အားနည်းချက်ကို တိုက်ရိုက် ထိုးနှက်ခြင်း
Vol. 81 Ch. 1094
အကြီးအကဲတုန်းယွမ်က ထိုမျှအထိ အလေးအနက် ယုံကြည်ပေးသဖြင့် ယီထျန်းယွမ်၏ စိတ်ထဲ၌ ကျေနပ်အားရမှုကို ခံစားလိုက်ရသည်။ သူ အလိုရှိသည်မှာလည်း ဤကဲ့သို့သော ယုံကြည်မှုမျိုးပင် ဖြစ်ရာ ယုံကြည်မှု မရှိဘဲနှင့် မည်သို့လျှင် အချင်းချင်း ယုံကြည်အားကိုးနိုင်ပါမည်နည်း။
“အကြီးအကဲတုန်းယွမ်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်...”
ယီထျန်းယွမ်က ကျေးဇူးတင်စွာဖြင့် ဆိုလိုက်သည်။
“ငါကတော့ မင်းကို ယုံကြည်တယ်လို့ ပြောရင် တကယ်ယုံကြည်တာပဲ... ငါက စကားကို အတည်မလုပ်တတ်တဲ့သူ မဟုတ်ဘူး... အထူးသဖြင့် စကားကို အပိုင်ပြောပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်နေတဲ့ တစ်စုံတစ်ယောက်လိုမျိုးပေါ့...”
အကြီးအကဲတုန်းယွမ်၏ စကားများမှာ အနက်အဓိပ္ပာယ် ပါရှိနေပြီး အကြီးအကဲရှောင်ထျန်းကို တိုက်ရိုက် ရည်ညွှန်းနေခြင်း ဖြစ်ချေသည်။
အကြီးအကဲရှောင်ထျန်းမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့ပြီး အေးစက်စွာ ဆိုလိုက်သည်။
“ဒါဆိုရင် ငါ့ဘက်ကတော့ ကျင်းယွီကောင်းကင်အရှင်ကို လွှတ်မယ်... မင်းတို့ဘက်ကရော ဘယ်သူ့ကို လွှတ်မှာလဲ... ခုနက မင်းပြောထားတဲ့အတိုင်း ဟော်လျန်ကောင်းကင်အရှင်နဲ့ ယွီလုံကောင်းကင်အရှင်တို့ကို မလွှတ်ရဘူးနော်...”
သူသည် တစ်ဖက်လူ အရှက်ကွဲသည်ကို မြင်တွေ့ရန် စိတ်လောနေပြီ ဖြစ်သည်။ ဟော်လျန်ကောင်းကင်အရှင်နှင့် ယွီလုံကောင်းကင်အရှင်တို့ကို မလွှတ်ပါက သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။ ဤသည်မှာ သူ့အတွက်မူ အနိုင်ပေးလိုက်သကဲ့သို့ပင် ဖြစ်ချေသည်။
ယခင်ကတည်းက သူတို့ နှစ်ဦးတွင်သာ အရည်အချင်း အနည်းငယ် ရှိကြပြီး ကျန်သည့်လူများမှာမူ ထူးခြားချက် မရှိကြချေ။
“ကျင်းယွီကောင်းကင်အရှင် ဟုတ်လား...”
ယီထျန်းယွမ်က သူ့အား ကြည့်ကာ အသာအယာ ပြုံးလျက် ဆိုလိုက်သည်။
“ဒါဆိုရင် ကျွန်တော်တို့ဘက်ကတော့ စီနီယာအစ်ကိုဖုန်းယွီကို လွှတ်မယ်... ဒီတစ်ပွဲကို စီနီယာအစ်ကိုဖုန်းယွီ တက်မယ်...”
ဖုန်းယွီကောင်းကင်အရှင် ထွက်လာခဲ့ပြီး သူ၏ အမူအရာမှာ တည်ငြိမ်လေးနက်နေသော်လည်း အမှန်စင်စစ် သူ၏ စိတ်ထဲ၌ အသေအချာ ယုံကြည်မှု မရှိလှချေ။ သို့သော်လည်း အကြီးအကဲရှောင်ထျန်း၏ ရှေ့မှောက်၌ အောက်ကျနောက်ကျ အဖြစ်မခံနိုင်သလို မိမိကိုယ်ကိုယ်လည်း အရှက်မကွဲစေချင်ချေ။
အခြားလူများမှာ အံ့အားသင့်သွားကြပြီး ယီထျန်းယွမ်က ဖုန်းယွီကောင်းကင်အရှင်ကို လွှတ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။ လူအားလုံးထဲတွင် ဖုန်းယွီကောင်းကင်အရှင်၏ အရည်အချင်းမှာ အလွန်အဆင့်မြင့်သည် မဟုတ်ဘဲ အလယ်အလတ် အဆင့်တွင်သာ ရှိချေသည်။
ကျင်းယွီကောင်းကင်အရှင်၏ အရည်အချင်းမှာမူ မနိမ့်လှဘဲ ဟော်လျန်ကောင်းကင်အရှင်တို့နှင့်ပင် အဆင့်အတန်း တူညီနေသည်ဟု ဆိုနိုင်ပေသည်။ အကြီးအကဲရှောင်ထျန်းအနေနှင့် အားနည်းသော တပည့်ကို ခေါ်လာလိမ့်မည် မဟုတ်ဘဲ အလွန်အစွမ်းထက်သူ ဖြစ်ရပေမည်။
“ဖုန်းယွီကောင်းကင်အရှင် ဟုတ်လား...”
ကျင်းယွီကောင်းကင်အရှင်၏ မျက်ဝန်းထဲတွင် အထင်အမြင်သေးဟန်များ ပြည့်နှက်နေပြီး ပြိုင်ဘက်က မိမိထက် ကျင့်ကြံခြင်းနယ်ပယ် တစ်ဆင့်နိမ့်နေသဖြင့် ရလဒ်မှာ သေချာပေါက် ထင်ရှားနေပြီ ဖြစ်သည်။
“ဒါဆိုရင် အခု အောက်ဆင်းပြီး ယှဉ်ပြိုင်ကြတော့မလား...”
အကြီးအကဲရှောင်ထျန်းမှာ ကျင်းယွီကောင်းကင်အရှင်က ဖုန်းယွီကောင်းကင်အရှင်အား အပြင်းအထန် ရိုက်နှက်သည်ကို မြင်တွေ့ရန် စိတ်လောနေပြီ ဖြစ်သည်။
“ခဏလေးပါ... ကျွန်တော် စီနီယာအစ်ကိုဖုန်းယွီကို တစ်စုံတစ်ခု ပြောစရာ ရှိလို့ပါ... ခင်ဗျားတို့ဘက်ကလူ အရင်ဆင်းသွားလို့ ရပါတယ်...”
ယီထျန်းယွမ်က အမူအရာ ပြလိုက်သည်။
“ကောင်းပြီ...”
အကြီးအကဲရှောင်ထျန်းက ကျင်းယွီကောင်းကင်အရှင်အား အရင်ဆင်းရန် အချက်ပြလိုက်ပြီး ထိုသူ ဆင်းသွားစဉ်မှာပင် တိုးညှင်းစွာ မှာကြားလိုက်သည်။
“နည်းနည်း လက်ပြင်းပြင်းနဲ့ တိုက်လိုက်... အနာအဆာဖြစ်အောင် တိုက်လိုက်ရုံပဲ... သေစရာတော့ မလိုဘူး... ဒါမှ သူတို့ကို သင်ခန်းစာ ပေးနိုင်မှာ...”
“အကြီးအကဲရှောင်ထျန်း... ကျွန်တော့်မှာလည်း အဲဒီဆန္ဒ ရှိပါတယ်...”
ကျင်းယွီကောင်းကင်အရှင်က အေးစက်စွာ ပြုံးလိုက်သည်။ ထိုကဲ့သို့သော အတွေးမျိုးက အစောကြီးကတည်းက ရှိနေခဲ့ခြင်းပင် ဖြစ်သည်။
တိုက်ပွဲဖြစ်ပြီဆိုလျှင် သာမန်ကာလျှံကာနှင့် မပြီးဆုံးနိုင်ချေ။ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့လျှင် သူတို့အတွက်မူ မည်သည့် အရသာမျှ ရှိလိမ့်မည် မဟုတ်ချေ။
ယီထျန်းယွမ်က ဖုန်းယွီကောင်းကင်အရှင်အား တစ်စုံတစ်ခုကို တိုးညှင်းစွာ ပြောဆိုနေခဲ့သည်။ အတော်ကြာအောင် ပြောပြီးသည့်နောက် ဖုန်းယွီကောင်းကင်အရှင်၏ မျက်နှာမှာ ဝေခွဲမရဖြစ်နေပြီး ယီထျန်းယွမ်၏ ပြောကြားချက်အပေါ် ထူးဆန်းသလို ခံစားနေရပုံ ရသည်။
“နားလည်ပါပြီ...”
ဖုန်းယွီကောင်းကင်အရှင်က ခေါင်းညိတ်လိုက်သည်။
“စီနီယာအစ်ကိုဖုန်းယွီ... စီနီယာအစ်ကို့ကိုပဲ ပုံအပ်ထားပါတယ်...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။
“ပြဿနာ မရှိပါဘူး...”
ဖုန်းယွီကောင်းကင်အရှင်က ယုံကြည်မှုအပြည့်ဖြင့် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ထိုအချိန်တွင် အောက်ထပ်၌ ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ရာ ဆိုင်ရှင်သည် ယှဉ်ပြိုင်လိုသူများ ရှိနေသဖြင့် အလွန်ပင် ကြိုဆိုနေခဲ့သည်။
“နောက်ထပ် အစီအစဉ်ကတော့ ဧည့်သည်အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်တာပဲ ဖြစ်ပါတယ်... အားလုံးပဲ လောင်းကြေး ထပ်နိုင်ပါတယ်...”
ဆိုင်ရှင်က ချက်ချင်း ကြေညာလိုက်သဖြင့် လူများမှာ လောင်းကြေးထပ်ရန် ပြင်ဆင်လိုက်ကြသည်။
“မောင်လေး... မင်း ဖုန်းယွီကို ဘာတွေ ပြောလိုက်တာလဲ...”
သူတို့က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ကြသည်။
“အဟမ်း... တကယ်တော့ ဘာမှ မပြောပါဘူး... ခဏနေရင် ခင်ဗျားတို့ မြင်ရမှာပါ...”
ယီထျန်းယွမ်က အသာအယာ ပြုံးလိုက်ပြီး မည်သည့်အရာဖြစ်ကြောင်း ထုတ်မပြောခဲ့ချေ။
လူတိုင်းက သံသယများဖြင့် အောက်ထပ်သို့ လှမ်းကြည့်လိုက်ကြရာ နှစ်ဦးသား၏ ခွန်အားမှာ အတော်ပင် ကွာခြားနေသည်ကို မြင်လိုက်ရသည်။ ယီထျန်းယွမ်သည် အဘယ်ကြောင့် ဖုန်းယွီကောင်းကင်အရှင်ကို တိုက်ပွဲဝင်ခိုင်းရသနည်း။ ဤနေရာ၌ ဖုန်းယွီကောင်းကင်အရှင်ထက် သန်မာသူများ ရှိနေသော်လည်း သူ့ကိုမှ ရွေးချယ်ခဲ့ခြင်း ဖြစ်ချေသည်။
မည်သို့ပင် ဖြစ်စေဦးတော့၊ နောက်ဆုံး ရလဒ်ကိုသာ စောင့်ကြည့်ရပေလိမ့်မည်။
မိမိတို့ဘက်မှလူ ဖြစ်သဖြင့် သူတို့သည် မဆိုင်းမတွပင် ဖုန်းယွီကောင်းကင်အရှင်ဘက်မှ လောင်းကြေးထပ်လိုက်ကြသည်။ တစ်ဦးလျှင် ကြယ်တာရာကျောက်တုံး တစ်သောင်းစီဖြင့် ရက်ရက်ရောရော ရှိလှချေသည်။ မိမိတို့ဘက်မှလူ ဖြစ်သဖြင့် အပြည့်အဝ ထောက်ခံပေးခြင်းပင် ဖြစ်သည်။
အကြီးအကဲရှောင်ထျန်းက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အေးစက်စွာ ရယ်မောလိုက်သည်။
“တကယ်ကို မိုက်မဲပြီး ပိုက်ဆံပေါတဲ့သူတွေပဲ... မိမိလူကိုယ်တိုင်ကို ယုံကြည်တယ်ဆိုရင်တောင် ဒီလောက်အထိ ဦးနှောက်မပါဘဲ မယုံကြည်သင့်ဘူးလေ...”
သူတို့ကတော့ မိမိတို့ဘက်က သေချာပေါက် နိုင်မည်ဟု ယူဆထားကြသည်။ ပြောရလျှင် ယီထျန်းယွမ်က ယွီလုံကောင်းကင်အရှင်နှင့် ဟော်လျန်ကောင်းကင်အရှင်တို့ကို မလွှတ်ဘဲ နေကတည်းက သူတို့ဘက်က သေချာပေါက် အနိုင်ရမည်ဟု သတ်မှတ်ထားခြင်းပင် ဖြစ်ချေသည်။
မကြာမီ တိုက်ပွဲ စတင်တော့သည်။ ကျင်းယွီကောင်းကင်အရှင်သည် ရွှေရောင်ဓားရှည်ကို ကိုင်စွဲထားပြီး ရွှေရောင်အလင်းတန်းများမှာ အလွန်ပင် မျက်စိကျိန်းစရာ ကောင်းလှသည်။ ဤသည်မှာ သူကိုယ်တိုင် သွန်းလုပ်ထားသော ရွှေဓားဖြစ်ပြီး သူ၏ စွမ်းအင်နှင့် လုံးဝကိုက်ညီသဖြင့် အတောက်ပဆုံးသော စွမ်းအားများကို ပေါက်ကွဲစေနိုင်သည်။
“ဖုန်းယွီကောင်းကင်အရှင်... ငါ တိုက်ခိုက်တာ ပြင်းသွားရင်တော့ ငါ့ကို အပြစ်မတင်နဲ့ဦး... အပြစ်တင်ချင်ရင် မင်းတို့ရဲ့ ဂျူနီယာညီလေးကိုပဲ အပြစ်တင်လိုက်တော့...”
စကားသံအဆုံးမှာပင် ကျင်းယွီကောင်းကင်အရှင်သည် ရှေ့သို့ ပြေးဝင်သွားခဲ့ပြီး သူ၏ လက်ထဲမှ ရွှေဓားမှာ အလင်းတန်းများ ပိုမိုတောက်ပလာခဲ့သည်။ တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေပြီး ကြည့်ရသည်မှာ ဤမြေပြင်ရှိ မကောင်းဆိုးဝါး အားလုံးကို ဖယ်ရှားပစ်မည့်အလားပင် ဖြစ်ချေသည်။
ဖုန်းယွီကောင်းကင်အရှင်သည်လည်း မိမိကိုယ်တိုင် သွန်းလုပ်ထားသော ဓားရှည်ကို ထုတ်ယူကာ ရှေ့သို့ တိုးဝင်သွားခဲ့ပြီး ကျင်းယွီကောင်းကင်အရှင်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် ပြင်လိုက်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လူတိုင်းက ခေါင်းခါလိုက်ကြသည်။ ဤသည်မှာ သေချာပေါက် မိုက်မဲသော ရွေးချယ်မှုဖြစ်ပြီး မိမိကိုယ်ကိုယ် အရှုံးထဲသို့ ဆွဲခေါ်နေသကဲ့သို့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ကျင်းယွီကောင်းကင်အရှင်၏ စွမ်းရည်မှာ သူ့ထက် သာလွန်နေသဖြင့် ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက သေချာပေါက် အောက်ကျနောက်ကျ ဖြစ်ပေလိမ့်မည်။ ယခုအခါ ထိပ်တိုက် ရင်ဆိုင်နေခြင်းမှာ သေတွင်းထဲ တိုးဝင်နေခြင်း မဟုတ်ပါလော။
“ဟားဟား... ဒါက မင်းရဲ့ အမြင်စွမ်းရည်လား...”
အကြီးအကဲရှောင်ထျန်းက အော်ဟစ် ရယ်မောလိုက်ပြီး ယီထျန်းယွမ်မှာ တကယ့်ကို ရယ်စရာကောင်းသည်ဟု ထင်မှတ်နေခဲ့သည်။
ဖုန်းယွီကောင်းကင်အရှင်အား ထိပ်တိုက်ရင်ဆိုင်ခိုင်းခြင်းက သူ၏ အစီအစဉ်ပင် ဖြစ်နေပါသလား။
ယီထျန်းယွမ်ကမူ သူ့အား ဂရုမစိုက်ဘဲ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ပေါက်နေခဲ့သည်။ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိချေ။
တစ်ချိန်တည်းမှာပင် နှစ်ဦးသား ထိတွေ့မိတော့မည့် အချိန်၌ ဖုန်းယွီကောင်းကင်အရှင်၏ တိုက်ခိုက်မှုမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို လျစ်လျူရှုကာ ကျင်းယွီကောင်းကင်အရှင်ထံသို့ တိုက်ရိုက် ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားရှည်အတွင်းမှ များပြားလှသော အမွေးအတောင်များမှာ ဓားမိုးရွာနေသကဲ့သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
“ဒီလို အမှိုက်ဓားမိုးတွေက ငါ့ရဲ့ ကာကွယ်ရေးကို ဖျက်ဆီးနိုင်မယ်လို့ ထင်လို့လား... သေစမ်း...”
ကျင်းယွီကောင်းကင်အရှင်သည် ဓားရှည်ကို လျင်မြန်စွာ ဝှေ့ယမ်းကာ ထိုဓားမိုးများကို ဖျက်ဆီးပစ်လိုက်သော်လည်း ခပ်စိပ်စိပ် ကျဆင်းလာသော ဓားမိုးများမှာ များပြားလှသဖြင့် အားလုံးကို တားဆီးရန် မဖြစ်နိုင်ချေ။
ထို့နောက် ဓားမိုးအနည်းငယ်မှာ သူ၏ ကာကွယ်ရေးကို ဖောက်ထွက်လာပြီး ကျင်းယွီကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ နေရာအများစုမှာ ထိမှန်သွားသော်လည်း မည်သည့်ပြဿနာမျှ မရှိခဲ့ချေ။ သို့သော် နေရာတစ်ခုကို ထိမှန်သွားသည့်အခါ ကျင်းယွီကောင်းကင်အရှင်၏ မျက်နှာမှာ ပျက်သွားခဲ့ပြီး မူလက ပြင်းထန်သော တိုက်ခိုက်မှုမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကာ စွမ်းအားများ ဆုံးရှုံးသွားပြီး တိုက်ခိုက်မှုမှာလည်း ပျက်ပြယ်သွားခဲ့ချေသည်။
ပြင်းထန်သော တိုက်ခိုက်မှုမှာ ရုတ်တရက် ပျက်ပြယ်သွားသဖြင့် ဘာဖြစ်သွားသည်ကို ဖုန်းယွီကောင်းကင်အရှင် အပါအဝင် မည်သူမျှ မသိရှိကြချေ။
သို့သော်လည်း ဖုန်းယွီကောင်းကင်အရှင်သည် ရပ်တန့်မနေဘဲ အခွင့်အရေးကို အရယူကာ ဓားမိုးများကို ဆက်လက် ထုတ်ဖော်၍ ကျင်းယွီကောင်းကင်အရှင်ထံသို့ အဆက်မပြတ် ထိုးနှက်လိုက်သည်။
ထိုအချိန်တွင် ကျင်းယွီကောင်းကင်အရှင်မှာ သူ၏ ဝမ်းဗိုက်ကို ဖိထားခဲ့ပြီး ထိုနေရာ၌ မည်သည့်အချိန်က ဒဏ်ရာရသွားသည် မသိသော်လည်း သေချာပေါက် ထိုဓားမိုးကြောင့် ရရှိသွားသော ဒဏ်ရာပင် ဖြစ်ချေသည်။
သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ဓားကို ကိုင်ကာ မနည်း ခုခံနေရသော်လည်း သူ၏ အရှိန်အဝါမှာ ယခင်ကထက် များစွာ အားနည်းသွားခဲ့ပြီး စွမ်းအားများမှာလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ခက်ခဲနေခဲ့သည်။
လူတိုင်းမှာ မှင်တက်မိသွားကြရပြီး ဤသည်မှာ အမှန်တကယ်ပင် ဘာဖြစ်သွားခြင်းပါနည်း။
အခန်း ၁၀၉၄ ပြီးပါပြီ။