အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း (၁၁၉) ပွဲတော်က ဆူညံလွန်းနေသည်
လဲ့ကျီမင်က အားရပါးရ ရယ်မောလိုက်၏။
"ကောင်းပြီ... မင်းတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေတာ ရပ်ကြတော့..."
"ဒီနေ့ည ရွာမှာ ပွဲတော် ရှိတယ်... အောင်ပွဲခံကြတာပေါ့..."
ဤသတင်းက ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားပြီး အိမ်ထောင်စုတိုင်းက ညပိုင်း အောင်ပွဲခံ ပွဲတော်အတွက် စတင် ပြင်ဆင်ကြတော့၏။
ကြက်များနှင့် သိုးများကို သတ်ဖြတ်ကြကာ ပေါက်စီများ ပေါင်း၍ ထမင်းများ ချက်ပြုတ်ကြရာ တကယ့်ကို စည်ကားလှသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း လဲ့ချန်ကမူ ထိုသို့သော စည်ကားလှသည့် မြင်ကွင်းမျိုးကို သိပ်၍ စိတ်မဝင်စားလှပေ။
သူက ဝံပုလွေသားရေကို ယူ၍ အိမ်သို့ စောစော ပြန်လာခဲ့၏။
လဲ့ချင်းက လဲ့ချန်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ဆီးကြို နှုတ်ဆက်လိုက်သည်။
"အစ်ကို... အစ်ကိုက တကယ့်ကို အံ့ဩစရာပဲ... ဝံပုလွေဘုရင်ကို သေနတ်တစ်ချက်တည်းနဲ့ သတ်လိုက်တယ်လို့ ကြားတယ်..."
လဲ့ချန်က ဝံပုလွေသားရေကို လဲ့ချင်းထံ ကမ်းပေးလိုက်၏။
"အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့... အဲဒါက အဘိုးလင် ဆင်ထားတဲ့ ထောင်ချောက်ပါ... ဒီသားရေနဲ့ ညီမလေးအတွက် ကုတ်အင်္ကျီ တစ်ထည် ချုပ်ဝတ်လိုက်... ဆောင်းတွင်းကျရင် နွေးနွေးထွေးထွေး ရှိတာပေါ့..."
လဲ့ချင်းက ဝမ်းသာအားရဖြင့် ဝံပုလွေသားရေကို လက်ခံလိုက်ရာ သူမ၏ မျက်လုံးများက တလက်လက် တောက်ပနေ၏။
“ကျေးဇူးတင်ပါတယ် အစ်ကို..."
ရှောင်ရှောင်က ပြေးလာပြီး လဲ့ချန်၏ ခြေထောက်ကို ဖက်ထားလိုက်သည်။
"အဖေ... အဖေ ဝံပုလွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဇာတ်လမ်းကို သမီးကို ပြောပြပါဦး..."
လဲ့ချန်က ပြုံး၍ သမီးဖြစ်သူ၏ ခေါင်းကို ပုတ်ပေးလိုက်၏။
"သမီး ကြီးလာရင် အဖေ ပြောပြမယ်... အခု သမီးက ငယ်သေးတော့ နားလည်ဦးမှာ မဟုတ်ဘူး..."
ချီလန်က အငွေ့တထောင်းထောင်း ထနေသော ယာဂုတစ်ပန်းကန်ကို ကိုင်၍ အိမ်ထဲမှ ထွက်လာသည်။
"နွေးသွားအောင် ယာဂု နည်းနည်းလောက် သောက်လိုက်ဦး... တောင်ပေါ်မှာ အေးနေမှာပဲ..."
လဲ့ချန်က ယာဂုကို ယူ၍ တစ်ငုံ သောက်လိုက်ရာ နွေးထွေးသော ခံစားမှုတစ်ခုက သူ၏ အစာအိမ်မှတစ်ဆင့် ပျံ့နှံ့သွား၏။
"အိမ်မှာကမှ သက်သောင့်သက်သာ ရှိနေတုန်းပဲ..."
ထိုညက ပွဲတော်သည် လဲ့ချန် မျှော်လင့်ထားသည်ထက်ပင် ပို၍ ဆူညံနေပေသည်။
ရွာတွင် ဤကဲ့သို့သော ပျော်ရွှင်ဖွယ် အခါသမယမျိုးမှာ ရှားပါးလှပြီး အိမ်ထောင်စုတိုင်းက သူတို့၏ အကောင်းဆုံး အစားအစာများကို ထုတ်ယူလာရန် အစွမ်းကုန် ကြိုးစားကြ၏။
ဝက်များနှင့် သိုးများကို သတ်ဖြတ်သည့် မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားလှသည် ဆိုခြင်းကို ပြောရန်ပင် မလိုတော့ပေ။ အမျိုးသမီးများကလည်း သူတို့၏ လက်ရာများကို ပြသကြရာ ကောက်နယ်တလင်းတစ်ခုလုံးတွင် ကြာဆံနှင့် ဝက်သားစွပ်ပြုတ်၊ မှိုနှင့် ကြက်သားစွပ်ပြုတ်၊ တောင်ပေါ် ဟင်းသီးဟင်းရွက် ရိုင်းများနှင့် အခြား အစားအစာများဖြင့် ပြည့်နှက်နေတော့သည်။
ဆူညံသံများကြောင့် ရိုးရှင်းသော နွားတင်းကုပ်လေးမှာ ဆူညံပွက်လောရိုက်နေ၏။
အသံလုံမှုက တကယ့်ကို ဆိုးရွားလှသည်။ အပြင်ဘက်မှ ဆူညံသံများက အထဲသို့ အဆက်မပြတ် ဝင်ရောက်လာဆဲပင်။
ရှောင်ရှောင်က ကောက်ရိုးများ ခင်းထားသော ခုတင်ပေါ်တွင် လှဲလျောင်းရင်း ဟိုဘက်ဒီဘက် လူးလှိမ့်နေကာ အိပ်မပျော်နိုင်အောင် ဖြစ်နေသည်။
သူမက မျက်လုံးများကို ပွတ်သပ်၍ သူမ၏ ပါးစပ်သေးသေးလေးကို စူကာ ပြောလိုက်၏။
"အဖေ... အပြင်မှာ အရမ်းဆူညံနေတာပဲ..."
ချီလန်ကလည်း သက်ပြင်းချလိုက်သည်။
"နွားတင်းကုပ်က နေရာတိုင်းကနေ လေတွေ ဝင်နေပြီး နံရံတွေကလည်း ပါးလွှာတယ်... ဆောင်းတွင်းဆိုရင် ရေခဲတိုက်လို အေးစက်နေပြီး နွေရာသီကျရင်လည်း ပေါင်းအိုးလို အိုက်စပ်နေတာပဲ..."
"အပြင်ဘက်က အသံသေးသေးလေးကအစ ရှင်းရှင်းလင်းလင်း ကြားနေရတယ်... ရှောင်ရှောင်ကို ပြောမနေနဲ့... ကျွန်မလည်း အိပ်လို့ မရဘူး..."
ဇနီးနှင့် သမီးဖြစ်သူကိုကြည့်ရင်း လဲ့ချန်က အပြစ်ရှိသလို ခံစားလိုက်ရ၏။
ဤနှစ်များတစ်လျှောက်လုံး သူက အသက်မွေးဝမ်းကျောင်းပြုရန် အလုပ်ရှုပ်နေခဲ့ပြီး မိသားစု၏ အခြေအနေများမှာလည်း တိုးတက်မလာခဲ့သဖြင့် သူတို့ တကယ်ပဲ ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်။
လဲ့ချန်က ချီလန်ကို အာမခံချက် ပေးလိုက်၏။
"ငါ ဒီအလုပ်များတဲ့ အချိန်ကာလ ပြီးသွားတာနဲ့ အိမ်ကို သေချာပေါက် သေသေချာချာ ပြင်ဆင်မယ်..."
ချီလန်က ပြုံးလိုက်ပြီး သူ၏ စကားများကို အလေးအနက် မထားပေ။
ယောကျာ်းများက အမြဲတမ်း ကောင်းသော စကားများကို ပြောတတ်ကြသော်လည်း တကယ့် လက်တွေ့ လုပ်ဆောင်ရမည့် အချိန်တွင်မူ အခြားဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားတတ်၏။
သူမက ဤကဲ့သို့သော ဘဝမျိုးနှင့် ကျင့်သားရနေပြီဖြစ်ပြီး လဲ့ချန် တစ်ခုခု ပြောင်းလဲလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
လဲ့ချန်က ဝံပုလွေ အမဲလိုက်သည့် ဇာတ်လမ်းများ ပြောပြခြင်းဖြင့် ရှောင်ရှောင်ကို ချော့သိပ်လိုက်သည်။ ရှောင်ရှောင်က အလွန် စိတ်ဝင်တစား နားထောင်နေပြီး ရံဖန်ရံခါ အပြစ်ကင်းစင်သော မေးခွန်းများကို မေးမြန်းနေ၏။
"အဖေ... အဲ့ဝံပုလွေက တကယ်ပဲ အဲဒီလောက် ကြီးတာလား... တာ့ဟွမ်ထက် ပိုကြီးလား..."
တာ့ဟွမ်သည် ဘေးအိမ်မှ အဒေါ်ကျိုး မွေးထားသော လမ်းဘေးခွေးတစ်ကောင်ဖြစ်ပြီး ရှောင်ရှောင့် မျက်လုံးထဲတွင်မူ ၎င်းက ဧရာမ သတ္တဝါကြီး တစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။
"တာ့ဟွမ်ထက် အများကြီး ပိုကြီးတာပေါ့... ဝံပုလွေဘုရင်က မတ်တတ်ရပ်လိုက်ရင် သမီးထက်တောင် အရပ်ပိုရှည်သေးတယ်..."
လဲ့ချန်က လက်ဟန်ခြေဟန်များဖြင့် ဝံပုလွေဖြူဘုရင်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ပါးနပ်မှုတို့ကို ကွင်းကွင်းကွက်ကွက် ဖော်ပြလိုက်ရာ ရှောင်ရှောင်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ ဖခင်ကို အားကျကြည်ညိုစွာဖြင့် ကြည့်နေတော့၏။
အပြင်ဘက်မှ ဆူညံသံများက တဖြည်းဖြည်း ငြိမ်သက်သွားပြီး ရှောင်ရှောင်လည်း လဲ့ချန်၏ ဇာတ်လမ်းများနှင့်အတူ နောက်ဆုံးတွင် အိပ်မောကျသွားသည်။
လဲ့ချန်က သူမကို စောင် ညင်သာစွာ လွှမ်းခြုံပေးလိုက်ပြီးနောက် မတ်တတ်ရပ်၍ ချီလန်၏ ဘေးသို့ လျှောက်သွားလိုက်၏။
ချီလန်က အသံကို နှိမ့်၍ မေးလိုက်သည်။
"ကလေး အိပ်သွားပြီလား..."
လဲ့ချန်က ခေါင်းညိတ်လိုက်၏။
"သူ အိပ်သွားပြီ... ဒီနွားတင်းကုပ်က တကယ့်ကို အခြေအနေဆိုးနေပြီ... ငါ မနက်ဖြန် စပြီး ပြင်တော့မယ်..."
ချီလန်က လဲ့ချန်ကို ကြည့်၍ ပြောလိုက်သည်။
"ခေါင်မိုးတန်းပေါ်မှာ ကောက်ညှင်းဆန် ဂုံနီအိတ် တစ်ဝက်လောက် ကျန်သေးတယ်... အဲဒါ အသုံးဝင်လောက်သေးတယ်..."
နောက်တစ်နေ့ နံနက်တွင် လဲ့ချန်က လဲ့ချင်းကို နှိုးလိုက်၏။
"သွားကြစို့... ခေါင်မိုးပေါ် တက်ပြီး အုပ်ကြွပ်ပြားတွေ သွားဖယ်ကြမယ်..."
လဲ့ချင်းမှာ အိပ်ချင်မူးတူး မျက်လုံးများဖြင့် ဝေခွဲမရဖြစ်နေကာ မေးလိုက်သည်။
"အုပ်ကြွပ်ပြားတွေ ဖယ်မယ်ဟုတ်လား... ငါတို့အိမ်မှာ အုပ်ကြွပ်ပြားမှ မရှိတာ..."
ထိုအခါမှ လဲ့ချန်လည်း သူတို့က နွားတင်းကုပ်တွင် နေထိုင်နေကြခြင်းဖြစ်သဖြင့် အုပ်ကြွပ်ပြားများကို ဘယ်ကနေ ရမည်နည်း ဆိုသည်ကို သတိပြုမိသွား၏။
သူက ကသိကအောက် ရယ်မောလိုက်သည်။
"စကားမှားသွားတာ... စကားမှားသွားတာပါ... ခေါင်မိုးတန်းပေါ်က ကောက်ညှင်းဆန်အိတ်ကို သွားချလိုက်ချေ..."
လဲ့ချင်းက သစ်သားပြား အနည်းငယ်ဖြင့် ပြုလုပ်ထားသော ခေါင်မိုးတန်းပေါ်သို့ တက်သွားပြီး ဂုံနီအိတ် တစ်လုံးထဲမှ တစ်စုံတစ်ခု အပြည့်ပါသော အိတ်တစ်လုံးကို ဆွဲထုတ်လာ၏။
"အစ်ကို... ကြည့်ရတာ တစ်ဝက်လောက်တော့ ရှိတယ်... ဒါပေမဲ့ အကုန်လုံးက ကျောက်ခဲလို မာတောင့်နေတာပဲ..."
လဲ့ချန်က ဂုံနီအိတ်ကို ယူ၍ ဖွင့်ကြည့်လိုက်ရာ ၎င်းထဲတွင် ကောက်ညှင်းဆန်များ အမှန်တကယ် ပြည့်နေကြောင်း တွေ့လိုက်ရသော်လည်း အချိန်အကြာကြီး သိမ်းဆည်းထားခဲ့သဖြင့် အခဲများ ဖြစ်နေ၏။
"ကိစ္စမရှိပါဘူး... ရေထဲ စိမ်လိုက်ရင် အဆင်ပြေသွားမှာပါ..."
နံရံများကို အားဖြည့်ပေးသည့်အပြင် ကောက်ညှင်းကော်ကို နွားတင်းကုပ်ရှိ အက်ကွဲကြောင်းများကို ပြုပြင်ရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ရာ အတိုင်းအတာ တစ်ခုအထိတော့ အသုံးဝင်လိမ့်မည်ဟု သူ စိတ်ထဲမှ တွေးလိုက်၏။
လဲ့ချန်က ကောက်ညှင်းဆန်အခဲများကို ရေထဲတွင် စိမ်လိုက်သည်။
ထိုစဉ် အားကော်က ပေါက်ပြားတစ်လက်ကို ကိုင်၍ ဖြတ်သွားရင်း ဤမြင်ကွင်းကို တိုက်ဆိုင်စွာ တွေ့လိုက်ရ၏။
"အစ်ကိုချန်... ဘာလုပ်နေတာလဲ... ဒီကောက်ညှင်းဆန်က တန်ဖိုးကြီးတယ်လေ... ဒီအတိုင်း ရေထဲ စိမ်ပစ်လိုက်တာ နှမြောစရာကြီး..."
အားကော်က သူ၏ ပေါက်ပြားကို ချ၍ သိချင်စိတ်ဖြင့် အနီးသို့ ချဉ်းကပ်လာသည်။
လဲ့ချန်က ရယ်မောလိုက်၏။
"အားကော်... လာကြည့်စမ်းပါ... ငါ အိမ်ပြင်နေတာ... ဒီကောက်ညှင်းဆန်က ကောင်းတဲ့အရာပဲ... သူ့ကို နံရံတွေ ခိုင်မာသွားအောင် ဘိလပ်မြေအနေနဲ့ သုံးလို့ ရတယ်..."
ထိုစကားကို ကြားသောအခါ အားကော်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ကောက်ညှင်းဆန်ကို ဘိလပ်မြေအနေနဲ့ သုံးလို့ ရတယ် ဟုတ်လား... အစ်ကိုချန်... အစ်ကိုက အရမ်းကို ထက်မြက်တာပဲ... ဒါကို ဘယ်တုန်းက သိသွားတာလဲ..."
လဲ့ချန်က ပြုံး၍ ပြောလိုက်၏။
"အဲဒါကို သိပ္ပံပညာလို့ ခေါ်တယ်... မင်းကို ငါ ပြောမယ်... ကောက်ညှင်းဆန်ထဲမှာ ကစီဓာတ်ဆိုတဲ့ အရာတစ်ခု ရှိတယ်... အဲ့အရာက ရေနဲ့ထိရင် စေးကပ်သွားပြီး ရွှံ့ထက် အများကြီး ပိုကောင်းတယ်ကွ... မင်း မြင်ရပါလိမ့်မယ်..."
အားကော်က လဲ့ချန်၏ သိပ္ပံနည်းကျ ရှင်းပြချက်ကို အကြိမ်ကြိမ် ခေါင်းညိတ် ထောက်ခံလိုက်သည်။
"အစ်ကိုချန်... အစ်ကိုက ပိုပိုပြီး အံ့ဩစရာ ကောင်းလာတာပဲ... အစ်ကိုက အရာအားလုံးကို သိနေတာပဲ... နောင်ကျရင် ကျွန်တော် အစ်ကို့ဆီကနေ သင်ယူရမယ်..."
ကောက်ညှင်းဆန်ကို စိမ်ပြီးနောက် လဲ့ချန်က လဲ့ချင်းကို မြေဝါအနည်းငယ် တူးရန် ညွှန်ကြားလိုက်၏။ လျှို့ဝှက်ချက်ပြုတ်နည်း အတိုင်း သူတို့က ကောက်ညှင်းကော်နှင့် မြေဝါတို့ကို ရောနယ်ပြီးနောက် နံရံကို စတင် သုတ်လိမ်းကြတော့သည်။
အစပိုင်းတွင် နံရံပေါ်ရှိ စေးကပ်နေသော ကောက်ညှင်းရွှံ့များက အားကော်ကို အနည်းငယ် စိုးရိမ်သွားစေ၏။ "
အစ်ကိုချန်... ဒါက... အလုပ်ဖြစ်ပါ့မလား..."
လဲ့ချန်က အားကော်၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုထားပြီး အလုပ်ကိုသာ ကြိုးကြိုးစားစား ဆက်လုပ်နေသည်။
ကောက်ညှင်းကော်က တဖြည်းဖြည်း ခဲသွားသည်နှင့်အမျှ နံရံက အမှန်တကယ်ပင် မာကျော ပြောင်ချောလာပြီး သာမန် ရွှံ့နံရံများထက် အများကြီး ပိုကောင်းသွား၏။
"ဟေး... ဒါက တကယ် အလုပ်ဖြစ်တယ်ဟ..."
အားကော်က သူ၏ ပေါင်ကို ရိုက်လိုက်သည်။
"အစ်ကိုချန်... အစ်ကိုက အံ့ဩစရာပဲ... ဒီကောက်ညှင်းဆန်ကို ဘိလပ်မြေအနေနဲ့ တကယ်သုံးလို့ ရတာပဲ..."
နံရံများသုတ်လိမ်းခြင်း ပြီးစီးသွားပြီးနောက် လဲ့ချန်က ခေါင်မိုးအတွက် စတင် တွေးတောလိုက်၏။
နွားတင်းကုပ်တွင် သက်ကယ်မိုးတစ်ခု ရှိပြီး ၎င်းက အရပ်မျက်နှာအားလုံးမှ လေများကို ဝင်ရောက်စေကာ မိုးရွာသော နေ့များတွင် ပို၍ပင် ဆိုးရွားစေသည်။
သူက ခေါင်မိုးကိုပါ မည်သို့ အစားထိုး ပြုပြင်ရမည်နည်းဆိုသည်ကို စဉ်းစားလိုက်၏။
"အားကော်... ငါ့ကို ကူညီတဲ့ အနေနဲ့ မြို့ပေါ်သွားပြီး ကတ္တရာစက္ကူ နှစ်လိပ်လောက် သွားသယ်ပေးပါလား..."
လဲ့ချန်က အားကော်ကို ပြောလိုက်သည်။
"အဲ့တာ ရေစိုခံတယ်... သက်ကယ်ထက် အများကြီး ပိုကောင်းတယ်..."
"ကောင်းပါပြီ..."
အားကော်က စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူ၏ ပေါက်ပြားကို ကောက်ကိုင်၍ မြို့ဆီသို့ ပြေးသွားတော့၏။
အားကော်က ကတ္တရာစက္ကူ နှစ်လိပ်ကို သယ်ဆောင်၍ ပြန်ရောက်လာသောအခါ လဲ့ချန်က ခေါင်မိုးပေါ်ရှိ သက်ကယ်များကို ရှင်းလင်းပြီးနေပြီ ဖြစ်သည်။
သူတို့နှစ်ယောက် အတူတကွ အလုပ်လုပ်ကြပြီး ခေါင်မိုးပေါ်တွင် ကတ္တရာစက္ကူများကို ဖြန့်ခင်းကာ ကျောက်ခဲများဖြင့် ဖိထားလိုက်ကြရာ နောက်ဆုံးတွင် ခေါင်မိုး းအသစ်လဲခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့၏။
အလုပ်များသော မွန်းလွဲပိုင်းတစ်ခု အပြီးတွင် နွားတင်းကုပ်လေးမှာ အသစ်စက်စက်ကဲ့သို့ ဖြစ်သွားသည်။
အသစ်ပြင်ဆင်ထားသော နွားတင်းကုပ်ကို ကြည့်ရင်း ချီလန်နှင့် ရှောင်ရှောင်တို့ နှစ်ယောက်စလုံး ပြုံးလိုက်ကြ၏။
ရှောင်ရှောင်က နွားတင်းကုပ်ထဲတွင် စိတ်လှုပ်ရှားစွာ ဟိုဟိုဒီဒီ ပြေးလွှားနေပြီး အကြိမ်ကြိမ် အော်ဟစ်နေတော့သည်။
"ရေး…အဖေ... သမီးတို့မှာ အိမ်သစ်လေး ရပြီ..."
အခန်း (၁၂၀) နွားတင်းကုပ် ပြုပြင်မွမ်းမံခြင်း
သူ၏ ဇနီးနှင့် သမီးဖြစ်သူတို့ ဤမျှ ပျော်ရွှင်နေသည်ကို မြင်သောအခါ လဲ့ချန်က အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရ၏။
ပြုပြင်မွမ်းမံမှု အနည်းငယ် ပြုလုပ်ရုံမျှဖြင့် အဘယ်ကြောင့် ဤမျှ ဝမ်းသာနေရသနည်း။ အဆုံးသတ်တွင်မူ ဤအရာက နွားတင်းကုပ်တစ်ခုသာ ဖြစ်နေဆဲပင်။
သူ၏ ရည်မှန်းချက်က သူ၏ ဇနီးနှင့် သမီးအတွက် တကယ့်စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ပေးရန် ဖြစ်၏။
အနည်းဆုံးတော့ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဒုတိယထပ် တစ်ထပ် ဆောက်ရန် လိုအပ်သည်။
သို့သော်လည်း ဤအရာအားလုံးက ပိုက်ဆံ ပိုရှာနိုင်ခြင်းအပေါ်မှာ အခြေခံနေဆဲ ဖြစ်၏။
...
ကြက်တွန်သံများ၊ ခွေးဟောင်သံများနှင့် မီးခိုးခေါင်းတိုင်များမှ မီးခိုးငွေ့များ ထွက်ပေါ်လာကာ ရွာတွင်းရှိ ဘဝက ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
အသံချဲ့စက်မှ တော်လှန်ရေး သီချင်းများ ပြန်လည်ထွက်ပေါ်လာ၏။ သူတို့၏ အလုပ်မှတ်များ ပြည့်မီအောင် လုပ်ဆောင်ပြီးနောက် အဒေါ်ကြီးများက ရွာအဝင်ဝရှိ ကျိုင်းပင်ကြီးအောက်တွင် စုရုံးကာ စကားစမြည် ပြောဆိုနေကြသည်။
စကားဝိုင်းတွင် မည်သူ့ကြက်က ကြက်ဥ အနှစ်နှစ်လုံးပါသော ဥကို ဥခဲ့ကြောင်းမှစ၍ ဘေးရွာမှ ထျဲ့တန်တစ်ယောက် ကြင်ဖက်တွေ့ဆုံပွဲတွင် ထပ်မံ ကျရှုံးခဲ့ရကြောင်းအထိ အကြောင်းအရာမျိုးစုံ ပါဝင်ကာ လူတိုင်းကို ဖျော်ဖြေမှု ပေးနေတော့၏။
လဲ့ချန်၏ အိမ်တွင်…
ချီလန်က ရှောင်ရှောင့် အဝတ်အစားများကို ဖာရာထေးရာ လုပ်ပေးနေရင်း သီချင်းလေး တစ်ပုဒ်ကို ညည်းတွားနေကာ ရှောင်ရှောင်ကမူ ဘေးတွင် ထိုင်၍ စုတ်ပြဲနေသော အဝတ်စအရုပ်လေး တစ်ရုပ်ကို ဖက်ထားရင်း ပြူးကျယ်နေသော စူးစမ်းလိုသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
"အဖေ... မြို့ပေါ်ကို ဘယ်တော့ သွားမှာလဲ..."
ရှောင်ရှောင်က သူမ၏ ကလေးဆန်သော အသံလေးဖြင့် မေးလိုက်၏။
လဲ့ချန်က မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ ဝံပုလွေဖြူဘုရင်၏ အမွေးများကို ကောက်ရိုးများဖြင့် ဂရုတစိုက် သုတ်သင်နေသည်။
"ခဏနေရင် သွားပြီး ဒီအကောင်ကြီးကို ရောင်းမယ်... ပြီးရင် သမီးအတွက် သကြားလုံး ဝယ်ပေးမယ်..."
ဝံပုလွေဖြူဘုရင်၏ အသေကောင်ကို လဲ့ချန်က စုတ်ပြဲနေသော ဖျာတစ်ချပ်ဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏ နှင်းကဲ့သို့ ဖြူဖွေးနေသော အမြီးတစ်ပိုင်းကို ခပ်ရေးရေး မြင်နေရ၏။
ဤအရာက တန်ဖိုးကြီးသော ပစ္စည်းတစ်ခု ဖြစ်သည်။
အကယ်၍ ဈေးကောင်းကောင်းဖြင့် ရောင်းရပါက ရှောင်ရှောင့်အတွက် အဝတ်အစားသစ်များ၊ ချီလန်အတွက် အစားအသောက် ကောင်းကောင်းများနှင့် အိမ်သုံးပစ္စည်း အချို့ကို ဝယ်ယူနိုင်မည် ဖြစ်၏။
သူက ဝံပုလွေဖြူဘုရင်၏ အသေကောင်ကို လှည်းပေါ်တွင် ကြိုးဖြင့်ချည်နှောင်လိုက်ပြီး နွားဝါကြီးကို တပ်ဆင်ကာ အော်ဟစ်မောင်းနှင်၍ မြို့ဆီသို့ ထွက်လာခဲ့သည်။
ဈေးထဲတွင် လူများဖြင့် စည်ကားနေပြီး အလွန်အမင်း သက်ဝင်လှုပ်ရှားနေ၏။
လဲ့ချန်က လှည်းကို ထောင့်တစ်နေရာတွင် ရပ်လိုက်ပြီး စုတ်ပြဲနေသော ဖျာကို လှန်ကာ ဝံပုလွေဖြူဘုရင်၏ ခမ်းနားထည်ဝါသော အသေကောင်ကို ပြသလိုက်သည်။
ချက်ချင်းပင် လူအုပ်ကြီးက ဝိုင်းအုံလာကြ၏။
ဤခေတ်ကာလတွင် တိရစ္ဆာန် အရောင်းအဝယ်က အလွန်ခေတ်စားနေဆဲ ဖြစ်သည်။
အနီးအနားတွင် ကြက်များ၊ ဘဲများနှင့် ယုန်များကို ရောင်းချနေသော ဈေးသည်များ ရှိ၏။
သို့သော် ဝံပုလွေများကမူ အလွန် ရှားပါးလှဆဲပင်။
"ဘုရားရေ... အရမ်းကြီးတဲ့ ဝံပုလွေကြီးပဲ..."
"အမွေးက အရမ်းလှတာပဲ..."
"သူ့သွားတွေကို အမှုန့်ကြိတ်ပြီး စားရင် ရောဂါတွေ ပျောက်နိုင်တယ်..."
လူအုပ်ကြီးက တီးတိုး ဆွေးနွေးနေကြပြီး ဝံပုလွေဖြူဘုရင်အကြောင်းကို လက်ညှိုးထိုးကာ ပြောဆိုနေကြ၏။
တစ်စုံတစ်ယောက်က ဝံပုလွေသားရေကို ဝယ်လိုပြီး ငွေငါးယွမ် ပေးမည်ဟု ကမ်းလှမ်းလာသည်။
အခြားတစ်ယောက်က ဝံပုလွေစွယ်ကို သုံးယွမ်ဖြင့် ဝယ်လိုသော်လည်း လဲ့ချန်က ငြင်းဆန်လိုက်၏။
"ဝံပုလွေက တစ်ကောင်လုံးကိုပဲ ရောင်းမယ်..."
လဲ့ချန်က လုံးဝ ပြတ်သားစွာဖြင့် ပြောလိုက်သည်။
"ဟေ့ ညီလေး... မင်းက တကယ့်ကို လောဘကြီးတာပဲ... ခွဲပြီး ရောင်းမယ်ဆိုရင် ငွေတွေ အများကြီး ရနိုင်တယ်လေ..."
"ဟုတ်တယ်... ဝံပုလွေက သေနေပြီလေ... အဲဒါကို မိုးပျံမတတ် ဈေးကြီး ရလိမ့်မယ်လို့ မျှော်လင့်နေသေးတာလား... အိပ်မက် မမက်စမ်းပါနဲ့..."
လဲ့ချန်က ဤသရော်နေသော မှတ်ချက်များကို လျစ်လျူရှုထားလိုက်၏။
ဝံပုလွေဖြူဘုရင်ကဲ့သို့သော ရှားပါး သတ္တဝါများက တစ်ကောင်လုံး ရောင်းချမှသာ အတန်ဖိုးဆုံး ဖြစ်သည်။
သူက အကဲခတ်တတ်သော ဝယ်သူတစ်ဦးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။
နေဝင်ချိန်သို့ ရောက်ရှိလာပြီး လူအုပ်ကြီး တဖြည်းဖြည်း လူစုကွဲသွားသော်လည်း မည်သူကမျှ ဝံပုလွေ တစ်ကောင်လုံးကို ဝယ်ယူရန် ကမ်းလှမ်းခြင်း မရှိခဲ့ပေ။
လဲ့ချန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ အမှန်တကယ်ပင် ခွဲ၍ ရောင်းရတော့မည်လား။
မည်သို့ပင်ဆိုစေ ဝံပုလွေ အသေကောင် ပုပ်သိုးသွားသည်အထိ စောင့်ဆိုင်းနေခြင်းက ကောင်းမည် မဟုတ်ပေ။
သူ ချီတုံချတုံ ဖြစ်နေစဉ်မှာပင် အစိမ်းရောင်ဂျစ်ကားတစ်စီးက ဈေးထဲသို့ ဖြည်းညင်းစွာ မောင်းနှင်လာပြီး လဲ့ချန်၏ အရှေ့တွင် ရပ်တန့်သွား၏။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အလျင်အမြန်ပင် ဆူညံပွက်လောရိုက်သွားသည်။ တစ်စုံတစ်ယောက်က သူ၏ အဖော်ဖြစ်သူ၏ အင်္ကျီလက်ကို ဆွဲ၍ တီးတိုး ပြောလိုက်၏။
"ဟေ့... မြို့ပေါ်က အဘိုးကြီးပေ ရောက်လာတဲ့ပုံပဲ..."
"ဘယ်သူ..."
လဲ့ချန်က မော့ကြည့်လိုက်ရာ အသစ်စက်စက် အစိမ်းရောင် ဂျစ်ကားတစ်စီးက သူ၏ လှည်းဘေးတွင် ကျွီခနဲ ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။
ကားတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် သိုးမွေး ကုတ်အင်္ကျီ၊ သားမွေး ဦးထုပ်နှင့် တလက်လက် တောက်ပနေသော သားရေဖိနပ်တို့ကို ဝတ်ဆင်ထားပြီး မျက်နှာတွင် အဆီပြန်နေသော အမျိုးသား တစ်ဦးက ကားပေါ်မှ ဆင်းလာ၏။
သူက ခပ်သုတ်သုတ် လျှောက်လာပြီး ဦးထုပ်ကိုပင် ချွတ်ရန် အချိန်မရှိဘဲ လဲ့ချန်ကို အော်မေးလိုက်သည်။
"လူငယ်လေး... မင်း ဒီဝံပုလွေကို မရောင်းရသေးဘူး မဟုတ်လား..."
ထိုအမျိုးသား၏ ဘယ်ဘက် မျက်လုံးထောင့်တွင် အမည်းရောင်မှဲ့ကြီးတစ်လုံး ရှိပြီး သူက အေးစက်စက်နှင့် နွေးထွေးမှု ရောယှက်နေသော အပြုံးတစ်ခုကို ပြုံးပြလိုက်ရာ ၎င်းက ပါးနပ်မှုကို သိမ်မွေ့စွာ ဖော်ပြနေ၏။
သူ၏ သပ်ရပ်နေသော အသွင်အပြင် ရှိနေသော်လည်း သူ၏ လှုပ်ရှားမှုများက အတော်လေး ကြမ်းတမ်းနေသည်။
သူက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး အော်ဟစ်လိုက်၏။
"ဒီရာသီမှာ ဝံပုလွေသားရေတွေက ဝယ်လိုအား အရမ်းများတယ်... မင်း ဝံပုလွေဖြူဘုရင် တစ်ကောင်ကို ဖမ်းမိထားတယ်လို့ ကြားတယ်... ကျွတ်ကျွတ်... မဆိုးဘူး... မဆိုးဘူး..."
ဤလူက မည်သူမည်ဝါ ဖြစ်ကြောင်းကို လဲ့ချန် စဉ်းစား၍ မရမီမှာပင် သူ၏ အနောက်ဘက်ရှိ လူအုပ်ကြီးထံမှ ဆူညံသံများ ထွက်ပေါ်လာတော့သည်။
"သူက သခင်လေးပေပဲ... ဘုရားရေ... ဘေးရွာမှာတောင် သူ့အကြောင်း ကြားဖူးတယ်... သူက တိရစ္ဆာန် သားရေတွေကို အဓိကထား ဝယ်ယူတဲ့ လက်ဖွာတဲ့ သူဋ္ဌေးကြီးပဲ... သူက အရမ်း ချမ်းသာပြီး တစ်ခါတစ်လေကျရင် ယွမ်ရာချီ ထောင်ချီပြီးတောင် သုံးတတ်တယ်..."
"ကျွတ်ကျွတ်... သခင်လေးပေပဲ... သူက လောကကြီးကို မြင်ဖူးတဲ့ တကယ့် ယောက်ျားစစ်ပဲ... သူက ဟေးလုံကျန်းရဲ့ တောနက်တောင်ကြီးတွေထဲက ဆိုက်ဘေးရီးယား ကျား သားရေတွေကိုတောင် စုဆောင်းခဲ့ဖူးတယ်လို့ ပြောကြတယ်..."
သခင်လေးပေ သူ၏ အနီးသို့ လျှောက်လာသည်ကို လဲ့ချန်က တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ သူက တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ လှည်းဘေးတွင် တစ်ဝက် ဆောင့်ကြောင့်ထိုင်လျက်သာ ရှိနေသေးသည်။
သူက စိတ်ထဲတွင် စိုးရိမ်မကင်း ဖြစ်သွားသည်။ ဤသူက အမှန်တကယ်ပင် အဝယ်တော်ကြီးတစ်ဦးနှင့် တူသော်လည်း သူ၏ ကြမ်းတမ်းသော အမူအရာက လဲ့ချန်ကို အနည်းငယ် သတိထားမိစေ၏။
"လူငယ်လေး... မင်း ဒီဝံပုလွေကို တစ်ကောင်လုံး ရောင်းမှာလား... ဒါမှမဟုတ် အပိုင်းလိုက် ရောင်းမှာလား..."
ဒုတိယသခင်ပေက ဝံပုလွေဖြူဘုရင်၏ အသေကောင်ကို အထက်အောက် စစ်ဆေးကြည့်ရှုနေရင်း ပေါ့ပေါ့ပါးပါး ပုံစံဖြင့် မေးလိုက်၏။
"တစ်ကောင်လုံးပဲ..."
လဲ့ချန်က အတုံ့အဆိုင်းမရှိ ပြန်ဖြေလိုက်သည်။
သခင်လေးပေက မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ပြီး သူ၏ လေသံက ရုတ်တရက် မြင့်တက်သွား၏။
"တစ်ကောင်လုံး ရောင်းမယ် ဟုတ်လား... ဟားဟား... မဆိုးဘူး လူငယ်လေး... မင်းက လာပြီး မျက်နှာချိုသွေးတတ်တဲ့ ပါးနပ်တဲ့ ကောင်တွေထက် အများကြီး ပိုပြီး ဖြောင့်မတ်တာပဲ... ပြောစမ်း... မင်း ဘယ်လောက် လိုချင်လဲ..."
လဲ့ချန်က တိုတိုတုတ်တုတ်သာ ဖြေလိုက်သည်။
"ခင်ဗျား ပေးမယ့် ဈေးအပေါ်မှာ မူတည်တာပေါ့..."
သခင်လေးပေက တစ်ဝက်တစ်ပျက် ပြုံးလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ ထူထဲသော ငွေစက္ကူအထပ်လိုက်ကို ဆွဲထုတ်ကာ လဲ့ချန်၏ ခြေရင်းရှိ လှည်းပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်၏။
သူက ငွေထုပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ယွမ်တစ်ထောင့်ငါးရာ... ဒီဝံပုလွေကို ငါ ယူမယ်..."
“ဟူး..."
ကြည့်ရှုနေသူများမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့၏။
"ဘုရားရေ... တစ်ထောင့်ငါးရာတောင်... အဲဒါက အရမ်းများတဲ့ ငွေပမာဏပဲ... ဘယ်သူကများ စိတ်မလှုပ်ရှားဘဲ နေမလဲ..."
"အလုပ်သမားတစ်ယောက်က တစ်နေ့ကို ငွေပြား အနည်းငယ်ပဲ ရတာလေ... တစ်နှစ်လုံးနေမှ ယွမ်အနည်းငယ်တောင် မစုနိုင်ကြဘူး..."
ထိုငွေထုပ်ကို မြင်သောအခါ လဲ့ချန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
ယွမ် ၁,၅၀၀ ဆိုသည်က အိမ်အနည်းငယ် ဆောက်ရန်၊ အဝတ်အစားသစ် ဒါဇင်ပေါင်းများစွာ ဝယ်ယူရန်နှင့် ရှောင်ရှောင့်ကို ခရိုင်အတွင်းရှိ အကောင်းဆုံး မူလတန်းကျောင်းသို့ ပို့ရန်ပင် လုံလောက်သော ပမာဏ ဖြစ်၏။
ချီလန်၏ ကျေနပ်နေသော အပြုံးနှင့် ကျောင်းလွယ်အိတ်ကို ဖက်ထားရင်း ပျော်ရွှင်စွာ လျှောက်လှမ်းနေမည့် ရှောင်ရှောင့်၏ ခြေလှမ်းလေးများကို မြင်ယောင်ကြည့်လိုက်မိသည်။
သို့သော် တစ်ခဏအတွင်းမှာပင် ဝံပုလွေဖြူဘုရင်၏ အသက်မဲ့နေသော ဒေါင်လိုက် သူငယ်အိမ်များ၏ ပုံရိပ်က သူ၏ စိတ်ထဲတွင် လက်ခနဲ ပေါ်လာ၏။ ဤဝံပုလွေက ယွမ်တစ်ထောင်ခန့်လောက်နှင့်သာ တန်သော အရာမျိုး သေချာပေါက် မဟုတ်ပေ။
လဲ့ချန်၏ တင်းကျပ်စွာ ဆုပ်ထားသော လက်သီးက အနည်းငယ် လျော့ရဲသွားပြီး သူ၏ လက်ဖဝါးပေါ်တွင် အေးစက်သော ချွေးပေါက် အနည်းငယ် ထွက်လာသည်။
သူက မော့ကြည့်လိုက်၏။
"အားနာပါတယ်..."
"ယွမ်တစ်ထောင့်ငါးရာက မလောက်သေးဘူး..."
ထိုစကားကို ကြားသောအခါ သခင်လေးပေက ကြက်သေ သေသွားရုံသာမက ကြည့်ရှုနေသူ လူအုပ်ကြီးမှာလည်း အံ့ဩတကြီး ဆူညံသွားကြတော့၏။
"မင်း ရူးနေတာလား... အဲဒါက အပြည့်အဝ ယွမ် ၁,၅၀၀ တောင်လေ... အဲဒါနဲ့သာ ပေါက်လိုက်ရင် လူတစ်ယောက်တောင် သတိလစ်သွားနိုင်တယ်... အဲဒါကို သူက မလောက်သေးဘူးလို့ ပြောနေတာလား..."
"ဒီကောင်လေးက လောဘတက်ပြီး ရူးသွားတာနေမယ်... ဒါကြောင့် မိုးပျံမတတ် ဈေးတောင်းဖို့ ကြိုးစားနေတာ... သခင်လေးပေက ရမ်းကစားလို့ ရတဲ့လူမျိုး မဟုတ်ဘူးနော်..."
လူအုပ်ကြီးက ပို၍ ဆူညံလာပြီး သက်ပြင်းချသံများနှင့် လှောင်ပြောင်သံ အမျိုးမျိုးက ဆူညံစွာ ထွက်ပေါ်လာသည်။
သို့သော်လည်း လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သခင်လေးပေက ချက်ချင်း ဒေါသထွက်မလာခဲ့ပေ။
"ဟဲဟဲ... မင်းက ကိုင်တွယ်ရခက်တဲ့ ကောင်လေးပဲ..."
သခင်လေးပေက ဖြည်းညင်းစွာ ပြောလိုက်ပြီး သူ၏ ဦးထုပ်စွန်းကို လှမ်းကိုင်ကာ သားမွေးများကို သေသပ်အောင် လုပ်လိုက်၏။
"တစ်ထောင့်ငါးရာက မလောက်ဘူး ဟုတ်လား... အဲဒါဆို ပြောစမ်းပါဦး... မင်းအထင် ဒီဝံပုလွေက ဘယ်လောက် တန်ဖိုးရှိတယ်လို့ ထင်လဲ..."
မည်သည့် အခြေအနေမျိုးတွင်မဆို အရင်စကားပြောသူက သူတို့၏ အရှိန်အဝါကို ချက်ချင်း ဆုံးရှုံးသွားလိမ့်မည် ဆိုသည်ကို လဲ့ချန် သိထားသည်။
သူက တည်ငြိမ်စွာ ပြောလိုက်၏။
"ဒီဝံပုလွေမှာ သူ့တန်ဖိုးနဲ့သူ ရှိတယ်... ပြီးတော့ ကျွန်တော်က တိကျတဲ့ ဈေးနှုန်းကို မခန့်မှန်းပေးနိုင်ဘူး... အဲဒါက ခင်ဗျားလို ဗဟုသုတ ကြွယ်ဝတဲ့ သူဌေးအပေါ်မှာပဲ မူတည်တယ်..."
ထိုစကားကို ကြားသောအခါ သခင်လေးပေက မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ပြီး ပြုံးလိုက်သည်။
"ကောင်းပြီလေ ကောင်လေး... မင်းက ပါးနပ်တယ်... ဒီလိုလုပ်ပါ... ငါ မင်းကို အရှုံးပေးဖို့ အတင်းအကျပ် မလုပ်ပါဘူး..."