အခန်း (၁၁၀၈-၁၁၁၀)
Vol. 74 Ch. 1108-1110
အခန်း (၁၁၀၈) ရှောင်ယန် ငါနင့်ကိုထားခဲ့ရတာ တကယ်စိတ်မကောင်းပါဘူး
အဓိပဓိမသေမျိုးနှစ်ယောက် တိုက်ပွဲက ပြင်းထန်နေသည်။ အဖျက်စွမ်းအားက ထာဝရစွမ်းအားနှင့် ရင်ဆိုင်တွေ့သည်။ အချိန်နှင့်လေဟာနယ်ကို ဖျက်ဆီးသည်။ အရှိလောကကို ချေမွသည်။
ပဲပြာအရှင်တစ်ကိုယ်လုံး မီးတောက်များဖုံးလွှမ်းနေသည်။ သူ့ဘေးပတ်လည်လေဟာနယ် တဝုန်းဝုန်းတုန်ခါနေသည်။ လောကဖျက်မီးတောက်အစွမ်းဖြစ်သည်။
မသေမျိုးခန္ဓာနှင့် မသေမျိုးဝိညာဉ်နှစ်ခုလုံးကို လောင်ကျွမ်းနိုင်သည်။ ဘယ်တော့မှ ငြိမ်းပျောက်သည်မရှိ။ သူဆန္ဒရှိလျှင် အရှေ့ပင်လယ်ကိုပင် အဖျက်မီးတောက်ဖြင့် ခမ်းခြောက်အောင်လုပ်နိုင်သည်။
သူနှင့်တိုက်ခိုက်လျှင် ဤအဖျက်မီးတောက်ထိမည်ကို အကြောက်ရဆုံးဖြစ်သည်။ ကုစားမရသည့် အသားပုပ်ကြွေနာရောဂါလို တိုက်စားခံရမည်။ မသေမျိုးခန္ဓာတစ်ခု ထိုသို့ပျက်စီးသွားလျှင် ပြန်လည်သန့်စင်ဖို့ တန်ဖိုးကြီးကြီးပေးဆပ်ရမည်။
ယင်ထန်မသေမျိုး သူ့ရုပ်ခန္ဓာကိုယ်ဆုံးရှုံးခဲ့သည့် အဓိကအချက်မှာ ပဲပြာအရှင်၏ မီးတောက်သင့်ခဲ့သောကြောင့်ဖြစ်သည်။
နတ်မယ်က ထာဝရမသေမျိုးဝိညာဉ်ခန္ဓာပိုင်ဆိုင်သည်။ လောကဖျက်မီးတောက်က သူ့ကိုလုံးဝ ဒုက္ခမပေးနိုင်။
"နင့်စွမ်းအားမလုံလောက်သေးဘူး နတ်မယ်"
ပဲပြာအရှင်က နတ်မယ်လက်သီးချက်ကို ခေါင်းတစ်ဘက်စောင်း၍ ခုခံလိုက်ပြီးနောက် ဖြေးဖြေးချင်း ခေါင်းပြန်မတ်လာသည်။ ထိုလက်သီးချက်က အယားဖြေသလောက်သာရှိသည်။
"လောကဖျက်မီးတောက်ကို မကြောက်ဘူးပေါ့။ ထာဝရအရိယဖလ တကယ်ပီသတာပဲ"
မသေမျိုးနှစ်ယောက်၏ လှုပ်ရှားမှုတိုင်း မိုးမြေအရောင်ပြောင်းသွားသည်။ လေဟာနယ်တုန်ခါသွားသည်။ မသေမျိုးအလင်းများ ပေါက်ကွဲထွက်လာသည်။ တိုက်ခိုက်မှုများက မိုးသက်မုန်တိုင်နးှင့်တူသည်။
အောက်ဆင်းလိုက် အပေါ်တက်လိုက်ဖြင့် အာကာသအနှံ့ တိုက်ခိုက်သည်။ ပုံရိပ်ယောင်ကြယ်များ ကြေမွတော့မလို အဆက်မပြတ်တုန်ခါနေသည်။
"ဒီအားလှိုင်းမျိုးက..."
မဟာရှားနန်းတော် တားမြစ်နယ်မြေတွင်ရှိနေသည့် မုန်ကျင်းဇီနှင့်ကျန်းပင်ကန်း ပြိုင်တူထရပ်လာသည်။ မယုံနိုင်အောင်ဖြစ်နေကြသည်။
"နတ်ဆိုးနယ်မြေဘက်ကမဟုတ်လား"
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ သူတို့အံ့ဩနေသည်။ နတ်ဆိုးနယ်မြေသည် မဟာရှားနန်းတော် အတော်ဝေးသည်။ သို့သော် တိုက်ပွဲစွမ်းအင်လှိုင်းများကို ခံစားနေရသည်။ ဘယ်သူများ တိုက်ခိုက်နေသည်မသိ။
မုန်ကျင်းဇီနှင့် ပဲပြာအရှင် ဗုဒ္ဓနယ်မြေတွင် တိုက်ခိုက်ချိန်က မဟာရှားတွင်ရှိနေသည့် ကျန်းပင်ကန်း ဘာမှမသိခဲ့။ နောက်ပိုင်းမှသာသိခြင်းဖြစ်သည်။
"အင်း..နောက်ဆုံးတော့ တွေ့ကြပြီပေါ့"
ယွမ်ကျိက ဆေးစိုက်ခင်းရှိ ဉာဏ်အလင်းသစ်ပင်မှ သစ်ရွက်များကောက်ရင်း အဝေးမှတိုက်ပွဲစွမ်းအင်လှိုင်းကို ခံစားမိသည်။ သွားစစ်ဆေးစရာမလို။ နတ်မယ်နှစ်ယောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သူခန့်မှန်းမိသည်။
သစ်ရွက်ကောက်ပြီးနောက် အေးအေးလူလူ ကောင်းကင်ဂိတ်တောင်ထိပ်သို့ပြန်သည်။ လက်ဖက်ရည်ကျို၍ သောက်သည်။
"ဒီလိုကြုံရခဲတဲ့တိုက်ပွဲကို ကြည့်ခွင့်မရတာ ဆိုးတာပဲ။ မီးခိုးမသေမျိုး(ပဲပြာ)က စီနီယာနတ်မယ်ရဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတာ။ အန္တရာယ်ကို ကောင်းချီးအဖြစ်ပြောင်းလဲနိုင်စွမ်းရှိတယ်။
သူတို့နှစ်ယောက် တိုက်ခိုက်မှပဲ ကံကြမ္မာချင်း ရင်ဆိုင်ရမှာ။ ဒီတိုက်ပွဲရလာဒ်ကို သူသိနိုင်ပါ့မလား။ ရှောင်လုကငါ့ကို အကူမခေါ်ဘူး။ နတ်မယ်က ဒီကိစ္စမှာ ငါ့ကိုဝင်မစွက်စေချင်လို့ဖြစ်မယ်"
အရှေ့ပင်လယ်တွင် ပဲပြာအရှင်ရင်ဆိုင်တွေ့ပြီးနောက် သူလေးကြိမ်စမ်းသပ်ခဲ့သည်။ ပဲပြာအရှင်ပြဿနာကို ဖြေရှင်းဖို့ နတ်မယ်လှုပ်ရှားဖို့လိုကြောင်း သူနားလည်သည်။
"ရှောင်ယွမ်၊ မသေမျိုးတိုက်ပွဲ ဖြစ်နေတာလား"
ပင်လယ်တာအိုသခင်လည်း တိုက်ပွဲလှိုင်းကိုအာရုံရသဖြင့် ယွမ်ကျိထံ အမြန်ရောက်လာ၍ အခြေအနေစုံစမ်းသည်။ ထိုတိုက်ပွဲတွင် မသေမျိုးဘယ်နှစ်ယောက်ပါဝင်သည်ကို သူမခွဲခြားနိုင်။
"ဟုတ်တယ်"
"ငါတို့သွားကြည့်ကြမလား"
ဖန်ဝူယာ အတော်စိတ်အားထက်သန်နေသည်။ ထိုမသေမျိုးတိုက်ပွဲများသည် တစ်သက်တစ်ခါမြင်ရခဲသည်။ နန်းမြို့တော်တိုက်ပွဲကို သူမကြည့်လိုက်ရ။ ဤတစ်ပွဲကို သူလက်မလွှတ်ချင်။
တိုက်ပွဲတည်နေရာကို အကြမ်းဖျင်းခန့်မှန်း၍ လေဟာနယ်လမ်းကြောင်းတစ်ခု သူဖွင့်လိုက်သည်။ သို့သော် လေဟာနယ်တံခါးက ဖွင့်ပြီးပြီးချင်း ပျောက်ကွယ်သွားသည်။
"ဒါဘယ်လိုဖြစ်တာလဲ"
ဖန်ဝူယာ မျက်လုံးပြူးသွားသည်။ ထိုအဖြစ်မျိုး သူတစ်ခါမှမကြုံဖူး။
ယွမ်ကျိက လက်ဖက်ရည်တစ်ခွက်သောက်ပြီး နောက်တစ်ခွက်ငှဲ့၍ ဖန်ဝူယာကို ဖိတ်ခေါ်ရင်း အကြံပေးသည်။
"အဲဒီကိုမသွားဖို့ ကျွန်မအကြံပေးချင်တယ်။ တိုက်ပွဲနေရာက လေဟာနယ်က လုံးဝပရမ်းပတာဖြစ်နေတယ်။ လေဟာနယ်ကူးဖို့ မဖြစ်နိုင်ဘူး"
....
"ခန္ဓာကိုယ်ဖောက်ခွဲမယ်"
အာကာသတွင် ပေါက်ကွဲသံများ ဆက်တိုက်ပေါ်လာသည်။ မီးတောက်များ ထိုးထွက်လာသည်။ ညအချိန်ဖြစ်သော်လည်း နေ့ခင်းဘက်သို့ လင်းထိန်နေသည်။
ပဲပြာ တစ်ချက်အထိနာသည်။ ကောင်းကင်ပြင်တွင် သွေးများစွန်းထင်းသွားသည်။ သို့သော် ဒဏ်ရာက ချက်ချင်းပြန်ပျောက်သွားသည်။
"ရုပ်ခန္ဓာမရှိဘဲ နင့်စွမ်းအားကို ဘယ်လောက်ထိထုတ်သုံးနိုင်မှာလဲ"
ပဲပြာက ဝင့်ကြွားသည့်လေသံဖြင့်ပြော၍ ရှေ့သို့လှမ်းလာသည်။ သူ့ဒဏ်ရာများ ချက်ချင်းပြန်ပျောက်သွားသည်က ရုပ်ခန္ဓာအလွန်အားကောင်းသောကြောင့်ဖြစ်သည်။ ဒဏ်ရာကုသနိုင်သည့်စွမ်းရည် အလိုလိုပိုင်ဆိုင်ထားသည်။ ဘာအရိယဖလမှမလို။
ခန္ဓာကိုယ်ဖောက်ခွဲစွမ်းအားကို ရင်ဆိုင်၍ ပေါက်ကွဲမှုဗဟိုချက်ဆီ သူလျှောက်သွားသည်။ နတ်မယ်အားဖြည့်ချိန်ကို အခွင့်ကောင်းယူ၍ လက်သီးတစ်ချက်ထိုးလိုက်သည်။
"မသေမျိုးသတ်လက်သီး"
အဖျက်အရိယဖလကို အခြေခံ၍ သူကိုယ်တိုင်တီထွင်ထားသည့် တိုက်ခိုက်နည်းပညာဖြစ်သည်။ ထိရောက်မှုတွင် ပြိုင်ဘက်ကင်းသည်။ အာကသားကို တုန်ခါစေနိုင်စွမ်းရှိသည်။
လက်သီးတွင်ပါဝင်သည် အဖျက်စွမ်းအားက အဆုံးစမရှိ။ အသက်ဓာတ်အားလုံးကို ရှင်းလင်းနိုင်သည်။ သက်တမ်းချက်ချင်းလျော့ပါး၍ အိုမင်းရင့်ရော်ပြီး သေသွားအောင်လုပ်နိုင်သည်။
နတ်မယ်တွင် အသက်ဓာတ်မနည်း။ အသက်ဓာတ်ဖျက်ဆီးသည့်အာနိသင် မထိရောက်နိုင်။ သို့သော် ပဲပြာ၏လက်သီးချက်တွင် ကမ္ဘာဖျက်နိုင်သည့်စွမ်းအားမျိုး ပါလာသဖြင့် သူချက်ချင်းလွင့်ထွက်သွားသည်။
ပဲပြာက အဆက်မပြတ်တိုက်ခိုက်သည်။ နတ်မယ်ကို အသက်ရှူခွင့်မပေး။ အာကသကိုလွန်မြောက်၍ ခြောက်ခုမြောက်တိုက်နယ်ဖြစ်သည့် ဝူလင်တိုက်နယ်ထိရောက်အောင် တရစပ်တိုက်ခိုက်သည်။
(**နတ်ဆိုးနယ်မြေသည် အလယ်ပိုင်းတိုက်နယ်နှင့် ဒေါင်လိုက်အနေအထားရှိသည်။ ခြောက်ခုမြောက် ဝူလင်တိုက်နယ်နှင့်လည်း ဒေါင်လိုက်အနေအထားရှိသည်။
သေတ္တာတစ်လုံး၏ မျက်နှာပြင်တစ်ခုမှ ဘေးချင်းကပ်မျက်နှာပြင်သို့ ရောက်သွားသည့်သဘောဖြစ်သည်။
ဤတိုက်နယ်သည် အလယ်ပိုင်းတိုက်နယ်နှင့် ပုံစံတူဖြစ်သည်။ တောင်တန်းများနှင့်မြစ်များ ကန်နှင့်ပင်လယ်များ ပေါများစွာတည်ရှိသည်။ သို့သော် သက်ရှိနှင့်ဝိညာဉ်စွမ်းအင် မရှိ။ အရိုင်းတိုက်နယ်စစ်စစ်ဖြစ်သည်။
"အရာအားလုံးလွင့်ပါးပျောက်ကွယ်"
ပဲပြာအရှင်က သိပ်သည်းသည့် သေခြင်းရနံ့ကို ထုတ်လွှတ်လိုက်သည်။ သူဖြတ်သန်းရာတလျှောက် အပင်များ နွမ်းခြောက်သွားသည်။ တောင်းတန်းများ မြေပြန့်အဖြစ် ပြိုကျသွားသည်။ မြစ်များ ခန်းခြောက်သွားသည်။
ကန္တာရများ ဆန့်ထွက်သွားသည်။ ထို့နောက် အရာအားလုံးပြာမှုန်ဖြစ်၍ ဗလာပြင်ဖြစ်သွားသည်။
အဖျက်စွမ်းအား။ အားလုံးကိုဗလာနယ်ဖြစ်အောင်လုပ်နိုင်သည်။
"ထာဝရ တည်မြဲခြင်း"
နတ်မယ်အောက်ဟစ်လိုက်သည်။ ရောက်နေသည့်နေရာကို ထိန်းချုပ်လိုက်သည်။ ပြင်ပစွမ်းအားများ လုံးဝသက်ရောက်နိုင်စွမ်းမရှိ။
"တကယ်ဒုက္ခများတဲ့ စွမ်းရည်ပဲ။ နင်မသေမျိုးတစ်ဝက်အဆင့်မှာ အဖျက်အရိယဖလကိုစွန့်ပြီး ထာဝရအရတည်ဆောက်ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး"
ပဲပြာအရှင်က အေးစက်စက်ပြောသည်။ သူပြိုင်ဘက်အားလုံးထဲတွင် ထာဝရအရိယဖလသည် ရင်ဆိုင်ရအခက်ဆုံးဖြစ်သည်။ သို့မဟုတ် ထာဝရအရိယဖလသည် သူ့အရိယဖလ၏ ဆန့်ကျင်ဘက်ဖြစ်သည်။
"ဒါနင့်စွမ်းအားအကုန်ပဲဆိုရင်တော့ နင်သေလိုက်တော့"
.....
"တိုက်ပွဲအခြေအနေ ဘယ်လိုများရှိမလဲ"
လုယန်တို့ တိုက်ပွဲရလာဒ်ကို စိတ်ပူပန်စွာ စောင့်ဆိုင်းနေသည်။ ထာဝရနတ်မယ်နှင့်ပဲပြာအရှင်တို့ အာကသသို့တက်သွားချိန်တွင် ဘယ်သူအသာစီးရသည်ကို သူတို့ခန့်မှန်းမရ။ ဝူလန်တိုက်နယ်သို့ ရောက်သွားပြီးနောက်ပိုင်း တိုက်ပွဲအရိပ်အယောင်ကိုပင် မမြင်ရတော့။
"ဘုန်း"
လူတစ်ယောက် မြေပြင်ပေါ် ထိုးကျလာသည်။ နတ်ဆိုးမြို့တော်ခန့်ကျယ်ဝန်းသည့် တွင်းနက်တစ်ခုဖြစ်လာသည်။
"နတ်မယ်"
လုယန် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ ကျလာသူက တကယ်ပင် နတ်မယ်ဖြစ်သည်။
"မလာခဲ့နဲ့"
နတ်မယ်က လှမ်းအော်သည်။ ယခု သူ့ကိုယ်ပေါ်တွင် အဖျက်စွမ်းအင်များရှိနေသည်။ ထိုစွမ်းအင်နည်းနည်းထိရုံဖြင့် ရှောင်ယန် သေသွားနိုင်သည်။
ပဲပြာအရှင် မြေပေါ်သို့ဆင်းလာသည်။ လဲကျနေသည့်နယ်မယ်ထံ တစ်လှမ်းချင်းတိုးလာသည်။
"ချင်ဟဲမျက်နှာနဲ့ နင့်အသက်ကို ငါချမ်းသာပေးလို့ရတယ်။ ဒါပေမယ့် နင်ကလွဲလို့ ကျန်တဲ့လူတွေအားလုံး သေရမယ်"
ပဲပြာအရှင်က လုယန်ဆီ ခေါင်းလှည့်ကြည့်သည်။ သူ့မျက်လုံးမှ လူသတ်ရိပ်များက သိပ်သည်းလွန်းသည်။
"အထူးသဖြင့် နင်ပဲ။ ငါ့အကြောင်းကိုသိလို့ ယင်ထန်အလောင်းကိုရှင်းဖို့ ငါ့ကိုအသုံးချတယ်"
နတ်မယ် ဒယိမ်းဒယိုင် ထရပ်လာပြီး ပဲပြာရှေ့မှ ပိတ်ရပ်သည်။ သူ့မျက်လုံးများ တင်းမာခက်ထန်နေသည်။
"ရှောင်ယန်က ငါ့ကာကွယ်မှုအောက်မှာရှိတယ်။ သူ့ကို ဘယ်သူမှ ထိခွင့်မပေးဘူး"
ထို့နောက် လုယန်ကို လှည့်ကြည့်၍ မချိပြုံးပြုံးပြသည်။
"ရှောင်ယန်၊ နင့်ကိုထားခဲ့ရတာ ငါတကယ်စိတ်မကောင်းပါဘူး"
"နတ်မယ်၊ ခင်ဗျားဘာလုပ်မလို့လဲ"
လုယန် ထိတ်လန့်သွားသည်။ ရှေ့သို့ပြေးတက်၍ တားဆီးရန်ကြိုးစားသည်။
သို့သော် မမီတော့။ နတ်မယ်က ပြတ်သားစွာဆုံးဖြတ်လိုက်ဟန်ရှိသည်။ သူ့ဝိညာဉ်ခန္ဓာ စတင်တောက်ပလာသည်။ မှေးမှိန်နေရာမှ အသက်ဓာတ်များ ထိုးတက်လာသည်။
မဟုတ်သေး။ အသက်ဓာတ်တိုးလာရုံမဟုတ်။ ဝိညာဉ်ခန္ဓာက ရုပ်ခန္ဓာအဖြစ် အပြည့်အဝ အသွင်ပြောင်းသွားခြင်းဖြစ်သည်။
ထိုအဖြစ်ကိုကြည့်၍ ပဲပြာအရှင် မင်သက်မိသွားသည်။ နတ်မယ်က ထာဝရအရိယဖလစွမ်းအားဖြင့် ခန္ဓာကိုယ်အစစ် ဖန်တီးလိုက်သည်။
နတ်မယ် ပဲပြာအရှင်ကို စိုက်ကြည့်၍ စကားတစ်လုံးချင်းပြောသည်။
"ငါ ဒီအခြေအနေအထိ မဖြစ်ချင်ခဲ့ဘူး။ နင်ငါ့ကို ဖိအားပေးခဲ့တာပဲ"
*************************
အခန်း (၁၁၀၉) နာမည်
နတ်မယ်ရုပ်ခန္ဓာရလာသည်နှင့် အင်အားကြီးရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို ပဲပြာအရှင် ခံစားလိုက်ရသည်။
နတ်မယ်တွင် ရုပ်ခန္ဓာဖန်တီးနိုင်သည့် စွမ်းရည်မျိုး တကယ်ရထားသလားမသိ။
သို့သော် ထိုသို့ဖြစ်လာသည်ကလည်း ကောင်းပါသည်။ ဝိညာဉ်ခန္ဓာသာရှိသည့် နတ်မယ်ကို တိုက်ခိုက်ခြင်းသည် အနိုင်ရလျှင်ပင် စိတ်ကျေနပ်စရာမကောင်း။
"မသေမျိုးသတ်လက်သီး"
"မသေမျိုးလက်သီး"
နှစ်ယောက် နေရာမှ တစ်ပြိုင်တည်းပျောက်သွားသည်။ ပဲပြာအရှင်၏ လက်သီးချက်များက မြန်ဆန်သည်။ သို့သော် နတ်မယ်က ပိုမြန်သည်။ လက်သီးတစ်ချက် ပဲပြာအရှင်ဝမ်းဗိုက်ပေါ် ကျလာသည်။ နာကျင်လွန်းသဖြင့် ပဲပြာအရှင် မသေမျိုးသွေးတစ်ပွက် အန်ထွက်လာသည်။
ထိုသွေးများက မြေပြင်ကို တိုက်စား၍ တရှဲရှဲမြည်ပြီးမီးခိုးထွက်လာသည်။ မြေထုထဲသို့ ထိုးဖောက်သွားသည်။ မသေမျိုးလေးယောက်တည်ဆောက်ခဲ့သည့် လောကနံရံသို့ရောက်မှ ရပ်သွားသည်။
မျက်တောင်တစ်ခတ်အတွင်း တိုက်ကွက်ပေါင်းထောင်ချီ ရင်ဆိုင်ကြသည်။ သူတို့တိုက်ခိုက်သည့်လမ်းကြောင်းကို ချင်ဟဲပင်မမြင်နိုင်။ လေဟာနယ်ပြိုကွဲသည့် နေရာကိုကြည့်၍သာ မှန်းဆရသည်။
သို့တိုင်အောင် အမီလိုက်ကြည့်နိုင်သည်မဟုတ်။ အမြဲတမ်း ခြေတစ်လှမ်းနောက်ကျသည်။
ဝါရင့်မသေမျိုးတစ်ဝက်ချင်ဟဲပင် ထိုသို့ဖြစ်နေလျှင် ကျန်သည့်လူများအတွက် ပြောစရာပင်မလိုတော့။
ပဲပြာအရှင် နောက်သို့ဆက်တိုက်ဆုတ်နေရသည်။ သူ့လက်မောင်းနှစ်ဘက် အားလှိုင်းတုန်ခါမှုကြောင့် ထုတ်ကျင်လာသည်။ နတ်မယ်၏စွမ်းအားက အံ့ဩစရာကောင်းလောက်အောင် ကြီးမားသည်။
စွမ်းအားချင်းယှဉ်လျှင် ပဲပြာအရှင်ထက် နည်းနည်းသာသည်။
အစောပိုင်းကတိုက်ပွဲတွင် နတ်မယ် လက်သီးချက်သိပ်မထုတ်ခဲ့။ ဝိညာဉ်ခန္ဓာဖြင့် ရုပ်ခန္ဓာစွမ်းအားကို မယှဉ်နိုင်သောကြောင့်ဖြစ်သည်။
သို့သော်ယခု သူလည်း ရုပ်ခန္ဓာရထားသည်။ ဘာမှစိုးရိမ်စရာ မလိုတော့။
"ဪ..ဒါက နင့်စွမ်းအားအစစ်လား"
ပဲပြာအရှင် အံ့အားသင့်နေသည်။ သူစပေါ်လာကတည်းက ရှုံးနိမ့်မှုအရသာကို တစ်ခါမှမမြည်းစမ်းခဲ့ဖူး။ တစ်ခါမှ အရေးမနိမ့်ခဲ့ဖူး။ သူ့ရုပ်ခန္ဓာစွမ်းအားထက် သာသူကို ပထမဆုံးကြုံရခြင်းဖြစ်သည်။
"အဲလိုမှပေါ့။ အဲလိုမှ ငါနိုင်တဲ့အခါ အားရကျေနပ်မှာ"
နတ်မယ်ရုပ်ခန္ဓာရလာသော်လည်း သူလုံးဝမကြောက်။ သူနှင့်နတ်မယ်သည် မူလဖြစ်တည်မှုခြင်း အတူတူဖြစ်သည်။ ပြိုင်ဘက်ကင်းသန္ဓေတည်ဆောက်ခဲ့သည်။ ဘဝတွင်တစ်ခါမှ မရှုံးဖူး။ ကိုယ့်စွမ်းအားကိုယ် ယုံကြည်မှုအပြည့်ရှိသည်။
"အရဟတ်သစ်သီးလက်သီး၊ ကန်ချောင်လက်သီး၊ ကောကျိလက်သီး..."
နတ်မယ် လက်သီးဆက်တိုက်ထိုးသည်။ လက်သီးချက်များက တစ်ခုနှင့်တစ်ခု ကွဲပြားသည်။ ခန့်မှန်း၍မရ။
မသေမျိုးလက်သီးပညာကို ဆေးပညာအဖြစ်အသွင်ပြောင်းနိုင်သည်။ ဆေးမြစ်စွမ်းအင်ပေါင်း မရေမတွက်နိုင်အောင် ပေါင်းစပ်၍ အသက်ဓာတ်အဆက်မပြတ် ပြည့်လျှံအောင်လုပ်နိုင်သည်။
တစ်နေရာတည်းကို အားဖြည့်နိုင်ပြီး အဖျက်စွမ်းအားကို ခုခံနိုင်သည်။
ထိုနည်းတူပင် ဆေးမြစ်များ၏စွမ်းအားကို ပြိုင်ဘက်၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း၍ စွမ်းအင်လည်ပတ်မှု ဖရိုဖရဲဖြစ်အောင်လည်း လုပ်နိုင်သည်။
"ဓာတ်ငါးမျိုးမဟာစွမ်းအား"
ထွက်ပြေးနည်းပညာတစ်ခုဖြစ်သလို မြန်နှုန်းမြှင့်သည့်ပညာလည်းဖြစ်သည်။ ပဲပြာအရှင်၏လှုပ်ရှားမှုက နဂါးတစ်ကောင်လိုသွက်လက်သည်။
အလင်းအမြန်နှုန်းနီးပါးရှိသည်။ မုန်ကျင်းဇီ အရိပ်မဲ့အရိယဖလသန္ဓေငှားသုံးသည့် အမြန်နှုန်းထက်ပင် သာလွန်သည်။
ပြောင်းလဲမှုအားလုံးကို နတ်မယ်က တည်ငြိမ်မှုဖြင့် ရင်ဆိုင်သည်။ နေရာတွင် ငြိမ်ရပ်လျက် မျက်လုံးကိုမှိတ်ထားသည်။
သူ့ဘေးပတ်လည်တွင် လှည့်ပတ်နေသည့် ပဲပြာအရှင်ကို မသေမျိုးအာရုံဖြင့် စူးစမ်းသည်။
ဟာကွက်တစ်ခုပေါ်လာချိန်တွင် လက်လွတ်မခံဘဲ ပဲပြာအရှင်က မသေမျိုးသတ်လက်သီးဖြင့် နတ်မယ်ကို ထိုးသွင်းလိုက်သည်။
"ဒီမှာပဲ"
ပဲပြာအရှင်လက်သီးထိုးချိန်တွင် နတ်မယ်ကလည်း လှုပ်ရှားသည်။ နောက်မှလှုပ်ရှားသော်လည်း အရင်ရောက်သည်။ လက်သီးနှစ်ခုဆုံသည်။
ပြင်းထန်သည့်အားလှိုင်းများက အာကသတစ်ခွင့် ပျံ့နှံ့သည်။ ပုံရိပ်ယောင်ကြယ်အလင်းများစွာ ပျက်စီးသွားသည်။
ရှေးဟောင်းမှော်သင်္ကေတများပင် ဖျတ်ခနဲပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွားသည်။ မသေမျိုးလေးယောက်သာရှိနေလျှင် ထိုအရာများသည် လောကဖြစ်တည်မှုနှင့်အတူရှိခဲ့သည့် ရှေးအကျဆုံး သင်္ကေတများဖြစ်ကြောင်းသိပေလိမ့်မည်။
ထာဝရစွမ်းအားနှင့် အဖျက်စွမ်းအား ရိုက်ခတ်ပြီး လောကပြောင်းလဲတော့မည့် အရိပ်အယောင်ကို ပြသည်။
သို့သော် လက်ရှိလောကသည် တည်ရှိနေဆဲဖြစ်သည်။ ပတ်ဝန်းကျင်နှင့် အချိန်လည်ပတ်မှုက မမှတ်တော့။ ထို့ကြောင့် ကမ္ဘာဦးမှော်သင်္ကေတများ ဤနေရာတွင် ဆက်မရှိနိုင်တော့။
အားလှိုင်းနှစ်ခုဆုံလျှင် ကမ္ဘာငယ်တစ်ခုပင် မွေးဖွားသည်။ ကမ္ဘာဦးမှော်သင်္ကေတများက ထိုကမ္ဘာငယ်ထဲတွင် ဆက်နေနိုင်စွမ်းရှိသည်။
သို့သော် ချက်ချင်းဆိုသလိုပင် ကမ္ဘာငယ်က အဖျက်စွမ်းအားကို မခံနိုင်သဖြင့် ကွဲထွက်သွားသည်။
ပဲပြာအရှင် သွေးများအဆက်မပြတ်ထွက်နေသည်။ သူ့အသက်ဓာတ်ဘယ်လောက်အားကောင်းသည်ဖြစ်စေ မသေမျိုးခန္ဓာ ဘယ်လောက်ခိုင်မာသည်ဖြစ်စေ ထာဝရအရိယဖပိုင်ဆိုင်သည့် နတ်မယ်ကို သူမယှဉ်နိုင်။
"ဖောက်ခွဲမယ်"
"ဘုန်း ဘုန်း ဘုန်း"
အစောပိုင်းက ဖောက်ခွဲမှုများနှင့်မတူ။ ဤတစ်ကြိမ်ပေါက်ကွဲမှုများက မသေမျိုးခန္ဓာနှင့်ဝိညာဉ်ကိုပါ ဖျက်ဆီးနိုင်သည်။ အကျိုးသက်ရောက်မှုက ရှေးဟောင်းခေတ်ကလိုပင်ဖြစ်သည်။
ပဲပြာအရှင် အစောပိုင်းကလို ခုခံရန်ကြိုးစားသည်။ သို့သော် ပထမပေါက်ကွဲလှိုင်းမှာပင် အရင်စွမ်းအားနှင့်မတူကြောင်း သိလိုက်ရသဖြင့် သူအံ့အားသင့်သွားသည်။
"လေဟာနယ်အယူအဆကို ဖျက်ဆီးမယ်"
လေဟာနယ်အယူအဆကို ဖျက်ဆီးလိုက်ခြင်းဖြင့် သူတို့နှစ်ယောက်ကြားတွင် ဝေးလည်းဝေးသွားနိုင်သလို နီးလည်းနီးလာနိုင်သည်။ ဘယ်အရာမှမသေချာတော့။
ဆက်တိုက်ပေါက်ကွဲမှုများကို ခုခံဖို့ ထိုတစ်နည်းသာရှိသည်။
"လေဟာနယ်ဆိုတာ ထာဝရပဲ"
နတ်မယ်က လေဟာနယ်အယူအဆကို ထိန်းချုပ်လိုက်သည်။ ပဲပြာအရှင်ယုံကြည်ထားသည့် နည်းလမ်းက ထာဝရအရိယဖလရှေ့တွင် အလုပ်မဖြစ်။
ပဲပြာက အဖျက်စွမ်းအားသုံး၍ သူ့ကိုယ်သူ အတားအဆီးအထပ်ထပ် အလုံပိတ်လိုက်သည်။ သို့သော် ပေါက်ကွဲမှုများက သူ့အတားအဆီးများကို တစ်လွှာပြီးတစ်လွှာ ဆုတ်ဖြဲသည်။
နောက်ဆုံးအတားအဆီး ပျောက်သွားချိန်တွင် ပေါက်ကွဲသံများလည်း တိခနဲရပ်သွားသည်။ တိတ်ဆိတ်မှုက ခြောက်ခြားစရာကောင်းသည်။ ဖြစ်သွားသည့်အခြေအနေကို ပေါက်ကွဲမှုကြောင့်ဖြစ်လာသည့် မြူမှုန်များကသာ သက်သေခံနေသည်။
ရုတ်တရက် မြူမှုန်များ ရွေ့လျားသွားသည်။ နတ်မယ်ဖြတ်လျှောက်လာသည်။ ပဲပြာအရှင်ရှေ့တွင် ပေါ်လာသည်။
အချိန်က ရပ်တန့်နေဆဲဖြစ်သည်။ ပဲပြာအရှင်၏ လှုပ်ရှားနေသည့်စိတ်နှလုံးလည်း ငြိမ်သက်သွားသည်။ ကိုယ့်ကိုယ်ကို မှန်ထဲတွင် ကြည့်နေရသလို ခံစားရသည်။
အားလုံးက ချစ်ကြသည့် ခြောက်ပြစ်ကင်းသည့် ပုံရိပ်ဖြစ်သည်။
ထိုပုံရိပ် ကြေမွပေါက်ကွဲသွားသည်။ အဆုံးမဲ့ပေါက်ကွဲမှုများက ပဲပြာအရှင်ကို ဝါးမျိုသွားသည်။
သူပြန်သတိရလာချိန်တွင် အောက်သို့ပြုတ်ကျနေကြောင်း သိလိုက်ရသည်။ သူ့အောက်ဘက်တွင် နတ်ဆိုးမြို့တော်ရှိနေသည်။
ဗီဇစိတ်အရ သူဆက်တိုက်ခိုက်ရန်ကြိုးစားသည်။ သို့သော် သူ့အသွေးအသားနှင့် ဝိညာဉ်တို့ မရှိတော့ကြောင်း နားလည်လာသည်။ ယခုကျန်နေသည်က သူ့သိစိတ်ဝိညာဉ်တစ်စသာဖြစ်သည်။
သူရှုံးသွားသည်။
အပြတ်အသတ်ရှုံးသွားသည်။ နောက်တစ်ကြိမ်တိုက်ခိုက်လျှင်လည်း ထိုရလာဒ်သာ ဖြစ်လေမလားဟု သူတွေးနေသည်။
"နတ်မယ်...နင်မှန်ပါတယ်။ ငါကနင်မဖြစ်နိုင်ဘူး"
ပဲပြာ ခံစားချက်အပြည့်ဖြင့် ပြောသည်။ ပြုတ်ကျနေသည့်သူ့ဘေးတွင် နတ်မယ် အတူလိုက်ပါလာ၍ သူ့နောက်ဆုံးခရီးကို အဖော်ပြုနေပေးနေသည်။
နတ်မယ်က နားမလည်ဟန်ဖြင့် သူ့ကိုပြန်ကြည့်သည်။
"နင်ငါ့ကို နားလည်မှုလွဲနေပြီ။ နင်က နင်ဖြစ်နိုင်တယ်လို့ ငါပြောချင်တာပါ။ ချင်ဟဲလည်း အဲလိုပဲတွေးခဲ့မယ်လို့ ငါထင်တယ်"
နတ်မယ်ရှင်းပြသည့်စကားကြောင့် သူကျေနပ်စွာပြုံးလိုက်သည်။
"အဲလိုလား..နင်တို့ပြောချင်တာ အဲဒီအဓိပ္ပါယ်လား.."
သို့သော် ယခု အရေးမကြီးတော့။
လေထုကိုဖြတ်သန်း၍ တိတ်ဆိတ်စွာ သူတို့ဆက်လက်ကျဆင်းလာသည်။ တစ်ယောက်အတွေးကို တစ်ယောက်မသိနိုင်ကြ။
ခဏအသံတိတ်နေပြီးနောက် ပဲပြာအရှင် တစ်ခုသတိရလာဟန်ဖြင့်မေးသည်။
"အဲ..ငါနင့်ကို ထာဝရနတ်မယ်လို့ပဲ အမြဲခေါ်ခဲ့တာ။ နင့်မှာ နာမည်ရင်းရှိလား"
"ငါ့နာမည် ပဲဝါပါ"
"ဟားဟားဟား...အတော်ထူးဆန်းတဲ့နာမည်ပဲ"
ဘယ်လိုမှမလိုက်ဖက်သဖြင့် နတ်မယ်နာမည်ကို လွတ်လပ်စွာသူလှောင်ရယ်မိသည်။ ရယ်ရင်းနှင့် ငိုချင်သယောင်ရှိသည်။ ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ချင်သေးသယောင်ရှိသည်။
"နင့်နာမည်က ဟိုမသေမျိုးလေးယောက်ရဲ့နာမည်တွေနဲ့ လုံးဝမကိုက်ညီဘူး။ နင့်နာမည်က ဒီထက်ပိုပြီး ခံ့ခံ့ညားညားဖြစ်လိမ့်မယ်လို့ ငါထင်ထားတာ"
ယခု သူသည် အေးစက်စက်မျက်နှာနှင့် အသံတိတ်အဖျက်မသေမျိုးမဟုတ်တော့။ သူ့မျိုးနွယ်မပျက်စီးမီက အပူအပင်ကင်းမဲ့သည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ဘာခံစားချက်ကိုမှ ဖုံးကွယ်မထား။
"ငါကရော ဘယ်လိုလဲ၊ ငါ့မှာနာမည်ရှိလား"
"ရှိတယ်။ နင့်နာမည်က ပဲပြာတဲ့။ ရှောင်ယန်ပေးထားတာ"
"နာမည်ရွေးတာ အတော်ပျင်းတာပဲ"
"နင်တစ်ခြားတစ်ခုခုပြောချင်တာရှိသေးလား"
ပဲပြာက ပြုံး၍ခေါင်းခါသည်။ သူ့ဆီပြေးလာသည့် ချင်ဟဲကိုခေါင်းလှည့်ကြည့်ပြီး နောက်ဆုံးလက်ကျန်ခွန်အားဖြင့် လှမ်းအော်၍ကြွားလိုက်သည်။
"ဟေး ချင်ဟဲ၊ နင်မှားသွားပြီ။ ငါ့မှာနာမည်ရှိတယ်။ ငါ့နာမည်က ပဲပြာပါ"
ချင်ဟဲက လက်ကိုအမြန်ဆန့်၍ ပဲပြာအရှင်ကို ဆီးဖမ်းသည်။ သို့သော် ပဲပြာအသွင်က အလင်းမှုန်များအဖြစ် လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်သည်။ ဖမ်းဆုပ်စရာ ဘာမှမကျန်ခဲ့တော့။
*******************************
အခန်း (၁၁၁၀) ဂိုဏ်းသို့အပြန်
တစ်ခုခုဆုံးရှုံးသွားသလို ချင်ဟဲစိတ်ထဲ ခံစားရသည်။
နှစ်သုံးသိန်းကြာအောင် သူ့ကိုဘေးတွင် အတင်းနေခိုင်းခဲ့သည့် ခေါင်းဆောင်က နောက်ဆုံးတွင် ခွဲခွာသွားပြီထင်သည်။
ပဲပြာအရှင်ဘေးတွင် ဆက်နေစရာမလိုတော့ဘဲ သူ့လွတ်လပ်မှု ပြန်ရလာသော်လည်း ပျော်ရွှင်မှု စိတ်သက်သာရာရမှုမျိုး မခံစားရ။ ရင်ထဲတွင် လစ်ဟာ၍ ဖော်ပြမရသည့် ဝေဒနာတစ်ခု ဖြစ်ပေါ်လာသည်။
"အဟွတ် အဟွတ် အဟွတ်"
နတ်မယ် ချောင်းအသည်းအသန်ဆိုးလာသည်။ တိုက်ပွဲက မလွယ်ခဲ့။ သူ့ထာဝရစွမ်းအားဖြင့် အဖျက်စွမ်းအားကို နှိပ်ကွက်ပခဲ့သည်။ ထိုနည်းတူစွာ အဖျက်စွမ်းအားကလည်း ထာဝရစွမ်းအားထဲတွင် ပိတ်မိနေခဲ့သည်။
သူတို့ရင်ဆိုင်တိုက်ပွဲတွင် နတ်မယ်ရခဲ့သည့်ဒဏ်ရာကလည်း အသေးအဖွဲမဟုတ်။
"နတ်မယ်၊ ခင်ဗျားအဆင်ပြေရဲ့လား"
လုယန် အမြန်လျှောက်လာပြီး လဲကျမတတ်ယိမ်းယိုင်နေသည့် နတ်မယ်ကို ထွေးပွေ့လိုက်သည်။
ဒဏ်ရာအပြင်းအထန်ရထားသည့် နတ်မယ်ကိုကြည့်၍ သူစိတ်ထဲ တင်းကြပ်နေသည်။
အရင်က နတ်မယ်သည် ဝိညာဉ်ခန္ဓာသာဖြစ်၍ ထိကိုင်၍မရ။ ယခုမှ နတ်မယ်၏ခန္ဓာကိုယ်ကို ပထမဆုံးထိဖူးခြင်းဖြစ်သည်။ သို့သော် ထိုသို့လုပ်သည်ကလည်း ယခုလိုအခြေအနေကြောင့်ဖြစ်သည်။
အစောပိုင်းက နတ်မယ်နှုတ်ဆက်သွားသည်စကားက နောက်ဆုံးနှုတ်ဆက်သလိုပင်ဖြစ်သည်။ သူအတော်လန့်သွားသည်။
နတ်မယ်က မသေမျိုးခန္ဓာတည်ဆောက်မှုကို အချိန်ဆိုင်းထားခဲ့သည်။ သို့သော် တိုက်ပွဲအတွင်း မဖြစ်မနေလုပ်လိုက်ရသဖြင့် နောက်ဆက်တွဲဆိုးကျိုးတော့ သေချာပေါက်ရှိပေလိမ့်မည်။
နတ်မယ်က လုယန်လက်မောင်းပေါ်တွင်လှဲရင်း အားနည်းနေသည့်လေသံဖြင့် ပြုံး၍ပြောသည်။
"ဘယ်လိုလဲ။ ငါမသေမျိုး ပြောတဲ့အတိုင်း လုပ်ပြခဲ့တယ်မဟုတ်လား။ ရှောင်ယွမ်မပါလည်း ငါသူ့ကိုရှင်းနိုင်ပါတယ်။ ငါနင့်ကိုကာကွယ်မယ်လို့ ပြောခဲ့တယ်။ ငါတကယ်ကာကွယ်ခဲ့တယ်လေ။
ဒီပွဲမှာ ငါတို့နှစ်ယောက်လုံးသေပြီး အဆုံသတ်သွားမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ကံကောင်းလို့ ငါခြေတစ်လှမ်းဦး..."
"ခေါင်းဆောင်"
"သခင်"
"မသေမျိုးအမ"
ယွမ်မုန်မုန်၊ ချင်ဟဲနှင့် ကျင်းချိုင်ဝေတို့ စိုးရိမ်ပူပန်စိတ်အပြည့်ဖြင့် နတ်မယ်ဘေးတွင် ဝိုင်းအုံနေကြသည်။
"ဒါပေမယ့် သူက ရင်ဆိုင်ရတာ တကယ်မလွယ်ဘူး"
နတ်မယ် ထရပ်ဖို့ လေးငါးကြိမ်ကြိုးစားသည်။ သို့သော် အားမရှိ။
"နတ်မယ်၊ စကားမပြောပါနဲ့တော့။ ကျုပ် အမယွမ်ကို အခုချက်ချင်းခေါ်ပြီး ခင်ဗျားကယ်ဖို့ပြောမယ်"
လုယန် စိုးရိမ်နေသည်။ နတ်မယ်အခြေအနေက လုံးဝမကောင်း။
"မလိုပါဘူး။ ငါ့လက်ရှိအခြေအနေက ရှောင်ယွမ်တောင် မကူညီနိုင်ပါဘူး"
သူ့ခန္ဓာကိုယ် တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားပြီး ဝိညာဉ်ပြန်ဖြစ်လာသည်။ လုယန်သိစိတ်တယ်မြေထဲသို့ လျှောဝင်သွားသည်။ ကုတင်ပေါ်တွင် သေချာလှဲသည်။ တိုးညှင်းသည့် စကားသံတစ်ခုသာ ထွက်လာသည်။
"အရင်က ငါ့ခန္ဓာကိုယ်ပြန်ရဖို့ နှစ်တစ်ရာပဲလိုခဲ့တာ။ ဒါပေမယ့်အခု အခြေအနေအရ အတင်းလုပ်ယူလိုက်ရတော့ ခန္ဓာကိုယ်ပြန်ရဖို့ဆို နောက်ထပ်နှစ်နှစ်ရာလောက် ကြာတော့မယ်ထင်တယ်။
ရှောင်ယန်၊...ငါနင့်ကို အနှောက်အယှက်ပေးရတဲ့အချိန် နည်းနည်းပိုကြာတော့မယ်..."
"အနှောက်အယှက်လုံးဝမဖြစ်ပါဘူး။ ခင်ဗျားအဆင်ပြေရင် ကြိုက်သလောက်နေလို့ရပါတယ်"
လုယန် အမြန်ပြန်ပြောလိုက်သည်။ နတ်မယ်အဆင်ပြေလျှင် ဘာမဆိုလက်ခံနိုင်သည်။
ချင်ဟဲ၊ ယွမ်မုန်မုန်နှင့် ကျင်းချိုင်ဝေတို့လည်း သက်ပြင်းကိုယ်စီချလိုက်ကြသည်။ ပြဿနာဆိုးဆိုးဝါးဝါးမရှိ၍ တော်သေးသည်။
ချင်ဟဲစိတ်ထဲ မေးခွန်းတစ်ခု ဝင်လာသည်။ ဘာကြောင့် သခင်က လုယန်ဝိညာဉ်နယ်မြေထဲ ဆက်နေဖို့လိုအပ်သည်မသိ။ ယွမ်မုန်မုန်နှင့် ကျင်းချိုင်ဝေအမူအရာကလည်း ပုံမှန်အတိုင်းသာဖြစ်သည်။
သို့ဆိုလျှင် သူ့သခင်သည် အရင်က ထိုသိစိတ်နယ်မြေတွင် အမြဲနေခဲ့ခြင်းလော...
.........
(**လုယန်စာစဉ်အစအဆုံးမှာ မူရင်းစာရေးဆရာက ဗွေဖောက်ထားတဲ့ tragic က ဒီတစ်နေရာပါပဲ။ ပဲပြာအရှင်ဇာတ်သိမ်းနဲ့ နတ်မယ်ရဲ့ 'ချွဲ'ခန်းပေါ့။
ဟာသဇာတ်ကွက်တွေ ဆက်တိုက်လာနေရာကနေ tragic ဖြစ်အောင် လုပ်ထားတာ။ တမင် အငိုက်ဖမ်းတာပေါ့။ ခင်ဗျားတို့တော့မသိဘူး။ ကျွန်တော်ဖတ်တုန်းကတော့ အငိုက်မိသွားတယ်။
ပြီးတော့ စာရေးဆရာက နောက်တစ်ခန်းဆုံးတော့ ပြောတယ်။ "ကျုပ်က နတ်မယ်နဲ့လုယန် သေကွဲရှင်ကွဲ ကွဲတဲ့အခန်းမျိုး ရေးမလို့ဟာ၊ ခင်ဗျားတို့ ဘာလို့မယုံကြတာလဲ"တဲ့။)
.........
"ပြီး...ပြီးသွားပြီလား"
ကျူးထန် မဝံ့မရဲ သူ့ကိုယ်သူတီးတိုးရေရွတ်သည်။ ထိုတိုက်ပွဲကို သူတကယ်ကြောက်သွားသည်။ ပြန်လည်ဂူအောင်းအိပ်စက်ဖို့ပင် တွေးမိသည်။
ရှေးဟောင်းခေတ်တွင် မသေမျိုးလေးယောက်နှင့် နောက်ကွယ်မှစွမ်းအားရှင်တို့၏ တိုက်ပွဲကို လက်တွေ့မြင်ခဲ့သဖြင့် သူ့အိပ်စက်ဖို့ ရွေးချယ်ခဲ့သည်။ နှစ်တစ်သိန်းနှစ်သိန်းလောက်အိပ်စက်ပြီး သူနိုးထလာလျှင် လောကငြိမ်းချမ်းနေမည်ဟု တွေးခဲ့သည်။
သို့သော် ကံကဆိုးသည်။ သူနိုးထလာချိန်တွင် သူ့ဦးခေါင်းအထက်၌ ထိုးတိုက်ပွဲမျိုးကြုံရသည်။ သူ့အသက်လေးပင် ပါသွားမတတ်ဖြစ်ခဲ့သည်။
"မဟုတ်သေးဘူး။ မဟုတ်ဘူး။ ငါက မဟာကပ်ကိုအစပြုဖို့ ကံကြမ္မာက ရွေးချယ်ထားတဲ့လူပဲ။ ငါပြန်အိပ်ရင် မဟာကပ်အခွင့်အရေးတွေ လက်လွတ်သွားမှာပေါ့"
လက်ရှိဘဝကို သူတကယ်ကျေနပ်သည်။ အများအသိအမှတ်ပြုထားသည့် နတ်ဆိုးနယ်မြေ၏ အုပ်ချုပ်သူ နတ်ဆိုးအင်ပါယာဖြစ်သည်။ ထိုအဆင့်အတန်းမျိုး ရှေးဟောင်းခေတ်တွင် သူခံစားခွင့်မရနိုင်။
အကြောင်းမတိုက်ဆိုင်၍ ကံဆိုးသည်ဟုသာ တွေးရမည်။ နတ်ဆိုးနိုင်ငံတည်ထောင်ချိန်တွင် ကျန်းလျန်ယိ နိုးထလာသည်။ ယခု မသေမျိုးနှစ်ယောက်တိုက်ပွဲနှင့် ကြုံပြန်သည်။
တစ်ခုတော့ရှိသည်။ ဘာကြောင့် တိုက်ပွဲတစ်ခုခုဖြစ်တိုင်း အကိုလုယန် ရှိနေရသနည်း။
"ကျူးထန်၊ ဒီမှာဘာဖြစ်သွားတာလဲ။ ခုနက တိုက်ခိုက်တာ ဘယ်သူတွေလဲ။ နတ်ဆိုးနိုင်ငံကရော ဘယ်ရောက်သွားတာလဲ"
"ဪ..အမကျန်းနဲ့ အမအောင်းလင်း."
အောင်းလင်းနှင့်ကျန်းလျန်ယိတို့ နတ်ဆိုးနယ်မြေတွင် ရှိနေခိုက်နှင့် ကြုံရခြင်းဖြစ်သည်။ နတ်ဆိုးမြို့တော်မှ ပြင်းထန်သည့်တိုက်ပွဲကို အာရုံခံမိသဖြင့် ချက်ချင်းလာကြည့်ကြသည်။
သို့သော် သူတို့ရောက်ချိန်တွင် တိုက်ပွဲကပြီးသွားသည်။ ကျယ်ပြန့်သည့် နတ်ဆိုးမြို့တော်လည်း အစရှာမရအောင် ပျောက်သွားသည်။ တစ်ယောက်တည်း စကားတတွတ်တွတ်ပြောနေသည့် ကျူးထန်ကိုသာတွေ့ရသည်။
"အကိုလုယန်"
မိန်းကလေးနှစ်ယောက် အမြင်အာရုံစူးရှသဖြင့် နတ်ဆိုးမြို့တော်ရှိခဲ့သည့်နေရာမှ လုယန်ကို ချက်ချင်းလှမ်းမြင်သည်။ ကျူးထန်ကိုမေးမနေတော့ဘဲ ချက်ချင်းပျံသန်းသွားသည်။
"ချင်ဟဲလည်း ရှိနေတာလား"
နှစ်သုံးသိန်းကျော်ကြာအောင် မတွေ့ခဲ့ရသည့် ချင်ဟဲကိုမြင်ရသဖြင့် အောင်းလင်းတို့နှစ်ယောက် ပျော်ရွှင်သွားသည်။
"အမလင်း၊ အမချန်ယိ"
သူတို့နှစ်ယောက် ရောက်လာသဖြင့် ထိုင်းမှိုင်းနေသည့်လေထု ပျောက်ကွယ်သွားသည်။ အောင်းလင်းနှင့်ကျန်းလျန်ယိ နိုးထလာကြောင်း ချင်ဟဲ အစကတည်းကကြားသော်လည်း ထွက်မတွေ့နိုင်ခဲ့။
"ခုနက ဘာဖြစ်သွားတာလဲ"
လုယန် အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။ အောင်းလင်းတို့နှစ်ယောက် အတိတ်အကြောင်းများ ပြန်သတိရမိသည်။ အထူးသဖြင့် အောင်းလင်းကပိုသတိရသည်။
ကျန်းလျန်ယိက အရင်အိပ်စက်သွားသဖြင့် မီးနိုင်ငံနှင့်ပဲပြာအရှင်အကြောင်းကို မသိ။ အောင်းလင်းက မီးနိုင်ငံတည်ထောင်ပြီးမှ အိပ်စက်ခြင်းဖြစ်သည်။
"မသေမျိုးအမ အဆင်ပြေရဲ့လား"
သိစိတ်နယ်မြေတွင် အိပ်နေသည့်နတ်မယ်ကို လုယန်တစ်ချက်ကြည့်သည်။
"အဆင်ပြေပါတယ်။ အိပ်ပျော်နေတာပါ"
နတ်မယ် ဘာအိပ်မက်မက်နေသည်တော့မသိ။ သူ့နှုတ်ခမ်းများ ကွေးညွှတ်၍ပြုံးနေသည်။
နတ်မယ် မျက်စိတစ်ဘက်ဖွင့်၍ ခိုးကြည့်သည်။ လုယန်ထွက်သွားကြောင်းသေချာမှ ပြန်အိပ်သည်။
"အခုဘာလုပ်ဖို့ စီစဉ်ထားလဲ"
ကျန်းလျန်ယိက မေးသည်။
"ဂိုဏ်းကိုပြန်မယ်လေ"
"ဒါဆို ငါတို့လည်းလိုက်မယ်"
ကျန်းလျန်ယိနှင့် အောင်းလင်းတို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုမျှကြီးမားသည့်ကိစ္စတစ်ခု ဖြစ်ထားပြီးမှ အကျိုးအကြောင်းမသိရဘဲ သူတို့ထွက်မသွားချင်။
ထို့ပြင် ချင်ဟဲကလည်း သူတို့နှင့်အတူ တာအိုလမ်းစဉ်ဂိုဏ်းသို့လိုက်မည်။ လမ်းတွင် ရှေးဟောင်းနှောင်းဖြစ်များ ပြောခွင့်ရမည်။
"တာအိုရှင်မိန်ယွမ်ကိစ္စ ဘယ်လိုရှင်ကြမလဲ"
ယွမ်မုန်မုန်ကမေးသည်။ တိုက်ပွဲက မိန်ယွမ်ဖြင့်စခဲ့သည်။ ကျင်းချိုင်ဝေ့က သူ့ကို အပြားလုပ်ထားပြီး နတ်ဆိုးမြို့တော်တွင် ထားသည်။
လုယန် ခဏစဉ်းစားသည်။ အကျဉ်းထောင်တောင်ထိပ်သည် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို အကျဉ်းချထားဖို့က ပြဿနာမရှိ။ တိုက်ပွဲက နတ်ဆိုးမြို့တော်တွင် ရုတ်တရက်ဖြစ်ခဲ့သည်။
ကျူးထန်အတွက် တကယ်ခက်ခဲခဲ့မည်။ ထို့ကြောင့် မိန်ယွမ်ကို ကျူးထန်လက်ထဲထားခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ မည်သို့ဆိုစေ ကြယ်ရှစ်ပွင့်စားဖိုမှူးတစ်ယောက်ရှိသည် နတ်ဆိုးအင်ပါယာသည် ပြောရာဆိုရာတွင် ဂုဏ်နည်းနည်းရှိသည်။
"တာအိုရှင်မိန်ယွမ်ကိစ္စ ကျူးထန်ပဲ ကိုင်တွယ်ပါစေ။ ပြန်ကြစို့"
လုယန် အားလုံးကို လောဆော်လိုက်သည်။
ထွက်မသွားမီ ကျင်းချိုင်ဝေက နတ်ဆိုးမြို့တော်ကို မူလအခြေအနေရောက် အောင်ပြန်လုပ်ပေးသည်။
အပြန်လမ်းတွင် လုယန်ဘေး၌ ယွမ်မုန်မုန် အောင်းလင်း ကျန်းလျန်ယိ ချင်ဟဲ နှင့် ကျင်းချိုင်ဝေ ပြောဆိုရယ်မော၍ ပါလာသည်။
မသေမျိုးတစ်ဝက်အဆင့်မဟုတ်သူ သူတစ်ယောက်သာရှိသည်။
မသေမျိုးငါးယောက်ဝန်းရံလျက် လုယန် တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်ရောက်လာသည်။ ရှေးဟောင်းမသေမျိုးလေးယောက်ပင် ထိုခမ်းနားမှုမျိုး ခံစားနိုင်မည်မထင်။
ဂိတ်တံခါးတွင် ယွမ်ကျိကိုယ်တိုင် ကြိုဆိုဖို့ပင် ထိုက်တန်သည်။
"အမယွမ်..."
ယွမ်ကျိကိုမြင်သည်နှင့် အားကိုးရာရလိုက်သလို လုယန်ခံစားရသည်။ အတော်ပျော်ရွှင်သွားသည်။
"ရှောင်ကျိ၊ ငါတို့ပြန်လာပြီ"
ယွမ်မုန်မုန်က ပျော်ရွှင်စွာနှုတ်ဆက်သည်။ ဤခရီးတွင် သူတကယ်အတော်လေး အမြင်ပွင့်ခဲ့ရသည်။
"ရှောင်ယွမ်၊ အဟွတ်..အဟွတ်၊ ငါနင့်ကို ထပ်မတွေ့ရတော့ဘူးတောင် ထင်ခဲ့တာ"
နတ်မယ်လည်းနိုးလာပြီး သိစိတ်နယ်မြေမှ ပျံထွက်လာသည်။
အားနည်းချိနဲ့၍ ဖရိုဖရဲဖြစ်နေသည့် နတ်မယ်ပုံစံကိုကြည့်၍ ယွမ်ကျိမျက်နှာတွင် တွေးရခက်သည့်အမူအရာမျိုး ပေါ်လာသည်။
တစ်ခုခုပြောချင်သော်လည်း သူမပြောဘဲ ထိန်းထားလိုက်သည်။
**************************************