အခန်း (၆၆၃)
Vol. 56 Ch. 663
အခန်း ၆၆၃
ကျောက်စိမ်းလက်စွပ်သည် ဟွမ်ဝမ်အာ ကိုယ်နှင့်မကွာဆောင်ထားသည့် သူမ၏ ကိုယ်ပိုင်အဆင်တန်ဆာပစ္စည်းဖြစ်သည်။ ထိုလက်စွပ်ကို သူမ တစ်ဘဝလုံး ယုံကြည်ပုံအပ်နိုင်သူကိုသာ ပြမည်ဟု ပြောခဲ့ပြီး နန်ပါးထျန်းသည် ထိုလက်စွပ်ကို မင်္ဂလာဦးညက တစ်ကြိမ်သာလျှင် မြင်ခဲ့ရဖူးသည်။ ထို့နောက် သူမည်မျှတောင်းဆိုပါစေ ထိုကျောက်စိမ်းလက်စွပ်ကို နောက်တစ်ကြိမ် မမြင်တွေ့ရတော့ပေ။
သို့သော် ထိုကျောက်စိမ်းလက်စွပ်သည် အကြောင်းအရင်း မသိလိုက်ရဘဲ ချန်ကျဲ့၏ပိုင်ဆိုင်မှုအဖြစ် ချန်ကျဲ့၏အင်္ကျီလက်ထဲမှ ထွက်ကျလာလေသည်။
သူအခု အရာအားလုံးကို နားလည်သွားလေပြီ။
“ဝမ်အာ”
နန်ပါးထျန်း၏ စိတ်အတွင်းထဲ၌ အမျက်ဒေါသနှင့်အတူ ဝမ်းနည်းစိတ်များ လျှံတက်လာသည်။ သူ၏စိတ်တွင် ပုံမှန်အားဖြင့် ကျက်သရေတင့်တယ်ပြီး အထက်တန်းကျသည့် လှပသော အမျိုးသမီးတစ်ဦး၏မျက်နှာ ပေါ်ထွက်လာသည်။ သူမသည် လူသူကင်းဝေးသည့် တောင်ကြားထဲတွင် ပေါက်ရောက်နေသည့် အထီးကျန်သစ်ခွပန်းလေးကဲ့သို့ လောကကြီး၏ ထိပါးထိခိုက်ခြင်းမခံရသည့်အလားပင်။
အခုတော့ သူမသည် ချန်ကျိုစစ်နှင့် ဆက်ဆံရေးတည်ဆောက်ထားလေပြီ။
ချန်ကျိုစစ်၏အောက်တွင် သာယာမှုခံစားနေမည့် ဟွမ်ဝမ်အာ၏ပုံစံကို တွေးမိသည်တွင် နန်ပါးထျန်းမှာ ဦးခေါင်းပေါက်ကွဲထွက်တော့မည့်အလား မျက်လုံးများ နီရဲလာခဲ့သည်။
ထို့နောက် နန်ပါးထျန်းသည် ခေါင်းကိုမော့ကာ ချန်ကျဲ့အား အဆုံးမဲ့နာကျည်းမုန်းတီးမှုများဖြင့် စိုက်ကြည့်နေခဲ့သည်။ အသက်ပြင်းပြင်းရှူသွင်းလျက် နောက်ဆုံးတွင်တော့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ချန်ကျိုစစ် မင်းက ကြာခိုရဲတယ်ပေါ့လေ။ ခွေးကောင် ငါမင်းကိုသတ်မယ်”
ဟမ်???
ထိုစကားတွင် အားလုံး အံ့ဩသွားကြသည်။
ဘယ်လိုလုပ်ပြီး ကြာခိုတဲ့ကိစ္စက ပါလာရတာလဲ။
ဘယ်လိုကြာခိုတာမျိုးလဲ။ ချန်ကျိုစစ်က နန်ပါးထျန်းနဲ့ပတ်သက်ပြီး ဘယ်လိုကြာခိုတာလဲ။
အတင်းအဖျင်းပြောခြင်းကို မည်သူမျှ မလွန်ဆန်နိုင်ပေ။ အထူးသဖြင့် လူ့စည်းကမ်းချိုးဖောက်သည့်ကိစ္စရပ်များဆိုလျှင် အားလုံးသည် ပို၍ နားစွင့်ကြတတ်သည် မဟုတ်ပါလော။
ခုနက ချန်ကျဲ့နှင့် နန်ပါးထျန်းတို့၏တိုက်ပွဲသည် အကြိတ်အနယ်ဖြစ်သော်ငြား ယခုပေါ်ထွက်လာသည့် အကြောင်းအရာလောက် စိတ်ဝင်စားဖို့မကောင်းပေ။
ချီမုကောနှင့် လျိုလောင်ကွေ့တို့သည်လည်း မယုံကြည်နိုင်ဘဲ အံ့အားသင့်နေကြသည်။ သူတို့သည် ချန်ကျဲ့၏ ရဲတင်းမှုကို အသိအမှတ်ပြုမိကြကာ ချန်ကျဲ့မှာ ဘယ်အချိန်တွင် ဤသို့ကိစ္စမျိုးကို ကျူးလွန်ခဲ့သနည်းဟု စဉ်းစားနေကြသည်။
ထိုအခိုက်အတန့်၌ မြင်းပေါ်ရှိ ယဲ့လုဖုန်းသည်လည်း ခါးမတ်လာကာ ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းညွှတ်လိုက်သည်။ သူသည်လည်း အတင်းအဖျင်းများကို စိတ်ဝင်စားသူဖြစ်ပေသည်။
နေရာရှိ အခြားအဖွဲ့သားများသည်လည်း အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ချန်ကျိုစစ်က ကြာခိုတယ်ဆိုတော့ ဘုရားရေ သူ ဟွမ်ဝမ်အာနဲ့ အိပ်ခဲ့တာလား။
အားလုံး မျက်လုံးပြူးသွားကြသည်။ အထူးသဖြင့် ငါးဖမ်းကုန်သည်အဖွဲ့သားများဖြစ်သည်။ သူတို့သည် သူတို့၏နူးညံ့သိမ်မွေ့သည့် သခင်မကို ပြန်မြင်ယောင်မိကာ ချန်ကျဲ့အား အားကျသည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။
ခန်းမအရှင်သခင်ချန်က အထင်ကြီးလောက်စရာပဲ။
မနီးမဝေးရှိ အိမ်ခေါင်မိုးထက်က ကျောက်ယာလည်း မျက်မှောင်ကြုတ်သွားရသည်။
ထိုစဉ် သူမ၏နောက်လိုက်ညီအစ်ကိုသုံးဦးသည်တော့ အတင်းပြောနေကြလေပြီ။
“ဟေ့ကောင်ရ ချန်ကျိုစစ်က ရဲတင်းလိုက်တာ။ နန်ပါးထျန်းရဲ့မိန်းမနဲ့ အိပ်ခဲ့တယ်တဲ့။ အခုလည်း နန်ပါးထျန်းကို သတ်ဖို့လုပ်နေတာ။ နန်ပါးထျန်းကတော့ တကယ်သနားစရာပဲ”
“တကယ် သေလောက်အောင် သနားဖို့ကောင်းတယ်။ မိန်းမလည်း ဆုံးရှုံးရပြီး ရာထူးအဆင့်အတန်းလည်း ဆုံးရှုံးရတယ်။ ငါသာ နန်ပါးထျန်းနေရာမှာဆိုရင်တော့ သေသွားလိုက်တာမှ ပိုကောင်းဦးမယ်”
“ဟား အရမ်းသနားဖို့ကောင်းတာပဲ”
…
သုံးဦးသည် အားရပါးရ ရယ်မောလိုက်ကြသည်။ သို့သော် ကျောက်ယာမှ သူတို့ကိုကြည့်နေသည်ကို မြင်သောအခါ ချက်ချင်း ပါးစပ်ပိတ်လိုက်ကြသည်။ ကျောက်ယာမှ အနည်းငယ် မျက်မှောင်ကြုတ်လျက် ပြောသည်။
“ချန်ကျိုစစ်မှာ ဇနီးရှိပြီးသား မဟုတ်ဘူးလား”
အားသာ့မှ ပြန်ပြောသည်။
“သူ့မှာ မျိုးရိုးနာမည်စူးနဲ့ ဇနီးတစ်ယောက်ရှိပါတယ်”
ကျောက်ယာမှ အနည်းငယ် စိတ်မသာမယာဖြင့် ပြောသည်။
“ဇနီးရှိရဲ့သားနဲ့ အပြင်မှာ အမျိုးသမီးတွေ လျှောက်ထားနေတယ်။ ချန်ကျိုစစ်က ယောက်ျားကောင်းမဟုတ်ဘူးပဲ”
အားစန်းမှ နားမလည်နိုင်စွာ ပြောသည်။
“ခရိုင်မင်းသမီး အမျိုးသားတွေမှာ ဇနီးတွေ အများကြီးနဲ့ ကြင်ယာတော်တွေထားတာ ပုံမှန်ပဲ မဟုတ်ဘူးလား”
“ပါးစပ်ပိတ်ထားစမ်း”
ဤအခြေအနေကိုမြင်သည်တွင် အားသာ့သည် အားစန်း၏တင်ပါးကို ကန်ပစ်လိုက်သည်။ အားစန်းမှ နာကျင်စွာသော မျက်နှာဖြင့် ပြောသည်။
“ဘာလို့ကန်တာလဲဗျ”
အားသာ့မှ ဒေါသဖြင့် ပြန်ပြောသည်။
“ငတုံးကောင် ခရိုင်မင်းသမီး ယောက်ျားကောင်းမဟုတ်ဘူးလို့ပြောရင် ယောက်ျားကောင်းမဟုတ်ဘူးပဲပေါ့”
အားစန်းသည် မတရားဟု ခံစားနေရသော်ငြား ဝန်ခံပြောဆိုသည်။
“ဟုတ်ကဲ့ပါ ကျွန်တော်မှားသွားပါတယ်”
ကျောက်ယာသည် ဘာမှမပြောပေ။ ထို့နောက် သူမ ခေါင်းခါလိုက်သည်။
ကျောက်ယာရေ နင်အသိအမှတ်ပြုတာက အရည်အချင်းကိုလေ လူကိုမှ မဟုတ်တာပဲ။
တော်ဝင်နန်းတော်ကို အကျိုးအမြတ်ယူပေးနိုင်တဲ့သူဖြစ်သူဖြစ်သ၍ သူ့ကို အသုံးပြုနိုင်တယ်။
ကျောက်ယာ တွေးလိုက်သည်။
ထိုစဉ် တိုက်ပွဲနေရာမှ ဝက်သတ်နေသကဲ့သို့ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
“ချန်ကျိုစစ် ငါမင်းကိုသတ်မယ်”
နန်ပါးထျန်းသည် လုံးဝ စိတ်လွတ်သွားလေပြီ။ သူသည် ရုတ်တရက်ကြီး ဆေးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ခုနက ပျောက်ကွယ်နေခဲ့သော ချီစွမ်းအင်များသည် ရုတ်ချည်း ဆူပွက်မြင့်တက်လာပေသည်။
ထို့နောက် ဒေါသတကြီးအော်ဟစ်လိုက်ကာ ချန်ကျဲ့ဆီသို့ တစ်ဟုန်ထိုး ချီတက်တော့သည်။
နန်ပါးထျန်းသည် ချန်ကျဲ့ကို အမှန်တကယ် သတ်ဖြတ်လိုခြင်းဖြစ်သည်။
“ချန်ကျိုစစ် ငါ မင်းရဲ့အရိုးတွေကိုပါ အမှုန့်ချေပစ်မယ်”
ရူးသွပ်သွားသည့် နန်ပါးထျန်းသည် သွေးရူးသွေးတန်း ပြောဆိုတိုက်ခိုက်သည်။ ထိုအခါ လျိုလောင်ကွေ့သည် ချန်ကျဲ့၏ပခုံးကို အသာပုတ်လျက် ဆိုသည်။
“ကျိုစစ် မင်းက အရမ်းရဲတင်းတာပဲ။ နန်ပါးထျန်းရဲ့မိန်းမကို ကြာခိုရဲတယ်။ စိတ်ကျေနပ်စရာပဲ”
လျိုလောင်ကွေ့သည် အားရပါးရ ရယ်မောကာ နန်ပါးထျန်း၏တိုက်ခိုက်မှုကို ကြားဖြတ်ခုခံပေးရန် ရှေ့တက်သွားလေသည်။
ထို့ပြင် အော်ပြောလိုက်သေး၏။
“တပ်မှူးချီမုကော ခင်ဗျား ဒီတိုင်းပဲ ရပ်ကြည့်နေတော့မှာလား”
ထိုအခါ ချီမုကောသည် စကားအပိုပြောမနေတော့ဘဲ နန်ပါးထျန်းကို ရုတ်ချည်း ဝင်တားသည်။ ချန်ကျဲ့လည်း ခြေကြွလိုက်ပြီး မြေပြင်ထက် ပြုတ်ကျနေသည့် ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။
ထိုမြင်ကွင်းတွင် နန်ပါးထျန်းသည် ဒေါသတကြီး အော်ဟစ်တော့သည်။
“ချထားစမ်း၊ ဝမ်အာရဲ့ကျောက်စိမ်းလက်စွပ်ကို ချထားလိုက်စမ်း”
ထိုအခါ ချန်ကျဲ့သည် နန်ပါးထျန်းကို ကြည့်လိုက်ပြီး ပြောသည်။
“ဒီကျောက်စိမ်းလက်စွပ်က ဝမ်အာ ကျုပ်ကို ပေးထားတာ။ ဝမ်အာက ပြောတယ်၊ သူ ခင်ဗျားကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူးတဲ့”
နန်ပါးထျန်းမှ ဒေါသတကြီး ပြန်ပြောသည်။
“မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။ ငါက သူ့ရဲ့ယောက်ျားပဲ။ ဒီဘဝမှာ သူက ငါ့အပိုင်ပဲ။ သေသွားလို့ တစ္ဆေဖြစ်သွားလည်း သူက ငါ့အပိုင်ပဲ။ ခွေးကောင် ချန်ကျိုစစ် ငါမင်းကိုသတ်ပစ်မယ်”
ချန်ကျဲ့ ခေါင်းခါရမ်းလိုက်သည်။
“နန်ပါးထျန်း ခင်ဗျားက ကျိုးကြောင်းမဆီလျော်နေတာပဲ။ ခင်ဗျားက ဝမ်အာကို ခင်ဗျားအတွက် မုဆိုးမဖြစ်စေချင်နေတဲ့အပြင် ဘယ်လိုလုပ်ပြီး သူ့ရဲ့သေခြင်းရှင်ခြင်းကိုပါ အပိုင်စီးချင်နေနိုင်ရတာလဲ”
“ကျုပ် ခင်ဗျားကိုပြောလိုက်မယ်။ အခု ဟွမ်ဝမ်အာက ကျုပ်ရဲ့မိန်းကလေးပဲ”
“ချန်ကျိုစစ် ငါမင်းကိုသတ်မယ်”
“လမ်းဖယ်စမ်း ခွေးကောင်တွေ”
နန်ပါးထျန်းသည် သွေးရူးသွေးတန်းဖြင့် သူ၏ရှေ့ရှိ လျိုလောင်ကွေ့နှင့် ချီမုကောကို တိုက်ခိုက်ပစ်သည်။ သို့ဖြင့် လျိုလောင်ကွေ့နှင့် ချီမုကောမှာ ဖိစီးမှုအား ပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။
သို့သော် သူတို့သည် တစ်လက်မလေးပင် နောက်မဆုတ်ဘဲ နန်ပါးထျန်း၏တိုက်ခိုက်မှုကို အင်အားကုန်သုံး၍ ခုခံနေကြသည်။
ဒေါသမွှန်ထူနေသည့် နန်ပါးထျန်းမှ စိန်ခေါ်သည်။
“ချန်ကျိုစစ် မင်းသတ္တိရှိရင် ငါနဲ့ တစ်ယောက်ချင်းတိုက်လေ။ ငါမင်းကိုသတ်မယ် ငါမင်းကိုသတ်မယ်”
ချန်ကျဲ့လည်း ကျောက်စိမ်းပုလင်းတစ်ခုကို ကောက်ယူလိုက်ပြီး ဖွင့်လိုက်သည်။ အထဲတွင် အင်အားပြန်ထိန်းပေးနိုင်သည့် အရည်အသွေးမြင့် ဆေးနှစ်လုံးရှိသည်။