အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
၅၁။ ကျွမ်းကျင်လှသော ငါးဖမ်းသူ
ဝမ်တာ့ချွေ၏ ကျရှုံးသွားသော ကြင်ဖက်တွေ့ပွဲသတင်းမှာ တစ်ရပ်ကွက်လုံး၏ ရေပန်းစားသော ပြောစမှတ်တွင်စရာ ထပ်မံဖြစ်လာခဲ့ပြန်သည်။
ဝမ်တာ့ချွေမှာ လူလွတ်ဘဝဖြင့်ပင် ဆက်ရှိနေသော်လည်း ယခုနောက်ပိုင်းတွင် အောင်သွယ်တော်များထံ အဝင်အထွက် ပိုစိပ်လာ၏။ သူသည် မိမိကိုယ်ကို သက်သေပြရန် အမှန်တကယ်ပင် ဆုံးဖြတ်ချက်ချထားပုံရပြီး နောက်ထပ်တစ်ကြိမ် အောင်သွယ်ပေးမှုကို အသည်းအသန် လိုလားနေကာ အရှုံးပေးခြင်းမရှိဘဲ ပို၍ပင် ဇွဲနဘဲကြီးလာခဲ့သည်။
သို့သော် သူ၏ အရည်အချင်းများမှာ မဆိုးလှသော်လည်း ရပ်ကွက်ထဲတွင် ရေပန်းစားလှသူ မဟုတ်ပေ။ အောင်သွယ်တော် အတော်များများထံ သူချဉ်းကပ်ခဲ့ရာတွင် လူတိုင်းမှာ ခေါင်းငြိမ့်သဘောတူကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အတွက် လက်တွေ့တွင် မိတ်ဆက်ပေးခြင်း မရှိကြသေးပေ။
တစ်ရပ်ကွက်လုံးသည်လည်း ဤအခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ချန်ချင်းယွီသည် နောက်ဆုံးရသတင်းများကို နေ့စဉ်ကြားသိနေရသော်လည်း ယခုနောက်ပိုင်းတွင် ရပ်ကွက်ထဲ၌ စကားပြောနည်းသွားကာ အပြင်သွားနေရပြီး အလုပ်များနေတတ်၏။ ငါးမျှားတံ ရရှိလာသည့်အချိန်မှစ၍ သူမသည် ငါးမျှားဝါသနာအိုးအသင်းဝင်တစ်ဦး ဖြစ်လာခဲ့ပြီး နေ့တိုင်း အပြင်ထွက်နေတော့သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း သူတို့မိခင်နှင့်အတူ နေ့တိုင်းလိုက်ပါသွားရာ ကလေးနှစ်ဦးမှာလည်း ယခုရက်ပိုင်းအတွင်း အတော်လေး အသားညိုသွားကြ၏။
ချန်ချင်းယွီသည် ငါးမျှားတံရသော်လည်း ငါးမှာမူ အများအပြား မရရှိခဲ့ပေ။ သူမကိုယ်တိုင် ငါးမျှားတတ်သော်လည်း ငါးမှာနည်းပြီး ငါးမျှားသူကား များနေသဖြင့် အဖတ်တင်သော အရေအတွက်မှာ မများလှပေ။ သို့သော်လည်း လုံးဝမရသည် မဟုတ်ဘဲ တစ်နေ့လျှင် နှစ်ကောင်၊ သုံးကောင်ခန့်သာ အမြဲရလေ့ရှိသည်။ အကယ်၍ သင့်တော်သော ငါးကိုတွေ့လျှင်လည်း
သူမ ဝယ်ယူလေ့ရှိ၏။
မည်သို့ပင်ဆိုစေကာမူ သူမ၏ ပုံးထဲရှိ ငါးများမှာ သူမ "မျှားရရှိသော" ငါးများသာတည်း။
ဘယ်ကဝယ်ဝယ် ငါ့ပုံးထဲရောက်ရင် ငါမျှားတဲ့ငါးပဲပေါ့..
ချန်ချင်းယွီသည် နေ့စဉ်ငါးရရှိခဲ့ပြီး အဒေါ်ကြီးမေ့ကို ပေးရန်ရှိသော လက်ဆောင်ကိုလည်း ပေးခဲ့ပြီးပြီဖြစ်သည်။ အဒေါ်ကြီးမေ့မှာ ငါးကြီးနှစ်ကောင်ကို ရလိုက်သဖြင့် အလွန်အမင်း ဝမ်းသာပီတိဖြစ်နေခဲ့၏။
မူလက ငါးကြီးတစ်ကောင်ပေးရန်သာ သဘောတူထားခဲ့သော်လည်း အဒေါ်ကြီးမေ့၏ ငါးမျှားတံမှာ အလွန်ကောင်းမွန်သည့်အပြင် သူမသည် ငါးမျှားကြိုးပါ ပိုပေးခဲ့၍ ချန်ချင်းယွီ ကျေးဇူးသိတတ်စွာဖြင့် ပိုပြီး ရက်ရက်ရောရော တုံ့ပြန်ခဲ့ခြင်းပင်။
ထိုငါးကြီးနှစ်ကောင်မှာ တစ်ကောင်လျှင် လေးကျင်းခန့်ရှိပြီး မည်သို့ပင်ကြည့်ကြည့် အရည်အသွေးပြည့်မီလှသော ငါးများဖြစ်၏။
အဒေါ်ကြီးမေ့မှာ ဤအလဲအလှယ်သည် အလွန်ပင် အမြတ်ထွက်လှသည်ဟု တွေး၍ ပြုံးပန်းဝေဆာနေသကဲ့သို့ ချန်ချင်းယွီသည်လည်း ထိုက်တန်သည့် အလဲအလှယ်ဟု ခံစားရလေသည်။
မေလသို့ရောက်ရှိလာပြီဖြစ်၍ ရာသီဥတုမှာ တဖြည်းဖြည်းနွေးလာပြီဖြစ်ကာ လူအများမှာ အနွေးအင်္ကျီများ ချွတ်ကြရပြီဖြစ်၏။ သို့သော် မြစ်ကမ်းဘေးတွင်မူ အေးစိမ့်စိမ့်ခံစားရသည့်အတွက် ချန်ချင်းယွီမှာ သိုးမွှေးအပေါ်ထပ်လေး ဝတ်ထားဆဲပင်။ ထိုအချင်းအရာအကြောင်း စဉ်းစားမိသောအခါ လင်းကျန့်ဝမ်သည် သူမအပေါ် အမှန်တကယ်ပင် ကောင်းမွန်သူဖြစ်ကြောင်း တွေးလိုက်မိသည်။
သူမ အိမ်ထောင်ပြုစဉ်၌ သူမ၏မိသားစုမှာ ပစ္စည်းများကို သိမ်းဆည်းထားပြီး တစ်ခုမျှ မပေးခဲ့ကာ၊ သူမသည်လည်း ငြင်းခုံရမည်ကို ရှက်ရွံ့၍ အိမ်မှထွက်လာစဉ် အဝတ်တစ်ထည် ကိုယ်တစ်ခုသာပါ၏။ သူမတွင်ရှိနေသော လက်ရှိ အဝတ်အစားအားလုံးမှာ လင်းကျန့်ဝမ်မှ တဖြည်းဖြည်းချင်း ဝယ်ပေးခဲ့ခြင်းသာ။ သူတို့နှစ်ဦး အိမ်ထောင်ကျသည့်နှစ်ကာလအတွင်း လင်းကျန့်ဝမ်မှာ သူကိုယ်တိုင်အတွက်မူ တစ်ထည်မှ မဝယ်ခဲ့ပေ။
ထိုအကြောင်း စဉ်းစားမိသောအခါ ချန်ချင်းယွီ ရင်ထဲနာကျင်သွားမိသည်။ အဘယ်ကြောင့် မသိသော်ငြား သူမရင်ထဲ အမှန်တကယ်ပင် နာကျင်မိ၏။
ချန်ချင်းယွီ မှန်ရှေ့တွင် အင်္ကျီကိုပြင်လိုက်ပြီး သိုးမွှေးမပေါ်ထပ်လေးကို ဆွဲဆန့်ပြီးနောက် ခေါင်းကိုခါယမ်းလိုက်သည်။ ထို့နောက် လင်းကျန့်ဝမ်၏ ဓာတ်ပုံကိုကြည့်ကာ
"ရှင် စိတ်မပူပါနဲ့၊ ကျွန်မ ရှောင်ကျားနဲ့ ရှောင်ယွမ်ကို သေချာ ဂရုစိုက်စောင့်ရှောက်ပါ့မယ်။"
သူမသည် ယခုလက်တလော မနက်တိုင်း ငါးမျှားထွက်လေ့ရှိပြီး ယနေ့လည်း ပုံမှန်အတိုင်းပင်။
မနက်တိုင်း သူမ ပထမဆုံးလုပ်သည့်အလုပ်မှာ မနက်စာနှင့် နေ့လယ်စာ ချက်ပြုတ်ခြင်းဖြစ်ပြီး၊ မနက်စာ စားပြီးသည်နှင့် နေ့လယ်စာ ထမင်းဘူးကို ထုပ်ပြီး ကလေးနှစ်ယောက်ကို ခေါ်ကာ မြို့ရိုးကျုံးဘေး၌ ငါးသွားမျှားလေသည်။ ထိုနေရာတွင် ငါးမျှားလာသူများ အများကြီးရှိပြီး ချန်ချင်းယွီနှင့် အတွေ့ရဆုံးသူမှာ သူမ ပထမဆုံးအကြိမ် ငါးဝယ်ခဲ့သည့် ဆရာယွီပင်ဖြစ်၏။
ခေတ်ကာလအရ ကျောင်းသားများ ကျောင်းတက်မမှန်ကြကာ၊ ဆရာများသည်လည်း စာသိပ်မသင်ရ၍ အလုပ်ချိန်မှ ခိုးထွက်ကာ ငါးလာမျှားလေ့ရှိ၏။ ဆရာယွီမှာ ကလေးများစွာရှိပြီး ကျွေးစရာပါးစပ်ပေါက်များ များလွန်း၍ ရသမျှငါးများကို အကုန်ရောင်းချလေ့ရှိသည်။ ချန်ချင်းယွီမှာ သူ့ထံမှ အကြိမ်ပေါင်းမနည်း ဝယ်ယူဖူး၏။
အဒေါ်ကြီးမေ့အား ပေးလိုက်သည့် လေးကျင်းရှိသော ငါးများမှာလည်း ဆရာယွီထံမှ ဝယ်ယူခဲ့ခြင်းသာ။
ဆရာယွီမှာ ဝါရင့်ငါးမျှားဆရာကြီးဖြစ်ပြီး ပညာမှာလည်း တခြားသူများထက် သာလေသည်။ ချန်ချင်းယွီသည်ကား သူ၏ ပင်တိုင်ဖောက်သည်ကြီးပင်။ ပုံမှန်အားဖြင့် သူရသမျှ ငါးအားလုံး ကြီးကြီးသေးသေး အကုန် သူမ ဝယ်လေ့ရှိ၏။
ဆရာယွီ : ‘ဘယ်လောက်တောင် တုံးအတဲ့သူလဲ..’
ချန်ချင်းယွီ : ‘ဘယ်လောက်တောင် အသုံးဝင်လိုက်တဲ့ အသုံးချခံလေးပါလိမ့်’
နှစ်ဦးနှစ်ဖက်မှာ ဤအလဲအလှယ်အပေါ် ကျေနပ်အားရမှုရှိကြပြီး၊ ချန်ချင်းယွီ ကိုယ်တိုင်သည်လည်း ငါးတချို့ ဖမ်းမိတတ်သည်။ အစောပိုင်းတွင် လက်ဝေးနေ၍ ငါးသေးသေးလေး တစ်ကောင်စ၊ နှစ်ကောင်စသာ ဖမ်းမိတတ်သော်လည်း လက်ယဉ်လာသောအခါ များစွာ ဖမ်းမိလာ၏။ သို့တိုင် အိမ်ပြန်သည့်အခါတိုင်း သူမ ငါးပုံးမှာပြည့်လျှံနေတတ်သည်။
"ဟဲဟဲ"
ဒီငါးတွေကို ဝယ်လာတာလို့ ဘယ်သူက ထင်မှာလဲ…
ဤရက်ပိုင်း ငါးမျှားထွက်ချိန်မှစ၍ သူတို့မိသားစု၏ ရိက္ခာမှာ သိသျသာသာပင် ကောင်းမွန်ဖူလုံလာခဲ့၏။
ချန်ချင်းယွီတို့ မိသားစုတွင် ထမင်းဘူးမှာတစ်ဘူးသာရှိ၍ အဘွားကြီးကျောက်မှာ ထိုထမင်းဘူးအား သုံးနေရပြီး သူတို့သားအမိများမှာ နေ့လယ်စာအတွက် ပေါက်စီများကိုသာ ယူသွားရသည်။ ပေါက်စီများဖြစ်၍ ထမင်းဘူးနှင့်ထည့်ရန်မလိုအပ်ပေ။ သို့သော် နေ့စဉ်ရက်ဆက် ဤသို့စားနေရသည်မှာ အဆင်မပြေလှသည့်အတွက် ဤလ စက်မှုသုံးလက်မှတ်များရပါက ထမင်းဘူးဝယ်ရန် ချန်ချင်းယွီ တွေးထားလေ၏။
အကောင်းဆုံးကတော့ နှစ်စောင်လောက်ရဖို့ပဲ….
ဒါမှ လူတိုင်းစေ့ ထမင်းဘူးကိုင်နိုင်မှာ…
ဘာပဲဖြစ်ဖြစ်ပါလေ…နောင်အခါနောင်စျေးပေါ့ …
ယနေ့နံနက်တွင် ချန်ချင်းယွီမှာ ပေါက်စီများကို သတင်းစာဖြင့်ထုတ်ပိုးပြီး အိတ်ထဲထည့်၍ နို့မှုန့်ကိုဖျော်လိုက်ကာ အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့နောက် ထိုင်ခုံပုလေးကို ဆွဲယူပြီး ကလေးနှစ်ယောက်ကို လက်ဆွဲ၍ စတင်ထွက်ခွါတော့၏။
ရှောင်ကျားနှင့်ရှောင်ယွမ်တို့မှာ မိခင်နှင့် နေစဉ်အပြင်သွားရခြင်းကို အလွန် သဘောကျနေကြသည်။
ကလေးဆိုသည်မှာ မည်သည့်နေရာတွင်ဖြစ်စေ ကစားနေရလျှင် ပျော်နေသည်သာ။ သို့သော် မြစ်ကမ်းဘေးဖြစ်၍ ရေထဲကျမည်စိုးသည့်အတွက် ချန်ချင်းယွီမှာ မကြာခဏ အထူးသတိထား မျက်ခြေမပြတ် ကြည့်နေရ၏။ ထို့ကြောင့် ငါးဖမ်းရာတွင် အာရုံမရကာ ငါးများများ မရခြင်းပင်။ ယင်းမှာ ဆင်ခြေမဟုတ်ပေ၊ ကလေးလေးနှစ်ယောက်မှာ တကယ်ပင် သူမအား အာရုံနှောက်စေသည်။
ချန်ချင်းယွီ ကလေးနှစ်ယောက်အား ဦးဆောင်၍ ထွက်လာစဉ် စောင့်နေသောအဒေါ်ကြီးမေ့ကို တွေ့လိုက်ရ၏။
"ဒေါ်လေးမေ့၊ တစ်ခုခုဖြစ်လို့လားဟင်"
"ရှောင်ချန် ဒီနေ့လည်း ငါးမျှားသွားဦးမှာမလား၊ ငါလည်း လိုက်ခဲ့မယ်လေ။ ငါ့သားက ငါးမျှားတံ တစ်ချောင်း လုပ်ပေးထားလို့ အဲဒါလေး စမ်းကြည့်ချင်လို့ပါ။ ငါးများများရရင် ငါတို့အိမ်ရဲ့ စားသောက်ရေးလည်း နည်းနည်း ဟန်ကျသွားတာပေါ့"
ချန်ချင်းယွီ အမေးကြောင့် အဒေါ်ကြီးမေ့မှာ အားတက်သရော ပြောလိုက်၏။
လတ်တလောကာလအတွင်း ချန်ချင်းယွီအိမ်တွင် နေ့စဉ်ငါးဟင်းစားနေရသည်ကို လူတိုင်းမနာလိုအားကျနေကြသည်။
ဘယ်သူက မလိုချင်ဘဲ နေမလဲ…
ငါးက အသားလောက် မကောင်းပေမဲ့လည်း ဟင်းသီးဟင်းရွက်ထက်တော့ အများကြီး သာတာပေါ့..
ဘယ်သူကများ စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ..
ဒုတိယဝင်းအတွင်း ချန်ချင်းယွီတို့နှင့် အတူနေရသည့် အိမ်နီးချင်းများဆိုလျှင် ဟင်းရနံ့ကို အနီးကပ်နေ့စဉ်ရနေသည့်အတွက် ပို၍ပင် အားကျမနာလိုဖြစ်နေကြ၏။ အဒေါ်ကြီးမေ့သည် သူမသားကို ငါးမျှားတံလုပ်ခိုင်းပြီး၊ ရှီကျန့်ရှန်းသည် သူမ ဒုတိယသားထံမှ ငါးမျှားတံငှါးလာခဲ့သည်။
ရှီကျန့်ရှန်းမှာ ကပျာကယာ ထွက်လာပြီး
"ငါလည်း လိုက်မယ်ဟေ့၊ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့"
“ရပါတယ်”
ချန်ချင်းယွီ ဂရုမစိုက်ပေ၊ အလွန်ဆုံး ယနေ့အတွက် ငါးမဝယ်ရုံသာရှိမည်။ တစ်ခါတစ်ရံ၌ ကံဆိုးသည်လည်း ရှိသည်မှာ သဘာဝဖြစ်၍ မည်သူမှ သံသယဝင်မည်မဟုတ်ပေ။ ချန်ချင်းယွီမှာ ကိုယ်တိုင်မျှား၍ ရနေသကဲ့သို့ ဟန်ဆောင်ရန် ငါးများဝယ်တတ်သော်လည်း နေ့စဉ်မဟုတ်ရာ စိတ်ပူရန်မလိုအပ်ချေ။
ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့ လင်မယားသည် အလိုက်သင့် အလျားသင့် နေရာတွင် ကျွမ်းကျင်ကြ၏။ မိသားစုမှာ ရန်ဖြစ်ကြသော်လည်း သူမသည် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ခေါ်ပြောနိုင်စွမ်းရှိသည်။
ဘာပဲဖြစ်ဖြစ်..
သူတောင် ခေါ်ပြောနေသေးတာပဲ..ငါဘာလို့ မရရမှာလဲ…
အားလုံး အပေါ်ယံဟန်ဆောင်နေကြတာပဲကို..
ချန်ချင်းယွီ ပခုံးတွန့်လိုက်မိ၏။
"ငါ့ကို စောင့်ဦး၊ ငါလည်း လိုက်မယ်"
ပိုင်ဖုန်းရှန်းသည်လည်း လာရောက်ပူးပေါင်းလေသည်။
သူတို့ လေးယောက်သား အတူတူ ထွက်လာကြ၏။ အဘွားကြီးဟွမ်မှာမူ ယခုတလော အပြင်သိပ်မထွက်ပေ။ လွန်ခဲ့သည့် တစ်ပတ်ကျော်မှ အဘိုးကြီးကျန်း၏ ရိုက်နှက်ခံထားရသောကြောင့် ဒဏ်ရာများမှာ သိသာနေဆဲပင်။ ရှက်နေ၍လား သို့မဟုတ် အဘိုးကြီးကျန်း သတိပေးထား၍လား မသိသော်လည်း သူမ အပြင်ထွက်သည်မှာ အလွန်နည်းသွားပြီး ယခုလှုပ်ရှားမှုမှာလည်း မပါဝင်ခဲ့ချေ။
မူလ၌ ဝမ်တာ့ချွေ၏ ကြင်ဖက်
တွေ့ဆုံခြင်း လုပ်ပြီး နောက်အပတ်တွင် ရွှီကောင်းမင်မှ ထမင်းကျွေး ဧည့်ခံမည်ဟု စီစဉ်ထားသည်။ သို့သော် သူကိုယ်တိုင်လည်း အရိုက်ခံထားရပြီး ဒဏ်ရာများ မပျောက်သေးသောကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းနေရ၏။ ဝင်းထဲရှိ လူများမှာ ဘယ်တော့များမှ စားရမလဲဆိုပြီး စိတ်မရှည် ဖြစ်နေကြလေပြီ..
မည်သို့ပင်ဖြစ်စေ သူတို့အဖွဲ့ကြီး အတူတူ ထွက်လာကြရင်း အဒေါ်ကြီးမေ့မှာ မေးမြန်းလိုက်သည်။
"ရှောင်ချန် ပုံမှန်ဆို ဘယ်နားမှာ ငါးမျှားတာလဲ"
“မြို့ရိုးကျုံးနားမှာပါ။ အဲဒီမှာ တခြားနေရာတွေထက် ငါးပိုရတယ်လို့ လူတွေ ပြောကြတာကြောင့် အဲဒီကိုပဲ အမြဲသွားဖြစ်တယ်"
မနီးလှသည့် ခရီးဖြစ်သည့်အပြင် စက်ဘီးမရှိသော ချန်ချင်းယွီတစ်ယောက် ဘတ်စ်ကားစီးရန်သာ တတ်နိုင်၏။ အဒေါ်ကြီးမေ့မှာ "ပိုက်ဆံချွေတာတဲ့အနေနဲ့ လမ်းပဲလျှောက်သွားပါလား" ဟု ဝေခွဲမရစွာဖြင့် ဆိုလာလေသည်။
ချန်ချင်းယွီ ခေါင်းခါယမ်းကာ
"မဖြစ်ဘူး ဒေါ်လေးရဲ့၊ ကလေးတွေက ငယ်သေးတယ်... ကျွန်မတို့ လမ်းခွဲသွားကြတာပေါ့"
အားလုံးလည်း ချက်ချင်းပင် သဘောတူလိုက်ကြ၏။ ပိုင်ဖုန်းရှန်းနှင့် ရှီကျန့်ရှန်းတို့မှာ လက်ထဲတွင် ငွေကြေးပြည့်စုံကြသော်လည်း ကားခအကုန်အကျမခံလိုကြပေ။ ထို့ကြောင့် ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကိုခေါ်ကာ သီးသန့်သွားပြီး ကျန်သူများမှာ အတူတကွ လမ်းလျှောက်လာခဲ့ကြသည်။
သူတို့သည် ဆုံရပ်တစ်ခုကိုလည်း သတ်မှတ်ခဲ့ကြ၏။
ကျုံးမြောင်းထဲတွင် နေ့စဉ်နှင့်အမျှ ငါးဖမ်းသူများဖြင့် စည်ကားလှပြီး၊ ချန်ချင်းယွီမှာ အမျိုးသမီးဖြစ်သည့်အတွက် လူအများကြားတွင် ထင်ရှားနေပေမည်။ ထို့ကြောင့် သူမသည် လူစည်ကားရာနေရာများကို ရှောင်ရှားကာ အမြဲတစေ လူသူကင်းဝေးသည့် နေရာတစ်ခုကိုသာ ရွေးချယ်တတ်၏။ အဓိကမှာ သူမ၏ ငါးဖမ်းအတတ်ပညာကို သူတစ်ပါးအား မသိစေလိုခြင်းပင်။
သူမ၏ ငါးဖမ်းစွမ်းရည်မှာ အသင့်အတင့်သာရှိသည်ဟု လူတိုင်းထင်မှတ်ထားစေလို၏။ အကယ်၍ တစ်စုံတစ်ယောက်သည် သူမ၏ စွမ်းဆောင်ရည်အမှန်ကို သိရှိသွားပြီး ဝင်းထဲတွင် ပြန်လည်သတင်းဖြန့်လိုက်ပါက၊ သူမ နေ့စဉ်ငါးများ ရယူနိုင်ခြင်းမှာ ထူးဆန်းသလို ဖြစ်သွားပေလိမ့်မည်။
မူလ၌ပင် သူတစ်ပါးနှင့် အတူမသွားလိုသော ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို ဦးဆောင်ကာ လူသူဆိတ်ငြိမ်ရာ အရပ်သို့ ဖြတ်လတ်
ကျွမ်းကျင်စွာ လျှောက်လာခဲ့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း "ရေထဲမဆင်းရ၊ အမေ့အနားက မခွာရ" ဟူသော စကားကို အထပ်ထပ်အခါခါ ကြားနေရပြီး နားရည်ဝနေသည့်အတွက် ချက်ချင်းပင် ကစားစရာနေရာတစ်ခုရှာ၍ ငြိမ်ငြိမ်သက်သက် ကစားနေကြ၏။
ချန်ချင်းယွီသည် အခြားသူများထက် အနည်းငယ်သာလွန်သော ငါးစာကို အသုံးပြုထား၏။ ထိုငါးစာမှာ သူမကိုယ်တိုင် ဝယ်ယူထားခြင်း ဖြစ်သည်။
ဆရာယွီဆိုသူမှာ ငါးဖမ်းရာတွင် အလွန်ထူးချွန်သူဖြစ်ပြီး သူ၏ နည်းစနစ်ကြောင့်သာမက သူဖော်စပ်ထားသော ငါးစာကြောင့်လည်း ပါဝင်၏။ သူ၏လျှို့ဝှက်နည်းလမ်းကို မည်သူ့ကိုမျှ မမျှဝေခဲ့သော်လည်း ချန်ချင်းယွီမှာ သူဖော်စပ်ထားသော ငါးစာအချို့ကို ဝယ်ယူခဲ့သည်။
ထိုငါးစာမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။ သာမန်ငါးစာများထက် အဆပေါင်းများစွာ သာလွန်၏။ အမှန်စင်စစ် တီကောင်ရရှိပါလျှင် ပိုကောင်းမွန်နိုင်သော်လည်း မိုးမရွာသည့်အချိန်တွင် တီကောင်ရှာရသည်မှာ မလွယ်ကူလှပေ။ ထို့ကြောင့် ချန်ချင်းယွီအနေဖြင့် ငါးစာအတွက် ငွေကုန်ရကျိုးနပ်သည်ဟု ခံစားရသည်။
ချန်ချင်းယွီသည် နေရာယူကာ အေးအေးလူလူ ထိုင်လိုက်သည်။ ငါးဖမ်းခြင်းသည် စိတ်ရှည်သည်းခံမှုကို များစွာလိုအပ်၏။ ကမ္ဘာကူးမပြောင်းမီ အချိန်ကဆိုလျှင် သူမသည် ဤမျှငြိမ်သက်စွာ ထိုင်နိုင်လိမ့်မည် မဟုတ်သော်လည်း ယခုအခါတွင်မူ အခြေအနေများမှာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အရင်းအမြစ်များ ရှားပါးလှသည့် ဤခေတ်ကြီးထဲမှာ သူမငယ်စဉ်ကလေးဘဝကဲ့သို့ပင် စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် ဘဝမျိုးဖြစ်ကြောင်း သူမ နားလည် သဘောပေါက်နေ၏။
ထိုစဉ် ငါးမျှားတံမှာ အနည်းငယ် လှုပ်ယမ်းသွားသည်။ ချန်ချင်းယွီက ချက်ချင်းပင် ဆွဲတင်လိုက်ရာ
ဝိုး…
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း "ငါးမိပြီ.. ငါးမိပြီ.." ဟု အော်ဟစ်ကာ ပြေးလွှာရောက်ရှိလာကြ၏။
ချန်ချင်းယွီ အားစိုက်၍ ဆွဲလိုက်ရာ လက်ဖဝါးထက် ပိုကြီးမည့် ငါးတစ်ကောင်သည် မျှားကြိုးတွင် တွဲလောင်းပါလာကာ မြူးတူးစွာ ခုန်ပေါက်နေတော့သည်။ ၂၀ စင်တီမီတာခန့်ပင် ရှည်လျားမည့် ထိုငါးကိုကြည့်ကာ ချန်ချင်းယွီ ဝမ်းသာအားရဖြင့် ပုံးထဲသို့ ထည့်လိုက်ရင်း ကြည်နူးစွာ ဆိုလိုက်မိ၏။
"ဒီနေ့တော့ ကံကောင်းမယ့်ပုံပဲ၊ အစပျိုးတာ တကယ့်ကို လှတယ်"
ကလေးနှစ်ယောက်မှာလည်း တညီတညွတ်တည်း ခေါင်းညိတ်ထောက်ခံကြသည်။
သားအမိသုံးဦးသား၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေ၏။ ချန်ချင်းယွီသည် ငါးစာအသစ်တပ်ကာ မြစ်ထဲသို့ ထပ်မံ၍ လွှဲပစ်လိုက်ပြန်သည်။
ပိုင်ဖုန်းရှန်းတို့ လူစု ရောက်ရှိလာချိန်တွင် ချန်ချင်းယွီ၏ ပုံးထဲ၌ ငါးနှစ်ကောင် ရှိနေပြီဖြစ်ပြီး၊ တစ်ကောင်မှာ သူမကိုယ်တိုင် ဖမ်းမိခြင်းဖြစ်ပြီး ကျန်တစ်ကောင်မှာမူ သူမ ဝယ်ယူထားခြင်း ဖြစ်၏။ ဤနေရာ၌ ငါးဝယ်ရသည်မှာ အလွန်လွယ်ကူသည်။ အချို့မှာ စားဝတ်နေရေးအတွက် ငါးဖမ်းရောင်းကြသော်လည်း၊ အချို့မှာမူ လက်ဗလာဖြင့် အိမ်မပြန်လိုသောကြောင့် ဝယ်ယူကြခြင်းဖြစ်၏။
ငါးမျှားသမားတစ်ယောက်အတွက် ငါးတစ်ကောင်မျှ မရဘဲ အိမ်ပြန်ရသည်မှာ သိက္ခာကျစရာကြီးဖြစ်၍ မိမိကိုယ်မိမိ အထင်ကြီးခံချင်သော အမျိုးသားအချို့သည်လည်း မိမိဖမ်းမိသယောင် ဟန်ဆောင်နိုင်ရန် တိတ်တဆိတ် ဝယ်ယူတတ်ကြရာ၊ ချန်ချင်းယွီကဲ့သို့ အမျိုးသမီးတစ်ဦး ငါးဝယ်ခြင်းမှာလည်း ထူးဆန်းသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။
မြစ်ကမ်းနံဘေးရှိ လူတိုင်းမှာ ဤကိစ္စမျိုးကို အကျွမ်းဝင်ပြီးသားပင်..
ငါးကို တိတ်တဆိတ် ဝယ်ယူခဲ့သော်လည်း ချန်ချင်းယွီသည် ကလေးများကို လုံးဝအရိပ်အယောင်မပြပေ။ ကလေးများမှာ ငယ်ရွယ်လွန်းသေး၍ အမှတ်မထင် နှုတ်ကျွံမိပါက ပြဿနာတက်နိုင်သောကြောင့် မိမိဘာသာ လျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းထားလိုက်သည်။ ဘာမှမသိရှာသော ကလေးငယ်နှစ်ဦးမှာမူ မိခင်ဖြစ်သူကို ငါးဖမ်းရာတွင် အလွန်တော်သည့် ပါရမီရှင်တစ်ဦးဟုသာ ထင်မှတ်နေကြရှာ၏။
ပိုင်ဖုန်းရှန်းတို့ လူစု ရောက်ရှိလာသည်နှင့် ချန်ချင်းယွီ၏ ငါးပုံးကို လှမ်းကြည့်ကာ ရှီကျန့်ရှန်းအံ့အားသင့်တကြီး ရေရွတ်လိုက်သည်။
"ဟယ်... ညည်းက တော်လှချည်လား.."
မကြာသေးခင်ကမှ ရောက်တာကို ငါးနှစ်ကောင်တောင် ရနေပြီလား..
ထိုအထဲမှ ငါးတစ်ကောင်မှာမူ ထူးထူးခြားခြားပင် ကြီးမားလှ၏။
"ဒီငါးက အတော်ကြီးတာပဲနော်.."
ချန်ချင်းယွီ ရှက်ပြုံးလေး ပြုံးလိုက်မိသည်။ ငါးကြီးမှာ အတော်လေး ထွားကြိုင်းလှသဖြင့် သူမ တစ်ချက်ပင် စျေးမဆစ်ဘဲ ဝယ်ယူခဲ့ခြင်း ဖြစ်၏။ ကလေးများမှာ ငယ်သေးသည့်အတွက် ငါးအရိုးသေးများ စူးမည်ကို စိုးရိမ်ရသဖြင့် အရိုးခွဲရလွယ်ကူသည့် ငါးကြီးကြီးကိုသာ သူမ ပို၍ နှစ်သက်လေသည်။
ချန်ချင်းယွီ : "အားလုံးပဲ အမြန်နေရာယူကြပါဦး၊ ငါးဖမ်းတယ်ဆိုတာ စိတ်ရှည်ဖို့ လိုတယ်လေ"
ထိုလူစုသည်လည်း ချက်ချင်းပင် နေရာရှာလိုက်ကြ၏။ ချန်ချင်းယွီ၏ ငါးပုံးထဲတွင် ငါးများနေသည်ကို မြင်ရသဖြင့် သူတို့သည် အဝေးကြီးသို့ မသွားတော့ဘဲ သူမအနီးအနားတွင်ပင် နေရာယူလိုက်ကြသည်။ သို့သော် သူတို့၏ ပြင်ဆင်မှုမှာမူ ချန်ချင်းယွီလောက် စေ့စပ်သေချာမှု မရှိကြပေ။
သို့သော်လည်း ထိုင်ခုံပုလေးများ၊ ငါးမျှားတံနှင့် ငါးစာများမှာမူ အသင့်ရှိနေကြဆဲပင်။
ဤသို့သော အလတ်တန်းစား အမျိုးသမီးများ ငါးဖမ်းထွက်သည်ဆိုသည်မှာ ငါးဖမ်းခြင်းသက်သက် မဟုတ်ဘဲ အတင်းအဖျင်းပြောဆိုရန်နှင့် စကားစမြည်ပြောရန်လည်း ပါဝင်ပေသည်။
"ချင်းယွီ... ဒီရက်ပိုင်း ညည်းယောက္ခမ ညည်းကို ဆူတာမကြားမိပါလား၊ အိမ်မှာများ တိတ်တဆိတ် နှိပ်စက်နေတာလား"
ရှီကျန့်ရှန်းသည် သူတစ်ပါးအိမ်တွင် ပြဿနာတက်သည်ကို မြင်လိုသည့် လေသံဖြင့် မေးလိုက်၏။
ချန်ချင်းယွီမှာ မျက်တောင်ပင် မခတ်ဘဲ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"ကျွန်မယောက္ခမက ကျွန်မကို နှိပ်စက်မှာ မဟုတ်ပါဘူး"
ထိုအခါ အဒေါ်ကြီးမေ့မှာ ကြားဖြတ်၍
"ဟဲ့... ရှီကျန့်ရှန်း၊ နင်ကလည်း မဟုတ်တာတွေ။ ဘာသံမှ မကြားရဘူးဆိုကတည်းက နှိပ်စက်တာ မရှိလို့ပေါ့။ ငါသာ အဒေါ်ကျောက် နေရာမှာဆိုရင်လည်း စိတ်ဆိုးမှာ မဟုတ်ဘူး။ ချင်းယွီလေးက ဒီရက်ပိုင်း ဘယ်လောက်တောင် အလုပ်လုပ်နိုင်လဲ ကြည့်ဦးလေ။ နေ့တိုင်း ငါးဖမ်းလာတော့ အသားဟင်းစားနေရတာပဲ၊ ဘယ်သူက မပျော်ဘဲ နေမလဲ"
"ဒါလည်း ဟုတ်တာပဲ၊ ချင်းယွီက ငါးဖမ်းတာ တကယ့်ကို တော်တာပဲနော်"
ချန်ချင်းယွီ အလိုက်သင့်လေး ပြုံးလိုက်ကာ လေသံပျော့ပျော့ဖြင့်
"ကျွန်မကိုယ်ကျွန်မလည်း ဒီလောက် ငါးဖမ်းတော်မယ်လို့ မထင်ထားမိဘူး"
သူမ၏ ယုံကြည်မှုရှိလှသော စကားကြောင့် အဒေါ်ကြီးမေ့တို့မှာ ခေတ္တမျှ ကြောင်အသွားကြသည်။ ချန်ချင်းယွီ ဤမျှ ယုံကြည်မှုရှိရှိ ပြောသည်ကို တွေ့ရခဲလှသည် မဟုတ်လော့။ သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း သူမသည် ဤရက်ပိုင်းအတွင်း ငါးအတော်များများ ရနေသည်မှာ အမှန်ပင်တည်း။
အဒေါ်ကြီးမေ့ ; "နေ့တိုင်း ငါးတွေ အများကြီးရနေတော့ စားရတာလည်း ငြီးငွေ့နေပြီ မဟုတ်လား"
ချန်ချင်းယွီ မျက်လုံးလေးများ ဝိုင်းသွားကာ ပြုံးလျက်
"ဘယ်လိုလုပ် ငြီးငွေ့မှာလဲ ဒေါ်လေးရဲ့.. အသားဟင်းဆိုတာ ဘယ်လောက်စားစား မငြီးငွေ့နိုင်ပါဘူး။ ကျွန်မ စားနေရတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ နေ့တိုင်း ငါးရနေတယ်လို့ မြင်ရပေမဲ့ ကျွန်မတို့ မိသားစုက လေးယောက်ရှိတာလေ၊ အားလုံးကို ခွဲဝေလိုက်ရင် ခဏလေးနဲ့ ကုန်သွားတာပဲ"
"ညည်းယောက္ခမကလည်း စိတ်ထားက သိပ်မကောင်းတော့ ညည်းအတွက် တကယ့်ကို မတရားတာပဲ"
ပိုင်ဖုန်းရှန်း သက်ပြင်းချရင်း ဆိုလိုက်သည်။
ထိုစကားကြောင့် ချန်ချင်းယွီ တစ်ယောက် ဆွံ့အသွားရကာ
ကျွန်မ အမှန်အတိုင်းပြောနေတာလေ … ရှင်တို့ဘာတွေ အတွေးချော်နေပြန်ပြီလဲ…
ဘာပဲဖြစ်ဖြစ်ပါလေ… ထားပါတော့..
ချန်ချင်းယွီ စကားစလိုက်ပြန်ကာ
"ဒါနဲ့ ဒေါ်လေးမေ့... ဒီနားတစ်ဝိုက်မှာ ကောက်ရိုးဦးထုပ် ကောင်းကောင်းရက်တတ်တဲ့သူ သိလားဟင်။ ရာသီဥတုကလည်း တစ်နေ့ထက်တစ်နေ့ ပိုပူလာပြီ၊ နေကလည်း သိပ်ပြင်းတာ။ ကောက်ရိုးဦးထုပ်လေး ဆောင်းထားမှ နေလောင်ဒဏ် ခံနိုင်မှာ။ ကျွန်မနောက် တကောက်ကောက် လိုက်နေတဲ့ ကလေးနှစ်ယောက်ဆိုရင်လည်း မည်းတူးနေပြီ၊ သူတို့အတွက်လည်း ဦးထုပ်လေးတွေ လိုချင်လို့ပါ"
အဒေါ်ကြီးမေ့ဆိုသည်မှာလည်း သတင်းအချက်အလက်ဆိုလျှင် အမြဲစုံလင်သူဖြစ်ရာ
"ဟယ်... သူစိမ်းတွေဆီ ဘာလို့ သွားရှာနေမှာလဲ။ ငါ့အမျိုးတွေထဲမှာတင် ရှိတာပဲ။ ငါ့ယောက္ခမက အဲဒီလို ရက်လုပ်တဲ့နေရာမှာ ဆရာကြီးပဲလေ။ သိပ်မလောဘူးဆိုရင် တစ်ရက်လောက်တော့ စောင့်ပေါ့။ သဘက်ခါ ငါ့ယောက်ျား အလုပ်အားတယ်၊ သူ ရွာဘက်ဆင်းရင်းနဲ့စီစဉ်ပေးခဲ့လိမ့်မယ်။ စိတ်မပူနဲ့... လက်ရာမကောင်းရင် အဲဒီဦးထုပ်ကို ငါပဲ ဝါးစားပစ်လိုက်မယ်၊ လက်ရာကတော့ တကယ့်ကို အာမခံပဲ"
ချန်ချင်းယွီ: "..."
ကြည့်စမ်း... အဒေါ်ကြီးမေ့ မိသားစုတစ်စုလုံးက လက်မှုပညာသည်တွေလား…
သူမ ဝမ်းသာအားရ သဘောတူလိုက်၏။
"ဟုတ်ပြီ... ဒါဆို ဒေါ်လေးကိုပဲ အပ်လိုက်မယ်နော်။ ကျွန်မအတွက်ကတော့ ငါးဖမ်းထွက်ရင် ဆောင်းဖို့ဆိုတော့ ဦးထုပ်အဝိုင်းကြီးကြီးပဲ လိုချင်တယ်။ ရှောင်ကျားနဲ့ ရှောင်ယွမ်အတွက်လည်း တစ်လုံးစီပေါ့။ ကလေးတွေက ငယ်သေးတော့ အရမ်းမာတာမျိုး မဖြစ်စေနဲ့ဦးနော်၊ သူတို့ကို ထိုးမိမှာစိုးလို့ နူးနူးညံ့ညံ့လေးပဲ ရက်ပေးပါ။ အရောင်ကတော့ အဝါဘက်သန်းတာလေး ပိုကောင်းမယ်၊ လင်းလင်းချင်းချင်းရှိတော့ သူတို့ ဘယ်နားရောက်နေလဲဆိုတာ ကျွန်မ လှမ်းကြည့်ရ လွယ်တာပေါ့"
ထိုစဉ် ရှီကျန့်ရှန်းက ကြားဖြတ်၍
"အနီရောင်က ပိုပြီး အမြင်သာဆုံးပဲ"
ဒီမိန်းမကြီးကတော့ တမင် သက်သက် ကန့်လန့်တိုက်နေတာလား မသိဘူး…
"ဒါပေမဲ့ အနီရောင် ကောက်ရိုးဦးထုပ်မှ မရှိတာ..ကောက်ရိုးဦးထုပ်ဆိုတာ ကောက်ရိုးနဲ့ပဲ လုပ်တာလေ၊ အဝါဘက် သန်းချင်သန်းမယ်၊ အနီရောင်တော့ ဘယ်ရှိပါ့မလဲ"
ချန်ချင်းယွီ ပြန်ပြောလိုက်ရာ ရှီကျန့်ရှန်းတစ်ယောက် ဆွံ့အသွားမိ၏။
သူမ မကျေမနပ် နှုတ်ခမ်းစူကာ မကျေမနပ်ဖြင့်
"သူများဆီ အကူအညီတောင်းနေပြီး ဂျီကလည်း များလိုက်တာ"
ချန်ချင်းယွီ လေသံပျော့ပျော့ဖြင့်ပင်
"အကူအညီတောင်းတယ်ဆိုပေမဲ့ ကျွန်မက အလကား ခိုင်းတာမှ မဟုတ်တာ။ ဘယ်သူမှ အလကား အလုပ်မလုပ်ပေးဘူးလေ။ အခုက ရွာတွေမှာ နွေဦးစိုက်ပျိုးရေး လုပ်နေကြတဲ့ အချိန်ဆိုတော့ အားလုံး အလုပ်ရှုပ်နေကြတာ။ ဒေါ်လေးတို့က ကျွန်မအတွက် ဦးထုပ်ရက်ပေးမယ်ဆိုတော့ ကျွန်မဘက်ကလည်း တစ်ခုခု ပြန်ပေးရမှာပေါ့။ ဒီငါးလေးကိုပဲ ယူထားလိုက်ပါ..."
ပြောပြောဆိုဆိုဖြင့် ချန်ချင်းယွီသည် သူမဖမ်းမိထားသော ငါးကို အဒေါ်ကြီးမေ့၏ ပုံးထဲသို့ ထည့်ပေးလိုက်သည်။ အဒေါ်ကြီးမေ့မှာ "အို... ဒါကြီးကို ဘယ်လိုလုပ် ယူလို့ဖြစ်မလဲ။ မယူပါရစေနဲ့" ဟု ငြင်းဆန်ရှာ၏။
ငြင်းတော့ငြင်းနေသော်လည်း စိတ်ရင်းဖြင့် ငြင်းနေခြင်းမျိုးတော့ မဟုတ်ပေ…
ဟင်း... တကယ်ပဲ မလိုချင်လို့ မဟုတ်ဘဲ အားနာတဲ့ဟန်နဲ့ ထုံးစံအတိုင်း ငြင်းနေတာပါလေ..
ချန်ချင်းယွီ : "ယူထားလိုက်ပါ ဒေါ်လေးရယ်.. တစ်ခုချင်းစီ ရှင်းတာပေါ့။ ဒါက အလဲအလှယ် အပေးအယူ လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ"
ထိုအခါမှ အဒေါ်ကြီးမေ့ မျက်နှာကြီး ဝင်းပသွားကာ
"အေးအေး..ဒါဆိုလည်း ငါယူထားလိုက်မယ်။ စိတ်ချနော်... ကိစ္စကို အကောင်းဆုံးဖြစ်အောင် ငါစီစဉ်ပေးမယ်။ ငါ့အမျိုးတွေ အလုပ်လုပ်ရင် တိကျသေချာတယ်ဆိုတာ ယုံလိုက်စမ်းပါ။ ဒီမှာကြည့်... ဒီငါးမျှားတံကိုပဲ ကြည့်လေ၊ စကားလုံး နှစ်လုံးပဲ ရှိတယ်... 'ရှယ်ပဲ' "
ချန်ချင်းယွီမှာ သူမ၏ စကားကြောင့် သဘောကျစွာ ရယ်မောလိုက်မိလေသည်။
ရှီကျန့်ရှန်းသည် အဒေါ်ကြီးမေ့ကို မနာလိုဝန်တိုစွာ ကြည့်နေမိသည်။ ဤမိန်းမမှာ အတော်ပင် ပါးနပ်လွန်းလှသည်ဟုလည်း တွေးနေမိ၏။
သူမ ရေလာမြောင်းပေးဖြင့် ပြဿနာမီး မွှေးလိုက်ကာ
"ချင်းယွီ... ညည်းယောက္ခမအတွက်ရော တစ်လုံးလောက် မလုပ်ပေးဘူးလား။ အခုလို ငါးနဲ့ လဲလိုက်တာကို သူ့ကိုလည်း မပြောပြဘူးဆိုတော့ သူသိရင် စိတ်ဆိုးနေဦးမယ်"
ချန်ချင်းယွီ ပြန်လည်တုံ့ပြန်၍
"မလိုပါဘူး။ ကျွန်မယောက္ခမက အလုပ်လုပ်နေတာဆိုတော့ ဒါမျိုး မလိုဘူးလေ။ ကျွန်မကမှ အလုပ်မရှိတာ... တောင်ပေါ်တက်တာပဲဖြစ်ဖြစ်၊ ငါးဖမ်းတာပဲဖြစ်ဖြစ် ဒါတွေက ကျွန်မအလုပ်ပဲ။ သူ့မှာလည်း အဆင်သင့်ရှိပြီးသားပါ၊ အပိုတစ်လုံးလည်း မလိုပါဘူး။ ဒေါ်လေးရှီ... ဒေါ်လေးက ကျွန်မယောက္ခမအပေါ် အထင်လွဲနေတာပါ။ အမှန်တော့ သူက ဒေါ်လေးတို့ထင်သလို ကြမ်းတမ်းပြီး ဆက်ဆံရခက်တဲ့သူ မဟုတ်ပါဘူး၊ သူက သိပ်ကောင်းတာ။ သူက အလုပ်မှာပဲ အာရုံစိုက်ထားတော့ အိမ်မှုကိစ္စတွေကို ကျွန်မလက်ထဲ အကုန်အပ်ထားတာလေ။ ငါးတစ်ကောင်နဲ့ လဲလိုက်ရုံနဲ့ တန်ဖိုးရှိတဲ့ အသုံးအဆောင်ရမှာပဲကို၊ သူက ဘာလို့ စိတ်ဆိုးရမှာလဲ"
ချန်ချင်းယွီ စကားပင် မဆုံးသေး၊ ငါးမျှားတံမှာ ရုတ်ချည်းပင် ပြင်းထန်စွာ လှုပ်ယမ်းသွား၏။
သူမမှာ "ဟေး…" ခနဲ ဝမ်းသာအားရ အော်ဟစ်လိုက်ရာ
ဘေးကလူများလည်း အံ့အားသင့်သွားကြရသည်။
"အလို... ဘုရားရေ.. ဒီနေရာမှာ လိပ်တစ်ကောင် ဘယ်လိုလုပ် ရှိနေတာလဲ"
"ဘာလိပ်လဲဟ၊ စကားကို သေသေချာချာပြောစမ်းပါ။ ဒါကို ရိုးရိုးလိပ်မဟုတ်ဘူး၊ အခွံပျော့လိပ်လို့ ခေါ်တာ"
"ချင်းယွီ... သတိထားဦး၊ သတိထားဦးဟေ့... အေး... အဲဒီအတိုင်းပဲ... ဟော... ဟော... သေချာဆွဲ၊ လွတ်မသွားစေနဲ့ဦး"
"ငါကြားဖူးတာတော့ ဒါက အာဟာရ သိပ်ရှိတာတဲ့"
လူစုမှာ အံ့ဩတကြီးဖြင့် တစာစာ ရေရွတ်နေကြ၏။
သူတို့သည် ချန်ချင်းယွီကို ကြည့်ကာ ဤမုဆိုးမလေးမှာ အမှန်တကယ်ပင် စွမ်းဆောင်ရည်ရှိပေသည်ဟု တွေးတောမိကြ၏။ သူမ၏ ငါးဖမ်းအတတ်မှာ တကယ့်ကို အထင်ကြီးစရာပင်။ အမှန်စင်စစ် ပိုင်ဖုန်းရှန်းသည် ချန်ချင်းယွီ ငါးများကို တိတ်တဆိတ် ဝယ်ယူထားခြင်းလောဟု သံသယဝင်နေခဲ့သော်လည်း ယခု မျက်မှောက်၌ပင် မြင်တွေ့လိုက်ရသောအခါ သူမ၏ သံသယများမှာ နေလာနှင်းအလား ပျောက်ကွယ်သွားတော့သည်။
ဤမျှကြီးမားသော အခွံပျော့လိပ်ကြီးကို သူတို့ရှေ့တွင်ပင် ဖမ်းပြလိုက်သည်မဟုတ်လော့…
တကယ့်ကို အံ့မခန်းပင်..
"မေမေ... ဒါက ဘာကြီးလဲဟင်"
ကလေးနှစ်ယောက်မှာလည်း စပ်စုချင်ဇောဖြင့် ပြေးလွှာရောက်ရှိလာကြပြန်၏။
“ဒါက အခွံပျော့လိပ်လေ"
သူမသည် ထိုကဲ့သို့သော အရာများကို အထူးတလည် မနှစ်သက်သော်လည်း ၎င်းမှာ အလွန်အာဟာရဖြစ်ပြီး လူကြိုက်များကြောင်းကိုမူ သိရှိထားသည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ချန်ချင်းယွီ၏ ငါးဖမ်းမိသည့် ဆူညံသံကြောင့် အဝေးမှ လူများပင် ထိုထူးဆန်းသော မြင်ကွင်းကို လာရောက်ကြည့်ရှုကြကာ၊
ကြည့်ရှုသူတိုင်းမှာလည်း ရိပ်မိကြ၏။ သူတို့မှာ "ဝယ်မယ်" ဟု တိုက်ရိုက်မဆိုဘဲ "လဲလှယ်လို့ရမလား" ဟုသာ တောင်းဆိုလာကြသည်။
ချန်ချင်းယွီ ခေတ္တမျှ တွေဝေသွားပြီးမှ
"ဘယ်လိုမျိုး လဲချင်လို့လဲရှင်"
"ကျွန်တော် လက်မှတ်တွေနဲ့ လဲပေးမယ်လေ၊ ဘယ်လိုသဘောရလဲ"
ထိုသူမှာ အတော်ပင် ပါးနပ်လှသည်။ ငွေကြေးအကြောင်းကို စိုးစိမျှ မဟပေ။
ဤမျှ လူများလှသည့် နေရာတွင် မည်သူက ငွေဖြင့် အရောင်းအဝယ်လုပ်ရဲပါမည်နည်း..
ဦးနှောက်မပါရင်တော့ တစ်မျိုးပေါ့..
ရှီကျန့်ရှန်းသည် ထိုအခွံပျော့လိပ်ကြီးကို မနာလိုဝန်တိုစွာ စိုက်ကြည့်နေမိသည်။ သူမကိုယ်တိုင် ပိုင်ဆိုင်လိုစိတ် ပြင်းပြနေပြီး အပေါစားတစ်ခုခုနှင့် လဲလှယ်ရန်လည်း ကြံစည်နေ၏။ ဤအရာမှာ အလွန်ရှားပါးလှသည်မဟုတ်ပါလား။ အကယ်၍သာ သူမရခဲ့လျှင် သူမ၏ယောက်ျားအတွက် အားအင်ဖြည့်တင်းပေးဖို့ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သူမ ခပ်သွက်သွက်ပင် စကားဆိုလိုက်၏။
"ချင်းယွီ... ဒါမျိုးက တော်တော်ရှားတာ။ သူစိမ်းနဲ့လဲလိုက်ရင် နှမြောစရာကြီး။ အိမ်ပဲ ပြန်ယူသွားပါလား။ တကယ်လို့ လဲချင်တယ်ဆိုရင်တောင် ငါတို့ဝင်းထဲက လူတွေကိုပဲ ဦးစားပေးသင့်တာပေါ့။ သူစိမ်းတွေနဲ့ ဘယ်လိုလုပ် လဲလို့ ဖြစ်ပါ့မလဲ"
အဒေါ်ကြီးမေ့မှာမူ ချန်ချင်းယွီနှင့် "အပေးအယူ" ရှိထားသူဖြစ်ရာ သဘာဝအတိုင်းပင် ချန်ချင်းယွီဘက်မှ မားမားမတ်မတ် ရပ်တည်ပေးတော့သည်။
"ရှီကျန့်ရှန်း... နင်ပြောတာကြီးကလည်း ဘာကြီးလဲ။ ဘာလို့ ဝင်းထဲကလူတွေကိုပဲ အရင်လဲပေးရမှာလဲ။ ဒါမျိုးဆိုတာက တန်ရာတန်ကြေး ရှိတဲ့သူနဲ့ပဲ လဲရမှာပေါ့။ ဝင်းထဲကလူဖြစ်နေလို့ တစ်ဝက်ဈေးနဲ့ပေးရမယ်၊ အလကားပေးရမယ်ဆိုတာမျိုး ရှိလို့လား။ သူတစ်ပါးဆီက အမြတ်ထုတ်ဖို့ပဲ ကြည့်မနေနဲ့။ ချင်းယွီ... စိတ်ကြိုက်သာ ဆုံးဖြတ်၊ ဘယ်သူ့ကိုမှ အားနာမနေနဲ့။ အိမ်နီးနားချင်းမို့လို့ အတင်းလဲခိုင်းရတယ်လို့ ဘယ်အရပ်မှာမှ မကြားဖူးပါဘူးအေ"
ရှီကျန့်ရှန်းမှာ "နင်... နင်.." ဟုသာ ဆိုနိုင်ကာ ဒေါသကြောင့် မျက်နှာကြီး နီမြန်းလာလေသည်။
ဒီမိန်းမကတော့ ငါ့လမ်းကို တမင်ပိတ်နေတာပဲ…
ထိုစဉ် ချန်ချင်းယွီ လေသံအေးအေးလေးဖြင့် ကြားဝင်ပြောလိုက်၏။
"ကျွန်မထင်တာတော့ ဝင်းထဲကလူတွေက လဲချင်ကြမှာ မဟုတ်ပါဘူး။ တချို့အိမ်တွေက လဲချင်ရင်တောင် ကျွန်မက မလဲရဲဘူးလေ။ နောက်မှ ဟိုဟာမကောင်းဘူး၊ ဒီဟာမကောင်းဘူးဆိုပြီး ငွေညှစ်ခံရမှာ ကြောက်ရသေးတယ်။ အဲဒီလိုလူတွေနဲ့တော့ ဝေးဝေးက ရှောင်တာ အကောင်းဆုံးပဲ။ ဦးလေး... ဦးလေးမှာ ဘာလက်မှတ်တွေ ရှိသလဲရှင်"
သူမ၏ စကားမှာ ရှီကျန့်ရှန်းကို တည့်တည့်ကြီး ပစ်မှတ်ထားလိုက်ခြင်းပင်။
ရှီကျန့်ရှန်း၏ မျက်နှာမှာ ပုပ်သိုးသွားသော်လည်း ပိုင်ဖုန်းရှန်း ရှေ့မှောက်ဖြစ်နေသဖြင့် အံကြိတ်ကာ အောင့်အည်းထားလိုက်ရ၏။
"ငါက ညည်းကောင်းကျိုးအတွက် ပြောနေတာပါ"
ထိုသို့ လေသံသေလေးဖြင့် ရေရွတ်ရှာသည်။
ချန်ချင်းယွီ အေးစက်စက် ပြုံးလိုက်ပြီးနောက် လဲလှယ်လိုသည့် အမျိုးသားကြီးထံ အကြည့်ပို့လိုက်သည်။ ထိုအမျိုးသားမှာလည်း အခြေအနေကို ရိပ်မိပြီးသားဖြစ်၏။ ရှီကျန့်ရှန်း၏ အကြံအစည်မှာ ကောင်းသည်ဟု ထင်ရသော်လည်း လူတိုင်းမှာ သူမ၏ အတ္တကြီးမှုကို ကွင်းကွင်းကွက်ကွက် မြင်နေကြရသည်သာ။
"ငါ့မှာ အဝတ်အထည်လက်မှတ်တွေ ရှိတယ်၊ လဲမလား"
သူသည် တော်တော်လေး များပြားသော ပမာဏကို ကမ်းလှမ်းလာရာ ချန်ချင်းယွီလည်း ဝန်မလေးဘဲ သဘောတူလိုက်လေသည်။
ထိုခေတ်ကာလတွင် အရာရာတိုင်းအတွက် လက်မှတ်လိုအပ်ပြီး ပစ္စည်းတိုင်းမှာလည်း ရှားပါးလှ၏။
ချန်ချင်းယွီ အခွံပျော့လိပ်ကြီးကို ပစ္စည်းများနှင့် လဲလှယ်နေသည်ကို ကြည့်ကာ ရှီကျန့်ရှန်းမှာ မနာလိုလွန်းသဖြင့် ရင်ဘတ်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်မတတ် ခံစားနေရသည်။ သူမအတွက် အမြတ်မထွက်ခဲ့သည့်အပြင် ချန်ချင်းယွီမှာ အဝတ်အထည်လက်မှတ် အများအပြား ရရှိသွားခြင်းကိုလည်း မကျေမချမ်း ဖြစ်နေမိ၏။
ထိုအချိန် ဈေးကွက်ပေါက်ဈေးအရ အခွံပျော့လိပ်တစ်ကောင်သည် မှောင်ခိုဈေးကွက်တွင် ၁၀ ယွမ်ခန့်အထိ တန်ကြေးရှိသည်။ ဝက်သားတစ်ပေါင်ပင်လျှင် ၈၅ပြားသာ ရှိချိန်တွင် ၁၀ ယွမ်ဆိုသည်မှာ နည်းလှသည့် ပမာဏမဟုတ်ပေ။ ၎င်းမှာ အလွန်အာဟာရဖြစ်စေသော အစားအစာဖြစ်သည့်အပြင် တွေ့ရခဲသည့်အတွက် ဈေးကောင်းရခြင်း ဖြစ်၏။
ရှီကျန့်ရှန်းကိုယ်တိုင် မှောင်ခိုဈေးသို့ မရောက်ဖူးသော်လည်း သူမယောက်ျားထံမှတစ်ဆင့် ကုန်ဈေးနှုန်းများကို ကောင်းစွာ သိရှိထားသည်။ သူမသည် ချန်ချင်းယွီထံမှ အသာစီးရရန် မျှော်လင့်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရလေရာ အံကြိတ်နေမိ၏။
အဒေါ်ကြီးမေ့မှာ ရှီကျန့်ရှန်းကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ ပိုင်ဖုန်းရှန်းမှာ အခွင့်အရေးသမားများကို လုံးဝ အထင်မကြီးသူ ဖြစ်၍ သဘောအကျကြီး ကျနေလေသည်။
ပိုင်ဖုန်းရှန်း : "ဒီလောက် လက်မှတ်တွေဆိုရင် အင်္ကျီတစ်ထည်ချုပ်ဖို့တောင် ပိုသေးတယ်။ အသစ်လေး တစ်ထည်လောက် မချုပ်ဘူးလား"
ချန်ချင်းယွီ ခေါင်းခါယမ်းကာ
"မချုပ်ပါဘူး။ ဒီလက်မှတ်တွေကို အထည်စတွေနဲ့ပဲ လဲထားပြီး နောက်နှစ်လောက်ကျရင် ရှောင်ကျားနဲ့ ရှောင်ယွမ်တို့အတွက် အဝတ်အစား လုပ်ပေးဖို့ သိမ်းထားမလို့ပါ။ အခု သူတို့ဝတ်နေတာတွေက မနှစ်ကဟာတွေလေ၊ ကလေးတွေကလည်း တစ်နေ့ထက်တစ်နေ့ ထွားလာတော့ အဝတ်အစားက အမြဲလိုနေတာ"
သူမသည် မိမိကိုယ်ကိုယ် ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤလောကတွင် သူမ အချစ်ဆုံးသောသူမှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။ သို့သော် မိမိကိုယ်ကိုယ် ချစ်လွန်းလှသဖြင့်လည်း အမြင်ထင်ရှားလွန်းသော အဝတ်အစားများကို မဝတ်ရဲခြင်း ဖြစ်၏။
ပထမအချက်မှာ လူအများ၏ အမြင်ကို ထိန်းသိမ်းရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ သူတစ်ပါး၏ ပစ်မှတ်ထားခြင်းကို မခံလိုသောကြောင့် ဖြစ်သည်။ သူမသည် အတွင်းဘက်တွင် ကောင်းမွန်စွာ ဝတ်ဆင်ချင် ဝတ်ဆင်လိမ့်မည်ဖြစ်သော်လည်း အပြင်ပန်းတွင်မူ အလွန်အကျွံ အဖိုးတန်လှသည်များကို ဝတ်ဆင်ပြလိမ့်မည် မဟုတ်ပေ။
ဟင်း…ဒီခေတ်ကလူတွေကတော့ ဆင်းရဲရတာကို ဂုဏ်ယူစရာထင်ကြတာ…
ဆင်းရဲတာ ဘာများကောင်းလို့လဲ..
ချန်ချင်းယွီ ဆက်၍ပြောလိုက်ပြန်၏။
"ကျွန်မကတော့ ဖြစ်သလိုနေလို့ ရပေမဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့အတွက်တော့ ကြိုတင်ပြင်ဆင်ထားမှ ဖြစ်မှာပါ။ သူတို့က နောက်နှစ်ဆိုရင် မူကြိုတက်ရတော့မှာလေ"
"ညည်းကတော့ တကယ့်ကို အမြော်အမြင်ရှိတာပဲ"
"ကျွန်မတို့အိမ်မှာက လုပ်စာကိုင်စာရှိတာ တစ်ယောက်တည်းဆိုတော့ အခုကတည်းက ဖြည်းဖြည်းချင်း စုဆောင်းထားရတာပေါ့။ တစ်ခုခုနဲ့ လဲလှယ်ထားနိုင်တာက အမြဲတမ်း ကောင်းပါတယ်"
ချန်ချင်းယွီ နှိမ့်ချစွာ ပြန်ပြောလိုက်၏။
"ဟုတ်တာပေါ့"
"ကဲ... မြန်မြန်လုပ်ကြဦး။ အားလုံး ငါးရနေတာကို ငါကတော့ ဘာလို့ တစ်ကောင်မှ မမိသေးတာလဲ"
"မိမှာပါ... အာရုံစိုက်ထားကြစို့"
အားလုံးပင် ငါးမျှားတံများကို မြစ်ထဲသို့ ပြန်လည်ပစ်ချလိုက်ကြသည်။ သို့သော် အဒေါ်ကြီးမေ့တို့ လူစုမှာ ငါးဖမ်းခြင်းကို ပထမဆုံးအကြိမ် စမ်းသပ်ခြင်းဖြစ်ရာ နည်းစနစ်မကျကြပေ။ တစ်မနက်ခင်းလုံး ထိုင်နေသော်လည်း ငါးတစ်ကောင်မျှ မရကြဘဲ ချန်ချင်းယွီမှာမူ နောက်ထပ် ငါးကြီးတစ်ကောင်ကိုပင် ထပ်မံဖမ်းမိလိုက်ပြန်၏။
ချန်ချင်းယွီ: "..."
သူမကိုယ်တိုင်ပင် အနည်းငယ် စိတ်လှုပ်ရှားသွားရ၏။ ပုံမှန်ဆိုလျှင် ဤမျှအထိ ကံမကောင်းတတ်ဘဲ ဟန်ပြနိုင်ရန် ငါးအချို့ကို ဝယ်ယူတတ်သော်လည်း၊ ယနေ့တွင်မူ ငါးများမှာ တစ်ကောင်ပြီးတစ်ကောင် သူမ၏မျှားချိတ်သို့ တိုးဝင်နေကြသည်။ ချန်ချင်းယွီခမျာ 'ငါက ကံတရားရဲ့ ရွေးချယ်ခံလေးများလား' ဟုပင် တွေးတောမိလိုက်၏။
အမှန်စင်စစ် သူတစ်ပါးတို့၏ ရှေ့မှောက်တွင် ဤမျှထူးခြားစွာ စွမ်းဆောင်ပြနိုင်ခြင်းမှာ သူမ၏ ငါးဖမ်းစွမ်းရည်ကို ပိုမိုသက်သေပြရာ ရောက်သွားသည်။
ချန်ချင်းယွီ၏ ပုံးထဲတွင် ငါးများ ပြည့်နှက်နေသည်ကို ကြည့်ကာ အဒေါ်ကြီးမေ့ သက်ပြင်းချရင်း
"ငါးဖမ်းတယ်ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ အလုပ်တော့ မဟုတ်ဘူးပဲ။ ငါ့မှာတော့ ရှောင်ချန်လို အစွမ်းအစမျိုး မရှိပါဘူးအေ"
ထိုင်ရသည်မှာ ညောင်းညာနေပြီဖြစ်သော ပိုင်ဖုန်းရှန်းသည်လည်း ခေါင်းညိတ်ထောက်ခံ၏။
စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။ ငါးဖမ်းရသည်မှာ ထိုမျှလောက် လွယ်ကူနေပါက လူတိုင်း ငါးဖမ်းထွက်ကြပေလိမ့်မည်။
ရှီကျန့်ရှန်းမှာမူ မနာလိုလွန်းသဖြင့် နှုတ်ခမ်းကို စူထားကာ တစ်ခွန်းမျှ မဟတော့ပေ။
ခေတ္တကြာသော်
"ငါတို့အားလုံး ဒီမှာ စုပြုံနေကြလို့နေမှာ။ ချင်းယွီလေးက ငါးဖမ်းတာ အရမ်းတော်နေတော့ ငါတို့ဆီ ငါးမလာတာ ဖြစ်မယ်။ ငါတော့ တခြားတစ်နေရာမှာ သွားစမ်းကြည့်ချင်တယ်"
“အဲဒါလည်း ဟုတ်တာပဲ။ ငါလည်း တခြားနေရာ သွားကြည့်ဦးမယ်"
ပိုင်ဖုန်းရှန်းလည်း သဘောတူလိုက်၏။
သူတို့မှာ ငါးတစ်ကောင်မျှ မရရှိသည့်အတွက် စိတ်ပျက်စပြုနေကြပြီ ဖြစ်သည်။
ငါးဖမ်းခြင်းမှာ ဝင်းထဲတွင် စကားပြောရင်း အိမ်မှုကိစ္စလုပ်ရသကဲ့သို့ မဟုတ်ပေ။ အိမ်မှုကိစ္စလုပ်ရာတွင် စကားပြောရင်း အချိန်ကုန်မှန်းမသိ ကုန်ဆုံးသွားတတ်သော်လည်း၊ ဤနေရာ၌မူ ငါးမျှားတံကိုသာ အာရုံစိုက်ကြည့်နေရသဖြင့် အာရုံများစွာ ပျံ့နေ၍မရနိုင်ပေ။ တစ်မနက်ခင်းလုံး ငြိမ်သက်စွာ ထိုင်နေရသည်မှာ သူတို့အတွက် အလွန်ပင် ပျင်းရိဖွယ်ကောင်းလှသည်။ ထို့ကြောင့် အားလုံးပင် နေရာပြောင်းသွားကြသော်လည်း ချန်ချင်းယွီသည် မလှုပ်မယှက် ဆက်လက်ထိုင်နေခဲ့၏။
လူအများ ထွက်ခွာသွားသည်နှင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမနှစ်ဦးမှာ ခြေတိုလေးများဖြင့် ပြေးလွှားရောက်ရှိလာကြသည်။ ရှောင်ကျားမှာ မိခင်ကို မော့ကြည့်ကာ
"မေမေ... သားဗိုက်ဆာပြီ"
ရှောင်ယွမ်သည်လည်း သူ၏ ဗိုက်လေးကို ပွတ်ကာ "ဗိုက်ဆာပြီ" ဟု ခေါင်းညိတ်ပြရှာ၏။
ကလေးနှစ်ယောက်မှာ ဗိုက်ဆာနေသည်မှာ ကြာပြီဖြစ်သော်လည်း လူအများရှိနေသဖြင့် အောင့်အည်းသည်းခံနေကြခြင်း ဖြစ်သည်။
သူတို့ စားသောက်နေသည်ကို သူတစ်ပါးမြင်သွားလျှင် မည်သို့ဖြစ်မည်နည်း။
ထို့ကြောင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ဗိုက်ဆာသော်လည်း မိခင်အတွက် ငဲ့ကွက်ကာ တိတ်တဆိတ် အောင့်ထားခဲ့ကြခြင်းပင်။
"လာ... မေမေ ပေါက်စီတွေ ထုတ်ပေးမယ်။ နောက်ခါ ဗိုက်ဆာရင် မေမေ့ကို လာပြောနော်၊ ဘာကိုမှ ပူမနေနဲ့။ သားတို့က ငယ်သေးတယ်၊ လူကြီးကိစ္စတွေထဲ စိတ်မဝင်စားနဲ့ဦး။ အခု သားတို့ တာဝန်က ဗိုက်ဝအောင်စားပြီး ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းဖို့ပဲ၊ အဲဒါဆို လုံလောက်ပြီ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မျက်တောင်လေးများ ခတ်ကာ နားထောင်နေကြသည်။
"ကဲ... နို့လေးလည်း သောက်လိုက်ကြဦး"
"ဟုတ်ကဲ့ပါ မေမေ"
ကလေးနှစ်ယောက်လုံး ဝမ်းသာအားရ ပြိုင်တူတုံ့ပြန်လိုက်ကြ၏။
ကလေးနှစ်ဦးမှာ ဗိုက်ဆာရုံသာမက အတော်လေးလည်း ရေဆာနေကြရှာသည်။ မောင်နှမနှစ်ယောက်မှာ နို့ပုလင်းကို တစ်လှည့်စီကိုင်ကာ အငမ်းမရ သောက်လိုက်ကြပြီး ခဏချင်းပင် နို့ပုလင်းလေးမှာ ဗလာကျင်းသွားလေသည်။
ချန်ချင်းယွီမှာ "စက်မှုကုန်ထုတ်လက်မှတ်တွေ ထပ်လဲဖို့ လိုဦးမယ်။ ရေဘူးတစ်ဘူးတော့ ဝယ်မှဖြစ်တော့မယ်" ဟု တွေးလိုက်မိ၏။
ခရီးသွားလာသည့်အခါ ရေဘူးတစ်ဘူးရှိနေခြင်းသည် အလွန်ပင် အရေးပါလှသည်။
ချန်ချင်းယွီသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။ မာကျန့်ယီနှင့် လဲလှယ်ရန် သို့မဟုတ် သူမ၏ယောက္ခမကို သွားရောက်လဲလှယ်ခိုင်းရန် စီစဉ်လိုက်၏။ မာကျန့်ယီမှာ လစာကောင်းပြီးလက်မှတ်များလည်း ပေါများသူဖြစ်သော်လည်း လူဦးရေနည်းပါးသည့်အတွက် ထိုလက်မှတ်များကို အကုန်အစင် သုံးစွဲနိုင်ခြင်း မရှိပေ။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ နို့သောက်ပြီးနောက် လက်ကလေးများကို သုတ်ကာ ပေါက်စီတစ်လုံးစီကို ကိုင်၍ မြိန်ယှက်စွာ စားနေကြသည်။ ချန်ချင်းယွီကိုယ်တိုင်လည်း ငါးလုံးခန့် စားလိုက်ရာ ဗိုက်အတော်လေး ပြည့်သွား၏။ သူမသည် အဒေါ်ကြီးမေ့တို့ကို စားဦးမလားဟု လှမ်းမမေးတော့ပေ။ ဤခေတ်ကာလတွင် ထိုသို့မမေးမြန်းခြင်းမှာ မထူးဆန်းလှ၍ သူမ စိတ်မရှုပ်မခံတော့ပေ။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ငယ်ရွယ်သော်လည်း တစ်ယောက်လျှင် ပေါက်စီလေးလုံးစီကို ကုန်အောင်စားပြီးနောက် ပြေးလွှားကစားကြပြန်သည်။ ချန်ချင်းယွီမှာမူ ကျန်ရှိသည်များကို အကုန်စားလိုက်ပြီးနောက် သူမ၏ ငါးဖမ်းအလုပ်ကို ဆက်လုပ်နေ၍။ သူမသည် ပုံမှန်အားဖြင့် ညနေစောင်းအထိ ငါးမဖမ်းဘဲ မွန်းလွဲပိုင်းလောက်ဆိုလျှင် အိမ်ပြန်လေ့ရှိသည်။ အိမ်မပြန်မီ သမဝါယမကုန်တိုက်သို့ဝင်ကာ စက်ဘီးများကို ကြည့်ရှုပြီးမှ ညစာချက်ရန် အိမ်သို့ ပြန်တတ်၏။
ချန်ချင်းယွီသည် သူမ၏ စက်ဘီးဝယ်လိုစိတ်ကို အားသွန်ခွန်စိုက် ထုတ်ပြနေခြင်းပင်…
သူမသည် စက်ဘီးအပေါ် အလွန်အမင်း ရူးသွပ်နေသည်ဟု လူတိုင်းကို ထင်စေချင်သည်။ သို့မှသာ အမှန်တကယ် ဝယ်ယူလိုက်သည့်အခါ သူမတို့မိသားစု စက်ဘီးဝယ်ခြင်းကို မည်သူမျှ ထူးဆန်းသည်ဟု ထင်မြင်ကြတော့မည် မဟုတ်ပေ။
အို... ခေတ်ကာလက ခန့်မှန်းရခက်လှသည်ဖြစ်ရာ အရာရာကို သတိနှင့် ယှဉ်နေရခြင်းမှာလွဲ၍ အခြားနည်းလမ်းမရှိပေ..
သတိအနည်းငယ် လွတ်သွားရုံဖြင့် ကြီးမားသော ဒုက္ခနှင့် ကြုံတွေ့ရနိုင်သည်။
ထို့ကြောင့် ချန်ချင်းယွီသည် လုပ်သမျှကိစ္စတိုင်းတွင် အစစအရာရာ သတိထားနေခဲ့၏။ ဤသို့နေထိုင်ရသည်မှာ ပင်ပန်းလှသော်လည်း သူမအနေဖြင့် အားတင်းထားရပေမည်။
သို့သော် ကံတရားသည် ချန်ချင်းယွီအပေါ် ကြင်နာလှပြီး မွန်းလွဲပိုင်းတွင်လည်း သူမသည် ငါးလေး နှစ်ကောင်ကို ထပ်မံဖမ်းမိလိုက်ပြန်သည်။ ငါးလေးများမှာ သေးငယ်သော်လည်း ရလဒ်ကောင်းတစ်ခုဟု ဆိုနိုင်ပေသည်။ ငါးတစ်ကောင်မျှ မရကြသော ကျန်လူသုံးဦးနှင့် နှိုင်းယှဉ်လျှင်မူ သူမ၏ ရလဒ်မှာ အံ့မခန်းပင် ဖြစ်နေသည်ဟု ဆိုရပေမည်။
ချန်ချင်းယွီ : "ကျွန်မတော့ ပြန်တော့မယ်၊ အဒေါ်တို့ရော လိုက်မလား"
သူမ လှမ်းမေးလိုက်ပြီး သူတို့အနားသို့ သွားကာ
"သမဝါယမ ကုန်တိုက်က အရောင်းဆိုင်ဘက်ကို ဝင်ပြီး စက်ဘီးတွေ သွားကြည့်ဦးမလို့။ ပြီးရင် ညစာချက်ဖို့ အချိန်လည်း တော်တော်နီးနေပြီ"
အဒေါ်ကြီးမေ့မှာ
သက်ပြင်းချရင်း ညည်းတွားလေ၏။
"ငါလည်း ပြန်တော့မယ်အေ။ ဘာလို့ ငါးတစ်ကောင်မှ မမိပါလိမ့်။ တစ်နေ့ကုန် အလကား ဖြစ်သွားတာပဲ"
ပိုင်ဖုန်းရှန်းသည်လည်း သံယောင်လိုက်၍
"မနက်ဖြန်တော့ ငါမလာတော့ဘူး။ အိမ်မှာနေပြီး အိမ်မှုကိစ္စလုပ်တာပဲ ပိုကောင်းပါတယ်။ ငါးဖမ်းတာက ငါနဲ့ မကိုက်ပါဘူးလေ"
ရှီကျန့်ရှန်းမှာလည်း တွေဝေနေမိသည်။ အကယ်၍ တစ်ကောင်စ၊ နှစ်ကောင်စ ရခဲ့လျှင် ယခုကဲ့သို့ စိတ်ပျက်မိမည် မဟုတ်ပေ။ ယခုမူ လုံးဝကို မရခဲ့ကြခြင်း ဖြစ်၏။
"ငါလည်း ပြန်မှာပါ၊ ဒါပေမဲ့ လမ်းလျှောက်ပြန်မှာဆိုတော့ ညည်းတို့နဲ့ မလိုက်တော့ဘူး"
အဒေါ်ကြီးမေ့မှာ ပြောလိုက်လေသည်။
သူတို့အတူတူ ပြန်ဖြစ်ခဲ့လျှင်ပင် အဒေါ်ကြီးမေ့မှာ မလိုက်ဖြစ်ဖို့ အကြောင်းပြချက်တစ်ခုခု ရှာရပေလိမ့်မည်။
သူမအနေဖြင့် သမဝါယမ ကုန်တိုက် ပစ္စည်းအရောင်းဆိုင်သို့သွားကာ စက်ဘီးများကို ငေးကြည့်မနေချင်ပေ။ ဝယ်နိုင်မည်လည်းမဟုတ်သည့်အတွက် တစ်နေကုန် သွားသွားကြည့်နေရသည်မှာ သူမအတွက် အတော်လေး ရှက်ဖို့ကောင်းလှ၏။
ထိုဒဏ်ကို သူမ မခံစားနိုင်ပေ..
အဒေါ်ကြီးမေ့သည် ထိုသို့လုပ်ရန် မိမိကိုယ်ကို အရှက်မရှိ မနိုးဆော်နိုင်ကြောင်း ခံစားနေမိသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်ချင်းယွီမှလွဲ၍ ကျန်သူများမှာလည်း ထိုသို့မလုပ်ရဲကြပေ။
"ကောင်းပါပြီ... ဒါဆို ကျွန်မပဲ သွားလိုက်တော့မယ်"
ချန်ချင်းယွီသည် အေးအေးဆေးဆေးပင် ဆိုလိုက်၏။
သူမကတော့ ဘာကိုမှ ဂရုမစိုက်ပါ..
ချန်ချင်းယွီသည် တစ်ခုခုကို လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် သူတစ်ပါး မည်သို့ထင်မြင်မည်ကို အလေးထားတတ်သူ မဟုတ်ပေ။
ချန်ချင်းယွီ ထွက်ခွာသွားသည်ကို ကြည့်ရင်း အဒေါ်ကြီးမေ့မှာ
"ဒီချင်းယွီလေးက အစစအရာရာ တော်ပါရဲ့၊ ဒါပေမဲ့ စိတ်က အရမ်းကြောင်ပြီး ခေါင်းမာလွန်းတာပဲ"
ပိုင်ဖုန်းရှန်း : "မပြောပါနဲ့တော့အေ၊ စက်ရုံကလူတွေ အကုန်သိနေကြတာပဲ။ လင်းကျန့်ဝမ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့ဆိုပြီး အရောင်းဆိုင်ကို နေ့တိုင်း စက်ဘီးသွားကြည့်နေတာလေ။ ကိုယ်က မဝယ်နိုင်ဘဲနဲ့ ခဏခဏသွားကြည့်နေတာ တကယ်ကို ရှက်ဖို့ကောင်းတယ်"
"အေးလေ... ဟုတ်ပ"
သူတို့သုံးယောက်မှာ ငါးတစ်ကောင်မျှ မရခဲ့သဖြင့် စိတ်အခြေအနေ မကောင်းကြသည့်အပြင် လမ်းလျှောက်ပြန်ရမည်ဖြစ်၍လည်း အတော်ပင် ပင်ပန်းနေကြပြီ ဖြစ်သည်။
သူတို့သုံးယောက် အိမ်ပြန်ရောက်ချိန်မှာ ချန်ချင်းယွီထက်ပင် နောင်ကျနိုင်၏။
သို့သော် သူတို့၏ ဟိုပြောဒီပြော စကားများကြောင့်ပင် ချန်ချင်းယွီသည် အသုံးမကျသယောင် ထင်ရသော်လည်း ငါးဖမ်းရာတွင်မူ တကယ့်ကို ထူးချွန်သူဖြစ်ကြောင်း လူတိုင်း သိသွားကြတော့သည်။ ဤသတင်းကြောင့်ပင် ရွှီကောင်းမင်သည် သူမ၏အိမ်တံခါးဝအထိ ရောက်လာခဲ့၏။ သူ၏မိသားစု တည်ခင်းမည့် ထမင်းစားပွဲမှာ အချိန်အတော်ကြာ ကြန့်ကြာနေသဖြင့် အတင်းအဖျင်းစကားများ ထွက်ပေါ်နေခဲ့ရာ သူသည် ထပ်မံ၍ အချိန်မဆွဲနိုင်တော့ပေ။
ထို့ကြောင့် မျက်ကွင်းညိုကြီးများ သိသာနေသည့်ကြားမှပင် သူသည် ထိုဧည့်ခံပွဲကို အမြန်ဆုံးကျင်းပရန် ဆုံးဖြတ်လိုက်၏။
သူ့စိတ်ထဲတွင် ခါးသီးနေသော်လည်း အောင့်အည်းသည်းခံနေရပေမည်။
သူ လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ချန်ချင်းယွီနှင့် ငါးလဲလှယ်ရန် ဖြစ်သည်။
သူ့မိသားစု ဧည့်ခံပွဲလုပ်မည်ဆိုပါက အသားနှင့် ငါး လိုအပ်သည်ဖြစ်၍ လဲလှယ်ခြင်းမှာ ဝယ်ယူခြင်းထက် ပို၍ အဆင်ပြေသည်ဟု သူ တွေးထား၏။ ထို့ပြင် အိမ်နီးနားချင်းများဖြစ်၍ သူမဘက်မှလည်း အများကြီး တောင်းဆိုလိမ့်မည် မဟုတ်ဟု သူ တွက်ဆထား၏။ ထို့ကြောင့် ရွှီကောင်းမင် ရောက်လာခြင်း ဖြစ်သည်။ ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့ ဇနီးမောင်နှံမှာ အတော်လေးပင် အရည်ထူသူများ ဖြစ်ကြပြီး၊ သူတို့နှင့် ဆက်ဆံရေးမှာ အဆင်မပြေကာ၊ ပြောရလျှင် အခြေအနေ အတော်ဆိုးနေသော်လည်း၊ သူသည် အိမ်နီးနားချင်းကောင်း တစ်ဦးကဲ့သို့ဟန်ဆောင်နိုင်ဆဲ ဖြစ်၏။
ရွှီကောင်းမင်သည် ချန်ချင်းယွီ၏ ငါးဖမ်းစွမ်းရည်ကို မျက်စိကျနေခြင်းပင်။
ချန်ချင်းယွီ: "..."
ကျွန်မက ဒီနေ့ ကံကောင်းသွားလို့ပါရှင်…
သို့သော်လည်း ဤကိစ္စကို ချန်ချင်းယွီကိုယ်တိုင် ဖြေရှင်းနေစရာ မလိုလိုက်ပေ။ အရေးကြုံတိုင်း ပေါ်လာတတ်သည့် အဘွားကြီးကျောက်သည် ယခုလည်း အချိန်ကိုက်ပင် ရောက်ရှိလာတော့သည်။ ရွှီကောင်းမင် ငါးလဲလှယ်လိုကြောင်း ပြောသည်နှင့် အဘွားကြီးကျောက်မှာ တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် ငြင်းဆန်လိုက်၏။
"အို... အဘိုးကြီးရွှီ၊ နင် ငါ့ကို နောက်နေတာလား။ ငါ့ဆီကငါးကို နင် ဝယ်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး နင်က ဆယ်ဝိုင်းစာ ကျွေးရမှာဆိုတော့ ငါက နင့်အတွက် ငါးတွေအများကြီး ဘယ်ကသွားရှာပေးရမှာလဲ။ ချန်ချင်းယွီကို အဲလောက်တောင် စွမ်းလှပြီလို့ ထင်နေတာလား။ တကယ်လို့ ငါ့မှာ ငါးတွေအများကြီး ရှိနေရင်တောင် နင့်ကို မလဲရဲပါဘူးအေ။ နင်က ငါးတွေအကုန်လဲပြီးမှ ငါတို့ကို မှောင်ခိုမှုနဲ့ သွားတိုင်ရင် ဘယ်လိုလုပ်မလဲ။ ငါကတော့ နင့်လိုလူမျိုးနဲ့ မယှဉ်ရဲပါဘူး။ လာရာလမ်းအတိုင်းပဲ ပြန်သွားပါတော့၊ ငါ့ကို လာမရှုပ်ပါနဲ့"
ရွှီကောင်းမင် အားတင်းပြုံးကာ ချော့မော့၍
"အဒေါ်ကျောက်ရာ... ကျွန်တော့်ကို ဘယ်လိုလူလို့ ထင်နေတာလဲ။ ကျွန်တော်တို့က အိမ်နီးနားချင်းတွေပဲလေ၊ ကျွန်တော်ကတော့ အဒေါ်တို့ကို ဘယ်တော့မှ မလိမ်ပါဘူး"
အဘွားကြီးကျောက်မှာ လှောင်ပြောင်ခနဲ့၍
"ဟင်း... ဘယ်သူသိမှာလဲ။ ဒါက နင် ပထမဆုံးအကြိမ် လုပ်တာမှ မဟုတ်တာ၊ မိတ်ဆွေတွေအပေါ် အခွင့်အရေးယူဖို့ဆိုရင် နင်က အတော်ဆုံးပဲ မဟုတ်လား။ သွား... သွား... ငါ့ကို လာမနှောင့်ယှက်နဲ့၊ ငါ အလုပ်ရှုပ်နေတယ်။ အော်... ဒါနဲ့၊ နင်တို့က ဘယ်တော့ ကျွေးမှာလဲ။ ငါတော့ အဲဒီကျရင် အဝစားနိုင်အောင် အခုကတည်းက ရက်အနည်းငယ်လောက် ဗိုက်အငတ်ခံထားမှ ဖြစ်တော့မယ်"
ရွှီကောင်းမင်: "..."
သောက်အဘွားကြီး…ငရဲပဲ သွားလိုက်စမ်း…
ရွှီကောင်းမင် စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း အပြင်ပန်းတွင်မူ
"လာမယ့် တနင်္ဂနွေနေ့ပါ"
"စောစောလာခဲ့ကြဦးနော်"
ဟန်ဆောင်ပန်ဆောင်ဖြင့်လည်း ဆက်ပြီး မှာကြားလိုက်သေးသည်။
အဘွားကြီးကျောက်မှာ ခက်သွက်သွက်ပင်ပင် တုံ့ပြန်ပြောဆိုလိုက်၏။
"ရတယ်၊ ရတယ်... စိတ်မပူနဲ့၊ ငါတော့ မလာဘဲ မနေပါဘူး"
သူမ၏ ချွေးမဖြစ်သူမှာအစားအသောက်ကိစ္စကို အလွန်စိုးရိမ်နေသော်လည်း အဘွားကြီးကျောက်သည်ကား သွားကိုသွားရမည်ဟု ခံယူထားသည်။ မသွားဘဲနေလျှင် အခွင့်အရေးတစ်ခု ဆုံးရှုံးသကဲ့သို့ ခံစားရမည်ဖြစ်ပြီး၊ အသားဟင်းများ မလတ်ဆတ်လျှင်လည်း သူမအတွက် ပြဿနာမဟုတ်ပေ။ ငယ်စဉ်၌ အငတ်ဘေးကြောင့် သစ်မြစ်၊ မြေကြီးများကိုပင် စားပြီး ရုန်းကန်ခဲ့ရသည့် ဘဝမျိုးတွင် နေခဲ့ရ၍ ယခုကဲ့သို့ အရာကို ကြောက်နေစရာ အကြောင်းမရှိဟု သူမ တွေးထား၏။
ရွှီကောင်းမင်မှာ ထပ်မံဖြောင်းဖျလိုက်ပြန်သည်။
"အဒေါ်ကျောက်... အဒေါ်လည်း ဧည့်ခံပွဲလာမှာပဲဆိုတော့ ကျွန်တော့်အတွက် ငါးလေးတွေ စုပေးပါဦးလား။ ကျွန်တော်က ကိုယ့်ပွဲကိုယ် ဖျက်မယ့်လူမျိုး မဟုတ်ပါဘူး။ နောက်ပြီး အိမ်နီးနားချင်းတွေကကော ကျွန်တော့်ကို ဘယ်လိုမြင်ကြမလဲ။ အဲဒီလိုမျိုးတော့ ကျွန်တော် တကယ်မလုပ်ပါဘူး"
သူ ဤသို့ပြောနေသော်လည်း စိတ်ထဲတွင်မူ 'အကယ်၍ နင်တို့သာ ငါးတွေအများကြီး စုပေးမိလို့ကတော့ ငါ လုံးဝလွှတ်ပေးမှာ မဟုတ်ဘူး။ မှောင်ခိုမှုနဲ့ကို သွားတိုင်ပစ်မယ်' ဟု ကြံစည်နေ၏။ ယခုအချိန်တွင် ရွှီကောင်းမင်သည် အလုပ်အကိုင်ကိစ္စကိုပင် ဂရုမစိုက်တော့ပေ။
သူသည် လတ်တလောကာလ၌ ဆုံးရှုံးမှုများစွာ ကြုံခဲ့ရသဖြင့် လက်စားချေလိုစိတ်များ ပြင်းပြနေခြင်းပင်။
သို့သော် အတိအလင်း မလုပ်ရဲပေ။ အကြိမ်ကြိမ် ပြဿနာရှာခဲ့ဖူးသဖြင့် မာကျန့်ယီသည် ရပ်ကွက်ကော်မတီနှင့် စက်ရုံခေါင်းဆောင်များထံ သွားတိုင်မည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် သေးငယ်သော အမှားလေးများကိုသာ ရှာဖွေရန် သူ ကြံစည်နေခြင်း ဖြစ်၏။ တစ်နေ့လျှင် ငါးတစ်ကောင်၊ နှစ်ကောင် လဲလှယ်ခြင်းမှာ မှောင်ခိုမှုဟု မသတ်မှတ်နိုင်သော်လည်း……
ဆယ်ဝိုင်းစာအတွက်ဆိုလျှင် အနည်းဆုံး ငါးကြီး ဆယ်ကောင်ခန့် လိုအပ်မည် ဖြစ်ပြီး၊ ငါးအငယ်လေးများဆိုလျှင် ပို၍ပင် များပြားပေလိမ့်မည်။ ထိုပမာဏမှာ ထိုမိသားစုကို ဒုက္ခပေးရန် လုံလောက်လှပေသည်။
ပထမဦးစွာ ငါးများကို အရင်ယူထားမည်၊ ပြီးနောက်မှ အမြတ်ကြီးစား အဆမတန် လဲလှယ်မှုဖြင့် တိုင်တန်းလိုက်လျှင် ပိုက်ဆံပေးစရာမလိုဘဲ ငါးများကို အလကားရနိုင်မည်ဟု သူ တွက်ဆထား၏။ တကယ့်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ် အကြံအစည်ပင်။
သူ တိုင်မည်မဟုတ်ကြောင်း ကတိပေးထားသော်လည်း ထိုကိစ္စကို သူ၏သားဖြစ်သူ သို့မဟုတ် ချွေးမဖြစ်သူအား ခိုင်းစေလိုက်ရုံဖြင့် လွယ်ကူလှသည်။ ထို့နောက် သူ ဘာမှမသိသလို ဟန်ဆောင်ကာ လူကောင်းလုပ်ပြလိုက်ရုံပင်။
သူများကို ချောက်ချတယ်ဆိုတာ…ဒါက ဘာများခက်လို့လဲ…
ရွှီကောင်းမင်သည် ရိုးသားလှပါသည်ဆိုသော မျက်နှာပေးမျိုးဖြင့်
"အဒေါ်ကျောက်ရာ... ကျွန်တော်တို့ မိသားစုနှစ်ခုကြားမှာ အထင်လွဲတာလေးတွေ ရှိခဲ့မှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အိမ်နီးနားချင်းဆိုတာ တစ်ညအိပ်ရင် ရန်ငြိုးပြေကြတာပဲ မဟုတ်လား။ ခင်များက ကျွန်တော့်ကို ကူညီရင် ကျွန်တော်ကလည်း ခင်များကို ပြန်ကူညီမှာပေါ့။ ကျွန်တော်ကတော့ ဒီပွဲလေးကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်ရုံသက်သက်ပါပဲ"
သူ၏ ပုံပန်းသဏ္ဌာန်မှာ အလွန်ပင် ရိုးသားဖြောင့်မတ်သည့် လူကောင်းတစ်ဦးနှင့် တူလှသော်လည်း စိတ်ထဲတွင်မူ မကောင်းကြံစည်မှုများဖြင့် ပြည့်နှက်နေ၏။ 'လူကိုကြည့်၍ အကဲမဖြတ်နိုင်' ဟူသော စကားပုံမှာ သူနှင့် အကိုက်ညီဆုံးပင်။
"ကျွန်တော်က ဧည့်ခံပွဲလုပ်တာဆိုတော့ အားလုံးကို ဝဝလင်လင် စားစေချင်သောက်စေချင်တာပါ။ တကယ်ပါ၊ ကျွန်တော်က ဒါကို အသုံးချပြီး ခင်များတို့ကို ဒုက္ခပေးမယ်ဆိုရင် လူရှေ့ဘယ်လို ထွက်ရဲတော့မှာလဲ။ ကျွန်တော် အဲဒီလို မလုပ်ပါဘူး။ ကျွန်တော်လည်း လူအတစ်ယောက် မဟုတ်ဘူးလေ။ အလုပ်ကိစ္စတွေ အဆင်ပြေသွားရင် ခင်များတို့လည်း ကောင်းကောင်းစားရမှာပဲ မဟုတ်လား"
ရွှီကောင်းမင်၏ ဖြောင်းဖျစကားများကြောင့် အဘွားကြီးကျောက်မှာ စိတ်အနည်းငယ် ယိမ်းယိုင်သွားရ၏။ ထိုအခြေအနေကို ချန်ချင်းယွီ ချက်ချင်းပင် ရိပ်မိလိုက်ပြီး၊ သူမသည် ယောက္ခမ၏ နောက်ဘက်တွင် ရေခပ်သယောင် ဟန်ဆောင်ရင်း အဘွားကြီးကျောက်၏ ကျောကို တိတ်တဆိတ် ဆိတ်ဆွဲလိုက်သည်။ အဘွားကြီးမှာ နာကျင်သွားသဖြင့် တွန့်ခနဲ ဖြစ်သွားကာ ယိမ်းယိုင်နေသော စိတ်ကို ပြန်လည် တင်းလိုက်၍ ပြတ်သားစွာပင်
"သွား... သွားစမ်းပါ၊ ငါ့ကို လာမဆွယ်နဲ့။ တကယ်ပြောတာ၊ ငါ့ချွေးမမှာလည်း အဲဒီလောက်အစွမ်း မရှိဘူး"
အဘွားကြီးကျောက်ကို စည်းရုံးနိုင်တော့မည်အမှတ်ဖြင့် အားခဲထားသော ရွှီကောင်းမင်မှာ မျက်နှာပျက်သွားရပြန်သည်။ ဤအဘွားကြီးမှာ အမှန်တကယ်ပင် စိတ်ပြောင်းလွယ်လွန်းလှသည်ဟု သူတွေးမိ၏။
"ကျွန်တော်..."
"ငါ့ကို ထပ်မပြောနဲ့တော့။ နင်က ယောက်ျားတစ်ယောက်ဖြစ်ပြီး ငါတို့လို မုဆိုးမနှစ်ယောက်ရှိတဲ့ အိမ်ရှေ့မှာ လာပြီး အချိန်ဖြုန်းနေတာ မကောင်းဘူး။ နင်ကတော့ နင့်သိက္ခာကို ဂရုမစိုက်ချင်နေ၊ ငါကတော့ ဂရုစိုက်တယ်။ သွား... သွားတော့"
ရွှီကောင်းမင်မှာ ဒေါသကြောင့် အသက်ရှူပင် မှားသွားရ၏။
'တောက်..ဒီအဘွားကြီးကတော့..'
သူသည် မည်သို့မျှ ညှိနှိုင်း၍မရတော့မှန်း သိလိုက်သဖြင့် စိတ်တိုတိုနှင့်ပင် လှည့်ထွက်သွားတော့သည်။
ချန်ချင်းယွီ မျက်လုံးလေး ကလည်ကလည်လုပ်ကာ အဘွားကြီးကျောက်ကို အသံတိုးတိုးဖြင့် သတိပေးလိုက်၏။
"အမေကလည်း... အမေ မသိရင် ကိုယ့်ဘာသာ ဆုံးဖြတ်ချက်တွေ မချနဲ့လေ။ သူများ လိမ်တာခံရပြီးမှ ပြန်လျော်ပေးနေရဦးမယ်။ သူက ဘယ်လိုလူစားမျိုးလဲဆိုတာ အမေ မသိဘူးလား။ သူ မတိုင်ပါဘူးလို့ ပါးစပ်က ပြောပေမဲ့၊ လှည့်ထွက်သွားတာနဲ့ တခြားလူကို ခိုင်းပြီး တိုင်ခိုင်းမှာပေါ့။ အမေ ထောင်ထဲသွားချင်လို့လား"
အဘွားကြီးကျောက်မှာ ကြောက်သွားကာ တုန်တုန်ယင်ယင်ဖြင့်
"မဟုတ်ပါဘူးအေ... အဲဒီလောက်ထိတော့ မဆိုးလောက်ပါဘူးနော်"
"အမေ့ဘာသာ ပြန်စဉ်းစားကြည့်ပေါ့"
ချန်ချင်းယွီ ခနဲ့စကား ဆိုလိုက်၏။ အဘွားကြီးကျောက်သည် အာဏာပြတတ်သော်လည်း အဘယ်ကြောင့် အလွယ်တကူ လှည့်စားခံရသနည်းဆိုသည်ကို သူမ ယခုမှ နားလည်သွားသည်။ အဘွားကြီးမှာ ခိုင်မာသော ရပ်တည်ချက်မရှိဘဲ အမြတ်အစွန်း အနည်းငယ်တွေ့လျှင်ပင် စိတ်ပျော့သွားတတ်သူဖြစ်ရာ သူတစ်ပါးအတွက် လိမ်ရသည်မှာ အလွန်လွယ်ကူနေခြင်းပင်။
ချန်ချင်းယွီ: "ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေကို ထားလိုက်တော့။ ဒီငါးကို ယူသွားပြီး မာကျန့်ယီကို သွားရှာလိုက်ဦး"
"သူ့ကို ဘာသွားလုပ်ရမှာလဲ"
ချန်ချင်းယွီ: "သူ့ဆီမှာ စက်မှုကုန်ထုတ်လက်မှတ်အချို့ သွားလဲလိုက်ပါ။ ကျွန်မ အပြင်သွားရင် ယူသွားဖို့ ရေဘူးတစ်ဘူး ဝယ်ချင်လို့၊ ပြီးတော့ ထမင်းဘူး သုံးခုလည်း လိုတယ်။ မဟုတ်ရင် နေ့တိုင်း ပေါက်စီပဲ စားနေရမှာလေ"
အဘွားကြီးကျောက်မှာ လန့်သွားကာ
"အဲဒါတွေ အကုန်ဝယ်မလို့လား။ ဘယ်လောက်တောင် ကုန်မှာလဲအေ"
ချန်ချင်းယွီ မျက်တောင်လေး ပင့်ကြည့်ကာ ခပ်ပြတ်ပြတ်ပြော၍ စေခိုင်းလိုက်၏။
"ရှင့်ကိစ္စ မဟုတ်ပါဘူး။ ကျွန်မ ခိုင်းတဲ့အတိုင်းသာ လုပ်ပါ"
ဤသို့သော လူမျိုးကို အလိုလိုက်၍ မရမှန်း သူမ သိသည်။ အမှန်ပင် ချန်ချင်းယွီ၏ သဘောထားမှာ အနည်းငယ် ကြမ်းတမ်းသော်လည်း အဘွားကြီးကျောက်မှာ ဆူပူမနေတော့ဘဲ ငါးကိုယူကာ အလယ်ဝင်းသို့ ထွက်လာခဲ့၏။
ထိုအချိန်တွင် လူတိုင်း အလုပ်ဆင်းချိန်ဖြစ်ရာ မာကျန့်ယီ၏ မိသားစုမှာ ထမင်းစားရန် ပြင်ဆင်နေကြသည်။ အံ့ဩစရာကောင်းသည်မှာ သူတို့၏ တတိယမြောက်သားဖြစ်သူ ဝေကျွင်းမှာလည်း ပြန်ရောက်နေခြင်းပင်။
အဘွားကြီးကျောက်တစ်ယောက် "အလို... ဘုရားရေ" ဟု စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ မာမိသားစု၏ တတိယသားမှာ လူရည်မွန်လေး တစ်ဦးဖြစ်သော်လည်း မုဆိုးမတစ်ဦးကို ကူညီချင်လှပါသည်ဆိုကာ မိဘများနှင့် အကြီးအကျယ် စိတ်ဝမ်းကွဲထားသူ ဖြစ်သည်။ ယခုဆိုလျှင် အိမ်သို့ ပြန်လာသည်မှာ အလွန်ပင်ရှားပါးလှပြီး ပိတ်ရက်များတွင်ပင် ရောက်မလာတတ်ပေ။ တစ်လ၊ နှစ်လမှ တစ်ကြိမ်ခန့်သာ ဝင်းထဲတွင် မြင်ရတတ်၏။ သူ၏ နာမည်ကျော်ဇော်မှုမှာ ချန်ချင်းယွီထက်ပင် မနည်းလှပေ။ နှစ်ယောက်လုံးမှာ "အချစ်ရူး" များအဖြစ် နာမည်ကြီးနေကြသူများ ဖြစ်သည်။ ဤဝင်းထဲတွင် အမျိုးစုံသော လူစားအမျိုးမျိုးများ အများကြီးရှိသော်လည်း အချစ်ရူးများမှာ ပို၍ ပေါများလှ၏။
သူမသား လင်းကျန့်ဝမ်သည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ တားမြစ်သည့်ကြားမှ ချန်ချင်းယွီကို အတင်းအကျပ် လက်ထပ်ယူခဲ့ခြင်းသည် လူတိုင်းကို အံ့အားသင့်စေခဲ့၏။ ထို့နောက် မာမိသားစု၏ ဒုတိယသမီးဖြစ်သူမှာလည်း ကောလိပ်ဘွဲ့ရ၊ အလုပ်အကိုင် ကောင်းကောင်းရှိသည့်တိုင် လူမှုရေးနေညက်ခံ ဂုဏ်ရည်နိမ့်ပါသည်ဆိုသော အမျိုးသားတစ်ဦးနောက်သို့ အတင်းအကျပ် လိုက်သွားခဲ့သည်။ အဓိကအချက်မှာ ထိုအမျိုးသားသည် သူမကို မလိုချင်ဘဲ အပြတ်ငြင်းဆိုနေခြင်းပင်။ သို့သော်လည်း သူမသည် ထိုသူနောက်သို့သာ လိုက်သွားပြီး ယခုအခါ ဂိုဘီသဲကန္တာရထဲတွင် ဒုက္ခခံကာ အချစ်ကို ကိုးကွယ်နေရှာ၏။ သူမနှင့် နှိုင်းယှဉ်လျှင် ချန်ချင်းယွီ၏ အချစ်ရူးမှုမှာ ဘာမှမဟုတ်တော့ပေ။ ယခု မာဝေကျွင်သည်လည်း မုဆိုးမတစ်ဦးကိုမှ ရှာဖွေချင်နေပြန်ရာ မည်သူမျှ တားဆီး၍ မရနိုင်ပေ။
အဘွားကြီးကျောက်သည် မာဝေကျွင်းကို အတင်းအဖျင်း သိလိုသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ပိုင်ဖုန်းရှန်းမှာ "အဒေါ်ကျောက်... လာပါ၊ ထိုင်ပါဦး" ဟု နှုတ်ဆက်လိုက်၏။ သူမသည် အဘွားကြီးကျောက် လက်ထဲတွင် ပစ္စည်းများပါလာသည်ကို ကြည့်ကာ နေအနောက်ဘက်မှ ထွက်သည့်အလား အံ့ဩနေမိသည်။
အဘွားကြီးကျောက်သည် စကားကို လှည့်ပတ်မပြောဘဲ တိုက်ရိုက်ပင် ဆိုလိုက်သည်။
“အဘိုးကြီးမာ... ကျွန်မ ရှင်နဲ့ စက်မှုကုန်ထုတ်လက်မှတ်အချို့ လဲချင်လို့၊ အဆင်ပြေမလားရှင်"
သူမ ငါးကို လက်ညှိုးထိုးပြကာ
"ဒါက ကျွန်မချွေးမ ဖမ်းလာတာလေ၊ အလွန်လတ်ဆတ်ပြီး ကောင်းပါတယ်။ ရှင်ကြည့်ဦး..."
မာကျန့်ယီ: "ရတာပေါ့.."
ဤကဲ့သို့သော အသေးအဖွဲ လဲလှယ်မှုမှာ သူ့အတွက် ဘာမှမဟုတ်ပေ။ ပိုင်ဖုန်းရှန်းမှာမူ စပ်စုလိုစိတ်ဖြင့်
"လက်မှတ်တွေ အများကြီး လဲပြီး ဘာဝယ်မလို့လဲ"
အဘွားကြီးကျောက်သည် အလုပ်လုပ်နေသူဖြစ်ရာ လစဉ် လက်မှတ်များ ရနေသည်ဖြစ်၍ မလောလျှင် ဖြည်းဖြည်းချင်း စုဆောင်းထား၍ ရနိုင်သည်သာ။
အဘွားကြီးကျောက်: "ထမင်းဘူးအချို့ ဝယ်မလို့ပါ။ ငါးဖမ်းသွားတဲ့အခါ ဟိုပြေးဒီပြေး မလုပ်ရအောင်လို့လေ"
အဘွားကြီးကျောက်မှာ ချွေတာတတ်သူ ဖြစ်သော်လည်း ဤကိစ္စကိုမူ မှားယွင်းသည်ဟု မထင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုပစ္စည်းများသည် တစ်သက်လုံး သုံးနိုင်ပြီး ပျက်စီးသွားမည့်အရာများ မဟုတ်ပေ။ အလွန်ပင် အသုံးဝင်လှပြီး၊ အသုံးဝင်သော ပစ္စည်းဆိုလျှင် ဝယ်ယူရသည်မှာ တန်ပေသည်။ ထိုအရူးမ ချန်ချင်းယွီသည်လည်း သူမကို ပိုက်ဆံမတောင်းဘဲ ဝယ်ခိုင်းခြင်းဖြစ်ရာ သူမအနေဖြင့် ဝမ်းသာအားရ ဝယ်ပေးလိုက်မည်သာ။အိမ်အတွက် ပစ္စည်းတိုးလာခြင်းမှာ ကောင်းမွန်သော ကိစ္စပင်ဖြစ်၏။
"ဒါလည်း ဟုတ်တာပါပဲ၊ ဒါတွေက ဝယ်ထားသင့်တဲ့အရာတွေပါ"
ပိုင်ဖုန်းရှန်းသည်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
မာကျန့်ယီ ငါးကို တစ်ချက်ကြည့်ကာ
"အဒေါ်ကြီးကျောက်အတွက် လက်မှတ်အနည်းငယ် ပိုရှာပေးလိုက်ပါဦး”
ပိုင်ဖုန်းရှန်းသည်လည်း ပြန်လည်တုံ့ပြန်၍
"ကောင်းပြီ”
အဘွားကြီးကျောက်သည် မာဝေကျွင်းကို တစ်ချက်ကြည့်ကာ "ဝေကျွင်းက ဘယ်တုန်းက ပြန်ရောက်တာလဲ၊ အဒေါ် မမြင်မိပါလား" ဟု နှုတ်ဆက်လိုက်သည်။
မာဝေကျွင်း: "ဒီနေ့ နေ့လယ်ကမှ ပြန်ရောက်တာပါ"
သူသည် စကားပြောနည်းသူဖြစ်သည့်အပြင် ဝင်းထဲရှိ အဒေါ်ကြီးများနှင့်လည်း စကားဖောင်ဖွဲ့တတ်သူ မဟုတ်ပေ။ ခေါင်းငုံ့၍သာ ထမင်းစားနေ၏။
"ဒီတစ်ခါ အိမ်မှာ ဘယ်နှစ်ရက်လောက် နေမှာလဲ"
အဘွားကြီးကျောက်မှာ စေတနာရှေ့ထားကာ ထပ်မေးပြန်သည်။
မာဝေကျွင်း: "ကျွန်တော် အလုပ်သွားရတာဆိုတော့ အဆောင်မှာနေတာက ပိုပြီး အဆင်ပြေပါတယ်"
သူသည် စကားအဆုံး၌ ခေါင်းပြန်ငုံ့ကာ ထမင်းကိုသာ ဆက်လက်စားနေပြန်သည်။
အဘွားကြီးကျောက်မှာလည်း လျှာတသပ်သပ်ဖြင့် "ဒီကလေးကတော့ ပြောရဆိုရ တကယ့်ကို ခက်တာပဲ" ဟု စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချမိ၏။
သို့သော် သူမသည် မာဝေကျွင်းကို ဆက်လက်၍ စကားမဖောင်ဖွဲ့တော့ဘဲ ရရှိလာသော စက်မှုကုန်ထုတ်လက်မှတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ညစာစားရန် အိမ်သို့သာ ခပ်သုတ်သုတ် ပြန်လာခဲ့သည်။ သူမ ထွက်ခွာသွားပြီးနောက် မာကျန့်ယီသည် သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲ၌ တစ်မျိုး မတင်မကျ ဖြစ်နေရ၏။ သို့သော် သူသည် ဒေါသကို အနိုင်နိုင်ထိန်းကာ ဆူပူကြိမ်းမောင်းခြင်း မပြုသေးပေ။
ဝေမြောင်မှာမူ မျက်နှာလေး ဝင်းပလျက်
"အမေ... မနက်ဖြန်ကျရင် ကျွန်မတို့ ငါးဟင်းစားရမှာလားဟင်"
ပိုင်ဖုန်းရှန်း သူမ၏ခင်ပွန်း မာကျန့်ယီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
"ဒီနေ့လည်း အမေတို့ ကောင်းကောင်းစားထားပြီးပြီပဲသမီးရဲ့၊ နေ့တိုင်းကြီးတော့ အဲဒီလောက် မစားနိုင်ပါဘူး။ သဘက်ခါမှပဲ စားကြတာပေါ့"
"ဟုတ်ကဲ့ပါ အမေ.."
ဝေမြောင်မှာ ဝမ်းသာအားရဖြင့် တုံ့ပြန်လိုက်၏။
သဘက်ခါဆိုတာ… သိပ်မဝေးတော့ပါဘူးလေ…
ထိုစဉ် မာကျန့်ယီ သားဖြစ်သူဘက်သို့ ပြန်လှည့်ကာ စကားဆိုလိုက်သည်။
"မင်းလည်း သဘက်ခါကျရင် အိမ်မှာလာပြီး ထမင်းစားဦး"
မာဝေကျွင်း ခေတ္တမျှ တွေဝေသွားပြီးနောက် လေသံတိုးတိုးဖြင့်
"သဘက်ခါကျရင် ကျွန်တော် အစ်မဟုန်တို့အိမ်မှာ အလုပ်သွားကူရဦးမယ် အဖေ"
"ဖြောင်း…"
မာကျန့်ယီသည် လက်ထဲမှ ထမင်းစားတူကို စားပွဲပေါ်သို့ အားပြင်းပြင်းဖြင့် ရိုက်ချလိုက်ကာ ဟိန်းဟောက်လိုက်တော့သည်။
"မင်း... မင်းကတော့ တကယ့်ကို မပြုပြင်နိုင်တဲ့ကောင်ပဲ…မုဆိုးမတစ်ယောက်မရှိရင် မင်း မနေနိုင်တော့ဘူးလား။ ငါ့ဗိုက်ထဲကနေ ဒီလိုအကောင်မျိုး ဘယ်လိုထွက်လာတာလဲ။ မင်းကတော့ ငါ့ကို ရူးအောင်လုပ်နေတာပဲ။ အလုပ်အကိုင်ကောင်းကောင်း၊ လူရည်မွန်လေးဖြစ်ပါလျက်နဲ့ ဘာလို့ အပျိုစင်လေးတစ်ယောက်ကို ရှာမတွေ့ရတာလဲ။ ဘာလို့ သူတစ်ပါးကိစ္စတွေထဲ လိုက်ပြီး ပတ်သက်နေရတာလဲ။ ငါကတော့လေ... အပြင်မှာ သူများအမှုတွေကို လိုက်ပြီး စီရင်ပေးနေရပေမဲ့ ကိုယ့်အိမ်ကအမှုကျတော့ ဖြေရှင်းလို့ကို မနိုင်တော့ဘူး။ မင်းက ဘာဖြစ်ချင်နေတာလဲ ပြောစမ်း"
မာဝေကျွင်းသည် ခေါင်းငုံ့ထားသော်လည်း သူ၏လေသံမှာမူ ပြတ်သားလှသည်။
"အစ်မဟုန်က လူကောင်းတစ်ယောက်ပါ အဖေ"
"မင်း ရူးနေပြီလား…လူကောင်းဟုတ်လား... အပြင်မှာ လူကောင်းတွေ အများကြီးရှိတာပဲ၊ အပျိုလူပျိုထဲက လူကောင်းတစ်ယောက်ကို မရှာနိုင်ဘူးလား။ ဘာလို့ ကိုယ့်ထက် ဆယ်နှစ်တောင်ကြီးပြီး ကလေးတစ်ဖက်နဲ့လူကိုမှ ရွေးနေရတာလဲ.."
"တော်ပြီ... တော်ပြီ၊ ငါ ဘာမှမပြောချင်တော့ဘူး။ ငါ့ခေါင်းတွေ တအားကိုက်လာပြီ၊ မင်းဘာသာမင်းပဲ စားတော့"
မာကျန့်ယီ နားထင်ကိုဖိလျက် ပြောဆိုကာ တူကိုပစ်ချလျက် ထွက်သွား၏။
မာဝေကျွင်းမှာမူ ခေါင်းငုံ့လျက် ထမင်းကိုသာ အဆက်မပြတ် ခပ်စားနေမိ၏။
ဝေမြောင်မှာ သူမ၏အစ်ကိုဖြစ်သူကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်နေမိသော်လည်း ဘာမှတော့ ဝင်မပြောတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူမသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ကြိမ်မက ကြုံဖူးပြီးသားဖြစ်ကာ၊ သူမ၏အစ်မဖြစ်သူသည်လည်း အလားတူပင် ပြုမူခဲ့ဖူးသောကြောင့်တည်း။
သူမ မတားနိုင်ပါ… တကယ်ကို မတားနိုင်တာပါရှင်..
လုံးဝကို တား၍ရမည် မဟုတ်မှန်း သူမ သိသည်။
ပြန်စဉ်းစားကြည့်တော့…
သူတို့ အစ်ကိုကြီး ကျေးလက်ကိုဆင်းမယ်ဆိုပြီး ဇွတ်အတင်းလုပ်
တုန်းကလည်း ဒီအတိုင်းပဲ…
ရွာရောက်တော့လည်း ပင်ပန်းတယ်ဆိုပြီး ညည်းတွား…အိမ်ထောင်ပြုမယ်ဆိုပြီး ဇွတ်တရွတ် လုပ်ခဲ့တုန်းကလည်း ဒီပုံစံအတိုင်းပဲ မဟုတ်လား…
ငါတို့မိသားစု ရိုးရာထင်ပါရဲ့…
ဝေမြောင်သည် ဤအခြင်းအရာများကို မြင်တွေ့ရဖန်များသဖြင့် ယခုအခါ အသားကျနေပြီ ဖြစ်သည်။
နေသားကျနေပါပြီလေ…
အရာရာကို မြင်တွေ့နားလည်သွားသော မိန်းကလေးငယ်တစ်ဦးပမာ သူမသည်လည်း ဘာမှမပြောတော့ဘဲ ခေါင်းငုံ့ကာ ထမင်းကိုသာ ဆက်စားနေ၏။
စားစရာရှိတာကို စားနေတာ အကောင်းဆုံးပဲ..
မာမိသားစု၏ တတိယသား ပြန်ရောက်လာသော်လည်း သူ့မျက်နှာတွင် အပြုံးအရိပ်အယောင် မရှိဘဲ တစ်အိမ်လုံးမှာလည်း သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေတော့သည်။ ပိုင်ဖုန်းရှန်းသည် သက်ပြင်းတစ်ချက်ချကာ ငါးကို သိမ်းဆည်းလိုက်၏။ ပုံမှန်ဆိုလျှင် ဤကဲ့သို့ လက်ဆောင်ရခြင်းမျိုးသည် သူမကို ပျော်ရွှင်စေသင့်သော်လည်း ယခုမူ သူမ တကယ်မပျော်နိုင်ပေ။
သူမသည် သားဖြစ်သူကို စိုးရိမ်တကြီး ကြည့်နေမိသည်။ သားဖြစ်သူ၏ အကြိုက်ကိုလည်း သူမ လုံးဝနားမလည်နိုင်တော့ပေ။
ဘာလို့များ ကိုယ့်ထက်အသက်ကြီး သန်မာထက်မြက်လွန်းတဲ့ မုဆိုးမအမျိုးသမီးကိုမှ ရွေးပြီး ချစ်နေရတာလဲ…
နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတွေ အဲ့လောက်ရှားနေလို့လား…
တစ်အိမ်လုံး တိတ်ဆိတ်နေချိန်တွင် ယွမ်ရှောင်ချွေ့သည် ပြတင်းပေါက်မှ အကြိမ်အနည်းငယ် ချောင်းကြည့်ပြီးနောက်
"ဟို အဘွားကြီးကျောက်က ငါးလာပေးတာလား။ ဘာလို့ ငါတို့အိမ်ကိုကျတော့ လာမပေးတာလဲ"
သူမ မကျေမနပ်ဖြင့်ပင် ဆက်ပြောလိုက်ကာ
“ကြည့်ပါဦး ဘယ်လောက်ဖားယားနေလဲဆိုတာကို.. ဒါကြောင့် ဦးလေးမာက သူတို့မိသားစုဘက်က အမြဲကာကွယ်ပေးနေတာကိုး"
ယွမ်ဟောက်ရွှယ်မှာ တားမြစ်ပြောဆိုလိုက်ပြီး
"လျှောက်မပြောပါနဲ့။ ဦးလေးမာက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ ငါထင်တာတော့ သူ တစ်ခုခု လာလဲတာ ဖြစ်လိမ့်မယ်"
ယွမ်ဟောက်မင်သည်လည်း
"ဟောက်ရွှယ် ပြောတာမှန်တယ်။ ရှောင်ချွေ... နင်က ဟောက်ရွှယ်ဆီက သင်ယူဦးမှ။ ဦးနှောက်ကိုလည်း သုံးစမ်းပါဦး။ နင်ပဲ စဉ်းစားကြည့်လေ၊ အဒေါ်ကျောက်လို စကားလည်းနာ၊ စိတ်လည်းပုပ်၊ ကပ်လည်းစေးတဲ့လူမျိုးက အလကားပေးပါ့မလား။ တစ်ခုခုနဲ့ လဲတာပဲ ဖြစ်မှာပေါ့"
ယွမ်ဟောက်မင် ဆိုလိုက်သည့် စကားကြောင့် ရှောင်ချွေမှာ နှုတ်ခမ်းလေးစူသွားပြီး ယွမ်ဟောက်ရွှယ်မှမှာမူ ပြုံးနေလေသည်။
"အခု မေလထဲ ရောက်တော့မယ်၊ ဇူလိုင်လဆန်းမှာ နင်တို့ အထက်တန်းအောင် ဘွဲ့လက်မှတ်တွေ ရတော့မယ်။ ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
ယွမ်ဟောက်မင် မေးကာ သက်ပြင်းချရင်း
"နင့်အမေကပဲ လမ်းကြောင်းလေးတွေရှာပြီး အခွင့်အရေးရအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ရတာပဲ"
ဤကိစ္စကို ပြောလိုက်သည်နှင့် ယွမ်ဟောက်ရွှယ်ရော ယွမ်ရှောင်ချွေပါ စိတ်မသက်မသာ ဖြစ်သွားကြရ၏။
သူတို့အားလုံး ကျေးလက်သို့ ဆင်းကြရတော့မည်။ ယွမ်ဟောက်ရွှယ်သည် ဘွဲ့ရကာစဖြစ်ပြီး ယွမ်ရှောင်ချွေမှာမူ အထက်တန်းမအောင်ဘဲ အိမ်မှာပင် သောင်တင်နေသူဖြစ်ရာ ရပ်ကွက်ကော်မတီမှလည်း အိမ်သို့ အကြိမ်ကြိမ် လာရောက်နေပြီ ဖြစ်သည်။ ယွမ်မိသားစုမှာ အစွမ်းကုန် အောင့်အည်းခံနေရ၏။
ရုတ်ချည်းပင် သူတို့၏ အခြေအနေမှာ အတော်လေး ဆိုးရွားသွားရသည်။
ကျေးလက်သို့ ကလေးများကို လွှတ်ရမည့် မည်သည့်မိသားစုမဆို စိုးရိမ်ပူပန်ကြသည်မှာ ထုံးစံပင်။
ယွမ်ဟောက်မင် သမီးနှစ်ယောက်ကို ကြည့်ကာ စကားစလိုက်၏။
"ဒါနဲ့... အဒေါ်ကျောက်ရဲ့ ချွေးမ၊ ဟိုမုဆိုးမလေးကို နင်တို့သိတယ်မဟုတ်လား"
မသိဘဲ နေပါ့မလား…
သမီးနှစ်ယောက်လုံးသည် သူတို့အဖေ၏ အစပျိုးစကားမှာ အဓိပ္ပာယ်မရှိလှဟု တွေးနေကြသည်။
ယွမ်ဟောက်မင်: "သူ ဘာလို့ ကျေးလက်ကို ဆင်းစရာမလိုခဲ့တာလဲ နင်တို့သိလား"
ယွမ်ရှောင်ချွေ: "အဲဒီတုန်းက အဲဒီလိုမူဝါဒ မရှိလို့ မဟုတ်ဘူးလား"
ယွမ်ဟောက်မင်: "ဘယ်ကလာ မရှိရမှာလဲ.. သူက ၁၉၇၀ အစောပိုင်းမှာ လက်ထပ်ခဲ့တာလေ၊ ဘာလို့ မရှိရမှာလဲ။ သူ နယ်မဆင်းရတာ လက်ထပ်လိုက်လို့ပဲ"
ယွမ်ဟောက်မင် လေးလေးနက်နက်ပင် ဆက်ပြောကာ
"တကယ်လို့ အဆင်မပြေတော့ဘူးဆိုရင် အဖေကတော့ နင်တို့ကိုလည်း သူ့လိုပဲ စောစောလက်ထပ်စေချင်တယ်။ ဒါမှ ကျေးလက်မှာ သွားပြီး ဒုက္ခခံရတာကို ရှောင်နိုင်မှာ"
ယွမ်ဟောက်ရွှယ် ချက်ချင်းပင် ပြတ်သားစွာ တုံ့ပြန်လိုက်၏။
"သမီးတော့ မလုပ်နိုင်ဘူး။ တွက်ကိန်းတွေနဲ့ ပြည့်နေတဲ့ အိမ်ထောင်ရေးထဲမှာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံမယ့်အစား ကျေးလက်မှာသွားပြီး ဒုက္ခခံရတာကမှ ပိုကောင်းဦးမယ်။ သမီးကတော့ စစ်မှန်တဲ့အချစ်ကိုပဲ ရှာချင်တယ်၊ ကိုယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ချင်တယ်။ မြို့မှာနေခွင့်ရဖို့အတွက်နဲ့တော့ ဘယ်တော့မှ လက်မထပ်နိုင်ဘူး"
ယွမ်ရှောင်ချွေမှာလည်း "သမီးလည်း အတူတူပဲ" ဟု ထောက်ခံလေငည်။
ယွမ်ဟောက်မင်မှာမူ "နင်တို့ကလေးတွေကတော့... တကယ်ပဲ..." ဟု သက်ပြင်းချရုံသာ တတ်နိုင်တော့၏။
"မြို့မှာနေရဖို့အတွက်နဲ့ အစ်မချန်လိုမျိုး အသက်ရှင်ရမယ်ဆိုရင် သမီးတော့ ထွက်သွားတာပဲ ပိုကောင်းမယ်။ သိက္ခာမဲ့တဲ့ သူ့ဘဝမျိုးရဲ့ အစိပ်အပိုင်းလေးတစ်ခုကိုတောင် သမီး အဖြစ်မခံနိုင်ဘူး"
ယွမ်ဟောက်ရွှယ် ပြတ်ပြတ်သားသား ဆိုလိုက်၏။
ယွမ်ရှောင်ချွေမှာလည်း သံယောင်လိုက်ကာ "သမီးလည်း အဲဒီအတိုင်းပဲ" ဟု ဆိုပြန်သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်အတင်းပြောနေသောကြောင့် ချန်ချင်းယွီမှာ တရွှီးရွှီးနှင့် နှာချေနေ၏။ သူမ နှာခေါင်းကိုပွတ်ရင်း
“ဘယ်သူကများ ငါ့အတင်းကို နောက်ကွယ်မှာ ပြောနေပါလိမ့်။ အမေကလည်း မုန့်သားကို နယ်ထားဦးလေ၊ ကျွန်မက နှာချေနေတော့ မသန့်ရှင်းမှာ စိုးလို့…”
အဘွားကြီးကျောက်မှာ ဆွံ့အသွားကာ "..."
ငါကတော့ နင် အလုပ်မလုပ်ချင်လို့ အကြောင်းပြချက် ပေးနေတယ်လို့ပဲ သံသယဖြစ်မိတယ်အေ…
ငါ အဘွားကြီးလည်း နင်ခိုင်းသမျှခံနေရတာ ဘာသိက္ခာမှကို မရှိတော့ပါလား…
အီးဟီး… လူဖျင်းမ…
၅၂။ စာအုပ်သူခိုး
ချန်ချင်းယွီတစ်ယောက် ကလေးငယ်နှစ်ဦးကို ခေါ်ဆောင်ကာ မြစ်ကမ်းစပ်၌ ငါးဖမ်းသည့် အေးချမ်းသောနေ့ရက်များသို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားလေသည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ နားလည်လွယ်ပြီး လိမ္မာယဉ်ကျေးလွန်းသည့်အတွက် သူမအဖို့ သူတို့လေးများသည် ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော နတ်သူငယ်လေးများနှင့်ပင် တူလှ၏။ အနည်းငယ် ကပ်တွယ်တတ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ သူမ၏အမြင်တွင်မူ ထိုကလေးနှစ်ဦးမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးသော အဖော်မွန်လေးများသာတည်း။
လာမည့်တနင်္ဂနွေနေ့သည် ရွှီကောင်းမင်မှ ဝင်းအတွင်းရှိ ဧည့်သည်တော်များကို တည်ခင်းဧည့်ခံမည့်နေ့ ဖြစ်သည်။ ထို့ကြောင့်ပင် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ရှီကျန့်ရှန်းတစ်ယောက် အလုပ်များလွန်း၍ ခေါင်းမဖော်နိုင်အောင် ရှိနေ၏။
သူမသည် အိမ်ထဲအိမ်ပြင် အဝင်အထွက် အကြိမ်ကြိမ်လုပ်ကာ ဟင်းသီးဟင်းရွက်များကို ပြင်ဆင်နေပြီး၊ ရပ်ကွက်အတွင်းရှိ အိမ်နီးချင်းများထံမှ အသားဝယ်ယူခွင့်လက်မှတ်များကိုလည်း ကြိုတင်လဲလှယ် စုဆောင်းထားလေသည်။ အရာရာကို လက်မှတ်ဖြင့်သာ ဝယ်ယူ၍ရသော ထိုခေတ်ကာလတွင် လက်မှတ်မရှိလျှင် မည်သည့်အရာကိုမျှ ဝယ်ယူ၍မရနိုင်သည်မှာ အမှန်ပင်။
ဤတစ်ကြိမ် ရွှီကောင်းမင်တို့ ဇနီးမောင်နှံ ကျင်းပမည့် ဧည့်ခံပွဲမှာ စားပွဲဝိုင်းပေါင်း (၁၀) ဝိုင်းတိတိ ရှိသည့်အတွက် အတော်ပင် ကြီးကျယ်ခမ်းနားသော ပွဲတစ်ခုဟု ဆိုရပေမည်။ ရှီကျန့်ရှန်းသည် အဒေါ်ကြီးမေ့၊ ပိုင်ဖုန်းရှန်းနှင့် အဘွားကြီးဝမ်တို့ကဲ့သို့သော သူများကို အကူအညီတောင်းခဲ့သော်လည်း ချန်ချင်းယွီကိုမူ လုံးဝပင် ဖိတ်ကြားခြင်း မပြုခဲ့ပေ။
အဘွားကြီးကျောက် ငါးလဲလှယ်ပေးရန် ငြင်းဆန်ခဲ့သည့်
အချိန်မှစ၍ ရှီကျန့်ရှန်းသည် ချန်ချင်းယွီကို တွေ့သည့်အခါတိုင်း မျက်နှာလွှဲခဲပစ် လုပ်နေ၏။ သူမသည် အခြားသူများကို စည်းရုံးပြီး ချန်ချင်းယွီကို အပယ်ခံဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ချန်ချင်းယွီအတွက်မူ ထိုအပြုအမူများမှာ ကလေးကစားစရာကဲ့သို့သာ မြင်မိလေသည်။
ရှီကျန့်ရှန်း၏ "မျက်ကွယ်ပြုခြင်း" နည်းဗျူဟာမှာ ချန်ချင်းယွီအတွက် အချည်းနှီးသာ ဖြစ်၏။ ချန်ချင်းယွီသည် နေ့စဉ်နေ့တိုင်း မိမိအလုပ်နှင့်မိမိ မအားမလပ် ဖြစ်နေသူဖြစ်ရာ ရှီကျန့်ရှန်း၏ ရည်ရွယ်ချက်ရှိရှိ အပယ်ခံလုပ်မှုကို ဂရုစိုက်ရန်ပင် အချိန်မရှိချေ။ အခြားသူများကို စုစည်းပြီး သူမကို ဖယ်ကြဉ်ထားခြင်းမှာ သူမအမြင်တွင် အလွန်ပင် ရယ်စရာကောင်းလှသည်။ စားပွဲဝိုင်း (၁၀) ဝိုင်းစာ ဟင်းချက်ကူညီရမည်ဆိုလျှင် အလွန်ပင် ပင်ပန်းမည်ဖြစ်ရာ၊ ရှီကျန့်ရှန်း သူမကို အကူအညီမတောင်းသည့်အတွက်
ကျေးဇူးပင်တင်နေမိ၏။
ထို့ကြောင့်ပင် ချန်ချင်းယွီသည် နေ့စဉ်နေ့တိုင်း ရေပုံးတစ်ပုံးကိုဆွဲ၊ ကလေးနှစ်ဦးကို လက်ဆွဲကာ ငါးဖမ်းထွက်မြဲအတိုင်း ထွက်လာခဲ့သည်။ ငါးရသည့်ပမာဏမှာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ငါးဖမ်းရခြင်း၏ အရသာကို ခုံမင်နှစ်သက်မိသော "ငါးဖမ်းဝါသနာအိုး" တစ်ယောက်အဖို့ ဤအလုပ်မှာပင် ပျော်စရာကောင်းလှ၏။
သာမန်လူတွေကတော့ ဘယ်နားလည်နိုင်မလဲ…
ချန်ချင်းယွီသည် ယနေ့တွင်လည်း ထုံးစံအတိုင်း ငါးဖမ်းထွက်ရန် ပြင်ဆင်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်၌ စက်မှုထုတ်ကုန်လက်မှတ်များ လဲလှယ်ခဲ့သည့်အတွက် သူမသည် ကိုယ်ပိုင်ထမင်းဘူးကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်လာနိုင်ခဲ့၏။ ယခုရက်ပိုင်းတွင် ပေါက်စီအေးများအစား ထမင်းနှင့် ဟင်းအမယ်များကို ပြောင်းလဲထည့်သွင်းလာခဲ့သည်။ ချန်ချင်းယွီသည် ထမင်းဘူးကို ရေနွေးဘူးဘေးတွင် အမြဲကပ်ထားတတ်သဖြင့် စားခါနီးအချိန်တွင် ထမင်းမှာ ခပ်နွေးနွေးလေး ဖြစ်နေတတ်သည်။ ထမင်းထဲသို့ ရေနွေးအနည်းငယ် ဆမ်းလိုက်ရုံဖြင့် အနေတော်ဖြစ်သွားပြီး "အခက်အခဲရှိလျှင် အဖြေရှိစမြဲ" ဟူသော စကားမှာ သူမအတွက် သင့်တော်လှ၏။
သူမ နေ့စဉ်ငါးမျှားထွက်ဖြစ်သကဲ့သို့ အိမ်တွင် ငါးစားသုံးမှုနှုန်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ပိုလျှံသောငါးများကိုပင် ငါးဆားနယ်ခြောက်အဖြစ် နှစ်ကောင်တိတိ အခြောက်လှန်းထားနိုင်ခဲ့ပြီ ဖြစ်သည်။ ငါးများကို တိတ်တဆိတ် ဝယ်ယူနေရသဖြင့် သူမ စုဆောင်းထားသော ငွေကြေးအနည်းငယ် လျော့ပါးလာသော်လည်း ချန်ချင်းယွီသည်ကား ထိုအချက်ကို သိပ်ပြီး ဂရုမစိုက်ပေ။ လူများအတွက် ကျန်းမာရေးသည်သာ ပထမ ဖြစ်၍ အာဟာရပြည့်ဝမှသာ ကျန်းမာပေမည်။ သို့မဟုတ်လျှင် "ငွေတွေမကုန်သေးခင် လူက အရင်သေသွားရခြင်း" ဟူသော စကားအတိုင်း ဖြစ်သွားပေလိမ့်မည်။ ထိုအခြေအနေမျိုးကို သူမ အဖြစ်မခံနိုင်ချေ။ ငွေကုန်သွားလျှင် ပြန်ရှာ၍ ရသော်လည်း အသက်မရှိတော့လျှင် ဘာမှလုပ်၍ မရနိုင်သဖြင့် သူမသည် အစားအသောက်တွင် စည်းစိမ်ရှိရှိ စားသုံးရန် ဆုံးဖြတ်ထား၏။
ယခုအချိန်တွင် ချန်ချင်းယွီတို့ မိသားစု၏ စားသောက်မှုပုံစံမှာ တစ်ရပ်ကွက်လုံးတွင် အကောင်းဆုံးဖြစ်နေသည်မှာမြေကြီးလက်ခတ်မလွဲပင်။ လူမသိသူမသိ တိတ်တဆိတ် စားသောက်နေကြခြင်း ဖြစ်သော်လည်း ၎င်းမှာ ငြင်းမရသော အမှန်တရားဖြစ်၏။
အချိန်ကုန်သည်မှာ မြန်ဆန်လွန်းလှပြီး "မေဒေး" အလုပ်သမားနေ့ အားလပ်ရက်သို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရွှီကောင်းမင်၏ ဧည့်ခံပွဲသည်လည်း ဤအားလပ်ရက်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်နေသဖြင့် ဝင်းထဲတွင် နေထိုင်သူများသာမက အပြင်တွင် နေထိုင်သူများပင် အကုန်အစင် ရောက်ရှိနေကြ၏။
သို့သော် ထိုသူများ အားလုံး စုရုံးနေကြခြင်းမှာ ရွှီကောင်းမင်အပေါ် ချစ်ခင်မြတ်နိုးလွန်း၍တော့ မဟုတ်ပေ။ တစ်ပတ်လုံးလုံး ဝင်းထဲတွင် ပြောစရာစကားမှာ ရွှီကောင်းမင်၏ "ဧည့်ခံပွဲ" နှင့် "ဟင်းအမယ်များ" အကြောင်းမှတစ်ပါး အခြားမရှိခဲ့ချေ။ လူတိုင်း၏ စိတ်အာရုံမှာ ထိုပွဲတော်ကြီးဆီသို့သာ ရောက်ရှိနေကြသည်။ မနက်ဖြန်သည် ပွဲနေ့ဖြစ်ရာ ဝင်းထဲရှိ လူအတော်များများမှာ ညကတည်းက အစာကို လျှော့စားကာ ဗိုက်ကို နေရာချန်ထားကြ၏။
အဘွားကြီးကျောက် အလုပ်ခွင်တွင် နေ့လယ်စာ ကျွေးသောကြောင့်သာ တော်တော့သည်။ မဟုတ်လျှင် သူမလည်း အခြားသူများနည်းတူ အငတ်ခံနေမည်မှာ သေချာသည်။ သို့သော်လည်း အဘွားကြီးကျောက်သည် ယမန်နေ့ည၌ အစာမစားဘဲ နေခဲ့ပြီး၊ ယနေ့ညနှင့် မနက်ဖြန် မနက်စာကိုပါ ကျော်ဖြတ်ကာ မနက်ဖြန် နေ့လယ်စာ စားပွဲကြီးကိုသာ အားခဲ၍ စောင့်စားနေ၏။
အဘွားကြီးကျောက်ထက် အခြေအနေပိုဆိုးသော သူများလည်းရှိနေသည်။ အဘွားကြီးကျောက်မှာ ညစာများဖြတ်ထားသာဖြစ်သော်လည်း အဒေါ်ကြီးမေ့မှာမူ အစာပါဖြတ်ထား၏။
သောက်ကျိုးနည်း…လွန်လွန်းလှချည်လား…
ချန်ချင်းယွီမှာ တွေးကြည့်ရုံနှင့်ပင် ခေါင်းနားပန်းကြီးသွားရသည်။ ရွှီကောင်းမင်မှာ စားပွဲဝိုင်း (၁၀) ဝိုင်း ပြင်ထားသည်ဆိုသော်လည်း လာမည့်လူဦးရေသည် ထိုထက်မက များပြားနေမည်မှာ သေချာ၏။
ထိုအခါ... ဟူး၊ စဉ်းစားသာ ကြည့်ပါတော့…
ချန်ချင်းယွီသည် ထိုပွဲသို့မသွားရန် ဆုံးဖြတ်ထားသည်မှာ မှန်ကန်သည်ဟု မိမိကိုယ်ကိုယ် တစ်ဖန်ပြန်၍ ချီးမွမ်းမိပြန်သည်။ တစ်ဝင်းလုံးတွင် သူမနှင့် သူမ၏ ကလေးငယ်နှစ်ဦးသာ ထိုပွဲသို့ မတက်ရောက်မည့်သူများ ဖြစ်ပေလိမ့်မည်။ ချန်ချင်းယွီသည် ရွှီကောင်းမင်၏ စရိုက်ကို လုံးဝမယုံကြည်ကာ၊ ထိုပွဲရှိအစားအသောက်များကို စားမိ၍ ကလေးများ ဗိုက်နာဝမ်းလျှောဖြစ်မည်ကိုလည်း အလွန်စိုးရိမ်မိသည်။
ဤကလေးများသည် သူမ၏ ရင်သွေးများဖြစ်ရာ အဘယ်မှာ မစိုးရိမ်ဘဲ ရှိမည်နည်း။
ချန်ချင်းယွီမှာ ခေတ်ကူးပြောင်းလာသူဖြစ်ပြီး ကလေးများကို အလွန်အမင်း ချစ်ခင်တတ်သူ မဟုတ်သော်လည်း အသွေးအသားချင်း ဆက်နွှယ်မှုကြောင့်လော့ သို့မဟုတ် မျိုးရိုးဗီဇကြောင့်လော့ မသိပေ။ ထိုကလေးနှစ်ဦးအပေါ် သံယောဇဉ်တွယ်နေမိသည်မှာအမှန်ပင်။
သူမ နားမလည်နိုင်သော်လည်း လက်ရှိတွင် ထိုကလေးငယ်နှစ်ဦးမှာ အနည်းငယ် ပြည့်ဖြိုးလာပြီး ပိန်ချောင်နေသော ပါးလေးများမှာ ဝိုင်းစပြုနေပြီဖြစ်သည်။ ကလေးများကို ဒုက္ခမပေးချင်သဖြင့် သူမသည် ထိုပွဲသို့မသွားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထား၏။
ယနေ့ သူမ၏ ငါးရနှုန်းမှာ ထင်သလောက် မကောင်းလှပေ။ မေဒေးအားလပ်ရက် နီးကပ်လာသဖြင့် လူတိုင်း မိသားစုပြန်လည်ဆုံစည်းနေကြ၍ လွန်ခဲ့သော နှစ်ရက်အတွင်း ငါးဝယ်ရန် ခက်ခဲနေကာ သူမကိုယ်တိုင် ဖမ်း၍ရသော ငါးမှာလည်း အနည်းငယ်သာ ရှိသည်။
ကလေးနှစ်ဦးကို ခေါ်၍ အိမ်ပြန်ရောက်သည့်အခါ တံခါးဝတွင် အဘွားကြီးဝမ်နှင့် ဆုံလေ၏။ အဘွားကြီးဝမ် ချန်ချင်းယွီ၏ ရေပုံးကို တစ်ချက်ကြည့်ကာ...
"ဒီရက်ပိုင်း ငါးမျှားတာ အခြေအနေ သိပ်မဟန်ဘူး ထင်တယ်"
"ငါးမျှားတယ်ဆိုတာ ဒီလိုပါပဲ အန်တီရယ်၊ ကံကောင်းရင် အများကြီးရပြီး ကံမကောင်းရင်တော့ မရဘူးပေါ့။ ဒါနဲ့ ဒေါ်လေးဝမ်က ဘာလုပ်မလို့လဲ..."
အဘွားကြီးဝမ် သူမစကားကို ဖြတ်ပြောလိုက်ပြီး
"ငါ အိမ်သာသွားမလို့ဟဲ့"
သူမ အနည်းငယ် မောက်မာသော လေသံဖြင့် ဆက်လက်ကာ
"ဒီဝင်းထဲက လူတွေကို ကြည့်စမ်းပါဦး၊ မနက်ဖြန် စားပွဲကြီးအတွက်ဆိုပြီး ဒီနေ့ အစာအငတ်ခံနေကြတာ အိမ်သာတောင် သွားစရာ မရှိတော့ဘူး။ ငါကတော့ သူတို့လို မဟုတ်ဘူး။ ငါ့မိသားစုက အဆင်ပြေပြီးသား၊ ထမင်းတစ်နပ်စာအတွက်နဲ့တော့ ဒီလောက်အထိ အောက်ကျမခံနိုင်ပါဘူး။ ငါ့သား ကျန့်ကော်ဆိုရင်လည်း လူတိုင်းအပေါ်မှာ နေတာ၊ ငါက သူ့အမေပဲ၊ ဒီလောက်တော့ စာမဖွဲ့ပါဘူး"
ချန်ချင်းယွီ ခပ်ဖွဖွလေး ရယ်မောရင်း ခေါင်းညိမ့်ပြလိုက်ကာ
"ဒေါ်လေးပြောတာ မှန်ပါတယ်"
အဘွားကြီးဝမ် စကားမဆုံးသေးဘဲ ဆက်၍
"ညည်းကိုကြည့်ရတာလည်း ဟုတ်နေတာပဲ၊ ငါးမျှားတာက ဘာထူးမှာမလို့လဲ။ အမြဲတမ်း စောစောစီးစီး ထွက်သွားလိုက်တာ။ ညည်း ဒေါ်လေးရှီမှာ ပြင်ဆင်စရာတွေ အများကြီး ရှိနေတာကို ကူညီသင့်တာပေါ့။ လူငယ်တွေက အလုပ်ကျတော့ မကူချင်ဘူး၊ စားဖို့ကျတော့ ရှေ့ဆုံးကပဲ။ ဒီလောက် ပျင်းနေတာတော့ မကောင်းဘူးနော်"
အဘွားကြီးဝမ်သည် ချန်ချင်းယွီကို ထိုနေရာတွင် ဆုံးမဩဝါဒများ စတင်ခြွေလေသည်။
ချန်ချင်းယွီ မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း
“ကျွန်မတို့အိမ်မှာက ယောက္ခမကပဲ အရာရာကို ဆုံးဖြတ်တာလေ။ ဒေါ်လေးရှီက သူနဲ့အရင်မတိုင်ပင်ဘဲနဲ့ ကျွန်မက ဘယ်လိုလုပ် ကိုယ့်အလုပ်ကိုပစ်ပြီး သူများကိစ္စတွေ လိုက်ကူညီလို့ ရပါ့မလဲ။ မနက်တိုင်း ယောက္ခမက ကျွန်မကို အိမ်အလုပ်တွေ ခွဲတမ်းချပေးတာ၊ အဲဒါတွေကို မပြီးမချင်း တခြားဘာမှ လုပ်လို့မရဘူး။ သူသိသွားရင် စိတ်တိုနေဦးမယ်။ ဒေါ်လေးဝမ်လည်း ကျွန်မအခြေအနေကို နားလည်မှာပါနော်"
သူမ ခပ်သာသာလေး ပြုံးပြလိုက်သော်လည်း အဘွားကြီးဝမ်မှာနားလည်ပေးနိုင်စွမ်း မရှိလှပေ။ သူမ နှုတ်ခမ်းကို မဲ့လိုက်ရင်း ဤမုဆိုးမလေးမှာ မာနမရှိကာ ဆုံးဖြတ်ချက်မပြတ်သားသူဟု စိတ်ထဲမှ ကဲ့ရဲ့နေ၏။ သို့သော်လည်း အဘွားကြီးကျောက် တိုက်ရိုက်ပုတ်ခတ်ပြောဆိုရန် မဝံ့ရဲသဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ စကားဆို၍ ခပ်သုတ်သုတ် ထွက်ခွါသွားသည်။
"နင်တို့ အိမ်တွင်းရေးတွေကိုတော့ ငါဝင်မပြောတော့ပါဘူးအေ၊ ငါ အိမ်သာသွားပြီ"
ချန်ချင်းယွီသည် ထိုစကားများကို အရေးမစိုက်ပေ။ နေ့စဉ်နှင့်အမျှ ဤကဲ့သို့ အသေးအဖွဲကိစ္စများဖြင့် စိတ်အနှောင့်အယှက် ဖြစ်ခံနေမည်ဆိုလျှင် သူမသည်သာ ရူးသွားပေလိမ့်မည်။ သူမသည် မိမိကိုယ်ကိုယ် အားအင်ကုန်ခမ်းစေမည့် စိတ်သောကများကို အဖြစ်မခံနိုင်ချေ။
သူမ ရေပုံးကိုဆွဲကာ အိမ်ပြန်လာချိန်တွင် ရှီကျန့်ရှန်း၏ အိမ်ရှေ့တွင် အဘွားအို အတော်များများ စုထိုင်နေကြသည်ကို တွေ့ရသည်။ ရှီကျန့်ရှန်းမှာ ဟင်းသီးဟင်းရွက်များ ဆေးကြောရင်း ချန်ချင်းယွီကို လှမ်းကြည့်ကာ ရင်ထဲတွင် ပို၍ပင် မကျေမချမ်း ဖြစ်နေရ၏။ ချန်ချင်းယွီတို့ မိသားစု ငါးလဲလှယ်ပေးရန် ငြင်းဆန်ခဲ့သည်ကို သူမ အလွန်အမင်း ဒေါသထွက်နေမိပြီး
ရှီကျိန်းရှန်းသည် "သူတို့အိမ်က ငါးမလဲပေးလို့ ငါးဟင်းမပါတာ" ဟု တစ်ရပ်ကွက်လုံး သိအောင် သတင်းလွှင့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။ အိမ်နီးချင်းများ သိသွားလျှင် ဤမုဆိုးမနှစ်ဦးမှာ အတ္တကြီးသူများ၊ ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်သူများဟု ဝိုင်းဝန်း ပြစ်တင်ကြမည်မှာ သေချာ၏။ ဤသို့ နာမည်ဖျက်ပြီး လူတိုင်းနှင့် ရန်တိုက်ပေးကာ သူတို့၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ရန် ရှီကျန့်ရှန်း အကွက်ချထားသော်လည်း သူမ၏ ခင်ပွန်းဖြစ်သူ အဘိုးကြီးရွှီမှ ချက်ချင်း တားမြစ်လိုက်သည်။ ထိုသို့သာ ကောလဟာလဖြန့်၍ နာမည်ဖျက်မည်ဆိုလျှင် အခြေအနေကို သေချာကြည့်တတ်သူတိုင်းမှာ သူတို့၏အကြံကို သိသွားကြမည်ဖြစ်၏။
အရူးကဲ့သို့ အဘွားကြီးဟွမ်လိုလူမျိုးသာ ထွင်းဖောက်မမြင်နိုင်မည်သာ…
ထို့ပြင် မာကျန့်ယီသည်လည်း ယခင်ကတည်းက ဤမုဆိုးမ မိသားစုကို ပစ်မှတ်မထားရန် ပြတ်ပြတ်သားသား သတိပေးထားဖူးသည်။ သူတို့၏ အမျိုးသားနှစ်ဦးလုံးမှာ စက်ရုံအတွက် အသက်ပေးခဲ့ရသူများ ဖြစ်သဖြင့် မာကျန့်ယီပြဿနာမတက်စေလိုပေ။ ရွှီကောင်းမင် ကိုယ်တိုင်လည်း မိမိ၏ အပြုအမူများသည် သိသာလွန်းနေသည်ကို သိနေ၍ ရေရှည်တွင် ကောင်းကျိုးရှိမည်မဟုတ်ကြောင်း နားလည်ထား၏။ ဤသည်မှာ "မှောင်ခိုဈေးကစားခြင်း" ကဲ့သို့ ပြင်းထန်သော ပြစ်ဒဏ်ရှိသည့် ကိစ္စမျိုး မဟုတ်သည့်အတွက် ကောလာဟလ ဖြန့်ရုံနှင့် ချန်ချင်းယွီတို့အား ထိခိုက်အောင် မလုပ်နိုင်မှန်း သူတို့ တွက်ဆမိကြသည်။
မိမိကိုယ်မိမိ ပြဿနာတွင်းထဲ ပြန်ရောက်အောင် လုပ်ရသည်မှာ မထိုက်တန်ဟု ယူဆကြ၏။အကယ်၍သာ တစ်ဖက်မှ ပြန်လည် တုံ့ပြန်ပြီး သူတို့၏ ဧည့်ခံပွဲအတွက် ဝယ်ယူထားသော ပစ္စည်းစာရင်းများကို စစ်ဆေးမေးမြန်းလာလျှင် မိမိတို့သည်သာ တကယ် ဒုက္ခရောက်ပေလိမ့်မည်။
လက်ရှိအခြေအနေတွင် မိမိတို့မိသားစုမှာ ထိခိုက်မှုများ၊ အရှုံးများစွာပေါ်နေ၍ စိတ်လိုက်မာန်ပါ ပြုလုပ်မည့် အစီအစဉ်များကို ရွှီကောင်းမင် ဟန့်ထားလိုက်သည်။
ရွှီကောင်းမင်မှာ အခြေနေအရပ်ရပ်ကို သေချာစွာ သုံးသပ်ပြပြီး ရှီကျန့်ရှန်းအား တားမြစ်လိုက်ရာ သူမမှာ သဘောပေါက်သွားပြီး ဇောချွေးများပင် ပြန်ခဲ့ရ၏။ လူတိုင်းအား သွေးထိုး၍ မုဆိုးမ သမီးယောက္ခမကို ပညာပေးရန် မပြုလုပ်ခဲ့သော်လည်း ရှီကျန့်ရှန်း စိတ်ထဲတွင် ထို သမီးယောက္ခမကို မြင်တိုင်း မပျော်မရွှင်ဖြစ်နေရသည်။
မိမိတို့မိသားစုမှာ မကြာသေးမီ အချိန်အတွင်း ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ဇနီးမောင်နှံနှစ်ဦးမှာ စိတ်သက်သာရာရရန် ခဲယဉ်းနေ၏။
ရှီကျန့်ရှန်းသည် လင်းကျန့်ဝမ် သေဆုံးပြီးနောက်ပိုင်း ချန်ချင်းယွီတို့မိသားစု ရရှိထားသည့် နစ်နာကြေးများကို တွက်ချက်ကြည့်ရင်း ဒေါသများ တဖွားဖွား ပေါ်ပေါက်လာရသည်။ ထိုမျှလောက် များပြားလှသော ငွေကြေးနှင့် အစားအသောက်များကို သူတို့ဘာသာသူတို့ စားသုံးနေကြသည်မှာ သူမအဖို့ မနာလိုစရာပင်။
"ရှီကျန့်ရှန်း... နင် ဘာတွေ ငေးနေတာလဲ။ ဒါတွေ အကုန်ဆေးပြီးပြီ။ ဒါနဲ့ အသားကော ဝယ်ပြီးပြီလား"
ပိုင်ဖုန်းရှန်း လှမ်းမေးလိုက်သည်။
"အင်း... စိတ်မပူပါနဲ့၊ ရပါပြီ"
သူမသည် စိတ်လှုပ်ရှားနေသော်လည်း အခြေအနေကို ထိန်းချုပ်ကာ ရင်ဘတ်ကို လက်ဖြင့်ပုတ်ရင်း အာမခံချက် ပေးလိုက်၏။
"နင်တို့ လုံးဝစိတ်ချလို့ရတယ်။ အားလုံး စီစဉ်ပြီးသားပါ။ ငါတို့အိမ်မှာ ကျင်းပမယ့် ဒီတစ်ခါ ဧည့်ခံပွဲက စားပွဲဝိုင်း (၁၀) ဝိုင်းတောင်ရှိတော့ အရမ်းအလုပ်များမှာလေ၊ အဲဒါကြောင့် စားဖိုမှူးကြီးကို ကြိုတင်ပြင်ဆင်ခိုင်းထားတယ်။ အသားလည်း အတူတူပဲ၊ ဝက်သားနီချက်ကို တိုက်ရိုက်အော်ဒါမှာထားတာ၊ ဒါမှ ငါတို့ပွဲနေ့ကျရင် အဆင်သင့် သုံးလို့ရမှာ"
ရှီကျန့်ရှန်းသည် တည်ငြိမ်နေဟန် ဆောင်ထားသော်လည်း အမှန်တကယ်မှာမူ သူမသည် အသားများကို ကြိုတင်ပြင်ဆင်ခိုင်းထားခြင်း မဟုတ်ဘဲ အသင့်ချက်ပြီးသား အသားဟင်းများကို ဝယ်ယူရန် စီစဉ်ထားခြင်းသာ ဖြစ်သည်။
ဝက်သားနီချက် ပြုလုပ်ရန်အတွက် ထင်းနှင့် ဟင်းခတ်အမွှေးအကြိုင်များစွာ လိုအပ်သဖြင့် ယေဘုယျအားဖြင့် ကုန်ကျစရိတ်မှာ ပိုမိုမြင့်မားရမည် ဖြစ်၏။ သို့သော် သူမ ဝယ်ယူမည့် အသားဟင်းမှာမူ ပုံမှန် အသားစိမ်းဈေး၏ ထက်ဝက်မျှသာ ရှိလေသည်။
ထိုအသားများမှာ လတ်ဆတ်မှု မရှိသည်မှာမူ အထူးပြောနေရန်ပင် မလိုတော့ချေ။
အမှန်စင်စစ် ရှီကျန့်ရှန်းသည် ထိုအသားများမှာ ယခင် လူပြောများနေသည့် အခြေအနေမကောင်းသော အသားများ ဖြစ်နိုင်သည်ဟု သံသယဝင်နေမိသည်။ အခြေအနေ အလွန်ဆိုးရွားသဖြင့် အသားစိမ်းအဖြစ် ရောင်းမထွက်တော့ရာမှ ရောင်းသူသည် နည်းလမ်းသစ်ထွင်ကာ ဝက်သားနီချက်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်မည်ဟု သူမ တွေးမိ၏။ သူမ ကိုယ်တိုင်လည်း စိတ်ထဲတွင် မတင်မကျ ဖြစ်နေသဖြင့် ဝယ်ယူရန် ဝေခွဲမရ ဖြစ်ခဲ့ဖူးသည်။
သို့သော်လည်း ပေးထားသော စရန်ငွေမှာ ပြန်တောင်း၍မရနိုင်ကာ၊ အကယ်၍သာ ဤအသားဟင်းနှင့် မလဲလှယ်လျှင် သူမ အကြီးအကျယ် ရှုံးပေလိမ့်မည်။
ထို့ကြောင့်ပင် ရှီကျန့်ရှန်းသည် အံတင်းတင်းကြိတ်ကာ ထိုအသားဟင်းကိုပင် ယူရန် ဆုံးဖြတ်လိုက်၏။
ရောင်းချသူများမှာ သူမကို အသေအချာ အာမခံထားလေသည်။ ဤအသားကို စားသုံးခြင်းကြောင့် မည်သည့်ပြဿနာမျှ လုံးဝရှိလာမည်မဟုတ်ကြောင်း ဆိုထားကြ၏။
ထိုမိသားစုမှာ မှောင်ခိုစျေးတွင် ကျင်လည်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး သူတို့တွင် ကုန်ပစ္စည်းရလမ်းများ များစွာရှိလေသည်။ ရှီကျန့်ရှန်းသည်လည်း သူတို့နှင့် အကြိမ်ကြိမ် အရောင်းအဝယ် လုပ်ဖူးသူဖြစ်ပြီး၊ တစ်ခါတစ်ရံ အသားများမှာ လတ်ဆတ်မှုမရှိသော်လည်း ယခင်၌ သူမ ဝယ်ယူစားသုံးဖူးရာ မည်သည့်ပြဿနာမျှ မရှိခဲ့ချေ။
ထိုသို့ တွေးတောလိုက်မိမှသာ ရှီကျန့်ရှန်းတစ်ယောက် စိတ်အေးသွားရ၏။
အပြင်ဘက်တွင် လူတိုင်း ထိုပွဲအကြောင်းကို တက်ကြွစွာ ဆွေးနွေးနေကြစဉ်၊ အိမ်ထဲမှ နားစွင့်နေသော ချန်ချင်းယွီမှာမူ ရှီကျန့်ရှန်းတစ်ယောက် အသားများကို အပြင်မှာပင် အပြီးချက်ပြုတ်ယူလာမည်ဟူသော စကားကို ကြားလိုက်ရသည့်ခဏ စိုးရိမ်စိတ်များ ဝင်လာမိသည်။ ထိုအသားပုပ်နံ့ကို ပြန်တွေးကြည့်ရုံနှင့်ပင် ယခုထက်တိုင် ပျို့အန်ချင်စရာကောင်းလှရာ သူမ၏ စိုးရိမ်မှုမှာ လွန်ကဲသည်ဟု မဆိုသာပေ။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့နှစ်ဦးမှာ နေ့စဉ်နှင့်အမျှ မိခင်ဖြစ်သူနောက်သို့ တကောက်ကောက် လိုက်နေကြရသဖြင့် ဝင်းထဲရှိ သူငယ်ချင်းများနှင့် ကစားချိန် နည်းပါးသွားကြသည်။ သို့သော်လည်း ကလေးငယ်နှစ်ဦးမှာ စိတ်ကောက်ခြင်းမရှိဘဲ နေ့တိုင်း အပြင်ထွက်ရသည်ကိုပင် အလွန်နှစ်သက်နေကြရှာ၏။
ထိုကလေးနှစ်ဦးမှာ အလွန်ပင် လိမ္မာပါးနပ်ကြပြီး၊ ယခုရက်ပိုင်းအတွင်း သူတို့မိသားစုတွင် အကောင်းဆုံး အစားအသောက်များကို စားနေရသော်လည်း အခြားသူငယ်ချင်းများကို ကြွားလုံးထုတ်ခြင်း လုံးဝမပြုကြချေ။ အတော်ပင် ချစ်စရာကောင်းသော "လူလည်လေးများ" ဟု ဆိုရပေမည်။
သို့သော်လည်း ယခုအခါတွင်မူ ရှောင်ကျားလေးမှာ စပ်စုချင်စိတ်ဖြင့် မိခင်ဖြစ်သူအနီးသို့ တိုးကပ်လာကာ...
"မေမေ... မနက်ဖြန် သားတို့လည်း ပွဲသွားစားရမှာလားဟင်"
သူ မေးလိုက်ပြီး တံတွေးတစ်ချက်ကို အားပါးတရ မြိုချလိုက်ရှာသည်။
ကလေးဟူသည် မည်မျှပင် လိမ္မာပါးနပ်သည်ဆိုစေဦးတော့၊ ပွဲလမ်းသဘင်နှင့် လူစည်ကားရာကို ပျော်မြူးလိုကြသည်မှာ သဘာဝပင် ဖြစ်၏။
ချန်ချင်းယွီ ကိုယ်၌လည်း ငယ်စဉ်အခါက ဤသို့ပင်ဖြစ်ခဲ့ရာ နားလည်ပေးနိုင်သော်ငြား သူမမှာ ရွှီကောင်းမင်တို့ မိသားစုကို လုံးဝမယုံပေ။
သူမ ပြုံးလိုက်ပြီး ချော့မော့ကာ
“မနက်ဖြန် မေမေတို့ မသွားဘူး”
သူမအနေဖြင့် ကလေးများကို မလိမ်ညာနိုင်ပေ။
ရှောင်ကျားမျက်လုံးလေးများ ချက်ချင်းပင် ပြူးသွားပြီး ရှောင်ယွမ်မှာလည်း အနားသို့ အမြန်တိုးကပ်လာကာ ခေါင်းလေးစောင်း၍ မေးမြန်းလေသည်။
“ဘာဖြစ်လို့လဲ”
ကလေးငယ်များ၏ အပြောင်းအလဲမှာ မြန်ဆန်လွန်းလှ၏။ ချန်ချင်းယွီ ဤကမ္ဘာသို့ စတင်ရောက်ရှိလာချိန်၌ ရှောင်ယွမ်လေးမှာ သူမအစ်ကို၏နောက်တွင် ပုန်းလျှိုးနေတတ်သည့် ကလေးငယ်မျှသာ ဖြစ်သော်လည်း၊ ယခုကဲ့သို့ အချိန်တိုအတွင်းမှာပင် မိမိဘာသာ စတင်မေးခွန်းထုတ်တတ်နေပြီ ဖြစ်သည်။
သူမသည် ပါးဖောင်းဖောင်းလေးများကို ဖောင်းလိုက်ပြီးနောက်
"ဘာလို့ သမီးတို့က ပွဲမှာမစားရတာလဲဟင်"
ကြည့်ပါဦး၊ လူကြီးက အဖြေပေးဖို့ အနည်းငယ် တုံ့ဆိုင်းနေတာနဲ့ သူမက ထပ်မံ အဖြေတောင်းတော့တာပဲ..
ချန်ချင်းယွီသည် ကလေးငယ်၏ နူးညံ့လှသော ဆံပင်လေးကို အသာအယာ ပွတ်သပ်ပေးရင်း သူမဘေးနားရှိ နေရာလွတ်ကို ပုတ်ပြလိုက်ရာ၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ကုတင်ပေါ်သို့ ခုံတိုလေးများကို အသုံးပြု၍ ချက်ချင်း တက်လာကြပြီး တင်ပျဉ်ခွေ ထိုင်လိုက်ကြ၏။
ချန်ချင်းယွီ : "မနက်ဖြန်ပွဲမှာ လူတွေ အများကြီးရှိမှာ။ သမီးတို့က ငယ်သေးတော့ အများကြီးလည်း စားနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် မေမေက သမီးတို့ကို အပြင်မှာ လိုက်ကျွေးမယ်လေ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်လုံးလေးများမှာ ဝိုင်းစက်သွားကြ၏။
"ဒေသပိုင် စားသောက်ဆိုင်ကို သွားချင်လား"
ချန်ချင်းယွီ မေးလိုက်ရာ၊ ကလေးနှစ်ဦးမှာ ခေါင်းများကို အဆက်မပြတ် ငြိမ့်ပြကြတော့သည်။ သူတို့သည် ထိုစားသောက်ဆိုင်သို့ ယခင်က ရောက်ဖူးကြပြီး ထိုနေရာမှ အစားအသောက်များမှာ အလွန်ပင် အရသာရှိလှ၏။
စားစရာများကို တွေးတောမိသည်နှင့် ကလေးနှစ်ဦးမှာ တံတွေးများကို အားပါးတရ မြိုချနေကြလေသည်။
ဝင်းထဲရှိ ဧည့်ခံပွဲနှင့်ယှဉ်လျှင် ကလေးများမှာ ဒေသပိုင် စားသောက်ဆိုင်သို့ သွားရမည်ကို ပိုပြီး စိတ်ဝင်စားနေကြသည်မှာ အထင်အရှားပင်။
မနက်ဖြန်ကိုတောင် မရောက်သေးဘူး၊ သူတို့လေးတွေကတော့ စားချင်စဖွယ် တွေးတောရင်း သွားရည်တမြားမြား ဖြစ်နေကြပြီ....
ကလေးများ၏ ပုံစံကို ကြည့်ပြီး ချန်ချင်းယွီလည်း သူမ ငယ်ဘဝကို ပြန်သတိရကာ ခပ်တိုးတိုး ရယ်မောမိသွားသည်။
ယနေ့တွင် ဝင်းအတွင်း၌ အလွန်ပင် စည်ကားသိုက်မြိုက်နေ၏။ တည်ရှိနေမှန်းပင် သတိမထားမိလောက်အောင် အေးဆေးလှသော ချန်ချင်းယွီနှင့် ယှဉ်လျှင် ကျန်ရှိနေသူအားလုံးမှာမူ အလွန်ပင် တက်ကြွဖျတ်လတ်၍ ရှိနေကြသည်။ အထူးသဖြင့် ဒုတိယမြောက် ဝင်းသည် လူအစည်ကားဆုံး ဖြစ်နေ၏။ ကျောင်းပိတ်ရက်ဖြစ်၍ ကလေးငယ်များမှာလည်း ဟိုပြေးဒီလွှားနှင့် ဆူညံပွက်လောရိုက်နေကြသည်။
ယခုခေတ်ကာလတွင် စားသောက်ကုန်နှင့် ပစ္စည်းကိရိယာများ ပြင်ဆင်ရန်မှာ မလွယ်ကူလှပေ။ မင်္ဂလာဆောင်များပင်လျှင် ကြီးကျယ်ခန်းနားသော စားသောက်ပွဲများ ကျင်းပလေ့မရှိသော်လည်း ဤဝင်းအတွင်းရှိ ပွဲတော်မှာမူ အံ့သြဖွယ်ကောင်းလောက်အောင် ခမ်းနားလှ၏။ သို့သော် ထိုသို့ ခမ်းနားရခြင်းတွင်လည်း အကြောင်းရင်း ခိုင်ခိုင်လုံလုံ ရှိနေသည်။
မှိုအဆိပ်သင့်ခဲ့တဲ့ ကိစ္စက ဒီဝင်းထဲက လူကြီးပိုင်းတွေ ကျေးဇူးကြောင့်ပဲပေါ့…
ဤသို့ဖြင့် ဆူညံသံများမှာ ညနေစောင်းတိုင်အောင် မစဲဘဲ ရှိနေ၏။ အဘွားကြီးကျောက်မှာ အလုပ်မှပြန်လာသည်နှင့် ပွဲထဲသို့ တန်းဝင်ပြီး မည်သည့်အလုပ်မှ ကူမလုပ်ဘဲ လူအုပ်ထဲတွင် အားရပါးရ ငေးမောကြည့်ရှုနေလေတော့သည်။
မှောင်ရီပျိုးစပြုနေပြီ ဖြစ်သော်လည်း မည်သူမျှ အိမ်ပြန်ရန် စိတ်မကူးကြသေးပေ။ ကွင်းပြင်ထဲတွင်ပင် ထိုင်၍ စကားစမြည် ပြောဆိုနေကြဆဲ ဖြစ်သည်။ ချန်ချင်းယွီမှာမူ ကလေးနှစ်ယောက်အား သိပ်ပြီးနောက် ကိုယ်တိုင်လည်း လှဲလျောင်းအနားယူလိုက်၏။ သူမသည် အတင်းအဖျင်းပြောရသည်ကို အလွန်ဝါသနာပါသူ ဖြစ်သော်လည်း ယခုတစ်ခေါက်တွင်မူ အသစ်အဆန်း မရှိဘဲ လတ်တလော ဖြစ်ပျက်နေသည့် ကိစ္စရပ်များကိုသာ ထပ်တလဲလဲ ပြောနေကြသဖြင့် စိတ်မဝင်စားနိုင်ပေ။
“ဟူး... မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံး ငါသိပြီးသားတွေပဲလေ၊ ထပ်ပြီး နားမထောင်ချင်တော့ပါဘူး။”
သူမ စိတ်ပျက်လက်ပျက် တွေးလိုက်မိသည်။
ချန်ချင်းယွီမှာ စောစောစီးစီး အိပ်ရာဝင်ခဲ့သော်လည်း အဘွားကြီးကျောက်မှာမူ သန်းခေါင်ကျော်မှ အိမ်ပြန်ရောက်လာပြီး တစ်ယောက်တည်း တတွတ်တွတ် စကားဖောင်ဖွဲ့နေနိုင်သေးသည်။
ထိုသို့ ညဉ့်နက်မှ အိပ်ကြသော်လည်း ဝင်းအတွင်းရှိ လူများမှာ အစောကြီး ထနိုင်ကြသည်မှာ ထူးဆန်းလှ၏။ တစ်ယောက်စီတိုင်းမှာ အားအင်အပြည့်နှင့် အပြင်ဘက်တွင် ပစ္စည်းများ ထိခိုက်သံ၊ ခေါက်သံများဖြင့် ဆူညံနေလေသည်။ ချန်ချင်းယွီမှာ ခေါင်းကို အသာနှိပ်၍ ထိုင်လိုက်စဉ်တွင် ယောက္ခမဖြစ်သူမှာ မျက်နှာသစ်ပြီး၍ အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သဩမဆုံး ဖြစ်နေမိ၏။
အဘွားကြီးကျောက်သည် လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အခန်းထဲ ဝင်လာရင်း အကျပ်ကိုင်သည့် လေသံဖြင့် ပြောလိုက်သည်။
“နိုးပြီလား…နိုးရင်လည်း မြန်မြန်လုပ်၊ ညည်းကို ငါ ကောင်းကောင်းကြီး ဆူဖို့ စောင့်နေတာ..”
ဟဲဟဲ၊ အခွင့်သာခိုက် လုံလမစိုက်ရင် ငါသာလူမိုက် ဖြစ်သွားမှာပေါ့…
တစ်ဖက်လူကို ဆုံးမပဲ့ပြင်ရန် သူမ အတော်လေး အားခဲထားပုံရ၏။
“မြန်မြန်... မြန်မြန်လုပ်စမ်းပါ..”
အဘွားကြီးကျောက်မှာ အလွန်ပင် စိတ်မရှည်ဖြစ်နေရှာသည်။
ချန်ချင်းယွီမှာ ဆွံ့အသွားရသော်လည်း ကလေး၏ ခေါင်းကို ခြုံစောင်ဖြင့် အသာအုပ်ပေးရင်း
“ကိုယ့်ကိုယ်ကိုယ်သိနော်.. ကျွန်မ အကျင့်စရိုက်ကို ရှင် သိတယ်မလား..”
“သိတာပေါ့၊ သိတာပေါ့... ညည်းက ‘မျက်နှာနှစ်ဖက်’ နဲ့ လူစားမျိုးပဲဟာ။”
ဟန်ဆောင်ကောင်းတဲ့နေရာမှာ ညည်းက နံပါတ်တစ်မင်းသမီးပဲ…
ချန်ချင်းယွီသည် ထိုစကားကို ကြားကာ တဟီးဟီးနှင့် ရယ်မောနေမိ၏။
အဘွားကြီးကျောက်သည် အပြင်ခန်းသို့ ခပ်သွက်သွက် ထွက်လာပြီးနောက် အသံကုန်ဟစ်၍ အော်ဟစ်ဆဲဆိုလေတော့သည်။
“ညည်းလို အသုံးမကျတဲ့ အမှိုက်ကောင်မ..ဘယ်လောက်တောင် ပျင်းသလဲဆိုတာ ကြည့်စမ်းဦး။ ငါကတော့ မနက်အစောကြီးကတည်းက ထနေရတယ်၊ ညည်းကတော့ အိပ်လိုက်တာမှ အိပ်၊ အိပ်၊ အိပ်၊ အိပ်..ဘာလဲ... ညည်းက ဝက်လား…ဒီရက်ပိုင်း ငါးဖမ်းတာလည်း တစ်ကောင်မှ မရဘူး၊ ညည်း တမင်သက်သက် ပေါ့ဆနေတာပဲ ဖြစ်ရမယ်။ ငါပြောထားမယ်... ဒီနေ့သာ ငါးကြီးကြီးမရလာလို့ကတော့ ညည်းနဲ့ငါနဲ့ အပြတ်ပဲ..”
ဟင်း... တကယ်တော့ သူမ၏ ရင်ထဲတွင် ဆဲဆိုရန် စကားလုံးပေါင်းများစွာ ပြင်ဆင်ထားသော်လည်း အပြင်သို့ ထုတ်မပြောရဲရှာပေ။
ဤအရူးမ သူမအား ပြန်လည်ရိုက်နှက်မည်ကို ကြောက်နေရသည်။
ဒီအရူးမက လူကွယ်ရာဆိုရင် ကောက်ကျစ်လိုက်တာမှ လွန်ပါရော..
“ဒီနေ့ လုပ်မယ့် စားသောက်ပွဲမှာ ညည်းစားဖို့ မမျှော်နဲ့။ မြန်မြန် ပစ္စည်းတွေသိမ်းပြီး ငါးသွားဖမ်းချေတော့။ ငါ့မှာ ဘယ်လိုဖြစ်ပြီး ဒီလောက် အသုံးမကျတဲ့ ချွေးမမျိုး လာရတာလဲ မသိဘူး၊ ဘာတစ်ခုမှ လုပ်မတတ် ကိုင်မတတ်နဲ့။ ဪ... ပြီးတော့ ရှောင်ကျားနဲ့ ရှောင်ယွမ်ကိုလည်း ခေါ်သွား..ဒီနေ့ ငါ သူတို့ကို ကြည့်ပေးဖို့ အချိန်မရှိဘူး။”
အဘွားကြီးကျောက်၏ အော်ဟစ်သံမှာ ဒုတိယမြောက်ဝင်းအတွင်းရှိ လူအားလုံး ကြားရလောက်အောင် ကျယ်လောင်လှသည်။
ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ခေါင်းတယမ်းယမ်း ဖြစ်နေကြရပြီး ရက်စက်သူများကို မြင်ဖူးကြသော်လည်း ဤမျှအထိ ရက်စက်သူမျိုးကိုမူ တစ်ခါမျှ မတွေ့ဖူးကြပေ။ စားသောက်ပွဲရှိပါလျက်နှင့် စားခွင့်သောက်ခွင့်ပင် မပေးသည်မှာ အတော်ပင် ဆိုးဝါးလှ၏။ ချန်ချင်းယွီမှာမူ သူမ၏ ယောက္ခမအကြောင်းကို အမြဲတမ်း ကောင်းသတင်း လွှင့်နေတတ်သော်လည်း မည်သူ ယုံမည်နည်း။ လူအများကို အရူးလုပ်နေခြင်းသာ ဖြစ်သည်ဟု အားလုံး ယူဆထားကြသည်။
ရွှီမိသားစုမှ အငယ်ဆုံးသားလေးမှာ ချောင်းကြည့်ရင်း
“အမေ... သွားပြီးတော့ မဖျန်ဖြေပေးဘူးလား..”
ရှီကျန့်ရှန်း ; “ငါက ဘာပြောရမှာလဲ.. သူတို့မလာတာပဲ ကောင်းပါတယ်။ သူတို့မလာမှ စားမယ့်ပါးစပ်တွေ နည်းသွားမှာပေါ့။ သူတို့မိသားစုတွေ အုပ်လိုက်ကြီး ရောက်လာရင် ငါတို့ပဲ နစ်နာမှာ။ တစ်ယောက်မှ မလာလေ ငါ့အတွက် ပိုက်ဆံကုန်သက်သာလေပဲ။ ဘယ်လို ကံဆိုးမိုးမှောင်ကျတဲ့ လူက ငါတို့မိသားစုကို ဒီလိုပွဲလုပ်အောင် လှည့်တိုက်လိုက်တာလဲ မသိဘူး။ ဒီလို ကောလာဟလတွေသာ မထွက်ခဲ့ရင် ငါက ဘာလို့ ဒီလောက် ပိုက်ဆံအကုန်ခံပြီး ထမင်းကျွေးပွဲ လုပ်ပါ့မလဲ.. ဒီအတွက် ဘယ်လောက်တောင် ကုန်ကျမလဲဆိုတာ သူတို့ သိကြရဲ့လား..”
ထိုကိစ္စကို တွေးမိရုံနှင့်ပင် ရှီကျန့်ရှန်းမှာ မူးလဲချင်စိတ် ပေါက်သွားရသည်။ ထို့ကြောင့်လည်း သူမသည် ကုန်ကျစရိတ်ကို တတ်နိုင်သမျှ လျှော့ချရန် ဈေးပေါသော အသားများကိုသာ ဝယ်ယူခဲ့ခြင်း ဖြစ်၏။
ရှောင်စန်း : “ဒါလည်း ဟုတ်တာပဲ။ ဒါနဲ့... အစ်ကိုကြီးတို့၊ အစ်ကိုလတ်တို့ မိသားစုတွေကော ဘာလို့ အခုထိ ပြန်မလာကြသေးတာလဲ..”
“မင်း မိန်းမယူရင် မင်း မရီးတွေနဲ့တူတဲ့လူမျိုးကို ရှာမယူကြနဲ့။ တကယ်ပါပဲ... ကိုယ့်မိသားစု ပွဲလမ်းသဘင် ဖြစ်နေတာကို ကူညီဖို့တောင် ပြန်မလာကြဘူး။ စကားပဲ ကောင်းပြီး ဘာမှ အားကိုးလို့ မရတဲ့လူတွေ။ အရင်ကတည်းက ငါပြောသားပဲ၊ မိန်းမယူရင် သေချာရွေးပါဆိုတာ၊ ဒင်းတို့ကပဲ ‘အဆင်ပြေပါတယ်’ ဆိုပြီး ယူခဲ့ကြတာ။ အခု ကြည့်စမ်း... ဘယ်နားက အဆင်ပြေနေလို့လဲ..”
ရွှီကောင်းမင် ဖြတ်ပြောလိုက်ကာ
“တော်ပါတော့... ဘာတွေ တတွတ်တွတ် ပြောနေတာလဲ..မြန်မြန်ပြင်ဆင်စရာရှိတာ ပြင်၊ ငှားထားတဲ့ စားပွဲတွေကိုလည်း အပြင်ထုတ်နိုင်အောင် လုပ်ရဦးမယ်။”
“ဟုတ်ကဲ့ပါတော့်။”
ရှောင်စန်းမှာ တတွတ်တွတ်နှင့် ဆက်၍ ညည်းညူနေဆဲတည်း။
“ကျွန်တော့်အစ်ကိုတွေလည်း ပြန်လာပြီး မကူကြဘူးဗျာ။”
ရွှီကောင်းမင်သည် သူ၏ အငယ်ဆုံးသားဖြစ်သူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ များသောအားဖြင့် မိသားစုများတွင် အငယ်ဆုံးသားကို အလိုလိုက်လေ့ရှိသော်လည်း သူ၏မိသားစုတွင်မူ အကြီးဆုံးနှင့် ဒုတိယသားကိုသာ ပို၍မျက်နှာသာပေးကြ၏။ အကြီးဆုံးသားမှာ သားဦးဖြစ်ပြီး၊ ဒုတိယသားမှာလည်း အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်နေသူဖြစ်ရာ အငယ်ဆုံးသားမှာမူ သူတို့နှင့်ယှဉ်လျှင် ဘာမှမဟုတ်သည့်နှယ် ဖြစ်နေရရှာသည်။
သူ့အတွက် အလုပ်မှာလည်း ရွှီကောင်းမင်ကိုယ်တိုင်ပင်အသိအကျွမ်းပေါင်းစုံ အကူအညီယူပြီးမှသာ ဤအလုပ်ကို ရရှိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူ၏ရင်ထဲတွင် အငယ်ဆုံးသားမှာ အသုံးမကျဆုံးဟု မှတ်ယူထားလေသည်။
“မြန်မြန်လုပ်စမ်း၊ အပိုစကားတွေ ပြောမနေနဲ့တော့။ အလယ်ဝင်းက ရှီရှောင်ဝေ၊ ယွမ်ဟောက်ဖုန်းနဲ့ ကျန်းရှင်းဖှတို့ကို သွားခေါ်ပြီး ကူခိုင်းလိုက်ဦး။”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။”
ရှောင်စန်းသည် တတွတ်တွတ် ရေရွတ်ရင်း အကူအညီတောင်းရန် ထွက်လာခဲ့၏။
တစ်ဖက်တွင်လည်း အဘွားကြီးကျောက်မှာ အကြောင်းအရာ သဲသဲကွဲကွဲ မဟုတ်သော်လည်း တတွတ်တွတ်နှင့် ဆဲဆိုမြည်တွန်နေဆဲဖြစ်သည်။ သူမ၏ ကျယ်လောင်လှသော အသံနှင့် ကြမ်းတမ်းသော စကားလုံးများမှာ ကြားရသူအပေါင်းကို စိတ်မသက်မသာ ဖြစ်စေ၏။ ရှောင်စန်းသည် မျက်လုံးတစ်ချက် ဝေ့ရမ်းလိုက်ပြီးနောက် အစ်မကြီးဖန်တို့အိမ်ဘက်သို့ ထွက်လာခဲ့သည်။
“အဒေါ်ဖန်... ရှောင်ဝေ ရှိလား..”
“အိမ်သာသွားတယ်လေ။ မင်းက သူ့ကို ရှာနေတာလား..အထဲဝင်ပြီး စောင့်နေလေ။”
“ဪ...”
ရှောင်စန်းမှာ အားနာရမှန်းမသိဘဲ ရှီရှောင်ဝေ၏ အခန်းထဲသို့ တန်းဝင်သွား၏။ သူတို့နှစ်ဦးမှာ အသက်အရွယ်ချင်း သိပ်မကွာလှဘဲ ရှီရှောင်ဝေသည် တစ်ဆယ့်ရှစ်နှစ်၊ သူသည် အသက်နှစ်ဆယ် ဖြစ်ပြီး အလယ်ဝင်းတွင် အတူနေကြသူများ ဖြစ်သဖြင့်လည်း ရင်းနှီးမှုရှိကြသည်။ သူသည် ကိုယ့်အိမ်ကိုယ်ယာကဲ့သို့ပင် အိပ်ခန်းထဲအထိ ဝင်သွားလိုက်ရာ ရှီရှောင်ဝေကို မတွေ့ရဘဲ ခေါက်မထားသည့် စောင်ပုံကြီးကိုသာ တွေ့လိုက်ရ၏။
ရှောင်စန်းသည် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်စဉ် အခန်းထဲ၌ ထူးဆန်းသောအနံ့တစ်ခု ရနေသည်ဟု ခံစားလိုက်ရသည်။ သူ၏ အကြည့်များမှာ အခန်းအနှံ့ ဝေ့ဝဲကြည့်နေရင်းမှ ခေါင်းအုံးအောက်တွင် ထောင့်စလေး ထွက်နေသော စာအုပ်တစ်အုပ်ကို ရုတ်တရက် မြင်လိုက်ရ၏။
သူ၏ ရင်ခုန်သံများ မြန်လာကာ
“ရှီရှောင်ဝေက ခေါင်းအုံးအောက်မှာ ဘာတွေ ဝှက်ထားတာပါလိမ့်.. သူလည်းပဲ မဖွယ်မရာ စာအုပ်တွေ ဝှက်ထားတာများလား..”
တွေးတောရင်း ဘေးဘီကို ကြည့်လိုက်သည်။ မည်သူမျှ မရှိသည်ကို အခွင့်ကောင်းယူပြီး စာအုပ်ကို ဆွဲထုတ်၍ လှန်ကြည့်လိုက်ရာ
“ဟား…”
ရှောင်စန်း၏ မျက်လုံးများမှာ မျက်ကွင်းထဲမှ ထွက်မတတ် ပြူးကျယ်သွားရသည်။ သူ၏ သက်တမ်းတစ်လျှောက် ဤကဲ့သို့အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ အသက်နှစ်ဆယ်ကျော်အရွယ်အတွင်း ယခုကဲ့သို့ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းမျိုးကို မြင်ဖူးခြင်းမှာ ပထမဆုံးပင် ဖြစ်၏။ သူ၏ မျက်လုံးများမှာ စာအုပ်ပေါ်တွင် ကပ်ပါသွားပြီး မခွါနိုင်ဖြစ်နေရသည်။
သူသည် စာအုပ်ကို ခပ်မြန်မြန် လှန်ကြည့်လိုက်ရင်း ရင်ထဲတွင်လည်း တဒိန်းဒိန်း ခုန်နေ၏။ရှောင်စန်းသည် တစ်ချက်ပင် မစဉ်းစားတော့ဘဲ စာအုပ်ကို အင်္ကျီကြားထဲ ထိုးထည့်ကာ ချက်ချင်း ထရပ်လိုက်ပြီး
“အဒေါ်ဖန်... ကျွန်တော့်မှာ ဒီနေ့ အလုပ်တွေ အများကြီး ရှိသေးလို့ ရှောင်ဝေကို မစောင့်တော့ဘူးနော်၊ အခုပဲ သွားတော့မယ်။”
သူ ပြောကာ ကမန်းကတန်း ထွက်လာခဲ့သည်။
အစ်မကြီးဖန်သည်လည်း “အေးအေး..” ဟုသာ အမှုမဲ့အမှတ်မဲ့ ပြန်ပြောလိုက်၏။
ရှောင်စန်းမှာ သုံးလှမ်းတစ်လှမ်းနှုန်းဖြင့် အိမ်ထဲမှ ကမန်းကတန်း ထွက်ပြေးလာခဲ့သည်။ သူသည် လူရှာရန်ပင် စိတ်မကူးတော့ဘဲ မိမိအိမ်သို့သာ တန်းပြေးတော့၏။
သားဖြစ်သူ၏ နီမြန်းနေသော မျက်နှာနှင့် ပျာယာခတ်နေသည့် ပုံစံကို မြင်သောအခါ ရှီကျန့်ရှန်း စိုးရိမ်တကြီး မေးလိုက်လေသည်။
“ဘာဖြစ်လာတာလဲ.. အဒေါ်ဖန်က မင်းကို ဆူလိုက်လို့လား..”
“ဘာ... ဘာမှမဟုတ်ပါဘူး။”
ရှောင်စန်းမှာ ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောကာ အခန်းထဲသို့ ဝင်သွား၏။ ရွှီကောင်းမင်းမှာ သားဖြစ်သူ၏ ထူးဆန်းသော အမူအရာကို ကြည့်ကာ ဇနီးဖြစ်သူကို မျက်ရိပ်ပြလိုက်၍ ရှီကျန့်ရှန်းတစ်ယောက် တံခါးကြားမှ ချောင်းကြည့်လိုက်သည်။ ရှောင်စန်းစာအုပ်တစ်အုပ်ကို ကုတင်အောက်တွင် ဝှက်လိုက်သည်ကို သူမ မြင်လိုက်ရသဖြင့် တိုးတိုးလေး ရေရွတ်ပြောဆိုလိုက်မိ၏။
“ဒီကလေးတွေ ဘာတွေ လုပ်နေကြတာလဲ မသိပါဘူး...”
“ထားလိုက်တော့”
သို့သော် ထိုအချိန်တွင် ရှီရှောင်ဝေ ပြန်ရောက်လာပြီး သူ၏ ‘ရတနာစာအုပ်’ ပျောက်ဆုံးနေသည်ကို သိသွားလေသည်။ သူသည် ဒေါသတကြီးဖြင့် အပြင်သို့ ပြေးထွက်လာကာ အော်ဟစ်မေးမြန်းလေ၏။
“ကျွန်တော့်အခန်းထဲ ဘယ်သူဝင်သွားလဲ..”
အစ်မကြီးဖန်မှာ လန့်သွားပြီး
“ဘာဖြစ်လို့လဲ.. အခုတင်ပဲ အဘိုးကြီးရွှီရဲ့ တတိယသား လာသွားသေးတယ်လေ။”
ထိုစကားကို ကြားသည်နှင့် ရှီရှောင်ဝေမှာ စကားမဆိုတော့ဘဲ
“ရှောင်စန်း..ငါ့ပစ္စည်း ပြန်ပေးစမ်း..” ဟု အသံနက်ကြီးဖြင့် အော်ဟစ်ရင်း ပြေးထွက်သွားသည်။
ချွေးမဖြစ်သူကို အားရပါးရ ဆဲဆိုနေသော အဘွားကြီးကျောက်ပင်လျှင် ထိုအသံကြောင့် မှင်တက်သွားရ၏။ သူမသည် ဇဝေဇဝါဖြင့် တံခါးဝသို့ ထွက်ကြည့်လိုက်ရာ ဝင်းအတွင်းရှိ လူအားလုံးမှာလည်း မည်သို့ဖြစ်ပျက်သည်ကို သိလိုသဖြင့် ထွက်လာကြသည်။ ချန်ချင်းယွီနှင့် ဒုတိယဝင်းရှိ လူအားလုံးနီးပါး စုရုံးကာ ကြည့်နေကြ၏။
ရှီရှောင်ဝေ ဒေါသတကြီးဖြင့်
“ရှောင်စန်း..အပြင်ထွက်ခဲ့စမ်း..ထွက်ခဲ့စမ်းလို့…မင်း ငါ့ပစ္စည်း ယူသွားတာ ငါသိတယ်၊ အခုချက်ချင်း ပြန်ပေး..”
ရှောင်စန်းမှာ ပျာယာခတ်သွားပြီးရွှီကောင်းမင်နှင့် ဇနီးဖြစ်သူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာအပြင်သို့ ထွက်လာ၍
“ရှောင်ဝေ... မင်း ဘာဖြစ်နေတာလဲ.. ငါတို့က ဝင်းတစ်ခုတည်းသားတွေပဲလေ။ ဘာဖြစ်မှန်းညာဖြစ်မှန်း သေချာမသိဘဲ ဒီလို အော်ဟစ်ဆဲဆိုနေတာ မကောင်းဘူးလေ။”
သို့သော် ရှီရှောင်ဝေမှာ ထိုစကားများကို ဂရုမစိုက်နိုင်ပေ။ သူသည် ပုံမှန်အားဖြင့် ဝင်းထဲရှိ လူအများစုအပေါ် ယဉ်ကျေးသူဖြစ်သော်လည်း ယနေ့တွင်မူ အလွန်အမင်း စိုးရိမ်ပျာယာခတ်ထိတ်လန့်နေပုံရသည်။
“အပိုတွေ ပြောမနေနဲ့..ရှောင်စန်း... အခုချက်ချင်း အပြင်ထွက်ခဲ့..ငါ့ပစ္စည်းကို အခုချက်ချင်း ပြန်ပေး..”
ရွှီကောင်းမင်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ လူငယ်တစ်ယောက်မှာ သူ့ကို ဤမျှအထိ အလေးမထားဘဲ ပြောဆိုနေသည်ကို သူ မခံမရပ်နိုင် ဖြစ်သွားပုံရ၏။
“ရှောင်စန်း... အပြင်ထွက်ခဲ့စမ်း”
အဘွားကြီးကျောက်မှာ သူမ၏ ချွေးမဖြစ်သူကို တိုးတိုးလေး ကပ်မေးလိုက်၍
“ရှောင်စန်းက ဘာကို ယူသွားလို့လဲ..ဒီလောက်တောင် ဒေါသထွက်နေရအောင်။”
ချန်ချင်းယွီ ခေါင်းကို ယမ်းပြလိုက်ကာ
“ကျွန်မလည်း ဘယ်သိမလဲ”
လူတိုင်းလည်း မသိကြကာ သိသူလည်း တစ်ဦးတစ်ယောက်မျှ မရှိပေ။
“ရှောင်စန်း…ပုန်းမနေနဲ့… မင်းအိမ်မှာရှိတာ ငါသိတယ်၊ သူခိုးရ။ ငါ့အိမ်ထဲဝင်ပြီး ငါ့ပစ္စည်းယူသွားတဲ့ သူခိုး..အခုချက်ချင်း ပြန်ပေးရင် ငါဒီအတိုင်း လွှတ်ပေးမယ်။ မဟုတ်လို့ကတော့ မင်းနောင်တရစေရမယ်..”
ရှီရှောင်ဝေမှာ ဒေါသတချောင်းချောင်း ထွက်နေလေသည်။ ထိုပစ္စည်းသည် ခြောက်ကပ်လှသော ညပေါင်းများစွာတွင် သူ့အား အဖော်ပြုပေးခဲ့သည့် အဖိုးတန်
ရတနာလေးဖြစ်၍ ယခုကဲ့သို့ ရှောင်စန်း အလစ်သုတ်သွားသည်ကို သူ မည်သို့မျှ သည်းမခံနိုင်ပေ။
“အခုချက်ချင်း ပြန်ပေးစမ်း..”
ရွှီကောင်းမင်လည်း မခံမရပ်နိုင်ဖြစ်ကာ ပြန်လည်တုံ့ပြန်လိုက်၏။
“ရှီရှောင်ဝေ..မင်း စကားကို ဆင်ဆင်ခြင်ခြင်ပြောစမ်း။ လာလာချင်း လူကို သူခိုးလို့ စွပ်စွဲရအောင် ‘သူခိုး’ ဆိုတဲ့ နာမည်က ကောင်းတဲ့နာမည် မှတ်လို့လား…မင်းမှာ ဘာသက်သေရှိလို့ ဒီလိုပြောတာလဲ…ငါတို့က အိမ်နီးချင်းတွေလေ၊ ဒီလိုမျိုး လျှောက်ပြောတာ မကောင်းဘူး။ အသရေဖျက်တာက ပြစ်မှုမြောက်တယ်ဆိုတာ မင်းသိသင့်တယ်။”
ထိုစကားကို ကြားသောအခါ အစ်မကြီးဖန်လည်း စိတ်မအေးနိုင်တော့ပေ။ သူမသည် သားဖြစ်သူကို အလွန်အမင်း အလိုလိုက် အကာအကွယ်ပေးသူ ဖြစ်၍ သူမအတွက်တော့ ဤသားလေးသည် ရတနာတစ်ပါးပင်။
“ဦးလေးရွှီ... ရှင်ပြောတာလည်း မဟုတ်သေးဘူးနော်။ ဘာလို့ ကျွန်မသားကို အသရေဖျက်မှုနဲ့ လာစွပ်စွဲနေတာလဲ..သူက ရှင့်မိသားစုကို ဘာအသရေဖျက်လို့လဲ..ခုနတင်ပဲ ရှင့်သား ရှောင်စန်းက ရှောင်ဝေကို လာရှာသေးတယ်။ ရှောင်ဝေက အပြင်ခဏသွားနေလို့ အထဲမှာ စောင့်နေပါလို့ ပြောထားတာကို ခဏလေးအတွင်းမှာပဲ ပျာပျာသလဲနဲ့ ထွက်သွားတာ။ တစ်ခုခုတော့ မှားနေတာ သေချာတယ်။ အခု ရှောင်ဝေပစ္စည်း ပျောက်သွားပြီဆိုတော့ သူ့ကို မသင်္ကာလို့ ဘယ်သူ့ကို သွားမသင်္ကာရမှာလဲ…ရှင့်ကိုလား..”
သားဖြစ်သူ ဤမျှအထိ ဒေါသထွက်နေသည်ကို မြင်ရသဖြင့် ရှောင်စန်း တစ်ခုခုယူသွားသည်မှာ ကျိန်းသေသည်ဟု အစ်မကြီးဖန်ယုံကြည်သွားသည်။ ထို့အပြင် ရှောင်စန်း ထွက်သွားစဉ်၌ ပျာယာခတ်နေသည့် ပုံစံမှာလည်း အမှန်ပင် သံသယဖြစ်ဖွယ် ကောင်းလှ၏။
“ဦးလေးရွှီ... ကျွန်မတို့ကို လာမခြောက်ပါနဲ့။ ရှင့်သား ရှောင်စန်းကို အပြင်ထွက်ခဲ့ခိုင်းလိုက်။ ဘာလဲ... သူက အပြင်မထွက်ရဲလောက်အောင် ကြောက်နေတာလား..”
အစ်မကြီးဖန်သည် သားဖြစ်သူဘက်မှရပ်တည်ကာ ရှောင်စန်းကို မရပ်မနား တိုက်ခိုက်လေသည်။
ချန်ချင်းယွီသည် တစ်ဖက်စီကို ကြည့်ရင်း ရှောင်စန်း တစ်ခုခု ခိုးယူသွားသည်မှာ သေချာသည်ဟု မှတ်ချက်ချလိုက်မိ၏။ မဟုတ်လျှင် ရှီရှောင်ဝေကဲ့သို့ လူမျိုးမှာ ဤမျှအထိ ရူးသွပ်စွာ ပြုမူမည်မဟုတ်ပေ။ ထို့အပြင် တစ်ဖက်မှ အော်ဟစ်နေသည့်တိုင် အပြင်မထွက်လာဘဲ ငြိမ်နေခြင်းမှာ အမှားတစ်ခုခု လုပ်ထား၍ လိပ်ပြာမလုံခြင်းပင် ဖြစ်ရမည်။
မနက်စောစောစီးစီး ဤမျှအထိ ဆူညံပွက်လောရိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့သဖြင့် အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေလေသည်။
ငါတို့ဝင်းကြီးကတော့ တစ်နေ့တစ်မျိုး မရိုးရပါလား..
“ရှောင်စန်း..ထွက်ခဲ့စမ်း..ထွက်ခဲ့..”
ရှီရှောင်ဝေ ထပ်မံအော်ဟစ်လိုက်သည်။
ရှောင်စန်းမှာ ဆက်၍ ပုန်းနေ၍မရမှန်း သိသဖြင့် အံတင်းတင်းကြိတ်ကာ အပြင်သို့ ထွက်လာခဲ့ပြီး သူသည် အစွမ်းကုန် ငြင်းဆိုရန် ဆုံးဖြတ်ထားပုံရ၏။
“ကဲ... ထွက်လာပြီဗျာ။ ကျွန်တော်က အိပ်ပျော်နေလို့ မကြားလိုက်တာပါ..”
ထိုစကားကို ကြားသောအခါ ဘေးမှ ကြည့်နေသူများမှာ အံ့အားသင့်ကာ ဆွံ့အကုန်ကြသည်။
“ဟူး... ဆင်ခြေပေးလိုက်တာလည်း...”
အစ်ကိုကြီးရယ်..တာဝတိံသာကတောင် ကြားနေရတာကို..
သူ့ဖခင်ဖြစ်သူမှာ အရာရာကို ပါးနပ်စွာ ကိုင်တွယ်တတ်
သော်လည်း သူသည်ကား ဖခင်နှင့် လားလားမျှမတူပေ။ ရွှီကောင်းမင်ပင်လျှင် သားဖြစ်သူ၏ ပုံစံကို ကြည့်ကာ စိတ်ပျက်နေရသော်လည်း ရှေ့မှ မားမားမတ်မတ် ကာကွယ်ပေးနေဆဲဖြစ်သည်။ သားဖြစ်သူက ရှီရှောင်ဝေ၏ ‘စာအုပ်’ ကို ယူလာသည်ကို သူ သိထားသော်လည်း လူပုံအလယ်တွင်မူ မသိသလိုသာ ဟန်ဆောင်နေရ၏။
သူသည် စာအုပ်တစ်အုပ်အတွက်နှင့် ဤမျှအထိ ပြဿနာရှာနေသော ရှီရှောင်ဝေကိုလည်း အလွန်အမင်း မကျေမနပ် ဖြစ်နေမိသည်။
လူတစ်ယောက်ကို ‘သူခိုး’ လို့ လွယ်လွယ်ကူကူ စွပ်စွဲနေတယ်ပေါ့..
သူသည် ပတ်ဝန်းကျင်တွင် လူတောတိုးနိုင်ရန် သူ၏ ဂုဏ်သိက္ခာကို အမြဲတမ်း ထိန်းသိမ်းခဲ့သည်သာ။ ယခုခေတ်ကာလတွင် နာမည်ကောင်းရှိရန်မှာ အလွန်ပင် အရေးကြီးလှပြီး
နာမည်ကောင်း မရှိလျှင် လူမှုဘဝတွင် အဆင်ပြေချောမွေ့မည် မဟုတ်သည့်အပြင် ဒုက္ခရောက်ချိန်တွင်လည်း ထိုဂုဏ်သိက္ခာသည်သာ အကာအကွယ် ပေးနိုင်မည် ဖြစ်၏။
ရှီရှောင်ဝေ သူ့သားကို 'သူခိုး' ဟု တဗျစ်တောက်တောက် နာမည်တပ်နေခြင်းမှာ ရွှီကောင်းမင်အတွက် အတော်ပင် အခက်တွေ့စေသည်။ သူသည် ရှီရှောင်ဝေ၏ အဆင်အခြင်မဲ့သော စကားလုံးများကြောင့် ဒေါသထွက်သွားပြီး
“ရှောင်ဝေ... မင်း တစ်ခုခု မှားနေပြီထင်တယ်။ ငါ့သား ရှောင်စန်းကို ကြည့်ဦး၊ သူက ရိုးရိုးအေးအေး စိတ်သဘောထားရှိတဲ့သူပါ၊ မကောင်းတာလုပ်မယ့် လူစားမျိုးမဟုတ်ဘူး။ ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့မိသားစု အခြေအနေနဲ့ ဘာကိုမှ ခိုးနေစရာ မလိုပါဘူး။ မင်းဆီမှာ ခိုးချင်စရာ ဘာများရှိနေလို့လဲ..”
ရှီရှောင်ဝေမှာ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ဒေါသတကြီးဖြင့် ပြန်အော်ဟစ်၏။
“ဘယ်သူက မရှိဘူးပြောလဲ..သူယူသွားတယ်လို့ ငါပြောရင် ယူသွားတာပဲ။ သူမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ.. ဒီမနက်တင် ငါ့အခန်းထဲ သူဝင်သွားတာ ငါတွေ့လိုက်တယ်။ ရှောင်စန်း... မင်း ယောက်ျားဆိုရင် ငါ့ပစ္စည်း ပြန်ပေးစမ်း။ မြန်မြန်ပေး..”
ရှောင်စန်းသည် မျက်လုံးအကြည့်များ ကလည်ကလည်နှင့် ကစားနေသော်လည်း အံကိုတင်းတင်းကြိတ်ကာ အခိုင်အမာ ငြင်းဆိုလေသည်။
“ငါ ဘာမှမယူဘူး”
ထို့နောက် ဆက်၍
“ဒါဆို မင်းဘာပျောက်တာလဲ ပြောလေ..ဘာပျောက်မှန်းတောင် ငါမသိဘဲနဲ့ မင်းက ငါ့ကို သူခိုးလို့ စွပ်စွဲနေတာလား..”
သူသည် စိတ်ထဲမှလည်း ကြုံးဝါးနေကာ
‘ဒီကောင် ဒါမျိုးကို လူပုံအလယ်မှာ ထုတ်ပြောရဲပါ့မလား။ ဒီလိုအရာမျိုးကိုတော့ ဘယ်သူရရ၊ ရတဲ့သူပိုင်တာပဲဟေ့..ပြန်ပေးဖို့လား…ဝေးသေးတယ်..စိတ်ကူးတောင်မယဉ်နဲ့..’
“မင်း ဘာပျောက်သွားလဲဆိုတာ ငါ လုံးဝမသိဘူး။”
ရှောင်စန်း မျက်လုံးကစားရင်း ထပ်ပြောလိုက်ပြန်သည်။
ချန်ချင်းယွီ ထိုပုံစံကို ကြည့်ကာ ရိပ်မိသွားပြီး
ဟူး... နင့်ပုံစံကတော့လေ…ညံ့လိုက်တာ…
ငါကလေးဘဝတုန်းကတောင် နင့်ထက် ပိုတည်ငြိမ်သေးတယ်…
ဒါပေမဲ့ ရှီရှောင်ဝေ ပျောက်သွားတဲ့ အရာက လူပုံအလယ်မှာ ထုတ်ပြောဖို့ ခက်တဲ့အရာမျိုး ဖြစ်ရမယ်၊ မဟုတ်ရင် ရှောင်စန်းက ဒီလောက်အထိ တင်းခံနေမှာ မဟုတ်ဘူး…
ရှီရှောင်ဝေမှာ အမှန်တကယ် ပျောက်ဆုံးသွားသော ပစ္စည်းအကြောင်းကို ဝန်ခံမည်မဟုတ်သည်မှာ သိသာလှသည်။ သူသည် သိသိကြီးနှင့် ဟန်ဆောင်နေသော ရှောင်စန်းကို ကြည့်ကာ ဒေါသအရှိန် ထိန်းမရတော့ဘဲ ရှေ့သို့တစ်လှမ်းတိုး၍ လက်သီးဖြင့် ထိုးလိုက်လေ၏။
“ငါ မင်းကို သတ်မယ်”
“ဟေ့... ဟေ့..သေချင်းဆိုးတွေ..”
“ဘာလို့ ရန်ဖြစ်ကုန်ကြတာလဲ..”
“စကားနဲ့ ရှင်းကြလေဗျာ၊ ဒါ ဘာလုပ်တာလဲ..”
အိမ်နီးချင်းများ ကမန်းကတန်း ဝင်ရောက်ဖျန်ဖြေကြသော်လည်း ရှီရှောင်ဝေ၏ လက်သီးမှာ ရှောင်စန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီးဖြစ်သည်။ အရိုက်ခံလိုက်ရသော ရှောင်စန်းမှာလည်း ဒေါသတကြီး ဟစ်ကြွေးကာ
“ရှီရှောင်ဝေ..မင်း ရူးနေလား၊ ငါ့ကို ဘာလို့ လာရိုက်တာလဲ..”
ရှောင်စန်းသည် ရှီရှောင်ဝေ၏ ပစ္စည်းကို ယူထားသည်မှာ မှန်သော်လည်း ရှီရှောင်ဝေဘက်မှ ဤမျှအထိ ပြဿနာရှာရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသို့ ရုတ်တရက် အတိုက်ခံလိုက်ရသဖြင့် သူလည်း ဒေါသပေါက်ကွဲသွားကာ
“ငါယူတယ်ဆိုတာ မင်းမှာ ဘာသက်သေရှိလဲ..မင်းပြောတိုင်း ဟုတ်ရောလား..ဘာပျောက်တာလဲ ထုတ်ပြောရဲရင် ပြောကြည့်လေ..ပြောစမ်း..”
ရှောင်စန်း ရှီရှောင်ဝေကို လှမ်းဆွဲလိုက်ပြီး ရှီရှောင်ဝေသည်လည်း ပြန်လည်လုံးထွေးသဖြင့် နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဆွဲလားရမ်းလားဖြင့် ရန်ပွဲမှာ ပြင်းထန်လာ၏။
ချန်ချင်းယွီမှာမူ မျက်လုံးအဝိုင်းသားဖြင့် ကြည့်ရင်း စိတ်ထဲမှလည်း ဝေဖန်နေမိသည်။ ရှောင်စန်း စကားမှာ သူခိုးမှ လူဟစ်နေသကဲ့သို့ပင်။ ရှီရှောင်ဝေ မပြောရဲသည်ကို သိ၍ အကွက်ကျကျ ပြန်တိုက်နေခြင်း ဖြစ်ပြီး ထိုအခြေအနေကို ချန်ချင်းယွီသာမက အနည်းငယ် အကဲခတ်တတ်သူတိုင်း ရိပ်မိနေကြသော်လည်း မည်သူမျှ ဝင်ရောက်ခြင်း မပြုကြပေ။
ရှောင်စန်း ဒေါသတကြီးဖြင့်
“ငါတို့က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာလေ၊ မင်းက ငါ့ကို အခုလို လာလုပ်တယ်ပေါ့..”
“မင်းကော... အတူတူ ကြီးပြင်းလာပြီးတော့ ဘာလို့ ငါ့ပစ္စည်းကို ခိုးယူရတာလဲ..အဲဒါ ငါ့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ မင်းသိလား..”
ရှီရှောင်ဝေ ဟိန်းဟောက်လိုက်၏။
“ငါ ဘာမှ မသိဘူး..”
“မင်း အတည်ပေါက်နဲ့ အရူးလုပ်နေတာလား..”
“အား..”
နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် အင်္ကျီချင်းဆွဲ၊ လုံးထွေးသတ်ပုတ်ရင်း မြေကြီးပေါ်သို့ 'ဘုန်း' ကနဲ လဲကျသွားကြလေသည်။
ရန်ပွဲမှာ အရှိန်ပြင်းထန်လှသည်ဟု ထင်ရသော်လည်း တကယ်တမ်း၌မူ နှစ်ယောက်လုံးမှာ အားအစစ်အမှန်ကို မသုံးဘဲ ကလေးကစားသကဲ့သို့သာ ဖြစ်နေ၏။တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိကာ အင်အားချင်းမှာလည်း မတိမ်းမယိမ်းပင်။ အကယ်၍သာ ဤနေရာ၌ အဘွားကြီးကျောက် ရန်ဖြစ်နေခြင်းဆိုလျှင် တစ်ဖက်လူမှာ အသားစများပင် လွင့်စင်ကာ အနည်းဆုံး အနာတရ အကြီးအကျယ် ဖြစ်နေလောက်ပြီသာ။
သို့သော် ယခုမူ ရှီရှောင်ဝေ၏ ပထမဆုံးလက်သီးကို ဖယ်လိုက်လျှင် ကျန်သည့်အချိန်များမှာ တစ်ယောက်ကိုတစ်ယောက် ဟိုဆွဲဒီငင်ဖြင့် လွှတ်တမ်းရုန်းတမ်း ကစားနေသကဲ့သို့ ရှိနေသည်။ မြင်ကွင်းမှာ ကြည့်မကောင်းလှကာ အခြေအနေမှာလည်း အတော်ပင် ကသိကအောက် ဖြစ်ဖွယ်ကောင်းလှ၏။
အရည်မရ အဖတ်မရ သတ်ပုတ်နေကြရင်း လူငယ်နှစ်ဦးမှာ ပါးစပ်မှလည်း မနားတမ်း ဆဲဆိုနေကြဆဲပင်။
“မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့..ပြောစမ်းပါဦး... မင်း ဘာပျောက်လို့လဲ..”
ရှောင်စန်းမှာ အသာစီးရသည့်အလား အဆက်မပြတ် မေးခွန်းထုတ်နေသည်။
သူသည် ရှီရှောင်ဝေ၏ အားနည်းချက်ကို သိထားသဖြင့် ထိုအချက်ကိုပင် ထပ်ခါတလဲလဲ ပြောဆိုနေခြင်း ဖြစ်၏။ သို့သော် သူထင်ထားသည်နှင့် ဆန့်ကျင်ဘက်မှာမူ သူ ထိုသို့ အတင်းအကျပ် မေးမြန်းလေလေ၊ ဘေးမှကြည့်နေသူများမှာ သူ တစ်ခုခုခိုးယူခဲ့ကြောင်း သေချာသည်ဟု ပို၍ ယုံကြည်လာလေလေ ဖြစ်နေတော့သည်။ ရှီရှောင်ဝေ ထုတ်မပြောရဲသည့် အရာတစ်ခုခုကို သူ ယူထားသည်မှာ သိသာလှ၏။
ကောင်လေး..ငါတို့ကို လအတွေများ ထင်နေလား..
ရှီရှောင်ဝေမှာလည်း ပျောက်ဆုံးသွားသည့် ပစ္စည်းအကြောင်းကို မပြောနိုင်သော်လည်း လျှော့မပေးလို၍
“ငါ့ဆီက ပစ္စည်းပျောက်တာ အမှန်ပဲ။ ငါ့အခန်းထဲကို မင်းတစ်ယောက်ပဲ ဝင်တာလေ၊ မင်းမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ..”
“မင်းညီလည်း ဖြစ်နိုင်တာပဲလေ..”
ရှောင်စန်း အပြစ်ပုံချရန် ကြိုးစားလိုက်သည်။
ရှီရှောင်ဝေ၏ ညီဖြစ်သူသည်လည်း မခံမရပ်နိုင်ဖြစ်ကာ
“ငါ သူ့အခန်းထဲ တစ်ခါမှ မဝင်ဘူး…ငါ့ကို လာမဆွဲထည့်နဲ့။ မင်း သူ့အခန်းထဲဝင်သွားတာ ငါတွေ့လိုက်တယ်။ ပြန်ထွက်လာတော့လည်း မျက်နှာကြီး နီမြန်းပြီး ပျာယာခတ်နေတာ ငါအကုန်မြင်တယ်..”
ရှီရှောင်ကွမ်းမှာ ပြတ်ပြတ်သားသား တုံ့ပြန်လိုက်၏။ ဤကလေးငယ်မှာ ငယ်သော်လည်း မတရားစွပ်စွဲခံရမည်ကိုမူ လက်မခံပေ။
“မင်းတို့ အရှုပ်အထွေးတွေထဲ ငါ့ကို လာဆွဲမထည့်နဲ့..”
“ဟေ့... ဒီကလေးကတော့...”
ရှောင်စန်း တစ်ခုခုပြောရန် ပြင်လိုက်စဉ် အစ်မကြီးဖန် မကျေမနပ် ဝင်ပြောလေတော့သည်။
“ဘာပြောလိုက်တာလဲ..ငါ့သားက အရမ်းလိမ္မာတာ၊ သူက သူ့အစ်ကိုအခန်းထဲ ဘယ်တော့မှ မဝင်ဘူး။ မင်း အထဲဝင်ပြီးမှ ငါ့သားကို လာအပြစ်ပုံချနေတာလား..ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး၊ အရှက်မရှိ၊ အကျင့်မရှိတဲ့လူစားမျိုး..ဘယ်လိုတောင် အရှက်မရှိရတာလဲ..”
ရှီကျန့်ရှန်းသည်လည်း သားဖြစ်သူဘက်မှ နေ၍
“ဘာလို့ ငါ့သားကို လာဆဲနေတာလဲ..ရှောင်စန်းက သူ့သံသယကို ပြောပြတာပဲလေ...”
“ထွီ…သူ့အမေကိုယ်တိုင်ကလည်း ဒီလိုပါလား..သူက သူခိုးပဲ၊ ညည်းတို့မိသားစုက ဘယ်တော့မှ လူကောင်း ထွက်လာမှာမဟုတ်ဘူး...”
“ညည်း လျှောက်ပြောနေတာပဲ..ညည်းက...”
ဤသို့ဖြင့် အမျိုးသမီးနှစ်ဦးမှာ ခါးထောက်လျက် အပြန်အလှန် ဆဲဆိုလိုက်ကြပြန်၏။ သို့သော် လက်တွေ့တွင်မူ သတ်ပုတ်ခြင်း မရှိဘဲ စကားဖြင့်သာ အားပြိုင်နေကြခြင်းတည်း။
အဘွားကြီးကျောက် တစိမ့်စိမ့်ကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ကြည့်စမ်း... တကယ်ကို အသုံးမကျတဲ့သူတွေ။ ဆဲနေရုံနဲ့ ဘာထူးမှာလဲ..”
ချန်ချင်းယွီသည်လည်း ဘေးမှ ခေါင်းညိတ်ပြ၏။
“ရန်ဖြစ်တယ်ဆိုတာ အနိုင်အရှုံးပေါ်အောင် သတ်ရတာလေ။ အခုလို အော်နေရုံနဲ့တော့ ဘာမှ မထူးခြားဘူး၊ တကယ်ကို ပျင်းစရာကောင်းလိုက်တာ။”
ချန်ချင်းယွီက ထပ်မံခေါင်းညိတ်ပြပြန်သည်။ ယောက္ခမနှင့် ချွေးမနှစ်ဦးမှာ ရှားရှားပါးပါး သဘောထားချင်း တိုက်ဆိုင်သွားကြသဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်မိကြသည်။ ထိုသို့ ပြုံးရယ်နေရင်း ချန်ချင်းယွီ နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ ကလေးနှစ်ယောက်မှာ ပြတင်းပေါက်တွင် ကပ်၍ အားရပါးရ ငေးကြည့်နေကြသည်ကို တွေ့လိုက်ရ၏။ အဝတ်အစားပင် မလဲရသေးဘဲ အတွင်းခံဘောင်းဘီလေးများဖြင့် အပြင်မှ ရန်ပွဲကို စိတ်ဝင်တစား ကြည့်နေကြသည့် ကလေးငယ်များကို ကြည့်ကာ သူမ စိတ်မပူမိပေ။ ဤကဲ့သို့ လောကအကြောင်းများကို စောစောစီးစီး မြင်တွေ့ထားခြင်းမှာ သူတို့အတွက် အတွေ့အကြုံသစ်ပင် ဖြစ်သည်ဟု သူမ ယူဆ၏။
ရန်ပွဲသံကြောင့် ရှေ့ဝင်း၊ နောက်ဝင်းရှိ လူများပါ ရောက်လာကြရာ ရှောင်စန်းမှာ ပို၍ အသံကျယ်လာပြီး
“ငါ့ကို လာမစွပ်စွဲနဲ့.. ငါ သူခိုးမဟုတ်ဘူး..ငါ့ကို ထပ်ပြောရင်တော့ အနုနည်းနဲ့ မရတော့ဘူးနော်..”
“မင်းက သူခိုးပဲ.. သူခိုးပဲ..”
ရှီရှောင်ဝေမှာ ဒေါသကြောင့် အသက်ပင် မှန်မှန်မရှူနိုင်တော့ပေ။
“ဒါဆို မင်းဘာပျောက်တာလဲ ပြောလေ..ထုတ်ပြောရဲလား..”
ရှောင်စန်း ခနဲ့တဲ့တဲ့ မေးလိုက်ရာ ရှီရှောင်ဝေမှာ ဆွံ့အသွားပြီး
“မင်း... မင်း... အေးလေ... မင်းစောင့်နေလိုက်..စောင့်နေလိုက်ဦး..”
သူသည် အမှန်တကယ်ပင် လူပုံအလယ်တွင် ထုတ်မပြောရဲရှာပေ။
ရှောင်စန်းမှာ အောင်နိုင်သူအလား
“စောင့်နေတာပေါ့၊ ငါက မင်းကို ကြောက်နေမယ် ထင်နေလား..မင်းက ငါ့ကို အလကားနေရင်း လာစွပ်စွဲနေတာ၊ ငါကတောင် မင်းကို မပြောသေးဘူး။ မင်းက ဘာမို့လို့လဲ..”
တစ်ဖက်တွင်လည်း အစ်မကြီးဖန်နှင့် ရှီကျန့်ရှန်းတို့မှာ ဆဲဆိုရသည်မှာ မောသွားကြပြီ ဖြစ်သည်။
အစ်မကြီးဖန် : “ရှောင်ဝေ... ပြောစမ်းပါ သားရဲ့၊ ဘာပျောက်သွားတာလဲဆိုတာ အမေ့ကိုပြော။ အမေ ရဲစခန်းသွားပြီး ဒီသူခိုးကို အပြစ်ပေးခိုင်းမယ်။ မိသားစုလိုက် သူခိုးကို အကာအကွယ်ပေးနေကြတာ..”
ချန်ချင်းယွီသည် ရှီရှောင်ဝေ၏ မျက်နှာကို လှမ်းကြည့်လိုက်ရာ အရောင်စုံပြောင်းနေပြီး အလွန်ကြည့်ရဆိုးနေသည်ကို တွေ့လိုက်ရသည်။
ရှီရှန်းမှာ အခြေအနေကို ထိန်းသိမ်းရန် ကြားဝင်လိုက်ပြီး
“ကဲ... တော်ကြပါတော့။ ပစ္စည်းပျောက်ရင် ရှာရမှာပေါ့၊ သူခိုးလို့ တန်းမစွပ်စွဲပါနဲ့ဦး။ တစ်ခါတလေ ပစ္စည်းက မေ့ပြီး ထားမိတာမျိုးလည်း ဖြစ်နိုင်တာပဲ။”
သူသည် ရှောင်စန်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း
“ရှောင်စန်း... ဦးလေးကပဲ တောင်းပန်ပါတယ်။ ဦးလေးတို့ မှားသွားတာလည်း ဖြစ်နိုင်တယ်။ မင်းက သူခိုးမဟုတ်ပါဘူး၊ အထင်လွဲသွားတာပါ။”
ရှောင်စန်းမှာ ကျေနပ်သွားရန် ပြင်လိုက်စဉ်မှာပင် ရှီရှန်း ဆက်၍ ပြောလိုက်၏။
“ဒါပေမဲ့ နောက်တစ်ခါ ငါတို့အိမ်ကိုတော့ လုံးဝမလာနဲ့တော့။”
ရှီရှန်း၏ လုပ်ရပ်မှာ အခြေအနေကို အေးချမ်းစေရန် ဖြစ်သော်လည်း ရှောင်စန်းမှာ သူခိုးဖြစ်သည်ဟု လူတိုင်းသိအောင် သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။ သက်သေမရှိသဖြင့်သာ ရှည်ရှည်ဝေးဝေး မပြောတော့ခြင်း ဖြစ်ကြောင်း အားလုံး ရိပ်မိလိုက်ကြ၏။ ရှောင်စန်း၏ မျက်နှာထက်မှ အပြုံးမှာ ချက်ချင်းပင် ခဲသွားတော့သည်။
ရွှီကောင်းမင် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရှီရှန်းမှာ
“မိန်းမ... ကလေးကို အိမ်ထဲ ခေါ်သွားတော့။ ဒီနေ့ အလုပ်တွေ အများကြီး ရှိတာကို ဘာလို့ ဒါတွေနဲ့ အချိန်ဖြုန်းနေမှာလဲ.. ဒီနေ့ ဧည့်ခံပွဲရှိတယ်လေ၊ အားလုံး အလုပ်ရှုပ်နေကြတာကို ဒါတွေကို လွှတ်ထားလိုက်စမ်းပါ။”
မိန်းမဖြစ်သူကို ပြောဆိုကာ သားဖြစ်သူကို တွန်း၍ အိမ်ထဲသို့ ခေါ်သွားလေသည်။
ရှီရှောင်ဝေမှာ မျက်ရည်ဝိုင်းကာ ရှောင်စန်းကို စိုက်ကြည့်နေဆဲဖြစ်သော်လည်း အဆုံးတွင်မူ မည်သည့်ပစ္စည်း ပျောက်ဆုံးသည်ကို မပြောရဲ၍ တံခါးကို ဒိုင်းကနဲ မြည်အောင် ပိတ်၍ အိမ်ထဲသို့ ဝင်သွား၏။
ရှီရှန်း ဘေးလူများကို တောင်းပန်စကားဆိုကာ လူစုထွဲလိုက်သည်။
“အားလုံးပဲ တောင်းပန်ပါတယ်ဗျာ။ အခုတော့ လူစုခွဲပေးကြပါဦး”
သို့သော်လည်း အဘွားကြီးဟွမ်မှာ လူတိုင်း သိချင်နေသော မေးခွန်းကို ဗြောင်ကျကျ မေးလိုက်၏။
“နေဦးလေ... တကယ်တော့ ဘာပျောက်သွားတာလဲ..”
အဘွားကြီးကျောက်သည်လည်း ထပ်ချပ်မကွာ ဝင်ညှောင့်ကာ
“ဟုတ်ပါရဲ့၊ ဘာပျောက်တာလဲ..အဖိုးတန်လို့လား..ငါတို့ ကူရှာပေးရမလား..”
ရှီရှန်းမှာ အံကိုတင်းတင်းကြိတ်ရင်း
“မလိုပါဘူး..” ဟု အားတင်း၍ ပြန်ပြောလိုက်ရရှာ၏။
ကံကောင်းသည်မှာ သူသည် ဤအမျိုးသမီးနှစ်ဦးမှာ ဘာမှမသိနားမလည်သူများဖြစ်ကြောင်း သိထားသဖြင့် သူတို့ထက်စာလျှင် ရွှီကောင်းမင်ကဲ့သို့ လူစားမျိုးကိုသာ ပို၍ သတိထားနေခြင်း ဖြစ်သည်။
“ကဲ... လူစုခွဲကြရအောင်။ ဒီနေ့ ဦးလေးရွှီက ဧည့်ခံကျွေးမွေးမှာဆိုတော့ အားလုံးပဲ ကူညီပေးကြပါဦး။”
ရွှီကောင်းမင် စိတ်ထဲမှ
ဒီလူကတော့ အခွင့်အရေးရရင် ရသလို ငါ့ကို ခိုင်းဖို့ပဲ ကြည့်နေတာပဲ..
သို့သော် အပြင်ပန်းတွင်မူ
“ဟုတ်တယ်... လူစုခွဲကြရအောင်။”
လူများ လူစုခွဲသွားကြသော်လည်း ယွမ်ဟောက်မင်မှာ ရွှီကောင်းမင်အနားသို့ တိုးကပ်လာသည်။ သူတို့နှစ်ဦးမှာ ဝင်းအတွင်း၌ အလွန်ရင်းနှီးသော မိတ်ဆွေများဖြစ်ကြ၍
ယွမ်ဟောက်မင် သံသယဖြင့်
“အဘိုးကြီးရွှီ... အဆင်ပြေရဲ့လား..ရှောင်စန်းက တကယ်ပဲ...”
ရွှီကောင်းမင် ချက်ချင်းပင်
“ဒါက ရှောင်ဝေရဲ့ အထင်လွဲမှုသက်သက်ပါ။ သူက ငါ့သား ရှောင်စန်းကို ဘာမှမရှိဘူး ထင်နေတာလား မသိဘူး။ ရှောင်စန်းမှာလည်း အလုပ်ရှိတယ်၊ လစာရှိတယ်၊ သူလိုချင်တာ သူဘာသာ ဝယ်နိုင်တာပဲ။ ဘာလို့ သူများပစ္စည်း ခိုးရမှာလဲ”
ရှင်းပြရင်းဖြင့် ရှီရှောင်ဝေကိုလည်း သွယ်ဝိုက်၍ နှိမ်လိုက်၏။
သူ၏သားများမှာ အလုပ်အကိုင် အတည်တကျရှိသဖြင့် သာမန်မိသားစုများကဲ့သို့ မဟုတ်ကြောင်း သူ ဂုဏ်ယူဝင့်ကြွားလိုက်သည်။ယွမ်ဟောက်မင်မှာ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြုံး၍သာ ခေါင်းညိတ်လိုက်၏။
“ခဏနေရင် အတူတူ သောက်ကြတာပေါ့၊ ငါ အဓိကစားပွဲအတွက် ဟင်းကောင်းတွေ ပြင်ထားခိုင်းလိုက်မယ်။”
ယွမ်ဟောက်မင် သဘောကျစွာဖြင့်
“ဒါဆိုရင်တော့ ခင်များနဲ့အတူ တစ်ခွက်လောက် သောက်ရမှာပေါ့။”
“ကောင်းပါပြီဗျာ... သောက်ကြတာပေါ့”
ထိုစကားများကို ချောင်းနားထောင်နေသော အဘွားကြီးကျောက်မှာမူ အိမ်ပြန်ရောက်သည်နှင့် မကျေမနပ် ရေရွတ်လေသည်။
“ရွှီကောင်းမင်ကတော့ တကယ်ပဲ... သူတို့ကျတော့ အဓိကစားပွဲမှာ အခွင့်ထူးခံတွေ လုပ်နေတယ်..ဝင်းထဲက လူတွေအကုန် အတူတူပဲကို သူကျမှ ဘာလို့ ပိုရနေရတာလဲ”
အလကားကျွေးသည်ဆိုသော်လည်း အဘွားကြီးကျောက်မှာ မိမိသာ ပို၍ မရလျှင် ရှုံးသည်ဟု မှတ်ယူထားသူ ဖြစ်သည်။
ချန်ချင်းယွီ ပြုံး၍ အကြံပြုလိုက်၏။
“ဒါဆိုရင်လည်း အမေ အခွင့်အရေးရရင် ဟိုဘက်သွားပြီး မြည်းကြည့်လေ။ သူတို့က တည်ခင်းတာပဲ၊ အမေလည်း သွားပြီးတော့ ဂုဏ်ပြုစကား ပြောသင့်တာပေါ့။”
အဘွားကြီးကျောက်၏ မျက်လုံးများမှာ ဝင်းကနဲ ဖြစ်သွားပြီး
“ဟုတ်သားပဲ... ဟုတ်သားပဲ။ ဂုဏ်ပြုစကားပြောရင်းနဲ့လည်း ဟိုဟိုဒီဒီ မြည်းကြည့်လို့ ရတာပဲ။ ညည်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ ဟေ့... ဒီအခွင့်အရေးကိုတော့ ငါလက်လွတ်မခံနိုင်ဘူး”
ထို့နောက် သေချာစေရန် ထပ်ခါထပ်ခါ မေးမြန်းပြန်သည်။
“ညည်း တကယ် မသွားတော့ဘူးလား။ တကယ်မစားချင်ဘူးလား”
ချန်ချင်းယွီ အလေးအနက် ခေါင်းခါလိုက်ပြီး
“မသွားဘူး”
ချန်ချင်းယွီ သတိပေးသည့်အနေဖြင့် ထပ်လောင်းပြောလိုက်၏။
“ကျွန်မကြားတာတော့ မနေ့က သူတို့ပြောနေကြတာလေ၊ အသားဟင်းတွေက အပြင်ကဝယ်လာတဲ့ အသင့်စားဟင်းတွေတဲ့။ အမေ စားတဲ့အခါမှာ သတိထားစားဦးနော်။”
အဘွားကြီးကျောက် ဂရုမစိုက်ဟန်ဖြင့် “အေးပါအေးပါ..” ဟုသာ ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။
သူမ၏စိတ်ထဲတွင်မူ
‘ဒီကောင်မလေးကတော့ အတွေးလွန်နေပြန်ပြီ။ ဘာလို့ ဒီလောက်တောင် စိုးရိမ်တကြီး ဖြစ်နေရတာလဲ..လူတိုင်းကို သံသယဝင်နေတာပဲ။ ရွှီမိသားစုကိုယ်တိုင်တောင် စားနေကြတာပဲကို၊ ဘာလို့ မယုံကြည်နိုင်ရမှာလဲ။ သူကတော့ ပြီးခဲ့တဲ့တစ်ခေါက် အနံ့ဆိုးရတာနဲ့တင် ကြောက်နေတော့တာပဲ..’
တကယ်တမ်း ထိုသို့စိုးရိမ်နေရန် မလိုအပ်ဟု သူမ ထင်သော်လည်း ချန်ချင်းယွီ စေတနာနှင့် ပြောခြင်းဖြစ်သဖြင့် ပြန်မပြောတော့ဘဲ စပ်စုချင်စိတ်ဖြင့်သာ မေးလိုက်၏။
“ဒါနဲ့... ရှောင်စန်းက ရှီရှောင်ဝေဆီက ဘာကို ယူသွားတာလို့ ညည်းထင်သလဲ”
ချန်ချင်းယွီလည်း အတိအကျမသိသဖြင့်
“ရှီရှောင်ဝေမှာက ပိုက်ဆံမှမရှိတာ၊ တန်ဖိုးကြီးတဲ့အရာတော့ ဟုတ်မှာမဟုတ်ဘူး။”
အဘွားကြီးကျောက် ခေတ္တစဉ်းစားပြီး
“အင်း... ဟုတ်သားပဲ။”
ချန်ချင်းယွီ ဆက်၍
“ရှီရှောင်ဝေက ဒီလောက်အထိ အကျပ်ကိုင်ခံရတာတောင် ဘာပျောက်တာလဲလို့ ထုတ်မပြောရဲဘူးဆိုရင် အဲဒါက ရှက်စရာကောင်းတဲ့ အရာတစ်ခုခု ဖြစ်ရမယ်။”
အဘွားကြီးကျောက် ခေါင်းကို တရစပ်ညိတ်ရင်း
“ဟုတ်တယ်၊ ဟုတ်တယ်.. ငါလည်း အဲဒီလိုပဲ တွေးနေတာ။”
“ဒီအချက်နှစ်ချက်ကို ကြည့်ရင်တော့ ဖြစ်နိုင်ခြေတွေကို နယ်ပယ်ကျဉ်းလိုက်လို့ ရပေမယ့် ရွေးချယ်စရာတွေက များနေတုန်းပဲဆိုတော့ ဘာလဲဆိုတာ ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ ခန့်မှန်းနေဖို့လည်း မလိုပါဘူး။ ရှီရှောင်ဝေ ဒီလောက်တောင် ရူးမတတ်ဖြစ်နေတာကို ကြည့်ရင် အဲဒီပစ္စည်းက သူ့အတွက် အရမ်းအရေးကြီးတာ သေချာတယ်။ ဒီကိစ္စကတော့ ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး။”
“အေး... ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်..”
သူမ ဝမ်းသာအားရဖြင့်
“အဲဒီ ရှီရှောင်ဝေဆိုတဲ့ ကောင်စုတ်က ငါ့ကိုဆိုရင် အမြဲတမ်း အထင်သေးတာ။ ငါက နှုတ်ဆက်ရင်တောင် ပြန်ပြီးတော့ လေးစားမှု မပြတတ်ဘူး။ အခုလို အခိုးခံရတာ ဝဋ်လည်တာပဲ။ ဒါပေမဲ့ ရှောင်စန်းက ဒီလောက်အထိ သတ္တိရှိပြီး ခိုးရဲလိမ့်မယ်လို့ ငါမထင်ထားဘူး။ ရှီရှောင်ဝေ ပစ္စည်းကို သူခိုးထားတာ ဘယ်သူမှ မမြင်ဘူးလို့ သူထင်နေတာလား မသိဘူး။”
“ငါတို့မိသားစုလည်း နောက်ဆို သတိထားရမယ်... အင်း... ဘယ်သူက ခိုးမှာလဲနော်.. တကယ်တော့ ငါတို့ဝင်းထဲမှာ သူခိုးမရှိတာ နှစ်ပေါင်းမနည်းတော့ဘူး။ သူလို ယောက်ျားကြီးတန်မဲ့နဲ့တော့ ခက်တာပဲ။”
ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်ကြည့်လိုက်ရာ အဘွားကြီးမှာ ပြန်ကြည့်၍
“ဘာလဲ..”
ချန်ချင်းယွီ : “ ဘယ်သူက မရှိဘူးပြောလဲ..အမေပဲ ကျွန်မကို ပြောဖူးတယ်လေ၊ အဘွားကြီးဟွမ်က သူခိုးဆိုတာ။”
အဘွားကြီးကျောက် နဖူးကို လက်ဖြင့်ရိုက်ကာ
“ဟုတ်သားပဲ၊ ဟုတ်သားပဲ... တစ်ယောက်တော့ ရှိသားပဲ။ ဒါပေမဲ့ သူက သူခိုးအကြီးစား မဟုတ်ပါဘူး၊ လက်ဆော့တတ်တဲ့ သူခိုးသေးလေးပါ။ ပိုက်ဆံတော့ မခိုးဘူး၊ လူတွေ စိုက်ထားတဲ့ ကြက်သွန်မြိတ်၊ ချင်း၊ ကြက်သွန်ဖြူတွေကိုပဲ ယူတတ်တာ။ ဪ... ပြီးတော့ ငါတို့စိုက်ထားတဲ့ ပန်းအိုးတွေလည်း အိမ်မှာလူမရှိရင် အပြင်မှာ မထားနဲ့ဦး။ အသီးတွေမှည့်လာရင် အဲဒီအဘွားကြီးက လာခူးသွားလိမ့်မယ်။ အရှက်ကို မရှိဘူး။”
ထိုအရာများမှာ တန်ဖိုးသိပ်မရှိသဖြင့် မိသားစုအများစုမှာ ပြဿနာမရှာကြခြင်း ဖြစ်သည်။
ချန်ချင်းယွီ: “သိပါပြီ။”
“တကယ်လို့ သူက ကျွန်မတို့ပစ္စည်းကို လာခိုးရင်တော့ အမေပဲ ရှင်းလိုက်တော့နော်။ အမေ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မ ယုံကြည်ပါတယ်။ အမေ သူ့ကို ကိုင်တွယ်နိုင်မှာပါ။”
“အင်း... ညည်းသိသားပဲ။ ဒါကတော့ အမှန်ပဲလေ။ ငါ့မှာ တခြားစွမ်းရည် သိပ်မရှိပေမယ့် ရန်ဖြစ်တာမှာတော့ ငါက ထိပ်တန်းပဲ။”
ချန်ချင်းယွီမှာ တဟီးဟီးနှင့် ရယ်မောနေမိ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အမျိုးသမီးနှစ်ဦး၏ အမူအရာကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေကြသည်။ ယခင်ဆိုလျှင် အဘွားနှင့် အမေမှာ ယခုကဲ့သို့ သဟဇာတ မဖြစ်ခဲ့ကြပေ။ အဘွားသည် အမြဲတမ်း မျက်နှာဆူပုပ်ကာ သူတို့ကို နှိပ်စက်လေ့ရှိပြီး မိခင်သည်လည်း ဖခင်ကို ပြန်မပြောရန် သူတို့ကို တားလေ့ရှိ၏။ ထိုစဉ်က ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ စကားပင် ကျယ်ကျယ် မပြောရဲခဲ့ကြပေ။ သို့သော် ယခုမူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ အဘွားမှာ ဆဲဆိုနေလျှင်ပင် မိခင်ဖြစ်သူမှာ ကြောက်ရွံ့ပုံ မပေါ်ပေ။
ကလေးများမှာ သေချာနားမလည်ကြသော်လည်း စိတ်ထဲတွင်မူ ယခင်ထက် ပို၍ ပေါ့ပါးသွားသည်ဟု ခံစားရ၏။
“ညည်း ဘယ်တော့ ငါးသွားဖမ်းမှာလဲ”
“အခုပဲ သွားတော့မယ်။ ဒီမှာနေရင် အလုပ်တွေပဲ ခိုင်းခံရပြီး နောက်ဆုံးတော့ စားရမှာလည်း မဟုတ်ဘူး။”
“ဒါဆိုရင် ငါ အသံနည်းနည်း မြှင့်လိုက်ဦးမယ်။”
သူမသည် ချောင်းတစ်ချက်ဟန့်ကာ
“ဘာလို့ မသွားသေးတာလဲ..ဘာစားဖို့ စောင့်နေတာလဲ..မြန်မြန် ငါးသွားဖမ်းချေတော့…အလုပ်လုပ်ဖို့ဆိုရင် အချိန်ရှိပြီး အသုံးမကျတာတွေပဲ တွေးနေတယ်။ ထွက်သွားစမ်း..”
အဘွားကြီးကျောက်မှာ ယခင်
ကတည်းက ဆဲဆို လမ်းစဖော်ထားသဖြင့် ယခုကဲ့သို့ အော်ဟစ်ခြင်းမှာ ဘေးလူများအမြင်တွင် ထူးဆန်းမနေပေ။
ချန်ချင်းယွီသည် ယနေ့တွင် စားစရာ ဘာမှမယူလာခဲ့ပေ။ သူမက ကလေးများကို အသာပုတ်လိုက်ပြီး
“အဝတ်အစား မြန်မြန်လဲကြ၊ မေမေ အပြင်ခေါ်သွားမယ်။”
ရှောင်ယွမ်သည် သူမ၏ အဘွားကို ခပ်စူးစူးလေး ကြည့်လိုက်မိသည်။ ကလေးငယ်မှာ အာဃာတကို ခံစားရသော်လည်း သူမ၏ အဘွားမှာ အော်ဟစ်နေသည့်တိုင် တကယ်တမ်း ဆဲဆိုနေခြင်း မဟုတ်ကြောင်းကိုလည်း ရိပ်မိနေပုံရ၏။ ကလေးမလေးမှာ ခေါင်းကို ကုတ်ကာ နားမလည်နိုင်သဖြင့်
‘နားမလည်ရင်လည်း ထားလိုက်ပါတော့၊ မေမေပြောသလိုပဲ အဝတ်အစားလဲပြီး လိုက်သွားတာပဲ ကောင်းပါတယ်..’
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မိခင် စကားဆိုလျှင် မြေဝယ်မကျ နားထောင်ကြသူလေးများ ဖြစ်ကြသည်။ ကလေးများ အဆင်သင့်ဖြစ်သည်နှင့် ချန်ချင်းယွီ သူတို့ကို ခေါ်ထုတ်လာခဲ့၏။ ထိုစဉ် အဒေါ်ကြီးမေ့ အံ့အားသင့်သွားပြီး
“ရှောင်ချန်... ညည်း ငါးသွားဖမ်းမလို့လား..ဒီနေ့ ဧည့်ခံပွဲရှိတာလေ၊ အချိန်မီ ပြန်လာနိုင်ပါ့မလား..”
ချန်ချင်းယွီသည် ဗိုက်ဆာလွန်းသဖြင့် ယိုင်တိယိုင်တိုင် ဖြစ်နေသော အဒေါ်ကြီးမေ့ကို ကြည့်ကာ အနည်းငယ် ဆွံ့အသွား၏။ သူမသည် ယနေ့ နေ့လယ်စာကို အဝစားရန်အတွက် ယမန်နေ့ညကတည်းက ဘာမှမစားဘဲ နေခဲ့ပုံရသည်။ သူမ၏ မိသားစုတစ်ခုလုံးမှာလည်း ထိုသို့ပင် ဖြစ်မည်ထင်၏။
ချန်ချင်းယွီ : “ဒေါ်လေးမေ့ ထိုင်ပြီးမှ စကားပြောပါ”
သူမသည် အဒေါ်ကြီးမေ့တစ်ယောက် မူးလဲသွားမည်ကို စိုးရိမ်နေမိသည်။
ထို့နောက် ဖျော့တော့တော့လေး ပြုံးပြပြီး
“ကျွန်မတို့ မစားတော့ဘူးရှင်”
“ဘယ်လိုဖြစ်နိုင်မှာလဲ.. ညည်းယောက္ခမကလည်း ဘယ်လိုလူမျိုးလဲ မသိဘူး။ ဒါက သူ့ပစ္စည်းလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်တောင် ဂျီးများနေရတာလဲ။ ညည်းနေခဲ့ပါ၊ ငါ သွားပြောပေးမယ်။ ဒါက ရှားရှားပါးပါး အဝစားရမယ့် အခွင့်အရေးလေ၊ ဘာလို့ ညည်းကို အပြင်ထွက်ပြီး အလုပ်လုပ်ခိုင်းရတာလဲ..နောက်တစ်ရက်လောက်မှ သွားလည်း ဘာမှ မထူးခြားပါဘူး။”
ချန်ချင်းယွီ အဒေါ်ကြီးမေ့ကို ကမန်းကတန်း ဆွဲထားပြီး
“ဒေါ်လေးမေ့... မသွားပါနဲ့၊ ရပါတယ်။ ကျွန်မကိုယ်တိုင်လည်း သိပ်မစားချင်ပါဘူး။ ပြီးတော့ ကျွန်မက ငါးဖမ်းရတာကို ဝါသနာပါလို့ ကိုယ့်ဘာသာကိုယ် သွားချင်တာပါ။ တကယ်ပါ... ယောက္ခမက အတင်းခိုင်းတာ မဟုတ်ပါဘူး။”
အဒေါ်ကြီးမေ့ အမူအရာမှာ ထူးဆန်းသွားပြီး…… မျက်လုံးများမှာ
ညည်းနဲ့ ငါ့ကို နားကန်းနေတယ်ထင်နေတာလား..
ငါ မကန်းဘူးဟဲ့..ခုနတင် ဆဲနေတာတွေကို အကုန်ကြားနေတာကို..
ညည်း ဘယ်သူ့ကိုလာလိမ်ချင်နေတာလဲ..
“တကယ်ပါ ဒေါ်လေးရယ်၊ ကျွန်မကိုယ်တိုင် ငါးသွားဖမ်းချင်လို့ပါ။ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကလည်း လိုက်ချင်နေကြတာနဲ့။”
“ညည်းကတော့လေ... ညည်းကတော့လေ...”
အဒေါ်ကြီးမေ့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းမရှိသော သူမကို ကြည့်ကာ စိတ်ပျက်နေပုံရ၏။
ဘာလို့များ မားမားမတ်မတ် မရပ်တည်နိုင်ရတာလဲ…
“ညည်းမစားရင်တောင် ကလေးတွေကိုတော့ ကျွေးသင့်တာပေါ့။”
ချန်ချင်းယွီ ခေါင်းခါယမ်းလိုက်ပြီး
“သူတို့ကို ကျွန်မနဲ့ပဲ ခေါ်သွားမယ်၊ ဒီနေ့က ဝင်းထဲမှာ လူတွေအများကြီးလေ၊ ကျွန်မ သူတို့ကို ထားခဲ့ဖို့ စိတ်မချပါဘူး”
အဒေါ်ကြီးမေ့သည် အခြေအနေကို စဉ်းစားကြည့်ပြီးနောက် သဘောတူညီသည့်တိုင်အောင် စိုးရိမ်တကြီးဖြင့်
“ဝင်းထဲမှာ ဘယ်သူမှ မရှိဘူးဆိုပေမဲ့ လာတဲ့သူတိုင်းက မြင်နေရမှာလေ။”
ချန်ချင်းယွီ ခေါင်းကိုသာ ခါယမ်းလိုက်ပြီး
“မတော်တဆ ဖြစ်တာမျိုးထက်စာရင် ကြိုတင်ကာကွယ်ထားတာက ပိုစိတ်ချရပါတယ်။ ကျွန်မ မလုနိုင်ဘူး။ ကိုကိုကျန့်ဝမ်နဲ့ ကျွန်မမှာ ဒီကလေးနှစ်ယောက်ပဲ ရှိတာလေ၊ သူတို့ကို ကျွန်မ ပစ်မထားနိုင်ပါဘူး။”
“ညည်းကတော့လေ...”
သူမသည် ချန်ချင်းယွီ၏ ပျော့ညံ့လွန်းသော အမူအရာကို ကြည့်ကာ အတော်ပင် စိတ်မအေး ဖြစ်နေရှာ၏။
စိုးရိမ်စရာပဲ..
ထိုစဉ် အဘွားကြီးကျောက်မှာ ဝင်းတစ်ခုလုံး ကြားရလောက်အောင် ကျယ်လောင်စွာဖြင့် အေးစက်စက် လှောင်ရယ်လိုက်သည်။ အဒေါ်ကြီးမေ့မှာ အဘွားကြီးကျောက်ကို မျက်စောင်းတစ်ချက် ထိုးလိုက်မိ၏။
ချီးပဲ…
...ညည်းတို့တွေ ဒီကောင်မလေး သရုပ်ဆောင်တာ ဘယ်လောက်တော်လဲဆိုတာ တကယ်မသိကြတာပဲ…
ချန်ချင်းယွီက တစ်ဝင်းလုံးမှာ သရုပ်ဆောင်အကောင်းဆုံး မင်းသမီးဟဲ့။
တောက်..ဒီအရူးတွေ..
ဘာလို့ ဘယ်သူမှ ချန်ချင်းယွီရဲ့ ပင်ကိုယ်ဗီဇအစစ်အမှန်ကို မမြင်ကြတာလဲ…အားလုံးက မူးနေကြပြီး ငါတစ်ယောက်တည်းပဲ အသိတရားရှိနေသလိုပဲ..
အဘွားကြီးကျောက်သည် ပညာရှိအမျိုးသမီးကြီးတစ်ဦး၏ အမူအရာဖြင့် ကောင်းကင်ယံကို တိတ်ဆိတ်စွာ မော့ကြည့်နေလေသည်။
အမှန်ပင် ပညာရှိကြီးတစ်ဦးအလား…
စူးရှသော မျက်လုံးအစုံရှိသည့် ဆရာတစ်ယောက်သာလျှင် ရူးသွပ်နေသည့် မိန်းမတစ်ယောက်၏ ဗီဇအစစ်အမှန်ကို ထိုးဖောက်မြင်နိုင်၏….
ညည်းတို့အားလုံးကတော့ ဒါမျိုးကို ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး…
ညည်းတို့က တယ်လည်း အကြရှာတယ်ကိုး…