အခန်း (၆၆၆)
Vol. 56 Ch. 666
အခန်း 666
ထိုစကားကို အားလုံး ခေါင်းညိတ်ထောက်ခံလိုက်သည်။
ထိုစဉ် တိုက်ပွဲ၌ ချန်ကျဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်နေ၏။
တိုက်ခိုက်နေရင်း အဆင့်တက်လှမ်းသွားတာတဲ့လား။ ဒီလိုအစွမ်းအစမျိုးက အဓိကဇာတ်ကောင်တွေပဲ ပိုင်ဆိုင်တတ်တဲ့ အဓိကဇာတ်ကောင်ရဲ့ရောင်ခြည်စက်ဝန်း မဟုတ်ဘူးလား။
မဟုတ်မှလွဲရော နန်ပါးထျန်းက အဓိကဇာတ်ကောင်ဖြစ်နေပြီး ငါက အဓိကဇာတ်ကောင်ရဲ့ ရန်ဘက်ဗီလိန်ဇာတ်ကောင်များလား။
ချန်ကျဲ့ ဝတ္ထုဇာတ်လမ်းများအကြောင်း ပြန်တွေးကြည့်မိသည်။ ဝတ္ထုဇာတ်လမ်းများတွင် ရန်ဘက်နှင့် စွမ်းရည်အားနည်းသည့် အဓိကဇာတ်ကောင်တို့ စတင်တိုက်ခိုက်ကြလိမ့်မည်။ တိုက်ခိုက်မှုပြင်းထန်လာပြီး အဓိကဇာတ်ကောင် သေရေးရှင်ရေးအခြေအနေသို့ ကျရောက်သည့်အချိန်ရောက်လျှင် အဓိကဇာတ်ကောင်၏ရောင်ခြည်စက်ဝန်း အသက်ဝင်လာကာ အဓိကဇာတ်ကောင်၏ကျင့်ကြံဆင့်ကို တိုက်ရိုက်မြှင့်တင်ပေးပြီး ရန်ဘက်ဇာတ်ကောင်အား အနိုင်တိုက်နိုင်စေသည်။
ယခုလည်း နန်ပါးထျန်းသည် တိုက်ခိုက်နေရင်း အဆင့်တက်လှမ်းသွားခဲ့လေရာ ဤသည်မှာ အဓိကဇာတ်ကောင်၏ရောင်ခြည်စက်ဝန်းကို စံစားနေရခြင်း ဖြစ်ပေသည်။
သို့သော် မည်သို့တွက်ချက်ပါစေ အဓိကဇာတ်ကောင်ဖြစ်ရမည့် ကမ္ဘာကူးပြောင်းလာသူ မိမိမှာတော့ ထိုသို့အကျိုးခံစားခွင့်ကို မရရှိချေ။
ဒေါသထွက်စရာပဲ။
ချန်ကျဲ့ ထိုသို့တွေးမိရာ မထိန်းချုပ်နိုင်စွာ မကျေမနပ် ခံစားမိရသည်။
နန်ပါးထျန်းက တကယ်ကြီး ကံကောင်းမှုရော၊ ဘက်လိုက်မှုရော ရထားတာပဲ။ ကုန်းကုန်းဖြစ်ပြီး ဦးထုပ်စိမ်းဆောင်းခံရတာတောင် သိသိသာသာကြီး ကံကောင်းနေသေးတယ်။
ခြုံငုံကြည့်လိုက်ရင် နန်ပါးထျန်းက ကုန်သည်အဖွဲ့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်လို့ ‘ဓားသုံးချက်၊အပေါက်ခြောက်ပေါက်’ပြစ်ဒဏ် အပေးခံရတာတောင်မှ မသေဘဲ ရှင်ကျန်နေခဲ့တာ။ ဒီလိုလူမျိုးက ကံကောင်းမှုလွန်ကဲနေတာ မဟုတ်လို့ ဘာဖြစ်မလဲ။
သို့သော် နန်ပါးထျန်းမှာ အဆင့်တက်လှမ်းသွားသော်ငြား မကြာမီက ယဲ့လုဖုန်း၏လက်ဝါးသိုင်းကြောင့် ဒဏ်ရာအပြင်းအထန်ရထားသည်။ ထိုသို့ဒဏ်ရာကို ကုသုပျောက်ကင်းခြင်းငှာ အနည်းဆုံး အချိန်တစ်လ၊နှစ်လ လိုအပ်သည်။ ထို့ပြင် ချီမုကော၏ ဓားဒဏ်ရာလည်း ရှိသေးသည်။ ထိုသို့ဒဏ်ရာအပြင်းအထန်ရရှိထားရာ လက်ရှိအဆင့်တက်လှမ်းခြင်းသည် ကျင့်ကြံဆင့်မတည်မငြိမ်ဖြစ်စေပြီး နန်ပါးထျန်းအတွက် အားနည်းအထိခိုက်လွယ်ဆုံးအချိန် ဖြစ်သည်။
ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် ဘေးရှိ လျိုလောင်ကွေ့မှ အော်ပြောသည်။
“ညီနောင်ကျိုစစ်၊ တပ်မှူးချီမုကော၊ အတူတူတိုက်ကြမယ်။ ကျုပ်တို့ ဒီနေ့ ဒီခွေးကောင်ကို အလွတ်ပေးလိုက်လို့ မဖြစ်ဘူး။ သူလွတ်သွားရင် အနာဂတ်က ငြိမ်းချမ်းနိုင်မှာ မဟုတ်တော့ဘူး”
ထိုအခါ ချီမုကောသည် သူ၏ဓားသွားထက်မှ သွေးများကို ခါထုတ်လိုက်ရင်း ပြောသည်။
“သူအားနည်းနေတုန်း တိုက်ခိုက်ရအောင်။ သူ့အသက်ကိုနုတ်ယူမယ်၊ တက်ကြ”
ထိုအခါ ချန်ကျဲ့မှလည်း ပြောသည်။
“လာပြီ။ သိုင်းကွက်ကိုကြည့်ထား”
အမျိုးသားသုံးဦးသည် နန်ပါးထျန်းထံ ဦးတည်တိုက်ခိုက်ကြသည်။ ယဲ့လုဖုန်းသည် မြင်းကို ရှေ့တိုးရန်လှုံ့ဆော်ကာ ခြိမ်းခြောက်ခြင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
နန်ပါးထျန်းက တကယ်တစ်ခုခုပဲ။ ဒီလိုတိုက်ပွဲကြားထဲမှာ အဆင့်တက်လှမ်းသွားတယ်တဲ့။ ဒီလိုအင်အားကြီးမားတဲ့ရန်သူကို အလွတ်ပေးလိုက်လို့မဖြစ်ဘူး။ မဟုတ်ရင် သူက ငါနဲ့ ကျင့်ကြံဆင့်တူတဲ့ပြိုင်ဘက် ဖြစ်လာလိမ့်မယ်။
ယဲ့လုဖုန်းလည်း အနည်းငယ် ခေါင်းကိုက်နေပေသည်။
သူတို့သည် နန်ပါးထျန်းကို ဝန်းရံလိုက်ကြသည်။
နန်ပါးထျန်းသည် အဆင့်တက်လှမ်းပြီးခါစ ဖြစ်သောကြောင့် မူးနောက်နောက်ဖြစ်နေဆဲ ဖြစ်သည်။ ချီစွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်သည်ကိုလည်း ခံစားမိသည်။ သူ၏ကျင့်ကြံဆင့်ကို အမြဲပိတ်ဆို့ထားခဲ့သည့် မျက်နှာကြက်ကြီး လွင့်ထွက်ပွင့်အာသွားသည့်အလား သွေးများဆူပွက်ကာ ချီစွမ်းအင်များသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ဖွဲ့စည်းသည့်ဖြစ်စဉ်ကို စတင်နေသောကြောင့် သူ၏ချီသွေးကြောများမှာလည်း ပွက်လောရိုက်နေခဲ့သည်။
ဤသိဒ္ဓိစွမ်းအင်လုံးသည် ချီစွမ်းအင်များ ဖွဲ့စည်းဖြစ်တည်ခြင်းမှ ဖြစ်ပေါ်လာသည့် လက်ဆုပ်လက်ကိုင်မပြနိုင်သည့် စွမ်းအင်လုံးတစ်ခု ဖြစ်သည်။
သိဒ္ဓိစွမ်းအင်လုံးဖွဲ့စည်းဖြစ်တည်ခြင်း အောင်မြင်သွားပါက စစ်မှန်သည့် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။ သို့ဖြစ်ပါက သူသည်လည်း ချီစွမ်းအင်ကို ပြင်ပသို့ ထုတ်လွှတ်သုံးစွဲနိုင်ပြီး ယဲ့လုဖုန်းကဲ့သို့ အဝေးမှနေ၍ တစ်ဖက်လူကို တိုက်ခိုက်နိုင်လိမ့်မည်။
သို့သော် နန်ပါးထျန်း သိဒ္ဓိစွမ်းအင်လုံးဖွဲ့စည်းဖြစ်တည်ရန် လုပ်ဆောင်နေစဉ်တွင် သူ၏ချီစွမ်းအင်မှာ အတော်လေး ကုန်ဆုံးနေပြီဖြစ်၍ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ရန်အတွက် ချီစွမ်းအင်မလုံလောက်ကြောင်း သိလိုက်ရသည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူသည် အဆင့်တက်လှမ်းရန်အတွက် ဆေးလုံးကို အသုံးပြုကြသောကြောင့် ဆေးအာနိသင်သည် ကျင့်ကြံသူအား ချီစွမ်းအင်ပမာဏ များစွာတိုးတက်စေရန် ကူညီပေးသည်။ ထို့ကြောင့် ကျင့်ကြံဆင့်ကို လျင်မြန်စွာ တည်ငြိမ်စေသည်။
သို့သော် ကောင်းကင်ဘုံ၏သားတော်နန်ပါးထျန်းသည် ဆေးလုံးအကူအညီမပါဘဲ တိုက်ပွဲအတွင်း အဆင့်တက်သွားခြင်းဖြစ်ရာ သူ၏ချီစွမ်းအင်မှာ ကုန်ခမ်းနေခဲ့သည်။
ဤအခြေအနေမှာ အရမ်းမပြင်းထန်ပါချေ။ အားဖြည့်ဆေးလုံးများ အများအပြားသောက်သုံးပြီး ချီစွမ်းအင်ကို တိုးတက်စေခြင်းကဲ့သို့ အခြေအနေကို ပြောင်းလဲနိုင်မည့် အခွင့်အရေးများ ရှိပါသေးသည်။
ချီစွမ်းအင်လုံလောက်သွားသည်နှင့် သိဒ္ဓိစွမ်းအင်လုံးကို ဖွဲ့စည်းနိုင်လိမ့်မည်။
သို့သော် တိုက်ပွဲအတွင်းဖြစ်ရာ နန်ပါးထျန်းမှာ ချီစွမ်းအင်ပြန်ဖြည့်ရန် အချိန်မရှိပေ။ ပိုဆိုးသည်မှာ သူ၏ဒဏ်ရာများသည် သူ၏တိုက်ခိုက်စွမ်းရည်ကိုလည်း များစွာ သက်ရောက်မှုရှိနေခြင်းပင်။
ထို့ကြောင့် နန်ပါးထျန်းသည် ခဏတာမျှ စိတ်လှုပ်ရှားပြီးနောက်တွင် စိတ်ဓာတ်ကျသွားရသည်။
လျိုလောင်ကွေ့နှင့် ချီမုကောသည် သူ့ကို ဝန်းရံထားလေပြီ။
ချန်ကျိုစစ်သည် ပို၍ပင် တည့်တိုးဆန်သေး၏။ တစ်ခါတည်း နဂါးနိုင်လက်ဝါးသိုင်းဖြင့် သူ့ကို ဦးတည်တိုက်ခိုက်လာသည်။
ဒီခွေးကောင်ကတော့။
နန်ပါးထျန်းသည် ယခုတွင် ချန်ကျိုစစ်ကို လုံးဝ စက်ဆုပ်နေပြီဖြစ်သည်။ ချန်ကျိုစစ်သည် သူ၏ဖုန်းရွှမ်ကို ထောက်ပံ့ပြီး ကျားဖြူခန်းမကို ထိန်းချုပ်မည့် အစီအစဉ်ကို ဖျက်ဆီးခဲ့ရုံသာမက သူ၏ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကိုလည်း ကြံစည်သေးသည်။ ပို၍ ဒေါသထွက်ဖို့ကောင်းသည်မှာ ချန်ကျိုစစ်သည် ဝမ်အာနှင့်အတူ အိပ်ခဲ့ခြင်းပင်။
ထို့ပြင် ထိုခွေးကောင်သည် အခြားသူများနှင့် ပူးပေါင်းပြီး သူ့ကိုသတ်ဖြတ်ရန် ကြိုးပမ်းနေလေသည်။
ငါဒီနေ့ ဒီနေရာမှာ သေရမယ်ဆိုရင် ‘လူကောင်းတွေက အသက်ရှည်ရှည်မနေရဘဲ လူယုတ်မာတွေကသာ နှစ်ထောင်ချီရှင်သန်နိုင်တယ်’ဆိုတဲ့ စကားကို အတည်ပြုပေးလိုက်တာပဲ။
“နန်ပါးထျန်း သိုင်းကွက်ကြည့်ထား”
ဂါးးး…
ချန်ကျဲ့သည် နဂါးနိုင်လက်ဝါးသိုင်းဖြင့် တိုက်ခိုက်သည်။ ခုနက ခဏနားပြီးနောက်တွင် ချန်ကျဲ့၏အင်အားမှာ အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်သည်။
နန်ပါးထျန်းသည် အံတင်းတင်းကြိတ်လျက် အတွင်းအားတချို့ကို အတင်းဖျစ်ညှစ်ထုတ်ကာ ခုခံသည်။
ရေခဲစိတ်စွမ်းအင်သိုင်းဖြင့် ချန်ကျဲ့၏နဂါးနိုင်လက်ဝါးသိုင်းကို ခုခံလိုက်သည်။
မိုးခြိမ်းသံအလား ပေါက်ကွဲသံကြီးနှင့်အတူ ချန်ကျဲ့ နောက်သို့ လွင့်ထွက်သွားခဲ့သည်။
နန်ပါးထျန်း၏ ရေခဲစိတ်စွမ်းအင်သိုင်းမှာ ပို၍ ကြံ့ခိုင်လာကြောင်း ချန်ကျဲ့ ခံစားမိလိုက်သည်။
ဒါက အဆင့်တက်လှမ်းသွားတဲ့ပြောင်းလဲမှုကြောင့်လား။
သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ပြီးပါက အဓိကအကျိုးကျေးဇူး နှစ်ခုရှိသည်။ ပထမအချက်မှာ ချီစွမ်းအင်ကို ပြင်ပသို့ ထုတ်လွှတ်အသုံးပြုနိုင်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ချီစွမ်းအင်၏အရည်အသွေးကို တိုးတက်စေကာ တစ်ဖက်လူကို ပိုမိုပြင်းထန်စွာ ထိခိုက်စေနိုင်ခြင်းဖြစ်သည်။
ဤတစ်ကြိမ်တိုက်ခိုက်မှုသည် ချန်ကျဲ့ကို လွင့်ထွက်သွားစေပြီး နန်ပါးထျန်းဘက်မှ ခဏတာ အသာစီးရသွားသော်ငြား ထိုအင်အားသုံးရသည့်လှုပ်ရှားမှုသည် နန်ပါးထျန်း၏ ယဲ့လုဖုန်းကြောင့်ရထားသည့် ဒဏ်ရာကို ပြန်ထလာစေခဲ့သည်။ သို့ဖြင့် သွေးတစ်ပွက်အန်ထွက်သွားရပြီး မျက်နှာမှာ အလွန်ဖြူဖျော့သွားခဲ့သည်။
ထိုမြင်ကွင်းတွင် လျိုလောင်ကွေ့သည် အားရပါးရရယ်မော၏။
“ဟားဟား ဒီခေါင်းစိမ်းလိပ်ကတော့ ကြာကြာမခံနိုင်လောက်တော့ဘူး။ ချီတက်ကြ။ သူ့ကို အဆုံးသတ်ပစ်ရအောင်”
“မီးလျံသိုင်း”
လျိုလောင်ကွေ့သည် ဟစ်ကြွေးလျက် နန်ပါးထျန်းသို့ ဦးတည်တိုက်ခိုက်သည်။ သူသည် မီးလျံသိုင်းဖြင့် လက်ဖဝါးထက်တွင် မီးတောက်မီးလျံများ ဖြစ်ပေါ်စေကာ နန်ပါးထျန်းကို အပြင်းအထန်တိုက်ခိုက်သည်။
နန်ပါးထျန်းသည် ခုနလေးကမှ သွေးအန်ထွက်ထားရသော်ငြား လျိုလောင်ကွေ့မှ တိုက်ခိုက်လာသည်ကို မြင်သောအခါ ချီစွမ်းအင်များ အတင်းစုစည်း၍ အမြန်ခုခံရပြန်သည်။ သူတို့နှစ်ဦး၏ သိုင်းကွက်များ ထိခတ်သွားပြီးနောက် လျိုလောင်ကွေ့သည် နောက်ဆုတ်သွားရပြီး အော်ဟစ်ပြောသည်။
“ဒီခေါင်းစိမ်းလိပ်က လက်ဝါးသိုင်းရဲ့အင်အားကတော့ မသေးဘူးပဲ”
ထို့နောက် နန်ပါးထျန်းသည် နောက်တစ်လှမ်းဆုတ်လိုက်သည်။ သူ၏ပါးစပ်မှ သွေးများ များစွာ စီးကျနေသည်။ သူသည် နောက်ဆုံးထွက်သက်သို့ ရောက်နေခဲ့လေပြီ။
ထိုအခိုက်အတန့်၌ ချီမုကောသည် ဓားကိုလွှဲရမ်းကာ တိုက်ခိုက်သည်။ ချီမုကော၏ဓားသွားမှာ တောက်ပနေသည်။ နန်ပါးထျန်းသည် အရေးနိမ့်နေသောကြောင့် ဆက်တိုက်နောက်ဆုတ်နေခဲ့ပြီး ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့သည်လည်း နောက်တစ်ကြိမ် တိုက်ခိုက်လာပြီဖြစ်သည်။
သူအခြေအနေမကောင်းတုန်း တိုက်ခိုက်ရမယ်။ နန်ပါးထျန်း သေလိုက်တော့။