← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အပိုင်း ၂၄၃

"ဟူး..."

​သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း လင်းဖန်သည် သူ၏စိတ်ထဲတွင် ကုဒ်အားလုံးကို ပေါင်းစပ်ပြီးစီးသွားကာ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

"ရှုံ့တာ... ဗဟိုဆာဗာကို စတင်လည်ပတ်လိုက်တော့။"

​"ဟုတ်ကဲ့"

​ခဏချင်းမှာပင် ပုရွက်ဆိတ်အုပ်ကြီးသဖွယ် များပြားလှသော ရင်းမြစ်ကုဒ်များသည် ကွန်ပျူတာမျက်နှာပြင်ထက်၌ ပေါ်လာပြီး အစီအစဉ်တကျ လျင်မြန်စွာ ပေါင်းစပ်သွားကြသည်။

လင်းဖန်သည်လည်း လက်တွန့်မနေဘဲ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော လက်ချောင်းများဖြင့် ကီးဘုတ်ပေါ်တွင် ရိုက်နှိပ်နေတော့သည်။ အတန်ကြာမှ လက်ကိုရပ်လိုက်ချိန်တွင် ပြည့်စုံသွားပြီဖြစ်သော ကွန်ပျူတာစနစ်မှာ မျက်နှာပြင်ထက်၌ ပေါ်လာခဲ့ပြီဖြစ်သည်။

​ပဏာမ ပေါင်းစပ်မှုများ ပြီးဆုံးသွားပြီးနောက် လင်းဖန်သည် ထိုင်ခုံပေါ်တွင် ပျင်းရိစွာ မှီချလိုက်ပြီး ပြောလိုက်သည်။

"ရှုံ့တာ... ဒီစနစ်ကို ပြန်ပြီး အကောင်းဆုံးဖြစ်အောင် ညှိလိုက်ဦး၊ နောက်ပြီး လုံခြုံရေးအပေါက်အားလုံးကို ပိတ်ပစ်လိုက်။"

​လုံထန်၏ ကွန်ပျူတာစနစ် ရင်းမြစ်ကုဒ်မှာ သူ၏ထိန်းချုပ်မှုအောက်တွင် အကောင်းဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကုဒ်များပေါင်းစပ်ထားသည့် စနစ်တစ်ခုဖြစ်၍ အားနည်းချက်များ ရှိနေနိုင်သေးသဖြင့် ရှုံ့တာ၏ ဉာဏ်ရည်တုဖြင့် ထပ်မံလုပ်ဆောင်ရန် လိုအပ်နေသေးခြင်းဖြစ်သည်။

​"ကောင်းပါပြီ"

​သုံးမိနစ်ပင်မပြည့်မီမှာပင် ရှုံ့တာ၏ အသံသည် ရုံးခန်းအတွင်း ထွက်ပေါ်လာသည်။ အမှန်တကယ်ပင် အဆင့်မြင့်ဉာဏ်ရည်တု ဖြစ်ပေသည်။ အလုပ်လုပ်ပုံ စွမ်းဆောင်ရည်ပိုင်းတွင် ပျံသန်းတတ်သော လူသားများပင်လျှင် ၎င်းကို ယှဉ်နိုင်မည်မဟုတ်ပေ။

ကမ္ဘာပေါ်ရှိ လူအများအပြားက အနာဂတ်တွင် ဉာဏ်ရည်တုက ကမ္ဘာကြီးကို လွှမ်းမိုးသွားမည်ကို စိုးရိမ်နေကြသည်မှာလည်း မဆန်းတော့ပေ။ ဤမျှ များပြားလှသော ဒေတာများနှင့် ရင်းမြစ်ကုဒ်ပေါင်းစပ်မှုများကို ဤမျှ မြန်ဆန်စွာ ပြီးမြောက်နိုင်ခြင်းမှာ အမှန်တကယ်ပင် တုန်လှုပ်စရာ ကောင်းလှသည်။

​【ဂုဏ်ယူပါသည် စနစ်ရှင်... မိမိကိုယ်တိုင် လွတ်လပ်စွာ လည်ပတ်နိုင်သော ကွန်ပျူတာစနစ်တစ်ခုကို ဖန်တီးခြင်းဆိုသည့် ဘဝ၏ ရည်မှန်းချက် ပန်းတိုင်ငယ်တစ်ခုကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် အမွေဆက်ခံနိုင်သော ရတနာတစ်ခုကို ကျပန်းရွေးချယ်ပေးပါမည်......】

​【ဂုဏ်ယူပါသည် စနစ်ရှင်... အခြားကမ္ဘာတစ်ခုရှိ ဆဲန့်စတား စကြဝဠာအင်ပါယာမှ အင်ဂျင်နီယာ အန်းဂတ်စ်၏ ရတနာကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့ပြီး လေဆာအာရုံခံ နည်းပညာ (Laser Sensor Technology) ကို ရရှိခဲ့ပါသည်】

​ရုတ်တရက် ထွက်ပေါ်လာသော စနစ်၏ အသိပေးချက်ကြောင့် လင်းဖန်၏ တည်ငြိမ်မှုမှာ ပျက်ပြားသွားခဲ့သည်။

ဟမ်...

​နောက်ထပ် အခြားကမ္ဘာတစ်ခုမှ အင်ဂျင်နီယာတစ်ဦး၏ အမွေအနှစ်ကို ရရှိပြန်ပြီ။ ပြီးခဲ့သည့်အကြိမ်က ဉာဏ်ရည်တုကိုလည်း ထိုနေရာမှ ဆက်ခံခဲ့ရခြင်းဖြစ်ပြီး ယခုလည်း ထပ်မံရရှိပြန်သည်။ ဤသို့သော အံ့အားသင့်စရာများက လင်းဖန်ကို အတော်လေး ပျော်ရွှင်သွားစေခဲ့သည်။

​"ဝုန်း"

​ခဏချင်းမှာပင် မှတ်ဉာဏ်စီးကြောင်းတစ်ခုသည် လင်းဖန်၏ ဦးနှောက်ထဲသို့ လျှပ်စီးကဲ့သို့ တိုးဝင်လာသည်။ သူပြန်လည် သတိဝင်လာချိန်တွင် မျက်နှာထက်၌ နွေဦးလေပြည်ကဲ့သို့ နွေးထွေးသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

​အာရုံခံကိရိယာ (Sensor) ဆိုသည်မှာ လက်ရှိအချိန်တွင် တိုင်းတာမည့် အချက်အလက်များကို သိရှိနိုင်သော စမ်းသပ်ကိရိယာတစ်ခု ဖြစ်သည်။ ၎င်းသည် အလိုအလျောက် စမ်းသပ်စစ်ဆေးခြင်းနှင့် အလိုအလျောက် ထိန်းချုပ်ခြင်းတို့တွင် အဓိကကျသော အစိတ်အပိုင်းလည်း ဖြစ်သည်။

အာရုံခံကိရိယာ ရှိနေခြင်းကြောင့် သိရှိလာသော အချက်အလက်များကို လျှပ်စစ်စီးကြောင်း အချက်ပြချက်များ သို့မဟုတ် အချက်အလက် ပေးပို့ခြင်း၊ လုပ်ဆောင်ခြင်း၊ သိမ်းဆည်းခြင်း၊ ဖော်ပြခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ထိန်းချုပ်ခြင်း စသည့် လိုအပ်ချက်များအတိုင်း ပြောင်းလဲပေးနိုင်သည်။

​ထို့ကြောင့် ဤနည်းပညာ အောင်မြင်မှုကို စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ အာကာသနည်းပညာ၊ စစ်ဘက်ဆိုင်ရာ၊ စက်ရုပ်နည်းပညာ၊ သယံဇာတ တူးဖော်ရေး၊ သမုဒ္ဒရာ စူးစမ်းရှာဖွေရေး၊ ပတ်ဝန်းကျင် စောင့်ကြည့်ရေး၊ လုံခြုံရေး၊ ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်သုံးပစ္စည်းများ စသည့် နယ်ပယ်အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။

​ဥပမာအားဖြင့် လူသားများသည် ပြင်ပလောကမှ အချက်အလက်များကို ရရှိရန် အာရုံခံအင်္ဂါများကို အသုံးပြုကြရသည်။ ခေတ်ကာလများ တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ အာရုံခံအင်္ဂါများအပေါ်၌သာ မှီခိုနေခြင်းမှာ ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် မလုံလောက်တော့ပေ။

ဤအခြေအနေကို လိုက်လျောညီထွေဖြစ်စေရန် အာရုံခံကိရိယာများကို တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ အာရုံခံကိရိယာများသည် လူသားတို့၏ အာရုံခံအင်္ဂါများကို တိုးချဲ့ပေးထားခြင်း ဖြစ်သောကြောင့် ၎င်းတို့ကို "လျှပ်စစ်အာရုံငါးပါး" ဟုလည်း ခေါ်ကြသည်။

​လင်းဖန် အခုလေးတင် ဆက်ခံလိုက်ရသော ရတနာထဲတွင် အခြားကမ္ဘာမှ ဆဲန့်စတား အင်ပါယာ၏ အာရုံခံကိရိယာဆိုင်ရာ အဓိက အောင်မြင်မှုများ ပါဝင်သည်။

ထိုအင်ပါယာသည် အာထရာဆိုးနစ် (Ultrasonic) အာရုံခံကိရိယာ၊ အသံဖမ်းအာရုံခံကိရိယာနှင့် အကြီးစား အသံလှိုင်းအာရုံခံကိရိယာများ အပါအဝင် နည်းပညာပေါင်း ထောင်ချီကို တီထွင်ထားပြီး ဖြစ်သည်။

အာရုံခံနည်းပညာသည် ဟာ့ဒ်ဝဲ (Hardware) နည်းပညာဖြစ်ပြီး စက်မှုကဏ္ဍအတွက် အလွန်ပင် အရေးပါသည်။

​လင်းဖန် ဆက်ခံလိုက်သော ရတနာမှာ လက်ရှိကမ္ဘာ့အဆင့်နှင့် အနီးစပ်ဆုံး ဖြစ်သည့် လေဆာအာရုံခံ နည်းပညာ ဖြစ်သည်။ ဤထုတ်ကုန်သည် အများဆုံး အကွာအဝေး မီတာ ၁,၀၀၀ အထိ တိုင်းတာနိုင်ပြီး တိကျမှုမှာ 5mm အထိ ရှိကာ မြန်နှုန်းမှာလည်း အလွန်မြန်ဆန်သည်။

အလင်းနှင့် လျှပ်စစ်ဆိုင်ရာ နှောင့်ယှက်မှုများကိုလည်း ကြံ့ကြံ့ခံနိုင်ရုံသာမက သေးငယ်သော အရွယ်အစား (အချင်း ၁၀ စင်တီမီတာ) သာရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မှာလည်း သက်သာသည်။

​လက်ရှိ ကမ္ဘာပေါ်ရှိ လေဆာအာရုံခံကိရိယာများမှာ ယေဘုယျအားဖြင့် အရွယ်အစား ကြီးမားလွန်းခြင်း၊ ဈေးနှုန်းကြီးခြင်းနှင့် နည်းပညာပိုင်း မရင့်ကျက်သေးခြင်းတို့ ရှိနေသည်။

အထင်ရှားဆုံးမှာ အလိုအလျောက် မောင်းနှင်သည့် စနစ်များတွင် ဖြစ်သည်။ လူမဲ့မောင်းနှင်သည့် မော်တော်ကားလုပ်ငန်းတွင် Baidu၊ Umbrella နှင့် Tesla တို့သည် ဆော့ဖ်ဝဲလ်ပိုင်းကို အစွမ်းကုန် မြှင့်တင်ထားကြသော်လည်း အဆင့်မြင့် လေဆာအာရုံခံကိရိယာများကို ကားများတွင် အသုံးမပြုနိုင်သေးသောကြောင့် လူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် မပြန့်ပွားသေးခြင်း ဖြစ်သည်။

​"ဟူး... အခုတော့ ပိုပြီး ယုံကြည်ချက်ရှိသွားပြီ။"

​ထိုင်ခုံပေါ်တွင် ထိုင်နေသော လင်းဖန်မှာ မပြုံးဘဲ မနေနိုင်တော့ပေ။

သူသည် ယခင်က စက်ရုပ်နည်းပညာကို ရရှိထားပြီး ဖြစ်သော်လည်း ၎င်းကို လေဆာအာရုံခံ နည်းပညာဖြင့်သာ ပေါင်းစပ်လိုက်ပါက ထိုစက်ရုပ်သည် လူသားနှင့်တူသည့် အခြေအနေတွင် အတုမရှိ ဖြစ်လာပေလိမ့်မည်။

ထို့အပြင် လေဆာအာရုံခံကိရိယာများကို မိုဘိုင်းဖုန်းများ၊ လက်ပ်တော့ပ်များ၊ တက်ဘလက်များနှင့် ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာများတွင်ပါ အသုံးပြုကာ အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

၎င်းမှာ အမှန်တကယ်ပင် အဖိုးတန်လှသော ကိရိယာတစ်ခု ဖြစ်သောကြောင့် သူ မည်သို့ ပျော်ရွှင်နေမည်နည်း။

​ထို့ကြောင့်ပင် လင်းဖန်သည် စက်ရုပ်များကို တရားဝင် သုတေသနပြုရန် ဆုံးဖြတ်လိုက်လေတော့သည်။

​"ရှုံ့တာ... ဒေတာဘေ့စ်ထဲမှာရှိတဲ့ လူသားပုံစံ စက်ရုပ် (Humanoid Robot) တွေရဲ့ ဒီဇိုင်းပုံစံအားလုံးကို ထုတ်ပြပါဦး။"

​"ဟုတ်ကဲ့ပါ။"

​သူပြောပြီးသည်နှင့် ခဏချင်းမှာပင် လူသားပုံစံ စက်ရုပ်ပုံစံပေါင်း သောင်းနှင့်ချီသော ပုံရိပ်များသည် ကွန်ပျူတာမျက်နှာပြင်ထက်၌ ပြည့်နှက်သွားခဲ့သည်။

ရှေ့တွင်ရှိနေသော အချက်အလက်များစွာကို ကြည့်ပြီး လင်းဖန်မှာ အံ့အားသင့်သွားရသည်။ အားလုံးမှာ လူသားပုံစံ စက်ရုပ်များ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် Transformers ကဲ့သို့သော စက်ရုပ်များမှာ အများဆုံး ဖြစ်သည်။

ဤမျှကြီးမားသော စစ်ပွဲသုံးစက်ရုပ်ကြီးတွင် အစိတ်အပိုင်းပေါင်း များစွာ ပါဝင်နေမည်ဖြစ်ရာ သူ့ကို ပေးလျှင်ပင် ယခုအချိန်တွင် သူ ပြုလုပ်နိုင်ဦးမည်မဟုတ်ပေ။

​"ရှုံ့တာ... သာမန်လူသား အရွယ်အစားရှိပြီး လက်ရှိ နည်းပညာအဆင့်နဲ့ ကိုက်ညီမယ့် စက်ရုပ်တွေကိုပဲ ရွေးထုတ်လိုက်ပါ။"

လင်းဖန်က မျက်မှောင်ကြုတ်၍ အမိန့်ပေးလိုက်သည်။

​"ဟုတ်ကဲ့"

​ခဏချင်းမှာပင် မျက်နှာပြင်ထက်မှ စက်ရုပ်ပုံရိပ် အများစုမှာ ပျောက်ကွယ်သွားပြီး ပုံစံသစ်တချို့ ပေါ်လာသည်။

လင်းဖန်သည် ဒေတာဘေ့စ်တစ်ခုလုံးတွင် အချက်အလက် မည်မျှရှိသည်ကို မသိသလို သိရန်လည်း စိတ်မဝင်စားပေ။

မည်သို့ပင်ဖြစ်စေ နည်းပညာမှာ ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ စက်ရုပ်အားလုံးကို ထုတ်လုပ်နိုင်ချင်မှ ထုတ်လုပ်နိုင်ပေလိမ့်မည်။

​နောက်ဆုံးတွင် သူသည် လက်ရှိနည်းပညာဖြင့် ထုတ်လုပ်နိုင်မည့် လူသားနှင့်အသွင်တူသော စက်ရုပ်တစ်ရုပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုစက်ရုပ်၏ ဒီဇိုင်းပုံစံများမှာ အခြားကမ္ဘာမှ ဖြစ်နေသောကြောင့် လက်ရှိကမ္ဘာတွင် အသုံးပြုနေသည့် ပုံစံများနှင့် အလွန်ပင် ကွဲပြားနေသည်။

​ထို့ကြောင့် လင်းဖန်အနေဖြင့် ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် ကိုက်ညီမည့် စက်ရုပ်ဒီဇိုင်း ဖြစ်လာစေရန် သူကိုယ်တိုင် တရုတ်စာလုံး အခြေခံ ထိန်းချုပ်မှု ပရိုဂရမ်များကို ရေးသားရမည်ဖြစ်သည်။ ပရိုဂရမ်ရေးသားခြင်းကို ရှုံ့တာကို အစားထိုး လုပ်ခိုင်း၍ ရသော်လည်း လက်တွေ့လုပ်ဆောင်မှုများတွင်မူ လက်ထောက်တစ်ဦး မရှိဘဲ လုပ်ရန်မှာ မဖြစ်နိုင်ပေ။

တခြားလူများကို ခေါ်ယူရန်မှာလည်း မသင့်တော်ပေ။

​လက်ရှိတွင် အကောင်းဆုံးနည်းလမ်းမှာ စက်ရုပ်လက်ထောက်တစ်ရုပ်ကို ဖန်တီးကာ အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားပြီး ဉာဏ်ရည်တု "ရှုံ့တာ" ၏ တည်ရှိမှုကိုလည်း ဖုံးကွယ်ထားရန်ပင် ဖြစ်သည်။

.............................................................

အပိုင်း ၂၄၄

"သူဌေး... အရှေ့တောင်အာရှမှာ Flagship Store (အရောင်းပြခန်းမကြီး) တွေကို ဆက်ပြီး တိုးချဲ့ဖွင့်လှစ်သွားဦးမှာလားခင်ဗျာ"

​လင်းဖန် စက်ရုပ်ဒီဇိုင်းပုံကြမ်းကို ရွေးချယ်ပြီးစီးချိန်မှာပင် ကျန်းဖန်က တံခါးခေါက်၍ ဝင်လာခဲ့သည်။

​"ဘာဖြစ်လို့လဲ"

​ထိုအချိန်တွင် လင်းဖန်သည် ကွန်ပျူတာရှေ့၌ထိုင်ကာ စက်ရုပ်ဒီဇိုင်းဆွဲခြင်းကိုသာ အာရုံစိုက်နေသည်။

စက်ရုပ်အတွက် လိုအပ်သည့် ကုန်ကြမ်းများ၊ အစိတ်အပိုင်းများနှင့် ပစ္စည်းစာရင်းကိုလည်း သူက စုစည်းပြီးဖြစ်ရာ ပစ္စည်းများမှာယူရန် ကျန်းဖန်ကို ခိုင်းစေဖို့သာ ကျန်တော့သည်။ ပစ္စည်းများရောက်လာသည်နှင့် သူသည် စက်ရုပ်ထုတ်လုပ်ရေးအဆင့်သို့ တိုက်ရိုက်ဝင်ရောက်နိုင်မည်ဖြစ်သည်။

​"သူဌေး... အရှေ့တောင်အာရှဈေးကွက်မှာ ကျွန်တော်တို့ရဲ့ အရောင်းပမာဏက အပြည့်အဝ မပြန့်နှံ့သေးဘူးဖြစ်နေတယ်။ ဒါကြောင့် အရှေ့တောင်အာရှက မန်နေဂျာတွေက အပြင်မှာ Flagship Store တွေ အမြောက်အမြား တိုးချဲ့ဖွင့်လှစ်ပေးဖို့ တောင်းဆိုလာကြလို့ပါ" ဟု ကျန်းဖန်က ချက်ချင်းတင်ပြလိုက်သည်။

​အရောင်းပြခန်းမကြီးများမှာ လုံထန်၏ သင်္ကေတတစ်ခုဖြစ်ပြီး အထူးသဖြင့် အရှေ့တောင်အာရှဈေးကွက်တွင် Flagship Store များ အမြောက်အမြားရှိရန်မှာ အလွန်အရေးကြီးသည်။

လက်ရှိတွင် အွန်လိုင်းမှ ဈေးဝယ်ခြင်းမှာ ခေတ်စားနေသော်လည်း အရှေ့တောင်အာရှတွင် အင်တာနက်နှင့် သယ်ယူပို့ဆောင်ရေး (Logistics) အားနည်းချက်များရှိနေသဖြင့် ဈေးကွက်ကို စိုးမိုးရန်အတွက် ပြင်ပအရောင်းဆိုင် (Physical Store) များမှာ အဓိကသော့ချက်ဖြစ်နေဆဲပင်။

​အွန်လိုင်းဆိုင်များနှင့် ယှဉ်လျှင် ပြင်ပဆိုင်များသည် အရောင်းကွန်ရက်သာမက ဝယ်ယူပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးရာတွင်လည်း အရေးပါသည်။

Flagship Store များက သုံးစွဲသူကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ခြင်းသည် အမှတ်တံဆိပ်တစ်ခုလုံးအတွက် အလွန်အရေးကြီးသည်။ တရုတ်နိုင်ငံတွင် လုံထိန်သည် မြို့နယ်တိုင်း၌ အနည်းဆုံး Flagship Store ၄ ဆိုင်ခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆိုင်ပေါင်း သောင်းနှင့်ချီ၍ ရှိနေပြီဖြစ်သည်။

​အကယ်၍ အရှေ့တောင်အာရှတွင်လည်း ဤကဲ့သို့ လုပ်ဆောင်နိုင်ပါက အရှေ့တောင်အာရှသည် တရုတ်ပြည်မကြီးပြီးလျှင် ဒုတိယအကြီးဆုံး ဈေးကွက်ကြီး ဖြစ်လာပေလိမ့်မည်။

အကြောင်းမှာ လက်ရှိ အရှေ့တောင်အာရှ၏ လူဦးရေမှာ သန်း ၇၀၀ အထိ ရှိနေသောကြောင့်ပင်။

​"သူတို့ကို ပြောလိုက်ပါ၊ Flagship Store တွေအတွက် ရင်းနှီးမြှုပ်နှံမှု တိုးလို့ရတယ်၊ ဒါပေမဲ့ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ လုပ်ဖို့တော့ လိုလိမ့်မယ်" လင်းဖန်က လက်ကာပြရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"အခုလောလောဆယ် အရေးကြီးဆုံးက ဗြိတိန်နိုင်ငံက အရောင်းကွန်ရက်ပဲ။ အဲဒီမှာကျုပ်တို့ရဲ့ ပြင်ပအရောင်းဆိုင်တွေ ထိုးဖောက်နိုင်စွမ်းက အရမ်းနှေးနေသေးတယ်"

​"ဥရောပဌာနခွဲက ပြင်သစ်နိုင်ငံ တစ်ခုတည်းမှာတင် Flagship Store ၅၀၀ ထက်မနည်း ရှိနေပြီ၊ ဂျာမနီမှာဆို ပိုတောင်များသေးတယ်။ ဒါပေမဲ့ ဗြိတိန်မှာတော့ ဆိုင်ပေါင်း ၃၀၀ တောင် မပြည့်သေးဘူး"

​"နောက်ပြီး အွန်လိုင်းအရောင်းပိုင်းကိုတော့ လောလောဆယ် Jindong Mall နဲ့ Penguin တို့ဆီမှာပဲ ထားထားလိုက်ပါ။ သူတို့ရဲ့ လုပ်ငန်းတွေက နီဗားနား X နဲ့ ခိုင်ထျန်း ONE တို့ရဲ့ အရှိန်နဲ့ တိုးတက်နေတာပဲ"

​လီကျားချန်၏ အကူအညီကြောင့် Jindong Mall နှင့် Penguin တို့သည် ဗြိတိန်တွင် အရှိန်အဟုန်ပြင်းစွာ ထိုးဖောက်နေပြီး တားဆီး၍မရနိုင်လောက်အောင် ဖြစ်နေသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့အထိ Jindong Mall သည် Amazon ကို ကျော်တက်ကာ ဗြိတိန်၏ အွန်လိုင်းအရောင်းဈေးကွက်တွင် အကြီးဆုံး အင်တာနက်လုပ်ငန်းစု ဖြစ်လာခဲ့သည်။ Penguin Group မှာမူ ပို၍ပင် အံ့သြစရာကောင်းသည်။

ဗြိတိန်၏ ဂိမ်းနှင့် လူမှုကွန်ရက်နယ်ပယ်တို့အတွက် မတူညီသော မဟာဗျူဟာများကို ချမှတ်ခဲ့ရာ ဗြိတိန်၏ လူမှုကွန်ရက်ဈေးကွက်တစ်ခုလုံးနှင့် ဂိမ်းဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

​"ဟုတ်ကဲ့ပါ သူဌေး၊ ပြည်ပရေးရာဌာနကလည်း ဒေသခံ ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ ဆက်သွယ်ထားပါတယ်။ ဗြိတိန်ဘက်က စာချုပ်ပါဖုန်းကိစ္စတွေအတွက်လည်း ညှိနှိုင်းနေပါတယ်" ဟု ကျန်းဖန်က ဆိုသည်။

​"အင်း... ကောင်းပြီ!" လင်းဖန်က ခေါင်းညိတ်၍ သဘောကျကြောင်း ပြလိုက်သည်။ "ဗြိတိန်က လူတွေက အတော်လေး ဘဝင်မြင့်ကြပေမဲ့ အကျိုးအမြတ်နဲ့ ပတ်သက်လာရင်တော့ အာဖရိကက ဟေနာကောင်တွေလိုပဲ အတော်လေး လောဘကြီးကြတာ။"

​"သင့်တော်မယ်ဆိုရင် သူတို့အတွက် အရိုးတချို့ ပစ်ကျွေးလိုက်လို့ရတယ်။ အကယ်၍ သူတို့က တကယ်ပဲ ပူးပေါင်းဆောင်ရွက်ဖို့ ဝန်လေးနေမယ်ဆိုရင်တော့ လီကျဲခိုင်ရဲ့ Yingke ကိုပဲ ရှေ့ထုတ်လိုက်ပါ။ လီမိသားစုက ဗြိတိန်ရဲ့ ဆက်သွယ်ရေးဈေးကွက်ထဲ ဝင်ချင်တဲ့ဆန္ဒ မရှိဘူးဆိုတာ ငါမယုံဘူး။ ရှန်ကန် ဆက်သွယ်ရေးဈေးကွက်လေး တစ်ခုတည်းနဲ့တော့ လီမိသားစုရဲ့ အာသီသကို ပြည့်ဝစေမှာ မဟုတ်ဘူး"

​သူ၏ စကားတစ်ခွန်းဖြင့် ကိစ္စရပ်မှာ ပြတ်သားသွားခဲ့သည်။ အသေးအဖွဲများကို ပြောင်းလဲနိုင်သော်လည်း အဓိက လမ်းကြောင်းကိုမူ ပြောင်းလဲရန် အခွင့်အရေး မရှိပေ။

ဘေးတွင်ရှိနေသော ကျန်းဖန်ကလည်း ဘာမှဝင်မပြောတော့ပေ။ အကြောင်းမှာ ဤကိစ္စရပ်များကို သူဌေးကိုယ်တိုင် ဆုံးဖြတ်ရန် လိုအပ်သောကြောင့်ပင်။

​"သူဌေး... ဒါက သူဌေးရဲ့ ပရောဂျက်အသစ်လား"

​ရုတ်တရက် ကျန်းဖန်သည် ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ ပုံကြမ်းကို မြင်သွားပြီး လင်းဖန်ကို အံ့သြစွာ ကြည့်လိုက်သည်။

​"ဟုတ်တယ်၊ ဒါက စက်ရုပ်ဒီဇိုင်းပဲ"

​"ဘာ... စက်ရုပ်လား"

ကျန်းဖန်၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး ပြောမပြနိုင်လောက်အောင် အံ့သြသွားခဲ့သည်။

​ဒါက တကယ့်ကို မယုံနိုင်စရာပင်။ မကြာသေးမီကမှ ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာ ဖြစ်ခဲ့ပြီး ယခုမူ ရုပ်ရှင်ထဲမှ စက်ရုပ်များ ဖြစ်လာပြန်ပြီ။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ကမ္ဘာ့နည်းပညာခေတ်မှာ သိပ္ပံစိတ်ကူးယဉ် (Sci-fi) ခေတ်ထဲသို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။

လင်းဖန်ကို "မိစ္ဆာကောင်" ဟု လူအချို့ ခေါ်ကြသည်မှာလည်း မဆန်းတော့ပေ။

​"ဟုတ်တယ်၊ အားနေတာနဲ့ ကစားစရာလေးတွေ လုပ်ကြည့်မလို့ပါ။ ခင်ဗျားကြိုက်တယ်ဆိုရင် သုတေသန အောင်မြင်သွားတဲ့အခါ ခင်ဗျားအတွက် တစ်ရုပ်ပေးမယ်လေ"

​"အဲ..." ကျန်းဖန်မှာ ဘာပြောရမှန်းမသိ ဆွံ့အသွားခဲ့သည်။ ဤမျှ စွမ်းဆောင်ရည်မြင့်ပုံရသော အရာကို "ကစားစရာလေး" ဟု မည်သူက ခေါ်ဝံ့ပါမည်နည်း။ ကမ္ဘာပေါ်တွင် လုံထန်ဂရုဥက္ကဋ္ဌ လင်းဖန်တစ်ယောက်သာ ဤသို့ ပြောနိုင်ပေလိမ့်မည်။

​ထို့နောက် ကျန်းဖန်သည် နှုတ်ဆက်ကာ ကိုယ်ပိုင်ဓာတ်ခွဲခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤအရာမှာ အလွန်ပင် လျှို့ဝှက်လွန်းလှသည်။ လင်းဖန်က ဂရုမစိုက်သော်လည်း သူကမူ ရှောင်ရှားသင့်သည်ဟု ယူဆသောကြောင့်ပင်။

​တကယ်တော့ ကျန်းဖန် ထွက်သွားခြင်းကို လင်းဖန် သတိမထားမိပေ။ အကြောင်းမှာ သူ၏ အာရုံစိုက်မှုအားလုံးမှာ ကွန်ပျူတာပေါ်၌သာ ရှိနေပြီး စက်ရုပ်ဒီဇိုင်းဆွဲခြင်းမှာ လက်ရှိတွင် သူ၏ အကြီးမားဆုံးသော ဦးစားပေးလုပ်ငန်း ဖြစ်နေသောကြောင့် ဖြစ်သည်။

​လက်ရှိ ကမ္ဘာပေါ်တွင် စံပြအဆင့်မြင့် စက်ရုပ် (High-simulation Robot) တစ်ရုပ်ဆိုသည်မှာ Cybernetics (ထိန်းချုပ်မှုစနစ်)၊ Mechatronics (စက်မှုလျှပ်စစ်)၊ ကွန်ပျူတာနှင့် ဉာဏ်ရည်တု၊ ရုပ်ဝတ္ထုသိပ္ပံနှင့် Bionics (ဇီဝတုဗေဒ) တို့ ပေါင်းစပ်ထားသည့် ထုတ်ကုန်တစ်ခု ဖြစ်သည်။ သို့သော် လင်းဖန်၏ စိတ်ထဲတွင်မူ စက်ရုပ်ကို စက်မှုထုတ်ကုန်တစ်ခုအနေဖြင့်သာ အဓိက ရှုမြင်ထားသည်။

​စက်ရုပ်တစ်ရုပ်ကို အဓိက အစိတ်အပိုင်း (၄) ပုဒ် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ အကောင်အထည်ဖော်သည့် ကိရိယာ (Execution Device - ပတ်လမ်း)၊ မောင်းနှင်သည့် ကိရိယာ (Driving Device - စွမ်းအင်)၊ ထိန်းချုပ်မှုစနစ် (Control System - ဉာဏ်ရည်တုပရိုဂရမ်) နှင့် စစ်ဆေးသည့် ကိရိယာ (Detection Device - အာရုံခံကိရိယာ) တို့ ဖြစ်ကြသည်။

​စက်ရုပ်ကို ယနေ့ခေတ် နည်းပညာနှင့် ကိုက်ညီစေရန် လုံထန်ဂရု၏ အဆင့်မြင့် ထုတ်ကုန်များကို အသုံးပြုရမည်ဖြစ်သည်။ စွမ်းအင်အတွက် ဆီလီကွန်ပုံဆောင်ခဲ ဘက်ထရီ (Silicon Crystal Battery) ကို အသုံးပြုကာ သန့်စင်သော လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်ရမည်။

ဆီလီကွန်ပုံဆောင်ခဲ ဘက်ထရီ၏ မြင့်မားသော သိုလှောင်နိုင်စွမ်းမှာ စက်ရုပ်ကို ဓာတ်ခွဲခန်းအတွင်း အသုံးပြုရန် လုံလောက်လှသည်။

​အရေးကြီးဆုံးအချက်မှာ ဤစမ်းသပ်ချက် စက်ရုပ်သည် "ရှုံ့တာ" ၏ ကိုယ်ထည်အဖြစ် အသုံးပြုမည်ဖြစ်ရာ အလုပ်များစွာ သက်သာစေမည်ဖြစ်သည်။

ယခု ဓာတ်ခွဲခန်းတွင် လက်ထောက်မရှိဘဲ အရာအားလုံးကို သူကိုယ်တိုင် လုပ်နေရသဖြင့် အလွန်ပင် အလုပ်များနေခြင်းဖြစ်သည်။

​ထိန်းချုပ်မှုစနစ်မှာ "ရှုံ့တာ" ပင် ဖြစ်သည်။ ရှုံ့တာသည် ဒေတာများကို တိုက်ရိုက် ထိန်းချုပ်နိုင်သောကြောင့် ပြင်ပမှ အချက်အလက်များ ထည့်သွင်းရန် မလိုသလို အဆစ်တစ်ခုချင်းစီရှိ CPU များမှာလည်း တွက်ချက်မှုနှင့် ထိန်းချုပ်မှုများအတွက် အလုပ်ရှုပ်စရာ မလိုတော့ပေ။

​စစ်ဆေးသည့် ကိရိယာမှာ နောက်ဆုံးနှင့် အရေးအကြီးဆုံး အဆင့်ဖြစ်သည်။ ၎င်းတွင် လေဆာအာရုံခံကိရိယာ၊ အလင်းအာရုံခံကိရိယာ၊ အသံအာရုံခံကိရိယာနှင့် အပူအာရုံခံကိရိယာ စသည်တို့ ပါဝင်သည်။ ဤအာရုံခံကိရိယာများသည် စက်ရုပ်၏ မျက်စိ၊ နှာခေါင်းနှင့် နားများသဖွယ် ဖြစ်ပြီး ထိန်းချုပ်မှုစနစ်သို့ သတင်းအချက်အလက်များကို ပေးပို့ကြသည်။

စက်ရုပ်တစ်ရုပ်၏ ဒီဇိုင်းမှာ အာရုံခံကိရိယာများမပါဘဲ ပြည့်စုံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူသည် လေဆာအာရုံခံ နည်းပညာကို ကြိုတင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းကြောင့် စက်ရုပ်တွင် ပိုမိုတိကျသော မျက်လုံးကို ရရှိစေမည် ဖြစ်သည်။

​လင်းဖန် စက်ရုပ်ဒီဇိုင်းဆွဲနေစဉ်မှာပင် အင်တာနက်ပေါ်၌ ဂယက်ရိုက်မှုများမှာ ရပ်တန့်မသွားဘဲ တရုတ်နိုင်ငံမှ သတင်းများသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

အသက် ၂၀ အရွယ် လုံထန်ဂရုဥက္ကဋ္ဌမှာ လူအများအပြား၏ အားကျလေးစားမှုကို ခံနေရတော့သည်။

..............................................................

All Chapters