အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း (၁၂၁)
အမှားတစ်ခု ဖြစ်နေသည် မဟုတ်ပါလား
ထိုအဖိုးကြီးမှာ ဟန်ဆောင်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသော်လည်း မြေပြင်ပေါ်တွင် လဲလျောင်းကာ ညည်းတွားနေသည့် ပုံရိပ်ကို ကြည့်ရသည်မှာ ထိတ်လန့်ဖွယ် ကောင်းနေပေသည်။
အစားအသောက် အခိုးခံလိုက်ရသည့် ပို့ဆောင်သူမှာ ဘာလုပ်ရမှန်းမသိဘဲ အကူအညီတောင်းရန် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုနေသော်လည်း သူ ကြည့်လိုက်သည့် လူတိုင်းက ရှောင်ဖယ်သွားကြလေ သည်။
လျန်ထျန်းတစ်ဦးသာ နောက်မဆုတ်ဘဲ ရှေ့သို့ တိုးလာကာ တည်ငြိမ်စွာ ပြောလိုက်လေ၏။
"မစိုးရိမ်ပါနဲ့...၊ အခုချက်ချင်း ရဲစခန်းကို ဖုန်းဆက်လိုက်ပါ...။ ကျွန်တော် သက်သေအဖြစ် လိုက်ပေးပါ့ မယ်...။"
"ဒီလို အရှက်မရှိတဲ့ အဖိုးကြီးမျိုး၊ အစားအသောက် သူခိုးတစ်ယောက်ကို အလွယ်တကူ လွှတ်ပေးလိုက် လို့ မဖြစ်ဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်...။"
မကြာမီပင် ရဲကားမှာ ဥဩသံပေးရင်း ရောက်ရှိလာခဲ့လေသည်။ အခြေအနေကို အနည်းငယ် မေးမြန်း ပြီးနောက် ရဲအရာရှိသည် လျန်ထျန်း၊ ပို့ဆောင်သူနှင့် အဖိုးကြီးတို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့လေ တော့သည်။
နယ်မြေရဲစခန်းသို့ ရောက်ရှိသောအခါ ပို့ဆောင်သူက အဖိုးကြီး၏ ယခင်ခိုးယူမှုများကို ဗီဒီယိုသက်သေ တင်ပြခဲ့လေသည်။ ဗီဒီယိုထဲတွင် အဖိုးကြီးမှာ အစားအသောက် ထုပ်ပေါင်းငါးခု၊ ခြောက်ခုကို သယ် ဆောင်ကာ ဗီဒီယိုရိုက်နေသော ပို့ဆောင်သူထက်ပင် ပိုမို လျင်မြန်စွာ ပြေးလွှားနိုင်သည်ကို တွေ့ရလေ သည်။
ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေသော်လည်း အဖိုးကြီးမှာမူ အရှက်မရှိ လိမ်ညာနေဆဲ ပင်။ သူသည် ဟိုနားက နာသည်၊ ဒီနားက အောင့်သည်ဟု ဆိုကာ နည်းမျိုးစုံဖြင့် သနားစရာ ကောင်း အောင် ဟန်ဆောင်နေခဲ့လေသည်။
လျန်ထျန်းကလည်း ပို့ဆောင်သူအနေဖြင့် အဖိုးကြီးကို ထိခိုက်အောင် မည်သို့မျှ မပြုမူခဲ့ကြောင်း သက်သေအဖြစ် ထွက်ဆိုပေးခဲ့ပေသည်။ သို့သော်လည်း အဖိုးကြီး၏ မှတ်ပုံတင်ကို ကြည့်ရှုပြီးနောက် ရဲအရာရှိက တိုက်ရိုက်ပင် ပြောလိုက်လေ၏။
"ဒီအဖိုးကြီးက အသက်ခုနစ်ဆယ်ကျော်နေပြီ... ။ စည်းမျဉ်းများအရ သူ့ကို ဖမ်းဆီးထိန်းသိမ်းထားလို့ မရဘူး...။"
"အဆုံးသတ်မှာတော့ ဒါကို အရပ်ဘက် အငြင်းပွားမှုအဖြစ်ပဲ သတ်မှတ်နိုင်မယ်...။ ညှိနှိုင်းဖြေရှင်းတာ က အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်...။"
ရဲအရာရှိ၏ စကားကို ကြားပြီးနောက် နာကျင်ဟန်ဆောင်နေသော အဖိုးကြီးကို ကြည့်ကာ ပို့ဆောင်သူ မှာ မျက်နှာပျက်သွားပြီး နာကျည်းစွာ ပြောလိုက်လေသည်။
"ညှိနှိုင်းလို့ ရမယ်ဆိုရင် ကျွန်တော်တို့ ဘာလို့ ဒီကို ရောက်လာမလဲဗျာ...။"
"ဒီအဖိုးကြီးက သူ့ကို ဖမ်းလို့မရဘူးဆိုတာ သိနေလို့ အခုလို ရဲတင်းနေတာပေါ့...။"
"ဒီမှာ ဘာမှ လုပ်ပေးလို့မရဘူးဆိုရင်တော့ ကျွန်တော်ပဲ အနစ်နာခံလိုက်ပါ့မယ်...။ တခြား ဘာလုပ်နိုင်ဦး မှာလဲ...။"
လျန်ထျန်းက မျက်မှောင်ကြုတ်ကာ ရဲအရာရှိများကို လှည့်ကြည့်၍ မေးလိုက်လေသည်။
"တကယ်ပဲ ဘာမှ လုပ်လို့မရတော့ဘူးလား...။ ကျွန်တော် ရှေ့နေငှားပြီး သူ့ကို တရားစွဲရင်ရော ဘယ် လိုလဲ...။"
လျန်ထျန်းမှာလည်း ပို့ဆောင်သူ ဝတ်စုံဝတ်ထားသည်ကို မြင်သောအခါ ရဲအရာရှိများက သူ့ကို အလေး မထားခဲ့ကြပေ။ ရဲအရာရှိတစ်ဦးက လှောင်ပြောင်သလို ရယ်မောရင်း ပြောလိုက်လေ၏။
"စားစရာ အနည်းငယ်အတွက်နဲ့ တရားစွဲရတာ တန်တယ်လို့ မင်းထင်ရင်လည်း စွဲပေါ့...။ အဲ့ဒါ ငါတို့ကိစ္စ မဟုတ်ဘူး...။"
ထိုစကားကြောင့် လျန်ထျန်း၏ မျက်မှောင်များမှာ ပို၍ပင် တွန့်ချိုးသွားရသည်။ ဤနေရာမှာ နယ်မြေ ရဲစခန်း ငယ်လေးမျှသာ ဖြစ်ပေသည်။ ယခင်က လျန်ထျန်းသည် ပရဟိတ ရေခဲသေတ္တာပိုင်ရှင်အဖြစ် ရဲစခန်းသို့ သွားခဲ့စဉ်က မြို့လယ်ရဲစခန်းသို့ သွားခဲ့ခြင်းဖြစ်၍ ဤစခန်းမှ ရဲများက သူ့ကို မမှတ်မိကြခြင်း ဖြစ်သည်။
ဤနယ်မြေစခန်းမှ ရဲအရာရှိအများစုမှာ ပျင်းရိပြီး အလုပ်လုပ်ရာတွင် တင်းမာခက်ထန်ကာ စည်းမျဉ်း စည်းကမ်းများကိုသာ အကြောင်းပြတတ်ကြသူများ ဖြစ်သည်။ လျန်ထျန်းက ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာ ပြောလိုက်လေသည်။
"ခင်ဗျားတို့က ရဲအရာရှိတွေပဲ...။ ကျွန်တော်တို့က မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိလို့ ခင်ဗျားတို့ဆီ လာ တာ...။ ဘယ်လိုလုပ်ပြီး တာဝန်မယူဘူးလို့ ပြောနိုင်ရတာလဲ...။"
ထိုစကားကို ကြားသောအခါ ပျင်းရိနေသော ရဲအရာရှိအားလုံး၏ အကြည့်များမှာ လျန်ထျန်းထံသို့ ရောက်ရှိ လာခဲ့ကြလေသည်။ အကယ်၍ အကြည့်များတွင် အပူရှိန် ပါဝင်ပါက လျန်ထျန်းမှာ ယခုအချိန် တွင် လောင်ကျွမ်းသွားပေလိမ့်မည်။
ထိုစဉ် ပုခုံးပေါ်တွင် အဆင့်တံဆိပ်များစွာ တပ်ဆင်ထားသည့် အရာရှိတစ်ဦးမှာ သူဖတ်နေသော သတင်း စာနှင့် လက်ဖက်ရည်ခွက်ကို ချကာ ဖြည်းညင်းစွာ လျှောက်လာခဲ့လေသည်။
"ငါတို့က တာဝန်ယူမှာပေါ့...၊ ဘယ်သူက တာဝန်မယူဘူး ပြောလဲ...။"
"ကြည့်စမ်း... ဒီအဖိုးကြီးမှာ ဘယ်လောက်တောင် နာကျင်နေရလဲ...။ ဒီပို့ဆောင်သူ နှစ်ယောက်ကို အရင် ဆုံး ဖမ်းဆီးလိုက်ကြ...။"
ချက်ချင်းပင် ရဲစခန်းအတွင်းရှိ ရဲအရာရှိများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။ အခိုးခံရ သည့် ပို့ဆောင်သူမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
"နေပါဦး... ကျွန်တော်တို့က တိုင်ချက်ဖွင့်တဲ့သူတွေလေ...။ ခင်ဗျားတို့ တစ်ခုခု မှားနေပြီ...။"
သို့သော်လည်း သူ စကားမဆုံးမီမှာပင် ရဲအရာရှိနှစ်ဦးက သူ့ကို စားပွဲပေါ်သို့ ဖိနှိပ် ချုပ်နှောင်လိုက်ကြ လေသည်။ လျန်ထျန်းကမူ မခုခံဘဲ လက်ကို မြှောက်ထားကာ ပြောလိုက်လေသည်။
"ကျွန်တော့်ကို ဖမ်းလို့ ရပါတယ်...။ ဒါပေမဲ့ အရင်ဆုံး ဖုန်းတစ်ချက်လောက် ဆက်ပါရစေ...။"
လျန်ထျန်းက မခုခံသည်ကို မြင်သောအခါ ထိုအရာရှိက လျန်ထျန်း ကြောက်ရွံ့သွားပြီဟု ထင်မှတ်ကာ လှောင်ပြောင်လိုက်လေသည်။
"ရတာပေါ့... ငါတို့က လူသားဆန်ပါတယ်...။ မင်းရဲ့ မိသားစုကို အာမခံ လာပေးဖို့ အကြောင်းကြားလိုက် ပေါ့...။"
စကားပြောရင်းနှင့် ထိုအရာရှိမှာ သူ၏ လက်မ၊ လက်ညှိုးနှင့် လက်ခလယ်တို့ကို ပွတ်ပြလိုက်လေသည်။ ထိုအမူအရာမှာ အခြေအနေကို အခွင့်ကောင်းယူကာ လာဘ်ငွေတောင်းခံနေခြင်းဖြစ်ကြောင်း ရှင်းလင်း လှပေသည်။
လျန်ထျန်းက ဘာမှ ထပ်မပြောတော့ဘဲ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပြီးနောက် ပါးစပ်ကို လက်ဖြင့် အုပ်ကာ အသံတိုးတိုးဖြင့် စကားအနည်းငယ် ပြောလိုက်လေ၏။ ထိုသည်ကို မြင်သောအခါ အရာရှိက လျန်ထျန်း၏ ပုခုံးကို ပုတ်ကာ ပြုံးလိုက်လေသည်။
"မင်းက တော်တော် ပါးနပ်တာပဲ သူငယ်ချင်း...။ ငါပြောတာကို သဘောပေါက်လို့ တိုးတိုးတိတ်တိတ် ပြောနေတာပေါ့...။ ကောင်းပြီ... စိတ်မပူပါနဲ့...။ မင်းရဲ့ မိသားစုက သဘောပေါက်မယ်ဆိုရင် ငါ မင်းကို သိပ်ပြီး ဒုက္ခမပေးပါဘူး...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။ ရဲအရာရှိတစ်ဦးက ထိုအရာရှိကြီး၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ဆရာ...၊ အခု ဒီပို့ဆောင်သူ နှစ်ယောက်ကို ဖမ်းထားပြီးပြီဆိုတော့ အဖိုးကြီးကို လွှတ်ပေးလိုက်တော့ မလား...။"
အရာရှိကြီးက သူ့လက်အောက်ငယ်သားကို စိုက်ကြည့်ကာ၊
"မင်းက အသုံးမကျလိုက်တာ...။ ငါတို့နေရာက ချောင်ကျတော့ ဝင်ငွေက အနည်းဆုံးပဲ...။"
"ဒီနေ့တော့ လူအချို့ကို မိထားပြီဆိုတော့ သူတို့ဆီက ပိုက်ဆံနည်းနည်း ရအောင် လုပ်ရမယ်...။ သူတို့ မိသားစုတွေကို ဖုန်းဆက်ခိုင်းပြီး လာရွေးခိုင်းလိုက်...။"
...
ထိုသို့ဖြင့် စောင့်ဆိုင်းနေသည့် အချိန်မှာပင်...၊
အရာရှိကြီးမှာ ယနေ့ရရှိမည့် ပိုက်ဆံဖြင့် အလုပ်ဆင်းပါက မည်သည့် အနှိပ်ခန်းသို့ သွားရမည်ကို တွေးတောနေစဉ်...၊
"ကလင်...ကလင်... "
စားပွဲပေါ်ရှိ ဖုန်းမှာ မြည်လာလေသည်။ အရာရှိကြီးက ပျင်းရိစွာဖြင့် ဖုန်းကို ကိုင်ကာ မေးလိုက်လေ သည်။
"ဘယ်သူလဲ..."
သို့သော် တစ်ဖက်မှ ကြားလိုက်ရသည့် အသံကြောင့် သူသည် ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်ရပြီး မတ်တပ်ရပ်လျက် အလေးပြုသည့် ပုံစံဖြင့် ဖြေလိုက်ပေသည်။
"ညွှန်ကြားရေးမှူးတန်... လူကြီးမင်းပါလား...။ ဘာများ ညွှန်ကြားစရာ ရှိလို့ပါလဲ...။"
အရာရှိကြီးမှာ ဖားယားသည့် လေသံဖြင့် ပြောနေသော်လည်း ညွှန်ကြားရေးမှူးတန်၏ အသံမှာမူ အလွန် ဒေါသထွက်နေဟန် ရှိပေသည်။
"ကိုယ်စားလှယ်ဝမ်က ငါ့ကို ဖုန်းဆက်တယ်...။ သူတို့ လုပ်ငန်းစုရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး ကို မင်းတို့ ဖမ်းထားတယ်ဆို...။ အဲ့ဒါ ဘယ်လိုဖြစ်တာလဲ...။"
အရာရှိကြီးမှာ မှင်တက်သွားပြီး အလိုအလျောက် ပြန်မေးလိုက်မိလေသည်။
"ကိုယ်စားလှယ်ဝမ်... ဘယ်ကိုယ်စားလှယ်ဝမ်လဲ...။ ကျွန်တော်တို့ ဌာနမှာ ဝမ်ဆိုတဲ့ နာမည်နဲ့ လူရှိတယ် လို့ မသိထားပါဘူး...။"
ညွှန်ကြားရေးမှူးတန်က ဖုန်းထဲမှ အော်ဟစ်လိုက်လေသည်။
"အရူး... အချမ်းသာဆုံး လုပ်ငန်းစုကြီး က ကိုယ်စားလှယ်ဝမ်ကို ပြောတာ...။ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်ဝမ်လေ...။"
"အိမ်နီးချင်း အိတ်ချ်မြို့က ဗျူရိုချုပ်ဟောင်းတောင် ကိုယ်စားလှယ်ဝမ်ကြောင့် ရာထူးက ပြုတ်သွားတာ မင်း မသိဘူးလား...။"
"ဒီလို အရေးကြီးတဲ့ ပုဂ္ဂိုလ်မျိုးကို ရိုရိုသေသေ ဆက်ဆံရမယ့်အစား မင်းက ငါ့ကို ဒုက္ခပေးနေတာ လား...။"
ယခုမူ အရာရှိကြီးမှာ လုံးဝ တုန်လှုပ်ခြောက်ခြားသွားပြီး ကြောက်ရွံ့စွာ ဖြေလိုက်လေသည်။
"ညွှန်ကြားရေးမှူးတန်...၊ ကျွန်တော်တို့ ဒီနေ့ ပို့ဆောင်သူ နှစ်ယောက်နဲ့ အဖိုးကြီး တစ်ယောက်ကိုပဲ ဖမ်း ထားတာပါ...။ အချမ်းသာဆုံး လုပ်ငန်းစုရဲ့ အစုရှယ်ယာရှင်ဆိုတာမျိုး မရှိပါဘူး...။"
စကားပြောနေစဉ်မှာပင် အရာရှိကြီးမှာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ညည်းတွားနေဆဲ ဖြစ်သော အဖိုးကြီးထံသို့ အကြည့်များ ရောက်ရှိသွားလေသည်။
*ဒါဆိုရင်... ဒီအဖိုးကြီးက အချမ်းသာဆုံး လုပ်ငန်းစုရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးများလား...။*
ဤသို့ တွေးမိလိုက်သောအခါ အရာရှိကြီးက ညွှန်ကြားရေးမှူးတန်အား ချက်ချင်း ကတိပေးလိုက်သည်။
"ညွှန်ကြားရေးမှူးတန်... စိတ်မပူပါနဲ့...။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါပြီ...။"
ဖုန်းချပြီးနောက် အရာရှိကြီးမှာ အစားအသောက် ခိုးယူခဲ့သည့် အဖိုးကြီးထံသို့ ပြုံးဖြီးဖြီးဖြင့် ချဉ်းကပ် သွားကာ ဦးညွှတ်၍ ဖားယားလေတော့သည်။
"အဖိုး... ကျွန်တော်တို့ သေချာ စုံစမ်းစစ်ဆေးပြီးပါပြီ...။ ဒီပို့ဆောင်သူ နှစ်ယောက်က အဖိုးကို အစား အသောက်ခိုးတယ်လို့ စွပ်စွဲပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်...။"
"စိတ်ချပါ... သူတို့ကို ထိုက်တန်တဲ့ ပြစ်ဒဏ် ရစေရပါမယ်...။ အဖိုး ကျေနပ်တဲ့အထိ ကျွန်တော် လုပ်ပေး ပါ့မယ်...။"
ထိုသို့ ပြောပြီးနောက် အရာရှိကြီးသည် မျက်နှာပေးကို ချက်ချင်း ပြောင်းလဲလိုက်ပြီး လျန်ထျန်းနှင့် အခိုးခံရသော ပို့ဆောင်သူကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
"မင်းတို့တော့ ပြဿနာ အကြီးအကျယ် တက်ပြီလို့သာ မှတ်ထားလိုက်တော့...။"
အခန်း (၁၂၂)
မင်းကို ငါ ကိုယ်တိုင် ဆုံးမမယ်
"မင်းတို့လို ပို့ဆောင်သူ နှစ်ယောက်က ဘယ်လို ပုဂ္ဂိုလ်မျိုးကို စော်ကားမိနေလဲ ဆိုတာ သိရဲ့လား...။"
"ဒီအဖိုးကြီးက ဒီမြို့မှာရှိတဲ့ အချမ်းသာဆုံး လုပ်ငန်းစုကြီးရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးပဲ...။ မင်းတို့တော့ သွားပြီ...။ လုံးဝကို အဆုံးသတ်သွားပြီလို့သာ မှတ်ထားလိုက်တော့...။"
လျန်ထျန်းနှင့် အစားအသောက် အခိုးခံရသည့် ပို့ဆောင်သူတို့မှာ ထိုစကားကြောင့် မှင်တက်သွားကြ ရလေသည်။ ထို့နောက် အစားအသောက် အခိုးခံရသည့် ပို့ဆောင်သူမှာ တစ်စုံတစ်ခုကို သတိရသွား ဟန်ဖြင့် အလျင်အမြန် ပြောလိုက်လေသည်။
"မဟုတ်သေးဘူး... ခင်ဗျားတို့ တစ်ခုခု မှားနေပြန်ပြီ မဟုတ်လား...။"
"ကျွန်တော့်ဘေးက လူကမှ အချမ်းသာဆုံး လုပ်ငန်းစုကြီးရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင် အစစ်ဗျ...၊ သူ စောစောက အချမ်းသာဆုံး လုပ်ငန်းစုကို ဖုန်းဆက်လိုက်တုန်းက လူ့စွမ်းအား အရင်းအမြစ် ဌာနက ညွှန်ကြားရေးမှူးတောင် ရာထူးက ပြုတ်သွားသေးတယ်...။"
သို့သော်လည်း ပို့ဆောင်သူ စကားမဆုံးမီမှာပင် အရာရှိကြီး၏ ရယ်မောသံက ဖုံးလွှမ်းသွားတော့သည်။
"မင်းက တော်တော် ရယ်စရာပြောတာပဲနော်...။"
"မင်းတို့လို ပို့ဆောင်သူ ပုံစံပေါက်နေတဲ့သူတွေကများ အချမ်းသာဆုံး လုပ်ငန်းစုကြီးရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင် ဖြစ်ရဦးမလား...။"
"တကယ်လို့ သူကသာ အချမ်းသာဆုံး လုပ်ငန်းစုရဲ့ အစုရှယ်ယာရှင် အစစ်ဆိုရင် ငါကလည်း ဒီမြို့ရဲ့ ရဲဗျူရိုချုပ်ပေါ့...၊ အခုဆိုရင် ငါက ဗျူရိုချုပ်ကြီး ဖြစ်နေပြီပေါ့...။ ဟားဟားဟား...။"
အရာရှိကြီး၏ ရယ်မောသံ မဆုံးမီမှာပင် တံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး ပုခုံးပေါ်တွင် ကြယ်ပွင့်သုံးပွင့် တပ်ဆင်ထားသည့် အလယ်အလတ်အရွယ် လူတစ်ဦးမှာ တည်တင်းသော မျက်နှာပေးဖြင့် ဝင်လာခဲ့ လေသည်။
"ဘယ်သူက ဗျူရိုချုပ် လုပ်ချင်တာလဲ...။ ငါ့ရာထူးကို အခုချက်ချင်းပဲ သူ့လက်ထဲ လွှဲပေးလိုက်ရ မလား...။"
ထိုသူ၏ နောက်ကွယ်တွင်လည်း ပုခုံးပေါ်၌ ကြယ်ပွင့်များစွာ တပ်ဆင်ထားသည့် အရာရှိများစွာ ပါလာ ကြပြီး လူတိုင်းမှာ အရာရှိကြီးထက် အဆင့်အတန်း မြင့်မားကြသူများ ဖြစ်ကြလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အရာရှိကြီးမှာ ထိတ်လန့်လွန်း၍ ဘောင်းဘီထဲ ဆီးပင် ထွက်မ တတ် ဖြစ်သွားရလေ၏။ သူသည် တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် အလျင်အမြန်ပင် ခါးညွှတ်၍ ကြိုဆိုလိုက်ရတော့သည်။
"ဩော်... ညွှန်ကြားရေးမှူးတန် ပါလား...။ ဘာကြောင့် ဒီအထိ ကြွလာရတာလဲခင်ဗျာ...။ စောစောက ကျွန်တော် နောက်ပြောင်လိုက်တာပါ...၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့...။"
"ကျွန်တော့်ရဲ့ မကောင်းတဲ့ ပါးစပ်ကို ကြည့်ပါအုန်း...။ အရိုက်ခံရဖို့ ကောင်းနေပြီ...၊ တကယ်ကို အရိုက်ခံရဖို့ ကောင်းနေပြီ...။"
စကားပြောနေစဉ်မှာပင် အရာရှိကြီးမှာ ကိုယ့်ပါးကို အကြိမ်ကြိမ် ပြန်ရိုက်နေတော့သည်။ သူ၏ ပုံစံမှာ လျန်ထျန်းနှင့် ပို့ဆောင်သူတို့ ရှေ့တွင် မောက်မာခဲ့သည့် အရှိန်အဝါများ လုံးဝ ပျောက်ဆုံးကာ သနားစရာ ကောင်းလောက်အောင် ကုပ်ကုပ်လေး ဖြစ်နေရှာပေသည်။
ညွှန်ကြားရေးမှူးတန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် သူ၏ အကြည့်များမှာ လျန်ထျန်း ထံ၌ ရပ်တန့်သွားခဲ့လေသည်။ ၎င်းကို မြင်သောအခါ အရာရှိကြီးမှာ သူသည် အကဲခတ် တော်သည်ဟု ထင်မှတ်ကာ လျန်ထျန်း၏ အင်္ကျီကို ဆွဲကိုင်၍ ပြောလိုက်လေသည်။
"ညွှန်ကြားရေးမှူးတန်...၊ ဒီကောင်က အချမ်းသာဆုံး လုပ်ငန်းစုရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးကို အစားအသောက် သူခိုးပါဆိုပြီး လုပ်ကြံဖန်တီးခဲ့တဲ့ ရာဇဝတ်ကောင်ပဲ...။ သူ့ကြောင့် ကျွန်တော်တို့ အဖိုး ကို မှားယွင်း ဖမ်းဆီးခဲ့မိတာပါ...။"
"ကျွန်တော် အခုပဲ အဖိုးအရှေ့မှာ သူ့ကို သင်ခန်းစာ ပေးမလို့ ပြင်နေတာပါ...၊ လူကြီးမင်း ရောက်လာ တာ အချိန်ကိုက်ပါပဲ...။ လူကြီးမင်းရဲ့ ဒေါသတွေ ပြေသွားအောင် ကျွန်တော် သူ့ကို ပါးရိုက်ပြပါ့မယ်...။"
ပြောပြောဆိုဆိုဖြင့် အရာရှိကြီးမှာ လျန်ထျန်း၏ ကော်လာကို တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ကျန်တစ်ဖက်ကို အားရပါးရ မြှောက်လိုက်လေတော့သည်။
"ရပ်လိုက်... အခုချက်ချင်း ရပ်လိုက်စမ်း...။"
သို့သော်လည်း အရာရှိကြီး၏ လက်ဝါးမှာ လျန်ထျန်း၏ ပါးထံသို့ မရောက်မီမှာပင် ညွှန်ကြားရေးမှူးတန် ၏ တုန်ရီနေသော အော်ဟစ်သံကို ကြားလိုက်ရလေသည်။ နောက်တစ်စက္ကန့်တွင် ညွှန်ကြားရေးမှူးတန် မှာ ကိုယ်တိုင် ပြေးဝင်လာတော့သည်။
"ဖြန်း... "
ပြင်းထန်သော ပါးရိုက်သံတစ်ခု မြည်သွားခဲ့လေသည်။
အရာရှိကြီးမှာ ကြောင်အမ်းအမ်းဖြင့် သူ၏ ပါးကို ပြန်ကိုင်ကာ ညွှန်ကြားရေးမှူးတန်ကို ဝေခွဲမရစွာ ကြည့်နေမိလေသည်။ သို့သော်လည်း ခေတ္တမျှအကြာတွင် သူသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် အတင်းအကျပ် ပြုံးကာ ဖားယားလိုက်ပြန်လေသည်။
"ညွှန်ကြားရေးမှူးတန်...၊ လူကြီးမင်း ရိုက်ချက် လွဲသွားတာ မဟုတ်လား...။ လူကြီးမင်း တော်တော် ဒေါသထွက်နေလို့ ဖြစ်မှာပါ...။"
"ရပါတယ်...၊ ကျွန်တော် မနာပါဘူး...။ လူကြီးမင်း ဒီကို ကြွပါ...၊ ဒီတစ်ခါတော့ ကျွန်တော် သူ့ကို မြဲမြဲ ကိုင်ထားပေးပါ့မယ်...။ သေချာ ချိန်ပြီးမှ ရိုက်ပါ...၊ ဟုတ်ကဲ့... ဒီနားကို ရိုက်ပါ...။"
"ဖြန်း... "
နောက်ထပ် ပါးရိုက်သံတစ်ခု ထပ်မံ မြည်ဟည်းသွားပြန်လေသည်။ အရာရှိကြီးမှာ ကျန်ရှိသည့် ပါး တစ်ဖက်ကို အုပ်ကိုင်ကာ အားငယ်စွာဖြင့် မေးရှာလေ၏။
"ညွှန်ကြားရေးမှူးတန်...၊ ဒီနေ့ လူကြီးမင်း ဘာဖြစ်နေတာလဲ...။ ဘာလို့ ခဏခဏ လွဲနေရတာလဲ...။ ပြီးတော့ ကျွန်တော့် ပါးကိုပဲ တည့်တည့် လာရိုက်နေတယ်...။"
ထိုအချိန်တွင် ညွှန်ကြားရေးမှူးတန်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး အော်ဟစ်လိုက် တော့လေသည်။
"မင်းကို ငါ ကိုယ်တိုင် ဆုံးမနေတာကွ...။"
ထို့နောက်တွင် ညွှန်ကြားရေးမှူးတန်မှာ လျန်ထျန်းဘက်သို့ အလျင်အမြန် လှည့်လိုက်ပြီး သူ၏ အမူအ ရာမှာ ချက်ချင်းပင် လုံးဝ ပြောင်းလဲသွားလေသည်။
"မစ္စတာလျန်...၊ လူကြီးမင်း ဘာမှ မဖြစ်ဘူး မဟုတ်လား...။"
"လွန်ခဲ့တဲ့ အချိန်အနည်းငယ်က လူကြီးမင်း စေတနာ ရေခဲသေတ္တာ ပိုင်ရှင်အဖြစ် ကျွန်တော့်ရုံးခန်းကို လာတုန်းက ဆုံဖူးပါတယ်...။"
"ကိုယ်စားလှယ်ဝမ်က ကျွန်တော့်ဆီ အကြောင်းကြားပြီး လူကြီးမင်းရဲ့ ဓာတ်ပုံကို ပို့ပေးခဲ့တာပါ...။ လူကြီးမင်းနဲ့ အခုလို ပတ်သက်မှုမျိုး ရှိနေတာကို သိလိုက်ရလို့ ကျွန်တော် အလျင်အမြန် ပြေးလာခဲ့ တာပါ...။"
"လူကြီးမင်း တစ်စုံတစ်ခု ဒုက္ခရောက်မှာ စိုးရိမ်လို့ ကျွန်တော် အရင်ဆုံး ဖုန်းဆက်ခဲ့ပေမဲ့ ဒီအရူးက ဒီလောက်အထိ ထုံအလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...။ သူ လူကြီးမင်းကိုတောင် လက်ပါတော့မလို့...။"
ညွှန်ကြားရေးမှူးတန်၏ တောင်းပန်တိုးလျှိုးနေသော စကားများကို ကြားသောအခါ လျန်ထျန်းက အမူ အရာ ကင်းမဲ့စွာဖြင့် လက်ကာပြလိုက်ပြီး ၊
"ညွှန်ကြားရေးမှူးတန်... ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကို ကောင်းကောင်း သင်ပေးထားတာပဲ... ။ ဒီရုံးခန်းထဲက ရဲတွေ အားလုံးက တကယ်ကို နှလုံးသားမရှိတဲ့သူတွေပဲ...။"
"ကျွန်တော့်မှာသာ ဒီဂုဏ်ဒြပ် မရှိရင် ခင်ဗျားတို့ ဒီနေ့ အမှားကို အမှန် လုပ်ကြတော့မှာ မဟုတ်လား...။"
လျန်ထျန်း၏ ဒေါသသံကို ကြားသောအခါ ညွှန်ကြားရေးမှူးတန်မှာ ချွေးစေးများ ပြန်လာလေတော့သည် ။ အကြောင်းမှာ အိတ်ချ်မြို့က ဗျူရိုချုပ်ကို ရာထူးက ဖြုတ်ချရန် အကြံပြုခဲ့သူမှာ သူ၏ ရှေ့တွင်ရှိနေ သော ဒုတိယ အစုရှယ်ယာရှင်ကြီး ဖြစ်ကြောင်း အထွေထွေမန်နေဂျာ ဝမ်ထံမှ ကြားသိထားသော ကြောင့် ဖြစ်လေသည်။
ညွှန်ကြားရေးမှူးတန်မှာ သူ၏ ရာထူးကို လက်လွှတ်မခံလိုသေးသဖြင့် အတင်းအကျပ် ပြုံးကာ ပြော လိုက်လေသည်။
"မစ္စတာလျန်... ကျေးဇူးပြုပြီး စိတ်အေးအေး ထားပါ...။ ကျွန်တော် ရှင်းပြပါ့မယ်...၊ သူတို့...၊ သူတို့က ယာယီ ဝန်ထမ်းတွေပါ...။"
"ဟုတ်ပါတယ်... သူတို့က ယာယီ ဝန်ထမ်းတွေပါ...။ မကြာသေးခင်က ဝန်ထမ်း အင်အား မလုံလောက် လို့ ခုလို အမှားအယွင်း အချို့ ရှိသွားတာပါ...။"
"ဒါပေမဲ့ စိတ်ချပါ...။ သူတို့ကို အခုချက်ချင်းပဲ အလုပ်ထုတ်ပစ်မှာ ဖြစ်သလို လုပ်ပိုင်ခွင့် အလွဲသုံးစားမှုနဲ့ လည်း အရေးယူ ဖမ်းဆီးသွားမှာပါ...။"
"ဒါ့အပြင် နောင်ကျရင်လည်း အလုပ်အပေါ်မှာ သေချာ ကြပ်မတ်သွားမှာ ဖြစ်ပြီး ဒီလို အဖြစ်အပျက် မျိုး နောက်ထပ် မဖြစ်စေရဘူးလို့ ကတိပေးပါတယ်..."
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ညွှန်ကြားရေးမှူးတန်သည် တာဝန်ကို ရှောင်လွှဲရန် ချဲ့ကား ပြောဆိုနေခြင်းဖြစ်ကြောင်း သိလိုက်သော်လည်း အနက်ရှိုင်းဆုံးအထိ စစ်ဆေးကြည့်လျှင် ဤမျှဆိုလျှင် လုံလောက်ပြီဟု တွေးလိုက်မိလေသည်။
အနည်းဆုံးတော့ ထိုလူများ အလုပ်ပြုတ်သွားပြီး ထိုက်တန်သော ပြစ်ဒဏ် ရရှိသွားသည် မဟုတ်ပါ လား။
ထို့ကြောင့် လျန်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး ညွှန်ကြားရေးမှူးတန်ကို စူးစိုက်ကြည့်ကာ အလေး အနက် ပြောလိုက်လေသည်။
"ဒါဆိုရင် ညွှန်ကြားရေးမှူးတန် အခု ပြောခဲ့တဲ့ စကားတွေကို မှတ်မိနေဖို့ မျှော်လင့်ပါတယ်...။ အကယ်၍ နောက်တစ်ကြိမ် ခုလို အခြေအနေမျိုး ကျွန်တော် ထပ်ကြုံရမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာ ခင်ဗျား သိ တယ် မဟုတ်လား...။"
ညွှန်ကြားရေးမှူးတန်မှာ တုန်လှုပ်သွားရသော်လည်း မျက်နှာတွင် အပြုံးကို ဆက်လက် ထိန်းထားကာ ချွေးများကို သုတ်ရင်း ပြန်ပြောလိုက်လေသည်။
"သိပါတယ်... သိပါတယ်ခင်ဗျာ...။"
ထို့နောက်တွင် အရာရှိကြီးနှင့် တာဝန်မဲ့သော ရဲအရာရှိတစ်စုမှာ လမ်းဘေးခွေးများကဲ့သို့ပင် နေရာ၌တင် ဖမ်းဆီးခြင်း ခံလိုက်ရလေတော့သည်။
လျန်ထျန်းသည် အစားအသောက် ခိုးယူသော အဖိုးကြီးထံသို့ ချဉ်းကပ်သွားကာ ပြောလိုက်လေ၏။
"ကျွန်တော်တို့ မပြီးသေးတဲ့ ကိစ္စတွေကို ဆက်လိုက်ကြရအောင်...။"
လျန်ထျန်းသည် အဖိုးကြီးအပေါ် အေးစက်သော အမူအရာ ပြသနေသော်လည်း တကယ်တမ်းတွင် သူသည် အစားအသောက် အခိုးခံရသည့် ပို့ဆောင်သူနှင့် တိုးတိုးတိတ်တိတ် စကားပြောထားပြီး ဖြစ်ပေသည်။
"အစ်ကို... ခင်ဗျားရဲ့ အခက်အခဲကို ကျွန်တော် နားလည်ပါတယ်...။ ဒါပေမဲ့ တကယ်လို့ ဒီအဖိုးကြီးက ဆင်းရဲလွန်းလို့၊ စားစရာ မရှိလို့ ခိုးတာဆိုရင်ကော ဘယ်လိုလဲ...။"
"ခင်ဗျား ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကို ကျွန်တော် ပြန်လျော်ပေးပါ့မယ်...။ ပြီးရင်တော့ ဒီကိစ္စကို အေးအေးဆေးဆေးပဲ ပြီးလိုက်ကြတာပေါ့...။ ဒါပေမဲ့ အရင်ဆုံး အဖိုးကြီးရဲ့ အခြေအနေကိုတော့ ကျွန်တော်တို့ သိဖို့ လိုအပ်တယ်...။"
လျန်ထျန်းသည် စကားပြောရင်း ပို့ဆောင်သူထံသို့ ပိုက်ဆံအရင် လွှဲပေးရန် ဖုန်းကို ထုတ်လိုက်လေ သည်။ သို့သော်လည်း ပို့ဆောင်သူမှာ ငြင်းဆန်ခဲ့ပြီး ရိုးသားစွာပင် ပြောလိုက်လေ၏။
"တကယ်လို့ ဒီအဖိုးကြီးက စားစရာ မရှိလို့ ခိုးတာဆိုရင်တော့ ကျွန်တော် ဒီကိစ္စကို ဆက်ပြီး မလိုက်တော့ ပါဘူး...။"
"ဒါပေမဲ့ ကျွန်တော့်ကို ဒေါသထွက်စေတာက သူ့ကို လက်ပူးလက်ကျပ် မိနေတာတောင် ဘာမှ မဖြစ်သလိုမျိုး လုပ်နေတာကိုပါပဲ...။"
"သူက တောင်းပန်ပါတယ်လို့ တစ်ခွန်းပဲ ပြောရင်ဖြစ်ဖြစ်၊ နောင်တရနေတဲ့ အမူအရာလေးပဲ ပြရင် ဖြစ်ဖြစ် ကျွန်တော် ဒီလောက်အထိ စိတ်ဆိုးမှာ မဟုတ်ပါဘူး...။"
"သူ့မှာ တကယ်ပဲ အခက်အခဲရှိရင် ပြောပြလို့ ရတာပဲ...။ လူအချင်းချင်း ကိုယ်ချင်းစာလို့ ရတာပဲ မဟုတ်လား...။"
လျန်ထျန်းသည် ထိုစကားများကို နားထောင်ပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်မိလေသည်။
"ဟုတ်တာပေါ့...၊ လူတိုင်းမှာ နှလုံးသား ရှိတာပဲ...။ ဒါကြောင့် ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြ တာပေါ့...။"
သူတို့၏ အနားတွင် ညွှန်ကြားရေးမှူးတန်ကလည်း ဖားယားသော အပြုံးဖြင့် ထပ်ဆင့် ပြောလိုက်လေ သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ မစ္စတာလျန်... စိတ်ချပါ...။ ကျွန်တော်တို့ အဖိုးကြီးရဲ့ အသေးစိတ် အချက် အလက် တွေကို အမြန်ဆုံး စစ်ဆေးနေပါပြီ...။"
"ပြီးတော့ အဖိုးကြီးရဲ့ မိသားစုကိုလည်း အမြန်ဆုံး လာရောက်ဖို့ အကြောင်းကြားထားပါတယ်...။"