အခန်း (၆၆၀)
Vol. 56 Ch. 660
အခန်း ၆၆၀
ချန်ကျဲ့သည် သူ၏နဂါးနိုင်လက်ဝါးသိုင်းတတ်ကျွမ်းမှုကို ထုတ်ဖော်လိုက်ရသည့် အကြောင်းအရင်းသုံးခုရှိသည်။
ပထမအချက်၊ နန်ပါးထျန်းသည် သူ့ကို ရုတ်တရက် အင်အားကုန်သုံး၍ တိုက်ခိုက်လာရာ အခြေအနေမှာ အထိန်းအချုပ်လွတ်သွားခဲ့သည်။ အကယ်၍များ နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်မသုံးခဲ့ပါက ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။
ဒဏ်ရာအပြင်းအထန်ရမယ့်အစား နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်သုံးလိုက်တာက ပိုကောင်းမယ်မဟုတ်လား။ ဒါကြီးက လက်ထဲမှာ ဘုရင်နှစ်ခုရှိနေပေမဲ့ အညှာအတာမဲ့ အနိုင်ပိုင်းခံလိုက်ရသလိုမျိုးပဲ– အရမ်းမွန်းကျပ်ချင်စရာ ခံစားချက်ကြီး။
နှစ်အချက်၊ သူ၏ကျင့်ကြံဆင့် မြင့်မားလာသည်နှင့်အမျှ သူ၏သိုင်းအဆင့်သည်လည်း မြင့်မားလာရမည်ဖြစ်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။ သံမဏိလက်ဝါးသိုင်းကဲ့သို့ သူ၏အခြားသိုင်းပညာများသည် အဆင်မပြေနိုင်တော့ဘဲ ရေထိန်းချုပ်လက်ဝါးသိုင်းသည်လည်း သူ၏ လက်ရှိတိုက်ခိုက်ချေမှုန်းစွမ်းရည်နှင့် မကိုက်ညီတော့ပေ။
ယခု သူမှီခိုအားထားနိုင်သည့် တစ်ခုတည်းသော သိုင်းပညာမှာ နဂါးနိုင်လက်ဝါးသိုင်းဖြစ်သည်။
နဂါးနိုင်လက်ဝါးသိုင်းအကြောင်း ထုတ်ဖော်ရမှာကို ရှောင်လွှဲမရနိုင်မှတော့ အခုချက်ချင်းပဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပစ်လိုက်တာပေါ့။ ဒါက ယဲ့လုဖုန်းရဲ့တုံ့ပြန်မှုကို သိနိုင်ပြီးတော့ ငါလည်း သင့်တော်သလို တုံ့ပြန်နိုင်လိမ့်မယ်။
တတိယအချက် သူသည် နန်ပါးထျန်း၏ ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို ယူရတော့မည်ဖြစ်ရာ အဖွဲ့သားများအား သူ၏ သိုင်းပညာစွမ်းရည်ကို ပြသရပေမည်။
နန်ပါးထျန်းကို အုပ်စုလိုက်တိုက်ခိုက်ပြီး အနိုင်ရခဲ့လျှင်သော်မှ နောက်ပိုင်းတွင် ကုန်သည်အဖွဲ့အတွင်း၌ တရားမျှတမှုမရှိဘဲ အနိုင်ရသည်ဟူသည့် အတင်းအဖျင်းများ ဖြစ်ပေါ်နိုင်လောက်သည်။
နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်ဖော်ပြလိုက်ခြင်းဖြင့် သူ့တွင် နန်ပါးထျန်းနှင့် ယှဉ်နိုင်သည့် စွမ်းအားရှိကြောင်း ပြသပြီးဖြစ်လိမ့်မည်။ သို့ဖြင့် သူ့အား လေးစားမှုရှိစေလိမ့်မည်။ ဤသည်မှာ ချန်ကျဲ့၏တတိယအကြောင်းအရင်းဖြစ်သည်။
ပထမအချက်သည် မဖြစ်မနေအခြေအနေကြောင့် ပြုလုပ်ရခြင်းဖြစ်ပြီး ဒုတိယအကြောင်းအရင်းသည် ယဲ့လုဖုန်းကို စမ်းသပ်ခြင်းဖြစ်ကာ တတိယအချက်သည် ကုန်သည်အဖွဲ့ထဲရှိ အဖွဲ့သားငယ်များထံမှ လေးစားမှုရရှိစေရန် ဖြစ်သည်။
ထို့ကြောင့် ချန်ကျဲ့မှ နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်ဖော်ပြလိုက်ခြင်းမှာ သူ့တွင် လှည့်ကွက်မကျန်တော့သောကြောင့်ဟု ဆိုပါက အပြည့်အဝ မမှန်ကန်ပေ။ ချန်ကျဲ့တွင် မိုးသက်မုန်တိုင်းသစ်တော်ပန်းအပ်ကဲ့သို့ အခြားဝှက်ဖဲများ ရှိသေးသည်။
ထို့ပြင် ချန်ကျဲ့သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းဆေးလုံးအတွက် ပါဝင်ပစ္စည်းများကို ရှာဖွေစုဆောင်းနေဆဲ ဖြစ်သည်။
ထိုအရာအားလုံးသည် ချန်ကျဲ့၏ဝှက်ဖဲများဖြစ်သည်။ ထို့ပြင် သူ၏အစီအစဉ်အရ နန်ပါးထျန်းကို ဖြေရှင်းပြီးသည်နှင့် ယဲ့လုဖုန်းသည် သူ့ကို အချိန်တိုအတွင်း တိုက်ခိုက်နိုင်ဦးမည် မဟုတ်ပေ။ သူ့တွင် ပြင်ဆင်ဖို့အချိန်ရှိသေးသည်။
ယဲ့လုဖုန်းမှ လှုပ်ရှားလာတော့မည့်အချိန်တွင်မူ ချန်ကျဲ့တွင် ဝှက်ဖဲအသစ်များ အသင့်ဖြစ်နေတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ တစ်ဖက်ရန်သူကိုလည်း အရမ်းစိုးရိမ်နေရန် မလိုအပ်တော့ပေ။
ထိုသို့ အမျိုးမျိုးသော အကြောင်းအရင်းများသည် ချန်ကျဲ့အား နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်ဖော်ပြစေခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းအရင်းများထဲမှ ၅၀ရာခိုင်နှုန်းသည် လိုအပ်ချက်သက်သက်ကြောင့် ဖြစ်သည်။ ချန်ကျဲ့သည် အခြေအနေကို သဘာဝကျကျ အခွင့်ကောင်းယူ၍ သူ၏ရည်ရွယ်ချက်အချို့ကို အောင်မြင်စေခဲ့သည်။
ဘဝဟူသည် ဇာတ်ညွှန်းရေးထားသည့် ရွက်လှေလွှင့်ခြင်း မဟုတ်ပေ။ မျှော်လင့်မထားသည့်အရာများ ဖြစ်လာတတ်စမြဲပင်။ အားနည်းသူသည် အပြုအမူမှားယွင်းခြင်းကို ကြောက်ရွံ့ပြီး အားကြီးသူသည် ထိုအရာများကို ထိန်းချုပ်နိုင်စွမ်းရှိကာ တစ်ခါတရံ ကံဆိုးမှုအား အခွင့်အရေးအဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။
ချန်ကျဲ့သည် အခြေအနေကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့သည်။
ချန်ကျဲ့သည် အသင့်အနေအထားဖြင့် လာမည့်တိုက်ခိုက်မှုတွင် အားကုန်သုံးတိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့သည်။
နဂါးနိုင်လက်ဝါးသိုင်းသည် အလွန်အင်အားကြီးမားသည့်သိုင်းပညာဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ သို့ဖြစ်ရာ မိမိ၏စွမ်းရည်အင်အားကို သေချာထုတ်ဖော်ပြသနိုင်ခဲ့ပါက တစ်ဖက်လူသည် မတိုက်ခိုက်မီ နှစ်ကြိမ်ပြန်စဉ်းစားလိမ့်မည် ဖြစ်သည်။
ကလေးတစ်ယောက် ငွေတစ်ထောင်လက်ထဲကိုင်၍ လမ်းထဲ ဆင်းသွားသကဲ့သို့ပင်– ကောက်ကျစ်သူများအတွက် လွယ်ကူသည့် သားကောင်အလား ဖြစ်သည်။
သို့သော် အင်အားကြီးသူများအတွက်တော့ ကိစ္စမရှိပေ။
အင်အားသည် အကြီးမားဆုံးသော အာမခံဖြစ်သည်။
ကောကျင့်တစ်ယောက် နဂါးနိုင်လက်ဝါးသိုင်းအပြည့်အစုံကို ပိုင်ဆိုင်ထားတုန်းက ဘာလို့ ဘယ်သူမှ သူ့လက်ထဲ နဂါးနိုင်လက်ဝါးသိုင်းကို မတပ်မက်ကြတာလဲ။
ဒါမှမဟုတ် နဂါးနိုင်ဓားရုပ်ရှင်မှာမှာ နှစ်၂၀ကြာ ဝူတန်ရဲ့သိုင်းပညာခန်းမရဲ့ ဘေးမှာ ရှိနေခဲ့တဲ့ ကျန်းစန်းဖုန်းအပိုင် ကောင်းကင်ဘုံဓားကို ဘယ်သူမှ မထိပါးရဲချိန်မှာ ရှဲ့ရွှမ်အပိုင် နဂါးနိုင်ဓားကိုကျ ဘာလို့ လူတိုင်းက အလုအယက် လိုချင်နေကြတာလဲ။
အဖြေမှာ အင်အားဖြစ်သည်။
ရွှေခြင်္သေ့မင်းရှဲ့ရွှမ်က ဂိုဏ်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမဲ့ ကျန်းစန်းဖုန်းကရော။ နှစ်၆၀ကြာ မိစ္ဆာရှင်းလင်းရေးနဲ့ အမည်ကျော်ကြားခဲ့ပြီးအဆုံးမှာ အရူးတစ်ယောက်ကပဲ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို တပ်မက်ရဲခဲ့တယ်။
သို့ဖြစ်ရာ ယခုအချိန်မှာ သူ၏စွမ်းရည်များကို ထုတ်ဖော်လေလေ လူအများ၏အမြင်တွင် ပို၍ အင်အားကြီးသူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ချန်ကျဲ့ နားလည်သည်။ ပို၍လည်း လုံခြုံလိမ့်မည်။
ဝှက်ဖဲကို မထုတ်ဖော်ခင်မှာ အင်အားနည်းတဲ့ပုံပေါက်နေရမယ်– အဲဒါကို ကိုယ့်အတွက် အချိန်ဆွဲတယ်လို့ ခေါ်တယ်။
သို့သော်ငြား ဝှက်ဖဲသည် မိမိ၏လက်အတွင်းရှိနေသည့်တိုင် တုံ့ဆိုင်းနေပြီ အစွမ်းကုန်မလုပ်ဆောင်ပါက ၎င်းသည် အန္တရာယ်ကိုဖိတ်ခေါ််ခြင်းသာ ဖြစ်သွားလိမ့်မည်။
ချန်ကျဲ့သည် ထိုနိယာမကို ကောင်းကောင်းနားလည်သည်။ ထို့ကြောင့် အသင့်အနေအထားကို ထိန်းထားပြီး နန်ပါးထျန်းကို ပြောသည်။
“နန်ပါးထျန်း ခင်ဗျားရဲ့ ဒီစွမ်းအင်ဆတိုးတာက အချိန်ကြာကြာခံမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား။ အဲဒီလိုဆိုမှတော့ ခင်ဗျား ဘာလို့ အညံ့မခံလိုက်သေးတာလဲ။ အညံ့ခံပြီးရင် ခင်ဗျားမြောက်ပိုင်းတောင်မှာ လုပ်ထားတာတွေကို သခင်ကြီးယဲ့လုကို ရှင်းပြနိုင်တယ်လေ။ ကျုပ်လည်း ခင်ဗျားအတွက် စကားကောင်းလေးတွေ ကူပြောပေးပါ့မယ်။ ခင်ဗျား အပြစ်လွတ်နိုင်ခဲ့ရင် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူးက ခင်ဗျားအပိုင်ဖြစ်နေဦးမှာပဲ”
“ကျိုစစ် အသက်လေးလည်းရှူပါဦး။ နဂါးနိုင်လက်ဝါးသိုင်းတစ်ကွက်ကို သင်ထားတာနဲ့ပဲ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်မနေနဲ့။ ပြီးတော့ အဲဒီသိုင်းကို သင်ထားတာ မင်းမကြောက်ဘူးလား။ သခင်ကြီးယဲ့လုက သူဖုန်းစားအိုကြီးကို အဲဒီသိုင်းကြောင့် သတ်ခဲ့တာနော်။ မင်းကရော အဆုံးသတ်ကောင်းနိုင်မယ် ထင်နေသလား။ ကျိုစစ် ငါ မင်းကို အကြံပေးလိုက်မယ်။ မင်း ငါနဲ့အတူ တိုက်ခိုက်ပြီး ရန်သူအဖြစ်ကနေ မိတ်ဆွေအဖြစ် ပြောင်းလဲလိုက်ရအောင်လေ။ ငါတို့နှစ်ယောက်ပူးပေါင်းပြီး အောင်မြင်မှုအကြီးကြီးတွေအတွက် လုပ်ဆောင်ကြရအောင်လေ”
နန်ပါးထျန်းသည် ချန်ကျဲ့နှင့် ယဲ့လုဖုန်းကြား ပဋိပက္ခဖြစ်စေရန် စကားလမ်းခင်းလိုက်သည်။
ချန်ကျဲ့ ရယ်မောလိုက်သည်။
“နန်ပါးထျန်း အရူးကွက်လာနင်းမနေနဲ့။ သခင်ကြီးယဲ့လုသာ နဂါးနိုင်လက်ဝါးသိုင်းကို လိုချင်တာမှန်ရင် ကျုပ်က ဘာလို့ လက်နှစ်ဖက်နဲ့ ကိုယ်တိုင်မဆက်သဘဲ နေပါ့မလဲ။ သခင်ကြီးအပေါ် ကျုပ်ရဲ့သစ္စာရှိမှုက နေ့နဲ့ညလို ရှင်းလင်းပါတယ်”
နန်ပါးထျန်းမှ ပြန်ပြောလုနီးတွင် ယဲ့လုဖုန်းမှ ပြောသည်။
“ကျိုစစ် မင်းရဲ့စကားတွေက ငါ့ကိုအတော်လေး စိတ်ကျေနပ်စေပါတယ်လေ။ အဆုံးသတ်ကျ သိုင်းကွက်လေးတစ်ကွက်ပဲ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါ့မလဲ။ စိတ်ချပါ။ ငါဒီနေ့ ဒီလူရာချီရှေ့မှာ ကျိန်ဆိုလိုက်မယ်။ ငါ ယဲ့လုဖုန်းက ကျိုစစ်ရဲ့ နဂါးနိုင်လက်ဝါးသိုင်းကို လိုချင်တပ်မက်စိတ် လုံးဝ မရှိပါဘူး။ စကားဖောက်ဖျက်ခဲ့သည်ရှိသော် ကောင်းကင်နှင့်မြေကြီးက ဒဏ်ခတ်ပါစေ”
ယဲ့လုဖုန်း၏ ကတိစကားကြောင့် လူအုပ်ကြီးမှာ ကြောင်အသွားတော့သည်။ မကြာသေးခင်ကမှ သူတို့သည် သိုင်းကျင့်စဉ်အတွက် အသေအကြေတိုက်ခိုက်နေကြသေးသည်။ ယခုကျ လိုချင်တပ်မက်စိတ်မရှိဟု ကျိန်ဆိုလေသည်။ သိုင်းကျင့်စဉ်ကို ပိုင်ဆိုင်ထားတဲ့သူက ချန်ကျိုစစ်ဖြစ်နေလို့ ဒီလိုတုံ့ပြန်မှုမျိုး ဖြစ်လာတာလား။
ယဲ့လုဖုန်း၏စကားများသည် သူ၏အဆင့်အတန်းကို ရှင်းလင်းပြတ်သားသွားစေကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။ ဆိုလိုသည်မှာ ယဲ့လုဖုန်းအတွက် ချန်ကျိုစစ်သည် နဂါးနိုင်လက်ဝါးသိုင်းထက် ပို၍ တန်ဖိုးကြီးသည်ဟူ၍ ဖြစ်သည်။ သို့ဖြစ်ရာ ချန်ကျဲ့လည် ပို၍ စိတ်အေးသက်သာဖြစ်သွားခဲ့သည်။