ရှုချင် ကိုယ် ရောက်လာပြီ
Vol. 96 Ch. 1335
တောင်ပင်လယ်ကိုးခုလုံး တုန်ခါနေသည်။ နတ်ရေကန်များထဲရှိ ရွှမ်းဝူလိပ်ကြီးကိုးကောင်သည် ဟိန်းနေကြပြီး တောင်ပင်လယ်လောက၏ အစိတ်အပိုင်းအားလုံးတွင် ပျံ့နှံ့နေခဲ့သော တောင်ပင်လယ်များ၏စိတ်ဆန္ဒက ယခုတွင် မန်ဟို့အပေါ်၌ စုဝေးလာနေလေပြီ။
ကြယ်တာရာကောင်းကင်၏ ထိပ်ဆုံးတွင် အရိပ်နှစ်ခု အကြိတ်အနယ် တိုက်ခိုက်နေကြသည်။ အဖြူရောင်ဝတ်ရုံကို ဝတ်ထားသော တစ်ယောက်က ပါရာဂွန်ပင်လယ်အိပ်မက်မှတစ်ပါး အခြားမဟုတ်ပေ။ သူမမျက်နှာသည် ဖြူဖျော့နေသော်လည်း သူမ၏မုဒြာလက်ကွက်များက အနှစ်သာရ ၇ ခု အပြင်သူပါရာဂွန်အောဂူအပေါ်သို့ ကြောက်မက်ဖွယ်အားလှိုင်းများ ရိုက်ခတ်နေစေသည်။
ဤမျှအချိန်များစွာ ကြာမြင့်ခဲပြီဖြစ်သည့်တိုင် သူတို့နှစ်ယောက်က တိုက်ခိုက်နေဆဲပင်။
သို့သော် မန်ဟို စစ်မှန်သော အပြင်အားကိုယ်တာအိုဥသျှောင်အဆင့်သို့ ဝင်ရောက်လိုက်သည်နှင့် ပါရာဂွန်ပင်လယ်အိပ်မက်၏မျက်လုံးများသည် လင်းလက်တောက်ပလာ၏။ ပါရာဂွန်အောဂူမှာတော့ မျက်နှာပျက်သွားသည်။
“မဖြစ်နိုင်ဘူး။ ခိတိဂဗ္ဗက ဘဝပြန်ဝင်စားခြင်းကို စိုးမိုးနိုင်တာကြောင့် အဆင့်တက်နိုင်ခဲ့တာ။ ဒါပေမဲ့ မန်ဟိုက .. သူက ... သောက်ကျိုးနည်း။ သူက ပါရာဂွန်ကိုးတံဆိပ်ရဲ့ ဆက်ခံသူ။ တောင်ပင်လယ်လောကရဲ့ သခင်အလောင်းအလျာပါလား”
“အို နင် မသိခဲ့ဘူးလား” ပင်လယ်အိပ်မက်က အောဂူ တိုက်ပွဲထဲမှ ထွက်မသွားနိုင်အောင် ဟန့်တားရင်း အေးတိအေးစက် ပြောသည်။
တစ်ချိန်တည်းမှာပင် စတုတ္ထတောင်ပင်လယ်တွင် ရှုချင်သည် အပြင်သူများကို ထိုးနှက်နေသော တိုက်စစ်ကြောင်းကို ညွှန်ကြားကွပ်ကဲနေ၏။ ရုတ်တရက်ဆိုသလို သူမ၏နှလုံးသားလေး သိမ့်ခနဲ တုန်သွားပြီး ဆဋ္ဌမတောင်ပင်လယ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ တခဏကြာသော် နွေးထွေးသောအပြုံးပန်းလေးတစ်ပွင့်က သူမမျက်နှာလေးထက်တွင် ပွင့်လန်းလာ၏။
စတုတ္ထတောင်ပင်လယ်ရှိ စစ်မြေပြင်နောက်တစ်ခုတွင် ခိတိဂဗ္ဗနှင့် ကောင်းကင်ဘုံ (၁) ၏ အင်ပါယာသခင်အကြား ရင်သပ်ရှုမောဖွယ်တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေသည်။
အင်ပါယာသခင်၏ ကျင့်ကြံခြင်းအခြေခံသည် အနှစ်သာရ ၆ ခု အဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သည့်အတွက် ပါရာဂွန်များမှအပ ကျန်ရှိသူတိုင်းထက် အစွမ်းထက်၏။ သူကား ပါရာဂွန်တစ်ပိုင်းဖြစ်နေသည့်တိုင် ခိတိဂဗ္ဗသည်လည်း ထူးချွန်ပြောင်မြောက်ပေသည်။ သူ၏လက်တစ်ချက်ဝှေ့ယမ်းမှုက မရေမတွက်နိုင်သော မြေအောက်နန်းတော်များကို သက်ဆင်းလာစေသည်။ သူ၏မုဒြာလက်ကွက်များသည် ကြီးမြတ်သော ဘဝပြန်ဝင်စားခြင်းစွမ်းအားကို ထုတ်လွှတ်လျက်ရှိ၏။ သူ့ခြေထောက်အောက်တွင် စီးဆင်းနေသော မြစ်ဝါမြစ်ကြောင့် သူသည် ရှင်ခြင်းနှင့်သေခြင်းအားလုံးကို စိုးမိုးခြယ်လှယ်နိုင်ပုံပေါ်နေသည်။
သူ့အနေဖြင့် ပြင်ပအင်အားကို ထိန်းချုပ်နိုင်သည့်အတွက်ကြောင့်၊ သူ့အိမ်တွင် တိုက်ခိုက်နေရသည့်အတွက်ကြောင့် အင်ပါယာသခင်ကို တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ သို့ထိတိုင် ခိတိဂဗ္ဗသည် တောင်ပင်လယ်လောကတွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်အဖြစ် ဘာကြောင့်နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျော်ကြားခဲ့သလဲ ထင်ရှားပေ၏။
ဤအခိုက်အတန့်တွင် ခိတိဂဗ္ဗလည်း ဆဋ္ဌမတောင်ပင်လယ်မှ လာနေသော မန်ဟို၏ကြောက်မက်ဖွယ် တာအိုဥသျှောင်အဆင့်ခွန်အားကို ခံစားလိုက်ရသည်။ အပြင်သူအင်ပါယာသခင်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည့်အချိန်တွင် ခိတိဂဗ္ဗ၏မျက်လုံးများ လင်းလက်တောက်ပလာပြီး သူက ခေါင်းနောက်လှန်ကာ လှိုက်လှိုက်လှဲလှဲ ရယ်တော့သည်။
မန်ဟို မည်မျှထူးချွန်ပြောင်မြောက်သည်ကို သူ သတိထားမိခဲ့သည်မှာ နှစ်နှင့်ချီခဲ့ပြီဖြစ်၍ သူနှင့် မိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့၏။ သူသည် ရှုချင်ကို သူ၏နောက်ဆုံးတပည့်အဖြစ် လက်ခံခဲ့ပြီး သူမကလည်း သူ့ကို စိတ်မပျက်စေပေ။ နောက်ဆုံးတွင် ရှုချင်သည် သနင်္ဂဗျူဟာအရာ၌ ရှားပါးသောပါရမီရှင်တစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့၍ စတုတ္ထတောင်ပင်လယ်တစ်ခုလုံး၏ စစ်ဗျူဟာမှူးအဖြစ် ခန့်အပ်ခံခဲ့ရ၏။ ထို့နောက် မန်ဟိုက စစ်မှန်သော တာအိုဥသျှောင်တစ်ဦး ဖြစ်လာခဲ့လေပြီ။
ခိတိဂဗ္ဗ၏ အားရကျေနပ်နေသော ရယ်သံကြီးက အင်ပါယာသခင်ကို ပို၍ပင်စိတ်ဆင်းရဲလာစေသည်။
ထိုစဉ် နဝမတောင်ပင်လယ်၊ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ရွှေတုန်းလျှိုသည် တောင်ထိပ်တွင် ထိုင်လျက်ရှိသေး၏။ ရုတ်တရက် သူက ဆဋ္ဌမတောင်ပင်လယ်ရှိရာသို့ ခေါင်းလှည့်ကြည့်ကာ ပြုံးလိုက်သည်။
“နောက်ဆုံးတော့ ဒီနေ့ရောက်လာခဲ့ပြီ။ တာအိုဥသျှောင်အဆင့်အပြင်အားကိုယ်.... ဒီတောင်ပင်လယ်စစ်ပွဲမှာ မျှော်လင့်ချက်တော့ ရှိလာပြီထင်ပါရဲ့....” သက်ပြင်းချရင်း သူသည် အင်္ကျီလက်စကို ခါလိုက်သည်။ “တောင်ပင်လယ်လောက စိစစ်သုံးသပ်ပြီး ပုံတူပွားခြင်း စတင်တော့
“ပထမစစ်ပွဲမှာ အခုလိုမျိုး မဖြစ်ခဲ့တာ ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ။ ဒီလိုဖြစ်ခဲ့ရင် ပါရာဂွန်အင်မော်တယ်လောကဟာ ရက်ရက်စက်စက် အနိုင်ယူခံခဲ့ရမှာမဟုတ်ပေဘူး....”
ဆဋ္ဌမတောင်ပင်လယ်တွင် မီတာ ၃၀၀၀ အမြင့် မန်ဟိုသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။ တောင်ပင်လယ်လောကစွမ်းအားက တောင်ပင်လယ်များ၏စိတ်ဆန္ဒဖြင့် ပြည့်နှက်နေလျက် သက်ဆင်းလာပြီး မန်ဟို့ကို ရစ်သိုင်းလှည့်ပတ်ကာ သူ့ကိုယ်ထဲ ဝင်ရောက်သွားသည်။
၎င်းက သူ့ကို စိစစ်သုံးသပ်နေလေသည်။ ထိုအထိအတွေ့က မန်ဟို့အတွက် လွန်စွာထူးဆန်းသော်လည်း ၎င်းကို မနှောင့်ယှက်ဘဲ ဆဋ္ဌမတောင်ပင်လယ်သခင်ချိုင်နှင့် အပြင်သူတာအိုဥသျှောင်ကို ငုံ့ကြည့်လိုက်သည်။
ကိုယ်ပွားမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ခေါင်းနပန်းကြီးနေသည်။ သူက တွန့်ဆုတ်မနေဘဲ ထွက်ပြေးဖို့ ကြိုးစားသည်။ ယခုတွင် မန်ဟို့ကို မယှဉ်နိုင်တော့မှန်း သူ သိသည်။ မန်ဟို၏ကြောက်ခမန်းလိလိစွမ်းအားက သူ့ကို မျှော်လင့်ချက်မဲ့စေခဲ့လေပြီ။
“တာအိုဥသျှောင်အဆင့် အပြင်အားကိုယ်တဲ့လား။ သောက်ကျိုးနည်း။ တာအိုဥသျှောင်အဆင့် ကျင့်ကြံခြင်းအခြေခံကို ရဖို့ထက်အောင် ခက်ခဲသေးတယ်။ သူ ... ဘယ်.. ဘယ်လိုများ လုပ်ခဲ့တာပါလိမ့်။ နေဦး... နတ်ဘုရားသွေးအရှိန်အဝါရှိနေတယ်။ သူက နတ်ဘုရားသွေးကို စုပ်ယူခဲ့တာပဲ” ကိုယ်ပွားကား ပျောက်ကွယ်ပေတော့မည်။ ဤနေရာသို့ ကိုယ်အစစ်ဖြင့် ရောက်လာခဲ့လျှင်တောင်မှ မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်သေးမှန်း သဘောပေါက်လိုက်သဖြင့် သူ့မှာ ကြောက်လန့်တုန်ရီလာ၏။
မန်ဟို့စွမ်းအားသည် အပြင်အားကိုယ်တစ်ခုတည်းအပေါ်၌သာ မမူတည်ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံ၊ သူ၏မှော်သိုင်းကွက်များ၊ သူ၏နတ်ဘုရားစွမ်းရည်အားလုံးက ကြောက်စရာကောင်းသည်မဟုတ်ပါလော။
သို့သော် ကိုယ်ပွားမှာ လွတ်တော့မည်ဟု တွေးနေတုန်းရှိသေး၊ မန်ဟို့မျက်လုံးများက လင်းခနဲ လက်သွားပြီး သူ့ညာလက်သည် ဖမ်းဆုပ်ဟန် လုပ်လိုက်၏။ မမြင်ရသော လက်ကြီးတစ်ဖက်က သူ့ကို ဖိနှိပ်နေသကဲ့သို့ ကိုယ်ပွား၏ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ဝုန်းခနဲ ကြေမွကျွံကျသွားလေပြီ။
“မန်ဟို ကောင်းကင်ဘုံ ၃၃ ဘုံက မင်းတို့မျိုးနွယ်စုတစ်စုလုံးကို အပြတ်ရှင်းပစ်လိမ့်မယ်။ တောင်ပင်လယ်လောကသား တစ်ယောက်မှမကျန်အောင် ငါတို့ ရှင်းပစ်မှာ” အပြင်သူတာအိုဥသျှောင်၏ကိုယ်ပွား နှိမ်နင်းခံလိုက်ရစဉ် အလျှော့မပေးနိုင်သော အမုန်းတရားအပြည့်နှင့် အော်သံကြီးက ပဲ့တင်ထပ်ကျန်ခဲ့သည်။
မန်ဟိုက သူ၏ကြိမ်းဝါးသံများကို အရေးမစိုက်ဘဲ သခင်ချိုင်ကို လှည့်ကြည့်သည်။
“တာအိုဥသျှောင်...” ထိုလူက ခါးသီးစွာ ပြောသည်။ သူ့မှာ ‘တောင်ပင်လယ်လောကတွင် တာအိုဥသျှောင်နောက်တစ်ဦး ဘယ်တော့မှ ပေါ်ထွန်းလာမည်မဟုတ်ဟု’ အခိုင်အမာကြွေးကြော်ခဲ့မိ၍ ‘တာအိုဥသျှောင်’ ဆိုသော စကားလုံးများကို ခဲရာခဲဆစ် ပြောလိုက်ရ၏။
ယခုတော့ သူ့အရှေ့တွင် ရပ်နေသူကား တာအိုဥသျှောင်တစ်ဦးမှတစ်ပါး အခြားမဟုတ်ပေ။
သူ့မှာ ယူကျုံးမရဖြစ်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံအတွက် သူသည် မိမိအိမ်နှင့် မိမိလူများကို သစ္စာဖောက်ခဲ့၏။ ယခုတော့ ... မှားခဲ့လေပြီ။
သခင်ချိုင်သည် မျက်လုံးများကို ပိတ်၍ သူ လုပ်ခဲ့သမျှအားလုံး တန်ခဲ့ရဲ့လားဟု သူ့ကိုယ်သူ ပြန်မေးလိုက်၏။ အဖြေကား မရှိ။
သူ့မျက်လုံးများ ပိတ်လိုက်သည့်အချိန်မှာပင် မန်ဟိုက ညာလက်ကို ဆန့်တန်း၍ သခင်ချိုင်၏နောက်ဆုံးလက်ကျန် ခေါင်းထံသို့ ဝှေ့ယမ်းလိုက်သည်။ ခေါင်းသည် ဖောင်းနဲ အစိတ်စိတ်အမြွှာမြွှာ ကွဲသွား၏။ ဆဋ္ဌမတောင်ပင်လယ်သခင်ကား နိဂုံးချုပ်သွားလေပြီ။
သခင်ဝူက ဒိုင်းအတွင်းမှ ထွက်လာပြီး ဒွိဟဖြစ်နေသောခံစားချက်များဖြင့် သခင်ချိုင် သေဆုံးသွားသည်ကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။
“နှမြောစရာကောင်းလိုက်တာ....” သူက ခေါင်းခါရမ်းရင်း ပြောသည်။ ထို့နောက် မန်ဟို့ကို ကြည့်ပြီး လက်ယှက်အရိုအသေပေး၏။
“ကျုပ်က ပဉ္စမတောင်ပင်လယ်သခင်ပါ။ ဂါဝရပြုပါတယ်... အရှင်တာအိုဥသျှောင်”
မန်ဟိုက တုံ့ပြန်စကားဆိုမည့်အချိန်မှာပင် ရုတ်တရက် ရေရွတ်လိုက်သည်။ “ဟင်”
တောင်ပင်လယ်များ၏စိတ်ဆန္ဒသည် အပြင်သူများကို ဖိနှိပ်ထားသည်ကို ရပ်ပြီး သူ့အပေါ်၌ စုဆုံလာနေကြောင်း သူ ရုတ်တရက် သတိထားမိလိုက်၏။
သူ့ကိုယ်ထဲရှိ တောင်ပင်လယ်လောကစိတ်ဆန္ဒက ... သူ၏အပြင်အားကိုယ်ကို ပွားနေသည့်အလား ထင်ရပေသည်။
၎င်းက ခြောက်ပစ်သဲလဲကင်းစင်သော ကိုယ်ပွားမဟုတ်သော်လည်း ရှစ်ဆယ်ရာခိုင်နှုန်းတော့ ပြီးပြည့်စုံသန့်စင်၏။ ၎င်းသည် ပြီးမြောက်သွားသောအခါ ပြိုကွဲပြီးနောက် တောင်ပင်လယ်လောကတစ်ခုလုံးကို လွှမ်းခြုံရန် ပျံ့နှံ့သွားသည်။ ရုတ်တရက် တောင်ပင်လယ်လောကသားကျင့်ကြံသူတိုင်းသည် ... အပြင်အားကိုယ်ပြောင်းလဲမှုများကို စတင်ကြုံတွေ့လာကြ၏။
ထိုတဒင်္ဂလေးအတွင်း ကျင့်ကြံသူအားလုံး၏ အပြင်အားကိုယ်များသည် ခွန်အားနှစ်ဆတိတိ တိုးသွားခဲ့ကြသည်။
သူတို့၏ကျင့်ကြံခြင်းအဆင့် သို့မဟုတ် အပြင်အားကိုယ်အဆင့် မည်သို့ပင်ဖြစ်စေကာမူ ... ဤတိုးတက်မှုသည် သူတို့၏ကိုယ်ပိုင်စွမ်းအားနှင့် လားလားမျှမဆိုင်ပေ။ ၎င်းက ကျင့်ကြံသူအားလုံး၏ အပြင်အားကိုယ်များ ပြန်လည်မွေးဖွားလာသကဲ့သို့ ပြောင်းလဲသွားစေသော တောင်ပင်လယ်လောက၏ ချီးမြှောက်မှုတစ်ခုဖြစ်သည်။
မန်ဟို့အပြင်အားကိုယ်၏ သွင်ပြင်လက္ခဏာများကား တောင်ပင်လယ်လောကသား ကျင့်ကြံသူအားလုံးထံသို့ ဆင့်ကမ်းပေးအပ်ခြင်းခံနေရလေသည်။
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော စစ်မြေပြင်များထက်ရှိ တောင်ပင်လယ်လောကသားကျင့်ကြံသူအပေါင်းသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ သူတို့သည် ဗြုန်းခနဲ ပြောင်းလဲသွားမှုကို ခံစားလိုက်ကြရ၍ ချက်ချင်းလက်ငင်း စိတ်အားတက်ကြွသွားကြတော့သည်။
ချီးမြှောက်မှုက မန်ဟို့အရှေ့တည့်တည့်၌ ရပ်နေသော သခင်ဝူကိုလည်း အင်အားကြီးမားလာစေသဖြင့် သူ့မှာ တုန်ရီလာသည်။
“အဲဒါက တောင်ပင်လယ်လောကရဲ့ စွမ်းအားလား” မန်ဟိုက တွေးသည်။ သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားပြီး သခင်ဝူမှာတော့ တအောင့်ကြာသည်အထိ ပါးစပ်ကြီးအဟောင်းသား ဖြစ်နေပြီးနောက်မှ စိတ်လှုပ်ရှားလာတော့သည်။
မန်ဟိုလည်း ထိုနည်းတူ စိတ်လှုပ်ရှားနေသည်။ ဤပြောင်းလဲမှုသည် ကောင်းကင်ဘုံ ၃၃ နှင့် ဤပထမဆုံးစစ်ပွဲအတွက်သာမက အပြင်အင်အားစုကြီးနှစ်စုနှင့် တိုက်ခိုက်ရမည့် နောက်ဆုံးစစ်ပွဲအတွက်လည်း သော့ချက်ဖြစ်ကြောင်း သူ သိသည်။
“ငါတစ်ယောက်ပဲ ဒါမျိုး လုပ်ပေးနိုင်တာလား။ ငါက တောင်ပင်လယ်လောကရဲ့ သခင်အလောင်းအလျာမလို့လား။ ပါရာဂွန်ကိုးတံဆိပ်ရဲ့ ဆက်ခံသူမလို့လား .... ငါ့ရဲ့ လောကပါလတာအိုအင်မော်တယ်သွေးကြောင့်လား” မန်ဟို့မျက်လုံးများ လင်းလက်တောက်ပသွားသည်။ လောလောဆယ်တော့ အဖြေမရှိသေး။ သခင်ဝူကို ငုံ့ကြည့်ရင်း သူက လက်ယှက်အရိုအသေပေးပြီးနောက် သာမန်လူတစ်ယောက်၏အရွယ်အစားသို့ ဖြည်းဖြည်းချင်း ပြန်ကျုံ့လိုက်၏။
နှစ်ယောက်သား အလ္လာပသလ္လာပပြောမနေပေ။ သခင်ဝူသည် အနီးဆုံးရှေ့တန်းစစ်ကြောင်းသို့ ချက်ချင်း ဦးတည်သွား၏။ တောင်ပင်လယ်သခင်တစ်ဦးအနေဖြင့် သူ့တွင် အရေးပါသောတာဝန်များ ရှိသေးလေသည်။ မန်ဟို့တွင်လည်း လုပ်ဆောင်ရမည့်ကိစ္စများ ရှိသေး၍ အဝေးသို့ ထွက်သွားသော ရောင်စုံအလင်းတန်းတစ်တန်းအသွင် ပြောင်းသွားတော့သည်။
သူသည် ပဉ္စမတောင်ပင်လယ်ထံသို့ အဟန့်အတားမရှိ ပျံသန်းသွား၏။ သူက ပျက်စီးခြင်းပြစ်ဒဏ်ကို ရင်ဆိုင်နေသည့်ခုလတ်မှာပင် တောင်ပင်လယ်များအကြားက အတားအဆီးများကို ဖြတ်သန်းသွားနိုင်သူမဟုတ်ပါလော။ ယခုတွင် တာအိုဥသျှောင်အပြင်အားကိုယ်ကို ပိုင်ဆိုင်နေမှတော့ သူ မလုပ်နိုင်သည့်အရာ မရှိသလောက်ရှားသွားလေပြီ။ တောင်ပင်လယ်လောကအတွင်း၌ သူ၏အပြင်အားကိုယ်သည်လည်း ထိပ်ဆုံးအဆင့်တွင် ဖြစ်၏။
အတားအဆီးကို ဖြတ်သန်းဖို့ သူ့အတွက် ခြေတစ်လှမ်းလှမ်းရုံသာ လိုလိုက်ပြီး ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားနေသည့် ပဉ္စမတောင်ပင်လယ်တွင် ပေါ်လာတော့သည်။ တောင်ပင်လယ်လောကစိတ်ဆန္ဒ၏ ချီးမြှောက်မှုကြောင့် အပြင်သူကျင့်ကြံသူများနှင့် တောင်ပင်လယ်လောကသားကျင့်ကြံသူများအကြား ကွာဟမှုသည် ကျဉ်းမြောင်းလာနေပြီဖြစ်၏။
သူ၏ လက်ရှိအပြင်အားကိုယ်ခွန်အားဖြင့် သဘာဝနိယာမကိုပင် ချေမှုန်းလျစ်လျူရှုနိုင်ကြောင်း မန်ဟို ပြောနိုင်သည်။ သူသည် ကြယ်တာရာကောင်းကင်ကို ပြောင်းလဲ၍ အာကာသနှင့်အချိန်ကိုပင် ကွေးညွတ်နိုင်လေပြီ။
“ဒီတော့ အနှစ်သာရ ၆ ခု တာအိုဥသျှောင်အဆင့်ဆိုတာ ဒါမျိုးပေါ့လေ...” သူက ရေရွတ်သည်။ “ပါရာဂွန်အဆင့်နဲ့ အနှစ်သာရတစ်ခုပဲ ကွာတော့တယ်” သူ၏လက်ရှိခန္ဓာသည် ကြယ်တာရာကောင်းကင်ကြီးဖြစ်နေပြီး သူ၏ကလီစာများက ကြယ်တာရာများ ဖြစ်နေသယောင်ပင်၊ ၎င်းက အဆုံးမရှိသော သံသရာတစ်ခုနှင့် တူသည်။
မိုးနှင့်မြေ ပျက်စီးခံရလျှင်တောင်မှ သူကတော့ မပျက်စီးမည့်အလား..
မိုးနှင့်မြေ ခြောက်ကပ်သွားလျှင်တောင်မှ သူကတော့ အကောင်းအတိုင်း ရှိနေမည့်အလားပင်။
အနှစ်သာရ ၆ ခုအဆင့်သို့ ဝင်ရောက်သွားခြင်းက လူတစ်ယောက်၏ သက်တမ်းကို မိုးကောင်းကင်နှင့် ညီမျှသွားစေသည်။
အစစ်အမှန်တာအိုဥသျှောင်အဆင့်သို့ တက်လှမ်းခြင်းက သင့်ကို အနှိုင်းမဲ့ပြိုင်ဘက်ကင်းစေလိမ့်မည်။
မန်ဟိုသည် ပဉ္စမတောင်ပင်လယ်တွင် မနားပေ။ သူက တဟုန်ထိုး ပျံသန်းသွားပြီး မကြာမီ စတုတ္ထတောင်ပင်လယ်နှင့် နီးကပ်လာတော့သည်။
အတားအဆီးအနားရောက်လာသည့်အခါ သူ့နှလုံးသည် တဒိန်းဒိန်းခုန်လာ၏။ အကြာမှအကြာကြီး ကြာပြီးသည့်နောက်တွင်တော့ ... စတုတ္ထတောင်ပင်လယ်အနား သူ ရောက်လာနေလေပြီ။ အကြာမှအကြာကြီး ကြာပြီးသည့်နောက်တွင်တော့ ... ရှုချင်ကို သူ တွေ့ရတော့မည်။
နဝမတောင်ပင်လယ်မှ ထွက်လာခဲ့တုန်းက သူ့လမ်းသည် ဤသို့ဖြစ်နေလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်ထားခဲ့မည်နည်း။ စစ်စဖြစ်သည်၊ ကောင်းကင်ဘုံ (၁) သက်ဆင်းလာခဲ့သည်၊ တောင်ပင်လယ်လောက ပရမ်းပတာဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ယခုလိုအပြင်အားကိုယ်ခွန်အားဖြင့် တောင်ပင်လယ်ကိုးခုကို ခြံဝင်းထဲ လမ်းလျှောက်နေသလို အလွယ်တကူ ဖြတ်သန်းသွားလာနိုင်မည်ဟုလည်း သူ တစ်ခါမှ မထင်ထားခဲ့ပေ။
“ရှုချင် ကိုယ် ရောက်လာပြီ...” သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။ ခြေတစ်လှမ်းတည်းဖြင့် သူကား အတားအဆီးကို ဖြတ်ကျော်ကာ ... စတုတ္ထတောင်ပင်လယ်သို့ ဝင်ရောက်သွားလေပြီ။