အခန်း (၆၅၉)
Vol. 56 Ch. 659
အခန်း 659
နန်ပါးထျန်းသည် ချန်ကျဲ့၏လက်ဝါးရိုက်ချက်ကြောင့် နောက်သို့ ဆယ်လှမ်းစာခန့် လွင့်ထွက်သွားခဲ့ပြီး ထို့နောက်တွင်မှာ မြေပြင်တွင် ခြေ၅လှမ်းခန့်နောက်ဆုတ်ကာ ဟန်ချက်ကို ထိန်းလိုက်ရသည်။
သူ၏မျက်နှာမှာ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေ၏။
“ဘယ် ဘယ်လိုဖြစ်နိုင်မှာလဲ”
“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”
နန်ပါးထျန်း၏မျက်နှာထက်တွင် တုန်လှုပ်ချောက်ချားမှုအချို့ ထင်ဟပ်လာသည်။ သူ၏လက်များမှာ တုန်ရီနေ၏။
ရေခဲစိတ်စွမ်းအင်သိုင်းသည် လွှမ်းမိုးနိုင်စွမ်းကြီးမားခြင်းဖြင့် ကျော်ကြားသည်။ ရန်သူများကို ရေခဲစွမ်းအင်ဖြင့် တိုက်ခိုက်သောကြောင့် လူအနည်းငယ်သာလျှင် သူနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရဲပေသည်။
သို့သော် ယခုတွင် သိုင်းကျင့်စဉ်များတွင် အင်အားအကြီးဆုံးသိုင်းကျင့်စဉ်ဖြစ်သည့် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်နှင့် ထိပ်တိုက်ရင်ဆိုင်ရလေသည်။ ဖိနှိပ်နိုင်စွမ်းမှာတော့ ငါ့ထက် ပိုသာနိုင်မှာတဲ့လား။
နန်ပါးထျန်းသည် ချန်ကျဲ့ကြောင့် သူလွင့်ထွက်သွားရသည်ကို မယုံကြည်နိုင်စွာ ချန်ကျဲ့အား အံ့အားသင့်လျက် ငေးစိုက်ကြည့်နေခဲ့သည်။
“မင်း မင်း နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ဘယ်လိုလုပ်ပြီး သုံးတတ်နေတာလဲ”
နန်ပါးထျန်း၏မျက်လုံးများ ပြူးကျယ်နေသည်။ ထိုအချိန်၌ လျိုလောင်ကွေ့သည်လည်း အံ့အားသင့်စွာ မျက်လုံးပြူးကျယ်လျက် ငေးကြောင်ကြည့်နေခဲ့သည်။ သူတို့အားလုံး မျန့်ရွှေစီရင်စုတစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာဖွေနေခဲ့သည့် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သည် ချန်ကျိုစစ်လက်ထဲသို့ ရောက်နေလေသည်တဲ့။
ကျိုစစ်က ကောင်းကောင်းဖုံးကွယ်ထားတာပဲ။
သို့သော် စိတ်မကျေနပ်ဆုံးဖြစ်နေမည့်သူမှာ ယဲ့လုဖုန်းဖြစ်လိမ့်မည်။ ယဲ့လုဖုန်းသည် လပေါင်းများစွာ ကြာမြင့်သည်အထိ လက်မလျှော့ဘဲ ရှာဖွေနေခဲ့သည် မဟုတ်ပါလော။ လျိုလောင်ကွေ့ ယဲ့လုဖုန်းကို လှည့်ကြည့်လိုက်သည်။
ယဲ့လုဖုန်း၏မျက်လုံးများမှာ လေးနက်နေခဲ့ကာ အံ့အားသင့်ခြင်းမှ ဖြည်းဖြည်းချင်း ပြန်လည်အသိကပ်လာနေသည်။ ထို့နောက် ချန်ကျဲ့ကို ပျော်ရွှင်ခြင်းမဟုတ်၊ ဒေါသမစွက်သည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ထိုအချိန်၌ ယဲ့လုဖုန်းသည် စိတ်ထဲတွင် အလွန်ဒေါသထွက်နေခဲ့သည်။ သူအကြာကြီး ရှာနေခဲ့ရသည့် သိုင်းကျင့်စဉ်သည် ချန်ကျိုစစ်လက်ထဲသို့ ရောက်နေခဲ့ပြီး ထို့အပြင် ချန်ကျိုစစ်သည် သူ့ကို ထိုအကြောင်း မတင်ပြခဲ့ပေ။
သူ အဘယ်သို့များ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။ သို့တိုင် အမျက်ဒေါသအတွင်း၌ ကူကယ်ရာမဲ့မှုတစ်မျိုးကိုလည်း ခံစားလိုက်ရကာ ယခုတွင် ကျဉ်းထဲကျပ်တည်းအခြေအနေသို့ ကျရောက်နေတော့သည်။
နန်ပါးထျန်းသည် လုံးဝ ခွဲထွက်သွားပြီဖြစ်ရာ အခု မသတ်လိုက်ပါက တစ်ချိန်ချိန်တွင် သူ့နောက်ကျောကို ပြန်ဦးတည်လာမည့် ဓားတစ်လက်ဖြစ်လာလိမ့်မည်။ ဆိုလိုသည်မှာ နန်ပါးထျန်းမှာ သုံးမရတော့ပေ။
ချန်ကျိုစစ်မှာမူ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို တတ်မြောက်ထားသော်ငြား သူ့ကို ဘာမှလုပ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ အနည်းဆုံးတော့ လောလောဆယ် ဘာမှလုပ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။
မျန့်ရွှေကို ထိန်းချုပ်ချင်ပါက သူ့တွင် အသုံးချနိုင်မည့်လူများ လိုအပ်သည်။ ချင်းယင်သည် အားနည်းလွန်း၏။ သို့ဖြစ်ရာ နန်ပါးထျန်းမရှိတော့ပါက ဟန်ချက်ညီအောင် ထိန်းသိမ်းရန်အတွက် ချန်ကျိုစစ်ကို မှီခိုရပေမည်။
အသုံးဝင်သည့်လူနှင့် ယှဉ်လျှင် ယဲ့လုဖုန်းသည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို သိပ်မမက်မောတော့ချေ။ သိုင်းကျင့်စဉ်ကိုမူ တော်ဝင်နန်းတော်တွင် အကျိုးဆောင်မှုများဖြင့် လဲလှယ်ယူနိုင်ပေသည်။
သူအရင်က သူဖုန်းစားအိုကြီးကို သတ်ချင်ရသည့်အ အဓိကကြောင်းအရင်းမှာ သူဖုန်းစားဂိုဏ်းပေါ်ထွက်လာမှုသည် သူကြိုးကြိုးစားစား တည်ဆောက်ခဲ့ရသည့် မျန့်ရွှေ၏ဟန်ချက်ညီမှုကို ပျက်ပြားစေသောကြောင့် ဖြစ်သည်။
သူဖုန်းစားအိုကြီးမှ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ပိုင်ဆိုင်ထားသောကြောင့်ဟူသည့် အကြောင်းအရင်းသည် ဒုတိယအကြောင်းအရင်းသာ ဖြစ်သည်။
အတိအကျဆိုရသော် သူဖုန်းစားအိုကြီး သေဆုံးရသည့် အဓိကအကြောင်းအရင်းမှာ သူ၏ပေါ်ထွက်လာမှုသည် ယဲ့လုဖုန်း၏ အုပ်ချုပ်ရေးနည်းဗျူဟာများကို ပျက်စီးစေပြီး ယဲ့လုဖုန်း၏အကြံအစည်များကို ထိခိုက်စေသောကြောင့် ဖြစ်သည်။
နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သည်တော့ ဒုတိယမြောက်အကြောင်းအရင်းသာ ဖြစ်သည်။
ဥပမာဆိုရသော် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သာ နန်ပါးထျန်းလက်ထဲ ရောက်သွားပါက ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ဒေါသထွက်မိမည် မဟုတ်ပေ။
နန်ပါးထျန်းသည် ကျင့်ကြံဆင့်မြင့်မားသူဖြစ်ရာ ထိုသို့အဆင့်မြင့်သိုင်းကျင့်စဉ်မျိုးကို ကာကွယ်နိုင်စွမ်းရှိသည်။ ခြုံငုံလိုက်သော် ဤသည်မှာ လက်ဝါးသိုင်းကွက်တစ်ခုသာ ဖြစ်သည်။ ထိုထက်ပိုပါက ယဲ့လုဖုန်းသည် တပ်မက်ကောင်း တပ်မက်မိလိမ့်မည်ဖြစ်သော်ငြား သိုင်းကွက်လေးတစ်ကွက်ကိုမူ ယဲ့လုဖုန်းသည် သိပ်ပြီး စိတ်မဝင်စားပေ။
ယခုလည်း ချန်ကျိုစစ်က သူ့ကို အချိန်အကြာကြီး လှည့်စားထားခဲ့သောကြောင့်သာ ဒေါသထွက်မိခြင်းဖြစ်သည်။
ယဲ့လုဖုန်းသည် မာနကြီးသူဖြစ်ရာ တစ်နှစ်နီးပါးခန့် လှည့်စားခံထားရခြင်းသည် သူ့ကို ဒေါသထွက်စေသည်။
သို့သော် သူ၏ မျန့်ရွှေအတွက် အစီအစဉ်ကြီးနှင့် ယှဉ်လိုက်ပါက ဤသည်မှာ အသေးအဖွဲလေးဖြစ်သည်။ ထို့ကြောင့် ယဲ့လုဖုန်းသည် ဘာမှမပြောဘဲ မြင်းပေါ်တွင်ထိုင်ကာ စိတ်တည်ငြိမ်အောင် လုပ်နေလိုက်သည်။
ချီမုကောမှာလည်း ပြောစရာမရှိပေ။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကြောင့် အံ့ဩနေရုံသာ ဖြစ်သည်။ ချန်ကျိုစစ်၏ ထိုလက်ဝါးသိုင်းကွက်သည် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်စေနိုင်ပြီး နန်ပါးထျန်းအား လေထဲ လွင့်ထွက်သွားစေခဲ့သည်။
ချန်ကျိုစစ်က တကယ် ဖုံးကွယ်တတ်တဲ့သူပဲ။
ချီမုကော မျက်လုံးများမှေးကျုံ့ထား၏။
ဤအခိုက်အတန့်၌ အားလုံး၏အကြည့်များသည် ချန်ကျိုစစ်ထံ ရောက်ရှိနေကြသည်။ ခုနက လက်ဝါးသိုင်းကွက်သည် အလွန်အံ့အားသင့်ဖွယ်ကောင်း၏။
ထိုစဉ် မနီးမဝေးရှိ အိမ်ခေါင်မိုးပေါ်၌ ကျောက်ယာသည် မျက်လုံးတို့မှေးကျဉ်းလျက် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။
“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ပဲ”
ထိုစဉ် အားသာ့မှလည်း ပြောလာသည်။
“တကယ်ကြီး နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ပဲ”
အားအာ့မှ ပြောသည်။
“ပြင်းထန်လိုက်တဲ့အရှိန်အဟုန် သိုင်းလောကရဲ့ပြိုင်ဘက်ကင်းသိုင်းကျင့်စဉ်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ စိတ်ကူးမယဉ်နိုင်လောက်စရာပဲ။ လူတစ်ယောက်တည်းက နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်စလုံးကို တတ်မြောက်သွားမယ်ဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ”
ကျောက်ယာမှ ပြန်ပြောသည်။
“ရှန်းယန်တိုက်ပွဲကတည်းက ကောကျင့်ကလွဲပြီး သိုင်းကွက်အပြည့်အစုံကို တတ်မြောက်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူး။ အပြည့်အစုံတတ်ရင်တောင်မှ ချောင်ဖုန်းကို မှီနိုင်ဦးမလား”
အားစန်း မျက်မှောင်ကြုတ်လိုက်သည်။
“သူသုံးတာက နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ရဲ့ လေးကွက်မြောက်သိုင်းကွက် လယ်ပြင်မှနဂါးတွေ့ပဲ”
ထိုသို့ပြောလျက် အားစန်းသည် ရှေ့တက်ရန် အချက်ပြသည်။ ထိုအခါ ကျောက်ယာမှ မေးသည်။
“အားစန်း နင်ဘာလုပ်မလို့လဲ”
အားစန်းမှ ပြန်ပြောသည်။
“သူ့ရဲ့ နဂါးနိုင်လက်ဝါးသိုင်းကို လုမလို့”
ကျောက်ယာမှ ပြောသည်။
“အဲဒီလိုလုပ်လို့ မဖြစ်ဘူး”
အားစန်း တွန့်ဆုတ်သွား၏။ ကျောက်ယာမှ ဆက်ပြောသည်။
“ဒီလူက တိုင်းပြည်အုပ်ချုပ်ရေးမှာ အရည်အချင်းရှိတဲ့သူပဲ။ သူ့ကို ပေါ့သေးသေးသဘောမထားနဲ့။ သိုင်းကွက်လေးတစ်ကွက်ပါပဲ၊ အရေးမကြီးဘူး။ ကိုယ့်တာဝန်ကိုသာ ကောင်းကောင်းလုပ်။ ပြန်ရောက်ရင် ငါအဖေ့ဆီမှာ နင့်အတွက် လက်ဝါးသိုင်းတစ်ခု တောင်းပေးမယ်”
“ခရိုင်မင်းသမီးကို ကျေးဇူးတင်ပါတယ်”
ထိုအခါ အားစန်းမှ ချက်ချင်းပြောသည်။
အားသာ့မှ ပြောသည်။
“ပြောတာကြားလား။ ဒီလူကို ခရိုင်မင်းသမီးက အထူးလေးစားဆက်ဆံတယ်။ မင်း သူ့ကို ပေါ့သေးသေးသဘောမထားနဲ့။ မဆင်မခြင်လည်း မပြုမူနဲ့”
အားစန်းမှ ပြောသည်။
“သိပါပြီ”
ဘေးရှိ အားအာ့မှ ထပ်ပြောသည်။
“အားစန်း မင်းသာ ဆရာသင်ပေးထားတဲ့ မိုးကြိုးလက်ဝါးသိုင်းကို သေချာလေ့ကျင့်တတ်မြောက်ရင် မင်းရဲ့လက်ဝါးသိုင်းကလည်း နဂါးနိုင်လက်ဝါးသိုင်းနဲ့ သိပ်မကွာနိုင်ပါဘူး။ မင်းရဲ့လက်ဝါးသိုင်းကလည်း ဒီခေတ်အခါရဲ့ ကျော်ကြားတဲ့သိုင်းပညာတစ်ခုပဲလေ”
အားစန်းမှ ပြန်ပြောသည်။
“မိုးကြိုးလက်ဝါးသိုင်းနဲ့ နဂါးနိုင်လက်ဝါးသိုင်းတွေက တိုက်ခိုက်ရေးသိုင်းတွေပဲ။ နှစ်ခုစလုံးက အခြေခံအချက်တွေ တူညီကြတယ်။ နှစ်ခုပေါင်းလိုက်ရင် ငါ့အတွက် တိုးတက်နိုင်တယ်”
ကျောက်ယာမှ ပြောသည်။
“စကားပြောတာ တော်ကြတော့။ ဟိုမှာ ထပ်လှုပ်ရှားကုန်ကြပြီ”
ထို့နောက် ကျောက်ယာသည် တိုက်ပွဲဆီသို့ အာရုံပြန်ရောက်သွားသည်။
ထိုအချိန်၌ ချန်ကျဲ့သည် ဘာကိုမျှထိန်းချုပ်မနေတော့ဘဲ နန်ပါးထျန်းကို တိုက်ခိုက်နေသည်။ ချန်ကျဲ့သည် ခန္ဓာကိုယ်ကို လေးတစ်လက်အလားဖြင့် နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုမည့် ကိုယ်ဟန်အနေအထားသို့ ပြောင်းလဲလိုက်သည်။