အခန်း (၁၁၀၂-၁၁၀၄)
Vol. 74 Ch. 1102-1104
အခန်း (၁၁၀၂) ငါနဲ့အဆင်ပြေပါတယ်
လုယန် နေရာတွင် ကျောက်ရုပ်လိုဖြစ်သွာားသည်။ နဖူးတွင် ချွေးသီးများထွက်လာသည်။
ဘာကြောင့် ပဲပြာအရှင်က ဤနေရာတွင် ရှိနေသည်မသိ။ ဘာကြောင့် သူ့ကိုတိုက်ရိုက်လာရှာသည်မသိ။
လမ်းသွားလမ်းလာများက ပဲပြာကိုမမြင်ကြ။ ပဲပြာရှိနေသဖြင့် သူ့ကိုပါမမြင်ကြ။
ထိုအဖြစ်သည် အမယွမ်နှင့်နတ်မယ်ပြောသည် လွန်မြောက်ခြင်းအဆင့်သို့ နီးလာသည့်လက္ခဏာလားမသိ။
ပဲပြာသာ နတ်မယ်တည်နေရာကိုမသိလိုလျှင် သူ့ကိုတွေ့တွေ့ချင်း သတ်ပစ်မည်ထင်သည်။
အစကတည်းက ဤမြို့တော်သို့ သူ့ရောက်နေသည်ကို ပဲပြာအရှင် အာရုံခံမိခဲ့သည့်သဘောဖြစ်သည်။ ဘာကြောင့် အခုမှသူ့ကိုလာရှာသည်မသိ။ တစ်ခုခုအပြောင်းအလဲကြောင့်လော။ သို့မဟုတ် သူ့ကိုလာရှာဖို့ တွန့်ဆုတ်ရသည့်အကြောင်းရှိ၍လော။
ပဲပြာနှင့်လုယန် မျက်လုံးချင်းစိုက်ကြည့်နေသည်။ ပဲပြာအကြည့်က အလွန်တည်ငြိမ်သည်။ နတ်မယ်၏ရုပ်ရည်သွင်ပြင်မျိုးရှိသော်လည်း လုံးဝကွဲပြားနေသလို လုယန်ခံစားရသည်။
ပဲပြာအရှင်က လုယန်ကို စိတ်မဝင်စား။ လောက၏ ပါရမီအထူးဆုံးစွမ်းအားရှင်ဖြစ်စေ၊ စီချန်းနတ်သခင်ကို မသေမျိုးခန္ဓာဖြင့် အနိုင်ယူခဲ့သည်ဖြစ်စေ၊ သူ့အတွက် ဘာမှအရေးမကြီး။ နတ်မယ်၏တည်နေရာကိုသာ သူသိချင်သည်။
လုယန်ကိုရှာတွေးလျှင် နတ်မယ်ကိုလည်းတွေ့မည်ဟု သူ့ဗီဇအာရုံက အလိုလိုသိနေသည်။
နတ်ဆိုးနိုင်ငံသို့ လုယန်ရောက်လာကတည်းက နတ်မယ်အကြောင်း မေးသင့်မမေးသင့် သူချိန်ဆနေခဲ့သည်။ ယနေ့မှ ဆုံဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။
"မသေမျိုးအရှင်၊ ကျုပ်တို့တစ်ခြားတစ်နေရာကို ပြောင်းသင့်တယ်ထင်တယ်..."
အခြေအနေကို ပြေလျော့စေရန် လုယန်ကြိုးစားသည်။ သို့သော်
"စကားရှည်မနေနဲ့။ သူဘယ်မှာလဲ"
အဖျက်စွမ်းအင်ရောင်တစ်ခု လုယန်ကိုလွှမ်းခြုံလာသည်။ ပဲပြာအရှင်၏အတွေးတစ်ချက်ဖြင့် လုယန်အမှုန့်ဖြစ်သွားမည်။
"တော်လောက်ပြီ"
လုယန်ကိုယ်ထဲမှ နတ်မယ်ထွက်လာသည်။ လွှမ်းခြုံနေသည့် အဖျက်စွမ်းအင်ရောင် ပျောက်ကွယ်သွားသည်။ ပဲပြာအရှင်ကို ဒေါသမျက်လုံးဖြင့် သူကြည့်လိုက်သည်။
ကြိုတင်သိထားပြီးဖြစ်သော်လည်း ပဲပြာအရှင်ကိုလက်တွေ့မြင်ရချိန်တွင် သူ့စိတ်ထဲလှုပ်ရှားမိသည်။ တကယ်သူနှင့် ချွတ်စွပ်တူနေသည်။
"ဪ ထာဝရနတ်မယ်။ နင်က ဒီကောင်လေးရဲ့ သိစိတ်နယ်မြေမှာ တစ်ချိန်လုံးရှိနေခဲ့တာပေါ့"
ပဲပြာအရှင်က တိုက်ခိုက်တော့မည့်ဟန်ဖြင့် လက်သီးနှစ်ဘက်ကို တင်းတင်းဆုပ်လိုက်သည်။ သို့သော် နောက်ဆုံးတွင် သူစိတ်ပြန်လျှော့လိုက်သည်။
အစောပိုင်းက စိတ်ခံစားချက်များစွာ လွှမ်းမိုးနေခဲ့သော်လည်း ယခုပြန်တည်ငြိမ်လာသည်။ ခုနကလို ဒေါသထွက်သည့်အမူအရာမျိုးမရှိတော့။
"အတူလမ်းလျှောက်ရအောင်"
နတ်မယ်က ပဲပြာကို အတော်ကြာအောင် စိုက်ကြည့်နေသည်။ ထို့နောက် ခေါင်းငြိမ့်သည်။
"ကောင်းပြီလေ"
လမ်းပေါ်တွင် အမွှာဟုထင်ရသည့် မိန်းမလှနှစ်ယောက် ဘေးချင်းယှဉ်၍ လျှောက်ကြသည်။
သို့သော် ထိုမြင်ကွင်းကို သူတို့နောက်မှလိုက်လာသည့် လုယန်သာမြင်နိုင်သည်။
ပဲပြာအရှင်၏စွမ်းအားက ကြောက်စရာကောင်းသည်။ ရှေးဟောင်းမသေမျိုးလေးယောက်ပင် သူ့ကိုမယှဉ်နိုင်ကြ။ လုယန်သိထားသမျှ ရန်သူအားလုံးထဲတွင် နတ်မယ်ကို လုပ်ကြံခဲ့သူပြီးလျှင် ပဲပြာက ကြောက်စရာအကောင်းဆုံးဖြစ်သည်။
အမယွမ်ကို လုယန်ဆင့်ခေါ်ဖို့ စိတ်ကူးမိသည်။ သို့သော် နတ်မယ်ကသူ့ကိုတားသည်။ ပဲပြာအရှင်ကိစ္စ ကိုယ်တိုင်ဖြေရှင်းမည်ဟုပြောသည်။
"ထင်မထားဘူး ထာဝရနတ်မယ်၊ နင်ဒီခေတ်မှာ ပြန်ရှင်သန်လာမယ်လို့လေ။ ယင်ထန်တို့သာ နင့်အကြောင်းသိရင် အတော်ပျော်သွားကြမှာ သေချာတယ်"
ပဲပြာအရှင်က သူ့ကိုပွားနတ်မယ်ကို ခံစားချက်အပြည့်ဖြင့်ကြည့်သည်။
"နင်သိလား။ ငါနင့်ကိုတကယ်အားကျတယ်။ နင်သေတော့ ချင်ဟဲတို့၊ လျန်ယိတို့၊ ရှောင်လင်းတို့ ယင်ထန်တို့...အားလုံးက နင့်ကိုအရမ်းဂရုစိုက်ကြတယ်။ နင်ပြန်ရှင်သန်နိုင်အောင် ကြိုးစားကြတယ်။
ယုံကြည်မှုစွမ်းအားရဖို့ မီးနိုင်ငံကိုတည်ထောင်တယ်။ ကောင်းကင်ရုံးတော်ကို တည်ဆောက်တယ်။ ငရဲကိုးထပ်ကို ဖန်တီးတယ်။ နည်းလမ်းစုံသုံးပြီး ကြိုးစားခဲ့ကြတာ။ ဒါပေမယ့် နောက်ဆုံးမှာ ပြန်ရှင်သန်လာတာက ငါဖြစ်နေတာ စိတ်မကောင်းစရာပဲ။
ငါ့ရဲ့ဇစ်မြစ်ကိုတော့ နင်သိတယ်မဟုတ်လား"
နတ်မယ်က ပဲပြာအရှင်ကို စိုက်ကြည့်သည်။ ပဲပြာအရှင်သည် သူနှင့်လုံးဝဆန့်ကျင်ဘက် လမ်းကြောင်းတစ်ခုပေါ် လျှောက်ခဲ့သည်။
"ငရဲကိုးထပ်ရဲ့ ဖျက်ဆီးခြင်းအရိယဖလသန္ဓေကနေ ငါပြန်ရှင်သန်လာတယ်။ တကယ်တော့ ငါက နင့်ရဲ့တစ်ခြားပုံစံကွဲပါပဲ"
ပဲပြာအရှင် လှောင်ပြုံးပြုံးသည်။ ထိုအပြုံးတွင် အဆုံးစမဲ့ အထီးကျန်မှုများပြည့်နေသည်။
"ယင်ထန်တို့ငါ့ကို ပြန်အသက်သွင်းပြီးတော့ ငါ့နားမှာ တစ်နေကုန်ဝိုင်းအုံပြီး နင့်အကြောင်းတွေ ပြောပြကြတယ်။ ဖျက်ဆီးခြင်းအရိယဖလကိုစွန့်ပယ်ပြီး ထာဝရအရိယဖလသန္ဓေတည်ဆောက်ဖို့ အရိယဖလအစစ်ရလာဖို့ နင်အစစ်ဖြစ်လာဖို့ ငါသေချာပေါက်ကြိုးစားလိမ့်မယ်လို့ ပြောကြတယ်။
အဲဒီ့အချိန်က ငါဘယ်လိုခံစားခဲ့ရလဲသိလား။ သမိုင်းမှာပထမဆုံးသေမျိုးဖြစ်တော့မယ့်အနေအထားကနေ ရုတ်တရက် နှစ်တစ်သိန်းကျော်လွန်ပြီး မသေမျိုးခန္ဓာနဲ့ ကောင်းကင်ရုံးတော်သခင်ဖြစ်နေတာကို ကိုယ့်ကိုယ်ကို တွေ့လိုက်ရသလိုမျိုးပဲ"
ပဲပြာအရှင်၏ ခံစားချက်ကို လုယန်စိတ်ကူးကြည့်သည်။ 'တစ်ကမ္ဘာခြားသည်နှင့် အားလုံးလူစိမ်းဖြစ်သွားသည်'ဆိုသည့်စကားပင် လုံလောက်မည်မထင်။
"ရင်းနှီးတဲ့မျက်နှာတွေ ဘေးပတ်လည်ဝိုင်းနေပေမယ့် ယင်ထန်တို့က ငါ့သိခဲ့တဲ့လူတွေနဲ့ လုံးဝကွဲပြားသွားပြီ။ ငါမသိတဲ့မှတ်ဉာဏ်တွေအများကြီး သူတို့ခေါင်းထဲမှာရှိနေပြီ။
သူတို့တောင့်တကြတာ ငါ့ကိုမဟုတ်ဟူ။ နင့်ကိုလေ။ အသိအကျွမ်းဟောင်းတွေထဲမှာ ငါ့ကို ငါအဖြစ်နဲ့ဆက်ဆံတာ ချင်ဟဲတစ်ယောက်ပဲရှိတယ်"
"ချင်ဟဲ.."
နတ်မယ် အမူအရာပြောင်းသွားသည်။ ရှောင်လင်း လျန်ယိနှင့် ချင်ဟဲသည် သူနှင့်သံယောဇဉ်အတွယ်ဆုံးလူများဖြစ်သည်။ ထိုလူများထဲတွင် ချင်ဟဲတစ်ယောက်သာ ရှာမတွေ့။ ယင်ထန်မသေမျိုးပင် သူဘယ်ရောက်နေမှန်းမသိ။
"ဟုတ်ပါတယ်၊ ချင်ဟဲပါ"
ချင်ဟဲအကြောင်းပြောချိန်တွင် ပဲပြာအရှင်မျက်နှာ နည်းနည်းပျော့ပြောင်းသွားသည်။ ထို့နောက် ချက်ချင်းပုံမှန်ပြန်ဖြစ်လာသည်။
"ငါရှင်သန်လာပြီးနောက်ပိုင်း ပတ်ဝန်းကျင်စိမ်းမှာ ငါအသားမကျတာကို သတိထားမိတာ သူပဲရှိတယ်။ သူ့ဆန္ဒအလျောက် ငါနဲ့အတူနေတယ်။
ငါ့ဆီက ဘာမှမတောင်းဆိုဘူး။ ဒါပေမယ့် ငါ့ကိုအများကြီးမတွေးဖို့ အလိုက်သင့်သွားတတ်အောင်သင်ယူဖို့ သူပြောတယ်။
ငါက နင့်ရဲ့အတိတ်တစ်ချိန်ကဝိညာဉ်ဆိုပေမယ့် ယုံကြည်မှုစွမ်းအားနဲ့ မွေးဖွားလာတာ။ စွမ်းအားလွှမ်းမိုးမှုကို ခံရတယ်။ သူတို့စိတ်ကူးထဲက ထာဝရနတ်မယ်ဖြစ်လာဖို့လိုတယ်။
နောက်ကွယ်ကလူသတ်သမားကို အနိုင်ယူနိုင်တဲ့လူ ဖြစ်လာဖို့တယ်။ ငါလည်း ထာဝရအရိယဖလ တည်ဆောက်ချင်ပါတယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။ နာကျင်စရာအတိတ်ကို မစွန့်လွှတ်နိုင်သလို ငါတို့မျိုးနွယ် ဖျက်ဆီးခံခဲ့ရတာကိုလည်း မမေ့နိုင်ဘူး"
ပဲပြာအရှင်က စိတ်ခံစားချက်လွှမ်းမိုးလာသည်။ ပထမဆုံးအကြိမ် လက်နှစ်ဘက်ကိုဖြန့်၍ ဟန်ပါပါဖြင့်ပြောသည်။ နတ်မယ်ထက် သူသာလွန်ကြောင်း ကြေညာလိုဟန်ရှိသည်။
"ဒါပေမယ့်ဘာဖြစ်လဲ။ ထာဝရအရိယဖလ မတည်ဆောက်လည်း ငါနင့်လိုဖြစ်နိုင်တာပဲ။ နောက်ကွယ်ကရန်သူကို အနိုင်ယူနိုင်တယ်လေ"
"နင်ကငါမဟုတ်ဘူး"
နတ်မယ်က သူ့ကိုစိုက်ကြည့်သည်။ မျက်လုံးသူငယ်အိမ်တွင် သူ့ကိုယ်ပိုင်ရုပ်သွင် ပြန်ထင်ဟပ်နေသည်။
"နင်က ချင်ဟဲအရမ်းသတိရနေတဲ့ 'အမကြီး'အစစ်ပဲ။ သူနဲ့တစ်လေသံတည်းပဲ"
နတ်မယ်နှုတ်ခမ်းတွင် တွန့်ပြုံးရိပ်ပေါ်လာသည်။ ဘယ်သူ့ကိုလှောင်နေမှန်းတော့ မကွဲပြား။
"ချင်ဟဲဘယ်မှာလဲပြောစမ်း"
တစ်ခုခုမူမမှန်ဟု ခံစားရသဖြင့် နတ်မယ်က ပဲပြာ၏အင်္ကျီကော်လာကို ဖျတ်ခနဲဆုတ်ကိုင်သည်။
ပဲပြာစကားက ချင်ဟဲနှင့် မကြာသေးခင်က တွေ့ခဲ့သည့်သဘောမျိုးပါသည်။ တွေ့ခဲ့သည်ဆိုလျှင် ချင်ဟဲအခြေအနေ ဆိုးဝါးဖို့ကပိုများသည်။
ပဲပြာက နတ်မယ်လက်ကို ဆွဲဖယ်သည်။
"ချင်ဟဲက ငါနဲ့အဆင်ပြေပါတယ်။ နင်စိုးရိမ်ဖို့မလိုဘူး"
"နင်နဲ့အတူရှိတယ်ပေါ့"
"ဟုတ်တယ်"
"နင်သူ့ကိုဘာလုပ်ထားတာလဲ"
"သူငါနဲ့အဆင်ပြေတယ်လို့ ပြောပြီးပြီပဲ။ နင်အဖြစ်သည်းမနေပါနဲ့"
နတ်မယ်စိုးရိမ်နေသည့်မျက်နှာကိုကြည့်၍ ပဲပြာကျေနပ်နေသည်။
ထိုစဉ် ရုတ်တရက် သူတို့နှစ်ယောက်လုံး အမူအရာပြောင်းသွားပြီး ဖျတ်ခနဲခေါင်းမော့ကြည့်ကြသည်။ နတ်ဆိုးမြို့တော်ကို လွှမ်းခြုံသွားသည့် မသေမျိုးအဆင့်မှော်စက်ဝန်းကို သူတို့အာရုံခံမိသည်။
ပဲပြာအရှင် မျက်နှာပျက်သွားသည်။ ဆိုင်ငယ်ရှိရာဆီလှမ်းကြည့်ပြီး အံ့ဩသည့်အမူအရာမျိုးပေါ်လာသည်။
ဘာကြောင့် ကျိုးရှီက ဤနေရာတွင် ရှိနေသည်မသိ။
နတ်မယ်ကိစ္စကို သူဆက်မတွေးအားတော့။ ချက်ချင်း ဆိုင်ဆီသို့ပြန်သည်။
"ငါတို့လည်း လိုက်သွားရအောင်"
နတ်မယ် လုယန်ကိုဆွဲ၍ ပဲပြာအရှင်နောက်သို့ ပြေးလိုက်သည်။
******************************
အခန်း (၁၁၀၃) သူ့ကံကြမ္မာ
"နင်ဘာလို့ဒီရောက်နေတာလဲ"
ချင်ဟဲအံ့ဩနေသည်။ မုန်မုန်ကိုပြဖို့ ဟင်းချက်ကျမ်းကို မီးဖိုထဲမှယူ၍ထွက်လာသည်။ နှစ်သုံးသိန်းကြာအောင် မမြင်ခဲ့ရသည့် ကျိုးရှီနှင့် တည့်တည့်တိုးသည်။
"ချင်ဟဲ"
ကျိုးရှီမသေမျိုးလည်း အံ့အားသင့်နေသည်။ ချင်ဟဲဘာကြောင့် ဤနေရာတွင်ရှိနေသည်မသိ။
နှစ်ပေါင်းများစွာ ဟိုဟိုဒီဒီ သူပုန်းအောင်းနေခဲ့သည်။ ပဲပြာအရှင်(အသံတိတ်မသေမျိုး)အာရုံစက်ကွင်းမှလွတ်အောင် ရှောင်ခဲ့သည်။ ယနေ့မှ လှုပ်ရှားရန်ထွက်လာသည်။ ပဲပြာအရှင် သူ့ကိုအာရုံမနိုင်စေရန် ဤကိစ္စကို သူအချိန်ကြာမြင့်စွာ အစီအစဉ်ချခဲ့သည်။
ယနေ့မှ သူထွက်လာခြင်းဖြစ်သည်။
ချင်ဟဲလည်း ပဲပြာအရှင်သတ်မည့်လူစာရင်းတွင် ပါသည်။ ဘာကြောင့် ယခုလို လွတ်လပ်ပွင့်လင်းစွာ သွားလာနိုင်သည်မသိ။
ပဲပြာအရှင်က လူဆက်မသတ်တော့၍လော။ သို့မဟုတ် သေသွား၍လော။
ကျိုးရှီ နားမလည်။ ထိုနှစ်ချက်လုံးက ဖြစ်နိုင်ခြေသိပ်မရှိ။ သို့သော် ချင်ဟဲကည်း ဤနေရာတွင် လွတ်လပ်စွာရှိနေပြန်သည်။
သူ့ထိုးထွင်းအရိယဖလသာရှိလျှင် မျက်ကန်းလိုဘဝမျိုးရောက်မည်မဟုတ်။
(**ယခု သူ့ထံတွင် အရိယဖလမရှိတော့။ ထိုအကြောင်း နောက်ပိုင်းအခန်းတွင် ပါလာမည်။)
"ကျိုးရှိ၊ နင်ဒီကိုလာရဲတယ်ပေါ့။ အသံတိတ်မသေမျိုးက နင့်ကိုသတ်လိမ့်မယ်"
ကျိုးရှီဘာကြောင့် ရောက်လာမှန်းသူမသိ။ သို့သော် ယခုလိုမျက်နှာပြလာသဖြင့် သေဖို့တော့သေချာနေသည်။
"အရင်ကရင်းနှီးခဲ့တာကို ထောက်ထားပြီး ဒီကိစ္စထဲ မင်းဝင်မပါနဲ့ ချင်ဟဲ။ ထာဝရအရိယဖလသန္ဓေကိုယူပြီးရင် ငါထွက်သွားမှာ"
"ထာဝရအရိယဖလသန္ဓေ..ဟုတ်လား။ ဘယ်မှာလဲ"
ချင်ဟဲ အံ့ဩပြီးရင်း အံ့ဩနေရသည်။ ထို့နောက် ယွမ်မုန်မုန်ရှိနေသေးကြောင်း ပြန်သတိရလာသည်။
"မုန်မုန်၊ နင့်မှာ ထာဝရအရိယဖလသန္ဓေရှိတာလား"
မုန်မုန်ကို သာမန်ကျင့်ကြံသူဟုသာ ထင်ခဲ့သည်။ အရိယဖလသန္ဓေရှိသည်ဆိုလျှင် မသေမျိုးတစ်ဝက်သာဖြစ်ရမည်။ သို့ဆိုလျှင် သူပြောနေသည့် ဒုခေါင်းဆောင်နှင့် ခေါင်းဆောင်ဆိုသူများသည် ဘယ်သူဖြစ်မည်မသိ။
"ရှင့်ကိုမပေးနိုင်ဘူး။ ကျွန်မ အများကြီးကြိုးစားကျင့်ကြံခဲ့ရတာ"
မုန်မုန်က သူ့ကိုယ်သူလက်ဖြင့်အုပ်၍ ငြင်းသည်။
"အင်း၊ အဲဒါက မင်းဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ပါဘူး"
ကျိုးရှီ အေးစက်စက်ပြုံးလိုက်သည်။ ထိုကောင်မလေးကို အကြံတောင်းဖို့ သူလာခဲ့ခြင်းမဟုတ်။
"ရှင်က လာလုရဲတယ်ပေါ့"
အခြေအနေမကောင်းမှန်းသိသဖြင့် မုန်မုန်ထွက်ပြေးရန်ကြိုးစားသည်။ ကျိုးရှီ၏စွမ်းအင်ဖိအားက ယင်ထန်အလောင်းနှင့် တန်းတူရှိသည်။ စွမ်းအားချင်းလည်း တန်းတူဖြစ်လိမ့်မည်။
သူလုံးဝယှဉ်နိုင်မည်မဟုတ်။
သို့သော် မသေမျိုးတစ်ယောက်ရှေ့မှ သူဘယ်လိုထွက်ပြေးနိုင်မည်နည်း။ ထိုးထွင်းအရိယဖလမရှိတော့သော်လည်း ကျိုးရှီသည် မသေမျိုးသာဖြစ်သည်။ မုန်မုန်က ကူးဖြတ်ခြင်းအခြေခံအဆင့်သာရှိသည်။
အဆင့်ချင်း များစွာကွာဟနေသည်။
ကျိုးရှီ ကြီးမားသည့်လက်ကို ဆန့်ထုတ်၍ မုန်မုန်၏လည်ပင်းကိုဖမ်းချုပ်သည်။ ယွမ်မုန်မုန် နာကျင်စွာရုန်းကန်၍ တိုက်ခိုက်ရန်ပြင်သည်။
"ကျိုးရှီ၊ ရပ်လိုက်စမ်း"
ချင်ဟဲ ဒေါသထွက်သွားသည်။ အရိယဖသန္ဓေလုယူခံရလျှင် မသေမျိုးတစ်ဝက်အဆင့်တစ်ယောက် သေဖို့သာရှိသည်။
"ပါးစပ်ပိတ်ထားစမ်း"
ကျိုးရှီ ယွမ်မုန်မုန်ကို ပစ်လွှင့်လိုက်ပြီး ချင်ဟဲကိုရိုက်သည်။ နှစ်ယောက်လုံး ဆိုင်နံရံနှင့်တိုက်မိသည်။
"ချင်ဟဲ၊ မိတ်ဆွေဟောင်းမျက်နှာကိုထောက်လို့ မင်းရဲ့သက်ရှည်အရိယဖလသန္ဓေကို ငါမယူဘူး။ ငါ့ကိစ္စထဲ မင်းဝင်မရှုပ်နဲ့"
သက်ရှည်အရိယဖလသန္ဓေသည် နိယာမသခင်၏ အရိယဖလသန္ဓေနှင့်ဆင်တူသည်။ သူတို့အထက်တွင် အချိန်အရိယဖလနှင့် ထာဝရအရိယဖလရှိသည်။
သက်ရှည်အရိယဖလသန္ဓေပိုင်ရှင်၏ အနန္တသက်တမ်းနီးပါးရှိသည်။ ထို့ကြောင့်လည်း ရှေးဟောင်းခေတ်မှ ယခုအချိန်ထိ ချင်ဟဲရှင်သန်နိုင်ခြင်းဖြစ်သည်။
သို့သော် နိယမသခင်လိုမဟုတ်။ ချင်ဟဲ၏အရိယဖလသန္ဓေက ပြည့်စုံလုနီးပါးအဆင့်ရှိသည်။ အချိန်မသေမျိုးနှင့် ထာဝရနတ်မယ်မရှိလျှင် သူမသေမျိုးဖြစ်လာနိုင်သည်။
"အဲ၊ နင်လည်း မသေမျိုးတစ်ဝက်ပဲလား"
မုန်မုန် အံ့ဩသွားသည်။ ရှောင်ကျိပြောသည့်စကားမှန်သည်။ ဒုခေါင်းဆောင်ရှိသည့်နေရာတိုင်းတွင် မသေမျိုးတစ်ဝက်တစ်ယောက် အမြဲရှိသည်။
"အခု အဲဒါပြောနေရမယ့်အချိန်လား"
မုန်မုန် တကယ်ရိုးအလွန်းသည်ဟု ချင်ဟဲထင်မိသည်။ သေရေးရှင်ရေးအချိန်တွင် အတွေးများနေသည်။
"ဒီဆိုင်က ဘာလဲဟ"
ကျိုးရှီလည်း တွေးမရဖြစ်သွားသည်။ ဤဆိုင်လေးသာ သာမန်သာထင်ရသည်။ သို့သော် ခုနက ချင်ဟဲနှင့်မုန်မုန်ကို သူလွှင့်ပစ်လိုက်သော်လည်း အက်ကြောင်းရာပင်မပေါ်။
မှန်သည်။ ကျိုးရှီဘာမှမသိ။ ဆိုင်ထဲမှ ချင်ဟဲထွက်မသွားစေရန် ပဲပြာအရှင်က အတားအဆီးများစွာချထားသည်။ ထို့ကြောင့် ဆိုင်ကပျက်စီးမသွားခြင်းဖြစ်သည်။
ထိုမျှနှင့်ပျက်စီးလျှင် အတားအဆီးဟု ခေါ်နိုင်တော့မည်မဟုတ်။
"နင်ပြေးတော့"
ချင်ဟဲက မုန်မုန်ထွက်ပြေးနိုင်စေရန် သက်ရှည်အရိယဖလသန္ဓေကို အသက်သွင်း၍ အချိန်ကိုနှေးအောင်လုပ်သည်။
သို့သော် မသေမျိုးတစ်ယောက်၏ လှုပ်ရှားမှုက မြန်လွန်းသည်။ အချိန်နှေးထားသော်လည်း ကျိုးရှီက လွတ်လပ်စွာလှုပ်ရှားနိုင်သည်။
ချင်ဟဲ၏လှုပ်ရှားမှုကို အမီလိုက်နိုင်သည်။
"ငါမျက်နှာသာပေးထားတာကို မင်းကမလိုချင်ဘူးပေါ့။...ချင်ထန်အကျဉ်းထောင်လက်ဝါး"
ကြီးမားသည့် လက်တစ်ဘက် ကောင်းကင်မှဆင်းလာသည်။ ပဲပြာချန်ထားခဲ့သည့် အတားအဆီးများကြေမွသွားပြီး ဆိုင်ကိုရိုက်ချသည်။ ယွမ်မုန်မုန်နှင့်ချင်ဟဲတို့ လက်ဝါးအောက်တွင် ဖိချခံရသည်။
သို့သော် နှစ်ယောက်လုံး၏ အရိယဖလသန္ဓေများက ဒဏ်ရာကုသနိုင်စွမ်း အလွန်မြင့်မားသဖြင့် နည်းနည်းဖရိုဖရဲဖြစ်သွားသည့်တိုင် သိပ်ဒဏ်ရာမရ။
"ဘာဖြစ်တာလဲ"
ကျူးထန် အံ့အားသင့်သွားသည်။ စားဖိုမှူးနှစ်ယောက် ပြိုင်ပွဲပြီးသွားသည်မှာ မကြာသေး။ ယခု နောက်ထပ်တိုက်ပွဲတစ်ခုဖြစ်လာသည်။
တိုက်ခိုက်စွမ်းအားက စားဖိုးမှူးတိုက်ပွဲထက် ပိုပြင်းထန်သည်။
"နတ်ဆိုးမြို့တော်မှာ လာသောင်းကျန်းရဲတယ်ပေါ့။ အင်ပါယာကို သေနေပြီထင်လို့လားကွ"
ဒေါသထွက်လာသဖြင့် ပလ္လင်ဘေးမှစားပွဲကို ဆွဲလှန်ပစ်လိုက်သည်။ ဝိညာဉ်သစ်သီးများ ကြမ်းပြင်ပေါ်ပြန့်ကျဲသွားသည်။
ရန်သူက အတော်ရမ်းကားနေသည်။ အင်ပါယာဖြစ်သည့်သူ့ကို လုံးဝမျက်လုံးထဲမထည့်ခြင်းဖြစ်သည်။
ယွမ်မုန်မုန် ချက်ချင်းထွက်ပြေးသည်။ ရန်သူကို အတူရင်ဆိုင်ရမည့်အချိန်မဟုတ်။ သူလွတ်မြောက်နှင့် ချင်ဟဲဘေးကင်းမည်။ ကျိုးရှီမသေမျိုးက သူ့ကိုသာပစ်မှတ်ထားသည်။
ချင်ဟဲ လျှာကိုကိုက်လိုက်သည်။ ယွမ်မုန်မုန်ကို လွတ်အောင်ကယ်တင်ဖို့ ကြိုးစားသည်။
"မဟာတာအို ကပ်ဆိုးကြာစိမ်း"
နူးညံ့၍ ဆွဲဆောင်မှုရှိသည့် အသံတစ်ခုပေါ်လာသည်။ အဆုံးစမဲ့တာအိုကို ကိုယ်စားပြုသည်။ ချင်ဟဲ၏ဦးခေါင်းထက်တွင် ကပ်ဆိုးကြာစိမ်းပေါ်လာသည်။ အဆုံးစွန်ပွင့်လန်း၍ လင်းလက်တောက်ပနေသည်။
"သွားတော့"
"ငါပြောပြီးသားပဲ။ မင်းမလွတ်နိုင်ဘူးလို့"
ကျိုးရှီ အတက်အကျမရှိသည့်လေသံဖြင့် ပြောသည်။
ကပ်ဆိုးကြာစိမ်း လွင့်ပျံလာချိန်တွင် ကျိုးရှီက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ အမိန့်ကြိုးနှစ်ချောင်း ဆန့်ထွက်လာသည်။ ကပ်ဆိုးကြာစိမ်းကိုထိုးဖောက်သွားပြီး ချင်ဟဲနှင် ထွက်ပြေးသွားသည့် ယွမ်မုန်မုန်ကို ရစ်ပတ်ချည်နှောင်သည်။
ချင်ဟဲတို့နှစ်ယောက် ကြိုးစားရုန်းကန်သော်လည်း အကျိုးမထူး။ အမိန့်ကြိုးများက မသေမျိုးရွှေဖြင့်ဖန်တီးထားခြင်းဖြစ်သည်။ အဆုံးစမဲ့စည်းမျဉ်းအမိန့်များ ပါဝင်နေသည်။ သူတို့ချိုးဖျက်နိုင်သည့်အရာမဟုတ်။
ကျိုးရှီမသေမျိုး၏ စွမ်းအားကို လက်တွေ့မြင်ရသဖြင့် တာအိုရှင်မိန်ယွမ် ပြုံးနေသည်။ မဟာကပ်အပြိုင်အဆိုင်ကာလတွင် မသေမျိုးတစ်ယောက် နောက်ခံရှိဖို့ တကယ်လိုအပ်သည်။
“ဖျောင်း”
လက်ဖျောက်တီးသံနှင့်အတူ အမိန့်ကြိုးနှစ်ချောင်းလုံး ချက်ချင်းပျောက်ကွယ်သွားသည်။
ကျိုးရှီ မျက်လုံးပြူးသွားသည်။ ထိုသို့မဖြစ်သင့်။ ကြက်သီးထလောက်သည့် နည်းလမ်း။ ဖျက်ဆီးခြင်းအရိယဖလ၏စွမ်းအားဖြစ်သည်။
“နင်အဆင်ပြေရဲ့လား”
မိန်းမလှတစ်ယောက်က မြေပြင်ပေါ်မှချင်ဟဲကို ဆွဲယူပြီး စိုးရိမ်တကြီးမေးသည်။
“ပြေပါတယ်”
“ကျိုးရှီ၊ နင်အတော်သတ္တိကောင်းတာပဲ။ ငါ့လူကိုတောင် လာထိရဲတယ်ပေါ့”
ပဲပြာအရှင် ကျိုးရှီရှေ့သို့ ချက်ချင်းရောက်လာသည်။ တည်ငြိမ်သည့်သူ့မျက်လုံးတွင် အဆုံးစမဲ့ဒေါသများရှိသည်။ သူသည်ပင် ချင်ဟဲကို ထိုသို့မဆက်ဆံခဲ့။ ကျိုးရှီဘာကြောင့် ထိုမျှအတင့်ရဲနေသည်မသိ။
“အ..အသံတိတ်မသေမျိုး”
ပဲပြာမျက်နှာကိုမြင်သည်နှင့် ကျိုးရှီ ထိတ်လန့်တုန်လှုပ်သွားသည်။ စကားများအထစ်ထစ်အငေါ့ငေါ့ဖြစ်လာသည်။ ခြေလက်များ အေးစက်သွားသည်။
“ဪ…ကျိုးရှီဆိုတာ နင်လား။ ငါ့ရဲ့ထာဝရမျိုးဆက်ကလူကို လာထိရဲတယ်ပေါ့”
နောက်ထပ်မိန်းမလှတစ်ယောက် ကျိုးရှီထံလျှောက်လာသည်။ လူသတ်ရိပ်များ အပြည့်ပါလာသည်။
“နောက်..နောက်ထပ် အသံတိတ်မသေမျိုးလား။ မဟုတ်ဘူး…မင်းက နတ်မယ်ပဲ”
မြင်မြင်ချင်းတွင် အသံတိတ်မသေမျိုး၏ကိုယ်ပွားဟု သူထင်ခဲ့သည်။ ‘ထာဝရမျိုးဆက်’ဟုကြားမှ ထာဝရနတ်မယ်မှန်းသိသည်။
ရှေးဟောင်းမသေမျိုးငါးယောက်၏ခေါင်းဆောင် ထာဝရနတ်မယ်။
ဘယ်လိုကံကြမ္မာမျိုးမှန်းမသိ။ အသံတိတ်မသေမျိုးကို ရှောင်နိုင်ဖို့ အချိန်ကြာမြင့်စွာ သူအစီစဉ်ချခဲ့သည်။ ယခု စလှုပ်ရှားရုံရှိသေးသည်။ အသံတိတ်မသေမျိုးနှင့် ထာဝရနတ်မယ် နှစ်ယောက်လုံးကို ပြဿနာရှာမိသည်။
နှစ်ယောက်လုံးက ရှေးဟောင်းခေတ်တွင် ပြိုင်ဘက်ကင်းသည့် မသေမျိုးများဖြစ်သည်။
ကျန်းရှီ အားတင်း၍ ပြုံးလိုက်သည်။ ထိုအပြုံးက ငိုသည်ထက်ပင် အရုပ်ဆိုးသည်။
“သူတို့နဲ့ ကစားရုံသက်သက်ပါလို့ပြောရင် ခင်ဗျားတို့ရုံမှာလား”
*********************************
အခန်း (၁၁၀၄) ဆုံစည်းခြင်း
တိမ်မည်းများ နတ်ဆိုးမြို့တော်ထက်တွင် အုံ့ဆိုင်းလာသည်။ လျှပ်စီးမိုးကြိုးများ ရုံးကြွလာသည်။ မသေမျိုးဒေါသ စွမ်းအင်ဖိအား မြို့တော်ပေါ်သို့ ကျဆင်းလာသည်။
ကျိုးရှီ ရုတ်တရက်ပြောင်းသွားသည့် ရာသီဥတုကိုမော့ကြည့်၍ တံတွေးကျိတ်မျိုသည်။ မသေမျိုးတစ်ယောက် ဒေါသထွက်လျှင် မိုးမြေအရောင်ပြောင်းသည်။
ကြိုတင်ပြင်ဆင်၍ မသေမျိုးအဆင့်မှော်စက်ဝန်းတစ်ခုကို သူတည်ဆောက်ခဲ့သည်။ အသံတိတ်မသေမျိုးက သူ့ကိုဘယ်လို အာရုံခံမိသွားသည်မသိ။
ထိုမသေမျိုးလည်း နတ်ဆိုးမြို့တော်တွင် ရှိနေခြင်းလား။ သို့ဆိုလျှင် သူနှင့် အသံတိတ်မသေမျိုး မှော်စက်ဝန်းထဲ အတူပိတ်မိခြင်းသာဖြစ်သည်။
ချင်ဟဲက ဘာကြောင့်အကောင်းပကတိရှိနေသည်မသိ။
အသံတိတိတ်မသေမျိုးက ချင်ဟဲကို ‘ငါ့လူ’ဟုပြောသည်။ သူ့လူဖြစ်နေ၍ ချင်ဟဲ အကောင်းအတိုင်းရှိနေခြင်းလော…
“နေပါဦး အသံတိတ်မသေမျိုး၊ ကျုပ်တို့ကြားမှာ နားလည်မှုလွဲတာလေးရှိနေတယ်ထင်တယ်။ ကျုပ်လည်း ချင်ဟဲလို အညံ့ခံ…”
“ဘုန်း”
ပဲပြာအရှင်မျက်လုံးများ ပြူးကျယ်လာပြီး လျှပ်စီးအမြန်နှုန်းဖြင့် ကျိုးရှီကို ပိတ်ကန်သည်။ ကျိုးရှီ မှော်စက်ဝန်းနံရံဆီ လွင့်ထွက်သွားသည်။ သူ့အတွင်းကလီစာများ ဗြောင်းဆန်သွားသည်။
“သခင်”
နတ်မယ်ကိုမြင်ရသဖြင့် ချင်ဟဲမယုံနိုင်အောင်ဖြစ်နေသည်။ စိတ်ခံစားချက်များ လှုပ်ရှားလာသည်။ တုန်တုန်ရင်ရင်ဖြင့် အော်ခေါ်သည်။ ရင်းနှီးသလို မရင်းနှီးသလို မှတ်ဉာဏ်များ သူ့အာရုံတွင် ပြည့်လျှံနေသည်။ ကျလာသည့်မျက်ရည်များကိုပင် မသုတ်နိုင်တော့။
နှစ်လေးသိန်းခွဲခဲ့ရပြီးမှ သူ့လွမ်းဆွတ်နေသည့်ဆရာ ပြန်ရှင်သန်လာသည်။
အိပ်မက်လိုပင်ဖြစ်သည်။
“ချင်ဟဲ၊ နင်အဆင်ပြေမယ်ဆိုတာ ငါသိသားပဲ”
အကောင်းပကတိရှိနေသည့် ချင်ဟဲကိုလှည့်ကြည့်၍ နတ်မယ် ပျော်ရွှင်စွာရယ်မောလိုက်သည်။ ချင်ဟဲကို ပဲပြာက ဒုက္ခပေးမည်ကို သူစိုးရိမ်ခဲ့ရသည်။
“ချင်ဟဲ၊ ခဏစောင့်ဦး။ ကျိုးရှီနဲ့ သွားစာရင်းရှင်းလိုက်ဦးမယ်”
ပဲပြာအရှင်၏ကန်ချက်ခံရပြီးနောက် အသိပြန်ဝင်လာချိန်တွင် ဝမ်းဗိုက်သို့ကျလာသည့် နတ်မယ်လက်သီးဒဏ်ကို ကျိုးရှီခံလိုက်ရပြန်သည်။ ဝမ်းဗိုက်တစ်ခုလုံး ပြောင်းပြန်လန်သွားသလို ခံစားရသည်။ ခါးသက်သည့်အရာများ အန်ထွက်လာသည်။
ကြောက်စရာကောင်းလွန်းသည့် လက်သီးချက်ဖြစ်သည်။
မီးနိုင်ငံခေတ်တွင် မသေမျိုးအဆင့်သို့ သူရောက်ခဲ့သည်။ ရှေးဟောင်းမသေမျိုးငါးယောက်အုပ်စိုးစဉ်ကာလကို ကိုယ်တွေ့မကြုံခဲ့သော်လည်း ယင်ထန်တို့ထံမှ ထာဝရနတ်မယ်၏ဇာတ်လမ်းများ သူကြားခဲ့ရသည်။ စွမ်းအားကြီးမှန်းသိသည်။
ဝိညာဉ်ခန္ဓာသာရှိသော်လည်း သူလုံးဝမယှဉ်နိုင်။
ဤမသေမျိုးနှစ်ယောက်ကို ယင်ထန်တို့လေးယောက်ပေါင်းတိုက်လျှင်ပင် နိုင်မည်မဟုတ်။
ထွက်ပြေးရမည်။ သူထွက်ပြေးရမည်။
ပဲပြာနှင့်နတ်မယ်က စိတ်ရှိလက်ရှိဒေါသဖွင့်ထုတ်၍ ကျိုးရှီကို ကြက်တောင်ရိုက်သလို တစ်ယောက်တစ်လှည့် ရိုက်နေသည်။ ဟိုဘက်လွင့်သွားလိုက် ဒီဘက်လွင့်လာလိုက်ဖြစ်နေသည်။
နောက်ဆုံးတွင် ဝေဒနာကိုတင်းခံ၍ ကျိုးရှီ နတ်ဆိုးနယ်မြေမှ ကြိုးစားပျံထွက်သည်။
သို့သော် နတ်ဆိုးနယ်မြေအစွန်သို့ရောက်ချိန်တွင် မြို့တော်တစ်ခုလုံးကို မသေမျိုးအဆင့်မှော်စက်ဝန်းဖြင့် ဖုံးအုပ်ထားကြောင်း သူပြန်သတိရလာသည်။ ထိုမှော်စက်ဝန်းကို သူဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်သည်။
ဖောက်ထွက်ဖို့အတွက် အသက်သုံးရှူစာ အချိန်ကြာမည်။
သို့သော် ပဲပြာနှင့်နတ်မယ်ရှေ့တွင် အသက်သုံးရှူစာမဆိုထားနှင့်။ အသက်ရှူခွင့်ပင်မရ။
ကံဆိုးသည်။ ကိုယ်တိုင်တည်ဆောက်ထားသည့် မှော်စက်ဝန်းတွင် ကိုယ့်ဘာသာပိတ်မိနေသည်။
မြင်းနဂါးရှစ်ကောင်ဆွဲသည့်ရထားဖြင့် နန်းတော်မှထွက်နေသည့်ကျူးထန်လည်း ပဲပြာအရှင်နှင့်နတ်မယ်ကို မြင်ပြီးနောက် ရထားဇက်ကြိုးကို ပြန်ချည်၍ ကြမ်းပြင်တွင်ဆောင့်ကြောင့်ထိုင်လျက် သူမှောက်လှန်ပစ်ခဲ့သည့် သစ်သီးများကို ဗန်းထဲသို့ ပြန်ကောက်နေသည်။
မသေမျိုးသုံးယောက် တိုက်ပွဲဖြစ်နေသည်။ သူအပြင်မထွက်ခဲ့မိ၍ ကံကောင်းသည်။ ထွက်ခဲ့လျှင် ဘယ်လိုကံကြမ္မာမျိုးကြုံရမည်မသိ။
ကျိုးရှီကို သူမသိ။ သို့သော် နတ်မယ်ကိုယ်တိုင် တိုက်ခိုက်နေသည်ဆိုလျှင် မသေမျိုးတစ်ယောက်သာဖြစ်ရမည်။
"ဝုန်း ဝုန်း"
သည်းထန်သည့်မိုးများ ရွာသွန်းလာပြီး နတ်ဆိုးမြို့တော်ကို ဆေးကြောနေသည်။ ကျိုးရှီကိုပေါ်ကျလာသည့် မိုးစက်များ တရှဲရှဲအသံမြည်၍ အငွေ့ပျံသွားသည်။ တစ်ကိုယ်လုံး အခိုးအငွေ့များလွှမ်းခြုံသွားသည်။
ကျိုးရှီ အသက်ကိုမောပန်းစွာရှူရှိုက်နေသည်။ သူ့ကိုယ်မှဒဏ်ရာများ လျင်မြန်စွာပျောက်ကင်းသွားသည်။ မုယင်ရှန်ရန်ထံမှ အားဖြည့်ခြင်းအရိယဖလသန္ဓေ ရထား၍တော်သေးသည်။ မဟုတ်လျှင် အစောကတည်းက အသက်ရှူခွင့်မရဘဲ သေသွားပြီးဖြစ်မည်။
ပဲပြာအရှင် မျက်ခုံးနှစ်ဘက် မြင့်တက်သွားသည်။ မသေမျိုးတစ်ယောက်၏ခန္ဓာသည် ဒဏ်ရာပြန်ကုစားနိုင်သည့် အစွမ်းမျိုးရှိသည်။ သို့သော် သူ့ဖျက်ဆီးခြင်းအရိယဖလစွမ်းအားသည် ကုစားမှုကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
ယခု သူ့စွမ်းအားဖြင့် ထိန်းချုပ်ထားသည့်တိုင် ကျိုးရှီက ဒဏ်ရာပြန်ကုနိုင်သည်။ တစ်ခြားနည်းလမ်းတစ်ခုခုရှိနေသည့် သဘောဖြစ်သည်။
သို့သော် ကိစ္စမရှိ။ သူ့ရှေ့တွင် ဘယ်နည်းလမ်းဘယ်ပညာမှ အသုံးမဝင်နိုင်။
ကျိုးရှီက ချင်ဟဲနှင့် ယွမ်မုန်မုန်ကို ကမ္ဘာတုန်စွမ်းအားပညာမျိုးဖြင့် တစ်ကိုယ်တော်နှိပ်ကွပ်ခဲ့သည်။ သို့သော် ပဲပြာနှင့်နတ်မယ်၏ တိုက်ခိုက်မှုများက ရိုးရှင်းသည်။ လက်သီးချက် ခြေကန်ချက်များသာပါသည်။ ဘာဟိတ်ဟန်မှမရှိ။
မဟာတာအိုသည် ရိုးရှင်းသည်ဟူသည့် သဘောတရားနှင့် ကိုက်ညီနေသည်။ လှုပ်ရှားမှုတိုင်းက တာအိုအနှစ်သာရ ပြည့်ဝသည်။
သို့သော် သူတို့တိုက်ပွဲကြောင့် နတ်ဆိုးမြို့တော်အပေါ် ကြီးမားသည့်ဖိအား သက်ရောက်နေသည်။ လူအားလုံး တောင်တစ်လုံးဖြင့်ဖိထားသလို ခံစားရသည်။ ကျင့်စဉ်အဆင့်နိမ့်သူများ ကြည့်ခွင့်ပင်မရ။
"ချင်ထန်ထောင်လက်ဝါး"
နောက်ဆက်တွဲ ဒဏ်ရာအပြင်းအထန်ရမည်ကို အရေးမစိုက်တော့။ ကျိုးရှီ ချင်ထန်ထောင်လက်ဝါးပညာကို ထပ်သုံးသည်။ ကြီးမားသည့်အစိမ်းရောင်လက်ဝါးတစ်ခု ကောင်းကင်မှဆင်းလာသည်။
လက်ဝါးတွင် ပြင်းထန်သည့် စွမ်းအင်သင်္ကေတများ ပြည့်နေသည်။
"ဖျက်ဆီးမယ်"
ပဲပြာအသံက အေးစက်စက်ပေါ်လာသည် အစိမ်းရောင်လက်ဝါးရိပ်က လက်ချောင်းထိပ်မှစ၍ စွမ်းအင်သင်္ကေတများအထိ ပျက်စီးပျောက်ကွယ်သွားသည်။
ကျိုးရှီ ကြိုတင်ပြင်ဆင်ထားသည့် မှော်အဆောင်တစ်ခုထုတ်လိုက်သည်။ မသေမျိုးအဆင့်မှော်အဆောင်တစ်ခုသည် မသေမျိုးတစ်ဝက်တစ်ယောက်ကို သတ်ဖြတ်နိုင်အောင်အောင် စွမ်းအားကြီးသည်။
"မီးတောက်ကြာနီ"
အနီရောင်ကြာပန်းတစ်ပွင့်ပေါ်လာသည်။ ဘေးပတ်လည်အားလုံးကို လောင်ကျွမ်းနေသည်။ ပဲပြာအရှင်သည်ပင် မီးတောက်ကြာနီနှင့်ထိလျှင် လောင်ကျွမ်းခံရနိုင်သည်။
"ပုံရိပ်လေဟာနယ်"
ကြီးမားသည့် ပုံရိပ်ယောင်တစ်ခု ပွင့်လာသည်။ ပဲပြာအရှင်နှင့်နတ်မယ် ပုံရိပ်ယောင်နယ်မြေထဲ ကျသွားသည်။ ထိုနှစ်ယောက်ကို ခဏအာရုံလွှဲနိုင်လျှင်ပင် သူ့အတွက် အချိန်နည်းနည်းရနိုင်သည်။
"မြေအောက်သရဲအရိပ်"
သရဲအရိပ်များစွာပေါ်လာသည်။ ထိုသရဲများသည် မီးနိုင်ငံ၏ ငရဲကိုးထပ်တွင် သူစုစည်းခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။ သရဲစစ်သည့်များစွာ သယ်ဆောင်လာသည့်ယင်ဓာတ်များ လွှမ်းခြုံခံရလျှင် တစ်ခြားဘာကိုမှ အာရုံမစိုက်နိုင်အောင် ဟန့်တားနိုင်သည်။
(**ကိုးငရဲဂိုဏ်း၏ ငရဲနယ်မြေ သို့မဟုတ် မြေအောက်နယ်မြေအကြောင်း နောက်ပိုင်းတွင် ပါလာပါမည်။ မီးနိုင်ငံခေတ်တွင်လည်း ထိုနည်းအတိုင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်)
"ဖျက်ဆီးမယ်"
ပဲပြာအရှင်ကို ပုံရိပ်ယောင်နယ်မြေက လုံးဝမသက်ရောက်။ ဖျက်ဆီးခြင်းစွမ်းအားပါသည့် စကားတစ်ခွန်းရေရွတ်ရုံသာဖြစ်သည်။ မသေမျိုးတာအိုနယ်ပယ်မှာ ဖျက်ဆီးခြင်းပညာရပ်များတွင် 'အသံတိတ်'ဖျက်ဆီးခြင်းပညာသည် ထိပ်ဆုံးတွင်ရှိသည်။
ရှေးဟောင်းမသေမျိုးလေးယောက်ပင် ထိုစွမ်းအားကို မယှဉ်နိုင်ကြ။ အရိယဖလမရှိသည့် ကျိုးထန်လို မသေမျိုးဆိုလျှင် ပြောစရာပင်မလိုတော့။
အဖျက်စွမ်းအားကြောင့် မီးတောက်ကြာနီ ချက်ချင်းပျောက်ကွယ်သွားသည်။ သန်းချီသည့်သရဲများ ပြာကျသွားသည်။ ကျိုးရှီက ထိုအချိန်ကို အခွင့်ကောင်းယူ၍ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။
ထိုးထွင်းအရိယဖလဆုံးရှုံးခဲ့သော်လည်း ကိုယ့်ကံကြမ္မာကိုယ်ကြည့်နိုင်သည့် နည်းလမ်းတစ်ချို့တော့ သူတတ်ထားသည်။ ထိုစွမ်းရည်သည် တော်ဝင်ရှီမျိုးနွယ်၏ ထူးခြားချက်ဖြစ်သည်။ သူ့မျိုးဆက်တွင် ထူးထူးခြားခြား တိုးတက်အောင်လုပ်နိုင်ခဲ့သည်။
ကောင်းကင်မျက်လုံးအာရုံတွင် သူ့ကိုယ်သူ မြူခိုးများကြား၌ ကူကယ်ရာမဲ့နေသည်ကို မြင်ရသည်။ ဤတိုက်ပွဲတွင် သူသေလျှင်သေ။ မသေလျှင် တစ်သက်လုံး အကျဉ်းစံဘဝနေရမည့် အဓိပ္ပါယ်ဖြစ်သည်။ တတိယဖြစ်နိုင်ခြေဟူ၍ မရှိ။
သူပြတ်သားစွာဆုံးဖြတ်လိုက်သည်။ လျှာကိုကိုက်၍ သွေးသန္ဓေများထွေးထုတ်ပြီး ကံကြမ္မာလွန်မြောက်ခြင်းပညာကို ထုတ်သုံးသည်။
"ကံကြမ္မာကို ဆန့်ကျင်မယ်"
ထိုပညာသည် ကိုယ့်ကံကြမ္မာကိုယ် ပြောင်းလဲနိုင်စွမ်းရှိသည်။ မြူဆိုင်းနေသည့်အနာဂတ်ကို အဖြူရောင်ဖြစ်အောင် ပြောင်းလဲနိုင်သည်။ ရှင်သန်ခွင့်နည်းနည်းရနိုင်သည်။
"ထာဝရတည်မြဲခြင်းစွမ်းအား"
နတ်မယ်က ထာဝရအရိယဖလဖြင့် ကျိုးရှီ၏ကံကြမ္မာကို မပြောင်းလဲနိုင်အောင် ပိတ်ဆို့လိုက်သည်။ ဘယ်နတ်စွမ်းအားသုံးသုံး ကံကြမ္မာကို ပြောင်းလဲနိုင်မည်မဟုတ်။
ထာဝရအရိယဖလသည် ကိုယ့်အခြေအနေကို ထိန်းသိန်းနိုင်ရုံသာမက တစ်ခြားလူများ၏အခြေအနေကိုလည်း ထိန်းသိမ်းနိုင်သည်။
ကျိုးရှီ အကြီးအကျယ်ထိတ်လန့်သွားသည်။ ထိုအဖြစ်မျိုးကြုံရမည် ထင်မထား။ သူ့ကံကြမ္မာဆန့်ကျင်ပညာက လုံးဝအကျိုးမသက်ရောက်။ ထိုစွမ်းရည်သည် ရှေးဟောင်းမသေမျိုးငါးယောက်ခေါင်းဆောင်၏ ထူးခြားစွမ်းရည်လားမသိ။
ပဲပြာက သရဲစစ်သည်တို့၏ပြာမှုန်များကြားမှ ထွက်လာသည်။ သူ့မျက်လုံးကအေးစက်နေသည်။ ကျိုးရှီကို လူသေအလောင်းတစ်ခုလို ကြည့်နေသည်။
"ချင်ဟဲရှေ့မှာ ဒူးထောက်စမ်း"
သူ့စကားသံက တင်းမာပြတ်သားသည်။ လွန်ဆန်မရသည့်ဩဇာရိပ် အပြည့်ပါသည်။
ခြေတစ်လှမ်းတိုးပြီး ကျိုးရှီခေါင်းကိုဖမ်းချုပ်၍ အောက်ဘက်မြေပြင်သို့ အတင်းဆွဲချသည်။ ချင်ဟဲရှေ့တွင် ဒူးထောက်ခိုင်းသည်။
နတ်မယ်လည်း လေထဲမှဆင်းလာပြီး ပြုံးရွှင်သည့်မျက်နှာဖြင့်နှုတ်ဆက်သည်။
"ချင်ဟဲ၊ မတွေ့ရတာကြာပြီနော်"