အခန်း (၂၀၇-၂၀၈)
Vol. 15 Ch. 207-208
အပိုင်း(၂၀၇)
ကပ်ဆီးရက်စ် တစ်ယောက် သတိလစ်သွားပြီး သူ ပြန်လည်လှုပ်ရှားနိုင်ချိန်တွင် အီသန်သည် သူ့ကို လင်းတုန်း နှင့် ယီရင် တို့ထံမှ အတင်းအကျပ် ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူတို့သည် ဂူများထဲတွင် ရောက်ရှိနေပြီး အီသန် သည် သူ့ကို နောက်သို့ တွားသွား၍ ပြန်ခွင့်ပေးမည် မဟုတ်ပေ။
သို့သော် သူ၏ သွေးမျိုးဆက် စွမ်းအားများသည် အလုပ်လုပ်နေဆဲဖြစ်သည်။ သူ အရာအားလုံးကို ကြားနေရသည်။
အီသန်သည် ကောင်းမွန်သော အပြင်ဝတ်ရုံကို ဝတ်ဆင်ထားလျက် လက်များကို နောက်ကျောဘက်တွင် ပိုက်ကာ ကပ်ဆီးရက်စ် လှုပ်ရှားလာမည့်အချိန်ကို ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသော အပြုံးဖြင့် စောင့်ဆိုင်းရင်း ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။ ဥမင်လှိုဏ်ခေါင်းထဲတွင် ကတ္တရာစေးကဲ့သို့ မှောင်မိုက်နေသော်လည်း သူ၏ အာရုံခံကွန်ရက်မှတစ်ဆင့် အတော်လေး ကောင်းစွာ မြင်တွေ့နိုင်ဆဲဖြစ်သည်။ အဆင့်နိမ့် အရှင်သခင်သည်လည်း ပြီးပြည့်စုံစွာ မြင်နိုင်စွမ်းရှိမည်မှာ သေချာသည်။
"သူတို့ကို ဒီလောက် ဒုက္ခရောက်အောင် လုပ်ရလောက်အောင် သူတို့က ခင်ဗျားကို ဘယ်လိုများ စော်ကားခဲ့လို့လဲ..."
ကပ်ဆီးရက်စ်က မေးလိုက်၏။ သူ၏ အသံသည် အားနည်းနေသည်။
အီသန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
"ငါ့ကို စော်ကားတယ်... လုံးဝ ဆန့်ကျင်ဘက်ပဲ၊ သူတို့က ငါ့ကို အကြိမ်ကြိမ် အံ့ဩအထင်ကြီးအောင် လုပ်နိုင်ခဲ့ကြတယ်... ဒီတစ်ခါတော့ တကယ်ပဲ နိုင်မယ့်လောင်းကြေးကို ငါ ထပ်လိုက်မိတာ ဖြစ်နိုင်တယ်..."
ကပ်ဆီးရက်စ်သည် အီသန် လောင်းကြေးတစ်ခုအကြောင်း ပြောသည်ကို ယခင်က ကြားဖူးသည်။ မှားယွင်းသွားခဲ့သော လောင်းကြေးတစ်ခု ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော ခြောက်နှစ်ကျော်က အာရီလီယပ်စ် မိသားစု၏ ပင်မ ဌာနခွဲကို ပျက်စီးသွားစေခဲ့သည်။
"အဲဒီထဲမှာ သူတို့ ဘာမှ အနိုင်ရမှာ မဟုတ်ဘူး..."
မတ်တပ်ရပ်နိုင်ရန် ရုန်းကန်နေရင်း ကပ်ဆီးရက်စ် က ပြောလိုက်သည်။
"ခင်ဗျား လင်းတုန်းကို ဒီလမ်းစဉ် ကျင့်ကြံဖို် ဘာလို့ လမ်းညွှန်ခဲ့သလဲဆိုတာကို ကျွန်တော် လုံးဝ နားမလည်နိုင်ပေမယ့် သူ့ကို သင်ပေးဖို့ ပိုပြီး ဘေးကင်းတဲ့ နည်းလမ်းတွေ ရှိပါသေးတယ်..."
"ဘေးကင်းမှုဆိုတာ ငါ အတန်ဖိုးထားဆုံး အရာတွေထဲက တစ်ခုလို့ မင်း ထင်နေတာလား... ဟင် ကပ်ဆီးရက်စ်"
ကပ်ဆီးရက်စ်သည် အီသန် မြင်နိုင်မည်ဟု ယူဆကာ ထွက်ပေါက်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
"မဟူရာ နဂါး စမ်းသပ်မှုတွေ ဆိုတာ အဖွဲ့လိုက် အလုပ်လုပ်ဖို့ လေ့ကျင့်ထားတဲ့ အဆင့်နိမ့် ရွှေအဆင့် ငါးယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့အတွက် ရည်ရွယ်ဖန်တီးထားတာပါ... သူတို့ကို မိသားစုက အကြီးအကဲတွေက ကြီးကြပ်ပေးပြီး လိုအပ်ရင် စမ်းသပ်မှုတွေကို ရပ်တန့်တာ ဒါမှမဟုတ် ပါဝင်သူတွေကို အနားယူခိုင်းတာမျိုး လုပ်ပေးကြတယ်..."
အီသန်က အလေးအနက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"အဲဒီအကြောင်း ငါ ဖတ်ဖူးတယ်လို့တော့ မှတ်မိသားပဲ... ဟုတ်တယ်..."
ကပ်ဆီးရက်စ် သည် သူ၏ စိတ်ပျက်မှုများကြောင့် တစ်ခုခုကို ချိုးဖျက်ပစ်ချင်နေမိ၏။ သူ၏ ကျောပြင် မတ်သွားပြီး မေးရိုးများ တင်းမာသွားကာ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားမှုကြောင့် လက်ဆစ်များ ဖြူရော်သွားခဲ့သည်။
"ကျင်း ကလန် က ကျွန်တော်တို့ကို လည်ပင်းညှစ်နေပြီ... အခုလို လူအင်အား လိုအပ်နေချိန်မှာ ကျွန်တော်တို့အနေနဲ့ တပည့်သစ်တွေကို ဒီတိုင်း လွှင့်ပစ်လို့ မရပါဘူး... ဒီနေရာကို ပြန်ဖွင့်ဖို့နဲ့ စမ်းသပ်မှုတွေကို စွမ်းအားပေးဖို့ အချိန်နဲ့ ကုန်ကျစရိတ်တွေ ဘယ်လောက်တောင် များပြားမလဲဆိုတာ မပြောနဲ့တော့... အဆင့်နိမ့် အရှင်သခင် ... ဒါက ပေါ့ဆမှုဆိုတဲ့ အဆင့်အထိကို တာဝန်မဲ့လွန်းလှပါတယ်..."
ကပ်ဆီးရက်စ် အတွက်တော့ ဤသည်မှာ အီသန်အား သူ အပွင့်လင်းဆုံး ဆန့်ကျင်ပြောဆိုဖူးခြင်းဖြစ်သည်။ အီသန်သည် ဂျင်းကို သူ လက်ထပ်နိုင်ရန် လမ်းရှင်းပေးခဲ့သည့် အတွက် ကပ်ဆီးရက်စ် အနေဖြင့် အမြဲတမ်း ကျေးဇူးတင်နေမည်ဖြစ်သော်လည်း ထိုလူက သူ၏ မိသားစုကို ချောက်ကမ်းပါးထဲသို့ တွန်းချနေသည်ကိုမူ သူ ရပ်ကြည့်မနေနိုင်ပေ။
အီသန်သည် အမှောင်ထုထဲသို့ စိုက်ကြည့်ကာ ခေါင်းကို လှည့်လိုက်၏။ သူ၏ အမူအရာ တစ်ခုလုံး ပြောင်းလဲသွားပုံရသည်။
အီသန်သည် မဟူရာ မီးတောက် မြို့တော် တွင် ကြီးပြင်းခဲ့ကြောင်း ကပ်ဆီးရက်စ် သိသော်လည်း သူတို့ တစ်ခါမျှ မဆုံဖူးခဲ့ကြပေ။ လွန်ခဲ့သော ခြောက်နှစ်ခန့်က ထိုလူ ကမ္ဘာတစ်ဖက်ခြမ်းရှိ တံခါးပေါက်တစ်ခုမှတစ်ဆင့် ယိုင်နဲ့နဲ့ ရောက်ရှိလာချိန်အထိ အီသန် အာရီလီယပ်စ် အကြောင်း သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။ အဲဒီအချိန်ကတည်းက သူက အဆင့်နိမ့် အရှင်သခင် တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။
မိသားစုအပေါ် သစ္စာစောင့်သိသော အသက်နှင့် သွေး ကျင့်ကြံသူ များက သူသည် အသက်သုံးဆယ်ကို အနည်းငယ်သာ ကျော်လွန်သေးကြောင်း အတည်ပြုခဲ့ကြသည်။ ၎င်းသည် မဟူရာ မီးတောက် အင်ပါယာ တွင် ထိုမျှလောက် ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သော အကြောင်းရင်းတစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုမျှ ငယ်ရွယ်သော အဆင့်နိမ့် အရှင်သခင် များကို မကြားဖူးသည်တော့ မဟုတ်သော်လည်း ဖီးနစ်ငှက်၏ အမွေးများကဲ့သို့ ရှားပါးလှသည်။ အီသန်သည် လက်ရှိတွင် ဧကရာဇ် နာရူဟွမ် တစ်ဦးတည်းသာ ရောက်ရှိနိုင်သေးသည့် အဆင့်တစ်ခုဖြစ်သော အဆင့်မြင့် အရှင်သခင် အဖြစ်သို့ တက်လှမ်းနိုင်မည့် အလားအလာ ရှိနေခဲ့သည်။
ကပ်ဆီးရက်စ် သူ့ကို သိကျွမ်းခဲ့သော အချိန်များတစ်လျှောက်လုံး အီသန်သည် တစ်ခါတစ်ရံ အရုပ်များဖြင့် ဆော့ကစားနေသော ကလေးတစ်ယောက်ကဲ့သို့၊ အပျင်းပြေ စိတ်ကူးများကို ဖြည့်ဆည်းနေသော ချမ်းသာသည့် လူတစ်ယောက်ကဲ့သို့၊ ထူးဆန်းသော အလေ့အထများထဲတွင် နစ်မြုပ်နေသော ဉာဏ်ကြီးရှင်တစ်ယောက်ကဲ့သို့ ပြမူနေထိုင်ခဲ့ပြီး အလွန်ရှားရှားပါးပါးသာလျှင် စွမ်းအားကြီးမားပြီး ခန့်ညားသော အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကဲ့သို့ ပြမူတတ်သည်။
သို့သော် ယခုအခါ ကပ်ဆီးရက်စ် သည် အီသန် ၏ မျက်နှာသစ်တစ်ခုကို မြင်နေရသလို ခံစားနေရသည်။ သူသည် ပင်ပန်းနွမ်းနယ်နေပုံရသည်။ မရေမရာ ဖြစ်နေသည်။
ထိုအရာက ကပ်ဆီးရက်စ်အား သူ ဝန်ခံချင်သည်ထက်ပင် ပို၍ တုန်လှုပ်သွားစေခဲ့သည်။
"ငါတို့က နည်းနည်းလေးနဲ့ပဲ ရောင့်ရဲနေကြတယ်..."
နောက်ဆုံးတွင် အီသန် က ပြောလိုက်သည်။
"ပိုမိုရယူဖို့ လှမ်းဆွဲမယ့်အစား ငါတို့ဆီမှာ ရှိတာလေးကိုပဲ ကာကွယ်နေကြတယ်... တံခါးပွင့်နေရင်တောင် အဲဒီထဲကို ဝင်ဖို့ ငါတို့ ငြင်းဆန်ကြတယ်..."
သူသက ရှေ့သို့ လက်သီးဆုပ်လိုက်သည်။
"ကပ်ဆီးရက်စ် ... ဒီမိသားစုကို အဲဒီတံခါးပေါက်ကနေ ငါ ခေါ်သွားနိုင်တယ်... မင်း ဒါမှမဟုတ် ငါ စိတ်ကူးယဉ်နိုင်တာထက် ပိုကောင်းတဲ့ အနာဂတ်တစ်ခုဆီကို သူတို့အားလုံးကို အတင်းအကျပ် ဆွဲခေါ်သွားနိုင်တယ်..."
သူ သက်ပြင်းချလိုက်၏။ သူ၏ လက်မောင်းသည် ဘေးသို့ ပြန်လည်ကျသွားခဲ့သည်။
"ဒါပေမယ့် ငါ မြင်နိုင်တာက အကန့်အသတ်ရှိတယ်... ဒီနှစ်ယောက်က ငါတို့ကို ဒီ အင်ပါယာ ထက် အဝေးကြီးကို ခေါ်ဆောင်သွားနိုင်မယ့် ရွက်လှေတွေ ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်... ဒါပေမယ့်... တကယ်လို့ ငါ မှားနေခဲ့ရင်ကော... နောင်အနှစ်ငါးဆယ်အကြာမှာ ရလာမယ့် ကြီးမြတ်တဲ့ အကျိုးအမြတ်ကို မျှော်လင့်ပြီး ဒီမိသားစုကို ငါ အကုန်အစင် ညှစ်ထုတ်မိနိုင်တယ်၊ ပြီးတော့ မနက်ဖြန်မှာပဲ ကျင်း ကလန် က ငါတို့ကို ဝါးမြိုသွားနိုင်တယ်...”
"ကျွန်တော် မျက်ကန်းဖြစ်နေသလို ခံစားရတယ်..."
ကပ်ဆီးရက်စ်သည် စကားမပြောနိုင်တော့ဘဲ အီသန် နှင့်အတူ ထိုင်နေခဲ့မိတော့သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ မှောင်မည်း နေတာလည်း ဖြစ်နိုင်ပေသ်ည။
...
တောင်ကမ်းပါးယံ အမည်းရောင်၏ ဘေးဘက်တွင် တူးဖော်ထားသော ဂူငါးခုသည် တစ်ခုနှင့်တစ်ခု အတိအကျ တူညီနေကြသည်။ ၎င်းတို့သည် လေကို မကာကွယ်နိုင်သော်လည်း မိုးဒဏ်မှ ခိုလှုံရန်လောက်တော့ လုံလောက်သော အနက်ရှိသည်။ ထို့အပြင် ဂူတစ်ခုစီတိုင်းတွင် ကြိမ်ဖျာတစ်ချပ်နှင့် စောင်တစ်ထည်စီ ထည့်သွင်းပေးထားသည်။
ယီရင်သည် သူတို့ ပထမဆုံး တွေ့ရသော ဂူကို ယူလိုက်သည်။ သူမသည် ဓား အော်ရာ များကို စတင်စုဆောင်းနိုင်ရန် ဂူပေါက်ဝအပြင်ဘက်ရှိ မြေကြီးထဲသို့ သူမ၏ ဓားများကို အတန်းလိုက် စိုက်ထည့်ထားလိုက်သည်။ လင်းတုန်း အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် မလိုအပ်ပေ။ ဤနေရာတွင် သက်စောင့် အော်ရာ သည် မဟူရာ မီးတောက် စွမ်းအင်များဖြင့် အလွန် ထူထပ်နေသည်။ သူ ပြင်းပြင်းရှူသွင်းလိုက်ရုံဖြင့် ၎င်းတို့ကို ရိတ်သိမ်းနိုင်မည်ဟုပင် သူ ခံစားရသည်။
ယီရင်၏ ဂူဘေးရှိ ဂူထဲသို့ လွယ်အိတ်ကို ထားသိုပြီးနောက် လင်းတုန်း သည် အခြား ဂူသုံးခုထဲသို့ ဝင်ကြည့်ခဲ့သည်။ ပိုနေသော ဖျာများနှင့် စောင်များကို စုဆောင်းကာ သူ၏ ဂူထဲသို့ ယူဆောင်လာခဲ့သည်။ အပိုရှိနေခြင်းက ပိုကောင်းပေမည်။ ထို့နောက် သူနှင့် ယီရင် တို့သည် သူတို့၏ တောင်ကြားဝှမ်းလေးကို အတူတကွ စူးစမ်းလေ့လာခဲ့ကြသည်။
ထိုသို့ လေ့လာရန် အချိန်သိပ်မယူလိုက်ရပေ။ သူတို့သည် တောင်ကမ်းပါးယံရှိ ဂူငါးခု၊ ရေတံခွန်တစ်ခုနှင့် ရေကန်တစ်ခု၊ ထို့အပြင် ထိလိုက်လျှင် ပူလောင်သွားစေတတ်သော အကြောမည်းများပါရှိသည့် အနီရောင် သစ်သီးလေးများ သီးနေသော အမည်းရောင် ဆူးချုံပုတ် နှစ်ဆယ့်လေးခု... စသည်တို့သာ ပါဝင်သည့် နံရံချိုင့်ဝိုက်လေးတစ်ခု အတွင်း၌သာ ကန့်သတ်ထားခြင်း ခံခဲ့ရသည်။
ရေကန်နှင့် ရေတံခွန်တို့သည် နွေးထွေးနေပြီး ကန့်အနံ့ ထွက်နေသည်။ သို့သော် အနည်းငယ် စစ်ဆေးကြည့်ပြီးနောက် ကျဆင်းလာသော ရေသည် သောက်သုံးရန် ဘေးကင်းလောက်သည်ဟု ယီရင် က ပြောလိုက်သည်။
လင်းတုန်း ရေကို ထပ်မံ၍ စစ်ဆေးနေစဉ် ယီရင် က သူ့ကို တံတောင်ဖြင့် တွန်းလိုက်သည်။
"ဟေ့.... နောက်ဆုံးတော့ ငါတို့ နှစ်ယောက်တည်း မဟုတ်ဘူးထင်တယ်..."
***
အပိုင်း(၂၀၈)
"ဟေ့.... နောက်ဆုံးတော့ ငါတို့ နှစ်ယောက်တည်း မဟုတ်ဘူးထင်တယ်..."
ယီရင်က တောင်ကမ်းပါးယံကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ခွေးတစ်ကောင် အရွယ်အစားခန့်ရှိသော ရွှံ့ရောင် ကဏန်းများသည် ကျောက်ဆောင်ပေါ်တွင် တွယ်ကပ်နေကြသည်။ ၎င်းတို့သည် အလွန် မှောင်မိုက်နေသဖြင့် အမည်းရောင် ကျောက်တုံးများနှင့် ရောယှက်နေသည်။
အစပိုင်းတွင် သူမ လက်ညှိုးထိုးပြသော တစ်ကောင်တည်းကိုသာ သူ မြင်တွေ့ခဲ့ရသည်။ သို့သော် ကျောက်စိမ်းအဆင့် အာရုံခံနိုင်စွမ်းက သူ့အပေါ် ဖိစီးလာပြီး သူ့ကို စိုက်ကြည့်နေသော နောက်ထပ် မျက်လုံးပေါင်းများစွာကို သူ ခံစားသိရှိလာရသည်။ သူ ပို၍ သေချာစွာ ကြည့်လိုက်သောအခါ ဒါဇင်နှင့်ချီသော ကဏန်းများသည် နံရံတစ်ခုလုံးတွင် အစုလိုက်အပြုံလိုက် ရှိနေကြောင်း သဘောပေါက်သွားခဲ့သည်။
လူသားများ၏ အာရုံစိုက်မှုကို ခံစားမိသွားသည့်အလား ကဏန်းများထဲမှ တစ်ကောင်သည် ၎င်း၏ ခြေထောက်များကို ခွာကာ နံရံမှ ဆင်းလာခဲ့သည်။ ထို့နောက် ရေတံခွန်အောက်ရှိ ရေကန်ထဲသို့ လျောကျသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
လင်းတုန်းသည် ရေနှင့် ဝေးရာသို့ အမြန် ဆုတ်ခွာလိုက်သည်။
"ဒီထဲမှာ အစားအစာနဲ့ ရေကို တွေ့ရမယ်လို့ သူ ပြောခဲ့တယ်လေ..."
ယီရင်က ပြောသည်။
"ငါတို့ တွေ့ပြီထင်တယ်... ငါတို့ ဗိုက်ဆာလာတဲ့အခါ အဲဒီအထဲက တစ်ကောင်ကောင်ကို ကင်ဖို့ နင့်ကိုပဲ တာဝန်လွှဲပေးလိုက်တော့မယ်..."
"ဒါဆို အဲဒီကောင်တွေ ဖမ်းဖို့တော့ နင့်ကိုပဲ တာဝန်လွှဲပေးလိုက်မယ်..."
လင်းတုန်း က ပြန်ပြောလိုက်သည်။ သူ တစ်ကောင်လောက်တော့ ဖမ်းနိုင်မည်ဟု တွေးမိသည်။ သို့သော် ဒါဇင်နှင့်ချီသော ထိုကဏန်းများအားလုံး တောင်ကမ်းပါးယံမှ တစ်ပြိုင်နက်တည်း ဆင်းလာပြီး ခြေထောက်များစွာရှိသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ့အပေါ် ပြုတ်ကျလာမည့် မြင်ကွင်းကိုတော့ သူ ခေါင်းထဲမှ ဖျောက်ဖျက်၍ မရနိုင်ခဲ့ပေ။
ထိုအချက်က ဂူအဝင်ဝကို ပိတ်ဆို့ရန် ကျောက်တုံးမရှိကြောင်း သူ့ကို သတိပြုမိစေခဲ့သည်။ သူ အိပ်ပျော်နေစဉ် ထို ဧရာမ ကဏန်းကြီးများကို အပြင်မှာပဲ ရှိနေစေရန် နည်းလမ်းတစ်ခု သူ ရှာဖွေရပေမည်။
စခန်းချမည့်နေရာကို သူတို့ စိတ်တိုင်းကျ စစ်ဆေးပြီးနောက် အနီရောင် မုခ်ဦးဆီသို့ ပြန်သွားခဲ့ကြသည်။
ယီရင် နှင့် လင်းတုန်း တို့သည် ယှဉ်လျက် ရပ်ကာ အတွင်းဘက်သို့ လှမ်းကြည့်နေကြသည်။ အခြားတစ်ဖက်တွင် ချောမွေ့သော ကျောက်တိုင်များဖြင့် ပြည့်နှက်နေသည့် ထူထပ်သော သစ်တောကြီးတစ်ခု ရှိနေသည်။ ကျောက်တိုင်များသည် အလွန် နီးကပ်စွာ ပြည့်နှက်နေသဖြင့် လင်းတုန်းသည် ၎င်းတို့ကြားတွင် အရိပ်များမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မမြင်နိုင်ခဲ့ပေ။ ၎င်းတို့သည် အထက်ရှိ ကျောက်ဆောင် ကမ်းပါးများ၏ အမြင့်အထိ ရှည်လျားပြီး အမည်းရောင် ကျောက်တုံးများနှင့် ပေါင်းစပ်သွားကြသည်။
မုခ်ဦး၏ သည်ဘက်အခြမ်း သူတို့နှင့် ကျောက်တိုင်များကြားတွင် အခြား အရာဝတ္ထုနှစ်ခု ရှိနေသည်။
ပထမတစ်ခုမှာ ယီရင် ၏ အရပ်ခန့်သာရှိသော စတုဂံပုံ ကျောက်ပြားတစ်ခုဖြစ်ပြီး အကွာအဝေးကြောင့် ဖတ်၍မရသော စာများနှင့် ပုံများ ထွင်းထုထားသည်။ ဒုတိယတစ်ခုမှာ ခါးလောက်အမြင့်ရှိသော ခုံတစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် မီးခိုးရောင် ဖန်သလင်းဘောလုံး တစ်လုံးကို တင်ထားသည်။
လင်းတုန်းသည် သူ၏ လွယ်အိတ်ကို ဂူထဲတွင် ချန်ထားခဲ့သည်။ သူ ကပ်ပါး လက်စွပ် ကို ချွတ်ကာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ဆူရီရယ် ၏ ဖန်စကျင်ကျောက်လုံးလေး ဘေးတွင်ပင်။ ကပ်ပါး လက်စွပ် မရှိတော့သဖြင့် သူ၏ မာဒြာ များသည် ချက်ချင်းပင် ပိုမို လွယ်ကူစွာ ရွေ့လျားသွားပြီး မဟူရာ မီးတောက် စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်တွင်း၌ တက်ကြွစွာ လောင်ကျွမ်းနေခဲ့သည်။
"ဒါက ပထမဆုံး စမ်းသပ်မှု ဖြစ်မယ်လို့ ငါ ထင်တယ်..."
ယီရင် က ပြောလိုက်သည်။ လင်းတုန်းက နဂါးပုံစံအထက် မုခ်ဦးတိုင်တွင် ရေးဆွဲထားသော စာလုံးနှစ်လုံးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
'ပထမ စမ်းသပ်မှု'
"အဲဒီလိုမှ မဟုတ်ရင်တော့ သူတို့က ငါတို့ကို ရက်စက်တဲ့ နောက်ပြောင်မှုတစ်ခု လုပ်နေတာပဲ..."
နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အတူတကွပင် မုခ်ဦးကို ဖြတ်ကျော်သွားခဲ့ကြသည်။ သေချာပေါက်ပင် တိုင်များကြားတွင် မြှုပ်နှံထားသော အစီအရင် တစ်ခု ရှိနေသည်။ သူတို့ ရှေ့သို့ ခြေလှမ်းလိုက်သည်နှင့် ၎င်း လင်းလက်သွားသည်ကို သူ ခံစားလိုက်ရသည်။ ရေခဲကဲ့သို့ အေးစက်သော စွမ်းအားတစ်ခုက သူ၏ အရေပြားပေါ်သို့ ဖြတ်သန်းသွား၏။ ထို့နောက် မုဒ်ဦးကို သူ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
လင်းတုန်းသည် ပုံကြမ်းများနှင့် ရှေးဟောင်း စာလုံးများ ပြည့်နှက်နေသော ကျောက်ပြားရှေ့တွင် ရပ်နေခဲ့သည်။ သူ ၎င်းကို အသက်ပြင်းပြင်း အကြိမ်အနည်းငယ်ရှူ၍ အချိန်ယူ စစ်ဆေးလိုက်သည်။ အစိတ်အပိုင်းများကို မှတ်ဉာဏ်ထဲသို့ ထည့်သွင်းမှတ်သားရင်း စက္ကူနှင့် မှင်ကို သူ ယူလာခဲ့မိလျှင် ကောင်းမည်ဟု ဆန္ဒပြုနေမိသည်။
ယီရင်က လည်ချောင်းဟန့်လိုက်၏။
"အဲဒါက နင့်ကို ဘာတွေ ပြောနေလဲ..."
လင်းတုန်းသည် ကျောက်ပြားတွင် သူမအတွက် နေရာဖယ်ပေးရန် ဘေးသို့ အနည်းငယ် ရွှေ့ပေးလိုက်သည်။ ရှုပ်ထွေးလှသော ကွင်းဆက်များဖြင့် အပြည့်အဝ ဖြည့်ထားသည့် လူတစ်ယောက်၏ ကောက်ကြောင်းပုံစံကို သူ လက်ဟန်ပြလိုက်သည်။
"ဒါက သူတို့ရဲ့ ကာကွယ်သူ နည်းစနစ်အတွက် မာဒြာ ပုံစံလို့ ထင်ရတယ်..."
သူက နာမည်ကို ဖွဲ့စည်းထားသော စာလုံးလေးလုံးပေါ်မှ ဖုန်များကို သပ်ချလိုက်သည်။
"မဟူရာ... မီးတောက်... ကြမ်းတမ်းတဲ့... အပြင်ဝတ်ရုံ... နင် ဘယ်လို သဘောရလဲ...”
"မပြောတတ်ဘူး... တစ်လုံးမှ မဖတ်တတ်လို့လေ..."
သူမက မေးစေ့ပေါ်ရှိ အမာရွတ်တစ်ခုကို လက်မဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။ သူမ၏ လေသံက ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးဝံ့လျှင် ပေးကြည့်ရန် သူ့ကို စိန်ခေါ်နေသကဲ့သို့ ရှိ၏။
လင်းတုန်းက ခေါင်းကုတ်လိုက်သည်။
"ခွင့်လွှတ်ပါ... ငါက ကံကောင်းထောက်မစွာနဲ့ ကလေးဘဝမှာ ရှေးဟောင်းဘာသာစကားရဲ့ အခြေခံ စာလုံးတွေကို သင်ယူခွင့်ရခဲ့တယ်... အဲဒါက ငါတို့ရဲ့ ဘာသာစကားနဲ့ သိပ်မကွာပါဘူး၊ ဒါပေမယ့် ပိုပြီး ရှုပ်ထွေးတဲ့ပုံ ပေါက်နေတာပါ... မင်း ကြည့်ကြည့်..."
သူက တူညီမှုအချို့ကို ထောက်ပြရန် ပြင်နေစဉ် သူမက သူ၏ စကားကို ဖြတ်ပြောလိုက်သည်။
"ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး... ငါ့နာမည်တောင် ငါ မဖတ်တတ်ဘူးလေ..."
ထိုအခြေအနေက သူမအတွက် မည်မျှ အဆင်မပြေဖြစ်စေမည်ကို မသိရှိမီအထိ လင်းတုန်း သည် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေမိခဲ့သည်။ ထို့နောက် သူသည် အကြည့်လွှဲလိုက်ပြီး ကျောက်တုံးကို အစကတည်းက စစ်ဆေးနေခဲ့သကဲ့သို့ ဟန်ဆောင်လိုက်သည်။
"အဲဒါက... အာ၊ ငါ တောင်းပန်ပါတယ်... ဓားသူတော်စင်က နင့်ကို..."
"ဓားတစ်လက်နဲ့ လုပ်စရာ စာရေးစာဖတ်က သိပ်များများစားစား မရှိပါဘူး..."
သူမက တမင်သက်သက် ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။
ဝေ့ ကလန် တွင် လူတိုင်းသည် သူတို့၏ ပထမဆုံး အခြေခံ နည်းစနစ်ကို မသင်ယူမီ စာဖတ်တတ်အောင် အရင်သင်ယူရသည်။ သို့သော် သူတို့၏ ကလေးများကို သင်ကြားပေးရန်မှာ မိသားစုတစ်စုချင်းစီ၏ တာဝန်သာဖြစ်သည်။ မိသားစုအသိုင်းအဝိုင်း ပြင်ပတွင် ကြီးပြင်းလာသူတစ်ယောက်အတွက် မည်သို့ရှိမည်ကို သူ တစ်ခါမျှ မစဉ်းစားဖူးခဲ့ပေ။
"အင်း... အာ... အပေါ်က ဒီအပိုင်းကတော့ ရိုးရှင်းတဲ့ အစီအစဉ်တစ်ခုပါ... အဲဒါက မဟူရာ မီးတောက် တွေရဲ့ သမိုင်းကြောင်းကို ရှင်းပြထားတယ်..."
သူ၏ လက်ချောင်းများသည် ဒေါင်လိုက်ရေးသားထားသော စာကြောင်းများကို ပွတ်သပ်သွားခဲ့သည်။ စာကြောင်းတစ်ခုစီတိုင်းကို ပုံသင်္ကေတများဖြင့် ပိုင်းခြားထားသည်။ လူတစ်ယောက်အပေါ်မှ ပျံသန်းနေသော နဂါးတစ်ကောင်၊ ထို့နောက် နဂါးတစ်ကောင်အပေါ်တွင် ရပ်နေသော လူတစ်ယောက်၊ ထို့နောက် နဂါးတစ်ကောင်ကို ကြိုးဖြင့် ဆွဲထားသော လူတစ်ယောက် စသည်ဖြင့် ဖြစ်သည်။
"ဒီမြေကို လူသားတွေ ရောက်လာတဲ့အခါ နဂါးတွေက အုပ်စိုးထားတယ်... သူတို့က ကာကွယ်မှုအားလုံးကို လျစ်လျူရှုပြီး ဆန့်ကျင်သူအားလုံးကို မီးရှို့ဖျက်ဆီးပစ်ကြတယ်... ဘယ်သူမှ သူတို့ကို မယှဉ်နိုင်ခဲ့ဘူး... နောက်ဆုံးတော့... ငါ ထင်တယ်၊ ဒါက ‘မဟာ ဘေးအန္တရာယ်ကြီး' လို့ အဓိပ္ပာယ်ရတယ်... အဲဒီအရာက အနောက်ဘက်ကနေ ဒီမြေကို ရောက်လာပြီး နဂါးတွေကို ကောင်းကင်ပေါ်ကနေ ပြုတ်ကျသွားစေခဲ့တယ်..."
၎င်းသည် စိတ်ဝင်စားစရာ ကောင်းလှသည်။ အထွတ်အမြတ် တောင်ကြား နှင့် လူသူကင်းမဲ့သော တောရိုင်းမြေ တို့သည် အနောက်ဘက်တွင် တည်ရှိသည်။ သူ စိတ်ပျက်သွားသည်မှာ ထို မဟာ ဘေးအန္တရာယ်ကြီး ကို သရုပ်ဖော်ထားသော ပုံများ မရှိခြင်းပင်ဖြစ်သည်။
"သူတို့ ကျရှုံးသွားတာနဲ့ လူသားတွေဟာ နဂါးတွေရဲ့ ကျင့်ကြံခြင်း တွေကို စတင်လေ့လာခဲ့ကြတယ်... အဲဒါက အခြေအနေကို ညီမျှသွားစေဖို့ အထောက်အကူဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ နားလည်မှုက မပြည့်စုံခဲ့ဘူး... သူတို့က အဲဒီ လမ်းစဉ် တွေကို ဆက်လက်လေ့လာနေချိန်မှာပဲ နဂါးတွေက... နည်းလမ်းတစ်ခုကို ရှာတွေ့သွားတယ်..."
လင်းတုန်း တုံ့ဆိုင်းသွားခဲ့သည်။
"ဒီမှာ ရေးထားတာကတော့ နဂါးတွေက လူသားတွေကို ကြိုးနဲ့ချည်နှောင်ခဲ့တယ်လို့ ဆိုပေမယ့် လူသားတွေက အကျိုးအမြတ်ရခဲ့သူတွေလို့ အဓိပ္ပာယ်ရနေတယ်... သဘောတူညီမှုတစ်ခုများလား... စာချုပ်တစ်ခုခုများလား..."
သူ နားလည်သွားခဲ့သည်။ အနည်းဆုံးတော့ ပထမဆုံး မဟူရာ မီးတောက် များသည် သူ အော်သို နှင့် လုပ်ဆောင်ခဲ့သကဲ့သို့ သူတို့ကိုယ်သူတို့ နဂါးများနှင့် ချိတ်ဆက်ခဲ့ကြခြင်းဖြစ်သည်။
"တချို့ လမ်းစဉ် တွေက သူတို့ရဲ့ ကလေးတွေကို အထွတ်အမြတ် သားရဲ တွေနဲ့ ချိတ်ဆက်ပေးကြတယ်..."
ယီရင် က ပြောသည်။
"ငါ့အမြင်ကို မေးမယ်ဆိုရင်တော့ အဲဒါက ဓားကို မပြုတ်ကျအောင် လက်မှာ ကော်နဲ့ကပ်ထားတာနဲ့ တူတယ်..."
သူမက သူ့ကို စော်ကားရန် ကြိုးစားနေခြင်းလားဟု လင်းတုန်း ခဏမျှ တွေးတောနေမိသော်လည်း သူမ သူ့ ကိစ္စကို မသိသေးကြောင်း သူ ပြန်လည် သတိရလိုက်သည်။ သူ အော်သို နှင့် စာချုပ်ချုပ်ဆိုပြီးကတည်းက သူမကို မတွေ့ခဲ့ရပေ။ ယခု အော်သိုကတော့ သူ၏ စိတ်ကြိုက် တောင်ပေါ်တွင် လှည့်လည်သွားလာနေသည်။ လင်းတုန်း ၏ အထင်မမှားပါက အော်သိုသည် သူ စမ်းသပ်မှုများ မပြီးဆုံးမီ သူ့ကို လာရောက်ကြည့်ရှုမည်မှာ သေချာသည်။
"နင့်ကို အများကြီး တောင်းဆိုတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်... တကယ်လို့ ဧရာမ မီးတောက်လိပ်ကြီးတစ်ကောင် ဒီအပြင်ဘက်မှာ လျှောက်သွားနေတာကို မင်း တွေ့ရင်... ကျေးဇူးပြုပြီး သူ့ကို မတိုက်ခိုက်ပါနဲ့နော်..."
အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုနေသည့်အလား ယီရင် သည် သူ့ကို စိုက်ကြည့်နေခဲ့သည်။
"ဟိုဟာ..."
လင်းတုန်း က ဆက်ပြောသည်။
"ကျန်ရစ်ခဲ့တဲ့ နဂါးတွေဟာ အကြောင်းရင်းတစ်ခုခုကြောင့် မဟူရာ မီးတောက် ဘိုးဘေးတွေနဲ့ သူတို့ကိုယ်သူတို့ ချိတ်ဆက်ခဲ့ကြပုံရတယ်... နဂါးတွေရဲ့ စွမ်းအားနဲ့အတူ..."
သူက လူအုပ်ကြီးအပေါ်တွင် နဂါးတစ်ကောင်နှင့်အတူ ရပ်နေသော လူတစ်ယောက်၏ ပုံကို ခေါက်ပြလိုက်ရာ ယီရင် က ခေါင်းညိတ်လိုက်သည်။
"အင်း... အဲဒါကိုတော့ ငါ နားလည်ပါတယ်..."
ဇာတ်လမ်း၏ အောက်ဘက်တွင် အခြားအရာအားလုံးနှင့် သီးခြားခွဲထားသော စာကြောင်းတစ်ကြောင်း ရှိသည်။ ဤစကားလုံးများသည် ပိုမိုနက်ရှိုင်းစွာ ထွင်းထုထားသဖြင့် အချိန်ကာလကြာမြင့်မှုက ၎င်းတို့ကို များစွာ မထိခိုက်နိုင်ခဲ့ပေ။
"နဂါးက ရှေ့သို့ တက်လှမ်းတယ်..."
သူက အသံထွက်၍ ဖတ်ပြလိုက်သည်။
ယီရင်က ပခုံးတွန့် ပြလိုက်၏။
"ထားပါ... အဲဒါက ကြမ်းတမ်းတဲ့ အပြင်ဝတ်ရုံ မဟူရာ မီးတောက် ထက် အများကြီး ပိုကောင်းတယ် မဟုတ်လား..."
"အဲဒါက နည်းစနစ်နာမည် မဟုတ်ဘူး... သူတို့ မိသားစုရဲ့ ဆောင်ပုဒ် ဒါမှမဟုတ် စမ်းသပ်မှုရဲ့ ဒဿန ဖြစ်နိုင်တယ်..."
ယီရင်သည် ပျင်းရိနေဟန်ရှိသဖြင့် သူသည် နောက်ထပ် အပိုင်းတစ်ခုသို့ ဆက်သွားလိုက်လေသည်။
***