အခန်း (၁၉၉-၂၀၀)
Vol. 15 Ch. 199-200
အပိုင်း(၁၉၉)
အီသန် သည် မီးခိုးများ ထွက်နေသော အခွံပေါ်သို့ လက်ဖြင့် ပွတ်သပ်လိုက်သည်။ မိမိကိုယ်ကို မီးလောင်မည်ကို အနည်းငယ်မျှပင် စိုးရိမ်နေဟန် မပေါ်ပေ။ သို့သော်လည်း... ထိုပုံရိပ်က လင်းတုန်း ၏ စိုးရိမ်ပူပန်မှုများကို အနည်းငယ်မျှ သက်သာရာ မရစေခဲ့ပေ။
"ခင်ဗျားက ကျွန်တော့်ကို အဲဒီလို လုပ်စေချင်နေတာလား..."
လင်းတုန်းက မေးလိုက်၏။
အော်သိုက နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်ခွံများ တုန်ခါသွားပြီး သူ၏ အခွံသည် အနီရောင် အသွေးဖြင့် တောက်ပလာခဲ့သည်။ အီသန် သည် သူ၏ လက်ကို အမြန်ရုပ်လိုက်ပြီး သတိထားကာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
"သေချာတာပေါ့... အန္တရာယ်တချို့တော့ ရှိပါတယ်... တကယ်လို့ အော်သို က သဘောတူခွင့်ပြုဖို့ အခြေအနေ အရမ်းဆိုးနေပြီဆိုရင် စာချုပ်က ကျရှုံးသွားလိမ့်မယ်... အစပိုင်းမှာ အလုပ်ဖြစ်သွားနိုင်တဲ့ အခွင့်အရေးရှိပေမယ့် သူ့ကို ကယ်တင်ဖို့တော့ လုံလောက်မှာ မဟုတ်ဘူး... အဲဒီလို အခြေအနေမျိုးဆိုရင်တော့ မင်းဆီမှာ မဟူရာ မီးတောက် အမြုတေ ကျန်နေဦးမှာ ဖြစ်ပေမယ့် နောက်ဆုံးမှာ ငါတို့က သူ့ကို သတ်ပစ်ရလိမ့်မယ်... ပြီးတော့ မင်းက ရွှေအဆင့် ရောက်တဲ့အခါ သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန် နဲ့ နှောင်ဖွဲ့ရလိမ့်မယ်..."
လိပ်ကြီးသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။ ဂူထဲရှိ အပူချိန်သည် နောက်ထပ် ဒီဂရီအနည်းငယ် ထပ်မံ မြင့်တက်သွားခဲ့သည်။
အီသန် သည် လင်းတုန်း နှင့် အော်သို ကြားသို့ ဝင်လိုက်သည်။ နည်းစနစ်တစ်ခုခုကို အသုံးပြုရန် ပြင်ဆင်သည့်အနေဖြင့် သူ၏ အင်္ကျီလက်များကို ခါထုတ်လိုက်သည်။
"ဒါပေမယ့်... ငါ မျှော်လင့်ထားသလိုသာ အလုပ်ဖြစ်မယ်ဆိုရင် သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန်ကို မင်း လုံးဝ လိုအပ်မှာ မဟုတ်တော့ဘူး... အဲဒီအစား မင်း ရွှေအဆင့် ကို ဖောက်ထွက်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ သူက မင်းကို အဲဒီကွာဟချက်ကို ကျော်လွှားနိုင်အောင် သူ့ရဲ့ စွမ်းအားတွေကို သုံးပြီး ကူညီပေးလိမ့်မယ်..."
လင်းတုန်းသည် ရှေ့သို့ လျှောက်သွားချင်ခဲ့သည်။ သို့သော် သတ္တဝါကြီး၏ ဧရာမ အရွယ်အစား၊ လွှမ်းမိုးနေသော အပူရှိန်နှင့် ဖျက်ဆီးခြင်း အော်ရာ၏ အပ်နှင့်ထိုးသကဲ့သို့ ကျင်စက်စက် အထိအတွေ့တို့ကြောင့် သူ ရှိနေသည့်နေရာမှာပင် ရပ်နေမိခဲ့သည်။
"ဒါက ကျွန်တော့်ရဲ့ ရွေးချယ်မှု ဖြစ်နေတုန်းပဲလား..."
"သေချာတာပေါ့... မင်းမှာ ရှေးဟောင်း နဂါးသားရဲ တစ်ကောင်ရဲ့ စွမ်းအားကို မျှဝေယူမလား၊ ဒါမှမဟုတ် မဟူရာ မီးတောက် စွမ်းအားရဲ့ အဖျော့တော့ဆုံး အရိပ်အယောင်လေးကို စတင်ထိတွေ့နိုင်တဲ့အထိ တစ်နေ့ကို သုံးနာရီလောက် တရားထိုင်ပြီး လှည့်ပတ် ကျင့်ကြံမလား ဆိုတာကို ရွေးချယ်ခွင့် ရှိပါတယ်..."
လင်းတုန်းသည် ရှေ့သို့ လျှောက်သွားပြီး လိပ်ကြီး၏ ခေါင်းပေါ်သို့ သူ၏ လက်ကို တင်လိုက်သည်။
သူ၏ မာဒြာ သည် အထွတ်အမြတ် သားရဲ၏ ခန္ဓာကိုယ်ထဲသို့ မည်သည့် ခုခံမှုမျှမရှိဘဲ လျောကျဝင်ရောက်သွားခဲ့သည်။ ၎င်းမှာ သန့်စင်သော မာဒြာ ၏ အားသာချက်ပင် ဖြစ်သည်။
အော်သို ၏ မာဒြာ သည် အမည်းရောင်နှင့် သွေးကဲ့သို့ အနီရောင်များ လိမ်ယှက်နေသည်။ အငြိုးကြီးသော တောမီးကြီးတစ်ခုကဲ့သို့ မှောင်မိုက်ပြီး ဆာလောင်နေဟန် ရှိသည်။
လင်းတုန်းသည် ချက်ချင်းပင် အဆက်အသွယ် ဖြတ်တောက်ပစ်လိုက်မလို ဖြစ်သွားခဲ့သည်။ လိပ်ကြီး၏ ဝိညာဉ်သည် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိပြီး ထိန်းချုပ်မရနိုင်လောက်အောင် ဖြစ်နေသောကြောင့် သူ၏ မာဒြာ များကို ချက်ချင်း ဝါးမြိုသွားလိမ့်မည်ဟု သေချာနေခဲ့သည်။
တောက်ပနေသော အနီရောင်စက်ဝိုင်းများ ပြည့်နှက်နေသည့် အမည်းရောင် မျက်လုံးများက အထက်သို့ လည်လာပြီး လင်းတုန်း နှင့် ဆုံဆည်းသွားသည်။
"ဒါက ရှုပ်ထွေးတဲ့ နည်းစနစ်တစ်ခု မဟုတ်ပါဘူး..."
အီသန် က ပြောလိုက်သည်။
"မင်းရဲ့ အမြုတေ ကို သူနဲ့ မျှဝေဖို့နဲ့၊ အပြန်အလှန်အနေနဲ့ သူ့ရဲ့ စွမ်းအားတွေကို လက်ခံဖို့ သစ္စာဆိုလိုက်ပါ..."
နောက်ထပ် စက္ကန့်အနည်းငယ်အကြာတွင် သူက ထပ်ဖြည့်ပြောလိုက်သည်။
"အသံထွက်ပြီး ပြောတာက လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေတယ်ဆိုတာ ငါ တွေ့ရှိထားတယ်... အဲဒါ မင်းအတွက်လည်း အတူတူပဲနော်၊ အော်သို ..."
"ကျွန်တော့်ရဲ့ အမြုတေ ကို ခင်ဗျားဆီ ဖွင့်ပေးပြီး ကျွန်တော့်ရဲ့ စွမ်းအားတွေကို မျှဝေပေးမယ်လို့ ကျွန်တော် သစ္စာဆိုပါတယ်..."
လင်းတုန်းက ပြောလိုက်သည်။ အသံက အနည်းငယ် တုန်ယင်နေသဖြင့် သူ မိမိကိုယ်ကို ရှက်ရွံ့မိသော်လည်း ရင်ခုန်စိတ်က ပိုနေခဲ့သည်။ အော်သို၏ ခေါင်းပေါ်ရှိ သူ၏ လက်သည် မသက်မသာဖြစ်လာသည်အထိ ပူလောင်လာခဲ့သည်။
အော်သို၏ ပါးစပ် ပွင့်ဟသွားသည်။ သူ၏ လည်ချောင်းအနောက်ဘက်တွင် သွေးကဲ့သို့ အနီရောင်များ စွန်းထင်းနေသော ပြစ်နှစ်သည့် မှင်ရည်ကဲ့သို့ မီးတောက်များ စုစည်းလာခဲ့သည်။
အီသန် သည် ရှေ့သို့ တိုးလာခဲ့သည်။ လင်းတုန်း သည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး အထွတ်အမြတ် သားရဲ၏ ခေါင်းပေါ်မှ သူ၏ လက်ကို တစ်ဝက်ခန့် ကြွလိုက်သည်။
"ငါ သစ္စာဆိုတယ်..."
လိပ်ကြီးက မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ရာ ထိုအသံသည် လင်းတုန်း ၏ နားထဲသို့ ရိုက်ခတ်သွားခဲ့သည်။
သူ၏ အသန်မာဆုံး အမြုတေ မှနေ၍ သန့်စင်သော မာဒြာ စီးကြောင်းတစ်ခု စီးဆင်းသွားပြီး သူ၏ ထိန်းချုပ်မှု ပြင်ပသို့ စုပ်ယူခံလိုက်ရသည်။ လင်းတုန်း သည် ယိမ်းယိုင်ကာ နောက်ဆုတ်သွားပြီး အထိအတွေ့ကို လွှတ်ချလိုက်သည်။ သို့သော် သူတို့၏ ဝိညာဉ် များကြားရှိ နှောင်ကြိုးကတော့ ပြတ်တောက်မသွားခဲ့ပေ။ အော်သိုသည် အမြုတေ နီးပါးလောက် ခန်းခြောက်သွားသည်အထိ သူ၏ စွမ်းအားများကို သောက်သုံးသွားခဲ့သည်။
ထို့နောက် အမည်းနှင့် အနီရောင် မြစ်တစ်စင်းသည် လင်းတုန်း ထဲသို့ ထိုးဆင်းလာခဲ့သည်။ အရည်ပျော်နေသော သံပူရည်များက သူ၏ သွေးကြောများကို ဖြတ်သန်းသွားသကဲ့သို့ သူ၏ မာဒြာ လမ်းကြောင်းများ တစ်လျှောက် လောင်ကျွမ်းသွားခဲ့သည်။ သူ ဖြစ်သင့်သည်ဟု ထင်ထားသလောက်တော့ နာကျင်မှု မရှိခဲ့ပေ။ အဆိုးရွားဆုံး အပိုင်းမှာ နာကျင်မှုမဟုတ်ဘဲ သူ၏ ဝိညာဉ် လောင်ကျွမ်းနေသည်ဟု ခံစားရခြင်းပင် ဖြစ်သည်။ မီးထဲသို့ ကျသွားသော သစ်ရွက်တစ်ရွက်ကဲ့သို့ ကျွမ်းလောင်ပြီး မည်းနက်သွားသည်။ သူ သေဆုံးနေပြီ၊ အခေါင်းပေါက် ဖြစ်သွားပြီ ဟူသော ခံစားချက်မျိုး ဖြစ်သည်။
လင်းတုန်း ဆိုသော အရာအားလုံး လောင်ကျွမ်း ပျောက်ကွယ်သွားနေပြီ ဖြစ်သည်။
"ကောင်းကင်နဲ့ မြေကြီး သန့်စင်ခြင်း စက်ဝန်း ..."
အီသန် က အော်ဟစ်လိုက်သည်။
လင်းတုန်းသည် ပြတ်ထွက်သွားသော သူ၏ လက်ကောက်ဝတ်ကို ကြည့်နေသကဲ့သို့ လောင်ကျွမ်းနေသော သူ၏ အမြုတေ ကို စိုက်ကြည့်နေဆဲဖြစ်သည်။ ထုံကျဉ်စေသော ထိတ်လန့်မှု ခံစားချက်မှလွဲ၍ သူ၏ စိတ်က ၎င်းကို နားလည်နိုင်စွမ်း မရှိတော့ပေ။
သို့သော် အီသန် ၏ စကားလုံးများက သူ့ကို လှုပ်နှိုးလိုက်သကဲ့သို့ အသိဝင်လာစေသည်။
သူသည် ဒူးထောက်ကျသွားပြီး ကျောက်စက်ဘီးကို ပုံဖော်လိုက်ကာ ယခင်ကထက် ပို၍ ပြင်းထန်စွာ တွန်းလှည့်လိုက်သည်။ ယခုအခါ နာကျင်မှုများ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမျှသာ မဟုတ်ဘဲ သူ၏ ဝိညာဉ် ကိုပါ လောင်ကျွမ်းစေခဲ့သည်။ သို့သော် ထိုမီးတောက်သည် သူ့ကို နာကျင်စေသလို အကူအညီလည်း ဖြစ်စေခဲ့သည်။ ဘီး တစ်ပတ်လည်တိုင်းသည် ဗိုင်းငင်တံက ချည်ကြိုးများကို စုဆောင်းသကဲ့သို့ မဟူရာ မီးတောက် မာဒြာ များကို ပို၍ ဆွဲယူလာခဲ့သည်။
သူ အသက်ရှူရ ခက်ခဲနေသော်လည်း ယခုအချိန်တွင် ထိုအရာက သူ့ကို အနှောင့်အယှက် မဖြစ်စေတော့ပေ။ သူ၏ စိတ်၊ ဝိညာဉ် နှင့် ဆန္ဒအားလုံးသည် လည်ပတ်နေသော လေးလံသည့် ကျောက်စက်ဘီးပေါ်သို့သာ အာရုံစိုက်ထားခဲ့သည်။
ထိုအရာက အလုပ်ဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်။ သို့မဟုတ်... မဟူရာ မီးတောက်မှာ သူ့ကို ပြာအဖြစ် လောင်ကျွမ်းသွားတာလည်း ဖြစ်နိုင်သည်။
အီသန်သည် သူတို့နှစ်ဦးကို ခါးထောက်လျက် စောင့်ကြည့်နေခဲ့သည်။ အော်သို နှင့် လင်းတုန်း နှစ်ဦးစလုံးသည် အော်ဟစ်နေကြသော်လည်း သူတို့ တစ်ဦးကို တစ်ဦး ကြားနိုင်မည်ဟု သူ မထင်ပေ။
မဟူရာ မီးတောက် မာဒြာများသည် ဂူပတ်လည်တွင် ခုန်ပေါက်နေပြီး လင်းတုန်း ၏ အဝတ်အစားများကို လောင်ကျွမ်းစေကာ ကျောက်တုံးများပေါ်တွင် အစင်းကြောင်းများ ချန်ထားရစ်ခဲ့သည်။ ပတ်ဝန်းကျင်ရှိ အော်ရာသည် ရိုင်းစိုင်းကြမ်းတမ်းသွားခဲ့ပြီး ဤဂူကို မီးဖိုတစ်ခုအဖြစ် ပြောင်းလဲကာ အတွင်းရှိ မည်သည့်အရာကိုမဆို တဖြည်းဖြည်း ဝါးမြိုနေခဲ့သည်။ အကယ်၍ ဤနေရာသို့ ကြေးအဆင့် တစ်ယောက် ဝင်ရောက်လာမည် ဆိုလျှင် သူ၏ အဆုတ်ထဲမှ လေများ လောင်ကျွမ်းသွားပြီး အရေပြားများ ကျွမ်းလောင် မည်းနက်သွားပေလိမ့်မည်။
ယခုအချိန်အထိတော့ အစီအစဉ်က လှပစွာ အကောင်အထည်ပေါ်နေခဲ့သည်။
အီသန်သည် လင်းတုန်း ၏ လွယ်အိတ်ကို ကောက်ယူကာ လေထု အနည်းငယ် ပိုအေးသော အဝင်ဥမင်လှိုဏ်ခေါင်းဆီသို့ သယ်ဆောင်သွားခဲ့သည်။ ဤအပူချိန် အတိုင်းသာ ဆိုလျှင် ထိုလွတ်အိတ်ထဲရှိ စာအုပ်များသည် မီးတောက်များအဖြစ် ပေါက်ကွဲမသွားမီ အကြာကြီး ခံနိုင်တော့မည် မဟုတ်ပေ။ လွယ်အိတ်ကိုယ်တိုင်လည်း နောက်ဆုံးတွင် ထိုအတိုင်း ဖြစ်သွားပေမည်။
အီသန်သည် ကောင်လေးနှင့် လိပ်ကြီးကို စောင့်ကြည့်နေခဲ့သည်။ သူတို့ အချိန်အနည်းငယ် ကြာဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အကူအညီရလျှင်ပင် ကျောက်စိမ်းအဆင့် သို့ တက်လှမ်းရန်မှာ အချိန်ယူရလေ့ရှိသည်။
ထိုအချိန်အတောအတွင်း အီသန် သည် လင်းတုန်း၏ ပိုင်ဆိုင်မှုများကို မွှေနှောက်ကြည့်ရှုရန် အခွင့်အရေး ယူလိုက်သည်။
သူသည် စာအုပ်များ၊ ပတ်တီးများ၊ ဆေးသေတ္တာ၊ မှော်အလင်းရောင်၊ အရေးပေါ် ရိက္ခာများ၊ အပို အဝတ်အစားများ၊ မှင်အိုး၊ အပို စုတ်တံများ၊ ဗလာ စာလိပ်များ၊ အပ်များ၊ ချည်ကြိုး၊ အစီအရင် ရေးဆွဲထားသော မီးမွှေးကိရိယာ၊ ဓား၊ ဆပ်ပြာ၊ ခရမ်းရောင် နယ်နိမိတ် အလံ ခုနစ်ခု (တစ်ခုက ကျိုးနေသည်) နှင့် ဒယ်အိုးတစ်လုံး တို့ကို ဘေးဖယ်ထားလိုက်သည်။
ပစ္စည်းတစ်ခုစီ၏ မူလနေရာများကို ဂရုတစိုက် မှတ်သားထားလိုက်သည်။
သူတို့ ပထမဆုံး စတင်တွေ့ဆုံခဲ့သည့် အချိန်ကတည်းက အီသန် သည် ဤအထဲရှိ အရာအားလုံးကို မြင်တွေ့ပြီးဖြစ်သော်လည်း သူ တစ်စုံတစ်ရာကို ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း လင်းတုန်း ကို မသိစေချင်ခဲ့ပေ။ ထိုသို့သိသွားပါက အံ့အားသင့်စရာကောင်းသည့် အရာများကို ပျက်စီးသွားစေလိမ့်မည်။
နောက်ဆုံးတွင် သူ ရှာဖွေနေခဲ့သော အရာကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းမှာ ဆယ်လ်ဗန် မြစ်မျိုးစေ့ ၏ သေတ္တာလေးဖြစ်သည်။
၎င်းသည် ကြောင်ပေါက်လေးတစ်ကောင် ဆံ့လောက်အောင် ကြီးမားသည့် အစီအရင် ရေးဆွဲထားသော အကြမ်းခံ ဖန်သေတ္တာလေး တစ်လုံးဖြစ်သည်။ ရေအော်ရာ အစီအရင် တစ်ခုက အမြဲတမ်း ရွေ့လျားနေစေရန် လမ်းညွှန်ပေးထားသဖြင့် သေတ္တာ၏ အနားသတ်များတစ်ဝိုက်တွင် မြစ်တစ်စင်း စီးဆင်းနေသည်။ သို့သော် သေတ္တာ၏ အလယ်ဗဟိုတွင် မြက်ခင်းကျွန်းငယ်လေးတစ်ခု ပြည့်နှက်နေသည်။ ကုန်းကမူလေးများထဲမှ တစ်ခုပေါ်တွင် လက်ချောင်းအရွယ်အစားရှိ သစ်ပင်လေးတစ်ပင် ပေါက်ရောက်နေပြီး ၎င်းကို ဖြတ်သန်းကာ အသက် အော်ရာ များက စိမ်းလန်းစိုပြေသော ကွန်ရက်တစ်ခုအဖြစ် စီးဆင်းနေခဲ့သည်။
သစ်ပင်လေးဘေးတွင် ဆယ်လ်ဗန်လေးမှာ ရပ်နေပြီး ၎င်း၏ သေးငယ်သော ကမ္ဘာလေး၏ အဖုံးမှတစ်ဆင့် အီသန် အား စပ်စုချင်စိတ်ဖြင့် မော့ကြည့်နေလေသည်။
***
အပိုင်း(၂၀၀)
ဆယ်လ်ဗန် မြစ်မျိုးစေ့များသည် သဘာဝ ဝိညာဉ် များ ဖြစ်ကြသည်။ ကျင့်ကြံသူ တစ်ယောက် သေဆုံးခြင်းမှ ဖြစ်တည်လာခြင်းမဟုတ်ဘဲ စုပုံလာသော သက်စောင့် အော်ရာ များမှ မွေးဖွားလာသည့် ဝိညာဉ်အကြွင်းအကျန် များနှင့် ဆင်တူသော သတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့၏ အော်ရာများသည် အလွန်အားကောင်းပြီး ပြီးပြည့်စုံစွာ ဟန်ချက်ညီနေသော နေရာများတွင်သာ ဖြစ်တည်လေ့ရှိသည်။ အကယ်၍ အော်ရာ သည် အသွင်သဘာဝ တစ်ခုခုဘက်သို့ တိမ်းစောင်းသွားပါက ကွဲပြားသော သဘာဝ ဝိညာဉ် တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော အော်ရာ ၏ ဟန်ချက်ညီမှုကို တောအုပ်တစ်ခု၏ အလယ်ဗဟို၊ စမ်းချောင်း သို့မဟုတ် မြစ်တစ်စင်း၏ ဘေးတွင် တွေ့ရှိရတတ်သည်။ ထိုကဲ့သို့သော နေရာမျိုးတွင် လေနှင့် မြေကြီး၊ အပူနှင့် အအေး၊ အသက်နှင့် သေဆုံးခြင်း တို့သည် ပမာဏ တူညီလုနီးပါးဖြင့် တစ်နေရာတည်းတွင် အတူတကွ တည်ရှိနေကြသည်။
ဤဝိညာဉ်လေးသည် အရပ် သုံးလက်မခန့်ရှိပြီး မျက်နှာသွင်ပြင် မရှိသော ရုပ်သေးရုပ်လေး တစ်ရုပ်နှင့် တူသည်။ ၎င်း၏ ခန္ဓာကိုယ်သည် နေရောင်လင်းနေသော ရေကန်တစ်ခုကဲ့သို့ တောက်ပသော အပြာရောင် ရှိသည်။
ဆန်ဗန်လေးသည် သူ့ထံသို့ လက်တစ်ဖက် မြှောက်ပြလိုက်၏။ ထို့နောက်... ၎င်း၏ ခေါင်းသည် အစာတောင်းနေသော ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ ကျယ်ပြန့်သော ပါးစပ်ကြီးအဖြစ် ပွင့်ဟသွားသည်။
အခြား ဆယ်လ်ဗန် များသည် ကွဲပြားသော ရည်ရွယ်ချက်များအတွက် ပို၍ သင့်လျော်သော်လည်း မြစ်မျိုးစေ့ များသည် နူးညံ့ပြီး လိုက်လျောညီထွေရှိကြသည်။ ၎င်းတို့သည် မည်သည့် အသွင်သဘာဝ စွမ်းအားမျိုးနှင့်မဆို တွဲဖက် အလုပ်လုပ်နိုင်ပြီး အခြားသော စွမ်းအားများကို ဖြည့်စွက် ထောက်ပံ့ပေးနိုင်သည်။
ထိုအချက်ကပင် ၎င်းတို့ကို အလွန်ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းများ ဖြစ်လာစေသည်။ ၎င်းတို့သည် အလွန် ပုံသွင်းရလွယ်ကူလှသဖြင့် ကျွမ်းကျင်သော ဖန်တီးရှင်တစ်ဦးသည် မြစ်မျိုးစေ့ တစ်ခုကို အစောင့်အရှောက်၊ လက်နက်၊ လမ်းပြ၊ ဆေးရည်၊ စွမ်းအား အရင်းအမြစ်၊ အစေခံ သို့မဟုတ် တချို့သော ယဉ်ကျေးမှုများတွင် အလွန်ဈေးကြီးသော သောက်စရာ တစ်ခွက် အဖြစ်ပင် ဖန်တီးနိုင်သည်။
လင်းတုန်း သူ၏ အိမ်မွေးတိရစ္ဆာန်လေးကို အစာကျွေးနေခြင်းအား ဖစ်ရှာ ဂီရှာ သတိမပြုမိခဲ့ခြင်းမှာ ကံကောင်းလှသည်။ ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်အနေဖြင့် ဆယ်လ်ဗန် မြစ်မျိုးစေ့ တစ်ခုဖြင့် မလုပ်နိုင်သည့်အရာဟူ၍ သိပ်မရှိလှပေ။
ဆယ်လ်ဗန် ဆိုသည်မှာ အရှားပါးဆုံး ရတနာတော့ မဟုတ်ပေ။ သို့သော် တန်ဖိုးကြီးလှသည်။ အော်သို ကို ကူညီရန် မြစ်မျိုးစေ့ ၏ စွမ်းအားများမှ ဖော်စပ်ထားသော ဆေးရည်များကို သူ အသုံးပြုခဲ့ဖူးသော်လည်း ထိုနည်းလမ်းများသည် ယာယီမျှသာ ဖြစ်သည်။ နှစ်ပေါင်းများစွာကြာမြင့်မည့် စာချုပ်တစ်ခုတည်းကသာ ရာစုနှစ်ပေါင်းများစွာ မဟူရာ မီးတောက် မာဒြာ ကြောင့် သူ၏ ဝိညာဉ် ပေါ်တွင် ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများကို တဖြည်းဖြည်း သက်သာလာစေနိုင်သည်။
အီသန်သည် လင်းတုန်း ကို လက်ခံစောင့်ရှောက်ခဲ့ပြီးနောက် သီတင်းပတ်များစွာအတွင်း ထိုဝိညာဉ် အတွက် ဖြစ်နိုင်ခြေရှိသော ရွေးချယ်စရာများစွာကို စဉ်းစားတွေးတောခဲ့သည်။ နောက်ဆုံးတွင် သူသည် အလွယ်ကူဆုံးဖြစ်နိုင်သော ရလဒ်တစ်ခုကိုသာ ဆုံးဖြတ်ခဲ့သည်။ ဆယ်လ်ဗန်ကို သူ ရှိရင်းစွဲအတိုင်းသာ ချန်ထားခဲ့မည် ဖြစ်သည်။ ၎င်း၏ သန့်စင်ပြီး နူးညံ့သော စွမ်းအားများသည် တိုက်စားဖျက်ဆီးတတ်ပြီး သေစေနိုင်လောက်သော မဟူရာ မီးတောက် ကို ပြီးပြည့်စုံစွာ ဟန်ချက်ညီစေလိမ့်မည်။ မည်သည့် ပြုပြင်ပြောင်းလဲမှုမျှ မလိုအပ်ပေ။
သို့သော်... အနည်းငယ်မျှ အဆင့်မြှင့်တင်ပေးခြင်းမျိုးကတော့ သင့်လျော်ပေလိမ့်မည်။
အကယ်၍ ဆယ်လ်ဗန် သာ အနည်းငယ် ပို၍ မြန်မြန်ကြီးထွားလာခဲ့လျှင် အီသန် ဘာမှ လုပ်ဆောင်ရန် လိုအပ်မည် မဟုတ်ပေ။ သို့သော် လင်းတုန်း ၏ မာဒြာပြား များသည် အာဟာရ အရှိဆုံး အစာများ မဟုတ်ခဲ့ပေ။
အီသန်သည် သူ၏ လက်မများကို ဖန်သားပြင်တစ်လျှောက် ပွတ်ဆွဲလိုက်ရာ လျှို့ဝှက်ချိတ်ဆက် တစ်ခု ပြုတ်ထွက်သွားပြီး အဖုံး ပွင့်သွားခဲ့သည်။ ထိုမြင်ကွင်းကြောင့် ဆယ်လ်ဗန် သည် စိတ်လှုပ်ရှားစွာဖြင့် စက်ဝိုင်းပုံစံ ပြေးလွှားနေပြီး ရေကန်ထဲသို့ ရေပေါက်များ ကျသကဲ့သို့ ပလုံစီသံများ ထွက်ပေါ်နေခဲ့သည်။
လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်ပြီး အီသန် သည် ဝိညာဉ်မီးတောက် မီးပွားလေးတစ်ခုကို ဖန်တီးလိုက်သည်။
ထိုမီးခိုးရောင်နှင့် အဖြူရောင်စပ်နေသော မီးတောက်လေးသည် တကယ့် မီးတောက်တစ်ခုထက် မီးတောက်တစ်ခု၏ မှတ်ဉာဏ်ဝိညာဉ် တစ်ခုကဲ့သို့ တစ်ဝက်ခန့် ပွင့်လင်းမြင်သာနေသည်။ သဘာဝ မီးတောက်တစ်ခုနှင့် ခြားနားစွာပင် ၎င်းသည် ပြီးပြည့်စုံစွာ လုံးဝန်းနေသည်။ ဖြည်းညင်းစွာ လည်ပတ်နေပြီး မှေးမှိန်နေသော နေမင်းငယ်လေး တစ်စင်းကဲ့သို့ တစ်ခါတစ်ရံတွင် မီးတောက်များ ထွက်ပေါ်လာတတ်သည်။
၎င်းသည် သူ၏ အမြုတေ အထက် လက်မအနည်းငယ်အကွာရှိ ဝိညာဉ် တွင် ဝဲပျံနေသော လူးလွန့်နေသည့် မီးခိုးရောင် ဝိညာဉ်မီးတောက် အစုအဝေးကြီး၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ အခြားသော အဆင့်နိမ့် အရှင်သခင် များသည် အရေးပေါ်အခြေအနေအတွက် သိုလှောင်ထားရန် တတ်နိုင်သမျှ ဝိညာဉ်မီးတောက် များကို ဖန်တီး ကျင့်ကြံထားကြပေလိမ့်မည်။ သို့သော် အီသန်သည် မျက်စိတစ်မှိတ်အတွင်း ထပ်မံဖန်တီးနိုင်သော သူ၏ စွမ်းရည်အပေါ်တွင် အားထားသည်။ သူ၏ သွေးမျိုးဆက် က ပေးစွမ်းသော အာရုံခံနိုင်စွမ်းကြောင့် သူသည် လောင်စာများကို အမြဲတမ်း ပိုမို ရှာဖွေနိုင်ခဲ့သည်။
သူ၏ ကျောဘက်တွင် အပူရှိန်များ မြင့်တက်လာခဲ့ရာ အချိန်များ ကုန်ဆုံးနေကြောင်း သူ့ကို သတိပေးလိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့် သူသည် နောက်ထပ် တုံ့ဆိုင်းမနေဘဲ ထိုမီးပွားလေးကို မြစ်မျိုးစေ့ ထံသို့ ပစ်ထည့်လိုက်သည်။
ဝိညာဉ်မီးတောက်သည် ဆယ်လ်ဗန် ၏ ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားပြီး ပိုမိုနက်ရှိုင်းသော အပြာရောင်သည် ဆေးရောင်ဆိုးလိုက်သကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် တောက်ပသော ရေပြာရောင်မှသည် ကျယ်ပြောလှသော သမုဒ္ဒရာ၏ နက်ရှိုင်းသော နီလာရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ စွမ်းအားများ ဝင်ရောက်လာမှုကြောင့် ထိုဝိညာဉ်လေးသည် ဖောင်းပွလာကာ ဆန့်ထွက်လာပြီး ၎င်း၏ ခေါင်းသည် ဖန်သေတ္တာအဖုံး၏ အောက်ခြေကို ထိခိုက်မိသည်အထိ ကြီးထွားလာခဲ့သည်။ ၎င်း၏ လက်များမှ လက်ချောင်းများ ကွဲထွက်လာပြီး၊ ဦးရေပြားမှ ရှည်လျားသော အပြာရောင် ဆံပင်များ ပေါက်လာကာ၊ ၎င်း၏ ခန္ဓာကိုယ်သည် လူသားတစ်ဦး၏ အကွေ့အကောက် ပုံစံများအဖြစ်သို့ စီးဆင်းပြောင်းလဲသွားခဲ့သည်။
တစ်စက္ကန့်မျှ အကြာတွင် မြစ်မျိုးစေ့သည် ထိတ်လန့်သွားခဲ့သည်။
၎င်းသည် လက်များကို ရမ်းခါလိုက်ပြီး လက်ချောင်းသစ်များကို ထိတ်လန့်တကြား စိုက်ကြည့်နေခဲ့သည်။ ထိုမြင်ကွင်းက ၎င်းကို သေတ္တာ၏ တစ်ဖက်စွန်းသို့ ပြေးသွားစေပြီး စီးဆင်းနေသော မြစ်ထဲသို့ ခုန်ဆင်းသွားစေခဲ့သည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ရေမြုပ်သွားရန် ကြီးမားလွန်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားသောအခါ ဆယ်ဗန်လေးမှာ နောက်သို့ အမြန်ပြေးလာပြီး သစ်ပင်အောက်တွင် ပြန်လည် ပုန်းအောင်းနေခဲ့သည်။
အီသန် ရယ်မောလိုက်သည်။ ဝိညာဉ်မီးတောက် ဖြင့် အဆင့်မြှင့်တင်ခြင်းသည် နာကျင်မှုမရှိသလို အန္တရာယ်လည်း ကင်းသည်။ ၎င်းသည် အနည်းငယ် ထိတ်လန့်စရာ ကောင်းနိုင်သော်လည်း အဆုံးတွင်မူ အကျိုးကျေးဇူးတစ်ခုမျှသာ ဖြစ်သည်။
သို့သော် ပြောင်းလဲမှုများ တည်ငြိမ်သွားစေရန်အတွက် စွမ်းအား ပမာဏတစ်ခုတော့ လိုအပ်ပေသည်။ ထိုအချက်ကို စိတ်ထဲထားကာ သူကိုယ်တိုင် မာဒြာပြား တစ်ခုကို ဖန်တီးလိုက်သည်။ လင်းတုန်း၏ အရာနှင့် အရွယ်အစား အတူတူပင်ဖြစ်သော်လည်း ၎င်းသည် တောက်ပသော အပြာနှင့် အဖြူရောင်စပ်နေပြီး အနည်းငယ်မျှသော အာရုံခံနိုင်စွမ်း ရှိသူ မည်သူမဆို ၎င်း၏ စွမ်းအားနှင့် သိပ်သည်းဆကို ခံစားသိရှိနိုင်သည်။ မဟူရာ မီးတောက် အင်ပါယာ တွင်ဆိုလျှင် ၎င်းကို အဆင့်မြင့် မာဒြာပြား ဟု ခေါ်ဝေါ်ကြမည်ဖြစ်ပြီး လင်းတုန်း၏ မာဒြာပြား တစ်သောင်းခန့်နှင့် တန်ဖိုး ညီမျှပေမည်။
အီသန်သည် ၎င်းကို မျက်စိတစ်မှိတ်အတွင်း ဖန်တီးလိုက်ပြီး သေတ္တာထဲသို့ ကျသွားစေလိုက်သည်။
သစ်ပင်အောက်တွင် ပုန်းအောင်းနေသည့်တိုင်အောင် ဆယ်လ်ဗန် သည် အစာကို လှမ်းဟပ်လိုက်သည်။ ၎င်း၏ ပါးစပ် ကျယ်ပြန့်စွာ ပွင့်သွားပြီး မာဒြာပြား ကို တစ်စက္ကန့်အတွင်း မျိုချလိုက်ရာ အာဟာရဖြစ်စေသော စွမ်းအင်များအဖြစ် လျင်မြန်စွာ ပြိုကွဲသွားခဲ့သည်။
ပြောင်းလဲမှုများ ထပ်မံဖြစ်ပေါ်လာပြီး ဝိညာဉ် သည် ပို၍ ပီပြင်လာခဲ့သည်။ နောက်ဆုံးတွင် အသေးစိတ်အချက်အလက်များ တည်ငြိမ်သွားသောအခါ ထိုနေရာတွင် ရပ်နေသည့်အရာကို မြင်လိုက်ရသဖြင့် အီသန် သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ၎င်းမှာ အပြာရင့်ရောင် အရည်များဖြင့် ဖွဲ့စည်းထားပုံရသည့် လွင့်မျောနေသော ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသော သေးငယ်သည့် အမျိုးသမီးလေး တစ်ဦး ဖြစ်နေသည်မှာ အလွန် သိသာထင်ရှားလှသည်။
ပိုမို အဆင့်မြင့်သော ဝိညာဉ် များသည် လူသားပုံစံများ စတင် ယူဆောင်လာတတ်ခြင်းမှာ ထူးဆန်းသောအရာတော့ မဟုတ်ပေ။ သို့သော် အီသန် က ၎င်းကို သူနှင့် ပိုတူမည်ဟု မျှော်လင့်ထားခဲ့သည်။ လင်းတုန်းသည် ထို ဝိညာဉ် ကို အမျိုးသမီးဖြစ်သည်ဟု ပြင်းထန်စွာ ယုံကြည်ထားခဲ့သည်မှာ သိသာထင်ရှားပြီး ထိုအချက်က ၎င်း၏ ပုံသဏ္ဍာန်အပေါ် လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော အခိုက်အတန့်က မျက်နှာသွင်ပြင်မရှိသော မျက်နှာဖြစ်ခဲ့သည့် အရာဖြင့် သူမက သူ့ကို မော့ကြည့်လိုက်သည်။ သူမက လက်ချောင်းတစ်ချောင်းဖြင့် ဆံပင်ဟု ထင်ရသောအရာများကို အသစ်ဖြစ်ပေါ်လာသော မျက်လုံးများပေါ်မှ သပ်တင်လိုက်ပြီး သူ့ကို ထက်မြက်သော အပြုံးတစ်ခု ပြုံးပြလိုက်သည်။
ထို့နောက် သူမသည် မတ်တပ်ရပ်လိုက်ရာ အရပ် လေးလက်မခန့်သာ ရှိပြီး ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်။
အီသန်သည်လည်း တုံ့ပြန်သည့်အနေဖြင့် ကျေးဇူးတင်ယဉ်ကျေးစွာ ခေါင်းငုံ့ပြလိုက်ပြီး အဖုံးကို ပိတ်လိုက်သည်။
...
အော်သို၏ ဝိညာဉ် သည် မီးတောင်တစ်ခုကို ပိတ်ဆို့ထားသော ကျောက်ဆောင်ကြီးတစ်ခုနှင့် တူနေသည်။ အတိုင်းအဆမရှိသော ဒေါသတရားများကို ထိန်းချုပ်ထားသည့် လေးလံပြီး တည်ငြိမ်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ လင်းတုန်းသည် မျက်စိများကို မှိတ်ထားလျှင်ပင် သူ့ကို ခံစားသိရှိနိုင်သည်။ လုံးဝ မှောင်မိုက်နေသော အခြေအနေမျိုးတွင်ပင် ထိုလိပ်ကြီးရှိရာသို့ သူ လက်ညှိုးထိုးပြနိုင်သည်။
သို့သော် ယခုအခါတွင်မူ သူသည် အရာအားလုံးကို ခံစားသိရှိနေပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်သည် ခြောက်သွေ့အောင် ညှစ်ထားသော အဝတ်စုတ်တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း သူ၏ ဝိညာဉ်သည် အထက်သို့ မြင့်တက်နေခဲ့သည်။ အော်သို ၏ တည်ရှိမှုသည် သူ့ဘေးတွင် တောက်လောင်နေသည်။ ထို့အပြင် ဂူ၏ စွမ်းအားသည် သူတို့နှစ်ဦးစလုံးကို နွေးထွေးသော စောင်တစ်ထည်ကဲ့သို့ ရစ်ပတ်လွှမ်းခြုံထားသည်။ အာရုံခံနိုင်စွမ်း မကုန်ဆုံးမီ ဥမင်လှိုဏ်ခေါင်းများအတွင်း ကိုက်နှစ်ဆယ်၊ သုံးဆယ်ခန့် အကွာအဝေးအထိ စွမ်းအင်အမှတ်အသားလေးများသည် ပြန့်ကျဲနေခဲ့သည်။ ထိုအမှတ်အသားများထဲမှ အချို့သည် အန္တရာယ်ကြီးမားပြီး ရန်လိုနေသည့်ပုံ ပေါက်နေသည်။ သို့သော် အချို့ကမူ တည်ငြိမ်နေကြပြီး အချို့မှာမူ သူ လုံးဝ နားမလည်နိုင်လောက်အောင် ထူးဆန်းနေခဲ့သည်။ မည်သည့် ကြယ်များက အခြား မည်သည့် ကြယ်များထက် ပို၍ တောက်ပသနည်းဆိုသည်ကို သူ ပြောနိုင်သကဲ့သို့ မည်သည့် အမှတ်အသားများက ပို၍ သန်မာပြီး မည်သည့်အရာများက ပို၍ အားနည်းသည်ကိုလည်း သူ ခွဲခြားပြောဆိုနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
ထိုအရာအားလုံးသည် လင်းတုန်း ထက် ပို၍ အားနည်းနေပုံရသည်။
အီသန် သည် အခန်း၏ အဝင်ဝတွင် ရပ်နေသည်။ လင်းတုန်း သည် သူ့ကို မမြင်နိုင်သော်လည်း သူ့ကို ခံစားသိရှိနိုင်သည်။ ထူးဆန်းစွာ ဝေဝါးနေကာ တည်ငြိမ်နေသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် ထိုဝေဝါးမှုနောက်ကွယ်ရှိ စွမ်းအားသည် သန်မာသလား၊ အားနည်းသလား ဆိုသည်ကို သူ ခွဲခြားမသိနိုင်ခဲ့ပေ။
လင်းတုန်းသည် ထိုတည်ရှိမှုအပေါ်သို့ အာရုံစိုက်လိုက်၏။ သူ၏ အာရုံခံနိုင်စွမ်းသည် အဝေးသို့ လှမ်းဆန့်လိုက်သော လက်ချောင်းတစ်ချောင်းကဲ့သို့ စီးဆင်းသွားခဲ့သည်။ အာရီလီယပ်စ် မိသားစုများ လုပ်နိုင်သကဲ့သို့ ဤနည်းလမ်းဖြင့် သူသည် မည်သည့်အရာကိုမျှ မကြားနိုင်၊ မမြင်နိုင်ခဲ့ပေ။ သို့သော် မာဒြာ နှင့် အော်ရာ ၏ စွမ်းအားများ အားလုံးကိုမူ သူ ရှင်းလင်းစွာ သိမြင်နေခဲ့သည်။
သူက ထိုအသိအာရုံ လက်ချောင်းကို အီသန် အပေါ်သို့ တင်လိုက်ရာ အဆင့်နိမ့် အရှင်သခင် သည် ရယ်မောလိုက်သည်။ လင်းတုန်း ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။ အီသန် သည် လင်းတုန်း မျှော်လင့်ထားသည်ထက် များစွာ ပို၍ နီးကပ်စွာဖြင့် သူ့ အပေါ်တွင် မိုး၍ မတ်တပ်ရပ်နေခဲ့သည်။
"ကျောက်စိမ်းအဆင့်ကို ဘယ်လို သဘောရလဲ..."
မတ်တပ်ရပ်နိုင်ရန် ကူညီပေးရန် လက်တစ်ဖက် ဆန့်ထုတ်ပေးရင်း အီသန် က မေးလိုက်လေသည်။
***