← Chapters

အခန်း (၁၀၉၉-၁၁၀၁)

Vol. 74 Ch. 1099-1101

အခန်း (၁၀၉၉-၁၁၀၁)

Vol. 74 Ch. 1099-1101

အခန်း (၁၀၉၉) တို့ဟူးပြိုင်ပွဲ

လုယန်ပေါ်လာသဖြင့် ကြယ်ငါးပွင့်စားဖိုမှူးပြိုင်ပွဲက ပရိတ်သတ်အာရုံ အတော်များများကို ဆွဲယူထားသည်။

"လုယန်က မသေမျိုးစားဖိုမှူးရဲ့ ပညာအမွေခံဖြစ်နေတာ အံ့ဩစရာပဲ"

ရှဲ့ချီ လုယန်ကိုသေချာစိုက်ကြည့်နေသည်။

မသေမျိုးအမွေခံဖြစ်လည်း အရေးစိုက်စရာမရှိ။ မသေမျိုးအမွေခံ၏ဟင်းပွဲကို အတုခိုးပြီး ပိုကောင်းအောင်ပြုပြင်နိုင်သူ သူတစ်ယောက်သာရှိကြောင်း အများသိအောင် ထုတ်ပြမည်။

ခါးတွင်ချိတ်ထားသည့် ပုလင်းငယ်များ ဘူးများကိုစမ်းပြီး အဓိပ္ပါယ်ပါပါ သူပြုံးလိုက်သည်။

ထိုအရာများသည် သူ့လျှို့ဝှက်လက်နက်ဖြစ်သည်။ ကျင့်ကြံသူလောကတခွင်မှ...အထူးသဖြင့်ဗုဒ္ဓနိုင်ငံမှ စုစည်းလာသည့် ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည်။

စားဖိုမှူးလောကသည် ဗုဒ္ဓနိုင်ငံကို သိပ်အရေးမစိုက်မိကြ။ ဗုဒ္ဓနိုင်ငံမှ အစားအသောက်များသည့် အလွန်ညံ့ဖျင်းပြီး စားချင်စဖွယ်မရှိသော်လည်း ဟင်းခတ်အမွှေးအကြိုင်များက တစ်ခြားနေရာထက်သာကြောင်း သူတွေ့ခဲ့သည်။

ထိုအမွှေးအကြိုင်များဖြင့် ဟင်းပွဲအရသာကို သူမြှင့်တင်နိုင်သည်။

အန်းထုန်လည်း အစောကတည်းက လုယန်နှင့်ပြိုင်ဖို့စောင့်နေခဲ့သည်။

ပြိုင်ဘက်ကင်းအန်းထုန်ဟု အပြင်လောကတွင် သူ့ကိုခေါ်ကြသည်။ ပွဲဦးထွက်ကတည်းက တစ်ခါမှမရှုံးဖူး။ လုယန်လည်း သူ့ကိုနိုင်မည်မထင်။

အားလုံးက ဝိုင်းကြည့်ခံနေရသဖြင့် လုယန်နည်းနည်းနေရခက်လာသည်။ ရက်ပိုင်းလောက်သာ သူဟင်းချက်ပညာ လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ နတ်မယ်သင်ပြမှုကြောင့် ထူးဆန်းသည့်ဟင်းချက်ပစ္စည်းတစ်ချို့ သိခဲ့သည်။ သုံးပင်မသုံးဖူးသေး။

အချက်အပြုတ်ပညာတွင် လုံးဝလက်သင်စစ်စစ်ဖြစ်သည်။ ဘာကိုအားကိုး၍ သူအနိုင်ယူနိုင်မည်နည်း။

ပုံမှန်အတိုင်း အစားအသောက်တစ်ခု လွယ်လွယ်ပြင်ပြီး ရှဲ့ချီနှင့်အန်းထုန်ကို ပထမနေရာပေးလိုက်ရုံသာရှိသည်။

ကျင်းထန် မဟာမိတ်ခေါင်းဆောင်နေရာ ရမရကိုလည်း သူစိတ်မဝင်စား။ ထိုကိစ္စက ‌မဟာမိတ်အဖွဲ့၏ အတွင်းရေးပြဿနာဖြစ်သည်။

လျိုရှင်း လက်နှစ်ဘက်ကိုဖြန့်လိုက်သည်။ ပြိုင်ပွဲကွင်း၏ အပြင်ဘက်အစွန်ဆုံးနံရံများ ပြိုကျသွားသည်။ ဟင်းချက်ပစ္စည်းမျိုးစုံပေါ်လာသည်။

သားရဲများ၊ ငှက်များ၊ ဝိညာဉ်ပဲစေ့များ၊ ဝိညာဉ်ဆန်များ...

နောက်ဆုံးပိတ်ပွဲစဉ်ကို အသံကျယ်ကျယ်ဖြင့်ကြေညာသည်။

"ကြယ်ငါးပွင့်စားဖိုမှူးအဖွဲ့ နောက်ဆုံးယှဉ်ပြိုင်ရမှာက တို့ဟူးကိုသုံးပြီး ဟင်းတစ်မျိုး ဖန်တီးရမှာဖြစ်ပါတယ်"

လုယန် "..."

နာကျင်ခြင်းကြီးစွာ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။ ကျင့်စဉ်မှုစခဲ့စဉ်က နေ့ရက်များကို ပြန်တွေးမိသည်။ ဓားပညာကို တို့ဟူးဖြင့် လေ့ကျင့်ခဲ့ရသည်။ နေ့တိုင်း တို့ဟူးများစွာ ခုတ်ပိုင်းရသည်။ တို့ဟူးဟင်းမျိုးစုံစားရသည်။ အိပ်မက်ထဲမှာပင် တို့ဟူးကောင်းကင်အရှင်၏ ခြောက်လှန့်ခံခဲ့ရသည်။

တို့ဟူးမြင်လျှင် ပျို့အန်ချင်သည့်အဆင့်ထိ ရောက်ခဲ့သည်။

"ကြိုးစားလိုက် ရှောင်ယန်။ ငါ့ဟင်းချက်နည်းတွေထဲမှာ ယင်ယန်တို့ဟူးလည်းပါတယ်။ မသေမျိုးဟင်းပွဲအဆင့်အတန်းကို သူတို့လက်တွေ့မြင်အောင်ပြလိုက်ပါ"

ထာဝရနတ်မယ်က တိုက်တွန်းအားပေးသည်။

လုယန် မျက်ခုံးလှုပ်လာသည်။ ဟင်းချက်ကျမ်းတစ်ခုလုံး ဘာသာပြန်ထားသူဖြစ်၍ ဟင်းမယ်တိုင်းအတွက် ပြင်ဆင်ချက်ပြုတ်နည်းကို သူမှတ်မိနေသည်။

တော်ဝင်အမိန့်သည် လွန်ဆန်၍မရ။ လက်အောက်ခံတစ်ယောက် ငြင်းပယ်ခွင့်မရှိ။

မကျေမနပ်ဖြင့် ယင်ယန်တို့ဟူးကို သူစလုပ်သည်။

နာမည်အတိုင်းပင်။ ဖြူနက်နှစ်ရောင်ပါသည့် တို့ဟူးဖြစ်သည်။ ထိုအရောင်မျိုးရရှိရန် အဖြူရောင်အနက်ရောင် ဟင်းချက်ပစ္စည်းရာချီပေါင်းစပ်၍ အရောင်တင်ရသည်။

ပဲနက်ဆော့ရည်၊ ကင်းမွန်ရည် စသည့်အနက်ရောင်ပစ္စည်းများ။ ဆား၊ သကြားစသည် အဖြူရောင်ပစ္စည်းများ။

"နတ်မယ်၊ ဒီအတိုင်းဆို ဆားမငန်လောက်ဘူးလား"

"စိတ်မပူပါနဲ့၊ ပြီးတဲ့အချိန် ငရုပ်ကောင်းနည်းနည်းထပ်အုပ်လိုက်။ အငန်နဲ့အစပ်မျှသွားလိမ့်မယ်။ ဒီယင်ယန်တို့ဟူးက အဆုံးစမဲ့ကမ္ဘာတွေ ပါဝင်တဲ့ ယင်ယန်လမ်းကြောင်းကို ကိုယ်စားပြုတယ်။

သူ့ထူးခြားချက်တွေက မရေမတွက်နိုင်အောင်များတယ်။ ဒီသဘောကို နားလည်ရင် ယင်ယန်လမ်းကြောင်းကို စဝင်နိုင်ပြီ..."

ထိုဟင်းပွဲနောက်ကွယ်မှ သဘောတရာများကို နတ်မယ်က အဆက်မပြတ်ပြောနေသည်။

ရှဲ့ချီက လုယန်လှုပ်ရှားမှုများနှင့် အမှီလိုက်သည်။ ဟင်းခတ်အမွှေးအကြိုင်ပုလင်းပေါင်းရာချီ၍ လောင်းထည့်ပြီး နှံ့စပ်အောင်မွှေသည်။

တစ်ပွက်ပွက်ဆူ၍ ပွတက်လာသည့် ဖြူနက်တို့ဟူးကို သူကြည့်နေသည်။ လုယန်သည် မသေမျိုးစားဖိုမှူးအမွေခံ တကယ်မှဟုတ်ပါလေစဟု သူသံသယဝင်လာသည်။

သို့သော် ကြားရသည့်ကောလဟာအားလုံးကို ပြန်စဉ်းစားပြီး အံတင်းတင်းကြိတ်၍ သူယုံကြည်လိုက်သည်။ လုယန်၏ဟင်းချက်နည်းအတိုင်း လိုက်လုပ်သည်။

ဘောလုံးခြမ်းနှင့်တူသည့် တို့ဟူးတုံးရလာချိန်တွင် ရှဲ့ချီလက်ချောင်းများ စိတ်လှုပ်ရှားမှုဖြင့်တုန်ခါနေသည်။

ဟင်းပွဲဖန်တီးသည့်ဖြစ်စဉ်က ထူးဆန်းရှုပ်ထွေးသော်လည်း အဆုံးသတ်ရလာသည့်တို့ဟူးနံ့က အလွန်တရာမွှေးပျံ့သည်။

"ဒီတို့ဟူးမှာ ဘာဟာကွက်ရှိလဲသိအောင် မြည်းကြည့်မှပဲ"

"ဘုတ်"

ရှဲ့ချီမြေပေါ်သို့ ပြိုလဲသွားပြီး ပါးစပ်မှအမြှုပ်များ ထွက်လာသည်။ ထို့နောက် သတိလစ်သွားသည်။

စစ်သည်တစ်ယောက်မှမသုံးရဘဲ လုယန်က ရှဲ့ချီကို ပြိုင်ပွဲမှထုတ်လိုက်နိုင်သည်။ မတိုက်ခိုက်ရဘဲဖြင့် အနိုင်ယူနိုင်သည်မှာ ပြိုင်ဘက်ကင်းဉာဏ်ပညာမျိုးဖြစ်သည်။

နောက်ဆုံးနှစ်ယောက်အဖြစ် လုယန်နှင့် အန်းထုန်သာ ကျန်ခဲ့သည်။

"အချိန်ပြည့်ပြီ"

လျိုရှင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ရှဲ့ချီ မထင်မှတ်ဘဲ ပြိုင်ပွဲမှထွက်ရတဲ့ကိစ္စကြောင့် မဟာမိတ်အကြီးအကဲတွေ ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။

ဒီပွဲမှာ ပြိုင်ပွဲဝင်နှစ်ယောက်က တစ်ယောက်ဟင်းပွဲကို တစ်ယောက်မြည်းစမ်းပြီး အကဲဖြတ်ပေးရမယ်"

လုယန်က ငရုပ်ဆီများ နီရဲနေသည့် ယင်ယန်တို့ဟူးကိုပေးသည်။ အန်းထုန်က လိမ္မော်သီးပုံစံ တို့ဟူးကိုပေးသည်။

"ကဲ၊ မြည်းကြည့်တာပေါ့"

လုယန်က အန်းထုန်၏ လိမ္မောသီးတို့ဟူးကို မြည့်စမ်းသည်။ တို့ဟူးပေါ်တွင် သကြားလွှာတစ်ခုအုပ်ထားသည်။ ထိုသကြားလွှာကို ဇွန်းဖြင့်ညင်သာစွာထိုးခွဲလိုက်သည်။ ဖြူဖွေးအိညက်သည့် တို့ဟူးသားပေါ်လာသည်။

တို့ဟူးတစ်ဇွန်းမြည်းကြည့်သည်။ အစကတည်းက အရသာရှိနေသည့်တို့ဟူးက လိမ္မောရသာနံ့နှင့် ဝါးမျှစ်စို့အရသာပါ ရောယှက်နေသည်။ ဝါးရသည်မှာ နူးညံ့အိစက်သည်။

ထိုအရသာက နတ်မယ်၏ဟင်းလက်ရာထက် များစွာသာလွန်နေသည်။

အန်းထုန်ကလည်း လုယန်၏ယင်ယန်တို့ဟူးကို လေ့လာနေသည်။

သူငယ်စဉ်က အဖျားရောဂါတစ်ခုကြောင့် အရသာခံအာရုံ ဆုံးရှုံးခဲ့သည်။ သို့သော် အကြား၊ အမြင်၊ အနံ့၊ အထိအတွေ့အာရုံတို့ ထူးထူးခြားခြားတိုးတက်လာသည်။

"တို့ဟူးပေါ်က ငရုပ်ဆီလွှာက တို့ဟူးနံ့ကို ဖုံးမသွားဘူး။ အဖြူအနက်တို့ဟူးသားမှာ တို့ဟူးနံ့နဲ့အတူ ပင်လယ်၊ ကောင်းကင်နဲ့ မြေနံ့တို့ပါ ရောစပ်ထားတယ်"

သူမြည်းစမ်းစရာမလို။ လုယန်၏တို့ဟူးက သူ့လိမ္မော်တို့ဟူးထက် အပြတ်သာလွန်သည်။

တကယ့်ထိပ်တန်း တို့ဟူးပွဲဖြစ်သည်။

ရသာခံအာရုံမရှိသော်လည်း လုယန်ကိုလေးစားသည့်အနေဖြင့် သူတစ်ဇွန်းမြည်းစမ်းကြည့်သည်။

လုယန် သူ့ကိုမစားဖို့တား၍ အရှုံးပေးရန်ပြင်လိုက်သည်။ သို့သော် နောက်ကျသွားသည်။ အန်းထုန်က ယင်ယန်တို့ဟူးတစ်ဇွန်း စားလိုက်ပြီဖြစ်သည်။

အန်းထုန်က လည်ပင်းကိုလက်ဖြင့်အုပ်၍ ပါးစပ်ဟပြီး အော်လိုက်သည်။ တစ်သက်တာတွင် အကျယ်လောင်ဆုံးအော်မိခြင်းဖြစ်သည်။

"ငန်လိုက်တာ...အရမ်းစပ်လိုက်တာ။ ဘာလို့ ဒီလောက်တောင်စပ်ရတာလဲ"

အန်းထုန် ချက်ချင်း ရေကိုဆက်တိုက်မျိုချသည်။ နောက်ဆုံးတွင် သူ့ပါးစပ်ထဲမှအပူရှိန် နည်းနည်းလျော့သွားသည်။ စိတ်တည်ငြိမ်လာချိန်တွင် သေချာပြန်စဉ်းစားသည်။

"နေဦး၊ ခု...ခုနက အရသာအာရုံကို ငါခံစားမိတာလား။ ငါ့...ငါ့အရသာအာရုံ ပြန်ရလာပြီလား"

အန်းထုန် မျက်ရည်များစီးကျလာပြီး ယင်ယန်တို့ဟူးကိုထပ်စားသည်။ တရှိုက်ရှိုက်ငို၍ ပြုံးနေသည်။

"အရသာရှိတယ်။ တကယ်ကို အရသာရှိပါတယ်..."

ခဏအကြာတွင် စိတ်လှုပ်ရှားမှုကိုပြန်ထိန်း၍ လုယန်ကို အလေးအနက်ဦးညွှတ်အရိုအသေပြုသည်။

"မိတ်ဆွေလုယန်၊ ရှင်နိုင်ပါတယ်။ ကျွန်မကျေကျေနပ်နပ်နဲ့ အရှုံးပေးပါတယ်"

သူသည် ကျင်းထန်ဘက်မှလူဖြစ်သော်လည်း ကိုယ့်စည်းကိုယ်ထားသည်။ လုယန်၏တို့ဟူးကြောင့် သူ့ရသအာရုံပြန်ရလာသည်။ လုယန်၏စွမ်းရည်ကို အကဲဖြတ်ဖို့ သူဘယ်လိုအရည်အချင်းမီမည်နည်း။

ထိုသို့ပြောပြီးနောက် လုယန်စကားပြန်အပြောကို မစောင့်တော့ဘဲ ပြိုင်ပွဲစင်မှ ထွက်သွားသည်။ လုယန် မင်သက်မိ၍ကျန်နေခဲ့သည်။

လျိုရှင်းက ပြိုင်ပွဲရလာဒ်ကြေညာသည်။ လုယန်လက်မောင်းမှ ကြယ်ငါးပွင့်လက်ပတ် ရွှေရောင်သန်းလာသည်။ ကြယ်ငါးပွင့်စားဖိုမှူးများထဲတွင် အတော်ဆုံးဆိုသည့် အမှတ်သညာဖြစ်သည်။

သို့သော် လုယန်အံ့ဩစိတ်မပြေသေး။

...ဒီစွမ်းရည်လောက်နဲ့ ငါဘယ်လိုနိုင်သွားတာလဲ...

******************************

အခန်း (၁၁၀၀) ဟင်းချက်ပွဲမှ တိုက်ပွဲဆီသို့

ဝိညာဉ်စားဖိုမှူးအားလုံး လုယန်လက်မှ ရွှေကြယ်လက်ပတ်ဆီ အားကျသည့်အကြည့်ဖြင့် လှမ်းကြည့်နေကြသည်။ ဝိညာဉ်စားဖိုမှူးတိုင်း ဂုဏ်ပြုရမည့်အချိန်ဖြစ်သည်။

သို့သော် ရွှေကြယ်လက်ပတ်က နည်းနည်းအရောင်မှိန်နေသယောင် ထင်ရသည်။

ထိုကြယ်ကို လုယန်သာမရခဲ့လျှင် တန်ဖိုးလုံးဝပျောက်သွားမည့်သဘောရှိသည်။

"ရှောင်ယန်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစမ်းပါ။ နင်က ငါကိုယ်တိုင်သင်ပေးထားတဲ့ ဝိညာဉ်စားဖိုမှူးတစ်ယောက်ပဲလေ။ နံပတ်ဖြစ်မှသာ သဘာဝကျမှာပေါ့"

နတ်မယ် ကိုယ့်ကိုယ်ကို အတော်ကျေနပ်နေသည်။ နောက်ဆုံးပွဲတွင် သူ့ယင်ယန်တို့ဟူးဖြင့် လုယန်အနိုင်ရသွားသည်။

အခြေအနေ အပြောင်းအလဲတစ်ချို့ရှိခဲ့သော်လည်း လုယန် ကြယ်ငါးပွင့်အဖွဲ့တွင် ဗိုလ်စွဲခဲ့ပြီဖြစ်သည်။

အုပ်စုငါးခုလုံး ပြိုင်ပွဲပြီးဆုံးသွားသည်။ ကြယ်နှစ်ပွင့်အုပ်စုမှ အောင်နိုင်သူ စုန့်ထန်ချင်း ဆုပေးစင်မြင့်ပေါ်တက်လာသည်။ သူ့ကိုကြည့်၍ ယုချန်အာမျက်လုံးများ အရောင်လက်လာသည်။

"စုန့်ထန်ကျင်း၊ ဆုလာဘ်အဖြစ် ဘယ်ဟင်းချက်ပစ္စည်းကို မင်းလိုချင်လဲ"

မိန်ယွမ်ကမေးသည်။

အစက လောကသစ်ပင်ကို စုန့်ထန်ချင်း လိုချင်ခဲ့သည်။ ဟင်းချက်ကျမ်းမှ သူသင်ခဲ့သည့်ဟင်းသုံးမျိုးလုံးတွင် ထိုသစ်ပင်အသားကို ထင်းလောင်စာအဖြစ်သုံးရသည်။

သို့သော် လောကသစ်ပင်သည် ဟင်းချက်ပစ္စည်းမဟုတ်။ စားဖိုမှူးမဟာမိတ်အဖွဲ့ထံတွင်လည်း ရှိမည်မထင်။

"ကြယ်သန္ဓေပေါ့၊ ကြယ်သန္ဓေကိုလိုချင်ပါတယ်"

"အင်း...စိတ်ဝင်စားစရာပဲ"

ကြယ်သန္ဓေထည့်ထားသည့် သစ်သားသေတ္တာကို မိန်ယွမ်က သူ့ကိုပေးသည်။

"လုယန်၊ မင်းရော ဘယ်ပစ္စည်းကို လိုချင်လဲ"

လုယန်အပေါ် မိန်ယွမ်ဆက်ဆံပုံက တစ်ခြားအနိုင်ရပြိုင်ပွဲဝင်များထက် ပိုနူးညံ့သည်။

"မသေမျိုးသစ်သီး"

နတ်မယ်၏ ရှက်စရာကောင်းသည့်ထိုပစ္စည်းကို သူပြန်သိမ်းထားရမည်။

မိန်ယွမ်က မသေမျိုးသစ်သီးတစ်ခြမ်းကို အလေးအနက်မျက်နှာဖြင့် လွှဲပေးသည်။

"ငါတို့မဟာမိတ်က မသေမျိုးပစ္စည်းကို ဝိညာဉ်သစ်သီးလို့ပဲထင်ခဲ့တာ။ မင်းလက်ထဲမှာ ဒီသစ်သီးက ပိုပြီးအရောင်လက်လာမယ်လို့ မျှော်လင့်ပါတယ်"

"ဖြစ်လာမှာပါ"

လုယန် အလေးအနက်တုံ့ပြန်သည်။

တစ်ခြားအုပ်စုပ်သုံးခု၏ နံပတ်တစ်များက ကျင်းထန်၏လူများဖြစ်သည်။ အစီအစဉ်အတိုင်း နာမည်ကြီးဟင်းချက်ပစ္စည်းများကို မိန်ယွမ်ထံမှရကြသည်။

ထိုသုံးယောက်က ကျင်းထံရှေ့တွင် ချက်ချင်းဒူးထောက်၍ ပစ္စည်းသုံးမျိုးကို လွှဲပေးသည်။

"ခေါင်းဆောင်၊ တာဝန်ပြီးမြောက်ပါပြီ။ ဗောဓိရွှေသစ်သီး၊ ကိုးနဂါးခွေဝါးမျှစ်၊ ဒဏ္ဍာရီငါး...ကြယ်ငါးပွင့်အဖွဲ့က ပစ္စည်းတစ်မျိုးပဲ လိုပါတယ်"

ကျင်းထန်မျက်လုံးများ အနည်းငယ်မှေးစင်းသွားသည်။ လုယန်က ကောင်းကင်မျိုမြေစားပညာသုံး၍ သူတို့အဖွဲ့ဝင်အဖြစ် လှည့်စားလိမ့်မည်ဟု မထင်ခဲ့။

"အင်း...တစ်မျိုးလိုလည်း ကိစ္စမရှိပါဘူး"

ကျင်းထန် ကျားနဂါးအားမာန် ခြေလှမ်းမျိုးဖြင့် မိန်ယွမ်ရှေ့သို့ လျှောက်သွားသည်။

"လောင်မိန်၊ ဒီနေရာမှာ မဟာမိတ်ခေါင်းဆောင်ရာထူးအတွက် ငါမင်းကိုစိန်ခေါ်တယ်။ ပြိုင်ပွဲကို မင်းလက်ခံရဲလား"

ယနေ့လိုအချိန်ရောက်ဖို့ နှစ်သုံးရာကြာ‌အောင် သူစီစဉ်ခဲ့ရသည်။ ချို့ယွင်းချက်ဟူ၍ လုယန်နှင့် စုန့်ထန်ကျင်း အမှတ်မထင်ပေါ်လာသည့်အဖြစ်သာရှိသည်။

သူသည် အကွက်ချကြံစည်မှုမျိုး လုပ်တတ်သူတော့မဟုတ်။ သို့သော် မဟာမိတ်ခေါင်းဆောင်ရာထူးအတွက် နှစ်သုံးရာလုံးလုံး ဉာဏ်နှင့်သတ္တိမွေးခဲ့သည်။

ယခု အချိန်ကျလာပြီဖြစ်သည်။ တစ်ချိန်ကအရှုံးကို ပြန်အဖတ်ဆယ်ရမည်။

ထိုမြင်ကွင်းကိုကြည့်၍ ပြန်ရန်ပြင်နေသည့်ပရိတ်သတ်များ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

"ဘာတွေလဲ၊ ကျင်းထန်က မဟာမိတ်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မှာလား"

"လွန်ခဲ့တဲ့နှစ်သုံးရာက မိန်ယွမ်ကို သူရှုံးခဲ့ဖူးတယ်လို့ကြားတယ်။ သေချာပြင်ဆင်ပြီး ဒီနေ့မှပြန်စိန်ခေါ်တာဖြစ်မယ်"

"တကယ်စိတ်လှုပ်ရှားစရာပဲဟေ့"

"ခေါင်းဆောင်မိန်ယွမ်က စိန်ခေါ်တာကို လက်ခံပါ့မလား"

"လက်ခံရမှာပေါ့။ ငြင်းလိုက်ရင် ခေါင်းဆောင်ရာထူးကို သူဆက်ထိန်းထားဖို့ အကြောင်းမရှိဘူးလေ"

ပြတ်သားသည့် ကျင်းထန်မျက်နှာကိူကြည့်၍ မိန်ယွမ်သက်ပြင်းချပြီး ခေါင်းငုံ့လိုက်သည်။

"မင်းဘက်က ဒီအဆင့်ထိရောက်လာမှတော့ မင်းစိန်ခေါ်တာကို ငါလက်ခံရတော့မှာပေါ့"

လူအုပ်ကြီးထံမှ အော်ဟစ်အားပေးသံများပေါ်လာသည်။ ကြယ်ရှစ်ပွင့်အဆင့် စားဖိုမှူးနှစ်ယောက် ပြိုင်ပွဲဖြစ်သည်။ စားဖိုမှူးများစွာ တစ်သက်တစ်ခါ ကြုံနိုင်ခဲ့သည့်ပွဲမျိုးဖြစ်သည်။

"ဒုခေါင်းဆောင်၊ နင်နိုင်မယ်ဆိုတာ သိသားပဲ"

ယွမ်မုန်မုန်က လုယန်ကို ဝမ်းသာအားရပြောသည်။ ခေါင်းဆောင်နတ်မယ်ကိုယ်တိုင် လမ်းညွှန်သင်ပြထားသည်ဖြစ်၍ မနိုင်စရာအကြောင်းလည်းမရှိ။

ယခု လုယန်ထက် အားလုံးကပိုစိတ်လှုပ်ရှားနေကြသည်။

"ကျေးဇူးပါ"

လုယန် တည်ငြိမ်စွာတုံ့ပြန်သည်။ နှစ်လေးသိန်းသက်တမ်းရှိသည့် မသေမျိုးသစ်သီးကို တစ်ကိုက်ဝါးလိုက်သည်။

..အင်း...အတော်အရသာရှိပြီး လတ်ဆတ်နေသေးတာပဲ...

"မပြန်ခင် ဒီပြိုင်ပွဲကို ကြည့်ကြသေးတာပေါ့"

လုယန်လည်း ကြယ်ရှစ်ပွင့်စားဖိုမှူးပြိုင်ပွဲကို စိတ်ဝင်စားနေသည်။

အကဲဖြတ်ဒိုင်စင်မြင့်က ယာယီပြိုင်ပွဲစင်အဖြစ်ပြောင်းသွားသည်။ အကြီးအကဲနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေသည်။ လေထုက လေးလံထိုင်းမှိုင်းလာသည်။

မောင်းသံတစ်ချက် ထွက်လာသည်။ စားဖိုမှူးနှစ်ယောက် ချက်ချင်းလှုပ်ရှားကြသည်။

သားရဲအသားများပြင်ဆင်သည်။ ဟင်းသီးဟင်းရွက်များခုတ်စဉ်းသည်။ သစ်သီးရည်များ ညှစ်ထုတ်သည်။ ဟင်းခတ်အမွှေးအကြိုင်များထည့်သည်...

ဟင်းလျာနံ့က ကွင်းပြင်တစ်ခုလုံးသို့ လွင့်ပျံလာသည်။

"ကြည့်ဦး၊ သူတို့နောက်ဘက်မှာ ဘာတွေလည်းမသိဘူး"

တစ်ယောက်က အော်လိုက်သည်။

စားဖိုမှူးနှစ်ယောက်နောက်တွင် နဂါးနက်နှင့် ဖီးနစ်ဖြူပုံရိပ်များ ပေါ်ထွက်လာသည်။ နဂါးအော်သံ ဖီးနစ်အော်သံများ ပဲ့တင်ထပ်လာသည်။ အရိပ်နှစ်ခု ပြင်းထန်စွာတိုက်ခိုက်ကြသည်။

"ဒါကဘာလဲ နတ်မယ်။ ခင်ဗျားဒါမျိုးမြင်ဖူးလား"

လုယန်စဉ်းစားမရ။

"တစ်ခါမှမမြင်ဖူးဘူး။ ရှေးဟောင်းခေတ်မှာ ငါတို့ဟင်းချက်တာက အဲလိုမဟုတ်ပါဘူး"

ထိုစဉ် မာပင်းက လုယန်ဆီလျှောက်လာပြီးရှင်းပြသည်။

"ရှေးဟောင်းမှတ်တမ်းအရ မသေမျိုးစားဖိုမှုတွေ ချက်ပြုတ်တဲ့အခါ နဂါးနဲ့ဖီးနစ်အရိပ်တွေ အမြဲအတူရှိတယ်။ သူတို့အော်သံတွေ အဆက်မပြတ်ထွက်ပေါ်တယ်တဲ့။

စားဖိုမှူးမဟာမိတ်ခေါင်းဆောင်က ဒါဟာ ကြယ်ကိုးပွင့်အဆင့်ကိုရောက်တဲ့ လက္ခဏာတစ်ခုပဲလို့ ယူဆတယ်လေ။ ဒါကြောင့် ကြယ်ကိုးပွင့်အဆင့်ကိုရောက်ဖို့ ဒီလိုထူးခြားတဲ့ဟင်းချက်နည်းကို ဖန်တီးခဲ့တာ။

ကြယ်ရှစ်ပွင့်အဆင့်ကို ရောက်လာရင် သန္ဓေ၊ ချီနဲ့ ဝိညာဉ်တွေ ဟင်းပွဲထဲကို ပေါင်းစပ်ကြတယ်။ အဲဒီ့ဟင်းပွဲတွေက နဂါးနဲ့ဖီးနစ် အရိပ်တွေကို တိုက်ခိုက်ဖို့ ဆင့်ခေါ်တယ်။

နိုင်တဲ့အရိပ်ဘက်က ဟင်းပွဲက အရသာပိုရှိတယ်တဲ့"

"...ဒီလိုနည်းလမ်းမျိုးကိုတောင် တီထွင်ခဲ့တယ်ပေါ့။ စားဖိုမှူးမဟာမိတ်ခေါင်းဆောင်ဖြစ်ဖို့ တကယ်ခက်ခဲတာပဲ"

လုယန် နှာခေါင်းရှုံ့လိုက်သည်။

"ဟဲဟဲ၊ မိတ်ဆွေလုယန်"

လုယန်အနီးသို့ကပ်ခွင့်ရပြီဖြစ်၍ မာပင်းက လက်နှစ်ဘက်ပွတ်ရင်း လုယန်ကိုလှမ်းဆွဲသည်။ လုယန်အတော်ရွံသွားသဖြင့် ဘေးသို့တွန်းဖယ်လိုက်သည်။

"ပြောစရာရှိတာပြောပါ'

"ဒီလိုပါ မိတ်ဆွေလု၊ ခင်ဗျားက မသေမျိုးစားဖိုမှူးအမွေခံဆိုတော့ ကျုပ်ကို ဟင်းချက်နည်းတစ်ခုနှစ်ခုလောက် သင်ပေးလို့ရမလား။ မာမိသားစုကိုယ်စား ကျုပ်ကောင်းကောင်း ကျေးဇူးပြန်ဆပ်ပါ့မယ်"

"မင်းက နန်းတော်စားဖိုချောင်ကမဟုတ်လား"

"ဟုတ်ပါတယ်။ နန်းတော်စားဖိုချောင်ဓား မာပင်းပါ"

လုယန် ပြန်စဉ်းစားသည်။ သူလည်း မဟာပဲဝါအင်ပါယာကို အမွေဆက်ခံမည့် ဒုခေါင်းဆောင်ဖြစ်သည်။ အင်ပါယာရှားလည်း မဟာပဲဝါနိုင်ငံ၏ ဝန်ကြီးဖြစ်သည်။

အင်ပါယာရှား ပဲဝါရုံးတော်ဝန်ကြီးနေရာမယူမီ သူနာမည်ဆိုးတွင်သွားလျှင် သိပ်မကောင်း။ နောက်ပိုင်း မဟာပဲဝါနိုင်ငံတွင် အတွင်းရေးပြဿနာဖြစ်လာနိုင်သည်။

"မရဘူး"

မာပင်းစိတ်ဓာတ်ကျသွားသည်။ သို့သော် အငြင်းခံရသည်မှာလည်းမဆန်းလှ။ မသေမျိုးစားဖိုမှူးပညာများကို ဘယ်သူမှလွယ်လွယ်မျှဝေမည်မဟုတ်။

"ကျုပ်မတောင်းဆိုသင့်တာကို တောင်းဆိုခဲ့မိတာပါ"

ကြယ်ရှစ်ပွင့်စားဖိုမှူးနှစ်ယောက်၏တိုက်ပွဲက အရှိန်မြင့်လာသည်။ နှစ်ယောက်လုံး ပြိုင်ပွဲကိုသာ အာရုံစိုက်ထားကြသည်။

"လောင်မိန်၊ မဟာမိတ်ခေါင်းဆောင်ရာထူးနေရာဟာ ငါအအတွက်ပဲဖြစ်သင့်တာ။ ငါပင်ပင်ပန်းပန်းလေ့ကျင့်ထားတဲ့ အတုမဲ့ဟင်းပွဲကိုကြည့်လိုက်ပါ"

"ကျင်းထန်၊ မင်းကအသက်ငယ်သေးတယ်။ စိတ်ဓာတ်မခိုင်မာသေးဘူး။ မဟာမိတ်အဖွဲ့ မင်းလက်ထဲလွှဲပေးရင် ဆုတ်ယုတ်ကျဆင်းလာလိမ့်မယ်"

"ငါ့ရဲ့အသက်ဝါးမျိုဓားစွမ်းကို ကြည့်လိုက်"

"မိုးမခရွက်လေဓား"

ကျင်းထန်၏ မီးဖိုချောင်သုံးဓားမှ ဝါးမျိုခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။ ဟင်းရွက်ခုတ်စဉ်ကပါလာသည့် အညစ်အကြေးများအားလုံး စုပ်ယူသွားသည်။

မိန်ယွမ်၏ဓားချက်က မပြင်းထန်။ လေပြေလိုလှုပ်ရှားသည်။ နူးညံ့ငြိမ်သက်မှုကို ထိရောက်စွာဖန်တီးသည်။

"ကောင်းကင်မီးတောက်၊ ငါ့အမိန့်ကိုနာခံ၊ ထွက်လာစမ်း"

"မြောက်ပိုင်းကရေခဲလွှာ၊ ထွက်လာစမ်း"

နဂါးနှင့်ဖီးနစ် ရင်ဆိုင်တွေ့သည်။ ရေနှင့်မီး ရင်ဆိုင်တွေ့သည်။ လေဟာနယ်အထက်တွင် လှိုင်းတွန့်များစွာ ဖြစ်ပေါ်လာသည်။ နဂါးဖီးနစ်အော်သံများကို မိုင်ထောင်ချီအဝေးမှပင်ကြားရသည်။

နတ်ဆိုးနန်းတော်မှကျူးထန်ပင် လန့်သွားသည်။

"ဒီကောင်တွေ ငါ့ကို လန့်အောင်လုပ်နေကြတာပဲ။ အောင်းလင်းနဲ့ကျန်လျန်ယိတို့ တိုက်ပွဲဖြစ်နေပြီလားလို့ ထင်သွားတာ။ ဒီစားဖိုမှူးတွေ ဟင်းချက်တာ ဘာလို့တိုက်ခိုက်သလိုဖြစ်နေတာလဲ"

ကျန်းလျန်ယိ၏အရိယဖလသည်။ သူနှင့်အမျိုးအစားတူဖြစ်သည်။ အကယ်၍ နတ်ဆိုးမြို့တော်တွင် တိုက်ပွဲဖြစ်လျှင် သူလုံးဝမတားနိုင်။

သို့သော် ကူးဖြတ်ခြင်းသာရှိသည့် အဆင့်စားဖိုမှူးနှစ်ယောက်ကတော့ နတ်ဆိုးမြို့တော်တွင် ဘာမှဂယက်ထအောင်လုပ်နိုင်မည်မဟုတ်။

**********************************

အခန်း (၁၁၀၁) ထောင်ချောက်ကျခြင်း

နဂါးနှင့်ဖီးနစ်အရိပ်များ နတ်ဆိုးမြို့တော်ကောင်းကင်အထက်တွင် ရောယှက်နေသည်။ နတ်ဆိုးအားလုံး မော့ကြည့်ကြသည်။ ဘုရင်ကျူးထန်နှင့် ဖီးနစ်ဘိုးဘေးတို့တိုက်ပွဲအကြောင်း အလိုလိုပြန်တွေးမိလာသည်။

ယခုမြင်ကွင်းက ထိုမျှလောက်မခမ်းနားသော်လည်း ကူးဖြတ်ခြင်းအဆင့်များကြားတွင် ထိပ်တန်းဟု သတ်မှတ်နိုင်သည်။ စားဖိုမှူးပြိုင်ပွဲတွင် အမြင့်ဆုံးဖြစ်သည်။

ကျယ်ပြန့်သည့်ရွှေရောင်လမ်းကြောင်းတစ်ခု နတ်ဆိုးအင်ပါယာနန်းတော်မှ ပြိုင်ပွဲရှိရာသို့ ဆန့်ထွက်လာသည်။

သွေးနီရောင်မြင်းနဂါးရှစ်ကောင်က ရွှေလမ်းကြောင်းပေါ် ဒုန်းစိုင်းပြေးလွှားလာသည်။ သူတို့ဟီသံက ကျူးထန်လာနေသည့် အမှတ်သင်္ကေတဖြစ်သည်။

သို့သော် ယခုဆွဲလာသည့်မြင်းရထားထဲတွင် ကျူးထန်မရှိ။ အမိန့်ပြန်တမ်းအလံတစ်ခုရှိသည်။

အလံက ပြိုင်ပွဲကွင်းအထက်တွင် ပြန့်ကျလာသည်။ အောက်ဘက်မှ စွမ်းအင်အားလုံးကို ထိန်းချုပ်သည်။ ကျူးထန်၏ ပုံရိပ်ပေါ်လာသည်။ နဂါးနှင့်ဖီးနစ်ရိပ်များ ပျောက်သွားသည်။

ကျူးထန်လက်တစ်ဘက်မြှောက်သည်။

"မင်းတို့နှစ်ယောက်လုံး ရပ်လိုက်"

အောင်မြင်ခံ့ညားသည့် စကားသံက နတ်ဆိုးမြို့တော်တစ်ခွင့် ပဲ့တင်ထပ်သွားသည်။ မြို့ခံများအားလုံး အင်ပါယာကို တစ်ကြိမ်ပြီးတစ်ကြိမ် ကောင်းချီးဩဘာပေးကြသည်။ လုယန်ပင် ထိုအသံလှိုင်းများ၏ လွှမ်းမိုးမှုကိုခံရသည်။

"မင်းကြီး"

တော်ဝင်အမိန့်ကိုမြင်သည်နှင့် ကျင်းထန် ချက်ချင်းဦးညွှတ်အရိုအသေပေးသည်။

ထိုအမိန့်ပြန်ထမ်းသည် ကျူးထန်ကို ကိုယ်စားပြုသည်။

"ဂါရဝပြုပါတယ် နိုင်ငံ့သခင်ကျူး"

ကျူးထန်၏နယ်မြေတွင် ရောက်နေခြင်းဖြစ်၍ မိန်ယွမ်လည်း လေးစားမှုပြရသည်။

ကျူးထန်၏ အမိန့်အာဏာအောက်တွင် ကူးဖြတ်ခြင်းနှစ်ယောက်၏ ပြိုင်ဆိုင်လိုစိတ် အနိုင်ယူလိုစိတ်များ ချက်ချင်းပျောက်ကွယ်သွားသည်။

"ကျုပ်တို့မတိုက်ခိုက်ရတာ ကြာခဲ့လို့ အပြုအမူထိန်းဖို့ မေ့သွားပါတယ်။ နိုင်ငံ့သခင်ကျူး၊ ကျုပ်တို့ကိုအပြစ်ပေးပါ"

မိန်ယွမ် ဦးညွှတ်ထားရင်းပြောသည်။

ကျူးထန် လက်ဝှေ့ယမ်းပြသည်။ ကြီးမားသည့် သူ့အင်္ကျီလက်များ ဖျတ်ခနဲဝဲခါသွားပြီး နောက်ဘက်သို့ရောက်သွားသည်။

"စားဖိုမှူးတွေကြားကတိုက်ပွဲကို ငါမမြင်ဖူးတာကြာပြီ။ ရှေးဟောင်းခေတ်ကအချိန်တွေကိုတောင် ငါပြန်သတိရမိတယ်။ ဘာအပြစ်ပေးဖို့တွေ ပြောနေတာလဲ။

မြို့ခံတွေ အနှောက်အယှက်မဖြစ်အောင် မင်းတို့နှစ်ယောက် နတ်ဆိုးမြို့တော်ထဲမှာ မတိုက်ခိုက်ဖို့ပဲ ပြောချင်တာပါ"

သူ့အကြည့်က တည်ငြိမ်နက်ရှိုင်းသည်။ ရှေးဟောင်းခေတ်က နဂါးနှင့်ဖီးနစ်တိုက်ပွဲကို ကြည့်နေသယောင်ရှိသည်။ သို့သော် နတ်ဆိုးမြို့ခံတို့၏ ဘဝနေထိုင်မှုအတွက်လည်း စိတ်ပူနေပုံရသည်။

အတိတ်နှင့်ပစ္စုပ္ပန် ပေါင်းစပ်ထားသည့် အကြည့်မျိုးဖြစ်သည်။

"ဟုတ်ကဲ့"

"ကျေးဇူးပါ၊ နိုင်ငံသခင်ကျူး"

ကျူးထန်၏ပုံရိပ် ပျောက်ကွယ်သွားသည်။ အမိန့်ပြန်တမ်းလည်း မြင်းလှည့်နှင့်အတူ နန်းတော်ဆီ ပြန်သွားသည်။ ရွှေရောင်လမ်းကြောင်းလည်း ကောင်းကင်တွင် ဖြန့်ကျက်ပျောက်ကွယ်သွားသည်။ ဆည်းဆာအလှနှင့် ထပ်တူမျှသည်။

ထိုဖြစ်စဉ်တစ်လျှောက်လုံး မိန်ယွမ်က ‌လေးစားမှုအပြည့်ဖြင့် ခေါင်းငုံ့ထားသည်။ လုံးဝမော့မကြည့်။

"အခု ပွဲပြီးသွားပြီပဲ"

လုယန် ပျင်းရိပျင်းတွဲ အကြောဆန့်သည်။ ကျူးထန်စိုးရိမ်သည့်ကိစ္စကို နားလည်သော်လည်း ပြိုင်ပွဲရလာဒ်မမြင်ခဲ့ရသဖြင့် နည်းနည်းစိတ်ပျက်မိသည်။ ထိုစားဖိုမှူးနှစ်ယောက်၏ ချက်ပြုတ်နည်းများကလည်း တကယ်တရားလွန်လွန်းသည်။

"ညီမမုန်မုန်၊ ဒီညနားပြီး မနက်ဖြန်ပြန်ကြစို့"

စားဖိုမှူးပွဲတော်၏ အစားအသောက်ကောင်းများကို ယွမ်မုန်မုန် လက်မလွှတ်ချင်သေး။ သို့သော် မဟာမိတ်အဖွဲ့ထွက်သွားလျှင် ဤနေရာတွင်လည်း ဘာမှသိပ်ကျန်ခဲ့တော့မည်မဟုတ်။

"ဒါဆို ဒုခေါင်းဆောင်အရင်ပြန်နှင့်လိုက်ပါ။ လူတစ်ယောက်ကို သွားနှုတ်ဆက်ချင်သေးလို့"

လုယန် ခေါင်းခါရင်း ခပ်ညှင်းညှင်းရယ်သည်။

"မင်းညနေတိုင်း စကားသွားပြောတဲ့ဆိုင်က စားဖိုမှူးဆိုတာလား။ သွား‌လေ၊ တည်းခိုခန်းရောက်မှ ပြန်တွေ့မယ်။ မင်းတို့ချင်း အတော်အဆင်ပြေနေပြီထင်တယ်"

လုယန်ရယ်နေသည်။ တစ်ခြားလူတစ်ယောက်အပေါ် ယွမ်မုန်မုန် ထိုမျှစိတ်စားသည်ကို သူမတွေ့ဖူး။

ယွမ်မုန်မုန် ဆိုင်ငယ်ဆီ အမြန်သွားသည်။ ချင်ဟဲအခက်အခဲမဖြစ်အောင် ပိုင်ရှင်ပြန်မရောက်မီ တွေ့ချင်သည်။

"ချင်ဟဲ၊ နင်အလုပ်များနေလား"

ဆိုင်က ခါတိုင်းလိုပင် ခြောက်ကပ်နေသည်။ သူမှလွဲ၍ တစ်ခြားဧည့်သည်လာသည်ကိုလည်း တစ်ခါမှမမြင်ဖူး။

"အားလုံးက ပြိုင်ပွဲကိုသွားကြတယ်လေ။ ဒီကိုဘယ်သူလာမှာလဲ"

ချင်းဟဲက ငရုပ်သီထောင်းနေရင်း ပြန်ပြောသည်။

"ပြိုင်ပွဲပြီးသွားပါပြီ။ မနက်ဖြန် နင့်ဆိုင်ကို လူတွေလာမှာပါ"

ယွမ်မုန်မုန်က ပြုံး၍ပြောသည်။

"အင်း။ ဒါဆို မနက်ဖြန် နင်သွားတော့မယ်ပေါ့"

ချင်ဟဲက တုံဆိုင်းဆိုင်းလေသံဖြင့် ပြန်ပြောသည်။ ခင်မင်နေသည့် မိတ်ဆွေတစ်ယောက်နှင့် ခွဲရမည်ဖြစ်၍ သူဝမ်းနည်းသည်။ မနက်ဖြန် ထပ်တွေ့နိုင်တော့မည်မဟုတ်။

ယွမ်မုန်မုန်တွင် နတ်မယ်၏ဟန်ပန်မျိုးမြင်နေရသလို သူအမြဲခံစားရသည်။

နတ်မယ်၏ပုံပန်းသဏ္ဌာန်ကိုပင် ရေးတေးတေးသာ သူမှတ်မိတော့သည်။ မြူဖုံးထားသလို ဝေဝါးနေသည်။ ထိုမြူကိုလည်း ဖယ်ရှား၍မရ။

ချင်ဟဲမျက်နှာညှိုးနေသည်ကိုကြည့်၍ ယွမ်မုန်မုန်လည်း စိတ်မကောင်း။

"ဟုတ်ပြီ။ ငါ့ဒုခေါင်းဆောင်ဆီကနေ နင်ဟင်းချက်ပညာသင်ချင်လား။ သူက ကြယ်ငါးပွင့်အဖွဲ့မှာ အနိုင်ရသွားပြီး။ အားလုံးကသူ့ကို မသေမျိုးစားဖိုမှူးအမွေခံလို့ ပြောနေကြတာ"

"မသေမျိုးစားဖိုမှူး..အမွေခံ"

ထိုစကားကြောင့် ချင်ဟဲမျက်နှာတွင် ထူးဆန်းသည့်အရိပ်မျိုးပေါ်လာသည်။

"လေးစားသွားပြီမဟုတ်လား။ ငါကြွားနေတာမဟုတ်ဘူး။ ဒုခေါင်းဆောင်က တကယ်တော်တာ။ မသေမျိုးဟင်းချက်ကျမ်းကိုတောင် သူလေ့လာထားတာ"

"မသေမျိုး...ဟင်းချက်ကျမ်းလား...ငါ့ကိုခဏစောင့်ဦး"

ချင်ဟဲ မီးဖိုထဲသို့ ပြေးဝင်သွားပြီး ကြောင်အိမ်ထဲမှ သူ့ဟင်းချက်ကျမ်းကိုရှာဖွေသည်။

ထိုစဉ် ဆိုင်၏သစ်သားတံခါး ကျွီခနဲပွင့်သွားသည်။ ယွမ်မုန်မုန် တအံ့တဩနောက်လှည့်ကြည့်သည်။ ပထမဆုံးအကြိမ် ဖောက်သည်တစ်ယောက်ရောက်လာသည်ကို ကြုံဖူးခြင်းဖြစ်၍ ချင်ဟဲအစားကူညီရန်ပြင်လိုက်သည်။

"ကြိုဆိုပါတယ်ရှင်..အဲ...မဟာမိတ်ခေါင်းဆောင်မိန်ယွမ်ပါလား"

ယွမ်မုန်မုန် ပို၍အံ့အားသင့်သွားသည်။ ဘာကြောင့်ခေါင်းဆောင်မိန်ယွမ်က ဤဆိုင်သို့ရောက်လာသည်မသိ။

မိန်ယွမ်က ဘာမှပြန်မဖြေဘဲ မပွင်တပွင့်ပြုံး၍ လက်ဖျောက်တစ်ချက်တီးလိုက်သည်။

နတ်ဆိုးမြို့တော်အပြင်ပိုင်းမှစ၍ မှော်စက်ဝန်းသင်္ကေတများ တစ်ခုပြီးတစ်ခု အရောင်လက်လာသည်။ တဖြေးဖြေးမြို့‌တော်တစ်ခုလုံး အသံတိတ်ပျံ့နှံ့သွားသည်။ အပြင်လောကနှင့် ယာယီအဆက်သွယ်ပြတ်သွားသည်။ နတ်ဆိုးမြို့တော်က သီးခြားကမ္ဘာငယ်တစ်ခုလို ဖြစ်လာသည်။

"သခင်၊ အားလုံး အသင့်ဖြစ်ပါပြီ"

ရင်ဘတ်တွင်ဆွဲထားသည့် မျက်လုံးပုံကျောက်စိမ်းတံဆိပ်ဆီ မိန်ယွမ် လေးလေးစားစားပြောလိုက်သည်။

ထိုကျောက်စိမ်းကို သူငယ်စဉ်က အရှေ့ပင်လယ်တွင် တွေ့ခဲ့သည်။ သူ့ကံကောင်းခြင်းအစဟု ဆိုနိုင်သည်။

အရိုးပုလ္လင်ပေါ်မှလူ ထရပ်ပြီး ခြေတစ်လှမ်းတိုးလိုက်သည်။ ကျောက်စိမ်းတံဆိပ်ကမ္ဘာငယ်ထဲမှ ပျောက်သွားသည်။

အပြင်ဘက်သို့ ထိုလူရိပ်ပေါ်လာသည်နှင့် ပြင်းထန်သည်စွမ်းအင်ဖိအားကို ယွမ်မုန်မုန်ခံစားလိုက်ရသည်။ ဓားမျှော်စင်တွင် ယင်ထန်အလောင်းနှင့် တိုက်ခိုက်ခဲ့သည့် အခြေအနေကို ပြန်သတိရလာသည်။

"ယွမ်မုန်မုန်၊ နောက်ဆုံးတော့လည်း ထောင်ချောက်ထဲကို မင်းဝင်လာပြီပဲ"

ထိုလူက မပွင့်တပွင့်ပြုံး၍ပြောသည်။ အတော်စိတ်လှုပ်ရှားနေဟန်ဖြင့် ခန္ဓာကိုယ်အနည်းငယ် တုန်ရင်နေသည်။

ထာဝရအရိယဖလသန္ဓေကိုရလျှင် အသံတိတ်မသေမျိုး(ပဲပြာအရှင်)လက်မှ သူထွက်ပြေးနိုင်စွမ်းရှိလာမည်။ ထို့ကြောင့် ယွမ်မုန်မုန်ကို မျက်စိကျခဲ့ခြင်းဖြစ်သည်။

သို့သော် ယွမ်မုန်မုန်က တာအိုလမ်းစဉ်ဂိုဏ်းတွင် ရှိနေသည်။ ထိုဂိုဏ်းတွင် ယွမ်ကျိရှိသည်။ သူလှုပ်ရှားဖို့ လုံးဝမဖြစ်နိုင်။

နောက်ပိုင်းတွင် ယွမ်မုန်မုန်က လုယန်ကို ဒုခေါင်းဆောင်ဟု ခေါ်နေကြောင်း သူသိလာသည်။ ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိသည်။ ယွမ်မုန်မုန်က အစားအသောက်ကောင်းလည်းကြိုက်သည်ဟု သိရသည်။

ထို့ကြောင့် နတ်ဆိုးမြို့‌တော်တွင် ဝိညာဉ်စားဖိုမှူးပြိုင်ပွဲလုပ်ပြီး လုယန်ကိုဖိတ်ခေါ်ရန် မိန်ယွမ်ကို သူညွှန်ကြားခဲ့သည်။

လုယန်လာလျှင် ယွမ်မုန်မုန်လည်း သေချာပေါက်ပါလာမည်။

ထိုသို့ဆိုလျှင် ဘာမှစိုးရိမ်စရာမလိုဘဲ သူလှုပ်ရှားနိုင်မည်။

ထိုမျှကြီးမားသည့် မှော်စက်ဝန်းကို တည်ဆောက်ရသည်က မလွယ်လှ။ မိန်ယွမ် ဆယ်ရက်ကြာအောင် တည်ဆောက်ခဲ့ရသည်။

အားလုံးက အစီအစဉ်အတိုင်းဖြစ်လာသည်။ လုယန်က ဖိတ်ကြားချက်ကို လက်ခံပြီး ယွမ်မုန်မုန်နှင့်အတူ ရောက်လာသည်။

ယခု ထာဝရအရိယဖလသန္ဓေ သူ့ရှေ့တွင်ရှိနေပြီဖြစ်သည်။

"ကျိုးရှီ၊ နင်ဘာလို့ဒီကိုရောက်လာတာလဲ"

မီးဖိုခန်းထဲမှထွက်လာသည့် ချင်ဟဲက ထိုလူကိုကြည့်၍ နားမလည်နိုင်အောင်ဖြစ်သွားသည်။

(**ကျိုးရှီသည် မီးနိုင်ငံခေတ်တွင်ပေါ်လာသည့် 'သမိုင်းမသေမျိုး'ကို ပြောခြင်းဖြစ်သည်။ ကောင်းကင်ဆန်းကြယ်းဂိုဏ်း၏ ရှီမျိုးနွယ်ဝင်ဖြစ်သည်။ ထိုးထွင်းအရိယဖကို ရခဲ့သည်။

တစ်နေရာတည်းတွင်ထိုင်၍ လောကတစ်ခွင်ကိုကြည့်နိုင်သည်။ အတိတ်၊ပစ္စုပ္ပါန်၊ အနာဂတ်ကို ကြည့်နိုင်သည်။ ယင်ထန်တို့လေးယောက်က နတ်မယ်လုပ်ကြံခံရသည့်ကိစ္စအတွက် သူ့ကိုကြည့်ခိုင်းခဲ့သေးသည်။

အချိန်မသေမျိုးက အချိန်ကို ထိန်းချုပ်နိုင်သည့် အရိယဖလဖြစ်သည်။ သမိုင်းမသေမျိုးက နတ်မျက်စိလို ထိုးထွင်းစွမ်းရည်ပိုင်ဆိုင်ခြင်းဖြစ်သည်။)

.........

ညနေခင်းရောက်လာသည်နှင့် ဝင်တော့မည့်နေမင်းက တိမ်တိုက်များကို အနီရောင်ဖြန်းထားသည်။ လုယန် လမ်းအတိုင်း တစ်ယောက်တည်းလျှောက်လာသည်။

ဥဒဟိုသွားလာနေသည့် လူအုပ်ကြားမှ တိုးဝှေ့ဖြတ်သန်းလာသည်။ ဈေးသည်များ ‌အော်ဟစ်ရောင်းချနေသည်။ ကလေးများက ပြေးလွှားကစားနေသည်။

အဝေးမှ ကြက်တွန်သံ ခွေးဟောင်သံများ ကြားရသည်။ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ အတူယှဉ်တွဲလျက် ရှိနေသည်။ အားလုံး၏မျက်နှာတွင် အပျော်ရိပ်များပြည့်နေသည်ကိုကြည့်၍ သူလည်းပြုံးမိသည်။

လူသားလောက၏ ရနံ့ဖြစ်သည်။ ထို့ကြောင့်လည်း ကျင့်ကြံသူအများစုက လောကလမ်းစဉ်ကျင့်ကြံကြခြင်းဖြစ်မည်။

ယနေ့စားဖိုမှူးပြိုင်ပွဲအကြောင်း ပြန်တွေးကြည့်သည်။ တိုင်ဆိုင်သွားသည့်ကိစ္စများစွာ ရှိခဲ့သော်လည်း ဘာပြဿနာမှမဖြစ်ဘဲ ချောမွေ့စွာပြီးဆုံးသွားသည်။

လှပသော်လည်း အေးစက်တင်းမာသည့်မျက်နှာပိုင်ရှင် မသေမျိုးမိန်းမတစ်ယောက် လမ်းတစ်ဘက်ထိပ်တွင် ပေါ်လာသည်။

ပုံမှန်ဆိုလျှင် သူ့အလှကို လမ်းသွားလမ်းလာများ အံ့ဩဘနန်းဖြစ်ကြလိမ့်မည်။ သို့သော်ယခု လုယန်မှလွဲ၍ သူ့ကိုဘယ်သူမှ သတိမထားမိကြ။

ထိုမသေမျိုးသည် 'လွန်မြောက်ခြင်းအဆင့်'သို့ နီးကပ်နေသည်။ တစ်ယောက်တည်း ထင်ထင်ရှားရှားရပ်နေသော်လည်း ဘေးပတ်လည်မှလူများ သူ့ကိုမမြင်ကြ။

လုယန်၏လမ်းကို သူပိတ်ရပ်သည်။ သူ့လေသံက တည်ငြိမ်သည်။

"ထာဝရနတ်မယ် ဘယ်မှာလဲ။ ငါသူနဲ့ တွေ့ချင်တယ်"

******************************

All Chapters