အကွက်ဆင်ခြင်းလား
Vol. 81 Ch. 1096
ယီထျန်းယွမ်က ဤတစ်ကြိမ်တွင် မည်သူ့ကို တိုက်ပွဲဝင်ခိုင်းမည်နည်းဆိုသည်ကို လူတိုင်းက ဝိုင်းဝန်းကြည့်ရှုနေကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လူအများအပြားထဲမှ မည်သူ့ကို ရွေးချယ်မည်နည်းဟု စဉ်းစားနေကြသည်။
ပြိုင်ဘက်မှာ ကောင်းကင်အရှင်ရှန်းယန် ဖြစ်ပြီး ကျောက်တုံးတစ်တုံးကဲ့သို့ပင် ခိုင်မာလှပေသည်။ သူ၏ ကာကွယ်ရေးစွမ်းရည်ဖြစ်စေ၊ ခွန်အားဖြစ်စေ အလွန်ပင် ပြင်းထန်လှသည်။ သူ၏ လက်သီးတစ်ချက်မှာ အရာအားလုံးကို အလွယ်တကူ ရိုက်ခွဲပစ်နိုင်စွမ်း ရှိချေသည်။
ဤနေရာတွင် ကောင်းကင်အရှင်ရှန်းယန်ကို ယှဉ်နိုင်သူ အနည်းငယ်သာ ရှိပြီး ဟော်လျန်ကောင်းကင်အရှင်နှင့် ယွီလုံကောင်းကင်အရှင်တို့ကို မလွှတ်ပါက အခြေအနေမှာ အမှန်တကယ်ပင် ခက်ခဲလှပေသည်။ ယီထျန်းယွမ်သည် ဤတစ်ကြိမ်တွင် မည်သူ့ကို ရွေးချယ်မည်နည်းဆိုသည်ကို သူတို့ သိရှိလိုနေကြသည်။
ဤမျှ ခက်ခဲသော ပြိုင်ဘက်တွင်လည်း အားနည်းချက် တစ်စုံတစ်ရာ ရှိနေဦးမည်လော။ သို့မဟုတ် အခြားသော စွမ်းအားတစ်ခုခုကို အသုံးပြု၍ တိုက်ခိုက်နိုင်မည့် နည်းလမ်း ရှိနေပါသလား။
“အမြန်ရွေးစမ်း... ကောင်းကင်အရှင်ရှန်းယန်ဆီကနေ အမှားအယွင်း တစ်ခုခုကို ရှာဖို့ ကြိုးစားနေတာဆိုရင်တော့ လက်လျှော့လိုက်တာ ပိုကောင်းမယ်... သူ့ရဲ့ ခန္ဓာကိုယ်က သန်မာပြီးသားမို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး...”
အကြီးအကဲရှောင်ထျန်းက အေးစက်စွာ ရယ်မောလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် ကောင်းကင်အရှင်ရှန်းယန်ကို အသေအချာ မေးမြန်းထားပြီးပြီ ဖြစ်သည်။ ယခင်က ကျင်းယွီကောင်းကင်အရှင်ကဲ့သို့ အခြေအနေမျိုး ထပ်မံ မဖြစ်ပေါ်စေလိုဘဲ အကယ်၍ ဤတစ်ပွဲသာ ထပ်မံ ရှုံးနိမ့်ခဲ့ပါက သူတို့ သေချာပေါက် ရှုံးနိမ့်သွားချေတော့မည်။
ထိုအချိန်တွင် လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တကယ်ပင် နည်းလမ်းမရှိတော့ပါလားဟု တွေးတောနေကြသည်။
“ကျွန်တော် အစောကြီးကတည်းက ရွေးထားပြီးသားပဲလေ... နောက်တစ်ပွဲ တက်မှာက ကျွန်တော် ကိုယ်တိုင်ပဲ...”
ယီထျန်းယွမ်က ရှေ့သို့ ထွက်လာပြီး အကြီးအကဲရှောင်ထျန်းကို စူးစိုက်ကြည့်ကာ ဆိုလိုက်သည်။
“မင်း တက်မယ် ဟုတ်လား...”
အကြီးအကဲရှောင်ထျန်းမှာ အလွန်ပင် ထိတ်လန့်သွားရသည်။ သူတို့ မည်သို့ပင် တွေးတောပါစေ ယီထျန်းယွမ် ကိုယ်တိုင် တိုက်ပွဲဝင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြသဖြင့် အလွန်ပင် အံ့အားသင့်သွားကြရသည်။
ယီထျန်းယွမ်၏ ကျင့်ကြံခြင်းနယ်ပယ်မှာ မည်မျှ သန်မာပါသနည်း။ မြေကမ္ဘာအရှင် အဆင့် ၇ သာ ရှိချေသည်။ အမှန်စင်စစ် သူသည် မြေကမ္ဘာအရှင် အဆင့် ၈ သို့ တက်လှမ်းနိုင်သော်လည်း လောလောဆယ်တွင် အရေးကိစ္စများပြားနေသဖြင့် အချိန်ဆွဲထားရခြင်း ဖြစ်သည်။
ထို့ကြောင့် အခြားလူများ၏ အမြင်တွင် သူသည် မြေကမ္ဘာအရှင် အဆင့် ၇ သာ ရှိနေသဖြင့် ဤကျင့်ကြံခြင်းနယ်ပယ်နှင့် ကောင်းကင်အရှင် အဆင့် ၅ ကို ရင်ဆိုင်ခြင်းမှာ သေတွင်းထဲ တိုးဝင်ခြင်း မဟုတ်ပါလော။
“ဟုတ်တယ်... ကျွန်တော်ပဲ တက်မယ်... ဘာပြဿနာ ရှိလို့လဲ...”
ယီထျန်းယွမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဒါက စည်းကမ်းကို ချိုးဖောက်တာ မဟုတ်ဘူး မဟုတ်လား...”
“ဒါက စည်းကမ်းကိုတော့ မချိုးဖောက်ပါဘူး... ဒါပေမဲ့ မင်း တကယ်ပဲ ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာလား...”
အကြီးအကဲရှောင်ထျန်းသည် ယီထျန်းယွမ် ရူးသွားပြီလားဟု သံသယဝင်မိသည်။ ကျင့်ကြံခြင်းနယ်ပယ် ကွာခြားချက်မှာ အလွန်ကြီးမားလှပါလျက်နှင့် ကိုယ်တိုင် တိုက်ပွဲဝင်ရန် ရွေးချယ်ခြင်းက ဦးနှောက်မပါသော လုပ်ရပ်ဟု သူ ထင်မြင်နေခဲ့သည်။
“ကျွန်တော် ဆုံးဖြတ်ပြီးသားပါ...”
ယီထျန်းယွမ်က အေးဆေးစွာပင် ဆိုလိုက်သည်။
“ကောင်းပြီ...”
အကြီးအကဲရှောင်ထျန်းက အကြီးအကဲတုန်းယွမ်အား ကြည့်ကာ ဆိုလိုက်သည်။
“အကြီးအကဲတုန်းယွမ်... ဒါက ငါ တမင်လုပ်တာ မဟုတ်ဘူးနော်... သူ ကိုယ်တိုင် ရွေးချယ်တာပဲ... ငါနဲ့ ဘာမှ မဆိုင်ဘူး...”
အကြီးအကဲတုန်းယွမ်တို့ အားလုံးမှာ ထိတ်လန့်သွားကြရသည်။ ယီထျန်းယွမ် ကိုယ်တိုင် တိုက်ပွဲဝင်လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ ကျင့်ကြံခြင်းနယ်ပယ် ကွာခြားချက်မှာ အလွန်ကြီးမားလှသဖြင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ရန် လွယ်ကူလှပေသည်။
“ကျုပ်တို့က ဂျူနီယာမောင်လေးကို ယုံကြည်တယ်... ဒါက သူ ရွေးချယ်တဲ့ လမ်းဆိုတော့ ကျုပ်တို့မှာ ပြောစရာ မရှိပါဘူး...”
အစ်မဟော်လျန်တို့က ခေါင်းညိတ်လိုက်ကြပြီး ယီထျန်းယွမ်ကို တားဆီးခြင်း မပြုခဲ့ကြပေ။
အစ်မဟော်လျန်မှာ ပြုံးပင် ပြုံးလိုက်မိသေးသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် စမ်းသပ်မှုအတွင်းက မီးလျှံချီလင်ကို သူက လွှင့်စဉ်သွားအောင် ရိုက်ချခဲ့သည်ကို သတိရလိုက်သောကြောင့်ပင်။ သူ၏ ခွန်အားမှာ အတော်ပင် ပြင်းထန်လှပေသည်။ ယီထျန်းယွမ်တွင် မည်မျှအထိ ပေါက်ကွဲအား ရှိနေသေးသည်ကို သူမ မသိသော်လည်း သူ၏ ခွန်အားမှာ သေချာပေါက် မညံ့လှပေ။
သူသည် ဤကဲ့သို့သော တောင်းဆိုမှုကို ပြုလုပ်ရဲမှတော့ သေချာပေါက် အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပါလော။ မဟုတ်ပါက ယီထျန်းယွမ်က ထိုသို့ ပြောဆိုလိမ့်မည် မဟုတ်ပေ။
“အင်း... ငါလည်း ငါ့တပည့်ရဲ့ ရွေးချယ်မှုကို လေးစားပါတယ်...”
အကြီးအကဲတုန်းယွမ်ကလည်း ထပ်ဆင့် ဆိုလိုက်သည်။
အကြီးအကဲရှောင်ထျန်းမှာ အံ့ဩသွားရသည်။ သူတို့က တားဆီးလိမ့်မည်ဟု ထင်ထားသော်လည်း ဘာမှ မပြောသည့်အပြင် ယီထျန်းယွမ်အား တိုက်ပွဲဝင်ခိုင်းနေကြသည်။
“ကောင်းပြီ... မင်းက ဒီလောက်အထိ သတ္တိရှိမှတော့... မင်းရဲ့ အရည်အချင်းက ဘယ်လောက်အထိ ရှိသလဲဆိုတာ ငါ ကြည့်ရတာပေါ့...”
အကြီးအကဲရှောင်ထျန်းက ကောင်းကင်အရှင်ရှန်းယန်အား တစ်ချက်ကြည့်ကာ တိုးညင်းစွာ မှာကြားလိုက်သည်။
“ဒီကောင်ကို အသေသတ်စမ်း... လုံးဝ ညှာမနေနဲ့... ပြီးတော့ သတိလည်း ထားဦး... အဲဒီကောင်မှာ ဘာအကွက်တွေ ရှိနေမလဲ မသိဘူး... အစွမ်းကုန်သာ တိုက်စမ်း...”
“အကြီးအကဲရှောင်ထျန်း... ခင်ဗျားကလည်း အရမ်း စိတ်ပူနေတာပဲ... ဒီကောင့်ရဲ့ ကျင့်ကြံခြင်းနယ်ပယ်က ဒီလောက် နိမ့်တာကို... အများဆုံးရှိရင် အကွက်လေး နည်းနည်းပဲ ရှိမှာပါ... အကြွင်းမဲ့ ခွန်အားရှေ့မှာတော့ ဒီလို အကွက်ဆင်တာတွေက အမှိုက်တွေပါပဲ...”
ကောင်းကင်အရှင်ရှန်းယန်က မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေသည်။ တစ်ဖက်လူနှင့် မိမိမှာ အလှမ်းဝေးလွန်းသဖြင့် ဤမျှအဆင့်နှင့်ပင် မနိုင်ဘူးဆိုပါက သူ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သည်က ပိုကောင်းပေလိမ့်မည်။
“မင်းမှာ ဒီလောက်အထိ ယုံကြည်မှု ရှိမှတော့ မင်းကိုပဲ ပုံအပ်လိုက်ပြီ... တကယ်လို့ ရှုံးခဲ့မယ်ဆိုရင်တော့...”
အကြီးအကဲရှောင်ထျန်း၏ အကြည့်များမှာ အေးစက်နေခဲ့ပြီး သူ ဘာပြောလိုသည်ကို ကောင်းကင်အရှင်ရှန်းယန် အသေအချာ သိရှိနေခဲ့သည်။
ကောင်းကင်အရှင်ရှန်းယန်က ခေါင်းကို ပြင်းထန်စွာ ညိတ်လိုက်ပြီး မိမိ ရှုံးနိမ့်၍ မရကြောင်း သိရှိထားသည်။ အကြီးအကဲရှောင်ထျန်းသည် မျက်နှာကို အလွန် အလေးထားသူ ဖြစ်ပြီး အစကတည်းက အကြီးအကဲတုန်းယွမ်ကို အထင်သေးထားသူ ဖြစ်ရာ အကယ်၍ အကြီးအကဲတုန်းယွမ်၏ တပည့်ကို ရှုံးနိမ့်ခဲ့ပါက သူ၏ မျက်နှာမှာ မည်သည့်နေရာတွင် ထားရပါမည်နည်း။
ထို့နောက် သူတို့သည် စင်ပေါ်သို့ တက်လှမ်းသွားကြရာ ပရိသတ်များမှာ အံ့အားသင့်သွားကြရသည်။ ကျင့်ကြံခြင်းနယ်ပယ် ကွာခြားချက်မှာ ဤမျှအထိ ကြီးမားနေပါလျက်နှင့် စင်ပေါ်သို့ တက်လာခြင်းမှာ အလွတ်မဲ့ ပိုက်ဆံပေးကမ်းနေခြင်း မဟုတ်ပါလော။
“အဟမ်း... ဒီတစ်ကြိမ်တော့ လောင်းကြေး လက်မခံတော့ပါဘူး... အခြေအနေက ထူးခြားနေပြီး ကွာခြားချက်က ကြီးမားလွန်းနေတဲ့အတွက် လောင်းကြေးထပ်ဖို့ မသင့်တော်ပါဘူး...”
ဆိုင်ရှင်၏ စကားတစ်ခွန်းကြောင့် လောင်းကြေးထပ်လိုသူများမှာ အလွန်ပင် စိတ်ပျက်သွားကြရသည်။
မူလက ကောင်းကင်အရှင်ရှန်းယန်ဘက်မှ မျက်စိမှိတ် လောင်းရုံဖြင့် အများကြီး မြတ်စွန်းနိုင်မည်ဖြစ်ရာ အခြားရွေးချယ်စရာ မလိုပေ။ သို့သော်လည်း လောင်းကြေး လက်မခံသဖြင့် အလွန်ပင် နှမြောစရာ ကောင်းလှပေသည်။
ဆိုင်ရှင်မှာလည်း လူအ မဟုတ်ပေ။ ဤမျှအထိ ကွာခြားနေသည့် အခြေအနေမျိုးတွင် လောင်းကြေး လက်ခံလိုက်ပါက သူ သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။ သူသည် စားသောက်ဆိုင် ဖွင့်ထားခြင်းမှာ အလှူပေးရန် မဟုတ်ဘဲ ငွေရှာရန်အတွက်သာ ဖြစ်ချေသည်။
“ကြည့်ရတာ ဆိုင်ရှင်က ခင်ဗျားတို့ကို ငဲ့ညှာပေးပုံရတယ်... မဟုတ်ရင်တော့ ခင်ဗျားတို့ ရူးရူးမိုက်မိုက်နဲ့ လောင်းကြေးတွေ အကုန် ရှုံးသွားဦးမယ်...”
အကြီးအကဲရှောင်ထျန်းက ဘေးမှနေ၍ လှောင်ပြောင်ရန် မမေ့ပေ။
“ကျွန်တော်တို့ ဂျူနီယာညီလေးက ရှုံးမှာ မဟုတ်ဘူး...”
“မှန်တယ်... ခင်ဗျားတို့ရဲ့ ကောင်းကင်အရှင်ရှန်းယန် နိုင်မယ်လို့ မထင်နဲ့ဦး... ကျွန်တော်တို့ ညီလေးက ပိုတော်တယ်...”
သူတို့ တစ်ဦးချင်းစီမှာ ယီထျန်းယွမ်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေကြသည်။ ဤအဖြစ်အပျက်များကို တွေ့ကြုံပြီးနောက် သူတို့သည် ယီထျန်းယွမ်အပေါ် ပိုမို သိရှိလာခဲ့ကြပြီ ဖြစ်သည်။ သူသည် နက်နဲလှပြီး သေချာပေါက် အစွမ်းထက်သူ ဖြစ်ရပေမည်။
“တော်တာ ဟုတ်လား... ခင်ဗျားတို့ ကျုပ်ကို လာနောက်နေတာလား...”
အကြီးအကဲရှောင်ထျန်းက ခေါင်းခါလိုက်သည်။
“ကျင့်ကြံခြင်းနယ်ပယ်က ဒီလောက်အထိ ကွာနေတာကို လူသားတစ်ယောက်က ဘာတွေ တတ်နိုင်ဦးမှာလဲ... တခြား မျိုးနွယ်စုဆိုရင်တော့ အခွင့်အရေး ရှိဦးမယ်လို့ ကျုပ် ထင်မိဦးမယ်... လူသားတစ်ယောက်ကတော့... ဟင်း...”
သူတို့ စကားပြောနေစဉ်မှာပင် ယီထျန်းယွမ်နှင့် ကောင်းကင်အရှင်ရှန်းယန်တို့မှာ တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ကောင်းကင်အရှင်ရှန်းယန်သည် လက်ဗလာဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူ၏ လက်ထဲတွင် လက်နက် မရှိခြင်း မဟုတ်ဘဲ သူ၏ လက်သီးမှာသာ ခွန်အား အရှိဆုံး ဖြစ်သောကြောင့်ပင် ဖြစ်ချေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထူးခြားချက် မရှိလှသော်လည်း ထွားကျိုင်းလှသော ခန္ဓာကိုယ်နှင့်အတူ ကြီးမားလှသော လက်သီးဖြင့် ရိုက်ချလိုက်သည့်အခါ တောင်ကြီးတစ်တောင် ကျဆင်းလာသည့်အလား ခံစားရပေသည်။
“မင်းမှာ ဘာအကွက်တွေ ရှိသလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
ကောင်းကင်အရှင်ရှန်းယန်သည် ယီထျန်းယွမ်အား စူးစိုက်ကြည့်ကာ အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ ယီထျန်းယွမ်မှာ ဘေးမှနေ၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း သို့မဟုတ် အခြား အကွက်ဆင်ခြင်းမျိုး ရှိမရှိ သူ စောင့်ကြည့်နေခဲ့သည်။
သို့သော်လည်း ယီထျန်းယွမ်မှာ မလှုပ်မယှက် ရပ်နေခဲ့ပြီး လက်သီးဖြင့် ရိုက်ချလာသည့် အချိန်မှသာ လက်သီးချင်း တိုက်ရိုက် ထိုးနှက်လိုက်သည်။ မည်သည့် အကွက်မှ မပါဘဲ ရိုးရှင်းပြီး ကြမ်းတမ်းလှသော လက်သီးချင်း ထိပ်တိုက် တွေ့ဆုံခြင်းပင် ဖြစ်ချေသည်။
“ဒါက လူအပဲ... လက်သီးချင်း ထိပ်တိုက်တွေ့တာက တကယ်ကို ရယ်စရာကောင်းတာပဲ... ကောင်းကင်အရှင်ရှန်းယန်နဲ့ လက်သီးချင်း ယှဉ်တာက သူ့ရဲ့ အရည်အချင်း...”
စကားသံ မဆုံးမီမှာပင် နောက်ဆက်တွဲ မြင်ကွင်းက အကြီးအကဲရှောင်ထျန်း၏ လည်ပင်းကို ညှစ်ထားသည့်အလား ဖြစ်သွားစေသဖြင့် သူ ဘာမှ ဆက်မပြောနိုင်တော့ပေ။ ကောင်းကင်အရှင်ရှန်းယန်မှာ လက်သီးတစ်ချက်တည်းနှင့် လွင့်စင်သွားခဲ့ပြီး ယီထျန်းယွမ်မှာမူ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့်သာ ဆုတ်ခွာသွားခဲ့ကာ မည်သည့်ပြဿနာမျှ မရှိခဲ့သည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်ပေသည်။
အခန်း ၁၀၉၆ ပြီးပါပြီ။