အခန်း (၁၀၉၆-၁၀၉၈)
Vol. 74 Ch. 1096-1098
အခန်း (၁၀၉၆) ဟင်းပစ္စည်းခွဲခြားခြင်း
"ဒီလူဘယ်သူလဲ။ စွမ်းအားကြီးလှချည်လား"
"မသေမျိုးစားဖိုမှူးအမွေခံလို့ ခုနကပြောလိုက်သံကြားတယ်"
"ဟုတ်တယ်၊ မသေမျိုးအမွေခံ လုယွမ်ယန်တဲ့"
"ငါမှတ်မိပြီ၊ ခုနက သူနဲ့မာပင်း အတူရပ်နေတာ။ အစပိုင်းမှာ မာပင်းက သူ့အပေါ် ခပ်စိမ်းစိမ်းပဲ။ သူ့အကြောင်းသိတဲ့အချိန်ကျမှ ယဉ်ယဉ်ကျေးကျေးဖြစ်လာတာ"
ပရိတ်သတ်ခုံတန်းတွင်ထိုင်သည့်မာပင်း မျက်ခုံးတစ်ချက်လှုပ်သွားသည်။ လုယန်အပေါ် သူခပ်စိမ်းစိမ်းဖြစ်ခဲ့သည်ဆိုသည့်စကားက ဘာကြီးမှန်းမသိ။ မဟုတ်မဟတ်စကားများ လျှောက်မပြောသင့်။ မိတ်ဆွေလုယန်ကို အစကတည်းက သူလေးစားခဲ့ပါသည်။
မျက်လုံးမှေးစင်း၍ အောက်ဘက်ပြိုင်ပွဲစင်မှ လုယန်ဆီ လှမ်းကြည့်ရင်း သူ့ဘာသာရေရွတ်လိုက်သည်။
"ဪ...သူက တကယ်မသေမျိုးစားဖိုမှူးအမွေခံပေါ့..."
"မိတ်ဆွေမာပင်း၊ သူ့အကြောင်းကိုသိလား"
စားသုံးသူပရိတ်သတ်တစ်ယောက်က လှည့်မေးသည်။
မာပင်းက အဓိပ္ပါယ်ပါပါပြုံးသည်။
"သူဘယ်သူဆိုတာ ကျုပ်ပြောခွင့်မရှိပါဘူး"
ထိုတုံ့ပြန်စကားက တစ်ခုခုလျှို့ဝှက်ထားရသလို ဖြစ်နေသည်။ ဘေးပတ်လည်မှလူများအားလုံး လုယွမ်ယန်၏နောက်ခံကို ပို၍ယုံကြည်လာကြသည်။
ထိုသို့တမင်ရည်ရွယ်၍ လုယန်နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးလိုက်ခြင်းဖြင့် သတင်းစာထဲတွင် သူ့အကြောင်း စာတစ်ကောင်းနှစ်ကြောင်းပါလာမည်ဟု မာပင်းမျှော်လင့်ထားသည်။
"ဟိုကောင်မလေးပြောတာ အမှန်ပဲထင်တယ်။ တကယ်မသေမျိုးစားဖိုမှူးအမွေခံပဲ"
"ငါလည်း အဲလိုပဲတွေးတယ်"
ဒုခေါင်းဆောင်ကို ထူးခြားသူအဖြစ် လူတိုင်းအသိအမှတ်ပြုလာကြသဖြင့် ယွမ်မုန်မုန်စိတ်ထဲ ဂုဏ်ယူဝင့်ကြွားနေသည်။
အောက်ဘက်တွင် လုယန်က ကြိုးစား၍ပြိုင်ပွဲဝင်နေသဖြင့် သူလည်းငြိမ်ထိုင်မနေနိုင်။ နောက်ထပ်တစ်နေသို့သွား၍ လုယန်အကြောင်း ကြော်ငြာထုတ်ပြန်သည်။
"ဒီလုယွမ်ယန်က ငါတို့ထဲကလူပါ။ ဒါပေမယ့် သူဒီလောက်ဓားစွမ်းရည်ကောင်းမှန်း မသိခဲ့ဘူး"
ထောင်ထျဲ့မျိုးနွယ်ခေါင်းဆောင်ကျင်းထန် လုယန်၏လုပ်ရပ်များကိုကြည့်၍ အတော်အံ့ဩနေသည်။ ခွေ့နွားကို ဝိညာဉ်ပြောင်းတစ်ယောက်လို ရင်ဆိုင်နိုင်သည်။ အားအပြည့်ပင်ထုတ်မသုံး။ သက်တောင့်သက်သာဖြင့် နွားကိုယ်တိုင်မသိအောင် အသားလွှာတစ်ခု ဖြတ်ယူခဲ့သည်။
"သူဆန္ဒရှိရင် ဒီကနတ်ဆိုးသားရဲတွေအားလုံးကို တစ်ချက်တည်းနဲ့ခုတ်ဖြတ်နိုင်လောက်တယ်။ ငါတို့မျိုးနွယ်ဝင်ဆိုတော့ ပြဿနာမရှိနိုင်ပါဘူး"
ထိုစံပြထောင်ထျဲ့မျိုးကို သေချာဂရုစိုက်၍ လေ့ကျင့်ပျိုးထောင်ပေးသင့်သည်။ ကျင်းထန်မျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။ သူ့စားဖိုမှူးများက ပထမဆင့်ပွဲစဉ်တွင် ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့သည်။
ဒုတိယနှင့် တတိယပွဲစဉ်များတွင် ထင်ရှားလာမည်။ သူလိုချင်သည့် တန်းဖိုးကြီးဆေးပစ္စည်းများရအောင် ကူညီလိမ့်မည်။
...မိန်အဘိုးကြီး၊ မင်းငါ့ကို နှစ်သုံးရာကြာအောင် ကြိုးစားပြီးတားခဲ့လည်း ဘာအရေးလဲ။ နောက်ဆုံးမှာ မဟာမိတ်ခေါင်းဆောင်နေရာဟာ ငါ့အတွက်ပဲဖြစ်ရမှာပါ///
ဓားစွမ်းရည်ပြပွဲ ပြီးဆုံးသွားသည်။ အားလုံးက ထိပ်တန်းပြိုင်ပွဲဝင်များဖြစ်သည်။ သားရဲများကို မယှဉ်နိုင်သည့် စားဖိုမှူးများ ထုတ်ပယ်ခံရသည်။
လျိုရှင်းက ကြယ်ငါးပွင့်အဆင့်ပြိုင်ပွဲကို ဆက်ဦးဆောင်သည်။ ဤတစ်ကြိမ်တွင် တစ်ခြားပြိုင်ပွဲဝင်များ လုယန်ကို သိသိသာသာ အရေးစိုက်လာကြသည်။
"ဒီအဆင့်က မင်းတို့ရဲ့ ဟင်းချက်ပစ္စည်းခွဲခြားနိုင်စွမ်းကို စစ်ဆေးတာပဲ"
ကြောင်အိမ်ငါးခု ထုတ်လာသည်။ အားလုံးကိုအဝတ်နီဖုံးထားသည်။ အဝတ်နီများက ဝိညာဉ်အာရုံကာကွယ်နိုင်သည့် ပစ္စည်းတစ်ချို့ဖြင့် ရက်လုပ်ထားခြင်းဖြစ်သည်။
"ဒီကြောင်အိမ်တွေထဲမှာ ဟင်းချက်ပစ္စည်းငါးမျိုးပါတယ်။ ပစ္စည်းနာမည်ကို မင်းတို့ပြောနိုင်ရမယ်။ ပထမဆုံးမှန်အောင်ပြောနိုင်တဲ့လူ ဒီအဆင့်ကိဖြတ်ကျော်နိုင်မယ်။
ဒါပေမယ့် အဖြေမှားရင်တော့ ပြိုင်ပွဲကနေ ထုတ်ပယ်ခံရမယ်။ မဖြေခင် သေချာစဉ်းစားပါ"
တစ်နည်းအားဖြင့် လူငါးယောက်သာ ဤအဆင့်ကိုဖြတ်ကျော်နိုင်မည့်သဘောဖြစ်သည်။
နေရာတစ်ခုလုံး ငြိမ်ကျသွားသည်။ စားဖိုမှူးများ စိုးရိမ်ပူပန်လာသည်။ ကိုယ့်ဗဟုသုတကိုယ် ယုံကြည်ထားသတစ်ချို့ပင် နည်းနည်းစိတ်မချသလိုဖြစ်လာသည်။
လုယန်တစ်ယောက်သာ သမ်းဝေလျက် အေးအေးလူလူရှိသည်။ နိုင်နိုင်ရှုံးရှုံး သူစိတ်မဝင်စား။ ဂိုဏ်းပြန်ရောက်လျှင် သူရေးရမည့်ဆောင်းပါးအကြောင်းသာ တွေးနေသည်။
အတော်ငြီးငွေ့စရာကောင်းသည်။ လောင်မုန်ကိုခေါ်လာခဲ့လျှင် ထိုကိစ္စအပေါ် အာရုံစိုက်ခိုင်း၍ သူနည်းနည်းပျော်နိုင်ဦးမည်။
ခရီးထွက်မလာမီ မုန်ကျင်းကျိုးကို သူသွားတွေ့ခဲ့သည်။ သို့သော် လောင်မုန် 'မသေမျိုးအဆိုအမိန့်'ကျမ်း၏ လေးနက်သည့်သဘောတရားများကို စိတ်ဝင်တစားလေ့လာသုံးသပ်နေသည်ကို မြင်ရသည်။
ထို့ကြောင့် အနှောက်အယှက်မပေးခဲ့တော့။
လုယန်၏ စိတ်အေးလက်အေးအမူအရာကိုကြည့်၍ တစ်ခြားလူများ ယုံကြည်ချက်တိုးလာသည်။
လျိုရှင်း ပထမဆုံးအဝတ်နီကို ဖယ်လိုက်သည်။ သစ်ရွက်တစ်ရွက်က ကြောင်အိမ်ထဲတွင် ငြိမ်သက်စွာလှဲလျောင်းနေသည်။ ရွှေရောင်အမှတ်အသားများ တဖျတ်ဖျတ်တောက်ပနေသည်။ သက်တမ်းရင့်ပြီး အိုဟောင်းသည့် သဘာဝလက္ခဏာတစ်ခုဖြစ်သည်။
"ဒါကိုမြင်ဖူးသလိုပဲ"
လုယန် ကိုယ့်ဘာသာတီးတိုးရေရွတ်သည်။ ထိုပစ္စည်းကို အကြိမ်အတော်များများ မြင်ဖူးသလိုခံစားနေရသည်။
ရွှေဓားသခင်က ကောင်းကင်သို့ ဝိညာဉ်စွမ်းအင်ရောင်တစ်ခုလွှတ်ပြီး ဖြေဆိုလိုကြောင်းအချက်ပြသည်။
"မဟာယပ်တောင်သစ်ရွက်ပါ"
"မှားပါတယ်"
ပထမဆုံးစားဖိုမှူး ရွှေဓားသခင် ချက်ချင်းပြိုင်ပွဲမှလစ်သွားသည်။ သူ့အဖြစ်ကိုကြည့်၍ ဖြေဆိုရန်စိတ်အားထက်သန်နေခဲ့သည့် ဝိညာဉ်စာဖိုမှူးများ နောက်တွန့်သွားကြသည်။
သို့သော် သိပ်မကြာမီ စွမ်းအင်ရောင်တစ်ခု ထိုးထွက်လာသည်။
မသေမျိုးလျှာရှဲ့ချီ။
"ဒါက ဉာဏ်အလင်းသစ်ရွက်ပါ။ နှစ်ငါးသောင်းသစ်တမ်းရှိတဲ့ ဉာဏ်အလင်းသစ်ပင်ကသစ်ရွက်"
"မှန်ပါတယ်"
တစ်ခြားစားဖိုမှူးများ လေးအားကျသည့်အကြည့်ဖြင့် ကြည့်ကြသည်။ ရှဲ့ချီက သစ်ရွက်အမျိုးအစားကိုသာမက သက်တမ်းကိုပါ တန်းပြောနိုင်သည်။
"ဘာရယ်မဟုတ်ပါဘူး။ ကျုပ်တို့မိသားစုမှာ နှစ်ငါးသောင်းသက်တမ်း ဉာဏ်အလင်းသစ်ပင်တစ်ပင်ရှိနေလို့ပါ"
ရှဲ့ချီကပြောသည်။ ထိုစကားသည် သူ့ကိုယ်သူနှိမ့်ချခြင်းလား ကြွားလုံးထုတ်ခြင်းလား မကွဲပြား။
"ဪ...ဒါကြောင့်ကိုး"
လုယန်နားလည်သွားသည်။ သူမြင်ဖူးသလိုရှိနေသည်မှာ မဆန်းတော့။ အမယွမ်က ဉာဏ်အလင်းသစ်ရွက်များကို မကြာခဏလက်ဖက်ရည်ကျို၍သောက်သည်။
သို့သော် ဆေးစိုက်ခင်းမှ ဉာဏ်အလင်းသစ်ပင်ဘုရင်က နှစ်တစ်သိန်းသက်တမ်းရှိသည်။
ယခုထုတ်ပြသည့် သက်တမ်းနုသစ်ရွက်မျိုးကို သူမမြင်ဖူးသဖြင့် ရုတ်တရက် မမှတ်မိခြင်းဖြစ်သည်။
"ကဲ၊ ဒုတိယပစ္စည်းကိုကြည့်ပါ"
လျိုရှင်းက ဒုတိယအဝတ်နီကို ဖွင့်သည်။ လက်ဝါးအရွယ် စိမ်းစိုရွှန်းလဲ့သည့် နွယ်ပင်တစ်ခုပေါ်လာသည်။ အပင်ပတ်လည်တွင် ကြောက်စရာကောင်းသည့် အပူလှိုင်းတစ်ခု ဖြာထွက်နေသည်။
အပင်နောက်ဘက်တွင် ကျားလိုလို နဂါးလိုလို အရိပ်တစ်ခု တဖျတ်ဖျတ်တောက်ပနေသည်။
စားဖိုမှူးများ မျက်မှောင်ကျုံ့သွားသည်။ အဖြေချက်ချင်းထွက်မလာ။ ထိုဝိညာဉ်ပင်မျိုး ဘယ်သူမှမမြင်ဖူးကြ။
လုယန်ပြုံး၍ ဝိညာဉ်စွမ်းအင်ရောင်ထုတ်လွှတ်လိုက်သည်။
"ဒါက ချီလင်မသေမျိုးဆေးပင်ပါ။ ဒါပေမယ့် မူလအပင်ရင်းတော့မဟုတ်ဘူး။ ရှေးဟောင်းမိခင်ပင်ကနေပွားလာတဲ့ အပင်ပေါက်ပါ"
ဂိုဏ်း၏ဆေးစိုက်ခင်းမှ ချီလင်မသေမျိုးဆေးပင်သည် ရှေးဟောင်းခေတ်မှ စတင်ဖြစ်တည်ခဲ့သည်။
ချီလင်မသေမျိုးလက်ထပ်ပွဲနေ့တွင် နတ်မယ်က အမှတ်တမဲ့ဝင်နှောက်မိသဖြင့် အောင်းလင်းနှင့်ကျန်းလျန်ယိတို့ ဟင်းချက်ပြိုင်ကြသည်။ ယင်ထန်တို့က မြည့်စမ်းကြည့်ရသည်။
မသေမျိုးသုံးယောက်က အဖြစ်မှန်ကိုမသိသဖြင့် ချီလင်မသေမျိုး တမင်ပြဿနာရှာသည်ဟုအပြစ်တင်ပြီး ဝိုင်းရိုက်ကြသည်။
တိုက်ပွဲတွင် ချီလင်၏ မသေမျိုးသွေးတစ်ချို့ ထွက်ကျသွားသည်။ ထို့ကြောင့် ချီလင်မသေမျိုးဆေးဖြစ် မွေးဖွားလာခြင်းဖြစ်သည်။
"ချီလင်မသေမျိုးဆေးပင်လား"
စားဖိုမှူးအတော်များများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ နားမလည်နိုင်အောင်ဖြစ်နေသည်။ ထိုမသေမျိုးဆေးပင်အကြောင်း တစ်ခါမှမကြားဖူးကြ။
ရှဲ့ချီ၊ အန်းထုန်၊ အဆိပ်မယ်တော်တို့က ထိုဆေးပင်အကြောင်း နာမည်သာကြားဖူးသည်။ နောက်ခံဇစ်မြစ်ကိုမသိကြ။
လုယန်က လက်နှစ်ဘက်နောက်ပျက်၍ လှည့်ပတ်လျှောက်ပြီး ရှေးဟောင်းလျှို့ဝှက်ဇာတ်လမ်းတစ်ပုဒ်ကို စပြောပြသည်။
"ရှေးဟောင်းခေတ်မှာ အမှောင်စွမ်းအားရှင်တစ်ယောက် အကွက်ချစီစဉ်ခဲ့လို့ နဂါးနဲ့ဖီးနစ်ဘိုးဘေး ယှဉ်ပြိုင်တိုက်ခိုက်ကြတယ်။ ရှေးဟောင်းမသေမျိုးလေးယောက် တာအိုဆွေးနွေးကြတယ်။
ချီလင်မသေမျိုးက ကျန်သုံးယောက်ကို မကြောက်မရွံ့ တစ်ကိုယ်တော်ရင်ဆိုင်တယ်။ တာအိုတွေကြားမှာ ကြယ်တာရာတွေ ပျက်စီးသွားတယ်။ ချီလင်ရဲ့အသက်စွမ်းအားပါတဲ့ သွေးတစ်ချို့ထွက်ကျခဲ့တယ်။
ကောင်းကင်လေဟာနယ်ကိုဖြတ်သန်းပြီး အောက်ဘက်မြေပြင်ကျလာတယ်။ ကံကောင်းတဲ့ဝိညာဉ်ပင်တစ်ချို့ကို မသေမျိုးသွေးစက်တွေစွန်းထင်းသွားတယ်။ အဲလိုနဲ့ ချီလင်မသေမျိုးဆေးပင်ဖြစ်ပေါ်လာတာပါ"
*********************************
အခန်း (၁၀၉၇) ငါ့စကားဟာသက်သေ
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားသည်။ ပြိုင်ပွဲဝင်စားဖိုမှူးများ၊ အကဲဖြတ်ဒိုင်များ၊ ပရိတ်သတ်များ ချီလင်မသေမျိုးဆေးပင်၏ ထိုနောက်ခံဇာတ်လမ်းကို တစ်ခါမှမကြားဖူးကြ။
သို့သော် လုယန်က ယုံကြည်မှုအပြည့်ဖြင့် သေချာပြောပြနေသည်။ တမင်လုပ်ကြံဖန်တီးသည့်ဇာတ်လမ်း မဟုတ်လောက်။
ချီလင်မသေမျိုးဆေးပင်သည် ထိုအတိုင်းအမှန်တကယ်ဖြစ်ခဲ့သလော...
လုယန်စကားမှန်လျှင် စားဖိုမှူးလောကနှင့် ဆေးပညာလောကအတွက် ထူးခြားသည့်သတင်းရင်းမြစ်တစ်ခုဖြစ်သည်။
"လုယွမ်ယန်၊ အောင်မြင်ပါတယ်"
လျိုရှင်းက ကြေညာသည်။ ချီလင်ဆေးပင်၏ နောက်ခံဇာတ်ကြောင်း တကယ်မှန်မမှန်နောက်ထား။ လုယန်က ဆေးပင်အမျိုးအစားကို ခွဲခြားနိုင်သည်။
လုယန် သူ့နေရာသို့ ပြန်သွားသည်။ အားလုံး၏အာရုံစိုက်မှုခံရသည်။
အထူးသဖြင့် ရှဲ့ချီကသူ့ကို အကြီးမားဆုံးပြိုင်ဘက်ဟု မြင်လာသည်။
ကောင်းပါသည်။ ခက်ခဲသည့်ပြိုင်ပွဲမှသာ သူ့စွမ်းရည်များကို ထုတ်ပြနိုင်မည်။
"ဒုခေါင်းဆောင်၊ ယင်ထန်နဲ့ချီလင်တို့ တိုက်ပွဲဖြစ်တာ နောက်ကွယ်ကလူတစ်ယောက် အကွက်ချကြံစည်ခဲ့လို့လား"
ချီလင်မသေမျိုးဆေးပင်၏ နောက်ခံဇစ်မြစ်ကို နတ်မယ်သိသည်။ သို့သော် တိုက်ပွဲဖြစ်ရသည့်အကြောင်းရင်းကို သူတကယ်မသိ။
လုယန် သက်ပြင်းချသည်။
...နောက်ကွယ်ကတရားခံဆိုတာ ခင်ဗျားပါပဲနတ်မယ်။ အောင်းလင်းနဲ့ကျန်းလျန်ယိဆီကို 'အလှဆုံးနတ်ဆိုးမျိုးနွယ်အတွက်လက်ဆောင်'ဆိုပြီး မသေမျိုးသစ်သီးတစ်လုံး လက်ဆောင်ပို့ခဲ့လို့လေ..
သို့သော် ထိုအကြောင်းများကို ထုတ်ပြောစရာအကြောင်းမရှိ။ အင်ပါယာလက်အောက်ခံ ဝန်ကြီးတစ်ယောက်၏တာဝန်က သတင်းစုစည်းဖို့သာမဟုတ်။ အင်ပါယာစိတ်ပူပန်မှုမဖြစ်အောင် သတင်းစီစစ်ဖို့လည်းပါသည်။
"ယင်ထန်အရှင်က ကျုပ်ကိုပြောပြတာပါ။ အစက သူတို့လေးယောက် ညီအကိုတွေလို ရင်းနှီးခဲ့ကြတာ။ တစ်ယောက်ယောက် ဝင်နှောက်ယှက်ခဲ့လို့ သူတို့တိုက်ခိုက်ဖြစ်တာ။ အဲဒီ့ကိစ္စပြန်တွေးတိုင်း ချီလင်ကိုတိုက်ခိုက်ခဲ့မိတဲ့အတွက် သူတို့စိတ်မကောင်းဖြစ်ကြတယ်။
ရန်သူအစစ်က တစ်ခြားတစ်ယောက်ပါ။ ဒါပေမယ့် အဲဒီ့ရန်သူက စွမ်းအားကြီးလွန်းလို့ သူတို့မနိုင်ကြဘူး။ ရှေးဟောင်းမသေမျိုးလေးယောက် သွေးကွဲအောင်ကြံစည်တဲ့လူဟာ တကယ်သေသင့်တဲ့လူပါပဲ"
လုယန် အံတင်းတင်းကြိတ်၍ အလေးအနက်ပြောသည်။
"အနှေးနဲ့အမြန် အဲဒီ့လူကို ငါတို့ရှင်းပစ်မှာပါ"
နတ်မယ်လည်း လက်သီးဆုပ်၍ အံကြိတ်နေသည်။
ခေါင်းဆောင်နှင့်ဒုခေါင်းဆောင် စည်းလုံးနေလျှင် မအောင်မြင်သည့်ကိစ္စဟူ၍ မရှိနိုင်။
လျိုရှင်း တတိယအဝတ်နီကို ဖွင့်လိုက်သည်။ အမည်မသိနတ်ဆိုးသားရဲ၏ အသားတုံးဖြစ်သည်။ အသားကလတ်ဆတ်သည်။ သလင်းသားလို အဆီလွှာများထပ်များဖြင့် ကြည်လင်နေသည်။
ထိုသားရဲအသက်ရှိစဉ်က အလွန်ခက်ခဲသည့်ပြိုင်ဘက်ဖြစ်မည်ဟု လုယန်ခံစားမိသည်။
"ဒါက ထောင်ထျဲ့တစ်ကောင်ရဲ့ ပေါင်သားပါ"
အန်းထုန်က ဖြေသည်။
"မှန်ပါတယ်"
အန်းထုန်သည် ထောင်ထျဲ့မျိုးနွယ်က လေ့ကျင့်ပေးထားသည့် စားဖိုမှူးပီသသည်။ ထိုသားရဲသားကို တစ်ချက်ကြည့်ရုံဖြင့်သိသည်။
"အခု စတုတ္ထပစ္စည်းကိုကြည့်ရအောင်"
နေရာနှစ်ခုသာကျန်တော့သဖြင့် ပြိုင်ပွဲဝင်များ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ တစ်နေရာရာချိတ်နိုင်ဖို့ စိတ်အားထက်သန်နေကြသည်။
လျိုရှင်း စတုတ္ထအဝတ်နီကို ဖွင့်လိုက်သည်။ လက်သီးဆုပ်အရွယ် မီးခိုးရောင်ကျောက်လုံးတစ်ခု ပေါ်လာသည်။ မျက်နှာပြင်က ချောမွေ့သည်။ သန့်စင်ဖန်တီးထားခြားမဟုတ်လောက်။ သဘာဝအတိုင်း ဖြစ်တည်နေသည့် သဘောရှိသည်။
ကျောက်တုံးမှ ဝိညာဉ်စွမ်းအင်လှိုင်းများလည်း အဆက်မပြတ်ထွက်ပေါ်နေသည်။
စားဖိုမှူးအားလုံး ငြိမ်ကျသွားသည်။ ဘယ်သူမှ အဖြေမပေးနိုင်ကြ။
ချောမွတ်နေသည့်ကျောက်တုံးတစ်ခု။ ခန့်မှန်းဖို့ပင်မဖြစ်နိုင်။
"မီးခိုးရောင်ရွှေသန္ဓေ"
"မှားပါတယ်"
"သံလိုက်တုံး"
"မှားတယ်"
"ဝိုင်ဖောက်ကျောက်"
"မှားတယ်"
သုံးယောက်ဆက်တိုက် ထုတ်ပယ်ခံလိုက်ရသည်။ ကျန်သည့်စားဖိုမှူးများ ကြောက်သွားသဖြင့် အသံမထွက်ရဲတော့။
"တစ်ယောက်မှမသိကြဘူးလား"
လျိုရှင်းက ပြိုင်ပွဲဝင်များကို မျက်လုံးဝေ့ကြည့်၍ အကဲခတ်သည်။
ရှဲ့ချီနှင့် အန်းထုန်လို နာမည်ကျော်ပြိုင်ပွဲဝင်များပင် ထိုကျောက်လုံးကိုမမြင်ဖူးကြ။
"အဲဒါ ကြယ်သန္ဓေမဟုတ်လား"
လုယန်မနေနိုင်တော့ဘဲ လှောင်သံပါပါဖြင့်မေးလိုက်သည်။
မသေမျိုးလေးယောက်ကို နတ်မယ် ကြယ်သန္ဓေများကျွေးခဲ့သည်က မဆန်းလှ။ အားလုံး မသေမျိုးများဖြစ်သည်။ သို့သော်ယခု ဝိညာဉ်စားဖိုမှူးမဟာမိတ်က ကြယ်သန္ဓေကို ဟင်းချက်ပစ္စည်းလုပ်ဖို့ စဉ်းစားနေသလားမသိ။
"မှန်ပါတယ်"
ယခုလိုရှားပါးပစ္စည်းမျိုးကို လုယန် သိနေမည်ဟု လျိုရှင်းထင်မထားခဲ့။ သူ့လေသံက စိတ်လှုပ်ရှားရိပ်လွှမ်းနေသည်။
"ဒီပစ္စည်းက ကြယ်တစ်ခုရဲ့သန္ဓေပါ။ ဒါမျိုးက ရှေးဟောင်းခေတ်မှာပဲရှိခဲ့တာ။ ဒါပေမယ့် အဲဒီ့ခေတ်မှာ စွမ်းအားမြင့်တိုက်ပွဲတွေ အများကြီးဖြစ်ခဲ့တယ်။
ကြယ်ကမ္ဘာတွေ ကြေမွပျက်စီးတယ်။ တစ်ခါတစ်လေ ကြယ်ကမ္ဘာတွေက ကြယ်သန္ဓေအဖြစ် ကျုံ့ဝင်သွားတယ်။ အစပိုင်းမှာ ငါတို့မဟမိတ်က ဒါကိုဘာပစ္စည်းမှန်းမသိခဲ့ဘူး။
အများကြီးလေ့လာအတည်ပြုပြီးမှ ရှေးဟောင်းမသေမျိုးစားဖိုမှူးတွေဟာ ကြယ်သန္ဓေတွေကို အစားအသောက်အဖြစ် မိတ်ဆွေတွေကို တည်ခင်းဧည့်ခံခဲ့တယ်ဆိုတာ သိရတာ။
ဒီသဲလွန်စကနေတစ်ဆင့်...ကြယ်သန္ဓေမျက်နှာပြင်က အစအနတစ်ချို့ကိုခြစ်ယူပြီး ဟင်းခတ်မှုန့်အဖြစ်သုံးရင် အစားအသောက်တွေရဲ့ လတ်ဆတ်မှုကို တိုးမြှင့်ပေးနိုင်တယ်ဆိုတာ ကျုပ်တို့သိခဲ့တယ်"
မသေမျိုးစားဖိုမှူး၏ ဟင်းချက်ပညာကိုအတုယူခြင်းဖြစ်သည်။ စားဖိုမှူးမဟာမိတ်၏ သမိုင်းကြောင်းတွင် တကယ်မှတ်တမ်းတင်ထိုက်လှသည်။
လုယန် မျက်ခုံးတစ်ချက်ခါသွားသည်။ ထိုစားဖိုမှူးများ နည်းနည်းအတုခိုးမှားနေသလိုရှိသည်။ မသေမျိုးလေးယောက်ကို နတ်မယ်က ကြယ်သန္ဓေတစ်ခုလုံးကျွေးခဲ့ခြင်းဖြစ်သည်။
"နောက်ဆုံးပစ္စည်းကို ကြည့်ကြပါ"
နောက်ဆုံးအဝတ်နီကို ဖယ်လိုက်ချိန်တွင် တစ်ဝက်သာကျန်သည့် ပန်းသီးတစ်လုံးပေါ်လာသည်။ အသားကပင် ရွှေရောင်သန်းနေသည်။ ယခုမှ ဖြတ်ခွဲထားသယောင်ထင်ရသည်။ ပျက်စီးမည့်လက္ခဏာမျိုးမတွေ့ရ။
သစ်သီးနံ့က ကွင်းပြင်တလျှောက် လွင့်ပျံလာပြီး အားလုံး၏စိတ်အာရုံတွင် စွဲထင်လာသည်။
"သောက်လခွမ်း၊ မသေမျိုးသစ်သီးလားဟ"
လုယန် အော်ဆဲမိမတတ် ဖြစ်သွားသည်။ ဝိညာဉ်စားဖိုမှူးမဟာမိတ်က ဤတစ်ကြိမ် တကယ်လွန်သည်။ အပြင်လောကတွင် မရှိတော့ဟုယူဆထားသည့် ပစ္စည်းကိုပင် ရှာတွေ့ထားသည်။
မသေမျိုးသစ်သီးကို ထာဝရနတ်မယ် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ အလောင်းများမပုပ်ဆွေးအောင် ထိန်းနိုင်သည့် အာနိသင်ရှိသည်။
"သက်ရှည်ဝိညာဉ်သစ်သီး"
အဆိပ်မယ်တော်က အော်ဟစ်လိုက်သည်။ အမှန်တော့ ထိုသစ်သီးအကြောင်းသူမသိ။ သို့သော် ကျင်းထန်အဖွဲ့မှလူဖြစ်၍ ထိုအဖြေကို ကျင်းထန်ကပြောပြထားသည်။
"ဘာသစ်ရှည်သစ်သီးလဲကွာ..."
လုယန် တွေးသည်။ မသိဘဲနှင့် ရမ်းသမ်းမပြောသင့်။ သို့သော် လျိုရှင်းက လက်ကိုဟန်ပါပါဝှေ့ယမ်း၍ ရလာဒ်ကိုကြေညာသည်။
"မှန်တယ်။ ဒုတိယအဆင့်ပွဲစဉ် ပြီးသွားပြီ။ မင်းတို့လေးယောက် တတိယပွဲစဉ်ကို တက်ရမယ်..."
"ခဏနေဦး၊ ဒါသက်ရှည်သစ်သီးလုံးဝမဟုတ်ဘူး"
လုယန် ထရပ်၍ ခပ်တင်းတင်းပြောသည်။ သူသိပ်အလိုမကျ။ နတ်မယ်ဖန်တီးသည့်ပစ္စည်းများသည် ထူးဆန်းသော်လည်း တစ်ခြားသစ်သီးမျိုးနှင့်တော့ မှားယွင်းမသတ်မှတ်သင့်။
"လုယွမ်ယန်၊ နင်ဘာတွေလျှောက်ပြောနေတာလဲ"
အဆိပ်မယ်တော်လည်း ဒေါသထွက်လာသည်။ ထိုစကားသည် သူ့အဆင့်တက်ခွင့်ကို ထိခိုက်နိုင်သည်။
"ရှေးဟောင်းခေတ်က အမြဲစိမ်းအရှင်ဟာ ယင်ကျိုးကျွန်ပေါ်က အဆင့်ရှစ်ဝိညာဉ်မြစ်မှာ သက်ရှည်ဝိညာဉ်ပင်တစ်ပင် စိုက်ပျိုးခဲ့တယ်လို့ ပြောကြတယ်။
အဲဒီ့ဆေးပင်ကနေ သက်ရှည်ဝိညာဉ်သစ်သီးတွေ မွေးဖွားလာတယ်။ အနံ့မွှေးတယ်။ ခူးဆွတ်ပြီးရင်တောင် အမြဲတမ်းလတ်ဆတ်နေတယ်တဲ့"
လျိုရှင်း ကျိတ်၍ခေါင်းငြိမ့်သည်။ ဝိညာဉ်စားဖိုမှူးမဟာမိတ်မှ ရထားသည့်သတင်းကလည်း ထိုအတိုင်းသာဖြစ်သည်။ ဤရွှေသစ်သီးတစ်ခြမ်းကို လွန်ခဲ့သည့် နှစ်တစ်သိန်းက သူတို့ရခဲ့သည်။
ယနေ့အထိပင် ခူးဆွတ်စကဲ့သို့ လတ်ဆတ်နေသည်။ သက်ရှည်သစ်သီး၏ လက္ခဏာများနှင့် ပြည့်စုံနေသည်။
"အမြဲစိမ်းအရှင်လား"
လုယန် အမြဲစိမ်းအရှင်အကြောင်း နတ်မယ်ထံမှကြားဖူးသည်။ အချိန်မသေမျိုးကိုခေါ်ခြင်းဖြစ်သည်။ နတ်မယ်ကို အရိယဖလချင်းလာပြိုင်ဆိုင်၍ လက်သီးနှစ်ချက်မိပြီး ရှုံးနိမ့်သွားသူဖြစ်သည်။
"သက်ရှည်သစ်သီးမဟုတ်ဘူးဆိုရင် ဒါဘာလဲဆိုတာ နင်ပြောစမ်းပါ"
"မသေမျိုးသစ်သီးပါ။ စားဖိုမှူးဘိုးဘေးက စိုက်ပျိုးခဲ့တာ။ နတ်ဆိုးသားရဲအလောင်းတွေမပျက်စီးအောင် အသားတွေ အမြဲတမ်းလတ်ဆတ်နေအောင် ဒါကိုသုံးခဲ့တာ။ သာမန်ဝိညာဉ်သစ်သီးလောက်က မသေမျိုးသစ်သီးလို့ခေါ်ဖို့ မထိုက်တန်ဘူး"
"ရယ်စရာကောင်းလိုက်တာ။ ဒါကမသေမျိုးသစ်သီးဆိုတာပြဖို့ နင့်မှာဘာသက်သေရှိလို့လဲ"
လုယန် မျက်နှာမှမျက်နှာဖုံးကို ဆွဲခွာလိုက်သည်။ ရုပ်ရည်အစစ်ကို ပြလိုက်သည်။ လူအုပ်ကြားထဲ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"အဲဒါ လုယန်လား"
"သူက တကယ်စားဖိုမှူးအစစ်လား"
လုယန်က လျိုရှင်းနှင့် တာအိုရှင်မိန်ယွမ်ဆီ လှမ်းကြည့်၍ စိတ်အားထက်သန်စွာရှင်းပြသည်။
"ထာဝရဂိုဏ်းကို ကျုပ်သူလျှိုဝင်ခဲ့တယ်။ သူတို့ဌာနချုပ်တွေကို ရှားတွေ့ခဲ့တယ်။ ရှားနိုင်ငံနဲ့ တာအိုလမ်းစဉ်ဂိုဏ်းပေါင်းပြီး ထာဝရဂိုဏ်းကို သုတ်သင်ခဲ့တယ်။
သူလျှိုအနေနဲ့ သူတို့ဌာနချုပ်တွေကိုဝင်တဲ့အချိန်မှာ မသေမျိုးသစ်သီးကို ကျုပ်တွေ့ခဲ့ဖူးတယ်။ ဂိုဏ်းသခင်တွေရဲ့စကားကနေတစ်ဆင့် သစ်သီးရဲ့နောက်ခံဇစ်မြစ်ကို သိခဲ့ရတယ်။
နောက်ပိုင်း အရှေ့ပင်လယ် နဂါးနန်းတော်မှာ နဂါးဘိုးဘေးအောင်းလင်းကို ကျုပ်နှိုးခဲ့တယ်။ ဘိုးဘေးအောင်းလင်းနဲ့အတူ မသေမျိုးသစ်သီးရဲ့ နောက်ခံကို အတည်ပြုခဲ့တယ်။
ကျုပ်ပြောတဲ့စကားတွေဟာ သက်သေပါပဲ။ မယုံကြည် ဘိုးဘေးအောင်းလင်းကို ဖိတ်ခေါ်ပြီး အမှန်တရားကို ခွဲခြားခိုင်းလို့ရပါတယ်"
******************************
အခန်း (၁၀၉၈) ငါးမဟုတ်သောငါး
စားဖိုမှူးမဟာမိတ်က အောင်းလင်းကို ဆင့်ခေါ်နိုင်စွမ်းမရှိ။
အောင်းလင်းသည် နဂါးဘိုးဘေးဖြစ်သည်။ ချီလင်မသေမျိုးပြီးလျှင် နတ်ဆိုးမျိုးနွယ်တွင် အဆင့်တန်းမြင့်ဆုံးဖြစ်သည်။ ကျူးထန်ပင်ယှဉ်နိုင်သည်မဟုတ်။
လုယန်က အောင်းလင်းကို နှိုးခဲ့သူဖြစ်၍ သူ့ကိုတွေ့ခွင့်ရသည်။ စားဖိုမှူးမဟာမိတ်သည် ထိုအခွင့်အရေးမျိုး မရနိုင်။
ထို့ပြင် မသေမျိုးသစ်သီးဟုတ်မဟုတ် အောင်းလင်းကိုယ်တိုင်လာ၍ အတည်ပြုစရာလည်းမလို။ လုယန်၏နာမည်ဂုဏ်သတင်းနှင့်နောက်ခံက အားလုံးကိုသက်သေပြဖို့ လုံလောက်သည်။
လုယန်က မသေမျိုးသစ်သီးဟုပြောလျှင် မသေမျိုးသစ်သီးသာဖြစ်ရမည်။
"လုယန်လည်း ဝိညာဉ်စားဖိုမှူးလား"
လုယန်မျက်နှာကိုမြင်ရသဖြင့် ပရိတ်သတ်က အံ့ဩနေဆဲဖြစ်သည်။
"ဟုတ်တယ်လေ။ မင်းမေ့နေပြီလား။ ဓာတ်ငါးမျိုးဂိုဏ်းချုပ် ချိုးကျင်အန်းက လုယန်ရဲ့ဟင်းချက်စွမ်းရည်ကို အများကြီးချီးကျူးခဲ့ဖူးတယ်"
"နေဦး၊ ဓားမျှော်စင်ကတိုက်ပွဲကိုရော မင်းတို့မှတ်မိကြလား"
"ယင်ထန်အလောင်းနဲ့ ထူးဆန်းတဲ့မသေမျိုးကြားက တိုက်ပွဲဆိုတာလား၊ ငါမှတ်မိပါတယ်။ ဘာလို့လဲ"
"ဓားပွဲတော်မှာ ဝင်ပြိုင်ခဲ့တဲ့လူတစ်ယောက်နဲ့ ငါသိတယ်။ သူပြောတာတော့ ထူးဆန်းတဲ့မသေမျိုးပေါ်မလာခင် လုယန်က ယင်ထန်မသေမျိုးရဲ့ အမွေအနှစ်ရထားတယ်လို့ ယင်ထန်အလောင်းကို ပြောခဲ့တယ်တဲ့"
"ဒါဆို အားလုံးကိုက်ညီနေပြီ။ လုယန်က မသေမျိုးစားဖိုမှူးအမွေခံအစစ်ပဲ"
ပရိတ်သတ်ကြီး စိတ်အားတက်ကြွစွာ ဆွေးနွေးနေပြီးနောက် နောက်ဆုံးတွင် ယွမ်မုန်မုန်၏စကားကို ယုံကြည်သွားကြသည်။ မသေမျိုးစားဖိုမှူးအမွေခံဆိုသည့် နာမည်တစ်ခုတည်းကပင် စားဖိုမှူးမဟာမိတ်တွင် ပြိုင်ဘက်ဩဇာမျိုးရှိသည်။
"ငါပြောသားပဲ။ သူကမသေမျိုးစားဖိုမှူးအမွေခံပါလို့"
လုယန်ကို ထောက်ခံသူပိုများလာသဖြင့် ယွမ်မုန်မုန်ပျော်ရွှင်နေသည်။
"ဒါတကယ်လုယန်အစစ်ပဲ။ တကယ်ထူးခြားတဲ့ပါရမီရှင်ပဲ"
မိန်ယွမ်လည်း လုယန်ကို လှမ်းကြည့်သည်။ အစောပိုင်းက စားဖိုမှူးပြိုင်ပွဲအကြောင်း ဂုဏ်သတင်းမြှင့်ဖို့သာ လုယန်ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လုယန်က တကယ့်ဝိညာဉ်စားဖိုမှူးအစစ်ဖြစ်နေသည်။
ဤရွှေသစ်သီးတစ်ခြမ်းက ဘာအရေးကြီးသနည်း။ လျိုရှင်းလည်း သစ်သီးကိစ္စ သေချာမသိသဖြင့် မိန်ယွမ်ကို သွားမေးရသည်။ မကြာမီ လျိုရှင်းပြန်ရောက်လာပြီး နောက်ဆုံးရလာဒ်ကို ကြေညာသည်။
"အဆိပ်မယ်တော်ကို ထုတ်ပယ်လိုက်ပါပြီ။ ရှဲ့ချီ၊ လုယန်နဲ့ အန်းထုန် နောက်ဆုံးပြိုင်ပွဲကို တက်ရပါမယ်"
အဆိပ်မယ်တော် ခေါင်းငိုက်စိုက်ကျသွားသည်။ လုယန်ပေါ်လာကတည်းက ထိုသို့ဖြစ်မည်ကို ကြိုခန့်မှန်းမိခဲ့သည်။
မဟာရှားအရာရှိနှစ်ယောက် ရောက်လာပြီး သူ့ကို လက်ထိတ်ခြေကျင်းများတပ်သည်။ မဟာရှားသို့ပြန်ခေါ်ပြီး ပြစ်ဒဏ်ဆက်၍ခံယူခိုင်းဖို့ဖြစ်သည်။
"ခဏနေပါဦး၊ အကိုတို့။ နောက်ဆုံးပြိုင်ပွဲကို ကျွန်မကြည့်လို့ရမလား"
အဆိပ်မယ်တော်က တောင်းပန်သည်။ သူ့နာမည်ဘယ်လိုခေါ်သည်ဖြစ်စေ သူသည်လည်း အစားအသောက်ကောင်းကို မြတ်နိုးသည့် စားဖိုမှူးတစ်ယောက်ဖြစ်သည်။
ကြယ်ငါးပွင့်အဆင့်စားဖိုမှူးပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ကို သူကြည့်လိုသည်။
အရာရှိနှစ်ယောက် စဉ်းစားသည်။ စောစောပြန်သွားလျှင် နောက်ထပ်တာဝန်သစ်များ ထမ်းဆောင်ရဖို့သာရှိသည်။ အလျင်စလိုပြန်ဖို့လည်း မလိုအပ်။ ပြိုင်ပွဲပြီးမှပြန်လျှင် ရသည်။
စားဖိုမှူးပြိုင်ပွဲအကြောင်း သူတို့နားမလည်သော်လည်း လုယန်၏ စွမ်းဆောင်ရည်ကိုတော့ ကြည့်ချင်ကြသည်။
"ခေါင်းဆောင်၊ တတိယအဆင့်ကို ဝင်လာတဲ့လူအများစုက ကျင်းထန်ရဲ့လူတွေပဲထင်တယ်"
မိန်ယွမ်အတွက် အခြေအနေမကောင်းကြောင်း သတိထားမိသဖြင့် လျိုရှင်းကပြောသည်။
"အနိုင်ရမှာသေချာတဲ့ မိတ်ဆွေလုယန်ကလွဲရင် တစ်ခြားအုပ်စုလေးခုအခြေအနေက စိုးရိမ်စရာပဲ"
ကျင်းထန်အနေဖြင့် သူ့ပြိုင်ဘက်ကင်းဟင်းလျာကို ဖန်တီးဖို့က ဟင်းချက်ပစ္စည်းလေးမျိုးသာရဖို့လိုသည်။
"ကိစ္စမရှိပါဘူး။ အလားအလာကောင်းတဲ့ လူငယ်တစ်ယောက် ဟိုဘက်ကြယ်နှစ်ပွင့်စားဖိုမှူးအဖွဲ့မှာ ငါမြင်ထားပါတယ်"
မိန်ယွမ်က စိုးရိမ်ဟန်မရှိဘဲ ပြုံး၍ပြောသည်။
အးလုံးက ကြယ်ငါးပွင့်အဆင့်ကိုသာ အာရုံစိုက်နေကြသည်။ ကြယ်နှစ်ပွင့်အဆင့်ကို သိပ်သတိမထားကြ။
ကြယ်နှစ်ပွင့်အဆင့်အဖွဲ့၏ တတိယပွဲစဉ် စတင်သည်။ ပြိုင်ရမည့်ဟင်းပွဲက 'ငါးမဟုတ်သောငါး' ဖြစ်သည်။
သခင်ဝူက ငေးငိုင်နေသည့် စုန်ထန်ကျင်းကိုကြည့်၍ ကျိတ်ပြုံးနေသည်။
..နားလည်လား ကောင်လေး။ မင်းရွေးတဲ့ ငါးပူဖောင်းက ငါ့ရဲ့အဆိပ်ငါးမျိုးမထားတာကွ...မင်းမှာအဆိပ်နိုင်ခန္ဓာရှိနေလို့ ဘာမှမဖြစ်ရင်တောင် ဒိုင်တွေက ဒီအဆိပ်ဒဏ်ကို တင်းခံနိုင်ကြပါ့မလား...
အဲဒီ့အချိန်ရောက်ရင် ဝိညာဉ်စားဖိုမှူးဆိုတဲ့ မင်းရဲ့နာမည်လည်း ပျက်စီးမယ်။ ဘာမှပြန်အဖတ်ဆယ်လို့မရဘူး။ ငါကတော့ အနိုင်ရပြီးထင်ပေါ်လာမယ်...
ငါ့ကိုစော်ကားခဲ့တဲ့ မင်းကိုမင်းပဲ အပြစ်တင်တော့..
ငါးပူဖောင်းကိုအဆိပ်ခတ်ထားကြောင်း စုန့်ထန်ကျင်းလည်းရိပ်မိသည်။ သို့သော် ထိုအခက်အခဲမှလွတ်အောင်လုပ်ရမည်ကို တွေးငေးနေခြင်းမဟုတ်။ ဤအဖြစ်သည် အိပ်မက်လား အမှန်လား စဉ်းစားနေခြင်းဖြစ်သည်။
အိပ်မက်ထဲမှ အဖြစ်အပျက်များ တစ်ခုပြီးတစ်ခုပေါ်လာသည်။ ကြုံတွေ့ခဲ့သည့်အဖြစ်များက အိပ်မက်ဆိုသည်ထက် အနာဂတ်နိမိတ်မျိုးနှင့် ပိုတူသည်။
"ဟင်းချက်ကျမ်း"ပိုင်ဆိုင်ကြောင်း ထုတ်ပြလိုက်လျှင် ဝိညာဉ်စားဖိုမှူးမဟာမိတ်က တကယ်အမဲလိုက်ကြမည်လော...
နောင်တစ်ချိန် သူလွတ်အောင်ရှောင်တိမ်းနိုင်မည်။ ဟင်းချက်ကျမ်းအပြည့်အစုံကို အမွေခံနိုင်မည်။ မဟာမိတ်ခေါင်းဆောင်ကိုနိုင်မည်။ ခေါင်းဆောင်သက်ဖြစ်လာမည်။
သို့သော် အမဲလိုက်ခံနေရချိန်အတွင်း ချန်အာကအဆိပ်ခတ်ခံရပြီး သေသွားမည်။ သူ့ညီက သူ့ကိုယ်စား ဓားချက်ခံ၍ သေရမည်။ သူ့အကိုက မဟာမိတ်ကိုဆန့်ကျင်တိုက်ခိုက်ရင်း လက်တစ်ဘက်ဆုံးရှုံးမည်။
သူတို့လွတ်မြောက်သော်လည်း သွေးသောက်ညီအကိုဘဝ အဆုံးသတ်သွားမည်။
"စားဖိုမှူးမဟာမိတ် အမဲလိုက်တာကိုမခံရရင် ဒီအဖြစ်တွေအားလုံးကို ရှောင်နိုင်မှာပါ။ အနာဂတ်ကို ငါပြန်ပြင်ရမယ်"
"ထက်မြက်တဲ့ အကြည့်မျိုးပဲ"
မိန်ယွမ်မှတ်ချက်ပြုသည်။ စုန်ထန်ကျင်းဘာတွေးနေမှန်း သူနားမလည်။ သို့သော် မျက်နှာက မြင့်မြတ်သည့်စတေးမှုတစ်ခု လုပ်တော့မည့်ပုံမျိုးဖြစ်ကြောင်း သူရိပ်မိသည်။
ဟင်းချက်ကျမ်းတွင် ပထမဆုံးဟင်းလျာက ပုလဲငါးစွတ်ပြုတ်ဖြစ်သည်။ ငါးနှင့်အဆိပ်ငါးမျိုးလိုသည်။ သခင်လေးဝူအဆိပ်က သူ့အတွက်အကူအညီရသည်။
ဒုတိယဟင်းလျာက ရတနာရှစ်မျိုးကြက်ဘဲငါး။ ဟင်းပွဲအရသာပြည့်ဖြစ်ဖို့ ပုလဲငါးစွတ်ပြုတ်မှ ငါးရိုးကိုလိုသည်။
သို့သော်ယခု ထိုနည်းလမ်းနှစ်ဆင့်အတိုင်း လုပ်၍မရ။ ဟင်းပွဲက နည်းနည်းဆင်တူသွားလျှင်ပင် သူ့ကိုသံသယဝင်လာကြမည်။ တားမြစ်စာအုပ်ပိုင်ဆိုင်မှုသည် ကောင်းကွက်ရော ဆိုးကွက်ပါရှိသည်။
ရတနာရှစ်ပါးကြက်ဘဲငါးသည် ပါဝင်ပစ္စည်းသုံးဆယ့်ခြောက်မျိုးလိုသည်။ ချက်ပြုတ်ပြင်ဆင်နည်းက အလွန်အနုစိတ်ပြီး ရှုပ်ထွေးသည်။ ဟင်းချက်နည်းကို ပြောင်းလဲဖို့လိုသည်။
..ယန်ယွမ်ဆိုင်၏ဘိုးဘေးများ ကောင်းချီးပေးပါစေ....
ဘိုးဘေးများက ဟင်းချက်ကျမ်းတစ်စိတ်တစ်ပိုင်းဖြင့် ဟင်းပွဲတစ်ချို့ ဖန်တီးဆန်းသစ်နိုင်ခဲ့လျှင် ဟင်းချက်ကျမ်းအပြည့်အစုံပိုင်သည့် သူလည်း ဟင်းပွဲတစ်ချို့တော့ ဖန်တီးဆန်းသစ်နိုင်ရမည်။
ခေတ်လူများသည် ရှေးခေတ်လူများလောက် တော်သင့်သည်မဟုတ်လော...
စားဖိုမှူးမဟာမိတ်တွင် မီးတောက်ထိန်းချုပ်သည့်ပညာကို အဆင့်ငါးမျိုးခွဲထားသည်။ အခြေခံ၊ ကျွမ်းကျင်၊ အလတ်တန်းဆင့်၊ အထက်တန်းဆင့် နှင့် ထိပ်တန်းအဆင့်ဖြစ်သည်။
စုန့်ထန်ကျင်းက အခြေတည်နောက်ဆုံးအဆင့်ဖြစ်၍ မီးတောက်ထိန်းနိုင်စွမ်း ကျွမ်းကျင်အဆင့်ရှိသည်။
လက်တစ်ဘက်တွင် မီးတောက်များထိန်းချုပ်၍ ဖြူပျစ်ပျစ် ငါးဟင်းစွတ်ပြုတ်ကိုလုပ်ရင်း နောက်လက်တစ်ဘက်ဖြင့် ဟင်းချက်ပစ္စည်းများကို ခုတ်စဉ်း၍ အရသာတိုးတက်အောင်လုပ်သည်။
သဲနာရီမှ နောက်ဆုံးသဲပွင့်များ ကျသွားချိန်တွင် ရတနာသုံးပါးကြက်ဘဲငါးဟင်းလည်း ပြီးဆုံးသွားသည်။
သခင်ဝူက သူ့ထက်အရင် ဟင်းပွဲပြီးသည်။ ထို့ကြောင့် ယုံကြည်မှုအပြည့်ရှိနေသည်။ စုန့်ထန်ကျင်း သူ့ကိုနိုင်မည်မဟုတ်။။
ဟင်းပွဲအဖုံးကို သူလှပ်လိုက်သည်။ တောက်ပသည့်အလင်းတစ်ခု ထွက်လာသည်။ အလင်းမှိန်သွားချိန်တွင် ခွက်ထဲ၌ ရွှေတုံးငယ်များပေါ်လာသည်။
အကဲဖြတ်ဒိုင်ငါးယောက်ထဲတွင် ကျွမ်းကျင်စားဖိုမှူးများ၊ အရသာကျွမ်းကျင်သူများ ပါဝင်သည်။ တစ်ချို့က သာမန်လူများဖြစ်သည်။ ရွှေတုံးကို ကောက်ကိုင်ကြည့်၍ အားလုံးအံ့အားသင့်နေသည်။
"ဒါက ပေါက်စီကြော်ပဲ"
"ရိုးရိုးမဟုတ်ဘူး။ ပေါက်စီအကာကို ဂျုံနဲ့လုပ်တာမဟုတ်ဘူး။ ငါးရေခွံနဲ့လုပ်ထားတာပါလား"
"ကြက်သားဝက်သားစိတ်တွေနဲ့ အစာသွပ်ထားတယ်။ ဝက်သားက အရသာထိန်းဖို့ နည်းနည်းပဲထည့်တယ်"
"ငါးမဟုတ်သောငါး...တကယ်ငါးမဟုတ်တဲ့ငါးဟင်းအစစ်ပဲ"
သခင်ဝူ ယဉ်ကျေးစွာပြုံး၍ မိတ်ဆက်သည်။
"ဒါက ရွှေရောင်ငါးရေခွံပေါက်စီပါ"
"ရွှေရောင်ငါးရေခွံပေါက်စီ..ဟုတ်လား။ တကယ်ထူးခြားတာပဲ"
ဒိုင်ငါးယောက်လုံး ခေါင်းငြိမ့်ထောက်ခံကြသည်။ တစ်ခြားပြိုင်ပွဲဝင်ဟင်းသုံးပွဲထက် အပြတ်အသတ်သာလွန်သည်။
စုန့်ထန်ကျင်းလည်း သူ့ဟင်းခွက်ဖုံးကို လှပ်သည်။ တစ်ကိုယ်လုံးညိုနေသည့် ဘဲတစ်ကောင်ပေါ်လာသည်။ သခင်ဝူ၏ပေါက်စီလို အရောင်မလှ။
"ဒါက ရတနာသုံးပါးကြက်ဘဲငါးစွတ်ပြုတ်ပါ"
စုန့်ထန်ကျင်း ဘဲဝမ်းကိုခွဲလိုက်သည်။ အထဲတွင် ကြက်တစ်ကောင်လုံးအစာသွပ်ထားသည်။ အနံ့ကမွှေးပျံ့နေသည်။ ဒိုင်များ၏ ရသာဆန္ဒကို နှိုးဆွနိုင်စွမ်းသည်။
ဒိုင်အားလုံး တစ်ဇွန်းစီမြည်းကြည့်ကြသည်။ သူတို့မျက်နှာတွင် ချက်ချင်းအံ့ဩရိပ်ပေါ်လာသည်။
သခင်ဝူ လှောင်ပြုံးပြုံးနေသည်။ ဒိုင်အားလုံး အဆိပ်သင့်ကြောင်း နားလည်သွားပြီဟု သူယူဆလိုက်သည်။
သို့သော် သူအံ့ဩသွားသည်။
ပထမပြိုင်ပွဲဝင်ဟင်းလေးပွဲတွင် ဒိုင်အားလုံး တစ်ဖဲ့စီသာစားကြသည်။ ယခု တစ်ဇွန်းပြီးတစ်ဇွန်း အလုအယက်စားနေသည်။ မျက်လုံးကိုမှိတ်၍ အရသာခံသည်။ စိတ်ကျေနပ်သည့်အမူအရာမျိုးပေါ်နေသည်။
ကြက်သား၊ဘဲသားနှင့်ငါးအရသာအားလုံး ပါဝင်သည်။ ငါးကိုမမြင်ရသော်လည်း ငါးအရသာက ဟင်းရေထဲသို့ အပြည့်အဝစိမ့်ဝင်နေသည်။ လျှာအကြောထဲတွင်ပျံ့နှံ့သွားသည်။
သွေးကြောများက ငါးပေါင်းများစွာကူးခတ်နေသည့် ပင်လယ်ပြင်လို ဖြစ်လာသည်။
ပြီးခဲ့သည့်နှစ်တစ်ရာကပြိုင်ပွဲတွင် ကြယ်နှစ်ပွင့်စားဖိုမှူးချန်ပီယံဖြစ်ခဲ့သည့် အကဲဖြတ်ဒိုင်ခေါင်းဆောင်က တစ်ခြားဒိုင်လေးယောက်ကိုလှမ်းကြည့်သည်။ ပြိုင်တူခေါင်းငြိမ့်ကြသည်။
အဆုံးအဖြတ်က စကားတစ်ခွန်းမှဆွေးနွေးစရာမလိုတော့။
သူထရပ်၍ ကြေညာသည်။
"ကြယ်နှစ်ပွင့်စားဖိုမှူးပြိုင်ပွဲမှာ ပထမရတဲ့လူက စုန့်ထန်ကျင်းပါ"
စုန့်ထန်ကျင်းလက်မောင်းမှ အနက်ရောင်ကြယ်နှစ်ပွင့်ပါသည့်လက်ပတ်က ရွှေရောင်သန်းလာသည်။