အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း (၁၂၃)
အီးဂဲလ်နိုင်ငံသား ခံယူထားခြင်း
မကြာမီမှာပင် အော်ဒီ Q7 အမျိုးအစား ကားတစ်စီးမှာ နယ်မြေရဲစခန်းရှေ့၌ ရပ်တန့်သွားပြီးနောက် ကြမ်းတမ်းခက်ထန်သော မျက်နှာပေးနှင့် ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားတစ်ဦး ဆင်းလာခဲ့ လေသည်။
သူသည် ရဲစခန်းအတွင်းသို့ မောက်မာစွာဖြင့် ဝင်လာခဲ့ပြီး ပုခုံးပေါ်တွင် အဆင့်တံဆိပ်များစွာ တပ်ဆင် ထားသည့် ရဲအရာရှိများကိုပင် အနည်းငယ်မျှ ရိုသေမှု မရှိခဲ့ပေ။ သူ၏ အမူအရာမှာ တစ်ဖက်သားကို အထင်အမြင်သေးဟန် ပေါ်လွင်နေပြီး ရန်လိုသော လေသံဖြင့် ပြောလိုက်လေ၏။
"ငါ့အဖေ ဘယ်မှာလဲ...၊ ဘယ်သူက သူ့ကို ဖမ်းထားတာလဲ...။"
ထိုသို့သော အမူအရာနှင့် ဝင်လာသူကို မြင်သောအခါ ညွှန်ကြားရေးမှူးတန်၏ မျက်နှာမှာ မနှစ်မြို့ဟန် ပေါ်လွင်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"မင်းက ဒီအဖိုးကြီးရဲ့ သားလား...။ မင်းအဖေက အစားအသောက်တွေ ခိုးယူနေတာကို သိရဲ့လား...။ သူက အကြိမ်ကြိမ် ခိုးယူနေတဲ့သူပဲ...။"
"မင်းတို့မှာ မင်းတို့မိဘတွေကို ထောက်ပံ့ဖို့ ငွေကြေးအင်အား မရှိတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ သေချာ ဂရုမစိုက်တာလဲ...။"
"အကယ်၍ မင်းက သက်ကြီးရွယ်အိုတစ်ဦးကို အစားအသောက်နဲ့ ရေခိုးယူဖို့အထိ အခြေအနေ ဆိုးဝါး အောင် လုပ်ထားတာဆိုရင်တော့ မင်းကို မိဘကို ပစ်ပယ်မှုနဲ့ တရားစွဲရလိမ့်မယ်...။"
ညွှန်ကြားရေးမှူးတန်၏ ပြစ်တင်ဝေဖန်မှုနှင့် သတိပေးချက်ကို ကြားသောအခါ ထိုထွားကြိုင်းသော အမျိုးသားမှာ အရေးမစိုက်သည့်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
"ခင်ဗျားတို့ ရဲတွေက သူများအိမ်တွင်းရေးကို တော်တော် ဝင်စွက်ဖက်တာပဲ...။ ဒါက ငါ့ကိစ္စ မဟုတ်ဘူး လား...။"
"ဒါ့အပြင် ငါ့အဖေက ဗိုက်ဆာလို့ ဒါမှမဟုတ် ရေငတ်လို့ အစားအသောက်တွေကို ယူတာ မဟုတ်ဘူး...။ သူက ပျော်ရုံသက်သက် ယူတာပဲ...၊ အဲ့ဒါက ဘာမှ အရေးမကြီးပါဘူး..။ ခင်ဗျားတို့က ဘာလို့ ဒီလောက် အထိ အုတ်အော်သောင်းနင်း ဖြစ်နေကြတာလဲ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် သည်းမခံနိုင်တော့ဘဲ ထရပ်ကာ ပြောလိုက်လေသည်။
"ပျော်ရုံသက်သက် ဆိုတာက ဘာကို ပြောတာလဲ...။ အစားအသောက်တွေ ပျောက်ဆုံးသွားရင် ကျွန်တော်တို့ ပို့ဆောင်သူတွေမှာ ဘယ်လောက်အထိ ဆုံးရှုံးရလဲဆိုတာ ခင်ဗျား သိရဲ့လား...။ ဒီကိစ္စ က အစားအသောက် အနည်းငယ် ပျောက်ဆုံးတာထက် ပိုတယ်ဗျ...။"
ထိုအခါ ထွားကြိုင်းသော အမျိုးသားက လျန်ထျန်းကို လှည့်ကြည့်လိုက်ပြီး လျန်ထျန်းသည် ပို့ဆောင်သူ ဝတ်စုံ ဝတ်ထားသည်ကို မြင်သောအခါ သူ၏ အကြည့်များမှာ ပို၍ပင် အထင်အမြင်သေးဟန် ပေါ်လွင် လာခဲ့လေသည်။
"စားစရာ အနည်းငယ်ကလွဲလို့ တခြား ဘာရှိဦးမှာလဲ...။ မင်းတို့လို နံစော်နေတဲ့ ပို့ဆောင်သူတွေက တကယ်ကို ပြဿနာ ရှာတတ်တာပဲ...။"
"ငါ အရင်ဆုံး ပြောထားမယ်...၊ ငါ့မှာ ပိုက်ဆံမရှိတာ မဟုတ်ဘူး...။ ဒါပေမဲ့ မင်းတို့က ငါ့ဆီကနေ ပိုက်ဆံညှစ်ဖို့ ကြိုးစားနေတာဆိုရင်တော့ တစ်ပြားမှ ရမှာ မဟုတ်ဘူး...။"
လျန်ထျန်း အပြောခံနေရသည်ကို မြင်သောအခါ ညွှန်ကြားရေးမှူးတန်က လျန်ထျန်းကို ကာကွယ်ပေးရန် အလျင်အမြန် ဝင်ရောက်လာပြီး ထိုအမျိုးသားကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။
"မင်း အခြေအနေကို နားမလည်သေးဘူး ထင်တယ်...။ အခု မင်းတို့ဘက်က မှားနေတာကိုတောင် မင်းက လူမိုက်လို ပုံစံချိုးနေသေးတယ်...။ မင်းရဲ့ မှတ်ပုံတင် ထုတ်ပြစမ်း...။"
"အသက်ခုနစ်ဆယ်ကျော် သက်ကြီးရွယ်အိုတွေကို ငါတို့ ဖမ်းဆီးထားလို့ မရပေမဲ့ ဥပဒေအရ သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ မင်းတို့မှာ ဆုံးရှုံးမှုတွေကို ပြန်လျော်ပေးဖို့ တာဝန်ရှိတယ်...။"
ထိုအမျိုးသားမှာ အရေးမစိုက်သည့်ဟန်ဖြင့် သူ၏ မှတ်ပုံတင်ကို ထုတ်ကာ စားပွဲပေါ်သို့ ပစ်တင်လိုက် ပြီး မောက်မာစွာ ပြောလိုက်လေ၏။
"ကြည့်လိုက်စမ်း...။ အခု ငါက အီးဂဲလ်နိုင်ငံသား တစ်ယောက်ပဲ...၊ ခင်ဗျားတို့ တရုတ်ရဲတွေနဲ့ ဥပဒေ တွေက ငါ့ကိစ္စကို စွက်ဖက်ပိုင်ခွင့် မရှိဘူး...။"
ညွှန်ကြားရေးမှူးတန်က ကြည့်ရှုလိုက်သောအခါ ၎င်းမှာ အီးဂဲလ်နိုင်ငံ၏ နိုင်ငံကူးလက်မှတ် ဖြစ်နေသည် ကို တွေ့ရလေသည်။
ထိုအချိန်မှာပင် ရဲအရာရှိတစ်ဦးက ညွှန်ကြားရေးမှူးတန်နှင့် လျန်ထျန်းတို့ အနားသို့ ကပ်ကာ တိုးတိုး လေး ပြောလိုက်လေ၏။
"ဒီမိသားစုက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက အီးဂဲလ်နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်မှာ တရားဝင် ရရှိခဲ့တာပါ...။"
"ဒီလူရဲ့ နာမည်က ဖီဟုန် ဖြစ်ပြီး သံမဏိ စက်ရုံတစ်ခုကို ပိုင်ဆိုင်ထားပါတယ်...။ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်းမှာ သံမဏိ လုပ်ငန်းက အခြေအနေကောင်းခဲ့လို့ သူ ပိုက်ဆံ တော်တော် ရထားတာပါ...။"
"အဖိုးကြီးရဲ့ နာမည်က ဖီယန် ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က အငြိမ်းစား ယူခဲ့တာပါ..။ သူ့ရဲ့ အငြိမ်းစား လစာကလည်း တော်တော်များပါတယ်...။ တစ်လကို တစ်ပြားထက်မနည်း ရရှိနေ တာပါ...။"
ဤအချက်အလက်များက လျန်ထျန်းအတွက် လုံးဝ ယုံကြည်နိုင်ဖွယ် မရှိပေ။ ငွေကြေးတန်ဖိုး အဆ တစ်သန်း မကျဆင်းမီက တစ်ပြားဆိုသည်မှာ ယွမ်တစ်သောင်းထက်ပင် ပိုမို တန်ဖိုးရှိလှသည်။ ဤကဲ့သို့ မြင့်မားသော အငြိမ်းစားလစာ ရရှိနေသူတစ်ဦးအနေဖြင့် မည်သို့မျှ ဗိုက်ဆာခြင်း သို့မဟုတ် ရေငတ်ခြင်း ဖြစ်နိုင်ခြေ မရှိပေ။
ထိုသို့ဆိုလျှင် သူသည် အဘယ်ကြောင့် အစားအသောက်များကို ခိုးယူနေရပါသနည်း။
ထို့အပြင် သူ၏ သားမှာလည်း စီးပွားရေး လုပ်ကိုင်နေပြီး ပိုက်ဆံများစွာ ရရှိနေသူ ဖြစ်သည်။ ဤကဲ့သို့ သော မိသားစုမျိုးတွင် ပိုက်ဆံ လိုအပ်စရာ အကြောင်းမရှိသဖြင့် နားလည်ရ ခက်ခဲလှပေသည်။ ထိုစဉ် သူ၏ သားဖြစ်သူ ရောက်လာသည်ကို မြင်သောအခါ အဖိုးကြီးမှာ စောစောက နှုတ်ဆိတ်နေသည့် အမူ အရာကို ပြောင်းလဲလိုက်ပြီး ထရပ်ကာ ဆဲဆိုလေတော့သည်။
"မင်းတို့လို ကောင်လေးတွေက ငါ့ကို ဘာလုပ်နိုင်မှာလဲ...။ လမ်းဘေးမှာ ရှိနေတဲ့ ပစ္စည်းဆိုတာ ဘယ်သူ မဆို ယူလို့ရတာပဲ...။ ငါ နှစ်ခု၊ သုံးခုလောက် ယူတာ ဘာဖြစ်လို့လဲ...။"
"မင်းတို့က ငါ့ကိုတောင် ဖမ်းချင်သေးတာလား...။ တကယ်လို့သာ ဒီအဖြစ်အပျက်က ငါတို့ရွာမှာဆိုရင် မင်းတို့ကို ပေါက်ပြားနဲ့ ရိုက်သတ်ပြီးပြီ...။"
ပြောပြောဆိုဆိုဖြင့် အဖိုးကြီးမှာ အစားအသောက် အခိုးခံရသည့် ပို့ဆောင်သူထံသို့ ပြေးဝင်သွားပြီး လက်ကို မြှောက်ကာ ရိုက်ရန် ကြိုးစားလေတော့သည်။
ကံကောင်းထောက်မစွာဖြင့် လျန်ထျန်းက အချိန်မီ ကြားဖြတ် ဟန့်တားလိုက်သဖြင့် ပို့ဆောင်သူမှာ မလိုအပ်ဘဲ အနာတရ မဖြစ်ခဲ့ပေ။
သို့သော်လည်း ထိုအဖိုးကြီးမှာ အလွန်ပင် ကောက်ကျစ်လှ၏။ သူသည် လျန်ထျန်းကို တမင်တကာ ဝင်တိုက်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျဟန်ဆောင်ကာ အော်ဟစ်လေတော့သည်။
"အား... တစ်ယောက်ယောက်က ငါ့ကို ရိုက်နေတယ်...။ သူတို့ ဒီအဖိုးကြီးကို သတ်နေကြပါပြီ...။"
ဖီဟုန်ကလည်း ရှေ့သို့ ပြေးဝင်လာပြီး လျန်ထျန်း၏ ကော်လာကို ဆွဲကိုင်ကာ ကြမ်းတမ်းသော မျက်နှာပေးဖြင့် ပြောလိုက်လေသည်။
"မင်း ငါ့အဖေကို ရိုက်တယ်ပေါ့...။ ဒါဆိုရင် ငါကလည်း မင်းကို ပြန်ရိုက်ရမှာပဲ...။"
လျန်ထျန်း၏ ဂုဏ်ဒြပ်ကို သိရှိထားသော ဘေးပတ်ဝန်းကျင်ရှိ ရဲအရာရှိများမှာ အလျင်အမြန်ပင် ကြား ဝင် တားဆီးလိုက်ကြလေသည်။
ညွှန်ကြားရေးမှူးတန်မှာ စိုးရိမ်တကြီးဖြင့် ချွေးစေးများ ပြန်လာကာ အမိန့်ပေးလိုက်လေသည်။
"ဒီမိသားစုကို ထိန်းချုပ်လိုက်ကြစမ်း...။ မစ္စတာလျန်ကို ဘယ်လိုနည်းနဲ့မှ ထိခိုက်အောင် လုပ်လို့ မဖြစ်ဘူး...။"
သို့သော်လည်း ရဲအရာရှိများက ဖီဟုန်ကို ဖမ်းဆီးရန် ကြိုးစားသည့်အခါတိုင်း သူသည် အော်ဟစ်နေ တော့သည်။
"ငါက အီးဂဲလ်နိုင်ငံသား တစ်ယောက်ပဲ...။ ခင်ဗျားတို့မှာ ငါ့ကို ဒီလို ဆက်ဆံပိုင်ခွင့် မရှိဘူး...။ ငါ မင်းတို့ကို တရားစွဲမှာ မကြောက်ဘူးလား...။"
ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးတန်သည် အမှန်တကယ်ပင် ဝေခွဲမရ ဖြစ်သွားရလေ သည်။ လျန်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"အခုက ဘယ်ခေတ်ကြီးမို့လို့ သူ့ရဲ့ အီးဂဲလ်နိုင်ငံသား ဖြစ်မှုကို ကြောက်နေရတာလဲ...။"
ညွှန်ကြားရေးမှူးတန်က အလျင်အမြန် ရှင်းပြလိုက်လေသည်။
"မစ္စတာလျန်... လူကြီးမင်းက အသေးစိတ် အချက်အလက်တွေကို မသိသေးလို့ပါ...။ အကယ်၍ သူက ဥပဒေကို အမှန်တကယ် ချိုးဖောက်ခဲ့ပြီး ကျွန်တော်တို့ဆီမှာ သက်သေခိုင်လုံရင်တော့ သူ့ကို ကြောက် စရာ မလိုပါဘူး...။"
"ဒါပေမဲ့ အခုက မတူဘူးလေ...။ အကယ်၍ ကျွန်တော်တို့က သူ့ကို အတင်းအကျပ် ဖမ်းဆီးခဲ့ပြီး သူက တိုင်တန်းခဲ့ရင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်တော့်ရဲ့ ရာထူးကို ထိခိုက်နိုင်ပါတယ်...။"
ထိုရှင်းပြချက်ကို ကြားသောအခါ လျန်ထျန်း၏ မျက်မှောင်များမှာ ပို၍ပင် တွန့်ချိုးသွားရလေသည်။ ထိုအချိန်တွင် သူသည် ရုပ်မြင်သံကြားထဲမှ အဖြစ်အပျက်များမှာ လက်တွေ့ဘဝတွင် ဤမျှ မရိုးရှင်း ကြောင်း သိလိုက်ရလေ၏။
အဆုံးသတ်တွင် လူတိုင်းမှာ ကိုယ်ပိုင် စိုးရိမ်ပူပန်မှုများ ရှိကြပြီး နိုင်ငံအတွက် လုံးဝ ကိုယ်ကျိုးစွန့်နိုင် သူမှာ အလွန်ပင် ရှားပါးလှပေသည်။
ရဲအရာရှိများက မိမိကို အဖမ်းအဆီး လျှော့ချလာသည်ကို သတိထားမိသောအခါ ဖီဟုန်၏ ရယ်မောသံ မှာ ပို၍ပင် ရူးသွပ်လာတော့သည်။
"ငါ သိသားပဲ...၊ မင်းတို့ ငါ့ကို ဘာမှ မလုပ်ရဲဘူးဆိုတာ...။"
"ပြီးတော့ ငါ့အဖေကလည်း အသက်ခုနစ်ဆယ်ကျော်နေတဲ့ အီးဂဲလ်နိုင်ငံသား တစ်ယောက်ပဲ...။ သူ အစားအသောက် ခိုးယူမိတယ် ဆိုရင်တောင် ခင်ဗျားတို့ ဘာမှ လုပ်လို့ မရဘူး မဟုတ်လား...။"
"ငါတို့ကို မထိန်းချုပ်နိုင်ဘူးဆိုမှတော့ ဟိုပို့ဆောင်သူက လူကြီးကို ထိခိုက်အောင် လုပ်ခဲ့တဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆက်ပြောကြတာပေါ့...။ ဟွန့်...။"
ဖီဟုန်မှာ အမှန်တကယ်ပင် လူယုတ်မာတစ်ဦး ဖြစ်ပေသည်။ သူသည် အီးဂဲလ်နိုင်ငံသား ဖြစ်ခွင့်ကို သူ၏ အကာအကွယ်အဖြစ် အသုံးချကာ တရုတ်နိုင်ငံအတွင်း၌ စည်းမဲ့ကမ်းမဲ့ ပြုမူနေပြီး မည်သူမျှ သူ့ကို မထိန်းချုပ်နိုင်သကဲ့သို့ မောက်မာနေခဲ့လေသည်။
သို့သော် လူတိုင်းက ဘာလုပ်ရမှန်း မသိဖြစ်နေသည့် အချိန်တွင် လျန်ထျန်းမှာ တည်ငြိမ်သွားပြီးနောက် အေးဆေးစွာပင် ပြောလိုက်၏။
"ကောင်းပြီ... ငါ သူ့ကို ရိုက်ခဲ့တယ်လို့ မင်း ပြောတယ်ပေါ့...။ ဒါဆိုရင် သူ့ကို ဆေးရုံမှာစစ်ဆေးဖို့ အတွက် ကုန်ကျစရိတ်ကို ငါ ပေးပါ့မယ်...။ တကယ်လို့ စစ်ဆေးချက်မှာ ဘာမှ မဖြစ်ဘူးဆိုရင်တော့ ငါသူ့ကို မဟုတ်မမှန် လုပ်ကြံတိုင်တန်းမှုနဲ့ တရားစွဲမယ်...။"
ဖီဟုန်က အားတက်သွားဟန်ဖြင့် ထပ်မံ လှောင်ရယ်လိုက်လေ၏။
"ငါ အရင်က ပြောခဲ့ပြီးသားပဲ...။ ငါ့အဖေက အသက်ခုနစ်ဆယ်ကျော် အီးဂဲလ်နိုင်ငံသား တစ်ယောက်ပဲ ...။ မင်း စွဲချင်သလောက် စွဲစမ်းပါ...။ သူ့ကို ဖမ်းထားလို့လည်း မရဘူးဆိုတော့ ဘာမှ မဖြစ်ဘူး...။"
လျန်ထျန်းက ညွှန်ကြားရေးမှူးတန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဒါနဲ့... ကျွန်တော် တစ်ခု သိထားတာက ဒီအဖိုးကြီးက အီးဂဲလ်နိုင်ငံသား တစ်ယောက် ဖြစ်နေပေမဲ့ ကျွန်တော်တို့ နိုင်ငံက ပေးတဲ့ ပင်စင်လစာကို ရယူနေဆဲပဲ မဟုတ်ဘူးလား...။"
ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးတန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိဝင်လာ ခဲ့လေသည်။
"ဟုတ်သားပဲ... တရုတ်နိုင်ငံမှာ နိုင်ငံသား နှစ်မျိုး ခံယူခွင့် မရှိဘူး...။ သူက အီးဂဲလ်နိုင်ငံသား ဖြစ်သွားပြီ ဆိုရင် ကျွန်တော်တို့ နိုင်ငံက ပေးတဲ့ အကျိုးခံစားခွင့်တွေကို ရယူပိုင်ခွင့် မရှိတော့ဘူး...။"
"မစ္စတာလျန်... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ခဏလောက် စောင့်ပါဦး...၊ ကျွန်တော် အခုချက်ချင်းပဲ သူ့ရဲ့ ဒေသန္တရ နေထိုင်ခွင့်နဲ့ အကျိုးခံစားခွင့် အားလုံးကို ဖျက်သိမ်းခိုင်းလိုက်ပါမယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ မြေပြင်ပေါ်တွင် လဲလျောင်းကာ ညည်းတွားနေသော အဖိုးကြီးမှာ ချက်ချင်းပင် ထရပ်လိုက်ပြီး မယုံနိုင်လောက်သော အရှိန်အဝါဖြင့် ပြေးလာလေတော့သည်။ တစ်ချိန် တည်းမှာပင် သူသည် ရူးသွပ်စွာဖြင့် အော်ဟစ်လေတော့သည်။
"မင်းတို့ ငါ့ ပင်စင်ကို ဖျက်သိမ်းလို့ မရဘူး...။ မရဘူး...။"
အခန်း (၁၂၄)
ဦးလေးဖြစ်သူ၏ ပြန်လာခြင်း
လျန်ထျန်းသည် ဝုန်းခနဲ ထရပ်လိုက်သော အဖိုးကြီးကို ကြည့်ကာ နှုတ်ခမ်းအစုံကို ကွေးညွှတ်၍ ပြုံးလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဩော်... အခုတော့ အကောင်းအတိုင်း ပြန်ဖြစ်သွားပြီပေါ့...။ ကြည့်ရတာ ကျန်းမာရေးက တော်တော် ကောင်းပုံပဲ...။ စောစောက ဟန်ဆောင်ခဲ့တာတွေက တကယ်ကို ပီပြင်လှပါပေတယ်...။"
အဖိုးကြီးမှာ ထိုစကားများကို ပြန်လည် ချေပရန်ပင် စိတ်မဝင်စားတော့ဘဲ သူ၏ အသံများ တိမ်ဝင်သွား သည်အထိ အော်ဟစ်နေတော့သည်။
"မင်းတို့ ငါ့ ပင်စင်ကို ဖျက်သိမ်းလို့ မရဘူး...။ ငါ သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ဒါက ငါ့ကိစ္စပဲ... ။ဒါပေမဲ့ မင်းတို့ ငါ့ကို မပေးဘဲ နေလို့တော့ မရဘူး...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက လှောင်ပြောင်သလို ပြုံးလိုက်လေသည်။
"ဘာလို့ မရရမှာလဲ...။ ခင်ဗျားက တရုတ်နိုင်ငံသားလည်း မဟုတ်တော့ဘဲနဲ့ ငါတို့နိုင်ငံရဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေကို ဆက်ပြီး ရယူချင်နေသေးတာလား...။"
"ဒါ့အပြင် မင်းတို့မိသားစု အီးဂဲလ်နိုင်ငံသား ခံယူတာကလည်း ဟိုဘက်က အကျိုးကျေးဇူးတစ်ခုခုကို ရဖို့အတွက် မဟုတ်ဘူးလား...။"
"ဟိုဘက်က အကျိုးအမြတ်တွေကိုလည်း လိုချင်တယ်၊ ဒီဘက်က အကျိုးခံစားခွင့်တွေကိုလည်း လက် မလွှတ်နိုင်ဘူးပေါ့...။ မင်းတို့ရဲ့ အကြံက တော်တော်ကောင်းသားပဲ...၊ ဒါပေမဲ့ ဒီလောကမှာ အလကားရ တဲ့ ထမင်းတနပ်ဆိုတာ မရှိဘူးဆိုတာ မှတ်ထားလိုက်...။"
လျန်ထျန်းက နောက်ဆုံးစကားကို အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သောအခါ အကျိုးအကြောင်း မရှိ သော အဖိုးကြီးမှာ စကားပင် မပြောနိုင်တော့ဘဲ မှင်တက်သွားရလေသည်။
အဖိုးကြီး၏ လိမ်လည်မှုကို ဟန့်တားပြီးနောက် လူငယ်ဖြစ်သူ၏ အလှည့် ရောက်လာခဲ့ပြန်လေသည်။ ဖီဟုန်က ဒေါသတကြီးဖြင့် ရှေ့သို့ တိုးလာပြန်လေ၏။
"မင်းလို နံစော်နေတဲ့ ပို့ဆောင်သူကများ ငါ့ကို လာပြီး ပြဿနာ ရှာနေသေးတယ်...။ တစ်နေ့ကျရင် မင်း ကို ငါ့ရဲ့ သံမဏိစက်ရုံထဲကို ဆွဲခေါ်သွားပြီး သံတိုသံစတွေနဲ့အတူ အရည်ကျိုပစ်မယ်ဆိုတာ မင်း ယုံရဲ့ လား...။"
ဖီဟုန်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ လျန်ထျန်းသည် သူ၏ မျက်လုံးများကို မှေးစိုက်လိုက်ပြီး ဘေးမှ ညွှန်ကြားရေးမှူးတန်ကို မေးလိုက်ပြန်လေသည်။
"စောစောက ခင်ဗျား စုံစမ်းထားတဲ့ စက်ရုံနာမည်က ဒါဟုန် သံမဏိစက်ရုံ မဟုတ်လား...။"
ညွှန်ကြားရေးမှူးတန်က အလျင်အမြန် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေ၏။
"ဟုတ်ပါတယ် မစ္စတာလျန်...။ ဒါဟုန် သံမဏိစက်ရုံက သံမဏိ ထုတ်လုပ်မှုကို အထူးပြုပြီး တန်ဖိုးအား ဖြင့် ယွမ် (၁၅၀) ခန့် ရှိပါတယ်...။"
မိမိ၏ စက်ရုံအကြောင်းကို စုံစမ်းထားသည်ကို ကြားသောအခါ ဖီဟုန်မှာ အခွင့်ကောင်းယူကာ မောက်မာစွာ ဝင့်ကြွားလိုက်လေသည်။
"ကြားတယ်မလား မိတ်ဆွေ...။ ငါက ယွမ်တစ်ရာကျော် ချမ်းသာတဲ့ သူဌေးကြီးကွ...။ မင်းလို ပို့ဆောင် သူကများ ငါ့ကို လာယှဉ်ချင်သေးတယ်...။ ဟွန့်... မင်း ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ...။"
လျန်ထျန်းက ဖီဟုန်၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ သူ၏ ဦးလေးဖြစ်သူ ထျန်းကော်ချင်းထံသို့ ဖုန်းခေါ်ဆိုလိုက်လေသည်။
"ဦးလေး... အခုတလော အလုပ်တွေ အဆင်ပြေရဲ့လား...။ ပြီးခဲ့တဲ့ တစ်ခါက ဦးလေး ပေးတဲ့ အမြတ် ဝေစုတွေကို ကြည့်ရတာတော့ အခြေအနေ တော်တော်ကောင်းပုံပဲ...။"
ဖုန်းကို စပီကာဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဦးလေးဖြစ်သူ ထျန်းကော်ချင်း၏ စိတ်လှုပ်ရှားနေသော အသံမှာ ထွက်ပေါ်လာလေတော့သည်။
"တူလေး... မင်း ငါ့ဆီမှာ အရင်ဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ပေးခဲ့ပြီးကတည်းက ရှီမိသားစုရဲ့ ငါ့အပေါ် ထား တဲ့ သဘောထားက လုံးဝ ပြောင်းလဲသွားပြီ...။"
"သူတို့က မင်းနဲ့ သိကျွမ်းခွင့် ရဖို့ ငါ့ကို တောင်းဆိုနေကြတာ...။ ဒါပေမဲ့ မင်းက အဲ့ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ မပါချင်ဘူးလို့ ပြောခဲ့တာကို ငါ မှတ်မိနေလို့ အကုန် ငြင်းပယ်လိုက်တယ်...။"
"ဒါကြောင့် သူတို့က ငါ့ကို နေ့တိုင်း ဖားယားနေကြပြီး ငါ့ကုမ္ပဏီကို သူတို့ လုပ်ငန်းစုထဲကို ပေါင်းထည့် ပေးတဲ့အပြင် ငါ့ကို ဒုဥက္ကဋ္ဌရာထူးပါ ပေးထားသေးတယ်...။"
"အခုဆိုရင် ငါက ဒီမြို့ရဲ့ သံမဏိ အင်ပါယာဖြစ်တဲ့ ရှီမိသားစု လုပ်ငန်းစုထဲမှာ နေရာတစ်ခု ရနေပြီ...။ ငါ တောင်းဆိုသမျှကိုလည်း သူတို့က အလွန်အကျွံ မဟုတ်ရင်တောင် အကုန် သဘောတူကြတယ်...။"
"ချစ်ရတဲ့ တူလေးရာ...။ မင်းက ဦးလေးရဲ့ ဘဝကို လုံးဝ ပြောင်းလဲပေးလိုက်တာပဲ...၊ မင်းကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး...။"
ဦးလေးဖြစ်သူ၏ စိတ်လှုပ်ရှားစွာ ပြောဆိုနေသော စကားများကို နားထောင်ရင်း လျန်ထျန်းက ပြုံး၍ ပြောလိုက်လေသည်။
"ရပါတယ် ဦးလေး.... ကျွန်တော်တို့က မိသားစုတွေပဲ မဟုတ်လား...။ ဒါပေမဲ့ ကျွန်တော် ဦးလေးကို မေးစရာတစ်ခု ရှိလို့ပါ...။"
လျန်ထျန်းတွင် တစ်စုံတစ်ခု ဖြစ်နေသည်ကို သိလိုက်သောအခါ ထျန်းကော်ချင်းက အလျင်အမြန် မေးလိုက်လေ၏။
"တူလေး... ဘာဖြစ်လို့လဲ...။ ဦးလေးကို အမြန်ပြောပါ...၊ ဘာပဲဖြစ်ဖြစ် ရှီမိသားစု လုပ်ငန်းစုရဲ့ အင်အား အားလုံးကို သုံးပြီး မင်းကို ဦးလေး ကူညီပေးပါ့မယ်...။"
"ရှီမိသားစု လုပ်ငန်းစု" ဟူသော အမည်ကို ကြားလိုက်ရသောအခါ ဖီဟုန်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားတော့လေသည်။ အကြောင်းမှာ အယ်လ် မြို့တော်အတွင်း သံမဏိ လုပ်ငန်းလုပ်ကိုင်သူ မှန်သမျှသည် ရှီမိသားစု လုပ်ငန်းစုအကြောင်းကို မသိသူ မရှိသောကြောင့် ဖြစ်သည်။
၎င်းတို့မှာ သံမဏိ နယ်ပယ်၏ ဘုရင်များ ဖြစ်ကြပြီး နည်းပညာပိုင်းတွင်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေသူများ ဖြစ်သည်။ ထို့အပြင် အသေးစားနှင့် အလတ်စား သံမဏိစက်ရုံ ပေါင်းများစွာ၏ အသက်သွေးကြောကိုလည်း ထိန်းချုပ်ထားသူများ ဖြစ်ကြပေသည်။
"နေပါဦး...။"
ဖီဟုန်က ရုတ်တရက် ကြားဖြတ် ပြောလိုက်သည်။
"မင်း ပြောနေတဲ့ ရှီမိသားစု လုပ်ငန်းစု ဆိုတာ...။ သံမဏိ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ရှီမိသားစု လုပ်ငန်းစုလား...။ ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်...။"
ဖီဟုန်၏ စကားကို ကြားသောအခါ ဖုန်းထဲမှ ထျန်းကော်ချင်းက မေးလိုက်လေသည်။
"တူလေး... စောစောက စကားပြောလိုက်တာ ဘယ်သူလဲ...။"
လျန်ထျန်း၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လွင်လာခဲ့လေသည်။
"ဒါဟုန် သံမဏိစက်ရုံက ပိုင်ရှင် ဖီဟုန် ပါဦးလေး...။"
"ဒီလူက တော်တော်ကို မောက်မာတာဗျ...။ စီးပွားရေး အနည်းငယ် အဆင်ပြေပြီး ပိုက်ဆံရလာတာနဲ့ တစ်မိသားစုလုံးကို နိုင်ငံခြားသား ခံယူခိုင်းထားတယ်...။"
"ပြဿနာ တစ်ခုခု ဖြစ်လာရင်လည်း နိုင်ငံခြားသား ဆိုတဲ့ အကြောင်းပြချက်နဲ့ တာဝန်ကို ရှောင်လွှဲ တယ်...။ ဒီနိုင်ငံမှာ ဘယ်သူမှ သူ့ကို မထိန်းချုပ်နိုင်သလိုမျိုး ပြုမူနေတာ...။"
"စောစောကဆိုရင် သူက ပိုတောင် မောက်မာသေးတယ်...။ ကျွန်တော့်လို အကောင်လေးက သူ့ကို လာယှဉ်ရဲတယ် ဆိုပြီး တစ်နေ့ကျရင် ကျွန်တော့်ကို ဖမ်းပြီး သံတိုသံစတွေနဲ့အတူ အရည်ကျိုပစ် မယ်တဲ့လေ...။"
ထိုစကားများကို ကြားသောအခါ ဖုန်းထဲမှ ထျန်းကော်ချင်းမှာ ဒေါသအိုး ပေါက်ကွဲသွားတော့သည်။
"ဖီဟုန် ဟုတ်လား...။ ဒိကောင့်ကို ငါ သိတာပေါ့...။"
"ငါ ရှီမိသားစုရဲ့ အနှိမ်ခံ ဖြစ်နေတုန်းက သူတို့နဲ့ စီးပွားရေး အရ ဆက်ဆံခဲ့ဖူးတယ်...။ ဒါပေမဲ့ သူတို့က ငါ့ကို မျက်စိထဲတောင် မထည့်ခဲ့ဘူး...။ တကယ့်ကို လူချမ်းသာကိုပဲ ဖားတတ်တဲ့သူတွေ...။"
"ဒါပေမဲ့ ငါ ရှီမိသားစု လုပ်ငန်းစုရဲ့ ဒုဥက္ကဋ္ဌ ဖြစ်လာပြီးနောက်မှာတော့ ဒီကောင်က ငါ့ကို အရင်ဆုံး လာဖားတဲ့သူပဲ...။ မနေ့ကတောင် ငါ့ကို ထမင်းကျွေးချင်ပါတယ်ဆိုပြီး တောင်းဆိုနေတာကို ငါ ငြင်း လိုက်သေးတယ်...။"
"ဖီဟုန်... မင်း အဲ့ဒီမှာ ရှိနေတယ် မဟုတ်လား...။ ငါ့တူကို မင်း စော်ကားရဲတယ်ပေါ့လေ...။ ကြည့်ရတာ မင်း ဒီနယ်ပယ်မှာ ဆက်ပြီး မရပ်တည်ချင်တော့ဘူး ထင်တယ်...။"
ထိုအချိန်တွင် ဖီဟုန်မှာ ဖုန်းထဲမှ အသံမှာ ဒုဥက္ကဋ္ဌထျန်း၏ အသံဖြစ်ကြောင်း သိရှိသွားပြီး လုံးဝ တုန်လှုပ်ခြောက်ခြားသွားကာ ချွေးစေးများ ပြန်လာတော့သည်။
သူသည် အလျင်အမြန် ခါးညွှတ်၍ ပြောလိုက်လေ၏။
"လူကြီးမင်း... လူကြီးမင်းက ဒုဥက္ကဋ္ဌထျန်း ပါလား...။ ဒီ... ဒီပို့ဆောင်သူ...၊ ဩော်... မဟုတ်ပါဘူး...။ ဒိချောမောခန့်ညားတဲ့ လူငယ်လေးက လူကြီးမင်းရဲ့ တူမှန်း ကျွန်တော် မသိခဲ့လို့ပါ...။"
"ကျွန်တော် တကယ်ကို မျက်စိမရှိ ဖြစ်ခဲ့မိပါတယ်...။ ခွေးပါးစပ်က နတ်စကား မထွက်နိုင်ဘူး ဆိုသလို ပါပဲ...။ စောစောက ပြောခဲ့တာတွေအတွက် ကျွန်တော် တောင်းပန်ပါတယ်...။"
စောစောက အရှိန်အဝါကြီးလှသော ဖီဟုန်မှာ ယခုမူ သနားစရာ ကောင်းလောက်အောင် ကုပ်ကုပ်လေး ဖြစ်သွားရလေသည်။ သို့သော်လည်း သားဖြစ်သူက နောက်ဆုတ်သွားသော်လည်း အဖိုးကြီးမှာမူ အလျှော့မပေးဘဲ ဒေါသတကြီး ရှေ့တိုးလာပြန်လေသည်။
"မင်းက ဘာလို့ တောင်းပန်နေရတာလဲ...။ ငါ့ပင်စင်ကိစ္စက မပြီးသေးဘူးလေ...။ ငါ့ပင်စင်ကို ဖြတ်တောက်တာကို သူတို့ကို ခွင့်မပြုနဲ့...။"
ဖီဟုန်က သူ၏ အဖေဖြစ်သူကို အလျင်အမြန်ပင် ပြောလိုက်လေသည်။
"အဖေရာ... အခုက ဘယ်လို အခြေအနေဖြစ်နေပြီလဲ...။ ဘာလို့ ပင်စင်ကိစ္စကိုပဲ စိတ်ပူနေရတာလဲ...။"
"အခုတလော စီးပွားရေး ကောင်းနေပေမဲ့ ပိုက်ဆံတွေ အကုန်လုံးက စက်ရုံထဲမှာ ရင်းနှီးထားရတာ...၊ တကယ်လို့ ရှီမိသားစု လုပ်ငန်းစုကိုသာ စော်ကားမိရင် ကျွန်တော်တို့ ဒေဝါလီ ခံရလိမ့်မယ်...။"
"ဒီလို အသေးအဖွဲ ပိုက်ဆံလေးကို မကြည့်ဘဲ အကြီးအကျယ် ဆုံးရှုံးမယ့် ကိစ္စကို မလုပ်ပါနဲ့တော့...။ ပြီးတော့ ရွာမှာတုန်းက သူများဆီက အမြတ်ထုတ်တတ်တဲ့ အကျင့်ဟောင်းတွေကိုလည်း မပြင်နိုင်သေး ဘူးလား...။"
ဖီဟုန်သည် ပြောပြောဆိုဆိုဖြင့် သူ၏ အဖေကို ဆွဲထုတ်သွားကာ လျန်ထျန်းကို အလျင်အမြန် တောင်းပန်လိုက်လေသည်။
"တောင်းပန်ပါတယ်...။ ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်...။ ကျွန်တော့်အဖေက လောဘကြီး သွားလို့ပါ...။ ပျောက်သွားတဲ့ အစားအသောက်တွေ အတွက် ဆယ်ဆ...၊ မဟုတ်ဘူး...။ အဆတစ်ရာ ပြန်လျော်ပေးပါ့မယ်...။"
လျန်ထျန်းက အမူအရာ ကင်းမဲ့စွာဖြင့် သူ၏ ဘေးရှိ ပို့ဆောင်သူကို လက်ညှိုးထိုးပြကာ ပြောလိုက်လေ ၏။
"မင်း ဘယ်သူ့ကို တောင်းပန်ရမလဲဆိုတာ အခုထိ နားမလည်သေးဘူးပဲ...။"
"မင်းတို့လို လူစားမျိုးကို ငါက လွှတ်ပေးလိုက်မယ်ဆိုရင် တခြားလူတွေကို ဒုက္ခပေးတာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်...။"