အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း (၁၂၉)
ပို့ဆောင်သူများ အနားယူနိုင်ပါသလော
ပုခုံးပေါ်၌ တစ်ပွင့်နှင့် စင်းကော တပ်ဆင်ထားသော ရဲအရာရှိသည် သူ၏ "ဦးလေးတန်" ကို ယာဉ်ထိန်းရဲ အဖွဲ့သို့ မပို့ရန် ငိုယိုကာ အသည်းအသန် တောင်းပန်နေရှာတော့သည်...။
ယာဉ်ထိန်းရဲအဖွဲ့၏ အလုပ်မှာ ပင်ပန်းဆင်းရဲလှပြီး နာမည်ကျော်ကြားရန် အခွင့်အလမ်း အလွန်နည်းပါး လှသည်ကို လူတိုင်း သိကြသည်ဖြစ်ရာ ၎င်းမှာ ဗျူရိုအတွင်းရှိ အလုပ်နှင့် များစွာ ကွာခြားလှပေသည်...။
သို့သော်လည်း ညွှန်ကြားရေးမှူးတန် ၏ ဆုံးဖြတ်ချက်မှာ ပြတ်သားလွန်းလှသည်...။ တစ်ဖက်လူက သူ၏ ဖခင်နှင့် ခင်မင်မှုကို အကြောင်းပြ၍ မည်သို့ပင် နားချစေကာမူ အရာမထင်ခဲ့ပေ...။
နောက်ဆုံးတွင် ပုခုံးပေါ်၌ ကြယ်ပွင့်များ တပ်ဆင်ထားသည့် ရဲအရာရှိ နှစ်ဦးကို ခေါ်ယူကာ ထို ရဲအရာ ရှိငယ်ကို အပြင်သို့ ဆွဲထုတ်သွားစေတော့သည်...။
မိမိ၏ အစားအသောက်ကို မိမိဘာသာ ခိုးယူကာ မောက်မာစွာ ကြွားဝါခဲ့သော ထိုလူမှာမူ ပြုပြင်ပြောင်း လဲရေး လုပ်ရန် အကျဉ်းချခံရမည်ကို ကြားလိုက်ရသောအခါ ကြောက်လန့်လွန်း၍ တစ်ကိုယ်လုံး ပျော့ခွေသွားရလေတော့သည်...။
သူသည် လျန်ထျန်း ၏ ခြေရင်းသို့ တွားသွားကာ ခြေသလုံးကို ဖက်၍ အသနားခံလေတော့သည်...။
"ကျွန်တော် မှားပါတယ်...၊ တကယ်ကို မှားပါတယ်...။ အခုချက်ချင်း ဖုန်းဆက်ပြီး တိုင်ကြားချက်ကို ပြန်ရုပ်သိမ်းပေးပါမယ်နော်...။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ...။"
လျန်ထျန်း က သူ့ကို ငုံ့ကြည့်ကာ ခေါင်းညိတ်ပြလိုက်လေသည်...။
"ကောင်းပြီလေ...။ အမြန်ဆုံး ဖုန်းဆက်လိုက်ပါ...၊ မဟုတ်ရင် ငါ သုံးရက်လုံးလုံး အလုပ်မလုပ်ရဘဲ ဖြစ်နေလိမ့်မယ်...။ ပြီးတော့ ငါ့ကို ဒဏ်ရိုက်ထားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရအောင် လုပ်ပေးရ မယ်...။"
"ဩော်... ဒါတင်မကသေးဘူး...။ မင်း အရင်က လိမ်ညာခဲ့တဲ့ ပို့ဆောင်သူတွေ အားလုံးကိုလည်း အခြေ အနေ အမှန်အတိုင်း ရှင်းပြရမယ်...။ တစ်ယောက်မှ မကျန်ခဲ့စေနဲ့...၊ သူတို့အပေါ် တိုင်ကြားထားတာ တွေနဲ့ ဒဏ်ကြေးတွေကိုလည်း အကုန် ပြန်ရုပ်သိမ်းပေးရမယ်...။"
ထိုစကားကို ကြားသောအခါ ထိုသူသည် ဝမ်းသာအားရဖြင့် ဖုန်းဆက်ကာ သူ ကျူးလွန်ခဲ့သမျှကို အကုန် ဝန်ခံလေတော့သည်...။
တစ်ချိန်တည်းမှာပင် လျန်ထျန်း တောင်းဆိုသည့်အတိုင်း သူ၏ ကျန်ရှိသော ပိုက်ဆံများဖြင့် အစားအ သောက် ဖိုးများကို ပေးလျော်ကာ ဒုက္ခရောက်ခဲ့ရသော ပို့ဆောင်သူများ၏ တိုင်ကြားချက်များနှင့် ဒဏ်ကြေးများကိုလည်း ပြန်လည် ရုပ်သိမ်းပေးခဲ့လေသည်...။
အရာအားလုံး ပြီးစီးသွားသောအခါ သူသည် မျှော်လင့်ချက်အပြည့်ဖြင့် လျန်ထျန်း ကို ကြည့်ကာ လွှတ် ပေးရန် တောင်းဆိုသည့် အမူအရာ ပြလိုက်လေသည်...။ လျန်ထျန်း က ကျေနပ်သလို ခေါင်းညိတ်လိုက် ပြီးမှ ပြောလိုက်၏...။
"အရမ်းကောင်းတယ်...၊ တော်တော်လေး ကောင်းမွန်တဲ့ လုပ်ရပ်ပဲ...။ ငါ မင်းကို ခွင့်လွှတ်ပေးပါတယ်... ။ ဒါပေမဲ့...။"
လျန်ထျန်း က စကားကို ခေတ္တရပ်ကာ လေသံကို ပြောင်းလိုက်လေသည်...။
"ခွင့်လွှတ်ပေးတာက တစ်ကြောင်းပေါ့...၊ မင်း ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူရမှာနဲ့ ထိုက် တန်တဲ့ ပြစ်ဒဏ် ခံရမှာကတော့ နောက်ထပ်ကိစ္စပဲ...။"
"ဒါကြောင့် ညွှန်ကြားရေးမှူးတန် ပြောခဲ့တဲ့အတိုင်းပဲ လုပ်လိုက်ကြတာပေါ့...။ ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူပြီး လူကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားဖို့ မျှော်လင့်ပါတယ်...။"
ထိုစကားများကို ကြားလိုက်ရသောအခါ ထိုလူမှာ မှင်တက်သွားရလေသည်...။ နောက်တစ်စက္ကန့်တွင် သူသည် သည်းမခံနိုင်သော ဒေါသဖြင့် မာန်မဲလိုက်လေတော့သည်...။
"မင်း... မင်းက လူလိမ်ပဲ...။ ခွင့်လွှတ်ပေးမယ်လို့ ကတိပေးထားပြီးတော့ အခုကျတော့ စကားဖျက် တာလား...။"
သူသည် လျန်ထျန်း ထံသို့ ပြေးဝင်ကာ အသေအလဲ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ညွှန်ကြား ရေးမှူးတန် ရှိနေသဖြင့် လျန်ထျန်း ထိခိုက်ရန် အခွင့်အရေး မရှိခဲ့ပေ...။
ရဲအရာရှိ အတော်များများ ပြေးဝင်လာပြီး ထိုသူ့ကို မြေပြင်ပေါ်၌ ဖိနှိပ် ချုပ်နှောင်လိုက်ကြလေတော့ သည်။ လျန်ထျန်း က သူ့ကို ငုံ့ကြည့်ကာ ပုခုံးတွန့်ပြလိုက်ရင်း ပြောလိုက်လေ၏...။
"ငါက မင်းကို ခွင့်လွှတ်မယ်လို့ပဲ ပြောတာလေ...။ မင်းကို လွှတ်ပေးမယ်လို့ မပြောခဲ့ဘူး မဟုတ်လား...။"
"ခွင့်လွှတ်တာက ခွင့်လွှတ်တာပဲ၊ လွှတ်ပေးတာက လွှတ်ပေးတာပဲ...။ ဒါက မင်းရဲ့ နားလည်မှုလွဲတာပဲ ဖြစ်လိမ့်မယ်...။ ဒီအခွင့်အရေးကို အသုံးချပြီး အထဲမှာ အသိပညာတွေ ထပ်သင်ယူလိုက်ပါဦး...။ ဟား ဟား...။"
စကားအဆုံးတွင် ထိုသူသည် အကျဉ်းထောင်အတွင်း၌ နှစ်ရှည်လများ ပြုပြင်ပြောင်းလဲရေး လုပ်ရန် အတွက် ဆွဲထုတ်သွားခြင်း ခံလိုက်ရလေတော့သည်...။
ညွှန်ကြားရေးမှူးတန် သည် လျန်ထျန်း ကို သူ၏ ရုံးခန်းသို့ ဖိတ်ကြားကာ လက်ဖက်ရည်ကောင်း တစ်အိုး ကို ကိုယ်တိုင် နှပ်ပေးနေလေသည်...။
လျန်ထျန်း က အဓိက ကိစ္စကို တိုက်ရိုက်ပင် မေးလိုက်လေ၏...။
"ညွှန်ကြားရေးမှူးတန်... ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်...။ ဒါနဲ့ စောစောက ပြောခဲ့တဲ့ စီမံကိန်း အကြောင်း ဘာသတင်းများ ရှိပါသေးသလဲ...။"
ညွှန်ကြားရေးမှူးတန် က ပြုံးရွှင်စွာဖြင့် လက်ဖက်ရည်ခွက်ကို လျန်ထျန်း ရှေ့သို့ တင်ပေးလိုက်ရင်း ပြောလိုက်လေသည်...။
"ဟုတ်ပါတယ်... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ...။ အထက်လူကြီးတွေက ဒီလို စီမံကိန်းတစ်ခုကို အကောင် အထည်ဖော်ဖို့ ကြေညာလိုက်တယ်...။"
"ဒါပေမဲ့ အခုတလော ဒေသအသီးသီးမှာ ဘဏ္ဍာရေး အခက်အခဲတွေ ရှိနေကြတော့ ဘယ်သူမှ ဒီအလုပ် ကို မလုပ်ရဲကြဘူး...။ ကျွန်တော်ကသာ မစ္စတာလျန် ကို သတိရပြီး အမြန်ဆုံး ဆုံးဖြတ်ချက်ချလိုက်တာ ပါ...။"
လျန်ထျန်း က ခေါင်းညိတ်ပြလိုက်လေသည်...။
"ကောင်းပြီလေ...။ ကျွန်တော် ငွေကြေး ထောက်ပံ့ပေးမယ်လို့ ပြောထားပြီးသားဆိုတော့ နောက်ဆုတ် စရာ အကြောင်း မရှိပါဘူး...။ ပိုက်ဆံ ဘယ်လောက် လိုအပ်မလဲ...။"
ညွှန်ကြားရေးမှူးတန် က အပြုံးကို ထိန်းလိုက်ပြီး သူ၏ လက်ယာဘက် လက်ချောင်း ငါးချောင်းကို ဖြန့်ပြလိုက်လေသည်...။ ထို လက်ချောင်း ငါးချောင်းကို ကြည့်ကာ လျန်ထျန်း ၏ ရင်ခုန်သံမှာ မြန်လာ တော့သည်...။
*ငါးသောင်း (၅၀,၀၀၀) လား...။ အဲ့ဒီလောက်တောင်ပဲလား...၊ အင်း... ငါ စကားပြောတာ စောသွားသ လား မသိဘူး...။ အခု ပြန်ငြင်းရင် အချိန်မီသေးလား...။*
လျန်ထျန်း ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ပါးနပ်လှသော ညွှန်ကြားရေးမှူး တန် မှာ ချက်ချင်းပင် စိုးရိမ်သွားကာ အလျင်အမြန် ပြောလိုက်လေ၏...။
"မစ္စတာလျန်... ယွမ် ငါးထောင် (၅,၀၀၀) ဆိုတာ မနည်းတဲ့ ပမာဏ ဆိုတာကို ကျွန်တော် သိပါတယ်...။"
"လူကြီးမင်းက အချမ်းသာဆုံး လုပ်ငန်းစုကြီး ရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး ဖြစ်ပေမဲ့လည်း ဒီလောက်အထိ များပြားတဲ့ ငွေသားကို တစ်ခါတည်း ထုတ်ဖို့က ခက်ခဲလိမ့်မယ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်...။"
"ဒါပေမဲ့ စိတ်မပူပါနဲ့...။ လူကြီးမင်းရဲ့ ပိုက်ဆံတွေကို အလကား အကုန်အကျ မခံစေရပါဘူး...။ တကယ် လို့ လူကြီးမင်းက စီမံကိန်းရဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံမှု အဖြစ် ယွမ် (၅၀၀၀) ကို ထုတ်ပေးနိုင်မယ် ဆို ရင်...၊"
"နောင်လာမယ့် သုံးနှစ်အတွင်းမှာ လူကြီးမင်း ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကို အခွန် လျှော့ပေါ့ပေး တာ ဒါမှမဟုတ် ကင်းလွတ်ခွင့် ပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်...။"
"ဒါကြောင့် ကျေးဇူးပြုပြီး...၊ ဒီစီမံကိန်းအတွက် အစောပိုင်း ရန်ပုံငွေကို ရအောင် ကြိုးစားပေးပါဦး ဗျာ...။"
၎င်းကို ကြားသောအခါ လျန်ထျန်း ၏ မျက်မှောင်များမှာ ချက်ချင်းပင် ပြေလျော့သွားတော့သည်...။
*ဩော်... ယွမ် ငါးထောင် (၅,၀၀၀) ပဲလား...။ ငါက ငါးသောင်း (၅၀,၀၀၀) လို့ ထင်ပြီး လန့်သွားတာ...။*
*ဒါပေမဲ့ စဉ်းစားကြည့်ရင် ငါးထောင် ဆိုတာလည်း မနည်းပါဘူး...။ ငွေကြေးတန်ဖိုး မကျဆင်းခင်က ဆိုရင် ယွမ် ငါးဘီလီယံ တောင် ရှိတာလေ...။*
*ပြီးတော့ ဒါက အစောပိုင်း ရင်းနှီးမြှုပ်နှံမှုပဲ ရှိသေးတာ...။ နောင်ကျရင်လည်း ဆက်တိုက် ရင်းနှီးမြှုပ်နှံ ဖို့ လိုဦးမှာပဲ...။ စုစုပေါင်းဆိုရင် ယွမ် ငါးသောင်း (၅၀,၀၀၀) လောက် လိုအပ်လိမ့်မယ် ထင်တယ်...။*
*ကောင်းပြီလေ... အချိန်ရှိသေးရင်တော့ ငါ တတ်နိုင်ပါတယ်လေ...။*
ထိုသို့ တွေးတောပြီးနောက် လျန်ထျန်း က ခဏမျှ တုံ့ဆိုင်းဟန်ဆောင်ကာ အလေးအနက် ခေါင်းညိတ်ပြ လိုက်လေသည်...။
"ကောင်းပါပြီ...၊ ကျွန်တော့်ကို တစ်လ အချိန်ပေးပါ...။ ယွမ် ငါးထောင် (၅,၀၀၀) ရအောင် ရှာပြီး ဦးလေး ပြောတဲ့ အကောင့်ထဲကို လွှဲပေးပါ့မယ်...။"
လျန်ထျန်း က သဘောတူလိုက်သည်ကို ကြားသောအခါ ညွှန်ကြားရေးမှူးတန် သည် အလွန်ပင် ဝမ်းသာ သွားပြီး လက်ဖက်ရည်ခွက်ကို မြှောက်၍၊
"မစ္စတာလျန်... လူကြီးမင်းရဲ့ စိတ်စေတနာကို ကျွန်တော် နားလည်ပါတယ်...။ လူကြီးမင်း အဆင်ပြေ သလိုသာ ဆောင်ရွက်ပါ...။"
ပြောပြီးနောက် ညွှန်ကြားရေးမှူးတန် သည် အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ကြမ်းကို တစ်ငုံတည်းဖြင့် သောက်ချလိုက်လေတော့သည်...။ သောက်ပြီးသောအခါမှသာ ၎င်းမှာ ဝိုင်မဟုတ်ဘဲ လက်ဖက်ရည် ဖြစ်နေသည်ကို သတိပြုမိပြီး ပူလွန်းလှသဖြင့် လျှာပင် လောင်သွားရရှာလေသည်...။
လျန်ထျန်း က အားရပါးရ ရယ်မောလိုက်သောအခါ ညွှန်ကြားရေးမှူးတန် ကလည်း စိတ်မရှိဘဲ စကား များကို ဗလုံးဗထွေးဖြင့် ပြန်ပြောရှာလေ၏...။
"ကျွန်တော်တို့ ဝိုင်အစား လက်ဖက်ရည်နဲ့ပဲ ဂုဏ်ပြုလိုက်ကြရအောင်လေ...။"
ရဲဗျူရို မှ ထွက်လာပြီးနောက် လျန်ထျန်း သည် တိုင်ကြားမှုကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သဖြင့် အစားအ သောက် ပို့ဆောင်ခွင့် ပြန်ရလိမ့်မည်ဟု တွေးနေမိသည်...။
နေရာအနှံ့တွင် လိုအပ်နေသော ပိုက်ဆံများကို တွေးတောရင်း သူသည် ခဏမျှပင် အနားမယူနိုင်ကြောင်း သိလိုက်ရလေသည်...။
သို့သော်လည်း ဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်သောအခါ လျန်ထျန်း မှာ မှင်တက်သွားရပြန်လေသည်...။ သူ၏ အကောင့်မှာ အမှာစာ လက်ခံခွင့် ပိတ်ပင်ခံထားရဆဲ ဖြစ်ပြီး တိုင်ကြားမှုမှာလည်း ပျောက်ကွယ်မသွား သကဲ့သို့ ဒဏ်ကြေးမှာလည်း ပြန်လည် ရောက်ရှိမလာသေးပေ...။
ထို့ကြောင့် လျန်ထျန်း သည် အခြေအနေကို သိရှိရန် တာဝန်ခံ ထံသို့ အလျင်အမြန် သွားရောက်ခဲ့လေ သည်...။
သို့သော်လည်း ထိုသူက ဝန်ဆောင်မှု ဌာန သို့သာ ထပ်မံ လွှဲပြောင်းပေးလိုက်ပြန်လေသည်...။ လျန်ထျန်း သည် ဝန်ဆောင်မှု ဌာန သို့ ထပ်မံ ဖုန်းဆက်၍ မေးမြန်းလိုက်သောအခါ ရရှိလာသည့် အဖြေမှာ လက်ခံ နိုင်စရာ မရှိလှပေ...။
"တိုင်ကြားချက် ရုပ်သိမ်းတာလား...။ ကျွန်တော်တို့ဆီမှာ မတွေ့သေးဘူး...။ အချိန်အနည်းငယ် ကြန့် ကြာနေတာ ဖြစ်လိမ့်မယ်...။"
"ရပါတယ်...။ ဝယ်ယူသူဘက်က ဖုန်းဆက်ပြီး ရုပ်သိမ်းလိုက်ပြီ ဆိုရင်တော့ ခဏလောက် စောင့်ကြည့် လိုက်ပါဦး...။ အချိန်တော့ နည်းနည်း ပေးရမှာပေါ့...။"
"သုံးရက်တိုင်တိုင် အမှာစာ ပို့ခွင့် ပိတ်ပင်ခံထားရတာကိုတော့ သုံးရက်တာ အားလပ်ရက်လို့ပဲ သတ်မှတ် ပြီး အနားယူလိုက်ပါဦးလား...။"
၎င်းကို ကြားသောအခါ လျန်ထျန်း က ဒေါသတကြီး ပြောလိုက်လေသည်...။
"အနားယူရမယ် ဟုတ်လား...။ အမှာစာ တစ်ခု ပို့မှ ပိုက်ဆံရတဲ့ ကျွန်တော်တို့လို လူတွေအတွက် အနား ယူဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား...။ စိတ်အေးလက်အေး အနားယူနိုင်ပါ့မလား...။"
"တခြား ကြန့်ကြာတာတွေကိုတော့ ကျွန်တော် သည်းခံနိုင်ပါတယ်...။ ဒါပေမဲ့ အမှာစာ ပို့ခွင့် ပိတ်ပင် ထားတာကိုတော့ အခုချက်ချင်း ဖယ်ရှားပေးပါ...။"
"ကျွန်တော်တို့က ဒါနဲ့ပဲ အသက်မွေးနေရတာဗျ...။ ကျွန်တော်တို့ရဲ့ အသက်သွေးကြောကို ခုလိုမျိုး ဖြတ်တောက်လို့ မရဘူးလေ...။"
လျန်ထျန်း က မည်သို့ပင် ဆိုစေကာမူ ဝန်ဆောင်မှု ဌာန ၏ အဖြေမှာ ထပ်တူပင် ဖြစ်နေ၏...။
"ခဏလောက် စောင့်ပေးပါဦး...။ ကျွန်တော်တို့က စည်းမျဉ်းအတိုင်း လုပ်ဆောင်နေတာပါ...။ ခင်ဗျား ပြောသလိုပဲ လုပ်ပေးလို့ မရပါဘူး...။ တခြား ကိစ္စ မရှိတော့ရင်တော့ ဒီမှာပဲ ရပ်လိုက်ကြရအောင်ပါ...။"
ဖုန်းချပြီးနောက် လျန်ထျန်း သည် လက်သီးကို တင်းတင်းဆုပ်ကာ စိတ်ထဲမှ ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေသည်...။
"တစ်နေ့ကျရင်... အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလုံးကို ငါ ဝယ်ပစ်မယ်...။"
"အဲ့အချိန်ကျရင် အသုံးမကျတဲ့ ဒီစည်းမျဉ်းတွေကို အမှိုက်ပုံထဲ ပစ်ထည့်မယ်...။ ပြီးတော့ ငါ့ရဲ့ ပို့ဆောင် သူ ညီအစ်ကိုတွေ အားလုံးအတွက် ပိုမို ကောင်းမွန်တဲ့ အကျိုးခံစားခွင့်တွေ ရအောင် လုပ်ပေးမယ်...။"
"အနည်းဆုံးတော့ ညီအစ်ကိုတွေ အားလုံးအတွက် ပုံမှန် အလုပ်ခန့်ထားမှု စာချုပ်တွေ၊ လူမှုဖူလုံရေးနဲ့ အိမ်ရာ ရန်ပုံငွေ အကျိုးခံစားခွင့်တွေ ရရှိစေပြီး ဘဝကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်အောင် လုပ် ပေးမယ်...။"
သို့သော်လည်း ထိုပန်းတိုင်သို့ ရောက်ရှိရန်မှာ အလွန်ပင် ဝေးကွာလှကြောင်း လျန်ထျန်း သိရှိပေသည်...။ သူသည် ဖုန်းမှတစ်ဆင့် အဝါရောင်သားပိုက်ကောင် ကုမ္ပဏီ ၏ လက်ရှိ ဈေးကွက်တန်ဖိုးကို စစ်ဆေး ကြည့်လိုက်သောအခါ ယွမ် တစ်သန်း (၁,၀၀၀,၀၀၀) ကျော် ရှိနေသည်ကို တွေ့ရလေသည်...။
အကယ်၍ ငွေကြေးတန်ဖိုး တစ်သန်းဆ မကျဆင်းမီ အခြေအနေဖြင့် တွက်ချက်မည်ဆိုလျှင် ၎င်းမှာ ယွမ် တစ်ထရီလီယံ (၁၀,၀၀၀ ဘီလီယံ) ကျော် ရှိနေခြင်းပင် ဖြစ်သည်...။
အဆုံးသတ်တွင် ၎င်းမှာ နယ်ပယ်အတွင်းရှိ ယူနီကွန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်နေသဖြင့် ထိုမျှလောက် သော ပိုက်ဆံ ရှိနေမည်မှာ အမှန်ပင် ဖြစ်သည်...။
ထိုသည်မှာ အဝါရောင်သားပိုက်ကောင် ကုမ္ပဏီ ၏ အမြင့်ဆုံး အခြေအနေပင် မဟုတ်သေးပေ...။
၎င်း၏ အမြင့်ဆုံး အချိန်တွင် အံ့အားသင့်ဖွယ်ကောင်းသော သုံးထရီလီယံ အထိ ရှိခဲ့ဖူးလေသည်...။
ငွေကြေးတန်ဖိုး အဆတစ်သန်း ကျဆင်းသွားပြီးနောက်တွင်ပင် ၎င်းမှာ ယွမ် သုံးသန်း ကျော် တန်ဖိုးရှိနေ ဆဲပင် ဖြစ်လေသည်...။
သို့သော်လည်း ထိုအမြင့်ဆုံး အခြေအနေသို့ ထပ်မံ ရောက်ရှိရန်မှာ မလွယ်ကူတော့ပေ...။ လက်ရှိ တန်ဖိုးမှာပင် ၎င်း၏ အမှန်တကယ် တန်ဖိုးဖြစ်နေပြီး ကြာရှည်စွာ တည်ငြိမ်နေခဲ့ပေသည်။ အကယ်၍ လျန်ထျန်း သည် အစားအသောက် ပို့ဆောင်ရုံသက်သက်ဖြင့် ထိုကုမ္ပဏီကြီးကို ဝယ်ယူရန် ကြိုးစားမည် ဆိုပါလျှင် ဆယ်စုနှစ်တစ်ခုထက်မက ကြာမြင့်ပေလိမ့်မည်...။
သို့သော်လည်း လျန်ထျန်း သည် မကြာသေးမီကပင် ကုမ္ပဏီများစွာတွင် ရင်းနှီးမြှုပ်နှံခြင်းမှာ ပိုက်ဆံများ စွာ ကုန်ကျသော်လည်း ရေရှည်တွင် အကျိုးအမြတ် များစွာ ရရှိနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့လေသည်။
အထူးသဖြင့် ဟယ်ရှန့် ၏ ကုမ္ပဏီကဲ့သို့သော လုပ်ငန်းများမှာ တစ်နေ့တွင် ယူနီကွန်း ဖြစ်လာခဲ့မည်ဆို ပါလျှင် အဝါရောင်သားပိုက်ကောင် ကုမ္ပဏီ ၏ အမြင့်ဆုံး အခြေအနေကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့် မည် မဟုတ်ပါလား...။
ဒါကြောင့် အနာဂတ်၏ ဆန္ဒများ ပြည့်ဝလာစေရန်အတွက် လက်ရှိ ခြေလှမ်းတိုင်းကို သေသေချာချာ နင်းရမည် ဖြစ်သည်...။ သည်းခံသင့်သည်ကို သည်းခံကာ ကြိုးစားသင့်သည်ကို ကြိုးစားရမည်...။ ခရီးတစ်သောင်း၏ အစမှာ ခြေတစ်လှမ်းက စတင်သည် မဟုတ်ပါလား...။
ကံကောင်းထောက်မစွာဖြင့် နောက်တစ်နေ့ မွန်းတည့်ချိန်တွင် တိုင်ကြားမှုကို ရုပ်သိမ်းပေးလိုက်ပြီး ယွမ် (၈၀) ဒဏ်ကြေးကိုလည်း ပြန်လည် ရရှိခဲ့လေသည်...။
အရေးကြီးဆုံးမှာ အကောင့်မှာ အမှာစာ လက်ခံခွင့် ပြန်လည် ရရှိသွားခြင်းပင် ဖြစ်ရာ လျန်ထျန်း သည် အစားအသောက် ပို့ဆောင်ခြင်းဖြင့် ပိုက်ဆံ ထပ်မံ ရှာဖွေနိုင်ပြီ ဖြစ်ပေသည်...။
တစ်စက္ကန့်မျှပင် အချိန်မဖြုန်းတော့ဘဲ သူသည် ချက်ချင်းပင် အလုပ်စတင်လိုက်တော့သည်...။
ထိုသို့ အလုပ်များနေသည်မှာ ည (၁၀) နာရီကျော်သည်အထိပင် ဖြစ်၏။ ဗိုက်ဆာလွန်း၍ မခံမရပ်နိုင် ဖြစ်လာသောအခါမှသာ လျန်ထျန်း သည် လမ်းဘေး ခေါက်ဆွဲဆိုင်လေးတစ်ခုတွင် ခေါက်ဆွဲတစ်ပွဲ မှာယူလိုက်လေသည်...။
သူ ခေါက်ဆွဲစားနေစဉ်မှာပင် အသက် လေး၊ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခေါ်ဆောင်လာသော ပို့ဆောင်သူ တစ်ဦး ဆိုင်အတွင်းသို့ ဝင်လာသည်ကို တွေ့လိုက်ရလေသည်...။
ခေါင်းလောင်းလေး ဆောင်းထားသော ထိုကလေးငယ်မှာ အလွန်ပင် ချစ်စရာ ကောင်းလှပြီး သူ၏ ဖခင် ဖြစ်သူ ပို့ဆောင်သူ ညီအစ်ကို ၏ လက်ကို မြဲမြဲဆုပ်ကိုင်ထားရှာလေသည်...။
ပို့ဆောင်သူ ညီအစ်ကို မှာ ဆိုင်အတွင်းသို့ ဝင်လာပြီးနောက် အမှာစာ နံပါတ် (၁၅) ရပြီလားဟု မေးမြန်း လိုက်လေသည်...။ ဆိုင်ရှင်က ခဏစောင့်ပါဦး၊ မကြာခင် ရတော့မည်ဖြစ်ကြောင်း ပြောလိုက်သဖြင့် ထို ပို့ဆောင်သူ ညီအစ်ကို သည် ကလေးငယ်နှင့်အတူ ကောင်တာရှေ့တွင် စောင့်ဆိုင်းနေခဲ့လေသည်...။
ကောင်တာပေါ်တွင် အချိုရည်ဘူးများစွာကို ခင်းကျင်း ပြသထားသည်ဖြစ်ရာ ကလေးငယ်သည် ထို အချိုရည်ဘူးများကို မျှော်လင့်တကြီး စိုက်ကြည့်နေပြီးနောက် ရုတ်တရက် လက်လှမ်း၍ တစ်ဘူးကို ယူလိုက်လေသည်...။ ၎င်းကို မြင်သောအခါ ပို့ဆောင်သူ ညီအစ်ကို က အချိုရည်ကို အလျင်အမြန် ပြန်ယူ၍ ကောင်တာပေါ်သို့ ပြန်တင်လိုက်ရင်း ကလေးငယ်ကို ပြောလိုက်လေ၏...။
"သူများ ပစ္စည်းကို ဒီအတိုင်း ယူလို့ မရဘူးလေ...။ သား သိတယ် မဟုတ်လား...။"
သို့သော်လည်း ကလေးငယ်က သနားစရာ ကောင်းသော လေသံဖြင့် ပြောလိုက်ရှာသည်...။
"ဖေဖေ... ဒါပေမဲ့ သား အဲ့ဒါ သောက်ချင်တယ်...။ မူကြိုက သူငယ်ချင်းတွေ အမြဲ သောက်ကြတာ...။ သားက တစ်ခါမှ မသောက်ဖူးဘူး...။ အဲ့ဒါက ဘယ်လို အရသာ ရှိမလဲ သိချင်လို့ပါ...။"
အခန်း (၁၃၀)
ငယ်ဘဝ၏ နောင်တများ
ဤစကားကို ကြားသောအခါ အစားအသောက် ပို့ဆောင်သူ အမျိုးသားမှာ ခေတ္တမျှ တုန့်ဆိုင်းသွားပြီး နောက် မျက်နှာတွင် သားဖြစ်သူအပေါ် အားနာစိတ်နှင့် နောင်တရိပ်များ ထင်ဟပ်လာလေတော့သည်။ သူသည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ ခေါက်ဆွဲဆိုင်ပိုင်ရှင်ကို မေးလိုက်လေသည်။
"သူဌေး... ဒီအအေးတစ်ပုလင်းကို ဘယ်လောက်လဲ...။"
ခေါက်ဆွဲဆိုင်ပိုင်ရှင်သည် အလုပ်ရှုပ်နေရင်းမှ လှမ်းကြည့်ကာ ပြောလိုက်လေသည်။
"တစ်ပြားတည်းပါ...။"
ငွေကြေးတန်ဖိုး အဆတစ်သန်း မကျဆင်းမီကာလကဆိုလျှင် ထိုတစ်ပြားမှာ ဆယ်ယွမ်ခန့် တန်ဖိုးရှိပေ လိမ့်မည်။ ထိုပမာဏမှာ အလွန်အမင်း ဈေးမကြီးသော်လည်း အအေးတစ်ပုလင်းအတွက်မူ မနည်းလှ ပေ။
ပို့ဆောင်သူ အမျိုးသားမှာ တစ်ချက်မျှ တွေဝေသွားပြီးနောက် သားဖြစ်သူ ရှောင်တုန်း၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ချော့မော့၍ ပြောလိုက်ရရှာလေသည်။
"ရှောင်တုန်း...၊ သား ဗိုက်ဆာရင် အဖေတို့ စကူတာပေါ်မှာ ရေဗူးရှိတယ်လေ...၊ ခဏနေရင် အဖေ သွားယူပေးမယ် ဟုတ်ပြီလား...။"
ထိုစကားကို ကြားလိုက်ရသောအခါ ကလေးငယ်မှာ မျက်နှာလေး ညှိုးငယ်သွားပြီး ငိုသံပါကြီးဖြင့် ပြောလေသည်။
"ဒါပေမဲ့ သား အဲ့ဒီအအေးကို သောက်ကြည့်ချင်တာ...။ ဘယ်လိုအရသာလဲဆိုတာ သိချင်လို့ပါ...။"
ဖခင်ဖြစ်သူ၏ မျက်ဝန်းထဲတွင် နာကျင်ရိပ်များ ယှက်သန်းသွားသော်လည်း သူသည် မျက်နှာကို တင်းထားကာ သားဖြစ်သူကို တည်တည်ငြိမ်ငြိမ် ပြောလိုက်ရလေသည်။
"ရှောင်တုန်း... သားက လိမ္မာရမယ်လေ...။ မေမေက အခု ဆေးရုံမှာ မဟုတ်လား...၊ မေမေ နေကောင်း အောင် ဆေးကုဖို့ ပိုက်ဆံစုရမယ်လေ...။ ဟုတ်ပြီလား...။"
မိခင်ဖြစ်သူအကြောင်း ကြားလိုက်ရသောအခါ ရှောင်တုန်းလေးမှာ ငိုနေရာမှ ချက်ချင်းရပ်တန့်သွားပြီး မျက်ရည်များကို ရဲရဲဝံ့ဝံ့ သုတ်လိုက်ကာ ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်လေတော့သည်။
"ဟုတ်ကဲ့...၊ ရှောင်တုန်း လိမ္မာပါ့မယ်နော်...။ ရှောင်တုန်း မေမေ့ကို နေကောင်းအောင် ကူညီမှာမို့ အအေး မသောက်တော့ဘူးနော်...။"
ခေါက်ဆွဲဆိုင်ပိုင်ရှင်သည် ထိုစကားများကို ကြားသောအခါ လက်ရှိလုပ်နေသည်များကို ရပ်တန့်၍ မော့ကြည့်လိုက်ပြီး၊
"အဲ့ဒီအအေးကို ကလေးကို ပေးလိုက်ပါ...၊ အလကား တိုက်တာပါ...။"
သို့သော် ပို့ဆောင်သူ အမျိုးသားက ခေါင်းခါယမ်းကာ ပြတ်သားစွာ ငြင်းပယ်လိုက်လေသည်။
"မလိုပါဘူး ခင်ဗျာ...။ ကလေးကို အလိုမလိုက်သင့်ဘူး၊ အလိုလိုက်ရင် သူတို့က မြင်တိုင်း လိုချင်နေ မှာ...။"
ထိုသို့ ပြောဆိုနေသော်လည်း သူ၏ မျက်နှာထက်မှ အားနာစိတ်နှင့် အကူအညီမဲ့နေသော အမူအရာကိုမူ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။
ခေါက်ဆွဲစားနေသော လျန်ထျန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ စိတ်နှလုံးထဲမှ နူးညံ့ သော နေရာလေးတစ်ခုကို ထိခိုက်သွားရလေသည်။ လျန်ထျန်းသည်လည်း ဆင်းရဲသော မိသားစုမှ ကြီးပြင်းလာသူ ဖြစ်ရာ သူငယ်ချင်းများ စားသောက်နေကြသည့် မိုင်လို၊ အမေ့အမဲသားခြောက်နှင့် ဝမ်ဝမ်နို့ အစရှိသည်တို့ကို ငေးကြည့်ခဲ့ရသည့် ငယ်ဘဝကို ပြန်လည် အမှတ်ရသွားမိခဲ့လေသည်။
လျန်ထျန်းသည် သူငယ်ချင်းတစ်ဦး၏ အိမ်သို့ သွားလည်စဉ်ကမှ ဝမ်ဝမ်နို့ကို တစ်ကြိမ်တစ်ခါမျှ သောက်ဖူးခဲ့ပြီး ထိုအရသာမှာ သူ၏ ငယ်ဘဝတစ်လျှောက်လုံးတွင် စွဲထင်နေခဲ့ရသည်။ သို့သော် ထိုစဉ်က မိသားစု အခြေအနေကြောင့် သူသည် လိုချင်တိုင်း မရနိုင်ခဲ့ပေ။
မုန်လာဥ၊ အာလူး စသည့် ဟင်းသီးဟင်းရွက်များက ပြားဂဏန်းသာ ရှိချိန်တွင် ဝမ်ဝမ်နို့ တစ်ဗူးမှာ သုံး၊ လေးယွမ်ခန့် ရှိနေသဖြင့် တစ်မိသားစုလုံး၏ ထမင်းတစ်နပ်စာနှင့် ညီမျှနေခဲ့သည် မဟုတ်ပါလား။
ထိုအကြောင်းကို တွေးမိရင်း ရဲရဲဝံ့ဝံ့ မျက်ရည်သုတ်နေသည့် ရှောင်တုန်းလေးကို ကြည့်ကာ လျန်ထျန်း မှာ စိတ်မကောင်း ဖြစ်သွားရလေသည်။ သူသည် မတ်တတ်ရပ်ကာ အနားသို့ လျှောက်သွားပြီး ဖုန်းကို ထုတ်၍ ငွေပေးချေမှု ကုဒ်ကို စကင်ဖတ်လိုက်လေသည်။
[တိခနဲ မြည်သံနှင့်အတူ ဇိရှင်းပေါင်မှ ငွေတစ်ပြား လက်ခံရရှိကြောင်း အကြောင်းကြားစာ ထွက်ပေါ် လာခဲ့လေသည်။]
ထို့နောက် လျန်ထျန်းသည် အအေးပုလင်းကို ယူကာ ကလေးငယ်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။
"ရော့... ဒါက မေမေ့စကားနားထောင်တဲ့ ကလေးလိမ္မာလေးအတွက် ဆုလာဘ်ပဲ... ။ သောက်လိုက် ပါဦး...။"
ထိုအခါ ပို့ဆောင်သူ အမျိုးသားမှာ ပျာပျာသလဲ လက်ကာလျက် ပြောလိုက်လေသည်။
"မလုပ်ပါနဲ့ ညီလေးရာ...၊ ညီလေးလည်း ပို့ဆောင်ရေးသမားပဲ၊ ငါတို့ ပိုက်ဆံရှာရတာ မလွယ်ဘူးဆိုတာ သိပါတယ်...။ ဒါကို ပြန်ထားလိုက်ပါ...။"
"ညီလေးက ငယ်သေးတယ်...။ အိမ်ထောင်ကျလာတဲ့အခါ အသုံးစရိတ်တွေ ဘယ်လောက်များလဲ ဆိုတာ သိလာလိမ့်မယ်...။ ပိုက်ဆံကို စုထားစမ်းပါ...။"
အမျိုးသားဖြစ်သူက အတင်းအကျပ် ငြင်းဆန်နေသဖြင့် လျန်ထျန်းသည် အအေးပုလင်း အဖုံးကို လှည့်ဖွင့်လိုက်ပြီး ပြုံးလျက်ပင် ဆက်ပြောလိုက်လေသည်။
"အစ်ကို... အဖုံးပွင့်သွားပြီဆိုတော့ ပြန်ပေးလို့ မရတော့ဘူး...။ ကလေးကိုပဲ ပေးလိုက်ပါ...။"
"အစ်ကိုလည်း တကယ် ပင်ပန်းနေရှာတာပဲ...။ ဇနီးက ဆေးရုံမှာ၊ ကလေးကိုလည်း ကြည့်ရသေးတယ်၊ ပစ္စည်းလည်း ပို့ရသေးတယ်...။"
"ကျွန်တော်က အများကြီး မကူညီနိုင်ပေမဲ့ အအေးတစ်ပုလင်းလောက်တော့ မငြင်းပါနဲ့...။"
ထိုသို့ ပြောပြီးနောက် လျန်ထျန်းသည် အအေးဗူးကို ရှောင်တုန်း၏ လက်ထဲသို့ အတင်းထည့်ပေးကာ သူ၏ လျှပ်စစ်စကူတာကို စီး၍ ညမှောင်မှောင်ထဲသို့ မောင်းနှင် ထွက်ခွာသွားလေတော့သည်။
ထိုစဉ် အအေးရသွားသော ရှောင်တုန်းလေးက သူ၏ ဖခင်ကို လှမ်းအော်ပြောလိုက်လေသည်။
"ဖေဖေ... ဖေဖေ... ဟိုဦးဦးက သားကို အအေးပေးသွားတာ...။ ဗူးပေါ်မှာ စာရွက်လေး တစ်ရွက်လည်း ကပ်ထားသေးတယ်...။"
အမျိုးသားဖြစ်သူက လှမ်းကြည့်လိုက်သောအခါ အအေးဗူးပေါ်တွင် တစ်ဆင့်တန် ငွေစက္ကူတစ်ရွက် ကပ်ထားသည်ကို တွေ့လိုက်ရလေသည်။ ယနေ့ခေတ်ကာလတွင် တစ်ဆင့်မှာ ငွေကြေးတန်ဖိုး မကျ ဆင်းမီက တစ်သိန်းယွမ်နှင့် ညီမျှပေသည်။
ပို့ဆောင်သူ အမျိုးသားမှာ ထိုငွေကို ကြည့်ကာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး လျန်ထျန်းကို ပြန်ပေးရန် ဆိုင်ပြင်သို့ အပြေးထွက်သွားသော်လည်း လျန်ထျန်းမှာ အရိပ်အယောင်ပင် မရှိတော့ပေ။ ချက်ချင်းပင် သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာပြီး လက်ထဲမှ ငွေစက္ကူလေးကို ကြည့်ကာ -
"ငါ ပစ္စည်းတွေ ဘယ်နှစ်ခေါက် ပို့မှ ဒီတစ်ဆင့်ကို ရမှာလဲ...၊ ဒီညီလေးက သူ့ရဲ့ စုဆောင်းထားသမျှ ပိုက်ဆံတွေ အကုန် ပေးသွားတာ ထင်တယ်...။"
တစ်ဖက်တွင်မူ လျန်ထျန်းသည် စတိုးဆိုင်တစ်ခုမှ ဝမ်ဝမ်နို့ တစ်ဗူးကို ဝယ်ယူကာ လမ်းဘေးတွင် ထိုင်သောက်နေခဲ့လေသည်။ ငယ်ဘဝက အရသာအတိုင်း ချိုမြိန်နေဆဲ ဖြစ်သော်လည်း သူသည် ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။
"ငယ်ငယ်တုန်းက အရသာနဲ့ ယှဉ်ရင် တစ်ခုခု လိုနေသလိုပဲ...။"
"ဟုတ်ပါတယ်...။ ငယ်ဘဝမှာ လက်လွတ်ခဲ့ရတာတွေကို အခု ဘယ်လောက်ပဲ ပြန်ဖြည့်ဆည်းပေးပါ စေ...။ အဲ့ဒီတုန်းက ခံစားချက်မျိုးကိုတော့ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး...။"
နောက်ထပ် ရက်ပေါင်း နှစ်ဆယ်ခန့်တွင် လျန်ထျန်းမှာ နံနက်မှ ညမိုးချုပ်အထိ အလုပ်များနေခဲ့လေ သည်။ လကုန်ခါနီးတွင် ညွှန်ကြားရေးမှူးတန် ပေးထားသော အကောင့်သို့ နိုင်ငံတော် နည်းပညာ စီမံကိန်း အတွက် (၅,၀၀၀) ယွမ် လွှဲပေးလိုက်လေသည်။ ထို့နောက် အချမ်းသာဆုံး အုပ်စုသို့လည်း (၃,၀၀၀) ယွမ် ထပ်မံ ရင်းနှီးမြှုပ်နှံလိုက်လေသည်။
ထို့ပြင် ဟယ်ရှန့်၏ ကုမ္ပဏီကို အိတ်ချ်မြို့တော်သို့ တိုးချဲ့ရန် အနည်းဆုံး (၁,၀၀၀) ယွမ်၊ ကျင်းတ အိမ် ခြံမြေ လုပ်ငန်းအတွက် (၁,၀၀၀) ယွမ်နှင့် ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီး ဆရာဝန်များကို ရှာဖွေနေသည့် အဖွဲ့အတွက်လည်း လစဉ် ပိုက်ဆံများစွာ သုံးစွဲနေရလေသည်။
တစ်လပတ်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့သော်လည်း လျန်ထျန်း၏ လက်ထဲတွင် ပိုက်ဆံ များများ စားစား မကျန်တော့ပေ။ သူသည် ရံဖန်ရံခါ သက်ပြင်းချရင်း၊
"ကုန်ဈေးနှုန်းတွေ အဆတစ်သန်း ကျသွားတာတောင် ငါ့မှာ ပိုက်ဆံမလောက်သလို ခံစားနေရတုန်းပဲ...။ အခုမှပဲ ဟိုသူဌေးကြီးတွေ ဘာလို့ အမြဲ ဆင်းရဲတယ်လို့ ငြီးတွားနေကြလဲဆိုတာ နားလည်သွားတော့ တယ်...။"
ပိုက်ဆံကုန်သွားလျှင် ဘာလုပ်ရမည်နည်း။ ဆက်ရှာရုံသာ ရှိသည်။ လျန်ထျန်းသည် နေ့စဉ်ရက်ဆက် ပစ္စည်းများကို မနားတမ်း ပို့ဆောင်နေခဲ့လေသည်။
တစ်နေ့တွင် လျန်ထျန်း၏ လျှပ်စစ်စကူတာ ပျက်သွားသဖြင့် ပြင်ဆိုင်သို့ ပို့ထားခဲ့ရလေသည်။
ဆိုင်ရှင်က နာရီဝက်ခန့် ကြာမည်ဟု ပြောသဖြင့် အချိန်မဖြုန်းလိုသော လျန်ထျန်းသည် သူ၏ မာစီးဒီး ဘန့်ဇ် ကားကြီးကို ထုတ်ကာ ပစ္စည်းသွားပို့ရန် ဆုံးဖြတ်လိုက်သည်။ ကားကို ဒီအတိုင်း ရပ်ထားမည့် အစား တစ်ပတ်ခန့် ထုတ်မောင်းခြင်းက ပိုကောင်းမည်ဟု သူ တွေးမိလိုက်သည်။
ဆိုင်တစ်ဆိုင်တွင် ပစ္စည်းသွားယူစဉ် ပို့ဆောင်သူ အမျိုးသားနှင့် သူ၏ သားဖြစ်သူကို ထပ်မံ တွေ့ဆုံ လိုက်ရပြန်လေသည်။ အမျိုးသားမှာ အစားအသောက် စောင့်နေပြီး ကလေးငယ်မှာမူ ဘေးတွင် ငြိမ် သက်စွာ ရပ်နေကာ ယခင်ကကဲ့သို့ ဂျီကျခြင်း၊ အအေးတောင်းခြင်းများ မပြုလုပ်တော့ပေ။
လျန်ထျန်းသည် အမျိုးသားဖြစ်သူက သူ့ကို မှတ်မိသွားမည်ကို စိုးရိမ်သဖြင့် နှာခေါင်းစည်းကို အမြန် တပ်လိုက်လေသည်။ သို့မဟုတ်ပါက ထိုသူသည် သူ့နောက်သို့ အတင်းလိုက်ကာ ငွေပြန်ပေးရန် ကြိုးစားပေလိမ့်မည်။
လျန်ထျန်း၏ အမှာစာမှာ အမျိုးသားဖြစ်သူ၏ နောက်တွင် ဖြစ်သဖြင့် လူအများကြားတွင် သတိမပြုမိ နိုင်ပေ။
သို့သော် ဤဆိုင်၏ အခြေအနေမှာ ဘာဖြစ်နေပါသနည်း။ ပို့ဆောင်သူများစွာ ဘာကြောင့် စုပြုံစောင့် ဆိုင်းနေရပါသနည်း။
ပို့ဆောင်သူ အများအပြားမှာ အချိန်မမှီမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်ကို အမြန်လုပ်ပေးရန် တောင်းဆိုနေ ကြလေသည်။ သို့သော် ဆိုင်ရှင်မှာ အသားဖြူဖြူ ဝဝဖိုင့်ဖိုင့် အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး သူမသည် အေးအေးဆေးဆေး လုပ်နေရုံသာမက ပို့ဆောင်သူများကိုပါ ပြန်လည် ငေါက်ငမ်းနေလေသည်။
"အားလုံး ပါးစပ်ပိတ်ထားစမ်း...။ နောက်တစ်ယောက် ထပ်အော်ရင် သူ့အမှာစာကို အနောက်ဆုံးမှ လုပ်ပေးမယ်...။"
ထိုစကားကို ကြားသောအခါ ပို့ဆောင်သူများမှာ အချိန်ကျော်သွားမည်ကို စိုးရိမ်သဖြင့် ဒေါသကို မြိုသိပ် ကာ ငြိမ်နေကြရရှာပေသည်။ အမျိုးသမီးကြီးမှာမူ သူမ၏ အာဏာကို ပြလိုက်ရသဖြင့် ကျေနပ်နေသော အမူအရာရှိနေခဲ့လေသည်။
နောက်ထပ် ဆယ်မိနစ်ခန့် ကြာသွားသော်လည်း အမှာစာ တစ်ခုသာ ထွက်လာသေးသည်။ ပို့ဆောင်သူ အမျိုးသားသည် သူ၏ ဖုန်းကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"သူဌေး... ကူညီပါဦး...။ ကျွန်တော့်အမှာစာက ပို့ဖို့ ဆယ်မိနစ်ပဲ ကျန်တော့တယ်...။ မြန်မြန်လေး လုပ်ပေးပါဦး မဟုတ်ရင် အချိန်ကျော်သွားပါလိမ့်မယ်...။"
ထိုသို့ အနူးအညွတ် တောင်းဆိုမှုကို အမျိုးသမီးကြီးက ဂရုမစိုက်ဟန်ဖြင့် မေးလိုက်လေသည်။
"နံပါတ် ဘယ်လောက်လဲ...။"
အမျိုးသားဖြစ်သူက သူဌေးမကြီးက မြန်မြန်လုပ်ပေးတော့မည်ဟု ထင်ကာ ဝမ်းသာအားရ ပြန်ပြော လိုက်လေသည်။
"နံပါတ် (၂၀) ပါ...။ ခုနက (၁၉) ပြီးသွားပြီဆိုတော့ ကျွန်တော့်အလှည့် ရောက်တော့မှာ မဟုတ်လား...။"
သို့သော် အမျိုးသမီးကြီးက အေးစက်စွာ ပြုံးလိုက်ပြီး၊
"နံပါတ် (၂၀) ဟုတ်လား.... လောလှချည်လား...။ သေဖို့ အလောတကြီး ဖြစ်နေတာလား...။"
"ကောင်းပြီလေ...၊ မင်းက အရမ်း အလောတကြီး ဖြစ်နေတယ်ဆိုတော့ အနောက်ဆုံးမှာ သွားစောင့် နေလိုက်...။ မင်းရဲ့ အမှာစာကို အကုန်လုံး ပြီးမှ လုပ်ပေးမယ်...။"
ထိုစကားကြောင့် ပို့ဆောင်သူ အမျိုးသားမှာ မှင်တက်သွားရလေသည်။ သူသည် အခြေအနေကို သဘောပေါက်သွားခဲ့ပြီး ပြန်လည် တောင်းပန်ရှာလေသည်။
"တောင်းပန်ပါတယ်...။ ကျွန်တော် တကယ် အချိန်မမှီတော့လို့ပါ...၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ ဘူး ...။ ကျေးဇူးပြုပြီး...၊"
အမျိုးသားဖြစ်သူ စကားမဆုံးမီမှာပင် အမျိုးသမီးကြီးက အော်ဟစ်ကာ ကြားဖြတ်ပြောလိုက်လေ သည်။
"လူစကား နားမလည်ဘူးလား...။ နောက်ဆုံးမှာ သွားစောင့်နေလို့ ပြောနေတယ်လေ...။ မဟုတ်ရင် ဒီနေ့ ဘာမှ ရမှာ မဟုတ်ဘူး...။"
ဤစကားများက ပို့ဆောင်သူ အားလုံးကို ဒေါသထွက်စေသော်လည်း သူမက ဒုက္ခပေးမည်ကို စိုးရိမ် သဖြင့် မည်သူမျှ ဝင်မပြောရဲကြပေ။ ပို့ဆောင်သူ အမျိုးသားမှာမူ သက်ပြင်းချရင်း ဖုန်းကို ထုတ်ကာ ဖောက်သည်ထံသို့ ဆက်သွယ်လိုက်ရတော့သည်။
"ဟယ်လို... အစားအသောက် ပို့ဆောင်သူပါ...။ ဆိုင်က အစားအသောက် မပြင်ရသေးလို့ အချိန်နောက် ကျပါလိမ့်မယ်ခင်ဗျာ...။"
"ဟုတ်ကဲ့... တော်တော်ကြာမယ့် ပုံပဲဗျ...။ ဪ... အမှာစာကို ပယ်ဖျက်လိုက်မယ်ပေါ့...။ ဟုတ်ကဲ့ ပါ...။"
"တောင်းပန်ပါတယ်ခင်ဗျာ...၊ ဆိုင်ကိုယ်စားလည်း တောင်းပန်ပါတယ်...။"
အခြားနည်းလမ်း မရှိတော့သဖြင့် အမျိုးသားဖြစ်သူသည် ဖောက်သည်နှင့် ညှိနှိုင်းကာ အမှာစာ ပယ် ဖျက်ရန် လုပ်ဆောင်လိုက်ရလေသည်။ ဖောက်သည်ကလည်း သဘောကောင်းသူ ဖြစ်သဖြင့် အခက် အခဲ မပြုလုပ်ခဲ့ပေ။
သို့သော် ထိုစကားကို ကြားလိုက်ရသောအခါ ဝဝဖိုင့်ဖိုင့် အမျိုးသမီးကြီးမှာ ရုတ်တရက် ရူးသွပ်သွား သကဲ့သို့ အော်ဟစ်လေတော့သည်။
"တောက်...၊ မင်းကို ဘယ်သူက အမှာစာ ပယ်ဖျက်ခွင့် ပေးလို့လဲ...။ ငါ့ရဲ့ ဝင်ငွေကို ဖျက်ဆီးနေတာပဲ...။"
အမျိုးသားဖြစ်သူက အားနာစွာဖြင့်၊
"ခင်ဗျားက အစားအသောက် ပြင်တာ အရမ်းနောက်ကျနေတာကိုး...။ ဆယ်မိနစ်ပဲ ကျန်တော့တာ၊ အချိန်ကျော်ရင် ကျွန်တော် ဒဏ်ရိုက်ခံရမှာလေ...။"
"ဒဏ်ရိုက်ခံရရင် ကျွန်တော် နှစ်ရက် သုံးရက်စာ အလကား လုပ်ပေးရသလို ဖြစ်သွားမှာ...။ ဒါကြောင့် ဖောက်သည်ကို ရှင်းပြရတာပါ...။ ပြီးတော့ ဖောက်သည်ကပဲ အမှာစာကို ပယ်ဖျက်တာပါ...။ ကျွန်တော် က...။"
အမျိုးသမီးကြီးကမူ မည်သည့် ရှင်းပြချက်ကိုမျှ နားမဝင်ဘဲ သောင်းကျန်းနေတော့သည်။
"မင်း အချိန်ကျော်တာ မကျော်တာ၊ ဒဏ်ရိုက်ခံရတာတွေက ငါနဲ့ ဘာဆိုင်လို့လဲ...။"
"ရှင်းရှင်းပဲပြောမယ်...။ မင်း ဖောက်သည်ကို အမှာစာ ပယ်ဖျက်ခိုင်းလို့ ငါ ပိုက်ဆံ မရတော့ဘူး...။ ဒါကြောင့် ဒီအစားအသောက်ဖိုးကို မင်း လျော်ပေးရမယ်...။"