တာအိုဥသျှောင်
Vol. 96 Ch. 1334
သခင်ချိုင်သည် မန်ဟိုထံမှ ဖြာထွက်နေသော ဖိအားကို ခံစားလိုက်ရ၏။ ဤအပြင်သူတာအိုဥသျှောင်ကိုယ်ပွား ယခုလိုပြုမူနေသည်ကိုလည်း ပထမဆုံးအကြိမ် သူ မြင်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူလည်း အပြင်သူနှင့်အတူ ချက်ချင်း ပူးပေါင်းပေးလိုက်၏။
သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေသည်။ သူ့ကို လုံးလုံးလျားလျား တုန်လှုပ်ချောက်ချားစေခဲ့သော မန်ဟို့အား လျှော့တွက်မရကြောင်း သူ သိသည်။
သခင်ချိုင်သည် တွန့်ဆုတ်မနေဘဲ မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ အနှစ်သာရစွမ်းအား ဖြာဆင်းလာသည်။ သူ၏အနှစ်သာရငါးခုလုံး ထုတ်လွှတ်ခံလိုက်ရပြီး ငါးခုအနက် အစွမ်းအကြီးမားဆုံးက နောက်ဆုံးတစ်ခု၊ အလင်းအနှစ်သာရဖြစ်သည်။
ဆင့်ခေါ်ခံလိုက်ရသည်က အလင်း၏တောက်ပမှုမဟုတ်ဘဲ အလင်း၏အမြန်နှုန်း ဖြစ်ချေသည်။ ဆဋ္ဌမတောင်ပင်လယ်သခင်မှာ အမြန်နှုန်းအရာ၌ တစ်ဖက်ကမ်းခတ် ထူးချွန်ပြောင်မြောက်ခဲ့သူပင်။
သူက လျင်မြန်စွာ ချဉ်းကပ်လာရင်း လက်ကို ဝှေ့ယမ်းလိုက်ကာ သူ၏အနှစ်သာရများအား နတ်ဘုရားစွမ်းရည်များအသွင် ပြောင်းလိုက်သည်။ ကောင်းကင်ထက်တွင် အရောင်အဝါများ လင်းလက်သွားပြီး ကြယ်များ တုန်ရီနေစဉ် အနှစ်သာရလက်ကြီးတစ်ဖက်က မန်ဟို့ကို လှမ်းဖမ်းရင်း ပေါ်လာခဲ့သည်။
သူနှင့်အပြင်သူသည် မန်ဟို့ကို မညှာမတာ တိုက်ခိုက်နေကြ၏။ မှော်ပစ္စည်းများကိုပင် အသုံးပြုနေကြသည်။ အပြင်သူတာအိုဥသျှောင်ကိုယ်ပွားအတွက်အတူ သူ၏အကြေးခွံတစ်ခွံစီတိုင်းသည် ကြောက်ခမန်းလိလိစွမ်းအားတို့ဖြင့် မှော်ပစ္စည်းတစ်ခုပမာဖြစ်ရာ အကုန်လုံးပေါင်းစည်းသွားသည့်အခါ ကြယ်တာရာများကိုပင် ဖျက်စီးပစ်နိုင်၏။
သခင်ချိုင်တွင်မူ ကြက်သွေးရောင်ပုလဲနှစ်လုံးအသွင် မှော်ပစ္စည်းများ ရှိသည်။ ၎င်းတို့က သူ့ကို ရစ်သိုင်းလည်ပတ်ရင်း အနီရောင်ဥက္ကာခဲနှစ်လုံးဖြစ်လာကာ ထိတ်လန့်ဖွယ်ဖိအားကို ထုတ်လွှတ်လျက် ရှေ့သို့တဟုန်ထိုး ထွက်သွားတော့သည်။
ဤအစွမ်းထက်ပညာရှင်နှစ်ယောက်က မန်ဟို့ကို သတ်ဖို့ ပြိုင်တူကြိုးစားကြသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ရိုက်ခတ်သွားသည်။ ထိုစဉ် သခင်ဝူမှာ သူ့ဒိုင်း၏အနောက်၌ စိုးရိမ်စွာ ထိုင်နေသည်။
သို့သော် မန်ဟို့အမူအရာက တည်ငြိမ်အေးဆေးနေရာမှ တစ်ချက်ပြောင်းလဲမသွားခဲ့ပေ။ သူက ချဉ်းကပ်လာနေသော ရန်သူနှစ်ယောက်ကို ကြည့်ကာ ပြုံးသည်။ ရုတ်တရက်ဆိုသလို သူသည် နတ်ဘုရားသင်္ချိုင်းလျှိုအတွင်းထဲက ရှေးဟောင်းပုံရိပ်ယောင်ကမ္ဘာထဲ ဝင်ရောက်သွားခဲ့စဉ်တုန်းက သူ့အား ဒေါသတကြီး ဟိန်းဟောက်လိုက်သော ဧရာမနတ်ဘုရားကြီးအကြောင်း တွေးလိုက်မိ၏။
“နတ်ဘုရားတစ်ပါးရဲ့ဟိန်းသံ...” သူက တိုးညင်းစွာ ရေရွတ်သည်။ အပြင်သူနှင့် သခင်ချိုင် အနားရောက်လာသည့်အခါ သူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပလာပြီး သူ၏ပါးစပ်ကို ဟလိုက်သည်။ ရုတ်ခြည်းပင် သူ၏အပြင်အားကိုယ်ခွန်အားသည် ဒုတိယပျက်စီးခြင်း၏ချုပ်ချယ်ခြင်းမခံရဘဲ လိမ့်ဖြာထွက်သွား၏။
ဂရားးးးးးးးးးးးးးးးးးးးးးး
ကြောက်မက်ဖွယ်ဟိန်းသံကြီးက မန်ဟို့ပါးစပ်မှ ထွက်လာသည်။ သို့သော် မည်သည့်အသံကိုမှ မကြားရပေ။ သူ့အသံသည် ... အသံလှိုင်းရပ်ဝန်းထက်ပင် ကျယ်လောင်နေသည့်အလား၊ မည်သည့်သဘာဝနိယာမမှ ၎င်းကို မခုခံနိုင်သည့်အလား ထင်ရ၏။ ကြယ်တာရာကောင်းကင်မှာ ကြေမွသွားပြီး ကောင်းကင်များမှာ ပျောက်ကွယ်လုနီးပါး တဖျတ်ဖျတ် ဖြစ်သွားသည်။ အမှန်တွင် ... ဤအသံသည် ကျင့်ကြံသူများသော်လည်းကောင်း၊ အပြင်သူများသော်လည်းကောင်း ကြားနိုင်သည့်အဆင့်ထက် ကျော်လွန်နေ၏။
မန်ဟိုက ရှေးခေတ်မှ ဟိန်းသံကို ပစ္စုပ္ပန်ကာလတွင် ဟိန်းထွက်သွားစေလိုက်သဖြင့် တုန်ခါလှိုင်းတစ်လှိုင်းက ဟင်းလင်းပြင်ကို ဖျက်စီးရင်း ဂယက်ဖြာထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သောလှိုင်းဂယက်များက သူ့အရှေ့ရှိ ဟင်းလင်းပြင်ကို တွန့်လိမ်ရှုံ့သွားစေပြီး လေမုန်တိုင်းကြီးအသွင်ပြောင်းသွားသည်။ လေမုန်တိုင်းက အပြင်သူတာအိုဥသျှောင်ကိုယ်ပွားနှင့် ဆဋ္ဌမတောင်ပင်လယ်သခင်ကို ဝင်တိုက်လိုက်လေပြီ။
ဘုန်းးးးးးးးးးးး
အပြင်သူကိုယ်ပွားမှာ သွေးတစ်လုပ်အန်ရလိုက်သည်။ သူ့မှာ အပိုင်းပိုင်းပြတ်ထွက်တော့မည့်အလား ခံစားလိုက်ရ၍ စူးစူးဝါးဝါးအော်တော့သည်။ သို့သော် ထိုအော်သံမှာ သူ့ကို မီတာထောင်ချီရှည်လျားသော အိမ်မြှောင်ကြီးအသွင် ပြန်ပြောင်းသွားအောင် ဖိအားပေးလိုက်သည့် ဟိန်းသံကြီး၏အောက်ဝယ် နစ်မြုပ်သွားလေသည်။ သူ့မှာ မူလပုံစံပြောင်းမှ တောင့်ခံနိုင်လိုက်သော်လည်း နောက်သို့လွင့်ထွက်သွားသေး၏။
သခင်ချိုင်မှာတော့ ဟိန်းသံကို ရင်ဆိုင်နိုင်သည့်အခြေအနေ မရှိပေ။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်လာပြီး သူ၏အသွေးအသားတို့သည် သူ့ခြေနှစ်ဖက်လုံး တစစီ ပြတ်ထွက်သွားသည့်အတိုင်းအတာအထိ စုတ်ပြတ်သပ်သွား၏။ အရိုးများပင်လျှင် ပြာကျကုန်လေသည်။
သူ၏အံ့ဖွယ်အမြန်နှုန်းဖြင့် နောက်ဆုတ်လိုက်၍သာ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ နည်းနည်းလေး နောက်ကျသွားခဲ့ပါက ခြေနှစ်ချောင်းထက်ပို၍ ဆုံးရှုံးခဲ့ရလိမ့်မည်။
ဒိုင်း၏အနောက်၌ ထိုင်နေသော ခရမ်းရောင်ဝတ်ရုံနှင့် သခင်ဝူမှာတော့ မျက်လုံးအပြူးသားနှင့် ချာချာလည်နေသည်။ သူ့မှာ ရဲစွမ်းသတ္တိရှိသော မန်ဟို၊ စုတ်ပြတ်သပ်နေသော သခင်ချိုင်နှင့် ကိုးရို့ကားယားဖြစ်နေသော အပြင်သူတာအိုဥသျှောင်ကိုယ်ပွားတို့ကို စိုက်ကြည့်နေရုံအပြင် မတတ်နိုင်ပေ။
ဤအခိုက်အတန့်တွင် ထိုကိုယ်ပွား၏ မှော်ပစ္စည်း၊ အကြေးခွံအားလုံး စိစိညက်ညက်ကြေကာ ဖုန်ဖြစ်သွားတော့သည်။
ဆဋ္ဌမတောင်ပင်လယ်သခင်၏ ပုလဲနှစ်လုံးလည်း ကွဲသွားပြီး အနီရောင်အမှုန့်များအဖြစ် လွင့်မျောပျောက်ကွယ်သွားသည်။
“အနှစ်သာရ ၆ ခု ... တာအိုဥသျှောင်” ဆဋ္ဌမတောင်ပင်လယ်သခင်မှာ တစ်ကမ္ဘာလုံး ဇောက်ထိုးမိုးမျှော်လည်သွားသလို ခံစားလိုက်ရသည်။ သူ့မှာ သူ့ဒဏ်ရာများကိုလည်း ထည့်မတွက်နိုင်တော့သလို၊ သူ့မှော်ပစ္စည်းများ ပျက်စီးသွားသည်ကိုပင် သတိမပြုမိတော့ပေ။ မန်ဟို့ကို စိုက်ကြည့်နေစဉ် ဧရာမအံ့ဩခြင်းလှိုင်းလုံးကြီးများက သူ့စိတ်ကို ဝင်ဆောင့်နေ၏။
အနှစ်သာရ ၆ ခု တာအိုဥသျှောင်အဆင့်မဟုတ်ဘဲ ထိုမျှထိတ်လန့်ချောက်ချားဖွယ်စွမ်းအားကို မည်သည့်ကျင့်ကြံသူမှ ထုတ်လွှတ်နိုင်မည်မဟုတ်ပေ။
သူ့မှာ စောစောလေးကတင် အနှစ်သာရ ၆ ခု တာအိုဥသျှောင်များအကြောင်း သူ ပြောခဲ့သည့် စကားကို ပြန်သတိရလိုက်သည်။ သို့ထိတိုင် ယခု ဤနေရာတွင် ... ထိုကဲ့သို့လူတစ်ယောက်ကို သူ ရင်ဆိုင်နေရလေပြီ။
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ တောင်ပင်လယ်လောကက ချုပ်နှောင်ခံထားရတာ။ ခိတိဂဗ္ဗက အဲဒီချုပ်နှောင်စည်းကို ကျော်ဖို့ ဘဝပြန်ဝင်စားခြင်းစွမ်းအားကို သုံးခဲ့ပေမယ့် သူက လွဲပြီး ဘယ်သူမှ အဲဒီလိုအဆင့်မတက်နိုင်ဘူး...”
အပြင်သူကိုယ်ပွားလည်း ကြောက်လန့်နေသောမျက်လုံးများဖြင့် မန်ဟို့ကို ကြည့်ရင်း တုန်ရီနေသည်။ သူ့မှာ သူ၏ကိုယ်အစစ်ဖြင့် မန်ဟို့ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိပါ့မလားပင် တွေးနေမိသည်။
ထိုကဲ့သို့စွမ်းအားမှာ စိတ်ကူးကြည့်၍ပင်မရပေ။ အဋ္ဌမတောင်ပင်လယ်တွင် ဆုံတွေ့ခဲ့တုန်းကထက် ... မန်ဟိုကား အနည်းဆုံးဆယ်ဆ အစွမ်းပိုထက်နေလေပြီ။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဤအစွမ်းထက်ပညာရှင်သုံးဦး တုန်လှုပ်အံ့ဩနေသည့်အချိန်မှာပင် မန်ဟို့မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားပြီး သွေးတစ်လုပ်အန်လိုက်ရသည်။ ဒဏ်ရာရသွား၍မဟုတ်၊ ဒုတိယပျက်စီးခြင်းက အရေးပါသောအခိုက်အတန့်သို့ ရောက်လာခဲ့ပြီး အဆုံးသတ်တော့မည့်အတွက်ကြောင့်ပင်။ ၎င်း အဆုံးသတ်သွားသည်နှင့် သူ၏အပြင်အားကိုယ်သည် ... အနှစ်သာရ ၆ ခု တာအိုဥသျှောင်အဆင့်သို့ အမှန်တကယ် ဝင်ရောက်သွားလိမ့်မည်။
စောစောက သူ၏တိုက်ကွက်သည် အပြင်အားကိုယ်ခွန်အားကို ဆင့်ခေါ်ခဲ့လေရာ ဒုတိယပျက်စီးခြင်းကို ဖွင့်ပေးလိုက်သလို ဖြစ်ခဲ့လိမ့်မည်။ သို့သော် မန်ဟိုက ဂရုမစိုက်ပေ။ သူ၏အပြင်အားကိုယ်သည် တိုက်ခိုက်နေရင်းတန်းလန်း ထိုပြစ်ဒဏ်ကို ထိန်းချုပ်နိုင်သေးသည်အထိ သန်မာနေပြီမဟုတ်ပါလော။
“စိတ်တော့မရှိပါနဲ့ ကျုပ်က အခုထက်ထိ တာအိုဥသျှောင်မဟုတ်သေးဘူး” သူက အေးစက်စွာ ပြောလိုက်သည်။
ထိုအခါ အပြင်သူတာအိုဥသျှောင်ကိုယ်ပွား၏ မျက်လုံးများ တောက်ပလာသည်။ “သူ ဒဏ်ရာရသွားပြီ။ ခုနကလို တိုက်ခိုက်တာက သူ့ကို ဒဏ်ရာရစေခဲ့တာပဲ။ ငါတို့ ဆက်တိုက်ရင် သူ့ဒဏ်ရာတွေ ဆိုးရွားလာလိမ့်မယ်။ ဒီကောင် ဒီနေ့ သေကိုသေစေရမယ်”
ဆဋ္ဌမတောင်ပင်လယ်သခင်၊ သခင်ချိုင်မှာ မျှော်လင့်ချက်မဲ့နေခဲ့၍ တိုက်ခိုက်လိုစိတ် ကုန်ခမ်းသွားခဲ့သည်။ သို့သော် မန်ဟို သွေးတစ်ပွက်အန်လိုက်ရသည်ကို မြင်လျှင် သူ၏မျက်လုံးများ လင်းလက်လာပြီး မျှော်လင့်ခြင်းမီးစသည် သူ့နှလုံးသားထဲ၌ တစ်ဖန်တောက်လောင်လာ၏။ သူက တွန့်ဆုတ်မနေဘဲ တိုက်ခိုက်တာ့သည်။
ပဉ္စမတောင်ပင်လယ်၏ သခင်ဝူက မာန်သွင်းဟိန်းဟောက်ရင်း မန်ဟို့ကို ကူညီဖို့ ဒိုင်းထဲမှ ထွက်လာရန် ကြိုးစားသည်။
သို့သော် ထိုအချိန်မှာပဲ မန်ဟိုသည် သွေးအေးအေး ပြုံးလိုက်၏။ နောက်ဆုတ်မည့်အစား သူက ရှေ့တစ်လှမ်းတက်၍ ညာလက်ကို ဆုပ်ကာ အပြင်သူကိုယ်ပွားထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
အသက်နုတ်လက်သီးသည် ပတ်ဝန်းကျင်ရှိ အရာအားလုံး၏ အသက်စွမ်းအားများကို စုပ်ယူပြီးနောက် အပြင်သူကို ထိုးနှက်လိုက်၏။ အပြင်သူမှာ ခန္ဓာကိုယ်ပြိုကွဲသွားတော့မည့်အလား ဖြစ်ကာ လွင့်ထွက်သွားတော့သည်။
မန်ဟိုက နှုတ်ခမ်းပါးနားသပ်လိုက်သည်။ ယခုလေးတင် အပြင်အားကိုယ်ခွန်အားကို ထုတ်လွှတ်ခဲ့သည့်အတွက် သူ့ကိုယ်ထဲရှိ ဒုတိယပျက်စီးခြင်း တစ်ဖန်ထကြွလာ၏။ သို့သော် သူ့အတွေးလေးတစ်ချက်က ၎င်းကို အလွယ်တကူ ဖိနှိပ်လိုက်လေသည်။
“ပြီးခါနီးပြီ” သူက ပြောပြီး တဟားဟားရယ်ရင်း သခင်ချိုင်၏လမ်းကြောင်းထဲတွင် ဘွားခနဲ ပေါ်လာသည်။
သခင်ချိုင်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ၏မျက်နှာများ ဝိုင်းစက်လာသည်။ သူ့မှာ နတ်ဘုရားစွမ်းရည်ထုတ်လွှတ်ရန်သော်လည်းကောင်း၊ နောက်ဆုတ်ရန်သော်လည်းကောင်း အချိန်မရတော့ပေ။ သူက လျှာကို ဖိကိုက်ရင်း သွေးမြူအသွင်ပြောင်းသွားသော သွေးတချို့ကို ထွေးထုတ်လိုက်သည်။ ထိုမြူထဲတွင် စူးစူးဝါးဝါးအော်ဟစ်ရင်း မန်ဟို့ထံ ပြေးဝင်လာကြသော မကျွတ်မလျွတ်ဝိညာဉ်များကို မြင်ရနိုင်သည်။
သို့သော် မန်ဟို့လက်သီးက မတူညီသောအချိန်နှင့်အာကာသတွင် တည်ရှိသကဲ့သို့ ၎င်းတို့ကို တိုက်ရိုက်ဖြတ်သန်းသွားလေသည်။ နတ်ဆိုးအငွေ့အသက်အပြည့်နှင့် လက်သီးသည် သခင်ချိုင်၏အရှေ့တည့်တည့်တွင် ပေါ်လာ၏။
လက်သီးတစ်ချက်ကြောင့် မိုးနှင့်မြေကား ကြေမွသွားရသည်။
ခေါင်းမှအပ ဆဋ္ဌမတောင်ပင်လယ်သခင်၏တစ်ကိုယ်လုံး ပေါက်ကွဲသွားသည်။ သူ့ခေါင်းပြတ်ကြီးက ကြောက်လန့်စွာ အော်ဟစ်ရင်း ဆန့်ကျင်ဘက်သို့ ထွက်ပြေးသွားလေသည်။
“ကျုပ် ခင်ဗျားကို လောလောဆယ်တော့ အသက်ချမ်းသာပေးထားမယ်” မန်ဟိုက ပြောသည်။ “တောင်ပင်လယ်လောကမှာ ... တာအိုဥသျှောင်စစ်စစ် ဖြစ်လာဖို့က မဖြစ်နိုင်တဲ့အရာမဟုတ်ဘူးဆိုတာ ခင်ဗျားကိုယ်တိုင် မြင်စေရမယ်” ထို့နောက် သူက ကောင်းကင်ကို မော့ကြည့်ပြီးနောက် ကြယ်တာရာများကို ပွေ့ပိုက်လိုသည့်အလား လက်နှစ်ဖက်လုံးကို မြင့်မြင့်မြှောက်လိုက်သည်။
ထို့နောက် သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး တောင်ပင်လယ်လောကတစ်ခုလုံး တသိမ့်သိမ့် တုန်လာသည်။
ထိုအခိုက်အတန့်တွင် ဒုတိယပျက်စီးခြင်း၏ နောက်ဆုံးလက်ကျန်စွမ်းအားမှာ မှေးမှိန်ပျောက်ကွယ်သွားသည်။ မန်ဟိုသည် သူ၏ခြောက်လုံးမြောက်ဝိညာဉ်မီးအိမ်ကို အလျှင်းငြှိမ်းသတ်၍ အသွေးနှင့်အသားကို ထိုနောက်ဆုံးအဆင့်ထဲသို့ တွန်းပို့နိုင်လိုက်၏။
ဝုန်းးးးးးးးးးး.....
မန်ဟိုကား စတင်ကြီးထွားလာသည်။ မီတာ ၃၀၊ မီတာ ၃၀၀၊ မီတာ ၆၀၀။
မီတာ ၉၀၀၊ မီတာ ၁၂၀၀၊ မီတာ ၁၅၀၀....
ထစ်ချုန်းသံအကျယ်ကြီးများ မြည်ဟည်းနေသည်။ ဖြစ်ပျက်နေသောအရာ၏ ကြီးကျယ်ခမ်းနားမှုက သခင်ချိုင်ကို ဆွံ့အသွားစေခဲ့ပြီး အပြင်သူတာအိုစောင့်ရှောက်သူ၏စိတ်ကို ချာချာလည်မူးဝေသွားစေသည်။
တောင်ပင်လယ်တစ်လောကလုံး နှစ်ပေါင်းအသင်္ချေတိုင် မဖြစ်ပျက်ခဲ့ဖူးသည့်အရာကို မျက်မြင်သက်သေတည်ပေးနေသည့်အလား တဝုန်းဝုန်း တုန်ခါနေသည်။
ထိုအရာကား ... စစ်မှန်သော တာအိုဥသျှောင်ဒုတိယတစ်ယောက် ပေါ်ထွန်းလာမှုပင်။
၎င်းက အပြင်အားကိုယ်တာအိုဥသျှောင်အဆင့်သာ ဖြစ်သော်လည်း မည်သို့ဆိုစေ တာအိုဥသျှောင်ဖြစ်နေသေးလေသည်။
ဝုန်းးးးးးးးးးးးးးး
မန်ဟို့အရပ်သည် လျင်မြန်စွာ မြင့်မားလာ၏။ မီတာ ၁၈၀၀၊ မီတာ ၂၁၀၀၊ မီတာ ၂၄၀၀၊ မီတာ ၂၇၀၀။
ဆက်လက်ကြီးထွားနေဆဲပင်။ သူ ကြီးထွားလာသည်နှင့်အမျှ သူ၏အရှိန်အဝါသည် ဆဋ္ဌမတောင်ပင်လယ်တစ်ဝန်း ပြည့်နှက်သွားသည်သာမက ကပ်လျက်တောင်ပင်လယ်များသို့ပင် ဖြာထွက်ပျံ့နှံ့သွား၏။
ဤအခိုက်အတန့်တွင် တောင်ကိုးလုံးစလုံး တဝုန်းဝုန်း တုန်ခါလာသည်။
ဤအခိုက်အတန့်တွင် နေ၊ လနှင့် ကျန်နက္ခတ်တာရာများသည် လင်းလက်စွာ တောက်ပလာကြ၏။
ဤအခိုက်အတန့်တွင် မန်ဟိုသည် မီတာ ၂၇၀၀ အမြင့်မှ မီတာ ၂၇၉၀ သို့ ရောက်ရှိသွား၏။ ထို့နောက် မီတာ ၂၉၁၀၊ မီတာ ၂၉၉၇ ... နောက်ဆုံးသုံးမီတာ လိုတော့သည်။
မီတာ ၃၀၀၀။
မီတာ ၃၀၀၀။ အစစ်အမှန်တာအိုဥသျှောင်အဆင့်။
ထိုအခိုက်အတန့်တွင် ရွှမ်းဝူလိပ်ကြီးကိုးကောင်လုံး အော်မြည်ကြသည်။ ကြယ်တာရာကောင်းကင်တစ်ခုလုံး စိုးမိုးထားခဲ့သည့် တောင်ပင်လယ်လောကစိတ်ဆန္ဒလည်း သောင်းကျန်းအုံ့ကြွလာသည်။ တိုက်ခိုက်နေသောလူတိုင်းလူတိုင်း မည်သည့်ဘက်မှဖြစ်စေ ဆဋ္ဌမတောင်ပင်လယ်ရှိ ပြီးပြည့်စုံစွာ အစွမ်းကြီးမားသောတစ်စုံတစ်ခုကို ခံစားလိုက်ကြရသည်။
“အခုကစပြီး ငါ မန်ဟိုက အစစ်အမှန်တာအိုဥသျှောင်တစ်ဦးဖြစ်ပြီ” မန်ဟိုသည် တိုးညင်းစွာ ပြောလိုက်သော်လည်း သူ၏အသံက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသည်။ မီတာ ၃၀၀၀ မြင့်မားသော သူကား အဆုံးမဲ့စွမ်းအားကို ထုတ်လွှတ်လျက်၊ မှော်သင်္ကေတများ အရေပြားတွင် ဖုံးလွှမ်းနေလျက် ရပ်နေ၏။
သူသည် ကြယ်တာရာကောင်းကင်ကို ဆုပ်ကိုင်နေသည့်အလား၊ ကံကြမ္မာကို ဖမ်းဆုပ်နေသည့်အလား ... မိုးနှင့်မြေကို ကိုင်ဆွဲနေသည့်အလား လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။