← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 15 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 15 Ch. 205-206

အပိုင်း(၂၀၅)

ဒုတိယမြောက် တစ်နာရီကြာပြီးနောက်...

ယီရင်သည် မျက်စိကျိန်းမတတ် တောက်ပသော နေရောင်ခြည်ထဲသို့ ထွက်ပေါ်လာခဲ့သည်။ ၎င်းက သူမ၏ မျက်နှာကို ရိုက်ချလိုက်သကဲ့သို့ ရပ်တန့်သွားစေ၏။ မျက်လုံးများ အလင်းရောင်နှင့် အသားကျသည်အထိ ယီရင် မျက်မှောင်ကြုတ်ထားရသည်။

ဖိနှိပ်ချုပ်ချယ်သော အပူရှိန်နှင့် အားစိုက်ထုတ်မှုတို့ကြောင့် သူမ မောဟိုက်ကာ ချွေးများ ထွက်နေချိန်တွင် အီသန်ကမူ ဆောင်းလယ်ကာလ၏ ရုပ်တုတစ်ခုကဲ့သို့ အေးဆေးတည်ငြိမ်စွာ ဂူနံရံကို မှီ၍ ရပ်နေခဲ့သည်။

"မင်းကို စောင့်ခိုင်းထားရလို့ တောင်းပန်ပါတယ်..."

သူက ပြောလိုက်၏။ ယီရင် က သူ့ကို စကားပြောနေသည်ဟု ပထမတွင် ထင်လိုက်မိသည်။

"ရပါတယ်... ရပါတယ်..."

လင်းတုန်း က ပြောလိုက်ရာမှ သူ ထိုနေရာတွင် ရှိနေကြောင်း သူမ ပထမဆုံးအကြိမ် သတိပြုမိလိုက်သည်။ သူသည် သူမထက် ခေါင်းတစ်လုံးစာ၊ ပခုံးတစ်ဖက်စာမျှ ပို၍ မြင့်မားကာ အပေါ်မှ မိုးနေသည်။ သူသည် ကြီးမားသော အညိုရောင် လွယ်အိတ်ကို ကြိုးနှစ်ဖက်စလုံးလွယ်ကာ လွယ်ထားပြီး တူပုံစံပါရှိသော အမည်းရောင် သံမဏိအဆင့် တံဆိပ်တစ်ခုကို တပ်ဆင်ထားသည်။

သူက လှံတစ်လက်ကဲ့သို့ မတ်မတ်ရပ်ကာ အီသန် ကို စူးစိုက်ကြည့်နေခဲ့သည်။

ယခင်က လင်းတုန်း အီသန်ကို ထိုကဲ့သို့ စူးစိုက် ကြည့်ခဲသည်။ သူ တကယ် စိတ်ဝင်စားသော အချိန်မျိုးတွင်သာ ထိုသို့ ကြည့်တတ်သည်။

သို့သော်လည်း ကျင်းလုံနှင့် ကိစ္စ ဖြစ်ပြီးကတည်းက လင်းတုန်း၏ မျက်လုံးများသည် အီသန်ကို ကြည့်သည့် အခါတိုင်း ကျင်းလုံကို အနိုင်ယူနိုင်မည့် သော့ချက်ကျသော အသေးစိတ်အချက်တစ်ခုကို လွတ်သွားမည်ကို စိုးရိမ်နေသည့်အလား ပို၍ပို၍ ထက်မြက်လာခဲ့သည်။

သူက အနည်းငယ် ဦးညွှတ်လိုက်သည်။

"အပေါ်ကို တက်လာဖို့ မနက်ခင်းတစ်ခုလုံး အချိန်ယူလိုက်ရတယ်... အဲဒီတော့ အနားယူခွင့်ရတာ ဝမ်းသာပါတယ်..."

ယီရင်သည် နဖူးမှ ချွေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး အသက်ရှူနှုန်းကို နှေးသွားအောင် ကြိုးစားလိုက်သည်။ အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကို အပြေးပြိုင်ပွဲတွင် ရှုံးနိမ့်ခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း အနည်းငယ် ပြေးရုံဖြင့် အသက်ရှူမဝသကဲ့သို့ ဖြစ်နေသည်ကို သူမ မမြင်စေချင်ပေ။

ယခုအခါ ယီရင် ၏ မျက်လုံးများသည် ပတ်ဝန်းကျင်နှင့် အသားကျသွားပြီဖြစ်ရာ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူတို့သည် တောင်မည်းကြီး၏ အက်ကွဲကြောင်းတစ်ခုထဲတွင် ပုန်းကွယ်နေ၏။ ထိုအက်ကွဲကြောင်းက၁ ကောင်းကင်သို့ ပွင့်ဟနေသည်။ သို့သော် မှောင်မိုက်သော ကျောက်တုံးများသည် သူတို့ပတ်လည်တွင် မျှော်စင်ချွန်များကဲ့သို့ ထိုးထွက်နေသည်။ ဤတောင်ကြားငယ်လေးသည် မိုင်ပေါင်းများစွာ ကျယ်ပြန့်ပုံရသော်လည်း မညီညာသော မြေပြင်ကြောင့် သူမ အဝေးကြီးအထိ မမြင်နိုင်ပေ။

အများစုမှာ လျှပ်စီးကြိုးများ ရိုက်ခတ်ခံထားရသကဲ့သို့ ပျက်စီးနေပြီး ခြောက်သွေ့နေပုံရသည်။ သူမ မြင်တွေ့ရသော အပင်အနည်းငယ်မှာလည်း မဟူရာ မီးတောက် ဂူများထဲမှ တူးဖော်လာသည့်ပုံ ပေါက်နေသည်။ မြက်ပင်များသည် အမည်းရောင်ဖြစ်ပြီး ကြိုးများကဲ့သို့ မာကျောသည်။ ပန်းပွင့်များတွင် အမည်းရောင် ပွင့်ဖတ်များရှိပြီး မှိုင်းညို့ညို့ အနီရောင် အစက်အပြောက်များကို ဖုံးအုပ်ထားသည်။ ချုံပုတ်များသည် ဘေးစွန်းများတွင် အနီရောင် တောက်ပနေပြီး တစ်ဝက်တစ်ပျက် လောင်ကျွမ်းထားကာ မည်သည့်အချိန်တွင်မဆို မီးတောက်များအဖြစ် ပြန်လည်ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေသည့်ပုံ ပေါက်နေသည်။

သက်စောင့် အော်ရာ ကို ကြည့်ရှုရန် သူမ မျက်လုံးများကို ဝိညာဉ် အမြင်အာရုံသို့ ပြောင်းလဲ၏။ မဟူရာ မီးတောက် စွမ်းအင်များသည် အလွန်ထူထပ်လွန်းသဖြင့် အခြားအရာအားလုံးကိုပင် ဖုံးလွှမ်းနေသည်။ လွှမ်းမိုးနေသော မဟူရာ ဖျက်ဆီးခြင်းနှင့် အနီရောင် အပူရှိန် မြူခိုးများကြားမှ အသက် သို့မဟုတ် လေ အော်ရာကို သူမ နည်းနည်းလေးသာ မြင်တွေ့နိုင်သည်။

တောင်ကြား၏ အခြားတစ်ဖက်တွင် အနီရောင် တံခါးပေါက်တစ်ခု လွတ်လပ်စွာ ရပ်တည်နေသည်။ ၎င်းမှာ ဆေးသုတ်ထားသော သစ်လုံးအနည်းငယ်နှင့် အပေါ်တွင် အုတ်ကြွပ်မိုးထားသော မုခ်ဦးတစ်ခုသာ ဖြစ်သည်။ မြင်းလှည်းတစ်စီး ဝင်ဆံ့လောက်အောင် ကျယ်ဝန်း၏။ အမည်းရောင် ဆေးသုတ်ထားသော နဂါးများသည် တိုင်တစ်တိုင်စီကို ရစ်ပတ်တက်နေကြသည်။

တံခါးပေါက်မှတစ်ဆင့် ကြည့်လျှင် မြေပြင်သည် ထူထပ်သော သစ်တောကြီးတစ်ခုကဲ့သို့ ကျောက်တိုင်များ ပြည့်နှက်နေသည်။ ကျောက်တိုင်များ မည်သည့်နေရာတွင် အဆုံးသတ်သနည်းဆိုသည်ကို အာရုံခံနိုင်ရန် သူမ၏ အာရုံခံနိုင်စွမ်းကို ဆန့်ထုတ်လိုက်သော်လည်း သူမ၏ အာရုံသည် တံခါးပေါက်တွင် ရပ်တန့်သွားခဲ့သည်။ အစီအရင် တစ်ခုခုကြောင့် ဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။

"ဒီအပြင်ဘက်မှာ စမ်းသပ်ကွင်း နှစ်ခု ရှိတာလား..."

သူမက သံသယဖြင့် မေးလိုက်သည်။

"တစ်ခုတည်းပါပဲ..."

အီသန် က တုံ့ပြန်လိုက်သည်။

"ဒါပေမယ့် သီးခြား စမ်းသပ်မှု သုံးခုအဖြစ် ခွဲခြားထားတယ်... တစ်ခုက မဟူရာ မီးတောက် တွေရဲ့ ကိုယ်ပိုင် အမှတ်အသားဖြစ်တဲ့ ကာကွယ်သူ နည်းစနစ်အတွက်၊ တစ်ခုက တိုက်ခိုက်သူ နည်းစနစ်အတွက်၊ ပြီးတော့ နောက်တစ်ခုက အုပ်ချုပ်သူ တွေအတွက်ပေါ့... မဟူရာ မီးတောက် မာဒြာဟာ ဖန်တီးဖို့ အရမ်းခက်ခဲလွန်းလို့ သူတို့က တရားဝင် ဖန်တီးသူ နည်းစနစ်တစ်ခုကို ဘယ်တုန်းကမှ မတီထွင်နိုင်ခဲ့ဘူးလေ..."

သူက လည်ချောင်းဟန့်လိုက်သည်။

"ဒါပေမယ့် ဟုတ်ပါတယ်၊ မင်းတို့နှစ်ယောက်စလုံးရဲ့ စိတ်ထဲက မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ မင်းတို့ အဲဒါကို အတူတူ ဖြတ်သန်းရမှာပါ...”

"ကျွန်မတို့က အဲဒီထဲကို အတူတူ ဝင်ရမှာလား..."

သူမက အနီနှင့် အမည်းရောင် တံခါးပေါက်ကို လက်ဟန်ပြရင်း မေးလိုက်သည်။

အီသန်က လက်တစ်ဖက်ကို လင်းတုန်း ၏ ပခုံးပေါ်၊ အခြားလက်တစ်ဖက်ကို သူမ၏ ပခုံးပေါ် တင်ကာ သူတို့ကို တံခါးပေါက်နားသို့ ပိုမိုနီးကပ်သွားစေရန် ခေါ်ဆောင်သွားခဲ့သည်။

"ဒီနေရာတွေက ပထမမျိုးဆက် မဟူရာ မီးတောက် ကျင့်ကြံသူ တွေအတွက် ရှေးဟောင်း စမ်းသပ်မှု နေရာတွေပဲ... ရာစုနှစ်ပေါင်းများစွာကြာအောင် ဒါက သူတို့ရဲ့ လမ်းစဉ် ကို မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပြီး အမွေအနှစ်ကို ထိန်းသိမ်းခဲ့တဲ့ နည်းလမ်းဖြစ်ခဲ့တယ်...

"မင်းတို့ အထဲရောက်တာနဲ့ အစီအရင်က နောက်ကနေ ပိတ်သွားလိမ့်မယ်... ပြီးတော့ စမ်းသပ်မှု သုံးခုကို မပြီးမချင်း ထွက်လို့ရမှာ မဟုတ်ဘူး..."

အီသန်က ခဏမျှ စဉ်းစားလိုက်သည်။

"ဒါမှမဟုတ်... အရှုံးပေးလိုက်တဲ့အထိပေါ့၊ ဒါပေမယ့် အဲဒီလိုလုပ်ရင် ဘာပျော်စရာရှိတော့မလဲ... မင်းတို့ ဒီအဝင်ဝအပြင်ဘက်မှာ အစားအစာ၊ ရေနဲ့ ခိုလှုံစရာ နေရာကို တွေ့လိမ့်မယ်၊ ပြီးတော့ စမ်းသပ်မှုတစ်ခုကို အောင်မြင်သွားတာနဲ့ လွတ်လွတ်လပ်လပ် ပြန်ထွက်လာလို့ရပြီ... စမ်းသပ်မှုတစ်ခုတည်းကို နှစ်ကြိမ် ပြန်လုပ်ဖို့တော့ မလိုဘူးလေ... ဟုတ်တယ်မလား..."

လင်းတုန်းသည် နောက်ဘက်သို့ အကြည့်လွှဲလိုက်ရာ ယီရင် လည်း လိုက်ကြည့်လိုက်သည်။ နက်ရှိုင်းသော ကျောက်စွန်းတစ်ခုကြားတွင် ကျဉ်းမြောင်းသော ရေတံခွန်တစ်ခုကို သူမ မြင်တွေ့လိုက်ရသည်။ ၎င်း၏ အနောက်တွင် တစ်စုံတစ်ခု လှုပ်ရှားသွားလာနေသည်။

"ကျွန်တော် မေးတာကို စိတ်မဆိုးဘူးဆိုရင်... ကျွန်တော်တို့ ဒီအပြင်ဘက်မှာ ဘယ်လောက်ကြာကြာ နေရမှာလဲ..."

"ဒီစမ်းသပ်မှုတွေက လနဲ့ချီပြီး ကြာတတ်တယ်... တချို့ကိစ္စတွေမှာ နှစ်နှစ်လောက်အထိတောင် ကြာတယ်လို့ သိရတယ်..."

သူက လင်းတုန်း ၏ ပခုံးကို ညှစ်လိုက်သည်။

"မင်း အဲဒီလောက် အချိန်အကြာကြီး ယူမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်... ပြီးတော့ မင်း အပြင်ထွက်လာတဲ့အခါမှာ မင်းကို တကယ့် မဟူရာ မီးတောက် ကျင့်ကြံသူ တစ်ယောက်အဖြစ် သတ်မှတ်ခံရလိမ့်မယ်..."

လင်းတုန်း ၏ ရည်မှန်းချက်က ထိုနေရာတွင် ကောင်းမွန်၊ တောက်ပပြီး ရှင်းလင်းစွာ ရှိနေသည်။ သို့သော် သူမ အတွက်ကရော...။ သံမဏိအဆင့် တစ်ယောက်ပင် ဖြတ်သန်းနိုင်မည့် စမ်းသပ်ကွင်းမှ တန်ဖိုးရှိသည့် အရာတစ်ခုခုကို သူမ တူးဖော်ရရှိနိုင်မည် မဟုတ်ပေ။

"ရှင်က ကျွန်မကို နောက်ထပ် လမ်းစဉ် တစ်ခု သင်ပေးချင်တယ်ဆိုရင်တောင် ကျွန်မက အခု လက်ရှိ ရှိနေတဲ့ လမ်းစဉ် နဲ့ပဲ ကျေနပ်ပါတယ်..."

သူမက ခြောက်ကပ်ကပ် ပြောလိုက်သည်။

"လင်းတုန်း က ဒီဝင်္ကပါကို သူ့ဘာသာသူ ဖြတ်ကျော်နိုင်ပါတယ်..."

အီသန် သည် လင်းတုန်း ဘက်သို့ လှည့်လိုက်သည်။

"အော်သို က မင်းဆီကနေ ပစ္စည်းတစ်ခု ပေးလိုက်ဖို့ ရှိတယ် ဆိုလား..."

လင်းတုန်းက အလောတကြီးဖြင့် လွယ်အိတ်ထဲသို့ လက်နှိုက်ကာ သားရေဖြင့် ပတ်ထားသော အထုပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ အီသန် က ၎င်းကို လှမ်းယူလိုက်သည်။ ထို့နောက် ယီရင် ရှေ့ရှိ မြေကြီးပေါ်တွင် ၎င်းကို ဖြန့်ချလိုက်သည်။

ကောင်းမွန်သော ဓား ခြောက်လက်ခန့်ကို သားရေပြားတွင် ချည်နှောင်ထားသည်။ ၎င်းတို့အပေါ်တွင် အော်ရာများ ကစားနေပုံကို ကြည့်ခြင်းအားဖြင့် ထိုဓားများသည် မုတ်ဆိတ်ရိတ်ဓားများကဲ့သို့ ထက်မြက်နေမည်မှာ သေချာသည်။ အနားစွန်းများကို လာရောက်ပွတ်သပ်နေသည့် မဟူရာ မီးတောက် အော်ရာ ပင်လျှင် ငွေရောင် တောက်ပလာခဲ့သည်။

၎င်းတို့သည် လက်နက်အဖြစ် အသုံးပြုရန် အလွန်ထက်မြက်လွန်းကောင်း ထက်မြက်လွန်းနေနိုင်သော်လည်း ဓား အော်ရာ များကို စုဆောင်းရန်အတွက်မူ ပြီးပြည့်စုံသည်။

"ဒါက တော်တော်လေး ကောင်းတဲ့ လက်ဆောင်တစ်ခုပါပဲ... ဒါပေမယ့် ကျွန်မ ဘာလို့ ဒီမှာ ဆက်နေသင့်သလဲဆိုတာကိုတော့ မမြင်သေးပါဘူး... ဒီဓားတွေကို တောင်အောက်ကို ယူသွားလိုက်လို့ ရတာပဲ..."

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်... ဒါပေမယ့် လူတွေရဲ့ လုပ်ရပ်ကို ကြိုတင်ခန့်မှန်းရတာက ငါ ထင်သလောက် မလွယ်ကူဘူးပဲ... အခု မင်း တွေးနေလောက်ပြီ... ကျောက်စိမ်းအဆင့် နဲ့ အဆင့်နိမ့် ရွှေအဆင့် နှစ်ယောက်စလုံးအတွက် အလုပ်ဖြစ်အောင် ဘယ်လို လေ့ကျင့်ရေးကွင်းမျိုးကို ဖန်တီးထားတာလဲဆိုတာကိုပေါ့..."

ယီရင်၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားကာ လင်းတုန်းကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ဝိညာဉ် အာရုံများကို ဖွင့်လိုက်သည်။ သေချာပေါက်ပင် သူသည် ကျောက်စိမ်းအဆင့် တစ်ယောက်ကဲ့သို့ ခံစားရသည်။ သူ၏ ဝိညာဉ် တွင် သံမဏိအဆင့် မည်သူမျှ ဟန်ဆောင်၍ မရနိုင်သော အလေးချိန်တစ်ခု၊ ဆွဲငင်အားတစ်ခု ရှိနေသည်။ ထို့အပြင် သူ၏ အမြုတေ သည် လောင်ကျွမ်းနေပြီး အန္တရာယ်ရှိသော မာဒြာ များဖြင့် ပြည့်နှက်နေသည်။ ရက်အနည်းငယ်အတွင်း အော်ရာ မှတစ်ဆင့် သူ ရိတ်သိမ်းနိုင်မည့် ပမာဏထက် များစွာ ပိုနေသည်။

ဆေးရည်များ...

အီသန် သည် သူ့ကို ကောင်းမွန်သောအရာများ အပြည့်အဝ တိုက်ကျွေးထားခြင်း ဖြစ်ရမည်။

***

အပိုင်း(၂၀၆)

ယီရင် သတိပြုမိသွားသည်ကို မြင်လိုက်ရပြီးနောက် လင်းတုန်း၏ နှုတ်ခမ်းများပေါ်တွင် ဂုဏ်ယူနေသော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူ ဂုဏ်ယူသည်မှာလည်း မှန်ပါသည်။ ကြေးအဆင့် သို့ ရောက်ရှိရုံဖြင့်ပင် ကျေနပ်နေခဲ့သော အချိန်သည် သိပ်မကြာသေးပေ။

သူမ၏ ရင်ဘတ် တင်းကျပ်သွားသည်။ သူမ သူ့အတွက် ဝမ်းသာသော်လည်း... သူမ၏ မကြိုဆိုသည့် ဧည့်သည်သည် သူမ၏ ဝိညာဉ် အနောက်ဘက်မှ ယားကျိကျိ လုပ်နေသည်။ သူမ အချိန်မီ တိုးတက်မှု မရှိပါက ၎င်းကို သူမ ကျော်တက်နိုင်တော့မည် မဟုတ်ပေ။

ထို့အပြင်... လင်းတုန်း သည် ကြေးအဆင့် မှ ကျောက်စိမ်းအဆင့် သို့ သုံးလအတွင်း ဘာမှမဟုတ်သလို ခုန်တက်လာခဲ့သည်။ အဆင့်နိမ့် ရွှေအဆင့် မှ အဆင့်မြင့် ရွှေအဆင့် သို့ ဖောက်ထွက်ခြင်းသည် သံမဏိအဆင့် မှ ကျောက်စိမ်းအဆင့် ကို ပိတ်ဆို့ထားသည့် ယိုင်နဲ့နေသော သစ်သားတံခါးလေးနှင့် နှိုင်းယှဉ်လျှင် ထူထဲသော ကျောက်နံရံကြီးတစ်ခုကို ဖြိုခွဲရသကဲ့သို့ ဖြစ်သည်မှာ မှန်သော်လည်း သူမ ဘာကြောင့် တစ်နေရာတည်းမှာ ရပ်နေခဲ့ရသနည်း။

"ဒါက ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံဖို့ အကြောင်းပြချက်ပဲ..."

ယီရင် က အတင်းအကျပ် ပြုံးပြရင်း ပြောလိုက်သည်။ သူ၏ ပခုံးများ မတ်သွား၏။ သူမက သူ့ကို သရဖူတစ်ခု ပေးအပ်လိုက်သကဲ့သို့ သူ၏ မျက်နှာသည် တောက်ပသွားခဲ့သည်။

အီသန်သည်လည်း လိုက်ပါ၍ ပြုံးရွှင်သွားသည်။

"ဟုတ်တယ်... အသက်ရှင်သန်ဖို့ နောက်တစ်လှမ်း နီးလာပြီပေါ့... ဟေး..."

လင်းတုန်း၏ အပြုံးသည် မှေးမှိန်သွားခဲ့သည်။

"ကဲ ဒါဆိုရင်..."

အီသန် က ဆက်ပြောသည်။

"မဟူရာ မီးတောက် တွေဆီမှာ မတူညီတဲ့ လမ်းစဉ်တွေကို ကျင့်ကြံတဲ့ အစေခံတွေ၊ မိသားစုဝင်တွေတောင် ရှိခဲ့ကြတယ်... ဒါပေမယ့် သူတို့အားလုံး အတူတူ လေ့ကျင့်ခဲ့ကြတာပဲ... ဒီစမ်းသပ်မှုက အဖွဲ့လိုက် ဖြတ်ကျော်ဖို့ ရည်ရွယ်ထားတာလေ... မင်းတို့နှစ်ယောက်စလုံး အများကြီး သင်ယူနိုင်မယ်ဆိုတာ ငါ သံသယမရှိပါဘူး..."

အပြာရင့်ရောင် မိုင်တစ်ထောင် တိမ်တိုက် တစ်ခုသည် သူတို့အပေါ်မှ မိုးနေသည့် ကျောက်စွန်းကို ကျော်ဖြတ်လာပြီး လေထဲတွင် ဝေဝါးသွားလောက်အောင် လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားလာခဲ့သည်။

အီသန်က သက်ပြင်းချလိုက်၏။

"ဒါပေမဲ့လေ... အရာရာတိုင်းက ငါ့အလိုကျသာ ဖြစ်ရမယ်ဆိုရင် ဘယ်ကိစ္စမဆို အစီအစဉ်အတိုင်း ဖြစ်နေမှာပေါ့... ဘယ်သူကမှ ငါ့ကို အံ့ဩအောင် လုပ်နိုင်မှာ မဟုတ်ဘူး..."

အပြာရောင် တိမ်တိုက် မြေကြီးပေါ်သို့ ဆင်းသက်လာချိန်တွင် ကပ်ဆီးရက်စ် သည် တိမ်တိုက်ပေါ်၌ ဒူးထောက်လျက် ရှိနေ၏။ သူက ညာဘက်လက်ကို တိမ်တိုက်ပေါ်တွင် ဖိထားကာ ဘယ်ဘက်လက်ကို သူ၏ ဓားပေါ်တွင် တင်ထားသည်။ သူ၏ လက်မောင်းရှိ ငွေရောင်လက်ပတ်သည် နေရောင်အောက်တွင် တောက်ပနေပြီး သူ၏ ဆံပင်ကောက်ကောက်များသည်လည်း ရွှေရောင် ရောင်ပြန်ဟပ်နေသည်။

သူက အဆင့်နိမ့် အရှင်သခင် ကို ပြတ်သားသော စိတ်ပိုင်းဖြတ်မှုဖြင့် ရင်ဆိုင်လိုက်သည်။

"ဒီစမ်းသပ်မှုကို ခင်ဗျား ဖွင့်လိုက်တယ်ဆိုတာကို ဌာနခွဲခေါင်းဆောင်တွေ သိကြရဲ့လား အီသန် ... နာရူ ကလန် ကော သိရဲ့လား... ကျွန်တော်တို့ သဘောတူထားခဲ့တယ်လို့ ကျွန်တော် ထင်တာ..."

"ငါ သဘောမတူခဲ့ဘူးဆိုတာ သိသာပါတယ်..."

အီသန် က သူ၏ လက်ချောင်းများကို ပူးကပ်ကာ ပြောလိုက်သည်။

"ကဲ... ငါတို့ရဲ့ တပည့်သစ်တွေအတွက် အံ့ဩစရာတွေကို မင်း မဖျက်ဆီးခင် မင်းကို ထွက်သွားစေချင်တယ်..."

လင်းတုန်းက မြှားတစ်စင်းကဲ့သို့ ပြန်လည် အာရုံစိုက်လာ၏။ သို့သော်လည်း... စကားပြောလိုက်သူကတော့ ယီရင် ဖြစ်သည်။

"အဲဒီ အံ့ဩစရာတွေ အကြောင်း နည်းနည်းလောက် ထပ်ပြောပြပါဦး..."

ကပ်ဆီးရက်စ်က သူမဘက်သို့ လှည့်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် အီသန် ၏ စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ အပြာရောင်ဝတ်ရုံ လွင့်ခါသွားမှုနှင့်အတူ သူသည် ကပ်ဆီးရက်စ် ၏ ရှေ့တွင် ပေါ်လာပြီး သူ၏ လက်တစ်ဖက်က ထိုလူ၏ ပါးစပ်ကို ပိတ်ထားလိုက်သည်။

"အဲဒါက လှည့်စားတာ ဖြစ်သွားမှာပေါ့... မဟုတ်ဘူးလား..."

သူက ယီရင် ကို ခေါင်းခါပြရင်း ပြောလိုက်သည်။

ကပ်ဆီးရက်စ် ၏ မျက်လုံးများ သေလုမြောပါး ဖြစ်သွားပြီး သူ၏ ဝိညာဉ် ထဲတွင် အန္တရာယ်ရှိသော အရာတစ်ခု လှုပ်ရှားလာခဲ့သည်။ သူက သူ၏ ဓားဆီသို့ လက်လှမ်းလိုက်၏။ ထို့နောက် ၎င်းအား ဆွဲထုတ်ရန် လုံလောက်သော အားပြုမှု ရရှိဖို့ အီသန်ထံမှ ရုန်းကန်နေခဲ့သည်။

ယီရင်သည် ကပ်ဆီးရပ်စ်ထံတွင် တကယ့် စစ်သည်တော် တစ်ယောက်၏ အရိပ်အယောင်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ၎င်းမှာ ဓား ကျင့်ကြံသူ တစ်ယောက် ရှိသင့်သော စိတ်ဓာတ်ပင် ဖြစ်သည်။

ဝိညာဉ် များက သင့်လမ်းကို ပိတ်ဆို့နေပါက ၎င်းတို့ကို ခုတ်ပိုင်းရမည်။ အကယ်၍ အဆင့်နိမ့် အရှင်သခင် တစ်ယောက်က သင့်လမ်းကို ပိတ်ဆို့နေပါက သူ့ကိုလည်း ခုတ်ပိုင်းနိုင်ရန် အကောင်းဆုံး ကြိုးစားရမည်သာ ဖြစ်သည်။ သူမ၏ ဆရာဖြစ်သူက ထိုအရာကို သဘောကျလက်ခံပေလိမ့်မည်။

ရုတ်တရက်... ကပ်ဆီးရက်စ် ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့သည်။ ခွန်အားအားလုံး သူ့ထံမှ ယိုစိမ့်ထွက်သွားပြီး သူသည် အားပျော့သွားကာ မြေကြီးပေါ်သို့ ပုံကျသွားခဲ့သည်။

အီသန်သည် သူ၏ အိတ်ကပ်ထဲမှ အဝတ်စတစ်ခုကို ဆွဲထုတ်လိုက်ပြီး ကပ်ဆီးရက်စ် ၏ ပါးစပ်ကို ပိတ်ထားခဲ့သော လက်ကို သုတ်လိုက်သည်။

"ကဲ ဒါဆိုရင်..."

"ဟေး... နောက်ကို ခြေတစ်လှမ်း နှစ်လှမ်းလောက် ဆုတ်လိုက်ကြရအောင်..."

ယီရင် က ပြောလိုက်သည်။

"သူ့မှာ ကျွန်မတို့အတွက် သတင်းစကားတစ်ခု ရှိနေတယ်လေ... ရှင်က အဲဒါကို ဒီတိုင်း လွှင့်ပစ်ချင်နေတာလား..."

"ငါ အရင်က ပြောခဲ့သလိုပဲ ငါက တံမြက်စည်းလှည်းတဲ့ နေရာမှာ တော်တော်လေး တော်တယ်လေ..."

သူက အသံကို မြှင့်လိုက်ပြီး စကားကို ဖြတ်ပြောကာ ယီရင် ၏ ကန့်ကွက်မှုများကို လျစ်လျူရှုလိုက်သည်။

"ငါ ပြောခဲ့သလိုပဲ မင်းတို့နှစ်ယောက်စလုံး ဒီအတွေ့အကြုံကနေ နည်းလမ်းပေါင်းစုံနဲ့ အကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာ ငါ သံသယမရှိပါဘူး... စမ်းသပ်မှုကို မကြိုးစားခင် မင်းတို့ရဲ့ အိမ်သစ်နဲ့ အသားကျအောင် အရင်လုပ်သင့်တယ်..."

သူသည် ရေတံခွန်ဘေးရှိ နံရံဆီသို့ လက်ဟန်ပြလိုက်၏။ ထိုကျောက်နံရံတွင် အခန်းအရွယ်အစားရှိသော အပေါက်အနည်းငယ် ရှိနေသည်။

"မင်းတို့ ဆန္ဒရှိတဲ့ အချိန်တိုင်း ထွက်သွားလို့ ရတယ်... ဒါပေမယ့် မင်းတို့ ဝင်လာခဲ့တဲ့ လမ်းကနေပဲ ပြန်ထွက်သွားမယ်ဆိုရင်တော့ အဲဒါကို အရှုံးပေးတာလို့ပဲ ငါ သတ်မှတ်မယ်..."

ထိုသို့ ပြောပြီးနောက် အီသန်သည် သူတို့နှစ်ဦးစလုံးကို လှည့်၍ ကြည့်လိုက်သည်။ လင်းတုန်း ဘာတွေးနေသည်ကို ယီရင် မသိသော်လည်း သူမကတော့ နောက်ဆုတ်မည် မဟုတ်ပေ။ သူတို့ကို ထွက်ပြေးရန် လမ်းကြောင်းတစ်ခု ချန်ထားပေးခြင်းကပင် သူမ၏ အမြင်တွင် ပျော့ညံ့သော လုပ်ရပ်တစ်ခု ဖြစ်သည်။ အဆုံးမဲ့ ဓား သူတော်စင် သာဆိုလျှင် သူမကို ထောင့်ကျပ်အောင် လုပ်ပြီး သူမဘာသာ လမ်းဖောက်ထွက်လာစေရန် တိုက်ခိုက်ခိုင်းပေလိမ့်မည်။

"ကဲ... ဒါဆိုလည်း အရမ်းကောင်းတာပေါ့..."

သူက သူတို့ကို လက်ယပ်ပြလိုက်သည်။

"သွားကြတော့... ပြီးတော့ မင်းတို့နှစ်ယောက် အဲဒီထဲမှာ အတူတူ အချိန်တော်တော်ကြာကြာ ဖြတ်သန်းရလိမ့်မယ်၊ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် လက်မဆော့ကြနဲ့နော်... ငါက မင်းတို့ကို အာရုံလွဲနေတာ မဟုတ်ဘဲ အာရုံစူးစိုက်ထားစေချင်တာ... မင်းတို့ရဲ့... လိုက်နာမှုကို သေချာစေဖို့အတွက် ငါ စောင့်ကြည့်နေမှာပါ..."

ထိုစကားအပြီးတွင် ယီရင်သည် လင်းတုန်းကို မကြည့်နိုင်တော့ဘဲ အီသန် ကိုသာ စူးစိုက်ကြည့်လိုက်သည်။

"ကျင့်ကြံသူ တွေဟာ စည်းကမ်းရှိကြတယ်... ငါသာ အာရုံလွင့်သွားခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်တွေကတည်းက သေဆုံးပြီး မြေမြှုပ်ခံရပြီးလောက်ပြီ..."

"မင်းတို့ နှစ်ကောင်လုံးက အသက် ဆယ့်ခြောက်နှစ် မလား... တိုးကာတိုး၊ လျော့ကာရော့ တစ်နှစ်ပေါ့..."

သူက သူ၏ ကိုယ်ပိုင် မျက်လုံးများကို လက်ညှိုးထိုးပြပြီးနောက် သူတို့ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

"ငါ အမြဲတမ်း စောင့်ကြည့်နေမှာနော်... ကဲ... ဝင်ကြတော့..."

လင်းတုန်းက အဆင့်နိမ့် အရှင်သခင် ကို ဦးညွှတ်လိုက်သည်။

"ဒီအခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ်... တတ်နိုင်သမျှ မြန်မြန် လေ့ကျင့်နိုင်ဖို့အတွက် ခင်ဗျားမှာ ဆေးလုံးတွေများ ပါလာခဲ့လား... ဆေးရည်တွေကော..."

အီသန် မျက်နှာမဲ့သွား၏။

"လာမယ့် လပိုင်းလောက် အတွက်တော့ ဆေးရည်တွေ ရှားပါးသွားလိမ့်မယ်လို့ ငါ ထင်တယ်... ဒါပေမယ့် ငါတို့ ဖယ်ပေးနိုင်သမျှကို လာပို့ပေးပါ့မယ်... ကျင်း ကလန် က မြွေသင်္ချိုင်း မှာရှိတဲ့ ငါတို့ရဲ့ နောက်ဆုံး ဆေးဖော်စပ်တဲ့နေရာကို သိမ်းပိုက်သွားပြီလေ..."

ယီရင်က ထိုကိစ္စကို အလွတ်ပေးမည့်ပုံ မပေါ်ပေ။

"ရှင် ပိုလျှံတာလေးတစ်ခုခု ရလာတဲ့အခါ ကျွန်မကို မမေ့ဘူးလို့ မျှော်လင့်ပါတယ်..."

"ငါ အရင်က ပြောခဲ့ဖူးသလိုပဲ... မင်းအတွက် အထူးအရာတစ်ခု ငါ့ဆီမှာ အရန်သင့် ရှိနေပါတယ်... မင်း စောင့်ကြည့်ရုံပါပဲ..."

မြေကြီးပေါ်တွင် ကပ်ဆီးရက်စ်မှာ လှုပ်ရှားလာ၏။ သူ၏ မှေးမှိန်နေသော မျက်လုံးများသည် အသိအာရုံ အရိပ်အယောင်များ ပြန်လည် ရရှိလာခဲ့သည်။ သူသည် စကားပြောရန် ကြိုးစားရင်း ထူထဲသော နှုတ်ခမ်းများဖြင့် တစ်စုံတစ်ခုကို မပီမသ ရေရွတ်နေခဲ့သည်။

လင်းတုန်း နှင့် ယီရင် တို့ နှစ်ဦးစလုံး လဲကျနေသော ထိုလူဆီသို့ အာရုံလွဲသွားချိန်တွင် အီသန် သည် နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့သည်။ ယီရင်သည် အဆင့်နိမ့် အရှင်သခင် ကို ဖမ်းမိရန် သူမ၏ ဝိညာဉ် အာရုံခံနိုင်စွမ်းကို ဆန့်ထုတ်ရင်း မျက်လုံးများကို အပေါ်သို့ ရုတ်တရက် ပင့်ကြည့်လိုက်သော်လည်း သူ ထွက်သွားခဲ့ပြီ ဖြစ်သည်။

အီသန် နှင့် ကပ်ဆီးရက်စ် နှစ်ဦးစလုံး ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

လင်းတုန်းသည် သူ၏ လွယ်အိတ်ကို ပခုံးပေါ်သို့ ပင့်တင်လိုက်သည်။

"ဒီစမ်းသပ်မှုက ဘယ်လို အလုပ်လုပ်သလဲဆိုတာ မရှင်းပြဘဲ သူကတော့ ဒီအတိုင်း ထွက်သွားပြီ... နင် စိုးရိမ်နေလား..."

"အထူးတလည် စိုးရိမ်တာမျိုးတော့ မရှိပါဘူး..."

ယီရင် က တုံ့ပြန်လိုက်သည်။ အကယ်၍ အီသန်ထံမှ ဖြောင့်မတ်သော အဖြေအနည်းငယ်ရရှိပါက သူမ ကျေနပ်မိမည်ဖြစ်သော်လည်း ဘာမှ မပါဘဲ အလုပ်လုပ်ရသည်ကိုလည်း သူမ အသားကျနေပြီဖြစ်သည်။ သူမ၏ ဆရာဖြစ်သူသည် ရှင်းပြချက်များကို ဆောင်းသံမဏိဖြင့် ပြုလုပ်ထားပြီး စိန်များ စီခြယ်ထားသည့်အလား သဘောထားလေ့ရှိသည်။

"မဖြစ်နိုင်တဲ့ စိန်ခေါ်မှု အတော်များများထဲကို အတင်းအကျပ် တွန်းပို့ခံရတာ များလာရင် နင်လည်း အသားကျလာလိမ့်မယ်..."

သူမက ပြောလိုက်သည်။

"ငါ့ကို ကသိကအောက် ဖြစ်စေတာက သူက လျှို့ဝှက်ချက်တွေ ထားနေတာကိုပဲ..."

လင်းတုန်းက သူ့ လည်ပင်းနောက်ဘက်ကို ပွတ်သပ်လိုက်သည်။

"သူက ငါတို့ကို အားလုံး ပြောပြလို့မှ မရတာ... ဟုတ်တယ်မလား..."

သူမသည် သူမ၏ လက်မောင်းအောက်ရှိ သားရေဖြင့် ပတ်ထားသော ဓားလိပ်ကို စစ်ဆေးလိုက်၏။ ထို့နောက်... ဂူများထဲမှ တစ်ခုကို စစ်ဆေးရန် အမြန်လျှောက်သွားခဲ့သည်။ အချိန်ဖြုန်းနေ၍ အဓိပ္ပာယ်မရှိပေ။

"ငါ့ဆရာက ငါ့ကို ရူးနှမ်းတဲ့ အလုပ်တစ်ခုခု လုပ်ဖို့ ပြောတဲ့အခါတိုင်း သူ့ကို ယုံကြည်ရတယ်ဆိုတာ ငါ သိလို့ ငါ ချက်ချင်း လုပ်ခဲ့တယ်... ဒါပေမယ့် အီသန် ကျတော့ရော... သူ ငါတို့ကို ဘာအတွက် လိုချင်နေမှန်းတောင် ငါ မသိဘူး... မြို့ကို သန့်ရှင်းရေးလုပ်တဲ့ နေရာမှာ ငါတို့က သိပ်အကူအညီ ဖြစ်မှာမဟုတ်ဘူးလေ... ဟုတ်တယ်မလား..."

လင်းတုန်းသည် တွေးတောရင်း မျက်မှောင်ကြုတ်ကာ သူမနောက်မှ ဂူများဆီသို့ လိုက်ပါလာခဲ့သည်။ သူ စဉ်းစားတွေးတောနေချိန်တွင် အလွန် မှုန်ကုပ်ပြီး လေးနက်သည့်ပုံ ပေါက်နေသည်။

ဂူငါးခုသည် တောင်ကမ်းပါးယံ အမည်းရောင်၏ အရိပ်အောက်ရှိ အစွန်အဖျား နံရံချိုင့်ဝိုက်လေး၏ အနောက်ဘက်သို့ တူးဖော်ထားခြင်းဖြစ်သည်။ အနီးအနားတွင် ရေတံခွန်သည် ကြည်လင်နေသော ရေကန်လေးတစ်ခုထဲသို့ စီးဆင်းနေပြီး ကြမ်းတမ်းသော ချုံပုတ်မည်းမည်း အစုအဝေးတစ်ခုတွင် သစ်သီးလေးများ သီးနေသည်ကို တွေ့ရသည်။

"ငါ ရနိုင်သမျှကိုပဲ ယူလိုက်မယ်..."

နောက်ဆုံးတွင် လင်းတုန်း က ပြောလိုက်သည်။

"တကယ်လို့ သူက ငါ့ရဲ့ လမ်းစဉ် ကို ထောက်ပံ့ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဆုလာဘ်တွေက စွန့်စားရကျိုး နပ်ပါတယ်... သူက အရမ်း ဆိုးရွားတဲ့ အရာတစ်ခုခုကို ရှာနေတာ မဟုတ်ပါစေနဲ့လို့ပဲ ငါ မျှော်လင့်ရမှာပဲ..."

"မျှော်လင့်ချက်အပေါ်မှာ လောင်းကြေးထပ်ရတာကို ငါ ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး..."

သူမက တီးတိုးရေရွတ်လိုက်သော်လည်း ၎င်းသည် လုံးဝ အမှန်တော့ မဟုတ်ပေ။ စွမ်းအားကြီးမားသော သူတစ်ယောက်၏ ကွန်ရက်ထဲသို့ ရစ်ပတ်မျောပါသွားသောအခါ သင့်အတွက် မျှော်လင့်ချက်မှလွဲ၍ အခြားဘာမှ သိပ်ကျန်တော့မည် မဟုတ်ပေ။

သူတို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်နေပြီး ဆန်ကြိတ်စက်တစ်ခုထဲရှိ စပါးစေ့များကဲ့သို့ သင့်ကို အသုံးချနေခြင်း မဟုတ်စေရန် မျှော်လင့်ရခြင်းသာ ဖြစ်ပေသည်။

***

All Chapters