အခန်း (၂၀၁-၂၀၂)
Vol. 15 Ch. 201-202
အပိုင်း(၂၀၁)
"ဒါက ကျောက်စိမ်းအဆင့် လား..."
လင်းတုန်း သည် သူ၏ အမြုတေ များကို စစ်ဆေးလိုက်သည်။ သေချာပေါက်ပင် သူ၏ အမြုတေ များထဲမှ တစ်ခုသည် ၎င်း၏ အမြွှာကဲ့သို့ တောက်ပသော အပြာရောင် မဟုတ်တော့ပေ။ ၎င်းသည် တစ်ခါတစ်ရံ အနီရောင်များ တဖျပ်ဖျပ် တောက်ပနေသော မဟူရာ မီးတောက် ဘောလုံးတစ်လုံး ဖြစ်နေပြီဖြစ်သည်။ မဟူရာ မီးတောက် အမြုတေ သည် သူ၏ လမ်းညွှန်မှုမပါဘဲ ဖြည်းညင်းစွာ လည်ပတ်နေပြီး သူ၏ အသက်ရှူနှုန်းနှင့်အညီ လှုပ်ရှားနေခဲ့သည်။
"သီသီလေးပါပဲ..."
အော်သို က ညည်းတွားလိုက်သည်။ သူ၏ အမည်းရောင် မျက်လုံးများထဲရှိ တောက်ပသော အနီရောင်စက်ဝိုင်းများသည် လင်းတုန်း အပေါ်သို့ စူးစိုက်နေသည်။ ထို့နောက် သူတို့၏ နှောင်ကြိုးမှတစ်ဆင့် ခံစားချက်အသစ်တစ်ခုက လင်းတုန်း ထံသို့ စိမ့်ဝင်လာခဲ့သည်။ ၎င်းမှာ မာနထောင်လွှားမှု ပင်ဖြစ်သည်။ လိပ်ကြီးသည် ကျောက်တုံးကို ဒိန်ခဲတစ်တုံးကဲ့သို့ ကိုက်ဖဲ့လိုက်ပြီး ပါးစပ်ထဲတွင် ကျောက်စရစ်ခဲများ ပြည့်နှက်နေလျက် စကားပြောလိုက်သည်။
"ငါ့ရဲ့ စွမ်းအားအောက်မှာ မင်း ပေါက်ကွဲထွက်မတတ် ဖြစ်သွားခဲ့တာ..."
အမှန်တကယ်ပင် ထိုသို့ဖြစ်ခဲ့သော်လည်း လင်းတုန်းသည် နာကျင်မှုများကို မေ့ပျောက်နေပြီဖြစ်သည်။ အော်သိုသည် သူ့ကို နောက်ထပ် အဆင့်တစ်ဆင့်သို့ ခေါ်ဆောင်သွားပေးခဲ့သည်။
ဝေ့ ကလန် ၏ ခေါင်းဆောင်ကြီး ပင်လျှင် ကျောက်စိမ်းအဆင့် သာ ရှိသည်။
လင်းတုန်းသည် ဦးညွှတ်ကာ ရိုးသားစွာဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်... ဂုဏ်သရေရှိ အော်သို ... ခင်ဗျားရဲ့ စွမ်းအားကို လက်ဆောင်ပေးတဲ့အတွက် စကားနဲ့တောင် မပြောပြနိုင်လောက်အောင် ကျေးဇူးတင်မိပါတယ်... ဒီလောက် သေးငယ်တဲ့ အစိတ်အပိုင်းလေးနဲ့တောင် ကျွန်တော်က မထိုက်တန်ပါဘူး..."
အော်သို၏ ဂုဏ်ယူဝင့်ကြွားမှုသည် တောက်လောင်လာခဲ့၏။ သူသည် ပို၍ မတ်မတ်ရပ်လိုက်ရာ သူ၏အခွံသည် နိမ့်ကျနေသော ဂူမျက်နှာကြက်ကို ပွတ်တိုက်မိမတတ် ဖြစ်သွားခဲ့သည်။
"ဟုတ်တယ်... ငါ့ရဲ့ လက်အောက်မှာ အမှုထမ်းတဲ့အတွက် မင်း ဆုလာဘ်တွေ လစ်ဟာသွားမှာ မဟုတ်ပါဘူး..."
အီသန်က လိပ်ကြီး၏ နှာခေါင်းကို ပွတ်သပ်လိုက်သည်။ အော်သိုမှာ စော်ကားခံလိုက်ရသလို ခံစားလိုက်ရသောကြောင့် နောက်ဆုတ် သွားခဲ့၏။
"မင်းရဲ့ လက်အောက်ငယ်သား အသစ်အတွက် ဂုဏ်ပြုပါတယ် အော်သို ... မင်းကို သတိပေးရမယ်ဆိုရင် မင်းရဲ့ ဒီကြည်လင်မှုက အကြာကြီး ခံမှာ မဟုတ်ဘူး... မင်းက လင်းတုန်းကို ဒီဝန်ထုပ်ဝန်ပိုးတွေ မျှဝေခံစားစေချင်တယ်ဆိုရင် သူ့ရဲ့ လေ့ကျင့်မှုတွေကို မင်းကိုယ်တိုင်ပဲ ကြည့်ရှုသင့်တယ်..."
နဂါးလိပ်ကြီးက နှာမှုတ်လိုက်ရာ သူ၏ နှာခေါင်းပေါက်များမှ မဟူရာ မီးတောက် များ ပန်းထွက်လာခဲ့သည်။
"ငါ့ရဲ့ မှတ်ဉာဏ်တွေ ဝေဝါးနေပေမယ့် မင်းကိုတော့ ငါ မှတ်မိပါတယ်... မင်းက ဘယ်တုန်းကမှ သင့်လျော်တဲ့ လေးစားမှုနဲ့ စကားမပြောခဲ့ဘူး..."
အီသန်က သူ၏ အပြင်ဝတ်ရုံ အိတ်ကပ်များထဲသို့ လက်များကို လျှိုသွင်းလိုက်သည်။ သူ၏ အပြုံးက ပို၍ ကျယ်ပြန့်သွားခဲ့သည်။
"မင်းကို ငါက လေးစားမှု ပြသရမှာလား..."
"အဆင့်နိမ့် အရှင်သခင် တွေကို ငါ မကြောက်ဘူး..."
မြေကြီးကို တုန်ခါသွားစေသော ဟိန်းဟောက်သံဖြင့် အော်သို က ပြောလိုက်သည်။
"နဂါးတစ်ကောင်ရဲ့ အသက်ရှူငွေ့ရှေ့မှာ မင်းရဲ့ အဆင့်အတန်းနဲ့ တိုးတက်မှုက ဘာမှ အဓိပ္ပါယ်မရှိဘူး..."
အီသန် သည် ကိုယ်ဟန်ကို မတ်လိုက်သည်။
"အို... ဒါက လေးစားမှုနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင်တော့ မဟူရာ မီးတောက် အင်ပါယာ ရဲ့ သင့်လျော်တဲ့ နိုင်ငံသားတွေလိုမျိုး ငါတို့ ဖြေရှင်းသင့်တာပေါ့... လင်းတုန်း ရဲ့ လေ့ကျင့်မှုတွေကို မင်းပဲ ဦးဆောင်မလား၊ ဒါမှမဟုတ် ငါကပဲ မင်းကိုဆရာတစ်ယောက်လို ဒူးထောက်ရမလား ဆိုတာကို ရင်းနှီးတဲ့ နည်းစနစ်ဖလှယ်ပွဲလေးတစ်ခုနဲ့ ဆုံးဖြတ်လိုက်ကြရအောင်..."
အဆင့်နိမ့် အရှင်သခင်၏ အပြုံးသည် မာနထောင်လွှားပြီး ခန့်ညားသော မျက်နှာအမူအရာဖြင့် ဖုံးကွယ်သွားသော်လည်း သူ၏ မျက်လုံးများထဲတွင်တော့ နောက်ပြောင်လိုသော အရိပ်အယောင်လေး ကျန်ရစ်နေဆဲဖြစ်သည်။
အော်သို၏ ကျေနပ်အားရမှုသည် သူတို့၏ နှောင်ကြိုးမှတစ်ဆင့် ဖြာထွက်လာပြီး သူ၏ မျက်လုံးများသည် လင်းလက်တောက်ပသွားခဲ့သည်။
"တိုက်ခိုက်မှုနဲ့ စမ်းသပ်မယ်ပေါ့လေ..."
သူက ပြောလိုက်သည်။
"အဲဒီအတိုင်းပဲ ဖြစ်စေရမယ်..."
အီသန် နှင့် အော်သို တို့သည် တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် မျက်နှာချင်းဆိုင်လိုက်ကြသောအခါ အပူချိန်သည် နောက်တစ်ကြိမ် ထပ်မံ မြင့်တက်သွားခဲ့သည်။
လင်းတုန်းသည် သူ၏ လွယ်အိတ်ကို ဆွဲယူကာ ပြေးလေတော့သည်။
နောက်ဘက်တွင် တိုက်ပွဲစတင်ဖြစ်ပွားလာသောအခါ သူ၏ ဝိညာဉ် သည် ကြောက်ရွံ့မှု၊ သတိပေးမှုတို့ဖြင့် တုန်လှုပ်သွားခဲ့သည်။
သို့သော် ထိုအရာက သူ၏ အဆင့်အတန်း အမှတ်တံဆိပ်များ ထည့်ထားသော သေတ္တာကို ရှာဖွေရန် လွယ်အိတ်ထဲသို့ မွှေနှောက်နေခြင်းကိုတော့ မတားဆီးနိုင်ခဲ့ပေ။
ယခုအချိန်သည် သူ၏ သံမဏိအဆင့် ကို ကျောက်စိမ်းအဆင့် နှင့် လဲလှယ်ရမည့် အချိန်ရောက်လာခဲ့ပြီ ဖြစ်သည်။
...
"သက်စောင့် အော်ရာ ဆိုတာ ကမ္ဘာကြီးရဲ့ စွမ်းအားပဲ..."
အော်သို က ဥမင်လှိုဏ်ခေါင်းကို ဖြတ်၍ ခြေဆွဲကာ လမ်းလျှောက်ရင်း ပြောလိုက်သည်။ သူ၏ ဘယ်ဘက်ရှေ့ခြေထောက်သည် ထိခိုက်ဒဏ်ရာရထားသည်ကို သိသာစွာ မမြင်ရသော်လည်း ခြေတစ်လှမ်းလှမ်းတိုင်း သူခံစားရသော နာကျင်မှုသည် လင်းတုန်း ၏ ဝိညာဉ် ထဲသို့ တိုက်ရိုက် လျှပ်ပြေးသွားခဲ့သည်။
"အဲဒါကို သားပေါက်လေးတောင် နားလည်ပါတယ်..."
လိပ်ကြီးသည် ဒဏ်ရာရနေသော်လည်း လင်းတုန်း သည် အမီလိုက်နိုင်ရန် ခပ်သုတ်သုတ် လျှောက်နေရဆဲဖြစ်သည်။
သူ၏ ကျောက်စိမ်းအဆင့် အာရုံခံနိုင်စွမ်းကို အခြေခံ၍ အော်သို ၏ စွမ်းအားသည် အစစ်အမှန် ရွှေအဆင့် တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ပြီး သူ၏ အမြန်နှုန်းမှာလည်း လိုက်ဖက်ညီလှသည်ဟု သူ ပြောနိုင်သည်။
"ကျွန်တော့်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ... ဒီလောက် စွမ်းအားနဲ့ ဉာဏ်ပညာရှိတဲ့ ဆရာတစ်ယောက် ရှိနေတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ..."
အော်သို၏ ခေါင်းသည် ကျေနပ်ဂုဏ်ယူမှုဖြင့် အနည်းငယ် မော့သွားခဲ့သည်။
"ကြေးအဆင့်တွေကို သင်ပေးဖို့ ငါ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် အောက်ကျို့မခံခဲ့ဖူးဘူး... ဒါပေမယ့် မင်းကတော့ ငါ့ရဲ့ ဝိညာဉ် မှာ တွယ်ကပ်နေခဲ့ပြီလေ... မင်းကို ငါ့ရဲ့ မျိုးဆက်တစ်ယောက်လိုတော့ အနည်းဆုံး ဆက်ဆံသင့်ပါတယ်... အင်း... သက်စောင့် အော်ရာ ပေါ့... အဲဒါက အချိန်တွေကြာလာတာနဲ့အမျှ အရာရာတိုင်းမှာ တည်ဆောက်ဖြစ်တည်လာပြီး ကြီးမားတဲ့ စွမ်းအားတွေကို ပေးစွမ်းနိုင်တယ်...”
"ကျောက်တုံးတစ်တုံးဟာ ကမ္ဘာမြေကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြေကြီး အော်ရာ ကို တည်ဆောက်တယ်... သာမန် ကျောက်တုံးတစ်တုံးမှာ အော်ရာ နည်းနည်းလေးပဲ ရှိပေမယ့် ရာစုနှစ်တွေ ကုန်လွန်လာတာနဲ့အမျှ ပိုပိုပြီး သန်မာလာတယ်... အဲ့တာက ပြောင်းလဲသွားတဲ့အထိ ကမ္ဘာမြေကြီးဆီကနေ စွမ်းအားတွေကို ဆက်လက် စုပ်ယူနေမှာပဲ... တကယ်လို့ ဘယ်သူမှ မနှောင့်ယှက်ဘဲ ထားမယ်ဆိုရင် သာမန် ကျောက်တုံးလေးဟာ မချိုးဖျက်နိုင်သလောက် ခိုင်မာတဲ့ 'တိုက်တန်ရဲ့အရိုး' အတုံးလေးအဖြစ် ကြီးထွားလာလိမ့်မယ်..."
"ခွင့်လွှတ်ပါ... ဒါပေမယ့် ဒါက အချိန်နဲ့ပဲ သက်ဆိုင်တယ်ဆိုရင် အခုဆိုရင် ကျောက်တုံးတိုင်းဟာ မချိုးဖျက်နိုင်တာမျိုး ဖြစ်နေရမှာ သေချာတာပေါ့..."
တိုက်တန်ရဲ့အရိုး အကြောင်းကိုတော့ အီသန် အား မေးမြန်းရန် လင်းတုန်း ကိုယ်တိုင် မှတ်သားထားလိုက်သည်။
"ကျင့်ကြံသူ တွေက ဘယ်တော့မှ မရောင့်ရဲတတ်ကြဘူး..."
အော်သို သည် အနီးအနားရှိ ကျောက်တုံးအချို့ကို ပါးစပ်ဖြင့် ကောက်ယူကာ သကြားလုံးကဲ့သို့ ဝါးစားရင်း ညည်းတွားလိုက်သည်။
"မြေကြီးထဲမှာ စုပုံနေတဲ့ သက်စောင့် အော်ရာ ကြောတစ်ခုဟာ မြေကြီး ကျင့်ကြံသူ တွေအတွက်တော့ ရတနာသိုက်တစ်ခုပါပဲ... သူတို့ရဲ့ ကိုယ်ပိုင် တိုးတက်မှုအတွက် အဲဒါကို ရယူဖို့ သူတို့ ဘာမှ ရှောင်နေမှာ မဟုတ်ဘူး... ဖယောင်းတိုင်မီးလေး တစ်ပွင့်က မင်း လှည့်ပတ် ကျင့်ကြံဖို့ လုံလောက်ကောင်း လုံလောက်နိုင်ပေမယ့် တကယ့် ကျွမ်းကျင်သူတစ်ယောက်အတွက်တော့ အဲဒီလောက် အားနည်းတဲ့ အရင်းအမြစ်က အသုံးမဝင်ဘူး... အဲဒီအစား လေကို စားဖို့ ကြိုးစားတာကမှ ပိုကောင်းဦးမယ်..."
အော်သို သည် လမ်းတစ်လျှောက် လေးလံစွာ လျှောက်သွားရင်း မှတ်ဉာဏ်တစ်ခုထဲသို့ နစ်မျောသွားကာ သူ၏ ခံစားချက်များ ဝေးကွာသွားခဲ့သည်။
"တိုးတက်မှုဆိုတာ ပိုကြီးမားတဲ့ စွမ်းအား အရင်းအမြစ်တွေကို အဆုံးအစမရှိ ရှာဖွေနေတဲ့ အမဲလိုက်ပွဲတစ်ခုပဲ... မင်းက ဖယောင်းတိုင်တွေနဲ့ မီးပုံတွေက အော်ရာ တွေကို စားသုံးပြီး စတင်ခဲ့ပေမယ့် မင်းထင်ထားတာထက် ပိုမြန်မြန်ပဲ နဂါးနှလုံးသားတွေ၊ နေမင်း ကျောက်တုံးတွေနဲ့ အထွတ်အမြတ် မီးတောက်တွေကို မင်း လိုက်လံရှာဖွေနေရလိမ့်မယ်... အမြဲတမ်း အထက်ကို တက်လှမ်းနေရတာပဲ..."
အထွတ်အမြတ် တောင်ကြားသို့ ပြန်ကြည့်လျှင် ဝေ့ ကလန် သည် အရုဏ်တက်ချိန်၊ စမားရ ၏ အလင်းကွင်းမှ အလင်းရောင်နှင့် နေရောင်ခြည်တို့ ရောယှက်နေပြီး အိပ်မက်များ မိမိတို့၏ စိတ်ထဲတွင် ကျန်ရစ်နေဆဲအချိန်တွင် အော်ရာ ကို လှည့်ပတ် ကျင့်ကြံခဲ့သည်။
အော်ရာသည် ဖယ်ရှားယူဆောင်သွားနိုင်သည့် အရာတစ်ခုအဖြစ် လင်းတုန်း တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အလင်းရောင်နှင့် အိပ်မက်များသည် အချိန်ကြာလာသည်နှင့်အမျှ သက်စောင့် အော်ရာ ကို တည်ဆောက်နိုင်သော ရွေ့လျားခြင်းမရှိသည့် အရာဝတ္ထုများ မဟုတ်ပေ။
ထိုရှင်းပြချက်က အဓိပ္ပာယ်ရှိလှသည်။ ထူးကဲသော ရှေးဟောင်း အပျက်အစီး သည် မိုင်ပေါင်းများစွာ ပတ်လည်မှ သက်စောင့် အော်ရာ ကို ဆွဲယူခဲ့သဖြင့် သူ၏ ကြေးအဆင့် အမြင်အာရုံတွင် ပတ်ဝန်းကျင်တစ်ခုလုံး မှေးမှိန်ကာ အရောင်လွင့်သွားခဲ့သည်။ လင်းတုန်း သည် ထိုလုပ်ငန်းစဉ်ကို အသက်ရှူသွင်းခြင်းကဲ့သို့သော အရာတစ်ခုအဖြစ် တွေးတောခဲ့သည်။ အပျက်အစီးများသည် လေကို ရှူသွင်းလိုက်ခြင်း ဖြစ်နိုင်သော်လည်း အပြင်ဘက်တွင် လေနည်းသွားသည်ဟု မဆိုလိုပေ။ ယခုအခါတွင်မူ ထိုလုပ်ငန်းစဉ်သည် ရေပုံးတစ်ပုံးကို သွန်ချပြီးနောက် ရေပြန်ပြည့်လာရန် မိုးရွာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းနှင့် ပို၍ တူသည်ဟု သူ စိတ်ကူးကြည့်လိုက်သည်။
"ငါတို့ရဲ့ စွမ်းအားတွေ တိုးလာအောင် ဝိညာဉ် ထဲမှာ အော်ရာ ရဲ့ အစိတ်အပိုင်းတစ်ခုကို ဖမ်းထားဖို့အတွက် ငါတို့က အော်ရာ ကို လှည့်ပတ် ကျင့်ကြံတာပဲ..."
အော်သို တစ်ယောက် အတွေး ရေယာဉ်ကြော အတွင်း နစ်မျော နေရာမှ သတိပြန်ဝင်လာကာ ဆက်ပြောသည်။
"အဲဒါက ငါတို့ရဲ့ မာဒြာ သဘာဝကို ပြောင်းလဲစေပြီး အချိန်ကြာလာတဲ့အခါ မင်းရဲ့ အမြုတေ ကို အဲဒီသဘာဝရှိတဲ့ မာဒြာ တွေ ထုတ်လုပ်နိုင်ဖို့ သင်ပေးလိမ့်မယ်..."
ထိုအချက်ကိုတော့ လင်းတုန်း နားလည်ခဲ့ပေသည်။
***
အပိုင်း(၂၀၂)
"ဘယ်သဘာဝမှ မပါတဲ့ သန့်စင်တဲ့ သက်စောင့် အော်ရာ ဆိုတာမျိုးကော ရှိလား..."
လမ်းဆက်လျှောက်လာရင်း လင်းတုန်းက မေးလိုက်၏။
အော်သိုက သူ၏ လည်ချောင်းထဲမှ နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်သည်။
"တောမီးထဲက မီးပွားလေးတွေထက်တောင် အော်ရာ သဘာဝတွေက ပိုများပါသေးတယ်၊ ဒါပေမယ့် သူတို့က အမြဲတမ်း ပုံစံတစ်ခုခုကို ယူလေ့ရှိတယ်... အမြဲတမ်းပဲ... သန့်စင်တဲ့ အော်ရာ ကို တောင်းဆိုတာက ခြောက်သွေ့တဲ့ ရေကို တောင်းဆိုတာနဲ့ အတူတူပဲ..."
"အုပ်ချုပ်သူ နည်းစနစ်တွေကကော..."
"မာဒြာက အော်ရာ ကို ထိန်းချုပ်ပြီး အော်ရာ က သဘာဝတရားကို ထိန်းချုပ်တယ်... ရေ ကျင့်ကြံသူ တွေက သမုဒ္ဒရာပေါ်မှာ လမ်းလျှောက်နိုင်တယ်၊ မိုးခေါ်နိုင်တယ်၊ အဲဒီလိုမျိုးတွေပေါ့... မြေကြီး ကျင့်ကြံသူ တွေက ကျောက်တုံးထဲမှာ တံခါးတွေ ဖွင့်နိုင်တယ်... ခွန်အား ကျင့်ကြံသူ တွေကတော့ ပြိုကျလာတဲ့ ကျောက်တုံးကြီးတစ်ခုရဲ့ စွမ်းအားနဲ့ ငှက်မွှေးတစ်ခုကို ရိုက်ခတ်နိုင်တယ်..."
လင်းတုန်း နားလည်သွားသည်ဟု ထင်လိုက်သည်။ အဖြူရောင် မြေခွေး လမ်းစဉ် သည် မာဒြာ မှတစ်ဆင့် စိတ်ကူးယဉ်ပုံရိပ်တစ်ခုကို ဖန်တီးနိုင်သော်လည်း ၎င်း၏ အုပ်ချုပ်သူ နည်းစနစ်သည် စိတ်နှင့် မျက်လုံးများကို တိုက်ရိုက် သက်ရောက်မှုရှိသောကြောင့် ပစ်မှတ်သည် တစ်စုံတစ်ခုကို မြင်တွေ့ရသည်ဟု ယုံကြည်သွားစေသည်။
သို့သော် သူသည် အသစ်ရထားသော အရုပ်တစ်ခုကို မလွှတ်ချင်သည့် ကလေးငယ်တစ်ယောက်ကဲ့သို့ သူ၏ မဟူရာ မီးတောက် အမြုတေ ကို အာရုံစိုက်ကာ စမ်းသပ်နေဆဲဖြစ်သည်။
"မီး အော်ရာ အတွက် ဘာအသုံးဝင်မှု ရှိလို့လဲ... အုပ်ချုပ်သူ နည်းစနစ်နဲ့ ဒုက္ခခံမယ့်အစား ခင်ဗျားက မာဒြာ နဲ့တင် အရာဝတ္ထုတွေကို မီးရှို့ပစ်နိုင်တာ သေချာတယ်လေ..."
အော်သိုသည် တစ်မိနစ်တိတိ တိတ်ဆိတ်သွားပြီး တစ်ခါတစ်ရံ ကျောက်တုံးများကိုသာ ဝါးနေခဲ့သည်။ လင်းတုန်း မည်သို့ တောင်းပန်ရမည်ကို စဉ်းစားနေစဉ်မှာပင် လိပ်ကြီးမှာ စကားစပြောလာခဲ့သည်။
"တချို့ လမ်းစဉ် တွေအတွက်တော့ ဒါက မှန်ပါတယ်... ငါတို့အတွက်တော့..."
အနီနှင့် အမည်းရောင် မျက်လုံးတစ်ဖက်က လင်းတုန်း ကို စိုက်ကြည့်ရန် လည်လာသည်။
"မင်း တိုက်ပွဲတစ်ခု ပြီးဆုံးသွားပြီလို့ မြင်ယောင်ကြည့်ပါ... မင်းရဲ့ အသက်ရှူငွေ့က မင်းရှေ့က ရန်သူတွေကို ဖယ်ရှားပစ်လိုက်ပြီး အခု သူတို့ရဲ့ အလောင်းတွေက စစ်မြေပြင်ပေါ်မှာ မီးခိုးတလူလူနဲ့ လောင်ကျွမ်းနေတယ်... မီးခိုးတွေနဲ့ မီးတောက်တွေက မင်းရဲ့ စွမ်းအားကို သက်သေပြတဲ့အနေနဲ့ ထင်ပေါ်နေပြီး ရန်သူတွေဆီက သတ္တိတွေ ပျောက်ကွယ်သွားပြီ... သူတို့ ထွက်ပြေးကြတယ်... သူတို့အားလုံးကို မင်း လိုက်မဖမ်းနိုင်ဘူးဆိုတာ မင်း သိတယ်..."
နံရံမှ တွန့်လိမ်နေသော အမည်းရောင် သစ်မြစ်တစ်ခု ထိုးထွက်နေသည်။ ရုတ်တရက် အော်သို သည် ၎င်းကို လှမ်းဟပ်လိုက်၏။ လင်းတုန်း ၏ လက်မောင်းအရွယ်အစားခန့်ရှိသော သစ်သားတုံးတစ်တုံးကို ကျောက်တုံးထဲမှ ဆွဲထုတ်လိုက်သည်။
သူသည် ၎င်းကို ကြမ်းပြင်ပေါ်သို့ ထွေးချလိုက်ရာ မီးခိုးငွေ့များနှင့် အမည်းရောင် အစင်းကြောင်းများ ပါဝင်သော မီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားသည်။
"သူတို့ ပြေးလွှားနေရင်း လောင်ကျွမ်းနေတဲ့ သူတို့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ အလောင်းတွေကို ခလုတ်တိုက်မိကြတယ်..."
အော်သို က ပြောလိုက်သည်။
"ဒါပေမယ့် မင်းရဲ့ ဒေါသကနေ လွတ်မြောက်နိုင်မယ့် နေရာဆိုတာ မရှိဘူး..."
သူသည် ကြမ်းပြင်ကို စူးစိုက်ကြည့်ရန် လှည့်လိုက်သည်။
ထို့နောက် ကြီးမားသော အပူရှိန် ပေါက်ကွဲမှုကြီးတစ်ခုနှင့်အတူ ထိုသစ်မြစ်သည် မီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားသည်။
လင်းတုန်း သည် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။ မီးတောက်သည် မျက်နှာကြက်အထိ ရောက်ရှိသွားပြီး တစ်ခဏချင်းအတွင်း ဥမင်လှိုဏ်ခေါင်းထဲသို့ ပြည့်နှက်သွားသည်။ ၎င်းသည် မဟူရာ မီးတောက် ၏ မှောင်မိုက်သော အရောင်အဆင်း မဟုတ်ဘဲ သဘာဝ မီးတောက်တစ်ခု၏ ကျန်းမာသော လိမ္မော်ရောင် ဖြစ်သော်လည်း ထူးဆန်းသော အမည်းရောင် သို့မဟုတ် အနီရောင် အကွက်များဖြင့် ပြည့်နှက်နေသည်။
မီးတောက်သည် တစ်စက္ကန့်ခန့် ဟိန်းဟောက်နေပြီး စားသုံးရန် အခြားတစ်ခုခုကို ရှာဖွေနေသည့်အလား နံရံများကို လျှာဖြင့် လျက်နေကာ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားသည်။
လက်မောင်းတစ်ဖက်စာ ရှည်လျားသော သစ်မြစ်သည် ပြာမှလွဲ၍ ဘာမှ မကျန်တော့ပေ။
"ငါတို့က အဲဒါကို ဟင်းလင်းပြင် နဂါးရဲ့ ကခုန်ခြင်း လို့ ခေါ်တယ်..."
ပြာများကို ခြေသည်းအောက်တွင် နင်းခြေရင်း အော်သို က ပြောလိုက်သည်။
"တစ်ခဏချင်းအတွင်းမှာပဲ မီးတောက်တွေက စစ်မြေပြင်ပေါ်က အရာအားလုံးကို ဝါးမြိုပစ်လိုက်ပြီး မီးခိုးနဲ့ ဖုန်မှုန့်တွေလောက်ပဲ ချန်ထားခဲ့တယ်..."
"စစချင်းမှာကတည်းက ပတ်ဝန်းကျင်မှာ မီးတောက်တွေ လုံလုံလောက်လောက် ရှိနေသရွေ့ပေါ့..."
လင်းတုန်းသည် အလိုအလျောက်ပင် ထိုကွာခြားချက်ကို ထောက်ပြလိုက်ပြီး သူ၏ စိတ်ကတော့ ဝေးလွင့်နေခဲ့သည်။ သူ၏ ထက်ဝက်သော စိတ်သည် အော်သို ဖော်ပြခဲ့သော ကြမ်းတမ်းလှသည့် စွမ်းအားကြီးမားမှုအပေါ် အံ့ဩမှင်တက်သွားခဲ့ပြီး ထိုကြောက်မက်ဖွယ်ကောင်းသော လက်နက်ကို ကျင်းလုံ အပေါ် အသုံးပြုမည်ဟု စိတ်ကူးမယဉ်ဘဲ မနေနိုင်ခဲ့ပေ။
ကျန်ထက်ဝက်သော စိတ်ကမူ သူ၏ ကိုယ်ပိုင် အမြုတေ ထဲတွင် ရှိနေသော သေစေနိုင်သည့် ဖြစ်နိုင်ခြေများကို ကြောက်ရွံ့ကာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။
"အင်း... ပြီးတော့ မင်းမှာ အချိန်အလုံအလောက် ရှိနေသရွေ့ပေါ့..."
အော်သို က ထပ်ပြောလိုက်သည်။
"အော်ရာ ကို ထိန်းချုပ်ဖို့ဆိုတာ အချိန်နဲ့ အာရုံစူးစိုက်မှု လိုအပ်တယ်... မင်းက အသက်ရှူတိုင်း တိုက်ခိုက်သူ နည်းစနစ်တွေကို ပစ်ထုတ်နိုင်ပေမယ့် ကျယ်ပြန့်တဲ့ အုပ်ချုပ်သူ နည်းစနစ်တစ်ခုကို တည်ဆောက်ဖို့တော့ အချိန်ယူရတယ်..."
ဥမင်လှိုဏ်ခေါင်း ပြီးဆုံးသွားပြီး အလယ်ဗဟိုတွင် ဝါကျင့်ကျင့် အရိုးစုတစ်ခု ခွေနေသည့် အခန်းတစ်ခုသို့ ပွင့်ထွက်သွားသည်။ အပြင်ဘက် မြို့ထဲရှိ အရိုးများနှင့် ခြားနားစွာပင် ဤအရိုးစုသည် အပြည့်အစုံ ရှိနေသည်။ ခြေသည်းပါသော ခြေလက်လေးဖက်နှင့် အစွယ်များ ပြည့်နှက်နေသည့် တွားသွားသတ္တဝါ၏ ခေါင်းတစ်လုံး ပါရှိသော ရှည်လျားသည့် မြွေကဲ့သို့ ခန္ဓာကိုယ် ဖြစ်သည်။ နံရိုးများပေါ်တွင် ဖြာကျနေသော သိမ်မွေ့သည့် အရိုးကွန်ရက်လေးသည် တစ်ချိန်က တောင်ပံများကို ထောက်ပံ့ပေးခဲ့သည်မှာ သေချာလှသည်။
ဤနဂါး၏ အရိုးစုသည် အဆောက်အအုံတစ်ခု ဆောက်လုပ်ရန်လောက်အောင် မကြီးမားပေ။ အလွန်ဆုံးမှ အော်သို ၏ ခန္ဓာကိုယ်ထက် နှစ်ဆခန့်သာ ပိုရှည်သည်။
သို့သော် ၎င်းသည် မဟူရာ မီးတောက် များဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။ မီးတောက်များသည် အရိုးတစ်ခုစီတိုင်း တစ်လျှောက် တီကောင်များကဲ့သို့ တွားသွားနေပြီး တစ်ခါတစ်ရံတွင် အနီရဲရဲ မီးပွားလေးတစ်ခုကို လွှင့်တင်ပေးရာ ထိုအရာက မြင်နိုင်ရုံမျှ အလင်းရောင်ကို ပေးစွမ်းသည်။ လင်းတုန်း ၏ ကျောက်စိမ်းအဆင့် အာရုံခံနိုင်စွမ်းက အခန်းတွင်း၌ စွမ်းအားများ ပြည့်နှက်နေကြောင်း ပြောပြနေသဖြင့် သူ၏ ကြေးအဆင့် အမြင်အာရုံ ကို သူ ဖွင့်ကြည့်လိုက်သည်။
ထိုအမြင်အာရုံကို သူ ချက်ချင်းပင် ပြန်ပိတ်လိုက်ရသည်။ ဖျက်ဆီးခြင်း၏ မှောင်မိုက်သော တောက်ပမှုနှင့် အပူရှိန်၏ မီးတောက် အော်ရာ တို့သည် အခြားအရာအားလုံးကို ဖုံးကွယ်ထားသဖြင့် အောက်ဘက်ရှိ ကျောက်တုံးများထဲမှ မြေကြီးစွမ်းအားကိုပင် သူ မမြင်နိုင်တော့ပေ။ ဤနေရာသည် မဟူရာ မီးတောက် စွမ်းအင်များ၏ ရင်းမြစ်တစ်ခု ပင်ဖြစ်သည်။
"ထိုင်လိုက်..."
အော်သို က အမိန့်ပေးလိုက်ရာ လင်းတုန်း သည် တုံ့ဆိုင်းမနေဘဲ မြေကြီးပေါ်သို့ ထိုင်ချလိုက်သည်။
"အဆင့်နိမ့် အရှင်သခင် သင်ပေးထားတဲ့အတိုင်း လှည့်ပတ် ကျင့်ကြံပါ၊ ဒါပေမယ့် ဒီတစ်ခါတော့ မင်းပတ်ဝန်းကျင်က သက်စောင့် အော်ရာ ကို လှမ်းယူလိုက်ပါ... မင်းဆီမှာ ငါ့ရဲ့ စွမ်းအားတွေ ရှိတယ်၊ အဲဒီတော့ မဟူရာ မီးတောက် အော်ရာ တွေဟာ မင်းခေါ်တဲ့အတိုင်း လာလိမ့်မယ်၊ ပြီးတော့ မင်းရဲ့ အမြုတေ ထဲကို အလွယ်တကူ ပေါင်းစပ်သွားလိမ့်မယ်..."
အော်သိုသည် နောက်သို့ ထွက်သွားရန် လှည့်လိုက်ပြီး နောက်ထပ် ကျောက်တုံးတစ်တုံးကို လှမ်းဟပ်ကာ တစ်လုတ်တည်း မျိုချလိုက်သည်။
"သုံးရက်လောက် လှည့်ပတ် ကျင့်ကြံပါ၊ ပြီးရင် မင်းရဲ့ နောက်တစ်ဆင့် လေ့ကျင့်မှုတွေကို စတင်မယ်..."
"ညွှန်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... "
လင်းတုန်း၏ စကားအဆုံးမှာပင် သူ၏ စာချုပ်ဝင် အဖော်ကတော့ ထွက်သွားခဲ့ပြီ ဖြစ်သည်။ လင်းတုန်း သည် ဥမင်လှိုဏ်ခေါင်းတစ်လျှောက် လိပ်ကြီး၏ ဝိညာဉ် လျင်မြန်စွာ ရွေ့လျားသွားသည်ကို ခံစားလိုက်ရသည်။
အနည်းဆုံးတော့ သူ အစားအစာတွေ ထည့်လာခဲ့သည်။ သို့သော် ဤမှောင်မိုက်ပြီး ပူလောင်နေသော ဥမင်လှိုဏ်ခေါင်းများထဲတွင် ရေကို သူ ဘယ်မှာ သွားရှာရမည်နည်း။
...
မြွေသင်္ချိုင်း မြို့၏ လမ်းပိတ်တစ်ခုအဆုံးတွင် ကျင်းလုံ စောင့်ဆိုင်းနေသည်။ ဧရာမ သင်္ချိုင်းဂူကြီး တစ်ခုကဲ့သို့ ရှီရူး တောင် ကြီးက သူ့အပေါ် မိုးနေ၏။ သူ၏ ဘယ်ဘက်ရှိ ဆိုင်သည် မြို့၏ ဆယ့်လေးခုမြောက် အဆင့်ရှိသော အပ်ချုပ်သမား၏ ဆိုင်ဖြစ်ပြီး၊ ညာဘက်တွင်မူ မိသားစုတစ်စုက ကိုးခုမြောက် အဆင့်ရှိ စားသောက်ဆိုင်ကို ဖွင့်လှစ်ထားသည်။
အဆောက်အအုံ နှစ်ခုစလုံးသည် ဆေးသစ်သုတ်ထားသော သစ်သားများဖြင့် သန့်ရှင်းသပ်ရပ်စွာ တည်ဆောက်ထား၏။ သူတို့၏ ဆိုင်းဘုတ်များသည် အရောင်အသွေး စုံလင်ကာ သူတို့၏ မီးပုံးများသည် ဆီအသစ်အနံ့များ သင်းပျံ့နေသည်။ ၎င်းတို့ကြားရှိ လမ်းကြားလေးပင်လျှင် သဲအနည်းငယ် ဖုံးလွှမ်းနေသည်မှအပ အစွန်းအထင်း ကင်းစင်နေသည်။ မိုးမလင်းမီတွင် အာရီလီယပ်စ် မိသားစု က ထိုသဲများကိုပင် လာရောက် တံမြက်စည်းလှည်းသွားမည်မှာ သေချာသည်။ လမ်းကြားအဝကို ဖြတ်သန်းသွားသော သူစိမ်းတိုင်းသည် အင်ပါယာ ၏ ပွဲတော်တစ်ခုသို့ သွားနေသည့်ပုံ ပေါက်နေကြသည်။ အမျိုးသမီးများသည် ဆံပင်များကို ထုံးဖွဲ့ပြီး အလှဆင်ထားကာ မျက်နှာကို မိတ်ကပ်များ လိမ်းချယ်ထားကြသည်။ အမျိုးသားများကမူ သံချပ်ကာ ဝတ်ဆင်ထားသည့်အလား အရောင်အသွေးစုံလင်သော အဝတ်အစားများကို အထပ်ထပ် ဝတ်ဆင်ထားကြသည်။
သူတို့၏ ရွှေအဆင့် အမှတ်အသားများကိုပင်လျှင် အလှဆင်ထားကြသည်။ ကျင်းလုံ သည် ငွေရောင်လက်ပတ်များ၊ ရွှေရောင် အလင်းကွင်းများ၊ အရောင်တင်ထားသော ချိုများ၊ မြစိမ်းရောင် မျက်လုံးများ၊ တောက်ပသော အမြီးများ၊ နှင့် အင်ပါယာ နာရူ ကလန် အဖွဲ့ဝင်တစ်ဦးကို ကိုယ်စားပြုသော ကျယ်ပြန့်သည့် အစိမ်းရောင် တောင်ပံတစ်စုံကို မြင်တွေ့ခဲ့ရသည်။
ဝေးကွာနေခဲ့သည်မှာ အလွန်ကြာမြင့်ပြီဖြစ်၍ ကျင်းလုံ သည် မေ့လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ မဟူရာ မီးတောက် အင်ပါယာတွင် အသွင်အပြင်နှင့် အဆင့်အတန်းသည် အရာအားလုံး ဖြစ်သည်။
လက်တစ်ဖက်ဖြင့် ခေါင်းကို ပတ်ထားသော အနီရောင် ပတ်တီးများကို သူ တင်းကျပ်လိုက်သည်။ အခြားလက်တစ်ဖက်ကမူ ဘိုးဘေးလှံ ၏ သေတ္တာကို ဆုပ်ကိုင်ထားသည်။
လမ်း၏ တစ်နေရာရာတွင် ကြယ်တာရာ လှံ မာဒြာ တဖျပ်ဖျပ် တောက်ပသွားပြီး အဖြူရောင် အလင်းတန်းများ ပွင့်အာလာသည်။ လမ်းကြားထဲမှ သူ မြင်နေရသော လူအုပ်ကြီးသည် ရွံရှာစက်ဆုပ်သော အကြည့်များဖြင့် အနောက်သို့ လှည့်ကြည့်ကြပြီး သူတို့၏ ဦးတည်ရာဆီသို့ အလျင်အမြန် ထွက်ခွာသွားကြသည်။
ကျင်းလုံသည် သူ၏ မာဒြာကို လျင်မြန်စွာ လှည့်ပတ်ကာ ဂိုကရင် နှင့် သဲမြွေပွေး တို့ကို သူ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း အချက်ပြလိုက်သည်။ ထို့နောက် သူသည် လမ်းကြားထဲမှ ထွက်လာခဲ့သည်။
ဖြတ်သန်းသွားလာနေသူအချို့သည် အဆင့်မြင့် ရွှေအဆင့် တစ်ယောက်၏ စွမ်းအားကို အာရုံခံမိပြီး သူ့ကို စပ်စုသော အကြည့်များဖြင့် ကြည့်ရှုကြသည်။ သို့သော်... သူသည် မျက်နှာကို ဖုံးကွယ်ထားပြီး နာမည်ကြီး အဖွဲ့အစည်းတစ်ခုခု၏ အမှတ်လက္ခဏာ တစ်ခုမျှ မကိုင်ဆောင်ထားသည်ကို သတိပြုမိသောအခါ သူတို့သည် အလျင်အမြန် အကြည့်လွှဲသွားကြပြန်သည်။ အမည်မသိ လူတစ်ယောက်မျှသာ ဖြစ်သည်။
လမ်း၏ ကိုက်အနည်းငယ်အကွာတွင် ကျင်း ကလန် မှ အဆင့်နိမ့် ရွှေအဆင့် သုံးဦးသည် အာရီလီယပ်စ် လမ်းလှည်းအဖွဲ့ကို နှောင့်ယှက်နေကြသည်။
အချိန်ကိုက်ပင် ဖြစ်သည်။
***