အခန်း (၂၅၁၉-၂၅၂၀)
Vol. 180 Ch. 2519-2520
အပိုင်း(၂၅၁၉)
"ဘာလဲ...."
စုရီ၏ မေးခွန်းကို နက်ပစ် က စူးရှစွာ အော်ဟစ်ရင်း တုန့်ပြန်လိုက်သည်။ နက်ပရီ က သူမကို လှမ်းကြည့်လိုက်၏။ သူမသည် စုရီ စကား၏ အရေးပါမှုကို နားမလည်ဘဲ အကြောက်တရားကြောင့်သာ တုံ့ပြန်လိုက်ခြင်းဖြစ်ပေသည်။ သူက စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် ချစ်ရသော ဇနီးသည်အတွက် မေးပေးလိုက်သည်။
"ယေဘုယျ ကာကွယ်ရေး ဆိုတာ ရုတ်တရက် သေဆုံးတာမျိုး ဒါမှမဟုတ် ပြင်ပရန်သူတွေ တိုက်ခိုက်လာတာမျိုးလို မမျှော်လင့်ထားတဲ့ ဖြစ်စဉ်တွေ ကြုံလာရင် မျှော်စင်ကို ကာကွယ်ပေးတဲ့ အချက်ကို ပြောတာလား...."
စုမေ့က သူမ၏ စိတ်ပျက်မှုကို ထုတ်ဖော်မပြဘဲ နက်ပစ် ကို တစ်ချက် ကြည့်လိုက်သည်။
"ဘယ် မိုးကုပ်စက်ဝိုင်း မျှော်စင် တွေမှာမှ ပြင်ပရန်သူတွေ ဒါမှမဟုတ် တခြားအင်အားစုတွေကို ဆန့်ကျင်နိုင်တဲ့ ယေဘုယျ ကာကွယ်ရေး အပိုဒ်တွေ မရှိကြဘူး.... အဲဒါကြောင့်ပဲ သူတို့ရဲ့ အကျိုးစီးပွားတွေက တစ်ကိုယ်ကောင်းဆန်လွန်းနေပြီးတော့ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင် ရဲ့ လျှို့ဝှက် ကပ်ဘေး အတွင်းမှာ သူတို့ ကူညီပေးဖို့ မလိုအပ်ခဲ့တာပေါ့.... ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု မှာတောင် အတင်းအကျပ် ကူညီခိုင်းတဲ့ အဲဒီလို ယုတ္တိမတန်တဲ့ အပိုဒ်မျိုး မရှိခဲ့ဘူး...."
စုရီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် နှစ်ဦးကို ပေါ်တင်ပင် သတ်ဖြတ်ခဲ့သည်။ အထွတ်အထိပ် သူတော်စင် များလည်း ဖြစ်ကြသော အခြား ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ငါးဦးကမူ ထိုဖြစ်ရပ်ကို အဝေးမှသာ ဆက်လက် စောင့်ကြည့် ခဲ့ကြသည်။ ထိုသူများ သေဆုံးသွားပြီးနောက်တွင် သူတို့သည် တရားခံအတွက် ဆုငွေထုတ်ပေးရန်သာ တာဝန်ရှိခဲ့သည်။ ၎င်းက ရက်စက်အေးစက်လှသော်လည်း လက်တွေ့ကျလှပေသည်။
"အချိန်တိုလေးအတွက်တောင် မရှိဘူးလား...."
ချူရှင်းက မေးလိုက်၏။ အနည်းဆုံးတော့ အုတ်မြစ်ချနေစဉ် အတွင်း ကူညီရန်လောက်တော့ ချုပ်ဆို ထားသင့်ပေသည်။
"မလိုအပ်လို့ပါ...."
စုမေ့ က ပြတ်သားစွာပင် ပြောလိုက်သည်။
"ဘယ်လိုလုပ် အဲဒီလို ပြောထွက်ရတာလဲ.... ရန်သူတွေက ငါတို့ တံခါးကို လာခေါက်နေပြီလေ.... သူ ဘယ်မှာလဲ.... သူ ဘာလို့ ဒီမှာ မရှိရတာလဲ...."
နက်ပစ် က မေးလိုက်၏။ သူမ၏ စစ်ကြောနေမှုကြောင့် စုမေ့ ၏ မျက်နှာထားက တဖြည်းဖြည်း တင်းမာလာလေသည်။ သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက် တစ်ရိပ်ရိပ် ဖြတ်ပြေးသွား၏။
နက်ပရီသည် နက်ပစ် ကို သူ့ နောက်သို့ အလောတကြီး ဆွဲခေါ်လိုက်ပြီး သူမနှင့် စုမေ့ ကြားတွင် ဝင်ရပ်လိုက်သည်။
ထို့ကြောင့်… သူ၏ ဇနီးသည် အသက်ရှင်စေရန် ကြိုးပမ်းသည့်အနေဖြင့် ဝိညာဉ် ဆက်သွယ်မှုမှတစ်ဆင့် အကြိမ်ကြိမ် တောင်းပန်လိုက်လေသည်။
သူသည် ချွေးစေးများ ပြန်နေသော လက်ဝါးများဖြင့် သူမ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့၏။ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပျောက်ကွယ်သွားပြီးနောက်မှသာ သူက နက်ပစ် ကို စူးစူးဝါးဝါး ကြည့်လိုက်လေသည်။
စုမေ့ က ဖြည်းညင်းစွာ ပြောလိုက်၏။
"သူဟာ နင့်ရဲ့ ဧကရာဇ်ပဲ.... သူ့ကို လေးလေးစားစား ခေါ်ဝေါ်ဆက်ဆံပါ...."
ဤသည်ကား သူမ၏ ပထမဆုံးနှင့် နောက်ဆုံး သတိပေးချက်ပင် ဖြစ်လေသည်။
နက်ပစ် သည် နက်ပရီ ၏ ကြမ်းတမ်းသော ဆုပ်ကိုင်မှုကြောင့် နာကျင်စွာ မျက်နှာရှုံ့မဲ့သွားသော်လည်း အခြေအနေကို နားလည်ပုံ မရပေ။ သူမက စကားပြောချင်သော်လည်း သူမ၏ အသံကို သူ၏ ဝိညာဉ်အင်အား က ချိတ်ပိတ်ထားလေပြီ။ သံဝါသ ကျင့်ကြံရန် သူမ ငြင်းဆန်လေ့ရှိသောကြောင့်၊ နက်ပရီ ၏ စွမ်းအားသည် သူမထက် အပြတ်အသတ် သာလွန်နေခဲ့ပြီ ဖြစ်သည်။ သူသည် သူမကို အန္တရာယ် မဖြစ်စေဘဲ ချိတ်ပိတ်နိုင်ရာတွင် တစ်နေ့တခြား ပို၍ ကျွမ်းကျင်လာခဲ့လေသည်။ စကားပြောခွင့် မရတော့သဖြင့်၊ သူမအနေဖြင့်လည်း ဘာမျှ ဆက်မပြောနိုင်တော့ပေ။
စုရီက တိုးညင်းစွာ သက်ပြင်းချလိုက်သည်။ ဝေ့ဝူယင် ၏ လက်အောက်ငယ်သားများကြားမှ ရှုပ်ထွေးမှုများကို သူ ဂရုမစိုက်ပေ။
"သူတို့တွေ အဲဒီဖြစ်စဉ်ကြီးကို ဖျက်ဆီးပစ်ကြလိမ့်မယ်...."
သူက ဖြစ်လာမည့် အမှန်တရားကိုသာ ပြောလိုက်သည်။
"ဖျက်ပါစေပေါ့...."
စုမေ့ က အလျင်လိုမှု ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။ 'သူတို့ ဖျက်နိုင်မယ် ဆိုရင်ပေါ့....'
စုရီ က ငြင်းခုံမနေတော့ပေ။ သူက ဤသို့သာ ပြောလိုက်သည်။
"ကောင်းကင်ရှန့်ထို အာရုဏ်ဦး က ငါ့ကို ကူညီပေးခဲ့ဖူးတော့ ငါ့ရဲ့ ဓားကို တစ်ခါလောက် သူ ငှားသုံးလို့ရအောင် ကူညီပေးပါ့မယ်...."
"ကျွန်တော်တို့ ခင်ဗျားရဲ့ ဓားကို မလိုပါဘူး...."
ဝေ့စီ က ရိုးအစွာပင် ပြောလိုက်သည်။
"ဒီကိစ္စအတွက် အကိုလတ်က ကျွန်တော့်ရဲ့ လက်သီးကိုတောင် လိုမှာ မဟုတ်ဘူး...."
စုရီ က သားရဲကြီးတစ်ကောင်နှင့်တူသော ထိုဧရာမလူကြီးကို ကြည့်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အတော်လေး နိမ့်ကျနေကြောင်း အာရုံခံမိပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။
"အပြင်ဘက်မှာ ဘာတွေရှိနေလဲ ဆိုတာ မင်း မသိပါဘူး...."
အပြင်ဘက်တွင် ကောင်းကင်ငယ် တမန်တော်များ အများအပြား ရှိနေပြီး မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ယုတ်မာလှသည့် အကြံအစည်များ၏ နောက်ကွယ်တွင် ပိုမိုစွမ်းအားကြီးမားသော တည်ရှိမှုများ အသေအချာပင် ရှိနေပေသည်။
ပြင်ပလူတစ်ယောက်၏ အမြင်အရဆိုလျှင် သူတို့သည် ဝေ့ဝူယင်ကို အပြင်ထွက်လာစေရန် မျှားခေါ်သည့် လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
အရာအားလုံးသည် ထိုရည်ရွယ်ချက်အတွက်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် သူ ယခုထက်တိုင် ပေါ်မလာသေးခြင်း ဖြစ်နိုင်ပေသည်။
"ခင်ဗျားက အကိုလတ် အကြောင်းကိုမှ သေချာ မသိတာ...."
ဝေ့စီ က ချေပလိုက်သည်။ ဝေ့ဝူယင်သည် ဘဝတွင် ခါးသီးမှု များစွာကို ဖြတ်သန်းခဲ့ရသည်။ အစ်ကိုကြီးနှင့် တိုင်လျဲ့ အပါအဝင် သူ ချစ်ရသော လူများကို ဆုံးရှုံးခဲ့ရူည်။
ထိုအရာ အားလုံးကို ကြုံတွေ့ရပြီးနောက် အနည်းငယ်မျှ ထိခိုက်နစ်နာမှုလေးကပင် ကြီးမားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို ဖြစ်ပေါ်စေရန် လုံလောက်နေပေသည်။
ဝုန်း....
အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ကြီး အနည်းငယ် တုန်ခါသွားလေသည်။
"သူတို့တွေ မျှော်စင်ကို ချိုးဖောက်ဝင်ရောက်လာကြပြီ ထင်တယ်...."
အဖြူရောင်ကောင်းကင်က အော်ဟစ်လိုက်၏။
"သူတို့ ကာကွယ်ရေး အစီအရင် ကို တိုက်ခိုက်လိုက်တာ ဖြစ်မယ်...."
မေ့ရှောင်ယန်ကတော့ အဆိုးဆုံး အခြေအနေကို ချက်ချင်း ကောက်ချက်ချမပစ်ပေ။
စုရီ က မျက်မှောင်ကြုတ်လိုက်၏။ ချူရှင်း ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ စုမေ့၏ နှုတ်ခမ်းများကမူ အရေးမပါသလို အနည်းငယ် ကွေးညွတ်သွားလေသည်။
ဝေ့စီက သူ၏ ဝိညာဉ်ကို လှုပ်ခတ်သွားစေသော ထို အော်ရာ ကို အာရုံခံမိလိုက်သည်။ မက်ဂီ တစ်ဦး၏ အော်ရာ ပင်တည်း။ သူက သွားများပေါ်အောင် ဖြီးဖြဲပြုံးလိုက်သည်။
"သူတို့တော့ သွားပြီပဲ...."
"ဝိညာဉ်ငလျင် လား...."
စုရီ နှင့် ချူရှင်း တို့ တစ်ပြိုင်နက်တည်း မေးလိုက်ကြလေသည်။
...
ကောင်းကင်သန့်စင်ခြင်း ဂလက်ဆီဇုံ၏ နယ်နိမိတ် အလွန်၊ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်၏ ဂလက်ဆီနယ်နိမိတ်အတွက် မိုးကုပ်စက်ဝိုင်းများက တညီတညွတ်တည်း သဘောတူသတ်မှတ်ပေးထားသော အာကာသနယ်မြေသည် “အာရုဏ်ဦး အာဏာရှင် ဧကရာဇ်က အဂ္ဂိရတ် တာအို၏ နတ်ဘုရားတစ်ပါးတမျှ ထိပ်တန်းပါရမီရှင် လူငယ်တစ်ဦး၏ ခန္ဓာကိုယ်ကို ဝင်ရောက်ပူးကပ်လုယူခဲ့သည်” ဆိုသော ယုတ်မာညစ်ညမ်းလှသည့် ကောလာဟလကြီး ထွက်ပေါ်လာခဲ့ချိန်မှစ၍ လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
တရားမျှတသော ဒေါသစိတ်ဖြင့် စည်းလုံးညီညွတ်မှုအောက်တွင်၊ ဂလက်ဆီတစ်ခွင်ရှိ ကျွမ်းကျင်သူများသည် သူတို့၏ စည်းလုံးမှုကို ပြသလျက် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်၏ အာကာသနယ်မြေကို ဟင်းလင်းပြင် သင်္ဘောများဖြင့် ပိတ်ဆို့ဝန်းရံရန် စုရုံးလာခဲ့ကြ၏။
ထိုနယ်မြေတစ်ခွင်လုံးတွင် အာကာသခရီးသွားလာခြင်း၊ အချိန်ကို ခြယ်လှယ်ခြင်းနှင့် ဟင်းလင်းပြင်ဆီသို့ ဝင်ရောက်ခြင်းတို့ကို တားဆီးပေးသည့် 'အဆုံးမဲ့ နှောင့်ယှက်ခြင်း အဆောင် အစီအရင်' ဟု လူသိများသော အဆောင်အစုအဝေးများကို လျှို့ဝှက်လောက အဆင့်ရှိ ဧရာမ သင်္ဘောကြီးများပေါ်၌ ဖြန့်ကျက်ချထားလေသည်။
အဆောင် အစီအရင် တစ်ခုစီကို ပေါင်းစည်းကာ အစီအရင်အလံအဖြစ် လုပ်ဆောင်စေခြင်းဖြင့်၊ ထိုပိတ်ဆို့မှုကြီးသည် အထွတ်အထိပ် သူတော်စင်များကိုပင် တားဆီးနိုင်သည့် အစစ်အမှန် လျှို့ဝှက်ကောင်းကင် အဆင့် အစီအရင်တစ်ခုဖြစ်သော 'အဆုံးမဲ့ ချုပ်နှောင်ခြင်း အစီအရင်' ကို ဖြန့်ကျက်နိုင်စွမ်း ရှိပေသည်။
၎င်းတို့မှာ ဂလက်ဆီရှိ ထိပ်တန်း နန်းတော် ခုနစ်ခုအနက်မှ တစ်ခုဖြစ်သော အဆုံးမဲ့ ကြယ် နန်းတော်၏ လက်ရာများပင် ဖြစ်သည်။ သို့သော်… ၎င်းတို့ကို ချူရှင်းနှင့် လုံရှီယာတို့ ပူးတွဲဦးဆောင်သော ပြိုင်ဘက်ကင်း မူလ စံအိမ်က ဝယ်ယူကာ ဖြန့်ကျက်ချထားခြင်းသာ ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော သဘောထားကွဲလွဲမှုများကြောင့် ပြိုင်ဘက်ကင်း မူလ စံအိမ်သည် ခေါင်းဆောင်မဲ့လုနီးပါး ဖြစ်နေခဲ့ရ၏။
သဘောထားကွဲလွဲမှုများတွင် ချူရှင်းက စုရီဘက်မှ ရပ်တည်ရန် ရွေးချယ်ခဲ့သည်။
လုံရှီယာ၏ အခြေအနေမှာ အလွန်ဆိုးရွားနေလေရာ ၎င်းကို ဦးဆောင်နေသူမှာ အထွတ်အထိပ် သူတော်စင် နှစ်ပါး၏အောက်တွင်သာရှိသော ပြိုင်ဘက်ကင်း မူလ စံအိမ်၏ မဟာအကြီးအကဲ ရှောက်ဟိုင် ဟုလည်း လူသိများသည့် သူတော်စင် ထာဝရ လောင်မြိုက်ခြင်းပင် ဖြစ်သည်။
သူသည် တင်းမာသော မျက်နှာထား၊ သာမန်အရပ်အမောင်းရှိပြီး အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော အမျိုးသားတစ်ဦး ဖြစ်သည်။ ဖြူစပြုနေသော ဆံပင်များကို တင်းကျပ်စွာ ထုံးဖွဲ့ထားပြီး အဝါရောင်ရင့်ရင့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသူဖြစ်သည်။
သူသည် ဧရာမ ဟင်းလင်းပြင် သင်္ဘောကြီး၏ ဦးပိုင်း၌ မှုန်ကုပ်ကုပ် ရပ်နေရင်း၊ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်ကို ကာကွယ်ပေးထားသည့် အစစ်အမှန် သူတော်စင် တစ်ပါး၏ လောကနိုးထခြင်း ဖြစ်ရပ်ကို စောင့်ကြည့်နေလေသည်။
ပြိုင်ဘက်ကင်း မူလ စံအိမ် သည် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ကို ဝန်းရံကာ တံခါးဝတွင် အင်အားသုံး၍ ရပ်တည်နေသော တစ်ခုတည်းသော စံအိမ် မဟုတ်ပေ။
အဖြူနှင့်အနက် ကြာပန်းနှစ်ပွင့် ပူးကပ်နေသည့် ပုံသဏ္ဌာန်ရှိသော နောက်ထပ် ဧရာမ ဟင်းလင်းပြင် သင်္ဘော ကြီးတစ်စင်းကိုလည်း အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ထင်ရှားသော နံပါတ်ခြောက်အဆင့်ရှိ ပြိုင်ဘက်ကင်း စံအိမ် အဖြစ် အသိအမှတ်ပြုထားကြ၏။
ထိုစံအိမ်ကား ပြိုင်ဘက်ကင်း မြေကြီးနှင့်ကောင်းကင် စံအိမ် ပင်တည်း။
***
အပိုင်း(၁၅၂၀)
ပြိုင်ဘက်ကင်း မြေကြီးနှင့်ကောင်းကင် စံအိမ် သင်္ဘော၏ ဦးပိုင်းတွင်မူ အာဏာနှင့် စွမ်းအားတို့ဖြင့် သွန်းလုပ်ထားသည့် ရင့်ကျက်လှသော စိတ်နေ သဘောထားတို့ကို ထုတ်ဖော်ပြသနေသည့် အဘွားအို တစ်ဦး ရှိနေလေသည်။
သူမသည် ပြိုင်ဘက်ကင်း မြေကြီးနှင့်ကောင်းကင် စံအိမ် ၏ မဟာအကြီးအကဲ၊ သူတော်စင် ကောင်းစွေ့ ပင် ဖြစ်သည်။ သူမသည် သူတော်စင် နှလုံးသားရနံ့ ဟု လူသိများသော်လည်း သူမ၏ ဘွဲ့အမည်ကို အသုံးပြုလေ့ သိပ်မရှိပေ။
ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်ကြီးများကမူ သူမ၏ အတိတ်သည် ရုန်းကန်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ကြောင်း သိရှိကြပေသည်။ အထူးသဖြင့် သူမ၏ ငယ်ဘဝအစပိုင်းတွင် လျှို့ဝှက် အာဏာရှင်များ ကြား၌ နာမည်ကြီး ပြည့်တန်ဆာတစ်ဦး ဖြစ်ခဲ့ပြီးနောက်၊ မတူညီသော အချိန်ကာလများတွင် အမျိုးသားသုံးဦး၏ မယားငယ်အဖြစ် အသက်မွေးခဲ့ဖူးလေသည်။ ထိုအမျိုးသား သုံးဦးစလုံးမှာလည်း ရည်မှန်းချက်ကြီးမားမှု သို့မဟုတ် ရတနာများအတွက် အလုအယက် ယှဉ်ပြိုင်မှုများကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အသက်ဆုံးရှုံးခဲ့ကြရသည်။
သူတော်စင် ကောင်းစွေ့ ကို ဒဏ္ဍာရီလာ နိမိတ်ဆိုး တစ်ခုအဖြစ် သတ်မှတ်လေ့ရှိကြသည်။ သူမ၏ ချစ်သူများသည် အဆုံးသတ် မလှနိုင်ရန် ကံကြမ္မာ ဖန်တီးခံထားရသူများ ဖြစ်ကြသည်ဟု ယူဆကြသည်။
ထိုအခိုက်၌… ပြိုင်ဘက်ကင်း မြေကြီးနှင့်ကောင်းကင် စံအိမ်၏ လက်အောက်ငယ်သားများသည် စိတ်လုံခြုံမှုကို ခံစားနေကြရသည်။
အဘယ့်ကြောင့်နည်း။ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်များ ဖြစ်သလို အထွတ်အထိပ် သူတော်စင်များလည်း ဖြစ်ကြသော ဖခင်နှင့် မိခင် နှစ်ပါးကို ပိုင်ဆိုင်ထားသည့် သူတို့၏ ခေါင်းဆောင် အရှင်သခင် ကြာပန်းနှစ်ပွင့်က အမှန်တရားကို ဖော်ထုတ်မည့် ဤစစ်ဆင်ရေးအား ဦးဆောင်နေသောကြောင့်ပင် ဖြစ်သည်။
သို့သော် သူတော်စင် ကောင်းစွေ့ ၌မူ ထိုသို့သော လုံခြုံမှုခံစားချက်မျိုး လုံးဝ မရှိခဲ့ပေ။
စံအိမ် သခင် က အဂ္ဂိရတ်ဖြစ်စဉ်ကို ဖျက်ဆီးရန် မိဘများကို ဖိတ်ခေါ်နေသည်ကို ကြည့်နေရင်း သူမ၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုများက အတားအဆီးမဲ့စွာ လွှမ်းမိုးနေခဲ့လေသည်။
အစကတည်းက ဤစစ်ဆင်ရေးတွင် ပါဝင်ရန် သူမ တုံ့ဆိုင်းနေခဲ့သော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် စံအိမ် သခင် ကမူ ပါဝင်ပတ်သက်ရန် အခိုင်အမာ ဆုံးဖြတ်ထားခဲ့သည်။
မမျှော်လင့်ထားသော ကပ်ဘေးဆိုးကြီးများ မကြုံတွေ့ရဘဲ အရာအားလုံး သူတို့ဘက်သာ အသာစီးရပါစေဟု သူမ ရင်ထဲကနေ တိတ်တဆိတ် ဆုတောင်းနေရုံမှအပ အခြား မတတ်နိုင်တော့ချေ။
ဟင်းလင်းပြင် သင်္ဘော တစ်စင်းပေါ်တွင်တော့…
တိုတောင်းသော ဆံပင်၊ အညိုရောင်အသားအရေနှင့် အညိုနုရောင် မျက်လုံးများရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သင်္ဘော၏ အစွန်တွင် ရပ်နေလေသည်။
သူသည် ကြွက်သားများ အပြည့်ရှိသော လက်မောင်းများကို ကြပ်ထုတ်နေသော အဝတ်အစားများအောက်မှ ထိုးထွက်နေသည့် ရင်အုပ်ကြွက်သားများပေါ်တွင် ယှက်တင်ထားပြီး၊ တောင်တန်းများနှင့် ဝင်တိုက်မိလျှင်ပင် ထိုတောင်တန်းများကသာ လွင့်စင်သွားမည့်အလား ခံစားရစေသော အရှိန်အဝါမျိုးကို ထုတ်လွှင့်နေလေသည်။
သူသည် သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် တစ်ခွင်လုံးတွင် လှုပ်ရှားနေသော ဟင်းလင်းပြင် ဓားပြ အဖွဲ့အစည်းဖြစ်သည့် 'သွေးစွန်းကံကြမ္မာ ဓားပြမိစ္ဆာ သုံးဦး' အနက်မှ တစ်ဦးအဖြစ် လူသိများကြလေသည်။
ဂလက်ဆီအစုအဝေး တစ်ခုလုံးကတော့ သူ့ကို အရှင်သခင် သံမဏိအစောင့်အရှောက် မိစ္ဆာ ဟု လူသိများကြသည်။
သူ အသက်ရှူလိုက်ရုံမျှဖြင့်ပင် အာကာသ၊ အလင်းနှင့် ဆွဲငင်အား တို့၏ စီးဆင်းမှုကို နှောင့်ယှက်ပစ်နိုင်ပြီး၊ သဘာဝအတိုင်း ကြီးစိုးနိုင်စွမ်း အရှိန်အဝါကို ထုတ်လွှင့်ပေးနေလေသည်။
ထူထဲသော မျက်ခုံးမွေးနက်နက် တစ်စုံနှင့် အမြဲတစေ မျက်မှောင်ကြုတ်နေတတ်သော မျက်နှာထားကြောင့် သူသည် အနည်းငယ်မျှ ဒေါသထွက်စရာ မလိုဘဲနှင့်ပင် ခြိမ်းခြောက်နေသည့် အသွင်ပေါ်နေ၏။
သို့သော် အမှန်တကယ်တွင် သူသည် ဒေါသထွက်နေခဲ့သည်။ အတော်လေးကို ဒေါသထွက်နေခြင်းပင်။
"ပြဿနာပဲကွာ...."
သူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် အတွက် အကာအကွယ်ပေးထားသည့် အဂ္ဂိရတ်ဖြစ်စဉ်သည် သူ၏ အညိုနုရောင် မျက်လုံးများထဲတွင် ထင်ဟပ်နေလေသည်။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ဤစည်းမျဉ်းများသည် ကိုင်တွယ်ဖြေရှင်းရသည်မှာ တုံးအလွန်းပြီး စိတ်ပျက်စရာ ကောင်းလှပေသည်။ ဤစစ်ဆင်ရေးကို မိုးကုပ်စက်ဝိုင်းများ က တိတ်တဆိတ် ခွင့်ပြုထားပြီး၊ သာမန်အားဖြင့်ဆိုလျှင် နှစ်တစ်ထောင်အတွင်း ဝင်ခွင့်မရနိုင်မည့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းသို့ သူကိုယ်တိုင် ဝင်ရောက်ခွင့်ပင် ရရှိခဲ့လေသည်။ အနည်းဆုံးတော့ သူ၏ အစစ်အမှန်ခန္ဓာကိုယ် အတွက် ဝင်ခွင့်ရခဲ့ခြင်းပင်။
မည်သို့ပင်ဆိုစေ… သူသည် အဆင့်တွင် အခြေကျပြီးသည့် ကောင်းကင်ငယ် တမန်တော် တစ်ပါးဖြစ်ပြီး သူ၏ ခွန်အားသည် ကျင့်ကြံခြင်းအဆင့်၏ ထိပ်တန်းအဆင့်တွင် ရှိနေကာ သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် ရှိခဲ့သမျှတွင် အကြီးဆုံး ဟင်းလင်းပြင် ဓားပြ အဖွဲ့အစည်းများအနက်မှ တစ်ခုကို လည်ပတ်နိုင်စွမ်း ရှိပေသည်။
ဂလက်ဆီတစ်ခွင်လုံးတွင် အလိုရှိနေသော ဝရမ်းပြေးတစ်ဦးအဖြစ် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ခြင်းနှင့် ပတ်သက်၍မူ… ခေါင်းဆောင်များ၏ ကျိန်ဆိုမှု မရှိဘဲနှင့် ကြီးမားသော ဂလက်ဆီတစ်ခု၏ နယ်နိမိတ်အတွင်းသို့ သူ ပေါ့ပေါ့ဆဆ ဝင်ရောက်လာမည် မဟုတ်ချေ။
မိုးကုပ်စက်ဝိုင်းများက သူသည် ဤနေရာတွင် လှုပ်ရှားနေစဉ်အတွင်း သူ့ကို ဆန့်ကျင်တိုက်ခိုက်မည် မဟုတ်ကြောင်း အနည်းနှင့်အများ အာမခံထားပြီး၊ အကယ်၍ ကိုယ်ရေးကိုယ်တာ ရန်ငြိုးရှိသူ တစ်ဦးဦး၏ တိုက်ခိုက်ခြင်းကို ခံရပြီး အင်အားမမျှပါက သူ၏ လုံခြုံရေးကို အာမခံပေးမည်ဟု ကတိပြုထားလေသည်။
ဤအာမခံချက်များသာ မရှိပါက ကြီးမားသော အကျိုးအမြတ်များဖြင့် မျှားခေါ်ခံရလျှင်ပင် သူသည် ဤနေရာသို့ မိုက်မဲစွာ ဝင်ရောက်လာမည် မဟုတ်ပေ။
"မင်းက အဲဒီလောက်တောင် စိတ်မရှည်နိုင်ဖြစ်ရလား.... လီတျဲ့...."
အရှင်သခင် သံမဏိအစောင့်အရှောက် နှင့် အလွန်ရင်းနှီးပုံရသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
ထိုအသံမှာ အရွယ်ရောက်ပြီး လူတစ်ယောက်၏ အရွယ်အစားခန့်ရှိသော မြေကြီးအညိုရောင် ဘူးသီးခြောက်ကြီးကို ကျောတွင်လွယ်ထားသည့် ရွှေရောင်ဆံပင်နှင့် လူငယ်တစ်ဦးထံမှ ဖြစ်သည်။
သူသည် သေးငယ်သော ကိုယ်ပိုင် ဟင်းလင်းပြင် သင်္ဘော တစ်စင်းပေါ်တွင် ရပ်နေပြီး ကျောက်ဆူးမချဘဲ စက်ဝိုင်းပုံသဏ္ဌာန် ဖြည်းညင်းစွာ ပျံသန်းနေလေသည်။
သူသည် ယန္တရားများကို အသက်သွင်းထား သကဲ့သို့ သူ၏သင်္ဘောရှိ တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် လှုပ်ရှားသွားလာရေး အစီအရင်များကို အမြဲတစေ အသက်သွင်းထားရာ၊ ၎င်းသည် အလွန်အမင်း သတိကြီးသူတစ်ဦး၏ လက္ခဏာပင် ဖြစ်လေသည်။
မိမိ၏ နာမည်ရင်းကို အခေါ်ခံလိုက်ရသဖြင့် အရှင်သခင် သံမဏိအစောင့်အရှောက် သည် စိတ်ပျက်လက်ပျက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
ထိုသို့ဖြစ်လင့်ကစား သွေးစွန်းကံကြမ္မာ၏ ဓားပြမိစ္ဆာ တစ်ဦးထံမှ မျှော်လင့်ထားသည့်အတိုင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းမျိုးတော့ မရှိခဲ့ချေ။
သူသည် ဤသူနှင့် ရင်းနှီးကြောင်း ထင်ရှားလှပေသည်။
အကယ်၍ မရင်းနှီးလျှင်တောင်မှ သူသည် မည်သည့်လုပ်ရပ်ကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။ ဤသူ၏ ကျင့်ကြံခြင်းစွမ်းရည်မှာ အလွန်တရာ မြင့်မားလှပေသည်။
သူသည် စည်းစိမ် ပျက်သုဉ်းခြင်း ဂလက်ဆီ ၏ နတ္ထိဟင်းလင်းပြင် အစွန်အဖျားတွင် အဓိက လှုပ်ရှားသော ဟင်းလင်းပြင် မုဆိုး အဖွဲ့အစည်းတစ်ခုဖြစ်သည့် လူဆိုးလေးများ သမဂ္ဂ ၏ တစ်ဦးတည်းသော ဒု-သမဂ္ဂခေါင်းဆောင် ရိုးရွဲ သူတော်စင်တီ ပင် ဖြစ်သည်။
ရိုးရွဲ သူတော်စင်တီ သည် သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင်၏ ကြီးမြတ်ဆုံး မင်းဆက်နှင့် မိဖုရားခေါင်ကြီးဖြစ်သော ကံကောင်းခြင်းနှင့် ကံကြမ္မာ နတ်ဘုရားမ တို့နှင့် လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှု ရှိသည်ဟု ဆိုကြလေသည်။ သူမသည် သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် တစ်ခွင်လုံးတွင် ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးပင် ဖြစ်သည်။
အနီးကပ် လေ့လာကြည့်ပါက… ဤ ရိုးရွဲ သူတော်စင်တီသည် လူကိုယ်တိုင် လာရောက်ခြင်းမဟုတ်ဘဲ၊ အချိန်နှင့် ကြိုးစားအားထုတ်မှုများစွာ ပေးဆပ်ကာ ကျင့်ကြံထားသော ကိုယ်ပွားတစ်ခု ဖြစ်ကြောင်း မည်သည့် အထွတ်အထိပ် သူတော်စင် မဆို သိရှိနိုင်ပေသည်။
ဧရာမ ဟင်းလင်းပြင် သင်္ဘော နှင့် အမှုထမ်းများ မပါရှိခြင်းက သူ၏ တစ်ကိုယ်တော် ခရီးစဉ်ကို ညွှန်ပြနေပေသည်။
ရိုးရွဲ သူတော်စင်တီသည် အရှင်သခင် သံမဏိအစောင့်အရှောက်၏ တုံ့ပြန်မှုကို ပြုံးလျက် ကြည့်ရှုနေရင်း နောက်ပြောင်ကာ ပြောလိုက်သည်။
"စိတ်ကောက်နေစရာ မလိုပါဘူး.... အရှင်သခင် ကြာပန်းနှစ်ပွင့် က အဲဒီဖြစ်စဉ်ကြီးကို ဖျက်ဆီးပစ်ဖို့ သူ့မိဘတွေကို ခေါ်လာခဲ့ပြီပဲ.... အဲဒါကြီး ပျောက်သွားတဲ့အခါ ခင်ဗျားရဲ့ ဒေါသတွေကို အသစ်တည်ဆောက်ထားတဲ့ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ဆီ လှည့်ပစ်လို့ ရပြီလေ...."
အခြားတစ်နေရာတွင်မူ အရပ်ရှည်ရှည်နှင့် သွယ်လျလှပသော မိန်းမချောလေးတစ်ဦးသည် နို့နှစ်ရောင် ကြာပန်းတစ်ပွင့်ပေါ်တွင် မတ်တပ်ရပ်လျက် အဂ္ဂိရတ်ဖြစ်စဉ်ဆီသို့ ချောမွေ့စွာ ရွေ့လျားသွားနေလေသည်။
သူမတွင် အနက်နှင့်အဖြူ အချိုးညီညီ ရောစပ်နေသော ခေတ်ဆန်ဆန် ဂုတ်နားလောက် ရှည်သည့် ဆံပင်ရှည်များ ရှိပေသည်။ ညာဘက်အခြမ်းမှာ အနက်ရောင်ဖြစ်ကာ ဘယ်ဘက်အခြမ်းမှာ အဖြူရောင် ဖြစ်လေသည်။
သူမ၏ ဘေးတွင်မူ သူမ၏ မိဘများဖြစ်ကြသော မြေကမ္ဘာမိခင် အရှင်သခင် နှင့် ကောင်းကင်ဖခင် အရှင်သခင် တို့ ရှိနေကြ၏။
သူတို့သည် သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ပိုင်ဆိုင်ထားသည့် အခြာ အဂ္ဂိရတ်ပညာရှင် ငါးဦးကိုလည်း ခေါ်ဆောင်လာခဲ့ကြပေသည်။
***