← Chapters

မျက်နှာဖြတ်ရိုက်ခံရခြင်း

Vol. 81 Ch. 1092

မျက်နှာဖြတ်ရိုက်ခံရခြင်း

Vol. 81 Ch. 1092

ဆိုင်ရှင်က တမင်တကာ အရှုံးပေးခိုင်းရန် လူထည့်ထားသည်မျိုးမှာ ယခုအချိန်အထိ တစ်ခါမျှ မကြားဖူးသေးချေ။ ထို့ကြောင့် လူတိုင်းက ထိုအချက်ကို စိုးရိမ်ခြင်း မရှိကြချေ။ အကယ်၍သာ ထိုသို့လုပ်သည်ကို လူမိသွားပါက ဤ ဗာဒံမိုးစားသောက်ဆိုင်မှာ သေချာပေါက် ကဲ့ရဲ့ရှုတ်ချခံရပေလိမ့်မည်။

ထို့ကြောင့် ဤသည်မှာ ပြဿနာ မဟုတ်လှဘဲ အရေးကြီးဆုံးမှာ အခြေအနေကို မှန်ကန်စွာ ဆန်းစစ်နိုင်ရန်သာ ဖြစ်သည်။ ထူးခြားချက်များကို ထုတ်ဖော်ပြောဆိုနိုင်မှသာ အနိုင်ရရန် အခွင့်အရေး ရှိပေလိမ့်မည်။

ယီထျန်းယွမ်က တစ်ဖက်လူ၏ ထူးခြားချက်များကိုပါ ထုတ်ဖော်ပြောဆိုနိုင်သဖြင့် သူတို့မှာ ပိုမိုယုံကြည်သွားကြသည်။ ဤသည်က သူတို့အား လောင်းကြေးများ ပုံအောရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေပြီး သူ့အား နတ်ဘုရားတွက်ချက်သူတစ်ဦးအလား လုံးဝ ယုံကြည်သွားကြတော့သည်။

မကြာမီ တတိယပွဲ၏ ရလဒ်ထွက်ပေါ်လာရာ ယီထျန်းယွမ် ရွေးချယ်ထားသူက အနိုင်ရရှိသွား၏။ ဤရလဒ်က သူတို့ကို ထပ်မံ ထိတ်လန့်သွားစေခဲ့သည်။ အစပိုင်းတွင် မယုံကြည်သူများပင် ယခုအခါ လုံးဝ ဥဿုံ ယုံကြည်သွားကြပြီ ဖြစ်သည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်မှာ တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း တတိယအကြိမ်မှာမူ တိုက်ဆိုင်မှုဟု မဆိုနိုင်တော့ချေ။ အဓိကအချက်မှာ တစ်ဖက်လူ၏ ထူးခြားချက်များကိုပါ ကြိုတင်ပြောဆိုနိုင်ခြင်းက မည်သို့မျှ တိုက်ဆိုင်မှု မဖြစ်နိုင်သောကြောင့်ပင်။

“မိုက်တယ်... ငါတို့ ထပ်နိုင်ပြန်ပြီ... ဒါမျိုးမှန်း သိရင် လောင်းကြေးကို ဒီထက်ပိုပြီး တင်လိုက်ရမှာ... ဒါဆိုရင် အများကြီး မြတ်မှာပဲ...”

“ဟုတ်တယ်... ဒါပေမဲ့ စိတ်မပူပါနဲ့ဦး... ဆက်ပြီး လောင်းလို့ ရသေးတာပဲ... မောင်လေး ပြောတဲ့အတိုင်း ငါတို့ လောင်းကြေးကို အများကြီး တင်လိုက်ကြရအောင်...”

“နှမြောစရာကောင်းတာက အမြင့်ဆုံး လောင်းကြေးက ကျောက်တုံး တစ်သောင်းပဲ ဖြစ်နေတာပဲ... မဟုတ်ရင် ငါ ဒီထက်ပိုပြီး လောင်းမိမှာ သေချာတယ်...”

သူတို့၏ လက်ဝယ်တွင် ကျောက်တုံးအနည်းငယ်သာ ရှိသည်မဟုတ်ဘဲ အချို့မှာ သိန်းနှင့်ချီ၍ပင် ရှိကြသည်။ သို့သော်လည်း ဤနေရာ၌ အမြင့်ဆုံး လောင်းကြေးမှာ တစ်သောင်းသာ ဖြစ်ရာ များလွန်းပါက ဗာဒံမိုးစားသောက်ဆိုင်ဘက်ကလည်း လျော်နိုင်မည် မဟုတ်ချေ။

မိမိတို့ဘက်မှ လွှတ်လိုက်သော သူအပေါ် ယုံကြည်မှု ရှိသည်ဆိုသော်လည်း လုံးဝဥဿုံ စိတ်မချနိုင်ချေ။ ဤနေရာမှာ နတ်ဘုရားရေစင်နယ်မြေ ဖြစ်သဖြင့် ပါရမီရှင်များစွာ ရှိနေသည်။ အကယ်၍ ထူးကဲသော ပါရမီရှင်တစ်ဦး ထွက်ပေါ်လာပြီး လောင်းကြေးများကို သန်းနှင့်ချီ၍ ပုံအောလိုက်ပါက ဗာဒံမိုးစားသောက်ဆိုင်မှာ ဖြူခါအောင် ရှုံးနိမ့်သွားနိုင်ချေရှိသည်။

လောင်းကြေး တစ်သောင်းမှာ အသင့်အတင့်ရှိသော ပမာဏဖြစ်ပြီး သိပ်မများသလို သိပ်လည်း မနည်းလှချေ။ အမှန်အတိုင်း ပြောရလျှင် အပျော်သဘောသာ ဖြစ်သဖြင့် အရှုံးမကြီးနိုင်ချေ။

သေချာပေါက် လူအများအပြားက တိုက်ခိုက်ရေးသမားဘက်မှ ပုံအောလောင်းကြမည်ဆိုပါက ဆိုင်ရှင်က ထိုသူအား အရှုံးပေးခိုင်းပေလိမ့်မည်။ ထိုမှသာ အရှုံးမကြီးမှာ ဖြစ်သဖြင့် သရုပ်ဆောင်ကောင်းရန်သာ လိုအပ်သည်။

“ဒီတစ်ခါတော့ နှစ်ယောက်လုံးက အဆင့်အတန်း တူညီနေတယ်... အရည်အချင်းတွေကလည်း ဆင်တူနေတော့ ခန့်မှန်းရ ခက်ခဲသွားပြီ...”

ယီထျန်းယွမ်က မတတ်နိုင်သလို လက်ယမ်းပြလိုက်သည်။ သူတို့၏ အရည်အချင်းများမှာ ဆင်တူနေသဖြင့် တိုက်ခိုက်သည့်အခါ ကိုယ်ပိုင်အတွေ့အကြုံအပေါ်တွင်သာ မူတည်၍ အနိုင်ရနိုင်ပေလိမ့်မည်။

ဤသည်ကို ယီထျန်းယွမ် ဆန်းစစ်နိုင်သော်လည်း အရည်အချင်း တူညီနေသည့် အခြေအနေမျိုးတွင် ကောင်းကင်မျက်လုံးကပင် အသေအချာ ပြောရန် ခက်ခဲပေသည်။

“အဆင့်အတန်း တူနေတာလား...”

လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်ရိပ်များ ယှက်သန်းသွားခဲ့သည်။ ဤသည်မှာ အတော်လေး အနေရခက်သော ကိစ္စပင်။ အဆင့်အတန်း တူညီနေပါက အကြီးအကဲ အဆင့်ရှိသူများပင်လျှင် တိကျစွာ ခန့်မှန်းနိုင်ရန် ခက်ခဲလှသည်။ အတွေ့အကြုံနှင့် အခြားသော အရည်အချင်းများကို မြင်နိုင်သော်လည်း တိုက်ပွဲအတွေ့အကြုံကိုမူ မည်သူက မြင်နိုင်ပါမည်နည်း။

ထို့နောက် သူတို့သည် လောင်းကြေး အနည်းငယ်စီသာ ထည့်ဝင်လိုက်ကြပြီး အပျော်သဘောသာ ကစားလိုက်ကြသည်။ မကြာမီ ရလဒ်ထွက်ပေါ်လာရာ တိုက်ခိုက်ရေးသမားက အနိုင်ရရှိသွားခဲ့သည်။ နှစ်ဦးသားမှာ အမှန်ပင် အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြပြီး တိုက်ခိုက်ရေးသမားမှာ ရှုံးလုနီးနီးပင် ဖြစ်ခဲ့သည်။

ယီထျန်းယွမ် ပြောသည့်အတိုင်း နှစ်ဦးသားမှာ အဆင့်အတန်း တူညီနေခဲ့သဖြင့် အသေအချာ ပြောရန် ခက်ခဲခဲ့ခြင်းပင်။

“ဒီတစ်ပွဲကော... ဘယ်သူ နိုင်မယ် ထင်လဲ...”

သူတို့သည် ယီထျန်းယွမ်က ဘာပြောဦးမလဲဆိုသည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြပြန်သည်။

“ကျွန်တော့်အမြင်အရတော့ တိုက်ခိုက်ရေးသမားက နိုင်လိမ့်မယ်... ဧည့်သည်ရဲ့ ကျင့်ကြံခြင်းနယ်ပယ်က တစ်ဆင့်ပိုမြင့်နေပေမဲ့ ဒီတိုက်ခိုက်ရေးသမားရဲ့ ခွန်အားက ပိုသန်မာတယ်... ကြည့်ရတာ သာမန်လိုပဲဆိုပေမဲ့ သူ ကျင့်ကြံထားတာက လျင်မြန်မှုသိုင်းပညာပဲ... လျင်မြန်မှုကသာ အဓိကဆိုတဲ့ နိယာမအရ သူက ဒီပွဲကို အနိုင်ယူသွားလိမ့်မယ်...”

ယီထျန်းယွမ်က လျင်မြန်စွာ ဆန်းစစ်လိုက်၏။

“ကောင်းလိုက်တဲ့ စကား... လျင်မြန်မှုကသာ အဓိကပဲ... ဒါဆိုရင် ငါ သူ့ဘက်ကပဲ လောင်းမယ်... ကျောက်တုံး တစ်သောင်း...”

“ငါလည်းပဲ... တစ်သောင်း လောင်းမယ်...”

သူတို့သည် တစ်ဦးနှင့်တစ်ဦး လုယက်ကာ လောင်းကြေးထပ်နေကြသဖြင့် ယီထျန်းယွမ်မှာပင် ထိတ်လန့်သွားရသည်။

“ခင်ဗျားတို့ ဒီလိုလုပ်တာ ကျွန်တော့်အတွက် အနေခက်တယ်နော်... တကယ်လို့ ရှုံးသွားရင် ကျွန်တော်ကပဲ တရားခံ ဖြစ်သွားမှာ မဟုတ်လား...”

ယီထျန်းယွမ်က အနေရခက်စွာ ဆိုလိုက်သည်။ ဤသည်မှာ နည်းသော ပမာဏ မဟုတ်ချေ။

“ရပါတယ်... တကယ်လို့ ရှုံးသွားရင်လည်း ငါတို့ မင်းကို အပြစ်မတင်ပါဘူး... အရင်ကလည်း မင်းကြောင့် ငါတို့ အများကြီး မြတ်ခဲ့တာပဲ... အများဆုံးရှိရင် အဲဒါတွေ ပြန်ရှုံးသွားရုံပေါ့...”

“မှန်တယ်... ဒါက ငါတို့ကိုယ်တိုင် ရွေးချယ်တာပဲလေ... ဘယ်သူက အသေအချာ ပြောနိုင်မှာလဲ...”

သူတို့အားလုံး ပြုံးလိုက်ကြသည်။ တကယ်တမ်း ရှုံးသွားလျှင်ပင် တိုက်ဆိုင်မှုဟုသာ သတ်မှတ်နိုင်ပေသည်။

“ဟိုဧည့်သည်က သေချာပေါက် နိုင်မယ်လို့ ငါ ပြောရဲတယ်...”

ထိုအချိန်တွင် ဘေးခန်းမှ အကြီးအကဲရှောင်ထျန်း ထွက်လာခဲ့ပြီး သူ၏ အကြည့်များမှာ စူးရှနေသည်။

“အကြီးအကဲတုန်းယွမ်... ခင်ဗျားမှာ ဒီလောက် အမြင်မရှိတဲ့ တပည့်မျိုး ရှိနေလိမ့်မယ်လို့ ငါ ထင်မှတ်မထားဘူး... ဒီပွဲက ဧည့်သည် သေချာပေါက် နိုင်မှာပဲ... ဒီဧည့်သည်က ဘယ်သူလဲဆိုတာ ခင်ဗျားတို့ မသိကြဘူးလား... သူက လှံနန်းတော်က ပါရမီရှင်တစ်ဦးပဲ... သူ့ရဲ့ လှံသိုင်းက အရိပ်တစ်ခုလို ကပ်ပါနေတာ... ဒီလောက် ပြောင်မြောက်တဲ့ လှံသိုင်းကို ဘယ်သူက ရှောင်နိုင်မှာလဲ... ဘယ်လို အရှိန်မျိုးက သူ့ရဲ့ လှံသိုင်းကို ရှောင်နိုင်မှာလဲ...”

သူနှင့်အတူ သူ၏ တပည့်သုံးဦးလည်း ထွက်လာခဲ့ကြပြီး သူတို့ လက်ထဲရှိ သစ်သားပြားများအရ သူတို့သည် ဧည့်သည်ဘက်မှ လောင်းထားကြောင်း သိသာလှသည်။

“လှံနန်းတော်က ပါရမီရှင် ဟုတ်လား... ငါ မှတ်မိပြီ... သူက လှံနန်းတော်က ရုယင်ကောင်းကင်အရှင်ပဲ... သူ့ရဲ့ လှံသိုင်းက တကယ်ကို နာမည်ကြီးတယ်...”

တစ်စုံတစ်ဦးက ထိုသူ၏ အမည်ကို ရုတ်တရက် မှတ်မိသွားသဖြင့် လူတိုင်း၏ မျက်နှာများ ပျက်သွားခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူမှာ အတော်ပင် နာမည်ကြီးကြောင်း သိသာလှသည်။ ဆန့်ကျင်ဘက်အားဖြင့် တိုက်ခိုက်ရေးသမားမှာမူ နာမည်မရှိလှဘဲ လူသိမခံရသူ တစ်ဦးသာ ဖြစ်ချေသည်။

“သူက ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး... ငါကတော့ မောင်လေးရဲ့ ဆန်းစစ်ချက်ကိုပဲ ယုံတယ်... တိုက်ခိုက်ရေးသမားပဲ နိုင်မှာပဲ...”

“ဟုတ်တယ်... တိုက်ခိုက်ရေးသမားပဲ နိုင်မှာ... လှံနန်းတော်က ပါရမီရှင်ပဲ ဖြစ်ဖြစ်... ဆိုင်ရှင်က လွှတ်လိုက်တဲ့သူကရော ပါရမီရှင် မဖြစ်နိုင်ဘူးလား...”

“မှန်တယ်... တိုက်ခိုက်ရေးသမားက သေချာပေါက် နိုင်မှာပဲ... အမြင်မရှိဘူးလို့ ပြောရအောင်လည်း ခင်ဗျားကိုယ်တိုင်က အမြင်မရှိတာရော မဖြစ်နိုင်ဘူးလား...”

သူတို့ တစ်ဦးချင်းစီမှာ အမူအရာ ပျက်ယွင်းသွားခြင်း မရှိဘဲ ယီထျန်းယွမ်၏ ဆန်းစစ်ချက်ကိုသာ ထောက်ခံလိုက်ကြသည်။ ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ အချင်းချင်း ရပ်တည်ပေးရပေမည်။

“အကြီးအကဲရှောင်ထျန်း... ဘယ်လို ရွေးချယ်မလဲဆိုတာက ကျွန်တော်တို့ ကိစ္စပါ မဟုတ်ဘူးလား...”

အကြီးအကဲတုန်းယွမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“ခင်ဗျားတို့ ကိစ္စဆိုတာတော့ မှန်ပါတယ်... ဒါပေမဲ့ မျှော်လင့်ချက် အားလုံးကို လူသားတစ်ယောက်ရဲ့ လက်ထဲမှာ ပုံအပ်ထားတာကတော့ တကယ့်ကို ရယ်စရာပဲ... တစ်ယောက်ချင်းစီကလည်း ကျောက်တုံး တစ်သောင်းစီ ပုံအောထားကြသေးတယ်... တကယ့်ကို ရယ်စရာကောင်းလှချေရဲ့...”

အကြီးအကဲရှောင်ထျန်းက အေးစက်စွာ ဆိုလိုက်သည်။

“ကြည့်နေလိုက်ပါ... အဲဒီ ရုယင်ကောင်းကင်အရှင်ကသာ တကယ့် အနိုင်ရရှိသူ ဖြစ်လိမ့်မယ်...”

အကြီးအကဲရှောင်ထျန်းက ယုံကြည်မှု အပြည့် ရှိနေသည်။ သူသည် ရုယင်ကောင်းကင်အရှင်၏ အခြေခံကို သိထားသဖြင့် ထိုသို့ ယုံကြည်နေခြင်း ဖြစ်ချေသည်။

ယီထျန်းယွမ်ကမူ ဘာမှပြန်မပြောဘဲ ငြိမ်သက်နေခဲ့သည်။ သူသည် ထိုသူအား ပြန်လည် တုံ့ပြန်ရန်ပင် ပျင်းရိနေခဲ့သည်။ ရုယင်ကောင်းကင်အရှင် ဆိုသူကို သူ စူးစမ်းကြည့်ပြီးသား ဖြစ်သည်။ သူ၏ အရည်အချင်းမှာ မဆိုးလှသော်လည်း ဘက်စုံဆန်းစစ်ချက်အရမူ ထိုတိုက်ခိုက်ရေးသမားကို မီလိမ့်မည် မဟုတ်ချေ။

မကြာမီ တိုက်ပွဲ စတင်တော့သည်။ ရုယင်ကောင်းကင်အရှင်၏ လှံသိုင်းမှာ တကယ့်ကို နဂါးတစ်ကောင်ကဲ့သို့ ထိုးထွက်လာပြီး လှံတစ်ချက်ချင်းစီ၌ အရိပ်တစ်ခု ကပ်ပါနေကာ တစ်ဖက်လူအား အရိပ်ကဲ့သို့ ရစ်ပတ်ထားသည်။ သို့သော်လည်း တိုက်ခိုက်ရေးသမားမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ လက်ထဲမှ ဓားရှည်မှာ အလင်းတန်းတစ်ခုအလား တောက်ပသွားခဲ့သည်။ လူအများစုမှာ မမြင်လိုက်ရခင်မှာပင် ရုယင်ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ပေါ်၌ ဓားချက်တစ်ခု ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။

“ရွှပ်...”

ထို့နောက် ပိုမိုလှပသော ဓားကွက်များကို ထုတ်ဖော်လိုက်ရာ လူကို မျက်စိလည်သွားစေပြီး အမြင်အာရုံမှာပင် လိုက်မမီတော့ချေ။ ဤအရှိန်မှာ တကယ့်ကို လျင်မြန်လွန်းလှသည်။ ဤမျှ အဆင့်အတန်းရှိသော ဓားသိုင်းက မိမိတို့ပင် မမြင်နိုင်သော အခြေအနေသို့ ရောက်ရှိနေလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားချက်ပေါင်း သောင်းနှင့်ချီ၍ ထိုးနှက်လိုက်ရာ ရုယင်ကောင်းကင်အရှင်မှာ အဆက်မပြတ် နောက်ဆုတ်သွားရသည်။ နောက်ဆုံးတွင် ဓားတစ်ချက်က သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး ရုယင်ကောင်းကင်အရှင်အား အပြင်သို့ လွင့်စင်သွားစေ၏။

လုံးဝ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ လုံးဝဥဿုံ ရှုံးနိမ့်သွားခြင်းပင်။ လှံနန်းတော်မှ ပါရမီရှင်ကြီးမှာ ဤမျှအလွယ်တကူ အနိုင်ယူခံလိုက်ရပြီး ပြန်လည် ခုခံနိုင်စွမ်းပင် မရှိခဲ့ချေ။ ယီထျန်းယွမ် ပြောခဲ့သည့်အတိုင်း လျင်မြန်မှုကသာ အဓိကဖြစ်ပြီး တစ်ဖက်သတ် ဖိနှိပ်ခြင်း ခံလိုက်ရချေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ သရဲသဘက်ကို မြင်လိုက်ရသည့်အလား ယီထျန်းယွမ်ကို ကြည့်လိုက်ကြသည်။ သူ၏ ဆန်းစစ်ချက်မှာ တကယ့်ကို မှန်ကန်နေခဲ့ခြင်းကြောင့်ပင်။ အကြီးအကဲရှောင်ထျန်း ဘက်မှာမူ ပါးစပ်အဟောင်းသားနှင့် ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ မျက်နှာအား ဖြတ်ရိုက်ခံလိုက်ရသည့်အလား အလွန်ပင် အနေခက်လှချေတော့သည်။

အခန်း ၁၀၉၂ ပြီးပါပြီ။

All Chapters