← Chapters

အခန်း (၆၆၁)

Vol. 56 Ch. 661

အခန်း (၆၆၁)

Vol. 56 Ch. 661

အခန်း 661

ချန်ကျဲ့ နားလည်စွာ ယဲ့လုဖုန်းအား ခေါင်းညိတ်တုံ့ပြန်လိုက်သည်။

“သခင်ကြီးယဲ့လုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရင်က ပြောခဲ့သလိုပဲ သခင်ကြီးတစ်ခုခုလိုအပ်ခဲ့ရင် ကျွန်တော့်ဘက်က လုပ်ပေးဖို့ အမြဲအဆင်သင့်ပါ”

ယဲ့လုဖုန်း ရယ်လိုက်သည်။

“ဟားဟား ကျိုစစ်၊ အခုလောလောဆယ် အဲဒီအကြောင်း မပြောကြရအောင်။ အရင်ဆုံး ငါတို့ဒီလူကို ဖမ်းကြတာကောင်းလိမ့်မယ်”

ယဲ့လုဖုန်းမှ နန်ပါးထျန်းကို ညွှန်ပြသည်။

ချန်ကျဲ့မှ ပြန်ပြောသည်။

“သခင်ကြီးအမိန့်အတိုင်းပါ”

ထိုသို့ပြောခဲ့ပြီး ချန်ကျဲ့သည် နန်ပါးထျန်းဆီသို့ ဦးတည်သွားလိုက်သည်။

ချန်ကျဲ့သည် လက်မြှောက်၍ နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်လွှတ်လိုက်သည်။ နန်ပါးထျန်းလည်း ထိတ်လန့်သွားကာ ရေခဲစိတ်စွမ်းအင်သိုင်းဖြင့် ချန်ကျဲ့ကို ခုခံတိုက်ခိုက်သည်။

နှစ်ဦးသည် မည်သူမျှ အရေးမသာဘဲ သိုင်းကွက်၂၀ကျော် ဖလှယ်ခဲ့သည်။

ထိုအခိုက်အတန့်၌ နဂါးနိုင်လက်ဝါးသိုင်း၏စွမ်းအားကို လူတိုင်းမြင်တွေ့နေရသည်။ ချန်ကျဲ့၏အင်အားသည် သူဖုန်းစားအိုကြီးနှင့် သိပ်မကွာပေ။ ချန်ကျဲ့မှ နန်ပါးထျန်းနှင့် ယှဉ်တိုက်နေသည့်မြင်ကွင်းမှာ အံ့ဩဖွယ်ပင်။

နန်ပါးထျန်း၏ လက်ရှိအင်အားမှာ ပေါက်ကွဲစွမ်းအားဖြင့် အင်အားဆတိုးထားခြင်း ဖြစ်ပေသည်။

ဤအချက်သည် ချန်ကျဲ့၏ အထင်ကြီးလောက်ဖွယ်သော အင်အားကို အားလုံးအား နားလည်စေသည်။

ချန်ကျဲ့နှင့် နန်ပါးထျန်းသည် အရှုံးအနိုင်မပေါ်ဘဲ သိုင်းကွက်၂၀ခန့်အထိ ဖလှယ်ခဲ့ကြရာ နေရာရှိငါးဖမ်းကုန်သည်အဖွဲ့သားများသည် အလွန်အံ့အားသင့်နေကြသည်။

ခုနကမှ ဒဏ်ရာသက်သာစပြုလာသည့် ချင်းယင်သည်လည်း အံ့ဩနေကြသည်။

ချင်းယင်သည် အံတင်းတင်းကြိတ်ထားလျက် နန်ပါးထျန်းနှင့် လက်ရည်တူနေသည့် ချန်ကျဲ့ကို စိတ်မကျေနပ်စွာ ကြည့်နေခဲ့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ချန်ကျိုစစ်ရဲ့အင်အားက ဘယ်လိုလုပ်ပြီး နန်ပါးထျန်းနဲ့ ယှဉ်နိုင်နေရတာလဲ။ နဂါးနိုင်လက်ဝါးသိုင်းကိုရော သူ ဘယ်က သင်လာတာလဲ”

ချင်းယင်သည် မနာလိုမှုကြောင့် မျက်လုံးများ နီရဲနေသည်။

နဂါးနိုင်လက်ဝါးသိုင်းကို ရတဲ့သူက ဘာလို့ ငါမဖြစ်ရတာလဲ။

သူ မနာလိုဖြစ်သည်။ သူ နာကျည်းသည်။ သူ အားကျသည်။ ချန်ကျိုစစ်သည် လွန်ခဲ့တဲ့တစ်နှစ်က ရှန်းထောင်ရွာရှိ လူမသိသူမသိ လူငယ်လေးမှသည် သူကိုယ်တိုင်တောင် မော်ကြည့်ရသူ ဖြစ်လာခဲ့သည်။

ချန်ကျိုစစ်ဆိုတာ မျန့်ရွှေမြို့ကို ရောက်လာစတုန်းက ဘယ်လိုလူမျိုးမို့လို့လဲ။

အရေပြားသန့်စင်ခြင်းအဆင့် စောက်တောသားလေးပဲလေ။ အခုကျတော့ သူက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို ရောက်နေတဲ့အပြင် နဂါးနိုင်လက်ဝါးသိုင်းကိုလည်း သင်ယူတတ်မြောက်ထားသေးတယ်။

သူ သုံးလိုက်တဲ့ နဂါးနိုင်လက်ဝါးသိုင်းရဲ့ သက်ရောက်မှုကိုကြည့်ရတာ လေ့ကျင့်ထားတာ ကြာပြီထင်တယ်။ အဲဒါကို ဒီလောက်ကောင်းကောင်း ဖုံးကွယ်ထားနိုင်တယ်။ အနာဂတ်မှာ ငါသာ ယဲ့လုဖုန်းရဲ့နယ်ရုပ်ဖြစ်လာပြီး ချန်ကျိုစစ်ရဲ့အင်အားနဲ့ ဟန်ချက်ညီအောင်လုပ်ဖို့ အသုံးချခံရရင် ငါ့ကို ချန်ကျိုစစ်က ဖြည်းဖြည်းချင်း ညှင်းသတ်သွားလိမ့်မှာ မဟုတ်ဘူးလား။

ကြောက်ဖို့ကောင်းတယ်။ အရမ်းကြောက်ဖို့ကောင်းတယ်။ ချန်ကျိုစစ်က သေလောက်အောင် ကြောက်ဖို့ကောင်းတယ်။

ထိုအခိုက်အတန့်၌ ချင်းယင်၏မျက်လုံးများမှာ မနာလိုမှုနှင့် ကြောက်ရွံ့မှုများ ထင်ဟပ်ကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။

ချင်းပေါင်သည် ချင်းယင်ကို လာထိန်းပေးသည်။

“အစ်ကိုကြီး ဒီချန်ကျိုစစ်က အရမ်းကြောက်ဖို့ကောင်းတာပဲ။ နဂါးနိုင်လက်ဝါးသိုင်းကို လက်ထဲယူထားပြီးတော့ အားလုံးကို လှည့်စားထားနိုင်ခဲ့တယ်”

ချင်းယင်မှ ပြောသည်။

“အင်း ဒီလူက အန္တရာယ်များတယ်။ ငါတို့ အရမ်းသတိထားရမယ်။ ချန်ကျိုစစ်နဲ့ ရင်ဆိုင်တဲ့အချိန်ဆို ခါတိုင်းထက် ပိုပြီး သတိထားရမယ်”

ချင်းပေါင်မှ ပြန်ပြောသည်။

“အစ်ကိုကြီး ကျွန်တော်တို့ ချန်ကျိုစစ်ကို ရှေ့လျှောက် သေချာရင်ဆိုင်ရမယ်။ ကျွန်တော်တို့ချည်းပဲ သူ့ကို မကိုင်တွယ်နိုင်လောက်ဘူး”

ချင်းယင်မှ ပြောသည်။

“မစိုးရိမ်ပါနဲ့။ ငါတို့မှာ သခင်ကြီးယဲ့လုရှိတယ်”

ချင်းယင်သည် ယဲ့လုဖုန်းမှ ဘက်လိုက်ပေးရန် မျှော်လင့်နေခဲ့သည်။ သေချာပေါက် သူ၏အတွေးမှာ သဘာဝကျပါ၏။ ချန်ကျဲ့နှင့်ရင်ဆိုင်ရန်အတွက် မျှော်လင့်မထားသည့် ကံကောင်းမှုတစ်ခုခုနှင့် မကြုံတွေ့ရပါက သူတို့သည် ယဲ့လုဖုန်း၏ထောက်ပံ့မှုကိုသာ မှီခိုအားထားရလိမ့်မည်။

ထိုသို့အတွေးများဖြင့် ချင်းယင်နှင့် အဖွဲ့သားများသည် ချန်ကျဲ့မှ နန်ပါးထျန်းကို တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်နေသည်အား ကြည့်ရှုနေကြသည်။

ငါးဖမ်းကုန်သည်အဖွဲ့သားများသည်လည်း မျက်လုံးပြူးကျယ်လျက် စိတ်ဝင်တစား ကြည့်နေကြသည်။ လူတစ်ယောက်မှ ပြောလာသည်။

“ခန်းမအရှင်သခင်က ပုံမှန်ဆို ကြွားဝါလေ့မရှိဘူး။ သူဒီလောက်အင်အားကြီးမားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

ထိုအဖွဲ့သား၏ စကားအဆုံး၌ ရှောင်ဟူ၏နှုတ်ခမ်းထောင့်များ စိတ်ကျေနပ်စွာ ကွေးတက်သွားသည်။

အစ်ကိုကျိုစစ်က ပုံမှန်ဆို ရင်းနှီးတတ်ပြီး လူတိုင်းကို အမြဲနှုတ်ဆက်တတ်တယ်။

ဒါပေမဲ့ အစ်ကိုကျိုစစ်က အချိန်အားတိုင်း ‌မနက်၃နာရီ၊၅နာရီထပြီး နေ့တိုင်း မ‌မောမပန်း လေ့ကျင့်တတ်တယ်ဆိုတာ ဘယ်သူသိမှာလဲ။ အဲဒီလို နောက်ကွယ်က ကြိုးစားအားထုတ်မှုတွေနဲ့ ဒီနေ့ရဲ့ကျိုစစ်ဖြစ်လာတာပဲ။

ဒီနေ့က အစ်ကိုကျိုစစ်ရဲ့အင်အားကို မျန့်ရွှေတစ်ခုလုံး သိရမယ့်အချိန်ရောက်ပြီ။

ထိုသို့အတွေးများဖြင့် ရှောင်ဟူသည် နန်ပါးထျန်းနှင့် တိုက်ခိုက်နေသည့် ချန်ကျဲ့ကို လေးစားစွာ ကြည့်နေခဲ့သည်။

တခြားသူတွေ မသိလောက်ပေမဲ့ သူကတော့ အစ်ကိုကျိုစစ် မည်မျှ ကြိုးစားအားထုတ်ခဲ့ရကြောင်း သိသည်။

ချန်ကျဲ့နှင့် နန်ပါးထျန်း၏တိုက်ပွဲကြောင့် အားလုံး အံ့ဩနေကြသည်။

ဒါက ခန်းမအရှင်သခင်ချန်ရဲ့အင်အားလား။

သူ ခေါင်းဆောင်နန်ကို စိန်ခေါ်ရဲတာ မဆန်းတော့ပါဘူး။ ကြည့်ရတာ ဒီနေ့ပြီးရင်တော့ အစောင့်အရှောက်ကြီး၁၃ဦးရဲ့ နံပါတ်အဆင့်တွေကို ပြန်စီစဉ်ရတော့မှာပဲ။

သူတို့မှတ်မိတာ မမှားရင် ချန်ကျိုစစ် မျန့်ရွှေမြို့ကိုရောက်လာတာ တစ်နှစ်လောက်ပဲ ရှိဦးမယ်လေ။ အဲဒါကို ဒီအဆင့်အထိ တက်လာနိုင်တာ သူက အရမ်းကြောက်ဖို့ကောင်းတာပဲ။

လျိုလောင်ကွေ့သည် မျက်လုံးများပြူးကျယ်လျက် တိုက်ပွဲကို ကြည့်နေသည်။ ခုနက လက်ဝါးတစ်ချက်မှာ ကျိုစစ်သည် အားကုန်သုံးလိုက်ပြီဟု သူထင်ထားခဲ့သည်။ သို့သော် ကျိုစစ်၏အင်အားမှာ ထိုထက် သာလွန်ကြောင်း နားလည်လိုက်ရသည်။

သူမျှော်လင့်မထားမိပေ။ ညီနောင်ကျိုစစ်သည် သူ၏အင်အားအမှန်ကို ဖုံးကွယ်ပြီး အမြဲ သိုသိုသိပ်သိပ် နေတတ်လေသည်။

သူသည် ကျိုစစ်ကို သူ့ထက်အားနည်းသည့် ညီနောင်လေးဟု တွေးထားခဲ့သော်ငြား ကျိုစစ်သည် နန်ပါးထျန်းနှင့် ယှဉ်နိုင်သည်။ ကျိုစစ်သည် အင်အားကို အားနည်းမှုအဖြစ် ဟန်ဆောင်ရာတွင် အလွန်တော်လေသည်။

ချန်ကျဲ့၏အင်အားသည် သူ့ထက် မြင့်မားကြောင်း လျိုလောင်ကွေ့ လက်ခံလိုက်ရသည်။

ထို့နောက် ရှေ့လျှောက် ချန်ကျဲ့နှင့် ဆက်ဆံရာတွင် အရင်ထက်ပိုသော လေးစားမှုဖြင့် ဆက်ဆံသင့်သလော၊ အရင်ထက်ပို၍ ကောင်းမွန်စွာ ဆက်ဆံသင့်သလော စသဖြင့် တွေးနေခဲ့သည်။

ယဲ့လုဖုန်းသည်လည်း လက်ရည်တူနေသည့် ချန်ကျဲ့နှင့် နန်ပါးထျန်း၏တိုက်ပွဲကို ကြည့်ရင်း အတွေးထဲ နစ်မျောနေခဲ့သည်။

ချန်ကျိုစစ်၏ အင်အားကို သူ၏ရည်ရွယ်ချက်များအတွက် အသုံးချနိုင်ပါက လက်နက်ကောင်းတစ်လက် ဖြစ်လိမ့်မည်။

ချန်ကျိုစစ်ကို ထိန်းချုပ်ရန်အတွက်မူ ယဲ့လုဖုန်းသည် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိပါသည်။

ထိုစဉ် မနီးမဝေးရှိ အိမ်ခေါင်မိုးထက်၌ အောက်ဘက်ရှိ ပြင်းထန်သည့်တိုက်ပွဲကို စောင့်ကြည့်နေသည့် ကျောက်ယာ၏မျက်လုံးများတွင် စူးရှသည့်အလင်းတစ်စ ဖြတ်ပြေးသွားခဲ့သည်။

All Chapters