← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 15 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 15 Ch. 209-210

အပိုင်း(၂၀၉)

"ဒီအပိုင်းကတော့ စမ်းသပ်မှုတွေ အကြောင်း ရေးထားတယ်... စကားလုံးတွေက ပိုခက်လာတယ်... မဟူရာ မီးတောက် ဘိုးဘေးတွေက ဒီမှာ လမ်းစဉ် ရဲ့ အခြေခံ နည်းစနစ်သုံးခုအတွက် စမ်းသပ်မှုသုံးခုကို ထားရှိခဲ့တယ်၊ အဲဒါကတော့ ရှင်းပါတယ်... ဒီတစ်ခုကတော့... မင်းသိတဲ့အတိုင်း ကြမ်းတမ်းတဲ့ အပြင်ဝတ်ရုံ မဟူရာ မီးတောက် ပေါ့... အဲဒါက သူတို့ရဲ့ ကာကွယ်သူ နည်းစနစ်ပဲ... အဲဒါက လောင်ကျွမ်းပစ်တယ်လို့ ထင်ရတယ်..."

သူ၏ စကားသံများ တိမ်ဝင်သွားခဲ့၏။

"မီး မာဒြာ ဆိုတော့ လောင်ကျွမ်းမှာပဲလို့ မျှော်လင့်ရမှာပေါ့..."

ယီရင် က ပြောသည်။

"မဟုတ်ဘူး၊ အဲဒါက... အာ... အဲဒါက အသုံးပြုသူရဲ့ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေတယ်လို့ ထင်ရတယ်..."

သူသည် အခြားအဓိပ္ပာယ်ကောက်ယူမှုကို ရှာဖွေရန် စဉ်းစားကြည့်သော်လည်း ဘာမှ မရခဲ့ပေ။ ထို လမ်းစဉ် ကို ကိုင်တွယ်ရန် သွေးရည်ကျို သံမဏိအဆင့် ခန္ဓာကိုယ် လိုအပ်သည်ဟု အီသန် အဘယ်ကြောင့် ထင်ခဲ့သနည်းဆိုသည်ကို ထိုအချက်က ရှင်းပြနေသည်။ သို့သော် သူ့ကိုယ်သူ အတွင်းမှနေ၍ အပြင်သို့ လောင်ကျွမ်းစေမည့်အပေါ် သူ သိပ်ပြီး စိတ်အားထက်သန်မှု မရှိလှပေ။

"အဲဒါက နင့် အတွက် ရတနာတစ်ခုပဲ မဟုတ်လား..."

ယီရင် က မေးလိုက်သည်။

"နည်းစနစ်တစ်ခုက နင့် ဆီကနေ တစ်ခုခုကို တောင်းဆိုတယ်ဆိုရင် အဲဒါက ကောင်းတဲ့ နည်းစနစ်တစ်ခု ဖြစ်ရမယ်လို့ အဓိပ္ပာယ်ရတယ်လေ..."

လင်းတုန်း သည် တိကျသော အဖြေမပေးဘဲ အသံတစ်ချက်ပြုလိုက်ပြီး ခုံပေါ်ရှိ မီးခိုးငွေ့ရောင် ဖန်သလင်းဘောလုံးကို လက်ဟန်ပြလိုက်သည်။

"ငါက ဒီ ဖန်သလင်းဘောလုံးကတစ်ဆင့် နည်းစနစ်ကို သုံးရမယ်ထင်တယ်၊ အဲဒါက စမ်းသပ်မှုကို အသက်ဝင်စေလိမ့်မယ်... တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါ အဲဒါကို မကျွမ်းကျင်မချင်း ငါတို့ ရှေ့ဆက်သွားလို့ ရမှာမဟုတ်ဘူးလို့ ထင်ရတယ်..."

သူမသည် လက်များကို ပိုက်လိုက်သည်။

"ငါ စောင့်ပါ့မယ်..."

လင်းတုန်းသည် မာဒြာ ပုံကြမ်းမှနေ၍ သူမဆီသို့ အကြည့်လွှဲလိုက်သည်။

"ဒီအတွက် ငါ ရက်ပေါင်းများစွာ အချိန်ယူရနိုင်တယ်..."

"တကယ်လား..."

ယီရင်က မာဒြာ လမ်းကြောင်းများ၏ သရုပ်ဖော်ပုံကို လက်ဆစ်ဖြင့် ခေါက်လိုက်သည်။

"ဒါလေးကိုလား..."

ထိုပုံကြမ်းသည် အသက်တစ်ကြိမ် ရှူတိုင်း သူ၏ မာဒြာ စီးဆင်းမှုကို အသေးစိတ် လမ်းညွှန်မှုများနှင့် ပြုပြင်ပြောင်းလဲမှုများ ဒါဇင်နှင့်ချီ၍ ပြုလုပ်ရန် တောင်းဆိုနေပုံရသည်။ တိုက်ပွဲတစ်ခုတွင် မစဉ်းစားဘဲ အသုံးပြုနိုင်ရန် သူ့အတွက် လပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

"နင့်ရဲ့ အတွေ့အကြုံကို ငါ အလေးအမြတ်ထားပါတယ်..."

သူက ပြောလိုက်သည်။

"ဒါပေမယ့် သုံး၊ လေးရက်ဆိုတာကတော့ သင့်လျော်တယ်လို့ ငါ ထင်တယ်..."

ယီရင်သည် သူမ၏ ခါးပတ်ပေါ်ရှိ ဓားကို ရွှေ့လိုက်ပြီးနောက် မြေကြီးပေါ်သို့ ထိုင်ချလိုက်သည်။ သူမသည် သူမရှေ့ရှိ မြေကြီးကို ပုတ်လိုက်သည်။

"ဒီလောက် ရိုးရှင်းတဲ့အရာလေးအတွက် နင့်ကို ရက်ပေါင်းများစွာ အချိန်ယူခွင့်ပေးလိုက်ရင် ငါ သေပြီး ပုပ်ပွသွားလိမ့်မယ်... ထိုင်လိုက်၊ ငါ နင့်ကို သင်ပေးမယ်..."

လင်းတုန််သည် ပုံကြမ်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် ကျောက်ပြားကို ကျောမှီကာ ထိုင်လိုက်ပြီး သူ၏ ဒူးများကို ယီရင် ၏ ဒူးများနှင့် ထိထားလိုက်သည်။ နောက်တစ်ကြိမ်အဖြစ် သူသည် စက္ကူနှင့် မှင်ကို ယူလာခဲ့မိလျှင် ကောင်းမည်ဟု ဆန္ဒပြုမိပြန်သည်။ မာဒြာ ပုံစံကို ကူးယူရေးဆွဲခြင်းက မှတ်ဉာဏ်ထဲတွင် စွဲမြဲစေရန် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

"ငါပြောတာကို လုပ်၊ ငါပြောတဲ့အချိန်မှာ လုပ်၊ ကြားလား..."

လင်းတုန်း ခေါင်းညိတ်ပြလိုက်သောအခါ ယီရင် သည် သူမ၏ ကျောကို မတ်လိုက်သည်။

"မျက်လုံးမှိတ်ထား..."

သူ ထိုအတိုင်း လုပ်လိုက်သည်။

"ငါတို့ အခု ဖြည်းဖြည်းချင်းပဲ သွားမယ်... အသက်ပြင်းပြင်း ရှူသွင်းလိုက်၊ ပြီးတော့ နင့်ရဲ့ မာဒြာ တွေက သစ်ပင်အမြစ်တွေလို နင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားတယ်လို့ မြင်ယောင်ကြည့်... နင် အသက်ရှူသွင်းလိုက်တာနဲ့ အဲဒီအမြစ်တွေက ပြန့်ထွက်သွားတယ်..."

ထိုအရာက ကောင်းကင်နဲ့ မြေကြီး သန့်စင်ခြင်း စက်ဝန်း ကို သင်ပေးတုန်းက အီသန် ပြောပြခဲ့သည့် မြင်ယောင်ကြည့်ခြင်း မျိုးနှင့် အတူတူပဲ ဖြစ်သည်။ သူသည် လိုက်လုပ်ကြည့်လိုက်ရာ သူ၏ မာဒြာ သည် အံ့ဩစရာကောင်းလောက်အောင် လွယ်ကူစွာ တုံ့ပြန်လာခဲ့သည်။

"အသက်ရှူထုတ်လိုက်၊ ပြီးတော့ အဲဒါတွေ အားလုံးကို မီးရှို့ပစ်လိုက်... အဲဒီအမြစ်တွေကို ဝါးမြိုနေတဲ့ မီးတောက်တစ်ခု ရှိတယ်၊ နင်က အဲဒါတွေကို လောင်ကျွမ်းစေနေတယ်၊ ပြီးတော့ အဲဒီမီးတောက်က နင့်ကို မောင်းနှင်ပေးတဲ့ လောင်စာပဲ..."

လင်းတုန်း သည် မီးတောက်အပေါ် အာရုံစိုက်လိုက်သောအခါ မဟူရာ မီးတောက် မာဒြာ သည် ဆာလောင်နေသော သားရဲတစ်ကောင် ရှေ့သို့ ခုန်ထွက်လာသကဲ့သို့ ဖြစ်သွားသည်။ ၎င်းသည် သူ၏ ဝိညာဉ် မှတစ်ဆင့် ပြန့်နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားခဲ့သည်။ သို့သော် ထိုခံစားချက်က နာကျင်မှုမရှိဘဲ သူ၏ ကြွက်သားများ တဖြည်းဖြည်း အရည်ပျော်ကာ ပျောက်ကွယ်သွားသကဲ့သို့ ပူလောင်ပြီး အနှောင့်အယှက်ဖြစ်စေသော ကျင်စက်စက် ခံစားချက်မျိုးသာ ဖြစ်သည်။

သူ မျက်လုံးဖွင့်လိုက်၏။

"ဓားသူတော်စင် ရဲ့ တပည့်ပီသပါပေတယ်..."

သူက ပြောရင်း လက်သီးနှစ်ဖက်ကို ဆုပ်ကာ သူမကို အရိုအသေပေးလိုက်သည်။

"အဲဒါ အလုပ်ဖြစ်နိုင်တယ်လို့ ငါ နီးပါးလောက် ခံစားရတယ်... နောက်ထပ် နည်းနည်းလောက် ကြိုးစားကြည့်ရင် ငါ ထင်တယ်... အမ်... ဘာဖြစ်လို့လဲ..."

ယီရင်၏ မျက်နှာထက်ရှိ ဂုဏ်ယူနေသော အပြုံးကို ကြည့်ကာ လင်းတုန်း ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။

"နီးပါးလောက် ဟုတ်လား..."

သူမ၏ ပခုံးပေါ်ရှိ ငွေရောင် ဓားသွားသည် ရှေ့သို့ အနည်းငယ် တိုးလာပြီး သူ၏ မျက်နှာရှေ့တွင် ပြောင်လက်နေသော သံမဏိ မျက်နှာပြင်တစ်ခုကို ချန်ထားရစ်ခဲ့သည်။

"ဒီတစ်ခါ မျက်လုံးဖွင့်ပြီး လုပ်ကြည့်..."

မျက်လုံးဖွင့်လျက် မာဒြာ စီးဆင်းမှုကို မြင်ယောင်ကြည့်ရန် ပို၍ ခက်ခဲသောကြောင့် ဤတစ်ကြိမ် ကြိုးစားမှုက သူ့ကို အချိန်ပိုကြာစေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏ မာဒြာ များ တောက်လောင်လာပြီး သူ၏ သွေးကြောများထဲသို့ ကျင်စက်စက် ခံစားချက် ဖြတ်သန်းသွားချိန်တွင် သူ ကြည့်နေခဲ့သည်။

သူ၏ မျက်နှာ ရောင်ပြန်ဟပ်မှုသည် အနီနှင့် အမည်းရောင် မီးတောက် မြူခိုးများကြောင့် ရုတ်တရက် ဝေဝါးသွားခဲ့သည်။

လင်းတုန်းသည် နောက်သို့ လဲကျမတတ် ဖြစ်သွားခဲ့သည်။

ယီရင်က သူ့ကို လက်ဟန်ပြလိုက်သည်။

"အဲဒါက လောင်ကျွမ်းနေတဲ့ မီးခိုးတွေလို နင့်ရဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတယ်... တကယ်ပြောရရင် ကြည့်ရတာ တော်တော်လေး ကြောက်စရာကောင်းတဲ့ ပုံပေါက်တယ်... ကျင်းလုံ ကတော့ တိုက်ပွဲလာရင် သေးခံ ဝတ်လာရလိမ့်မယ်..."

သူ မတ်တပ်ရပ်လိုက်သည်။

"ဘယ်လိုလုပ်ပြီး... ဒီလောက် မြန်မြန်ရသွားတာလဲ..."

သူမက သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး မာဒြာ ပုံစံဘေးရှိ သင်္ကေတလေးများကို ဓားဖျားဖြင့် ညွှန်ပြလိုက်သည်။ လင်းတုန်းကမူ ၎င်းတို့ကို ရှေးဟောင်း စာလုံးများတွင် ဖတ်ရှုရန် လမ်းညွှန်ချက်များဟု ထင်မှတ်ထားခဲ့သည်။

"စာတစ်လုံးမှ မဖတ်တတ်ပေမယ့် ဒီပုံတွေကို ရှေးဟောင်း လမ်းစဉ် လမ်းညွှန်စာအုပ် အများစုမှာ နင် တွေ့ရလိမ့်မယ်... ငါက ပူပူနွေးနွေး ထမင်းစားရတာထက် ငါ့ဆရာနဲ့ လှည့်ပတ် ကျင့်ကြံခြင်း သီအိုရီ အကြောင်းကို ပိုပြီး ဆွေးနွေးဖြစ်ခဲ့တယ်လေ..."

သူမက ပခုံးတွန့်လိုက်သည်။

"နင်က နင်ရဲ့ ကိုယ်ပိုင် ဝိညာဉ် ကိုပဲ ရွှေ့ပြောင်းနေတာ မဟုတ်ဘူးလား... လမ်းညွှန်ချက်တချို့ကို မှတ်မိနေတာထက် ခံစားချက်က နင်အတွက် ပိုပြီး အကျိုးရှိတယ်လေ..."

သူမက သူမ၏ ရွှေအဆင့် အမှတ်အသား ကို မှန်တစ်ချပ်အဖြစ် ချန်ထားရစ်ဆဲ ဖြစ်သဖြင့် လင်းတုန်း သည် ထိုနည်းစနစ်ကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုလိုက်သည်။ ဤတစ်ကြိမ်တွင် သူ ပိုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ အနီနှင့် အမည်းရောင် ပါးလွှာသော အော်ရာ သည် စွမ်းအားမြူခိုးများကြားတွင် သူ့ပတ်လည်၌ တရိပ်ရိပ် တက်လာခဲ့သည်။ ဤနည်းစနစ်ကို အသုံးပြုသောအခါ သူသည် မဟူရာ မီးတောက် မာဒြာ များဖြင့် ဖုံးလွှမ်းခံရမည် ဖြစ်သည်။

"အဲဒါက ဘာလုပ်ပေးတာလဲ..."

"နင်ရဲ့... ကျောက်စာအုပ်ကို သွားမေးကြည့်ပါလား..."

သူမသည် နှာခေါင်းကို ကုတ်လိုက်ပြီး ထပ်ပြောလိုက်သည်။

"ဒါပေမယ့် ငါ ခန့်မှန်းကြည့်လို့တော့ ရတယ်... ငါ့အမြင်တော့ အခြေခံ ခန္ဓာကိုယ်အပြည့် ကာကွယ်သူ နည်းစနစ်နဲ့ တူတယ်... နင့်ရဲ့ မာဒြာ အပေါ်မူတည်ပြီး အလုပ်လုပ်ပုံ ကွာခြားပေမယ့် အခြေခံအားဖြင့်တော့ လမ်းစဉ် တိုင်းမှာ အဲဒီလိုမျိုး တစ်ခုတော့ ရှိတတ်ကြတယ်... နင် အဲဒါကို အသုံးပြုနေချိန်မှာ နင်ရဲ့ ခန္ဓာကိုယ်ကို မာဒြာ တွေနဲ့ ကာကွယ်ပေးထားပြီး အားဖြည့်ပေးထားတယ်... နင်ရဲ့ မာဒြာ တွေ ကုန်သွားတဲ့အထိ ဒါမှမဟုတ် နင် အဲဒါကို ရပ်လိုက်ရတဲ့အထိပေါ့..."

သူသည် ကျောက်ပြားကို လေ့လာကြည့်လိုက်ရာ သူမပြောသည်နှင့် ကိုက်ညီနေပုံ ရသည်။ သူ သိနိုင်သလောက်တော့ ဖြစ်သည်။

"ဒီလောက် ရိုးရှင်းတယ်ဆိုရင် ဘာလို့ ဒီမှာ မှတ်တမ်းတင်ထားရတာလဲ..."

"နင်က ငါ့ကို မေးနေတယ်၊ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ... လမ်းစဉ် တိုင်းမှာ ရှုပ်ထွေးတဲ့ နည်းစနစ်တွေ ရှိတာမဟုတ်ဘူး... တစ်ခါတလေမှာ အရမ်းကို ရိုးရှင်းပြီး နင် အဲဒါကို ဘယ်လို အသုံးပြုလဲဆိုတာအပေါ်မှာပဲ မူတည်တယ်... ဒါမှမဟုတ် ဒါက ကြေးအဆင့် ကလေးတွေကို ပေးတဲ့ စမ်းသပ်မှုလည်း ဖြစ်နိုင်တာပဲ..."

ကျောက်ပြား၏ အရေးအသား လေသံအရ ဤအရာသည် ကလေးများအတွက် ကစားကွင်းကဲ့သို့ ပေါ့ပေါ့တန်တန် အရာတစ်ခုဖြစ်မည်ဟု လင်းတုန်း မယုံကြည်ပေ။ ထို့အပြင် အီသန် သည် သူ့ကို လွယ်ကူသော နေရာတစ်ခုခုသို့ ဘယ်တော့မှ လွှတ်မည်မဟုတ်ကြောင်း သူ သေချာသည်။

***

အပိုင်း(၂၁၀)

လင်းတုန်း သည် အော်ရာ ကို နောက်တစ်ကြိမ် ထပ်မံ တောက်လောင်စေလိုက်ပြီး နာကျင်မှုမရှိသော တိုက်စားဖျက်ဆီးတတ်သည့် အပူရှိန် ခံစားချက်က ဘယ်လောက်ကြာကြာ ခံမည်ကို စမ်းသပ်ကြည့်လိုက်သည်။ နည်းစနစ် မပြိုကွဲသွားခင် သူသည် မျက်စိတစ်မှိတ်စာထက် ပို၍ ကြာကြာ မထိန်းထားနိုင်ခဲ့ပေ။ သူ၏ မာဒြာ ထိန်းချုပ်မှုကို တည်ငြိမ်ပြီး ခန့်မှန်းရလွယ်ကူအောင် သူ ကြိုးစားလုပ်ဆောင်ရပေမည်။

"အဲဒါက ငါ့ကို ကာကွယ်ပေးတယ်လို့ မင်းပြောတာလား..."

"အဲဒါက နင်ကို အားဖြည့် ကာကွယ်ပေးတယ်... အခုလောက်ဆိုရင် အဲဒီအဓိပ္ပာယ်ကို နင် သိလောက်ပြီလို့ ထင်ပါတယ်... ဒါပေမယ့် လမ်းစဉ် တိုင်းရဲ့ မာဒြာ က မတူညီတဲ့ အရာတစ်ခုခုကို လုပ်ဆောင်ပေးတယ်... နင် အဲဒါနဲ့ ကစားကြည့်ရလိမ့်မယ်..."

သူမက ခုန်ထလိုက်ပြီး သူမ၏ ဒူးများကို သပ်ချကာ သန့်ရှင်းရေး လုပ်လိုက်သည်။

"ငါ့ကို တိုက်စမ်း..."

သူက သူမ၏ ဓားကို ကြည့်လိုက်သည်။

"နင့်ရဲ့ တောက်ပနေတဲ့ နည်းစနစ်အသစ်ကို စမ်းကြည့်ရမယ် မဟုတ်ဘူးလား... ငါ့ကို တိုက်..."

ယီရင်ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု လင်းတုန်း တစ်ခဏမျှပင် မတွေးခဲ့ပေ။ အမှန်တကယ်တော့ လုံးဝ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သူမ၏ တန်ပြန်တိုက်ခိုက်မှုက သူ၏ လက်မောင်းကို ပြတ်ထွက်သွားစေမည်ကို သူ စိုးရိမ်နေခဲ့သည်။

"ဒါဆို နင် ပြောတဲ့အတိုင်း ငါ လုပ်မယ်... ခွင့်လွှတ်ပါ..."

နည်းစနစ်သည် တောက်လောင်သွားပြီး အပူရှိန်ကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အနီနှင့် အမည်းရောင် မြူခိုးများကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူသည် မြေကြီးမှနေ၍ ခုန်ထွက်လိုက်သည်။ သန့်စင်သော မာဒြာ ဖြင့် သူ့ကိုယ်သူ ကာကွယ်အားဖြည့်ရန် အသားကျနေပြီဖြစ်ပြီး သူ၏ သံမဏိအဆင့် ခန္ဓာကိုယ် မည်မျှသန်မာနိုင်သနည်းဆိုသည်ကို သူ သိရှိထားသည်။

သူ ခုန်ထွက်လိုက်သောအခါ သူ၏ ဒူးများတွင် နာကျင်မှုတစ်ခု ပေါ်လာခဲ့သည်။ သူ၏ အနောက်ဘက်ရှိ မြေကြီးသည် ပေါက်ကွဲထွက်သွားပြီး သူ လေထဲသို့ ပျံတက်သွားချိန်တွင် လေပြင်းများက သူ၏ နားများအနီးမှ တဝီဝီ ဖြတ်သန်းသွားခဲ့သည်။

ယီရင်၏ အနောက်ဘက် ပေပေါင်း တစ်ဒါဇင်ခန့်အကွာရှိ မာကျောသော မြေကြီးပေါ်သို့ မျက်နှာဖြင့် ပြုတ်မကျမီ လင်းတုန်း တွင် အော်ဟစ်ရန် အချိန်တစ်ခဏလေးသာ ရှိခဲ့သည်။

မြေကြီးများသည် သူ၏ မျက်လုံးများထဲ၊ နှုတ်ခမ်းများထဲ၊ သွားများကြားထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ ခေါင်းကပြုတ်ကျသွားပြီး တစ်စက္ကန့်အကြာတွင် သူ၏ ခန္ဓာကိုယ်သည်လည်း မြေကြီးပေါ်သို့ ရိုက်ချလိုက်သလို ကျသွားခဲ့သည်။ မြေကြီး တစ်လုတ်ခန့်ကို ထွေးထုတ်နိုင်ရန် သူ မျက်နှာကို မမော့နိုင်မီ အချိန်ခဏမျှ ကြာသွားခဲ့သည်။

သူသည် ဒူးထောက်ထိုင်လိုက်ရင်း ညည်းတွားလိုက်သည်။ သူ မျှော်လင့်ထားသလောက်တော့ မနာကျင်ခဲ့ပေ။ သူ၏ အသားကို တိုက်ရိုက်ထိခိုက်ခံရမည့်အစား သံချပ်ကာ ဝတ်စုံပေါ်မှ ထိခိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သည်။

ပိုဆိုးသည်က အတွင်းပိုင်း ဝန်ပိမှုဖြစ်သည်။ သူ၏ ဒူးများ ကိုက်ခဲနေပြီး ခြေဖဝါးများ ပွန်းပဲ့သွားသကဲ့သို့ ခံစားရသည်။

ယီရင်က တိုးတိုးလေး လေချွန်လိုက်သည်။

"အင်း... အဲဒါ တော်တော်လေး အံ့ဩစရာကောင်းတဲ့ ကန်ချက်ပဲ မဟုတ်လား... ကာကွယ်သူ နည်းစနစ်အသစ်တစ်ခုကို အမြဲတမ်း အသားကျအောင် လုပ်ရတတ်တယ်၊ ဒါပေမယ့်... ငါတော့ ဝက်တစ်ကောင်လို သွေးထွက်ချင်လာပြီ... ဒါနဲ့ ကြည့်ရတာ နင့်ရဲ့ ခြေထောက်တွေမှာ လျှပ်စီးကြောင်း နှစ်ခုကို ချည်နှောင်ထားသလိုပဲ..."

ထိုခံစားချက်က မှန်ကန်နေပုံရသည်။ သူ၏ သွေးရည်ကျို သံမဏိအဆင့် ခန္ဓာကိုယ် သည် အသက်ဝင်နေပြီဖြစ်ပြီး သူ၏ ဒဏ်ရာရနေသော ဒူးများကို ကုသရန် မဟူရာ မီးတောက် မာဒြာ များကို စုပ်ယူနေခဲ့သည်။

တကယ်တော့ ယခင်က သူ သတိမထားမိခဲ့သော်လည်း၊ ကုသရန်အတွက် မာဒြာများသည် သူ၏ ခန္ဓာကိုယ်ထောင့်စေ့တိုင်းသို့ စီးဝင်နေခဲ့သည်။ သူ၏ အနက်နှင့်အနီရောင် အမြုတေသည် ကုန်ခါနီး ဖယောင်းတိုင်တစ်ခုကဲ့သို့ မှေးမှိန်နေပြီ ဖြစ်သည်။

သူ မာဒြာများကို ဤမျှ လျင်မြန်စွာ သုံးစွဲပစ်ခဲ့မိလေသလော။ ခေတ္တမျှ စဉ်းစားပြီးနောက်တွင်တော့ အကြောင်းရင်းကို သူ နားလည်သွားခဲ့သည်။ ကာကွယ်သူ နည်းစနစ်သည် သူ၏ အဆစ်အမြစ်များကို ဒဏ်ပိစေပြီး ကြွက်သားများကို လောင်ကျွမ်းစေခဲ့သည်။ ထို့ကြောင့် ခန္ဓာကိုယ်က သူ့ကို ကုသရန် မာဒြာများကို ဆွဲယူအသုံးပြုခြင်းဖြင့် တုံ့ပြန်ခဲ့ခြင်းပင် ဖြစ်သည်။ အသက်ငါးရှိုက်ခန့် ရှူပြီးချိန်တွင် သူ၏ ခွန်အားများ ခမ်းခြောက်သွားတော့မည် ဖြစ်သည်။

ယီရင်က သူ့ထံသို့ လျှောက်လာသည်။

လင်းတုန်းက ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် မော့ကြည့်လိုက်၏။

"ဒီ ကြမ်းတမ်းတဲ့ အပြင်ဝတ်ရုံ မဟူရာ မီးတောက်က ငါထင်ထားတာထက် ပိုပြီး ကုန်ကျခံရတယ်..."

"ပထမအချက်အနေနဲ့ အဲဒီလို နာမည်မျိုး ငါတို့ မခေါ်ဘူး... အရမ်းရှည်တဉ်"

သူမသည် စဉ်းစားရင်း နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

"မီးတောက် ခြုံလွှာ..."

နောက်ဆုံးတွင်တော့ သူမက ပြောလိုက်သည်။ သူက ကျောက်တုံးကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ကြမ်းတမ်းတဲ့ ဆိုတဲ့ စာလုံးက နာမည်ကို ဖတ်တဲ့နေရာမှာ အဓိကပဲ၊ ပြီးတော့ အပေါ်ယံ ခြုံလွှာ နဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ ဝတ်ရုံ အတွက် သုံးတဲ့ သင်္ကေတကလည်း မတူဘူးလေ..."

"မီးတောက် ခြုံလွှာ..."

သူမက ပို၍ ပြတ်သားစွာ ပြောလိုက်သည်။

"အဲဒါမှ တကယ့် နည်းစနစ် နာမည်အစစ်ဟ၊ နင့်ခေါင်းထဲမှာ ကြမ်းတမ်းသော လောင်ကျွမ်းနေတဲ့ မီးတောက် ဝတ်ရုံ ကြီး ဘာညာလို့ ခေါ်ချင်ရင်တော့ အဲဒါ နင့်သဘောပဲ၊ ဒါပေမဲ့ နင် အသံထွက်ပြီး ပြောလိုက်တိုင်း ငါ နင့်ကို ဓားနဲ့ ခုတ်မယ်..."

"မီးတောက် ခြုံလွှာ နည်းစနစ်ကို အသုံးပြုရတာ ဂုဏ်ယူစရာပါပဲ..."

လင်းတုန်း က အနည်းငယ် ဦးညွှတ်ရင်း ပြောလိုက်သည်။

"ဟုတ်တာပေါ့၊ ဂုဏ်ယူစရာ ဖြစ်မှာပါ..."

သူမက ခုန်လိုက်ရာ ပေါ့ပေါ့ပါးပါးပင် ပေဆယ့်ငါးပေခန့်ကို ကျော်လွန်သွားပြီး ကျောက်တုံးဘေးသို့ ကျဆင်းသွားသည်။

"ကဲ... အဲဒီ သလင်းကျောက်လုံးကို ဖွင့်လိုက်တော့၊ ငါတို့ ဒီ စမ်းသပ်မှု ရဲ့ အစွန်းတစ်ဖက်ကို စမ်းသပ်ကြည့်ရအောင်..."

အကယ်၍ လင်းတုန်းသာ မာဒြာများကို ထပ်မံ အသုံးပြုလိုက်ပါက၊ တိုက်ခိုက်မည့်အစား မြေကြီးပေါ်တွင် တွားသွားနေရတော့မည် ဖြစ်သည်။

"နင် စိတ်မဆိုးဘူးဆိုရင် ငါ့ကို ကျင့်စဉ်လည်ပတ်ဖို့ အချိန်ခဏလောက် ပေးပါလား..."

သူမက သူ့ကို မဲ့ရွဲ့ကာ ကြည့်လိုက်သည်။

"ငါက နင့်ကို ကျားသိုက်ထဲ ပစ်ထည့်နေတာ မဟုတ်ဘူး၊ ရန်သူကို တစ်ချက်လောက် အကဲခတ်ကြည့်ချင်ရုံပဲ၊ ငါတို့ မြင်ရတဲ့ အခြေအနေကို မကြိုက်ဘူးဆိုရင် နောက်ဆုတ်ကြတာပေါ့..."

သူမ ပြောသည်ကလည်း အကြောင်းပြချက် ရှိပေသည်။ သူတို့ ဖြတ်သန်းလာစဉ်က မုခ်ဦးသည် ပိတ်မသွားခဲ့ပေ။ အန္တရာယ် အရိပ်အယောင် မြင်သည်နှင့် တပြိုင်နက် ၎င်းတို့၏ ဂူများဆီသို့ ပြန်လှည့်သွားခြင်းကို တားဆီးမည့်အရာ ဘာမျှမရှိပေ။

ထို့အပြင်... သူကိုယ်တိုင်ကလည်း စပ်စုချင်နေခဲ့သည်။ ဤ စမ်းသပ်မှု တွင် သာမန် ဗဟုသုတအပြင် အခြားသော ဆုလာဘ်များလည်း ရှိနေနိုင်သည်။

သူသည် သူ၏ မာဒြာများကို ပြန်လည်ဖြည့်တင်းရန်အတွက် ကောင်းကင်နှင့် မြေကြီး သန့်စင်ခြင်း စက်ဝန်းကို လည်ပတ်စေရင်း သလင်းကျောက်လုံးထံသို့ လျှောက်သွားခဲ့သည်။ ၎င်းက သူ၏ စိတ်ဝိညာဉ် နှင့် အဆုတ်များကို ဒဏ်ပိစေခဲ့သည်။ မည်သည့်အရာကိုမဆို ပြန်လည်ပြည့်ဖြိုးစေခြင်း ရှိမရှိကို သူ မပြောနိုင်ခဲ့ပေ။ သေချာသည်ကတော့ ထိုနည်းစနစ်သည် အမြုတေ ကို ပြန်လည်ဖြည့်တင်းရန်အတွက် အသုံးမကျသည့် အမှိုက်တစ်ခုပင် ဖြစ်သည်။

လင်းတုန်း သည် ခုံပေါ်တွင်ရှိသော နွေးထွေးပြီး အခိုးအငွေ့များ ထွက်နေသည့် ကျောက်လုံးပေါ်သို့ သူ၏ လက်ကို တင်လိုက်သည်။ ယခု သူ့အနေဖြင့် အလုံအလောက် နီးကပ်နေပြီဖြစ်ရာ၊ အော်သို ၏ အခန်းထဲတွင် သူ မြင်တွေ့ခဲ့ရသော သလင်းကျောက်များကဲ့သို့ မီးခိုးရောင်ထဲတွင် ဖြတ်ပြေးနေသည့် အနီရောင် အမျှင်တန်းများကို မြင်တွေ့နိုင်လေသည်။

"ငါ စမ်းသပ်မှု ကို စလိုက်တဲ့အခါ ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ကျောက်စာချပ်မှာ ဘာမှ ရေးမထားဘူးနော်..."

သူက သတိပေးလိုက်သော်လည်း၊ ယီရင် က သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။

"စကားတွေ များနေပြန်ပြီ၊ ငါတို့ အချိန်တွေ ကုန်နေပြီဟ၊ အဲဒီ ဖယောင်းတိုင်ကိုသာ ထွန်းလိုက်စမ်းပါ..."

အသက်တစ်ရှိုက် ရှူသွင်းပြီး တစ်ရှိုက် ပြန်ထုတ်လိုက်ချိန်တွင်၊ လင်းတုန်း ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနက်နှင့်အနီရောင် အလင်းဝန်းတစ်ခု တောက်ပလာခဲ့သည်။

သလင်းကျောက်သည် ထိုအလင်းရောင်နှင့် ထိတွေ့သွားသောအခါ အနီရောင်အဖြစ် တောက်ပသွားလေသည်။

မြေကြီးအောက်ဘက်တွင် အစီအရင် တစ်ခုသည် အသက်ဝင်လာခဲ့သည်။

လင်းတုန်း အနေဖြင့် မည်သည့်အရာကိုမျှ မမြင်ရသော်လည်း၊ သူ၏ ဖိနပ်အောက် ဆယ်ပေခန့်တွင် မီးစက်ဝိုင်းတစ်ခု ရှိနေသကဲ့သို့ ခံစားနိုင်လေသည်။ သူ၏ ကိုယ်ပိုင် ခြေလက်အင်္ဂါများကို သတိပြုမိသကဲ့သို့ပင် ထိုအရာကိုလည်း သူ သတိပြုမိနေသည်။

ယီရင်သည် သူမ၏ အဖြူရောင် ဓားသွားကို ဆွဲထုတ်လိုက်သည်။

"မျက်စိရှင်ရှင်ထား...”

***

All Chapters