← Chapters

အခန်း (၁၁၂၁-၁၁၂၂)

Vol. 94 Ch. 1121-1122

အခန်း (၁၁၂၁-၁၁၂၂)

Vol. 94 Ch. 1121-1122

အခန်း ၁၁၂၁ -

အထိန်းအကွပ်မဲ့သော ကြီးစိုးမှု ... ။

ချင်စုရှင်း မေးခွန်းကြောင့် ဝမ်ရှုကျိက ပြုံးလိုက်သည်။ ထို့‌နောက် ရှေ့သို့ခြေတစ်လှမ်း လှမ်းတက်ကာ၊

“ ငါ့အစ်ကိုကြီး ယွီချန်က တံခါးပိတ်ကျင့်ကြံနေတယ် သူဒီမှာရှိရင် မင်းကို ရှင်းရှင်းလင်းလင်း အဖြေပေးနိုင်လိမ့်မယ်။ ”

-ဟု တုန့်ပြန်၏။ ရန်ချန်ချင်းမှလည်း၊

“ ဒီကိစ္စနဲ့ပတ်သက်ပြီး တာအိုယွီချန်ရဲ့ အမြင်ကိုမေးကြည့်ဖို့ တကယ်လိုအပ်တယ်လို့ ငါထင်တယ်။ ”

-ဟု မယုတ်မလွန်ဖြေသည်။ ချင်စုရှင်းက လှောင်ပြောင်ဟန်ဖြင့်၊

“ အဟက် ... တကယ့်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့အခါ မင်းကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းကိုတောင် ဂရုမစိုက်နိုင်ဘူးလား။ ”

-ဟု ထပ်မံမေးမြန်း၏။ ရန်ချန်ချင်းက တိတ်ဆိတ်သွားသည်။ ဝမ်ရှုကျိမှ ပြုံးလိုက်၏။ သူတို့နှစ်ယောက်စလုံး လိမ်မာပါးနပ်ချေပြီ။

မည်သို့ပင် ဆိုစေကာမူ ချင်စုရှင်း စကားများသည် အမှန်ပေပင်။ စစ်မှန်သော ခွန်အား‌ရှေ့တွင် စည်းမျဉ်းများသည် စကားလုံးမဲ့နေတတ်၏။

“ ဒီနေ့ ... သူ ... ငါ့ရဲ့အနောက်ဘက် နှင်းဒေသက လူတွေအပေါ် သူ့သဘောအတိုင်း စိတ်ကြိုက်သတ်တယ် မနက်ဖြန်မှာ မင်းတို့ရဲ့ လူတွေကိုလည်း အဲဒီလိုပဲသတ်နိုင်တယ်။ ”

ချင်စုရှင်းက အေးစက်စွာ ထောက်ပြလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ထိုစဉ် စုရီမှခေါင်းခါပြီး၊

“ မင်း ... မနက်ဖြန်အထိ စောင့်နေစရာမလိုပါဘူး ... ဒီနေ့ ငါ နောက်ထပ် လူအချို့ကို ထပ်သတ်ဦးမယ်။ ”

-ဟု ဝင်ရောက်ပြောကြားလိုက်သည်။

ရန်ချန်ချင်းနှင့် ဝမ်ရှုကျိတို့ခမျာ မျက်မှောင်ကြုတ်သွားတော့၏။ သူတို့သည် ဝင်ရောက်စွက်ဖက်ခြင်း မရှိသည်မှာ ထိုသူကို ကြောက်ရွံ့၍မဟုတ်ချေ။

ရှုပ်ထွေးမှုအတွင်း ဆွဲခေါ်ခံရမည်ကို ရှောင်ရှားခြင်းသာဖြစ်သည်။ ယင်းကို စုရီသည် နားလည်ပုံမရဘဲ မိုက်မဲနေချေ၏။

အနောက်ဘက်နှင်းဒေသမှ လူအများကြီးကိုသတ်ပြီးသည့်တိုင် ထပ်မံ၍ လှုပ်ရှားရန် ဆန္ဒရှိနေသေးသည်။

“ ဒါဆို ... မင်းက ငါတို့ အနောက်ဘက်နှင်းဒေသနဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာလား။ ”

ချင်စုရှင်းမှ သည်းမခံနိုင်ဖြစ်လာ၏။ ဒေသတကြီးဖြင့် ရောင်ဝါများ‌ ပေါက်ကွဲထွက်လု မတတ်ပေပင်။ တစ်ဖက်လူသည် အနည်းငယ် လွန်းကြူးချေပြီ။ သို့တိုင် စုရီသည် သူမကို လျစ်လျူရှုလျက်၊

“ မင်း အတွေးလွန်နေပြီ ... ငါက ဘာလို့လူတိုင်းကိုသတ်နေရမှာလဲ ငါ့အချိန်တွေ မဖြုန်းနိုင်ဘူး အမှားလုပ်ထားတဲ့ သူတွေကိုပဲ ငါသတ်မှာ။ ”

-ဟု ဆိုကာ မြောက်ပိုင်းအမှောင်ဒေသထံ ဦးတည်လျှောက်လှမ်းသွား၏။

ထိုအပြုအမူကြောင့် ချင်စုရှင်းခမျာ အံ့အားသင့်ပြီး ရပ်တန့်သွားသည်။ တစ်ဖက်လူမှ မြောက်ပိုင်းအမှောင်ဒေသကို ဆက်၍ တိုက်ခိုက်ရန် ဆန္ဒရှိနေပုံပေပင်။

သည့်တင်သာမက အခြားသော လူများသည်လည်း စုရီ၏ ဦးတည်ချက်ကြောင့် အံ့အားသင့် စိတ်လှုပ်ရှားလာကုန်၏။

မြောက်ပိုင်းအမှောင်ဒေသသည် ဒိုမိန်းလေးခုအနက် အသန်မာဆုံးသောဒေသ ဖြစ်သည်။ အနောက်ဘက်နှင်းဒေသနှင့် တောင်ပိုင်းမီးလျှံဒေသတို့ ပေါင်းစပ်မှသာလျှင် ထိုဒေသအပေါ် ယှဉ်နိုင်မည်။

ယခုမူ အရှေ့ဘက်ရွှမ်ဒေသမှ တစ်စုံတစ်ဦးသည် အနောက်ဘက်နှင်းဒေသကို စော်ကားသမှုပြုပြီးနောက် ထိုမြောက်ဘက် အမှောင်ဒေသထံ ဦးတည်နေ၏။

မည်သူမဆို သူတို့၏ အသိဉာဏ်တွင် ရူးသွပ်သောလုပ်ရပ်ဖြစ်ကြောင်း အော်ဟစ်နေမိ ချေသည်။ သို့သော် အမူအရာများမှာမူ ယင်းကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေခဲ့၏။

“ နင် ... နင်က ငါ့ရဲ့ မြောက်ဘက်အမှောင်ဒေသက လူတွေကို သတ်ချင်နေတာလား။ ”

ဝမ်ရှုကျိသည်ပင် အံ့အားသင့်သွားသည်။ ဤလူမိုက်သည် အဘယ့်ကြောင့် သူတို့ထံပါးသို့ လှည့်လာသည်ကို နားမလည်နိုင်ချေ။

“ ဘာလို့လဲ ... ငါ့ရဲ့စည်းမျဉ်းအရ မကောင်းမှုကျူးလွန်သူက ဘယ်အရပ်ဒေသရဲ့ အဖွဲ့ဝင်ဖြစ်နေပါစေ ... သူ့အပြစ်အတွက် သေဒဏ်နဲ့ ပြန်ပေးဆပ်ရမယ်။ ”

စုရီက သူမနှင့်မနီးမဝေးတွင် ရပ်ကာ ပြန်၍ဖြေကြားလိုက်၏။ ဝမ်ရှုကျိမျက်ဝန်းများ လင်းလက်တောက်ပသွားပြီး၊

“ ဒါဆို ... ငါ့မြောက်ပိုင်းအမှောင်ဒေသရဲ့ ဘယ်သူက မင်းအမြင်မှာ အပြစ်သားဖြစ်နေလဲ ငါသိခွင့်ရမလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ လီရှောင်လင်။ ”

စုရီက အေးစက်စက်ပြန်ဖြေသည်။ ထိုအမည်ကို ကြားလိုက်သောအခါ မြောက်ပိုင်း အမှောင်ဒေသမှ ပုဂ္ဂိုလ်များသည် တစ်စုံတစ်ဦး ထံသို့ အလိုလို လှည့်ကြည့်လိုက်မိကြ၏။

ယင်းသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသောချောမောပြီး သပ်ရပ်သည့် အမျိုးသားတစ်ဦးပေပင်။

“ ဟားဟားဟား ... ။ ”

ထိုသူက မျက်နှာအမူအရာများ ချက်ချင်းရှုပ်ထွေးသွားကာ အံ့အားသင့်စွာဖြင့် ရယ်မောလိုက်၏။ သည့်နောက် စုရီထံ ပြန်ကြည့်ကာ၊

“ ဟမ့် ... မင်းက ဘာအတွက်နဲ့ ငါ့ကိုပစ်မှတ်ထားနေရတာလဲဆိုတာ ငါတကယ် နားမလည်တော့ဘူး။ ”

-ဟု ပြန်လည်မေးမြန်းသည်။

“ မှားတယ် ... ငါ မင်းတစ်ယောက် တည်းကိုပဲ ပစ်မှတ်ထားနေခဲ့တာ မဟုတ်ဘူး မင်းနဲ့အပေါင်းအပါတွေ အကုန်လုံးပဲ။ ”

ဤတစ်ကြိမ်တွင် လီရှောင်လင်သည် မျက်ခုံးပင့်သွားပြီး တစ်စုံတစ်ရာသဘောပေါက် သွားသကဲ့သို့ အမူအရာမျိုး ပြသလာ၏။ ဝမ်ရှုကျိမှ သတိထားမိသွားကာ၊

“ ဘာတွေဖြစ်ခဲ့တာလဲ ... ငါ့ကိုပြော၊ မင်းအမှားမဟုတ်ရင် ... ငါမင်းကို အနိုင်ကျင့်ခွင့် မပေးဘူး။ ”

-ဟု ဝင်ရောက်မေးမြန်းလိုက်သည်။

လူတိုင်းသည်လည်း သိချင်စိတ်များဖြင့် လီရှောင်လင်အဖြေကို စောင့်မျှော်လာတော့၏။ လီရှောင်လင်မှ အမူအရာမပျက်စေဘဲ၊

“ ကောင်းကင်ကို ကျိန်ဆိုနိုင်ပါတယ် ... ငါလီရှောင်လင် ... အဲဒီစုရီနဲ့တစ်ကြိမ်တောင် မတွေ့ဖူးဘူး အခုမှမြင်ဖူးတာပါ။ ”

-ဟု ဖြေကြားလိုက်၏။

“ ဟုတ်လား ... ဒါဆို မင်းနဲ့ မင်းရဲ့ အပေါင်းအပါတွေအားလုံးကို ခေါ်ထုတ်လိုက် ငါ မင်းတို့အားလုံးကို သတ်ပြီးရင် ... မင်းတို့ရဲ့ အပြစ်တွေကို ပြောပြပေးမယ်။ ”

စုရီမှ ပြုံးလျက် ဝင်ပြောလိုက်သည်။ ဤအမူအရာသည် ပြတ်သားပြီး အာဏာရှင် ဆန်လွန်းချေပြီ။ ရှင်းပြချက်ကို စိတ်မဝင်စားဘဲ သတ်ရန်ဆုံးဖြတ်ထားပုံရ၏။

“ စုမျိုးရိုးနာမည်နဲ့ လူသတ်ကောင် ... မင်းကတရားမဲ့လွန်းတယ်လို့ မထင်ဘူးလား မင်းငါ့ကိုသတ်ရအောင် ငါဘာလုပ်ခဲ့လို့လဲ။ ”

လီရှောင်လင်မှ အော်ဟစ်လိုက်သည်။ သို့သော်စုရီသည် ထိုသူ့စကားများကို လျစ်လျူရှု လိုက်ပြီး၊

“ ငါ သုံးအထိ ရေတွက်မယ် ... မင်း ငါပြောသလိုမလုပ်ရင် ... မင်းကိုအရှက်ခွဲပြီးမှ သတ်ပစ်မယ်။ ”

-ဟု သတိပေးတော့၏။

ထိုစကားသည် နှင်းမုန်တိုင်းတစ်ခု ဖြတ်ပြေးသွားသလို လူတိုင်း၏နှလုံးသားများကို ချက်ချင်းအေးခဲသွားစေသည်။ ဝမ်ရှုကျိခမျာ မျက်နှာမည်းမှောင်သွားပြီး၊

“ လီရှောင်လင်၊ မင်းနဲ့ မင်းရဲ့အပေါင်းအပါတွေ ပြီးခဲ့တဲ့ရက်တုန်းက ဘယ်လိုရှက်စရာကောင်းတဲ့အရာတွေ လုပ်ခဲ့ကြတာလဲ။ ”

-ဟု အော်ဟစ်မေးမြန်းလိုက်၏။

“ ငါတို့ … ။ ”

လီရှောင်လင်မှရှင်းပြရန် ပြင်လိုက်သည်။

“ တစ် ... ။ ”

သို့သော် စုရီထံမှ အမှတ်စဉ် ရေတွက်သံသည် ရုတ်တရက် ထွက်ပေါ်လာ တော့၏။ သေမင်းခေါင်းလောင်းသံလို လူတိုင်း ရင်ထဲ တင်းကျပ်လာစေသည်။

“ မြန်မြန်ပြော ... မင်းအမှားမဟုတ်ရင် အနိုင်ကျင့်ခွင့်မပေးဘူးလို့ ကတိပေးနေခဲ့တယ် မဟုတ်လား ဘာကိုတုန့်ဆိုင်းနေရတာလဲ။ ”

လီရှောင်လင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက်၊

“ အမှန်အတိုင်းပြောရရင် ... လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါနဲ့လူအနည်းငယ်က အရှေ့ဘက်ရွှမ်ဒေသရဲ့ ပုဂ္ဂိုလ်နှစ်ယောက်နဲ့ အခွင့်အရေးအတွက် ယှဉ်ပြိုင်ခဲ့ကြတယ် ...

.... ဒါပေမယ့် ငါတို့ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးဆိုတာ ငါအာမခံတယ် ... သူတို့တွေ အသက်ရှင်နေကြတုန်းပဲ။ ”

“ နှစ် ... ။ ”

စုရီမှ လက်နှစ်ဖက်နောက်ပို့ပြီး မြောက်ဘက်အမှောင်ဒေသထံသို့ တိုက်ရိုက်ပင် စိုက်ကြည့်ကာ လျစ်လျူရှုထားသည်။

အစကနေ အဆုံးအထိ သူ မည်သည့် ရှင်းပြချက်ကိုမျှမတောင်းချေ။ ယင်းသည်မည်မျှ အထိန်းအကွပ်မဲ့သည်ကို မြင်စေ၏။ မာနသည် အရိုးထိတိုင် နက်ရှိုင်းနေချေပြီ။

ဧကရာဇ်တစ်ပါးမှ အမိန့်ထုတ်ပြန် နေသည့်အလား ရှင်းလင်းချက်နှင့် ကျိုးကြောင်း ဆင်ခြင်မှုများကင်းမဲ့နေ၏။

“ ဒီလူက တကယ့်ကို လွှမ်းမိုးလွန်းတယ်။ ”

ချင်စုရှင်းမှ ရေရွတ်လိုက်၏။ ဤစုရီသည် ထွက်ပေါ်လာသည့်အချိန်မှစကာ စကားလုံးများ ဖြုန်းတီးခြင်းမရှိဘဲ တွန့်ဆုတ်မှုမရှိ သတ်ဖြတ်နေခဲ့သည်။

ခြိမ်းခြောက်မှု၊ စည်းမျဉ်း စသည်တို့ကို လုံးဝဂရုမစိုက်ချေ။ ဒိုမိန်းသုံးခုမှ ဩဇာအာဏာ ကြီးမားလွန်းသည့် ပုဂ္ဂိုလ်များကို ရင်ဆိုင်နေရ သော်မှ တည်ငြိမ်လွန်းနေ၏။

“ သူ့မှာ ဒီလောက်ပေါ့ပေါ့ဆဆ ပြုမူရဲလောက်အောင် ယုံကြည်မှု ဘယ်လောက် ရှိနေလို့လဲ။ ”

ရန်ချန်ချင်းသည်ပင် ထိုအတွေးမျိုး ဝင်လာခဲ့သည်။ စုရီကဲ့သို့ မာနထောင်လွှားပြီး ကျိုးကြောင်းမဆီလျော်သော တစ်စုံတစ်ဦးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပေပင်။

ပတ်ဝန်းကျင်သည် ချက်ချင်း ဖိနှိပ်ချုပ်ချယ်လွန်းသဖြင့် အသက်ရှူမဝသည့် အလား ခံစားလာရ၏။ ဝမ်ရှုကျိတစ်ယောက် အရာအားလုံးကို နားလည်သွားခဲ့သည်။ ထို့ကြောင့် ပြတ်ပြတ်သားသားပင်၊

“ စုရီ ... အခွင့်အရေးအတွက် တိုက်ခိုက်လို့ဒဏ်ရာရတာ မင်းဘာလို့အဲဒါကို လွန်လွန်ကဲကဲ လုပ်ချင်နေရတာလဲ။ ”

-ဟု တုန့်ပြန် မေးမြန်းလိုက်၏။

တစ်ဖက်လူမှ မာနကြီးကာ စည်းမျဉ်းများ နင်းခြေရုံတင်မက ပဋိပက္ခများအတွက် ဦးတည် နေချေပြီ။ လီရှောင်လင်မှ အေးစက်စက်ဖြင့်၊

“ ဟုတ်တယ် ... ဒီလောက် အသေးအဖွဲကိစ္စမျိုးနဲ့ လူတွေကိုအလွယ်တကူ သတ်ခွင့်ရှိနေရင် တခြားဂိုဏ်းတွေကရော မင်းရဲ့အရှေ့ဘက်ရွှမ်းဒေသက လူတွေကို လုံးဝ မထိရတော့ဘူးလား။ ”

-ဟု အော်ဟစ်လိုက်၏။

“ သုံး ... ။ ”

စုရီက နောက်ဆုံးနံပါတ်ကို ရေရွတ်ပြီး လီရှောင်လင်ထံ တည့်တည့်လျှောက်လှမ်းသွား လေသည်။

***

အခန်း ၁၁၂၂ -

ဘယ်သူကန့်ကွက်မှာလဲ ... ။

ရောက်ရှိနေသူအားလုံးက စုရီ၏ ကြီးစိုးလွန်းသောအပြုအမူကြောင့် အံ့အားသင့် သွားကြသည်။ ဝမ်ရှုကျိတစ်ယောက် မျက်နှာ မည်းမှောင်သွားပြီး၊

“ အတူတူတိုက်ကြ ... ။ ”

-ဟု အမိန့်​ပေးလိုက်တော့၏။

မြောက်ဘက် အမှောင်ဒေသရှိ ပုဂ္ဂိုလ်အများစုသည် အခွင့်အလမ်းများစွာကို ရှာဖွေရန် ခရီးထွက်နေကြသည်။

သို့တိုင် လူခြောက်ဆယ်နီးပါး ကျန်ရှိနေသေး၏။ အမိန့်ရသည်နှင့် ထိုလူများမှ ရောင်ဝါများ ပေါင်းစပ်လိုက်ကြသည်။

“ ချွင် ... ။ ”

“ ကလန် ... ။ ”

ရတနာအမျိုးမျိုး လေထဲပျံတက်လာပြီး နတ်မီးတောက်များဖြင့် အလွန်ဖျက်ဆီးလိုသော ​ရောင်ဝါများ ထုတ်လွှတ်ကုန်၏။

“ သေလိုက်စမ်း ... ။ ”

သူတို့ထဲမှ အမြန်ဆုံးလှုပ်ရှားသူသည် ဝမ်ရှုကျိပေပင်။ သူမ၏ပုံရိပ်သည် အဖြူရောင် သက်တံတစ်စင်းလို တောက်ပပြီး တိုက်ပွဲဝင် ဓားတစ်လက်ကို ဆင့်ခေါ်လိုက်၏။

မြန်ဆန်ပြီး သန့်ရှင်းကာ ယှဉ်နိုင်စရာ မရှိအောင်ထက်မြက်ချေပြီ။ သက်တံဖြူတစ်စင်း အလား ဓားချက်မှာ တောက်ပ၏။

အဝေးမှကြည့်ရုံဖြင့် လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။ စုရီက ရှောင်တိမ်းခြင်းမရှိဘဲ နှာခေါင်းရှုံ့လျက် လက်သီးနှင့် ပြန်လည်ပစ်ခတ်လိုက်၏။

“ ဘန်း ... ။ ”

ဝမ်ရှုကျိထုတ်လွှတ်လိုက်သော ဓားစွမ်းအင်များသည် လက်သီး​​ချက်ထိမှန်ကာ တစ်လက်မချင်းစီ ပြိုကွဲသွား​လေသည်။

လွှမ်းမိုးနိုင်သော လက်သီးစွမ်းအားသည် လျော့ကျမသွားဘဲ ဝမ်ရှုကျိထံသို့ တိုက်ရိုက်ပင် တိုးဝင်သွား၏။

“ ဟမ့် ... ။ ”

လှပသော မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ထိုတိုက်ခိုက်မှုကို ဓားဖြင့် အားကုန်ဝှေ့ယမ်း ပယ်ဖျက်တော့သည်။

“ ဘန်း... ။ ”

သို့သော် နောက်တစ်ခဏမှာပင် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ နောက်ပြန်လွင့်စင်သွားရ၏။

စုရီသည် ထိုနေရာတွင် ရပ်မနေဘဲ လေထဲလှမ်းတက်ကာ သူ့လက်ကိုမိုးကြိုးပစ်ချ သကဲ့သို့ လှိုင်းထသွားစေလိုက်၏။

“ ဝုန်း ... ။ ”

ကောင်းကင်နှင့် မြေကြီးကြား ထက်ရှသောဓားရည်ရွယ်ချက် မြင့်တက်လာပြီး နတ်တောင်ကြီးတစ်လုံး ပြိုကျသွားသလို လေဟာနယ်ပြိုကျလာသည်။

မြောက်ပိုင်းအမှောင်ဒေသမှ ပုဂ္ဂိုလ်များအသုံးပြုလိုက်သော ရတနာများနှင့် လျှို့ဝှက်နည်းစနစ်များသည် ချက်ချင်းပင် လုံးဝ ကြေမွသွားကြတော့၏။

တစ်ဆက်တည်းမှာပင် ကျင့်ကြံသူပေါင်း (၆၀)သည် ဖရိုဖရဲနှင့် နောက်ပြန် လွင့်စင်သွား လေသည်။

မြင်ကွင်းသည် ရှုပ်ထွေးလွန်းပြီး ကောင်းကင်ကိုတုန်ခါစေသော ညည်းတွားသံ ဆူညံသွားတော့၏။

အဝေးကနေ ရပ်ကြည့်နေသူများသည် အရမ်းအံ့သြသွားသည်။ ဓားချက်တစ်ချက်သည် လူတိုင်းကို အနိုင်ယူရန် လုံလောက်နေ၏။

ဝမ်ရှုကျိ၏ဓားထက် များစွာ ကြောက်စရာကောင်းလေသည်။ ချင်စုရှင်းနှင့် ရန်ချန်ချင်းတို့သည်ပင် မျက်လုံးများမှေးစင်းပြီး မျက်နှာအမူအရာများ လေးနက်ကုန်၏။

“ လာခဲ့ ... ။ ”

စုရီပုံရိပ်သည် လီရှောင်လင်ဘေး၌ ထွက်ပေါ်လာကာ သူ့လည်ပင်းထံ ဖမ်းဆွဲသည်။ ဝမ်ရှုကျိ တစ်ယောက် မျက်နှာအမူအရာများ ရှုပ်ထွေးလာ၏။

တစ်ဖက်လူသည် အစွမ်းထက်လွန်း၏။ ကျင့်ကြံမှုကို မမြင်နိုင်ဘဲ တောင်ကြီးတစ်လုံး ကဲ့သို့ ခံစားရသည်။

သူမအစ်ကိုကြီးယွီချန်နှင့် လေ့ကျင့်သော အချိန်များတွင် ထိုခံစားချက်မျိုး ခံစားရဖူး၏။ ယင်းကြောင့်၊

“ သူက ငါ့ရဲ့အစ်ကိုကြီးနဲ့ ခွန်အားအတူတူ ဖြစ်နိုင်လား။ ”

-ဟု သံသယများဝင်လာတော့သည်။

မြောက်ပိုင်းအမှောင်ဒေသ၏ ကျင့်ကြံသူများမှာ ကြောက်ရွံ့မှုကိုပြသလာပြီး ပေါ့‌ပေါ့ဆဆဆ ထပ်မံတိုက်ခိုက်ဝံ့ခြင်း မရှိတော့ချေ။

စုရီကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သောပုဂ္ဂိုလ်ရှေ့တွင် အရေအတွက်မှာ အဓိပ္ပာယ်မရှိကြောင်း နားလည်လာ၏။

“ ငါ့ကို ကယ်ပါ ... ။ ”

လီရှောင်လင်က သနားစဖွယ် အကူအညီတောင်းလာသည်။ လက်တစ်ဖက်မှာ သူ့လည်ပင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ဖြစ်ချေပြီ။

“ ငါသတ်ချင်တဲ့သူကို ... ကောင်းကင်ဘုံမှာရော ဒီကမ္ဘာမြေကြီးမှာပါ ဘယ်သူမှ မကယ်တင်နိုင်ဘူး။ ”

စကားဆုံးသည်နှင့် စုရီသည် လက်ချောင်းများထံ စွမ်းအင်ပို့လွှတ်ပြီး ထက်ရှ လွှမ်းမိုးသည့် ရောင်ဝါတစ်ခုပြသလိုက်၏။

“ အား ... ။ ”

လီရှောင်လင်ခမျာ ချက်ချင်း သွေးနှင့်အရိုးများ ကြေမွသွားခဲ့လေသည်။ မျက်နှာပေါ်တွင် နာကျင်မှုကြောင့် ရှုံတွနေပြီး အော်ဟစ်သံများ ထွက်ပေါ်လာ၏။

လူတိုင်း တုန်လှုပ်သွားကုန်ပြီး လီရှောင်လင်ကို အရှက်ရစွာ သေဆုံးစေမည် ဟူသော စုရီ၏စကားများကို ပြန်လည် အမှတ်ရလာတော့သည်။

“ ရပ်လိုက်စမ်း ... ။ ”

ဝမ်ရှုကျိမှ အံကြိတ်လိုက်ပြီး၊

“ စုရီ၊ မင်းက ငါတို့ မြောက်ပိုင်း အမှောင်ဒေသနဲ့ သေတဲ့အထိ ရန်သူတွေဖြစ်ချင် နေတာလား။ ”

-ဟု အော်ဟစ် မေးမြန်းလိုက်၏။ စုရီက သူမထံလှမ်းကြည့်ကာ၊

“ ဒီလိုစကားတွေ ပြောနေတာက မင်းဘယ်လောက်တောင် မိုက်မဲလဲဆိုတာကို သက်သေပြနေတာပဲ။ ”

-ဟု တုန့်ပြန်သည်။

“ ဘောင်း ... ။ ”

စကားဆုံးသည်နှင့် လီရှောင်လင်၏ ခန္ဓာကိုယ်ကိုဖောက်ခွဲကာ ဖျက်ဆီးသွားစေ၏။ သူ့ဝိညာဉ်သာလျှင် စုရီလက်ထဲ ဆုပ်ကိုင်လျက် ကျန်ရစ်ခဲ့ချေပြီ။

“ ဒါပေမယ့် မင်းစိတ်ချနိုင်တယ်၊ ငါအမှားလုပ်တဲ့ အပြစ်သားတွေကိုပဲ သတ်မယ်။ ”

“ ဝမ် ... ။ ”

ထို့နောက် စုရီ၏ နတ်အာရုံသည် လီရှောင်လင်ဝိညာဉ်ထံ ဝင်ရောက်ပြီး ရှာဖွေမှု စတင်လိုက်၏။

အစကနေ အဆုံးအထိ မည်သူမျှ မတားဆီးဝံ့ချေ။ ဝမ်ရှုကျိသည်ပင် ဒေါသတကြီး တုန်လှုပ်နေသော်လည်း ရပ်ကြည့်နေရ၏။

ယခုအချိန်၌ တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် အနေဖြင့် စုရီမည်မျှ ကြောက်စရာကောင်းသည်ကို မြင်နိုင်သည်။

လူအချို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဧည့်လွင်ပြင်၌ လုမင်နှင့် စုရီ၏စိန်ခေါ်ပွဲထံ သတိရလာ၏။

နောက်ဆုံးတွင် ထိုအဖြစ်အပျက်သည် ရက်စက်ကြမ်းကြုတ်လွန်းသော သားရဲဘုရင် လက်ချက်ဖြင့် အဆုံးသတ်သွားခဲ့၏။

ယခုမူ စုရီ၏ နည်းလမ်းများကို မြင်တွေ့လိုက်ရသောအခါတွင် လူအများသည် လုမင် မည်မျှကံကောင်းခဲ့သည်ကို သဘောပေါက်သွားကြသည်။

“ ဝှစ် ... ။ ”

ခဏအကြာတွင် စုရီ၏ လက်ချောင်းများကြား လီရှောင်လင်ဝိညာဉ်မှာ ဆုပ်ချေခြင်း ခံလိုက်ရ၏။

ဓားမိစ္ဆာချင်းရှစ် ပြောကြားခဲ့သလိုပင်။ မြောက်ပိုင်းအမှောင်ဒေသမှ ပုဂ္ဂိုလ်များသည် အလွန်စက်ဆုပ် ရွံရှာဖွယ်ကောင်းသည်။

“ ဆုတ်ခွာကြ ... ။ ”

“ မြန်မြန် ... ။ “

ပုံရိပ်ခြောက်ခုသည် မြောက်ပိုင်း အမှောင်ဒေသ၏ ကျင့်ကြံသူများထံမှ ရုတ်ချည်း ခုန်ထွက်ကာ ထွက်ပြေးသွားခဲ့ကြသည်။

ဤမြင်ကွင်းသည် အလွန်ရုတ်တရက် ဆန်လွန်းပြီး လူတိုင်းကိုမှင်သပ်စေ၏။ သို့သော် ထိုခြောက်ဦးသည် စုရီမှ ရှာဖွေနေခဲ့သော လူများဖြစ်ချေ၏။

“ မင်းတို့ နောက်ကျသွားပြီ ... ။ ”

စုရီက ဂရုမစိုက်ဟန်ဖြင့် ပြောကြားလိုက်ပြီး အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။ ဓားအလင်း ခြောက်လက် ပြေးထွက်ကုန်၏။

မည်မျှမြန်မြန် ထွက်ပြေးနေပါစေ တိမ်ပေါ်ပျံသန်းခြင်းအဆင့်ရှိ ကျင့်ကြံသူ ခြောက်ဦးသည် အမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။

သွေးစွန်းနေသော ထိုသေဆုံးမှု မြင်ကွင်းသည် လူများစွာကို အရိုးထဲထိတိုင် အေးစက်သွားစေသည်။

ဝမ်ရှုကျိ၏ လှပသောမျက်နှာသည် ပြာနှမ်းလျက် မျက်လုံးများတွင် ဒေါသမီးလျှံများ တောက်လောင်လာ၏။ သို့သော် စုရီသည် ဂရုမစိုက်ချေ။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လေထဲအလင်းစက်ဝန်းတစ်ခုကို ရေးဆွဲပြ လိုက်တော့၏။

အလင်းမှုန်များ စုစည်းလျက် မြင်ကွင်းများပေါ်လာသည်။ လီရှောင်လင်နှင့် သူ့အဖွဲ့သည် အခွင့်အရေးများ ရှာဖွေနေစဉ် ရက်စက်သောပြစ်မှု ကျူးလွန်ခဲ့ချေပြီ။

၎င်းကိုမြင်ပြီးနောက် လူတိုင်း နားလည်သွားကြသည်။ လီရှောင်လင်တို့သည် အမှန်တကယ်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းကြ၏။

ခန္ဓာကိုယ်ကို ဖျက်ဆီးရုံသာမက ဝိညာဉ်ကိုပင် သေလုနီးပါး နှိပ်စက်ခဲ့သည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ဓားမိစ္ဆာချင်းရှစ် တစ်ယောက် ကျင့်ကြံမှုဆုံးရှုံးလုနီးဖြစ်၏။

အရှေ့ဘက်ရွှမ်ဒေသ၏ ကျင့်ကြံသူများသည် ဒေါသများပြည့်နှက်လာသည်။ ဤအခြေအနေ အပေါ် သူတို့နားလည်၏။ အရှက်ခွဲခံရသည့် ဖြစ်စဉ်များမှာ ခပ်ဆင်ဆင်တူသည်။

ဆန့်ကျင်ဘက်အနေဖြင့် မြောက်ပိုင်းအမှောင်ဒေသ၊ တောင်ပိုင်းမီးလျှံ နယ်မြေနှင့် အနောက်ဘက်နှင်းဒေသတို့မှ ပုဂ္ဂိုလ်များမှာ မသက်မသာဖြစ်လာ၏။

သူတို့သည် ဤအခြေအနေကို ရှင်းရှင်းလင်းလင်းသိရှိထား၏။ ထိုစဉ်အချိန်တွင် မည်သူသည် အရှေ့ဘက်ရွှမ်ဒေသကို အလေးအနက်ထားမည်နည်း။

လီရှောင်လင်မှ စကားအတိုင်းပေပင်။ စည်းမျဉ်းများမရှိသော် အရှေ့ဘက်ရွှမ်ဒေသမှ ပုဂ္ဂိုလ်များသည် ရှေးယခင်တည်းကပင် သေဆုံးကုန်မည်ဖြစ်၏။

သို့သော် ယနေ့တွင် နီယွမ်ဝမ်နှင့် အခြားသူများ၊ လီရှောင်လင်နှင့် အခြားသူများ စသည်တို့အားလုံးကို သတ်ပစ်ခဲ့၏။

စည်းမျဉ်းနှင့် အကြောင်းပြချက်ကို ပြတ်ပြတ်သားသား လျစ်လျူရှုနင်းခြေပစ်သည်။ ဤသည်မှာ သူတို့မြင်ဖူးသော ကြီးစိုးမှုပေပင်။

“ မကောင်းမှုပြုလုပ်ဖို့ ရည်ရွယ်ထားသူတွေကို စည်းမျဉ်းတွေနဲ့ မတားဆီးနိုင်ဘူး ... ဒါကြောင့် ဒီနေ့ငါစုရိ စည်းမျဉ်းတစ်ခုကို ချမှတ်မယ်။”

စုရီအသံက ပဲ့တင်ထပ်လာ၏။ သူ့ စကားများ ဆက်ပြောနိုင်ခင် ခဏမျှရပ်လိုက်ပြီး၊

“ ယှဉ်ပြိုင်မှုကို လက်ခံပေးနိုင်တယ် ... အခွင့်အရေးတွေ လုယူတာကိုလည်း နားလည် နိုင်တယ်၊ ဒါပေမယ့် …

... ငါ့ရဲ့အရှေ့ဘက်ရွှမ်ဒေသကို စက်ဆုပ်ရွံရှာဖွယ် နည်းလမ်းတွေနဲ့ အနိုင်ကျင့် ချင်တဲ့အခါ အဲဒီလူကို ငါသတ်မယ်။ ”

-ဟု ကြေငြာလိုက်၏။ အရှေ့ဘက်ရွှမ်ဒေသ၏ ကျင့်ကြံသူများသည် ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ဝမ်းမြောက်မှုများ ပြည့်လျှံလာခဲ့သည်။

ဆန့်ကျင်ဘက်အနေနှင့် အခြားသော ဒေသသုံးခုသည်တိတ်ဆိတ်ကုန်၏။ ရန်ချန်ချင်း သည်ပင် မေးစေ့ကိုပွတ်သပ်လျက်၊

“ ဒီစည်းမျဉ်းက မဆိုးပါဘူး။ ”

-ဟု ရေရွတ်လိုက်သည်။

စုရီသည် သူတို့လက်မခံနိုင်သည့် စည်းမျဉ်းအသစ်တစ်ခုကို ချမှတ်လိမ့်မည်ဟု မျှော်လင့်နေခဲ့၏။

သို့သော် ထိုစည်းမျဉ်းသည် ဤသို့ ရိုးရှင်းနေလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ အရှေ့ဘက်ရွှမ်ဒေသမှ ကျင့်ကြံသူများအတွက် ဂုဏ်သိက္ခာကို ကာကွယ်ခြင်းမျှသာဖြစ်၏။

“ ဘယ်သူကန့်ကွက်ချင်လဲ။ ”

စုရီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်သည်။ လူတိုင်းပြန်မဖြေချေ။

“ ဘယ်သူမှ ကန့်ကွက်မှု မရှိရင် သဘောတူညီချက်အဖြစ် ငါယူဆမယ်။ ”

ထို့နောက် စုရီမှ ပျင်းရိသွားဟန်ဖြင့် ဝိုင်တစ်ငုံထုတ်သောက်ကာ လှည့်ထွက်သွား၏။ မည်သူမျှ မတားဆီးဝံချေ။

သို့သော် လမ်းတဝက်အရောက်တွင် တည်ငြိမ်လွန်းသော အသံတစ်သံ အဝေးထံမှ ထွက်ပေါ်လာခဲ့သည်။

“ တာအိုစု ... ငါ ကျင့်ကြံရာကနေ ထွက်လာတဲ့အခါ ... မင်းနဲ့ယှဉ်ပြိုင်ချင်တယ် မင်းမှာဆန္ဒရှိလား။ ”

အသံသည် ကောင်းကင်နှင့် မြေကြီးကြား တာအိုခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်နေ၏။ လူတိုင်းထိတ်လန့်ကုန်ပြီး နာမည်တစ်ခုသာ သူတို့စိတ်ထဲ ဖြစ်ပေါ်လာသည်။

“ ယွီချန် ... ။ ”

ထိုအသံကိုကြားချိန်၌ ရန်ချန်ချင်းနှင့် ချင်စုရှင်းကဲ့သို့ ဒိုမိန်းခေါင်းဆောင်များသည်ပင် အံ့အားသင့်သွားကြသည်။

တစ်ဖက်လူသည် ယနေ့ အဖြစ်အပျက်များအပေါ် တိတ်ဆိတ်စွာဖြင့် အာရုံစိုက်နေခဲ့ချေပြီ။

ဒိုမိန်းတိုက်ပွဲကွင်းသို့ ဝင်ရောက်လာ ပြီးနောက် ယွီချန်၏တိုက်ပွဲခေါ်သံကို ပထမဆုံး အကြိမ်အဖြစ် ကြားလိုက်ရခြင်းပေပင်။

ကံမကောင်းစွာဖြင့် တစ်ဖက်လူ၏ တိုက်ပွဲခေါ်သံသည် သူနှင့် ချင်စုရှင်းကဲ့သို့သော လူများမဟုတ်ခဲ့ဘဲ အရှေ့ဘက်ရွှမ်ဒေသ၏ တစ်စုံတစ်ဦး ဖြစ်နေချေပြီ။

***

All Chapters