← Chapters

အခန်း (၆၆၇)

Vol. 56 Ch. 667

အခန်း (၆၆၇)

Vol. 56 Ch. 667

အခန်း ၆၆၇

သူတို့နှစ်ဦး၏တိုက်ခိုက်မှုမှာ အလွန်ကြမ်းတမ်းသည်။ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းမှာ အသက်နုတ်ဖို့ ရည်ရွယ်လေသည်။

နန်ပါးထျန်းကို လူသုံးဦး ဝန်းရံတိုက်ခိုက်နေပြီး မနီးမဝေးတွင် ယဲ့လုဖုန်းနှင့် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်သည်များက စောင့်ကြပ်နေသည်။

နေရာရှိလူအားလုံးသည် နန်ပါးထျန်း၏ကျရှုံးခန်းကို မျက်မြင် မြင်တွေ့နေရသည်။ သူတို့၏မျက်နှာမှာ သနားကရုဏာတို့ အနည်းငယ် ထင်ဟပ်နေပါ၏။

ခေါင်းဆောင်နန်က ဒီလိုသေရေးရှင်ရေးအခြေအနေထဲ ကျရောက်သွားရတာ တကယ်ကံဆိုးတာပဲ။

ဂါးး…

ထိုစဉ် ကျယ်လောင်စူးရှသည့် နဂါးဟိန်းဟောက်သံနှင့်အတူ ချန်ကျဲ့၏လက်ဝါးရိုက်ချက်သည် နန်ပါးထျန်း၏ရင်အုံသို့ ကျရောက်သွားခဲ့သည်။

အဟွတ်..

နန်ပါးထျန်းမှာ သွေးတစ်ပွက်အန်ထွက်သွားရပြန်ပြီး လေဟာနယ်ထဲ လွင့်ထွက်သွားရပြီးနောက် အထုအထောင်းခံထားရသည့် ဖားတစ်ကောင်ကဲ့သို့ မြေပြင်ပေါ် အရှိန်ပြင်းပြင်း ပြုတ်ကျသွားခဲ့သည်။

နန်ပါးထျန်းသည် အချိန်အတော်ကြာအထိ ပြန်မထနိုင်ဘဲ မြေပြင်တွင် လဲနေခဲ့သည်။

သူ၏ခန္ဓာကိုယ်မှာ ချီစွမ်းအင်ကို ထပ်မံထုတ်လွှတ်နိုင်စွမ်း မရှိတော့ပေ။ ထို့ပြင် ခုနက လက်ဝါးရိုက်ချက်သည် သူ၏အတွင်းအင်္ဂါများကို ကပြောင်းကပြန်ဖြစ်သွားစေခဲ့ရာ နန်ပါးထျန်းမှာ သေလုမျောပါး ခံစားနေရသည်။

နန်ပါးထျန်းသည် ပြန်ထရပ်ရန် ကြိုးစားသော်ငြား ချက်ချင်း ပြန်လဲကျသွားခဲ့သည်။

ဒုန်းခနဲအသံနှင့်အတူ မြေပြင်ပေါ် ပြန်လဲကျသွားပြီး ချောင်းဆိုးကာ သွေးများအန်နေသည်။

သူ၏မျက်လုံးများသည် သူ့ထံ ချဉ်းကပ်လာနေသည့် လူသုံးဦးကို အေးစက်စွာ စိုက်ကြည့်နေသည်။

သူသည် မိမိကိုယ်ကိုယ် အဆုံးသတ်နှင့် နီးကပ်နေပြီဖြစ်ကြောင်း သိသော်ငြား လက်မလျှော့လိုပေ။ နေရာတွင်သာ ယုံကြည်မှုအပြည့်ဖြင့် ခေါင်းမတ်ထားလျက် ချဉ်းကပ်လာနေသည့် လူသုံးဦးကို ကြည့်နေခဲ့သည်။

သူတို့သုံးဦး နန်ပါးထျန်းအနီးသို့ ရောက်လာ၏။

ချီမုကောမှ နန်ပါးထျန်းကို ပြောသည်။

“ခင်ဗျား ဆက်ပြီး ခုခံနေဦးမှာလား”

နန်ပါးထျန်းသည် ချီမုကောကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလေသည်။

“ဟားဟား မင်းတစ်ယောက်တည်းအင်အားနဲ့ ငါ့ကို ပြန်မတိုက်ခိုက်နိုင်ဘဲ ရှုံးနိမ့်စေနိုင်မယ်လို့ထင်သလား မုလန်လူမျိုးခွေးကောင်”

ချီမုကော မျက်လုံးမှေးကျုံ့လိုက်သည်။

“ခင်ဗျားဘာပြောလိုက်တယ်”

“မင်းကို မုလန်လူမျိုးခွေးကောင်လို့ ပြောတာလေ အဟွတ် အဟွတ် အဟွတ်…ယဲ့လုဖုန်းရဲ့အင်အားကို မှီခိုနေတဲ့ အိမ်အစေခံတစ်ယောက်ကများ ငါ့ကိုသတ်မယ့်အကြောင်း ပြောထွက်ရဲတယ်ပေါ့လေ။ ယဲ့လုဖုန်းကို သူကိုယ်တိုင်လာခိုင်းလိုက် အဟွတ် အဟွတ်… မင်းက မထိုက်တန်ဘူး”

နန်ပါးထျန်း၏မျက်နှာမှာ လှောင်ပြောင်သရော်ဟန်အပြည့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိမိမှာ အဆုံးသတ်ပြီဖြစ်ကြောင်း သိသဖြင့် နန်ပါးထျန်းသည် ဘာကိုမှ ချုပ်တည်းမနေတော့ပေ။ သူ၏ ချီမုကောအပေါ် အထင်အမြင်သေး စက်ဆုပ်မှုများအား ထုတ်ဖော်ပြသတော့သည်။

အိမ်အစေခံတစ်ဦးက သူ့ရှေ့မှာ အဆင့်အတန်းကြီးမြင့်ပြီး မြင့်မြတ်သလို လာလုပ်နေတာ အင်မတိအင်မတန် အမှိုက်ဆန်လွန်းသည်။ နန်ပါးထျန်းသည် ထိုသို့သိမ်နုပ်သည့် လူ၏လက်ထဲတွင် သေဆုံးရခြင်းငှာ လက်မခံပေ။

ဒေါသထွက်သွားသည့် ချီမုကောသည် မည်းမှောင်နေသောမျက်နှာကြီးဖြင့် ပြောသည်။

“ခင်ဗျား သေချင်နေတာပဲ”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“မင်းလို အိမ်အစေခံတစ်ယောက်က ငါ့ကိုသတ်ဖို့ မထိုက်တန်ဘူး။ မင်းရဲ့သခင်ကို လွှတ်လိုက်”

“ခင်ဗျား”

ချီမုကောသည် ဓားဆွဲထုတ်ထားပြီးဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်၌ လျိုလောင်ကွေ့မှ ကြားဖြတ်ပြောလာသည်။

“တပ်မှူးချီမုကော စိတ်လျှော့ပါ။ သူကြာကြာ ထောင်လွှားမနေနိုင်တော့ပါဘူး။ ကျုပ် မင်းအစား သူ့ကိုဖြေရှင်းပေးပါ့မယ်။ နန်ပါးထျန်း မင်းမှာ တခြားပြောစရာရှိသေးလား”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“မိစ္ဆာအိုကြီး ခင်ဗျားလည်း ကျုပ်ကို သတ်ချင်တယ်ပေါ့လေ”

လျိူလောင်ကွေ့မှ ပြောသည်။

“ငါတောင့်တနေခဲ့တာ ကြာပြီ”

နန်ပါးထျန်းမှ ပြောသည်။

“ကျုပ် ခင်ဗျားလက်မှာ အသေမခံနိုင်ဘူး။ ခင်ဗျားလို သာမညောင်ညလူ‌တစ်ယောက်က ကျုပ်ကိုသတ်ဖို့ မထိုက်တန်ဘူး”

“သာမညောင်ညတဲ့လား”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“မဟုတ်ဘူးလား။ ခင်ဗျားက ကျုပ်ထက် ဆယ်စုနှစ်တစ်ခုစာ အသက်ပိုကြီးတာတောင် မျန့်ရွှေမှာ ကျုပ်က ခင်ဗျားကို နှစ်၂၀ကြာ ဖိနှိပ်ထားနိုင်ခဲ့တယ်။ ကျုပ်က သိဒွိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို တက်လှမ်းသွားပေမဲ့ ခင်ဗျားကတော့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်မှာ ရပ်နေတုန်းပဲ။ ခင်ဗျားက သာမညောင်ညလူတစ်ယောက်အပြင် ဘာမှမပိုဘူး။ ကျုပ်ကိုသတ်ဖို့ မထိုက်တန်ဘူး”

“ငါ… ကောင်းပြီ။ မင်းကြိုက်သလောက် ကျိန်ဆဲနေလိုက်”

လျိုလောင်ကွေ့၏မျက်နှာတွင် အမျက်ဒေါသများ ထင်ဟပ်လာသော်ငြား အလျင်အမြန်ပင် အားရပါးရရယ်မောခြင်းသို့ ပြောင်းလဲသွား၏။ သူ၏ အများနှင့်မတူ တစ်မူထူးသော‌ အကျင့်စရိုက်မှာ သိသာလှပေသည်။

နန်ပါးထျန်း၏စကားအဆုံး၌ လျိုလောင်ကွေ့သည် နန်ပါးထျန်းအား သူ့လက်ဖြင့် သတ်ခြင်းကို လက်လျှော့လိုက်ပြီ ဖြစ်သည်။ သို့ဖြင့် ချန်ကျဲ့ကို ကြည့်လိုက်၏။

“ကျိုစစ် မင်းလုပ်လိုက်”

ချန်ကျဲ့ လျိုလောင်ကွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ထားလိုက်ပါတော့ အစ်ကိုလျို။ တပ်မှူးချီမုကောနဲ့ အစ်ကိုလျိုတောင် သူ့စကားလုံးတွေနဲ့ ဒီလောက်အပြောအဆိုခံလိုက်ရတာ။ ကျွန်တော်သာ‌ဆိုရင် သူ့စကားလုံးတွေကြောင့် အမှုန့်ဖြစ်သွားမှာ စိုးရတယ်။ ကိုယ့်ဒုက္ခကိုယ်မရှာတာပဲ ကောင်းပါတယ်။ အဲဒီအစား မြင်းတပ်စစ်သည်နှစ်ရာကပဲ သူ့ကို မြားနဲ့ပစ်သတ်လိုက်ပါလား”

ချီမုကောနှင့် လျိုလောင်ကွေ့တို့ ခေါင်းညိတ်သည်။ ချန်ကျိုစစ်သည် သူတို့ထက်ပို၍ အရည်အချင်းမပြည့်မီလောက်ဟု သူတို့လက်ခံလိုက်ကြသည်။

သို့သော် ထိုစဉ် နန်ပါးထျန်းမှ ပြော၏။

“ချန်ကျိုစစ် မင်း ငါ့ကို လာသတ်လှည့်”

ထိုစကားတွင် ချီမုကောနှင့် လျိုလောင်ကွေ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ ချန်ကျဲ့မှ ပြောသည်။

“ခေါင်းဆောင် ကျုပ်ကို အကျပ်ရိုက်အောင် မလုပ်ပါနဲ့ဗျာ။ ခင်ဗျား ကျုပ်ကို အရမ်း အထင်အမြင်သေးစက်ဆုပ်နေတာကို ကျုပ်လက်နဲ့ ခင်ဗျားကို သတ်လိုက်ရင် ခင်ဗျား အေးအေးချမ်းချမ်း အနားယူနိုင်ပါတော့မလား”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“ငါ တကယ်ပဲ မင်းကိုမုန်းတယ်။ မုန်းတာမှ မင်းကို အရေဆုတ်ပြီး အရိုးထုတ်ပြီး အသွေးအသားတွေကို စားပစ်ချင်တဲ့အထိပဲ။ ဒါပေမဲ့ မင်းက ထူးခြားတဲ့လူတစ်ယောက်ပဲ”

“တစ်နှစ်အချိန်အတွင်းမှာ ရှန်းထောင်ရွာက လူမသိသူမသိ လူတစ်ယောက်အဖြစ်ကနေ လက်ရှိအဆင့်အတန်းအထိ ရောက်လာနိုင်ခဲ့တယ်။ မင်းကတော့ သာမညောင်ည မဟုတ်ဘူး”

“မင်းက စက်ဆုပ်ဖို့ကောင်းပြီး အရှက်မဲ့ပြီး အင်အားအာဏာကို တပ်မက်ပြီး ငါ့ရဲ့ဝမ်အာကိုလည်း ခိုးယူခဲ့ပြီး ငါ့ရဲ့ကမ္ဘာမကြေရန်သူဖြစ်ပေမဲ့ မင်းလက်မှာ သေရဖို့ကို ငါလက်ခံတယ်။ သေသွားပြီးရင်တောင် ငါမင်းကို မှတ်မိနေမယ်”

နန်ပါးထျန်းမှ ချန်ကျဲ့ကို ကြည့်၍ ပြောခဲ့သည်။

ထိုအခါ လျိုလောင်ကွေ့မှ ချန်ကျဲ့ကို ပြောသည်။

“နန်ပါးထျန်းပြောတာ မှန်တယ်။ ကျိုစစ် မင်းက သူ့ကိုသတ်ဖို့ ထိုက်တန်တယ်။ မင်းပဲ သတ်လိုက်ပါလား”

ဘေးဘက်ရှိ ချီမုကောသည် ဘာမှမပြောဘဲ ချန်ကျဲ့ကို မျက်မှောင်ကြုတ်လျက် ကြည့်နေခဲ့သည်။ မကျေမချမ်းဖြစ်နေကြောင်း သိသာလှပါ၏။

ချန်ကျဲ့သည် ချီမုကော၏ ဒေါသအငွေ့အသက်ကို ခံစားမိသည်။ သို့ဖြစ်၍ နန်ပါးထျန်း၏စကားများမှာ စိတ်ခံစားချက်များကို ဖွင့်ထုတ်ခြင်းပေလော သို့မဟုတ် သူ့ကို ဒုက္ခပေးရန် ကြံစည်ခြင်းပေလော ချန်ကျဲ့ မသဲကွဲပေ။

ချီမုကောနဲ့ လျိုလောင်ကွေ့တို့ နှစ်ယောက်စလုံးက အဆင့်အတန်းမြင့်မားသူတွေပဲ။ နန်ပါးထျန်းက တကယ်ကြီး အဲဒီလူတွေက သူ့ကိုသတ်ဖို့ မထိုက်တန်ဘဲ ငါကပဲ ထိုက်တန်တယ်လို့ တွေးတာလား။

အဲဒါက တခြားသူတွေရဲ့အမြင်မှာ ဘယ်လိုပုံစံပေါက်သွားမလဲ။

နန်ပါးထျန်း၏ သုံးသပ်ချက်သည် သင့်တင့်ပြီး ချန်ကျဲ့သည် နန်ပါးထျန်းကိုသတ်ရန် ထိုက်တန်သည်မှန်သော်ငြား ချန်ကျဲ့ မလုပ်နိုင်ပေ။

တစ်အချက်၊ နန်ပါးထျန်းကို သူသတ်လိုက်ပါက ချီမုကောနှင့် လျိုလောင်ကွေ့ကို တစ်ပါတည်း အပြစ်ပြုပြီး ဖြစ်သွားလိမ့်မည်။ လူကို တိုက်ရိုက်အပြစ်ပြုမိခြင်း မဟုတ်သော်ငြား သူတို့၏စိတ်ထဲ သေချာပေါက် မကျေမချမ်းဖြစ်သွားလိမ့်မည်။

နှစ်အချက်၊ နန်ပါးထျန်းကို ဤသို့ လူအများကြီးရှေ့၌ သတ်ဖြတ်လိုက်ခြင်းသည် အထက်လူကြီးကို သစ္စာဖောက်ခြင်းကဲ့သို့ အလွယ်တကူ ဖျောက်ဖျက်ဖယ်ရှားလို့ မရနိုင်သည့် မလိုလားအပ်သည့် ဂုဏ်သတင်းကို သယ်ဆောင်လာလိမ့်မည်။ သမိုင်းကြောင်း၌ ချန်ယုံလျန့်တွင် ထိုသို့ဂုဏ်သတင်းမျိုးရှိကြောင်း ချန်ကျဲ့ မှတ်မိသည်။ ထိုဂုဏ်သတင်းကြောင့် ချန်ယုံလျန့်သည် လူများစွာတို့၏ သစ္စာဖောက်ခြင်း ခံခဲ့ရသည်။

ထို့ကြောင့် နန်ပါးထျန်းကို သတ်ဖြတ်ခြင်းမှာ လုပ်ဆောင်နိုင်သော်ငြား သီးခြားလုပ်ဆောင်သင့်သည်။ ဤသို့ လူမြင်ကွင်းတွင် သတ်ဖြတ်ရန် မသင့်တော်ပေ။

သို့ဖြင့် ချန်ကျဲ့ ပြောလိုက်သည်။

“အစ်ကိုတို့ ဒီသေခါနီး နန်ပါးထျန်းက နောက်ဆုံးအချိန်မှာတောင် ကျွန်တော်တို့ကို အကောက်ကြံနေသေးတယ်။ တကယ့်ကို အသိအမှတ်ပြုလောက်စရာ သူရဲကောင်းကြီးပါပဲလေ”

ဟမ်

ချီမုကောနှင့် လျိုလောင်ကွေ့သည် ချန်ကျဲ့အား အံ့အားသင့်စွာ လှည့်ကြည့်လာကြတော့သည်။

All Chapters