခေါင်းငုံ့သွားတော့သည်။
“ တစ်ယောက်ယောက် အရှေ့ဘက် ရွှမ်နယ်မြေကို ပြန်သွားတဲ့အခါ ... သူနဲ့ဒီငှက်ကို ပြန်ထည့်ပေးလိုက်ချင်တယ် အဖိုးကြီးဝေတို့ သားအဖအတွက် အသုံးဝင်လိမ့်မယ်။ ”
စုရီက လက်ဖဝါးကိုလှုပ်ကာ သွေးတောင်ပံတစ္ဆေငှက်ကို ထုတ်ယူလိုက်၏။ ဤပြိုင်ဘက်ကင်း ရက်စက်ကြမ်းကြုတ်သည့် ငှက်သည် ကြောက်ရွံ့မှု၊ အားနည်းမှုနှင့် အညံ့ခံမှုတို့ဖြင့် တုန်လှုပ်နေသည်။
“ ကောင်းပြီ ... ငါဒီသတင်းကို ဖြန့်ပေးပါ့မယ်။ ”
လီကျုံးမှ ပြောကြားလိုက်၏။ အခြားတစ်ဖက်တွင် လူတိုင်းသည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ပထမတိုက်ပွဲကွင်း၌ ထိုပြိုင်ဘက်ကင်း သားရဲများကို ထိပ်တန်းအဆင့် သားရဲများအဖြစ် သတ်မှတ်ကြပြီး တိမ်ပေါ်ပျံသန်းခြင်း သာမန် ကျွမ်းကျင်သူတိုင်းကို ဆုတ်ခွာသွားစေနိုင်၏။
သို့သော် စုရီအမြင်၌မူ ရက်စက်ကြမ်းကြုတ်သော သားရဲများအဖြစ် မဆိုနှင့် ကျွန်အဖြစ်သိမ်းသွင်းရန်ပင် အရည်အချင်းမပြည့်မီခဲ့ချေ။
ထို့နောက်တွင် စုရီသည် ဒုံရွှမ်တောင်၌ တည်းခိုရန်နေရာတစ်ခုရှာတွေ့ခဲ့၏။ ယင်းသည် တောင်ထိပ်အစွန်၌ဖြစ်ပြီး ဧည့်လွင်ပြင်ကို အဝေးမှသာ မြင်နိုင်သည်။
မူလက ထိုနန်းတော်ကို အခြားသော ကျင့်ကြံသူတစ်ဦးမှ သိမ်းပိုက်ထားခြင်းဖြစ်၏။ စုရီက ထိုနေရာကို သဘောကျသည်ကို မြင်သောအခါ စွန့်လွှတ်ပေးခဲ့၏။
စုရီက ငြင်းဆိုခြင်းမရှိဘဲ အလွယ်တကူ လက်ခံခဲ့ကာ တစ်ဖက်လူ၏နာမည်ကိုမေးဖို့ရန် မမေ့ခဲ့ချေ။ ထိုကြောင့် ဖုန်ရှုရိုဟူသော အမည်ကို သိရှိလိုက်၏။
ဖုန်ရှုလိုသည်လည်း ဤသည်မှာ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုအဖြစ်ပင် မှတ်ယူနိုင်သဖြင့် အလွန်ပျော်ရွှင်သွားသည်။
ထိုနေ့မှပြီး စုရီတစ်ယောက် ဒုံရွှမ်တောင်ထိပ်တွင်အခြေချ ကျင့်ကြံတော့၏။ ရက်အနည်းငယ်သည် လျင်မြန်စွာ ကုန်လွန် သွားခဲ့သည်။
စုရီရောက်ရှိလာခြင်းသည် အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့် အမျှ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။
ဧည့်လွင်ပြင်သည် နေ့စဉ်ယှဉ်ပြိုင်မှုဖြင့် သက်ဝင်လှုပ်ရှားနေဆဲပေပင်။ ပါဝင်သူများမှာ အခြားဒိုမိန်းများ၏ ကျင့်ကြံသူများ ဖြစ်ချေ၏။
အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများကို အရှက်ခွဲခြင်းသည်လွန်အံ့မထင်ချေ။ သူတို့သည် အမှန်တကယ်ပင် အစွမ်းထက်ချေ၏။
တစ်ဖက်တွင် အင်အားစုအသီးသီးရှိ လူအများသည် ပထမတိုက်ပွဲကွင်းအနှံ့အပြားသို့ သွားရောက်ကာ အခွင့်အလမ်းများနှင့် ကံကြမ္မာကို ရှာဖွေနေကြသည်။
ဤနည်းဖြင့် လမ်းညွှန်အင်မော်တယ် ပလက်ဖောင်းလာသောအခါ တက်လှမ်းနိုင်ရန် အခွင့်အရေးကို ဆုပ်ကိုင်နိုင်မည်။
တစ်နေ့တွင် စုရီသည် နတ်ဝိညာဉ် စွမ်းအာများကို စုပ်ယူသန့်စင်နေခဲ့စဉ် လီကျုံး တစ်ယောက် အပြေးအလွှားရောက်ရှိလာ၏။
“ တာအိုစု ... မင်းရဲ့မိတ်ဆွေလိုပြောတဲ့ လူနှစ်ယောက် ရောက်ရှိလာယ် သူတို့အမည်က တာအိုချင်းရှစ်နဲ့ တာအိုကျိကုန်းလို့ပြောတယ် ဒါပေမယ့် ... ။ ”
လီကျုံးမှ ရုတ်တရက် မျက်မှောင်ကြုတ်ပြီး အသံနှိမ့်ချလိုက်ကာ လေးနက်သောအသွင်ဖြင့်၊
“ သူတို့ နှစ်ယောက်စလုံး ဒဏ်ရာ အရမ်းပြင်းတယ် အထူးသဖြင့် တာအိုကျိကုန်းရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားပြီး ဝိညာဉ်အပိုင်းအစ အနည်းငယ်သာ ကျန်ရှိတော့တယ် အခြေအနေ အကောင်းမြင်စရာ မရှိဘူး ... ။ ”
စုရီတစ်ယောက် ချက်ချင်းပင် တာအိုဘုန်းကြီးတစ်ပါးနှင့် ဓားသမားတစ်ဦးကို သတိရသွားသည်။ ထိုသူများမှာကွမ်ကျူးဘဝ ရှားရှားပါးပါး မိတ်ဆွေများဖြစ်၏။
ထို့ကြောင့် စုရီမျက်နှာအမူအရာသည် ချက်ချင်းပင်တည်ငြိမ်လာပြီး မျက်လုံးများထဲ၌ အေးစက်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။
“ ငါ့ကို လမ်းပြပါ။ ”
စုရီက ထရပ်လိုက်၏။ လီကျုံးမှ ခေါင်းညိတ်ကာ အမြန်လမ်းပြပေးလေသည်။ များမကြာမီ နှစ်ယောက်သား တောင်စောင်းထံ ရောက်ရှိလာကြ၏။
ထိုအရပ်၌ နန်းတော်တစ်ခုရှိသည်။ အခြားသောကျင့်ကြံသူများက လီကျုံးနှင့်စုရီကို မြင်ချိန်၌ စိုးရိမ်ပူပန်နေသော မျက်နှာများနှင့် ကြိုဆိုလာ၏။
“ လမ်းဖယ်ပေးပါ၊ တာအိုစု ရောက်လာပြီ။ ”
လီကျုံးက အမိန့်ပေးပြောကြားလိုက်သည်။ ချက်ချင်းလူအုပ်ကြီးသည် ဒီရေကဲ့သို့ဘေးဝဲယာ ထံပါးသို့ ရွေ့လျားသွား၏။ ထို့နောက် စုရီက ဓားမိစ္ဆာချင်းရှစ်ကို မြင်လိုက်ရသည်။
ထိုသူသည် မောပန်းနေဟန်ဖြင့် ခြေချင်းချိတ်တရားထိုင်နေကာ မျက်နှာတွင် သွေးများပေကျံ ဖြူဖျော့နေ၏။ ရောင်ဝါများ သည်လည်း မငြိမ်မသက်ဖြစ်နေသည်။
ထိုသူက စုရီရောက်ရှိလာသည်နှင့် မျက်ဝန်းဖွင့်ကြည့်ကာ ဝမ်းသာအားရအမူအရာ နှုတ်ဆက်ရန်ပြင်တော့၏။
“ အဟွတ် အဟွတ် ... ဝေါ့ ... ။ ”
သို့သော် ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးသွားပြီး နှုတ်ခမ်းထောင့်မှသွေးများ စီးကျအန်ထုတ်လာသည်။
“ နန်းတော်သခင် ... ငါ ထပြီး နှုတ်မဆက်နိုင်တော့တာ တောင်းပန်ပါတယ်။ ”
စုရီက စကားမဆိုဘဲ ရှေ့တိုးလာပြီး ဓားမိစ္ဆာချင်းရှစ်ကို စစ်ဆေးကြည့်ရှုလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ၊
“ မင်းရဲ့ ဒဏ်ရာတွေက ဘယ်လိုလုပ် ဒီလောက် ပြင်းထန်နေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။ ဓားမိစ္ဆာချင်းရှစ်က ခေါင်းခါပြပြီးနောက်၊
“ ဘုန်းကြီးကျိကုန်းနဲ့ယှဉ်ရင် ငါ့ဒဏ်ရာတွေက ဘာမှ မဟုတ်သေးပါဘူး နန်းတော်သခင်။ ”
-ဟု တုန့်ပြန်လာသည်။ စုရီမှ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ကာ၊
“ သူ ဘယ်မှာလဲ။ ”
-ဟု ထပ်မံမေးမြန်းလိုက်၏။
ဓားမိစ္ဆာချင်းရှစ်က လူတိုင်းထံ ဝေ့ကြည့်လိုက်ပြီး၊
“ တောင်းပန်ပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။ အားလုံးက လိမ္မာပါးနပ်စွာဖြင့် အခန်းအပြင်သို့ ဆုတ်ခွာပေး လိုက်ကြ၏။ ခန်းမအလယ် စုရီနှင့် သူသာလျှင် ကျန်ရှိခဲ့လေသည်။
လီကျုံးက အခန်းတံခါးကိုပိတ်ကာ အသံလုံဝင်္ကပါအစီရင်တစ်ခုဖြင့် ဖုံးအုပ်လျက် တံခါးဝ၌ရပ်စောင့်ပေးနေတော့၏။
***
အခန်း ၁၁၁၈ -
မင်း ... သတ်လိုက်တာလား ... ။
လူတိုင်းထွက်ခွာသွားပြီးနောက် ဓားမိစ္ဆာချင်းရှစ်က ကြေးဝါမီးခွက်တစ်လုံးကို သတိထားထုတ်ယူကာ၊
“ တာအိုကွမ်ကျူး ... ကျိကုန်းရဲ့ အကြွင်းအကျန်ဝိညာဉ်က အထဲရှိပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။ စုရီက ကြေးဝါမီးခွက်ကိုယူ၏။ မီးစာမှာထတောက်ပြီး ရွှေရောင်များ ၎င်း၏မီးစာပတ်ပတ်လည်တွင် လှည့်ပတ်နေတော့သည်။
ဘုန်းကြီးကျိကုန်း၏ အကြွင်းအကျန် ဝိညာဉ်သည် ထိုအလင်းရောင်၏ သိုင်းခြုံခြင်း ခံထားရကာ အတွင်း၌ အသက်မဲ့သူအလား ငြိမ်သက်စွာ လှဲလျောင်းနေချေပြီ။
စုရီက ခဏမျှစိုက်ကြည့်ပြီး မျက်ခုံးများ တွန့်ကွေးသွားသည်။ ဘုန်းကြီးကျိကုန်းသည် ခန္ဓာကိုယ်ရော ဝိညာဉ်ပါပျက်စီးသွားချေပြီ။
ဆိုလိုသည်မှာ ဘုန်းကြီးကျိကုန်းသည် ရေတိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်ရန် အခွင့်အလမ်းမရှိနိုင်ချေ။
ထို့ကြောင့် လမ်းညွှန်အင်မော်တယ် ပလက်ဖောင်းဆင်းသက်သော် တက်လှမ်းရန် အခွင့်အလမ်းနည်းပါးသည်။
ယင်းသည် ဘုန်းကြီးကျိကုန်းအတွက် သံသယမရှိ ရက်စက်ကြမ်းကြုတ်လွန်းချေ၏။ တစ်ဖက်တွင် ဓားမိစ္ဆာသည်လည်း ဒဏ်ရာများ အလားတူပြင်းပြီး အုတ်မြစ်ထိသွားသည်။
လူတစ်ယောက်သည် မဟာတာအိုအုတ်မြစ်ကို မပြုပြင်နိုင်သောအခါ တာအိုလမ်းတစ်ခုလုံး ထိခိုက်သွားနိုင်၏။
ထိုအချိန်မှာပင် စုရီတစ်ယောက် ပြင်းပျသောလူသတ်လိုခြင်း ရည်ရွယ်ချက်များ ဖြစ်ပေါ်လာသည်။
ကြယ်များပြည့်နှက်နေသော ကောင်းကင်လွင်ပြင်တွင် တစ်ချိန်က သူသည် ဤလူများနှင့် မကြာခဏ အရက်သောက်ပြီး တာအိုအကြောင်း ဆွေးနွေးကြ၏။ သူတို့သည် ထိုစဉ်က အထွတ်အထိပ် တည်ရှိမှုများပေပင်။
သို့သော် ထိုသို့သော လူများသည်ပင် ဒဏ်ရာများပြင်းထန်စွာ ရရှိကုန်ချေပြီ။ မည်သို့ ဒေါသမထွက်ဘဲနေမည်နည်း။
သူသည် ကမ္ဘာကြီး၏ရှုပ်ထွေးမှုများကို ဂရုမစိုက်ဘဲနေနိုင်သော်လည်း သူ့အနားရှိ မိတ်ဆွေများကိုမူ အမြဲအလေးထား၏။
“ ဘာတွေဖြစ်လာတာလဲ။ ”
စုရီက မေးလိုက်သည်။ ဓားမိစ္ဆာချင်းရှစ်မှ အသက်ပြင်းပြင်းရှူပြီး၊
“ ငါတို့ အနက်ရောင်ရေကန်တားမြစ်ဇုန်မှာ ရတနာရှာနေတုန်း လှည့်စားပြီး ချုံခိုတိုက်ခိုက် ခံခဲ့ရတယ်။ ”
-ဟု တိုးတိုးလေး ပြန်ဖြေ၏။
ပျင်းပြသော အမုန်းတရားများဖြင့် ပြည့်နှက်လျက် ဇာတ်လမ်းတစ်ခုလုံးကို ပြန်၍ ပြောပြလာ၏။ များမကြာခင် စုရီတစ်ယောက် အရာအားလုံးနားလည်သွားသည်။
သူ့မိတ်ဆွေနှစ်ဦးသည် ကြီးမားသောသတ္တုကြောတစ်ခု ရှာတွေ့ခဲ့၏။ ထို့ကြောင့် အလွန်ပျော်ရွှင်စွာဖြင့် တူးဖော်မှု ပြုလုပ်နေစဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားလာခဲ့သည်။
မြောက်ပိုင်းအမှောင်ဒေသမှ ကျွမ်းကျင်သူအချို့ ရုတ်တရက်ရောက်ရှိလာပြီး ထိုအခွင့်အရေးကို သူတို့ပိုင်သည်ဟုဆိုကာ ပဋိပက္ခအသွင်ဦးတည်လာ၏။
“ သူတို့တွေက ငါတို့ထက် အရေအတွက်ပိုများတာမို့ ... ကျိကုန်းနဲ့ငါက တစ်ဝက်တိတိ ဝေမျှပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ”
ထိုနေရာအရောက်တွင် ချင်းရှစ်သည် အံကြိတ်လျက် မျက်နှာတွင်အမုန်းတရားများစွာ ပြည့်နှက်နေတော့၏။
“ ဒါပေမယ့် သူတို့က အားလုံးကို သူတို့အတွက်သိမ်းယူချင်ကြတယ် ပြီးတော့ ငါတို့ရဲ့အိတ်ထဲက ရတနာတွေအားလုံးကိုပါ ပေးအပ်ဖို့ ထပ်မံတောင်းဆိုလာတယ် ...
... သဘာဝအတိုင်း ငါတို့က ငြင်းဆိုတယ် ပထမတိုက်ပွဲကွင်းစည်းမျဉ်းအရ အခွင့်အရေး အတွက် တိုက်ပွဲဝင်နေချိန်မှာ အငြင်းပွားမှု တစ်ခု ပေါ်လာရင် သတ်ဖြတ်ခွင့် မရှိဘူး ...
... ဒါပေမယ့် ငါတို့က နုံအလွန်းတယ် ဘယ်သူထင်မှာလဲ သူတို့က ဒီလောက်ရှက်ရွံ့ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းလိမ့်မယ်လို့ တကယ် ငါဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး ...
... သူတို့ တကယ်ပဲ စည်းမျဉ်းအတိုင်း လူမသတ်ခဲ့ပါဘူး ဒါပေမယ့် တာအိုကျိကုန်းရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သူ့ရဲ့ဝိညာဉ်ကို ...
... အပိုင်းပိုင်းချိုးဖဲ့ခဲ့ကြတယ် ... အဆုံးမှာတော့ ငါ့ရဲ့ကျင့်ကြံမှုကိုပါ ဖျက်ဆီးဖို့ ပြင်လာတယ်။ ”
သူ့အသံသည် ခန်းမထဲ၌ ပဲ့တင်ထပ်နေပြီး အမုန်းတရားများ ပြည့်နှက်နေ၏။
“ နောက်ဆုံးမှာတော့ ငါ ... တားမြစ်နည်းစနစ်ကို အသုံးပြုပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ရတယ် ကံကောင်းထောက်မစွာနဲ့ ငါတို့လွှတ်မြောက်လာတယ်။ ”
“ အဟွတ် အဟွတ် ... ဝေါ့ ... ။ ”
သူစကားပြောပြီးသောအခါ ရင်ဘတ်ကြီးသည် ပြင်းစွာမို့မောက်တက်လာပြီး ချောင်းဆိုးသွားသည်။ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာပြီး သူ့အဝတ်အစားများကို အနီရောင် စွန်းထင်းစေခဲ့၏။
စုရီက ထိုအချင်းအရာကို စိတ်မဝင်စားနိုင်တော့ဘဲ သတ်ဖြတ်လိုခြင်း ဆန္ဒများဆူပွက်လာသည်။
“ တကယ်တော့ တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရအောင်လုပ်ဖို့ ရည်ရွယ်ထားရင် ဒီစည်းမျဉ်းတွေက အဓိပ္ပာယ်မရှိဘူးဆိုတာ ငါသိထားပါတယ်။ ”
စုရီက တိုးတိုးလေးရေရွတ်လိုက်၏။ သူသည်ပင် မြောက်ပိုင်းအမှောင်ဒေသကြီးမှ မည်သူ့ကိုမျှ မသတ်သည်လော။ သတ်၏။
သို့သော် ယခုကဲ့သို့ ဘုန်းကြီးကျိကုန်းကို ဝိညာဉ်အပိုင်းအစတစ်ခုသာ ကျန်သည်အထိ ဖျက်ဆီးခြင်းသည် ရက်စက်လွန်းသည်။
ဓားမိစ္ဆာချင်းရှစ်က ခါးသီးစွာသက်ပြင်းချ လိုက်ပြီး၊
“ တကယ်တော့ ဒီတိုက်ပွဲကွင်းမှာ တခြားနယ်မြေသုံးခုရဲ့ ကျင့်ကြံသူတွေဟာ ငါတို့ အရှေ့ဘက်ရွှမ်နယ်မြေက လူတွေအပေါ် ဘယ်တုန်းကမှ မလေးစားကြဘူး။ ”
-ဟု နာကျည်းစွာဆိုသည်။
“ သူတို့က အခွင့်အရေးတွေအတွက် ယှဉ်ပြိုင်တဲ့အခါ ငါတို့အပေါ် အထိန်းအကွပ်မရှိ ပြုမူဆက်ဆံကြတယ် ကရုဏာမပြကြဘူး စည်းမျဉ်းတွေသာ မရှိရင် ငါတို့ကို တရားဝင် အမဲလိုက်ကြမှာ သေချာပေါက်ပါပဲ။ ”
စုရီက အင်မော်တယ် ကုသဆေးပုလင်းတစ်လုံးကို ထုတ်ယူပြီး ကမ်းပေးကာ၊
“ မင်း ပြန်လည်ကောင်းမွန်လာဖို့ပဲ အာရုံစိုက်သင့်တယ် ဒီကိစ္စကို ငါ့ဆီထားခဲ့ပါ။ ”
-ဟု ဆိုလိုက်၏။ ထို့နောက် မီးတောက်အတွင်းမှ ဝိညာဉ်အပိုင်းအစထံ တစ်ချက်ကြည့်ပြီး၊
“ ဘုန်းကြီးကျိကုန်းအတွက် စိတ်ပူစရာမလိုပါဘူး ဒီကိစ္စကိုဖြေရှင်းပြီးတာနဲ့ သူ့ရဲ့တာအိုခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ဖို့ ကူညီပေးမယ်။ ”
-ဟု ပြောကြားလိုက်သည်။
ဓားမိစ္ဆာချင်းရှစ်ခမျာ အံ့အားသင့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်မော့ကြည့်လာ၏။ စုရီမှ ဝိုင်အိုးထုတ်ယူလျက် တစ်ငုံ သောက်လိုက်ကာ၊
“ မင်း ငါ့ကို စိတ်မပူပါနဲ့၊ အမှားတိုင်းမှာ ကျူးလွန်သူနဲ့၊ အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ် ငါ ပေါ့ပေါ့ဆဆ မလုပ်ဘူး ... အခုရန်သူတွေရဲ့ အထောက်အထားတွေကိုပဲ ပြောပါ။ ”
-ဟု တောင်းဆိုတော့သည်။
ဓားမိစ္ဆာချင်းရှစ်က စုရီအကြောင်းသိရှိထားသဖြင့် ဖြောင်းဖျရန် မကြိုးစားတော့ဘဲ ခေါင်းညိတ်ပြီး၊
“ သူက လီရှောင်လင်... မြောက်ပိုင်း အမှောင်ဒေသ မီးတိမ်ဂိုဏ်းကလူအိုကြီးပဲ သူနဲ့ သူ့ဂိုဏ်းရဲ့အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေကို ဦးဆောင်ခဲ့တာ။ ”
“ ကောင်းပြီ၊ ငါ မှတ်ထားလိုက်မယ်။ ”
စုရီက လှည့်ပြီး ခန်းမကြီးထဲကနေ ထွက်ခွာသွားတော့၏။ အခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေသော လူအုပ်ကြီးက သူ့ မျက်နှာကို အကဲခတ်လာသည်။
သို့သော် မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး စိတ်ခံစားမှု အပြောင်းအလဲများ ရှိမနေခဲ့ချေ။ ယင်းက သူတို့အားလုံးကို ရှင်းမပြနိုင်သော ဖိအားများ ခံစားရစေ၏။
“ ငါ့အတွက် တာအိုချင်းရှစ်ကို ဂရုစိုက်ပေးပါ။ ”
စုရီက လီကျုံးကို မှာကြားလိုက်သည်။
“ စိတ်ချပါ တာအိုစု ... ။ ”
လီကျုံးမှ တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်ပြီး၊
“ တာအိုစု ... မင်းသွားမို့လား။ ”
-ဟု မေးမြန်းလိုက်သည်။ စုရီမှ ခေါင်းညိတ်ပြီး သူ့ထဲပြန်ကြည့်၏။ လီကျုံးက အနည်းငယ် မျက်နှာပြောင်းလဲလျက်၊
“ တာအိုစု ... အခုပဲ ငါတို့ဆီ သတင်းပို့လာတယ် အနောက်ဘက်နှင်းဒေသရဲ့ ခေါင်းဆောင် သူတော်စင်ချင်စုရှင်က မင်းနဲ့တွေ့ဖို့ တောင်းဆိုနေတယ် ... ။ ”
-ဟု အသိပေးလာခဲ့သည်။
စုရီက မျက်ခုံးပင့်လိုက်၏။ အဆုံး၌ တစ်စုံတစ်ရာကို သတိရသွားကာ ခေါင်းရမ်း လိုက်တော့သည်။
“ တကယ်ပဲ ကံဆိုးမှုတွေက တစ်ယောက်တည်း မလာဘူး အဖောါအပေါင်းနဲ့ လာကြတာပဲ ... ကောင်းပြီ ဒီနေ့ငါစုရီ ဘာလုပ်မလဲ ကြည့်ရအောင်။ ”
လူတိုင်း နားမလည်ဟန်ဖြင့် စုရီကို ကြည့်လိုက်သည်။ သေချာသည်မှာ ကြာမြင့်စွာ ငြိမ်သက်နေခဲ့သော ပင်လယ်ပြင်တွင် မုန်းတိုင်တစ်စင်း လာနေပြီဖြစ်၏။
***
ဧည့်လွင်ပြင်တွင် လူပင်လယ်ကြီးဖြင့် ပြည့်နှက်နေချေပြီ။ အစွမ်းထက်သော ပုဂ္ဂိုလ် များသည်ပင် ရောက်ရှိနေကြ၏။
ဧည်လွင်ပြင်ဗဟိုရှိ စင်မြင့်ပေါ်တွင်မူ သန့်ရှင်းလွန်းသောဝတ်ရုံနှင့် နှင်းဧကရီတစ်ပါး အလား မိန်းကလေးတစ်ယောက်ရပ်နေ၏။
ဤသည်မှာ အနောက်ဘက် နှင်းဒေသခေါင်းဆောင် ချင်စုရှင်းဖြစ်ချေသည်။ ယနေ့တွင် သူမသည် ခရီးစဉ်မှ ပြန်၍ရောက်ရှိ လာပြီးနောက် ထူးထူးခြားခြား စုရီနှင့် တွေ့ခွင့်တောင်းဆိုထား၏။
ယင်းဖြစ်စဉ်သည် ကြီးမားသော ဂယက်ဖြစ်ပေါ်စေကာ လူတိုင်း၏သိချင်စိတ်ကို နှိုးဆွပေးလာသည်။ တောင်ပိုင်းမီးလျှံဒေသမှ ခေါင်းဆောင် ရန်ချန်ချင်းသည်ပင် သူ့တံခါးဝမှ နေပြီး စောင့်ကြည့်နေ၏။
ချင်စုရှင်းမှာမူ တိတ်ဆိတ်စွာ ရပ်နေပြီး အရှေ့ဘက်ရွှမ်တောင်ထိပ်ထံ မော့ကြည့်လျက် စောင့်ဆိုင်းနေခဲ့သည်။
ညနေဆည်းဆာအောက်၌ သူမ၏ အသားအရေသည် ရေခဲကျောက်စိမ်းကဲ့သို့ပင် တောက်ပပြီး အနက်ရောင်ဆံပင်ရှည်များမှာ လေပြေအတွင်း လွင့်မျောနေ၏။
နတ်ဝိညာဉ်အဆင့်ဖြင်ပင် တိမ်ပေါ်ပျံသန်းခြင်းအဆင့် မြေခွေးအိုကြီးများ အပေါ် အနိုင်ယူခဲ့ဖူးသည်။ ထို့ကြောင့်သူမသည် အငြင်းပွားဖွယ်မရှိ အနောက်ဘက်နှင်းဒေသ၏ ရေခဲဘုရင်မတစ်ပါး ဖြစ်ချေ၏။
လက်ရှိအချိန်၌ သူမ၏ ကျင့်ကြံမှုသည် တိမ်ပေါ်ပျံသန်းခြင်းအဆင့်၌ နှစ်ပေါင်းများစွာ ချိုးနှိမ်ထားသောကြောင့် အုတ်မြစ်သည် သန့်စင်ခိုင်မာလွန်းချေပြီ။
စစ်မှန်သော တိုက်ပွဲဝင်စွမ်းအားသည် ဗလာနယ်ပယ် အင်မော်တယ်တစ်ပါးဖြင့်ပင် ယှဉ်နိုင်သည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့ဖူး၏။
ထိုသို့သော် ဘီလူးတစ်ကောင်၏ လုပ်ဆောင်မှုတိုင်းသည် သဘာဝအတိုင်းပင် အာရုံစိုက်မှုကိုဆွဲဆောင်နိုင်၏။
သူမနှင့် မဝေးသော အရပ်တွင် ကောင်းကင်ဝိညာဉ် အင်မော်တယ်ဂိုဏ်း၏ အကြီးအကဲ နီယွမ်ဝမ်နှင့်အဖွဲ့ရပ်နေသည်။
ယင်းကြောင့် လင်းဝူနှင့် အဖွဲ့သည် မျက်မှောင်ကြုတ်လျက် ရန်ချန်ချင်းအနားသို့ တိုးကပ်လာခဲ့၏။ ရန်ချန်ချင်းမှ သူတို့ကို ခေါင်းညိတ်ပြလာသည်။
ထိုစဉ် အရှေ့ဘက်ရွှမ်တောင်ထိပ်မှ ကျောက်စိမ်းရောင်ဝတ် လူငယ်တစ်ယောက် လှမ်းထွက်လာသည်ကို မြင်လိုက်ရ၏။
ထိုလူငယ်ထံ မြင့်မြတ်သောရောင်ဝါနှင့် သာလွန်ထူးခြားသည့် ခံစားချက်မျိုးပေးစွမ်းကာ အနည်းငယ် လေးလံလာစေသည်။
အသွင်အပြင်အရ ပေါ့ပေါ့ပါးပါး နိုင်လှသော်ငြားလည်း ထိုအချင်းအရာသည်ပင် လူတိုင်း၏ နှလုံးသားကို အကြောင်းမဲ့ အေးစက်လာစေ၏။
လက်တစ်ဖက်က ဝိုင်အိုးကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်အား နောက်ပို့ကာ ဖြည်းဖြည်းချင်းလမ်းလျှောက်ပုံမှာ အနည်းငယ်မာနကြီးရာပြနေသည်။
သူ့နောက်တွင် အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါ လာတော့၏။ သူတို့အတွက် တစ်ချိန်က စုရီ၏ ဤသို့မောက်မာလွန်းသော အမူအရာသည် ဒေါသထွက်စရာဖြစ်သည်။
သို့သော် ယခုမူ ထိုအမူအရာသည် ပြိုင်ဘက်အပေါ် ကောင်းစွာသောကြီးစိုးမှုတစ်ခု ဖြစ်ကြောင်း နားလည်လိုက်၏။ စုရီထံမှတပါး မည်သူ့ထံတွင်မှ မရှိသောမာနပေပင်။
ဤမတိုင်မီ လုမင်သည် သူနှင့် မထိုက်တန်ကြောင်းပြသနိုင်ရန် ချွမ်ချီကျားကို အသုံးပြုပြီး သင်ခန်းစာပေးခဲ့၏။ တစ်ဖက်တွင် စုရီကို မြင်သောအခါ ကောင်းကင်ဝိညာဉ် ဂိုဏ်းမှ နီယွမ်ဝမ်က သည်းမခံနိုင်တော့ဘဲ၊
“ စုရီ၊ မင်းက သွေးနတ်ဆိုးရွှံ့နွံထဲမှာ စည်းမျဉ်းတွေကို လျစ်လျူရှုပြီး ... ငါတို့ဂိုဏ်းရဲ့ အကြီးအကဲဖန်ရွှယ်ချင်းကို သတ်ပစ်လိုက်တယ် ဒီအတွက် မင်းအပြစ်ကိုခံယူပါ။ ”
-ဟု အော်ဟစ်လိုက်၏။
သို့မှသာ လူတိုင်း ဖြစ်စဉ်များကို နားလည်ကုန်တော့သည်။ စုရီနောက်ပါးထံမှ လိုက်ပါလာသော အရှေ့ဘက်ရွှမ်ဒေသ၏ ကျင့်ကြံသူများမှာ မှင်သပ်ကုန်၏။
စုရီသည် အမှန်ပင် လူသတ်ခဲ့သည်လော။ ယင်းသည် ပထမတိုက်ပွဲကွင်း စည်းမျဉ်းများကို ချိုးဖြတ်ခြင်းမည်ချေပြီ။ အထိန်းအကွပ် မည်မျှ မဲ့လွန်းသနည်း။
စုရီက အော်ဟစ်နေသော နီယွမ်ဝမ်ကို လျစ်လျူရှုလိုက်ပြီး ချင်စုရှင်းထံသို့ တည့်တည့် လျှောက်လှမ်းသွားကာ၊
“ မင်း သူတို့အတွက် ရပ်တည်ပေးချင်တာလား။ ”
-ဟု မေးမြန်းလိုက်၏။
ချင်စုရှင်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်သော်လည်း ချက်ချင်းပင် ပြန်လည် ငြိမ်သက်သွားသည်။
“ မင်း သူ့ကို သတ်လိုက်လား။ ”
“ ဟုတ်တယ် ... ။ ”
စုရီက မဆိုင်းမတွ ပြန်ဖြေ၏။ ဤတစ်ကြိမ်တွင် ချင်စုရှင်းသည် တည်ငြိမ်မှုကို ဆက်ထိန်းထားပြီး ရှင်းပြလာမည့်စကားများ စောင်းဆိုင်းနေဟန် စုရီထံ စိုက်ကြည့်သည်။
စုရီမှာမူ ရှင်းပြရန် ပျင်းရိနေဟန်ဖြင့် ဝိုင်အိုးကိုမော့သောက်ကာ သူမကို ပြန်ကြည့် လိုက်တော့၏။ ထိုအပြုအမူနှင့် လုပ်ရပ်သည် လူအုပ်ကြီးကို မျက်ခုံးပင့်လာစေသည်။
တစ်ဖက်လူသည် ဒိုမိန်းသုံးခု၏ ခေါင်းဆောင်သုံးယောက် ချမှတ်ထားသော စည်းမျဉ်းများအပေါ် စိန်ခေါ်လောက်အောင် မာနကြီးလွန်းနေချေပြီ။ နီယွမ်ဝမ်က ဒေါသတကြီးဖြင့်၊
“ သူတော်စင်စုရှင်း ... မင်းကိုယ်တိုင် မြင်ပြီမဟုတ်လား ဒီအရိုင်းအစိုင်းကောင် သူ့ရဲ့ အပြစ်ကို ဝန်ခံလိုက်ပြီ။ ”
-ဟု သတိပေးဟန် ပြောကြားလိုက်သည်။
တစ်ဆက်တည်းမှာပင် အတွေးထဲ၌လည်း လှည့်ပတ်ကခုန်နေတော့၏။ ဤမတိုင်မီ စုရီကို အပြစ်ပုံချရန် အကြောင်းပြချက်များ ပြင်ဆင် ထားခဲ့ရသည်။ ယခုမူ လူမိုက်သည် သူ့အတွက် မည်သည့်အရာ ကောင်းမှန်း သိပုံမရချေ။
***