အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
အပိုင်း ၂၄၁
မကြာမီမှာပင် ယန်ဒါတက္ကသိုလ်နယ်မြေအတွင်း၌ ဟောပြောခဲ့သည့် လုံထန်ဂရု ဥက္ကဋ္ဌ လင်းဖန်၏ မိန့်ခွန်းဗီဒီယိုမှာ အင်တာနက်စာမျက်နှာထက်၌ အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။
သိပ္ပံနည်းပညာနှင့် စီးပွားရေးလောက၏ ထွန်းသစ်စ သူဌေးကြီးတစ်ဦးဖြစ်သည့်အားလျော်စွာ သူ၏အထောက်အထားမှာ လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်မ ဖြစ်ခဲ့ဖူးသည်။
ယခုလည်း ဖြစ်နေဆဲဖြစ်သလို နောင်တွင်လည်း ဆက်လက်ဖြစ်နေဦးမည်သာ။
【လုံထန်အကြီးအကဲ ပထမဆုံးအကြိမ် လူလုံးထွက်ပြပြီ】
【ဧကရာဇ်၏ ဂုဏ်ယူရသောသားတော် - လင်းဖန်】
【သူသည် ပါရမီရှင်လား၊ လူထူးလူဆန်းလား သိရအောင် ယနေ့သတင်းကို ဖတ်ရှုလိုက်ပါ။】
【သားသမီးရရင် လင်းဖန်လိုပဲ ဖြစ်သင့်တယ်】
ခဏချင်းအတွင်းမှာပင် တရုတ်အင်တာနက်ကွန်ရက် တစ်ခုလုံးကို "လင်းဖန်" ဆိုသည့် အမည်နာမက လွှမ်းမိုးသွားခဲ့သည်။ အသက် ၂၀ အရွယ်သာရှိသေးသည့် လုံထန်ဂရု ဥက္ကဋ္ဌမှာ လူတိုင်း၏ ဆွေးနွေးငြင်းခုံစရာ ခေါင်းစဉ်ဖြစ်လာပြီး လူထုရှေ့သို့ သူ၏ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာမှုက လူတိုင်း၏ စူးစမ်းချင်စိတ်ကို အပြည့်အဝ ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားခဲ့သည်။
လူထုဟောပြောပွဲတစ်ခုတည်းဖြင့်ပင် သူသည် အင်တာနက်စတားတစ်ဦး ဖြစ်လာခဲ့သည်။ အွန်လိုင်းပေါ်တွင်သာမက ပြင်ပလောက၌လည်း လင်းဖန်နှင့် ပတ်သက်သည့် သတင်းများမှာ နေရာအနှံ့ ပျံ့နှံ့နေပြီး အလွန်ပင် စည်ကားနေသည်။ နာရီဝက်ခန့်အတွင်းမှာပင် လုံထန်ဥက္ကဋ္ဌ လင်းဖန်မှာ မာဟွာထန်၊ မာယွန်း စသည့် အင်တာနက်လောက၏ ဝါရင့်ထိပ်သီးကြီးများနှင့် တန်းတူ ကျော်ကြားလာခဲ့သည်။
"မိစ္ဆာကောင်"၊ "အသက်အငယ်ဆုံး ဘီလျံနာ" နှင့် "အတုမရှိပါရမီရှင်" စသည့် ဘွဲ့ထူးဂုဏ်ထူး အမျိုးမျိုးမှာ လင်းဖန်၏ ကိုယ်ပိုင်အမည်နာမများ ဖြစ်လာခဲ့သည်။
လူအများအပြားသည် လုံထန်ဂရု၏ တရားဝင် WeChat အကောင့်တွင် တိုက်ရိုက်မှတ်ချက်ပေးကြပြီး အချို့သော အမျိုးသမီးပရိသတ်များမှာ ၎င်းတို့၏ ခံစားချက်များကို တိုက်ရိုက်ပင် ထုတ်ဖော်ပြောဆိုခဲ့ကြရာ အတော်ပင် ဂယက်ထသွားခဲ့သည်။
ဤအချိန်၌ လူအများ၏ အာရုံစိုက်မှုကို ခံနေရသည့် လင်းဖန်မှာမူ ဝေမင်ဟူပေပြည်နယ်ရှိ ကျင်းချွမ်းဥယျာဉ်အတွင်း၌ လမ်းလျှောက်နေခဲ့သည်။
"ဘာလို့ ရုတ်တရက် ကျောင်းပြန်လာတာလဲ"
"ဟား..ကျွန်တော်တို့ကျောင်းရဲ့ အတော်ဆုံးကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းအုပ်ကြီးနဲ့ ဒါရိုက်တာတွေက လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားနေကြတာဆိုတော့ မလာလို့ မဖြစ်တော့ဘူးလေ။"
ထိုစကားကို ကြားသောအခါ စုချင်းနင်သည် ခေါင်းမော့၍ လင်းဖန်ကို ကြည့်လိုက်မိသည်။ သူတို့နှစ်ဦး၏ အကြည့်တို့သည် ရှောင်တိမ်းခြင်းမရှိဘဲ တည့်တည့်တိုးကာ ဆုံသွားကြသည်။
လေပြည်အေးကြောင့် လွင့်ခါနေသော မိုးမခပင်များ၏ တိုးသံလေးမှအပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
"မင်းက စာပေဌာနမှာ တကယ်ကို ပါရမီရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါမသိခဲ့ဘူး၊ တကယ့်ကို အံ့သြစရာပဲ"
လင်းဖန်၏ နောက်ပြောင်ကျီစယ်သော အမူအရာကို ကြည့်ပြီး စုချင်နင်မှာ ဘာပြောရမှန်းမသိ ဆွံ့အသွားခဲ့သည်။
အကယ်၍သာ ပြင်ပလောကက ဂုဏ်သရေရှိ လုံထန်ဂရုဥက္ကဋ္ဌ၏ ဤသို့သောအမူအရာကို သိသွားပါက သူတို့၏ အမြင်များ ရိုက်ချိုးခံရပေလိမ့်မည်။
"ငါ့ကို ဘာအတွက် ကျေးဇူးတင်တာလဲ"
လင်းဖန်က လက်ကာပြရင်း အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။
"အဲဒါက ကိစ္စအသေးအဖွဲလေးပါ။ ငါသာ အဲဒီမှာ မရှိရင် တခြားတစ်ယောက်ယောက်ကလည်း ဒါကို လုပ်မှာပဲ။"
တကယ်တော့ ပြီးခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတုန်းက ဖြစ်ရပ်မျိုးသည် ဆက်လက်ဖြစ်ပွားနိုင်စရာ အကြောင်းမရှိပေ။
အကြောင်းမှာ နောက်ကျသွားခဲ့လျှင် လူထုလုံခြုံရေးအတွက် တာဝန်ရှိသည့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာမည်ဖြစ်သောကြောင့်ပင်။
ရှောက်မိသားစု၏ အငယ်ဆုံးသားမှာမူ စိတ်ဝေဒနာ ခံစားနေရသလားပင် အောက်မေ့ရသည်။
ပြည်မကြီး၏ စီးပွားရေးမှာ ဘက်ပေါင်းစုံမှ တိုးတက်နေချိန်တွင် သူသည် ယခင်ကကဲ့သို့ ယုတ်ညံ့သော စိတ်ဓာတ်မျိုး ထားရှိနေဆဲပင်။
ထို့ထက်ပိုသည်မှာ ထိုလူသည် အပြည်ပြည်ဆိုင်ရာ စကားရည်လုပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ပြည်တွင်းမှ ပြိုင်ပွဲဝင်များကို အနိုင်ကျင့်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုပြိုင်ပွဲဝင်များမှာ ပြည်တွင်းရှိ ထိပ်တန်းတက္ကသိုလ်များမှ ရွေးချယ်ထားသည့် ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။
စုချင်းနင်က တည်တည်ငြိမ်ငြိမ်ပင် ပြောဆိုပြီးနောက် လင်းဖန်ကို ဦးညွှတ်လိုက်သည်။
"မင်းကတော့လေ... ထားပါတော့၊ ဒီကျေးဇူးတင်စကားကို ငါလက်ခံလိုက်ပါမယ်။ နောင်မှာ တစ်ခုခုလိုအပ်တာရှိရင် ငါ့ဆီကို အချိန်မရွေး လာခဲ့ပါ။"
လင်းဖန်က အားနာဟန်ဖြင့် ပြောလိုက်သည်။
နေဝင်ဆည်းဆာ အလှကို နောက်ခံထားလျက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အရိပ်တို့သည် ဟူပေပြည်နယ် ကျင်းချွမ်းဥယျာဉ်မှ တဖြည်းဖြည်း ဝေးကွာသွားကာ ကမ္ဘာမြေအကြား ပျောက်ကွယ်သွားခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် နံနက်စောစောတွင် မနက်စာစားပြီးနောက် လင်းဖန်သည် ကျင်းလင်မြို့ရှိ လုံထန်ဂရုရုံးချုပ်သို့ တိုက်ရိုက် မောင်းနှင်လာခဲ့သည်။
မနေ့ည ၁၁ နာရီခန့်တွင် စီအီးအို ကျန်းဖန်က ဖုန်းဆက်၍ အရေးကြီးသောသတင်းတစ်ခု ပြောကြားခဲ့သောကြောင့် ယနေ့နံနက်တွင် ရုံးချုပ်သို့ အစောတလျင် လာခဲ့ခြင်းဖြစ်သည်။
ဤအခြေခံအပေါ်တွင် "ခိုင်ထျန်း ONE" တက်ဘလက် ကွန်ပျူတာကို စတင်ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်ကြာ သုတေသနပြုပြီးနောက် လုံထိန်၏ ကွန်ပျူတာစနစ်မှာ အကြမ်းထည် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
လင်းဖန်အတွက်မူ သူ၏ အသိပညာအနည်းငယ်ကို အသုံးပြုကာ အဆင့်မြင့်ဉာဏ်ရည်တုအဖြစ် အဆင့်မြှင့်တင်ထားသည့် "ရှုံ့တာ" ကို အသုံးချပြီး ကွန်ပျူတာစနစ်၏ ကုဒ် (Code) များကို အကောင်းဆုံးဖြစ်အောင် ပြုပြင်လိုက်ပါက ပြီးပြည့်စုံသော လုံထန်ကွန်ပျူတာစနစ်ကို ရရှိနိုင်မည်ဖြစ်သည်။
"ဘယ်တုန်းက ပြီးသွားတာလဲ"
တံခါးဝသို့ ရောက်သည်နှင့် သူ့ထံ လျှောက်လာသော ကျန်းဖန်ကို မြင်သဖြင့် လင်းဖန်က မေးလိုက်သည်။
"တကယ်တော့ အောင်မြင်မှုတွေက အမြဲတမ်း ရှိနေခဲ့တာပါ။ ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိ မဖော်ဆောင်နိုင်သေးတာပါ။ ရလဒ်က ဘယ်လိုထွက်လာမလဲဆိုတာ မသေချာသေးလို့ပါ။ မနေ့ညကမှ ယွီလီက လုံထန်ကွန်ပျူတာစနစ်က အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေပြီလို့ အကြောင်းကြားလာတာကြောင့် သူဌေးကို ဆက်သွယ်လိုက်တာပါ။"
လင်းဖန်က ခေါင်းညိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"သုတေသနနဲ့ ဖွံ့ဖြိုးရေးစင်တာကို သွားကြည့်ရအောင်။ လုပ်ငန်းလည်ပတ်ရေးပိုင်းနဲ့ ပတ်သက်လို့တော့ လုံထိန်ကွန်ပျူတာစနစ်ကို ဈေးကွက်ထဲ စတင်မိတ်ဆက်ဖို့အတွက် ခင်ဗျားပဲ စီစဉ်ပေးပါဦး။"
"ကွန်ပျူတာစနစ်တွေက ဖုန်းစနစ်တွေနဲ့ မတူဘူး။ ဈေးကွက်ထဲရောက်သွားရင် (Nirvana X) တုန်းကလိုမျိုး တစ်ရှိန်ထိုး ပေါက်ကွဲသွားမှာ မဟုတ်ဘူး။"
ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာစနစ် နယ်ပယ်တွင် မိုက်ခရိုဆော့ဖ် (Microsoft) ၏ ဝင်းဒိုး (Windows) စနစ်မှာ ယှဉ်ပြိုင်ရန် ခက်ခဲလှသည့် လက်ဝါးကြီးအုပ်မှုကို တည်ဆောက်ထားပြီး ဖြစ်သည်။
လုံထန်၏ ကွန်ပျူတာစနစ် ပေါ်ထွက်လာလျှင်ပင် ရှိနှင့်ပြီးသား အခြေအနေကို ချိုးဖျက်ရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။
"သူဌေး စိတ်ချပါ။ လုပ်ငန်းလည်ပတ်ရေးနဲ့ ကြော်ငြာရေးကိစ္စတွေကိုတော့ ကွန်ပျူတာစနစ် သုတေသနအဆင့်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ ကွန်ပျူတာစနစ်ရဲ့ စွမ်းဆောင်ရည်သာ ကောင်းမွန်မယ်ဆိုရင် ဈေးကွက်ထဲကို ချက်ချင်းတင်ပို့ဖို့ စီစဉ်နိုင်ပါတယ်။"
ဟု ကျန်းဖန်က ဆိုသည်။
မကြာမီတွင် သူတို့နှစ်ဦးမှာ သုတေသနစင်တာသို့ ရောက်ရှိသွားပြီး သုတေသနဒါရိုက်တာ ယွီလီနှင့် အဖွဲ့သားများ၏ ကြိုဆိုမှုကို ခံယူခဲ့ကြသည်။
"ဥက္ကဋ္ဌ၊ ကာလရှည် သုတေသနပြုပြီးတဲ့နောက်မှာတော့ လုံထန်ကွန်ပျူတာစနစ်ဟာ ကွန်ပျူတာပေါ်မှာ အချိန်အတော်ကြာ တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းချက် သေးသေးလေးတွေတော့ ရှိနေပါသေးတယ်။"
"ကောင်းပြီ၊ ကျွန်တော့်ကို ကွန်ပျူတာစနစ်အကြောင်း အရင်ပြပါဦး။"
လင်းဖန်က ပြတ်သားစွာ ပြောလိုက်သည်။
သုတေသနဒါရိုက်တာ ယွီလီကလည်း စကားအများကြီး မဆိုတော့ဘဲ လင်းဖန်နှင့် ကျန်းဖန်ကို စနစ်သုတေသနဌာနသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ထိုဌာနသည် ကွန်ပျူတာစနစ်များ၊ မိုဘိုင်းဖုန်းများနှင့် တက်ဘလက်များ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးကို အဓိက တာဝန်ယူထားပြီး စနစ်ထိန်းသိမ်းမှုနှင့် အဆင့်မြှင့်တင်မှုများအတွက် အလုပ်ရုံများစွာ ခွဲခြားထားသည်။
လုံထန်ကွန်ပျူတာစနစ်ကို မူလက စမတ်ဖုန်းစနစ်ဖြစ်သည့် တန်ရွမ်စနစ်ပေါ်တွင် အခြေခံ၍ တီထွင်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ တည်ဆောက်ပုံစနစ်မှာမူ Windows၊ UNIX နှင့် UNIX-like စနစ်များနှင့် လုံးဝကွဲပြားပြီး လွတ်လပ်မှုရှိသည်။
ထို့အပြင် ဒါရိုက်တာ ယွီလီနှင့် အဖွဲ့သားများသည် တရုတ်စာလုံး အခြေခံ ပရိုဂရမ်ဘာသာစကားနှင့် ပိုမိုကျွမ်းဝင်လာသဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဖန်တီးမှုများကိုလည်း အများအပြား ထည့်သွင်းထားခဲ့ကြသည်။
ရလဒ်အနေဖြင့် တည်ဆောက်ပုံ အဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားသည့် ဤလုံထန်ကွန်ပျူတာစနစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ တစ်နှစ်တာအတွင်း အဆင့်မြင့် အင်ဂျင်နီယာ ရာပေါင်းများစွာကို စုစည်းပြီး ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ရသည်။
ယခုမှသာ ကွန်ပျူတာစနစ်မှာ တည်ငြိမ်စွာ လည်ပတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤခရီးလမ်းသည် အမှန်တကယ်ပင် မလွယ်ကူလှပေ။
.............................................................
အပိုင်း ၂၄၂
"သူဌေး... ကျွန်တော်တို့ တန်ရွမ်စနစ်ကို အခြေခံပြီး အထွေထွေသုံး ကွန်ပျူတာ စနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့လို့ အခုဆိုရင် ကွန်ပျူတာပေါ်မှာ တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်နေပါပြီ။ ဒါပေမဲ့ ဒီစနစ်က အပြည့်အစုံတော့ မဟုတ်သေးဘူး၊ ကျွန်တော်တို့ ဘယ်လိုမှ ဖြေရှင်းလို့မရတဲ့ အားနည်းချက်တချို့ ရှိနေပါသေးတယ်။"
ထိုသို့ပြောရင်း ယွီလီသည် လင်းဖန်ကို ဆာဗာတစ်ခုရှိရာသို့ ခေါ်ဆောင်သွားသည်။ ဆာဗာ၏ Desktop ပေါ်တွင် လုံထန်ဂရု၏ လိုဂိုကို မြင်တွေ့နေရသည်။
လင်းဖန်သည် ကွန်ပျူတာစနစ်ကို စစ်ဆေးပြီးနောက် ရပ်တန့်လိုက်ကာ ယွီလီကို ကြည့်၍ ပြောလိုက်သည်။
"ရင်းမြစ်ကုဒ် (Source Code) တွေကို စုစည်းပြီး ဒေတာဘေ့စ်ထဲ တင်လိုက်ပါ။ ခင်ဗျားတို့ကို စနစ်ကောင်းမွန်အောင် ကျတော်ကူညီပေးမယ်။"
"ကောင်းပါပြီ။"
ယွီလီသည် ချက်ချင်းပင် ရင်းမြစ်ကုဒ်များကို တင်ရန် လူလွှတ်လိုက်သည်။ ပုံမှန်အားဖြင့် ဥက္ကဋ္ဌသည် သူတို့၏ သုတေသနလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိသော်လည်း ယခုကဲ့သို့ ကူညီပေးမည်ဆိုခြင်းမှာ လူတိုင်းအတွက် အံ့အားသင့်စရာ ဖြစ်သွားသည်။
နောက်ပြောင်နေခြင်း မဟုတ်ပေ။ နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးရေးပိုင်းတွင် လင်းဖန်၏ စွမ်းဆောင်ရည်မှာ ကမ္ဘာပေါ်တွင် ရှားပါးလှပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ယှဉ်နိုင်သူ မရှိသလောက်ပင်။
တန်ရွမ်စနစ် စမတ်ဖုန်းစနစ်၊ အဆင့်မြင့်ဉာဏ်ရည်တု မိုဘိုင်းလက်ထောက်နှင့် ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာတို့မှာ ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် နည်းပညာ အောင်မြင်မှုများ ဖြစ်ကြသည်။
"ဒါနဲ့ နောက်ထပ် ခင်ဗျားတို့ သုတေသနစင်တာက PC application ecosystem (ကွန်ပျူတာသုံး ဆော့ဖ်ဝဲလ်စနစ်) ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အာရုံစိုက်လိုက်ပါ။ စနစ်ပိုင်းဆိုင်ရာ ကိစ္စတွေကိုတော့ လောလောဆယ် ခဏမေ့ထားလိုက်တော့။"
လင်းဖန်သည် တစ်ခုခုကို သတိရသွားပြီး ဒါရိုက်တာယွီလီကို တိုက်ရိုက် မှာကြားလိုက်သည်။ ကွန်ပျူတာစနစ် ဆိုသည်မှာ သီးခြားရပ်တည်၍ မရပေ။ ကွန်ပျူတာစနစ်နှင့် ဆော့ဖ်ဝဲလ် အပလီကေးရှင်းများ ချိတ်ဆက်မိမှသာ ပြည့်စုံသော နဂါးငွေ့တန်းတစ်ခု ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။
"PC ဈေးကွက်ထဲမှာ စီးပွားရေး တိုးချဲ့မယ့် မင်းရဲ့ အကြံဉာဏ်တွေကို ပြောပြပါဦး။"
ကိုယ်ပိုင်ဓာတ်ခွဲခန်းထဲသို့ ရောက်သည်နှင့် လင်းဖန်က လိုရင်းကို တိုက်ရိုက်မေးလိုက်သည်။ ထိုအခါ ကျန်းဖန်က လေးနက်သော မျက်နှာထားဖြင့် ပြန်လည်ဖြေကြားသည်။
"သူဌေး... ကျွန်တော်တို့ အနေနဲ့ အစောပိုင်းမှာ လုပ်ငန်းသုံး PC ဈေးကွက်ကို အရင်ခြေကုပ်ယူချင်ပါတယ်။ အဲဒီနောက် အစိုးရနဲ့ စစ်တပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပြီးမှ အခြေခံလူထုသုံး ဈေးကွက်ထဲကို ဆက်သွားဖို့ စဉ်းစားထားပါတယ်..."
မကြာသေးမီက အမ်ဘရဲလား (Umbrella) ကုမ္ပဏီသည် ChromeOS စနစ်အတွက် ပြင်ဆင်ရန်နှင့် လုပ်ငန်းသုံး PC ဈေးကွက်ကို ဖွင့်လှစ်ရန် Android ပလက်ဖောင်း၏ လမ်းကြောင်းကို ပြောင်းလဲခဲ့သည်။
သူတို့အတွက်မူ လုပ်ငန်းသုံး PC ဈေးကွက်သည် တည်ငြိမ်သော ငွေသားစီးဆင်းမှုကို ဆိုလိုခြင်းပင် ဖြစ်သည်။
အထွေထွေ လူထုသုံးဈေးကွက်တွင်မူ မိုက်ခရိုဆော့ဖ်၏ Windows က လက်ဝါးကြီးအုပ်ထားပြီး သုံးစွဲသူများမှာလည်း ၎င်းကိုသာ အသားကျနေကြပြီဖြစ်သည်။
ဆော့ဖ်ဝဲလ်စနစ်ကလည်း အထောက်အပံ့ မပေးနိုင်သေးသဖြင့် လူထုဈေးကွက်ထဲ တိုက်ရိုက်တိုးဝင်ရန်မှာ ခရီးလမ်း ကြမ်းတမ်းပေလိမ့်မည်။ ထို့ကြောင့် လုပ်ငန်းသုံး ရုံးသုံးဈေးကွက်ကို ပစ်မှတ်ထားခြင်းမှာ လုံထန်ဂရုအတွက် အကောင်းဆုံး ရွေးချယ်မှုပင်။
ကွန်ပျူတာဈေးကွက်နှင့် ပတ်သက်၍ လုံထန်ဂရုစီးပွားရေးဌာနက အထူးစစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ လုပ်ငန်းသုံး ဈေးကွက်သည် လူထုဈေးကွက်ထက် ပြိုင်ဆိုင်မှု ဖိအားနည်းကြောင်း တွေ့ရှိရသည်။
ယခင်က မိုက်ခရိုဆော့ဖ်သည်လည်း ဤအတိုင်းပင် အကောင်းဆုံး နမူနာပြခဲ့ဖူးသည်။ မည်သည့် နည်းပညာနယ်ပယ်တွင်မဆို ထူးခြားပြီး ပိုမိုအဆင်ပြေသည့် ခေတ်မီနည်းပညာများကို ဖန်တီးနိုင်လျှင် ဝယ်ယူမည့် ကုမ္ပဏီများစွာ ရှိနေမည်သာ။
လုံထန်ဂရုတွင် ကမ္ဘာ့အဆင့်မြင့်ဆုံး စမတ်ဖုန်း လက်ထောက်စနစ် ရှိရုံသာမက အဆင့်မြင့် ဉာဏ်ရည်တုကို အခြေခံသည့် ရုံးသုံး ဆော့ဖ်ဝဲလ်များကိုလည်း ဖန်တီးလျက်ရှိသည်။
ရုံးလုပ်ငန်း စွမ်းဆောင်ရည်ပိုင်းတွင် လုံထန်ဂရုကို ယှဉ်နိုင်သူ မရှိပေ။
ဤဈေးကွက်ထဲ တိုးဝင်ရခြင်းမှာ စမတ်ဖုန်းဈေးကွက်ထက် ပိုမိုလွယ်ကူသည်။ အကြောင်းမှာ မိုဘိုင်းဖုန်းလောကသည် ပြိုင်ဘက်သစ်များ အမြဲပေါ်ထွက်နေသည့် ဈေးကွက်သစ် ဖြစ်သော်လည်း PC လောကမှာမူ နှစ်ပေါင်းများစွာ သက်တမ်းရှိနေပြီဖြစ်ကာ အပြောင်းအလဲ နည်းပါးနေသောကြောင့်ပင်။
ကျန်းဖန်၏ စကားများကို နားထောင်ပြီးနောက် လင်းဖန်သည် အတန်ကြာ စဉ်းစားခန်း ဝင်သွားသည်။ တကယ်တော့ ဤအဆင့်ရှိ ထုတ်ကုန်တစ်ခုအတွက် လင်းဖန် ကိုယ်တိုင်လုပ်ရန် မလိုပေ။
အဆင့်မြင့်ပြီး ကိုယ်တိုင် ဆင့်ကဲတိုးတက်နိုင်သည့် ဉာဏ်ရည်တု "ရှုံ့တာ" ကိုသာ ဒီဇိုင်းဆွဲခိုင်း၍ ရသည်။ သို့သော် သူသည် ရှုံ့တာကို အများရှေ့ ထုတ်မပြချင်သေးပေ။
ပိုလာဝက်ဝံနိုင်ငံမှ အကြီးအကဲ ပူတင်ပင်လျှင် "ဉာဏ်ရည်တု နည်းပညာလောကကို ဦးဆောင်နိုင်သူသည် ကမ္ဘာကြီးကို အုပ်စိုးသူ ဖြစ်လာလိမ့်မည်" ဟု ယုံကြည်ထားသည်။
ရှုံ့တာ၏ တည်ရှိမှုသာ ပေါ်ပေါက်သွားပါက ၎င်းသည် သာမန် စီးပွားရေး ပြဿနာတစ်ခုထက် ပိုမိုကြီးမားသွားပေလိမ့်မည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ အရင်းရှင်ကြီးများ၊ အာဏာမက်မောသူများနှင့် ပရိယာယ်ကြွယ်ဝသူများ အားလုံးသည် လုံထန်ဂရုနှင့် လင်းဖန်အပေါ် အာရုံစိုက်လာကြမည်ဖြစ်သည်။ နောက်ရက်အနည်းငယ်အတွင်းမှာပင် လုံထန်သည် တစ်ကမ္ဘာလုံးမှ စိန်ခေါ်မှုများကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
"သူဌေး... သက်ဆိုင်ရာ ရုံးသုံးဆော့ဖ်ဝဲလ်တွေနဲ့ သုတေသနစင်တာကတော့ အဆင်သင့်ပါပဲ။ စစ်တပ်နဲ့ အစိုးရပိုင်းကို ဆက်သွယ်ဖို့ကတော့ သူဌေးကိုယ်တိုင် ရှေ့ထွက်ပေးဖို့ လိုပါလိမ့်မယ်။" ဟု ကျန်းဖန်က ဆက်ပြောသည်။
"ကျုပ်သူတို့နဲ့ နောက်မှ ဖုန်းပြောလိုက်မယ်၊ ဒီကွန်ပျူတာ ပရောဂျက် တစ်ခုလုံးကိုတော့ မင်းဆီပဲ လွှဲပေးထားမယ်။"
တကယ်တော့ လင်းဖန်သည် ကွန်ပျူတာစနစ်များအပေါ် များစွာ စိတ်မဝင်စားလှပေ။
အကြောင်းမှာ လက်ရှိတွင် ကွန်ပျူတာစနစ်များစွာ ရှိသော်လည်း Windows က ထိုစနစ်တစ်ခုလုံးကို ဝါးမြိုကာ လက်ဝါးကြီးအုပ်ထားသောကြောင့်ပင်။ ထို့အပြင် လက်ရှိ ဆော့ဖ်ဝဲလ်များမှာလည်း Windows အပေါ်တွင်သာ အခြေခံ၍ ထုတ်လုပ်ထားကြခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ကွန်ပျူတာစနစ်ကို အောင်မြင်စွာ သုတေသနပြုနိုင်ခဲ့ပြီဖြစ်ရာ လုပ်ငန်းသုံး ရုံးသုံးဈေးကွက်မှာ ရွေးချယ်စရာ အကောင်းဆုံး ဖြစ်လာသည်။ စစ်တပ်နှင့် အစိုးရပိုင်းမှ ဝယ်ယူမှုများ ရှိလာပါက အနည်းဆုံးတော့ တရုတ်နိုင်ငံ၏ လုပ်ငန်းသုံး ဈေးကွက်ကို အလုံးစုံ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး လူထုဈေးကွက်ထဲသို့ပင် တစ်စိပ်တစ်ဒေသ ထိုးဖောက်ဝင်ရောက်နိုင်မည် ဖြစ်သည်။
"ကောင်းပါပြီ၊ ကျွန်တော် ချက်ချင်းသွားပြီး အစီအစဉ်တွေ ဆွဲလိုက်ပါ့မယ်။" ကျန်းဖန်က လေးလေးနက်နက် ခေါင်းညိတ်၍ ပြောသည်။
"နောက်တစ်ချက်က ရုံးချုပ်ထဲက တခြားနယ်မြေ တိုးချဲ့မှုတွေကို မြန်မြန်လုပ်ပေးပါ။ အကြီးစား ထုတ်လုပ်ရေး အလုပ်ရုံ (၅) ခုကို ပြင်ဆင်ထားပါ။ ပိုက်ဆံက ပြဿနာမဟုတ်ဘူး၊ အချိန်က ပိုအရေးကြီးတယ်။"
မနေ့ကတင် သူသည် စနစ်ဆီမှ အခြေခံ စက်ရုပ်ဖွံ့ဖြိုးရေး နည်းပညာကို ရရှိခဲ့သည်။ ရှုံ့တာ၏ တည်ရှိမှုကြောင့် ၎င်းသည် အလယ်အလတ်အဆင့် စက်ရုပ်ဖွံ့ဖြိုးရေးအထိ ဆင့်ကဲတိုးတက်သွားခဲ့သည်။
ထိုနည်းပညာများကို လေ့လာပြီးနောက် လင်းဖန်သည် ရှုံ့တာကို အဆင့်မြင့် ဉာဏ်ရည်တုအဖြစ် တိုက်ရိုက် အဆင့်မြှင့်တင်လိုက်သည်။
ဤနည်းပညာကို သေချာစွာ နားလည်သွားသည်နှင့် စက်ရုပ်များကို သုတေသနပြု ထုတ်လုပ်ရန်မှာ ပြဿနာ မဟုတ်တော့ပေ။ ထို့ကြောင့် စက်ရုပ်များကို အမြောက်အမြား ထုတ်လုပ်နိုင်ရန် ထုတ်လုပ်ရေး အလုပ်ရုံများကို အမြန်ဆုံး စီစဉ်ရန် လိုအပ်နေခြင်းဖြစ်သည်။
"ဟုတ်ကဲ့ပါ ထောက်ပံ့ရေးဌာနကို ချက်ချင်းအကြောင်းကြားပြီး တိုးချဲ့မှုတွေ စလုပ်ခိုင်းလိုက်ပါ့မယ်။"
ကျန်းဖန်၏ စိတ်ထဲတွင် သံသယများစွာ ရှိနေသော်လည်း အမိန့်ကိုမူ တသွေမတိမ်း လိုက်နာခဲ့သည်။
ကျန်းဖန် ထွက်သွားသည်ကို ကြည့်ပြီးနောက် လင်းဖန်သည် ရုံးခန်းထိုင်ခုံပေါ်တွင် ထိုင်လိုက်ကာ ကွန်ပျူတာကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
"ရှုံ့တာ... လုံထန်ကွန်ပျူတာစနစ်ရဲ့ ရင်းမြစ်ကုဒ်တွေကို ဆွဲထုတ်လိုက်စမ်း။"
"ရှာဖွေမှု အောင်မြင်ပါသည်။"
မကြာမီမှာပင် ရှုံ့တာ၏ အသံထွက်ပေါ်လာသည်။ ကွန်ပျူတာပေါ်တွင် ပေါ်လာသော ကုဒ်များကို ကြည့်ရင်း လင်းဖန်၏ စိတ်ထဲတွင် အတွဲအစပ်များစွာ ပေါ်လာသည်။
သူသည် အသုံးမဝင်သော ပရိုဂရမ်များကို ဖျက်ထုတ်ကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီး လိုအပ်ချက်များကို ဖြည့်စွက်လိုက်လေတော့သည်။
............................................................