အခန်း (၆၆၅)
Vol. 56 Ch. 665
အခန်း ၆၆၅
အဟွတ်..
နန်ပါးထျန်း သွေးတစ်ပွက်အန်ထုတ်လိုက်ရကာ ကြိုးပြတ်သွားသည့် စွန်တစ်စင်းအလား နောက်သို့ လွင့်ထွက်သွားခဲ့သည်။
သူ၏မျက်လုံးများမှာ အံ့ဩထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူ၏ချီစွမ်းအင်မှာလည်း အပြင်သို့ စိမ့်ထွက်နေ၏။
ဟုတ်တယ်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပဲ။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရှိသူတွေပဲ ချီစွမ်းအင်ကို ဒီလိုထုတ်လွှတ်နိုင်တာ။ ယဲ့လုဖုန်းက တကယ်တမ်းကျ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဖြစ်နေတာပဲ။
ထိုအခိုက်အတန့်၌ နန်ပါးထျန်း မင်သက်သွားခဲ့သည်။
ထို့အတူ လျိုလောင်ကွေ့၊ ချန်ကျိုစစ်နှင့် အခြားသူများသည်လည်း လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်ရသည်။
ယဲ့လုဖုန်းသည် သူ၏အင်အားကို ဖုံးကွယ်ထားခဲ့ပြီး သူ၏အင်အားအစစ်အမှန်မှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဖြစ်သည်။ နန်ပါးထျန်း၏ဖိအားပေးမှုကြောင့် မဟုတ်ခဲ့လျှင် သူတို့အားလုံး လုံးဝ သိနိုင်ခဲ့မည် မဟုတ်ပေ။
ထိုအကြောင်းအရာကို တွေးမိသည်တွင် ချန်ကျဲ့ စိတ်ထဲတွင် စိုးရိမ်ပူပန်သွားခဲ့သည်။ ယဲ့လုဖုန်းသည် လူအားလုံး၏အကြည့်များကို သတိထားမိ၍ အားလုံးထံ အကြည့်တစ်ချက် ပို့လွှတ်လာ၏။ သူ့ကိုယ်မှာ မျန့်ရွှေ၏ဘုရင်ဟူသည့် အရှိန်အဝါများ လျှံကျနေပေသည်။
နန်ပါးထျန်းသည် ဘုရင်မှ အရာအားလုံးကို နောက်ကွယ်မှ ထိန်းချုပ်နေစဉ် ရှေ့တွင် နေရာချထားခံရသည့် ပစ်မှတ်တစ်ခုမျှသာ ဖြစ်သည်။
ယဲ့လုဖုန်းသည် လူအုပ်ကို ဝေ့ဝဲကြည့်ပြီးနောက် ချန်ကျဲ့ထံ အကြည့်ရောက်ချိန်တွင် နှစ်စက္ကန့်ခန့် အထူးတလည် ရပ်တန့်လိုက်သည်။
ထိုအကြည့်မှာ ခြိမ်းခြောက်သည့်အပြုအမူဖြစ်သည်။ ယဲ့လုဖုန်းသည် ချန်ကျဲ့အား နန်ပါးထျန်းကို ရှင်းထုတ်လိုက်ရုံမျှနှင့် မိမိကိုယ်ကိုယ် မျန့်ရွှေ၏ဘုရင်အဖြစ် အထင်မရောက်နှင့်ဟု ပြောနေခြင်းဖြစ်သည်။ တကယ်တမ်းတွင် ချန်ကျဲ့သည်လည်း သူ၏လက်ထဲရှိ ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်ကြောင်း ပြောနေခြင်းဖြစ်သည်။
ချန်ကျိုစစ် မင်း ဒါကိုနားလည်နိုင်လောက်အောင် ဥာဏ်ကောင်းမယ်ထင်ပါတယ်။
ချန်ကျဲ့လည်း ယဲ့လုဖုန်းကို ကြည့်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားပြီးနောက် ချန်ကျဲ့သည် အနည်းငယ်မျှ မျက်လွှာချပေးလိုက်ကာ သူ၏ရိုကျိုးမှုကို ပြသသည်။
ချန်ကျဲ့၏ မြန်ဆန်သည့်နားလည်မှုနှုန်းကို မြင်သောအခါ ယဲ့လုဖုန်းသည်လည်း အကြည့်လွှဲလိုက်သည်။ ချန်ကျိုစစ်သည် မိမိ၏အဆင့်အတန်းကို သိရှိပြီး မည်သည့်အချိန်တွင် ရှေ့တိုး၍ မည်သည့်အချိန်တွင် နောက်ဆုတ်သင့်သည်အား နားလည်သဘောပေါက်ရာ သူ့အနေဖြင့်လည်း ထပ်မံ၍ ခြိမ်းခြောက်နေရန် မလိုအပ်ပေ။
ယဲ့လုဖုန်း၏ ထိုခြိမ်းခြောက်မှုသည် ချန်ကျဲ့အား သိတတ်နားလည်စွာ ပြုမူစေချင်ရုံသာမက သူ၏စိတ်မကျေနပ်မှုကို ဖော်ပြခြင်းလည်း ဖြစ်သည်။
“နဂါးနိုင်လက်ဝါးသိုင်းအကြောင်းကို မင်း ငါ့ကို ဖုံးကွယ်ထားခဲ့တယ်။ ငါမကျေနပ်ဘူး။ ပြီးတော့ အဲဒီအတွက် နောက်ဆက်တွဲအကျိုးဆက်ကလည်း ပြင်းထန်လိမ့်မယ်။ မင်းနောက်ကို အရမ်းမဆင်မခြင်မလုပ်ဖို့ မျှော်လင့်ပါတယ်”
ချန်ကျဲ့ ယဲ့လုဖုန်း၏အဓိပ္ပာယ်ကို နားလည်သည်။ ထို့ကြောင့် ရိုကျိုးကာ တောင်းပန်သည့်အနေဖြင့် ဦးညွှတ်ပြလိုက်သည်။
သူတို့နှစ်ဦးသည် အကြမ်းဖျင်းမျှ အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့၏ကိုယ်ပိုင်အတွေးများကို ဖလှယ်လိုက်ကြသည်။ ဥာဏ်ထက်မြက်သူများသည် မကြာခဏ ထိုသို့စကားပြောဆိုတတ်ကြ၏။ အကြည့်တစ်ချက်ဖြင့် တစ်ဖက်လူမှ ဘာလိုချင်သည်၊ ဘာတွေးနေသည်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ကြသည်။
သူတို့၏အကြည့်ချင်းဖလှယ်မှုမှာ ပြီးပြည့်စုံသွားလေပြီ။
ထိုအချိန်၌ နန်ပါးထျန်းသည် မြေပြင်ပေါ် ပြုတ်ကျနေပြီဖြစ်၏။ သူသည် ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ထားလျက် နံရိုးများ ကျိုးကြေတော့မည့်အလား လှိုက်တက်နေသည့် နာကျင်မှုကို ခံစားနေရသည်။
နန်ပါးထျန်းသည် အင်္ကျီရင်ဘတ်ကို ဆွဲဖွင့်လိုက်ရာ ရင်ဘတ်တွင် မည်းနက်နေသည့် လက်ဖဝါးရာလက်ရာကြီးကို မြင်တွေ့လိုက်ရသည်။
နောက်ကျောတွင်လည်း သွေးနီများ စီးကျနေသည့် ဓားဒဏ်ရာရှိနေသည်။ ဤသို့ ဒဏ်ရာရှိသွေးများကို ဆက်လက်စီးကျနေစေ၍ မဖြစ်ကြောင်း နန်ပါးထျန်း သိသည်။ ဒီတိုင်းထားလိုက်ပါက သူသွေးထွက်လွန်ပြီး သေသွားလိမ့်မည်။
နန်ပါးထျန်းသည် လက်နှစ်ဖက်ပူးကပ်၍ ဆုပ်ကိုင်လိုက်သည်။ နောက်တဒင်္ဂ၌ ရေခဲချီစွမ်းအင်များ သူ၏နောက်ကျောမှ ထွက်လာကာ ဒဏ်ရာကို ရုတ်ချည်း အေးခဲသွားစေရာ သွေးခဲများဖြစ်တည်၍ သွေးထွက်ရပ်သွားစေခဲ့သည်။
ထိုမြင်ကွင်းတွင် ချန်ကျဲ့ မျက်ခုံးတစ်ဖက်ပင့်မိလိုက်သည်။
ရေခဲစိတ်စွမ်းအင်သိုင်းက ဒီလိုလည်း သုံးလို့ရသေးတာလား။ သင်ခန်းစာတစ်ခု ထပ်ရသွားပြီ။
အရေးပေါ်ကုသမှုတဲ့။
နန်ပါးထျန်း၏ ရေခဲစိတ်စွမ်းအင်သိုင်းကို ကျွမ်းကျင်မှုမှာ အပြစ်အနာအဆာမရှိလောက်အောင် ကျွမ်းကျင်ခြင်းဖြစ်သည်ဟု ခံစားမိသဖြင့် ချန်ကျဲ့ ခေါင်းညိတ်အသိအမှတ်ပြုမိရသည်။
မျန့်ရွှေကို နှစ်၂၀ကျော်စိုးမိုးလာတဲ့ ကုန်သည်အဖွဲ့ခေါင်းဆောင်ကြီးလို့ မပြောရဘူး။ တကယ်ထိုက်တန်ပါပေတယ်။
ဒီနေ့မှာ သူသေရတော့မှာတော့ နှမြောစရာပဲ။
ချန်ကျဲ့တွေးနေစဉ် ယဲ့လုဖုန်းမှ လက်ဝှေ့ယမ်းလျက် ပြောသည်။
“သူ့ကိုဖမ်းလိုက်”
ထိုအခါ စိတ်အားထက်သန်နေသည့် လက်အောက်ငယ်သားများသည် နန်ပါးထျန်းမှာ ဒဏ်ရာအပြင်းအထန်ရထားပြီး ခုခံနိုင်စွမ်းမရှိတော့ဟု ယုံကြည်လျက် နန်ပါးထျန်းဆီသို့ ချီတက်သွားကြသည်။
သို့သော် သူတို့သည် တုံးအနေသူများ မဟုတ်ကြရာ နန်ပါးထျန်းကဲ့သို့ ရက်စက်ကြမ်းကြုတ်သူအနီးသို့ အရမ်းကပ်မသွားရဲကြပေ။
သို့ဖြစ်ရာ ထိုလူများသည် သူခိုးဖမ်းပိုက်ကွန်များကိုသာ ပစ်လွှတ်လိုက်ကြသည်။ တချို့သည်တော့ ဓားများကိုင်စွဲလျက် ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။
ပစ်လွှတ်လိုက်သည့် ပိုက်ကွန်တစ်ခုသည် နန်ပါးထျန်းကို လျင်မြန်စွာ ဖုံးအုပ်သွား၏။
ပိုက်ကွန်ကို တောင့်တင်းခိုင်မာသည့် ကြိုးများဖြင့် ပြုလုပ်ထားပြီး လက်မတစ်လုံးစာခန့် အထူရှိသည်။ ပိုက်ကွန်တွင် မိသွားပါက သာမန်သူခိုးများသည် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
နန်ပါးထျန်း အဖမ်းခံလိုက်ရသည်ကို မြင်သောအခါ လက်အောက်ငယ်သားတစ်ဦးမှ အော်ပြောသည်။
“ဟားဟားဟား ချီတက်ကြ။ နန်ပါးထျန်းကို အသက်ရှင်လျက် ဖမ်းကြ။ ဂုဏ်သရေနဲ့စည်းစိမ်တွေက ငါတို့ရှေ့မှာပဲ။
ထိုအော်သံနှင့်အတူ လူတစ်အုပ်သည် နန်ပါးထျန်းထံ ချီတက်ကြသည်။ အများစုမှာ ချင်းယင်၏လင်းယုန်ခန်းမအဖွဲ့သားများ ဖြစ်ကြပြီး အချို့မှာ လျိုလောင်ကွေ့၏ ချောင်ကုန်သည်အဖွဲ့သားများဖြစ်ကြသည်။ သို့သော် ချန်ကျဲ့၏ကျားဖြူခန်းမအဖွဲ့သားများသည်တော့ မလှုပ်ရှားပေ။
ချီတက်လာသည့်အဖွဲ့သားများကို မြင်သောအခါ နန်ပါးထျန်း၏မျက်နှာမှာ မည်းမှောင်သွား၏။ နောက်တဒင်္ဂတွင် သူ့အနီးသို့ ဝန်းရံလာသည့် အဖွဲ့သားများအားလုံး လွင့်ထွက်ကုန်ကြသည်။ ဘုန်းခနဲအသံကြီးမှာ လေဟာနယ်အတွင်း ပဲ့တင်ထပ်သွား၏။ ပိုက်ကွန်မှာလည်း စုတ်ပြဲသွားခဲ့သည်။
ဟမ်..
နန်ပါးထျန်း၏ထိုလှုပ်ရှားမှုသည် အားလုံးကို မျက်လုံးပြူးသွားစေခဲ့သည်။ နန်ပါးထျန်း၏ဘေးပတ်လည်၌ ချီစွမ်းအင်များ ထွက်နေသည်ကို မြင်တွေ့နိုင်ပေသည်။
သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရဲ့လက္ခဏာပဲ။
ထိုမြင်ကွင်းကြောင့် အားလုံး မင်သက်သွားကြသည်။ တိုက်ပွဲအတွင်း၌ နန်ပါးထျန်းသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းလုနီးနီး ဖြစ်သွားလေသည်။
နန်ပါးထျန်းသည် နှစ်၂၀တိုင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်တွင် ပိတ်မိနေခဲ့ပြီး သင့်တော်သည့်အခွင့်အရေးကို ဆက်တိုက် လွဲချော်နေခဲ့သည်။ သို့သော် မမျှော်လင့်စွာဖြင့် ဤအခိုက်အတန့်၌ အဆင့်တက်လှမ်းမည့်လက္ခဏာများ ပေါ်ထွက်လာခဲ့ပေသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်တွင် အိမ်ခေါင်မိုးပေါ်မှ စောင့်ကြည့်နေသည့် ကျောက်ယာသည်လည်း ပို၍ အာရုံစိုက်သွားခဲ့သည်။
“တိုက်ပွဲထဲမှာ အဆင့်တက်လှမ်းသွားတယ်ပေါ့လေ။ ဒီနန်ပါးထျန်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ”
အားသာ့မှ မှတ်ချက်ပြုသည်။
“နန်ပါးထျန်းရဲ့ပါရမီက မသေးလှဘူးပဲ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်မှာ ဒီလောက်နှစ်တွေအကြာကြီး တန့်နေခဲ့မှတော့ အဆင့်တက်လှမ်းသွားတာက အံ့ဩစရာမရှိပါဘူး။ ဒါပေမဲ့ ဒီလိုသေရေးရှင်ရေးအခြေအနေမှာ အဆင့်တက်လှမ်းသွားတာတော့ တကယ်အံ့ဩဖို့ကောင်းတယ်”
အားအာ့မှလည်း မှတ်ချက်ပြုသည်။
“နှမြောစရာပဲ။ နည်းနည်း နောက်ကျလွန်းသွားတယ်။ အခုအချိန်မှာ အဆင့်တက်လှမ်းသွားရင်တောင်မှ ဒီလိုဒဏ်ရာအပြင်းအထန်ရထားပုံနဲ့ဆို အထူးသဖြင့် ယဲ့လုဖုန်းရဲ့ ကောင်းကင်ဖြိုခွင်းလက်ဝါးသိုင်းထိထားဆိုတော့ သူ့ရဲ့အသက်သွေးကြောမှတ်တွေ ပျက်စီးသွားလောက်ပြီ။ သူ အင်အားဘယ်လောက်မှ သုံးနိုင်မှာ မဟုတ်ဘူး”
“ပြီးတော့လည်း ဆေးလုံးရဲ့အကူအညီမပါဘဲ သူ့ဘာသူ အဆင့်တက်လှမ်းသွားတာဖြစ်တဲ့အတွက် တိုက်ခိုက်ချေမှုန်းစွမ်းရည်အပြည့်ရဖို့ ထိန်းညှိဖို့အချိန်လိုဦးမယ်”
ထိုအခါ အားစန်းမှ ထပ်ပြောသည်။
“အင်း ဒဏ်ရာတွေမရှိရင် သူ့အင်အားက ခုနကထက်စာရင် သုံးဆယ်ရာခိုင်နှုန်း တိုးတက်လာခဲ့မှာ။ ဒါပေမဲ့ သူက အခု ဒဏ်ရာအပြင်းအထန်ရထားတာဆိုတော့ သူ့အင်အားက အရင်ထက် အများကြီးနည်းနေတယ်။ အဲဒါကြောင့် ဒီအဆင့်တက်လှမ်းတာက အဓိပ္ပာယ်မရှိသလို ဘာမှလည်း အသုံးမဝင်ဘူး”