← Chapters

အခန်း (၆၆၄)

Vol. 56 Ch. 664

အခန်း (၆၆၄)

Vol. 56 Ch. 664

အခန်း ၆၆၄

ချန်ကျဲ့ ဆေးလုံးကို အမြန်မျိုချလိုက်ပြီး ယန်ချွမ်ကျင့်စဉ်ဖြင့် ဆေးအာနိသင်ကို အမြန် ပျံ့နှံ့စေလိုက်သည်။ ခုနက ဖြူဖျော့နေသည့် ချန်ကျဲ့၏အသားအရောင်မှာ သွေးရောင်ပြန်သမ်းလာခဲ့ပြီး အတွင်းအားအများစုလည်း ပြန်ရလာလေပြီ။

ချန်ကျဲ့သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် လျိုလောင်ကွေ့၊ ချီမုကောတို့နှင့် တိုက်ခိုက်နေဆဲဖြစ်သည့် နန်ပါးထျန်းကို ကြည့်လိုက်သည်။

နန်ပါးထျန်းသည် ချန်ကျဲ့ကို တိုက်ခိုက်နိုင်ရန်အတွက် လျိုလောင်ကွေ့နှင့်ချီမုကော၏ ခုခံမှုကို ဖောက်ထွက်နိုင်ရန် အသည်းအသန် ကြိုးစားနေသော်ငြား လျိုလောင်ကွေ့နှင့် ချီမုကောတို့သည် နန်ပါးထျန်းအား ကြားဖြတ်ခုခံရန် အခိုင်အမာ ဆုံးဖြတ်ထားခဲ့သည်။

ထို့ပြင် လျှာထက်သည့် လျိုလောင်ကွေ့သည် အဆက်မပြတ် ‌သရော်လှောင်ပြောင်နေ၏။

“ဟားဟားဟား နန်ပါးထျန်း မင်းကတော့ ငါ့ကို ရယ်သေအောင်လုပ်နေတာပဲ။ မင်းက ကုန်းကုန်းဖြစ်နေရုံတင်မကဘဲ ကြာခိုလည်း ခံရသေးတာပဲ။ အဟားဟားဟား ငါတော့ ရယ်သေပြီ။ မင်းရဲ့ခေါင်းစိမ်းနေတာကို မင်းသတိမထားမိဘူးလား”

“ဒီအကြောင်းသာ ပျံ့နှံ့သွားရင် နန်ပါးထျန်း မင်းကတော့ မျန့်ရွှေရဲ့နံပါတ်တစ် ဟာသကြီးနဲ့ ခေါင်းစိမ်းကြီးဖြစ်တော့မှာပဲ။ မင်းက တကယ့်ဟာသကောင်ပဲ ဟားဟားဟား ဟားဟားဟား…”

လျိုလောင်ကွေ့၏ ပိုကဲလွန်းသည့်ရယ်သံသည် နန်ပါးထျန်းကို ပို၍ ဒေါသထွက်စေသည်။ နန်ပါးထျန်းသည် ဤဆူညံလွန်းသည့် သေနာကောင်အား ကောင်းကင်ဘုံမှ ဗုဒ္ဓဘုရားသခင်ဆင်းသက်လာပြီး သေအောင်ရိုက်သတ်ပေးပါရန် မျှော်လင့်မိလေသည်။

လျိုလောင်ကွေ့သည် သူ၏ လျှာစောင်းထက်ထက်ဖြင့် နန်ပါးထျန်း၏အနာကို ဆားပွတ်ပေးနေသည်မှာ ရံဖန်ရံခါ တိုက်ခိုက်မှုရပ်သွားစေသည်အထိပင်။ သို့တိုင် နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို အချိန်တိုအတွင်း အနိုင်မယူနိုင်ရကား ဘာမှမတတ်သာဘဲ ဒေါသထွက်နေရုံသာ တတ်နိုင်လေသည်။

ချန်ကျဲ့သည် အသက်ရှူနှုန်းကို ထိန်းညှိရန်အတွက် အချိန်ခဏယူလိုက်ပြီးနောက် သူ့ကိုယ်သူ အဆင်သင့်ဖြစ်လုပြီဟု ခံစားရသည်နှင့် အော်ပြောလိုက်သည်။

“အစ်ကိုလျို ခဏနားလိုက်တော့။ ကျွန်တော်အလှည့်ယူမယ်”

ဂါးး…

ချန်ကျဲ့သည် လျိုလောင်ကွေ့ကို နောက်ဆုတ်စေပြီး နဂါးနိုင်လက်ဝါးသိုင်းဖြင့် တိုက်ပွဲထဲ ပြန်ဝင်သည်။ လျိုလောင်ကွေ့သည်လည်း နောက်ဆုတ်ပြီးနောက် ဆေးသောက်ပြီး အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။

တိုက်ပွဲထဲသို့ ချန်ကျဲ့ဝင်လာသောအခါ နန်ပါးထျန်းသည် လုံးဝ ဒေါသပေါက်ကွဲကာ ချန်ကျဲ့အား အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်တော့သည်။

သို့သော်ငြား ချန်ကျဲ့သည် နဂါးနိုင်လက်ဝါးသိုင်းနှင့် ချီမုကော၏အကူအညီကြောင့် စိုးစဉ်းမျှ မဖြုံဘဲ နန်ပါးထျန်းကို အပြင်းအထန် ပြန်တိုက်ခိုက်သည်။

သိုင်းကွက်၄၀-၅၀ခန့် ဖလှယ်ပြီးနောက်တွင် အသက်ရှူနှုန်းထိန်းညှိကာ ပြန်အားဖြည့်ပြီးသွားသည့် လျိုလောင်ကွေ့မှ ချီမုကောကို အော်ပြောသည်။

“တပ်မှူးချီမုကော ကျုပ်နဲ့လူလဲမယ်။ ခဏနားလိုက်”

ချီမုကောမှ ပြန်ပြောသည်။

“ကောင်းပြီ”

ထို့နောက် လျိုလောင်ကွေ့သည် မီးလျံသိုင်းဖြင့် တိုက်ပွဲထဲ ပြန်ဝင်ကာ ချန်ကျဲ့နှင့်အတူ နန်ပါးထျန်းကို တိုက်ခိုက်သည်။

“ဟားဟား ကျိုစစ် လုပ်ထားကွ။ ဒီနေ့ ပင်ပန်းပြီးအားကုန်ခမ်းရရင်တောင်မှ ငါတို့ ဒီခေါင်းစိမ်းလိပ်ကို သေအောင်သတ်ရမယ်”

ခေါင်းစိမ်းလိပ်တဲ့လား။

လျိုလောင်ကွေ့သည် သရော်လှောင်ပြောင်၍ စော်ကားပြောဆိုခြင်းအရာတွင် အလွန်တော်ကြောင်း ချန်ကျဲ့ ဝန်ခံရပေမည်။ သူ၏စကားလုံးများသည် နန်ပါးထျန်း၏ခုခံမှုကို ထိုးဖောက်နိုင်၏။ ထိုအခိုက်အတန့်၌ နန်ပါးထျန်းသည် မိမိမှာ အပြင်းအထန်တိုက်ခိုက်နေသော်ငြား ချန်ကျိုစစ်နှင့် လျို‌လောင်ကွေ့သည် သူ့အား ဝန်းရံထားကြောင်းကို ကြောက်မက်ဖွယ် နားလည်လိုက်ရပေသည်။

တစ်ယောက်နှစ်ယောက်တိုက်ပွဲတွင် မည်သူမျှ အနိုင်မရနိုင်သော်ငြား သူတို့၏လူလဲတိုက်ခိုက်သည့် နည်းဗျူဟာဖြင့် နန်ပါးထျန်း၏ချီစွမ်းအင်များကို ကုန်ခမ်းစေခဲ့ပေသည်။

သူတို့သည် သိုင်းကွက်၄၀-၅၀ခန့်အပြီးတွင် လူလဲနိုင်သော်ငြား နန်ပါးထျန်းသည်တော့ အသက်ရှူရန်အချိန် လုံးဝ မရှိပေ။ ဤသို့ဆက်သွားနေပါက နန်ပါးထျန်း ရှုံးနိမ့်သွားမည်မှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။

နန်ပါးထျန်း၏နဖူးမှာ ချွေးများစီးကျနေလေပြီ။

မကြာမီ၌ ချီမုကောသည် ဝင်တိုက်ရန် အသင့်ဖြစ်သွားပြီး ချန်ကျိုစစ်ကို အော်ပြောသည်။

“ကျိုစစ် လူလဲမယ်”

ချီမုကောမှ သိုင်းကွက်ထုတ်ရင်း ဝင်လာသည်တွင် ချန်ကျဲ့ နောက်ဆုတ်လိုက်သည်။

အင်အားကြီးမားလှသော ဓားချီစွမ်းအင်သည် နန်ပါးထျန်းကို ဦးတည်တိုက်ခိုက်သည်။

ထိုအခါ နန်ပါးထျန်းသည် ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

မဖြစ်ဘူး။ ဒီလိုသာ ဆက်သွားနေရင် နောက်နစ်ကြိမ်၊သုံးကြိမ်လောက် သူတို့လူလဲတာ တစ်ပတ်လည်သွားပြီးရင် ငါ ဆက်ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။ ငါ့ရဲ့နောက်ဆုံးအင်အားကို အသုံးချပြီးတော့ သူတို့ကို ထိုးဖောက်ထွက်ရမယ်။ မထွက်နိုင်ရင် ငါသေသွားလိမ့်မယ်။

သို့သော်ငြား လက်ရည်တူသိုင်းပညာရှင်သုံးယောက်မှ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေသည်ဖြစ်ရာ ထိုးဖောက်ထွက်ရန်မှာ အလွန်ခက်ခဲသည်။ လက်ရှိအခြေအနေမှာ သူအစွမ်းကုန်ကြိုးစားထားပြီးဖြစ်သည်။

နန်ပါးထျန်းသည် အံတင်းတင်းကြိတ်လျက် မျက်လုံးအစုံမှာလည်း အလျင်လိုနေကြောင်း ထင်ရှားနေသည်။

သူအခု ထွက်ပြေးလိုပါက ဝန်းရံထားသည့် ဒူးလေးသမားများအပြင် သူ၏ရှေ့ရှိ သုံးယောက်အုပ်စုကိုလည်း ဖြေရှင်းရဦးမည်။ သို့ဖြစ်ရာ ဤအခြေအနေမှ လွတ်မြောက်လိုပါက အထူးနည်းလမ်းကို သုံးရပေလိမ့်မည်။

သူ ဓားစာခံရှာရမည်။

နန်ပါးထျန်း၏အကြည့်များ ယဲ့လုဖုန်းထံ ကျရောက်သွား၏။

အကယ်၍ ယဲ့လုဖုန်းကို ဓားစာခံဖမ်းနိုင်ပါက ယဲ့လုဖုန်း၏အသက်ကို အသုံးချ၍ သူ့အတွက် လွတ်လမ်းတစ်ခု ရယူနိုင်လိမ့်မည်။

ယဲ့လုဖုန်းအတွက်ကတော့…

မြင်းစီးစစ်သည်များ၏ ကာကွယ်မှုအလယ်တွင် မြင်းပေါ်ထိုင်နေသည့် ယဲ့လုဖုန်းကို နန်ပါးထျန်း ကြည့်လိုက်သည်။ ယဲ့လုဖုန်း၏သိုင်းပညာကို သူမသိပေ။ သို့သော် ယဲ့လုဖုန်းမှာ အထူးတလည် အင်အားကြီးမားလိမ့်မည်ဟုလည်း သူမထင်ပေ။

ခြုံငုံလိုက်သော် ယဲ့လုဖုန်းတိုက်ခိုက်သည်ကို သူတို့ တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိသည် မဟုတ်ပါလော။

ယဲ့လုဖုန်းသည် စွမ်းအင်ပြောင်းလဲခြင်းကနဦးအဆင့်ခန့်တွင်သာ ရှိလိမ့်ဦးမည်ဟု နန်ပါးထျန်း တွေးထားသည်။

သူသာ အားကုန်စိုက်ထုတ်ပါက ယဲ့လုဖုန်းကို အမြန်နှုန်းဖြင့် ဖမ်းနိုင်လိမ့်မည်။

ထိုသို့အတွေးဖြင့် ယဲ့လုဖုန်းသည် အံကြိတ်လျက် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည် အနာခံမှ အသာစံရမယ်။ ငါ မစွန့်စားရင် ဝံပုလွေကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ။ ငါ့ဇနီးကို မရင်းနှီးရင် ငါမ… သေစမ်း ငါဘာလို့ အဲဒါကို စဉ်းစားမိသွားရတာလဲ။

အရင်ဆုံး ယဲ့လုဖုန်းကို ဖမ်းရမယ်။ အဲဒါဆို အရာအားလုံး သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်။

ထိုသို့အတွေးဖြင့် နန်ပါးထျန်းသည် အင်အားဆတိုးခြင်းကို ထပ်မံ အသုံးပြုလိုက်ကာ လျိုလောင်ကွေ့အား လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်၍ နောက်ဆုတ်သွားစေလိုက်သည်။ ထို့နောက် ချီမုကောကိုလည်း လှည့်တိုက်ခိုက်လိုက်သည်။ ချီမုကော ရှောင်တိမ်းလိုက်ရာ နန်ပါးထျန်းအတွက် လမ်းပွင့်သွားသည်။ ထိုအခွင့်အရေးကို အသုံးချ၍ နန်ပါးထျန်းသည် အထက်သို့ ခုန်လိုက်ပြီး ယဲ့လုဖုန်းထံ လက်လှမ်းလိုက်သည်။

“ယဲ့လုဖုန်း သေလိုက်တော့”

ထိုမြင်ကွင်းကို မြင်သောအခါ ချီမုကော ထိတ်လန့်တုန်လှုပ်စွာ အော်လိုက်သည်။

“နန်ပါးထျန်း မင်းလုပ်ရဲလား”

ချီမုကောသည် သူ၏အဖျားကောက်ဓားထိပ်ဖျားကို နန်ပါးထျန်းသို့ ဦးတည်လိုက်သည်။ နန်ပါးထျန်းသည် သူ့နောက်ရှိ ချီမုကောကို ဂရုမစိုက်ပေ။ ယဲ့လုဖုန်းကို ဖမ်းဆီးရန်အတွက်သာ အရာအားလုံး ပုံအောထားခဲ့သည်။ ယဲ့လုဖုန်းကို ဖမ်းနိုင်ပါက အသက်ရှင်နိုင်လိမ့်မည်။ ချီမုကောကို ဂရုစိုက်နေရန် မလိုအပ်ပေ။

တိုက်ကွက်တစ်ချက်မျှ ထိသွားလျှင်သော်မှ ကိစ္စမရှိပေ။

ထိုအချိန်၌ ယဲ့လုဖုန်း၏သက်တော်စောင့်စစ်သည်များသည်လည်း ထိတ်လန့်တကြား အော်ဟစ်သတိပေးလျက် ယဲ့လုဖုန်းရှေ့မှ ကာလိုက်ကြသည်။

“အမြန် သခင်ကြီးယဲ့လုကို ကာကွယ်ကြ”

ယဲ့လုဖုန်းသည် သူ့ထံ ဦးတည်လာနေသည့် နန်ပါးထျန်းကို ကြည့်နေသည်။ သူ၏မျက်မှောင်ကြုတ်ထားပုံမှာ ကြောက်ရွံ့နေသည့်အလား ထင်မှတ်ရ၏။

နန်ပါးထျန်းသည် ယဲ့လုဖုန်းထံ အသည်းအသန်သာ ဆက်လက်ဦးတည်သည်။

ယဲ့လုဖုန်းကို ဖမ်းနိုင်ပါက သူလွတ်မြောက်နိုင်လိမ့်မည်။ ထိုသို့အတွေးဖြင့် နန်ပါးထျန်း၏မျက်လုံးအစုံတွင် မျှော်လင့်ချက်မီးလျံများ တောက်လောင်နေခဲ့သည်။

နန်ပါးထျန်းသည် လက်ကို လှည့်ဝိုက်၍ လမ်းပိတ်နေသည့် မုလန်လူမျိုးသက်တော်စောင့်စစ်သည်များကို လွင့်ပျံထွက်သွားအောင် တိုက်ခိုက်လိုက်သည်။ ယခုတွင် သူနှင့် ယဲ့လုဖုန်းမှာ ခြေနှစ်လှမ်းစာမျှသာ ကွာဝေးတော့သည်။

ထို့နောက် လက်ကိုဆန့်ထုတ်လိုက်သည်။ ထိုအချိန်၌ ချီမုကောသည်လည်း နောက်မှ အမှီလိုက်လာပြီး နန်ပါးထျန်းကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ နန်ပါးထျန်းသည် အလုပ်ရှုပ်ခံပြီး မရှောင်တိမ်းနေတော့ပေ။ ချီစွမ်းအင်ဖြင့်သာ သူ၏နောက်ကျောကို ကာကွယ်လိုက်သည်။

ပြတ်ရှသံတစ်ခုနှင့်အတူ ချီမုကော၏ဓားသွားသည် နန်ပါးထျန်း၏ကျောကို ခုတ်ပိုင်းပစ်လိုက်သည်။ ဒဏ်ရာမှ သွေးများ ရုတ်ချည်း စီးကျလာသည်။ နန်ပါးထျန်း၏မျက်နှာမှာ နာကျင်မှုကြောင့် တွန့်ရှုံ့သွား၏။ သို့တိုင် ယဲ့လုဖုန်းထံ အသည်းအသန် လက်လှမ်းနေဆဲပင်။

“သခင်ကြီး အပြစ်ပြုမိပါပြီ”

နန်ပါးထျန်းပြောလိုက်ပြီးနောက် ပစ်မှတ်ဖြစ်သည့် ယဲ့လုဖုန်းကို လှမ်းဖြင့် ဖမ်းဆွဲလိုက်သည်။ ဒဏ်ရာရနေသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူ ဒီအခွင့်အရေးကို အရဖမ်းဆုပ်ရမည်။ လက်လွှတ်သွား၍ မဖြစ်ချေ။

သို့ဖြင့် နန်ပါးထျန်း၏လက်များမှာ ယဲ့လုဖုန်းနှင့် ပို၍ နီးကပ်သွားသည်။

သူ၏လက်များ ယဲ့လုဖုန်းကို ဖမ်းဆုပ်မိလုနီးတွင် ယဲ့လုဖုန်း၏မျက်လုံးအိမ်မှာ ရုတ်တရက်ပြူးကျယ်လာခဲ့ကာ ကြောက်ခမန်းလိလိသော ချီစွမ်းအင်သည် သူ့အား လွှမ်းခြုံသွားခဲ့သည်။

ထို့နောက် ယဲ့လုဖုန်းသည် နန်ပါးထျန်းကို စိုက်ကြည့်လျက် လက်ဝါးသိုင်းကွက်တစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

ယဲ့လုဖုန်း၏လက်ဖဝါးသည် နန်ပါးထျန်း၏ခန္ဓာကိုယ်နှင့် ထိတွေ့သွားခြင်း မရှိပေ။ လက်ဖဝါးသဏ္ဍာန် ဖွဲ့စည်းဖြစ်တည်သွားသည့် ချီစွမ်းအင်လှိုင်းတစ်ခုသာလျှင် ထိခတ်သံအကျယ်ကြီးနှင့်အတူ နန်ပါးထျန်းကို လွင့်ထွက်သွားစေခဲ့သည်။

“အားးး”

နန်ပါးထျန်း သွေးတစ်ပွက်အန်ထွက်သွားရပြီး မျက်နှာမှာ အံ့ဩထိတ်လန့်နေခဲ့သည်။

“သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပဲ။ မင်းက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပဲ”

All Chapters