← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅)

ထူးဆန်းသော တိုင်ကြားမှု

အဆုံးသတ်တွင် အစားအသောက်နှင့် ရေ လိုအပ်ချက်မရှိဘဲ လစဉ် ပင်စင်လစာ ရရှိနေပါလျက် အစား အသောက်များကို ခိုးယူခဲ့သည့် အဖိုးကြီးသည် သူ၏ ဒေသန္တရ နေထိုင်ခွင့်နှင့် လူမှုဖူလုံရေး အကျိုးခံစား ခွင့် အားလုံးကို ဖျက်သိမ်းခြင်း ခံလိုက်ရလေသည်။

သူ၏သား ဖီဟုန် ပိုင်ဆိုင်သော ဒါဟုန် သံမဏိစက်ရုံ သည်လည်း ရှီမိသားစု လုပ်ငန်းစု ၏ နာမည်ပျက် စာရင်း သွင်းခြင်းကို ခံလိုက်ရပြီး ရင်းနှီးမြှုပ်နှံမှု ကွင်းဆက် ပြတ်တောက်သွားကာ မကြာမီပင် ဒေဝါလီ ခံရမည့် အခြေအနေသို့ ဆိုက်ရောက်သွားလေတော့သည်။

သားအဖ နှစ်ဦးစလုံးသည် ဤရလဒ်ကို လက်မခံနိုင်ဘဲ နယ်မြေရဲစခန်း အတွင်း၌ ဆူပူသောင်းကျန်း ကြလေသည်။

သို့သော်လည်း ဤအချက်ကပင် ညွှန်ကြားရေးမှူးတန် အတွက် သူတို့၏ အားနည်းချက်ကို အသုံးချရန် အခွင့်အရေး ဖြစ်လာခဲ့လေသည်။

"ကောင်းပြီ... မင်းတို့က နိုင်ငံခြားသားတွေ မဟုတ်လား...။ ဒါဆိုရင် တရုတ်နိုင်ငံမှာ ဆက်မနေနဲ့ တော့...။"

ထိုသူနှစ်ဦးသည် ပြည်သူ့အေးချမ်းသာယာရေးကို နှောင့်ယှက်မှုနှင့် တာဝန်ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် ပြစ်ဒဏ်စီရင်ခြင်း ခံရပြီး သတ်မှတ်ထားသော ကာလအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးခြင်း ခံလိုက်ရလေသည်။

သူတို့၏ ဗီဇာများကို ဖျက်သိမ်းလိုက်ပြီး နောက်ထပ် ငါးနှစ်အတွင်း ဗီဇာထုတ်ပေးခြင်းကိုလည်း ပိတ်ပင်လိုက်လေသည်။

တစ်နည်းအားဖြင့် ဆိုရသော် ဤ "နိုင်ငံခြားသား" နှစ်ဦးသည် ငါးနှစ်အတွင်း တရုတ်နိုင်ငံသို့ လာရောက် ခွင့် ပိတ်ပင်ခံရပြီး ပြည်နှင်ဒဏ် ပေးခြင်း ခံလိုက်ရခြင်းပင် ဖြစ်တော့သည်။

ထိုသူများကို နှင်ထုတ်ခြင်း မပြုမီ အစားအသောက် အခိုးခံရသည့် ပို့ဆောင်သူများအား နစ်နာကြေး တစ်ပြားမကျန် ပေးလျော်စေခဲ့သည်။ ပြင်းထန်သော သင်ခန်းစာကို ရရှိသွားပြီးနောက် မရိုးသားသော ထိုသားအဖ နှစ်ဦးသည် နောက်ထပ် မလိမ်ရဲတော့ဘဲ ပိုက်ဆံများကို နာခံစွာ ပေးချေ၍ ကုပ်ကုပ်လေး ထွက်ခွာသွားကြလေတော့သည်။

နစ်နာကြေးများ ရရှိပြီးနောက် ပို့ဆောင်သူမှာလည်း ဝမ်းသာအားရ ထွက်ခွာသွားပြီး ဤကိစ္စမှာ ပြီးဆုံး သွားခဲ့လေသည်။ သို့သော်လည်း ထို့နောက်တွင် လျန်ထျန်းသည် ညွှန်ကြားရေးမှူးတန် နှင့် သီးသန့် စကားပြောဆိုခဲ့လေသည်။

"နိုင်ငံသား နှစ်မျိုး ခံယူထားတဲ့ ကိစ္စတွေကို ကျွန်တော်တို့ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါလျက်နဲ့ ဘာလို့ သူတို့ကို နှစ်ဖက်လုံးက အကျိုးကျေးဇူးတွေ ခံစားခွင့်ပေးပြီး စုံစမ်းစစ်ဆေးမှု မလုပ်ဘဲ လွှတ် ထားရတာလဲ...။"

"ရဲစခန်း စနစ်အတွင်းမှာ စနစ်တကျ နှိုင်းယှဉ် စစ်ဆေးပြီးတော့ ဤလို မျက်နှာနှစ်မျိုးနဲ့ လူတွေကို အမြန် ဆုံး ဖော်ထုတ်လို့ မရဘူးလား...။"

"မဟုတ်ရင် သူတို့က နိုင်ငံခြားသားတွေ ဖြစ်နေပြီးတော့ ကျွန်တော်တို့ တရုတ်လူမျိုးတွေကို အထင် သေးနေကြလိမ့်မယ်...။ ဒါတင်မကသေးဘူး ကျွန်တော်တို့ဆီက အကျိုးခံစားခွင့်တွေကိုလည်း ရယူ နေကြဦးမယ်...။ ဒါက တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်းပါတယ်...။"

ညွှန်ကြားရေးမှူးတန် က အားနာဟန်ဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။

"မစ္စတာလျန်... ဒါက သမိုင်းကြောင်းအရ ကျန်ရှိနေတဲ့ ပြဿနာတစ်ခုပါ...။ ဒီအရွယ် သက်ကြီးရွယ် အိုတွေအတွက် မူလ အချက်အလက်တွေကို စက္ကူ မှတ်တမ်းတွေနဲ့ပဲ သိမ်းဆည်းထားတာ ဖြစ်သလို အီလက်ထရွန်နစ် အချက်အလက်တွေကလည်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှု မရှိဘဲ သီးခြားစီ ဖြစ်နေ လို့ပါ...။"

"တကယ်လို့ စုံစမ်းချင်တယ် ဆိုရင်တောင် အင်အား အများကြီး စိုက်ထုတ်ရပါလိမ့်မယ်...။ ဒါမှ မဟုတ် ရင် အလွန် အဆင့်မြင့်တဲ့ စက်ပစ္စည်းမျိုး လိုအပ်ပါတယ်... ဒါပေမဲ့ သည်လို နည်းပညာမျိုးက ကျွန်တော် တို့ နိုင်ငံမှာ အခုထိ မရှိသေးပါဘူး...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း က မျက်မှောင်ကြုတ်လိုက်လေသည်။

"ပြည်တွင်းမှာ မရှိရင် ပြည်ပကနေ ဝယ်လို့ရတာပဲ...။ ဘာလဲ...၊ ဘယ်သူမှ ပိုက်ဆံ မစိုက်ချင်လို့လား...။ ကျွန်တော် စိုက်ပေးပါ့မယ်...။"

ညွှန်ကြားရေးမှူးတန် က ခေါင်းကို ခါယမ်းရင်း သက်ပြင်းချလိုက်လေ၏။

"မစ္စတာလျန်... ဒါက ပိုက်ဆံနဲ့ ဆိုင်တာ မဟုတ်ပါဘူး...။ ပြည်ပနိုင်ငံတွေက ကျွန်တော်တို့ကို မရောင်းချ တာပါ...။ ကျွန်တော်တို့က စက်ပစ္စည်းတွေကို ဝယ်ပြီး နည်းပညာတွေကို လေ့လာ ထုတ်လုပ်သွားမှာကို သူတို့က ကြောက်နေကြတာလေ...။"

လျန်ထျန်း သည် ရုတ်တရက် သဘောပေါက်သွားပြီးနောက် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိတော့သည်။ ခေတ္တမျှ ကြာသောအခါ လျန်ထျန်း က ပြတ်သားစွာ ပြောလိုက်လေသည်။

"နောင်ကျရင် အခွင့်အရေး ရမယ်ဆိုရင် ကျွန်တော် ဒီနယ်ပယ်ကို အထူးပြုတဲ့ ကုမ္ပဏီတစ်ခုမှာ ရင်းနှီး မြှုပ်နှံပြီး နိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာ သုတေသန လုပ်ငန်းတွေမှာ ပါဝင် ကူညီသွားပါ့မယ်...။"

ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးတန် သည် လျန်ထျန်း ၏ လက်ကို ဝမ်းသာအားရ ဆွဲကိုင် လိုက်လေသည်။

"ခင်ဗျားလိုမျိုး တာဝန်သိစိတ် ရှိတဲ့ လူငယ် လုပ်ငန်းရှင်တစ်ယောက်နဲ့ သိကျွမ်းရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ...။"

"နောင်ကျရင် တစ်ခုခု လိုအပ်တာ ရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်ပါ...။ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းကနေ အစွမ်းကုန် ကူညီပေးပါ့မယ်...။"

ညွှန်ကြားရေးမှူးတန် ဤမျှအထိ စိတ်လှုပ်ရှားနေရခြင်းမှာ လျန်ထျန်း ၏ အကြံပြုချက်ကြောင့် ဖြစ် လေသည်။ အကယ်၍ နောင်တွင် အလားတူ ရည်မှန်းချက်များ ချမှတ်လာပါက သူသည် လျန်ထျန်း ကို တိုက်ရိုက် တာဝန်ပေးနိုင်မည် မဟုတ်ပါလား။

အထက်လူကြီးများ ပေးအပ်သော တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပါက ရာထူးတက်ရန် အတွက် စိုးရိမ်နေစရာ လိုအပ်ပါဦးမည်လော။

အဆုံးသတ်တွင် သူသည်လည်း မိမိ၏ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

သို့သော်လည်း သည်လောကတွင် မိမိ၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ လုပ်ဆောင်သူ မည်မျှ ရှိပါ မည်နည်း။

လျန်ထျန်း သည် နောင်တွင် ပိုမို ကောင်းမွန်သော ကိစ္စရပ်များကို လုပ်ဆောင်နိုင်ရန်အတွက် အစား အသောက် ပို့ဆောင်သည့် အလုပ်ကို ပို၍ပင် ကြိုးစား လုပ်ကိုင်လေတော့သည်။ ထိုနေ့တွင် သူသည် ထုံးစံအတိုင်း စောစောထကာ ပို့ဆောင်သူ ဝတ်စုံကို ဝတ်ဆင်ပြီး လျှပ်စစ်စကူတာကို စီး၍ အလုပ် စတင်ရန် ပြင်ဆင်လိုက်လေ၏။

သို့သော်လည်း အမှာစာ လက်ခံသည့် ဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်သောအခါ သူသည် မှင်တက်သွားရ လေသည်။ လျန်ထျန်း သည် သူ၏ အကောင့်မှာ အမှာစာ လက်ခံခွင့် ပိတ်ပင်ခံထားရသည်ကို တွေ့ရှိ လိုက်ရခြင်း ဖြစ်လေသည်။

အကြောင်းရင်းမှာ မနေ့က ဝယ်ယူသူ တစ်ဦးက အစားအသောက်ကို မရရှိခဲ့ဟု ဆိုကာ ငွေပြန်အမ်းခိုင်း ပြီး တိုင်ကြားခဲ့သောကြောင့် ဖြစ်လေသည်။ ရလဒ်အနေဖြင့် လျန်ထျန်း သည် သုံးရက်တိုင်တိုင် အမှာစာ လက်ခံခွင့် ပိတ်ပင်ခံရသည့်အပြင် ယွမ် (၈၀) လည်း ဒဏ်ရိုက်ခံခဲ့ရလေသည်။

ဤသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ ကျဆင်းသွားပြီးနောက် လျန်ထျန်း ပထမဆုံးအကြိမ် ရရှိခဲ့သည့် တိုင်ကြားမှုပင် ဖြစ်သည်။ သူ စိုးရိမ်ခဲ့သည့်အတိုင်း ဖြစ်လာခဲ့ပြီ ဖြစ်၏။ အစားအသောက် ပို့ခ ကော်မရှင်များမှာ ကမ္ဘာ့ငွေကြေးဖောင်းပွမှု ဒဏ်ကို မခံရသကဲ့သို့ တိုင်ကြားမှုကြောင့် ဒဏ်ရိုက်ခံရ သည့် ပမာဏမှာလည်း ပြောင်းလဲခြင်း မရှိပေ။

ထို ယွမ် (၈၀) မှာ ငွေကြေးတန်ဖိုး မကျဆင်းမီက ဆိုလျှင် ယွမ် သန်းရှစ်ဆယ် နှင့် ညီမျှလှပေသည်။ ထို့ အပြင် သုံးရက်တိုင်တိုင် အမှာစာ ပို့ဆောင်ခွင့် ရှိခြင်းမှာလည်း ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေသည်။ လျန်ထျန်း ၏ ခန့်မှန်းချက်အရ ဤတိုင်ကြားမှုကြောင့် သူ၏ ဆုံးရှုံးမှုမှာ ယွမ် (၁၀၀၀) ခန့် ရှိပြီး ၎င်းမှာ အရင်က ဆိုလျှင် ယွမ် တစ်ဘီလီယံ နှင့် ညီမျှနေတော့သည်။

တစ်ဘီလီယံ ဆိုသည်မှာ တစ်သက်လုံး သုံးမကုန်နိုင်သည့် ပမာဏ ဖြစ်သော်လည်း ယခုမူ နာကျင်ဖွယ် ကောင်းသော ကိန်းဂဏန်းတစ်ခု ဖြစ်နေရ၏။ သူ၏ ထောက်ပံ့မှုကို စောင့်ဆိုင်းနေသည့် ကုမ္ပဏီများစွာ ရှိနေသည် မဟုတ်ပါလား။ ကျန်းချောင် ကို ကုသရန်အတွက်လည်း ကမ္ဘာတစ်ဝန်းမှ နာမည်ကြီးလှသော ဆရာဝန်များကို ရှာဖွေရန် ထိပ်တန်း အဖွဲ့အစည်းတစ်ခုကို ငှားရမ်းထားရသေးသည်။

ထို့အပြင် စေတနာ ရေခဲသေတ္တာ ကဲ့သို့သော အလုပ်များကိုလည်း ရပ်တန့်၍ မရပေ။ နေ့တိုင်း ပိုက်ဆံ များစွာ လိုအပ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် လျန်ထျန်း သည် ပို့ဆောင်သူများ စုဖွဲ့ထားသည့် အဖွဲ့ထဲသို့ သွားရောက်ကာ တာဝန်ခံကို အခြေအနေ မေးမြန်းလိုက်သည်။

တာဝန်ခံကို အကြိမ်ကြိမ် ခေါ်ယူပြီးနောက်တွင်မှ ထိုသူက ဝတ်ကျေတမ်းကျေ ပြန်လည် ဖြေကြားခဲ့လေ ၏။

"ကျွန်တော်က အထက်က ညွှန်ကြားချက်အတိုင်း လုပ်တာပါ...။ တခြား ဘာမှ မသိဘူး...၊ ခင်ဗျား သိချင်ရင် ဝန်ဆောင်မှု ဌာန ကိုပဲ ဆက်သွယ်ကြည့်လိုက်ပါ...။"

ထို့နောက် လျန်ထျန်း သည် ဝန်ဆောင်မှု ဌာန သို့ ဖုန်းဆက်ခဲ့ရာ ရရှိခဲ့သော အဖြေမှာ၊

"မနေ့က ဝယ်ယူသူက အစားအသောက် မှာပြီးတဲ့နောက် လူနေရပ်ကွက် အောက်ထပ်က ပါဆယ် သေတ္တာထဲမှာ ထားခဲ့ဖို့ ပြောထားတယ်တဲ့...၊ ဒါပေမဲ့ သူ သွားယူတဲ့အခါ မတွေ့ဘူးလို့ ပြောတယ်...။"

"မင်း နေရာမှားထားမိတာလား...၊ ဝယ်ယူသူက အစားအသောက်ကို မတွေ့လို့ မင်းဆီကို ဖုန်းမဆက် ဘူးလား...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း လည်း ဇဝေဇဝါ ဖြစ်သွားရလေသည်။

"ကျွန်တော် မနေ့က အဲ့ဒီအမှာစာကို သေချာ မှတ်မိပါတယ်...။ ဝယ်ယူသူ ပြောတဲ့ အစားအသောက် ဗီရိုထဲမှာပဲ သေချာ ထည့်ပေးခဲ့တာပါ...။"

"ပြီးတော့ သူ ကျွန်တော့်ဆီကို ဖုန်းလည်း မဆက်သလို ဘယ်လိုနည်းနဲ့မှလည်း ဆက်သွယ်မလာခဲ့ဘူး...။ ဒါကြောင့် ကျွန်တော်က ပစ္စည်းရောက်သွားပြီလို့ပဲ ထင်နေခဲ့တာ...။"

ထိုအချိန်တွင် လူတိုင်းမှာ ထူးဆန်းနေသည်ဟု ခံစားရပြီးနောက် နောက်ဆုံးတွင် ဝန်ဆောင်မှု ဌာန ဝန်ထမ်းက အကြံပေးလိုက်လေ၏။

"ဒီလို လုပ်ပါလား...။ မင်း ဝယ်ယူသူဆီကို သီးသန့် ဆက်သွယ်ပြီး အခြေအနေကို စုံစမ်းကြည့်လိုက်ပါ လား...။"

လျန်ထျန်း သည် ဤနည်းလမ်းမှလွဲ၍ အခြားမရှိတော့ကြောင်း သိလိုက်သဖြင့် အမှာစာကို ပြန်ရှာကာ ဝယ်ယူသူထံသို့ စာပို့လိုက်လေသည်။

[မင်္ဂလာပါ... ကျွန်တော်က မနေ့က ပစ္စည်းလာပို့တဲ့ ပို့ဆောင်သူ ပါ...။ မနေ့က အစားအသောက်ကို မတွေ့ဘူးလို့ ကြားရပါတယ်...။ အဲ့ဒါ အမှန်ပဲလားခင်ဗျာ...။]

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက်တွင်မှ တစ်ဖက်မှ စာပြန်လာခဲ့၏။

[ဩော်... ဟုတ်တယ်... ရပါတယ်...။ ကျွန်တော် ပိုက်ဆံပြန်ရပြီးပြီဆိုတော့ မင်း စိတ်ပူနေစရာ မလိုတော့ပါဘူး...။]

ထိုစာကို မြင်သောအခါ လျန်ထျန်း သည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ခေတ္တ စဉ်းစားကာ နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်လေသည်။

[မင်္ဂလာပါ... ဒါက ပိုက်ဆံပြန်ရရုံတင် မဟုတ်ပါဘူး...။ ဒီကိစ္စကြောင့် လူကြီးမင်းက ကျွန်တော့်ကို မနေ့ က တိုင်ကြားခဲ့လို့ ကျွန်တော် သုံးရက်တိုင်တိုင် အလုပ်လုပ်ခွင့် ပိတ်ပင်ခံထားရလို့ပါ...။]

[ဒါကြောင့် ကျွန်တော် ရှင်းရှင်းလင်းလင်း သိချင်တာက...။ လူကြီးမင်း အစားအသောက်ကို မတွေ့တဲ့ အချိန်မှာ ကျွန်တော့်ဆီကို ဘာလို့ ဖုန်းမဆက်ခဲ့တာလဲ ဆိုတာပါပဲ...။]

ဤတစ်ကြိမ်တွင်မူ စောင့်ဆိုင်းရသည့် အချိန်မှာ ယခင်ကထက် ပိုမို ကြာရှည်သွားပြီး တစ်ဖက်မှ ဘာမှ ပြန်မလာတော့ပေ။ လျန်ထျန်း က ယဉ်ကျေးစွာဖြင့် ထပ်မံ စာပို့လိုက်ပြန်လေသည်။

[မင်္ဂလာပါ... အလုပ်များနေလို့လားခင်ဗျာ...။]

[နှောင့်ယှက်မိတာ တောင်းပန်ပါတယ်...။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော့်ရဲ့ အလုပ်ကို ထိခိုက်နေလို့ အခြေ အနေကို သိချင်လို့ပါ...။]

[အားတဲ့အချိန်မှာ စာပြန်ပေးဖို့ မျှော်လင့်ပါတယ်...။ ကျေးဇူးတင်ပါတယ်...။]

သို့သော်လည်း လျန်ထျန်း ၏ နောက်ဆုံးစာ ပို့ပြီးပြီးချင်းမှာပင် တစ်ဖက်မှ စာများ တရစပ် ရောက်ရှိလာ လေတော့သည်။

[တောက်... ငါက မင်းကို အေးအေးဆေးဆေး နေပါလို့ ပြောထားတာကို...။ ဘာလို့ မရပ်နိုင် ဖြစ်နေရ တာလဲ...။ မင်းလို အစားအသောက်ပို့တဲ့ ခွေးကများ...။]

[ဦးနှောက်က သည်လောက်အထိ ထုံအနေလို့လည်း မင်းက အစားအသောက် ပို့တဲ့အလုပ်ပဲ လုပ်နိုင်တာ ပေါ့... ။ အသုံးမကျတဲ့ အောက်တန်းစား သတ္တဝါ...။]

[ငါ မင်းကို သတိပေးလိုက်မယ်...။ ငါ့ကို ထပ်ပြီး လာမနှောင့်ယှက်နဲ့...၊ မဟုတ်ရင် မင်းရဲ့ ခြေထောက်ကို ရိုက်ချိုးပြီး အစားအသောက် ထပ်မပို့နိုင်အောင် လုပ်ပစ်မယ်...။]

ဤစာများကို မြင်လိုက်ရသောအခါ လျန်ထျန်း သည် မှင်တက်သွားရလေတော့သည်။ အမှန်တကယ် ပင် မှင်တက်သွားရခြင်း ဖြစ်လေ၏...။

အခန်း (၁၂၆)

ထူးဆန်းသော ဝယ်ယူသူ

*ငါ... ငါ ဘာပြောလိုက်လို့လဲ...။ သူက ဘာလို့ ရုတ်တရက်ကြီး ဆဲဆိုနေရတာလဲ...။ တကယ်ကို ရူးနေတာပဲ...။*

လျန်ထျန်း သည် သူ ပေးပို့ခဲ့သော စာများကို အကြိမ်ကြိမ် ပြန်လည် ဖတ်ရှုသော်လည်း မည်သည့် ရိုင်းစိုင်းသော စကားလုံးကိုမှ မတွေ့ရပေ။

သို့သော်လည်း တစ်ဖက်လူမှာမူ အကြောင်းပြချက် မရှိဘဲ သူ့ကို ရိုင်းစိုင်းစွာ ဆဲဆိုနေခြင်းမှာ အမှန် တကယ်ပင် နားလည်ရ ခက်ခဲလှပေသည်။

ဤကဲ့သို့ အနိုင်ကျင့်ခံရမှုကို သည်းခံနေခြင်းမှာ မည်သို့မျှ အဓိပ္ပာယ်မရှိပေ။ ထို့ကြောင့် လျန်ထျန်း သည် စာပြန်၍ ပို့လိုက်လေသည်။

[ကျွန်တော် လူကြီးမင်းရဲ့ အစားအသောက်ကို ပျောက်ဆုံးစေခဲ့ရင် တိုင်ကြားပိုင်ခွင့် ၊ ဒါမှမဟုတ် အမှတ် လျှော့တာမျိုး လုပ်လို့ရပါတယ်...၊ အဲ့ဒါက ပြဿနာ မရှိပါဘူး...။]

[ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို ခွေးလို့ ဆဲဆိုပြီး ခြေထောက် ရိုက်ချိုးမယ်လို့ ခြိမ်းခြောက်တာကတော့ တော်တော် လွန်လွန်းပါတယ်...။ ဒါက ဘာသဘောလဲ...။]

[ဒါ့အပြင် အမှန်တရားက ဘာလဲဆိုတာ မသိရသေးဘူး...။ ကျွန်တော်က အခြေအနေကို လာမေးတာပဲ ရှိသေးတာကို ခင်ဗျားက ဘာလို့ သည်လောက်အထိ ရင့်ရင့်သီးသီး တုံ့ပြန်နေရတာလဲ...။ ဒီနေ့ ခင်ဗျား ကျွန်တော့်ကို သေချာ ရှင်းပြရမယ်...။]

စာများ ပို့ပြီးနောက်တွင်မူ တစ်ဖက်မှ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှ၏။ သို့သော်လည်း ပြန်လာ သည့် စာများမှာမူ ယခင်ကထက်ပင် ပို၍ မောက်မာရိုင်းစိုင်းလှပေသည်။

[ဒါလေးတောင် မစဉ်းစားနိုင်ရင် မင်း ဘဝက ဘာအသုံးကျတော့မှာလဲ...။]

[ကြည့်စမ်း...။ မိုက်မဲလိုက်တာ...၊ မင်းက တစ်သက်လုံး အစားအသောက် ပို့တဲ့အလုပ်ပဲ လုပ်သွားရမှာ ... ။အသုံးမကျတဲ့ အမှိုက်ကောင်...။]

[ဘာပဲဖြစ်ဖြစ် ငါ့ကို ထပ်ပြီး လာမနှောင့်ယှက်နဲ့...။ မကျေနပ်ရင် လာခဲ့လေ...၊ မင်းရဲ့ ခြေထောက်ကို ငါ ကိုယ်တိုင် ရိုက်ချိုးပေးမယ်...။]

ဤသည်ကို မြင်လိုက်ရသောအခါ လျန်ထျန်း သည် သည်းမခံနိုင်တော့ပေ။ သူသည် အခြေအနေကို အေးအေးဆေးဆေး မေးမြန်း၍ ဖြေရှင်းလိုသော်လည်း တစ်ဖက်လူမှာမူ အကြောင်းမရှိဘဲ ဆဲဆိုရုံသာမ က ခြိမ်းခြောက်ခြင်းပါ ပြုလုပ်နေသည် မဟုတ်ပါလား။

လက်ရှိတွင် သူ၏ အကောင့်မှာလည်း အမှာစာ လက်ခံခွင့် ပိတ်ပင်ခံထားရသဖြင့် လျန်ထျန်းသည် ဤ ကိစ္စ၏ အမှန်တရားကို မရရအောင် ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်လေသည်။ သူသည် သူ၏ လျှပ်စစ် စကူတာ ကို စီး၍ အမှာစာ ပို့ဆောင်ခဲ့သည့် နေရာသို့ တိုက်ရိုက် ထွက်ခွာခဲ့လေတော့သည်။

၎င်းမှာ တိုက်ခန်းဝန်းတစ်ခု ဖြစ်ပြီး လျန်ထျန်း ယခင်က ငှားရမ်းနေထိုင်ခဲ့သည့် နေရာထက်ပင် ပို၍ နိမ့်ကျလှလေသည်။ သို့သော်လည်း တံခါးဝရှိ လုံခြုံရေးဝန်ထမ်းများမှာမူ အလွန်ပင် မောက်မာကြပြီး အစားအသောက် ပို့ဆောင်သူများ သို့မဟုတ် ပါဆယ်လာပို့သူများကို အတွင်းသို့ ဝင်ခွင့်မပြုဘဲ အပြင်၌ သာ စောင့်ဆိုင်းစေခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် ထိုနေရာတွင် အစားအသောက်များ ထားရှိရန် စင်တစ်ခု သီးသန့် ရှိနေ သဖြင့် ပို့ဆောင်သူများမှာ ဝယ်ယူသူထံ ဖုန်းဆက်ပြီးနောက် ထိုစင်ပေါ်၌ အစားအသောက်များကို တင်ထားခဲ့ရုံသာ ဖြစ်သည်။

လျန်ထျန်း သည် မနေ့က ဝယ်ယူသူ၏ သဘောတူညီချက်ကို ရရှိပြီးနောက်မှ အစားအသောက်ကို ထိုစင်ပေါ်၌ တင်ထားခဲ့ခြင်း ဖြစ်ကြောင်း သေချာစွာ မှတ်မိနေခဲ့လေ၏။

သူသည် ခဏမျှ စဉ်းစားပြီးနောက် အနီးရှိ စတိုးဆိုင်မှ စီးကရက်တစ်ဗူးကို ဝယ်ယူကာ လုံခြုံရေး ဝန်ထမ်းထံသို့ သွားရောက်ခဲ့လေသည်။ သူသည် စီးကရက်တစ်လိပ် ကမ်းလှမ်းလိုက်သောအခါ ပို့ဆောင်သူများကို အမြဲ အော်ဟစ်တတ်သော လုံခြုံရေးဝန်ထမ်း၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲ သွားလေတော့သည်။

"ဟေး... ဟွာကျီတံဆိပ် ပါလား...။ ကြည့်ရတာ မင်းတို့ ပို့ဆောင်သူတွေ တော်တော် ဝင်ငွေကောင်းပုံရ တယ်... ။ ဒီလို စီးကရက်ကောင်းမျိုးတောင် သောက်နိုင်တယ်ပေါ့...။"

ပြောပြောဆိုဆိုဖြင့် လုံခြုံရေးဝန်ထမ်းသည် စီးကရက်ကို ယူ၍ မီးညှိကာ အားရပါးရှိုက်ဖွာ နေလေ တော့သည်။ ခဏချင်းမှာပင် စီးကရက်မှာ ကုန်လုနီးပါး ဖြစ်သွားသော်လည်း သူက ပြောလိုက်၏။

"စီးကရက်ကတော့ တော်တော်ကောင်းသားပဲ...။ ဒါပေမဲ့ ဗီဒီယို မှတ်တမ်း ကြည့်ဖို့ ကိစ္စကတော့ နည်းနည်း ခက်ခဲလိမ့်မယ်...။"

လျန်ထျန်း က စီးကရက်တစ်ဗူးလုံးကို ကမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။

"ကျွန်တော် ဗီဒီယို ကြည့်ပြီးတာနဲ့ နောက်ထပ် နှစ်ဗူး ထပ်ဝယ်ပေးပါ့မယ်...။ ကျေးဇူးပြုပြီး ကူညီပေး ပါ...။"

လုံခြုံရေးဝန်ထမ်းသည် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ဟွာကျီ ကို အိတ်ကပ်ထဲသို့ ထည့်ကာ ပြုံးလိုက်လေသည်။

"တကယ်တော့ စီးကရက်ကြောင့် မဟုတ်ပါဘူး...။ မင်း တကယ် ဒုက္ခရောက်နေတာကို ငါက ကူညီချင် လို့ပါ...။ ငါက သူတစ်ပါးကို ကူညီရတာ ဝါသနာပါတဲ့သူလေ...။"

ထိုသို့ဖြင့် စိတ်ကောင်းရှိသော လုံခြုံရေးဝန်ထမ်းသည် လျန်ထျန်း ကို ဗီဒီယို မှတ်တမ်းများ ပြသခဲ့သည်။ မကြာမီမှာပင် မနေ့က ဗီဒီယိုကို တွေ့ရှိခဲ့ရပြီး လျန်ထျန်း သည် ဖုန်းဆက်ပြီးနောက် အစားအသောက်ကို စင်ပေါ်၌ တင်ထားခဲ့သည်ကို အမှန်ပင် တွေ့လိုက်ရလေသည်။

ဆယ်မိနစ်မပြည့်မီမှာပင် အင်္ကျီအဖြူရောင်မှာ အဝါရောင် သန်းနေသော လူတစ်ဦးသည် ထိုအစားအ သောက်ကို ယူဆောင်၍ အခန်းတွင်းသို့ ဝင်သွားခဲ့လေသည်။ လျန်ထျန်း သည် လုံခြုံရေးဝန်ထမ်းကို အကူအညီတောင်း၍ ဓာတ်လှေကားရှိ ဗီဒီယိုများကို ထပ်မံ စစ်ဆေးခဲ့ရာ ထိုသူမှာ (၁၂) ထပ်သို့ တက် သွားပြီး အခန်းနံပါတ် (၁၃၈) အတွင်းသို့ ဝင်သွားသည်ကို တွေ့လိုက်ရလေတော့သည်။

လျန်ထျန်း သည် အမှာစာပေါ်ရှိ လိပ်စာကို ပြန်လည် စစ်ဆေးလိုက်သောအခါ ၎င်းမှာ (၁၂) ထပ်၊ အခန်း (၁၃၈) ပင် ဖြစ်နေသဖြင့် အလွန်ပင် အံ့အားသင့်သွားရလေသည်။

"တောက်... ဘယ်လိုတောင်လဲ...။"

လျန်ထျန်း က မကျေမနပ် ရေရွတ်လိုက်လေသည်။

လုံခြုံရေးဝန်ထမ်းကမူ ဝေခွဲမရသော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်လေ၏။

"အစားအသောက် သူခိုးကို ရှာတွေ့တာပဲလေ...။ ဒီလောက်အထိ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး...။ ဒါ့ အပြင် မင်းက စီးကရက် သုံးဗူးတောင် ကုန်ထားတာ မဟုတ်လား...။​"

ခေတ္တမျှ ကြာပြီးနောက် လုံခြုံရေးဝန်ထမ်းက စိုးရိမ်တကြီး ထပ်မံ မေးလိုက်ပြလေသည်။

"မင်း စောစောက ပြောခဲ့တဲ့ စီးကရက် နှစ်ဗူးကိုတော့ ပြန်မယူဘူး မဟုတ်လား...။"

လျန်ထျန်း သည် တစ်ပြား ကို ထုတ်၍ လုံခြုံရေးဝန်ထမ်းထံ ပစ်ပေးလိုက်ရင်း ပြောလိုက်လေ၏။

"ခင်ဗျားဘာသာမင်း သွားဝယ်လိုက်တော့...။ ကျွန်တော် အဲ့ဒိလူဆီကို သွားပြီး အခြေအနေ မေးဦး မယ်...။"

"ကျွန်တော် လူမျိုးစုံကို တွေ့ဖူးပေမဲ့ ဒိလို လူမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး...။ ကိုယ် မှာထားတဲ့ အစားအသောက်ကို ကိုယ့်ဘာသာ ခိုးပြီးတော့မှ သူခိုးပါလို့ အော်နေတာလား...။"

လုံခြုံရေးဝန်ထမ်းသည် ပိုက်ဆံကို ဖမ်းယူလိုက်ပြီး လျန်ထျန်း ၏ ကျောပြင်ကို ကြည့်ကာ အော်ပြော လိုက်လေသည်။

"နောင်ကျရင်လည်း တစ်ခုခု လိုအပ်ရင် လာခဲ့ပါ...။ ကျွန်တော်က အမြဲ ကူညီဖို့ အသင့်ပါပဲ..။. စီးကရက် သုံးဗူး ဆိုရင် ရပါပြီ...။"

လျန်ထျန်း သည် အခန်း (၁၃၈) ရှေ့သို့ အမြန်ဆုံး သွားရောက်ကာ တံခါးကို ဒေါသတကြီး ခေါက်လိုက် လေသည်။

"ဒေါက်... ဒေါက်... ဒေါက်... "

တံခါးပွင့်မလာသော်လည်း အတွင်းမှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"ဘယ်သူလဲ..."

လျန်ထျန်း က အသက်ကို ဝအောင်ရှူလိုက်ပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

"ကျွန်တော် အခုပဲ ဗီဒီယို မှတ်တမ်းတွေကို ကြည့်ပြီးပြီ...။ မနေ့က အစားအသောက်ကို ခင်ဗျားဘာသာ လာယူသွားတာကို တွေ့တယ်...။ အဲ့ဒါကို ဘာလို့ မရဘူးလို့ ပြောပြီး ကျွန်တော့်ကို တိုင်ကြားရတာလဲ...။"

တံခါးအတွင်းမှ ခေတ္တမျှ တိတ်ဆိတ်သွားသော်လည်း တံခါးမှာမူ ပွင့်မလာပေ။ အတွင်းမှ ထွက်ပေါ်လာ သော အသံမှာ ပို၍ပင် တိုးညင်းသွားလေတော့သည်။

"အစ်ကိုရာ... ဒါက အစားအသောက် တစ်ခုပဲလေ...။ ဘာလို့ ဒီလောက်အထိ လုပ်နေရတာလဲ...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း ၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

"မင်းအတွက်တော့ အစားအသောက် တစ်ခုပဲ ဖြစ်ပေမဲ့ ငါ့အတွက်က အများကြီး ဆုံးရှုံးရတာကွ...။ မင်းက ဘာလို့ ဒီလောက်အထိ ယုတ်မာနေရတာလဲ...။"

"ပြီးတော့ စောစောက စာထဲမှာတော့ တော်တော် မောက်မာနေပြီး ငါ့ခြေထောက်ကိုတောင် ရိုက်ချိုးမယ် ပြောနေတာ မဟုတ်လား...။ အခုကျတော့ ဘာလို့ တံခါးတောင် မဖွင့်ရဲရတာလဲ...။"

လျန်ထျန်း ၏ အော်ဟစ်သံကြောင့် အတွင်းမှလူမှာ လုံးဝ နှုတ်ဆိတ်သွားတော့သည်။ လျန်ထျန်း က ဆက်လက်၍ ပြောလိုက်လေ၏။

"မင်း ဒီနေ့ သေချာ ရှင်းပြရမယ်...။ မဟုတ်ရင် ငါ ဒီမှာပဲ စောင့်နေမှာ...၊ မင်း တစ်သက်လုံး အပြင် မထွက်ဘဲ နေနိုင်မလား ကြည့်ကြသေးတာပေါ့...။"

နောက်ဆုံးတွင် အတွင်းမှ ကြောက်ရွံ့တုန်ရီနေသော အသံ ထွက်ပေါ်လာခဲ့လေသည်။

"အစ်ကို...၊ ကျွန်တော်က ပိုက်ဆံမရှိလို့ ခုလို အကြံရသွားတာပါ... ။ ပစ္စည်းမှာပြီးရင် ပိုက်ဆံပြန်အမ်း ခိုင်းပြီး အလကား စားလို့ရအောင် လုပ်တာပါ...။"

"တခြား ပို့ဆောင်သူတွေကတော့ လာမရှာကြပါဘူး....။ အစ်ကိုက ဘာလို့ လာရှာရတာလဲ...။ ကျွန်တော့် ကို သနားသောအားဖြင့် လွှတ်ပေးပါ...။ နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ကတိပေးပါ တယ်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း သည် ပို၍ပင် ဒေါသထွက်သွားရတော့၏။

"ကောင်းပြီလေ... မင်းက ဒီလိုမျိုး အကြိမ်ကြိမ် လုပ်နေတာပေါ့လေ...။"

"မင်းကို ဒီအတိုင်း လွှတ်ပေးလိုက်ရင် ငါတို့ ပို့ဆောင်သူတွေကို အနိုင်ကျင့်လို့ လွယ်တယ်လို့ မင်း ထင်နေဦးမှာပဲ...။ တံခါးဖွင့်စမ်း...၊ ဒီကိစ္စက ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး...။"

All Chapters