အခန်း (၆၆၂)
Vol. 56 Ch. 662
အခန်း ၆၆၂
ချန်ကျိုစစ်သည် ငယ်ရွယ်ပြီး အင်အားကြီးမားသည်။ သေချာပေါက် အလားအလာကောင်းသည်ပင်။
နန်ပါးထျန်းကိုမူ သူမ အရင်ကတည်းက အများကြီး မျှော်လင့်မထားပေ။ လူအိုကြီးသည် အင်အားကြီးမားသော်ငြား အသက်၅၀ရှိနေပြီးဖြစ်ပြီး သိုင်းလေ့ကျင့်ရန် အကောင်းဆုံးအရွယ်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ ဤတစ်ကြိမ်အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့လျှင်သော်မှ သူ၏အနာဂတ်စွမ်းရည်မှာ အကန့်အသတ်ရှိနေမည်ဖြစ်ကာ သူမ ထည့်တွေးပေးရန် မထိုက်တန်ပေ။
သို့သော် ချန်ကျိုစစ်သည် မတူပေ။ ငယ်ရွယ်ပြီး အင်အားကြီးမားသည်။ အရေးအကြီးဆုံးအချက်မှာ အုပ်ချုပ်ရေး၌ အရည်အချင်းရှိနေခြင်း ဖြစ်သည်။
ကျောက်ယာသည် ချန်ကျိုစစ်အား လက်ေအာက်သိမ်းသွင်းနိုင်မည့်နည်းလမ်းကို စဉ်းစားနေခဲ့သည်။ သာ့ချန်တွင် ဤသို့အရည်အချင်းရှိသူများ လိုအပ်သည်။
သူမ တွေးတောနေစဉ် အားစန်းမှ ပြောသည်။
“ဒီကောင်လေးရဲ့ကျင့်ကြံမှုက ဘယ်ဆိုးလို့လဲ။ သူ့ရဲ့ကျင့်ကြံဆင့်က နည်းနည်းလိုအပ်နေသေးတာကြောင့် မဟုတ်ရင် ကျွန်တော်နဲ့ ယှဉ်နိုင်လောက်တယ်”
အားသာ့မှ ပြောသည်။
“မင်း လျှောက်မလုပ်နဲ့နော်။ ခရိုင်မင်းသမီးက သူ့ကို မထိရဘူးလို့ ပြောထားတယ်”
အားစန်းမှ ပြန်ပြောသည်။
“သိပါတယ် သိပါတယ် အစ်ကိုကြီးရဲ့။ အစ်ကိုကြီးက ဘာလို့ ကျွန်တော်ပြဿနာရှာတော့မယ်ပဲ တွေးနေရတာလဲ”
အားအာ့မှ ကြားဖြတ်ပြောသည်။
“ဘာလို့ဆို မင်းက တုံးလို့လေ”
ထိုအခါ အားသာ့သည် အားအာ့ကို မျက်နှာကြီးမည်းမှောင်လျက် ကြည့်လာသည်။ အကြောင်းမှာ သူ အားစန်းအကြောင်းပြောတိုင်းတွင် ‘’တုံးတယ်”ဟူသည့် စကားလုံးကို သုံးလေ့ရှိသောကြောင့် ဖြစ်သည်။
တိုက်ပွဲမှာတော့ အလွန်ပြင်းထန်နေလေပြီ။ တိုက်ခိုက်သူနှစ်ဦးသည် သိုင်းကွက်၃၀ကျော် ဖလှယ်ပြီးလေပြီ။ ချီစွမ်းအင်များလည်း အမြောက်အများ သုံးပြီးလေပြီ။
ထိုအချိန်၌ နန်ပါးထျန်းသည် မိမိမှာ ချန်ကျိုစစ်ကို အချိန်အတော်ကြာသည်အထိ အနိုင်မယူနိုင်သဖြင့်… အထူးသဖြင့် ချန်ကျိုစစ်၏ တိုက်ခိုက်မှုများသည် ပို၍ အင်အားကြီးမားပြင်းထန်လာကြောင်း သတိထားမိလေရာ နောက်ဆုတ်ဖို့ တွေးလာရတော့သည်။ ဤသို့ ဆက်လက်တိုက်ခိုက်နေပါက သူ့ဘက်မှာ အရေးမသာနိုင်ချေ။
သို့ဖြစ်ရာ သူ အချိန်ဆက်ဆွဲနေ၍ မဖြစ်တော့ချေ။ သူ၏ဆုံးဖြတ်ချက်ကို ပြောင်းရန် လိုအပ်နေလေပြီ။
ထိုသို့တွေးလျက် နန်ပါးထျန်းသည် လက်များကို အောက်နှိမ့်ချလိုက်ပြီး ရေခဲစိတ်စွမ်းအင်ကို အမြန် လည်ပတ်စေလိုက်ရာ သူ၏ဘေးပတ်ဝန်းကျင်တွင် ရေခဲပန်းများ ထွက်ပေါ်လာသည်။ နန်ပါးထျန်းသည် အားကုန်သုံးထားသည့် တိုက်ကွက်တစ်ကွက်ထုတ်လွှတ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ချန်ကျဲ့သိသည်။
ချန်ကျဲ့မျက်မှောင်ကြုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ နဂါးဟိန်းဟောက်သံများ ထွက်ပေါ်လာစေသည်။
နဂါးနိုင်လက်ဝါးသိုင်း လေးကွက်မြောက်သိုင်းကွက်– လယ်ပြင်မှာနဂါးတွေ့
ချန်ကျဲ့သည် အင်အားကုန်သုံး၍ နဂါးနိုင်လက်ဝါးသိုင်းကို အပြင်သို့ထုတ်လွှတ်လိုက်ပြီး ကိုယ်တွင်းချီစွမ်းအင်သွေးကြောများကို ယန်ချွမ်ကျင့်စဉ်ဖြင့် စီးဆင်းစေသည်။
တိုက်ပွဲတစ်လျှောက်လုံး၌ ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ကို လည်ပတ်ထိန်းညှိနေခဲ့သည်။ အရမ်းကြီးအားမကောင်းသော်ငြား ယန်ချွမ်ကျင့်စဉ်၏ အထူးခြားဆုံးကဏ္ဍမှာ လိုက်လျောညီထွေဖြစ်ခြင်း ဖြစ်သည်။
အတွင်းအား၊အပြင်အားနှစ်ခုစလုံးကို အသုံးပြုခြင်း ဤသည်မှာ နန်ပါးထျန်း၏ အင်အားဆတိုးထားသည့် စွမ်းအင်နှင့် ရင်ဆိုင်ရချိန်တွင်ပင် ချန်ကျဲ့ဘက်မှ အမှီလိုက်နိုင်ရသည့် အကြောင်းအရင်းဖြစ်သည်။
နန်ပါးထျန်းမှ နောက်ဆုံးတိုက်ကွက်ကို ပြင်ဆင်လာချိန်တွင်လည်း ချန်ကျဲ့ မတွန့်ဆုတ်ပေ။ ဤသိုင်းကွက်ကို သူခံနိုင်ရည်ရှိရပေမည်။ ရှုံးနိမ့်သွား၍ မဖြစ်ချေ။
သူသည် တိုက်ပွဲကို ယခုအချိန်အထိ ထိန်းထားပြီး ချန်ကျိုစစ်သည် နန်ပါးထျန်းထက် အားမနည်းဟူသည့် ပုံရိပ်ကို တည်ဆောက်ပြီးဖြစ်သည်။ ချန်ကျဲ့အနေဖြင့် ဤပုံရိပ်ကို ခိုင်မာအောင် တည်ဆောက်ရပေမည်။
ဤတိုက်ကွက်တွင် သူ နန်ပါးထျန်းကို မခုခံနိုင်ခဲ့ပါက သူ၏ပုံရိပ်မှာ အားနည်းသွားလိမ့်မည်။ သူသည် နန်ပါးထျန်းထက် အားနည်းသည်ဟု ထင်သွားကြလိမ့်မည်။ ချန်ကျဲ့ ထိုအရာကို အလိုမရှိပေ။
ထို့ကြောင့် ဤသိုင်းကွက်ကို ခုခံနိုင်ရပေမည်။
ထိုသို့တွေးလျက် ချန်ကျဲ့သည် ချီစွမ်းအင်အားလုံးနှင့် ယန်ချွမ်ကျင့်စဉ်ကို ပေါင်းစည်း၍ နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်လွှတ်လိုက်သည်။
ဂါးး…
အင်အားကြီးမားသည့် သိုင်းပညာသည် ကောင်းကင်နှင့်မြေကြီးအကြား မူမမှန်သည့်ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အတူ နဂါးနိုင်လက်ဝါးသိုင်းသည် နဂါးဟိန်းဟောက်သံများ ထွက်ပေါ်စေနိုင်သည်။
နဂါးဟိန်းဟောက်သံများအကြား၌ ချန်ကျဲ့ လက်ဝါးသိုင်းကွက်ကို ထုတ်လွှတ်လိုက်သည်။
“လယ်ပြင်နဂါးတွေ့”
“ရေခဲစိတ်စွမ်းအင်စည်းတံဆိပ်”
တစ်ပြိုင်နက်တည်းပင် နန်ပါးထျန်းမှလည်း အားကုန်သုံးသည့် လက်ဝါးသိုင်းကွက်ကို ထုတ်လွှတ်လိုက်ရာ သိုင်းကွက်နှစ်ခု ထိခတ်သွားတော့သည်။
ထိုအခိုက်အတန့်၌ ဘုန်းခနဲ အသံကျယ်ကြီးဖြစ်လာခဲ့သည်။
နေရာရှိလူအားလုံးသည် အင်အားကြီးမားသည့် စွမ်းအင်လှိုင်းကြီးဖြတ်သွားသည်ကို ခံစားလိုက်ရသည်။
နောက်တဒင်္ဂ၌ ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ နှစ်ဦးစလုံး နောက်ဆုတ်သွားသည်။
နန်ပါးထျန်းသည် ခြေ၅လှမ်းနောက်ဆုတ်သွားပြီးမှ ခက်ခက်ခဲခဲ ရပ်လိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းမှာ သွေးများ စီးကျနေသည်။
ချန်ကျဲ့လည်း ရင်ဘတ်ထဲမှ သွေးများဆန်တက်လာသည်အား ခံစားလိုက်ရရာ မထိန်းချုပ်နိုင်ဘဲ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
ဤတစ်ကြိမ်တိုက်ခိုက်မှုတွင် သူတို့နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန်ရခဲ့ကြသည်။ ချန်ကျဲ့ သွေးကို အန်ထုတ်ရန် ရွေးချယ်လိုက်သည်။ သွေးအန်ထုတ်ခြင်းသည် ခဏတာ အင်အားယုတ်လျော့စေနိုင်သော်ငြား နောက်ဆက်တွဲထိခိုက်မှုများ မကျန်ရစ်ခဲ့စေပေ။
သို့သော် နန်ပါးထျန်းသည် သွေးအန်မထုတ်နိုင်ပေ။ တိုက်ပွဲအတွင်း၌ သူသည် အတင်းအကျပ် သွေးနောက်ပြန်စီးဆင်းစေခဲ့သောကြောင့် အတွင်းဒဏ်ရာများ ရထားပြီးဖြစ်သည်။
ထို့ကြောင့် နှုတ်ခမ်းထောင့်စွန်းမှ သွေးစီးကျနေသည့်တိုင် သွေးအန်မထွက်ရအောင် ထိန်းချုပ်ထားခဲ့သည်။
ထိုသို့သွေးအန်မထုတ်ဘဲ မျိုချလိုက်သည့် တန်ကြေးမှာလည်း မနည်းလှပေ။ ဤအတွင်းဒဏ်ရာသည် မူလအတိုင်း ပြန်မကောင်းနိုင်တော့ဘဲ သူ၏အနာဂတ် သိုင်းပညာလမ်းကြောင်းတွင် ထာဝရဒဏ်ရာအမာရွတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။
သွေးအန်ထုတ်လိုက်ပါက သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်မှာ အလွန်ကျဆင်းသွားမည်ဖြစ်ပြီး လျိုလောင်ကွေ့နှင့် ချီမုကောတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရလျှင်ပင် ထိခိုက်လွယ်လာလိမ့်မည်။
ထို့ကြောင့် နန်ပါးထျန်းသည် သွေးကို အန်မထုတ်ဘဲ အတင်းမျိုသိပ်ထားခဲ့သည်။
“အဟွတ် အဟွတ်…”
ချန်ကျဲ့ ချောင်းဆိုးပြီးနောက် ခန္ဓာကိုယ်အခြေအနေကို ထိန်းချုပ်ရန်အတွက် အင်္ကျီလက်ထဲမှ ဆေးပုလင်းကို နှိုက်ယူလိုက်သည်။
သို့သော် သူ၏အင်္ကျီလက်မှာ တိုက်ပွဲအတွင်း စုတ်ပြဲသွားခဲ့ကြောင်း သိလိုက်ရသည်။
သူအင်္ကျီလက်ထဲထည့်ထားသည့် ဆေးလုံးများနှင့် အခြားပစ္စည်းအသေးလေးများအားလုံး မြေပြင်ပေါ် ပြန့်ကျဲကျနေလေပြီ။
ထိုအခါ ချန်ကျဲ့ ရင်ဘတ်ကို အမြန်စမ်းကြည့်လိုက်သည်။ မိုးသက်မုန်တိုင်းသစ်တော်ပန်းအပ်သည် ရှိနေသေး၏။
တော်ပါသေးရဲ့။
သူ မထုတ်ဖော်နိုင်သေးသည့် အရေးအကြီးဆုံးအရာမှာ မိုးသက်မုန်တိုင်းသစ်တော်ပန်းအပ်ဖြစ်သည်။ သိုင်းကျမ်းများနှင့် ဆေးညွှန်းများကဲ့သို့ ပစ္စည်းများသည်တော့ ကျားဖြူခန်းမ၏ လျှို့ဝှက်ခန်းထဲတွင် လုံလုံခြုံခြုံရှိနေသောကြောင့် ပြုတ်ကျသွားလည်း စိုးရိမ်စရာမရှိပေ။
သို့သော် တန်ဖိုးကြီးပစ္စည်းတစ်ခုမှ ကျမသွားဟု ချန်ကျဲ့တွေးနေချိန်တွင် ပစ္စည်းတစ်ခုပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။ နန်ပါးထျန်းသည်လည်း မြေပြင်ပေါ်ကျနေသည့် သွေးစွန်းနေသော ကျောက်စိမ်းလက်စွပ်ကို မြင်သောအခါ မျက်နှာအမူအရာပြောင်းလဲသွားတော့သည်။
ထိုလက်စွပ်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်က ဟွမ်ဝမ်အာ ချန်ကျဲ့ကိုပေးလိုက်သည့် အဆောင်လက်ဖွဲ့ဖြစ်ပါ၏။ ဟွမ်ဝမ်အာ အမြဲတမ်း ရင်ဘတ်တွင် ချိတ်ဆွဲထားတတ်သည့် ဘိုးဘွားအမွေအနှစ်လည်း ဖြစ်သည်။ သူမသည် ထိုလက်စွပ်ကို မည်သို့သောအချိန်မျိုးတွင်မှ မချွတ်ခဲ့ချေ။
ထိုအခိုက်အတန့်၌ ကျောက်စိမ်းလက်စွပ်ကို ငေးစိုက်ကြည့်နေသည့် နန်ပါးထျန်း၏စိတ်ထဲတွင် ပုံရိပ်များစွာ ပေါ်ပေါက်ဖြတ်သန်းသွားခဲ့ပြီး များစွာသော အကြောင်းအရာတို့ကိုလည်း နားလည်သွားလေခဲ့သည်။