အခန်း (၆၆၈)
Vol. 56 Ch. 668
အခန်း 668
ချန်ကျဲ့မှ ပြောသည်။
“အကောက်ကြံနေတာပဲပေါ့။ နန်ပါးထျန်းက ဘယ်သူမို့လို့လဲ။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဓားသုံးချက် အပေါက်ခြောက်ပေါက် အပြစ်ပေးခံရဖူးတဲ့သူလေ။ သူ့ညီအစ်ကိုကို သူ့လက်နဲ့ သတ်ခဲ့ဖူးတဲ့ အရှက်မဲ့တဲ့သူလေ။ သူ့လိုလူက သူ့ကိုသတ်ဖို့ ဘယ်သူနဲ့ထိုက်တန်တယ် မထိုက်တန်ဘူးဆိုပြီး ပြောခွင့်ရှိလို့လား”
“ဟားဟား… သူက ဒီတိုင်း ကျွန်တော်တို့ရဲ့ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်အောင် လုပ်ချင်ရုံပဲ။ ခုနက အစ်ကိုတို့နှစ်ယောက်ကို ဒီလို ဟိုလိုနဲ့ ရှုံ့ချပြောဆိုသွားတာက ကျွန်တော့်ကို အစ်ကိုတို့ မုန်းသွားအောင် သွေးထိုးနေရုံပဲ။ သူက ဒီနည်းလမ်းနဲ့ လက်စားချေနေတာ။ ခင်ဗျားရဲ့ ဒီလောက်အကြံအစည်လေးကို ကျုပ်ရဲ့ညီနောင်တွေက ထွင်းဖောက်မမြင်နိုင်လောက်ဘူးထင်နေတာလား”
“နန်ပါးထျန်း ခင်ဗျားက တကယ် အရှက်မရှိတဲ့ခွေးကောင်ပဲ”
ချန်ကျဲ့သည် နန်ပါးထျန်းကို လက်ညှိုးငေါက်ငေါက်ထိုးလျက် ဒေါသတကြီး ကျိန်ဆဲလေသည်။
လျိုလောင်ကွေ့နှင့် ချီမုကောတို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အမှန်အတိုင်းပြောရပါက သူတို့နှစ်ဦးစလုံး ခုနက ချန်ကျဲ့နှင့်ပတ်သက်၍ တစ်မျိုးကြီးခံစားလိုက်ရပြီး ချန်ကျဲ့အပေါ် အနည်းငယ် စိတ်မကျေမချမ်း ဖြစ်ခဲ့ပါသည်။ သို့သော် ချန်ကျဲ့၏စကားများကို နားထောင်ပြီးနောက်၌ သူတို့သည် နန်ပါးထျန်း၏ ကောက်ကျစ်စဉ်းလဲသည့် ထောင်ချောက်ထဲ ကျရောက်သွားခဲ့ကြောင်း နားလည်သွားရသည်။
လျိုလောင်ကွေ့သည် ရုတ်ချည်း နားလည်သွားလျက် ပြောသည်။
“ဒီခေါင်းစိမ်းလိပ်က ဖောက်ပြန်ခံရတာ ထိုက်တန်တယ်။ ဒီလိုအချိန်မျိုးမှာတောင် ကောက်ကျစ်တဲ့အကြံဉာဏ်တွေ ထွက်လာပြီး လူကို အန္တရာယ်ပြုဖို့ တွေးနိုင်သေးတယ်။ တကယ် အရှက်မဲ့တာပဲ”
ချီမုကောလည်း မျက်လုံးတို့မှေးကျုံ့လျက် ပြောသည်။
“ဟမ့် သစ္စာဖောက်ကို ရုံးတော်တင်လည်း လူတိုင်းက သူ့ကို ကွပ်မျက်ဖို့ အမိန့်ချကြမှာပဲ”
ထို့နောက် ချီမုကောနှင့် လျိုလောင်ကွေ့မှ ချန်ကျဲ့ကို ပြောသည်။
“ငါတို့အားလုံး လှုပ်ရှားကြတာပေါ့”
ချန်ကျဲ့မှ အကြံပြုသည်။
“နှလုံးကို မြားအစင်းတစ်ထောင် ပစ်လွှတ်လိုက်ရင် ပြီးတာပဲ။ ကျွန်တော်တို့ အလုပ်ရှုပ်ခံပြီး မလှုပ်ရှားကြရအောင်”
နှလုံးကို မြားအစင်းတစ်ထောင် ပစ်လွှတ်မှာလား။
လျိုလောင်ကွေ့နှင့် ချီမုကောတို့ လန့်သွားကြသည်။ ထိုစဉ် ယဲ့လုဖုန်းသည် မြင်းကို သူတို့အနီးသို့ နှင်လာပြီး ပြောသည်။
“ဟားဟားဟား… ကျိုစစ်ပြောတာ လုံးဝ မှန်တယ်။ ခေါင်းဆောင်နန်ရဲ့သေဆုံးမှုအတွက် နှလုံးကို မြားအစင်းတစ်ထောင် ပစ်လွှတ်ခြင်းက သင့်လျော်တယ်။ လေးသမားတွေ အသင့်ပြင်ကြ”
“ဟုတ်ကဲ့”
နှလုံးကို မြားအစင်းတစ်ထောင် ပစ်လွှတ်ခြင်းသည် ချဲ့ကားပြောဆိုခြင်းဖြစ်ပေသည်။ လူ့ခန္ဓာကိုယ်အရွယ်အစားအရ မြားအစင်းထောင်ချီ စိုက်ဝင်ခြင်းငှာ မဖြစ်နိုင်ချေ။
မြားအစင်းတစ်ရာမျှသာ ဖြစ်နိုင်လောက်ပါ၏။
လေးကိုင်ဆောင်ထားသည့် မြင်းစစ်သည်နှစ်ရာသည် နန်ပါးထျန်းကို မြားဦးချိန်ရွယ်ကာ နေရာယူလိုက်ကြသည်။
အခင်းအကျင်းမှာ အသင့်ဖြစ်သွားလေပြီ။
လက်ရှိတွင် နန်ပါးထျန်းသည် ဒဏ်ရာအပြင်းအထန်ရထားပြီး အားအင်ကုန်ခမ်းကာ မလှုပ်ရှားနိုင်ချေ။ သေမင်းတံခါးဝသို့ ရောက်နေပြီဖြစ်၏။
သူ့ထံ ပစ်လွှတ်လာသည့် မြားများကို ရှောင်တိမ်းနိုင်စွမ်း မရှိပေ။
မြင်းစစ်သည်များသည် သုံးတန်း စီတန်းလိုက်ကြသည်။ ပထမတန်းမှ စစ်သည်များသည် မြင်းပေါ်မှဆင်းကာ ဒူးထောက်ထိုင်၍ နန်ပါးထျန်းကို မြားဦးချိန်ရွယ်ပြီး နေရာယူသည်။ ဒုတိယတန်းသည် မြင်းပေါ်မှဆင်းကာ နန်ပါးထျန်းကို မြားဦးချိန်ရွယ်ပြီး နေရာယူသည်။ တတိယတန်းသည် မြင်းပေါ်မှ မဆင်းဘဲ နန်ပါးထျန်းကို မြားဦးဖြင့် ချိန်ရွယ်ကြသည်။
နှစ်ရာနီးပါးသော စစ်သည်များသည် သုံးတန်း စီတန်း၍ နန်ပါးထျန်းအား ကြက်သီးထဖွယ် အဆုံးသတ်ကို ပေးအပ်ရန် အသင့်ဖြစ်နေကြသည်။
နန်ပါးထျန်းသည် သူ၏ရှေ့ရှိ ဒူးလေးများနှင့် လူအုပ်ကြီးကို ကြည့်လိုက်သည်။
သူ၏မျက်နှာထက်တွင် မလိုလားမှုများနှင့် ကြီးမားလှစွာသော နာကျည်းမုန်းတီးမှုများ ထင်ဟပ်နေသည်။
ငါ ခုနလေးကမှ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို တက်လှမ်းခဲ့တာကို၊ ငါ့ရဲ့ရည်မှန်းချက်ကြီးတွေ ဖြစ်မြောက်တော့မှာကို ငါက ဘာလို့ သေရမှာလဲ။ ငါက ဘာလို့ ဒီနေရာမှာ သေရမှာလဲ။
ငါ လက်မခံဘူး။ ငါ လက်မခံနိုင်ဘူး။
နန်ပါးထျန်းသည် လူအုပ်ကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ သူမည်မျှ မလိုလားသည်ဖြစ်စေ၊ သူ၏ယုံကြည်မှုသည် မည်မျှစိတ်အားထက်သန်သည်ဖြစ်စေ၊ သူ၏အတွေးအမြင်များကို မည်သူမျှ ဂရုမစိုက်ကြပေ။ သူမည်မျှ မလိုလားသည်ဖြစ်စေ မြားအစင်းတစ်ထောင်ဖြင့် ပစ်လွှတ်ခံရမည့်အရေးကို မရှောင်လွှဲနိုင်ပေ။
ချီမုကော ယဲ့လုဖုန်းကို ကြည့်လိုက်သည်။ ယဲ့လုဖုန်းသည် အသာခေါင်းညိတ်၏။
ထိုအခါ ချီမုကောသည် သူ၏ဓားကောက်ကို ပင့်မြှောက်လိုက်သည်။
“စစ်သည်တို့ ပစ်ကြ”
သူ၏အမိန့်တွင် ထောင်ချီသော မြားများ ပျံတက်လာကြသည်။
နန်ပါးထျန်းသည် သူ့ထံ ပိုးကောင်အုပ်ကြီးအလား ဦးတည်လာနေသည့် မြားများကို ငေးစိုက်ကြည့်နေခဲ့သည်။
ထို့နောက် အလိုအလျောက် မျက်လုံးပိတ်လိုက်မိသည်။
ဒါက အဆုံးသတ်ပဲလား။ ငါ့ရဲ့ရည်မှန်းချက်တွေ..
သို့သော် နောက်တဒင်္ဂ၌ သူ၏ရှေ့တွင် အရိပ်မည်းတစ်ခုဖြတ်သန်းသွားသည်ကို နန်ပါးထျန်း ခံစားလိုက်ရသည်။ လူရိပ်တစ်ရိပ်သည် သူ၏ရှေ့တွင် ကာရပ်၍ သံကြိုးဓားကို လွှဲရမ်းလိုက်သည်။ သံကြိုးသည် လေဟာနယ်ထက် လျင်မြန်စွာ ပျံသန်းသွားပြီး မြားများသည် မြေပြင်သို့ ပြုတ်ကျထိုးစိုက်ကုန်သည်။
နန်ပါးထျန်း၏ရှေ့ မြေပြင်မှာ မြားခင်းကြီး ဖြစ်သွားတော့သည်။
ဒုတ် ဒုတ် ဒုတ်…
မြားများ မြေပြင်ပေါ် ပြုတ်ကျထိုးစိုက်သွားပြီးနောက်၌ ထိုလူသည် သံကြိုးဓားကို အရှိန်လျင်မြန်စွာ လွှဲရမ်းလိုက်ပြန်ကာ နန်ပါးထျန်း၏ခါးကို သံကြိုးဖြင့် ရစ်ပတ်လိုက်သည်။ ထို့နောက် အမြင့်သို့ ချက်ချင်း ခုန်တက်သွား၏။
ဝှစ် ဝှစ် ဝှစ်…
ထိုလူသည် အိမ်ခေါင်မိုးတစ်ခုပေါ်သို့ ခုန်တက်သွားခြင်း ဖြစ်သည်။ ထိုမြင်ကွင်းတွင် လျိုလောင်ကွေ့သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဘယ်သူခိုးကောင်က နန်ပါးထျန်းကို ကယ်ရဲတာလဲ။ အဲဒီကောင်ကို မြားနဲ့ ပစ်ကြစမ်း”
လျိုလောင်ကွေ့သည် ထိုလူနောက်သို့ ပြေးလိုက်သွားခဲ့ပြီး လက်ဝါးသိုင်းကွက်ဖြင့် တိုက်ခိုက်တော့မည်တွင် သူ့ထံ ဦးတည်လာနေသည့် သံကြိုးဓားကို မြင်လိုက်ရသည်။ ၎င်းဓားမှ ကြောက်ခမန်းလိလိသော ချီစွမ်းအင်ကို ထုတ်လွှတ်နေပေသည်။
လျိုလောင်ကွေ့ ဘေးသို့ လှည့်ရှောင်လိုက်သည်။
ထိုမြင်ကွင်းတွင် ယဲ့လုဖုန်းသည်လည်း မျက်မှောင်ကြုတ်သွားပြီး အော်လိုက်သည်။
“သူတို့ကို လွတ်မသွားစေနဲ့”
ထို့နောက် ယဲ့လုဖုန်းသည်လည်း ထိုလူကို ချီစွမ်းအင်ထုတ်လွှတ်၍ တိုက်ခိုက်လိုက်သည်။
ထိုလူသည် ယဲ့လုဖုန်းကို သံကြိုးဓားပစ်လွှတ်၍ တန်ပြန်တိုက်ခိုက်သည်။ ယဲ့လုဖုန်းသည် ခေါင်းစောင်း၍ ရှောင်တိမ်းလိုက်ပြီး လေဟာနယ်ထဲတွင်ပင် လက်ဝါးသိုင်းကွက်ဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။
သို့သော် မမျှော်လင့်စွာပင် ထိုလူသည် သံကြိုးဓားကို လွှဲရမ်းလိုက်ခြင်းဖြင့် ခုခံနိုင်ခဲ့သည်။
အင်အားကြီးမားသည့် သိုင်းပညာရှင်ဖြစ်ကြောင်း သေချာသွားသဖြင့် ယဲ့လုဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့လုဖုန်းသည် မြင်းကုန်းနှီးအား ခြေဖြင့် အားပြုလိုက်ပြီး ကိုယ့်ဖော့သိုင်းကို အသုံးပြုလျက် ထိုလူနောက်သို့ လိုက်သည်။
“ရပ်စမ်း”
ထိုလူသည် ယဲ့လုဖုန်း နောက်မှလိုက်လာသည်ကို မြင်သောအခါ ယဲ့လုဖုန်းအား လက်ဝါးသိုင်းတစ်ကွက် ထုတ်လွှတ်၍ တိုက်ခိုက်သည်။
ထိုလူသည် မျက်နှာကို ဖုံးအုပ်ထားသောကြောင့် သူ၏မျက်နှာကို မမြင်နိုင်ပေ။ သာမန်အမျိုးသားများထက် ပို၍ အရပ်ပုကာ ပိန်ပါးသည့် ပုံရိပ်ကိုသာ မြင်တွေ့နိုင်လေသည်။
မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားသည် ယဲ့လုဖုန်းကို တန်ပြန်တိုက်ခိုက်ခဲ့သည်။
ထို့နောက် ချီစွမ်းအင်ကို အသုံးပြု၍ အဝေးသို့ အရှိန်ဖြင့် ခုန်သွားခဲ့ပြီး ယဲ့လုဖုန်း၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။ ယဲ့လုဖုန်းသည်တော့ သူ့လက်ဝါးသူပြန်ကြည့်၍ ထိတ်လန့်အံ့ဩနေလေသည်။
“သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်”
ဘယ်လိုလုပ်ပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင် နောက်တစ်ယောက် ထွက်ပေါ်လာရတာလဲ။
ထိုအချိန်၌ ချီမုကောသည် ယဲ့လုဖုန်းနောက် လိုက်မီလာပြီး မေးသည်။
“သခင်ကြီး ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
ယဲ့လုဖုန်းမှ ပြောသည်။
“လိုက်ဖမ်းမယ်။ ဒါပေမဲ့ ဂရုစိုက်၊ သူက အဆင့်မြင့်သိုင်းပညာရှင်ပဲ”
သို့ဖြင့် စစ်သည်များသည် ယဲ့လု၏အမိန့်ဖြင့် နောက်မှ လိုက်ကြသည်။
ထိုစဉ် မနီးမဝေးရှိ အိမ်ခေါင်မိုးထက်၌
အားသာ့သည် ရှုပ်ထွေးဗြောင်းဆန်နေသည့် လူလိုက်ဖမ်းခြင်းမြင်ကွင်းကို ကြည့်ရင်း ပြောသည်။
“ခရိုင်မင်းသမီး ကျွန်တော်တို့ ဝင်ပါသင့်လား”
ကျောက်ယာမှ ပြန်ပြောသည်။
“လိုက်မဖမ်းနဲ့။ ငါတို့နဲ့မဆိုင်ဘူး”
ထိုအခါ အားအာ့မှ ပြောသည်။
“သံကြိုးဓားသုံးတဲ့တစ်ယောက်ကလည်း သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပဲနော်။ ဒီမျန့်ရွှေစီရင်စုသေးသေးလေးက တကယ်တမ်းကျ ဒီလောက်များတဲ့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တွေ ရှိနေတာပဲ၊ ဒီနေရာလို ခေါင်တဲ့နေရာမှာ သူရဲကောင်းတွေက ဘယ်လိုလုပ် ဂေါ်ဖီထုပ်လို ပေါ်လာရတာလဲ”
အားစန်းမှ အကြံပြုသည်။
“ခရိုင်မင်းသမီး ကျွန်တော်တို့ လိုက်သွားကြည့်ကြမလား”
ကျောက်ယာမှ ပြန်ပြောသည်။
“မလိုဘူး။ စောင့်နေ၊ သူတို့ မကြာခင် ပြန်ရောက်လာလိမ့်မယ်။ သူတို့ အဲဒီလူကို ဖမ်းနိုင်မှာ မဟုတ်ဘူး”