← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

၅၉။ စက်ဘီးလက်မှတ်

စက်ရုံက လူအသစ်တွေ ခေါ်နေပြီ..

၎င်းမှာ ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ ရေတစ်စက်ကျလိုက်သည့်နှယ်… ပွက်လောရိုက်သွား၏..

အိမ်ရာဝင်းတစ်ခုလုံးလည်း အလုပ်ရှုပ်၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ယမန်နေ့၌မူ ဝမ်းပျက်ဝမ်းလျှောသည့် ကိစ္စဖြင့် ဆူညံနေခဲ့သော်လည်း ယခုအခါ၌ ဤ "အစားအသောက် အဆိပ်သင့်မှု" သတင်းမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် ရွှီကောင်းမင်တစ်ယောက် စက်ရုံကို အမှန်ပင် ကျေးဇူးတင်သင့်ပေသည်။

သို့မဟုတ်လျှင် ဤအစားအသောက် အဆိပ်သင့်မှု ဖြစ်ရပ်မှာ အနည်းဆုံး တစ်လခန့် ပြောစမှတ်တွင်နေမည် ဖြစ်ပြီး ရွှီကောင်းမင်၏ အခြေအနေဆိုးများကိုလည်း လူအများမှာ တူးဖော်၍ ထပ်တလဲလဲ ပြောဆိုနေကြဦးမည် ဖြစ်၏။ ယခုမူ မည်သူမျှ ထိုအကြောင်းကို ထည့်ပင် မပြောကြတော့ပေ။ ခေါ်ယူသည့် အလုပ်မှာ ယာယီအလုပ် ဖြစ်သော်လည်း ယာယီအလုပ်မှာလည်း အဆင်ပြေသည်သာ။

ထို့ပြင် ယခုတစ်ခေါက် လူအများအပြား ခေါ်ယူခြင်း ဖြစ်သောကြောင့် အလုပ်ရရှိနိုင်မည့် အခွင့်အရေးမှာလည်း များပြားသည်။

အိမ်တိုင်း၌ ဤအကြောင်းကိုပင် ဆွေးနွေးနေကြ၏။ အိမ်တိုင်းလိုလို၌ အလုပ်လက်မဲ့ တစ်ယောက်၊ နှစ်ယောက် ရှိနေတတ်သည် ဖြစ်၍ လူတိုင်း စိတ်လှုပ်ရှားကြသည်မှာ မထူးဆန်းပေ။ အကယ်၍ အလုပ်ရခဲ့မည်ဆိုလျှင် ၎င်းမှာ အလွန်ကောင်းမွန်သည့် အခြေအနေပင်။ အမြဲတမ်းဝန်ထမ်း မဟုတ်စေကာမူ တစ်နှစ်စာ ယာယီအလုပ်သည် လူတိုင်းအတွက် အကျပ်အတည်းကြား၌ အသက်ရှူချောင်စေသည်။ ထို့ကြောင့် ဤအကြောင်းအရာသည် အိမ်တိုင်း၌ မပါမဖြစ် ပြောစရာ ဖြစ်နေတော့၏။

သို့သော် ချန်ချင်းယွီ၏ မိသားစုမှာမူ ချွင်းချက် ဖြစ်သည်။ ချန်ချင်းယွီသည် လျှောက်လွှာအရည်အချင်းနှင့် ကိုက်ညီသော်လည်း သူမက စိတ်မဝင်စားပေ။

‘ငါသာ အလုပ်သွားလုပ်ရင် ရှောင်ကျားနဲ့ ရှောင်ယွမ်ကို ဘယ်သူကြည့်ပေးမလဲ’

ကလေးများမှာ မူကြိုစောင့်ရှောက်ရေးအစီအစဉ်သို့ ပို့ရန် အရွယ်မရောက်သေးပေ။ လွန်ခဲ့သော နှစ်အနည်းငယ်၌ အသက်သုံးနှစ်အရွယ် ကလေးများကိုပင် ပို့နိုင်သည်ဟု ပြောကြသော်လည်း အငြင်းပွားစရာများစွာ ဖြစ်ပွါးခဲ့ပြီးနောက် ယခုအခါ၌ အသက်ငါးနှစ်နှင့်အထက် ကလေးများကိုသာ လက်ခံတော့သည်။အကယ်၍ အိမ်၌ ကလေးကြည့်ပေးမယ့်သူ လုံးဝမရှိလျှင်မူ စက်ရုံအမှတ် (၁) စက်ရုံအနီးရှိ ကလေးစောင့်ရှောက်ရေးဌာနကို ပို့၍ရသည်ဟု ဆိုကြပြီး ထိုနေရာမှာ သုံးနှစ်အရွယ် ကလေးများကို လက်ခံလေ၏။

သို့သော် ထိုနေရာမှာ အလွန်ဝေးကွာသည့်အပြင် အမှတ် (၁) စက်ရုံနှင့် အမှတ် (၂) စက်ရုံ ကြား၌လည်း ပြိုင်ဆိုင်မှုများ ရှိနေသည်။ ကလေးစောင့်ရှောက်ရေးဌာနသည် စက်ရုံရုံးခန်း၏ လက်အောက်ခံဌာနတစ်ခု ဖြစ်သောကြောင့် သဘာဝအတိုင်းပင် မည်သူမျှ မိမိတို့ကလေးကို ထိုနေရာသို့ မပို့လိုကြပေ။ ထို့ကြောင့် ၎င်းတို့ရပ်ကွက်မှ ကလေး အနည်းငယ်သာ ထိုနေရာသို့ ပို့ကြသည်။

ချန်ချင်းယွီသည်လည်း သူမ၏ကလေးများကို ထိုနေရာသို့ပို့ရန် အစီအစဉ်မရှိကာ ဤယာယီအလုပ်ခေါ်ယူမှုတွင် လျှောက်ထားရန်လည်း စိတ်မကူးခဲ့ပေ။

အဘွားကြီးကျောက်မှာလည်း အလားတူ အတွေးမျိုး ရှိသော်လည်း သူမသည် ပတ်ဝန်းကျင်ရှိ လူများ ပျာပျာခတ် သွားလာလှုပ်ရှားနေကြသည်ကို စောင့်ကြည့်ရင်း ပျော်ရွှင်နေ၏။

‘ဟမ့်.. ငါ့ရဲ့ပျော်ရွှင်မှုကို ဘာနဲ့မှ တားဆီးလို့မရဘူး..’

"မှောင်ရုံရှိသေးတယ်၊ အစ်မကြီးဖန် အိတ်တစ်လုံးနဲ့ ထွက်သွားတာ ငါမြင်လိုက်တယ်၊ လက်ဆောင်သွားပေးတာလား မသိဘူး"

အဘွားကြီးကျောက် ပြောလိုက်သည်။ ဆက်လက်၍လည်း

"ကျောက်ရုံကတော့ ငါအလုပ်ဆင်းကတည်းက ပြန်မလာသေးဘူး၊ ယွမ်ရှောင်ချွေကတော့ ဂိတ်ဝမှာ ငါးပတ်လောက်ရှိပြီ ပတ်နေတာ"

"လီလင်းလင်းကတော့ ငိုထားပုံပဲ၊ နှာခေါင်းတွေ မျက်လုံးတွေတောင် ရဲနေတာ"

သူမသည် လူတိုင်း၏ အခြေအနေကို သိရှိနေလေ၏။

"ရှင့်နဲ့ လူတိုင်းအကြောင်း အကုန်သိနေတာပဲနော်"

ချန်ချင်းယွီ ခနဲ့လိုက်မိလေသည်။

အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး ပြောလိုက်၏။

"ဒါပေါ့.. ငါက ဘယ်သူလဲဆိုတာ နင်မသိဘူးလား။ ငါက ဒီလမ်းထဲမှာ အရာရာကို သိတဲ့သူပဲ။ ဘယ်အရာမှ ငါ့မျက်စိကို မလွတ်စေရဘူး"

ယောက္ခမနှင့် ချွေးမ စကားပြောနေစဉ်အတွင်း တံခါးဝမှ အသံတစ်ခု ကြားလိုက်ရသည်။

"ရှောင်ချန်၊ အိမ်မှာ ရှိလား။"

"ရှိပါတယ်"

ချန်ချင်းယွီ ပြန်ဖြေလိုက်၍။

သူမ အမြန်ထွက်လာသည့်အခါ အဒေါ်ကြီးမေ့မှာ ကြက်ခြင်းတစ်လုံးကို မလာရင်း

"ကြည့်ပါဦး၊ ဘယ်လိုနေလဲလို့"

"ဟေး၊ တော်တော်လေး ကောင်းတာပဲ"

ချန်ချင်းယွီ ချီးကျူးလိုက်မိသည်။

အဒေါ်ကြီးမေ့ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ဝမ်းသာအားရ ဆိုလိုက်၏။

"ညည်းကြိုက်တယ်ဆိုရင်ပဲ တော်ပါပြီ။ မကြိုက်မှာကို ငါက စိုးရိမ်နေတာ။ ငါ့သားက ဒီနေ့ နေ့လယ် အားတာနဲ့ ရွာဘက်က သူ့အဘိုးဆီသွားပြီး တစ်ခု ရက်ခိုင်းထားတာလေ။ သူ အဲ့ဒီမှာ စောင့်နေပြီး အခု ငါတို့နဲ့အတူ ခြင်းကို ပြန်ယူလာမှာ။ မကောင်းဘူးလား"

"ကောင်းတာပေါ့.. ကျေးဇူးတင်ပါတယ်ရှင်.. ဒါနဲ့ စက်ရုံက လူခေါ်နေတယ်နော်၊ ဒေါ်လေးသားလည်း ဒီတစ်ခေါက် လျှောက်မှာလား..."

အဒေါ်ကြီးမေ့ လက်ကာပြရင်း ဆိုလိုက်သည်။

"ငါ့ကိစ္စတော့ မဟုတ်ပါဘူးအေ၊ ငါ့သားက အရည်အချင်းမမီဘူးလေ။ အခုကြားထားတာက အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ရမယ်တဲ့၊ ငါ့ကောင်က အသက်မပြည့်သေးဘူး၊ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ။ တကယ်တမ်း အသက်နဲ့တွက်ရင် ဆယ့်ငါးနှစ်ပဲ ရှိဦးမှာ။ ဒီတစ်ခေါက် အလုပ်ခေါ်စာထဲမှာတော့ ဒါကို အတိအကျ ထည့်မပြောထားလို့ အသက်ကန့်သတ်ချက်ကို သိပ်ပြီး တင်းတင်းကျပ်ကျပ် လုပ်မှာမဟုတ်ဘူး ထင်ပေမဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ အရွယ်မရောက်သေးပါဘူးအေ"

သူမ၏ မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။

အမှန်စင်စစ် သူမသည်လည်း မိမိသားကို ကျေးလက်သို့ မသွားစေလိုပေ။ အကယ်၍ အလုပ်အကိုင်စောစောရမည်ဆိုလျှင်အထက်တန်းကျောင်း မတက်ရလျှင်ပင် သူမ စိတ်မရှိပေ။

မည်သို့ပင်ဖြစ်စေ၊ အလုပ်ရလျှင် ရက်အနည်းငယ်ခြားတစ်ခါ အားလပ်ရက် ရနိုင်သည်။

သို့သော် သူမသား၏ အသက်မပြည့်သေးခြင်းမှာ အခက်အခဲ ဖြစ်နေ၏။

"ဒီတစ်ခေါက်တော့ ငါ့မိသားစုအတွက် အခွင့်အရေး မရှိတော့ပါဘူး"

အဒေါ်ကြီးမေ့ ညည်းညူလိုက်၏။

ချန်ချင်းယွီ နှစ်သိမ့်ပေးလိုက်လေသည်။

"နောင်လည်း အခွင့်အရေးတွေ ရှိလာမှာပါဒေါ်လေးရယ်။ ဒီတစ်ခေါက်တောင် အလုပ်သမားတွေ ခေါ်နိုင်သေးတာပဲ၊ နောက်တစ်ခေါက်လည်း ခေါ်ရင်ခေါ်ဦးမှာပေါ့"

"အေးပါအေ၊ ငါလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်။ ငါ့သားကို ကျေးလက်တွေဘာတွေ မသွားစေချင်ဘူး၊ အဲ့ဒီမှာက အတော်ရုန်းကန်ရတာ။"

မြို့ပေါ်တွင်လည်း ဆင်းရဲသည့် မိသားစုများ ရှိသော်လည်း ၎င်းတို့မှာ လယ်ယာလုပ်ငန်းကို တစ်ခါမျှ မလုပ်ဖူးကြပေ။ လယ်လုင်ငန်းဆိုသည်မှာ အင်မတန် ပင်ပန်းဆင်းရဲလှ၏။

"ငါ့သားကို ဒုက္ခမရောက်စေချင်ရုံပါပဲအေ။"

သူမသည် စကားကို ခဏရပ်လိုက်ပြီးနောက် အသံကိုနှိမ့်ကာ ခပ်တိုးတိုး ပြောပြလေသည်။

"ဟေ့... သိလား၊ လီလင်းလင်းတစ်ယောက် အိမ်မှာ ငိုလိုက်တာ မျက်ရည်တောင် မစဲဘူး"

ချန်ချင်းယွီမှာလည်း စူးစမ်းလိုစိတ်ဖြင့် အနားသို့ တိုးကပ်သွားပြီး မေးလိုက်မိ၏။

"ဘာလို့လဲ ဒေါ်လေး"

အဒေါ်ကြီးမေ့မှာ ‘တွေ့လား... ငါက သတင်းအစုံဆုံးပဲ မဟုတ်လား’ ဟူသော မျက်နှာပေးဖြင့် ကျေနပ်စွာ တွေးနေလေသည်။

ထိုဝင်းအတွင်းရှိ လူတိုင်းသည် မိမိကိုယ်မိမိသာ သတင်းအစုံဆုံးဟု ထင်မှတ်နေကြ၏။

"ငါကြားတာတော့ ဒီတစ်ခေါက် အလုပ်နေရာ အများစုက အထက်တန်းအောင်တဲ့သူတွေကိုပဲ ခေါ်မှာတဲ့၊ ဒါပေမဲ့ လီလင်းလင်းက အလယ်တန်းပဲ ပြီးထားတာလေ။ အဲ့ဒါ စိတ်မပျက်စရာလားအေ။ ယွမ်ရှောင်ချွေဆိုလည်း နောက်ဖေးပြတင်းပေါက်ကနေ အိမ်မှာ ငိုနေတာ ငါကြားခဲ့သေးတယ်။ သူက အလယ်တန်းတောင် ကောင်းကောင်းမပြီးခဲ့ဘူး။ အလယ်တန်းအောင် လက်မှတ်ရှိတယ်ဆိုပေမဲ့လည်း စာမှ ကောင်းကောင်းမသင်ခဲ့တာ။ ဒီတစ်ခေါက် စက်ရုံက စာမေးပွဲစစ်မှာဆိုတော့ သူ့ရဲ့ ကရော်ချော်မယ်အရည်အချင်းနဲ့ ဘယ်လိုလုပ် အောင်မှာလဲ။ အဲ့ဒါကြောင့် အိမ်မှာ ငိုနေတာပေါ့။"

"ဟင်... အထက်တန်းအောင်မှ ခေါ်တာလား။ အဲ့ဒါဆို အလယ်တန်းအောင်တဲ့သူတွေက အခွင့်အရေး မရှိတော့ဘူးပေါ့ ဟုတ်လား"

ချန်ချင်းယွီ အံ့ဩသင့်စွာ မေးလိုက်သည်။

"ပန်းပဲအလုပ်ရုံကတော့ အလယ်တန်းအောင်ရင် လက်ခံတယ်လို့ ကြားတာပဲ၊ ဒါပေမဲ့ အဲ့ဒီနေရာက ယောကျ်ားလေးတွေပဲ ခေါ်တာလေ။ တူကြီးတွေ ဘာတွေ မရတာဆိုတော့ မိန်းကလေးတွေ ဘယ်လုပ်နိုင်ပါ့မလဲ။ အသေးစိတ်တော့ မသိရသေးပေမဲ့ သူတို့အတွက်တော့ တော်တော်ခက်ခဲလိမ့်မယ်လို့ ငါထင်တယ်"

စက်ရုံရှိ အချို့သော အလုပ်နေရာများတွင် ယောကျ်ားလေးများကိုသာ အဘယ်ကြောင့် လိုအပ်သည်ကို ချန်ချင်းယွီ နားလည်၏။ ၎င်းမှာ အထည်ချုပ်စက်ရုံများတွင် ယောကျ်ားလေးများကို ရှားရှားပါးပါးသာ ခန့်အပ်ပြီး မိန်းကလေးများကိုသာ အဓိကခန့်အပ်သည့် သဘောနှင့် ဆင်တူလေသည်။ အလုပ်၏ သဘာဝကြောင့်ပင် ဖြစ်၏။ ၎င်းတို့၏ စက်မှုစက်ရုံမှာ ပင်ပန်းကြီးလေးသည့် အလုပ်များ များပြားသဖြင့် အမျိုးသမီးဝန်ထမ်း အလွန်နည်းပါးလေသည်။

အဒေါ်ကြီးမေ့ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သိချင်စိတ်ဖြင့် စပ်စုလိုက်၏။

“ရှောင်ချန် ညည်းကော အလုပ်လျှောက်မှာလား"

ချန်ချင်းယွီ ပြုံးလိုက်ပြီး ငြင်းဆိုလိုက်သည်။

"မလျှောက်တော့ပါဘူး ဒေါ်လေးရယ်၊ ကျွန်မ အလုပ်သွားရင် ကလေးတွေကို ဘယ်သူ ကြည့်ပေးမလဲ"

"ဪ... အေးပါလေ၊ ညည်းကတော့ ကလေးတွေအပေါ် တကယ် စိတ်နှစ်ထားတာပဲ။"

"ဒါပေါ့ဒေါ်လေးရဲ့၊ ကိုယ့်ကလေးတွေပဲဥစ္စာ၊ သူတို့ကို ကောင်းကောင်းထားရမှာပေါ့။ ကိုယ့်ကလေးအတွက် မပူပန်တဲ့ မိဘရယ်လို့ ရှိမလား"

"အေးပါအေ၊ လူတိုင်းလည်း ဒီလိုပါပဲ။ ဒါနဲ့ ညည်းပြင်ခိုင်းထားတဲ့ အဝတ်အစားတွေကိုတော့ ဒီရက်ပိုင်းအတွင်း အမြန်ဆုံး ပြီးအောင် လုပ်ပေးမယ်၊ စိတ်မပူနဲ့ဦးနော်"

“ရပါတယ် ဒေါ်လေးမေ့ရဲ့”

ချန်ချင်းယွီ အလျင်မလိုကြောင်း ပြောပြလိုက်၏။

အဒေါ်ကြီးမေ့သည် အလျင်အမြန်ပင် ထွက်ခွာသွားလေသည်။ ကြက်ခြင်းကို ကြည့်နေသော အဘွားကြီးကျောက်မှာ သေချာစွာ စစ်ဆေးပြီးနောက် ချီးမွမ်းစကားဆိုလိုက်၏။

"ညည်းသိလား၊ ဒီဥစ္စာက..."

"လက်ရာတော့ တော်တော်လေး ကောင်းသားပဲ"

"ဟုတ်တယ်၊ ကြက်နဲ့ အဆင်ပြေပါ့မလားတော့ မသိဘူး"

ချန်ချင်းယွီ ပြန်ပြောလိုက်သည်။

အဘွားကြီးကျောက် အသံကို နှိမ့်

လိုက်ပြီး မေးခွန်းထုတ်လိုက်၏။

"ညည်းသိတဲ့အတိုင်း အခုက အကုန်လုံး ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေတာ။ စက်ရုံက ရုတ်တရက်ကြီး အလုပ်ခေါ်တော့ ငါက ညည်းအဝတ်ချုပ်တဲ့ ကိစ္စကို သွားသတင်းလွှင့်ရင် စကားတွေက ဟိုရောက်ဒီရောက်နဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တော့မှာ။ ညည်း ဘယ်လိုလုပ်စေချင်လဲ"

"သူတို့ကိုပဲ စောင့်ကြည့်ထားလိုက်ပါ၊ အခွင့်အရေးရရင် ချဲယုံဖုန်းပဲဖြစ်ဖြစ်၊ လီတာ့ရှန်းပဲဖြစ်ဖြစ် သူတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့အောင် ဖန်တီးပြီးမှ ကျွန်မတို့ စီစဉ်ထားတဲ့အတိုင်း သတင်းလွှင့်လိုက်ပါ။ အမေက သူတို့နဲ့ တကူးတက သွားစကားပြောနေဖို့ မလိုဘူး၊ သူတို့ ကြားသွားရုံဆိုရင် ရပြီ"

“အေးပါ အေးပါ”

အဘွားကြီးကျောက် သဘောတူလိုက်လေသည်။

သူတို့နှစ်ဦးမှာ ကြိုတင်သဘောတူထားပြီးဖြစ်ရာ အလုပ်ခေါ်ယူသည့် ကိစ္စကြောင့် မည်သည့်အရာမျှ ပြောင်းလဲသွားမည်မဟုတ်ပေ။ အကြောင်းမှာ ထိုအလုပ်ခေါ်ယူမှုသည် မိမိတို့မိသားစုနှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့်ပင်။

ထိုည၌ လူအမြောက်အမြားမှာ သန်းခေါင်တိုင်အောင် မီးမပိတ်နိုင်ဘဲ ရှိနေကြသော်လည်း အဘွားကြီးကျောက်မှာမူ ထုံးစံအတိုင်းပင် အိပ်ရာထချိန်တွင် တက်ကြွလျက် ရှိနေ၏။ နောက်တစ်နေ့ နံနက်စောစော စားသောက်ဆောင်သို့ သူမ ရောက်ရှိသွားပြီး စကားဝိုင်းမှာ မလွဲမသွေပင် အလုပ်ခေါ်ယူသည့် အကြောင်းသို့ ရောက်ရှိသွားတော့သည်။

"ဒီတစ်ခေါက်တော့ အချိန်တွေ အများကြီး ပေးထားတာပဲ.. စာလေ့လာဖို့ တစ်လလုံးလုံးတောင် အချိန်ရတယ်နော်.. ငါ့သားတုန်းကတော့ စာမေးပွဲက သုံးရက်ပဲ ကြာတာ… စာရင်းသွင်းဖို့ တစ်ရက်၊ စာမေးပွဲဖြေဖို့ သုံးရက်… ရင်တုန်လိုက်ရတာလည်း မပြောပါနဲ့တော့.. ဒါပေမဲ့ ငါ့သားက တော်တဲ့ကလေးဆိုတော့ ငါတို့ကို မျက်နှာမပျက်စေခဲ့ပါဘူး။ ကြည့်လေ... သူ တကယ့်ကို ထူးထူးချွန်ချွန် လုပ်နိုင်ခဲ့တာ။ သူသာ စာမေးပွဲ မအောင်ခဲ့ရင် ငါလည်း ဒီအလုပ်ကို ရမှာ မဟုတ်ဘူး.."

အဘွားကြီးကျောက် အားရပါးရ ပြောလေသည်။

အမှန်အတိုင်း ပြောရလျှင် မီးဖိုချောင်တွင် အလုပ်လုပ်ရသည်မှာ ထင်သလောက် မပင်ပန်းလှပေ။ အိမ်တွင် လုပ်နေကျ အလုပ်များသာ ဖြစ်ပြီး ဤနေရာတွင် လူဦးရေ ထူထပ်လှသဖြင့် အတင်းအဖျင်း စကားများလည်း ပေါများသည်။ ဝင်းအကြီးကြီးတစ်ခုတွင်ပင် စကားများတတ်ကြရာ ယခုကဲ့သို့ ဝန်ထမ်းသောင်းချီရှိသော စက်ရုံကြီးတွင်မူ ဆိုဖွယ်ရာ မရှိတော့ပေ။

အဘွားကြီးကျောက်မှာမူ ဤပတ်ဝန်းကျင်တွင် အလွန်ပင် ပျော်ပိုက်နေလေ၏။

လူဟူသည်မှာ အလုပ်လုပ်ရန် လိုအပ်သည်ဟု ဆိုရပေမည်။ အဘွားကြီးကျောက် အလုပ်စဝင်ချိန်မှစ၍ သူမ၏ ခွန်အားနှင့် စိတ်ဓာတ်များမှာ သိသိသာသာ ပြောင်းလဲသွားသည်ဟု ခံစားနေရသည်။

“ငါ့သားက ကံဆိုးရှာပါတယ်၊ ငါတို့ကို စောစောစီးစီး ထားသွားခဲ့တာ။ ဒါပေမဲ့ သူဆုံးသွားရင်တောင် ငါတို့အတွက် လမ်းစလေး ချန်ပေးခဲ့သေးတယ်။ သူ့အမေ ငါ့အနေနဲ့တော့ အိုစာမင်းစာအတွက် ဒီအလုပ်ကိုပဲ အားကိုးရမှာပဲ။”

“ဟဲ့... ညည်းမှာ ချွေးမကော၊ မြေးတွေကော ရှိတာပဲ မဟုတ်လား။ ဘာလဲ... သူတို့ကို အားမကိုးဘူးလား။”

"သူက အလုပ်မှ မလုပ်တာ၊ ငါက ဘယ်လိုလုပ် အားကိုးလို့ ရမှာလဲအေ။ ငါ့မြေးကလည်း အခုမှ သုံးနှစ်ပဲ ရှိသေးတာ၊ သူတို့ လူလားမြောက်တဲ့အထိ ငါက ဘယ် စောင့်နိုင်ပါ့မလဲ။ ပြီးတော့ ငါ့ချွေးမကလည်း သိပ်ပြီး အရည်အချင်းရှိတာ မဟုတ်ဘူး။ ဟင်းချက်တာလောက်တော့ အဆင်ပြေပေမဲ့ အိမ်ထောင်မှုကို မစီမံတတ်ဘူးအေ။ အချို့ကိစ္စတွေမှာဆို တကယ့်ကို နုံအတာ။ ငါ့သား ကျန့်ဝမ်လည်း မရှိတော့ဘူး မဟုတ်လား။ ဒါနဲ့ ကျန့်ဝမ်ရဲ့ အဝတ်တွေကို ကလေးအတွက် ပြန်ပြင်ချုပ်ခိုင်းမလို့ ကြံကာရှိသေးတယ်၊ သူက အိမ်နီးနားချင်းဆီ သွားပြင်ခိုင်းတယ်အေ။ သူကတော့ ဘာမှကို မလုပ်တတ်ဘူး"

အဘွားကြီးကျောက် ပြောပြလိုက်၏။

“ဒီဘက်ခေတ် မိန်းမငယ်လေးတွေက ငါတို့တုန်းကလို မဟုတ်ဘူးအေ။ ငါတို့ ငယ်ငယ်တုန်းကဆို ဘာမဆို လုပ်နိုင်တာ။”

“ဟုတ်ပါ့အေ... အဲ့ဒါတော့ မှန်တယ်...”

မီးဖိုချောင်ရှိ လူတိုင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီး ထိုနေ့နံနက်တွင် အချို့သော အလုပ်သမားများမှာလည်း မနက်စာ လာရောက်စားသောက်ကြသည်။

သို့သော် ၎င်းသည် သူတို့၏ စကားလက်ဆုံပြောဆိုမှုကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ စကားပြောသည်မှာ ပါးစပ်ဖြင့် ပြောခြင်းဖြစ်ပြီး လက်ဖြင့် လုပ်သည်မဟုတ်ရာ အလုပ်ကိုလည်း တစ်စုံတစ်ရာ ထိခိုက်မှု မရှိစေခဲ့ပေ။

"ဒေါ်ကြီးကျောက်၊ ပေါက်စီလေးတွေ ထုတ်ပေးလို့ ရမလား"

"အေး... ရတယ်"

အဘွားကြီးကျောက် ပြန်ဖြေလိုက်၏။

သူမသည် အစားအသောက် ခူးခပ်ပေးရသည့် တာဝန် မဟုတ်သော်လည်း ထိုတာဝန်ကို လုပ်ရသူများကိုမူ အားကျမိသည်။

သူတို့မှာ သူတစ်ပါးအတွက် ဟင်းခပ်ဇွန်းကို ဟိုဘက်ဒီဘက် လှန်ပေးနိုင်ကြသည်။

(အရှေ့မှာလဲ ရေးပေးထားပါတယ် အဓိပ္ပာယ်က ခင်တဲ့သူဆို ဇွန်းအပြည့်ထည့်ပြီး အမြင်ကတ်တဲ့သူဆို ဇွန်းကို ဟိုခါဒီယမ်းလုပ်ပြီး အပြည့်ထည့်မပေးတာပါ)

ဘယ်လောက်တောင် ခန့်ညားလိုက်သလဲ..

အဘွားကြီးကျောက်မှာ တော်တော်လေး အားကျနေမိသဖြင့် ပြတင်းပေါက်ဘက်သို့ ခဏခဏ လှမ်းကြည့်နေမိ၏။ သို့သော် သူမကိုယ်သူမ တော်တော်လေး ကံကောင်းသည်ဟု ဝန်ခံရပေမည်။ သူမ တစ်စုံတစ်ယောက်ကို ရှာဖွေရန် ကြံရွယ်နေစဉ်မှာပင် မမျှော်လင့်ဘဲ လီတာ့ရှန်းမှာ မနက်စာ လာစားပြီး တန်းစီနေသည်ကို တွေ့လိုက်ရ၏။

အတိတ်မှဆိုလျှင် သူမ မနှစ်သက်သောသူတစ်ယောက်ကို တွေ့လျှင် ပြတင်းပေါက်ရှိ ရှောင်ချင်းကို ရှာ၍ ဟင်းခပ်ဇွန်းကို လှန်ခိုင်းလိုက်မည်သာ ဖြစ်သည်။

ဟွန်း... သူမက စားသောက်ဆောင်ရဲ့ အတင်းအဖျင်း ဘုရင်မလေ..

သို့သော် လီတာ့ရှန်းကို မြင်သည့်အခါ၌မူ သူမက မသိသည့်နှယ်ဟန်ဆောင်နေလိုက်သည်။ အင်း... သူမအနေနှင့် သူမချွေးမ၏ ကိစ္စရပ်များကို ဝင်ရောက်မနှောင့်ယှက်သင့်ပေ။

‘ဟွန်း... ဟင်းခပ်ဇွန်း လှန်ပေးတာလောက်ကတော့ ဘာမှ မဟုတ်ပါဘူး၊ ချန်ချင်းယွီရဲ့ ကစားအကွက်တွေကမှ သူ့ကို သေအောင် လန့်သွားစေမှာပါ..’

အဘွားကြီးကျောက် မျက်လုံးလေး ကလယ်ကလယ် လုပ်ရင်း စကားစလိုက်လေသည်။

"ရှောင်ချင်း၊ ဝါဂွမ်းလက်မှတ်တွေကို ဝါဂွမ်းနဲ့ လဲချင်တဲ့ မိသားစုတွေအကြောင်း မင်း သိသလားအေ၊ သူတို့မှာ မလိုအပ်တော့လို့ ပိုနေတာမျိုးလေ"

"မရှိပါဘူးအဒေါ်ကြီးရဲ့၊ များသောအားဖြင့်တော့ သူတို့ဘာသာ သိမ်းထားကြတာပဲ။ အဒေါ်ကြီးက ဝါဂွမ်းရချင်လို့လား"

"ဟုတ်တယ်အေ၊ ငါ့သား ကျန့်ဝမ် ဆုံးသွားတော့ သူ့အဝတ်တွေကို ငါ ပြန်ပြင်ချုပ်ခိုင်းလိုက်တယ်။ အခုတော့ အကုန် ခြောက်သွားပြီဆိုတော့ ကလေးတွေအတွက် ဂွမ်းခံအင်္ကျီ နောက်တစ်ထည် ထပ်ချုပ်ပေးမလို့ ဝါဂွမ်းလေး ဘာလေး ရမလားလို့ပါ"

"ဒါက ပြင်ဖို့ မလွယ်ဘူးနော်။ အစားထိုးဖို့ ရဖို့ကလည်း ခဲယဉ်းတယ်။ ညည်းသား လင်းကျန့်ဝမ်အတွက်တော့ တကယ် နှမြောဖို့ ကောင်းတာပဲ။ သူက စက်ရုံက နောက်ဆုံး ခေါ်ခဲ့တဲ့ လူတွေထဲက တစ်ယောက် မဟုတ်လား။"

ဘေးနားရှိ အဘွားကြီးတစ်ယောက်မှာ ဝင်ပြောလိုက်၏။

"ဟုတ်တယ်အေ၊ သူက တကယ့်ကို အရည်အချင်းရှိတာ။ စာသင်တာကော စာမေးပွဲဖြေတာကော တော်မှတော်။ စာမေးပွဲဖြေဖို့ သုံးရက်ပဲ အချိန်ရတာတောင် သူက အောင်အောင် ဖြေနိုင်ခဲ့တာလေ။ ငါ အမြဲပြောသလိုပဲ သူက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတာ၊ အချို့လူတွေလို နှစ်ပေါင်းသောင်းချီ သင်နေလည်း ငါ့သား တစ်ပတ်သင်တာကို မမီနိုင်ပါဘူး။ အဲ့ဒါ ဘာလဲဆိုတော့ မျိုးရိုးဗီဇလေ။ သူက ငါ့ရဲ့ ထက်မြက်မှုကို ဆက်ခံခဲ့တာ။ ငါက အချိန်အခါ မကောင်းလို့သာပေါ့၊ မဟုတ်ရင် ငါလည်း တက္ကသိုလ် တက်နိုင်တာပဲ။ အဲ့ဒီတုန်းက ငါက ဆင်းရဲလွန်းလို့ စာမသင်နိုင်ခဲ့တာ။ ဒါပေမဲ့ ကြည့်လေ... ငါ့သားက ငါ့လိုပဲ ထက်မြက်တယ်။ နှမြောဖို့ ကောင်းတာက... ဟို စကားပုံ ရှိတယ် မဟုတ်လား၊ 'ကောင်းကင်က ပါရမီရှင်တွေကို မနာလိုဖြစ်တယ်' ဆိုတာလေ။ ငါ့ရဲ့ တော်လှတဲ့ သားလေးက ဒီလိုပဲ ထွက်သွားရတယ်"

အဘွားကြီးကျောက် ကြွားလုံးထုတ် မြည်တမ်းလိုက်သည်။

"မဝမ်းနည်းပါနဲ့ အဒေါ်ကြီးရယ်။"

“ဘယ်လိုလုပ် ရင်မကွဲဘဲ နေမလဲအေ။ ငါ့သားက အရွယ်ကောင်းတုန်း ရှိသေးတာ။ ဘယ်လိုတွေ တွေးပြီး ဒီအတိုင်း ထွက်သွားရတာလဲ မသိဘူး။ သူ့အမေအိုကြီးကိုလည်း မငဲ့ဘူး၊ အိမ်က ငယ်ငယ်လေးတွေရှိတဲ့ ကလေးတွေကိုလည်း မထောက်ဘူး။ သူ ဘယ်လိုများ စိတ်အေးလက်အေး ရှိနိုင်ပါ့မလဲ။”

သူမသည် လီတာ့ရှန်း၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ နောက်ထပ် စကားများ ပြောရန် ပြင်နေစဉ်မှာပင် စားဖိုမှူးမှ “အဒေါ်ကြီးကျောက်... အဒေါ်ကြီးကျောက်...” ဟု လှမ်းခေါ်သံ ကြားလိုက်ရ၏။

“လာပြီ၊ လာပြီ”

အဘွားကြီးကျောက် ကပျာကယာဖြင့် ပြန်ထူးလိုက်လေသည်။

ပါးစပ်မှလည်း “ခက်လိုက်တာအေ၊ စကား နှစ်ခွန်းပြောတိုင်း လှမ်းခေါ်နေတော့တာပဲ။ ခေါ်နေတာ၊ ခေါ်နေတာ... လာပါပြီဆိုမှ” ဟု တတွတ်တွတ် ရေရွတ်ရင်း ထွက်သွားလေ၏။

အဘွားကြီးကျောက်သည် တတွတ်တွတ်ရေရွတ်ရင်း ထွက်ခွာသွားသော်လည်း မထွက်ခွာမီ နောက်ဆုံးတစ်ချက် လှည့်ကြည့်လိုက်သေးသည်။ ယခုမူ လီတာ့ရှန်း၏ အလှည့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူသည် အတွေးလွန်နေဆဲဖြစ်ရာ ဘေးလူများမှ "ဟေ့လူကြီး လီ... မြန်မြန်လုပ်ပါဦး.." ဟု တိုက်တွန်းနေကြ၏။

"မြန်မြန်လုပ်ဗျ၊ မစားဘူးဆိုရင်လည်း နေရာမပိတ်ထားနဲ့။"

လီတာရှန်းမှာ "ပေါက်စီ နှစ်လုံးပေးပါ" ဟု အလျင်အမြန် ပြောလိုက်သည်။

သူသည် ချဉ်ဖတ်ကိုပင် မယူတော့ဘဲ ငေးငိုင်နေ၏။

အဘွားကြီးကျောက်သည် နှာတစ်ချက်မှုတ်ကာ အတွင်းသို့ဝင်၍ အလုပ်ကို အမြန်ပြန်စလေသည်။

"အဒေါ်ကြီးကျောက်... အဒေါ်ကြီးစွန်းနဲ့အတူ ဒီအကြွင်းအကျန်ပုံးကို တံခါးဝဆီ မထုတ်ပေးပါဦး။ ရာသီဥတုက ပူလာပြီဆိုတော့ အတွင်းမှာထားရင် အနံ့အသက်မကောင်းသလို သန့်ရှင်းရေးလည်း မရှိဘူး။"

"အေး... ရတယ်.."

အဘွားကြီးကျောက်နှင့် အဘွားကြီးစွန်းတို့သည် ပုံးကို အတူတူမသွားကြသည်။ ၎င်းမှာ အလွန်အမင်း မလေးလံလှပေ။

"အို... ကောင်းကင်ကြီးရဲ့.. မတရားလိုက်တာ.. ငါ့သားလေး သေသွားပြီ.. အီး... ဟီး... ကောင်းကင်ကြီးရဲ့.."

ရုတ်တရက် ငိုကြွေးသံတစ်ရပ် ပေါ်ထွက်လာ၏။ အဘွားကြီးကျောက်နှင့် အဘွားကြီးစွန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အသံလာရာဘက်သို့ ပြေးသွားကြသည်။ ထိုနေရာတွင် လူအချို့လည်း စုရုံးရောက်ရှိနေကြပြီ ဖြစ်၏။

ဪ..

အဘွားကြီးကျောက်သည် ၎င်းတို့ကို မှတ်မိသွားသည်။

လူအုပ်ကြား၌ အဆွဲခံထားရသူမှာ ဝန်ထမ်းရေးရာဌာနမှ ဌာနခွဲမှူး ဝမ် ဖြစ်ပြီး သူ့ကို ဆွဲထားသူမှာ ခေါင်းကြီးကိုယ်ထည်ကြီးနှင့် ဝဖိုင့်နေသော အဘွားကြီးတစ်ဦး ဖြစ်၏။ သူမသည် ဌာနခွဲမှူးဝမ်ကို အတင်းဖက်တွယ်ထားလေသည်။

"ငါ့သားက စက်ရုံကြောင့် သေသွားရတာ။ နင်တို့ ငါ့မိသားစုကို ရှင်းပြချက်ပေးရမယ်။ အခု စက်ရုံက လူတွေခေါ်နေတယ်ဆိုတော့ ငါ့ရဲ့ တတိယသားနဲ့ စတုတ္ထသားကို အလုပ်ရအောင် လုပ်ပေးရမယ်၊ မရမက လုပ်ပေးရမှာ။ မဟုတ်ရင် ငါ ဒီနေရာကနေ မထဘူး.."

သူမသည် ထိုနေရာ၌ပင် လှဲချလိုက်ပြီး ဌာနခွဲမှူး ဝမ်၏ ခြေထောက်ကို ဖက်ထားတော့သည်။

ဌာနခွဲမှူး ဝမ်မှာ အလွန်ဒေါသထွက်နေပြီး အော်ဟစ်ပြောဆိုလိုက်၏။

"ဒါတွေက စက်ရုံခေါင်းဆောင်တွေ ကိုင်တွယ်တဲ့ကိစ္စတွေလေ။ အဒေါ်က ကျွန်တော့်ဆီ လာနေလို့ ဘာထူးမှာလဲ"

"ငါ ဂရုမစိုက်ဘူး၊ ငါက နင့်တစ်ယောက်ပဲ သိတယ်။ ငါ့သားကြီးကို အလုပ်သွင်းပေးတာလည်း နင်ပဲ။ အခု ဒါကို ရှင်းပေးရမယ်၊ မဟုတ်ရင် ငါမပြန်ဘူး.. နင်တို့လို ကောင်တွေ... အကုန်လုံး လာကြည့်ကြပါဦးရှင်၊ စက်ရုံက လူသားစားနေပါပြီ.. (စက်ရုံကြောင့် လူခဏခဏသေတာကိုပြောချင်တာပါ) ခေါင်းဆောင်တွေက ငါတို့ကို နှိပ်စက်နေတာ... ငါတို့လို ဆင်းရဲသားတွေမှာ ခက်ခဲလိုက်

တာ.."

ထိုအဘွားကြီး အော်ဟစ်နေလေသည်။

အဘွားကြီးကျောက်မှာ ရေရွတ်လိုက်မိလေ၏။

"ဝါး... ငါ့ထက်တောင် ကြမ်းတဲ့သူ ရှိပါသေးလား"

"ဟဲ့... စကားပုံတောင် ရှိတယ် မဟုတ်လား၊ 'မျိုးဆက်သစ်တွေက အဟောင်းတွေကို ကျော်တက်သွားတယ်' ဆိုတာလေ။ ဒီပါရမီရှင်ကိုသာ ကြည့်တော့"

အဘွားကြီးစွန်း၏ မှတ်ချက်ကို

အဘွားကြီးကျောက်က နှာခေါင်းရှုံ့ကာ "ဘာဖြစ်တာလဲအေ" ဟု မေးလိုက်သည်။

"ညည်း ဒါကို မသိဘူးလား။ အဲ့ဒါဆိုရင်တော့ ညည်းရဲ့ သတင်းက ငါ့ထက် နှေးနေပြီ။ ဒီအဘွားကြီးရဲ့ သားက ဒုတိယစက်ရုံမှူး ဟယ် ရဲ့ ဒရိုင်ဘာလေ။ အဲ့ဒီလူက ခေါင်းဆောင်တွေ ကားမသုံးတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကားကို ခိုးမောင်းသွားပြီး သူ့ရည်းစားကို ကြွားတာပေါ့။ အဲ့ဒီမှာ သူ့ရည်းစားကို နှောင့်ယှက်တဲ့သူနဲ့ တွေ့ပြီး ရန်ဖြစ်ရင်း ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရတာလေ။ မခံနိုင်ဘဲ သေသွားတာ။ ဒါက မနှစ်က နှစ်ကုန်ပိုင်းလောက်က ဖြစ်တာ။ သူက ညည်းထက်တောင် စက်ရုံကို စောရောက်တာ။ စက်ရုံကားကို ခွင့်ပြုချက်မရှိဘဲ သုံးတာက မှားပေမဲ့ သူဆုံးသွားပြီဆိုတော့ စက်ရုံက သူ့မိသားစုထဲက တစ်ယောက်ကို အစားထိုး အလုပ်ဝင်ခွင့် ပေးခဲ့တာပေါ့။ အဲ့ဒီတုန်းကတော့ စက်ရုံခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမှုကို ငိုယိုပြီး ချီးကျူးနေတာပဲ။ အခု ဘာလို့ ဒီကို ပြန်ရောက်လာတာလဲ မသိဘူး"

"ဘာရှိရမှာလဲအေ၊ အခု စက်ရုံက လူတွေ ထပ်ခေါ်နေတာ မြင်လို့ပေါ့။ သူက အလုပ်နှစ်နေရာ လိုချင်နေတာလေ။"

"သူကတော့ တကယ်ကို အရှက်မရှိတာပဲ"

အဘွားကြီးကျောက် ခါးထောက်ကာ အသံကျယ်ကြီးဖြင့် ပြောလိုက်၏။

"ငါ့သားက စက်ရုံမှာ သူခိုးဖမ်းရင်း သေသွားတာတောင် ငါ့မိသားစုက အပိုအလုပ်တစ်နေရာ ထပ်မတောင်းခဲ့ဘူး။ သူတို့က ကိုယ်တိုင်မှားထားတာကိုတောင် အခုလို ဆူဆူပူပူ လုပ်လို့ အလုပ်နှစ်နေရာ ရမယ်ဆိုရင် ငါလည်း နေ့တိုင်း စက်ရုံရှေ့ လာပြီး သောင်းကျန်းနေမှာပေါ့။ ဒါက အော်တဲ့သူ အခွင့်အရေး ရမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာလား"

လူတိုင်း ထိုအချက်ကို စဉ်းစားကြည့်ပြီး မှန်ကန်ကြောင်း လက်ခံလိုက်ကြလေသည်။

‘စက်ရုံအတွက် အသက်ပေးပြီး အနစ်နာခံ ကာကွယ်ပေးခဲ့တဲ့ သူတွေကတောင် အပိုအလုပ်နေရာကို မတောင်းဘူး ဒီခေါင်းကြီးကိုယ်ကြီး ဖက်တီးအဘွားကြီးက ဘာကိစ္စ တောင်းနေရတာလဲ အတင့်ရဲလှချည်လား..’

‘ဧကန္တတော့ ထူးခြားတဲ့ ရုပ်ရည်ကြီးအားကိုးပြီး အတင့်ရဲနေတာလား..’

ဌာနခွဲမှူး ဝမ်သည်လည်း အလုပ်နေရာများကို အလွယ်တကူ ပေးနိုင်သူ မဟုတ်ပေ။ ၎င်းမှာ သူကဲ့သို့သော ရာထူးအဆင့်အတန်းဖြင့် ဆောင်ရွက်နိုင်သည့် ကိစ္စမျိုး မဟုတ်ဘဲ စက်ရုံမှူးနှင့် ဒုတိယစက်ရုံမှူးအချို့သာ ဆုံးဖြတ်ရသည့် ကိစ္စရပ်များ ဖြစ်သည်။ ထို့ပြင် မည်မျှပင် ဆူညံအောင် ပြုလုပ်သည်ဖြစ်စေ အလုပ်နေရာတစ်ခုကို ထိုသို့ သောင်းကျန်းရုံဖြင့် ရရှိရန်မှာ မဖြစ်နိုင်သည့် အရာပင်။

"လွှတ်စမ်း.. ဘယ်သူက လွှတ်လိုက်တာလဲ။ လုံခြုံရေးဌာနက လူတွေ ဘယ်ရောက်ကုန်လဲ။ လုံခြုံရေးက ဘာလုပ်နေတာလဲ။ လူတွေကို ဒီအတိုင်း လွှတ်ပေးထားရအောင် မင်းတို့က ဘာလုပ်ချင်နေတာလဲ"

ဌာနခွဲမှူး ဝမ်မှာ ဒေါသတကြီး အော်ဟစ်တော့သည်။

ထိုစဉ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဌာနခွဲမှူး ဝမ်ကို အားနာဟန်ဖြင့် ကြည့်ကာ ရှေ့သို့ တုံ့ဆိုင်းတုံ့ဆိုင်း တိုးလာပြီး "အမေ... ထတော့လေ" ဟု ဆိုလိုက်၏။

ဝဖိုင့်နေသော အဘွားကြီးမှာ ရုန်းကန်၍

"တိတ်စမ်း လျှာမရှည်နဲ့.. ဒါကို မင်းရဲ့ ညီလေးတွေ အကျိုးအတွက် လုပ်နေတာဟဲ့"

လူအများမှာ ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ တတွတ်တွတ်ဖြင့် ပြန်လည် ဝေဖန်ကြပြန်သည်။

"လုံခြုံရေးဌာနက ဘယ်လိုလုပ်ပြီး လူလွှတ်ပေးလိုက်တာလဲ။"

"အဲ့ဒါ သူမရဲ့သားလေ၊ လုံခြုံရေးဝန်ထမ်းကိုယ်တိုင်က သူ့အမေကို ဒီလို ခေါ်လာတာပဲ။ ဒီစက်ရုံရဲ့ လုံခြုံရေးက ဘယ်လိုမျိုးလဲ။"

"ငါမှတ်မိသလောက် ဒုတိယစက်ရုံမှူး ဟယ်ရဲ့ ဒရိုင်ဘာက တော်တော်လေး ငယ်သေးတယ်၊ အခု ဒီလူက ဘာလို့ ဒီလောက် အသက်ကြီးနေရတာလဲ။"

"ဪ... ညည်းကလည်း မသိဘူးလား။ သေသွားတဲ့သူက ဒုတိယသားလေ၊ အခု အစားထိုးဝင်တဲ့သူက သားအကြီးဆုံး။ သူက ကားမမောင်းတတ်ဘူးလို့ ကြားတယ်၊ ဒါပေမဲ့ စက်ရုံက သူက အရပ်ရှည်ပြီး သန်မာတာနဲ့ လုံခြုံရေးဌာနမှာ ခန့်လိုက်တာပေါ့။ အခု အလုပ်ဝင်တာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်၊ ဒီလိုတွေ လုပ်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ကိုယ်တိုင်တောင် လူခေါ်လာသေးတယ်"

"ဒါကတော့ တကယ့်ကို..."

လူအများ လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသော်လည်း ထိုခေါင်းကြီးကိုယ်ထည်ကြီးနှင့် အဘွားကြီးမှာမူ ပို၍ပင် တက်ကြွလာပြီး အော်ဟစ်သောင်းကျန်းနေ၏။

"ငါမသွားဘူး၊ မသွားဘူး။ နင်တို့အားလုံး ဒီက ထွက်သွားကြစမ်း၊ နင်တို့နဲ့ ဘာဆိုင်လို့လဲ၊ ဒီလောက် စပ်စုတဲ့ ခွေးတွေ"

သူမသည် ဌာနခွဲမှူး ဝမ်ကို အတင်းဖက်တွယ်ထားရာ သူ၏ ဘောင်းဘီပင် ကျွတ်ကျလုနီးပါး ဖြစ်နေသည်။ ဌာနခွဲမှူး ဝမ်သည်လည်း သူ၏ ခါးပတ်ကို အတင်းဆွဲထားရင်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေကာ ဟစ်အော်နေ၏။

"ဒါက ကိုယ်ထိလက်ရောက်ကို စော်ကားတာပဲ၊ စော်ကားတာပဲ။ လွှတ်စမ်း..."

"နင်တို့ ငါ့မိသားစုကို အလုပ်နှစ်နေရာ ပေးရမယ်။ ရုံးခန်းအလုပ်ပဲ လိုချင်တာ။ ငါ့ရဲ့ တတိယသားနဲ့ စတုတ္ထသားက တော်လွန်းလို့ ရုံးခန်းအလုပ်နဲ့ပဲ ထိုက်တန်တာ"

အဘွားကြီးကျောက် : "..."

‘ဘုရားရေ... သူမထက်တောင် အရှက်မရှိတဲ့သူတွေ ရှိပါသေးလား..’

ဌာနခွဲမှူး ဝမ် : "ယုတ်မာလိုက်တာ၊ ယုတ်မာလိုက်တာ.. လုံခြုံရေးတွေ.. မင်းတို့ ဒီမှာ အလုပ်မလုပ်ချင်ကြတော့ဘူးလား။ ဒီကိစ္စကို ငါ အသေအချာ စုံစမ်းစစ်ဆေးမယ်"

ထိုအချိန်တွင် လုံခြုံရေးဝန်ထမ်းအချို့ အဝေးမှ ပြေးလာကြပြီး တစ်ဦးမှာ ဒေါသတကြီး ဆဲဆိုလေသည်။

"ဆွေ့စန်းယန် မင်း ငါတို့ကို တမင် လှည့်စားပြီး ခေါ်ထုတ်သွားတာပေါ့လေ၊ ဟုတ်လား။ မင်း စောင့်နေလိုက်.."

‘ဪ... ဒါက ရန်သူကို လှည့်စားတဲ့ နည်းဗျူဟာကိုး.. မှတ်သားထိုက်ပါ့ပေ့’

"ငါမသွားဘူး၊ ငါမသွားဘူး၊ ငါ့သားအတွက် အလုပ်မစီစဉ်ပေးမချင်း ငါမသွားဘူး..."

"ဟဲ့ အကောင် ... နင်က မျက်စိကန်းနေတာလား။ သူတို့ နင့် အမေကို ဆွဲထုတ်နေတာ မမြင်ဘူးလား။ လာကူဦးလေ.."

ဆွေ့စန်းယန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ရှေ့သို့တိုးကာ ကူညီရန် ပြင်သော်လည်း လုပ်ဖော်ကိုင်ဖက် တစ်ဦး၏ ကန်ခြင်းကို ခံလိုက်ရ၏။ ဤကဲ့သို့သော လုပ်ဖော်ကိုင်ဖက်မျိုးနှင့် တွေ့ရသူတိုင်းမှာ ဒုက္ခရောက်ရပြီး အမှုပတ်ရသည်သာ။ ဤလူသည် သူတို့အတွက် ပြဿနာများ ဖန်တီးပေးနေလေ၏။ သူတို့စက်ရုံအနေဖြင့် ပြင်ပလူများကို ထိုသို့ အလွယ်တကူ ပေးမဝင်နိုင်ပေ။ မှတ်ပုံတင်ခြင်းမပြုဘဲ ပေးဝင်ခြင်းမှာ ပို၍ပင် ကြီးမားသော ပြဿနာ ဖြစ်သည်။

"ငါ့သားက စက်ရုံကြောင့် သေသွားတာ၊ နင်တို့ ဒီအတိုင်း ပစ်ထားလို့ မရဘူး..."

ဌာနခွဲမှူး ဝမ်က ပြန်လည် တုံ့ပြန်လိုက်၏။

"လျှောက်မပြောနဲ့.. ခင်များ သားက အလုပ်စည်းကမ်းဖောက်ဖျက်ပြီး ကားကို ခိုးမောင်းသွားတာ။ သူဆုံးသွားလို့သာ ကျွန်တော်တို့က ဘာမှ အရေးမယူတာ။ အခုတော့ ခင်များက ကောလာဟလတွေတောင် လွှင့်ဝံ့သေးတယ်ပေါ့.. ဖမ်းစမ်း သူ့ကို.."

ဌာနခွဲမှူး ဝမ်သည် အမှန်တကယ်ပင် ဒေါသအထွက်ကြီး ထွက်နေလေသည်။

"ငါမသွားဘူး.. ငါမသွားဘူး.."

ထိုအဘွားကြီးသည်လည်း ဆက်လက် အော်ဟစ်နေ၏။

ခေါင်းကြီးကိုယ်ထည်ကြီးနှင့် ထိုဝဖိုင့်နေသော အမျိုးသမီးမှာ မထင်မှတ်ထားလောက်အောင် အင်အားအလွန်ကြီးမားနေပြီး ဌာနခွဲမှူး ဝမ်ကို အတင်းဆွဲဖက်ထားကာ လွှတ်မပေးပေ။ မည်သူမျှလည်း အတင်းအဓမ္မ ဆွဲမထုတ်ရဲကြပေ။ သို့မဟုတ်လျှင် ဌာနခွဲမှူး ဝမ် ဒုက္ခရောက်ပေလိမ့်မည်။ လူအများရှေ့တွင် သူ၏ဘောင်းဘီသာ ကျွတ်ကျသွားပါက...

ထိုမြင်ကွင်းကို လူများမှာ ဆက်ပင် မတွေးရဲကြတော့ပေ။

ဘေးကြည့်ပရိသတ်မှာလည်း အတော်ပင် များပြားလှသည်။ အဘွားကြီးကျောက်သည် လူအုပ်ကြား၌ လီတာ့ရှန်းကိုပင် မြင်လိုက်ရသေးသည်။ သူသည် ရှေ့ဆုံးတန်း၌ပင် ရပ်နေ၏။

အဘွားကြီးကျောက်၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားသွားပြီးနောက် ခါးကို အားရပါးရ ထောက်ကာ ဒေါသတကြီးဖြင့် အော်ဟစ်ဆဲဆိုလိုက်၏။

"ညည်းတို့ ဘာဖြစ်နေကြတာလဲ။ ဌာနခွဲမှူး ဝမ်က လူရိုးလူအေးမို့လို့ ညည်းတို့က အနိုင်ကျင့်နေတာပေါ့ ဟုတ်လား"

ဌာနခွဲမှူး ဝမ်မှာ အဘွားကြီးကျောက်ကို ချက်ချင်းပင် မှတ်မိသွားသည်။ သူသည် အဘွားကြီးများနှင့် ပတ်သက်လျှင် စိတ်ဒဏ်ရာရသကဲ့သို့ ဖြစ်နေသူ ဖြစ်၏။ အဘွားကြီးများမှာ ကိုင်တွယ်ရ အလွန်ခက်ခဲသည်။ သို့သော်လည်း ယခုကဲ့သို့ အဘွားကြီးကျောက်မှာ သူ့ဘက်မှနေ၍ မားမားမတ်မတ် ရပ်တည်ပေးသည့်အတွက် သူ အမှန်ပင် စိတ်လှုပ်ရှားသွားရ၏။

"ဒါတွေလုပ်နေလို့ ဘာထူးမှာလဲအေ။ ထွက်သွားစမ်း.."

အဘွားကြီးကျောက် ဟစ်အော်လိုက်ပြီး

"ဟဲ့... ငါ့ကို လာအာခံဝံ့တဲ့သူ တစ်ယောက်မှ မရှိသေးဘူး။ ဌာနခွဲမှူး ဝမ်၊ စိတ်မပူနဲ့၊ ကျွန်မ ရှင်ကို ကာကွယ်ပေးမယ်။ ရှင်က လူကောင်းတစ်ယောက်ပဲ၊ ဒီလို အနိုင်ကျင့်ခံရလို့ မဖြစ်ဘူး"

အဘွားကြီးကျောက်သည် အားရပါးရ အော်ဟစ်ကာ ရှေ့သို့ ပြေးတက်သွားပြီး ထိုအဘွားကြီး၏ ဆံပင်ကို ဆွဲလိုက်လေသည်။ ဆွေ့စန်းယန် ရှေ့သို့ တိုးလာရန် ပြင်စဉ်မှာပင် အဘွားကြီးကျောက်သည် ကိုယ်ကို လှည့်ကာ သူ၏ အချက်အချာနေရာကို အားပါပါဖြင့် ကန်ထည့်လိုက်၏။

"အား....."

ဆွေ့စန်းယန်မှာ သူ၏ ခန္ဓာကိုယ်ကို ဖိဆုပ်ကာ မြေပြင်ပေါ်၌ ကွေးကွေးလေး လဲကျသွားတော့သည်။

အခြားသော လုံခြုံရေးဝန်ထမ်းများမှာလည်း နောက်ထပ် ငဲ့ညှာမနေတော့ဘဲ သူ့ကို ချက်ချင်းပင် ဖိနှိပ်ဖမ်းဆီးလိုက်ကြ၏။

‘တောက်... ဒီကောင်ကတော့ သူတို့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တကယ်ကို သိက္ခာချတာပဲ’

‘ပြီးတော့လည်း သူက ဒီတစ်ခေါက်မှာ အမှားအယွင်း အကြီးအကျယ် လုပ်ထားတာဆိုတော့ လုံခြုံရေးဌာနမှာ ဆက်နေလို့ ရတော့မှာ မဟုတ်ဘူး၊ ဒါကြောင့်လည်း သူတို့တွေ ညှာနေဖို့ မလိုတော့ဘူးပေါ့’

သို့သော်လည်း သူတို့ ဖိမထားလျှင်ပင် ဆွေ့စန်းယန်မှာ လှုပ်နိုင်ဦးမည် မဟုတ်ပေ။ သူသည် မြေပြင်ပေါ်၌ လူးလှိမ့်ကာ အသံကုန် အော်ဟစ်နေရ၏။

‘တကယ့်ကို နုနယ်တဲ့ ယောကျ်ားသားဘဝပါပဲ’

လူတိုင်း အဘွားကြီးကျောက်ကို အထူးတလည် လေးစားသည့်အလား ကြည့်လိုက်ကြသည်။ ထိုကန်ချက်မှာ တကယ်ကို ပြင်းထန်လွန်းလှသည် မဟုတ်လော့။

အဘွားကြီးကျောက်သည် ထိုဝဖိုင့်နေသော အမျိုးသမီး၏ ဆံပင်ကို ဆွဲကာ နောက်သို့ အားဖြင့် ဆွဲထုတ်လိုက်၏။ သူမသည် လက်ရော ခြေရော သုံးကာ တကယ့်ကို တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ ထိုအဘွားကြီးမှာ မြေပြင်ပေါ်တွင် လဲလျောင်းကာ သောင်းကျန်းနေသဖြင့် အဘွားကြီးကျောက်လည်း မညှာမတာဘဲ အချက်ပေါင်းများစွာ ကန်ကျောက်လိုက်လေသည်။

ပါးစပ်မှလည်း အားရပါးရကြိမ်းမောင်းဆဲဆိုနေ၏။

"ဌာနခွဲမှူး ဝမ်က တကယ့်ကို လူကောင်းတစ်ယောက်.. ငါလို အဘွားကြီးတစ်ယောက် စာရင်းလာသွင်းတာတောင် သူက စာရွက်စာတမ်းကိစ္စတွေကို ကိုယ်တိုင် ကူညီပေးခဲ့တာ။ သူက တကယ့်ကို လူကောင်းဟဲ့။ ညည်းက ဘယ်လိုသတ္တိနဲ့ ဂိတ်စောင့်နဲ့ ပေါင်းပြီး သူ့ကို ဒီလို အနိုင်ကျင့်ရတာလဲ။ ငါလို အဘွားကြီးတောင် ဒါကို မကြည့်ရက်ဘူး။ ညည်းလောက် အရှက်မရှိတဲ့သူ မရှိတော့ဘူး။ ငါ့ကို အားလုံး သိကြတယ် မဟုတ်လား။ ငါက စားသောက်ဆောင်ကကျောက်တာ့ရာ.. ငါ့သားက စက်ရုံမှာ ညတာဝန်ကျတုန်း သူခိုးဖမ်းရင်း သေသွားခဲ့တာ"

"အဲ့ဒါကြောင့် သူ ကံဆိုးမိုးမှောင်ကျပြီး ဆုံးသွားခဲ့ရတာ။ ငါတို့ မိသားစုက စက်ရုံပိုင်ဆိုင်မှုကို ကာကွယ်ရင်း အားလုံးကို ဆုံးရှုံးခဲ့ရတာတောင် ငါက စက်ရုံကို တစ်ခွန်းမှ မတိုင်တောခဲ့ဘူး။ ဒီလူကျတော့ စက်ရုံကားကို ခိုးမောင်းပြီး ကြွားဝါရာကနေ ဓားနဲ့ အထိုးခံရပြီး သေတာလေ။ အဲ့ဒါကိုမှ စက်ရုံကို အပြစ်တင်ရဲသေးတယ်ပေါ့။ ဒါက အနိုင်ကျင့်တာ မဟုတ်ဘူးလား။ ငါ ကျောက်တာ့ရာက သူများကိစ္စ ဝင်ပါတဲ့သူ မဟုတ်ပေမဲ့ ဒါကိုတော့ ကြည့်မနေနိုင်ဘူးအေ့.. ညည်းက ဌာနခွဲမှူး ဝမ်ကို တွေ့ရင် ဘောင်းဘီကို ဆွဲထားပြီး လွှတ်မပေးဘူး၊ စက်ရုံမှူးကို တွေ့ရင်လည်း ဆွဲထားပြီး လွှတ်မပေးဘူး၊ ဒါက ညည်းအိမ်များ မှတ်နေလား။ ကြည့်ထားစမ်း.."

သူမသည် ရှည်လျားလှသော ဟောပြောချက်ကြီးကို အားပါးတရ ပြောကြားလိုက်ပြီးနောက် ပါးနပ်သော လှုပ်ရှားမှုတစ်ခုဖြင့် ထိုအဘွားကြီးကို နောက်သို့ တွန်းလွှတ်လိုက်လေသည်။

ဟွန်း..

တိုက်ခိုက်ရေးနဲ့ ပတ်သက်လာရင်တော့ ဘယ်သူမှ ငါ့ကို မမီပါဘူးအေ့..

အဘွားကြီးကျောက်သည် အတွေ့အကြုံရင့်သူ မဟုတ်လော့။ ထိုအမျိုးသမီး၏ ခေါင်းကြီးကိုယ်ထည်ကြီးကို ကြည့်ပြီး အထင်မကြီးရန်မလိုပေ၊ သူမသည် အဘွားကြီးကျောက်ကို မယှဉ်နိုင်ပေ။ အဘွားကြီးကျောက် အားဖြင့် နောက်သို့ တွန်းထုတ်လိုက်ရာ ထိုအဘွားကြီးသည်... ဘုန်းခနဲ မြည်အောင် လဲကျသွားပြီးအလုပ်သမားကြီး တစ်ယောက်၏ အပေါ်သို့ ပိကျသွားလေ၏။

သူတို့နှစ်ဦးစလုံး မြေပြင်ပေါ်သို့ လဲကျသွားကြပြီး ပြန်မထနိုင်ဘဲ ဖြစ်နေကြသည်။

အဘွားကြီးကျောက် : အောင်ပြီ.. ကွက်တိပဲ..

သူမသည် ထိုသူ့ကို အကြိမ်ကြိမ် ခိုးကြည့်နေခဲ့သည်မှာ ဤအကွက်အတွက်ပင် ဖြစ်သည်။

မဟုတ်လျှင် သူမ သူတစ်ပါးကိစ္စထဲ ဝင်ပါမည့်သူ မဟုတ်ပေ။ ဘေးမှ အပျော်ကြည့်ဖို့သာ သူမ၏ ပထမဦးစားပေး ဖြစ်၏။

သူမသည် ဤဖြစ်ရပ်မှ မည်သို့ "အမြတ်ထုတ်" ရမည်ကို တွေးတောနေခဲ့ခြင်း ဖြစ်သည်။ ထင်သည့်အတိုင်းပင် သူမ၏ တွန်းထုတ်လိုက်မှုသည် လီတာ့ရှန်းအပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့၏။ လီတာ့ရှန်းသည် သူ၏ခါးကို ဖိဆုပ်ကာ "အား... အား..." ဟု အော်ဟစ်နေရလေသည်။

"ဟဲ့... ဝတုတ်မရဲ့၊ ဒီရဲဘော်ကို ညည်း ဘယ်လိုလုပ်လိုက်တာလဲ ကြည့်ဦး.. ညည်း တကယ်ကို လွန်လွန်းတယ်.."

သူမသည် ထိုအမျိုးသမီးကို ဖမ်းရန် ရှေ့သို့ တိုးသွားသယောင်ဖြင့် လီတာ့ရှန်း၏ ခြေထောက်ကို အခွင့်ကောင်းယူကာ အချက်ပေါင်းများစွာ နင်းခြေလိုက်ပြီး ကူညီဟန်ပြင်လိုက်၏။

"ရဲဘော်... မကြောက်နဲ့နော်၊ ကျွန်မ ရှင့်ကို ကယ်ဖို့ လာပြီ.."

လီတာ့ရှန်း : "အင့်... အင်..."

"လုံခြုံရေးတွေ.. ဘာလုပ်နေကြတာလဲ.. မြန်မြန် လက်ထိပ်ခတ်လိုက်ကြစမ်း၊ ငါ စက်ရုံမှူးကို သွားရှာတော့မယ်.."

ဌာနခွဲမှူး ဝမ်သည်လည်း နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ သူသည် အဘွားအိုကျောက်ကို ကျေးဇူးတင်ရှိသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိ၏။

တကယ့်ကို မထင်မှတ်ထားစရာပါပဲ၊ ဒီအဘွားကြီးက သူ့ကို တကယ် ကူညီလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း..

မည်သို့ပင်ဖြစ်စေ တစ်ခုခုဖြစ်လျှင် သူမမှာ သူ့ဘက်မှ ရပ်တည်ပေးမည်ဟု ပြောခဲ့သည်ကို ပြန်လည်အမှတ်ရကာ ဌာနခွဲမှူး ဝမ် ပို၍ပင် စိတ်လှုပ်ရှားသွားပြီး အလေးအနက် ပြောလိုက်မိ၏။

"အဒေါ်ကျောက်... အဒေါ်ကတကယ်ကို လူကောင်းတစ်ယောက်ပဲဗျာ"

အဘွားကြီးကျောက်သည်လည်း ပြန်လည် တုံ့ပြန်လိုက်သည်။

"ဌာနခွဲမှူး ဝမ်ကလည်း လူကောင်းတစ်ယောက်ပါပဲရှင်"

သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး "လူကောင်း" တံဆိပ်များ အပြန်အလှန် တပ်ပေးနေကြ၏။

ဌာနခွဲမှူး ဝမ် : "အားလုံးပဲ အဒေါ်ကျောက်လို ရဲဘော်ကောင်းတွေဆီကနေ အတုယူကြစမ်းပါ"

အဘွားကြီးကျောက် ခေါင်းမော့ ရင်ကော့၍ စကားဆိုလေ၏။

"ကျွန်မက စကားပြော ပွင့်လင်းပေမဲ့ အမှားအမှန်ကိုတော့ ခွဲခြားတတ်ပါတယ်၊ ကျွန်မက လူအ မဟုတ်ဘူးရှင့်.."

"ငါကတော့ ညည်းကို အလိုက်သင့် ဆက်ဆံမှာ မဟုတ်ဘူး..."

ထိုဝဖိုင့်နေသော အမျိုးသမီးသည် ရှေ့သို့ ပြေးတက်ရန် ပြင်သော်လည်း အဘွားကြီးကျောက် မလှုပ်ရှားရသေးမီမှာပင် လုံခြုံရေးဝန်ထမ်း အများအပြားမှာ သူ့ကို အမိအရ ဖမ်းချုပ်လိုက်ကြသည်။ အစောပိုင်း၌ ဆွဲထုတ်ရန် ခက်ခဲနေသော်လည်း ယခုအခါတွင် သူတို့ထိန်းချုပ်နိုင်ပြီ ဖြစ်ရာ ထိုမိန်းမကြီး ဆက်လက် သောင်းကျန်းနေဦးမည်ဆိုလျှင် မိမိတို့ လုံခြုံရေးများ၌ သိက္ခာရှိတော့မည် မဟုတ်ပေ။

"ဟဲ့ အဘွားကြီး... ငါတို့ကို အေးဆေးတဲ့သူတွေလို့ ထင်နေလား။ သူ့ကို ခေါ်သွားကြစမ်း။"

"အေးလေ... ခေါ်သွားလိုက်တော့။ အမှန်အတိုင်း ပြောရရင် အော်ဟစ်သောင်းကျန်းရုံနဲ့ အလုပ်ရမယ်လို့ သူက ထင်နေတာလား။ အိပ်မက်မက်နေလိုက်လေ။"

"ဟုတ်ပါ့.. သူက ဘယ်သူမို့လို့လဲ.. စက်ရုံအတွက် တကယ် အလုပ်လုပ်ပေးနေတဲ့သူတွေတောင် ဒီလောက် ဒုက္ခမပေးကြဘူး။ သူကတော့ အရှက်မရှိဘဲ အလုပ်ပျက်အောင် ကားခိုးမောင်းသေးတယ်။"

"မဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ သူ့ရဲ့ ခေါင်းကြီးကိုယ်ထည်ကြီးကို ကြည့်ရုံနဲ့တင် တကယ့် လူမိုက်ဆိုတာ သိသာနေတာပဲ။"

လူတိုင်း ဝိုင်းဝန်းပြောဆိုနေကြပြီး မည်သူမျှ မိမိတို့၏ အလုပ်အခွင့်အရေးကို ကြားဖြတ်လုယူခြင်း မခံလိုကြပေ။ အလုပ်နေရာသစ်များ ပေါ်ပေါက်လာခြင်းကြောင့် အလုပ်ရလိုသူများမှာလည်း ပို၍ပင် များပြားလာသည်။ ယခုခေတ်တွင် လူတိုင်း အလုပ်ရှာနေကြသည်ဖြစ်၍ ထိုသို့သော သူမျိုးကို အဆက်အသွယ်သုံး အခွင့်အရေး ယူခွင့် မပေးနိုင်ကြပေ။

အားလုံး တတွတ်တွတ် ပြောနေကြစဉ်မှာပင် ဌာနခွဲမှူး ဝမ် စကားပြောလိုက်၏။

"အားလုံးပဲ တိတ်တိတ်နေကြပါဦး.. တိတ်တိတ်နေကြပါဦး.. ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အားလုံး သင်ခန်းစာယူရမယ်။ ကျွန်တော်က ဝန်ထမ်းရေးရာဌာနရဲ့ အကြီးအကဲမို့လို့ လူခန့်ပိုင်ခွင့် မရှိဘူးလို့ မထင်ကြနဲ့။ ကျွန်တော့်မှာ အခွင့်အာဏာ ရှိခဲ့ရင်တောင်မှ အလုပ်ခန့်တဲ့ လုပ်ငန်းစဉ်က တရားမျှတပြီး မှန်ကန်ရမယ်။ မလျော်ကန်တဲ့ နည်းလမ်းတွေနဲ့ မိမိအလိုရှိရာကို မတောင်းဆိုသင့်ဘူး။ ကျွန်တော်တို့ စက်ရုံက ထုတ်လုပ်မှုကို အဓိကထားတာ၊ တချို့ အစိတ်အပိုင်းတွေဆိုရင် တကယ့်ကို အထူးပြုပစ္စည်းတွေ ဖြစ်တယ်။ ပြင်ပလူတွေကို ဒီအတိုင်း အလွယ်တကူ ပေးဝင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ဒီနေ့ ဆွေ့စန်းယန်ဟာ စည်းကမ်းဖောက်ဖျက်ပြီး လူတွေကို ခေါ်လာရုံတင်မကဘဲ လုပ်ဖော်ကိုင်ဘက်တွေကိုလည်း တမင် လှည့်ဖြားပြီး ခေါ်ထုတ်သွားခဲ့တယ်။ ဒါဟာ အလွန်ဆိုးဝါးတဲ့ အပြုအမူပဲ။ ဒီကိစ္စကို စက်ရုံက နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ.."

"ဟုတ်ကဲ့ပါ.."

"ကျွန်တော်တို့ ခေါင်းဆောင်ကို ယုံကြည်ပါတယ်.."

ဌာနခွဲမှူး ဝမ် ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ပြီး လီတာ့ရှန်းကို မေးမြန်းလိုက်သည်။

"ကဲ... အားလုံးပဲ လူစုခွဲလို့ ရပါပြီ။ ဪ... ဒါနဲ့ ရဲဘော်... ဘယ်လိုနေသေးလဲ။ ဆေးခန်းသွားပြီး စစ်ဆေးကြည့်လိုက်ပါဦး"

လီတာ့ရှန်းသည် သူ၏ကျောပြင်ကို ပွတ်သပ်၍ ကိုယ်ကိုဆန့်လိုက်ပြီး ပြောလိုက်၏။

“ကျွန်တော် ဘာမှမဖြစ်ပါဘူး ဆေးခန်းသွားဖို့ မလိုပါဘူး”

သူ့မျက်လုံးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီး တစ်ခုခုကို အပြစ်ရှိနေသကဲ့သို့ ခံစားချက်မျိုး ပေါ်လွင်နေသည်။

ဌာနခွဲမှူး ဝမ်မှာ ပဟေဠိ ဖြစ်သွားရ၏။

‘ဒီလူ ဘာဖြစ်နေတာလဲ..’

သူ လီတာ့ရှန်းကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်မိသည်။

‘သူ ဘာကို အပြစ်ရှိနေတာလဲ..

လီတာ့ရှန်း၏ အမူအရာက လိမ်ညာနေပုံတော့ မဟုတ်ဘူး.. ဒီကိစ္စက သူနဲ့လည်း ပတ်သက်နေတာများလား’

ဌာနခွဲမှူး ဝမ်စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ နောက်မှ အသေးစိတ် စုံစမ်းရမည်ဟု တွေးလိုက်သော်လည်း အပြင်ပန်းတွင်မူ ဘာမှထုတ်မပြောခဲ့ပေ။

"ခင်ဗျား အဆင်ပြေသွားတာ ဝမ်းသာပါတယ်၊ ကျေးဇူးတင်ပါတယ် အဒေါ်ကျောက်"

အဘွားကြီးကြီးကျောက် တက်တက်ကြွကြွပင် တုံ့ပြန်လိုက်လေသည်။

"ဟေး... ကျွန်မတို့တွေက စက်ရုံတူတူပဲဟာကို၊ ရှင့်ကို ဟိုမိန်းမကြီး အနိုင်ကျင့်နေတာ ကျွန်မက ဘယ်ကြည့်နေနိုင်မလဲ.. လုံးဝ မဖြစ်နိုင်တာ.. အဲဒီလိုလူမျိုးကို ကျွန်မကတော့ တစ်ဖက်တစ်ယောက်စီ ကိုင်ပြီး အေးအေးဆေးဆေး နှိမ်နင်းပစ်နိုင်တယ်။ ဘယ်လို လူမျိုးက ကျွန်မရှေ့မှာ လာရမ်းကားရဲတာလဲ။ စိတ်မပူနဲ့၊ နောက်တစ်ခါ ဘယ်သူက ရှင့်ကို အနိုင်ကျင့်ကျင့် ကျွန်မကိုသာပြော၊ သူတို့ကို အမှိုက်ပုံးထဲ ဆွဲထည့်ပစ်မယ်။"

"မလိုပါဘူး၊ မလိုပါဘူး..."

‘မကျိန်ဆဲပါနဲ့တော့ဗျာ နောက်ထပ် အဘွားကြီးတွေနဲ့လည်း မဆုံချင်တော့ပါဘူး..’

ထိုစဉ် "ဌာနခွဲမှူးဝမ်၊ ဒုတိယစက်ရုံမှူး ဟယ်က ခင်ဗျားကို တွေ့ချင်နေတယ်" ဟု တစ်စုံတစ်ယောက်မှ လာပြော၏။

"အေး အေး၊ လာပြီ။"

သူသည် လက်ဝှေ့ယမ်းပြပြီး လူစုခွဲရန် အချက်ပြလိုက်ကာ အလျင်အမြန်ပင် ထွက်ခွါသွားလေသည်။ သူတို့စက်ရုံမှာ ဝန်ထမ်းပေါင်း တစ်သောင်းကျော်ရှိသည့် စက်ရုံကြီးဖြစ်ပြီး စက်ရုံမှူးတစ်ယောက်၊ အတွင်းရေးမှူးတစ်ယောက်နှင့် ဒုတိယစက်ရုံမှူး လေးယောက် ရှိ၏။

‘သူက ဘာဖြစ်ပြန်ပြီလဲ.. ဒီလူက ငါ့ကို လာရှာနေတယ်ဆိုတော့ စိတ်ရှုပ်စရာပဲ..’

ထို့အပြင် ဒုတိယစက်ရုံမှူး ဟယ်မှာ အဘယ်ကိစ္စဖြင့် ရှာနေသည်ကိုလည်း သူ မသိပေ။

ဌာနခွဲမှူး ဝမ် အလျင်အမြန် ထွက်သွားသည်နှင့် အဘွားကြီး ကျောက် လက်ခုပ်တီးလိုက်ကာ "ကဲ၊ ပြန်ကြစို့.." ဟု ဆိုလိုက်၏။

အဘွားကြီးစွန်းမှာမူ အံ့အားသင့်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။ သူမ အဘွားကြီးကျောက်ကို အားကျသည့် အကြည့်ဖြင့် ကြည့်ရင်း ရေရွတ်ပြောဆိုလိုက်လေသည်။

"ဝါး... နင်ကတော့ တကယ်ပဲဟေ့.. လီချန်ရွှမ်းက နင်က အံ့ဩဖို့ကောင်းတယ်လို့ ပြောတာ ငါက ချဲ့ကားပြောတယ် ထင်တာ၊ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး..."

"ဒါက ဘာဆန်းတာမို့လို့လဲ.. ရန်ဖြစ်တာပဲလေ.. ငါကတော့ ရန်ဖြစ်ရင် ဘယ်တော့မှ အရှုံးမခံဘူး"

အဘွားကြီးကျောက် ပြန်ပေုါလိုက်၏။

"နင်က တကယ်တော်တာပါ၊ တကယ်ကို ထူးခြားတယ်။ နင်က ဒီလောက်အထိ သစ္စာရှိလိမ့်မယ်လို့ ငါမထင်ထားဘူး။"

"ဒါပေါ့.. ငါ စက်ရုံကို စရောက်တုန်းက ဌာနခွဲမှူးဝမ်က ငါ့ကို ဟိုဟိုဒီဒီ လိုက်ပြပြီး ကူညီပေးခဲ့တာ။ ငါ ဘာမှမသိတုန်းက သူက အကုန်သင်ပေးခဲ့တာလေ။ ငါက အမြဲကျေးဇူးတင်နေတာ"

စင်စစ်မူ "လီတာ့ရှန်းကို ပညာပေးရန်" အခွင့်အရေးကို မယူချင်ပါက သူမ ထိုနေရာသို့ သွားမည်ပင် မဟုတ်ပေ။

‘သူက ဘယ်သူဖြစ်ဖြစ် ငါက ဘာဂရုစိုက်မှာလဲ.. ဝန်ထမ်းရေးရာဌာနမှူး ဖြစ်နေရင်ကော ဘာဖြစ်လဲ.. ငါနဲ့ ဘာဆိုင်လို့လဲ..’

သို့သော် အဘွားကြီးကျောက်သည် ချန်ချင်းယွီထံမှ သင်ခန်းစာတစ်ခု ရထားလေသည်။

‘စကားကို ကောင်းကောင်းပြော၊ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ (ဗန်းပြပြီး) ပြပြီးမှ တစ်ခုခုကို လုပ်ရင် ဘယ်သူမှ မသင်္ကာတော့ဘူး..’

အဘွားကြီးကျောက်မှာ တွေးရင်းနှင့်ပင် ပို၍ ပျော်ရွှင်လာသည်။

အမှန်တကယ်လည်း အဘွားကြီးကျောက်၏ ထိုအပြုအမူမှာ လူအများ၏ အထင်ကြီးမှုကို များစွာ ရရှိသွားစေ၏။ သူမသည် စက်ရုံတွင် စိတ်ဆိုးဒေါသထွက်ခြင်းမျိုး မရှိခဲ့ဖူးသော်လည်း သူမ၏ ကြမ်းကြုတ် အော်ကြောလန် နာမည်ကျော်ကြားမှုမှာမူ ပျံ့နှံ့နေပြီသားဖြစ်သည်။ ဤဝန်းကျင်အားလုံးမှာ ဝန်ထမ်းအိမ်ရာများဖြစ်သဖြင့် သူမ၏ လုပ်ဆောင်ချက်များကို စက်ရုံမှ လူတိုင်း သိနေကြ၏။

ယခုတွင်မူ လူတိုင်းသည် အဘွားကြီးကျောက်အား ချီးမွမ်းပြောဆိုနေကြလေသည်။

"အဒေါ်ကြီးကျောက်က နည်းနည်းတော့ ဒေါသကြီးတယ်၊ ဒါပေမဲ့ သူက တကယ် သစ္စာရှိတဲ့လူပဲ။ ကြည့်လေ၊ ယောက်ျားကြီးတွေတောင် မနိုင်တာကို သူက ဝင်ပါပြီး တစ်ခါတည်းနဲ့ ဖြန်ဖြေပေးလိုက်တာ"

ထိုကောလာဟလများကို ကြားရသောအခါ အဘွားကြီးကျောက်မှာမူ အနည်းငယ် အပြစ်မကင်းသည့်အလား ခံစားလိုက်ရလေ၏။

စင်စစ်မူ လုံခြုံရေးဝန်ထမ်းများ ကြားဝင်မဖျန်ဖြေရဲခြင်းမှာ ဌာနခွဲမှူးဝမ်၏ ဘောင်းဘီ ကျွတ်ကျသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ကို သူမ ကောင်းကောင်းသိလေသည်။ သူမကိုယ်တိုင်မှုမူ ဌာနခွဲမှူးဝမ်၏ ဘောင်းဘီ ကျွတ်ကျသည်ဖြစ်စေ၊ မကျွတ်သည်ဖြစ်စေ ဂရုမစိုက်ဘဲ ထိုအခွင့်အရေးကို အသုံးချကာ အဘွားကြီးကို တွန်းထုတ်ပြီး လီတာ့ရှန်းကို လက်စွမ်းပြရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။

အကြောင်းရင်းကတော့ ရှင်းရှင်းလေးပင်..

သူမ ကံကောင်းသွားသည်မှာ ထိုဝက်ဝက်ကွဲဝနေသော မိန်းမကြီးကို ဆွဲဖယ်လိုက်ခြင်းဖြင့် ဌာနခွဲမှူးဝမ်၏ ဘောင်းဘီကို ကယ်တင်လိုက်သကဲ့သို့ ဖြစ်သွားခြင်းပင်။

အဘွားကြီးကျောက်ကဲ့သို့ ရိုးရှင်းသောလူစားမျိုးအတွက် အစီအစဉ်မှာလည်း အလွန်ရိုးရှင်းလှသည်။

သို့သော် မမျှော်လင့်ဘဲ နာမည်ကောင်းတစ်ခု ရရှိသွားတော့၏။

"အားလုံးပဲ မင်္ဂလာပါ။ ဒါကတော့ စက်ရုံရဲ့ အသံလွှင့်ဌာနပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ စက်ရုံအတွင်းမှာ အလွန်ဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းဖြစ်သူ ဆွေ့စန်းယန်ဟာ သူ့ရဲ့မိခင်နဲ့ ပူးပေါင်းပြီး...။ ဆွေ့စန်းယန်အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ပထမအချက်၊ သူ့ကို လုံခြုံရေးဌာနကနေ ထောက်ပံ့ရေးဌာနဆီ ပြောင်းရွှေ့လိုက်ပြီး သန့်ရှင်းရေးဝန်ထမ်းအဖြစ် စက်ရုံအိမ်သာတွေကို အဓိကထား ဆေးကြောသန့်စင်ရပါမယ်။ ဒုတိယအချက်၊ သူ့ရဲ့ ဒီလအတွက် ထောက်ပံ့ကြေးနဲ့ ခံစားခွင့်အားလုံးကို သိမ်းဆည်းလိုက်ပါတယ်။ ဒါ့အပြင် စက်ရုံဝင်းအတွင်း လုံခြုံရေးကိုလည်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်...။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးဌာနက လုပ်ဖော်ကိုင်ဖက် ကျောက်တာ့ရာကိုလည်း ချီးကျူးဂုဏ်ပြုလိုပါတယ်။ ရဲဘော် ကျောက်တာ့ရာဟာ ဖြစ်ပွားချိန်မှာ စက်ရုံဝန်ထမ်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ပထမဆုံးအကြိမ်မှာတင် ရဲရဲဝံ့ဝံ့ ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြဿနာရှာသူတွေကို တားဆီးကာ စက်ရုံရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါကြောင့် သူမကို စက်ဘီးဝယ်ယူခွင့် လက်မှတ်တစ်စောင် ချီးမြှင့်လိုက်ပါတယ်။ ဒါ့အပြင် အခုတစ်ခေါက် စက်ရုံရဲ့ ဝန်ထမ်းသစ် ခေါ်ယူရေး စာမေးပွဲဟာ တရားမျှတပြီး ဘက်လိုက်မှုမရှိတဲ့ မူဝါဒအတိုင်း ဆောင်ရွက်မှာဖြစ်လို့ ဘယ်လိုနည်းလမ်းနဲ့မဆို လူဝင်တိုးဖို့ ကြိုးစားတာမျိုးကို လက်ခံမှာ မဟုတ်ပါဘူး..."

အဘွားကြီးကျောက်မှာမူ နောက်ဆက်တွဲ စကားလုံးများကို မကြားနိုင်တော့ပေ။

သူမသည် ဘေးနားရှိလူများကို ဆွဲကိုင်ကာ "စက်ရုံက ငါ့ကို စက်ဘီးလက်မှတ် တကယ်ပေးမှာတဲ့လား.." ဟူ၍ အတည်ပြုချက် ထပ်တလဲလဲ တောင်းနေမိ၏။

အားလုံး သူမကို မနာလိုဝန်တိုစိတ်များဖြင့် ကြည့်ကာ နာကျင်စွာဖြင့် ခေါင်းညိတ်ပြကြ၏။

အား..

အား... အား..

ငါတို့လည်း အဲဒီတုန်းက ဘာလို့ ဝင်မပါခဲ့မိတာလဲ..

ငါတို့သာ ပါခဲ့ရင် အခု အကျိုးခံစားရမှာ ငါတို့ဖြစ်နေမှာပေါ့..

ဘာလို့လဲ..

လူတိုင်း၏ မျက်လုံးများမှာ မနာလိုမှုကြောင့် နီရဲနေကြသည်။ အဘွားကြီးစွန်းမှာမူ တုန်တုန်ရင်ရင်ဖြင့် နောင်တကြီးစွာ အဆက်မပြတ် ရေရွတ်နေလေ၏။

"ငါ ဘာလို့ မကူညီခဲ့မိတာလဲ.. ငါ ဘာလို့ မကူညီခဲ့မိတာလဲ...."

အဘွားကြီးကျောက်သည် တဟားဟား ရယ်မောရင်း ပျော်ရွှင်စွာ ပြောနေလေသည်။

"အို... ဘုရားရေ၊ ဒါကိုပဲ 'ကောင်းမှုလုပ်ရင် ကောင်းကျိုးခံစားရတယ်' လို့ ခေါ်တာလားမသိဘူးနော်"

"အဘွားကြီးကျောက်ရေ... နင့်ရဲ့ကံကတော့ တကယ်ကို အံ့ဩစရာပဲ..."

အဘွားကြီးကျောက်: "ဟဲဟဲဟဲ။"

‘ဘုရားရေ... ငါက လီတာ့ရှန်းကို ဝင်တိုက်ဖို့ အခွင့်အရေးချောင်းတာ သက်သက်ပဲဟာကို..’

‘ငါ့ကံက တကယ်ပဲ ဒီလောက်အထိ ကောင်းနေတာလား..’

အဘွားကြီးကျောက်မှာ မိန်းမောကြောင်အနေပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်သပ်ရင်း "အို... ဘုရားရေ၊ အို... ဘုရားရေ... သိလား၊ သိလား..." ဟု တတွတ်တွတ် ရေရွတ်နေလေသည်။

‘ဒီကံကောင်းမှုကြီးက သူမအတွက်တော့ မယုံနိုင်စရာပဲ’

သူမမှာ ဘာပြောရမှန်းပင် မသိတော့ဘဲ ပျော်ရွှင်မှုတစ်ခုတည်းသည်သာ သူမ၏ စိတ်အာရုံတစ်ခုလုံးကို စိုးမိုးထားလေသည်။

"အဒေါ်ကျောက်။"

အဘွားကြီးကျောက် မော့ကြည့်လိုက်သောအခါ မျက်လုံးထဲတွင် အပြုံးများ ပြည့်လျှံနေသော ဌာနခွဲမှူးဝမ်ကို တွေ့လိုက်ရ၏။

"ခဏလောက် အပြင်ထွက်ခဲ့ပါဦး"

သူသည် အဘွားကြီးကျောက်ကို ဖိတ်ခေါ်လိုက်လေသည်။

အဘွားကြီးကျောက်လည်း အမြန်ပင် အပြင်ထွက်လာပြီး မေးမြန်းလိုက်၏။

"ဌာနခွဲမှူးဝမ် ဘာကိစ္စရှိလို့လဲရှင်.."

"ဒီတစ်ခေါက်အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားကို စက်ဘီးဝယ်ခွင့်လက်မှတ် လာပေးတာပါ။ ခင်ဗျားတို့ မိသားစုက စက်ဘီးဝယ်ချင်နေပေမဲ့ လက်မှတ်မရှိလို့ ဝယ်မရ ဖြစ်နေတယ်လို့ ကြားမိတယ်။ ဒါက အခွင့်အရေးကောင်းပဲဆိုတော့ ကျွန်တော် ဒီလက်မှတ်ရအောင် စီစဉ်ပေးလိုက်တာ။ ခင်ဗျားတို့ မိသားစုရဲ့ ဆန္ဒ မကြာခင် ပြည့်တော့မှာပေါ့"

"အား.. အား..”

အဘွားကြီးကျောက်မှာ စိတ်လှုပ်ရှားလွန်း၍ စကားပင်မဆိုနိုင်တော့ပေ။

သူမ၏ လက်များမှာ တုန်ယင်နေပြီး "အမေရေ... ကျွန်မတို့ အိမ်က တကယ်ပဲ စက်ဘီးဝယ်လို့ ရတော့မှာလား.." ဟုလည်း ရေရွတ်နေမိ၏။

"ဟုတ်တာပေါ့.."

ဌာနခွဲမှူးဝမ် ဆက်ပြောလိုက်လေသည်။

"ဒါလေးကို သိမ်းထားပါဦး၊ ပြီးတော့ ဒါလေးလည်း ယူထားပါ။ ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတင်လွှာ အမှတ်တရ လက်ဆောင်လေးပါ။ ခင်ဗျားမှာ ကလေးတွေရှိတယ်လို့ ကြားလို့ မုန့်လက်မှတ်လေးတွေပါ ယူလာပေးတာ။ ကလေးဆိုတာ အချိုလေးစားရရင် ပျော်ကြတာပဲ မဟုတ်လား။"

"အို... ဘုရားရေ၊ ကျွန်မ... ကျွန်မ..."

အင်မတန် အမြတ်ထွက်နေရ၍ အဘွားကြီးကျောက်မှာ ဘာပြန်ပြောရမှန်းကို မသိတော့ပေ။

သူမ ဤမျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ဌာနခွဲမှူးဝမ်ခမျာ သူမ အလွန်အမင်း ဝမ်းသာနေသည်ဟု တွေးတောကာ အားပေးစကားဆိုလိုက်၏။

"ခင်ဗျားက စက်ရုံရဲ့ အလုပ်သမားတစ်ယောက်ပဲ၊ စက်ရုံအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ရဲဘော်ကောင်း တစ်ယောက်ဆိုတာ ကျွန်တော်တို့အားလုံး မြင်ပါတယ်။ ဒီစက်ရုံက ခင်ဗျားရဲ့ အိမ်ပဲလေ။ ခင်ဗျားက အိမ်ကို စောင့်ရှောက်ရင် အိမ်ကလည်း ခင်ဗျားကို ပြန်စောင့်ရှောက်မှာပေါ့"

အဘွားကြီးကျောက်သည် သူပြောသမျှကို ကောင်းကောင်းနားမလည်သော်လည်း ခေါင်းကို တရစပ် ညိတ်ရင်း ဘွင်းဘွင်းရှင်းရှင်း ပြောထဲ့လိုက်လေသည်။

"ဟုတ်ကဲ့ပါ.. ကျေးဇူးတင်ပါတယ် ဌာနခွဲမှူးဝမ်ရယ်။ ဌာနခွဲမှူးက ရုပ်ကလေးက သိပ်မချောပေမဲ့ ဒီလောက် စိတ်ကောင်းရှိလိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး"

ဌာနခွဲမှူးဝမ်: "..."

‘ရုပ်မချောဘူးဆိုတာ ဘာကိုဆိုလိုတာလဲ.. စကားကောင်းကောင်း မပြောတတ်ရင်လည်း ငြိမ်ငြိမ်နေလို့ ရတာပဲကို..’

"တကယ်ကို ကောင်းတာပဲ.. ကျွန်မတို့ အိမ်က ဝယ်ချင်နေတာ ကြာလှပြီ။ အခုတော့ တကယ် အဆင်ပြေသွားပြီ"

အဘွားကြီး၏ မျက်လုံးများမှာ စက်ဘီးလက်မှတ်ပေါ်မှ မခွာတမ်း ဖြစ်နေသည်ကို မြင်သောအခါ ဌညနခွဲမှူးဝမ် နှုတ်ဆက်စကားပြောလိုက်၏။

"ကဲ... ဒါဆိုရင် ကျွန်တော် ရုံးခန်းကို ပြန်တော့မယ်။ ခင်ဗျားလည်း အလုပ်ဆက်လုပ်လေ"

"ဟုတ်ကဲ့ရှင့်။"

သူမသည် လက်မှတ်ကို အကျအန သေချာထည့်သိမ်းရင်း "ပျောက်သွားလို့ မဖြစ်ဘူး" ဟု တတွတ်တွတ် ဆိုနေလေသည်။

သို့သော် ခဏအကြာတွင် သူမ ခေါင်းကို ကုပ်ရင်း

"သူက ငါတို့အိမ်က စက်ဘီးဝယ်ချင်တာကို ဘယ်လိုလုပ် သိနေတာပါလိမ့်.. အော်... ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် အခုတော့ ဝယ်နိုင်ပြီပဲ။ ပိုက်ဆံကိုတော့ ငါ့ရဲ့ အစွမ်းအစရှိတဲ့ ချွေးမကိုပဲ စိုက်ခိုင်းရမှာပေါ့၊ ဟဲဟဲ"

ထိုသို့ တွေးကာ အဘွားကြီးကျောက်သည် အားရပါးရ ပြုံးပျော်ရင်း အိမ်သို့ ပြန်လာခဲ့သည်။

အဘွားကြီးကျောက် ပျော်ရွှင်နေသလောက် တစ်ဖက်တွင်မူ တစ်စုံတစ်ယောက်မှာ ထိုကိစ္စကို မခံမရပ်နိုင် ဖြစ်ကာ ဒေါသချောင်းချောင်း ထွက်နေလေ၏။

ထိုသူမှာ အစ်မကြီးဖန်ပင် ဖြစ်ပြီး သူမ အလုပ်လုပ်နေစဉ် ထိုအသံလွှင့်ချက်ကို ကြားလိုက်ရသဖြင့် ဒေါသကြောင့် မျက်လုံးများပင် နီရဲလာသည်။

"ဘာလို့ အဲဒီ မိန်းမယုတ်ကြီးက ချီးမွမ်းခံရတာလဲ.. စက်ဘီးလက်မှတ်တောင် ဆုရသေးတယ်တဲ့လား။ သူက ဒါနဲ့ ထိုက်တန်ရဲ့လားဆိုတာကို သူကိုယ်တိုင်ကော သိရဲ့လား.."

အစ်မကြီးဖန်သည် အမြဲတစေ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပြီး အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား တစ်ကိုယ်ကောင်းဆန်သူဖြစ်သဖြင့် လူချစ်လူခင် နည်းပါးသည်။ ထို့ကြောင့် မည်သူမျှ သူမကို စကားမပြောကြပေ။ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မနာလိုစိတ်ဖြင့် ပြောဆိုနေလေ၏။

"သူ ကံကောင်းသွားတာပါ၊ သူ ကံကောင်းသွားတာ သက်သက်ပါ"

အစ်မကြီးဖန် မနာလိုဖြစ်နေသကဲ့သို့ ရွှီကောင်းမင်သည်လည်း ထပ်တူထပ်မျှပင် မနာလိုဖြစ်နေ၏။ ရွှီကောင်းမင်၏ မျက်နှာမှာ တင်းမာနေပြီး၊ မကြာသေးမီမှစ၍ အခြားသူများ၏ ဘဝမှာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာသော်လည်း သူ၏မိသားစုမှာမူ တစ်နေ့ထက်တစ်နေ့ ပို၍ အခြေအနေ ဆိုးရွားလာသည်။ ထို့ကြောင့် သူ စိတ်မချမ်းမြေ့ဖြစ်နေသည်မှာ သဘာဝပင်။ သူ၏မိသားစုမှာ စည်သွပ်ဗူးများ ဝယ်ရန် လိုအပ်နေသေးသည်ကို တွေးမိသောအခါ သူ၏ စိတ်မသက်မသာ ဖြစ်မှုက ပို၍ပင် လေးလံလာ၏။

သူသည်လည်း စည်သွပ်ဗူးများ မဝယ်ချင်ပေ။ သို့သော် ပိုက်ဆံများစွာ အကုန်ကျမခံဘဲ စည်သွပ်ဗူး ဝယ်ပေးလိုက်ခြင်းမှာ တောင်းပန်ရန်အတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်နေသည်။

စက်ဘီးလက်မှတ်တဲ့လား..

ချန်ချင်းယွီ စက်ဘီးဝယ်ချင်သည်ဟု တဖွဖွပြောကာ နေ့တိုင်းသွားကြည့်နေခဲ့သည် မဟုတ်လော့။ သူမ၏ အကြံအစည် အမှန်တကယ် အထမြောက်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ဤသည်မှာ တကယ့်ကို မယုံနိုင်စရာပင်။ အဘွားကြီးကျောက်ကဲ့သို့ လူစားမျိုးမှာ ကောင်းမှုကုသိုလ်လုပ်ပြီး ဆုလာဘ်ရလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ သူသာ ထိုကဲ့သို့သော ကံကောင်းမှုမျိုးနှင့် ကြုံခဲ့လျှင် သူ၏အငယ်ဆုံးသားအတွက် စက်ဘီးတစ်စီး ဝယ်ပေးနိုင်ခဲ့မည်မှာ အမှန်ပင်။

ဤကဲ့သို့သော အခွင့်အရေးကောင်းကို ကျောက်တာ့ရာကဲ့သို့သော လူအ မိန်းမမှ ရရှိသွားသည်မှာ နှမျောစရာ ကောင်းလှသည်။

တောက်.. တကယ်ကို စိတ်တိုဖို့ကောင်းလိုက်တာ..

အပြင်လူများ ကောလာဟလအဖြစ်သာ ပြောဆိုနေကြသော်လည်း ဝင်းအတွင်းရှိ လူများမှာမူ မနာလိုစိတ်ဖြင့် ပွက်လောရိုက်နေကြ၏။ အခြားသူများ အကျိုးခံစားခွင့် ရရှိသွားသည်ကို မြင်ရပြီး မိမိတို့ ဘာမှမရရှိခြင်းမှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှပေသည်။

သို့သော်လည်း အခြားသူများ မည်မျှပင် တိုးတိုးတိတ်တိတ် ပြောဆိုနေပါစေ၊ မနာလိုသည့် အကြည့်များဖြင့် ကြည့်နေပါစေ၊ အဘွားကြီးကျောက်မှာ အတိုင်းထက်အလွန် ပျော်ရွှင်နေလေ၏။

သူမသည် အလုပ်ဆင်း၍ အိမ်ပြန်ရသည်မှာပင် ပို၍ အင်အားရှိလာသကဲ့သို့ ခံစားရကာ ယနေ့ အလုပ်ဆင်းပြီးနောက် ကြက်များ သွားဝယ်လိုက်သေးသည်။ ကောင်းသော အရာအားလုံးတစ်ပြိုင်နက်တည်း ဖြစ်ပျက်နေ၏။ ထိုကြက်များ အသက်ရှင်မည်၊ မရှင်မည်ကို သူမ မသေချာသော်လည်း အဘွားကြီးကျောက်မှာမူ ကြက်ဥများ အားရပါးရ စားရမည့် ပျော်ရွှင်စရာ ဘဝကြီးကို စိတ်ကူးယဉ်နေပြီ ဖြစ်သည်။

ကြက်များသွားဝယ်နေသောကြောင့် အဘွားကြီးကျောက် အိမ်ပြန်ရောက်သည့် အချိန်တွင် အတော်ပင် နောက်ကျနေပြီ ဖြစ်၏။ ဝင်းအတွင်းရှိ လူအားလုံးမှာ အိမ်ထဲသို့ ကိုယ်စီ ဝင်သွားကြလေပြီ။

ချန်ချင်းယွီသည်လည်း စက်ဘီးလက်မှတ် ကိစ္စကို သိရှိသွားသည်။

ဒါက…

အဘွားကြီးကျောက် ဤကဲ့သို့သော ဆုလာဘ်မျိုး ရရှိလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

‘ဒါက တကယ့်ကို… မမျှော်လင့်ဘဲ ရလိုက်သည့် ကံထူးမှုကြီးပင်..’

"ချွေးမရေ... ချွေးမ၊ အမြန်ထွက်ခဲ့ဦး..ငါ ဘာတွေ ယူလာသလဲဆိုတာ ကြည့်ပါဦး.."

ချန်ချင်းယွီ အပြေးအလွှား ထွက်လာရင်း ဝမ်းသာအားရ ဆိုလိုက်၏။

"အို... ကြက်လေးတွေ ရောက်လာပြီပဲ.."

"ကြည့်စမ်း၊ မဆိုးဘူး မဟုတ်လား.."

အဘွားကြီး ဝင့်ကြွားစွာဖြင့် မေးလိုက်လေသည်။

ချန်ချင်းယွီ ခေါင်းညိတ်ထောက်ခံလိုက်၏။ သူတို့နှစ်ဦး၏ အသံကျယ်ကျယ်ဖြင့် စကားပြောသံကြောင့် လူအများအပြား အပြင်သို့ ထွက်လာကြသည်။ အစ်မကြီးဖန်မှာ မနေနိုင်ဘဲ လေသံခနဲ့တဲ့တဲ့ဖြင့်

"အိုး... ဘာတွေများ ဖြစ်ပျက်နေတာပါလိမ့်.. စက်ဘီးလက်မှတ်လေး ရရုံရှိသေးတယ်၊ အခု ကြက်တွေပါ မွေးနေပြန်ပြီလား။ ဒီလိုမျိုး ကိုယ်ကျိုးရှာ ဝိသမလောဘလုပ်နေတာ ပြဿနာတက်လိမ့်မယ်နော်... အား.."

ရှီရှန်း အစ်မကြီးဖန်၏ လက်မောင်းကို ဆွဲဆိတ်လိုက်ပြီး တောင်းပန်စကားဆိုလိုက်၏။

"ကျွန်တော့်မိန်းမက လျှောက်ပြောနေတာပါ၊ စိတ်ထဲမထားပါနဲ့"

‘ဒါက ပြောထွက်ရမည့် စကားမျိုးလား..’

‘အားလုံးက ဝင်းတစ်ခုတည်းမှာ အတူနေကြတာပဲ၊ ဘယ်သူက မှောင်ခိုဈေးကို မသွားဘဲ နေဖူးလို့လဲ..’

အကယ်၍ လူတိုင်းသာ ထိုကိစ္စကို လိုက်ဖော်နေကြမည်ဆိုလျှင် အဆုံးသတ်နိုင်တော့မည် မဟုတ်ပေ။

‘မမြင်ကြဘူးလား.. ရွှီကောင်းမင်တို့ မိသားစု ပစ္စည်းတွေဝယ်တာ ရဲတွေသိပေမဲ့ ဆက်ပြီး အရေးမယူဘဲ ဒဏ်ငွေဆောင်ခိုင်းပြီး ပြီးသွားတာပဲလေ’

အခြားသူများ မသိရင်သာနေမည်၊ သူသည်ကား သိနေသည်။ ရှီကျန့်ရှန်း ရဲစခန်းမှာ ဒဏ်ငွေသွားဆောင်စဉ် သူကိုယ်တိုင် ထိုနေရာတွင် ရှိနေခဲ့၏။

ထိုစဉ်က သူသည် သားဖြစ်သူ၏ ကျောင်းကိစ္စအတွက် ရဲစခန်းသို့ ရောက်နေခြင်း ဖြစ်သည်။

“ကျွန်တော့်မိန်းမက အဲဒီလိုဆိုလိုတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ ကြက်မနှစ်ကောင် ရလာလို့ သူက မနာလိုဖြစ်ပြီး ပြောလိုက်တာပါဗျာ။”

ရှီရှန်းသည် သူ၏ဇနီးဖြစ်သူအား ပြဿနာမရှာစေချင်ပေ။ အဘွားကြီးကျောက်သည် ယနေ့တင် ချီးမွမ်းခံထားရသူ ဖြစ်ရာ သူမနှင့် ရန်ဖြစ်နေလျှင် လူထုမှာ သူတို့မိသားစုကို မည်သို့ မြင်ကြမည်နည်း.. အထူးသဖြင့် ဝန်ထမ်းသစ် ခေါ်ယူနေသည့် ယခုကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် သာ၍ပင် သတိထားရပေမည်။

‘လူတွေက မင်းကို ဒီလိုကိစ္စမျိုးမှာ မကူညီနိုင်ရင်တောင် ဒုက္ခပေးဖို့ကတော့ အလွန်လွယ်ကူသည်’ ဆိုသည်ကို ရှီရှန်း ကောင်းကောင်းနားလည်၏။

ထို့ကြောင့် သူသည် ဝင်းအတွင်းရှိ မည်သူ့ကိုမျှ အငြိုးအတေး မထားစေချင်ပေ။

သူ လေသံအေးအေးဖြင့် တောင်းပန်လိုက်၏။

"ဒေါ်ကြီးကျောက်ရေ... ကျွန်တော့်ရဲ့ အသိဉာဏ်မရှိတဲ့ မိန်းမကြီးကို စိတ်ထဲမထားပါနဲ့ဗျာ"

အဘွားကြီးကျောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြတ်ပြတ်သားသားပင် တုံ့ပြန်လိုက်သည်။

"ဒီနေ့ ငါစိတ်ကြည်နေလို့ နင်နဲ့ အချေအတင် မဖြစ်ချင်တာ။ မဟုတ်ရင်တော့ နင့်ပါးစပ်ကို ငါဖြဲပစ်လိုက်တာ ကြာပြီ။ ငါ့ကို ဝိသမလောဘသမားလို့ စွပ်စွဲချင်တာလား.. နင်ကတော့ တကယ်ကို စိတ်ပုပ်တဲ့လူပဲ။ ဒါကို ငါက မှောင်ခိုဈေးက ဝယ်လာတာ မဟုတ်ဘူး၊ ငါတို့ ထမင်းစားဆောင်က လုပ်ဖော်ကိုင်ဖက်တစ်ယောက် အိမ်ပြောင်းရမှာမို့လို့ လဲယူလာတာ။ ရှေ့လအတွက် ရိက္ခာလက်မှတ်တွေနဲ့ လဲထားတာ၊ တရားဝင်ပဲ။ ဒါကြောင့် ငါ့ကို လာပြီး အကွက်မဆင်နဲ့။ သွားစမ်း.."

အစ်မကြီးဖန် တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း ရှီရှန်းသူမ၏လက်မောင်းကို ဆွဲကိုင်ကာ လေသံမာမာဖြင့် "မင်း ပါးစပ်ပိတ်ထားစမ်း" ဟု ဟန့်တားလိုက်၏။

အစ်မကြီးဖန်သည် ရှီရှန်း၏ အကြည့်ကို မြင်သောအခါ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ငြိမ်သက်သွားရသည်။

ရှီကျန့်ရှန်းမှာမူ

"ဘာလို့ ရုတ်တရက်ကြီး ကြက်မွေးဖို့ ဆုံးဖြတ်လိုက်တာလဲ.. တို့ဝင်းထဲမှာ ကြက်မွေးဖို့ နေရာမှ မရှိတာ.."

"ဒေါ်လေးရှီ... ကျွန်မတို့က ကိုယ့်အိမ်ရှေ့မှာပဲ လှောင်အိမ်နဲ့ စနစ်တကျ မွေးမှာပါ။ ဘယ်သူ့နေရာကိုမှလည်း မယူပါဘူး၊ ပြီးတော့ ကြက်မဆိုတော့ တွန်လည်း မတွန်တော့ ဒေါ်လေးတို့ကိုလည်း အနှောင့်အယှက် မဖြစ်စေရပါဘူး"

ချန်ချင်းယွီ ပြန်ပြောလိုက်သည်။

သူမ လူတိုင်း၏ ပါးစပ်ကို ပိတ်လိုက်ပြီးနောက် အဘွားကြီးကျောက်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်၏။ အဘွားကြီးကျောက်

ချက်ချင်းပင် သိနားလည်ကာ ကြိမ်းဝါးလိုက်လေသည်။

"ငါပြောလိုက်မယ်၊ ငါ့ချွေးမက သဘောကောင်းတယ်ဆိုပြီး ငါ့ကြက်တွေကို လာပြီး ဒုက္ခပေးဖို့ မစဉ်းစားနဲ့။ လူတိုင်း ကိုယ့်ကလေးကိုယ် ထိန်းကြ။ ဘယ်သူမဆို ငါ့အိမ်ထဲဝင်ပြီး ကြက်ဥလာခိုးရင်တော့ စောင့်ကြည့်နေလိုက်.. နင့်တို့အိမ်ကို ငါဖျက်ပစ်မယ်၊ မလုပ်နိုင်ရင် ငါ့နာမည် ကျောက်တာ့ရာမဟုတ်စေရဘူး.."

ထို့နောက် ဆူညံသံကြောင့် ထွက်

ကြည့်နေသော အဘွားကြီးဟွမ်ကို ကြည့်ကာ

"ဟုတ်တယ်မလား အဘွားကြီးဟွမ်.. ငါ့ အကြောင်းကို ညည်း သိတယ်မလား.."

"ငါ့ကို ဘာလုပ်စေချင်လို့လဲ.. ငါ့မိသားစုကတော့ အဲဒီလိုမျိုး မလုပ်ပါဘူး"

အဘွားကြီးဟွမ် ပြောဆိုကာ မျက်စောင်တစ်ချက် ထိုးလိုက်သည်။ ထို့နောက် မြေးမလေး၏ လက်ကို ဆွဲကာ ထွက်သွား၏။

"သွားစို့... ဟင်း.."

"အဘွား... သမီး ကြက်သားစားချင်တယ်"

ကျန်းမုန့်မုန့်မှာ ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။

"စား... စား၊ နင်ကတော့ စားဖို့ပဲ သိတယ်။ ငါ့က ကြက်နဲ့ တူနေလို့လား.. ရတယ်၊ အဲဒါဆို ငါ့ကိုပဲ စားလိုက်တော့.. ကဲ... အိမ်ပြန်မယ် လာ.."

"ဒါပေမဲ့ သမီးက ကြက်သားပဲ စားချင်တာကို"

ကျန်းမုန့်မုန့် ထပ်ပြောနေသေး၏။

"ပါးစပ်ပိတ်စမ်း.. လူတွေက သူတို့ကြက်တွေကို နင်ခိုးမလားဆိုပြီး စိုးရိမ်တကြီး စောင့်ကြည့်နေကြတာတောင် နင်က မပြီးသေးဘူး။ ပါးစပ်ပိတ်ထား၊ မဟုတ်ရင် နင့်ကို အရိုက်ခံရမယ်.."

ကျန်းမုန့်မုန့်ခမျာ ဘာမှ ထပ်မပြောရဲတော့ပေ။

အဘွားကြီးကျောက် နှာခေါင်းတစ်ချက်ရှုံ့ရင်း ပြတ်ပြတ်သားသား ဆိုလိုက်၏။

"ဒီမြို့ပေါ်မှာတော့ ကြက်မခိုးတဲ့ မြွေပါတွေရှိမယ်လို့ ငါမယုံဘူး။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပျောက်တာကတော့ ထားပါတော့၊ ငါ့ကြက်တွေသာ ပျောက်ကြည့်... ငါတော့ လုံးဝ အားနာနေမှာ မဟုတ်ဘူး"

"ကဲပါ... တော်ပါတော့၊ ကြက်မွေးတာပဲဟာ။ တခြားအိမ်တွေလည်း မွေးနိုင်တာပဲလေ။ ဒီလောက်လည်း လိုက်ပြောမနေပါနဲ့၊ ဘယ်သူမှ မခိုးပါဘူး။ တို့ဝင်းက 'ယဉ်ကျေးသော ဝင်း' ဆိုတဲ့ ဘွဲ့တံဆိပ်ကို မရဖူးသေးတာ မှန်ပေမဲ့ ကြက်သူခိုးတော့ မရှိပါဘူး"

ပိုင်ဖုန်းရှန်း ဝင်ပြောလိုက်မိသည်။

အဘွားကြီးကျောက်မှာ လှောင်ရယ် ရယ်လိုက်ပြီး လုံးဝမယုံကြည်ပေ။

ပိုင်ဖုန်းရှန်းသည်လည်း သူမနှင့် အချေအတင် မဖြစ်လိုတော့သဖြင့် စကားလမ်းကြောင်းလွှဲကာ မေးလိုက်၏။

"ဒေါ်ကြီးကျောက်... ညည်းမှာ စက်ဘီးလက်မှတ် ရထားပြီဆိုတော့ စက်ဘီးဝယ်တော့မှာလား.."

"ဝယ်မှာပေါ့.. ဒါက ငါ့အတွက် ဂုဏ်ယူစရာပဲဟာကို။ ဘာလို့ မဝယ်ဘဲ နေမှာလဲ.."

ပိုင်ဖုန်းရှန်း ခေါင်းညိတ်ပြပြီး ဘာမှထပ်မပြောတော့ပေ။

မည်သည့်အချိန်ဖြစ်ဖြစ် စက်ဘီးလက်မှတ်ဆိုသည်မှာ အမြဲတမ်း လိုအပ်ချက်မြင့်မားသော ပစ္စည်းတစ်ခုပင်။ အကယ်၍ အဘွားကြီးကျောက်တို့ မိသားစု စက်ဘီးမဝယ်ဖြစ်လျှင် သူမသည် ပိုက်ဆံပေး၍ ထိုလက်မှတ်ကို "လဲယူ" ရန် စဉ်းစားနေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမ၏ သားကြီး စက်ဘီးဝယ်နိုင်ရန်အတွက် ကျေးလက်သို့ လက်မှတ် ပို့ပေးနိုင်မည်သာ။

သို့သော် မလဲပေးလျှင်လည်း သူမအနေဖြင့် အကျပ်ကိုင်ရန် အစီအစဉ်မရှိပေ။

ပိုင်ဖုန်းရှန်းသည် မိမိကိုယ်ကိုယ် ခေါင်းဆောင်တစ်ဦး၏ ဇနီးအဖြစ် သတ်မှတ်ထားသဖြင့် သာမန်အရပ်သားများနှင့် မတူဘဲ သိက္ခာကျမည့် အလုပ်မျိုးကို လုပ်မည်မဟုတ်ဟု ခံယူထားသူဖြစ်သည်။

ကလေးငယ်နှစ်ဦးဖြစ်သော ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ ကြက်လှောင်အိမ်ဘေးတွင် ပတ်ချာလည်ပြေးရင်း "မေမေ... သားတို့တွေ ကြက်မွေးရင် ကြက်ဥစားရတော့မှာ မဟုတ်လားဟင်.." ဟု မော့ကြည့်ကာ မေးနေကြ၏။

"ဟုတ်တာပေါ့၊ သေချာပေါက် စားရမှာပေါ့"

ချန်ချင်းယွီ ပြန်ဖြေပေးလိုက်သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်နှာတွင် ချိုသာသော အပြုံးလေးများ ချက်ချင်း ပေါ်လာလေသည်။

"သားတို့လည်း ကြက်စာကျွေးတာ ကူညီပေးမယ်နော်.."

"အေးပါကွယ်.."

ရှောင်ကျားတို့ အိမ်တွင် ကြက်မွေးသည်ကို မြင်သောအခါ နာ့နာတို့ ညီအစ်မသုံးဖော်မှာလည်း ပူဆာကြ၏။

"မေမေ... သမီးတို့လည်း ကြက်မွေးရအောင်လေ၊ ဒါမှ ကြက်ဥစားရမှာ.."

ဝမ်မေ့လန်က ခေါင်းခါလိုက်ပြီး ချော့မော့ပြောဆိုလိုက်ရ၏။

"မရဘူး သမီးတို့ရဲ့၊ တို့တွေက အလုပ်လုပ်ရတာဆိုတော့ ဘယ်သူမှ ကြည့်ပေးမယ့်သူ မရှိဘူးလေ။ ကြက်ဥစားချင်ရင် ဝယ်စားတာပေါ့..."

သူမ၏ ယောက္ခမမှာ ကလေးထိန်းပေးရန် လာနေသည်မှန်သော်လည်း အဝတ်ပင် မလျှော်ပေးသည့်အတွက် ကြက်စာကျွေးဖို့ဆိုသည်မှာ ဝေးလွန်းလှသည်။

ထို့ကြောင့် သူမတို့ မမွေးနိုင်ပေ။

ဝမ်မေ့လန်က ကလေးများကို ချော့မော့သော်လည်း ကလေးမလေး သုံးယောက်မှာမူ သိပ်မပျော်ကြပေ။ သူမတို့ မိသားစုသည် ဝင်းအတွင်းတွင် အခြေအနေအကောင်းဆုံး မိသားစုထဲမှ တစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ ရှောင်ကျားတို့တွင် ရှိပြီး သူမတို့တွင် မရှိသည့်အရာများကို မြင်တွေ့ရသောအခါ မနာလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာကြ၏။

"ကဲပါ... လာကြ၊ မေမေ ကြက်ဥကြော် ကျွေးမယ်နော်"

ဝမ်မေ့လန် ထိုသို့ ဆိုလိုက်မှသာ

"ဟုတ်ကဲ့.." ဟု ဆိုကာ ပျော်သွားကြလေသည်။

ချန်ချင်းယွီတစ်ယောက် ဝမ်မေ့လန်၏အိမ်တွင် ဖြစ်ပွါးခဲ့သော ကိစ္စအသေးလေးကို သတိမမူမိချေ။ သူမ အိမ်ထဲသို့ဝင်လိုက်သည်နှင့် လက်ဝါးဖြန့်လိုက်သောအခါ အဘွားကြီးကျောက်မှာ ပွစိပွစိ ရေရွတ်လေ၏။

"နင် ဒါကို အလိုရှိနေမယ်ဆိုတာ ငါသိသားပဲ။ ငါ တကယ်ကံကောင်းတာပဲဟေ့၊ ဒါမျိုးရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ နေပါဦး... တို့တွေ စက်ဘီးလိုအပ်နေတာကို သူက ဘယ်လိုလုပ် သိသွားတာပါလိမ့်.."

“သူ စုံစမ်းကြည့်လို့ သိတာပေါ့။ ကျွန်မ စက်ဘီးသွားကြည့်ဖို့ သမဝါယမကုန်တိုက်က ပစ္စည်းအရောင်းဆိုင်ကို ခဏခဏသွားနေတာ လူတိုင်းသိတာပဲလေ"

ချန်ချင်းယွီ ပြန်ပြောလိုက်၏။

“ဒါလည်းဟုတ်တာပဲ”

အဘွားကြီးကျောက် ထောက်ခံလိုက်မိသည်။

အမှန်တကယ်တွင် အဘွားကြီး၏ ဤလုပ်ရပ်မှ ကံကောင်းသော ဆုလာဘ်ကြီးတစ်ခု ရလာလိမ့်မည်ဟု ချန်ချင်းယွီလည်း မထင်ထားပေ။

"ဒီစက်ဘီးလက်မှတ်က ငါ့ရဲ့ ကြိုးစားမှုနဲ့ ရထားတာဆိုတော့ နင် ငါ့ကို ပိုက်ဆံစိုက်ခိုင်းလို့ မရဘူးနော်။ ပြီးတော့ နင်က ငါ့ထက် ပိုသုံးရမှာလေ။ ငါကတော့ အလုပ်ကို ခြေကျင်ပဲ သွားနေကျဆိုတော့ မလိုပါဘူး။ နင်ပဲ ပိုက်ဆံပေးပြီး ဝယ်လိုက်တော့"

အဘွားကြီးကျောက် သတိပေးစကားပြောလိုက်သည်။

“ကောင်းပြီလေ ကိစ္စမရှိဘူး”

အဘွားကြီးကျောက် ချန်ချင်းယွီကို မင်္သကာသည့် အကြည့်နှင့် ကြည့်ပြီး ပြောဆိုလိုက်သည်။

"နင့်ဆီမှာရှိတဲ့ ပိုက်ဆံတွေ အကုန်သုံးမပစ်နဲ့ဦးနော်"

"ဒါ အမေနဲ့ မဆိုင်ပါဘူး"

ချန်ချင်းယွီ ပြန်ပက်လိုက်၏။

“အေးပါ... မပြောတော့ပါဘူး။ ပြောရဦးမယ်... ဒီနေ့ဖြစ်သွားတာတွေက တကယ့်ကို တိုက်ဆိုင်မှုတွေပဲ။ ငါက နင် အမြဲလုပ်သလိုမျိုး လီတာ့ရှန်းကို ပညာပေးဖို့ပဲ ကြိုးစားကြည့်တာ၊ တကယ်ကြီး အောင်မြင်သွားလိမ့်မယ်လို့ ထင်မထားဘူး.. ဟားဟားဟား.. ငါ့ကို နားထောင်ဦး..."”

အဘွားကြီးကျောက်မှာ ယနေ့ဖြဟ်ပျက်ခဲ့သမျှ အကျိုးအကြောင်း ကိစ္စများကို အားရပါးရ ဖောက်သည်ချနေပြီး ချန်ချင်းယွီသည်လည်း ခေါင်းတညိမ့်ညိမ့် နားထောင်ပေးနေသည်။

ကလေးနှစ်ယောက် တံခါးဝတွင် ကြက်ကလေးများကို ထိုင်ကြည့်နေသည်ကို မြင်သောအခါ ချန်ချင်းယွီ အသံကိုနှိမ့်ပြီး ပြောလိုက်၏။

"ဒီည ကျွန်မ သွားပြီး သူတို့ကို ခြောက်လှန့်လိုက်မယ်။ အမေကတော့ ဘာမှမသိသလိုမျိုး အိမ်မှာပဲ နေလိုက်။ ကျွန်မအတွက် တံခါးလေးပဲ ဖွင့်ထားပေးပါ"

အဘွားကြီးကျောက် လက်ဝါးချင်းပွတ်ရင်း "ကောင်းပြီ.." ဟု စိတ်လှုပ်ရှားစွာ အော်လိုက်မိသည်။

“အို... ဘုရားရေ၊ ငါလည်း လိုက်ကြည့်ချင်လိုက်တာ.."

ချန်ချင်းယွီ တိုးတိုးလေး ကပ်ပြောလိုက်ကာ

“အမေသာ လိုက်လာရင် ကျွန်မတို့ နှစ်ယောက်လုံး သင်္ကာမကင်း ဖြစ်ကုန်မှာပေါ့.. ကျွန်မတစ်ယောက်တည်းဆို အဆင်ပြေတယ်… အမေက အိမ်မှာပဲနေပါ။ တစ်ခုခုဖြစ်လာရင် အခြေအနေကို ထိန်းလို့ရအောင်လေ။ ဘာပဲဖြစ်ဖြစ် ဘေးကင်းတာ အကောင်းဆုံးမို့ အမေက အိမ်မှာပဲ နေပြီး အခြေအနေကို ကြည့်ပေးရမယ်။ သူတို့ကို ကျွန်မတစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်။ အမေသာ စောင့်ကြည့်နေလိုက်။"

အဘွားကြီးကျောက် စဉ်းစားကြည့်သောအခါတွင်လည်း ဤစကားမှာ ယုတ္တိတန်သဖြင့် သဘောတူလိုက်သည်။

သူမ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေ၏။

"အို... ဘုရားရေ၊ သိလား... ငါက သိပ်အရေးပါတာ။ ငါမရှိရင် ဘယ်သူမှ မဖြစ်ကြဘူး။ လူတိုင်းက ငါ့ကို ချစ်ကြတာ။ ငါကတော့ တကယ်ကို တော်တာပဲ..."

"အမေ ဌာနခွဲမှူးဝမ်ကို ကူညီခဲ့တာဆိုတော့ သူက သီးသန့် ကျေးဇူးမတင်ဘူးလား..”

ချန်ချင်းယွီ ရုတ်ချည်း ကောက်မေးလိုက်လေသည်။

အဘွားကြီးကျောက်မှာ သတိလက်လွတ်၍ လွှတ်ခနဲ ထွက်သွား၏။

"ဘယ် ကျေးဇူးမတင်ဘဲ နေမလဲ.. သူက ငါ့ကို မုန့်လက်မှတ်တွေတောင် အများကြီး ပေးလိုက်သေးတာ၊ ငါ... အား.."

ပါးစပ်ကို ချက်ချင်းပြန်ပိတ်လိုက်သည်။

သွားပြီ.. အမှားကြီး မှားသွားပြီ..

ဘယ်လိုဖြစ်ပြီး ပါးစပ်က လွတ်သွားရတာလဲ..

ဤသည်မှာ သူမ လျှို့ဝှက်ထားချင်သော ကိစ္စဖြစ်၏။

"အာ... အဲဒါက..."

ချန်ချင်းယွီ ပြုံးစိစိဖြင့် "ကျွန်မ ထင်တဲ့အတိုင်းပါပဲလား~" ဟု ပြောလိုက်ရာ အဘွားကြီးကျောက်မှာ အခက်တွေ့၍ တဟဲဟဲသာ ရယ်ပြနေရတော့သည်။

"အဲဒီလို အတုအယောင်တွေ ရယ်မပြနဲ့။ အမေ့ဆီက ပစ္စည်းကို အလကား မယူပါဘူး။ အမေက ကျွန်မကို ပေးရင် ကျွန်မက အမေ့ကို ပိုက်ဆံပြန်ပေးမယ်။ လိုချင်လား..”

ချန်ချင်းယွီ မေးလိုက်၏။

ပိုက်ဆံအကြောင်း ကြားရသည်နှင့် အဘွားကြီးကျောက်က ချက်ချင်း မျက်လုံးတောက်သွားပြီး ပြန်မေးလေသည်။

"ဘယ်လောက်ပေးမှာလဲ.."

သင့်တော်သော စျေးတစ်ခုကို ချန်ချင်းယွီ ရွတ်ပြလိုက်သောအခါ အဘွားကြီးကျောက်မှာ ပါးစပ်ကြီးနားရွတ်ချိတ်မတတ် ပြုံးနေ၏။

“ရတာပေါ့ ရတာပေါ့”

သူမ၏ အငြိမ်းစားယူချိန်အတွက် စုဆောင်းထားသော ပိုက်ဆံလေးများ တိုးလာပြန်ပြီ.. ဟိဟိ..

၆၀။ သရဲဟန်ဆောင်ခြင်း

ချန်ချင်းယွီတစ်ယောက် လျှို့လျှို့ဝှက်ဝှက်၊ ခိုးကြောင်ခိုးဝှက်ဖြင့် ညဘက်ကြီး အပြင်ထွက်သွား၏။

သူမသည် လင်းကျန့်ဝမ် ချန်ထားရစ်ခဲ့သော အလုပ်ရုံဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်မှ အဘွားကြီးကျောက်၏ ကိုယ်တိုင်လုပ် မိုးကာအင်္ကျီတစ်ထည်ကို ထပ်ဝတ်ထားလေသည်။ ဤမိုးကားအင်္ကျီမှာ ယခင်တစ်ခေါက်၌လည်း လူများကို ကြောက်လန့်စေခဲ့သည်ဖြစ်၍ ယခုတစ်ကြိမ်တွင်လည်း ချန်ချင်းယွီ ရည်ရွယ်ချက်ရှိရှိ ထပ်မံဝတ်ဆင်ခဲ့ခြင်းပင်။ သို့သော် ပြီးခဲ့သည့်အကြိမ်မှာ မတော်တဆသာ ဖြစ်သော်လည်း ယခုမူ ထိုသို့မဟုတ်ပေ။ သူမသည် အပြင်သို့ခြေချသည်နှင့် လျင်မြန်စွာ ပြေးထွက်လာခဲ့၏။ အရှိန်ဖြင့်ပြေးနေ၍ လှမ်းကြည့်လျှင် အဝေးတစ်နေရာတွင် အဖြူရောင်အရိပ်တစ်ခု ပေါ်နေသည်။ ချန်ချင်းယွီ၏ ယခုတစ်ခေါက် အဓိကရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်ကို လာရောက်ကင်းထောက်ရန်ဖြစ်ပြီး၊ အခွင့်အရေးရလျှင် လူတစ်ယောက်ကို ခြောက်လှန့်ရန်ဖြစ်သည်၊ အဆင်မပြေလျှင်မူ နောက်ရက်မှသာ ကြိုးစားမည်ဖြစ်၏။

သူမ ဇွတ်လုပ်ရန် စိတ်ကူးမရှိပေ..

မည်သို့ပင်ဆိုစေ၊ ဤနေရာသည် သူမနှင့် ရင်းနှီးကျွမ်းဝင်သော ပတ်ဝန်းကျင်မဟုတ်ပေ။

ချန်ချင်းယွီသည် လီတာ့ရှန်း၏အိမ်သို့ ဦးတည်သွားခဲ့သည်။ လီတာ့ရှန်း၏အိမ်မှာ သူတို့၏ခြံဝင်းနှင့် သိပ်မဝေးလှပေ၊ အကြောင်းမှာ စက်ရုံမှလူအားလုံးသည် ဤဧရိယာထဲတွင်ပင် နေထိုင်ကြ၍ဖြစ်၏။ ဤနေရာသည်လည်း ခြံဝင်းတစ်ခုပင် ဖြစ်သော်လည်း ခြံဝင်းသုံးခုဆင့်လျက် ရှိသည်။ အိမ်ရာအခက်အခဲကြောင့် ခြံဝင်းထဲတွင် အပိုအဆောက်အအုံငယ်များ ဆောက်လုပ်ထားသဖြင့် အလွန်ကျပ်ညပ်နေ၏။

ချန်ချင်းယွီသည် ခြံစည်းရိုးတံတိုင်းကို ကျော်တက်ကာ လီတာ့ရှန်း၏ ပြတင်းပေါက်အောက်သို့ ရောက်သွားခဲ့သည်။ ပြောရလျှင် အဘွားကြီးကျောက်သည် စိတ်ပုပ်သော်လည်း တကယ်တမ်းတွင် အလွန်စွမ်းဆောင်ရည်ရှိသူဖြစ်၏။ ခြံဝင်းထဲရှိ အိမ်ထောင်စုအားလုံး၏ အခြေအနေကို သူမ အလွတ်ရလေသည်။

ချန်ချင်းယွီသည် အခက်အခဲမရှိဘဲ လီတာ့ရှန်း၏ ပြတင်းပေါက်အောက်သို့ ရောက်လာ၏။ ညဉ့်နက်နေပြီဖြစ်၍ အိမ်တိုင်း၏မီးများ ပိတ်ထားသော်လည်း လီတာ့ရှန်းမှာမူ မအိပ်သေးပေ။ သူသည် ဇနီးဖြစ်သူနှင့် စကားပြောနေပြီး ချန်ချင်းယွီမှာ ပြတင်းပေါက်အောက်မှ ချောင်းမြောင်းနားထောင်နေလိုက်သည်။

ထိုစဉ် လီတာ့ရှန်း၏ဇနီးဖြစ်သူမှာ သူ၏ကျောကို နှိပ်ပေးရင်း ပြောဆိုနေ၏။

"ကြည့်စမ်း..၊ ရှင်ကတော့ အမြဲတမ်း ခေါင်းမာလိုက်တာ.. ရှင့်ခေါင်းဆောင်ကို ပြဿနာထဲကနေ ဆွဲထုတ်ပေးချင်တယ်ဆိုရင် ခေါင်းဆောင်ဆီကိုပဲ သွားရမှာပေါ့၊ အခုတော့ အလကားနေရင်း ဒဏ်ရာရတာပဲ အဖတ်တင်တယ်.."

"ငါ့ကို တွန်းလိုက်တာ လင်းကျန့်ဝမ်ရဲ့ အမေကွ"

လီတာ့ရှန်း တိုးတိုးလေး ညည်းတွားလိုက်သည်။

"ဒါဆို ဘာဖြစ်လဲ.. သူတွန်းလို့ ဖြစ်ရတာဆိုတော့ သူပဲ တာဝန်ယူရမှာပေါ့.."

လီတာ့ရှန်း ဇနီးမှာ စိတ်ဆိုးမာန်ဆိုး ပြန်ပြော၏။

"ငါနဲ့ ဝင်တိုက်မိတဲ့သူက အဲဒီပြဿနာရှာတတ်တဲ့ အဘွားကြီးပဲ"

လီတာ့ရှန်း၏ဇနီး ; "သူ မတွန်းရင် ရှင်က သူ့ကို ဝင်တိုက်မိမှာ မဟုတ်ဘူး.. အဲဒီပြဿနာကောင်မ.. ကျွန်မကြည့်ရတာ လင်းကျန့်ဝမ် သေသွားတာ ထိုက်တန်ပါတယ်၊ သူက နိမိတ်မကောင်းတဲ့ကောင်၊ ကျွန်မတို့မိသားစုနဲ့ ကံကြမ္မာချင်း ဆန့်ကျင်ဖို့ မွေးလာတာ။"

လီတာ့ရှန်း သက်ပြင်းချကာ တားမြစ်လိုက်သည်။

"အဲဒီလိုတွေ မပြောပါနဲ့။ သူလည်း မရှိတော့ဘူးပဲ၊ နှုတ်ကို စောင့်စောင့်စည်းစည်း ပြောစမ်းပါ။ အရင်က ငါ သူ့အပေါ် မှားခဲ့တာတွေ ရှိတယ်၊ အခု ဘာလို့ အဲဒီလို ပြောနေရတာလဲ.."

"ဘာ 'သူ့အပေါ် အားနာစရာရှိတာ' လဲ၊ သူကသာ ကျွန်မတို့ကို အနိုင်ကျင့်ခဲ့တာ.. သူက မုဆိုးမနဲ့ မိဘမဲ့သားလေးပဲ၊ ကျွန်မတို့ရဲ့ အလုပ်နေရာကို လုယူဖို့ ဘာအခွင့်အရေးရှိလို့လဲ.. ရှင်က သူ့ကို တမင်ပစ်မှတ်ထားတာမှ မဟုတ်တာ၊ သူကသာ သူ့ဘာသာသူ အပြစ်လုပ်ခဲ့တာ။ ဘာလို့ သူက အူကြောင်ကြောင်နဲ့ စာမေးပွဲမှာ အမှတ်တွေ အများကြီးရအောင် ဖြေရတာလဲ.. ဒီအလုပ်က ကျွန်မတို့ သားမက်အတွက် ခမည်းခမက်တွေဘက်က စီစဉ်ပေးထားတာ၊ သူကမှ ကြားဖြတ်ဝင်လာတာ.. ဘာလဲ.. သူတစ်ယောက်တည်းပဲ အမှတ်ကောင်းကောင်း ရနိုင်မယ် ထင်နေတာလား.. အဲဒီကောင်၊ သူက ကျွန်မတို့ သားမက်လေးရဲ့ အလုပ်ကို ခိုးသွားတာ၊ သူ သေသွားတာ ထိုက်တန်တယ်.. သူ အစောကြီးကတည်းက သေသင့်တာ။ သူ့ကြောင့်သာ ကျွန်မတို့ သားမက်က အလုပ်သမားအကူဘဝနဲ့ နှစ်အတော်ကြာ နေခဲ့ရတာ။ တောက်... စဉ်းစားမိတိုင်း ဒေါသထွက်တယ်။ သူက တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ သေထိုက်တဲ့ကောင်ပဲ။ အသုံးမကျတဲ့ကောင်.."

"တော်ပြီ တော်ပြီ၊ မင်း ပြောတာတွေက ပိုပိုလာပြီ"

"ဘယ်မှာ လွန်သွားလို့လဲ.. ကျွန်မ ပြောတာ မမှားဘူး။ အခု စက်ရုံက လူခေါ်နေပြီ။ ရှင်သာ အလုပ်နေရာမရနိုင်ရင် ရှင့်ခေါင်းဆောင်ကို အကူအညီတောင်းရမယ်။ ကျွန်မတို့ သမီးအတွက်လည်း စကားလေးဘာလေး ပါးပေးဖို့ ပြောဦး၊ ရုံးခန်းထဲက အလုပ်သမားအကူ နေရာဆိုရင် ပိုကောင်းတယ်၊ ဒါမှ သူရော သူ့ယောက်ျားပါ အလုပ်ရမှာ။ ဪ... ဒါနဲ့ ရှင့်ကျောက နာနေတုန်းပဲ မဟုတ်လား.. ဌာနခွဲမှူးဝမ်ဆီ သွားလိုက်။ ရှင် ဒဏ်ရာရတာ သူကြောင့်ပဲ။ သူက ရှင့်အတွက် တစ်ခုခု ပြောပေးရမယ်။"

သူတို့နှစ်ဦးသည် ညသန်းခေါင်ယံတွင် အိမ်ထဲ၌ စကားပြောနေကြခြင်းဖြစ်ပြီး၊ ပြတင်းပေါက်

အပြင်ဘက်မှ ချန်ချင်းယွီမှာ အားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

သူမ၏ မျက်နှာမှာ အေးစက်သွားသည်။

‘တောက်..

ဒီမိသားစု ဘယ်လောက် ယုတ်မာသလဲဆိုတာ သိဖို့ သူမ ဒီထက်စောစော လာခဲ့သင့်တာ..’

အထဲမှ စကားပြောသံများ ဆက်လက်ထွက်ပေါ်နေ၏။ လီတာ့ရှန်းမှာ မိန်းမဖြစ်သူအား ဆက်ပြောနေသည်။

“မင်းထင်သလောက် မလွယ်ဘူး။ ဒါက လွယ်မှာမဟုတ်ဘူး။ ဒီနေ့ အသံချဲ့စက်က ကြေညာတာတော့ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိရမယ်လို့ ပြောတာပဲ”

“ဒါက ခေါင်းဆောင်တွေ ပြောလေ့ရှိတဲ့ စကားတွေပါ၊ တကယ်တမ်းကျတော့ သူတို့လည်း လုပ်ချင်မှ လုပ်မှာ။ ရှင် သမီးအတွက်လည်း ထည့်စဉ်းစားဦးမှပေါ့။ သူသာ အလုပ်ရသွားရင် ယောက္ခမအိမ်မှာ မျက်နှာပွင့်တာပေါ့။”

“ငါ ထပ်စဉ်းစားပါဦးမယ်။”

လီတာ့ရှန်းသည် တွေဝေနေဆဲဖြစ်သည်။ သူသည် တကယ်တမ်း ထူးချွန်ထက်မြက်သူတစ်ယောက် မဟုတ်ပေ။ ဝါရင့်အလုပ်သမားတစ်ယောက် ဖြစ်သော်လည်း စက်ရုံထဲတွင် ထင်ပေါ်ကျော်ကြားသူလည်း မဟုတ်ပေ။

“ဒါနဲ့ စကားမစပ်၊ မနေ့က ရွှီကောင်းမင် ငါ့ဆီ လာသွားသေးတယ်။”

“ရွှီကောင်းမင်.. အဲဒါ ဘယ်သူလဲ..”

“မင်းကလည်း မှတ်ဉာဏ်က ပုစွန်မှတ်ဉာဏ်လေးနဲ့၊ သူက လင်းကျန့်ဝမ်ရဲ့ အိမ်နီးချင်းလေ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လင်းကျန့်ဝမ် အဖေရဲ့ အလုပ်နေရာကို လင်းကျန့်ဝမ်ရဲ့ အသုံးမကျတဲ့အမေက ရွှီကောင်းမင်တို့ မိသားစုဆီ ရောင်းစားခဲ့တာ။ အဲဒီကိစ္စကြောင့် အဲဒီနှစ်မိသားစုက ဆက်ဆံရေး တော်တော်လေး တင်းမာနေကြတာ။”

“ဒါဆို သူက ရှင့်ဆီ ဘာလာလုပ်တာလဲ..”

လီတာ့ရှန်း: “ငါလည်း မသိဘူး။ သူက တစ်မျိုးကြီးပဲ၊ လောလောဆယ် ထူးထူးဆန်းဆန်းတွေ ဘာဖြစ်နေလဲဆိုပြီး လာမေးနေတယ်။ သူအဲ့လိုမေးတာကမှ ပိုထူဆန်းမနေဘူးလား.. ငါ့အထင်တော့ သူက ပိုထူးဆန်းနေသလိုပဲ။ အိမ်သာထဲ ပြုတ်ကျပြီး ဦးနှောက်ထဲ ချေးဝင်သွားလို့ ထင်တာပဲ။”

ကောလာဟလများမှာ အမြဲတမ်း ပုံကြီးချဲ့တတ်ကြသည်။ စက်ရုံရှိ အချို့လူများ၏ စိတ်ထဲတွင် ရွှီကောင်းမင်သည် အိမ်သာကျင်းထဲသို့ တကယ်ပင် ပြုတ်ကျသွားခဲ့သည်ဟု ထင်နေကြ၏။

သူသည် ချေးပုံပေါ် ထိုင်မိရုံသာ ရှိသော်လည်း လူအများမှာ ထိုသို့မတွေးကြပေ။ သတင်းစကားများမှာ တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်ပျံ့နှံ့သွားသည့်အခါ ပုံစံပျက်သွားတတ်သည်မှာ အမှန်ပင်။

“သူလား.. ကျွန်မ မှတ်မိပြီ။ ရှင် လင်းကျန့်ဝမ်ကို သေသေချာချာ မသင်ပေးဖို့ဆိုပြီး အရက်တိုက်ရင်းနဲ့ သွယ်ဝိုက်ပြောခဲ့တဲ့သူ မဟုတ်လား.. တကယ်ပါပဲ၊ လင်းကျန့်ဝမ်က ဘယ်လောက်တောင် လူမုန်းများသလဲဆိုတာ ရှင်သိတယ်မလား.. လူတိုင်းက သူ့ကို အထင်သေးကြတာ။ လူတစ်ယောက်က မုန်းနေရင်တော့ တစ်မျိုးပေါ့၊ အခုဟာက လူတိုင်းက မုန်းနေကြတာလေ။ ယွမ်ဟောက်မင်လည်း ရှင့်ဆီ လာခဲ့သေးတယ် မဟုတ်လား.. ကြည့်စမ်း၊ သူ့မှာ လူချစ်လူခင် ဘယ်လောက်နည်းသလဲဆိုတာ.. ဒါကြောင့် ရှင် စိတ်မကောင်းမဖြစ်နဲ့။ ရှင် သူ့ကို ပစ်မှတ်ထားတာ မမှားဘူး၊ သူကိုယ်တိုင်က အရှက်မရှိလို့ ဖြစ်ရတာ..”

အဘွားကြီး၏ လေသံမှာ ကဲ့ရဲ့လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

ပြတင်းပေါက်အပြင်ဘက်မှ စောင့်ကြည့်နေသော ချန်ချင်းယွီမှာ မျက်လုံးအပြူးသား ဖြစ်သွား၏။ ယွမ်ဟောက်မင် ဤမျှအထိ ယုတ်မာလိမ့်မည်ဟု သူမ တကယ်မထင်ထားခဲ့မိပေ။

ရွှီကောင်းမင် ဤသို့လုပ်သည်မှာ မထူးဆန်းသော်လည်း ယွမ်ဟောက်မင်ပါ ပါဝင်ပတ်သက်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။

ချန်ချင်းယွီသည် ယနေ့ လာခဲ့မိသည်ကို တကယ်ပင် ဝမ်းသာမိသည်။ ထို့ပြင် အဘွားကြီးကျောက်မှာ ယနေ့ ပြဿနာရှာပေးခဲ့၍လည်း တော်သေး၏။ သို့မဟုတ်လျှင် သေသွားသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်သော လူတစ်ယောက်အကြောင်းကို သူတို့ ဆွေးနွေးနေကြမည် မဟုတ်ပေ။ အဘွားကြီးကျောက်၏ ကြားဖြတ်နှောင့်ယှက်မှုကြောင့်သာ ယနေ့ညတွင် သူတို့၏စကားဝိုင်းမှာ ဤအကြောင်းအရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကဲ့ရဲ့တတ်သော အမျိုးသမီး၏ အသံ တစ်ဖန် ထွက်ပေါ်လာပြန်၏။

“ရှင်က တကယ်ကို အရှက်ကြီးနေတာပဲ.. ကျွန်မပြောတာနားထောင်၊ မနက်ဖြန် ဌာနခွဲမှူးဝမ်ဆီ သွားလိုက်၊ ဒါပေမဲ့ လူသိရှင်ကြား မဟုတ်ဘူးနော်၊ တိတ်တိတ်လေး သွားရမှာ။”

လီသရှန်း: “ဒါမှမဟုတ် ငါ့ခမည်းခမက်နဲ့ အရင် တိုင်ပင်ကြည့်ရင်ကော..”

“အဲဒါလည်း ဖြစ်တာပဲ။ သမီးသာ အလုပ်ရရင် လင်မယားနှစ်ယောက် စားဝတ်နေရေး အဆင်ပြေသွားမှာဆိုတော့ သူလည်း သေချာပေါက် ဝမ်းသာမှာပါ။ ကျွန်မတို့ သမက်က သူ့ရဲ့ ညီအရင်းပဲဥစ္စာ။ သားမက်အကြောင်း ပြောရင် အဲဒီအယုတ်တမာ လင်းကျန့်ဝမ်ကိုပဲ သွားသတိရတယ်။ ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲ.. ကျွန်မတို့ သားမက်က အမြဲတမ်းဝန်ထမ်း ဖြစ်တော့မယ့်ဆဲဆဲမှာ သူက စာမေးပွဲမှာ အမှတ်တွေ အများကြီးရပြီး နေရာဝင်လုသွားတာ။ တောက်..”

ချန်ချင်းယွီသည် ထိုအမျိုးသမီး၏ ဆဲဆိုသံများကို နားထောင်ရင်း သူတို့ထံမှ နောက်ထပ် သတင်းများ ထွက်မလာတော့သည်ကို မြင်သောအခါ ပြတင်းပေါက်ကို အသာအယာ ခေါက်လိုက်သည်။

“ဘယ်သူလဲ..”

သရဲဟန်ဆောင်ထားသော ချန်ချင်းယွီ ဘာမှပြန်မပြောသည်မှာ သဘာဝပင်။

သူမသည် တိတ်တဆိတ် နောက်ဆုတ်လိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်မှတစ်ဆင့် အိမ်ခေါင်မိုးပေါ်သို့ တက်လိုက်၏။ထို့နောက် ဆံပင်များကို ဖြန့်ချလိုက်ပြီး ရှေ့သို့ ချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဤခေတ်ကာလတွင် သူမ၏ ဆံပင်များမှာ ထူထဲလှပြီး ဆံပင်ကျွတ်သည့် ပြဿနာလည်းမရှိပေ။

ချန်ချင်းယွီ နောက်တစ်ကြိမ် ထပ်ခေါက်လိုက်၏။

“ဘယ်သူလဲလို့..”

ထိုအမျိုးသမီး၏ အသံသည် ဆဲဆိုသံနှင့်အတူ ထွက်ပေါ်လာပြန်သည်။

“အယုတ်တမာကောင်၊ ဒီအချိန်ကြီး ဘာလုပ်နေတာလဲ.. နင့်ကို ငါ သင်ခန်းစာ ပေးရမယ်...”

အမျိုးသမီးသည် ဖိနပ်စီးကာ တံခါးကို ဖွင့်လိုက်သည်။ သူမ၏ လေသံမှာလည်း မဖော်ရွေလှပေ။

“ဒီအချိန်ကြီး ဘယ်သူလဲ... ဟင်..”

အပြင်ဘက်တွင် ဘယ်သူမှ မရှိပေ။

သူမ အလွန်ဇဝေဇဝါ ဖြစ်သွားကာ

“ဘယ်သူ... အားးးး..”

အိမ်ခေါင်မိုးပေါ်မှ ဆံပင်ရှည်ကြီးများ တွဲလောင်းကျလာပြီး ထိုဆံပင်များသည် အမျိုးသမီး၏ မျက်နှာတည့်တည့်သို့ ကျဆင်းလာခဲ့၏။

ချန်ချင်းယွီသည် လက်တစ်ဖက်ဖြင့် အမိုးစွန်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရင်း၊ ဤနေရာရှိလူများ အိမ်များကို စည်းကမ်းမရှိ လက်တည့်စမ်း ဆောက်လုပ်ထားကြသည်ကို ကျေးဇူးတင်မိသည်။ သူတို့၏ခြံဝင်းထဲမှာကဲ့သို့ စနစ်တကျရှိနေလျှင် ဤသို့လုပ်ရန် မလွယ်ကူပေ။

သူမသည် အားကိုမြှင့်ကာ အသာအယာ လှုပ်ရမ်းလိုက်စဉ် အမျိုးသမီးမှာ အသံနက်ကြီးဖြင့် အော်ဟစ်တော့၏။

အား......

ချန်ချင်းယွီသည် အောက်သို့ လိမ့်ဆင်းလိုက်ပြီးနောက် အမျိုးသမီး၏ရှေ့တွင် အဖြူရောင်အရိပ်တစ်ခုအဖြစ် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူမသည် ဆံပင်များကို ရှေ့သို့ခါချကာ မျက်နှာကို ဖုံးအုပ်လိုက်ပြီး၊ မှောင်ရိပ်ကိုအားကိုး၍ ထိုအမျိုးသမီးကို ဖမ်းဆွဲကာ တံခါးဝဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားလိုက်၏။ သူမ၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လှပြီး ကိစ္စကို အမြန်အပြတ်ဖြတ်ရန် ရည်ရွယ်ထားပုံပေါ်သည်။

ချန်ချင်းယွီသည် ခွန်အားဗလနှင့် ပြည့်စုံပြီး ဖျတ်လတ်သူဖြစ်ရာ ထိုအမျိုးသမီးမှာ မည်သို့မျှ ပြန်မတုံ့ပြန်နိုင်သေးခင်မှာပင် သူမကို အိမ်ရှေ့တံခါးဝအထိ ဆွဲထုတ်သွားခြင်း ခံလိုက်ရပြီဖြစ်၏။ ထိုအိမ်မှာ ရှေ့ဘက်ခြံဝင်းထဲတွင် ရှိနေသဖြင့် သူမအတွက် အလွန်ပင် အဆင်ပြေသွားခဲ့သည်။

"အားးး.. သရဲ.. ကယ်ကြပါဦး.."

"ဘာဖြစ်တာလဲ.. ဘာတွေဖြစ်ကုန်တာလဲ.."

လီတာ့ရှန်းသည် ခါးကိုနှိပ်ရင်း အမြန်ထွက်လာ၏။ သူ အပြင်သို့ မောကြီးပန်းကြီး ရောက်လာချိန်တွင် ချန်ချင်းယွီ ထိုအမျိုးသမီးကို တံခါးအပြင်ဘက်သို့ ဆွဲထုတ်သွားပြီးဖြစ်သည်။ ထိုသို့ ဆူညံသွားသဖြင့် အခြားအိမ်များမှ မီးများလည်း လင်းလာကြ၏။

"ဘယ်လိုဖြစ်တာလဲဟ.."

"ဒီအချိန်ကြီး မအိပ်မနေ ဘာတွေလုပ်နေကြတာလဲ.."

"ဘယ်အိမ်က ထပ်ပြီး သောင်းကျန်းနေပြန်ပြီလဲ.. ဘာကိစ္စပဲရှိရှိ နေ့ဘက်မှာ မဖြေရှင်းနိုင်ဘူးလား၊ ညဘက် လူအိပ်တာကို နှောင့်ယှက်နေကြတာပဲ.."

ချန်ချင်းယွီသည် အခြားသူများ၏ စောဒကတက်သံများကို ဂရုမစိုက်ပေ။ သူမသည် ထိုအမျိုးသမီးကို အိမ်သာဆီသို့ အားဖြင့် တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

ဟုတ်သည်.. အိမ်သာဆီသို့ပင်..

'ဒီမိန်းမက အမြဲတမ်း ပါးစပ်ကနေ အညစ်အကြေးလို စကားတွေ ထွက်နေတာ မဟုတ်လား.. ဒီလောက်တောင် ပြောချင်နေမှတော့ အဲဒီထဲကိုပဲ တစ်ခါတည်း ဆင်းသွားပေတော့..'

ထိုအမျိုးသမီး၏ ယုတ်မာရက်စက်သော စကားလုံးများကို ပြန်တွေးမိတိုင်း ချန်ချင်းယွီ အလွန်ဒေါသထွက်မိ၏။ သူမသည် အမျိုးသမီးကို အိမ်သာဆီသို့ အမြန်ဆွဲသွားသည်။ ထိုအချိန်တွင် လီတာ့ရှန်း နောက်မှ လိုက်လာပြီး အဖြူရောင်အရိပ်တစ်ခုကို လှမ်းမြင်လိုက်ရ၏။

"မိန်းမရေ.."

"ကယ်ကြပါဦး.."

ချန်ချင်းယွီသည် ပါးစပ်မှ အညစ်အကြေးကဲ့သို့ စကားလုံးများထွက်နေသော ထိုလူအိုမကြီးကို ကြည့်ကာ အိမ်သာအဖုံးကို ဆွဲဖွင့်ပြီး အားဖြင့် တွန်းချလိုက်သည်...

ဗွမ်း..

"အားးးးး.."

အဘွားကြီးသည် အိမ်သာကျင်းထဲသို့ ဗွမ်းခနဲ ပြုတ်ကျသွား၏။ ချန်ချင်းယွီမှာမူ အမြန်ရှောင်တိမ်းလိုက်သည်။ အခြားသူကို ရွံရှာအောင် လုပ်ရသည်မှာ ပြဿနာမရှိသော်လည်း သူမကိုယ်တိုင်မူအညစ်အကြေး အပေအတေမခံနိုင်ပေ။

ထို့နောက် သူမသည် တံတိုင်းပေါ်သို့ တစ်ချက်တည်းနှင့် လွှားခနဲ ခုန်တက်လိုက်သည်။

"မိန်းမရေ.."

လီတာ့ရှန်းသည် အပြေးအလွှား ရောက်လာ၏။ သူသည် ဇနီးဖြစ်သူအပေါ် သံယောဇဉ်ရှိပုံရပြီး သရဲကိုပင် မကြောက်တော့ပေ။

ချန်ချင်းယွီသည် လီတာ့ရှန်းနှင့်အတူ ခြံဝင်းထဲမှ အခြားလူများပါ ထွက်လာသည်ကို မြင်လိုက်ရသည်။ သူမသည် အိမ်သာနောက်ဘက်သို့ ပြေးသွားရင်း အသံကို ပြောင်းကာ အော်လိုက်၏။

"မိန်းမရေ... ငါ ကယ်ဖို့ လာပြီ၊ ငါ..."

ဗွမ်း..

ချန်ချင်းယွီသည် ကျောက်ခဲတစ်လုံးကို လက်ဖြင့် ခါထုတ်လိုက်ရာ လီတာ့ရှန်းကို တည့်တည့်မှန်သွားပြီး သူပါ မြေပြင်ပေါ်သို့ မှောက်ရက်လဲကျသွားရှာသည်။

"အားးး.."

"အမလေး... ဦးလေးလီ၊ ဘာလို့မစင်ကျင်းထဲကို ခုန်ချလိုက်ရတာလဲ.."

"ဘုရားရေ၊ အမြန်ကယ်ကြပါဦး.."

"အီးးး... ရွံစရာကြီး၊ ငါတော့ မကူနိုင်ဘူး။"

"စကားတွေ အများကြီး ပြောမနေနဲ့၊ မင်းတောင် မကူနိုင်တာ ငါက ကူနိုင်ပါ့မလား.. ငါလည်း မလုပ်နိုင်ဘူး။"

"တကယ်ပါပဲ၊ ဒါက သိပ်ကို ရွံစရာကောင်းလွန်းတယ်..."

လူတိုင်း ဝိုင်းအုံပြောဆိုနေကြစဉ် ချန်ချင်းယွီသည် ချက်ချင်းပင် တိတ်တဆိတ် ဆုတ်ခွာလာခဲ့သည်။

'သူတို့တွေ အလုပ်ခွင်မှာ တခြားသူကို အနိုင်ကျင့်ရတာ ပျော်နေကြတယ် မဟုတ်လား.. အဲ့တုန်းကတော့အကောင်းသားပေါ့.. အခုတော့ အနှိမ်ခံရတဲ့ အရသာက ဘယ်လိုမျိုးလဲဆိုတာ ခံစားကြည့်ကြတာပေါ့။ ပါးစပ်ကနေ ယုတ်မာတဲ့စကားတွေ ထွက်ရတာကို ပျော်နေကြတယ်ဆိုတော့လည်း အခု ကိုယ်တိုင်ပဲ အဝစားလိုက်ကြပေတော့။'

အစီအစဉ်များမှာ ထင်ထားသည်ထက် ပိုမိုမြန်ဆန်ခဲ့၏။ ချန်ချင်းယွီသည် မူလ၌ လင်းကျန့်ဝမ်အဖြစ် ဟန်ဆောင်ရန် စိတ်ကူးထားသော်လည်း အမျိုးသမီးသရဲအဖြစ် ဟန်ဆောင်လိုက်ခြင်းမှာ ပိုကောင်းမည်ဟု ခံစားခဲ့ရသည်။ အကယ်၍ သူမ လင်းကျန့်ဝမ် အဖြစ် ဟန်ဆောင်မိလျှင် သူတို့မိသားစုပါ မလိုအပ်ဘဲ အရှုပ်အရှင်းထဲ ပတ်သက်သွားနိုင်၏။

ဤသို့ တွေးကြည့်လိုက်လျှင်လည်း အဆင်ပြေလှသည်။ မည်သို့ပင်ဖြစ်စေ၊ အရာအားလုံးမှာ အဆင်ပြေချောမွေ့သွားသည်သာ။

ချန်ချင်းယွီသည် လမ်းတွင် အဝတ်များကို အမြန်လဲလှယ်လိုက်ပြီး အိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်။ ညသန်းခေါင်ယံဖြစ်၍ ခြံဝင်းထဲရှိလူများမှာ အိပ်မောကျနေကြ၏။ သူမသည် ကျောက်ခဲကြီးနှစ်လုံးကို ယူကာ အလယ်ခြံဝင်းသို့ သွားလိုက်ပြီး

ခလွမ်း..

ယွမ်ဟောင်မင်တို့အိမ်၏ ပြတင်းပေါက်မှန်ကို ပစ်ပေါက်လိုက်သည်။

"အား.. ဘယ်သူလဲဟ.."

ချန်ချင်းယွီသည် ဒုတိယခြံဝင်းသို့ အမြန်ပြန်ပြေးလာပြီး

ခလွမ်း..

အလုပ်ပြီးပြီ၊ အိမ်ပြန်ရအောင်..

ချန်ချင်းယွီသည် ကိစ္စများဖန်တီးပြီးနောက် အိမ်ထဲသို့ ခိုးဝင်ကာ အဝတ်အစားများကို အမြန်လဲလိုက်၏။

"ဘယ်သူလဲ.. ဘယ်သူ ငါ့အိမ်မှန်ကို ခွဲတာလဲ.."

"သေချင်းဆိုးတွေ၊ ဘယ်သူက ဒီလောက်တောင် ယုတ်မာရတာလဲ.. ညကြီးသန်းခေါင် ရူးနေကြတာလား.."

ရွှီကောင်းမင်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

ချန်ချင်းယွီ အဝတ်အစားများ အားလုံးလဲပြီးချိန်တွင် အပြင်ဘက်မှ ဆူညံသံများကြောင့် အဘွားကြီးကျောက်သည် မျက်လုံးများကို ပွတ်ကာ နိုးလာပြီး

"ညကြီးသန်းခေါင် ဘာတွေ သရဲအော်သလို အော်နေကြတာလဲ.."

ချန်ချင်းယွီ အေးအေးဆေးဆေးပင် ပြောလိုက်၏။

"ရွှီကောင်းမင်တို့အိမ်က မှန်တွေ အခွဲခံလိုက်ရလို့ ထင်တယ်"

အဘွားကြီးကျောက်မှာ အိပ်ချင်မူးတူးဖြင့် ဘာမှပြန်မပြောနိုင်ဘဲ "အင်း" ဟု တစ်ခွန်းသာဆိုကာ တစ်ဖက်သို့ စောင်းအိပ်သွားသည်။

"အားလုံးပဲ လာကြည့်ကြပါဦး၊ ညကြီးသန်းခေါင် ကြောက်စရာကြီးဗျာ.."

"ငါ့အိမ်မှန်လည်း အခွဲခံလိုက်ရတယ်.."

"ဘာ.."

အပြင်ဘက်တွင် ဆူညံသံများ ပိုမိုကျယ်လောင်လာသဖြင့် အဘွားကြီးကျောက်မှာ ဒေါသထွက်ကာ အိပ်ရာမှ လူးလဲထ၍ ပြတင်းပေါက်ကို ဖွင့်ကာ အော်ဆဲတော့၏။

"နင်တို့တွေ သေချင်းဆိုးတွေ.. ညကြီးမအိပ်ဘဲ ဘာလုပ်နေကြတာလဲ.. နင်တို့မအိပ်ပေမဲ့ ငါတို့အိမ်က အိပ်ရဦးမယ်၊ နားငြီးလိုက်တာ ပါးစပ်ပိတ်ထားကြစမ်း.."

ရွှီကောင်းမင်သည် အပေါ်အင်္ကျီကို ပခုံးပေါ်တင်ကာ အပြင်ဘက်တွင် ရပ်နေရင်း အော်ပြောလိုက်သည်။

"ကျွန်တော့်အိမ်က မှန်တွေ အခွဲခံလိုက်ရတယ်၊ ဒီအချိန်ကြီး အပြင်လူလာလုပ်တာတော့ မဖြစ်နိုင်ဘူး၊ သေချာပေါက် ဒီခြံထဲကလူပဲ ဖြစ်ရမယ်။ ဒီလူကို ရှာမတွေ့ဘူးဆိုရင် နောက်ဆို တခြားသူတွေလည်း ဒီလိုမျိုး ကြုံလာရရင် ဘယ်လိုလုပ်မလဲ၊ လူကို ထိခိုက်မိရင်ကော ဘယ်သူတာဝန်ယူမှာလဲ.."

"ကျွန်တော်လည်း ထောက်ခံတယ်၊ ကျွန်တော့်အိမ်လည်း အခွဲခံလိုက်ရတာပဲ။ ကောင်းကောင်းအိပ်နေတုန်း ကျောက်ခဲကြီးတစ်လုံး ဝဲလာပြီး မှန်တွေက ဝုန်းခနဲ ကွဲသွားတာ၊ တကယ်ကို လန့်သွားတာပဲ.."

ယွမ်ဟောက်မင်သည်လည်း ဒေါသတကြီး ပြောဆိုနေ၏။ သူသည် မိမိကိုယ်မိမိ ခြံဝင်းအတွင်း အေးအေးချမ်းချမ်း နေတတ်သော အိမ်ထောင်စုဟု အမြဲမှတ်ယူထားသော်လည်း ယခုကဲ့သို့ အလုပ်ခံရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

ယွမ်ဟောက်မင်မှာ အလွန်ပင် မကျေမနပ် ဖြစ်နေသည်။

"ဟယ်... နင့်အိမ်လည်း အခွဲခံရတာလား.."

အဘွားကြီးကျောက် အိပ်မှုံစုံဝါးဖြင့် ထလာ၏။

သူမသည် အလွန်အိပ်ချင်နေသော်လည်း အိမ်နှစ်အိမ်လုံးတွင် ပြဿနာတက်နေသည်ဟု ကြားလိုက်ရသဖြင့် အမြန်ထ၍

"ဒါဆိုရင်တော့ ငါလည်း အပြင်ထွက်ကြည့်ဦးမှပဲ" ဟု ဆိုကာ ထွက်လာခဲ့သည်။

သူမ၏ အိပ်စက်ခြင်းကို နှောင့်ယှက်သဖြင့် စိတ်တိုမိသော်လည်း ပွဲကြည့်ရမည်ဆိုလျှင်မူ သူမ လက်မလွှတ်နိုင်ပေ။

ချန်ချင်းယွီမှာမူ အပြင်သို့ မထွက်သော်လည်း ပြတင်းပေါက်မှ ချောင်းကြည့်ရင်း

"ကျွန်မတော့ အပြင်မထွက်တော့ဘူးနော်"

သူမကိုယ်တိုင် လုပ်ခဲ့သည်ဟုလည်း သူမ မပြောပေ။

အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ထွက်လာလေရာ၊ သူမ၏ တစ်ပါးသူ ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် ပုံစံကို မြင်ပြီး ရွှီကောင်းမင်မှာ ဒေါသထွက်သွားရသည်။ အမှန်စင်စစ် သူ၏အိမ်မှန် အခွဲခံရသည့်ကိစ္စတွင် အဘွားကြီးကျောက်ကို အနည်းငယ် သံသယဝင်မိ၏။

အဘွားကြီးကျောက်နှင့် သူတို့မိသားစုမှာ ဆက်ဆံရေး သိပ်မကောင်းလှသောကြောင့် သူ သံသယဝင်မိခြင်းပင်။

သို့သော် သူတို့မိသားစုကြောင့် လူတိုင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ဖူးသဖြင့် တစ်စုံတစ်ယောက်မှာ ရန်ငြိုးထားကာ လက်စားချေခြင်းလားဟုလည်း မဝံ့မရဲ တွေးမိပြန်သည်။

ထို့ပြင် ယွမ်ဟောက်မင်တို့အိမ်ပါ အခွဲခံရသည်ဖြစ်၍ အဘွားကြီးကျောက် လက်ချက် မဖြစ်နိုင်တော့ပေ။ ယွမ်ဟောက်မင်တို့နှင့် အဘွားကြီးကျောက်မှာ ဘာပြဿနာမှ မရှိကြပေ။

"ဘယ်သူက ဒီလိုအလုပ်မျိုး လုပ်တာလဲ၊ ကိုယ့်ဘာသာ ဝန်ခံလိုက်စမ်းပါ။ ကိုယ့်ဘာသာ ထွက်ဝန်ခံရင်တော့ ငါတို့ ဘာမှ မပြောတော့ဘူး၊ မဟုတ်ရင်တော့ ဒီကိစ္စကို ရပ်ကွက်ရုံးနဲ့ ရဲစခန်းအထိ တိုင်ရလိမ့်မယ်"

ရွှီကောင်းမင် ခြိမ်းခြောက်လိုက်သော်လည်း ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပေ။

ယွမ်ဟောက်မင် : "ကျွန်တော်တို့မိသားစုက ဘယ်သူနဲ့မှ ရန်ငြိုးရန်စ မရှိပါဘူး၊ ဘယ်သူက ဒီလောက်တောင် ယုတ်မာပြီး ကျောက်ခဲနဲ့ လာပေါက်ရတာလဲ၊ ခင်ဗျားတို့ ဘာလို့ ဒီလိုမျိုး လုပ်နိုင်ကြတာလဲ"

အဘွားကြီးကျောက်က ကြားဖြတ်၍ စကားဆိုလိုက်၏။

"နေဦး... နင် စကားပြောတာကလည်း ဘယ်လိုကြီးလဲ၊ ဘာလို့ 'ခင်ဗျားတို့' လို့ သုံးရတာလဲ.. အဲဒါ ငါတို့လုပ်တာလို့ ပြောချင်နေတာလား။ လူကို လျှောက်မစွပ်စွဲနဲ့ဦး၊ ငါကတော့ ညကြီးမင်းကြီး ကိုယ့်အိမ်မှာကိုယ် အိပ်နေတာပဲ"

"ဘယ်သူက အိမ်မှာ မအိပ်ဘဲ နေမှာလဲ"

"ဦးလေးရွှီ... ဒီကိစ္စကို မနက်ကျမှပဲ ပြောပါတော့လား၊ ညကြီးသန်းခေါင် အိပ်ချင်လွန်းလို့ပါ"

"ဟုတ်တယ်ဗျ"

"ဒီလောက် အရေးကြီးတဲ့ကိစ္စကို အခုချက်ချင်း ဖြေရှင်းရမယ်"

ရွှီကောင်းမင်မှာ ဇွတ်ပြောနေသည်။

အဘွားကြီးကျောက် : "နင်က ဘာကို ဖြေရှင်းမှာလဲ၊ ပါးစပ်ကသာ တတွတ်တွတ် ပြောနေတာ၊ ဘယ်သူက နင့်စကားကို နားထောင်မှာလဲ။ အေး... စိတ်ပျက်စရာကြီး၊ ငါတော့ ပြန်အိပ်တော့မယ်"

သူမမှာ ပွဲကြီးပွဲကောင်း ဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း ဘာမှ ထူးမလာသဖြင့် ရွှီကောင်းမင်ကို မျက်နှာသာမပေးဘဲ လှည့်ထွက်လာခဲ့သည်။

ရွှီကောင်းမင် ".."

'တောက်... သေချင်းဆိုးမကြီး..'

အဘွားကြီးကျောက်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီး ချွေးမဖြစ်သူကို တိုးတိုးလေး ကပ်ပြောလိုက်၏။

"အဲဒီ နှစ်အိမ်လုံးက ဘယ်သူ့ကို သွားသွားပြစ်မှားမိလဲ မသိဘူးနော်"

ချန်ချင်းယွီသည် ပြတင်းပေါက်ကို ပိတ်ကာ လိုက်ကာများကို ဆွဲလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည်။

"ကျွန်မကို ပြစ်မှားမိတာလေ"

အဘွားကြီးကျောက်မှာ မျက်လုံးအပြူးသား ဖြစ်သွားပြီး ချန်ချင်းယွီကို အံ့သြတကြီး ကြည့်ကာလည်ချောင်းထဲမှ အသံကို မနည်းညှစ်ထုတ်၍ တိုးတိုးလေး မေးလိုက်မိ၏။

"နင်.. နင် လုပ်တာလား.."

"ဟုတ်တယ်"

အဘွားကြီးကျောက် : "ဘာလို့လဲ.."

ချန်ချင်းယွီ : "ဘာလို့မှ မဟုတ်ဘူး၊ သူတို့ကို ကြည့်ရတာ မျက်စိစပါးမွှေးစူးလို့"

ချန်ချင်းယွီ ထိုသို့ပြောသော်လည်း ယနေ့ဖြစ်ပျက်ခဲ့သမျှကို ယောက္ခမဖြစ်သူအား တိုးတိုးလေး ပြောပြလိုက်သည်။ အဘွားကြီးကျောက်မှာ မျက်လုံးများ နီမြန်းလာပြီး ဆဲဆိုတော့၏။

"တောက်... ငါ သိသားပဲ.. သူတို့တွေ တစ်ယောက်မှ စိတ်ကောင်းမရှိကြဘူးဆိုတာ ငါ သိနေတာ.. ယွမ်ဟောက်မင်ဆိုတာကလည်း လူကြီးလူကောင်းလို ဟန်ဆောင်ထားတဲ့ လူယုတ်မာပဲ၊ လူတကာရှေ့မှာတော့ အေးအေးဆေးဆေးနဲ့ တကယ်တမ်းကျတော့ သိပ်ယုတ်မာတာ။ သူ မနာလိုဖြစ်နေတာ ငါ သိတယ်၊ အဲဒီတုန်းက ကျန့်ဝမ်က စက်ရုံစာမေးပွဲကို သူ့အရည်အချင်းနဲ့သူ အောင်ခဲ့တာ၊ သူ့သား ယွမ်ဟောက်ဖုန်းကျတော့ လူကပ်ပြီးမှ မီးရထား ဝန်ထမ်းဖြစ်တာလေ၊ သူတို့ဘက်က ပိုက်ဆံပေးခဲ့ရတာ။ ကြည့်စမ်း... ဒီမှာတင် ကွာခြားချက်က ထွက်လာပြီလေ။ တကယ်သာ တော်တယ်ဆိုရင် တည့်တည့်ယှဉ်ပေါ့၊ အခုတော့ မယှဉ်နိုင်တော့ နောက်ကွယ်ကနေ မယုတ်မာသင့်ဘူး။ သူတို့အိမ်မှာ လူကောင်းတစ်ယောက်မှ မရှိဘူးဆိုတာ ငါ အစကတည်းက သိတယ်"

အဘွားကြီးကျောက် ဆဲဆိုကြိမ်းမောင်းပြီးနောက်

"သူတို့အိမ်မှန်တွေကို ခွဲပစ်တာ မှန်တယ်၊ အကုန်ခွဲပစ်လိုက်ရင်တောင် မလုံလောက်သေးဘူး"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။

သူမ မှန်ခွဲရခြင်း၏ နောက်ထပ် အကြောင်းရင်းတစ်ခုမှာ သူတို့ ယောက္ခမနှင့် ချွေးမ နှစ်ယောက်လုံး အိမ်မှာရှိနေကြောင်း သက်သေပြရန်လည်း ဖြစ်၏။

လီတာ့ရှန်းတို့ကိစ္စတွင် သူမတို့နှင့် ပတ်သက်နေမှန်း မည်သူမျှ ရိပ်မိမည်မဟုတ်သော်လည်း ချန်ချင်းယွီမှာ ကိစ္စတိုင်းအတွက်လထွက်ပေါက် ချန်ထားတတ်သည့် အလေ့အထရှိသည်။

‘စိတ်ထွက်ပေါက်လည်း ရတယ်၊ မိမိကိုယ်မိမိလည်း သက်သေပြပြီးသားဖြစ်တယ်၊ ဒီလောက် အကျိုးရှိတဲ့အလုပ်ကို ဘာကြောင့် မလုပ်ဘဲ နေမလဲ..ဟိဟိ..’

အဘွားကြီးကျောက်သည် ခေါင်းအုံးပေါ် လှဲနေရင်း ရင်ထဲတွင် မွန်းကျပ်နေဟန်ဖြင့် မေးလိုက်၏။

“ချွေးမရေ... လူတွေရဲ့စိတ်က ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲဟင်”

“ဒါက ပုံမှန်ပဲ မဟုတ်လား.. အခုကာလမှာ မိဘနဲ့ သားသမီးအချင်းချင်းတောင် ပြန်တိုင်တောနေကြတာတွေ ရှိတာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်မကို လာတွက်ကိန်းထုတ်ရင်တော့ ကျွန်မက ပြန်တိုက်ခိုက်မှာပဲ”

အဘွားကြီးကျောက်မှာ တစ်ချက်တွန့်သွားပြီး ပြောလိုက်မိသည်။

“နင်... နင်... ဒါတွေက အတိတ်ကကိစ္စတွေလေ၊ အခုတော့ ငါတို့က ဗုံးကျင်းတစ်ခုတည်းထဲမှာ ရှိနေတဲ့ အဖော်တွေပါ”

ချန်ချင်းယွီ နှာခေါင်းရှုံ့ကာ

“ဘာကို ကြောက်နေတာလဲ”

အဘွားကြီးကျောက်မှာ ဖားသည့်လေသံဖြင့်

“မကြောက်ပါဘူး၊ ငါတို့က တစ်ဖွဲ့တည်းပဲဥစ္စာ၊ ငါ အရာရာကို နင့်အစီအစဉ်အတိုင်းပဲ လုပ်မှာပါ”

ချန်ချင်းယွီ : “ကျွန်မတို့က တစ်ဖွဲ့တည်းဆိုတာ သိရင် ပြီးတာပဲ၊ ကျွန်မအလုပ်တွေကို လာပြီး အနှောင့်အယှက် မဖြစ်စေနဲ့”

“ဒါတော့ စိတ်ချ၊ နင်သာ အမှားလုပ်ရင် လုပ်မယ်၊ ငါကတော့ လုံးဝ အမှားမခံစေရဘူး”

ယောက္ခမနှင့် ချွေးမနှစ်ယောက် တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ်၊ ပြတင်းပေါက်အပြင်ဘက်မှ ရွှီကောင်းမင်တို့လည်း သိပ်ကြာကြာ မဆူနိုင်တော့ပေ။ မနက်ဖြန် အလုပ်သွားရဦးမည်

ဖြစ်ရာ မည်သူမှ သူတို့နှင့်အတူ အဓိပ္ပာယ်မရှိသည့်စကားများ လိုက်ပြောပေး မနေနိုင်ကြပေ။ထို့ပြင် မည်သည့် သဲလွန်စမှမရှိ၍ တရားခံကိုလည်း အဘယ်မှာ သွားရှာနိုင်မည်နည်း။

ရွှီကောင်းမင် : “အယုတ်တမာတွေ၊ တကယ့် အယုတ်တမာတွေ..”

ရှီကျန့်ရှန်းလည်း အလွန်ဒေါသထွက်နေသည့်တိုင် အိမ်ရှင်မပီပီ ပြတင်းပေါက်ပေါ်မှ မှန်စများကို လိုက်လံသိမ်းဆည်းနေရသည်။ ပါးစပ်မှလည်း မနားတမ်း ပြစ်တင်ပြောဆိုနေမိ၏။ ရွှီကောင်းမင်လင်မယား ဒေါသထွက်နေသကဲ့သို့ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့လည်း ထိုနည်းတူပင်။ ညကြီးသန်းခေါင် အကြောင်းမဲ့ ကျောက်ခဲကြီး ဝဲလာသည်ကို မည်သူ သည်းခံနိုင်မည်နည်း။

နောက်တစ်နေ့မနက် အစောပိုင်းတွင် ထိုအိမ်ထောင်စုနှစ်ခုလုံး မျက်ကွင်းညိုညိုများဖြင့် အပြင်ထွက်ကာ မျက်နှာသစ်ကြသည်။ အဘွားကြီးကျောက်သည်ကား လန်းလန်းဆန်းဆန်းဖြင့် ရောက်လာကာ ကပ်သီးကပ်သပ် လှောင်ပြောင်လိုက်၏။

“အမလေး... ကြည့်စမ်းပါဦး၊ နောက်ဆို တိရစ္ဆာန်ရုံ သွားကြည့်ဖို့ ပိုက်ဆံကုန်ခံနေစရာ မလိုတော့ဘူး။ နင်တို့ကို ကြည့်ရတာနဲ့တင် တန်နေပြီ။ မျက်ကွင်းညိုတာကလည်း ပန်ဒါဝက်ဝံကြီးတွေကျလို့”

“အဘွားကြီးကျောက်၊ ဘယ်လိုစကားပြောတာလဲ.. ထိခိုက်ရတာက ကျွန်မတို့အိမ်လေ၊ အကြောင်းမဲ့ ဒုက္ခရောက်နေတာ ဘယ်သူက အိပ်ပျော်နိုင်မှာလဲ”

ရှီကျန့်ရှန်း ပြန်ပြောလေသည်။

“အဲ့တော့ ဘာဖြစ်လဲ.. ငါလုပ်တာမှ မဟုတ်တာ၊ ပွဲကြည့်တာတောင် မရဘူးလား..”

အဘွားကကီးကျောက်မှာ ရဲရဲတင်းတင်းပင် ပြောလိုက်၏။

သူမလုပ်တာမှ မဟုတ်ဘဲကိုး..

သူမသည် ရေဇလုံကို ကိုင်ကာ နှာခေါင်းတစ်ချက်ရှုံ့ပြီး အလုပ်သွားရန် အိမ်သို့ ပြန်လာခဲ့သည်။

ကြားရသလောက် ချန်ချင်းယွီ အရူးမသည် ယခင်ညမှ လီတာ့ရှန်းလင်မယားကို အိမ်သာကျင်းထဲ တွန်းချခဲ့သည်ဟု ဆိုသဖြင့်၊ စက်ရုံရောက်လျှင် ပထမဆုံးရရှိမည့် သတင်းအချက်အလက်များကို သူမ သွားရောက် စုံစမ်းရပေမည်။

အလုပ်သွားရသည်မှာ အကောင်းဆုံးပင်၊ ခြံဝင်းထဲမှာထက် သတင်းများ ပို၍ စုံလင်လှ၏။

သူမသည် လွယ်အိတ်လေးကို လွယ်ကာ ထွက်ခါနီးမှ တစ်ခုခုကို သတိရသွားပြီး ကြက်ခြံရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ လိုက်စမ်းကြည့်နေသည်။

ဝမ်မေ့လန် ဒုတိယခြံဝင်းထဲ မျက်နှာလာသစ်ရင်း နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

“အဒေါ်ကြီးကျောက် ဘာလုပ်နေတာလဲ..”

အဘွားကြီးကျောက် : “ကြက်ဖင်ကို စမ်းကြည့်နေတာ၊ ဒီနေ့ ဥ မလားလို့..”

ဝမ်မေ့လန် - “...”

အံ့မခန်းပါပဲ..

အဘွားကြီးကျောက် နှမြောတသဟန်ဖြင့် ထရပ်ကာ ရေရွတ်လိုက်သည်။

“စမ်းလို့မတွေ့ဘူး”

လက်ကို ပြန်ဆေးပြီးနောက် သူမ အလုပ်သို့ ထွက်ခွါသွားလေ၏။

“ဥကျလာရင် ချွေးမက ခိုးစားမှာ ကြောက်နေတာလေ။ သူက လူကောင်းတစ်ယောက်များ မှတ်နေလား.. သူတို့အိမ်ကို ချွေးမလာရတာကတော့ ကံဆိုးတာပဲ”

ရှီကျန့်ရှန်း ရွဲ့ပြောလိုက်သည်။

ဝမ်မေ့လန်မှာ ပြုံးရုံသာပြုံးပြီး ဘာမှ ပြန်မပြောခဲ့ပေ။

အလုပ်သွားရမည့် မနက်ခင်းတွင် လူတိုင်း အလုပ်ရှုပ်နေကြသော်လည်း ချန်ချင်းယွီကဲ့သို့ လူမျိုးမှာ အိပ်ရာထရန် မလောပေ။

လူတိုင်း အလုပ်သွားပြီးချိန်မှသာ သူမ အိပ်ရာထ၊ မျက်နှာသစ်ပြီးနောက် သူမစိုက်ထားသည့် ကြက်သွန်မြိတ်၊ နံနံပင်နှင့် ငရုတ်သီးပင်များကို ရေလောင်းကာ ကြက်စာကျွေးသည်။ ဤအလုပ်များမှာ မများလှသဖြင့် ခဏချင်းပင် ပြီးသွား၏။ ထိုအချိန်တွင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း နိုးလာကြပြီ ဖြစ်သည်။

ချန်ချင်းယွီတို့ သားအမိ မနက်စာစားပြီးနောက် အပြင်ထွက်ရန် ပြင်ဆင်ကြ၏။

အဘွားကြီးကျောက်သည် ကံကောင်းထောက်မစွာဖြင့် စက်ဘီးဝယ်ခွင့်လက်မှတ်တစ်စောင် ရထားသဖြင့် သေချာပေါက် အသုံးချရပေမည်။

“ရှောင်ချန် အပြင်သွားမလို့လား၊ ဒီနေ့ ငါးမမျှားဘူးလား..”

“ဒီနေ့တော့ သမဝါယမ အရောင်းဆိုင်ကို စက်ဘီးသွားဝယ်မလို့ပါ”

“ဪ... ဟုတ်သားပဲ.. နင်တို့အိမ်က စက်ဘီးလက်မှတ် ရထားတာပဲ။ နင် တစ်ယောက်တည်း သွားဝယ်မလို့လား.. ယောက္ခမ မလိုက်ဘူးလား..”

“အမေက အလုပ်သွားရတယ်လေ၊ အချိန်မရှိဘူး။ ကျွန်မ တစ်ယောက်တည်းလည်း မဟုတ်ပါဘူး၊ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့လည်း ပါတာပဲ”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့က ချက်ချင်းပင် ရင်ကိုကော့လိုက်ကြသည်။

သူတို့လည်း ပါတာပေါ့..

“အမလေး... ဒီကလေးလေးတွေကတော့။ ဒါနဲ့ ဘာတံဆိပ် ဝယ်မှာလဲ..”

“ဖီးနစ်တံဆိပ်ပါ၊ ဝယ်မှတော့ ဖီးနစ်ပဲ ဝယ်ရမှာပေါ့”

“ဟုတ်တာပေါ့၊ အမလေး... မထင်ရဘူးနော်၊ နင်တို့အိမ်က ငါတို့ခြံဝင်းရဲ့ ငါးစီးမြောက် စက်ဘီးကို ဝယ်နိုင်သွားပြီ။ တော်တာပဲ”

“ကျွန်မတို့က ကံကောင်းလို့ပါ၊ အမေက ထူးထူးခြားခြား ဆုရလိုက်လို့၊ မဟုတ်ရင် ဘယ်တော့မှ ဝယ်နိုင်ဦးမှာ မဟုတ်ပါဘူး။ အားလုံးက အထက်လူကြီးတွေရဲ့ ကြင်နာမှုကြောင့်ပါ။ တခြားအိမ်တွေနဲ့ ယှဉ်ရင် ကျွန်မတို့အိမ်က ဘာမှမဟုတ်ပါသေးဘူး။ အစ်မကြီးကျောက်ရုံတို့အိမ်ဆိုရင် စက်ဘီးက နှစ်စီးတောင် ရှိတာလေ”

“အေး... ဒါနဲ့၊ မနေ့ညက သူတို့အိမ်မှန် အခွဲခံရတာ သိလား..”

“သဲ့သဲ့တော့ ကြားမိသလိုပဲရှင်~”

“သူ့အိမ်မှန်လည်း ခွဲခံရတယ်၊ ရွှီကောင်းမင်တို့အိမ်လည်း ခွဲခံရတယ်။ ဘယ်သူ့ကို သွားပြစ်မှားမိလဲ မသိဘူး။ နင်က ဒုတိယခြံထဲမှာ နေတာဆိုတော့ သံသယဖြစ်စရာ တစ်ခုခု မတွေ့မိဘူးလား..”

ချန်ချင်းယွီမှာ ရိုးအသည့်ပုံစံဖြင့်

“ကျွန်မက ဘယ်မှာ သွားမြင်မှာလဲရှင်၊ ညကြီးသန်းခေါင် သူတို့အော်မှပဲ နိုးတာ။ ဒါနဲ့ ဘာလို့ အဲဒီနှစ်အိမ်ကိုပဲ ရွေးခွဲတာပါလိမ့်နော်”

“ဘယ်သူသိမှာလဲ၊

တစ်ယောက်ယောက်ကို သွားပြစ်မှားမိလို့ နေမှာပေါ့”

“အဲဒါတော့ ဟုတ်မှာပါ”

“အေးပါ၊ နင်လည်း ဘာမှသိပုံမရတော့ သွားဝယ်စရာရှိတာ သွားဝယ်တော့၊ ငါလည်း ဟင်းသီးဟင်းရွက် သွားဝယ်ဦးမယ်”

ချန်ချင်းယွီပြုံးကာ ခေါင်းညိတ်ပြပြီး ကလေးနှစ်ယောက်ကို ခေါ်ကာ အရောင်းဆိုင်သို့ ထွက်လာခဲ့သည်။ ကလေးလေးများမှာ တိုးတိုးလေး မေးလာကြ၏။

“မေမေ၊ နောက်ဆို သားတို့အိမ်မှာ စက်ဘီးရှိတော့မှာလားဟင်..”

“ဟုတ်တယ်လေ”

ချန်ချင်းယွီ၏ အာမခံစကားကို ကြားလိုက်သောအခါ ကလေးနှစ်ယောက်လုံး၏ မျက်နှာတွင် တောက်ပသော အပြုံးများ ပေါ်လာသည်။

“သမီးတို့ စက်ဘီးကို ကြိုက်လား..”

“ကြိုက်တယ်..”

“ဒါဆိုရင် စက်ဘီးဝယ်ပြီးရင် မေမေက သမီးတို့ကို စက်ဘီးတင်ပြီး လေညင်းခံထွက်ပေးမယ်နော်”

“ဟင်..”

ကလေးနှစ်ယောက်မှာ “လေညင်းခံသည်” ဟူသော စကားလုံးကို သိပ်နားမလည်သော်လည်း လိမ္မာပါးနပ်စွာဖြင့် ခေါင်းညိတ်ပြကြလေ၏။

ချန်ချင်းယွီသည် ယခုရက်ပိုင်းအတွင်း စက်ဘီးများကို နေ့စဉ်လာကြည့်နေကျဖြစ်ရာ၊ အရောင်းစာရေးမလေးများသည်လည်း သူမအား ထုံးစံအတိုင်း တစ်ချက်ကြည့်ပြီး ပြန်သွားလိမ့်မည်ဟုသာ ထင်ထားကြသည်။ သို့သော် ယခုတစ်ခေါက်တွင်မူ သူမက တကယ်ပင် စိတ်ဝင်တတစား ရွေးချယ်နေသည်ကို မြင်သောအခါ အရောင်းစာရေးမလေး ရှောင်ထန်

အံ့အားသင့်သွားပြီး မေးလိုက်၏။

"ဟင်၊ နင့်မှာ လက်မှတ်ရှိသွားပြီလား.."

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ ဝမ်းသာအားရဟန်ဖြင့် ဖြေလိုက်သည်။

"ရှိသွားပြီလေ၊ စက်ရုံက ကျွန်မယောက္ခမကို စက်ဘီးလက်မှတ်တစ်စောင် ဆုချလိုက်တာ"

"အမလေး... နင်ကတော့ တကယ်ကို ကံကောင်းတာပဲ"

ရှောင်ထန် ဆက်ပြောပြန်ကာ

"နင်က ငါ့ထက်တောင် အစောကြီး ဝယ်နိုင်သွားတာပဲ။ ဒါနဲ့ နေဦး၊ ငါပြောပြမယ်... ဒီတစ်စီးကို ဝယ်လိုက်၊ ငါကြည့်ရသလောက်တော့ ဒီတစ်စီးက အကောင်းဆုံးပဲ"

ချန်ချင်းယွီ : "ကောင်းပြီလေ၊ နင့်စကားအတိုင်းပဲ ဝယ်မယ်"

သူမသည် ဝေခွဲမနေတော့ပေ။ တကယ်တမ်း ကောင်တာပေါ်တင်ရောင်းသည့် ပစ္စည်းမှန်သမျှမှာ အနာအဆာမရှိသည်မှာ သေချာလှသည်။ သူတို့မှာ မည်သည့်စံနှုန်းနှင့် ပိုကောင်းကြောင်း သတ်မှတ်သည်ကို မသိသော်လည်း၊ တစ်ဖက်လူမှ စေတနာနှင့် အကြံပေးလာသဖြင့် သူမလည်း လိုက်လျောညီထွေ လက်ခံလိုက်၏။

"ဟယ်... နင်က ဒီအတိုင်းပဲ လက်ခံလိုက်တာလား.. ငါက လျှောက်ပြောနေတာလို့ မတွေးမိဘူးလား.."

"ဒါက လျှောက်ပြောစရာမှ မဟုတ်တာ။ ပြီးတော့ နင့်ရဲ့ စရိုက်ကိုလည်း ငါယုံပါတယ်။ ငါနေ့တိုင်း ဒီကိုလာတာတောင် နင်က ငါ့ကို မောင်းမထုတ်ဘူးဆိုကတည်းက နင်က စိတ်ထားကောင်းတဲ့သူဆိုတာ သိသာပါတယ်။ နင့်ရဲ့ လူနေမှုပုံစံကို ငါယုံကြည်တယ်လေ"

ဤစကားကြောင့် အရောင်းစာရေးမလေးမှာ မျက်နှာတစ်ခုလုံး ဝင်းပသွားကာ

"ဒီစကားမျိုး ကြားရတာ တကယ်ဝမ်းသာတာပဲ"

"နေဦးနော်၊ ငါ လက်မှတ်ဖြတ်ပေးမယ်။ စက်ဘီးဝယ်ပြီးသွားလည်း နောက်ဆိုရင် ငါ့ဆီကို လာလည်လို့ရပါတယ်နော်။ ဪ... ဒါနဲ့၊ စက်ဘီးမှာ ထည့်စရာ ခြင်းတောင်းလေးပါ တစ်ခါတည်း ဝယ်တပ်လိုက်ရင် ပိုကောင်းမယ်၊ ပစ္စည်းတွေ ဘာတွေထည့်ရတာ အဆင်ပြေတာပေါ့။ အပေါက်ဝက စက်ဘီးပြင်တဲ့နေရာမှာ သွားတပ်လို့ရတယ်၊ ဈေးလည်း သိပ်မကြီးပါဘူး"

"ကောင်းပါပြီ"

သူတို့နှစ်ဦးမှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ကြသူများသာ ဖြစ်သော်လည်း မြင်မြင်ချင်း အမြင်ကြည်လင်ကြသဖြင့် ဆက်ဆံရေးမှာ တော်တော်လေး အဆင်ပြေသွားခဲ့သည်။

ချန်ချင်းယွီသည် စက်ဘီးကို အမြန်ဝယ်ယူပြီးနောက် အပြင်ထွက်ကာ ခြင်းတောင်းတစ်လုံးပါ တစ်ခါတည်း တပ်ဆင်လိုက်၏။ခြင်းတောင်းပါရှိခြင်းမှာ အမှန်တကယ်ပင် ပို၍ အဆင်ပြေစေသည်။ ဤခေတ်ကာလတွင် စက်ဘီးတစ်စီး ပိုင်ဆိုင်ရခြင်းမှာ "မာဆာရတီ" ကားတစ်စီး စီးရသကဲ့သို့ပင်။ ချန်ချင်းယွီသည် လမ်းသွားလမ်းလာများ၏ ငေးကြည့်ခြင်းကို ခံနေရသဖြင့် စက်ဘီးတစ်စီး၏ အကျိုးသက်ရောက်မှုမှာ ဤမျှအထိ ရှိလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

ချန်ချင်းယွီ ကလေးနှစ်ယောက်အနက် တစ်ယောက်ကို ရှေ့တွင်တင်ကာ နောက်တစ်ယောက်ကို နောက်တွင်တင်လိုက်ပြီး စကားဆိုလိုက်သည်။

"လောလောဆယ် ဒီလိုပဲ စီးရအောင်၊ နောက်တစ်ခါကျမှ နေရာလဲပေးမယ်နော်"

"ဟုတ်ကဲ့ပါ.."

"မေမေ၊ သားတို့ ဘယ်ကို သွားကြမှာလဲဟင်.."

"ရဲစခန်းကို သွားကြမယ်လေ၊ စက်ဘီးကို လိုင်စင်နံပါတ်ပြား သွားတပ်ရဦးမယ်"

စက်ဘီးဝယ်ပြီးလျှင် ရဲစခန်းသို့သွားကာ နံပါတ်ပြားတပ်ပြီး သံတံဆိပ်ထုရ၏။ သူမသည် တစ်လမ်းလုံး မနားတမ်း သွားလာနေသော်လည်း အထောက်အထားများ ပြည့်စုံသဖြင့် ကိစ္စအဝဝမှာ ချောချောမွေ့မွေ့ပင် ပြီးဆုံးသွားခဲ့သည်။ ချန်ချင်းယွီသည် စက်ဘီးကို ပျော်ပျော်ရွှင်ရွှင် တွန်းထွက်လာစဉ် ကွမ်ထင်းထင်းနှင့် ဆုံမိပြန်၏။

ကွမ်ထင်းထင်းသည် တစ်ဖက်လူနှင့် ရယ်ရယ်မောမော စကားပြောနေစဉ် ချန်ချင်းယွီကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် မျက်နှာပျက်သွားကာ အံ့ဩတကြီးလေသံဖြင့် ပြောလိုက်သည်။

"နင်... စက်ဘီး ဝယ်လိုက်တာလား.."

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်၏။

"ဟုတ်တယ်လေ"

"နင့်မှာ စက်ဘီးဝယ်ဖို့ ပိုက်ဆံ ဘယ်ကရတာလဲ.. လက်မှတ်ကော ဘယ်ကရတာလဲ.."

သူမကိုယ်တိုင်မှာပင် မရှိသေးပေ။ ယောက္ခမ၏ လက်အောက်တွင် ငုံ့ခံနေရသည့် သနားစရာ ချန်ချင်းယွီတွင် ဤမျှ ပိုက်ဆံရှိလိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။

ချန်ချင်းယွီသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကွမ်ထင်းထင်း ပြောဆိုပုံမှာ အလွန်ပင် နားဝင်မချိုလှပေ။ တရားခံကို စစ်မေးနေသည့် လေသံမျိုး ဖြစ်နေသည်။ ထို့ကြောင့် သူမ၏ အပြုံးများမှာ အေးစက်သွားကာ ပြန်ငေါ့လိုက်၏။

"ဒါတွေက နင်နဲ့ ဘာဆိုင်လို့လဲ.."

ကွမ်ထင်းထင်းမှာ အနေရခက်သွားပြီးနောက် စေတနာရှိဟန်ဖြင့် ဆိုလိုက်သည်။

"ငါက နင် အမှားတွေ လုပ်မိမှာစိုးလို့ ပြောတာပါ၊ လူကောင်း စေတနာကို အဆိုးမထင်နဲ့ဦး။ နင့်ရဲ့ လက်မှတ်က အရင်းအမြစ် မသေချာဘူးဆိုရင် ပြဿနာတက်လိမ့်မယ်။ နင် ဒီလိုမျိုး မလုပ်သင့်ဘူးလေ။ ကလေးတွေလည်း ငယ်သေးတယ်၊ လမ်းမှန်ကို လျှောက်စမ်းပါ.."

ချန်ချင်းယွီ စိတ်ထဲတွင် ဤကွမ်ထင်းထင်းမှာ တကယ်ပင် ရူးနေပြီဟု ခံစားလိုက်ရသည်။

တော်တော်လေးကို ရူးနေတာပဲ.. ဦးနှောက်ရေဝင်နေတာ..

"ရဲစခန်းက လူတွေက ဒီလိုပဲ လူတစ်ယောက်ကို တွေ့တာနဲ့ အပြစ်ရှိသလိုမျိုး စွပ်စွဲတတ်ကြတာလား.."

ချန်ချင်းယွီ ပြန်တုံ့ပြန်လိုက်၏။

"ငါက အဲဒီလို မဟုတ်..."

"ရှောင်ကွမ်၊ နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ အလုပ်သွားလုပ်တော့။ ဒီညီမလေး၊ သူ့စကားကို စိတ်ထဲမထားပါနဲ့။ သူက စေတနာရှိလို့ပါ၊ စကားပြောတဲ့ လေသံက နည်းနည်း ကြမ်းသွားတာပါ။"

အခန်းထဲမှ အမျိုးသားတစ်ဦး ထွက်လာပြီး ကြားဝင်စေ့စပ်

ပေးလိုက်သည်။ ထို့နောက် ကွမ်ထင်းထင်းကို ဆွဲခေါ်သွားရင်း

"နင့်ရဲ့ မဟုတ်မခံစိတ်ကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ ကိစ္စတစ်ခုခုဆိုရင် သေသေချာချာ အရင်စုံစမ်းဦးမှပေါ့။ သူ့ရဲ့ စက်ဘီးလက်မှတ်က သူ့ယောက္ခမ စက်ရုံက ဆုချလိုက်တာလေ"

အမှန်စင်စစ် လိုင်စင်မှတ်ပုံတင်စဉ် ‘လက်မှတ်ဘယ်ကရလဲ’ ဟု မမေးသော်လည်း အဘွားကြီးကျောက်မှာ နာမည်ကြီးနေသူဖြစ်ရာ၊ သူမ စက်ရုံမှ ချီးကျူးခံရသည့်သတင်းမှာ ဤဝန်းကျင်တွင် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။ ဤရဲအရာရှိမှာလည်း အနီးနားတွင် နေထိုင်သူဖြစ်သဖြင့် သိနေကြ၏။

"ကဲ... စက်ဘီးလေးကို စမ်းစီးကြည့်ကြဦးလေ"

ချန်ချင်းယွီသည် ကွမ်ထင်းထင်းကို ဆက်ပြီး အပြစ်မတင်တော့ပေ၊ တင်၍လည်း မရပေ။ ဤသည်မှာ ကြီးမားသည့် ကိစ္စမဟုတ်သည့်အပြင် သူတို့သည်လည်း လုပ်ဖော်ကိုင်ဖက်များ ဖြစ်နေကြသည်။ သူမ ဘာမှမပြောတော့ဘဲ ထိုအရာရှိကို ခေါင်းညိတ်ပြနှုတ်ဆက်ကာ စက်ဘီးကို တွန်းထွက်လာခဲ့၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ ပါးလေးများ ဖောင်းထားကြကာ မကျေမနပ် ဖြစ်နေကြသည်။

"မေမေ၊ သမီး အဲဒီအဒေါ်ကြီးကို မုန်းတယ်"

ကလေးများမှာ ငယ်သော်လည်း ငတုံးမဟုတ်ပေ။ စကားလုံးများကို နားလည်သဖြင့် ထိုအဒေါ်ကြီး၏ စကားများမှာ မကောင်းမှန်း သိကြသည်။

"ရှောင်ကျား၊ ရှောင်ယွမ်... လောကကြီးမှာ ဒီလိုလူမျိုးတွေ အမြဲရှိတတ်တယ်ဆိုတာ မှတ်ထားနော်။ သူတို့က သမီးတို့ သူတို့ထက် သာနေတာကို မြင်ရင် မနာလိုဖြစ်တတ်ကြတယ်၊ ပြီးတော့ သမီးတို့ကို ဒုက္ခရောက်စေချင်ကြတယ်။ ဒီကွမ်ထင်းထင်းဆိုတဲ့ သူကလည်း အဲဒီလိုမျိုးပဲ။ တို့တွေမှာ စက်ဘီးရှိပြီး သူတို့မှာ မရှိတာကို မြင်တော့ တို့တွေကို သိက္ခာချချင်နေတာ။ ဒီလိုလူမျိုးတွေကြောင့် တို့တွေစိတ်တိုနေမယ်ဆိုရင် မတန်ဘူးလေ။ ဒီလိုလူတွေ ရှိလေလေ၊ တို့တွေက ပိုပြီး ကောင်းကောင်းမွန်မွန် နေပြရလေပဲ။ တကယ်တော့ ဘယ်သူမှ တစ်ယောက်ထက်တစ်ယောက် မနိမ့်ကျပါဘူး"

သူမသည် ကလေးများကို အမှန်အတိုင်းပင် ရှင်းပြလိုက်သည်။

"တချို့လူတွေက မနာလိုရင် ကိုယ့်ကို စိတ်တိုအောင် ပြောတတ်ကြတယ်။ ဒါပေမဲ့ တို့တွေက အဲဒါကို စိတ်ထဲထားလိုက်ရင် သူတို့အကွက်ထဲ ရောက်သွားမှာပဲ။ ဒီလိုလူမျိုးတွေကို မျက်နှာသာပေးနေစရာ မလိုဘူး။ တကယ်လို့ သူတို့က ပိုလွန်လာရင် သမီးတို့ အဘွားကို ပြောပြလိုက်၊ အဘွားက သူတို့ကို သင်ခန်းစာ ပေးပါလိမ့်မယ်"

သူမနှင့် အဘွားကြီးကျောက်မှာ တစ်ယောက်သည် အလင်း၊ တစ်ယောက်သည်ကား အမှောင်ထဲမှ ဖြစ်၍ မည်သို့သော လူမျိုးကိုမဆို နှိမ်နင်းနိုင်သည် မဟုတ်လော့။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အတွေးထဲ နစ်ဝင်သွားကြသည်။

"ကဲ... အဲဒီကွမ်ထင်းထင်းကို ဂရုမစိုက်နဲ့တော့၊ မေမေက သမီးတို့ကို စက်ဘီးတင်ပြီး လေညင်းခံထွက်မယ်နော်"

"ဟုတ်ကဲ့~"

ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို စနစ်တကျနေရာချပေးပြီးနောက် သေချာမှာကြားလေသည်။

"ရှောင်ကျား၊ သားက နောက်ကထိုင်ရင် မေမေ့ခါးကို တင်းတင်းဖက်ထားရမယ်နော်၊ သိလား.. ပြီးတော့ ခြေထောက်ကို ဘီးနဲ့နီးအောင် မထားရဘူး၊ နားလည်လား.."

ရှောင်ကျား နောက်ထိုင်ခုံတွင် ထိုင်ရင်း အလေးအနက် ခေါင်းညိတ်ပြ၏။

"ရှောင်ယွမ်ကတော့ ရှေ့ကထိုင်ရမှာဆိုတော့ အဲဒီကိစ္စအတွက် စိတ်မပူရပေမဲ့ ဒီစက်ဘီးတန်းက တင်ပါးနာလိမ့်မယ်။ အခု တစ်ပတ်အရင်ပတ်ကြည့်မယ်၊ နောက်တစ်ပတ်ကျရင် နေရာလဲကြတာပေါ့။ ဒါကြောင့် သားလည်း အမှတ်ရရမယ်နော်"

ချန်ချင်းယွီ စကားကို ရှောင်ယွမ်သည်လည်း လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြသည်။

ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကိုတင်၍ တစ်ပတ်ပတ်လိုက်၏။ စက်ဘီးအရှိန်မှာ သိပ်မမြန်လှသော်လည်း စက်ဘီးကို ပထမဆုံးအကြိမ် စီးဖူးသည့် ကလေးငယ်များမှာမူ ပျော်လွန်း၍ ဝမ်းသာအားရ အော်ဟစ်နေကြရှာသည်။

"မေမေ... မေမေ၊ ပျံနေသလိုပဲ.."

"သိပ်တော်တာပဲနော်.."

"အားးးး မြန်လိုက်တာ.."

စက်ဘီးစီးရသည့် ပထမဆုံးအတွေ့အကြုံမှာ ပြိုင်ကားစီးရသည်ထက်ပင် မနိမ့်ကျလှပေ။ ကလေးနှစ်ယောက်၏ ဆူညံပွက်လောရိုက်နေသော အော်ဟစ်သံများကြားတွင် ချန်ချင်းယွီပင် မိမိကိုယ်မိမိ မေ့လျော့သွားမိ၏။

သူမ … ချန်ချင်းယွီ … စီးနေသည်မှာ စက်ဘီးမဟုတ်၊ "မာဆာရတီ" ကားကြီးပင် ဖြစ်တော့သည်..

"ကဲ... သွားကြစို့.."

သူမ စက်ဘီးစီးသွားရင်းနှင့် အတိတ်ဘဝမှ ခံစားချက်မျိုး ပြန်ရလာ၏။ အတိတ်ဘဝတွင် ပေကျင်းသို့ ခရီးထွက်စဉ်ကလည်း ဤသို့ပင် စက်ဘီးလေးငှားကာ လမ်းကြားလေးများထဲတွင် ဖြတ်သန်းသွားလာခဲ့ဖူးသည်။ ထိုစဉ်အချိန်၌လည်း သူမ ဤကဲ့သို့ပင် စိတ်လက်ပေါ့ပါးခဲ့ဖူး၏။ ထိုသို့သော ခံစားချက်မျိုးက...

ကျွီ..

ချန်ချင်းယွီ ရုတ်တရက် ဘရိတ်အုပ်ကာ ရပ်လိုက်သည်။

"မေမေ...."

ချန်ချင်းယွီ ရှေ့သို့ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ခြင်းတောင်းကို ကိုင်ထားသော ဇနီးသည်လေးတစ်ဦးနှင့် ပိုက်ဆံပေးရန် ပြင်နေသော အဒေါ်ကြီးတစ်ဦးကို မြင်လိုက်ရ၏။

ဟော.. အဝယ်အရောင်း လုပ်နေကြတာပဲ..

ထိုနှစ်ဦးမှာလည်း ချန်ချင်းယွီစက်ဘီးဖြင့် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မထင်ထားသဖြင့် ပြာပြာသလဲ ဖြစ်သွားကြသည်။

ချန်ချင်းယွီ ဦးအောင် စကားစလိုက်၏။

"ကျွန်မလည်း လိုချင်တယ်"

ဇနီးသည်လေး - "..."

အဒေါ်ကြီး - "..."

‘ညည်းနှယ်အေ အသာလုပ်ပါ.. ဘယ့်နှယ် ငါတို့မှာ လက်ပတ်နီတွေ ထင်သွားတာပဲ..’

ချန်ချင်းယွီ စက်ဘီးကို အနည်းငယ် ရှေ့တိုးလိုက်ပြီး အသံကို နှိမ့်ကာ

"ဘာကောင်းတာတွေ ရှိလဲ၊ ကျွန်မလည်း နည်းနည်းလောက် လဲ (ဝယ်) ချင်လို့"

သူမသည် "လဲ" ဟူသော စကားလုံးကို အလေးပေးပြောလိုက်ရာ နားလည်သူချင်းဖြစ်၍ အားလုံး သဘောပေါက်သွားကြသည်။

ဇနီးသည်လေးမှာ အသံတိုးတိုးဖြင့်

"ကျွန်မတို့ အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ ကွေ့ဟွားပန်းမုန့်တွေပါ၊ လိုချင်လား.."

ချန်ချင်းယွီ အသာငုံ့ကြည့်လိုက်ရာ…… ဟော.. တော်တော်လေးကို သပ်သပ်ရပ်ရပ် ရှိလှသည်။ ကြည့်ရသည်မှာလည်း စားချင်စဖွယ်ဖြစ်နေသဖြင့် သူမ ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။

ထိုစဉ် အဒေါ်ကြီးသည်လည်း ပြောလာလေသည်။

"သူလုပ်တဲ့မုန့်က တကယ်ကောင်းတယ်၊ ငါကတော့ တစ်ပေါင် ယူမယ်"

ချန်ချင်းယွီ : "ကျန်တာ အကုန်လုံးကို ကျွန်မ သိမ်းကျုံးယူမယ်"

"ဟယ်.."

"အများကြီး ကျန်သေးတာနော်၊ တော်တော်များတယ်"

ချန်ချင်းယွီ အလေးအနက် ပြောလိုက်၏။

"အကုန်ယူမှာ၊ အမြန်လေး ပိုက်ဆံတွက်လိုက်ပါ၊ ပြီးရင် အမြန်ထွက်သွားမှ အားလုံးအတွက်လည်း ဘေးကင်းမှာ"

ထိုသို့ပြောလိုက်သဖြင့် အားလုံးခေါင်းညိတ်ကြသည်။ ခိုးကြောင်ခိုးဝှက် အရောင်းအဝယ် လုပ်နေကြရသူများဖြစ်ရာ အားလုံးသည်လည်း ထိတ်လန့်နေကြသည်ပင်။

ချန်ချင်းယွီသည် ချက်ချင်းပင် ပိုက်ဆံထုတ်ပေးလိုက်၏။ သူမတွင် ပိုက်ဆံအမြဲဆောင်ထားတတ်သည့် အလေ့အထရှိသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် အသုံးတည့်သွားခဲ့သည်။ သူမတွင် ထည့်စရာ ဘာမှမပါသဖြင့် ပြောလိုက်မိ၏။

"ဒီခြင်းတောင်းပါ ကျွန်မကို ပေးလိုက်ပါလား၊ ပိုက်ဆံပေးပါ့မယ်"

"မရဘူး၊ ကျွန်မမှာ ဆီစိမ်စက္ကူပါတ်တယ်၊ အဲဒါနဲ့ ထုပ်ပေးမယ်။ အိမ်က ခြင်းတောင်းကိုတော့ ပေးလို့မရဘူး"

ထိုဇနီးသည်လေးမှာ အတော်ပင် သတိကြီးလှသည်။ ခြင်းတောင်းကိုကြည့်ပြီး မိမိအိမ်ကို လိုက်ရှာမှာကို စိုးရိမ်နေမိ၏။ သူမသည် ပါလာသော ဆီစိမ်စက္ကူဖြင့် မုန့်များကို အကန့်လိုက် အမြန်ထုပ်ပေးလိုက်သည်။ ချန်ချင်းယွီ မုန့်များကို စက်ဘီးခြင်းတောင်းထဲသို့ တစ်ခုချင်းစီ ထည့်လိုက်ပြီး ပိုက်ဆံကိုလည်း အမြန်ပေးလိုက်၏။

နှစ်ဦးနှစ်ဖက်လုံး စိတ်ကျေနပ်သွားကြပြီး စကားထပ်မပြောတော့ဘဲ ချက်ချင်းပင် စက်ဘီးစီးကာ ထွက်ခွာခဲ့ကြသည်။

ဇနီးသည်လေးသည်လည်း ခြင်းတောင်းကို ဆွဲကာ ခပ်သုတ်သုတ် ပြေးထွက်သွား၏။

သူတို့သည် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ကြသူများသာဖြစ်ပြီး တစ်ဦးကိုတစ်ဦး လုံးဝ ယုံကြည်မှုမရှိကြသည်မှာ သိသာလှပေသည်။

ချန်ချင်းယွီသည် ကလေးများကိုခေါ်ကာ အခြားလမ်းတစ်ခုသို့ အမြန်စီးထွက်ခဲ့၏။ သူမ၏ အဘိုးအဘွားများရှိခဲ့ဖူးသော အိမ်ဟောင်းနားသို့ ရောက်လုနီးနီးဖြစ်၍ ချန်ချင်းယွီ စက်ဘီးစီးသွားကြည့်ရန် ဆုံးဖြတ်လိုက်သော်လည်း အိမ်ရှေ့တွင် အဘွားကြီးအချို့ စကားပြောနေသည်ကို မြင်လိုက်ရသဖြင့် လှည့်မကြည့်တော့ဘဲ ပြန်စီးထွက်လာခဲ့သည်။

ဤပတ်ဝန်းကျင်ရှိ အိမ်နီးချင်းအသစ်များကို သူမ တစ်ယောက်မှ မမှတ်မိပေ။ အိမ်နီးချင်းဟောင်း အများစုမှာလည်း မရှိကြတော့ပြီ။

ဤနေရာသည် တက္ကသိုလ်ဆရာ၊ ဆရာမအများစု နေထိုင်ကြသည့် နေရာဖြစ်ပြီး၊ လွန်ခဲ့သောနှစ်များအတွင်း လူအများအပြား ကျေးလက်သို့ အပို့ခံခဲ့ရကာ၊ သေဆုံးသွားသူများလည်း မနည်းလှပေ။ အိမ်များကိုလည်း တဖြည်းဖြည်း ပြန်လည်နေရာချထားပေးခဲ့ရာ ခြံဝင်းတစ်ခုစီတွင် မိသားစု သုံးလေးစု သို့မဟုတ် ငါးစုအထိ နေထိုင်လာကြသဖြင့် အတော်ပင် သက်ဝင်လှုပ်ရှားနေ၏။

ယခင်၌ သူမ ဤနေရာသို့ အကြိမ်ပေါင်းများစွာ လာခဲ့သော်လည်း မည်သူမှ သတိမထားမိခဲ့ခြင်းမှာ ကံကောင်းခြင်းပင်။

မှန်ပေသည်၊ ကံကောင်းရုံသာမက သူမကိုယ်တိုင်သည်လည်း ဤပတ်ဝန်းကျင်ကို ကျွမ်းကျင်နေသောကြောင့်လည်း ဖြစ်၏။

ယနေ့မူ လူများရှိနေသဖြင့် ချန်ချင်းယွီ မသွားတော့ပေ။ သူမသည် စက်ဘီးကို ကွင်းပြင်တစ်ခုသို့ စီးသွားပြီးနောက် ကလေးများကို မေးလိုက်သည်။

“ဘယ်လိုနေလဲ”

"မေမေ၊ အရမ်းမြန်တာပဲ.."

"သမီး တင်ပါးလေးတော့ နည်းနည်းနာတယ်"

ရှောင်ယွမ် သူမ၏ တင်ပါးလေးကို ပွတ်ရင်း ညည်းပြ၏။

ချန်ချင်းယွီ ပြုံးကာ ကလေးနှစ်ယောက်လုံးကို အောက်သို့ချပေးပြီး

"ကဲ... တစ်ယောက် တစ်ခုစီ စားကြ။ ထပ်စားချင်ရင်လည်း ရှိသေးတယ်။ မေမေ ဒီနေ့ နေ့လယ်စာ မချက်တော့ဘူး၊ ဒါပဲ စားကြမယ်"

"ဟုတ်ကဲ့ပါ~"

ကလေးနှစ်ယောက်အတွက် ကွေ့ဟွားပန်းမုန့်ကို ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်သည်။ ကွေ့ဟွားပန်းမုန့်မှာ ဖြူဖြူဖွေးဖွေးနှင့် စေးကပ်ကပ်ရှိလှပြီး အပေါ်တွင် ကွေ့ဟွားပန်းပွင့်လေးများဟု ထင်ရသော အဝါရောင်ပန်းပွင့်လေးများ ကပ်နေ၏။ ချန်ချင်းယွီကိုယ်တိုင်လည်း တစ်လုတ်မြည်းကြည့်လိုက်ရာ ….

အင်း၊ တကယ်ကို အရသာရှိလိုက်တာ..

ဤကဲ့သို့သော မုန့်မျိုးမှာ ပါဝင်ပစ္စည်းများကို တွန့်တိုနေလျှင် အလွန်စားရဆိုးသည်။ ထိုဇနီးသည်လေးမှာမူ ပါဝင်ပစ္စည်းများကို အချိုးကျထည့်ထားပြီး အချိုဓာတ်မှာလည်း မအီဘဲ အနေတော်ပင် ဖြစ်၏။

"အရမ်းကောင်းတာပဲ.. မေမေ၊ တကယ်အရသာရှိတယ်.."

"အင်း... ဘာနဲ့မှ မယှဉ်နိုင်ဘူး။ ကွတ်ကီးတွေ၊ မုန့်တွေ၊ ပေါက်စီတွေထက်တောင် ပိုကောင်းသေးတယ်။"

ချန်ချင်းယွီသည် ကလေးနှစ်ယောက် တတွတ်တွတ်ပြောရင်း စားနေကြသည်ကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်၏။

"ဟုတ်တယ်၊ အရသာရှိတယ်။ ဒါဆို နောက်တစ်ခါ အဲဒီအဒေါ်ကြီးကို ထပ်တွေ့ရင် တို့တွေထပ်ဝယ်ကြမလား.."

"ဝယ်မယ်.."

"ထပ်ဝယ်မယ်။"

"ဒါဆိုရင် ကတိပေးကြနော်၊ ဒီနေ့ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ နောက်ဆိုရင်လည်း တို့တွေ ဘာကောင်းတာတွေ စားခဲ့လဲဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့။ သားတို့သမီးတို့ လျှောက်ပြောရင် သူတို့က မနာလိုဖြစ်ပြီး ပြဿနာရှာကြလိမ့်မယ်။ ငါတို့မိသားစုကို ဒုက္ခပေးတာမျိုးတောင် ဖြစ်လာနိုင်တယ်။ သမီးတို့အဘွားနဲ့ မေမေက ပြဿနာကို မကြောက်ပေမဲ့ မရှိတာကတော့ အကောင်းဆုံးပေါ့။ သဘောတူတယ် မဟုတ်လား.."

"ဟုတ်ကဲ့ပါ~"

ကလေးများမှာ အလေးအနက် ခေါင်းညိတ်ကြပြီး

"သားတို့ မပြောပါဘူး။"

"အဲဒါမှ ဟုတ်တာ။ သူတို့ကို အများကြီး သွားပြောပြရင် သူတို့က မနာလိုဖြစ်ပြီး စိတ်ပုပ်စိတ်ယုတ်တွေ ဝင်လာတတ်ကြတယ်"

"ဒီနေ့တွေ့တဲ့ အဒေါ်ကွမ် လိုမျိုးပေါ့နော်။"

ချန်ချင်းယွီ ရှောင်ကျားကို ချီးမွမ်းအကြည့် တစ်ချက်ကြည့်ကာ

"ဟုတ်တယ်၊ ဒီနေ့က ကွမ်ထင်းထင်းလိုမျိုးပေါ့၊ ဒါကြောင့် ဘယ်သူ့ကိုမှ မပြောကြနဲ့နော်"

"ဟုတ်ကဲ့၊ မပြောဘူး.."

"အဘွားကိုရော မပြောရဘူးလား.."

ချန်ချင်းယွီ : "အဘွားကိုလည်း မပြောနဲ့။ သမီးတို့အဘွားလည်း စက်ရုံမှာ မုန့်တွေ ခိုးစားနေတာပဲ၊ တို့တွေကိုမှ လာမပြောတာ။"

သူမသည် ကလေးများကို လူကြီးမိဘများအပေါ် အကောင်းမြင်တတ်အောင် ကျေးဇူးသိတတ်အောင် သင်ပေးမည့် လူမျိုးမဟုတ်ပေ။ သူမ၏ အဓိကမူဝါဒမှာ အမှန်အတိုင်း ပြောပြရန်သာ ဖြစ်သည်။ ကလေးများတွင်လည်း အမှန်တရားကို သိခွင့်ရှိ၏။ ဤလောကကြီးတွင် အရာရာတိုင်းသည် ကောင်းမွန်လှပနေသည် မဟုတ်၍ စောစောစီးစီး သိတတ်လေ ပိုကောင်းလေပင်။

“ကဲ... နောက်တစ်တုံးစီ ထပ်စားကြဦး။ စားပြီးရင် အိမ်ပြန်ကြမယ်။”

“ဟုတ်ကဲ့ပါ..”

“ဒီတစ်ခါတော့ သားက ရှေ့ကထိုင်မယ်။ ညီမလေးက နောက်ကနေ မေမေ့ကို တင်းတင်းဖက်ထားနော်။”

ရှောင်ယွမ် ခေါင်းကို အားရပါးရ ငြိမ့်ပြ၏။

“သိတယ်၊ သိတယ်။”

သူမ တိုးတိုးလေးလည်း ရေရွလိုက်လေသည်။

“ရှေ့က အကြာကြီးထိုင်ရတာ တကယ်ကြီးကို အဆင်မပြေတာ။”

ချန်ချင်းယွီ ရယ်မောလိုက်မိ၏။

ချန်ချင်းယွီသည် ကွေ့ဟွားပန်းမုန့်များစွာ ဝယ်ခဲ့သော်လည်း ကလေးနှစ်ယောက်မှာ တစ်ယောက်လျှင် အတုံးကြီး နှစ်တုံးစီစားကာ ကျန်သည်ကို ချန်ချင်းယွီက အကုန်စားလိုက်သည်။ ထိုသို့စားသော်လည်း ဗိုက်ကားသွားသည်အထိတော့ မဟုတ်ပေ။

သို့သော်လည်း ကိစ္စမရှိပေ။ ချန်ချင်းယွီသည် ပုံမှန်အားဖြင့် ၈၀ ရာခိုင်နှုန်းခန့် ဗိုက်ပြည့်လျှင်ပင် တော်ပြီဟု သတ်မှတ်ထားသူဖြစ်သည်။

“ကဲ... အိမ်ပြန်ကြစို့..”

“အိမ်ပြန်ကြမယ်။”

ချန်ချင်းယွီသည် မနက်စောစောထွက်သွားပြီးနောက် နေမွန်းတည့်ချိန်ခန့်တွင် ပြန်ရောက်လာ၏။အချို့လူများမှာ အိမ်ပြန်ထမင်းချက်ကြပြီး အချို့မှာမူ မပြန်ကြပေ။

အဒေါ်ကြီးမေ့ ချန်ချင်းယွီ စက်ဘီးတွန်းလာသည်ကို မြင်သောအခါ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ဟယ်.. ဒါ စက်ဘီးလား.. ငါ့ကို ပေးကြည့်ပါဦး.. အမလေး... လှလိုက်တာ။ ဒီပုံစံလေးကို ကြည့်စမ်း.. ဒီအရည်အသွေးကို ကြည့်ဦး၊ ဘုရားရေ... ခြင်းတောင်းတောင် ပါသေးတယ်။ မိုက်လိုက်တာနော်။ ရှောင်ချန်၊ နင်ကတော့ ကံကောင်းလိုက်တာ၊ ဒီစက်ဘီးက တကယ်ကို အကောင်းစားပဲ..”

“စက်ဘီး ပြန်ရောက်လာပြီလား.. ငါလည်း ကြည့်ဦးမယ်..”

အဘွားကြီးဝမ် အိမ်ထဲမှ အမြန်ပြေးထွက်လာသော်လည်း သူမ၏ မျက်နှာပေးမှာ မကြည်လင်လှပေ။

မူလတွင် ဤခြံဝင်းထဲ၌ စက်ဘီး သုံးစီးသာ ရှိခဲ့ပြီး၊ တစ်စီးသည် ခြံဝင်းတာဝန်ခံသူ မာကျန့်ယီ အပိုင်၊နောက်တစ်စီးမှာ ကျောက်ရုံနှင့် သူမ၏ခင်ပွန်းအပိုင်၊ ကျန်သည်မှာ မိမိတို့အိမ်ရှိ အပိုင်တစ်စီးဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ကျောက်ရုံ၏သားသည် တစ်စီးထပ်ဝယ်လိုက်သဖြင့် သူတို့စက်ဘီးမှာ ကျောက်ရုံတို့၏ အရိပ်အောက် ရောက်သွားခဲ့ရ၏။

အဘွားကြီးဝမ်မှာ ထိုကိစ္စအတွက် မကျေမနပ် ဖြစ်နေစဉ်၊ ယခုမူ ပို၍ပင် ဆိုးသွားခဲ့သည်။

‘မုဆိုးမငယ်လေး၏ မိသားစုပင် စက်ဘီးဝယ်နိုင်သွားပြီတဲ့လား..

ဒါက တကယ်ကို ဒေါသထွက်စရာပဲ..’

‘သူတို့မှာ ဘာရှိလို့လဲ.. သူတို့က စက်ဘီးတစ်စီးနဲ့ ထိုက်တန်လို့လား..’

အဘွားကြီးဝမ်သည် မျက်နှာပျက်ပျက်ဖြင့် ထွက်လာကာ စက်ဘီးကို အသေအချာ စစ်ဆေးပြီးနောက် ကဲ့ရဲ့လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။

“ဪ... ဖီးနစ် တံဆိပ်ကိုး.. နင်တို့ကတော့ တကယ်ကို ရက်ရောတာပဲ။ ဂျိုးငှက်တို့၊ ထာဝရတို့ဆိုရင် ပိုသက်သာတာကို။ နင်ကတော့ ပိုက်ဆံကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ တကယ်ကို မသိတာပဲ။”

ချန်ချင်းယွီ အနေအေးသည့်ပုံစံဖြင့် ပြုံးကာ ပြောလိုက်သည်။

“ကျွန်မ ယောက္ခမက ပြောတယ်လေ၊ ကုန်မှာတော့ ကုန်မှာပဲဆိုတော့ အကောင်းဆုံးကိုပဲ ဝယ်လိုက်ပါတဲ့။ ကျွန်မ ထင်တယ်... ကျန့်ဝမ်သာ ရှိနေရင်လည်း ဖီးနစ်တံဆိပ်ပဲ ဝယ်မှာပါ။ ဒါကြောင့် ကျွန်မကတော့ ယောက္ခမစကားကိုပဲ နားထောင်ရမှာပေါ့။”

“အေး... ကောင်းတာပေါ့.. အခုဆိုရင် ငါတို့ခြံဝင်းထဲမှာ ဘယ်ကိစ္စအတွက်မဆို စက်ဘီးက အဆင်သင့်ရှိနေပြီပေါ့။ ကျန့်ဝမ်မိန်းမ၊ နင်လည်း အလိုက်သိတတ်ဖို့ လိုမယ်နော်”

ရှီကျိန်းရှန်း မရိုးသားသော စေတနာဖြင့် ပြောလိုက်၏။

ချန်ချင်းယွီသည် ပြန်မငြင်းဘဲ ပြုံးလိုက်ပြီး ဆိုလိုက်၏။

“စက်ဘီးငှားတဲ့ကိစ္စကတော့ အမေ့ကိုပဲ မေးရမှာပါ။ ကျွန်မတို့အိမ်မှာက အမေကပဲ အရာရာကို ဆုံးဖြတ်တာလေ။ ကျွန်မက ဘယ်မှာ သွားပြီး ဆုံးဖြတ်ရဲမှာလဲ..”

“ဒါတော့ မဖြစ်ဘူးလေ။ နင်ကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ရဲရဲဝံ့ဝံ့ ရှိရမယ်။ အိမ်ထောင်မှုကို နင်က စီမံနေတာပဲ၊ ဒီလို ကိစ္စအသေးအမွှားလေးတွေကိုတော့ နင်ကပဲ ထိန်းချုပ်ထားသင့်တာပေါ့...”

သူမ စကားမဆုံးခင်မှာပင် ကြားဖြတ်ခြင်း ခံလိုက်ရသည်။

“ဒေါ်လေးရှီ... ဒေါ်လေးက ကျွန်မတို့ ယောက္ခမနဲ့ ချွေးမကြားမှာ တမင်တကာ သွေးခွဲနေတာလား..”

ချန်ချင်းယွီသည် သူမ၏ မျက်လုံးအစုံကို ဝိုင်းစက်အောင်လုပ်ကာ၊ အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် မယုံကြည်နိုင်ဟန် မေးလိုက်သည်။

“ဒေါ်လေးနှယ် ဘာလို့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ..”

ချန်ချင်းယွီသည် ဟန်ဆောင်ရာတွင် အော်စကာရနိုင်သူပီပီ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်၏။

"ဒေါ်လေးရှီ၊ ဒီလိုလုပ်လို့ အဒေါ်အတွက် ဘာအကျိုးရှိမှာလဲ.. ဘာလို့ ဒီလိုတွေ လုပ်ရတာလဲ.. ကျွန်မနဲ့ ယောက္ခမက ကျန့်ဝမ်ရဲ့ မိသားစုဝင်တွေပဲလေ။ အခု ကျန့်ဝမ်မရှိတော့ ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် ဖေးမပြီး ကောင်းကောင်းမွန်မွန် နေထိုင်ကြရမှာပေါ့။ ဒေါ်လေးပြောတဲ့ စကားတွေကို အမေသာ ကြားသွားရင် ကျွန်မက သူ့အပေါ် မကျေနပ်ချက်တွေ ရှိနေတယ်လို့ ထင်သွားမှာပေါ့။ ဒါက ကျွန်မတို့ကြားမှာ မလိုအပ်ဘဲ ပြဿနာတွေ ဖန်တီးပေးနေတာ မဟုတ်ဘူးလား.. ဒေါ်လေး ဘယ်လိုတောင် လုပ်ရက်ရတာလဲ.."

သူမသည် အဘွားကြီးရှီကို စိုက်ကြည့်ရင်း

"ကျွန်မတို့ စက်ဘီးရလို့ မနာလိုဖြစ်ပြီး တမင် ပြဿနာလာရှာနေတာလား.. မထူးဆန်းတော့ပါဘူး၊ ရှင်တို့အိမ်မှန် အခွဲခံရတာ မဆန်းတော့ဘူး။ အဒေါ်က အမြဲတမ်း ဒီလိုတွေလိုက်လုပ်ပြီး လူတွေကို လိုက်ပြစ်မှားနေလို့ နေမှာပေါ့"

ချန်ချင်းယွီ မရပ်မနား ပြောဆိုနေသဖြင့် အဘွားကြီးရှီမှာ လိုက်မမီတော့ပေ။

ခဏကြာမှ သူမ တုံ့ပြန်နိုင်ရှာ၏။

"ငါက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ နင် အထင်လွဲနေပြီ..."

သူမ မကျေမနပ် ဖြစ်နေပြီး

"နင်က ဘာတွေ ပြောနေတာလဲ.. ငါ့အိမ်မှန် အခွဲခံရတာ ငါက ခံရတဲ့သူလေ၊ နင်က ဘယ်လိုဖြစ်ပြီး အဲဒီလို ပြောနိုင်ရတာလဲ.. စကားကို ကောင်းကောင်းမပြောတတ်ဘူးလား.."

ချန်ချင်းယွီ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလာပြီး

"အဒေါ်ကပဲ အရင်စတာလေ၊ ကျွန်မရဲ့ ကိုကိုကျန့်ဝမ်သာ ရှိရင်..."

ပိုင်ဖုန်းရှန်းသည် သူမ လင်းကျန့်ဝမ်အကြောင်းကို ရှည်ရှည်ဝေးဝေး ထပ်ပြောတော့မည်ကို စိုးရိမ်သဖြင့် ကြားဖြတ်ကာ တားမြစ်လိုက်ရသည်။

"ကဲ... အားလုံးပဲ တစ်ယောက်တစ်လှမ်း ဆုတ်ကြပါ၊ ထားလိုက်ကြပါတော့။ အဘွားကြီးရှီ၊ နင်ပြောတာလည်း နည်းနည်းတော့ လွန်သွားတာ အမှန်ပဲ။ ချန်မိသားစု ယောက္ခမနဲ့ ချွေးမက အဆင်ပြေနေတာကို လိုက်ပြီး မွှေမနေပါနဲ့တော့။ နင်ကတော့ ပြဿနာရှာကို မီးထွန်းရှာတဲ့သူ ကျနေတာပဲ"

ချန်ချင်းယွီ "......................"

'နင် ပြောပေးတာကို ငါက ကျေးဇူးတင်ရမှာလား..'

‘ပြဿနာမီးထွန်းရှာတဲ့သူ.. ဘယ်သူက ပြဿနာရှာတဲ့သူလဲ..’

ရှီကျန့်ရှန်းလည်း မကျေမနပ် ဖြစ်သွား၏။

‘ဒီကောင်မ ဘာလို့ ငါ့ကို ပြဿနာရှာတဲ့သူလို့ ခေါ်ရတာလဲ.. သူမကိုယ်သူမတော့ အပြစ်ကင်းတယ်လို့ ထင်နေတာလေ’

"ကဲပါ... ထားလိုက်ကြပါတော့၊ ဒီလိုတွေ မဖြစ်ကြနဲ့ဦး။ ဪ... ဒါနဲ့၊ ပြဿနာဆိုလို့.. နင်တို့ ကြားပြီးကြပြီလား.. ဒီကနေ နှစ်လမ်း သုံးလမ်းလောက် အကွာမှာ မနေ့ညက လူတစ်ယောက် အိမ်သာကျင်းထဲ ပြုတ်ကျသတဲ့"

အဒေါ်ကြီးမေ့ စကားလမ်းကြောင်း လွှဲလိုက်၏။

ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

'အဒေါ်ကြီးမေ့ကတော့ သတင်းဆိုရင် တကယ်နှံ့တာပဲ'

"အညစ်အကြေးကျင်းထဲ ပြုတ်ကျတာလား.. ဘယ်သူလဲ.."

အဒေါ်ကြီးမေ့ : "သူ့နာမည်က လီတာ့ရှန်းတဲ့၊ ငါတို့စက်ရုံမှာပဲ လုပ်တာ။ မနေ့ညက သူနဲ့ သူ့မိန်းမ နှစ်ယောက်လုံး အိမ်သာကျင်းထဲ အတူတူ ပြုတ်ကျသွားတာတဲ့။ ရွံစရာကြီးနော်၊ သူတို့ကို ပြန်ဆွဲတင်ဖို့ နာရီဝက်လောက် ကြာသွားတယ်တဲ့။ အီးးး... တွေးကြည့်တာနဲ့တင် ပျို့ချင်လာပြီ"

"ဘယ်လိုဖြစ်ပြီး ပြုတ်ကျတာလဲ.."

"လင်မယားနှစ်ယောက်လုံး အတူတူ ပြုတ်ကျတယ်ဆိုတာကော ဖြစ်နိုင်လို့လား.."

"ဒေါ်လေးမေ့ ဘယ်လိုသိတာလဲ.."

ချန်ချင်းယွီက ဘာမှမသိသည့်နှယ် ဟန်ဆောင်ကာ စပ်စုလိုက်သည်။ သူမ နောက်ပိုင်းကိစ္စ အသေးစိတ်ကို မသိသဖြင့် အကုန်နားထောင်ချင်နေမိ၏။

အဒေါ်ကြီးမေ့ : "ဒီနေ့မနက် အလုပ်ရှာဖို့ ရပ်ကွက်ရုံးကို သွားရင်းနဲ့ လမ်းမှာ ဟိုဘက်လမ်းက အဒေါ်ကြီးမေဟွားနဲ့ ဆုံတာလေ။ သူပြောပြတာကတော့ ရပ်ကွက်ရုံးက လူတွေပါ ဒီအကြောင်းကို ပြောနေကြတာတဲ့။ လီတာ့ရှန်းရဲ့မိန်းမ ဝမ်ကျွင့်ဟွားကတော့ ဒါဟာ သရဲခြောက်တာလို့ ဇွတ်ငြင်းနေတာပဲ။ ခွန်အားကြီးတဲ့ အမျိုးသမီးသရဲက သူ့ကို အိမ်သာထဲ တွန်းချလိုက်တာပါတဲ့။ လီတာ့ရှန်းကလည်း သူ့ခြေထောက်မှာ နာသွားပြီး တစ်စုံတစ်ယောက်က တွန်းချလိုက်သလိုမျိုး အထဲကို ပြုတ်ကျသွားတာလို့ ပြောတယ်"

"ဟင်.."

"သရဲခြောက်တာ ဟုတ်လို့လား.."

"သူတို့က တော်တော်သတ္တိရှိတာပဲ၊ သရဲပုံပြင်တွေကို ဒီလိုအချိန်ကြီးမှာ လျှောက်ဖြန့်ရဲတယ်ပေါ့.."

အဒေါ်ကြီးမေ့ : "နားထောင်ဦးလေ၊ ငါ ပြီးအောင် မပြောရသေးဘူး။ သူတို့ကတော့ တစ်ယောက်ယောက်က တွန်းချတာလို့ ပြောပေမဲ့ တကယ်တမ်းကျတော့ အိမ်နီးချင်းတွေက အသံကြားလို့ ထွက်လာကြတာ။ ဝမ်ကျွင့်ဟွား ဘယ်လိုပြုတ်ကျသွားလဲဆိုတာကိုတော့ မမြင်လိုက်ရပေမဲ့၊ လီတာ့ရှန်း ပြုတ်ကျတာကိုတော့ အားလုံးက ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတာ။ သူက သူ့ဘာသာသူ ခေါင်းစိုက်ပြီး ခုန်ချသွားတာတဲ့၊ သူ့ဘေးမှာ ဘယ်သူမှ မရှိဘူးတဲ့။ ဝမ်ကျွင့်ဟွား ပြောသလို အဖြူရောင်ဝတ်ထားတဲ့ အမျိုးသမီးသရဲဆိုတာလည်း လုံးဝမရှိပါဘူးတဲ့"

"ဟားးး.."

"သူ့ဘာသာသူ ခုန်ချသွားတာလား.."

ချန်ချင်းယွီ စိတ်ထဲမှ ပြုံးနေမိသည်။ သူမ၏ ကျောက်ခဲလက်ချက်ကြောင့် လီတာ့ရှန်းမှာ သရဲတွန်းသည့်အလားဖြစ်ကာ အရှိန်နှင့် ပြုတ်ကျသွားခြင်း ဖြစ်သော်လည်း၊ အခြားသူများ၏ အမြင်တွင်မူ လင်မယားသံယောဇဉ်ကြီးမားစွာဖြင့် အိမ်သာကျင်းထဲသို့ ခုန်ဆင်းကယ်တင်သည်ဟုပင် ထင်မှတ်သွားကြပေသည်။

‘တကယ်လို့ တစ်ယောက်ယောက်က တွန်းချလိုက်တာဆိုရင်တော့ ဒါက ပုံမှန်ပဲပေါ့၊ ဒါပေမဲ့ သူ့ဘာသာသူ ခုန်ချသွားတယ်ဆိုတဲ့ အချက်က ဇာတ်လမ်းကို ပိုပြီး ကောင်းသွားစေတာပဲ’

‘ကိုယ်မမြင်ရတဲ့သူက တွန်းချလိုက်တာမျိုးပေါ့။ အဲဒါက အကြောက်ရဆုံးအပိုင်းပဲ..’

"ဒါနဲ့ အညစ်အကြေးကျင်းထဲ ပြုတ်ကျသွားတာဆိုတော့ သူတို့ အဆင်ပြေရဲ့လားဟင်.."

ချန်ချင်းယွီ စပ်စုချင်ဟန်ဖြင့် မေးလိုက်၏။

"ဘယ်မှာ အဆင်ပြေမှာလဲ.. အညစ်အကြေးတွေ ဗိုက်ပြည့်အောင် သောက်လိုက်ရတာကို ဘယ်လိုလုပ် အဆင်ပြေမှာလဲ.. မနေ့က တစ်ဆေးရုံလုံးတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ။ တစ်ညလုံး ဆေးကြောပေးခဲ့ရတယ်လို့ ကြားတယ်။ တော်သေးတာက အခုရာသီဥတုက နွေးနေလို့၊ တကယ်လို့ အေးစိမ့်နေတဲ့အချိန်သာဆိုရင် ဘာတွေဖြစ်ကုန်မလဲ မသိဘူး။ မိုးလင်းတော့မှ အညစ်အကြေးတွေကို အတော်လေး ဆေးထုတ်ပြီး ဆေးရုံပို့လိုက်ရတာ။ ဘုရားရေ... အဲဒီလောက် အညစ်အကြေးတွေ သောက်ထားမိတာ လူတကာကို ဘယ်လိုမျက်နှာပြရတော့မလဲ.. တကယ်ကို အရှက်ရစရာကြီးပဲ။"

ချန်ချင်းယွီ ဝေခွဲမရသလိုဖြင့် ပြောလိုက်သည်။

"အဲ... ရှက်တာကတော့ ဒုတိယပိုင်းပေါ့။ ဒေါ်လေးတို့ ဘယ်လိုထင်လဲ.. အဲဒီလောက် အညစ်အကြေးတွေ သောက်ထားမိရင် သူတို့ဆီက ပါးစပ်နံ့တွေ နံနေတော့မှာလားဟင်.."

'အစထဲက ပါးစပ်ကနေ အညစ်အကြေးတွေ စကားတွေ ထွက်နေနေတာပဲ၊ မနံဘဲ နေပါ့မလား.. ကောင်းပြီလေ... အခုတော့ ပါးစပ်တင်မဟုတ်ဘူး.. နင်တို့ကို တစ်ကိုယ်လုံး နံဟောင်သွားအောင် လုပ်ပေးလိုက်မယ်။'

လူတိုင်း ခဏတာ မှင်သက်သွားပြီးနောက် စဉ်းစားကြည့်လိုက်ရာ ချန်ချင်းယွီ၏ ခန့်မှန်းချက်မှာ အတော်ပင် ယုတ္တိရှိနေသည်ဟု ခံစားလိုက်ရ၏။

"အေးလေ... အဲဒါက ပြောဖို့တကယ်ခက်တယ်။ ငါ့အမျိုး တစ်ယောက်ဆိုရင် ကြက်သွန်ဖြူ အစားများလို့ကို ပါးစပ်နံ့က မခံနိုင်တာ။ အခုက အညစ်အကြေးတွေတောင် သောက်ထားတာဆိုတော့ မနံဘဲ ဘယ်နေမလဲ.. သူ့အနံ့က မိုင်ဝက်လောက်ကနေတောင် ရနေမှာပဲ။"

"ရွံစရာကြီးဟယ်.. တကယ်ပါပဲ၊ တော်သေးတာက ဒါက ငါတို့ခြံထဲမှာ မဟုတ်လို့၊ မဟုတ်ရင် ဘယ်လောက်တောင် ဒုက္ခရောက်မလဲ တွေးတောင် မတွေးရဲဘူး။"

"ဟုတ်ပါ့။"

လူတိုင်း တုန်လှုပ်သွားကြသည်။

‘တော်သေးတာပေါ့ သူတို့ခြံထဲမှာ ဒီလိုမျိုး မဖြစ်ခဲ့လို့..

မဟုတ်ရင် စဉ်းစားကြည့်ရုံနဲ့တင် ပျို့ချင်စရာကြီး’

"ဒါနဲ့ နောက်ဆုံး ဘယ်လိုဖြစ်သွားလဲ.. ရပ်ကွက်ကော်မတီကကော သွားသေးလား.."

"မသွားပါဘူး။ အဲဒီခြံကလူတွေက ရပ်ကွက်ကော်မတီကို မတိုင်ရဲကြဘူးလေ။ ဝမ်ကျွင့်ဟွားက သရဲမလို့ အော်နေတာဆိုတော့ ဒါက အယူသီးမှုကို အားပေးသလို ဖြစ်နေတာ မဟုတ်လား.. ဒါကြောင့် အဲဒီခြံကလူတွေက ကိစ္စကို ဖုံးဖုံးဖိဖိ လုပ်နေကြတာ။ သူတို့က ရပ်ကွက်ကော်မတီကို မတိုင်တော့ ကော်မတီကလည်း ဝင်မရှုပ်တော့ဘူးပေါ့။ တခြားကိစ္စသာဆိုရင် ကော်မတီက ရောက်နေလောက်ပြီ၊ အခုထိ အဲဒီလမ်းက နံနေတုန်းပဲ။ ရပ်ကွက်ကော်မတီကလည်း ဒီလိုညစ်ပတ်တဲ့ကိစ္စထဲ ဝင်မပါချင်တာလည်း ပါမှာပေါ့။"

"ဘုရား... ဘုရား... တကယ့်ကို ရှုပ်ထွေးကုန်တာပဲ.."

"နေဦး... လီတာ့ရှန်း ဆိုတဲ့ နာမည်က ဘာလို့ ရင်းနှီးနေရတာလဲ.."

ရှီကျန့်ရှန်း ဆိုလိုက်သည်။

"ရင်းနှီးတာပေါ့။ သူက စက်ရုံက ဂဟေဆက်အဖွဲ့ကလေ၊ လင်းကျန့်ဝမ်ရဲ့ ဆရာဖြစ်ခဲ့ဖူးတာလေ။"

ရှီကျန့်ရှန်းမှာ လီတာ့ရှန်း မည်သူဆိုသည်ကို သိ၏။ အကြောင်းမှာ ရွှီကောင်းမင် အိမ်ပြန်လာလျှင် သူမကို ပြောပြလေ့ရှိ၍ စက်ရုံထဲမှ လူတော်တော်များများ နာမည်ကို သူမ ကြားဖူးနေသည်။

"နာမည်တူ နောက်တစ်ယောက်သာ မရှိရင်တော့ သူပဲ ဖြစ်ရမယ်။"

ချန်ချင်းယွီ အံ့သြဟန်ဖြင့် အော်လိုက်ကာ

"ကိုကိုကျန့်ဝမ်ရဲ့ ဆရာလား.. ကျွန်မတော့ အဲဒါကို သိပ်မသိဘူး။ ကျွန်မတို့ အိမ်ထောင်ကျတာ ဒီလောက်ကြာတာတောင် သူတို့က အဆက်အသွယ် သိပ်မရှိကြဘူးလေ။"

ရှီကျန့်ရှန်း စိတ်ထဲမှ တွေးနေမိ၏။

'တကယ်ပဲ အဆက်အဆံ မရှိခဲ့ကြတာ။ သူတို့အဖွဲ့ထဲက လူတိုင်းသိတာပဲ၊ လီတာ့ရှန်းက လင်းကျန့်ဝမ်ကို တမင်ပညာမသင်ပေးတာ၊ ပြီးတော့ သူ့အပေါ် အမြဲအေးစက်စက် ဆက်ဆံပြီး ရာထူးတက်ဖို့ နှောင့်ယှက်တာတွေ၊ အညစ်ပတ်ဆုံး အလုပ်တွေကိုပဲ ခိုင်းတာတွေ လုပ်ခဲ့တာလေ။'

'လင်းကျန့်ဝမ်ကလည်း မအပါဘူး။ အကြိမ်အနည်းငယ်လောက် အလျှော့ပေးကြည့်လို့ မရမှန်း သိတော့မှ လီတာ့ရှန်းနဲ့က အပေါ်ယံ ဆက်ဆံရေးပဲ ထားပြီး အတော်လေး အေးစက်သွားတာ။'

ဒါပေမဲ့ နေဦး..

လီတာ့ရှန်း... ဟုတ်သားပဲ..

လီတာ့ရှန်းက လင်းကျန့်ဝမ်ရဲ့ ဆရာလေ..

သူ သရဲမြင်လိုက်တာတဲ့..

အားးး..

ဟုတ်တယ်..

ရှီကျန့်ရှန်း ချက်ချင်းပင် ထိတ်လန့်သွားသည်။

နေ့ခင်းကြောင်တောင် နေရောင်ခြည်သာ မလင်းနေလျှင် သူမ တစ်ကိုယ်လုံး တုန်နေလောက်ပြီ..

‘လီတာ့ရှန်းရဲ့ အိမ်ကတော့ တကယ်ပဲ သရဲခြောက်နေပြီ..’

ချန်ချင်းယွီ ရှီကျန့်ရှန်းကို ပုတ်လိုက်ပြီး

"ဒေါ်လေးရှီ၊ အဆင်ပြေရဲ့လား.."

ရှီကျန့်ရှန်း လန့်ဖျပ်ကာ ထခုန်လိုက်၏။

"အားးး.. ငါ့ကို မထိနဲ့.."

ချန်ချင်းယွီ “….”

အိမ်နီးချင်းများ “…..”

ဘာတွေ ဖြစ်ကုန်တာလဲ..

စိတ်မမှန်တော့တာလား..

All Chapters