ရင်းနှီးသောအနံ့
Vol. 10 Ch. 124
ဓမ္မလက်နက်ဌာနမှ အာနာပါနအဆင့် ကျောင်းသားများ၏ အမူအရာများမှာ ပြောင်းလဲသွားကြ၏။ သူတို့မှာ လင်းတျန်ဟောက်အား မှတ်မိနေကြဆဲပင်။ ဝမ်ပေါင်လဲ့တစ်ယောက် လင်းတျန်ဟောက်၏ နေရာတွင် အစားမထိုးခဲ့ခင်တုန်းက ဓမ္မလက်နက်ဌာနမှာ လင်းတျန်ဟောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်ဟု ဆိုနိုင်သည် မဟုတ်ပါလော။
သူတို့ထဲမှ အများစုမှာ လင်းတျန်ဟောက်နှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်ဆက်နွယ်ဖူးကြသူများ ဖြစ်သည်။ သူသည် အပူအပန်မရှိဘဲ ခပ်ပေါ့ပေါ့သာ နေတတ်သည့်ပုံ ပေါက်ပါသော်လည်း လက်တွေ့တွင်မူ ရက်စက်ကြမ်းကြုတ်ပြီး သနားကြင်နာစိတ် လုံးဝမရှိပေ။ သူတို့မှာ သူ ကျောင်းထုတ်ခံလိုက်ရပြီဖြစ်ကြောင်း ကြားသိခဲ့ရပါသော်လည်း ယခုတွင်မူ သူသည် အဆင့်မြင့်ကျွန်းတွင် ရုတ်တရက် ပေါ်ပေါက်လာသည့်အပြင် ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက်ပင် ဖြစ်နေပြီ ဖြစ်သည်။
သူတို့မှာ ဓမ္မလက်နက်အဖွဲ့ဝင်ဆိုသော ရာထူးအကြောင်းကို မသိထားကြပါသော်လည်း အဆောင်မှူးက ထုတ်ပြောခဲ့ခြင်းဖြစ်ရာ အရေးပါသော ရာထူးတစ်ခု ဖြစ်ရပေမည်။
ခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူတို့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ လင်းတျန်ဟောက်အား နှုတ်ဆက်လိုက်ကြ၏။
သူ့အား မြင်လိုက်ရပြီးနောက် လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ လင်းတျန်ဟောက်က ပြုံးလိုက်၏။ ဝမ်ပေါင်လဲ့နှင့် သူ၏ကြားမှ ပဋိပက္ခနှင့် ပတ်သက်၍ သူ၏ဖခင် ဆိုလိုခဲ့သည့်အဓိပ္ပါယ်ကို သူက နားလည်ပေသည်။ သို့သော် သူသည် အနည်းငယ် ကသိကအောက် ဖြစ်နေရဆဲပင်။ တစ်ဖက်တွင် သူ၏ ရုပ်လုံးထွက်ပြခြင်းမှာ လုပ်ရိုးလုပ်စဉ် တစ်ခုမျှသာ ဖြစ်သည်။ ယနေ့မှာ အဆင့်မြင့်ကျွန်းက ကျောင်းသားအသစ်များကို လက်ခံသည့် နေ့ရက် မဟုတ်ပါလော။ အခြားတစ်ဖက်တွင်မူ သူသည် သူ ပြန်လာပြီဖြစ်ကြောင်း အများသိအောင် ကြေညာလိုက်ခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသော မျက်လုံးများကို မြင်လိုက်ရသောအခါ လင်းတျန်ဟောက်မှာ လှောင်ပြုံးသာ ပြုံးလိုက်၏။
" အဖေပြောတာ မှန်တယ်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ပုရွက်စိတ်တစ်ကောင် သာသာပါပဲ။ ဒါပေမဲ့ ငါ အားသုံးစရာ မလိုဘဲ သူ့ကို ချေမှုန်းနိုင်မယ်ဆိုရင် ပိုတောင်ကောင်းသေးတယ် "
ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ရှုံ့မဲ့နေ၏။ သူသည် ဤနေရာတွင် လင်းတျန်ဟောက်အား မြင်လိုက်ရသည်ကို အံ့အားသင့်နေသည့်တိုင်အောင် ယခုလို ဖြစ်လာနိုင်လိမ့်မည်ဟု သူက ကြိုတင်မှန်းဆထားပြီးသား ဖြစ်သည်။ ပါမောက္ခကြီး လင်းတျန်ဟောက်ကို အပြစ်ပေးခဲ့သည့် အချိန်ကတည်းက ဝမ်ပေါင်လဲ့မှာ ယခုလိုဖြစ်လာရန် မျှော်လင့်ထားပြီးသားဖြစ်သည်။
" အဆင့်နိမ့်ကျွန်းနဲ့ အဆင့်မြင့်ကျွန်းက ကျောင်းသားစာရင်းတွေက မတူဘူးဆိုတာ တကယ်ပဲကိုးကွ "
ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်အား အေးစက်စက်စိုက်ကြည့်ကာ တွေးလိုက်၏။ သူသည် လင်းတျန်ဟောက်နှင့် သူ၏ကြားရှိ ပဋိပက္ခအကြောင်းကို ဖုံးကွယ်နေရန် မလိုပေ။ ထို့အပြင် သူသည် လင်းတျန်ဟောက်၏ ရှစ်လက်မ ဝိညာဉ်အမြစ်ဆီမှ ထွက်ပေါ်လာနေသော အငွေ့အသက်များကို အာရုံခံမိနေ၏။
ထိုအခြင်းအရာနှင့် ပတ်သတ်၍မူ ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်၏ နောက်ခံအင်အား အကြောင်းကို သိရှိထားပြီးဖြစ်ရာ အံ့အားသင့်မနေတော့ပေ။ အခြားသူများမှာ လင်းတျန်ဟောက်၏ ရှစ်လက်မဝိညာဉ်အမြစ် အငွေ့အသက်များကို အာရုံခံမိသွားကြသောအခါ သူတို့၏ စိတ်နှလုံးများထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားကြ၏။ သူတို့မှာ ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရသည့်တိုင်အောင် ရှစ်လက်မဝိညာဉ်အမြစ်ကို မရရှိခဲ့ကြပါသော်လည်း လင်းတျန်ဟောက်မှာမူ သူတို့အား အလွယ်တကူပင် ကျော်တက်သွားဟန်တူသည်။
" အဆောင်မှူး စောစောကပြောတဲ့ ဓမ္မလက်နက်အဖွဲ့ဝင်ဆိုတာ ဘာပါလိမ့် "
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကိုသာ သိချင်နေ၏။ လင်းတျန်ဟောက်၏ အဝတ်အစားများမှာ ထို ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်နှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို သူက သတိထားမိလိုက်၏။ သို့သော် သူ၏နှုတ်မှ ထုတ်မေးရန် မသင့်တော်ပေ။ ၎င်းမှာ အခေါ်အဝေါ် တစ်ခုဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထားပြီး သိပ်မကြာခင် ၎င်း၏ အဓိပ္ပာယ်ကိုလည်း သိရှိသွားမည်သာဖြစ်သည်။
ခရမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးမှာ ဝမ်ပေါင်လဲ့၏ အမူအရာကို သတိထားမိလိုက်ပါသော်လည်း သိပ်၍ အာရုံစိုက်မနေခဲ့ပေ။ သူသည် ဝမ်ပေါင်လဲ့နှင့် လင်းတျန်ဟောက်တို့၏ ကြားမှ အခြေအနေကို မသိသလို သိအောင်လုပ်ချင်စိတ်လည်း မရှိပေ။
သူတို့နှစ်ယောက်စလုံးမှာ ရှစ်လက်မဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားကြသော အာနာပါနအဆင့်ပညာရှင်များ ဖြစ်ကြပြီး ထိုကဲ့သို့သော ကျင့်ကြံသူများမှာ အနည်းငယ်မျှသာ ရှိပါသော်လည်း ဓမ္မလက်နက်အဆောင်တွင် သူတို့လို ကျင့်ကြံသူအချို့ ရှိနေပြီးသား ဖြစ်သည်။ ထို့အပြင် ထိုအချက်မှာ သူ့အတွက် ရေးကြီးခွင်ကျယ် မဟုတ်သောကြောင့် သူသည် အာရုံစိုက်မနေခဲ့ပေ။
ယနေ့တွင် သူ ရုပ်လုံးထွက်ပြရသည်မှာ မဖြစ်မနေ လိုအပ်သောကြောင့်သာ ဖြစ်သည်။ တပည့်အသစ်များ ရောက်လာသည့် အခါတိုင်း အဆောင်မှူးက ကိုယ်တိုင်ထွက်၍ သူတို့အား ညွှန်ကြားချက်များ ပို့ချပေးရသည်။ ထိုသို့သာ မဟုတ်ပါက သူသည် ယခုလို ကိစ္စများအတွက် အချိန်ကုန် ခံနေမည် မဟုတ်ပေ။
လင်းတျန်ဟောက်မှာမူ တာအိုကျောင်းထဲရှိ အချိတ်အဆက်များကြောင့်သာ အဆင့်မြင့်ကျွန်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လင်းတျန်ဟောက်အပေါ်လည်း သိပ်၍ အာရုံစိုက်မနေဘဲ ခပ်ပြတ်ပြတ်သာ ဆိုလိုက်၏။
" အဆင့်မြင့်ကျွန်းနဲ့ အဆင့်နိမ့်ကျွန်းကြားမှာ မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိတယ်။ အဆောင်တွေက ဌာနတွေထက် ပိုပြီးတော့ စည်းကမ်းတင်းကြပ်တယ်။ အဆင့်နိမ့်ကျွန်းက ကျောင်းတစ်ကျောင်း ဖြစ်ပေမယ့် အဆင့်မြင့်ကျွန်းက ဂိုဏ်းတစ်ဂိုဏ်းပဲ။ မင်းတို့တွေ ဓမ္မလက်နက်ဌာနမှာ သင်ခဲ့ရတဲ့ ပညာတွေက အခြေခံအဆင့်ပဲ ရှိသေးတာ။ အခု မင်းတို့ ဓမ္မလက်နက်အဆောင်ကို ရောက်လာကြပြီဆိုတော့ အဆောင်တွေကို ဖန်တီးဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေကို စတင်ကိုင်တွယ်ရတော့မှာဖြစ်သလို ဖန်တီးနိုင်မဲ့ နည်းလမ်းတွေကိုလည်း သင်ယူရတော့မှာ။ ပြီးတော့ အဆင့်မြင့် ကမ္ဗည်းစာလုံးနဲ့ ဝိညာဉ်အမြုတေတွေကိုပါ ထပ်ပြီးတော့ လေ့လာရဦးမှာ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးတော့ ကြိုးစားကြ "
အဆောင်မှူးမှာ ထိုစကားများကို ကျောင်းသားအသစ်များအား နှစ်စဉ်နှစ်တိုင်း ပြောပြရသည်။ ယခုတွင် ထို ခရမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးမှာ စကားပြောပြီးသွားသောကြောင့် အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူများအား စာရင်းသွင်းရမည့် အလုပ်ကိစ္စများကို ဝာာဝန်ယူခိုင်းလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
ခဏအကြာတွင် ထို ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသော အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူများမှာ အဖွဲ့တစ်ဖွဲ့ချင်းစီကို အသီးသီး ခေါ်ဆောင်သွားကြ၏။
လင်းတျန်ဟောက်မှာမူ အဆင့်မြင့်ကျွန်းသို့ ကြိုတင်ရောက်ရှိနေသည်ဖြစ်ရာ စာရင်းပေးသွင်းထားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် လင်းတျန်ဟောက်မှာ ဘေးပတ်ပတ်လည်မှ အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူများကို ဦးညွှတ်၍ အရိုအသေပေးလိုက်သောအခါ သူတို့ကလည်း ပြန်၍နှုတ်ဆက်လိုက်ကြပြီး ထွက်ခွာသွားကြ၏။ ထို့နောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အသေးစားသင်္ဘောပျံတစ်စင်းကို ထုတ်ယူလိုက်၏။
လင်းတျန်ဟောက် ထိုသင်္ဘောပျံလေးပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့က နှာမှုတ်လိုက်၏။
" ဘာများ ကြီးကျယ်လို့လဲကွာ။ ငါလည်း သိပ်မကြာခင် သင်္ဘောပျံတစ်စင်း ရမှာပဲကို "
ဝမ်ပေါင်လဲ့မှာ အကြည့်လွှဲလိုက်ပြီး ထိုကိစ္စကို မေ့ပျောက်ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် စာရင်းပေးသွင်းရန်အတွက် အပြာရောင်အင်္ကျီ ဝတ်ဆင်ထားသော မျက်နှာရှည်ရှည်နှင့် ကျင့်ကြံသူ၏နောက်သို့ လိုက်သွား၏။ လမ်းတစ်လျှောက်တွင် သူတို့မှာ အလာပသလ္လာပများ ပြောဆိုနေကြတော့သည်။ အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူမှာလည်း မိတ်ဆွေများဖွဲ့ရသည်ကို သဘောကျသောကြောင့် သိပ်မကြာခင် ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်အဆောင်အကြောင်းကို ပို၍ပင် နားလည်လာတော့သည်။
ခဏအကြာတွင် စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်များမှာ ပြီးမြောက်သွား၏။ လူတိုင်း ဝတ်ရုံများ၊ ကျောက်စိမ်းပေလွှာများနှင့် အသိအမှတ်ပြုတံဆိပ်ပြားများ ပါသော အထုတ်များကို လက်ခံရရှိလိုက်ကြသည်။
အပြာရောင်အင်္ကျီနှင့် လူငယ်လေးမှာ တည်ကြည်သော အမူအရာဖြင့် ကျောက်စိမ်းပေလွှာများကို လက်ညှိုးထိုးကာ သတိပေးလိုက်၏။
" ညီလေးတို့ … ဒီ ကျင့်ကြံခြင်း ပညာရပ်တွေကို အပြင်ကို ပေါက်ကြားသွားအောင် လုပ်ခွင့် မရှိဘူးနော်။ ဒီထဲက တစ်ခုဆိုရင် အဆောင်တွေကို သန့်စင်တဲ့နေရာမှာ သုံးတဲ့ ဓမ္မလက်နက်အဆောင်ရဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခုဖြစ်တဲ့ အနန္တ လက်နက်အသွင်ပြောင်းလဲခြင်း ပညာရပ်ပဲ။ နောက်ထပ်တစ်ခုက ကောင်းကင်တာအိုကျောင်းရဲ့ အာနာပါနအဆင့် အခြေခံကျင့်ကြံခြင်းပညာရပ်ဖြစ်တဲ့ ကောင်းကင်တိမ်လွှာ ပညာရပ်ပဲ "
" မင်းတို့တွေရဲ့ တောင်တန်းတွေနဲ့ မင်းတို့တွေ နေရမယ့် နေရာတွေကို ကျောက်စိမ်းပေလွှာထဲမှာ ရှာလို့ရတယ်။ ကဲ … မင်းတို့တွေ စသွားလို့ ရပြီ "
အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူမှာ ရှင်းပြပြီးသွားသည်နှင့် တစ်ပြိုင်နက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူတို့အားလုံးကို နှုတ်ဆက်လိုက်ပြီး ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် ရှေ့သို့လှမ်းကာ ပါမောက္ခကြီး ပြောခဲ့သည့် ရှစ်လက်မဝိညာဉ်အမြစ် ကျောင်းသားများအတွက် ပေးအပ်သည့် အထူးအခွင့်အရေးအကြောင်းကို မေးမြန်းလိုက်၏။ ထိုအပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့အား သူ၏ နတ်ဝိဇ္ဇာဂူနှင့် အခြားပစ္စည်းများကို ထုတ်ယူနိုင်မည့် နေရာအကြောင်း ပြောပြလိုက်ပြီးနောက် ခေါင်းညိတ်၍ ပြုံးပြကာ ထွက်ခွာသွားတော့သည်။
ယခုတွင် ဓမ္မလက်နက်ဌာနမှ ကျောင်းသားအားလုံးမှာ စိတ်ထိခိုက်နေကြတော့သည်။ အဆင့်မြင့်ကျွန်းမှာ သူတို့ကို ပေါ့ပေါ့တန်တန်သာ သဘောထားသောကြောင့် သူတို့မှာ အနည်းငယ်ခန့် စိတ်ပျက်နေရ၏။ ထိုသို့ဖြင့် သူတို့မှာ ဝမ်ပေါင်လဲ့အား နှုတ်ဆက်စကား ဆိုလိုက်ကြပြီးနောက် လူစုခွဲသွားကြတော့သည်။ သူတို့၏ ရာထူးအသစ်များနှင့် ပတ်ဝန်းကျင်အသစ်များကို ကျင့်သားရရန်အတွက် အချိန်အနည်းငယ်ခန့် ပေးရဦးမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ စိတ်ပျက်နေခြင်း မရှိသည့်အပြင် လင်းတျန်ဟောက်ကြောင့် ပို၍ပင် ယှဉ်ပြိုင်လိုစိတ်များ ပြင်းထန်လာ၏။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သာမန်တပည့်တစ်ယောက်၏ ဝတ်ရုံကို ပြောင်းဝတ်လိုက်၏။ ထို့နောက် သူ၏ ဝမ်းဗိုက်ကိုပုတ်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ မီးခိုးရောင်ဝတ်ရုံရှည်ကြီးကို အကဲခတ် ကြည့်ရှုလိုက်၏။
" ဒီအရောင်က လင်းတျန်ဟောက်ရဲ့ ဝတ်ရုံနဲ့ မတူပေမဲ့ ငါက သူ့ထက်ပိုပြီး ခံ့ညားနေတာပဲ။ ဒီဝတ်ရုံကြောင့် ငါက တော်တော်ကို ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းနေတာပါလားကွ "
ဝမ်ပေါင်လဲ့မှာ ရုပ်ရည်ခြင်း ယှဉ်ရုံနှင့်ပင် လင်းတျန်ဟောက်အား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေပြီး သူ့ကိုယ်သူ ကျေနပ်နေ၏။ ထို့နောက် သူ၏ နတ်ဝိဇ္ဇာဂူကို ရယူနိုင်ရန်အတွက် အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူ ပြောပြခဲ့သော နေရာဆီသို့ ဦးတည်သွားလိုက်၏။
သူသည် သာမန်အမြန်နှုန်းဖြင့် လမ်းလျှောက်ရင်း ဘေးပတ်ပတ်လည်ရှိ တောင်ထိပ်များနှင့် အဆောက်အဦများကို ကြည့်ရှုအကဲခတ်နေ၏။ သူသည် အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူ၏ အပြန်အလှန်ပြောဆိုခဲ့သော စကားများမှတစ်ဆင့် ဓမ္မလက်နက်အဆောင်အကြောင်းကို အနည်းငယ်ခန့် နားလည်ထားပြီ ဖြစ်သည်။ ၎င်းကို မြောက်ပိုင်းတောင်တန်း၊ တောင်ပိုင်းတောင်တန်း၊ အရှေ့ပိုင်းတောင်တန်းနှင့် အနောက်ပိုင်းတောင်တန်းဟူ၍ တောင်တန်းလေးခုအဖြစ် ခွဲခြားထားပြီး တောင်တန်း တစ်ခုချင်းစီတွင် တောင်ထိပ်ပေါင်း မြောက်မြားစွာ ရှိသည်။ သို့သော် ထိုတောင်တန်းလေးခုမှာ တစ်ကွဲတစ်ပြား ရှိနေခြင်းမဟုတ်ဘဲ တစ်စုတစ်စည်းတည်း ရှိနေကြ၏။
ကျင့်ကြံခြင်း ဗဟိုဌာနဖြစ်စေ၊ ရုံးခန်းဖြစ်စေ အားသာချက်ကိုယ်စီ ရှိကြပြီး တစ်ခုနှင့်တစ်ခု မတူညီကြချေ။
၎င်းမှာ မြို့တော်ကြီးတစ်ခုနှင့်ပင် တူနေ၏။
ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောရင်း မီးခိုးရောင်ဝတ်ရုံနှင့် ကျောင်းသားများ အလျင်စလို သွားလာလှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။
နတ်ဝိဇ္ဇာဂူနှင့် သင်္ဘောပျံ ထုတ်ပေးမည့် နေရာကို အဆောင်စီမံရေးဌာနဌာနဟု ခေါ်ပြီး ၎င်းမှာ ဓမ္မလက်နက်အဆောင်၏ မြောက်ပိုင်းတွင် တည်ရှိသည်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ အဆောင်စီမံရေးဌာနအား ရှာတွေ့သွား၏။ ၎င်းမှာ အထပ်သုံးထပ်ရှိသော ကြီးမားသည့် အဆောက်အဦကြီးတစ်ခု ဖြစ်သည်။ သူသည် အထဲသို့ ဝင်သွားလိုက်သောအခါ အပြာရောင်အင်္ကျီ ဆင်မြန်းထားသော နှုတ်ခမ်းမွေးနှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် စားပွဲခုံကြီးတစ်လုံး၏ နောက်တွင်ထိုင်ရင်း မျက်လုံးများမှိတ်ကာ အနားယူနေ၏။
သူ၏ ပတ်ပတ်လည်တွင် ခရမ်းရောင်ဝတ်ရုံနှင့် ကျောင်းသားအချို့ ရှိနေကြပြီး သူတို့အားလုံး လေသံတိုးတိုးနှင့် စကားများ ပြောဆိုနေကြသည်။ သူတို့မှာ ဝမ်ပေါင်လဲ့ရောက်လာသည်ကို သိလိုက်ရသောအခါ ချက်ချင်းပင် လှမ်းကြည့်လိုက်ကြ၏။
ဝမ်ပေါင်လဲ့ကမူ မျက်တောင်တဖျတ်ဖျတ်ခပ်ကာ အပြာရောင်အင်္ကျီနှင့် သက်လတ်ပိုင်းလူကြီးအား အကဲခတ်လိုက်၏။ ထို့နောက် သူသည် သူ့ဆီသို့ လျှောက်လှမ်းသွားလိုက်ပြီး သူ၏ အသိအမှတ်ပြုတံဆိပ်ပြားကို စားပွဲခုံပေါ်သို့ တင်လိုက်၏။
" အစ်ကို … ကျနော် နတ်ဝိဇ္ဇာဂူ ထုတ်ယူဖို့ လာတာပါ "
ထိုအခါ အပြာရောင်အင်္ကျီနှင့် သက်လတ်ပိုင်းလူကြီးမှာ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အတန်ငယ် အံ့အားသင့်သွားသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အားကြည့်လိုက်၏။ ထို အသိအမှတ်ပြုတံဆိပ်ပြားအား စစ်ဆေးလိုက်ပြီးနောက် သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။
" ရှစ်လက်မဝိညာဉ်အမြစ်ပေါ့ ဟုတ်လား "
ဘေးပတ်ပတ်လည်မှ ကျောင်းသားများမှာ ထိုစကားကို ကြားလိုက်ရသောအခါ လှမ်းကြည့်လိုက်ကြ၏။ ထို့နောက် သူတို့က ညာလက်သီးပေါ်သို့ ဘယ်လက်ဝါးတင်ကာ ထို အပြာရောင်အင်္ကျီနှင့် သက်လတ်ပိုင်းလူကြီးအား အရိုအသေ ပေးလိုက်ကြပြီး လိမ္မာပါးနပ်စွာဖြင့် ထွက်ခွာသွားကြ၏။
သူတို့၏ ပတ်ပတ်လည်ရှိ လူအားလုံး ထွက်ခွာသွားပြီးသောအခါမှသာ ထိုသက်လတ်ပိုင်းလူကြီးမှာ ဘေးနားမှ ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်၏။ သို့သော် ၎င်းအား စစ်ဆေးကြည့်လိုက်သောအခါ သူသည် အနည်းငယ် စိတ်ရှုပ်သွားရ၏။
" ညီလေး… နတ်ဝိဇ္ဇာဂူရော သင်္ဘောပျံရောက လက်ရှိမှာ ပိုင်ရှင်ရှိနေတုန်းပဲကွ... ဒါပေမဲ့ စိတ်မပူပါနဲ့။ နောက်ငါးရက်နေရင် ယူလို့ရပြီ။ သိုလှောင်အိတ်အတွက်ကတော့ ပြဿနာမရှိဘူး။ ခဏလောက်စောင့် "
အပြာရောင်အင်္ကျီနှင့် သက်လတ်ပိုင်းလူကြီးမှာ ထိုသို့ဆိုလိုက်ပြီး ဒုတိယထပ်သို့ တက်သွား၏။ ခဏအကြာတွင် သူသည် အပြာရောင် အိတ်တစ်လုံးနှင့်အတူ ပြန်ရောက်လာပြီး ၎င်းအား ဝမ်ပေါင်လဲ့၏ရှေ့၌ တရိုတသေ ချထားလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ မျက်မှောင်ကြုတ်မိလိုက်၏။ ထိုလူကြီး၏ အပြုအမူများမှာ နှစ်လိုဖွယ်ကောင်းနေသည် မဟုတ်ပါလော။ ထို့အပြင် နောက်ထပ်ငါးရက် ထပ်၍စောင့်ဆိုင်းရခြင်းမှာ သူ့အတွက် ကိစ္စမရှိပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ လိမ္မာပါးနပ်သူတစ်ယောက် ဖြစ်သောကြောင့် သက်တံ့ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး စားပွဲခုံပေါ်သို့တင်ကာ ပြုံးပြလိုက်၏။
" အစ်ကို။ ကျနော့်ကို ဂရုစိုက်ပေးဦးနော်။ ကျနော် နတ်ဝိဇ္ဇာဂူထဲ ပြောင်းလာတဲ့ အချိန်ကျရင် ကျေးဇူးဆပ်ပါ့မယ် "
ထိုအခါ အပြာရောင်အင်္ကျီနှင့် သက်လတ်ပိုင်းလူကြီးမှာ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူသည် ရယ်မောကာ ဖော်ရွေသော လေသံဖြင့် ကတိပေးလိုက်၏။
" စိတ်မပူပါနဲ့ ညီလေး။ နတ်ဝိဇ္ဇာဂူက သေချာပေါက် ရက်အနည်းငယ်အတွင်း ရမှာပါ။ ဒါပေမဲ့ သင်္ဘောပျံကိုတော့ နည်းနည်းစောင့်ရလိမ့်မယ်။ တခြားလူတွေ သုံးထားပြီးသားပစ္စည်းကို ညီလေး သုံးချင်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ အသစ်တစ်စင်း ထပ်လုပ်ဖို့ အချိန်ပေးရမှာ "
အပြာရောင်အင်္ကျီနှင့် သက်လတ်ပိုင်းလူကြီးမှာ ဝိညာဉ်ကျောက်တုံးအား သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်၏။ သူ၏ ရိုးသားမှုအပြည့်ပါသော ပြောဆိုဆက်ဆံပုံကြောင့် ဝမ်ပေါင်လဲ့မှာ အခြားပြောစရာစကား မရှိတော့သဖြင့် ထွက်ခွာလာ၏။ ထို့နောက် သူသည် ကျောက်စိမ်းပေလွှာပေါ်တွင်ပါသော လမ်းညွှန်ချက်အတိုင်း လျှောက်လှမ်းသွားတော့သည်။ သူ နေထိုင်ရမည့် နေရာသို့ ရောက်ခါနီးအချိန်တွင် သူသည် ရုတ်တရက် ရပ်တန့်သွား၏။ ထို့နောက် မယုံသင်္ကာနှင့် နှာခေါင်း တရှုပ်ရှုပ် လုပ်လိုက်ပြီးနောက် သူ၏မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားတော့သည်။
" ဒီအနံ့ကို ... ငါ ရင်းရင်းနှီးနှီး သိနေပါတယ် "