← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

၅၅။ ပွက်ပွက်ညံ..

မေလ၏ သာယာလှပသော နေရောင်ခြည်အောက်တွင် ပန်းမန်တို့ ပွင့်လန်းနေသော်လည်း လမ်းကြားထဲရှိ အိမ်သာများတွင်မူ အခြေအနေ ဆိုးရွားနေသည်။

အိမ်သာမှ ထွက်ပေါ်လာသော အနံ့ဆိုးများကြောင့် လူအများမှာ နှာခေါင်းကို အုပ်ထားကြရပြီး ဗိုက်နာနေသူများမှာလည်း ဗိုက်ကိုဖိကာ အသည်းအသန် တန်းစီနေကြ၏။ အိမ်သာခန်းများစွာ ရှိသော်လည်း တိုးဝှေ့နေသော လူအုပ်ကြီးကြောင့် ရှေ့သို့ တစ်လှမ်းတိုးရန်ပင် ခက်ခဲနေသည်။

အမျိုးသမီးအိမ်သာရှေ့၌မူ အခြေအနေမှာ ပို၍ပင် ဖရိုဖရဲနိုင်လှ၏။

"ဖယ်ကြစမ်းပါ.. မအောင့်နိုင်တော့ဘူးလို့.."

အော်ဟစ်သံများ၊ ဆူညံသံများ ဆူညံပွက်လောရိုက်နေသည်။ အချို့မှာမူ လူရှေ့သူရှေ့ အရှက်ရမည့်အရေးကို စိုးရိမ်သဖြင့် မလှုပ်မရဲဘဲ အံကြိတ်ကာ စုပြုံတိုးနေကြရ၏။ ၎င်းတို့၏ မျက်နှာများမှာ ဝေဒနာကို အပြင်းအထန် အောင့်ထားရသဖြင့် ရှုံ့မဲ့နေပြီး တစ်ဖက်လူကိုလည်း မကျေမနပ် ကြည့်နေကြသည်။

ထိုစဉ် အမျိုးသားအိမ်သာဘက်တွင်လည်း ရုန်းရင်းဆန်ခတ် ဖြစ်နေပြီး ရှီရှောင်ဝေ ဒေါသတကြီးဖြင့် ရှောင်စန်းကို ဆွဲကိုင်ကာ အော်ဟစ်နေ၏။

"မင်း ငါ့စာအုပ်ခိုးတာ မဟုတ်ဘူးလို့ ငြင်းနေသေးလား.. အခုတော့ ဘာပြောချင်သေးလဲ၊ ခွေးကောင်.."

ရှောင်စန်းမှာမူ ဗိုက်နာနာနှင့် အိမ်သာတက်ချင်ဇောကြောင့် "လွှတ်စမ်းပါ.. ငါ့ကို အရင်သွားခွင့်ပေးဦး.." ဟုသာ ပြန်အော်နိုင်သည်။

"မလွှတ်နိုင်ဘူး.. အခုချက်ချင်း ရှင်းစမ်းကွ.."

သူတို့နှစ်ဦး အိမ်သာတံခါးဝတွင် အငြင်းပွားနေသည်ကို ကြည့်ပြီး ကျန်းရှင်းဖှ ခနဲ့တဲ့တဲ့ဖြင့် ဝင်ပြောလိုက်၏။

"မင်းတို့ကတော့ တကယ်ပါပဲ... ဒီလိုစာအုပ်မျိုးကို ခိုးဝှက်ကြည့်နေကြတာလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းတာမသင်ဘဲနဲ့ကွာ။"

စင်စစ် ဤပြဿနာမှာ လွန်ခဲ့သော မိနစ်နှစ်ဆယ်ခန့်က စတင်ခဲ့ခြင်းဖြစ်သည်။ ရွှီကောင်းမင်၏ မိသားစုမှာ ဈေးပေါသော အသားများကို ဝယ်ယူစားသောက်ခဲ့ကြပြီး ရှီကျန့်ရှန်းနှင့် သူမ၏ ခင်ပွန်းမှာ 'ဈေးပေါတာပဲ၊ ဘာဖြစ်ဖြစ် အဆင်ပြေမှာပါ' ဟု တွေးကာ သတိမထားဘဲ အဝစားခဲ့ကြသည့်အပြင် သားနှင့် မြေးများကိုပါ ကျွေးမွေးခဲ့မိ၏။

မကြာမီမှာပင် မိသားစုတစ်စုလုံး ဗိုက်များရစ်နာလာပြီး အိမ်သာသို့ အလုအယက် ပြေးကြရတော့သည်။ အစ်ကိုကြီးရွှီ၏ လေးနှစ်သားအရွယ် အငယ်ဆုံးသားလေးမှာမူ အစားနည်းသဖြင့် တုံ့ပြန်မှု နှေးနေခဲ့ပြီး သူ ဗိုက်နာလာချိန်တွင် အိမ်သာသုံးစက္ကူမှာ ကုန်နေပြီဖြစ်၏။ ထိုအခါ ကလေးငယ်ခမျာ 'စက္ကူမပါရင် ဘယ်လိုလုပ်မလဲ' ဟု တွေးကာ သူ့ဦးလေးအခန်းထဲသို့ ပြေးဝင်ပြီး ခုတင်အောက်မှ စာအုပ်တစ်အုပ်ကို ဆွဲယူကာ အိမ်သာဆီသို့ အပြေးအလွှား လာခဲ့သည်။

"ဖယ်ပေးပါ.. အိမ်သာတက်မလို့.. အိမ်သာတက်မလို့.."

ကလေးငယ်မှာ အော်ဟစ်ကာ လူအုပ်ကြားထဲသို့ တိုးဝင်လာစဉ်

အိမ်သာထဲမှ အရင်ထွက်လာသော အစ်ကိုကြီးရွှီသည် သူ့သားကိုမြင်သဖြင့် တန်းစီနေသူများကြားမှ ဖြတ်ဝင်ခိုင်းရန် ကြိုးစားရာ ကျန်းရှင်းဖှမှာ ထကန့်ကွက်လေ၏။

"ငါတို့ တန်းစီနေတာ ကြာလှပြီ၊ ဘာလို့ မင်းကလေးကို အရင်ပေးရမှာလဲ.. ငါလည်း မအောင့်နိုင်တော့ဘူးဟေ့.."

"မင်းက လူကြီးဖြစ်ပြီး ကလေးတစ်ယောက်နဲ့ ဖက်ပြိုင်နေတာ မရှက်ဘူးလား.. ဒီလိုစိတ်ဓာတ်မကောင်းလို့ သားမရတာ နေမှာပေါ့.."

အစ်ကိုကြီးရွှီ ပြန်အော်လိုက်လေသည်။

"ငါ့မှာ သားရှိမရှိက မင်းနဲ့ ဘာဆိုင်လဲ.. မင်းမှာ သားရှိပေမဲ့ မင်းက အမြဲတမ်း အပြင်သွားနေတာဆိုတော့ အဲဒီကလေးက မင်းရဲ့သားအစစ် ဟုတ်မဟုတ် ဘယ်သူသိမှာလဲ.."

ကျန်းရှင်းဖှလည်း ဒေါသတကြီးတုံ့ပြန်လိုက်ရာ အစ်ကိုကြီးရွှီမှာ လက်ထဲရှိ စက္ကူလိပ်ဖြင့် ကျန်းရှင်းဖှကို တွန်းထုတ်ကာ ရန်ပွဲစလေ၏။

ထိုစဉ် အစ်ကိုကြီးရွှီ၏ သားလေးများမှာ သူတို့အဖေကို ကာကွယ်သည့်အနေဖြင့် "ငါ့အဖေကို အနိုင်ကျင့်တယ်.. မင်းကို သတ်ပစ်မယ်.." ဟု အော်ဟစ်ကာ လက်ထဲမှ စာအုပ်ဖြင့် ကျန်းရှင်းဖှကို ပစ်ပေါက်လိုက်သည်။

"တောက်.. ဒီကလေးစုတ်

ကတော့..."

ကျန်းရှင်းဖှ ကောက်ယူပြီး ဆုတ်ဖြဲပစ်ရန် ပြင်လိုက်သော်လည်း စာအုပ်ထဲမှ ပုံရိပ်ကို မြင်လိုက်ရချိန်တွင် ဆွံ့အသွား၏။

ဘေးနားရှိ လူများလည်း လှမ်းကြည့်မိပြီး ထိတ်လန့်တုန်လှုပ်သွားကြကာ

"ဘုရားရေ.. ဒါ ဘာကြီးလဲ.."

"အမလေး... ကြည့်စမ်း... အရမ်းညစ်ညမ်းတာပဲ.."

အမျိုးသားများမှာ ၎င်းတို့တစ်သက်တွင် ထိုမျှ လှုံ့ဆော်မှုပြင်းထန်သော ပုံရိပ်များကို မမြင်ဖူးကြသဖြင့် အံဩမှင်သက်နေကြသည်။ ယွမ်ဟောက်မင်မှာ စက်ဆုပ်ရွံရှာစွာဖြင့် အစ်ကိုကြီးရွှီအား အပြစ်တင်လိုက်၏။

"အရှက်မရှိလိုက်တာ.. ရွှီလောင်တ... မင်းက ကလေးကို ဒီလိုဟာမျိုး ဘယ်လိုပြရက်တာလဲ.."

ရွှီလောင်တခေါ် အစ်ကိုကြီးရွှီမှာလည်း မျက်နှာတစ်ခုလုံး ပူထူသွားပြီး ပျာယာခတ်ကာ သားဖြစ်သူကို မေးလိုက်ရသည်။

"ဒါ ငါ့ဟာ မဟုတ်ဘူး.. သား... မင်း ဒါကို ဘယ်က ရလာတာလဲ.."

သူ့စိတ်ထဲတွင်မူ

'ငါ့မှာ ဒီလို ရတနာမျိုးရှိရင်တောင် အပြင်ကို ဘယ်ထုတ်ပြပါ့မလဲ၊ သေချာဝှက်ထားမှာပေါ့..'

ကလေးငယ်မှာ လူအပေါင်း၏ ဝိုင်းကြည့်ခြင်းကို ခံနေရသဖြင့် ကြောက်လန့်တကြား တုန်တုန်ရင်ရင်နှင့်ပင် ဝန်ခံလိုက်ရ၏။

"ဟုတ်... ဟုတ်ပါတယ်၊ ဦးလေးစန်းရဲ့ အခန်းထဲကနေ အိမ်သာသုံးစက္ကူဆိုပြီး ယူလာမိတာပါ။"

ထိုအချိန်မှာပင် ရှောင်စန်းနှင့် ရှီရှောင်ဝေတို့ နှစ်ဦး အိမ်သာထဲမှ ထွက်လာကြသည်။ စာအုပ်ကို မြင်လိုက်ရသည်နှင့် ရှီရှောင်ဝေ၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲတက်လာတော့၏။

"ဒါ ငါ့ဟာပဲ.."

ပုံမှန်ဆိုလျှင် ဤကဲ့သို့ ရှက်ဖွယ်ကိစ္စမျိုးနှင့် ကြုံလာပါက လူအများမှာ ကိုယ်နှင့်မပတ်သက်စေရန် ရှောင်ဖယ်တတ်ကြသည်။ ကွယ်ရာတွင် အတင်းပြောချင် ပြောကြမည်ဖြစ်သော်လည်း လူရှေ့သူရှေ့တွင်မူ မိမိပစ္စည်းဖြစ်ကြောင်း ဝန်ခံရဲမည်မဟုတ်ပေ။ သို့သော် ရှီရှောင်ဝေသည်ကား အတော်လေး ခေါင်းမာသူ ဖြစ်၏။ သူ အားရပါးရ အော်ဟစ်လိုက်ကာ

"ငါပြောသားပဲ.. မင်း ငါ့စာအုပ်ခိုးတာလို့.. အခုတော့ ဘာငြင်းချင်သေးလဲ၊ ခွေးကောင်စုတ်.. ဒါ ငါ့ဟာကွ.."

ရှောင်စန်းသည်လည်း အလျှော့မပေးဘဲ ပြန်အော်လေသည်လ

"မင်းဘာတွေ လျှောက်ပြောနေတာလဲ၊ ငါဘာမှမသိဘူး.. ဒါ ငါ့ဟာပဲ.."

ကြည့်စမ်း...

သာမန်လူဆိုလျှင် ဤစာအုပ်ကို ကပ်ရောဂါတစ်ခုနှယ် သဘောထားပြီး ဝေးဝေးက ရှောင်ကြမည်သာ။

ယခုမူ ဤငတုံးနှစ်ယောက်မှာ အိမ်သာတံခါးဝတွင်ပင် တစ်ယောက်နှင့်တစ်ယောက် လုယက်ကာ သတ်ပုတ်နေကြ၏။

"လွှတ်စမ်း.."

"ငါ့ကို အရင်လွှတ်.."

"ဒါ ငါ့စာအုပ် အစစ်အမှန်ပဲဟေ့.."

"မဟုတ်ဘူး၊ ဒါ ငါ့ဟာ.."

သူတို့နှစ်ဦး အချင်းချင်း အချေအတင် ငြင်းခုံနေကြသည်ကို ကြည့်ပြီးမှ ဘေးလူများလည်း သဘောပေါက်သွားကြသည်။ ရှီရှောင်ဝေ အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသနည်း၊ ငွေကြေးတတ်နိုင်သော ရှောင်စန်းမှာ အဘယ် ကြောင့် ရှီရှောင်ဝေ၏ "စာအုပ်" ကို ခိုးယူခဲ့ရသနည်း ဆိုသည်မှာ ထင်ရှားသွားပြီဖြစ်၏။ ဤအရာမျိုးကို သူတို့လည်း ဝယ်ချင်တိုင်း ဝယ်၍မရနိုင်ပေ။

သူတို့တစ်သက်တွင် ဤကဲ့သို့အရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

"ဒါ ငါ့ဟာပါဆို.."

"မင်းဘာတွေ လျှောက်ပြောနေတာလဲ.."

သူတို့နှစ်ဦးမှာ စောစောပိုင်း ဝင်းထဲတွင် ဖြစ်ခဲ့သည်ထက် ပို၍ ပြင်းပြင်းထန်ထန် လုံးထွေးသတ်ပုတ်နေကြသည်။

"မချပါနဲ့ဦး.. တော်ကြပါတော့.."

"မင်းတို့နဲ့မဆိုင်ဘူး၊ ဖယ်စမ်း.."

မြင်ကွင်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေပြီး အမျိုးသားအိမ်သာနှင့် အမျိုးသမီးအိမ်သာမှာ ဘေးချင်းကပ်လျက် ရှိသော်လည်း တံခါးပေါက်များမှာ ဆန့်ကျင်ဘက်တွင် ရှိကြသည်။ သို့သော် အမျိုးသမီးများဘက်မှလည်း ဆူညံသံများကို ကြားရသဖြင့် စပ်စုချင်သူအချို့ ရောက်လာကြ၏။

"ဘာတွေဖြစ်နေတာလဲ... အမလေး၊ ဘုရား ဘုရား... ဒါက ကာမရာဂ နှောင့်ယှက်မှုကြီးပဲ မဟုတ်လား.."

"အား.. ငါ့မျက်စိတွေတော့ သွားပြီ.."

ချန်ချင်းယွီနှင့် အခြားသူများမှာမူ မလှမ်းမကမ်းမှ ရပ်ကြည့်နေကြသည်။

အဘွားကြီးကျောက်မှာ မျောက်မီးခဲကိုင်မိသည့်အလား ဂနာမငြိမ်ဖြစ်နေပြီး "ငါ သွားကြည့်လိုက်ဦးမယ်" ဟု ဆိုကာ ထွက်သွား၏။

"ကျွန်မလည်း လိုက်မယ်လေ။"

ဝမ်မေ့လန်လည်း စပ်စုချင်စိတ်ဖြင့် လိုက်သွားသည်။ ချန်ချင်းယွီမှာမူ မလှုပ်မယှက် ရပ်နေခဲ့၏။ သူမ စပ်စုချင်စိတ် မရှိ၍မဟုတ်ဘဲ အိမ်သာသည် အလွန်နံစော်နေသဖြင့် အနားသို့ မကပ်ချင်သောကြောင့်ပင်။

အဘွားကြီးကျောက်သည် ဘာကိုမှ ကြောက်ရွံ့သူမဟုတ်သဖြင့် အမျိုးသားအိမ်သာဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။ အိမ်သာထဲ လူရှိနေသည်ဖြစ်စေ၊ သူမ ဂရုမစိုက်ပေ။ သူမသည် လူအုပ်ကို တိုးဝှေ့ကာ ထိုစာအုပ်ကို ဆတ်ခနဲ ဆွဲယူလိုက်၍ စာအုပ်မှာ သူမလက်ထဲသို့ ချက်ချင်းရောက်သွားတော့၏။ သူမဘေးရှိအမျိုးသမီးအချို့လည်း မည်သည့် အကြောင်းအရာဖြစ်ကြောင်း သိလိုသဖြင့် ခေါင်းပြူကြည့်ကြသည်။

"အား.."

စူးစူးဝါးဝါး အော်သံတစ်ခု ထွက်ပေါ်လာ၏။

ဝမ်မေ့လန်မှာ ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။

အခြားအမျိုးသမီးအချို့မှာလည်း မျက်နှာများ နီမြန်းကာ လူအုပ်ထဲမှ ပျောက်ကွယ်သွားကြ၏။

"အမလေး.. ဒါ ဘာကြီးလဲ.. ဒီလိုစာအုပ်မျိုးလည်း ရှိသလား.. ဘုရားရေ.. ငါ ဒီလောက်အသက်ကြီးတဲ့အထိ တစ်ခါမှ မမြင်ဖူးပါဘူး.."

အဘွားကြီးကျောက်မှာ အံ့ဩတကြီး ရေရွတ်လေသည်။

သူမသည် စာမျက်နှာကိုပင် လှန်

ကြည့်လိုက်သေးကာ ဝေဖန်လေကန်လိုက်၏။

"ဟယ်... ဒီလိုမျိုးတောင် ဖြစ်လို့ရတာလား.."

"ပြန်ပေး.."

ကျန်းရှင်းဖှ လှမ်းလုလိုက်၏။

"ဒါ မင်းဟာလည်း မဟုတ်ဘဲနဲ့.. ငါပဲ သိမ်းထားလိုက်မယ်"

အစ်ကိုကြီးရွှီ ကြားဖြတ်လုလိုက်ပြန်သည်။

"ဒါ ငါ့ဟာပါဆို.."

ရှီရှောင်ဝေ ကျားတစ်ကောင်ကဲ့သို့ ခုန်အုပ်ကာ စာအုပ်ကို ပြန်လုလိုက်၏။

ဒါက သူ့ဟာ၊ သူ့ပိုင်ဆိုင်မှုပဲ..

လိုချင်တယ်ပေါ့ ဆုတောင်းလေ....

"အား.. ငါ့မှာ အိမ်သာသုံးစက္ကူ မပါလာဘူး.. တစ်ယောက်ယောက်မှာ ရှိကြလားဟေ့.."

အိမ်သာထဲမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။

ထိုစဉ် စာအုပ်မှာ ရုတ်တရက် အလုခံလိုက်ရပြီး စာမျက်နှာ သုံးမျက်နှာမှာ ချက်ချင်းပင် ဆုတ်ဖြဲခြင်း ခံလိုက်ရ၏။ ရှီရှောင်ဝေမှာ အသက်ရှူပင် မှားသွားသော်လည်း ထိုသို့လုပ်လိုက်သူမှာ သူ၏ဖခင်ဖြစ်သူ ရှီရှန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"နောက်ထပ် ဘယ်သူ စက္ကူမပါသေးလဲ.."

ရှီရှန်း လိုက်မေးလေ၏။

"ကျွန်တော်.."

"ဟာ၊ ကျွန်တော့်မှာလည်း မပါဘူးဗျ.."

ရှီရှန်းသည် လူအများရှေ့တွင်ပင် စာအုပ်ကို ဆုတ်ဖြဲပစ်လိုက်ပြီး

"ကဲ... မြန်မြန်ယူ၊ မြန်မြန်သုံးကြ"

ထိုအချိန်မှာပင် သူ့သားငယ်သည်လည်း အိမ်သာထဲမှ လှမ်းအော်လေသည်။

"သားတို့လည်း စက္ကူမပါဘူး ဖေဖေ.."

ရှီရှန်း စာမျက်နှာများကို ဆက်လက်ဆုတ်ဖြဲကာ တံခါးဝတွင်ရှိနေသော ကျောက်ရုံအား ကမ်းပေးလိုက်၏။

"အစ်မ... ဒါလေး စက္ကူမပါတဲ့ အထဲက အမျိုးသမီးတွေကို သွားပေးလို့ ရမလား.."

ကျောက်ရုံမှာ ခဏမျှ ကြောင်သွားသော်လည်း ခေါင်းငြိမ့်လိုက်သည်။

"အင်း... ရပါတယ်"

မကြာမီ အချိန်အတွင်းမှာပင် ထိုစာအုပ်မှာ တစ်စစီဖြစ်ကာ ပျောက်ကွယ်သွားလေ၏။

စက္ကူမပါသဖြင့် အကူအညီရလိုက်သူများမှာ လက်ထဲရောက်လာသော စက္ကူကိုကြည့်ကာ အရှက်သည်းနေကြသည်။ မသိမသာဖြင့် ကောင်းကင်ကိုတစ်လှည့်၊ မြေကြီးကိုတစ်လှည့် ကြည့်နေကြသော်လည်း... နောက်ဆုံးတွင်မူ လက်ထဲမှအရာကို ခိုးကြည့်ချင်စိတ်ကို မအောင့်နိုင်ကြတော့ပေ။

ဒါမျိုးက တစ်ခါမှ မမြင်ဖူးခဲ့သည့် အရာမျိုး မဟုတ်လား..

ဝမ်တာ့ချွေတစ်ယောက်လည်း စက္ကူယူလာဖို့ မေ့နေခဲ့၏။ သူသည် လက်ထဲရှိ စက္ကူပုံကိုဆုပ်ကိုင်ရင်း ပုံထဲမှလူနှစ်ယောက်၏ အမူအရာကို တစ်ချက်ကြည့်၊ ထို့နောက် နောက်ထပ်တစ်ချက် ခိုးကြည့်လိုက်ရာ... နှာခေါင်းသွေးများ ပန်းထွက်လာတော့သည်။

"ဟယ်.. သွားပြီ.. ဝမ်တာ့ချွေ... မင်း အဆင်ပြေရဲ့လား.."

"ဘုရားရေ.."

"ဝမ်တာ့ချွေ.."

"ရပါတယ်၊ ကျုပ် ဘာမှမဖြစ်ဘူး"

ဝမ်တာ့ချွေမှာ တုန်တုန်ရင်ရင်သာပြန်ပြောနိုင်ရှာ၏။

လူအများရှေ့တွင်ဖြစ်သဖြင့် မည်သူမျှ ထိုစက္ကူကို အမှတ်တရ သိမ်းမထားရဲကြပေ။ ဝမ်တာ့ချွေသည် ထို "စက္ကူ" ကို အမြန်ပင် အသုံးပြုလိုက်ပြီး အခြားသူများလည်း ထိုနည်းတူပင်။ ရှက်ရွံ့နေသည်ဖြစ်စေ၊ နှမြောနေသည်ဖြစ်စေ အားလုံး ဝိုင်းကြည့်နေသဖြင့် မသုံးဘဲ သိမ်းထား၍ မရနိုင်ချေ။

သို့သော်လည်း အိမ်သာထဲတွင် ဆောင့်ကြောင့်ထိုင်နေသူများ၏ အမူအရာမှာမူ တော်တော်နှင့် ပြီးပုံမရဘဲ တန့်နေကြလေသည်။

အမျိုးသမီးများဘက်တွင်မူ လီလင်းလင်း မျက်နှာကို လက်နှင့်အုပ်ထားပြီး ပန်းသီးတစ်လုံးလို နီမြန်းနေကာ "ဒါမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဘယ်လိုကြီးလဲ.. ရွံစရာကြီး.." ဟု တိုးတိုးလေး ရေရွတ်နေ၏။

ယွမ်ရှောင်ချွေမှာမူ အလွန်စပ်စုချင်နေပြီး တောင်းယူလိုက်လေသည်။

"ငါ့ကိုလည်း ပေးကြည့်ဦးလေ"

"မကြည့်ပါနဲ့၊ ဒါတွေက မသင့်တော်ဘူး... ငါ သွားပြီ”

"နင်ကလည်း ကပ်စေးနည်းလိုက်တာ"

ယွမ်ရှောင်ချွေမှာ မကျေမနပ်ဖြင့် ကျန်ရစ်ခဲ့သည်။

အပြင်ဘက်တွင်မူ အခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်သော်လည်း ရှီရှန်း၏ လက်ထဲရှိ စာအုပ်မှာမူ တစ်စစီဖြစ်ကာ ပျောက်ကွယ်သွားပြီဖြစ်၏။

ရှီရှန်းသည် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်မိသည်။

'လူငယ်တွေကတော့ ဘာမှနားမလည်ဘူး၊ ငါကတော့ သိတာပေါ့.. အခြေအနေကသာ ပိုဆိုးသွားရင် ငါလည်း အမြန်မဖြေရှင်းနိုင်ရင် ငါ့သားတော့ သွားပြီပဲ။ တော်သေးတာက ငါအကွက်မြင်လို့ အချိန်မီ ဖျက်ဆီးလိုက်နိုင်တာ။ ပြီးတော့ လူတွေအားလုံး ဝမ်းလျှောနေတာကလည်း ငါ့အတွက် ကံကောင်းခြင်းတစ်ခုပဲ'

ရှီရှောင်ဝေခမျာ သူ့ဘဝတစ်ခုလုံး၏ စွမ်းအင်များ စုပ်ထုတ်ခံလိုက်ရသည့်နှယ် မြေကြီးပေါ်သို့ ဘုန်းခနဲ ထိုင်လျက်ကျသွား၏။

အဘွားကြီးကျောက် ရှီရှန်းကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်မိသည်။

'ဒီလောကမှာ အကွက်မြင်ဖို့ တကယ်လိုတာပဲ။ ဒီလိုဟာမျိုးကို သိမ်းထားရင် ဒုက္ခအကြီးအကျယ် ရောက်မှာပဲ။ ရှီရှောင်ဝေနဲ့ ရှောင်စန်းတို့လို ငတုံးနှစ်ယောက်ကတော့ ဒါကို ပိုင်ဆိုင်ထားလို့ ရမယ်များ ထင်နေကြသလား'

တကယ်လို့သာ ဒါကို လက်ဝယ်တွေ့ရှိခဲ့ရင် သေဒဏ်ထက်မနည်း အပြစ်ပေးခံရနိုင်သည် မဟုတ်လား....

ရှီရှန်းမှာ တကယ့် လူလည်ပင်..

သူသည် လူအများရှေ့မှာတင် ချက်ချင်းဖျက်ဆီးပစ်လိုက်ရုံတင်မက အိမ်သာသုံးစက္ကူအဖြစ် ဆုတ်ဖြဲပေးလိုက်သဖြင့် မည်သူကမှ ဘာမှမတတ်နိုင်တော့ပေ။

သက်သေပြစရာလည်း ဘာမှမရှိတော့ချေ။

အဘွားကြီးကျောက် စိတ်ထဲမှ ကြိတ်ချီးကျူးနေမိ၏။

'ငါ ထင်တောင်မထင်ထားဘူး၊ ရှီရှန်းက ဒီလောက်တောင် လက်ဦးမှု ယူနိုင်လိမ့်မယ်လို့'

မလှမ်းမကမ်းတွင် ရပ်နေသော ချန်ချင်းယွီသည်လည်း အဘွားကြီးကျောက်ကဲ့သို့ပင် တွေးနေမိသည်။ ရှီရှန်း စာအုပ်ကို ဖျက်ဆီးပစ်လိုက်သဖြင့် နောက်ပိုင်းတွင် မည်သူ ပြန်ပြောသည်ဖြစ်စေ အရေးယူ၍ မရနိုင်တော့ပေ။

"သူခိုးဖမ်းရင် သက်သေပြစရာ ပစ္စည်းပါမှ" ဆိုသည့်စကားအတိုင်းပင်..

သက်သေမရှိလျှင် လူပြောသမျှသည် ကောလာဟလသာ ဖြစ်သွားပေလိမ့်မည်။

ချန်ချင်းယွီသည် ဝင်းတံခါးဝတွင် ရပ်နေစဉ် လမ်းကြား၏ တစ်ဖက်တစ်ချက်တွင် စပ်စုနေသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ အိမ်နီးနားချင်း ဝင်းများထဲရှိ လူအားလုံးသည် ဤအကြောင်းကို သိသွားကြပြီဖြစ်၏။ ယနေ့ သူတို့ဝင်းထဲတွင် စားသောက်ပွဲကြီးရှိသည်ကို တစ်လမ်းလုံး မသိသူမရှိပေ။

အစောကတည်းက ကြွားလုံးထုတ်ခဲ့သမျှ အခုတော့ အရှက်ကွဲရလေပြီ..

တကယ်ကို အရှက်ရစရာပင်..

ကြွားခဲ့သမျှ အခုတော့ အဆပေါင်းများစွာ အရှက်ရနေကြရသည်..

"ငါပြောသားပဲ၊ အလကားကျွေးတဲ့ ထမင်းဆိုတာ မရှိဘူးလို့။ သူတို့မှ မယုံကြတာ၊ အခုတော့ ခံကြရပြီ မဟုတ်လား.."

"ငါလည်း ပြောသားပဲ.. ဟင်းသီးဟင်းရွက် စားတာက ဘာမှမဖြစ်ပေမဲ့ သူတို့က ငါးတွေ၊ အသားတွေမှ စားချင်တာကိုး။ ကြည့်စမ်း... စားပြီးတော့ အခုတော့ အိမ်သာထဲမှာ စုပြုံနေကြပြီ.."

"ဒါ အစာအဆိပ်သင့်တာလား.. တစ်ခုခု မလတ်ဆတ်တာ စားမိတာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က တမင်လုပ်တာလား.."

"ဘယ်သူသိမှာလဲ၊ လူဆိုးတွေ လက်ချက်လည်း ဖြစ်နိုင်တာပဲ။"

"အို... အဲဒါတွေက အရေးမကြီးပါဘူး၊ သူတို့က အိမ်သာကို အပိုင်စီးထားတော့ ငါတောင် သွားလို့မရတော့ဘူး.."

"သွားလို့ရရင်တောင် မင်းက အဲဒီအနံ့ကို ဘယ်လိုခံနိုင်မှာလဲ.."

……

လူအများ ဝိုင်းအုံပြောဆိုနေကြသည်မှာ ဆူညံပွက်လောရိုက်နေတော့သည်။ ချန်ချင်းယွီမလှမ်းမကမ်းမှာ ငြိမ်သက်စွာ ရပ်ကြည့်နေမိ၏။ မည်သို့ပင်ဖြစ်စေ သူမနှင့်မဆိုင်သဖြင့် ကောင်းသည်ဆိုးသည် ဝင်မပြောဘဲ အေးအေးဆေးဆေးပင် ရှိနေသည်။

အမြဲတမ်း တက်ကြွလွန်းလှသော အဘွားကြီးကျောက်ပင်လျှင် ယခုအချိန်တွင်မူ တစ်နေရာ၌ ပုန်းကွယ်နေသကဲ့သို့ ငြိမ်သက်နေ၏။

ဤကဲ့သို့ အခြေအနေမျိုးတွင် သူမလည်း အာရုံစိုက်ခံရရန် မထိုက်တန်ဟု ခံယူထားပုံရသည်။

ဟုတ်ပေသည်..

တကယ်ကို မထိုက်တန်တာပါ..

ကိုယ့်အိမ်ရာဝင်းကြီး အရှက်ကွဲနေတာကို ဘယ့်နှယ် လူအာရုံစိုက်ခံလို့ရမလဲ..

အဘွားကြီးရှီသည် ဗိုက်ကိုဖိကာ အိမ်သာထဲမှ ထွက်လာစဉ် ရုတ်တရက် ဗိုက်ထဲမှ ပြန်၍ ရစ်နာလာပြန်သည်။ သူမ အထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သော်လည်း အဘွားကြီးဝမ် သူမ၏လက်ကို လှမ်းဆွဲထားလိုက်၏။

"ဟဲ့... ဘာလုပ်တာလဲ.. ထွက်လာပြီးမှတော့ ပြန်ဝင်လို့မရဘူးလေ.. တန်းစီနေတဲ့သူတွေကို ကျော်တက်ဖို့ မစဉ်းစားနဲ့.."

ရှီကျန့်ရှန်း အသည်းအသန် တောင်းပန်လေသည်။

"လွှတ်စမ်းပါဦးအေ.. ငါ့ဗိုက်က တကယ်မအောင့်နိုင်တော့လို့ပါ.."

"ငါလည်း မအောင့်နိုင်ဘူး.."

အဘွားကြီးဝမ် ပြန်အော်လိုက်၏။

ရှီကျန့်ရှန်းသည်လည်း အလျှော့မပေးဘဲ ပြန်ရန်တွေ့လေသည်။

"ဒီမိန်းမကြီးကတော့... နင်က ဒီဝင်းထဲကလူတောင် ဟုတ်လို့လား.. ငါတို့ကျွေးတာကိုလည်း စားသေးတယ်၊ အခုတော့ ငါ့အိမ်သာကိုတောင် လုဦးမလို့လား.. ငါ ဗိုက်နာလို့ အရင်ဝင်တာ ဘာမှားလို့လဲ.. ပြီးတော့ ငါက အထဲမှာ ရှိနေပြီးသားပဲလေ၊ ဒါ ထွက်လာတယ်လို့ မခေါ်ဘူး.."

"ဘာလို့ မဟုတ်ရမှာလဲ.. ထွက်လာရင် ထွက်လာတာပဲ.. ပြီးတော့ နင်က ကျွေးတာကို ထည့်ပြောရဲသေးတယ်ပေါ့။ နင်သာ မကျွေးရင် ငါတို့ ဒီလို ဝမ်းလျှောပါ့မလား.."

အဘွားကြီးဝမ် ရှီကျန့်ရှန်းကို ဘေးသို့ တွန်းထုတ်ကာ အိမ်သာထဲသို့ ပြေးဝင်သွား၏။

"အား.. ဒီကောင်မစုတ်.."

ရှီကျန့်ရှန်း အော်လိုက်သော်လည်း သူမမှာ ဟန်ချက်ပျက်ကာ မြေကြီးပေါ်သို့ လဲကျသွားသည်။ ထိုစဉ် သူမ၏ ဗိုက်ထဲမှ 'ဝေါ' ခနဲ မြည်သံနှင့်အတူ...

အင်း... အခြေအနေကိုတော့ စကားလုံးဖြင့် ဖော်ပြရန်ပင် မလိုတော့ပေ..

'ဒီဘောင်းဘီကို ငါ ဘယ်လိုလျှော်ရပါ့မလဲ' ဟုသာ ရှီကျန့်ရှန်း တွေးနေမိတော့သည်။

"နင်တို့တွေက မပြီးနိုင်သေးဘူးလား.. အကုန်ထွက်ခဲ့ကြစမ်း.."

"ဟုတ်တယ်၊ ဒါ နင်တို့ပိုင်တဲ့ အိမ်သာလား.. အထဲမှာ အပိုင်စီးပြီး ထွက်မလာကြဘူး၊ တော်တော်အတ္တကြီးတာပဲ.. အခုချက်ချင်း အိမ်သာဖယ်ပေးကြ.."

"ထွက်ခဲ့ကြ.. မထွက်ရင် ငါတို့ အထဲဝင်ပြီး အတင်းဆွဲထုတ်ပစ်မယ်.."

အပြင်ဘက်ရှိလူများမှာ စိတ်မရှည်နိုင်၍ အော်ဟစ်နေကြပြီး အထဲရှိလူများမှာလည်း ပြန်အော်ကြ၏။

"ငါတို့ကရော အထဲမှာ နေချင်လွန်းလို့ ထင်နေလား.. ဗိုက်က နာနေလို့ ထွက်မရတာပါဆို.."

"ဟုတ်တယ်၊ အရမ်းနေလို့မကောင်းလို့ ထွက်မရတာ.."

"အား... ငါ့ခြေထောက်တွေလည်း ကျဉ်ကုန်ပြီ.."

အမျိုးသမီးများဘက်တွင် စူးစူးဝါးဝါး အော်ဟစ်နေကြသကဲ့သို့ အမျိုးသားများဘက်တွင်လည်း အခြေအနေမှာ မထူးလှပေ။ အထဲကလူက အပြင်ကလူကို ဆဲ၊ အပြင်ကလူက အထဲကလူကို ပြန်ဆဲနှင့် ဆူညံပွက်လောရိုက်နေသည်။

အချို့မှာ ရွှီကောင်းမင်နှင့် သူ၏ဇနီးကိုပါ လှမ်း၍ ဆဲဆိုနေကြ၏။

"ရွှီကောင်းမင်... ခင်များကတော့ တကယ့်လူယုတ်မာပဲ.. မကျွေးနိုင်ရင်လည်း မကျွေးနဲ့လေ.. လူကောင်းလုပ်ချင်ပြီး ပိုက်ဆံတော့ မသုံးချင်ဘူး။ ခင်များ ကျုပ်တို့ကို ဘာအစုတ်အပဲ့တွေ ကျွေးလိုက်တာလဲ.. အမလေး... ဗိုက်နာလိုက်တာ.. ငါတို့ အစာအဆိပ်သင့်တာများလား.."

"အမျိုးသမီးတွေဘက်က ပြောသံကြားတာတော့ အသားမစားတဲ့သူတွေက ဘာမှမဖြစ်ဘူးတဲ့.."

"တောက်.. နေ့လယ်က အသားစားကတည်းက အရသာက တစ်မျိုးကြီးလို့ ငါသိသားပဲ.. အဲဒီ ဟင်းချက်ဆရာ ချန်ကို သွားပြီး အသားယူရမယ်.."

"စားဖိုမှူးချန်က အသားမချက်ပါဘူး။ အသားက အပြင်ကနေ အသင့်ဝယ်လာတာလေ။"

"အား.. ရွှီကောင်းမင်... ဒါ အကုန်လုံး နင့်ကြောင့်ပဲ.. နင် တမင်တကာ ငါတို့ကို ဒုက္ခပေးတာ မဟုတ်လား.."

လူအပေါင်း၏ အပြစ်တင်သံများကြားတွင် ရွှီကောင်းမင်မှာလည်း ရင်ထုမနာ ဖြစ်နေရသည်။

"ငါသာ အသားမကောင်းမှန်းသိရင် ငါရော စားပါ့မလား.. ကြည့်စမ်း... ငါကိုယ်တိုင်လည်း ဒီမှာ တန်းစီနေရတာပဲလေ.. အား... ဗိုက်နာလိုက်တာ.."

"နင်ကတော့ လျှောက်ပြောနေတုန်းပဲ.. အသားမကောင်းမှန်း မသိဘူးဟုတ်လား.. အသားကို နင်ကိုယ်တိုင် ဝယ်တာပဲလေ၊ အဲဒါတောင် မသိဘူးလား.."

ရွှီကောင်းမင်မှာ ဒေါသထွက်လွန်းသဖြင့် တုန်နေသော်လည်း သူ၏သားသုံးယောက်သည်ပင် သူ့ကို အပြစ်တင်လာကြ၏။

"အဖေက အသားမကောင်းမှန်း သိရက်နဲ့ မိသားစုကိုတောင် မပြောဘူးလား.. တစ်မိသားစုလုံး ဒီအသားစားပြီး သေသွားရင် ဘယ်လိုလုပ်မလဲ.. အဖေက ကျွန်တော်တို့အပေါ် မိသားစုစိတ်ရော ရှိရဲ့လား.. လူကြီးတွေက ထားပါတော့၊ ကလေးတွေတောင် ပါတယ်လေ.."

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ရွှီကောင်းမင်က ဟန်ဆောင်နေတာ။ သူတို့မိသားစုက အသားမကောင်းမှန်း သေချာပေါက် သိမှာပေါ့။ မဟုတ်ရင် ကိုယ့်ဘာသာ ဝယ်ချက်မှာပေါ့၊ ဘာလို့ အသားနှပ်ကို ဝယ်ရတာလဲ.. ဟင်းခတ်အသားနှပ်က ပိုတောင်ဈေးကြီးသေးတယ်။ စားဖိုမှူးတောင် ငှားထားပြီးသားပဲကို ဘာလို့ ပိုက်ဆံပိုကုန်ခံပြီး အပြင်က ဝယ်ရတာလဲ.. နင်တို့ မိသားစုက အသားမကောင်းမှန်း သိလို့ ဖုံးချင်လို့ ဟုတ်တယ်မလား.."

"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါပဲ ဖြစ်ရမယ်.."

ရုတ်တရက်ပင် လူအများ၏ ဒေါသတရားမှာ တစ်ကျော့ပြန် ပေါက်ကွဲလာပြန်သည်။

အမျိုးသားအိမ်သာဖြစ်စေ၊ အမျိုးသမီးအိမ်သာဖြစ်စေ လူများနှင့် ပြည့်နှက်နေပြီး အိမ်သာထဲမှ ထွက်လာသူများပင်လျှင် မည်သူမျှ အိမ်မပြန်ကြသေးပေ။

သူတို့မှာ အခြားရွေးချယ်စရာ မရှိပေ၊ ဗိုက်နာနေဆဲဖြစ်ပြီး၊ ဒုတိယတစ်ကြိမ် ထပ်သွားရန် မလိုတော့ဘူးဟု မည်သူ အာမခံနိုင်သနည်း.. ထို့ကြောင့် အိမ်သာဝတွင်သာ စောင့်နေခြင်းမှာ ပို၍ စိတ်ချရသည်။ အိမ်ပြန်ရောက်မှ ဗိုက်ထနာလျှင် ဒုက္ခရောက်ပေလိမ့်မည်။

အဘွားကြီးကျောက်သည် လူအုပ်ကြားထဲတွင် ရောနှောကာ အမျိုးသားအိမ်သာရှေ့တွင် ဆောင့်ကြောင့်ထိုင်နေ၏။ မည်သို့ပင်ဖြစ်စေ သူမသည် အဘွားကြီးတစ်ယောက် ဖြစ်သဖြင့် သူမ မြင်ရုံနှင့် ဘာမှမဖြစ်နိုင်ပေ။ သူမ၏ အဓိကရည်ရွယ်ချက်မှာလည်း ဤနေရာမှ ထွက်မသွားရန်သာ ဖြစ်လေသည်။

လူငယ်များမှာ ယခုကဲ့သို့ အခြေအနေမျိုးကို လာကြည့်ရန်

ရှက်ရွံ့နေကြသော်ငြား ဤအဘွားကြီးမှာ အရှက်ကင်းမဲ့လှလေ၏။

"တောက်... အဒေါ်ကြီးကျောက်၊ အထဲကို တိုးမဝင်ပါနဲ့ဦး.. နံစော်နေတာကို မရွံဘူးလားရှင်.."

အဘွားကြီးကျောက် မော့ကြည့်လာစဉ်အခါမှ သူမ နှာခေါင်းပေါက်နှစ်ဖက်လုံးကို စက္ကူစများဖြင့် ပိတ်ထားသည်ကို အားလုံး မြင်လိုက်ကြရသည်။

တကယ်ပါပဲ... ဒီလောက်နံနေတာတောင် အားတက်သရော လာကြည့်ချင်သေးတာလား.. တကယ့်ကို ထူးဆန်းတဲ့ အဘွားကြီးပါပဲ..

အားလုံးမှာ အဘွားကြီးကျောက်ကို အတော်လေး ထူးဆန်းလှသူဟု သတ်မှတ်လိုက်ကြသည်။

အဘွားကြီးကျောက်မှာ ဂရုမစိုက်ပေ။ မည်သည့်ကိစ္စမဆို သူမသည်သာ ဦးအောင် အရင်ဆုံး သိနေရမည်ဟု ခံယူထားပုံရ၏..

"ဖယ်ကြဦးအေ၊ အထဲမှာ ဘယ်သူတွေ ကျန်သေးတာလဲ.. ဝင်သွားတာ ကြာလှပြီ။ ခြေထောက်တွေလည်း ကျဉ်ကုန်လောက်ပြီ၊ ထွက်လာပြီး ငါတို့ကို အလှည့်ပေးကြဦးမှပေါ့"

အပြင်ဘက်ရှိ အမျိုးသားများမှာလည်း ထောက်ခံကြလေသည်။

"အဒေါ်ကြီးကျောက် ပြောတာ မှန်တယ်ဗျ၊ အထဲကလူတွေ မြန်မြန်ထွက်ခဲ့ကြ.. မပြီးသေးရင်လည်း အပြင်ထွက်ပြီး ပြန်တန်းစီကြလေ၊ အထဲမှာပဲ တစ်သက်လုံး နေတော့မှာလား.."

"ဟုတ်ပဗျာ.."

"ခြေထောက်တွေ ကျဉ်ကုန်မှာ မကြောက်ကြဘူးလား.."

ရွှီကောင်းမင်တစ်ယောက် ရင်ထဲမှာ တစ်ခုခုတစ်ဆို့နေသကဲ့သို့ ခံစားနေရပြီး ဒေါသများ တချောင်းချောင်း ထွက်နေလေသည်။

နောက်ပိုင်း သူလုပ်သမျှ အကုန်လုံး လွဲချော်နေတာပဲ မဟုတ်လား..

နေ့တိုင်း ကံမကောင်းသည့်နှယ် ခံစားနေရပြီး သူ့ခြေထောက် ဒဏ်ရာသည်လည်း မသက်သာသေးပေ။ သူ အနည်းငယ် လှုပ်ရှားလိုက်မိသည်နှင့် အသံနက်ကြီးဖြင့် အော်လိုက်မိ၏။

"အား.."

ခြေထောက် ကြွက်တက်သွားသောကြောင့် ဗုန်းခနဲ အသံနှင့်အတူ အိမ်သာအခန်းထဲတွင် အော်ဟစ်ပြီး လဲကျသွားပါတော့သည်။

"ဟယ်... ဘာဖြစ်တာလဲ.."

"ဘယ်သူ ဘာလုပ်လိုက်တာလဲ.."

"မလန့်ကြပါနဲ့၊ ဦးလေးရွှီပါ... ဦးလေးရွှီ အိမ်သာထဲ လဲကျသွားတာ"

ဝမ်တာ့ချွေ အော်ပြောလိုက်၏။

ဟောဗျာ..

လူအများမှာ ဗိုက်နာ၍ အိမ်သာ အသည်းအသန် သွားချင်နေကြသော်လည်း ထိုစကားကြားသောအခါ အလိုလို နောက်ကို နှစ်လှမ်းလောက် ဆုတ်သွားကြသည်။

ရွှီကောင်းမင်မှာ ခြေထောက်

ကြွက်တက်သည့် ဝေဒနာကြောင့် အသည်းအသန် အော်ဟစ်ရင်း

"ငါ မကျဘူး၊ အထဲကို ကျသွားတာ မဟုတ်ဘူး.. ခြေထောက် ကြွက်တက်သွားလို့ပါ"

သူခမျာ ပြန်အော်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုရှာ၏။

"အထဲကျကျ၊ မကျကျ..."

လူအုပ်ကြားထဲ ရောက်နေသော ကျန်းရှင်းဖှမှာ လှမ်းအော်လေသည်။

"ခင်များ အထဲမကျပေမဲ့ မြေကြီးပေါ်မှာတော့ ထိုင်နေပြီလေ.."

"ရွံစရာကြီး.."

"အမလေး... ဘုရား ဘုရား.."

"တကယ်ကို ရွံစရာကောင်းလိုက်တာ။"

အဘွားကြီးကျောက် နှာခေါင်းကိုပိတ်၊ ခေါင်းကိုခါယမ်းရင်း ပြောဆိုလိုက်၏။

"အမလေး... ညစ်ပတ်လိုက်တာအေ.."

ထို့နောက် ဆက်ပြောပြန်ကာ

"တွေ့လား.. ငါပြောသားပဲ၊ အကြာကြီး ဆောင့်ကြောင့်ထိုင်နေရင် ခြေထောက်ကျဉ်လိမ့်မယ်လို့၊ အခုတော့ ဟုတ်ပြီလား.."

"အဒေါ်ကြီးကျောက် ပြောတာ မှန်လိုက်တာဗျာ။"

"အဒေါ်ကြီးကျောက်ကတော့ တကယ့်ကို အမြင်ကျယ်တာပဲ။"

အဘွားကြီးကျောက်မှာ ကျေနပ်

ဂုဏ်ယူသည့် အကြည့်များနှင့် ပြုံးနေတော့၏။ ရွှီကောင်းမင်ခမျာ ခြေထောက်ကြွက်တက်၍ ထမရသည့်ကြားထဲ ကျန်းရှင်းဖှ သူ့ကို လာကြည့်နေသည်ကို မြင်လျှင် ကျန်းရှင်းဖှကို ဆွဲကိုင်လိုက်ပြီး အကူအညီတောင်းလိုင်သည်။

"ငါ့ကို ကူပြီး ထူပေးပါဦး..."

ကျန်းရှင်းဖှ "အား.."

သူပါ ကြမ်းပြင်ပေါ်သို့ ဆွဲချခံလိုက်ရ၏။ ကျန်းရှင်းဖှမှာလည်း ဒဏ်ရာ မသက်သာသေး၍ နာကျင်စွာနှင့် အော်ဟစ်လိုက်ရပြန်သည်။

"အားးးးးး.."

သူ လဲကျသွားသည့် နေရာမှာ မစင်ပုံပေါ် တည့်တည့်ပင်....

"ဘယ်သူ့လက်ချက်လဲဟေ့...."

ဒါကတော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှစ်ထပ်ကွမ်း ထိုးနှက်ချက်ပါပဲ..

"ဦးလေးရွှီရဲ့ မြေးလေး လက်ချက်လေ။ အိမ်သာက ပြည့်နေတော့ သူက ဒီမှာပဲ စွန့်ပစ်သွားတာ..."

"အားးးးးး.. ငါ သူ့ကို သတ်ပစ်မယ်.."

ကျန်းရှင်းဖှ သူ့ရှေ့ရှိ ရွှီကောင်းမင်ကို ကြည့်ပြီး အလွန်မုန်းတီးသွား၏။

ဒါတွေက ဒီမိသားစုကြောင့် ဖြစ်ရတာ မဟုတ်လား..

ဒီမိသားစုက ထမင်းဖိတ်ကျွေးလို့၊ ဒီမြေးစုတ်ကြောင့်၊ အကုန်လုံး သူတို့ကြောင့်ပဲ..

ကျန်းရှင်းဖှ ဒေါသတကြီးဖြင့် ရွှီကောင်းမင်ကို လှမ်းဆွဲလိုက်ရာ ရွှီကောင်းမင်သည်လည်း "အားးးးးး.." ခနဲ အော်ဟစ်ရင်း နောက်ထပ် မစင်ပုံတစ်ပုံပေါ်ကို ထပ်ပြီး လဲကျသွားလေသည်။

ရွှီကောင်းမင်: "အားးးးးး.. မင်းကို ငါ သတ်မယ်.."

ကျန်းရှင်းဖှ ဤမျှ ရူးသွပ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ..

"မင်း ရူးနေတာလား...."

ကျန်းရှင်းဖှ: "ဒါတွေ အကုန်လုံး ခင်များကြောင့် ဖြစ်တာ.."

အဘိုးကြီးကျန်းမှာ ဤအဖြစ်အပျက်ကို မြင်​သောအခါ သူ့သားဘက်မှ ဝင်ကူ၍

"ရွှီကောင်းမင်... မင်း တော်တော်လွန်နေပြီ၊ ဒါ အကုန်လုံး မင်းအပြစ်တွေပဲ... အား.."

ရွှီကောင်းမင် ခြေထောက်လည်း နာ၊ မစင်ပုံပေါ်လည်း ထိုင်နေရသဖြင့် ဒေါသတကြီးနှင့် ပြန်တွန်းထုတ်လိုက်၏။

ကျန်းရှင်းဖှ : "အား.. ငါ မင်းကို အသေသတ်မယ်.."

"ငါလည်း မင်းကို အသေသတ်မယ်ဟေ့.."

သူတို့နှစ်ယောက်သား အိမ်သာထဲတွင် မည်မျှ ရွံစရာကောင်းနေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ တစ်ယောက်နှင့်တစ်ယောက် လုံးထွေးသတ်ပုတ်နေကြ၏။

အနှီလူနှစ်ယောက်မှာ တကယ့်ကိုရူးသွပ်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သော ဝမ်တာ့ချွေမှာ လူအုပ်ကြားထဲမှ အတင်းတိုးထွက်ပြေးလေတော့သည်။

ဘာလို့လဲ မမေးကြပါနဲ့ဗျာ....

ကျုပ် မစင်တွေမှန်မှာ ကြောက်လို့ပါဗျာ....

ဝမ်တာ့ချွေတစ်ယောက် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ထွက်ပြေးလာသည်ကို မြင်သောအခါ အဘွားကြီးကျောက် ချက်ချင်းပင် လှမ်းတားပြီး မေးလိုက်၏။

"ဟဲ့... အထဲမှာ ဘာဖြစ်နေလို့လဲ.. ဘာလို့ တစ်ယောက်ကိုတစ်ယောက် သတ်မယ်ဖြတ်မယ် ဖြစ်နေကြတာလဲ.. အိမ်သာလုရုံနဲ့တော့ ဒီလောက်ထိ မဖြစ်တန်ဘူး မဟုတ်လား.."

သူမသည် သတင်းဦးသတင်းထူး နောက်ယောင်ခံလိုက်သည့် သတင်းထောက်တစ်ဦးကဲ့သို့ပင် ရှေ့တန်းသို့ အမြဲတမ်း ပြေးဝင်တတ်သူ ဖြစ်သည်။

"ရွှီကောင်းမင်က ကျန်းရှင်းဖှကို မစင်ပုံပေါ် တွန်းချလိုက်တာလေ၊ အဲဒါနဲ့ ကျန်းရှင်းဖှကလည်း သူ့ကို ပြန်တွန်းထုတ်လိုက်ရော။ ဦးလေးကျန်းက ဝင်ကူမလို့ လုပ်တာကိုလည်း အတွန်းခံလိုက်ရလို့ နံရံနဲ့ ဆောင့်သွားတယ်"

"ဟယ်... ဖြစ်ရလေ.."

နားထောင်နေသူများမှာ တအံ့တဩ ရေရွတ်ကြ၏။

မာကျန့်ယီ တံတွေးတစ်ချက် မြိုချရင်း

"တကယ်... တကယ် ချကြပြီလား.."

ဝမ်တာ့ချွေ ကြောက်လန့်တကြား ခေါင်းညိတ်ပြရင်း ဆိုလိုက်၏။

"ကျွန်တော်တော့ နောက်တစ်ခါ အထဲကို မဝင်ရဲတော့ဘူး"

မာကျန့်ယီ အိမ်သာဘက်ကို တစ်ချက်ကြည့်၊ နောက်တစ်ချက်ကြည့်နှင့် သတ္တိမွေးလိုက်၊ ပြန်ပျော့သွားလိုက် ဖြစ်နေသည်။ အိမ်သာမှာ တကယ်ကို မသန့်ရှင်းတော့ပေ။ လူတိုင်း ဝမ်းလျှောနေကြပြီး ကလေးများမှာလည်း မြင်မကောင်းအောင် စွန့်ပစ်ထားကြသဖြင့် အထဲရှိအခြေအနေကို စဉ်းစားရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှ၏။

မာကျန့်ယီ တွန့်ဆုတ်နေစဉ်မှာပင် လူအချို့ အိမ်သာထဲမှ ပြေးထွက်လာကြသည်။ သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေကာ "သူတို့... သူတို့တွေ ရူးသွားကြပြီ.." ဟု ရေရွတ်ပြော၍ ထွက်ပြေးကြလေ၏။

ထိုစကားကို ကြားလိုက်ရချိန်တွင် မာကျန့်ယီသည် မည်သို့မျှ ဝင်မစွက်ဖက်တော့ဟု ဆုံးဖြတ်လိုက်သည်။ တစ်ခုခုဖြစ်၍ သူ့ကို ရာထူးမှ ဖြုတ်ပစ်လျှင်ပင် ဖြုတ်ပစ်လိုက်ပါတော့ဟု တွေးကာ လက်လျှော့လိုက်၏။

ထို့နောက် သူ ပြတ်ပြတ်သားသားပင် ပြောပြီး လစ်သွားတော့သည်။

"ငါလည်း ဗိုက်မကောင်းဘူး၊ တခြားနေရာမှာပဲ အိမ်သာသွားရှာတော့မယ်"

"ကျွန်တော်လည်း လိုက်မယ်"

ဝမ်တာ့ချွေသည်လည်း အော်ပြောကာ အမြန်လိုက်သွား၏။ သူလည်း ဗိုက်နာနေဆဲပင်..

သို့သော် ဤအမျိုးသားအိမ်သာထဲသို့ သူ လုံးဝ မဝင်ရဲတော့ပေ။ သူသည် အမျိုးသမီးများကို အားကျသည့်အကြည့်ဖြင့် လှမ်းကြည့်နေမိသည်။ အမျိုးသမီးများမှာ ဆဲဆိုနေကြသော်လည်း စနစ်တကျ တန်းစီနေကြပြီး နေရာလုယက်မှုသည်လည်း ထိန်းမနိုင်သိမ်းမရ ဖြစ်မနေပေ။ အမျိုးသားအိမ်သာဘက်ကို ကြည့်လိုက်လျှင်... တောက်.. အဆင့်အတန်း မရှိလိုက်ကြတာ..

"မြန်မြန်သွားရအောင်၊ ငါ မအောင့်နိုင်တော့ဘူး"

"ငါလည်း ဗိုက်နာနေတာပဲ၊ လမ်းမထိ ရောက်ပါ့မလား မသိဘူး..."

"အဲဒါဆိုလည်း အထဲဝင်လေ။"

"နေပါဦး... အား... မဖြစ်ဘူး၊ မဖြစ်ဘူး၊ တကယ်ကို မဖြစ်ဘူး.. ကယ်ကြပါဦး.."

အိမ်သာထဲဝင်သွားပြီးမှ ပြန်ပြေးထွက်လာသော နောက်ဝင်းမှ လူပျိုလေးတစ်ယောက်မှာ အော်ဟစ်လိုက်၏။

"မဖြစ်ဘူး၊ ငါ အောင့်ထားပြီး သေရင်သေပါစေတော့၊ တခြားနေရာမှာပဲ သွားတော့မယ်.."

အဘွားကြီးကျောက်မှာ ထိုလူများ အသည်းအသန် ဖြစ်နေသည်ကို ကြည့်ပြီး အထဲသို့ အလွန်ကြည့်ချင်နေရှာသည်။

တကယ်ကို ကြည့်ချင်နေတာပါ..

သို့သော် သူမမှာ အမျိုးသမီးတစ်ဦးဖြစ်သဖြင့် အမျိုးသားအိမ်သာထဲသို့ ဝင်ရန်မှာ မသင့်တော်ပေ။

"တကယ်ပါပဲ..."

အဘွားကြီးကျောက် အားမလိုအားမရ ရေရွတ်နေမိ၏။ သူမမှာ ဖြစ်ပျက်သမျှကို အံ့ဩနေခြင်း မရှိပေ။ သူမသည် မလှမ်းမကမ်းတွင် ရပ်နေသော ချန်ချင်းယွီကို လှမ်းကြည့်လိုက်စဉ် ချန်ချင်းယွီသည်လည်း စပ်စုချင်စိတ်ဖြင့် ကြည့်နေပြီး အဘွားကြီးကို လက်လှမ်းပြလိုက်သေးသည်။

အဘွားကြီးကျောက် စိတ်ထဲမှ တွေးနေမိကာ

'သူပဲ.. သူပဲ.. သေချာပေါက် သူပဲ ဖြစ်ရမယ်..'

ကြည့်စမ်း... သူ လက်လှမ်းပြနေပြီ။ ရွှီကောင်းမင်နဲ့ အဘိုးကြီးကျန်းတို့က ငါတို့အိမ်ကို အမြဲ ဒုက္ခပေးနေတဲ့သူတွေလေ။ ကျန်းရှင်းဖှကလည်း စိတ်ဓာတ်မကောင်းတဲ့သူ။ ငါ့ချွေးမရဲ့ ကျိန်စာတိုက်နိုင်တဲ့ အစွမ်းနဲ့ဆိုရင်တော့ သူတို့ သေချာပေါက် ဒုက္ခရောက်ကြမှာပဲ..

ကြည့်စမ်း.. အခုတော့ တကယ် ဒုက္ခရောက်နေကြပြီ မဟုတ်လား..

အဘွားကြီးကျောက်မှာ ကံကြမ္မာနှင့် ကျိန်စာများကို အခိုင်အမာ ယုံကြည်သွားတော့သည်။

စင်စစ်တွင်မူ ထိုလူများမှာ ဒဏ်ရာဟောင်းများ ရှိနေသဖြင့် အခြားသူများလောက် ကြံ့ခိုင်မှု မရှိကြပေ။ ထို့ကြောင့် ကြွက်တက်ခြင်း၊ လဲကျခြင်းတို့မှာ သာမန်အားဖြင့် ဖြစ်နိုင်သောအရာများပင်။ သို့သော် အဘွားကြီးကျောက်မှာ ထိုသို့ မတွေးဘဲ ချန်ချင်းယွီတစ်ယောက် သူတို့ကို ကျိန်စာတိုက်လိုက်သည်ဟုသာ အပိုင်တွက်လိုက်လေ၏။

ချန်ချင်းယွီခမျာ သူမပေါ်သို့ 'ကျိန်စာတိုက်သူ' ဟူသော နာမည်ဆိုးကြီး ကျရောက်လာသည်ကို မသိဘဲ ပွဲကြည့်ကောင်းနေဆဲဖြစ်သည်။ ဤကဲ့သို့ မြင်ကွင်းကြီးမျိုးကို သူမ တစ်သက်နှင့်တစ်ကိုယ် မမြင်ဖူးခဲ့ပေ။ တကယ့်ကို ကမ္ဘာပျက်သလို မြင်ကွင်းမျိုးပင်..

သူမ၏ မျက်လုံးများမှာ တောက်ပနေပြီး ဤကဲ့သို့သော ရုန်းရင်းဆန်ခတ်မှုမျိုးကို ကြည့်မဝနိုင်အောင် ဖြစ်နေ၏။ သို့သော် နောက်တစ်ခါဆိုလျှင် အနံ့အသက်မကောင်းသည့် ဤကဲ့သို့သော ပွဲမျိုးကို မကြည့်ချင်တော့ပေ။ တော်သေးသည်မှာ မည်သူမျှ မစင်တွင်းထဲသို့ ကျမသွားခြင်းပင်။

တကယ်လို့သာ ကျသွားလျှင်တော့... အမလေး... မတွေးဝံ့စရာ....

အမျိုးသားအိမ်သာမှာ "စစ်တလင်း" ဖြစ်သွားသဖြင့် မည်သည့်အမျိုးသားမျှ မဝင်ရဲကြတော့ဘဲ ဗိုက်ကိုနှိပ်ကာ လမ်းကြားပြင်ပရှိ အခြားအိမ်သာများဆီသို့ ခပ်သွက်သွက် လျှောက်သွားကြ၏။ ချန်ချင်းယွီသည် အမျိုးသားအိမ်သာရှေ့တွင် အဘွားကြီးကျောက် တစ်ယောက်တည်း ကျန်နေသည်ကို တွေ့လိုက်ရသည်။

"အမေ.."

ချန်ချင်းယွီက လှမ်းခေါ်လိုက်၏။

မဟုတ်လျှင် ဤအဘွားကြီးမှာ အမျိုးသားအိမ်သာထဲအထိ ဝင်သွားနိုင်သည်ပင်။ ချန်ချင်းယွီမှာ အဘွားကြီးကို အရှက်မကွဲစေချင်ပေ။

"ဘာလဲ၊ ဘာလဲ.."

အဘွားကြီးကျောက် ပြန်မေးလာ၏။

"ဘာလို့ လူတွေအားလုံး ထွက်ပြေးကုန်ကြတာလဲ.."

အဘွားကြီးကျောက် ချက်ချင်းပင် ချဲ့ကား၍ သတင်းကွန်ရက်ဖြန့်တော့သည်။

"အိုး... နင်က ဒီဘက်မှာဆိုတော့ မသိတာ မဆန်းပါဘူး။ ရွှီကောင်းမင်နဲ့ ကျန်းရှင်းဖှတို့ အိမ်သာထဲမှာ ချကြပြီလေ။ တစ်ယောက်ကိုတစ်ယောက် မစင်တွေနဲ့ ပစ်ပေါက်နေကြတာ။ အိမ်သာထဲမှာ ဘယ်လိုမှ နေလို့မရတော့ဘူး။ အဝတ်အစားတွေပေါ် စင်ကုန်ရင် မခက်ဘူးလား။ အဲဒါကြောင့် လူတွေအားလုံး တခြားအိမ်သာကို ပြေးကြတာ"

ဤသတင်းမှာ လမ်းကြားထဲမှပင် မထွက်ရသေးဘဲ အတော်လေး ချဲ့ကားပြောဆိုခြင်း ခံလိုက်ရပြီဖြစ်သည်။ သို့သော် အဘွားကြီးကျောက်သည်ကား မိမိပြောသည်မှာ အမှန်ဟု ထင်နေ၏။

အိမ်သာထဲမှာ ရန်ဖြစ်နေရင် လက်နက်မှ မရှိတာ၊ မစင်နဲ့ ပစ်ပေါက်တာက သဘာဝပဲ မဟုတ်ဘူးလား....

"ဟယ်... တကယ်ကြီးလား.."

"ဘုရားရေ... ဒါကတော့ အရမ်းလွန်လှပြီ.."

"သူတို့ ရူးနေကြတာလား.."

ဝိုင်းကြည့်နေသူများမှာ အံ့ဩဆွံ့အလျက် ဆိုကြ၏။

"ဘယ်သူသိမှာလဲ။ ငါလည်း အထဲမဝင်ပါဘူး၊ ပြေးထွက်လာတဲ့ လူကြီးတွေ ပြောတာကို ကြားခဲ့တာ"

"သူတို့ကတော့ တကယ်ကို ကိုယ်ကျင့်တရား မရှိတာပဲ။ ရန်ဖြစ်ချင်ရင် တခြားနေရာ သွားပါလား။ အခုတော့ အိမ်သာကို ဒီလိုလုပ်ပစ်တော့ ငါတို့ အိမ်နီးနားချင်းတွေ ဘယ်လိုသွားရတော့မှာလဲ.. အား... စိတ်တိုစရာကြီး၊ ငါ အိမ်သာတက်ချင်နေတာကို.."

"အဲဒါဆိုရင်လည်း အခုဝင်ကြည့်ပါလား၊ အထဲမှာ ဘယ်လိုဖြစ်နေလဲ မြင်ရတာပေါ့"

အဘွားကြီးကျောက် အားကြိုးမာန်တက် ပြန်ပြောရာ ထိုလူမှာ မျက်ဖြူလှန်ပြပြီး

"မသွားပါဘူး၊ ကျုပ်လည်း တခြားနေရာပဲ သွားတော့မယ်၊ ရွံစရာကြီး"

"တကယ့်ကို စိတ်ဖောက်ပြန်နေတဲ့ လူတွေပဲ။"

"ငါ့ကို နည်းနည်းလောက် တွဲပေးပါဦး၊ ငါ အားမရှိတော့ဘူး"

ဇာတ်လမ်းထဲမှ ဇာတ်ဆောင်တစ်ဦးကဲ့သို့ အသံတိုးတိုးဖြင့် ကျောက်ရုံပြောလာလေသည်။ သူမသည် အိမ်သာထဲတွင် အကြာကြီး ထိုင်ခဲ့ရသဖြင့် ခြေထောက်များ ကျဉ်နေပြီး တော်သေးသည်မှာ ယွမ်ဟောက်ရွှယ်နှင့် ယွမ်ရှောင်ချွေတို့မှ တွဲပေးထားခြင်းပင်။

သမီးအငယ်ဆုံး ယွမ်ဟောက်ယွဲ့သည်လည်း မျက်နှာဖြူဖျော့ကာ ခြေကုန်လက်ပန်း ကျနေရှာ၏။

ကျောက်ရုံသည် တက္ကသိုလ်တက်ခဲ့ဖူးသူဖြစ်သဖြင့် အရိပ်အခြေနားလည်ကာ ဆေးရုံသွားရန် ပြင်လေသည်။

"ငါ့ကို တွဲကြပါ၊ အခု ဆေးရုံသွားကြစို့"

"ဟင်.."

"ဒီအတိုင်း ဆက်သွားရင် လူက ရေဓာတ်ခမ်းခြောက်ပြီး ဒုက္ခရောက်လိမ့်မယ်။ နင့်အစ်ကိုနဲ့ အဖေကိုပါ ခေါ်ပြီး ဆေးရုံသွားကြရအောင်။"

"ယွမ်ဟောက်မင်နဲ့ နင့်သားကတော့ မာကျန့်ယီတို့နဲ့အတူ တခြားလမ်းကြားက အိမ်သာကို သွားကြပြီ"

အဘွားကြီးကျောက် သတိပေးစကားဆိုလိုက်၏။

"ဘယ်လောက်ဝေးတဲ့နေရာ သွားလဲမသိဘူး၊ လိုက်ဖို့တော့ မလွယ်လောက်ဘူး။"

"ရှင်.."

ကျောက်ရုံမှာ "ဒီအိမ်သာက..." ဟု ဆိုကာ လှည့်ကြည့်လိုက်စဉ် အမျိုးသားအိမ်သာရှေ့တွင် လူတစ်ယောက်မှ မရှိတော့သည်ကို တွေ့လိုက်ရလေသည်။

စင်စစ်တွင် အိမ်သာနှစ်ခုမှာ ကပ်လျက်ရှိသဖြင့် တစ်ဖက်နှင့်တစ်ဖက် စကားပြောသံများကို ကြားနိုင်သော်လည်း... အထဲရှိလူများမှာမူ အပြင်မှဆူညံသံများကို နားစွင့်နေဖို့ရန် အားအင်မရှိကြတော့ပေ။ လူတိုင်းမှာ အိမ်သာအတွက် အလုအယက် ဖြစ်နေကြရသဖြင့် ဖြစ်ပေါ်လာသမျှ ဆူညံသံများကိုလည်း လျစ်လျူရှုထားကြရ၏။

"သူတို့ ဘယ်နားမှာလဲ.."

အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့် ထပ်မံတစ်ကျော့ပြန်၍ ပြောပြန်သည်။

"….နှမြောစရာကြီးအေ၊ ငါက မိန်းမသားဆိုတော့ အမျိုးသားအိမ်သာထဲ ဝင်ဖို့က မသင့်တော်ဘူးလေ။ မဟုတ်ရင်တော့ အထဲဝင်ပြီး ဘာတွေဖြစ်နေလဲ သေချာကြည့်ချင်တာ"

အဘွားကြီးကျောက်မှာ နောင်တရနေသံဖြင့် အဆုံးသတ်လိုက်၏။

ကျောက်ရုံ: "..."

ယွမ်ဟောက်ရွှယ်: "..."

ယွမ်ရှောင်ချွေ: "..."

ကျောက်ရုံ ခဏမျှ တုံ့သွားပြီးမှ အဘွားကြီးကျောက်ကို စကားပါးထားခဲ့သည်။

"အဲဒါဆို သူတို့ကို တွေ့ရင် ကျွန်မ သတင်းစကားလေး ပါးပေးပါဦး။ ကလေးတွေကို ခေါ်ပြီး ဆေးရုံကို အရင်သွားနှင့်ပြီလို့ ပြောပေးပါ"

အဒေါ်ကြီးကျောက်: "အေးအေး၊ ငါ့ကိုသာ စိတ်ချလိုက်။"

ဘေးမှ ချန်ချင်းယွီသည်လည်း

"ဘယ်ဆေးရုံကို သွားမှာလဲ.. ဒါမှ သူတို့ နောက်ကနေ လိုက်ရှာရတာ အဆင်ပြေမှာ"

"အနီးဆုံးဆေးရုံပဲ သွားတော့မယ်။ ဝေးဝေးသွားဖို့လည်း အားမရှိတော့ဘူး။"

အဒေါ်ကြီးကျောက်: "သွား... သွား... အမြန်သွားကြတော့။"

"ကျွန်မလည်း လိုက်ခဲ့မယ်။"

ထိုအချိန်တွင် ဝမ်မေ့လန်လည်း အိမ်သာထဲမှ ထွက်လာပြီး စကားဆိုလိုက်၏။

"ကျွန်မ ယောက္ခမကိုလည်း ဆေးရုံကိုပဲ ခေါ်သွားလိုက်မယ်"

အဘွားကြီးဝမ်မှာ အသက်လည်း ကြီးပြီဖြစ်ရာ ဆက်ပြီး အောင့်ထားရန်မှာ အတော်လေး ခက်ခဲလှသည်။ သူမ၏ ယောက္ခမကို ဤနေရာတွင် မထားခဲ့နိုင်သဖြင့် "ကျွန်မအတွက်လည်း သတင်းစကား ပါးပေးပါဦးရှင်" ဟု ပြောလိုက်၏။

အဘွားကြီးကျောက်မှာ ယခုတစ်ကြိမ်တွင်မူ အတော်လေး ကူညီချင်စိတ်ရှိနေလေသည်။

"ရပါတယ်အေ၊ စိတ်ချ.."

မည်သို့ပင်ဖြစ်စေ သူမ၏ မိသားစုမှာ ဘာမှမဖြစ်သဖြင့် အားနေသည်သာ။

ဝမ်မေ့လန်: "ကျွန်မကလေးတွေကိုလည်း ခဏလောက် ကြည့်ပေးပါဦးနော်။"

သူမ ချန်ချင်းယွီကို လှမ်းကြည့်ရာ ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်၏။

"ရပါတယ်၊ ကလေးတွေကို ကျွန်မဆီသာ ထားခဲ့လိုက်။"

အတိတ်၌ သူမ၏ မိသားစု ပြဿနာတက်စဉ် ဝမ်မေ့လန်ကို ကလေးကြည့်ပေးရန် အကူအညီ တောင်းခဲ့ဖူးသည်။

ကျေးဇူးကို ကျေးဇူးဖြင့် တုံ့ပြန်ခြင်းပင်..

သူတို့ထဲတွင် ဝမ်မေ့လန် တစ်ဦးတည်းသာ မည်သည့်ပြဿနာမှ မရှိ၍ ကျန်သူများကို ပြုစုစောင့်ရှောက်ပေးနေရသည်။

အဘွားကြီးကျောက် တိုးတိုးလေး မဲ့ရွဲ့ရင်း ရေရွတ်လိုင်၏။

"သူကတော့ တကယ့်ကို စိတ်ကောင်းရှိလွန်းနေတာပဲ"

ချန်ချင်းယွီ: "သူက အမြဲတမ်း လူကောင်းတစ်ယောက်ပါပဲ။"

ဤဝင်းထဲတွင် ချန်ချင်းယွီ ကျေးဇူးအတင်ဆုံးသူမှာ ဝမ်မေ့လန်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမ အခက်အခဲဖြစ်စဉ်၌ ဆေးရုံစရိတ်များကို ဝမ်မေ့လန်မှ ကူညီပေးခဲ့ဖူး၏။ သူတို့ကြားတွင် မည်သည့် ပတ်သက်မှုမျှ မရှိသော်လည်း ဝမ်မေ့လန်သည်တကယ်ကို စေတနာကောင်းသူ ဖြစ်သည်။

ချန်ချင်းယွီမှာ အလွန်အမင်း စိတ်ကောင်းရှိသူမျိုး မဟုတ်သော်လည်း မိမိအပေါ် ကောင်းခဲ့သူကိုမူ တတ်နိုင်သမျှ ပြန်လည် ကူညီတတ်သူဖြစ်၏။

ခဏမျှ ပွဲကြည့်ပြီးနောက် သူမက လှည့်လိုက်ကာ ဝမ်မေ့လန် ကလေးများကို ခေါ်လိုက်၏။

"နာ့နာ၊ အာ့နာ ..."

"ဒေါ်လေးချန်"

ကလေးများမှာလည်း အိမ်သာအပြင်ရော အထဲမှာပါ ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေကြသည်။ သူတို့တစ်သက်တွင် ဤကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးကြပေ။

"သမီးတို့အမေက အဘွားကို ဆေးရုံခေါ်သွားပြီ။ အိမ်မှာ သမီးတို့ ကလေးတွေချည်းပဲနေဖို့က မအဆင်ပြေဘူးလေ၊ အဲဒါကြောင့် ဒေါ်လေးအိမ်ကို အရင်လိုက်ခဲ့ကြ။ သမီးတို့အဖေ ပြန်လာမှ လာခေါ်ခိုင်းလိုက်မယ်။"

"ဟုတ်ကဲ့.."

"အိမ်တံခါးတွေ အကုန်ပိတ်ခဲ့နော်။"

"ဟုတ်ကဲ့။"

ဝမ်မေ့လန် မထွက်သွားမီကလည်း ဤအတိုင်း မှာကြားခဲ့သဖြင့် ကလေးများမှာ လိမ္မာစွာ နားထောင်ကြသည်။

ယေဘုယျအားဖြင့် မိန်းကလေးမှာ ယောင်္ကျားလေးထက် ပို၍ လိမ္မာကြပြီး ထိန်းရသိမ်းရလွယ်၏။

“ဒေါ်လေးချန် သမီးတို့ တံခါးဝမှာ ကစားလို့ ရမလား.."

နာ့နာမှ မေးလာသဖြင့် ချန်ချင်းယွီမျက်ခုံးတစ်ချက် ပင့်လိုက်ပြီးမှ "ရတာပေါ့" ဟု အသာအယာ ပြန်ဖြေလိုက်သည်။

'တံခါးဝမှာ ကစားချင်တာ မဟုတ်ပါဘူး၊ ပွဲကြည့်ချင်နေတာပါပဲ'

ချန်ချင်းယွီသည် သူမ၏ ကလေးနှစ်ယောက်ကိုလည်း လှမ်းခေါ်

လိုက်၏။ ကလေးနှစ်ယောက်မှာလည်း စိတ်မရှည်စွာဖြင့် သူတို့၏ ခြေထောက်တိုလေးများဖြင့် ခပ်သွက်သွက် ပြေးထွက်လာကြသည်။ ချန်ချင်းယွီ ကလေးများကို ဝင်းထဲမှ ထွက်ခွင့်မပြုသော်လည်း ရှေ့တံခါးဝတွင်မူ လူများ သွားလာနေသည်ကို ကြည့်ခွင့်ပေးထားသဖြင့် ကလေးများသည်လည်း မကန့်ကွက်ကြပေ။ လူများမှာလည်း ဟိုဟိုဒီဒီ သွားလာနေကြဆဲ ဖြစ်၏။

ကလေးသူငယ်များမှာ ထိုင်ခုံပုလေးများကိုယ်စီဖြင့် အိမ်ရှေ့ဝရန်တာအောက်တွင် ပုန်းကာ အခြေအနေအရပ်ရပ်ကို မျက်လုံးလေးများ ကလယ်ကလယ်နှင့် စောင့်ကြည့်နေကြသည်။

တကယ်လည်း လူများမှာ ဟိုဟိုဒီဒီ အပြေးအလွှား သွားလာနေကြဆဲပင်။ တခြားကြောင့်မဟုတ်ဘဲ အိမ်သာသုံးစက္ကူများ ခဏခဏ ပြတ်လပ်နေကြ၍ ဖြစ်၏။ လူတိုင်းမှာ ဗိုက်နာသည့်ဒုက္ခနှင့် အသည်းအသန် ဖြစ်နေကြရသဖြင့် ရှီရှောင်ဝေ၏စာအုပ်အကြောင်းကို မည်သူမျှ စိတ်မဝင်စားနိုင်ကြတော့ပေ။

"ကလေးတို့ ဝင်းထဲမှာပဲ ကစားနေကြနော်၊ တံခါးဝနားက အခြေအနေ သွားကြည့်လိုက်ဦးမယ်"

ချန်ချင်းယွီ ကလေးများကို မှာကြားကာ တစ်ယောက်တည်း ထွက်လာခဲ့သည်။ လမ်းကြားထဲတွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီး အထူးသဖြင့် အိမ်သာရှေ့တွင် ပို၍ဆိုးရွားလှ၏။ ပတ်ဝန်းကျင်ဝင်းများမှ အိမ်နီးနားချင်းများသည်လည်း မိမိတို့၏အိမ်သာကို လာရောက်အပိုင်စီးထားကြသဖြင့် ဒေါသတကြီး ဗြစ်တောက်ဗြစ်တောက် ပြောဆိုနေကြသော်လည်း ချန်ချင်းယွီမှာ ဘာမှမသိဟန်ဖြင့် မျက်နှာပြောင်တိုက်ကာ ဘေးမှရပ်ကြည့်နေလေသည်။

'ဒါ ငါနဲ့ဆိုင်တဲ့ကိစ္စမှ မဟုတ်တာ၊ ငါက ပွဲကြည့်ရုံသက်သက်ပဲလေ'

အဘွားကြီးကျောက် တစ်ယောက်မှာ "တောက်တောက်... တောက်တောက်တောက်.." နှင့် အတော်လေးကို စိတ်လှုပ်ရှားနေပုံရပြီး နေကြာစေ့ပင် ထိုင်စားချင်နေသည့်ပုံစံမျိုး ဖြစ်နေသည်။

"ဟဲ့... ရဲတွေ ရောက်လာပြီဟေ့.."

တစ်ဦးမှ အော်လိုက်ရာ လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

"ဘာလို့ ရဲတွေ ရောက်လာတာလဲ.."

"ဘာရှိရမှာလဲ၊ ဒီလောက်လူတွေ အများကြီး ဝမ်းလျှောနေတာ တစ်ခုခုတော့ မှားနေပြီလေ။"

"ဟိုမှာ စားဖိုမှူးချန် မဟုတ်လား၊ ဆရာချန်က ရဲသွားတိုင်တာလား.. သူကတော့ တကယ် သတ္တိရှိတာပဲ။"

"ငါ့အမြင်တော့ သူက လူလည်ပဲ၊ အပြစ်ပုံချခံရမှာ ကြောက်လို့ နေမှာပေါ့။"

အဘွားကြီးကျောက်မှာ ရဲများကို မြင်သည်နှင့် လေပြင်းတိုက်သည့်နှယ် 'ဝေါ' ခနဲ ပြေးထွက်သွားလေသည်။

ချန်ချင်းယွီမှာ ကြောင်အမ်းအမ်းဖြင့် ကြည့်ရင်း

ဟဲ့သောက်ကျိုးနည်း..

ဘာကြီး ဖြတ်ပြေးသွားတာလဲ...

ဪ... ငါ့ရဲ့ ထူးဆန်းတဲ့ ယောက္ခမကြီးပါလား..

အဘွားကြီးကျောက်သည် ရဲအရာရှိများရှေ့သို့ ရုတ်တရက် ရောက်ရှိသွားသဖြင့် ရဲလူငယ်လေးများမှာလန့်သွားကြ၏။

"အရာရှိတို့ ရောက်လာတာ ဝမ်းသာလိုက်တာရှင်.. အမြန်ဆုံး တံခါးပိတ်လိုက်ကြတော့၊ ဟိုအထဲမှာ တစ်ယောက်ကိုတစ်ယောက် မစင်တွေနဲ့ ပစ်ပေါက်ပြီး သတ်ပုတ်နေကြပြီ.."

အဘွားကြီးကျောက် အသည်းအသန် တိုင်တန်းလေသည်။

"ဘာပြောတယ်.."

ရဲအရာရှိများမှာ ထိတ်လန့်သွားကြ၏။

ဒါကတော့ အကြီးစားအမှုကြီးပဲ..

"အမလေး... ဒါ ဒါ ဟိုအသားတွေ စားပြီး ဦးနှောက်တွေများ ဖောက်ပြန်သွားတာလား.."

ဘေးနားရှိ စားဖိုမှူးချန် ဝင်ပြောရာ အဘွားကြီးကျောက်မှာ ပြန်တုံ့ပြန်လိုက်သည်။

"ကျွန်မလည်း မသိဘူးလေ.. ဘာပဲဖြစ်ဖြစ် အထဲမှာ ချနေကြတာတော့ အမှန်ပဲ"

"သူတို့က လူကြီးတွေကိုပါ မောင်းထုတ်လိုက်တာဆိုတော့ အထဲမှာ ဘာဖြစ်နေလဲ ကျွန်မဝင်ကြည့်လို့ မရဘူးဖြစ်နေတယ်။ ဒါနဲ့ နေပါဦး... ကျွန်မပဲ အရာရှိတို့အတွက် အထဲဝင်ပြီး အကဲခတ်ပေးရမလား.."

အဘွားကြီးကျောက်မှာ အင်မတန် စေတနာရှိလှဟန်ဖြင့် အလိုက်သင့် ဝင်ပြောလေ၏။

အဘွားကြီးကျောက်သည် ပင်ပန်းဆင်းရဲမည်ကို မကြောက်ဘဲ အိမ်သာထဲသို့ တကယ်ကြီး ဝင်ကြည့်ချင်နေခြင်းဖြစ်သည်။

ရဲအရာရှိများမှာ မျက်နှာပျက်သွားပြီး

"အဘွား... အဲဒါတော့ တကယ်ကို မလိုပါဘူး"

"အရာရှိတို့ အထဲဝင်သွားလို့ အတိုက်ခိုက်ခံရရင် ဘယ်လိုလုပ်မလဲ.. အရာရှိတို့က အစိုးရဝန်ထမ်းတွေဆိုတော့ သူတို့ကို ပြန်လုပ်ဖို့ ခက်မှာပေါ့။ ကျွန်မပါ လိုက်ခဲ့မယ်၊ သူတို့ တစ်ခုခု မိုက်မိုက်ကန်းကန်း လုပ်ရင် ကြည့်နေလိုက်၊ ကျွန်မပဲ ရှင်းပစ်ပေးမယ်"

အဘွားကြီးကျောက်မှာ အလွန်တရာ စေတနာပိုနေပြန်၏။

ရဲအရာရှိများမှာမူ မျက်နှာများ ရှုံ့မဲ့သွားကြပြီး

အဒေါ်ကြီးကလည်း တအားကို စေတနာပိုနေတာပဲ..

အထဲကို ဘယ်လောက် ကြည့်ချင်နေမှန်း သိသာနေတာကို..

ဒါပေမဲ့ အဲဒါက အမျိုးသားအိမ်သာလေ.. အမျိုးသားအိမ်သာကြီး..'

ရဲအရာရှိများမှာ တွေးကာ စိတ်ထဲမှပင် ကျောချမ်းနေကြ၏။

ဒီနေ့ခေတ် အဘွားကြီးတွေ တယ်လည်း သတ္တိကောင်းကြသကိုး..

အဘွားကြီးကျောက်မှာ တစ်ကြိမ်ပြီးတစ်ကြိမ် ငြင်းပယ်ခံရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ချန်ချင်းယွီ၏ ဘေးနားတွင် မှီရပ်ကာ "ငါ့စေတနာကို ဘယ်သူမှ နားမလည်ကြပါလားအေ" ဟု ညည်းညူလေတော့သည်။

ထိုအချိန်တွင် ရဲအရာရှိများမှာ သူမ၏စကားကို မကြားချင်ယောင်ဆောင်ကာ ရဲနှစ်ဦးသည် အမျိုးသားအိမ်သာဘက်သို့ တက်လှမ်းသွားကြ၏။ အဘွားကြီးကျောက်မှာလည်း လည်ပင်းရှည်ကြီးဖြင့် လှမ်းမျှော်ကြည့်ရင်း "အထဲမှာ ဘာတွေ ဘယ်လိုဖြစ်ကုန်ကြပြီလဲ မသိဘူး" ဟု ရေရွတ်နေပြန်လေသည်။

သူမမှာ ဆက်လက်၍ တတွတ်တွတ်ဖြင့် ရေရွတ်နေပြန်၏။

"ဒီလူကြီးတွေက ကလေးတွေလောက်တောင် အသိတရား မရှိကြဘူး။ ကြည့်စမ်း... ကလေးတွေတောင် ဒီလောက် ဆူညံမနေဘူး။ သူတို့နဲ့ တစ်ဝင်းတည်း နေရတာ ငါတော့ အရှက်ကို တကွဲကွဲပဲ"

အဘွားကြီးကျောက်မှာ ပါးစပ်က မနားတမ်း ပြောနေသော်လည်း ရဲအရာရှိများမှာမူ အိမ်သာဘက်ကိုသာ အာရုံစိုက်နေကြသည်။ ထို့နောက် တန်းစီနေသော အမျိုးသမီးအိမ်သာဘက်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီးမှ ခေါင်းဆောင်ဖြစ်သူသည် မေးမြန်းလေ၏။

"ခင်ဗျားတို့ကလည်း ဒီဝင်းထဲကပဲလား.."

အဘွားကြီးကျောက် ပွဲကြည့်ကောင်းနေသဖြင့် မကြားလိုက်သော်လည်း ချန်ချင်းယွီ ဘေးမှ ခေါင်းငြိမ့်ပြကာ ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်မတို့ အကုန်လုံး ဒီဝင်းထဲကပါပဲ"

"ဒါဆို ခင်ဗျားကျတော့ ဘာမှမဖြစ်ဘူးလား.."

ချန်ချင်းယွီ အသံတိုးတိုးဖြင့်

"ကျွန်မက ထမင်းပွဲမှာ မစားခဲ့လို့ပါ"

"ခင်ဗျားက မစားဘူးလား.. တစ်ဝင်းလုံး ရှိနေကြတာ မဟုတ်ဘူးလား.."

ရဲအရာရှိမှာ ထပ်မေးလိုက်၏။ မလာခင်ကတည်းက စာရဖိုမှူးချန်သည် ရဲစခန်းသို့ သွားရောက်တိုင်တန်းကာ ဖြစ်စဉ်များကို ပြောပြပြီးပြီ ဖြစ်သည်။ စားဖိုမှူးချန်မှာလည်း သူ့အပေါ် အပြစ်ပုံကျမည်ကို မလိုလားသဖြင့် အစောတည်းက အခြေအနေအရပ်ရပ်ကို ရှင်းပြထားခြင်း ဖြစ်၏။

"ကျွန်မက ငါးသွားမျှားနေလို့ပါ"

ချန်ချင်းယွီ ပြန်ပြောလိုက်သည်။

ရဲအရာရှိသည်လည်း အသေးစိတ် ထပ်မမေးတော့ပေ။ မည်သို့ပင်ဖြစ်စေ ခဏကြာလျှင် အိမ်တိုင်းကို တစ်အိမ်တက်ဆင်း မေးမြန်းရမည် ဖြစ်၏။ ထိုစဉ် အိမ်သာထဲ ဝင်သွားသော ရဲအရာရှိ နှစ်ဦးမှာ မျက်နှာပျက်ပျက်နှင့် ပြန်ထွက်လာကြပြီး သူတို့၏ မျက်မှောင်များမှာ တွန့်ချိုးနေကာ အကြည့်များသည်လည်း ဟိုရောက်ဒီရောက်နှင့် ခြေထောက်များပင် ပျော့ခွေနေကြသည့် ပုံစံမျိုး ဖြစ်နေသည်။

အဘွားကြီးကျောက်က အလောတကြီးဖြင့် လှမ်းမေးလိုက်၏။

"ဘယ်လိုလဲ၊ ဘယ်လိုလဲ.."

ချန်ချင်းယွီသည်လည်း စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်နေမိသည်။ အိမ်သာထဲ၌ ရန်ဖြစ်နေသူများမှာ သူမ မကြည်ဖြူသောသူများ ဖြစ်သဖြင့် သူတို့ ဒုက္ခရောက်နေသည်ကို မြင်ချင်နေ၏။

ရဲအရာရှိတစ်ဦးမှာ

"တစ်ယောက်နဲ့တစ်ယောက် မစင်တွေနဲ့ ပစ်ပေါက်တယ်ဆိုတာ မဟုတ်ပါဘူး"

"ဟင်.."

အဘွားကြီးကျောက်၊ ချန်ချင်းယွီနှင့် ဘေးနားရှိ ပွဲကြည့်ပရိသတ်များမှာ နှမြောတသသော အမူအရာများ ချက်ချင်း ပေါ်လာကြသည်။

'မပစ်ကြဘူးလား..'

ရဲအရာရှိများမှာ “……”

ခင်များတို့တွေ နည်းနည်းလောက် ထိန်းကြပါဦး၊ အဲဒီမျက်နှာပေးတွေက ဘာလဲ။ တကယ့်ကို ပွဲကြည့်

ချင်လွန်းနေကြတာပဲ..

"သူတို့က မစင်ပုံပေါ်ကို မတော်တဆ လဲကျသွားကြတာပါ။ အဲဒါကြောင့် တစ်ကိုယ်လုံး ပေပွကုန်တာ"

ရဲတစ်ဦးမှာ ရှင်းပြလိုက်သည်။

"ဟယ်.."

လူအုပ်ကြီး တစ်ချက် အော်လိုက်ကြ၏။

ဒါကလည်း တကယ့်ကို ရွံစရာကောင်းသည့် အခြေအနေပင်..

သို့သော် လူတိုင်း၏ စိတ်ထဲတွင် တထစ်ချ ယုံကြည်နေကြသည်မှာ

'မဟုတ်လောက်ပါဘူး၊ တမင်ပစ်ကြတာ ဖြစ်မှာပါ။ ရဲတွေက လူကောင်းတွေမို့လို့ သူတို့အစား ဖုံးဖိပေးနေတာ နေမှာပါ'

ရဲအရာရှိမှာ နားထင်ကို ပွတ်ရင်း

"ကျွန်တော် သူတို့ကို ဖျောင်းဖျထားတယ်၊ ခဏနေရင် သူတို့ ထွက်လာလိမ့်မယ်"

"ဒါနဲ့ သူတို့က ဘာလို့ ထွက်ရမှာ ရှက်နေကြတာလဲ.."

အဘွားကြီးကျောက်မှာ တက်တက်ကြွကြွ ဝင်မေးပြန်၏။

“ရှက်လို့ မဟုတ်ပါဘူး၊ ဗိုက်က မကောင်းသေးလို့ ဆက်ထိုင်နေကြတာပါ"

အဘွားကြီးကျောက် မျက်လုံးလေး ကလယ်ကလယ်နှင့် မှတ်ချက်ချလိုက်၏။

"ပေပွနေတဲ့အပေါ်မှာ ထိုင်နေတာကို ထိုင်တယ်လို့ ခေါ်လို့ ရပါဦးမလား။ တကယ်ကို ရွံစရာကြီးပဲ။ ဒါပေမဲ့ ကောင်းပါတယ်၊ ဒီလောက်ရွံစရာကောင်းမှတော့ ညစာလည်း မစားနိုင်တော့ဘူး၊ တစ်နပ်စာ သက်သာတာပေါ့"

ဘေးပတ်ဝန်းကျင်မှ လူများနှင့် ရဲအရာရှိများမှာမူ အဘွားကြီး၏စကားကြောင့် ဆွံ့အသွားကြတော့သည်။

ရဲအရာရှိမှာ အခြေအနေကို ထိန်းသိမ်းရန် စေခိုင်းလိုက်၏။

"ဒီဝင်းကို တာဝန်ယူရတဲ့သူကို သွားခေါ်ပေးပါ။ ပြီးတော့ ဒီနေ့ ထမင်းကျွေးတဲ့ အိမ်ရှင်ကိုလည်း ခေါ်ခဲ့ပါ"

ဤကဲ့သို့ အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်ခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ ထို့ကြောင့်လည်း ရဲအရာရှိ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရောက်လာခြင်း ဖြစ်သည်။ အစာမကြေရုံဆိုလျှင် ကိစ္စမရှိသော်လည်း တမင်အဆိပ်ခတ်ခြင်းမျိုး ဖြစ်နေလျှင် အမှုကြီး ဖြစ်သွားနိုင်သဖြင့် အလွန် သတိထားနေကြခြင်း ဖြစ်၏။

"ဦးလေးမာက တခြားနေရာမှာ အိမ်သာသွားတက်နေလို့ မရှိဘူးရှင့်။ သူ့ဇနီးကိုပဲ သွားခေါ်ပေးရမလား.."

"ရတယ်၊ သူ့ဇနီးကိုပဲ ခေါ်ခဲ့လိုက်။"

ချန်ချင်းယွီ ဆက်၍ ပြောလိုက်ပြန်၏။

"အိမ်ရှင်ကတော့ အမျိုးသားကအိမ်သာထဲမှာ ရှိနေတဲ့သူပဲ။ သူ့ဇနီးကိုပဲ သွားခေါ်ရမလား.."

ရဲအရာရှိမှာ ခဏမျှ တွေဝေသွားပြီးမှ ပြန်ဖြေလိုက်ရသည်။

"...အင်း၊ ရတယ်"

ချန်ချင်းယွီသည် ချက်ချင်းပင် အပြေးအလွှား သွားကာ နှာခေါင်းကို ပိတ်ပြီး လှမ်းအော်လိုက်၏။

"ဒေါ်လေးပိုင်၊ ဒေါ်လေးရှီ... ခဏလောက် ထွက်ခဲ့ကြပါဦး။ ရဲတွေ ရောက်နေပြီ၊ ဒီကိစ္စကို ဖြေရှင်းဖို့ ထွက်ခဲ့ကြပါ”

ပြောပြီးသည်နှင့် သူမမှာ တစ်ခါတည်း ပြန်လှည့်ပြေးလေသည်။

ဒီအနံ့အသက်တွေကို ဘယ်သူက ခံချင်မှာလဲ....

သူမ အရင်ဘဝရှိ ဝတ္ထုများထဲတွင် ယခုကဲ့သို့ပွဲမျိုးကို ဖတ်ရသည်မှာ ပျော်စရာကောင်းသော်လည်း လက်တွေ့တွင်မူ ဝေးဝေးကသာ ရှောင်ချင်၏။ ချန်ချင်းယွီ အလွန်လျင်မြန်စွာ ပြေးထွက်သွားလေသည်။

ပိုင်ဖုန်းရှန်းမှာ ဗိုက်ထဲမှ ရစ်နာနေဆဲ ဖြစ်သော်လည်း အားတင်းကာ ထွက်လာခဲ့ရ၏။ တော်သေးသည်မှာ အကြိမ်ကြိမ် သွားထားပြီးသဖြင့် ဗိုက်ထဲတွင် ဘာမှမရှိတော့ခြင်းပင်။

ရှီကျန့်ရှန်းမှာမူ ပိုင်ဖုန်းရှန်းတစ်ယောက် သူမမိသားစုအကြောင်း အတင်းပြောမည်ကို စိုးရိမ်သဖြင့် အံကိုကြိတ်ကာ အားတင်းလိုက်လာခဲ့သည်။

"အရာရှိတို့... ဘာလုပ်မလို့လဲရှင်..."

သူမ၏ အကြည့်သည် စားဖိုမှူးချန်ပေါ်သို့ ကျရောက်သွားပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

"အဘိုးကြီးချန်... နင်ကများ ရဲတိုင်ရဲသေးတယ်ပေါ့။ နင်ချက်တဲ့ဟင်းတွေ ဘယ်လိုဖြစ်ကုန်လဲ ကြည့်ဦး.. နင်မရှက်ဘူးလား.. အရာရှိတို့... ဒီလူကို ဖမ်းသွားပြီး ပြုပြင်ပေးလိုက်ကြပါဦး.. ကြည့်စမ်း... သူချက်ကျွေးလို့ ငါတို့တစ်ဝင်းလုံး ဒီလိုဖြစ်ကုန်တာ"

စားဖိုမှူးချန်မှာလည်း မခံချင်စိတ်

ဖြင့် ပြန်တုံ့ပြန်လိုက်လေသည်။

"အဒေါ်ကြီး... ကျုပ်ကို လာမလွှဲချနဲ့လေ။ ရဲတွေက စစ်ဆေးပါလိမ့်မယ်။ ကျုပ်အပေါ် အပြစ်ပုံချဖို့ မကြိုးစားနဲ့"

"မငြင်းကြပါနဲ့တော့။ အိမ်ထဲမှာ ဟင်းကြွင်းဟင်းကျန်တွေ ရှိသေးတယ်မဟုတ်လား၊ သွားကြစို့"

ရဲအရာရှိမှာ တားမြစ်ပြောဆိုလိုက်သည်။

သူတို့ ဟင်းများကို ဓာတ်ခွဲစစ်ဆေးရန် သေချာပေါက် ဆောင်ရွက်ကြမည်ဖြစ်၏။ အဆိုးရွားဆုံးမှာ အဆိပ်ခတ်ခြင်းပင် ဖြစ်နိုင်သည်။

ရှီကျန့်ရှန်းသည် ထိုစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် မျက်နှာပျက်သွားသော်လည်း

"တကယ်တော့ ဗိုက်နာတာလေးက ဘာမှမဟုတ်ပါဘူး..."

အသားမှာ အဓိက ပြဿနာဖြစ်နိုင်ကြောင်း လူများပြောနေကြသည်ကို ကြားထားသဖြင့် သူမလည်း စိုးရိမ်နေမိသည်။ သူမ၏ မူလအစီအစဉ်မှာ အပြစ်အားလုံးကို စားဖိုမှူးချန်ပေါ် ပုံချရန်သာ ဖြစ်၏။

'ဗိုက်နာတာက သူ့အပြစ်ပဲလေ။ ပြီးတော့ သူ့ကို ပိုက်ဆံပေးထားတာပဲ၊ ငါတို့အတွက် သူ တာဝန်ယူပေးတာ ဘာမှားလို့လဲ'

သူမ၏ အမူအရာကို မြင်သဖြင့် လူတိုင်း ဝိုင်းကြည့်ကြကာ အဘွားကြီးကျောက်မှာ လှမ်းအော်လေတော့သည်။

"ဘာပြောလိုက်တယ်.. အလကားနေရင်း ဒုက္ခရောက်ရတာကို ဘာမှမဟုတ်ဘူး ဟုတ်လား.. ငါကတော့ ဘာမှမဖြစ်ပေမဲ့ တစ်ဝင်းတည်းသားတွေ ဒီလိုဖြစ်နေတာ မြင်ရတာ ရင်ထဲမကောင်းဘူးအေ။ နင်က ဘယ်လိုလုပ် ဘာမှမဟုတ်ဘူးလို့ ပြောရတာလဲ.. အားလုံး ခန့်မှန်းနေကြသလိုပဲ နင်တို့ဝယ်လာတဲ့ အသားမှာ ပြဿနာရှိနေတာ မဟုတ်လား.. နင် ဝန်ခံမှာလား.."

ရှီကျန့်ရှန်း ချက်ချင်းပင် ငြင်းလိုက်ကာ

"လျှောက်မပြောနဲ့အေ၊ ငါက အကောင်းစားတွေပဲ ဝယ်ခဲ့တာ၊ ဘယ်လိုလုပ် ပြဿနာရှိမှာလဲ"

"ပြဿနာရှိမရှိဆိုတာ စစ်ကြည့်လိုက်ရင် သိရမှာပဲ"

အိမ်နီးနားချင်းတစ်ဦးမှာ တိုးတိုးလေး ပြောလိုက်၏။

"ဟုတ်တယ်၊ ရဲတွေတောင် ရောက်နေပြီပဲ.."

"ကဲ... သွားကြစို့.."

ရဲအရာရှိမှာ ပြတ်ပြတ်သားသား ပြောလိုက်သည်။

ရှီကျန့်ရှန်းမှာ တုန်တုန်ရင်ရင်နှင့် ကြောက်လန့်တကြား ဖြစ်နေကာ

"ဘာ... ဘာ.. ငါ့ကို ဖမ်းမလို့လား.. ငါ... ငါ..."

ရဲအရာရှိ : "ဟင်းကြွင်းဟင်းကျန်တွေကို စစ်ဆေးရမယ်။ ဒီလို အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုမျိုးကို အကြောင်းရင်းမသိရမချင်း လူတေအတွက် စိတ်မချရဘူး။ သွားကြစို့"

အားလုံး ဝင်းထဲသို့ ဝင်သွားကြရာ ချန်ချင်းယွီလည်း အနောက်မှ အမြန်လိုက်သွားသည်။ ရှေ့ဝင်းမှ ကလေးများမှာ အိမ်ထဲမှ ခေါင်းပြူကြည့်နေကြပြီး ရှောင်ယွမ်မှာ မိခင်အား "မေမေ.." ဟု ချိုချိုသာသာ လှမ်းခေါ်၏။

ချန်ချင်းယွီ : "အေးအေး၊ ဘာမှမဖြစ်ဘူး၊ သမီးတို့ ကစားနေကြနော်။ ဒီဦးဦးရဲတွေက သူတို့ ဘာလို့ ဗိုက်နာကုန်လဲဆိုတာ စစ်ဆေးပေးမလို့"

"ဪ... ဟုတ်ကဲ့.."

ရှောင်ယွမ် စပ်စုသည့်အကြည့်ဖြင့် ကြည့်နေပြီး အခြားကလေးများလည်း ထိုနည်းတူပင်။ သူတို့ဝင်းထဲတွင် သူတို့အပြင် ဘာမှမဖြစ်သည့် ကလေးနှစ်ယောက်၊ သုံးယောက် ရှိနေပြီး ထိုကလေးများမှာ စားပွဲတွင် ဟင်းမလုနိုင်ခဲ့ကြသူများပင်။

ကျန်းမုန့်မုန့်တစ်ယောက် စားပွဲပေါ်တွင် အလွန်လက်သွက်လွန်းလှ၍ မလုနိုင်ကြပေ..

ရွှီမိသားစုမှ မြေးလေးလည်း ရှိနေသဖြင့် အနည်းငယ် နှေးကွေးသူများမှာ မည်သို့မျှ လုမစားနိုင်ခဲ့ကြပေ။

အပြင်ဘက်ရှိ စားပွဲများကို သိမ်းဆည်းထားပြီး ဖြစ်သော်လည်း အိမ်ထဲမှ စားပွဲနှစ်လုံးကိုမူ မသိမ်းရသေးပေ။ စားပွဲတစ်လုံးမှာ ပြောင်သလင်းခါနေသော်လည်း အဓိကစားပွဲမှာမူ ထိုသို့မဟုတ်ဘဲ ဟင်းခတ်အသား နှစ်ဖတ်ခန့် ကျန်နေသေးသည်။ ထိုစားပွဲမှာ လူကြီးလူကောင်းများ ထိုင်သည့် စားပွဲဖြစ်ပြီး အရက်လည်း ပါသဖြင့် ဟင်းတိုင်းမှာ နည်းနည်းစီ ကျန်နေခြင်းဖြစ်၏။ အင်္ကျီအဖြူဝတ်ထားသော ရဲအရာရှိတစ်ဦးသည် ဟင်းတစ်မျိုးစီကို နမူနာယူကာ ချက်ချင်းပင် သိမ်းဆည်းလိုက်သည်။

အဘွားကြီးကျောက် တတွတ်တွတ် ပြောနေပြန်၏။

"ဒီကြက်သွန်ဖြူဆော့စ်နဲ့ ဝက်နှလုံးဟင်းရယ်၊ ဝက်နားရွက်သုပ်ရယ်က ငါတို့စားပွဲတွေမှာ မပါဘူး။ ဒီအဓိကစားပွဲမှာပဲ ရှိတာ။"

ရဲအရာရှိတစ်ဦးမှာ ထိုအချက်ကို မှတ်သားထားလိုက်သည်။

ခေါင်းဆောင်ဖြစ်သူမှာ မနေနိုင်စွာဖြင့် မေးလိုက်မိ၏။

"အဘွားက တော်တော်ကျန်းမာနေပုံရတယ်နော်။ ဝမ်းမလျှောဘူးလား.."

"မလျှောပါဘူးအေ.."

အဘွားကြီးကျောက် ဂုဏ်ယူစွာဖြင့် ဖြေလိုက်၏။

"ကျွန်မက အဲဒီဟင်းခတ်အသားတွေကို မစားခဲ့လို့လေ"

သူမ ကောက်ကျစ်သည့်အပြုံးဖြင့် ရယ်မောရင်း ဆက်ပြောပြန်သည်။

"ဒီမနက်ကတည်းက ကျွန်မမြင်ထားတာ။ အဓိကစားပွဲမှာ ကျွန်မတို့ဆီမှာ မရှိတဲ့ ဟင်းနှစ်မျိုး ပါတာကိုး။ အဲဒါကြောင့် မစားဘဲ နေနိုင်ပါ့မလား.. ဒါတွေက အသားနှပ်ထက် ပိုတန်ဖိုးရှိတာလေ။ ဝက်တစ်ကောင်မှာ နားရွက်နှစ်ဖက်နဲ့ နှလုံးတစ်လုံးပဲ ရှိတာဆိုတော့ အကောင်းစားကိုပဲ ရွေးစားမှာပေါ့။ အဲဒါကြောင့် ထမင်းစားပွဲစတာနဲ့ ငါက အရက်လာတိုက်သလိုလုပ်ပြီး နှစ်လုပ်လောက် အဝစားခဲ့တာ ဟီးဟီး။"

ရဲအရာရှိ: "..."

"ဒီလူတွေကလည်း တကယ်ပဲ။ ငါ အရက်တိုက်ပြီး ပြန်လာတော့ အသားတစ်ဖတ်မှ မကျန်တော့ဘူး။ တော်သေးတာက ငါ အသားမစားလိုက်ရလို့ အခုလို ဘာမှမဖြစ်ဘဲ နေတာပေါ့"

အဘွားကြီးကျောက်မှာ ခါးထောက်ကာ ဂုဏ်ယူနေတော့၏။

သူမ၏ မိသားစု ဘာမှမဖြစ်သည်မှာ တကယ်ပင် သူမ တော်၍ဟု ထင်နေပုံရသည်။

ရဲအရာရှိများ စစ်ဆေးရာတွင် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုတွင် အဆိပ်ခတ်ခြင်း ဖြစ်နိုင်သဖြင့် ဘာမှမဖြစ်သည့်လူများကို အဓိကထား မေးမြန်းလေ့ရှိ၏။ ထို့ကြောင့် အသေးစိတ် မေးနေခြင်း ဖြစ်သည်။ အကယ်၍ ဓာတ်ခွဲခန်းရလဒ်အရ အဆိပ်မဟုတ်လျှင် ကိစ္စမရှိပေ။

သို့သော် ယခုအချိန်တွင်မူ အတည်မပြုနိုင်သေးသဖြင့် ရှင်းရှင်းလင်းလင်း သိရန် မေးမြန်းရခြင်း ဖြစ်၏။

"အဘွားရဲ့ ချွေးမကရော ဘာလို့ ထမင်းပွဲမှာ မရှိတာလဲ.. တစ်ဝင်းလုံး ရှိနေကြတာကို။"

"ငါးမျှားတာက ထမင်းစားတာထက် ပိုအရေးကြီးလို့လား.."

ရှီကျန့်ရှန်း ခနဲ့လိုက်ကာ

"အရာရှိတို့ မသိလို့ပါ၊ ဒီအဘွားကြီးက သူ့ချွေးမအပေါ် အရမ်းရက်စက်တာ။ သူ့ချွေးမက ကလေးတွေကို ခေါ်ပြီး နေ့တိုင်း ငါးသွားမျှားရတယ်၊ ဒါတောင် စကားကောင်းတစ်ခွန်း အပြောမခံရဘူး။"

"ဒေါ်လေးရှီ၊ အထင်မလွဲပါနဲ့။ ကျွန်မယောက္ခမက ကျွန်မအပေါ် အရမ်းကောင်းပါတယ်။ အရာရှိတို့... ကျွန်မယောက္ခမက ပါးစပ်ဆိုးပေမဲ့ စိတ်ထားနူးညံ့ပါတယ်။ ကျွန်မကိုယ်တိုင်က ထမင်းပွဲကို မတက်ချင်လို့ မတက်ခဲ့တာပါ"

ချန်ချင်းယွီ ဝင်ပြောလိုက်၏။

"မတက်ချင်ဘူး ဟုတ်လား.."

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ ရှင်းပြလိုက်၏။

"ဟုတ်ကဲ့၊ ကျွန်မက ဒီလိုပွဲမျိုးတွေကို မကြိုက်လို့ပါ။ ယောက္ခမအပြစ် မဟုတ်ပါဘူး။ ကျွန်မက ပွဲတွေကို မနှစ်သက်လို့ ကလေးတွေကို ခေါ်ပြီး ငါးသွားမျှားတာပါ"

ရဲအရာရှိ သူမကို တစ်ချက်ကြည့်ပြီး "ဒီကလေးတွေကရော ဘာမှမဖြစ်ဘူးလား.." ဟု မေးလိုက်ပြန်သည်။

နာ့နာနှင့် အခြားကလေးများမှာ တိုင်တန်းလိုက်ကြ၏။

"သမီးတို့က ကျန်းမုန့်မုန့်နဲ့ စားပွဲတစ်လုံးတည်း ကျတာလေ။ သူ့ကို ဘယ်လိုမှ မပြိုင်နိုင်ပါဘူး။ သူက တောင်ပေါ်ကဆင်းလာတဲ့ ကျားတစ်ကောင်လိုပဲ ဟင်းတွေကို အငမ်းမရ လုစားတာ"

အခြားကလေးများလည်း ကိုယ်ချင်းစာသလို ခေါင်းငြိမ့်ကြသည်။

"တခြား ဘယ်သူတွေ ဘာမှမဖြစ်သေးလဲ.."

"သမီးအမေလည်း ဘာမှမဖြစ်ဘူး။ သူမက အဘွားကို ဆေးရုံခေါ်သွားပြီ။ အဲဒီအသားတွေကို မစားတဲ့သူတွေကတော့ ဘာမှမဖြစ်ကြဘူး"

နာ့နာ သူမအမေအတွက် ဂုဏ်ယူစွာ ပြောလိုက်သည်။

ရဲအရာရှိ ခေါင်းငြိမ့်ကာ အခြားသူများကို ဆက်လက် မေးမြန်းလိုက်၏။

အမှန်စင်စစ် သူတို့ဝင်းထဲတွင် ဘာမှမဖြစ်သည့်လူမှာ အနည်းငယ်သာ ရှိသည်။ အားလုံးမှာ အသားကြောင့်ဟု ယူဆနေကြသည်မှာလည်း အကြောင်းမဲ့ မဟုတ်ပေ။ အသားမစားသည့်သူတိုင်းမှာ ဘာမှမဖြစ်ကြသောကြောင့်ပင်။ အင်္ကျီအဖြူဝတ် ရဲအရာရှိမှာ အသားကို သေချာကြည့်ပြီးနောက် မှတ်ချက်ချလိုက်၏။

"ဒီအသားက... တကယ်ကို မလတ်ဆတ်ဘူးပဲ.."

_

၅၆။ ရင်ခုန်လှုပ်ရှား အတင်းအဖျင်းများ..

"ဒီအသားက... တကယ်ကို မလတ်ဆတ်တာပဲ.."

ရဲအရာရှိတစ်ဦး အာမေဍိတ်သံဖြင့် ပြောလိုက်၏။ ပုံမှန်ဆိုလျှင် ဓာတ်ခွဲစစ်ဆေးရန် လိုအပ်သော်လည်း ၎င်းတို့မှာ ဤနယ်ပယ်တွင် အတွေ့အကြုံရင့်ကျက်ပြီးသား ဖြစ်ကြသည်။

"နှပ်ထားတဲ့အသားက ဘယ်လိုလုပ် ပြဿနာရှိနိုင်မှာလဲ.. ကျွန်မကိုယ်တိုင် ဝယ်လာတာပါ။ တကယ်တော့ ဒါက မတော်တဆဖြစ်ရပ်တစ်ခုလို့ပဲ ကျွန်မထင်တယ်။ လူတိုင်းက အသားမစားရတာ ကြာပြီဆိုတော့ အစာအိမ်က မခံနိုင်တာ ဖြစ်မှာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့..."

ရှီကျန့်ရှန်းသည် မိမိကိုယ်မိမိ ကာကွယ်သည့်အနေဖြင့် တတွတ်တွတ် လျှောက်ပြောနေသော်လည်း စကားမဆုံးမီမှာပင် ရဲအရာရှိမှာ ဖြတ်မေးလိုက်၏။

"ပြောစမ်း၊ ဘယ်အစားအစာ အရောင်းကောင်တာကနေ ဝယ်ခဲ့တာလဲ.."

ရှီကျန့်ရှန်း: "ဟို... အဲဒါက..."

သူမသည် တရားဝင်အရောင်းဆိုင်တစ်ခုခုမှ ဝယ်ယူခဲ့ခြင်း မဟုတ်ပေ။ အသားလက်မှတ်များကို လူအတော်များများထံမှ ခေါင်းစဉ်အမျိုးမျိုးသုံး၍ လဲလှယ်ခဲ့သော်လည်း တကယ်တမ်း၌ သူမသည် ထိုလတ်မှတ်များကို စုဆောင်းထားခြင်းသာ ဖြစ်သည်။ အသားကိုမူ မှောင်ခိုဈေးရှိ ဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်း ဖြစ်၏။

ရဲအရာရှိသည် တည်ကြည်သောအမူအရာဖြင့်

"ရဲဘော်၊ အမှန်အတိုင်း ပြောတာ ပိုကောင်းလိမ့်မယ်။ ဒီလိုကိစ္စတွေကို ဖုံးကွယ်ထားလို့မရဘူး။ ဘယ်ကဝယ်လဲဆိုတာ ဖုံးကွယ်ထားလို့လည်း ခင်များအတွက် ဘာမှကောင်းကျိုးမရှိဘူး။ ဒါက ပြင်းထန်တဲ့ အစာအဆိပ်သင့်မှု ပြဿနာပဲ၊ အလွယ်တကူ ပြီးစလွယ်လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ပြော၊ ဘယ်မှာဝယ်ခဲ့တာလဲ.."

လူတိုင်း၏အကြည့်သည် ရှီကျန့်ရှန်းထံသို့ စုပြုံကျရောက်သွားကြသည်။

အဘွားကြီးကျောက်မှာ ချန်ချင်းယွီကို တိုးတိုးလေး ကပ်ပြောလိုက်၏။

"သူ့ပုံစံကြည့်ရတာတော့ တရားဝင်နေရာက ဝယ်တာ မဟုတ်တာ သေချာတယ်"

"သေချာသလောက်ပဲ"

ချန်ချင်းယွီ ရှီကျန့်ရှန်းကို ကြည့်လိုက်သောအခါ သူမသည် တကယ်ကို အကြပ်ရိုက်နေပြီး မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားနေကာ နဖူးတွင်လည်း ချွေးစေးများ ပြန်နေပြီဖြစ်သည်။

"ကြည့်စမ်း၊ ခင်များကိုယ်တိုင်တောင် စားပြီးတော့ ဒီလိုဖြစ်နေတာ။ အဲ့ဒီအသားက တကယ်ပဲ ပြဿနာရှိနေတယ်ဆိုရင်တောင် ခင်များတို့က မသိဘဲစားမိတဲ့ နစ်နာသူတွေအဖြစ် ကွန်တော်တို့က ထည့်သွင်းစဉ်းစားပေးမှာပါ။ ဒါပေမဲ့ ခင်များက အမှန်အတိုင်း မပြောဘူးဆိုရင်တော့ ဒါက တမင်တကာ ဖုံးကွယ်တာပဲ။ ပြီးတော့ ခင်များဝယ်လာတဲ့ အသားရဲ့ အရင်းအမြစ်ကလည်း မရှင်းလင်းဘူး။ အဲ့ဒီအခါကျရင် ကွန်တော်တို့က ခင်များကို အရေးယူရလိမ့်မယ်"

ရဲအရာရှိမှာ ချော့မော့၍ မေးမြန်းလေ၏။

ချန်ချင်းယွီသည် စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေ၏။ ဤသို့သောကိစ္စမျိုးကို သူမ ပထမဆုံး ကြုံဖူးခြင်းပင်။

အယ်.....

ဒီစကားလုံးတွေက ဘယ်မှာကြားဖူးပါလိမ့်၊ တော်တော်လေး နားယဉ်နေသလိုပဲ..

ဒီခေတ်ကာလကို ရောက်လာကတည်းက ထူးဆန်းသောကိစ္စရပ်တွေချည်း မပြတ်ဆုံတွေ့နေရသလိုပဲ..

စားသောက်ဆိုင်သို့ ပထမဆုံးအကြိမ် ရောက်ရှိသွားသည့် ကလေးငယ်တစ်ဦးကဲ့သို့ပင် သူမအတွက် "ပထမဆုံးအကြိမ်" ဆိုသော အရာများစွာချည်း ကြုံတွေနေရလေသည်။

ချန်ချင်းယွီ ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေသော်လည်း ရှီကျန့်ရှန်းမှာမူ အမှန်တကယ် ထိတ်လန့်နေလေပြီဖြစ်သည်။

"ကျွန်မ... ကျွန်မ... လျိုကျားလမ်းမှာ ဝယ်ခဲ့တာပါ"

သူမ အမြန်ဝန်ခံလိုက်ရ၏။

ထို့နောက် သူမ အမြန်ပင် ပြန်လည်ရှင်းပြလေသည်။

"ဒါက ကျွန်မနဲ့ ဘာမှမဆိုင်ဘူးနော်။ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး။ ကြည့်ပါဦး၊ ကျွန်မကိုယ်တိုင်လည်း စားမိလို့ ဘောင်းဘီထဲမှာတောင် မစင်တွေ ပါကုန်တာ။ အခုလေးတင်မှ ဘောင်းဘီအသစ် လဲထားရတာပါ။ အသားက မကောင်းဘူးဆိုတာ သိရင် ကျွန်မ ဘယ်ဝယ်မလဲ၊ စားဖို့ဆိုတာ ဝေးရော"

"လျိုကျားလမ်းလား.. အဲ့ဒီအကြောင်း အသေးစိတ်ပြောပြဦး"

ရဲအရာရှိများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ၎င်းတို့ အဘယ်ကြောင့် ထိုအချက်ကို မစဉ်းစားမိခဲ့သနည်း။ မူလ၌ ၎င်းတို့သည် ဤအမှုကို အကြီးအကျယ် အဆိပ်ခတ်သည့်အမှုဟု ထင်မှတ်ခဲ့သော်လည်း အခင်းဖြစ်ပွားရာနေရာမှာ ထိုသို့သောပုံစံ မဟုတ်ပေ။ ထို့နောက် သာမန်အစာအဆိပ်သင့်မှုဟု ထင်မြင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ကုန်ဈေးနှုန်းကစားခြင်းနှင့် မှောင်ခိုလုပ်ငန်းများပါ ပတ်သက်နေသည်ကို တွေ့ရှိရလေသည်။

"အားလုံး လူစုခွဲလို့ရပြီ။ ခဏနေရင် အိမ်ထောင်စုတစ်ခုချင်းစီဆီကနေ ထွက်ဆိုချက် လိုက်ယူမယ်"

ယခုလောလောဆယ်တွင်မူ လူတိုင်းမှာ အိမ်သာထဲ၌ ဆောင့်ကြောင့်ထိုင်နေကြရသဖြင့် အပြင်သို့ မထွက်နိုင်ကြသေးပေ။ ထို့ကြောင့် ရဲများမှာလည်း အလောတကြီး လုပ်၍မရပေ။ အင်္ကျီအဖြူဝတ်ထားသော ရဲအရာရှိများမှာ စစ်ဆေးမှုများပြုလုပ်ရန် အစားအစာများကို ယူဆောင်၍ ဌာနသို့ အရင်ပြန်သွားကြသည်။ ဤသည်မှာလည်း အချိန်ယူရဦးမည်ဖြစ်၏။ ကံကောင်းသည်မှာ ၎င်းတို့သည် ပေကျင်းတွင်ရှိနေသဖြင့် ပစ္စည်းကိရိယာ အစုံအလင်ရှိကာ စစ်ဆေးမှုမှာလည်း မြန်ဆန်ပြီး ယနေ့အတွင်းမှာပင် ရလဒ်ထွက်လာမည်ဟု ခန့်မှန်းရ၏။ ရဲများမှာ မည်သူမျှ မကြားစေရန် တံခါးကို ပိတ်လိုက်ကြပြီး အဓိကမှာ မည်သူမျှ သတင်းသွားမပေးနိုင်ရန် အနီးကပ် စောင့်ကြည့်နေခြင်းဖြစ်သည်။

"လျိုကျားလမ်းက အသားဆိုင်အကြောင်း ပြောပြစမ်း"

ရှီကျန့်ရှန်းမှာ ထိတ်လန့်တကြား ပြောပြလိုက်၏။

"ကျွန်မ... ကျွန်မ သူတို့နဲ့ သိပ်မရင်းနှီးပါဘူး၊ မသိပါဘူး။ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက အခြေအနေတွေ တအားခက်ခဲပြီး ဆာလောင်တာကို မခံနိုင်တော့တာနဲ့ ကောက်ပဲသီးနှံဝယ်ဖို့ မှောင်ခိုဈေးကို သွားခဲ့တာ။ အဲ့ဒီတုန်းက သူတို့နဲ့ စပြီး အဆက်အသွယ်ရခဲ့တာပါ။ သူတို့က အဲ့ဒီအချိန်ကတည်းက မှောင်ခိုဈေးကွက်မှာ လုပ်နေကြတာ"

ရဲအရာရှိများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

ဘုရားရေ၊ ဒါက ဆယ်နှစ်ကျော်နေပြီပဲ..

ဒီလူက နှစ်ပေါင်းများစွာ ကုန်ဈေးနှုန်းကစားနေတာပဲ၊ ဒါက သာမန်လုပ်ငန်းငယ်လေး မဟုတ်တော့ဘူး..

"ခင်များ အဲ့ဒီကနေပဲ ဒီနှစ်တွေတစ်လျှောက်လုံး ဝယ်နေတာလား.."

ရှီကျန့်ရှန်း ; "ဟုတ်ကဲ့၊ ဒါပေမဲ့... ဒါပေမဲ့ ကျွန်မမိသားစုက ခဏခဏတော့ မသွားပါဘူး။ ကျွန်မအမျိုးသားမှာ အလုပ်ရှိတယ်၊ ရိက္ခာလက်မှတ်တွေကလည်း မလောက်မငှ ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ အားလပ်ရက်တွေလိုမျိုး ပစ္စည်းပြတ်လပ်တဲ့အခါမှပဲ သွားတာပါ။ သူတို့က အဓိကတော့ အသားရောင်းတာပါ၊ ကောက်ပဲသီးနှံလည်း နည်းနည်းပါးပါး ရှိတတ်တယ်"

ရဲအရာရှိများ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဆယ်နှစ်ကျော် အတွေ့အကြုံရှိသော ဝါရင့်မှောင်ခိုသမား၊ ထို့ပြင် အမြဲတမ်း အသားရနိုင်သည်ဆိုသော အချက်မှာ အလွန်ထူးခြားနေလေသည်။

ဘုရားရေ၊ ကောင်းကင်ကနေ မမျှော်လင့်ဘဲ ကံကောင်းခြင်းတွေ ကျလာတော့မှာလား..

ဒါသာ အောင်မြင်ရင်တော့ အကြီးအကျယ် အောင်မြင်မှုတစ်ခု ဖြစ်တော့မှာပဲ..

ရာထူးတိုးနိုင်တဲ့ အခွင့်အရေးကြီး..

ရှီကျန့်ရှန်းသည် မိမိကိုယ်မိမိ အသည်းအသန် ကာကွယ်ပြောဆိုလေသည်။

"ကျွန်မက မှောင်ခိုဈေးကို အမြဲသွားဝယ်နေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ပါဦး၊ အခုလို ပွဲခင်းကျင်းထားတာ အသားတွေ ဒီလောက်အများကြီး ဘယ်ကရမှာလဲ.. ကျွန်မတို့ မိသားစုက တကယ်တမ်း တမင်လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ဒါကို ဆက်ပြီး အရေးမယူပါနဲ့တော့.."

မှောင်ခိုဈေးမှ ပစ္စည်းဝယ်ယူခြင်းမှာ ထိုခေတ်ကာလတွင် အလွန်ပြင်းထန်သော ပြစ်မှုတစ်ခုဟု မသတ်မှတ်ကြပေ။

များသောအားဖြင့် ပစ္စည်းအသိမ်းခံရရုံသာ ရှိတတ်သဖြင့် ရှီကျန့်ရှန်း ဝန်ခံရန် ဝန်မလေးခဲ့ခြင်း ဖြစ်၏။ သို့သော် အကယ်၍ ရွှီကောင်းမင်သာ ဤနေရာတွင် ရှိနေလျှင် သူသည် ပိုမိုလေးလေးနက်နက် စဉ်းစားမိမည်ဖြစ်ပြီး ဤမျှလွယ်လွယ်ကူကူ ဖြေဆိုမည်မဟုတ်ပေ။

ရွှီကောင်းမင် ဤနေရာတွင် မရှိခြင်းမှာ ကံကောင်းသည်ဟုပင် ဆိုရမည်။

"အရာရှိမင်းရယ်၊ ကျွန်မလည်း အခြေအနေ တော်တော်ဆိုးနေတာပါ။ ဒါတွေစားပြီး အခုလိုတွေ ရှုပ်ကုန်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး.. ဘယ်သူကများ ပျော်ပျော်ပါးပါး စုဝေးချင်တာကို ဒီလိုဖြစ်စေချင်မှာလဲ.. ဒါက ကျွန်မတို့ မိသားစုအတွက်လည်း အရှက်ရစရာကြီးပါ"

"ခင်များတို့မိသားစုက ဘာလို့ ပွဲကျင်းပရတာလဲ.."

ယခုခေတ်ကာလတွင် ဤကဲ့သို့ စုဝေးပွဲများ ကျင်းပရန်မှာ မလွယ်ကူပေ။

ရှီကျန်ရှန်း ပို၍ပင် ဒေါသထွက်သွားကာ

"ကျွန်မတို့မိသားစု ထမင်းကျွေးမယ်ဆိုပြီး ကောလာဟလကို ဘယ်ကောင်က ဖြန့်လိုက်တာလဲ မသိပါဘူး။ ကျွန်မတို့ အဘိုးကြီးကလည်း သိက္ခာကို ငဲ့တဲ့သူဆိုတော့ မကျင်းပဘဲ နေလို့မှမရတာ။ အစောတုန်းကလည်း အဆိပ်မှိုတွေ စားမိသေးတယ်..."

တတွတ်တွတ်နှင့် ဖြစ်သမျှအကြောင်း အကုန်ရှင်းပြလေသည်။

ရှီကျန့်ရှန်းတို့တို့အုပ်စု အထဲတွင် စကားပြောနေစဉ် အပြင်ဘက်၌ အဘွားကြီးကျောက်တို့မှာမူ ချောင်းနားထောင်၍ မရတော့ပေ။ မိမိတို့ဝင်းထဲမှ သတင်းများကို မသိရသဖြင့် စိတ်ဖိစီးကာ ခေါင်းပင် ကုတ်နေမိကြသည်။

"ချွေးမရေ... ကြည့်စမ်း၊ တိုးတိုးတိတ်တိတ်နဲ့ ဘာတွေလုပ်နေကြလဲ မသိဘူး။ သူတို့ရဲ့ အသားနှပ်ကတော့ တစ်ခုခု မှားနေပြီဆိုတာ သေချာတယ်။ တကယ့်ကို ရွံစရာကောင်းလိုက်တာ.. ဝင်းတစ်ခုလုံးကိုလည်း ဘယ်လိုတွေ ရှုပ်ပွအောင် လုပ်ထားသလဲ ကြည့်ဦး။ တော်သေးတာက ငါတို့ဝင်းက အများသုံးအိမ်သာနဲ့ နည်းနည်းဝေးနေလို့၊ မဟုတ်ရင်တော့ နံစော်နေမှာပဲ"

"ဟုတ်တယ်နော်"

"မရဘူး၊ ငါ သွားကြည့်မှ ဖြစ်မယ်"

အဘွားကြီးကျောက်မှာ ဂနာမငြိမ်ဖြစ်နေပြီး အပြေးအလွှား ထွက်သွားတော့သည်။ သူမမှာ ဝမ်းမလျှောသော်လည်း အခြားသူများကဲ့သို့ပင် အလုပ်ရှုပ်နေ၏။

တခြားမဟုတ်ပေ.. သူမသည် သူတပါးကိစ္စများကြားတွင် စပ်စုရန် ဟိုပြေးဒီလွှား လုပ်နေရ၍ပင်..

တကယ်တမ်းတွင် ချန်ချင်းယွီလည်း ထိုနည်းတူပင် ဖြစ်သော်လည်း သူမသည် စကားနည်းသဖြင့် မသိသာခြင်း ဖြစ်သည်။ အဘွားကြီးကျောက်မှာမူ အာကျယ်အာကျယ်နှင့် နေရာတကာ ပါဝင်လွန်းသဖြင့် လူအများ၏ အမြင်ကတ်ခြင်းကို ခံနေရ၏။

"ဟော... အမေ၊ အစ်မကြီးဖန်ရော ဘယ်ရောက်သွားလဲ.."

အဘွားကြီးကျောက်သည် တံခါးဝသို့ ရောက်နေပြီဖြစ်သော်လည်း ခဏရပ်ကာ လှည့်ကြည့်၍ ပြောလိုက်၏။

"အေး ဟုတ်သားပဲ၊ သူ ဘယ်မှာလဲ.."

အစောပိုင်း သူမ၏သားဖြစ်သူ ဝင်းထဲတွင် ရန်ဖြစ်နေစဉ်ကတည်းက သူမကို လုံးဝ မတွေ့ရခြင်းဖြစ်သည်။ အခြားသူများမှာဝမ်းလျှောသဖြင့် အိမ်သာသို့ ပြေးလွှားနေကြသော်လည်း သူမကိုမူ ထိုနေရာတွင်လည်း မတွေ့ရပေ။

"အော်... ဟုတ်ပြီ၊ သူက အရက်မူးပြီး အိမ်မှာ သွားအိပ်နေတာပဲ"

အဘွားကြီးကျောက် မှတ်မိသွား၏။ရေရောထားသော အရက်များကြောင့် အစ်မကြီးဖန်နှင့် ရှီရှောင်ဝေတို့ သားအမိသာ မူးသွားကြပြီး အခြားသူများမှာမူ ဘာမှမဖြစ်ကြပေ။

"မူးနေလိုက်တာ သတိတောင် မရတော့ဘူး၊ ဘောင်းဘီထဲမှာများ မသိဘဲ ပါချနေပြီလား မသိဘူး။ ကိုယ့်မစင်နဲ့ကိုယ် ပြန်အိပ်နေတာတော့ မဟုတ်ပါဘူးနော်"

အဘွားကြီးကျောက် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ချန်ချင်းယွီ: "..."

သူမ မသိသော်လည်း ထိုကိစ္စကို တွေးကြည့်ရုံနှင့်ပင် စိတ်ကသိကအောက် ဖြစ်ဖွယ်ကောင်းလှ၏။

"မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ၊ မဟုတ်ရင် ကျွန်မတို့ ဝင်းထဲမှာ ဘယ်လိုအနံ့တွေ ထွက်လာမလဲ တွေးတောင် မတွေးရဲဘူး"

"အာ... မဟုတ်လောက်ပါဘူး၊ သူ ဘာမှမဖြစ်မှာပါ။ သူက အသားမှ မစားခဲ့တာ"

"သူ မစားဘူးလား.."

"သူမစားတာကို ငါမှတ်မိတယ်။ သူက အရက်ဆိုရင် အသေကြိုက်ပဲ၊ အရက်ကို မြင်တာနဲ့ သုံးခွက် ဆက်တိုက် မော့တာလေ။ အသားယူမယ့်အချိန်ကျတော့ လက်က တုန်နေတာနဲ့ မယူလိုက်ရဘူး ထင်တယ်"

အဘွားကြီးကျောက် သက်ပြင်းချရင်း

"နေ့လယ်တုန်းကတော့ အသားမစားရလို့ လူတိုင်းက မကျေမနပ် ဖြစ်နေကြတာ။ အခု ပြန်စဉ်းစားကြည့်တော့မှ၊ ဘုရားရေ... တော်သေးတာပေါ့ မစားခဲ့ရလို့။ မဟုတ်ရင် အခုအချိန် အိမ်သာရှေ့မှာ ဘောင်းဘီမပြီး တန်းစီနေရမှာ။ တွေးကြည့်ရုံနဲ့တင် ဒုက္ခရောက်လိုက်မယ့်ဖြစ်ခြင်း"

ချန်ချင်းယွီလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်လေသည်။

သူမသည် ရွှီကောင်းမင်၏ မိသားစုကို အနည်းငယ် စိုးရိမ်မိသော်လည်း အခြေအနေများမှာ သူမ ထင်မှတ်ထားသည်ထက်ပင် ပို၍ အကျည်းတန်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။ လူတိုင်း ဤကဲ့သို့ စားသောက်ကြလိမ့်မည်ဟု သူမ မတွေးမိခဲ့ကာ၊ တွေးကြည့်ရုံနှင့်ပင် အလွန်ရွံစရာကောင်းလှသည်ဟု ခံစားရသည်။ ထို့ကြောင့်ပင် သူမ ဤကိစ္စတွင် မပါဝင်လိုခြင်း ဖြစ်၏။

"မေမေ.."

ချန်ချင်းယွီသည် အဘွားကြီးကျောက်နှင့် တိုးတိုးတိတ်တိတ် စကားပြောနေစဉ် ရှောင်ကျားလေး သူမအနားသို့ ပြေးလာသည်ကို မြင်လိုက်ရသည်။ ချန်ချင်းယွီမှာ "ဘာဖြစ်လို့လဲ သား.." ဟု မေးလိုက်၏။

ကလေးငယ်၏ အသံမှာ ကြည်လင်ပြတ်သားလှသည်။

"မေမေ၊ ငါးကို အခုထိ မဆေးရသေးဘူးနော်"

သူသည် သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေသော အမူအရာဖြင့် မျက်နှာလေးကို မော့ကာ ပြောလိုက်ခြင်းဖြစ်သည်။ မေမေ မေ့နေသော်လည်း သူကတော့ မမေ့ဘူးလေ..

ချန်ချင်းယွီ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် မဲ့သွားရသည်။ သူမ၏ သားလေးမှာ တကယ့်ကို အပူအပင် များလွန်းလှ၏။

"ဟုတ်သားပဲ၊ ရှောင်ကျားလေးက မှတ်ဉာဏ် တအားကောင်းတာပဲ။ မေမေ မေ့သွားတယ်။ အခုပဲ သွားလုပ်လိုက်မယ်နော်"

ရှောင်ကျားလေးမှာ မိခင်ကို သတိပေးနိုင်ခဲ့သဖြင့် အလွန်ဂုဏ်ယူနေပြီး မျက်နှာလေးကို မော့ကာ ညီမဖြစ်သူအနားသို့ ပြန်သွားလေသည်။ ချန်ချင်းယွီ အိမ်ထဲသို့ ပြန်ရန် ပြင်လိုက်သော်လည်း အဘွားကြီးကျောက် တားလိုက်၏။

"နင်က ဘယ်နား သွားထားမလို့လဲ.. ငါ့ဘာသာငါပဲ လုပ်လိုက်မယ်.."

သူမ အော်ဟစ်ကာ ဆိုလိုက်သည်။

"နင်နှပ်တဲ့အရသာက ငါ့လောက် မကောင်းဘူး၊ ပစ္စည်းတွေကို လာပြီး အလဟဿ မလုပ်နဲ့.."

ချန်ချင်းယွီ၏ ဟင်းချက်လက်ရာကို ကြည့်ပြီး အထင်မကြီးလေနှင့်၊ သူမသည် ငါးနှင့် ဟင်းသီးဟင်းရွက်များ နှပ်သည့်နေရာတွင်မူ သိပ်ပြီး မကျွမ်းကျင်လှပေ။ ဤကဲ့သို့သော အလုပ်မျိုးမှာ "အချိန်ကာလ၏ အတွေ့အကြုံ" လိုအပ်ပြီး သူမတစ်ဦးတည်းသာ လုပ်နိုင်စွမ်းရှိသည်ဟု ယူဆထား၏။

ချန်ချင်းယွီလား.. ဟဲဟဲ...

သူမ ဟင်းချက်ကောင်းတာက ဟင်းခတ်အမွှေးအကြိုင်တွေကို ပုံးပေါလအော သုံးလို့သာ..

ဒါကို လူတိုင်း သိတာပေါ့..

ဆီတွေကို ဒီလောက် ပုံအောသုံးနေတာ ငါတော့ အဲ့လိုဖြုန်းတီးတဲ့သူတွေကို တကယ်အမြင်ကပ်လိုက်တာ..

သူမသည် ချန်ချင်းယွီကို တစ်ချက်စောင်းကြည့်ပြီးနောက် အောင်နိုင်သူအလား ဂုဏ်ယူဝင့်ကြွားစွာဖြင့် ငါးနှပ်ရန် ထွက်သွားတော့သည်။

တကယ့် လက်စွမ်းအစစ်ကို ပြရမည့်အချိန် ရောက်ပြီပေါ့..

ဝင်းထဲရှိ ရဲအရာရှိအချို့မှာမူ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေကြ၏။

"........."

နေပါဦး၊ ဒီအဖွားကြီးက ဘာကို အဲ့လောက် ဂုဏ်ယူနေတာလဲ..

ငါးဆားနယ်နှပ်နိုင်တာကိုပဲ ဒီလောက်တောင် ဂုဏ်ယူနေတာလား..

နားကို မလည်နိုင်တော့ဘူး..

ချန်ချင်းယွီမှာမူ ထိုအမူအရာများကို ဂရုမစိုက်သည့်အလား ပြောလိုက်၏။

"ဒါဆိုရင်လည်း ကျွန်မ ကလေးတွေရဲ့ အဝတ်အစားပဲ သွားလျှော်လိုက်တော့မယ်"

ကလေးများမှာ တစ်ရာသီလျှင် လဲလှယ်ရန် အဝတ်အစား နှစ်စုံစီသာ ရှိသဖြင့် မလျှော်ဘဲ ထား၍ မရပေ။ ကံကောင်းသည်မှာ ကလေးအဝတ်အစားများကား သေးငယ်လှသဖြင့် လျှော်ဖွပ်ရသည်မှာ သူမအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်လှပေ။

အဘွားကြီးကျောက် ခေါင်းမော့ကြည့်လိုက်ပြီးနောက် ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ပြောလေတော့သည်။

"ငါ ပြောလိုက်မယ်နော်၊ ဒီရေတိုင်ကီက အဝတ်လျှော်ဖို့ပဲ၊ နင်တို့ရဲ့ အညစ်အကြေးတွေ လာလျှော်ဖို့ မဟုတ်ဘူး။ ဘောင်းဘီထဲ ပါလာတဲ့လူတွေက ကိုယ့်ဘာသာ ရေခပ်ပြီး အပြင်ထွက်လျှော်ကြ။ တကယ်လို့ ဒီထဲမှာ လာလျှော်ပြီး သူများတွေကို ရွံအောင်လုပ်နေတာ ငါမြင်လို့ကတော့၊ ငါ့အကြောင်း သိစေရမယ်။ ပါးရိုက်ဖို့ ဝန်မလေးဘူးနော်.."

ရဲအရာရှိများ ရှိနေသဖြင့် ဝမ်းဗိုက်သိပ်မနာတော့သော သူအချို့မှာ ပြန်ရောက်နေကြပြီ ဖြစ်သည်။ ဝမ်းဗိုက်နာနေသေးလျှင်ပင် ဘာတွေဖြစ်နေသလဲဆိုသည်ကို သိလိုသဖြင့် လာကြည့်ကြခြင်း ဖြစ်၏။ နောက်တစ်ချက်မှာလည်း အိမ်သာသို့ အကြိမ်ကြိမ် သွားထားပြီးဖြစ်သဖြင့် ဝမ်းထဲတွင် ဘာမှမရှိတော့ခြင်းကြောင့်လည်း ဖြစ်သည်။

လူအချို့မှာ မျက်လုံးများ ကစားနေကြသဖြင့် အဘွားကြီးကျောက်

ဆက်ကြိမ်းမောင်းလိုက်၏။

"မယုံရင် စမ်းကြည့်လိုက်လေ။ သူများကို ရွံအောင်လုပ်တာ ဒီလောက် အောက်တန်းကျတာ မရှိဘူး။ တကယ်လို့ တစ်ယောက်ယောက်က တမင်လုပ်တယ်ဆိုရင်တော့ နင်တို့လျှော်ထားတဲ့ အဲ့ဒီရေကို မင်းတို့ပါးစပ်ထဲ ပြန်လောင်းထည့်ပေးမယ်။ ဒါဟာ ကန့်လန့်တိုက်တဲ့သူတွေ ရသင့်တဲ့ ရလဒ်ပဲ.."

"အဒေါ်ကြီးကျောက်ကလည်း တအားပိုတာပဲ..."

အဘွားကြီးကျောက် ခနဲ့ပြုံးပြုံးကာ

"ပိုသလား မပိုသလား ကြည့်ထားလိုက်လေ။ ငါပြောမယ်၊ ငါ့ကို အပျော့ဆွဲ လာမတွေးနဲ့။ ငါ့ကို စိတ်မချမ်းသာအောင် လုပ်ရင် နင်တို့ကိုလည်း စိတ်အေးရစေမှာ မဟုတ်ဘူး"

"အဒေါ်ကြီးကျောက် စိတ်ချပါ၊ အဲ့ဒီလောက်ထိတော့ မဖြစ်ပါဘူး၊ တကယ်ပါ"

"ဟုတ်ပါတယ်၊ ကျွန်မတို့က အဲ့ဒီလိုလူမျိုးတွေ မဟုတ်ပါဘူး"

"စိတ်အေးအေးထားပါ၊ ကျွန်မတို့ အဲ့ဒီလို လုံးဝမလုပ်ပါဘူး"

"ဟုတ်တယ်၊ ဟုတ်တယ်"

အချို့လူများ မတော်တဆဖြစ်သွားသည်မှာ... (အဟမ်း..) ရှိသော်လည်း၊ အများစုမှာ အောင့်ထားနိုင်ကြသဖြင့် အဘွားကြီးကျောက်ဘက်မှ ရပ်တည်သူပိုများလေသည်။ မည်သူမှ အခြားသူ၏ အညစ်အကြေးကို မတွေ့လိုကြပေ။

"အဒေါ်ကြီးကျောက် ပြောတာ မှန်တယ်လို့ ငါထင်တယ်။ ဒါက အများသုံးနေရာ၊ ကိုယ့်အိမ်က မစင်ကျင်း မဟုတ်ဘူး။ သတိထားကြဦးမှ"

"ဟုတ်ပ၊ အားလုံး သတိထားကြနော်၊ တစ်ဦးနဲ့တစ်ဦး စောင့်ကြည့်ကြမယ်..."

သူတို့ဝင်းထဲတွင် ရေဘုံဘိုင်နှင့်ရေတိုင်ကီမှာ နှစ်ခုသာရှိရာ အကယ်၍ ညစ်ပတ်သွားလျှင် အခြားသူများ မည်သို့ သုံးနိုင်တော့မည်နည်း။

ပိုင်ဖုန်းရှန်းက ချက်ချင်းပင် ကြေညာလိုက်၏။

"ဒါဆိုရင် အားလုံး တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်ကြပြီး ကိုယ့်ဘာသာကိုယ်လည်း ဆင်ခြင်ကြတာပေါ့"

"ကောင်းပြီ၊ သိပြီ"

"သိပါပြီ"

ထိုအချိန်တွင် ရှီကျန့်ရှန်းလည်း အပြင်သို့ ထွက်လာသည်။ သူမ၏ မျက်နှာမှာ အနည်းငယ် အနေရခက်နေဟန်ပေါ်ပြီး တကယ်တမ်းတွင် သူမလည်း ဘောင်းဘီလျှော်ချင်နေခြင်း ဖြစ်၏။ သို့သော် လူအများစုကို ဆန့်ကျင်ရန် မဝံ့ရဲသလို... အဘွားကြီးကျောက်ကဲ့သို့ လူမျိုးမှာ ပြောလျှင် ပြောသည့်အတိုင်း လုပ်တတ်သည်ကို သူမ သိနေသည်။

ခေါင်းဆောင်ဖြစ်သူ ရဲအရာရှိမှာမူ လူငယ်ရဲဘော်တစ်ဦးနှင့် တိုးတိုးတိတ်တိတ် တိုင်ပင်ပြီးနောက် ထိုရဲဘော်မှာ ချက်ချင်းပင် ထွက်ခွါသွား၏။ ရဲအရာရှိများသည် အိမ်နီးချင်းအချို့ကို မေးမြန်းစုံစမ်းကြသည်။ ဓာတ်ခွဲခန်းရလဒ် မထွက်သေးသော်လည်း အခြေခံအားဖြင့်မူ မသန့်ရှင်းသော အစားအစာများကြောင့် အစာအဆိပ်သင့်ကာ အိမ်သာသို့ ပြေးနေရခြင်းဖြစ်ကြောင်း သိသာနေ၏။ အစာအဆိပ်သင့်မှုတွင် ပြင်းထန်သည်လည်း ရှိသလို မပြင်းထန်သည်လည်း ရှိရာ၊ ယခုကိစ္စမှာ သိပ်မပြင်းထန်သည့် အမျိုးအစားတွင် ပါဝင်နေသည်။

ဤခန့်မှန်းချက်မှာ မလွဲနိုင်ပေ။

တမင်အဆိပ်ခတ်ခြင်း မဟုတ်သကဲ့သို့ ကြီးလေးသော ရာဇဝတ်မှုလည်း မဟုတ်ပေ။

သို့သော်လည်း မှောင်ခိုကုန်ကူးခြင်းနှင့် မလတ်ဆတ်သော ပစ္စည်းများကို တမင်ရောင်းချခြင်းမှာမူ ကိစ္စကြီးသွားပြီဖြစ်၏။ ရှီကျန့်ရှန်းတို့ဇနီးမောင်နှံမှာ ဘာမှဖြစ်မည်မဟုတ်သော်လည်း ရောင်းချသည့်သူမှာမူ ဒုက္ခရောက်တော့မည်။ ယခုခေတ်တွင် မှောင်ခိုကုန်ကူးခြင်းကို ခွင့်မပြုသော်လည်း အသေးစားလေးများမှာမူ ပြဿနာမရှိလှပေ။ တစ်ခါတစ်ရံတွင် အရေးပေါ်လိုအပ်ချက်များအတွက် မှောင်ခိုဈေးကွက်မှာ အသုံးဝင်နေတတ်သည်။

သို့သော် ယခုတစ်ကြိမ်မှာမူ မတူပေ။ ရှီကျန့်ရှန်း၏ ပြောပြချက်အရ ထိုသူမှာ ဆယ်နှစ်ကျော် လုပ်ကိုင်လာသူဖြစ်ပြီး အသားကိုလည်း အမြဲမပြတ် ရနိုင်သည်ဆိုခြင်းမှာ စဉ်းစားစရာ ဖြစ်နေ၏။သားသတ်ရုံနှင့် ပတ်သက်မှုရှိလျှင်ပင် ဤမျှ စွမ်းဆောင်နိုင်ရန် မလွယ်ကူပေ။

ထို့ပြင် အသားများမှာ မကုန်နိုင်ဘဲ ပုပ်သိုးသွားသည်အထိ ရှိနေခြင်းမှာ လုံးဝ ပုံမှန်မဟုတ်ပေ။ ယင်းမှာ သာမန် အသေးအဖွဲကိစ္စ မဟုတ်တော့ဘဲ အမှုကြီး ဖြစ်သွားလေပြီ..

မှောင်ခိုဈေးတွင် ကြက်ဥတစ်ခြင်းလောက် ရောင်းခြင်းကို မည်သူမှ လိုက်မစစ်သော်လည်း ဝက်အကောင်လိုက်ကြီးများကို တွင်တွင်ကျယ်ကျယ် လုပ်နေလျှင်မူ အခြေအနေ မဟန်တော့ပေ။ ရဲအရာရှိများသည် သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် အလုပ်ကို အမြန်ပင် စတင်ကြ၏။

တစ်ဖက်ကို လူရိပ်လူခြေ မပြမိစေရန် သတိထားရမည်။

ထို့ကြောင့် ခေါင်းဆောင်ဖြစ်သူသည် လူအချို့ကိုခေါ်၍ ဤနေရာတွင် ဆက်လက်စုံစမ်းနေပြီး လူအများသည်လည်း စပ်စုနေကြသဖြင့် သတင်းမှာ အပြင်သို့ ချက်ချင်း မရောက်နိုင်သေးပေ။ မဟုတ်လျှင် အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုသတင်းကို ရောင်းသူ ကြားသွားပါက ၎င်း၏ အသားနှပ်နှင့် ဆက်စပ်တွေးတောကာ ထွက်ပြေးသွားနိုင်၏။

ဤသို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်မှာပင် ရဲအရာရှိတစ်ဦး ရောက်လာပြီး ခေါင်းဆောင်ဖြစ်သူ၏ နားနားသို့ တိုးတိုးလေး ပြောလိုက်သည်။

"ရှီရှောင်ဝေပြန်ရောက်ပြီလား.."

"မရောက်သေးဘူး၊ အိမ်သာသွားနေတုန်းပဲ"

"ရဲဘော်ကြီး၊ ရှီရှောင်ဝေကို ဘာလို့ ရှာတာလဲ.."

အဘွားကြီးကျောက်မှာ တကယ့်ကို စပ်စုစိန်ကြီး ဖြစ်ပြီး အလုပ်လုပ်နေရင်းပင် စကားထဲ ဝင်ပါရန် မမေ့ပေ။ သူမသည် ဇလုံကို အိမ်ရှေ့သို့ ထုတ်ကာ ထိုင်အလုပ်လုပ်နေခြင်းမှာ မည်သည့်သတင်းကိုမျှ မလွတ်စေရန် ဖြစ်၏။

"ခင်များတို့အိမ်က တတိယမြောက်သားလည်း အဲ့ဒီမှာ ရှိနေသလား.. ကွန်တော်တို့ဆီကို လူထုက တိုင်ကြားစာ ရောက်လာတယ်။ ခင်များတို့သားက စာအုပ်ခိုးတယ်ဆိုပဲ"

ရဲအရာရှိ ရှီကျန့်ရှန်းဘက်သို့ လှည့်၍ ပြောလိုက်သည်။

ချန်ချင်းယွီလည်း လှမ်းကြည့်လိုက်မိ၏။

ဒီခေတ်ကာလမှာ ဘယ်နေရာမဆို သတိထားရမယ်လို့ ငါပြောသားပဲ..

နည်းနည်းလေးမှ ပေါ့ဆလို့ မရဘူး..

ရှီကျန့်ရှန်းမှာ ကြောင်သွားပြီးနောက် ချက်ချင်းပင် ငြင်းဆိုလေသည်။

"လျှောက်ပြောနေတာပဲ၊ ကျွန်မသားက မခိုးပါဘူး။ ဘာသက်သေရှိလို့လဲ.. ပြီးတော့ ဒီကလေးတွေက ဆော့ကစားနေကြတာပါ။ ဒါကို ဘယ်လိုလုပ် အတည်ယူလို့ရမှာလဲ.. သူတို့က စာအုပ်ခိုးတယ်ပြောတိုင်း ခိုးတာလား.. စာအုပ်ကရော ဘယ်မှာလဲ.."

အားလုံး ငြိမ်ကျသွားကြ၏။

အယ်... စာအုပ်က ဘယ်မှာလဲတဲ့လား..

စာအုပ်က ဘယ်မှာလဲဆိုတာ လူတိုင်း သိနေကြတာပဲလေ..

အိမ်သာကျင်းထဲမှာပေါ့..

ဒါပေမဲ့ ဘယ်သူကများ အိမ်သာကျင်းထဲ ဆင်းပြီး ဆယ်ရဲမှာလဲ..

ရှီကျန့်ရှန်းသည် အသာစီးရသွားသဖြင့် ဝင့်ကြွားသောလေသံဖြင့် ဆိုလေတော့သည်။

"အိမ်နီးချင်း အချင်းချင်းတွေပဲဟာ၊ ဘာလို့ သူများကောင်းစားမှာကို မနာလိုဖြစ်နေကြတာလဲ။ ရှောင်ဝေနဲ့ ရှောင်စန်းလေးက အမြဲတမ်း ခင်ကြတာပါ၊ ကလေးသဘာဝ ဆော့ကစားနေကြတာကို တကယ်ကြီး လိုက်ယုံနေတဲ့သူတွေကလည်း ရှိသေးတယ်"

"အဲ့ဒါက အကျင့်စာရိတ္တ ပျက်ပြားစေတဲ့ စာအုပ်လေ"

တစ်စုံတစ်ယောက်မှာ တိုးတိုးလေး ရေရွတ်လိုက်၏။

ရှီကျန့်ရှန်း ခါးထောက်ကာ ပြန်ရန်တွေ့လေသည်။

"ဘာက အကျင့်စာရိတ္တ ပျက်ပြားတာလဲ.. သက်သေရှိရင် ထုတ်ပြလေ.. သက်သေမရှိဘဲနဲ့ ဘာလို့ လျှောက်ပြောနေတာလဲ.."

တစ်ဝင်းလုံး ပြန်လည်တိတ်ဆိတ်သွားပြန်၏။

ဤအခြေအနေကို ကြည့်ပြီး ချန်ချင်းယွီသည် ရှီရှောင်ဝေ၏ ဖခင်ဖြစ်သူ ရှီရှန်း၏ ချက်ချာလှသည့် ဦးနှောက်ကို အံ့ဩနေမိတော့သည်။ ရှီရှန်းသည် ကြည့်ရသည်မှာ မိန်းမများကြားထဲတွင် အတင်းအဖျင်း လျှောက်ပြောနေတတ်သည့် လူစားမျိုးဟု ထင်ရသော်လည်း အမှန်တကယ် အရေးကြုံလာချိန်တွင် သူ၏တုံ့ပြန်မှုမှာ အလွန်ပင် လျှင်မြန်လှ၏။ သူ ဤကဲ့သို့ လုပ်ဆောင်လိုက်ခြင်းကြောင့် သက်သေဟူ၍ လုံးဝ မကျန်တော့ပေ။

ဘယ်သူကမှ အိမ်သာကျင်းထဲ ခုန်ဆင်းပြီး ရှာမှာမှ မဟုတ်တာ..

ရှာရင်ရော တွေ့ပါ့မလားဆိုတာက တစ်ပိုင်းပေါ့လေ..

လူတိုင်း ဝမ်းဗိုက်နာကျင်မှုကို မခံစားနိုင်ဖြစ်နေချိန်တွင် စာအုပ်ကို ဖြဲပြီး ဝေပေးလိုက်ခြင်းမှာ စေတနာကောင်းသည့်ပုံ ပေါက်နေသော်လည်း တကယ်တမ်း၌ သက်သေကို အစဖျောက်လိုက်ခြင်းသာ ဖြစ်သည်။

ဘယ်သူကများ ဒါကို မသင့်တော်တဲ့စာအုပ်လို့ ပြောရဲဦးမှာလဲ..

သက်သေမှ မရှိတော့တာ..

ချန်ချင်းယွီသည် ရှီရှန်းဆိုသည့် လူအပေါ် အမြင်သစ်တစ်ခု ရရှိသွားမိ၏။

လူတစ်ယောက်၏ အရေးပေါ်အခြေအနေတွင် တုံ့ပြန်ပုံကို ကြည့်ခြင်းဖြင့် ထိုသူသည် မည်မျှ ပါးနပ်သည်ကို သိနိုင်သည်။ ရှီရှန်းမှာ သူမ ထင်ထားသည်ထက် ပို၍ ပါးနပ်လှပေသည်။ အစ်မကြီးဖန်တစ်ယောက် ဤလူကို အဘယ်ကြောင့် အပြစ်မဆိုဘဲ အလိုလိုက် ကျွေးမွေးထားသလဲဆိုသည်မှာ မထူးဆန်းတော့ပေ။ ရှီရှန်းမှာ လူတစ်ယောက်ကို နားလှည့်ပါးရိုက် လုပ်နိုင်စွမ်း ရှိသည်မှာ သေချာ၏။

ယခုအချိန်တွင် ရှီရှန်း မရှိသော်လည်း သူသည် ထိုစာအုပ်ကို ရှင်းလင်းပေးခဲ့သဖြင့် ရှီကျန့်ရှန်းမှာ မည်သည်ကိုမျှ ကြောက်စရာမလိုဘဲ ရဲရဲတင်းတင်း ပြောဆိုနေနိုင်လေသည်။

ရဲအရာရှိများလည်း ဆက်လက်မမေးမြန်းတော့ပေ။ ထိုစာအုပ်မှာ "အိမ်သာသုံးစက္ကူ" အဖြစ် အသုံးတော်ခံသွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြပြီဖြစ်၏။ စာအုပ်တစ်အုပ်အတွက်နှင့် အိမ်သာကျင်းထဲ နှိုက်ရန်မှာလည်း မဖြစ်နိုင်ပေ။ သို့သော် ထိုကဲ့သို့သော ပစ္စည်းများ မည်သည့်နေရာမှ ရောက်လာသနည်းဆိုသည်ကိုမူ မေးမြန်းရန် လိုအပ်ပေသည်။

ထိုအချက်မှာ ရှီရှောင်ဝေကို မေးမှသာ သိနိုင်မည်ဖြစ်၏။

ရဲများ ရောက်နေသည်ဟူသော သတင်းကြောင့် ဖြစ်နိုင်လေသည်။ မည်သူ သတင်းပေးလိုက်သည်မသိ၊ အမျိုးသားများမှာ တစ်ဦးပြီးတစ်ဦး ဝင်းထဲသို့ ပြန်လည်ရောက်ရှိလာကြ၏။

"ဟေ့... နေပါဦး။ ဟိုလူတွေကော.. ရွှီကောင်းမင် နဲ့ ကျန်းရှင်းဖှ သားအဖတွေကော.. ဘာလဲ... အိမ်သာထဲကနေ မထွက်ချင်ကြတော့ဘူးလား.. ဒီလိုကိစ္စတွေက ရှောင်လို့ရတာမှ မဟုတ်တာ။ ဘယ်သူကမှ မသိဘူးများ အောက်မေ့နေလား၊ တစ်ကိုယ်လုံး မစင်တွေနဲ့ဆိုတာ လူတိုင်း သိနေတာပဲကို"

"အဘွားကြီးကျောက် ညည်းလည်း စကားကို ဘယ်လိုပြောနေတာလဲ"

ရှီကျန့်ရှန်း မကျေမနပ် ပြန်ပြောလိုက်၏။

"နင်ကိုယ်တိုင် အိမ်သာသွားကြည့်လေ၊ ဘာလဲ... ငါက လိမ်ပြောနေတယ်ထင်လို့လား.. ဘယ်သူ့ကိုမဆို မေးကြည့်လိုက်၊ အားလုံး သိနေကြတာပဲ"

ရှီကျန့်ရှန်းမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေ၏။

ဒီပွဲကတော့ တကယ့်ကို ကံဆိုးမိုးမှောင်ကျတဲ့ ပွဲပဲ..

ရှီကျန့်ရှန်းသည် သူမတို့မိသားစုကို ပွဲကျင်းပအောင် ကောလာဟလဖြန့်ပြီး ကောက်ကျစ်ခဲ့သူကို ပို၍ပင် နာကျည်းနေမိသည်။ သူမမှာ တကယ့်ကို နစ်နာခဲ့ရ၏။

"ဒေါ်လေးရှီ... ဒေါ်လေးရှီ... ဦးလေးရွှီက သူ့ကို ဆေးဖို့ ရေနှစ်ပုံးလောက် ယူလာပေးပါဦးတဲ့.."

ထိုအချိန်တွင် အဒေါ်ကြီးမေ့၏ သားဖြစ်သူ ပြေးဝင်လာပြီး သတင်းပေးလေသည်။

"အမ်.."

အဘွားကြီးကျောက်: "တွေ့လား၊ ငါပြောသားပဲ။ တစ်ကိုယ်လုံး ပေပွနေလို့ ပြန်မလာရဲတာပါဆို..."

"နင် ပါးစပ်ပိတ်ထားလိုက်စမ်း.."

ရှီကျန့်ရှန်း အော်ဟစ်လိုက်ပြီးနောက် မိမိကိုယ်တိုင်လည်း မအီမသာ ဖြစ်နေသည့်ကြားမှ ရေပုံးများကို အလျင်အမြန် ပြင်ဆင်ကာ အပြင်သို့ သုတ်ခြေတင် ထွက်သွားတော့သည်။

"တကယ့်ပဲ၊ အမှန်တရားဆိုတာ အမြဲတမ်း နားခါးတတ်တာမျိုးပါပဲ"

အဘွားကြီးကျောက်မှာ ခပ်အေးအေးပင် ဆိုလေသည်။

ရဲအရာရှိများမှာမူ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဆွံ့အလျက်ပင်...

"..."

အမှန်အတိုင်းပြောရလျှင် ရဲအရာရှိများသည် အဘွားကြီးကျောက် အဘယ်ကြောင့် လူချစ်လူခင် နည်းပါးရသနည်းဆိုသည်ကို အတန်ငယ် နားလည်သွားကြပြီဖြစ်သည်။ ဤနယ်မြေရှိ ရဲစခန်းဖြစ်သည့်အားလျော်စွာ သူတို့သည် အဘွားကြီးကျောက်၏ ကျော်ကြားလှသော ဂုဏ်သတင်းကို အနည်းနှင့်အများ ကြားဖူးနားဝ ရှိကြသော်လည်း၊ အစပိုင်းတွင် လူနှင့်မတွဲမိခဲ့ကြပေ။ ယခုမူ ချက်ချင်းပင် တစ်ထပ်တည်း ကျသွားလေ၏။

ဒါကတော့ တခြားလူတွေကို အပြစ်တင်လို့ မရဘူးပဲ..

ခင်များကို မုန်းကြတာ မဆန်းပါဘူး။ ဒီပါးစပ်ကြီးကလည်း တကယ့်ကို အတင်းအဖျင်းတွေနဲ့ တတွတ်တွတ်ကို မြည်နေတာပဲ..

"ချွေးမရေ... ခဏနေရင် ဒါတွေကို အပြင်က လေလွင့်ကြောင်တွေအတွက် သွားကျွေးလိုက်ဦး။ ပြောရဦးမယ်၊ ငါတို့အိမ်ရှေ့မှာ လေလွင့်ကြောင်တွေ အမြဲတမ်း လာဝဲနေကတည်းက တစ်ရပ်ကွက်လုံးမှာ ကြွက်တွေ နည်းသွားတာ။ ဒါတွေက ငါ့အိမ်ရဲ့ ကျေးဇူးတွေချည်းပဲ"

သူမမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်ကာ ကြွားလုံးထုတ်နေသော်လည်း အခြားသူများမှာ မမြင်ချင်ယောင်ဆောင်ကာ လုံးဝပင် အဖတ်မလုပ်ကြပေ။

အဘွားကြီးကျောက်သည် တတွတ်တွတ် ပြောဆိုပြီးနောက် ငါးဆားနယ်နှပ်များကို ငါးမျှားကြိုးဖြင့် သီကာ အိမ်ခေါင်မိုးအောက်တွင် ချိတ်ဆွဲလိုက်ပြီး အလွန်ပင် ကျေနပ်အားရနေလေသည်။

"ငါ့ရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့အိမ်ကတော့ တစ်နေ့ထက်တစ်နေ့ တိုးတက်နေတာပဲ"

ချန်ချင်းယွီ: "ဟုတ်ကဲ့ပါ၊ အမေ့ကျေးဇူးတွေကြောင့်ပါ"

သူမ၏ အသံမှာ အလွန်ပင် နူးညံ့သိမ်မွေ့လှ၏။

အဘွားကြီးကျောက် "..."

အတုအယောင်တွေ၊ ညည်းကတော့ တကယ့်ကို မျက်နှာနှစ်မျိုးနဲ့ လူစားပဲ..

သို့သော် အခြားသူများမှာ ဘာမျှ ထူးဆန်းသည့်အမူအရာ မပြကြသည်ကို ကြည့်ပြီး သူမ ထပ်မံ၍ သက်ပြင်းချမိပြန်သည်။

ဒီလောကမှာ လူတိုင်းက ငါ့လို ပါးနပ်ကြတာ မဟုတ်ဘူးပဲ၊ တခြားသူရဲ့ ဟန်ဆောင်မှုကို ဖောက်ထွင်းမြင်နိုင်ဖို့ဆိုတာ ငါ့လိုလူမျိုးမှ ဖြစ်မှာ..

သို့သော်လည်း အဘွားကြီးကျောက်သည် ချန်ချင်းယွီကို အာရုံစိုက်ရန် အချိန်မရှိပေ။ အလုပ်ပြီး၍ လက်ဆေးပြီးသည်နှင့် ချက်ချင်းပင် အပြင်သို့ သုတ်ခြေတင် ထွက်သွားတော့သည်။

"ငါ ဟိုလူတွေကို သွားကြည့်ဦးမယ်"

ထိုလူများ အိမ်သာထဲတွင် မည်မျှအထိ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြသနည်းဆိုသည်ကို သူမ အလွန်ပင် မြင်ချင်နေမိသည်။ ရွံစရာကောင်းမည်မှန်း သိသော်လည်း... ကြည့်ချင်သည်..

မည်သို့ပင်ဆိုစေကာမူ မိမိနှင့် မတည့်သောသူများ ဒုက္ခရောက်နေသည်ကို မည်သူက မကြည့်ချင်ဘဲ နေမည်နည်း။

အဘွားကြီးကျောက်သည် အားတက်သရော ပြေးထွက်သွားရာ ဦးဆုံးမြင်လိုက်ရသည်မှာ ရွှီကောင်းမင် ဖြစ်သည်။ သူသည် အပြင်ဘောင်းဘီကို ချွတ်ထားပြီး မီးခိုးရောင် အတွင်းခံဘောင်းဘီရှည်ကိုသာ ဝတ်ထားကာ ခေါင်းကို ဆပ်ပြာဖြင့် ဆေးနေ၏။ အဘွားကြီးကျောက် အနီးကပ် မမြင်ရသော်လည်း ဆေးချလိုက်သော ရေများမှာ ဝါကျင်ကျင်အရောင် သန်းနေသည်ကို မြင်လိုက်ရသောအခါ "ဟား.." ဟု အာမေဍိတ်သံ ထွက်သွားရ၏။

ရှီကျန့်ရှန်းမှာ ရေမလောက်သဖြင့် သားများကို စေခိုင်းလိုက်သည်။

"သားကြီး၊ သားလတ်... အိမ်ပြန်ပြီး ရေပုံးတွေ သွားငှားပြီး ရေများများ သယ်လာခဲ့ကြစမ်း"

ရွှီမိသားစုမှ သားများမှာ ခေါင်းညိတ်၍ လက်ခံလိုက်ကြ၏။

သို့သော် သားလတ်ဇနီးမှာ

"အမေ၊ ဒီလောက် ညစ်ပတ်နေတာကို တခြားသူတွေက ငှားချင်ပါ့မလား"

ရှီကျန့်ရှန်း သားလတ်ဇနီးကို ချက်ချင်းပင် မျက်စောင်းထိုးလိုက်သည်။ ဤချွေးမမှာ တကယ့်ကို အမြင်ကတ်စရာ ကောင်းလှသည်ဟု သူမ ထင်နေမိ၏။

"ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးချင်းက ပိုအားကိုးရတယ်ဆိုတာ မသိဘူးလား.. ရေပုံးငှားတာ ဘာဖြစ်မှာလဲ.. ပြန်မပေးဘဲ နေမှာမှ မဟုတ်တာ"

ထိုသို့ ပြောဆိုလိုက်သော်လည်း ရှီကျန့်ရှန်းမှာ စိတ်မချသဖြင့် ဘေးတွင် စပ်စုနေသော အဒေါ်ကြီးများကို ကြည့်ကာ "ကူညီကြပါဦး..." ဟု အကူအညီတောင်းလိုက်၏။

စကားမဆုံးမီမှာပင် အဘွားကြီးကျောက် လက်ကာပြကာ ဖြတ်ပြောလိုက်လေသည်။

"မငှားနိုင်ဘူး၊ မငှားနိုင်ဘူး။ ငါ့အိမ်မှာ ရေပုံးနှစ်ပုံးပဲ ရှိတာ၊ တစ်ပုံးက ရေခပ်ဖို့၊ နောက်တစ်ပုံးက ငါးထည့်ဖို့ပဲ၊ ငှားလို့မရဘူး"

သူမမှာ အားနာခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ငြင်းလိုက်၏။

"နင်တို့ ဆေးနေတာတွေက မစင်တွေချည်းပဲလေ၊ ငှားပေးလိုက်ရင် ငါတို့က ဘယ်လို ပြန်သုံးတော့မှာလဲ။ နင်တို့ အဆင်ပြေဖို့အတွက်နဲ့ အိမ်နီးချင်းတွေကို လာပြီး ဒုက္ခမပေးနဲ့လေ"

ရှီကျန့်ရှန်းမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြန်သည်။ သူမသည် အဘွားကြီးကျောက်ကို တကယ်ကို မယှဉ်နိုင်၍ အောင့်နေရ၏။

မဟုတ်ရင်တော့ ဒီအဘွားကြီးကို ကန်သတ်လိုက်ချင်တာပဲ၊ တကယ့်ကို ကိုယ်ချင်းစာတရား မရှိတဲ့လူ..

အဘွားကြီးကျောက်မှာ ရှီကျန့်ရှန်း ဘာတွေးနေသည်ကို ဂရုမစိုက်ပေ။ အကယ်၍ သိလျှင်ပင် "မရှိဘူး၊ ဟုတ်တယ် ငါက တကယ်ကို ကိုယ်ချင်းစာတရား မရှိတာ" ဟုသာ ပြန်ပြောပေလိမ့်မည်။

"တခြားလူတွေကိုပဲ သွားမေးကြည့်လိုက်ကြတော့"

"သိပါပြီ"

အဘွားကြီးကျောက် ထပ်မံ၍ တတွတ်တွတ် ပြောပြန်သည်။

"ရွှီကောင်းမင်... သေသေချာချာ ဆေးနော်၊ မဟုတ်ရင် ဘယ်သူမှ နင့်အနား မကပ်ရဲဘဲ နေဦးမယ်။ အေး... ဟုတ်သားပဲ၊ ကျန်းမိသားစု သားအဖတွေကော.. အိမ်သာထဲမှာပဲ ရှိနေတုန်းလား.. သူတို့ကလည်း တော်တော်လေး အောင့်ထားနိုင်တာပဲ"

အိမ်နီးချင်းတစ်ဦးမှာ တိုးတိုးလေး ပြောပြ၏။

"သူတို့က သွားပြီလေ၊ ရေချိုးလို့ရမယ့် တစ်နေရာရာကို သွားရှာမယ်ဆိုလားပဲ။ အမလေး... အဒေါ်ကြီးရယ်၊ ဘယ်လောက်တောင် ရွံစရာကောင်းသလဲ မမေးနဲ့တော့"

အဘွားကြီးကျောက်: "မြန်မြန်ပြောပြစမ်းပါဦး၊ ဘယ်လောက်တောင် ရွံစရာကောင်းသလဲဆိုတာ။ ခေါင်းပေါ်မှာတောင် မစင်တွေ တင်နေလို့လား.."

အိမ်နီးချင်းအဒေါ်ကြီး: "..."

နင့်အကြိုက်ကလည်း တော်တော်လေးကို ဆန်းကြယ်တာပဲ..

သူမ အမြန်ပင် ရှင်းပြလိုက်၏။

"အဲ့ဒီလောက်ထိတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သိပ်တော့ မကွာပါဘူး။ အမလေး... တကယ့်ပဲ..."

တတွတ်တွတ်နှင့် အဒေါ်ကြီးများအကြား အတင်းအဖျင်း ပြောဆိုနေကြရာ၊ အဘွားကြီးကျောက်မှာမူ ရွံလည်းရွံ၊ စိတ်ထဲတွင်လည်း အလွန်ပင် ကျေနပ်နေလေသည်။

သူမ စကားပြော၍ ကောင်းနေစဉ်မှာပင် ရှီရှောင်ဝေကို လှမ်းမြင်လိုက်သဖြင့် ချက်ချင်းပင် အော်ခေါ်လိုက်၏။

"ရှောင်ဝေ... နင် ပြန်လာပြီလား။ အစောနက ရဲတွေ နင့်ကို မေးနေတယ်နော်"

ရှောင်ဝေသည် ထိတ်လန့်တကြားဖြင့် လှည့်၍ ထွက်ပြေးရန် ပြင်လေသည်။

အဘွားကြီးကျောက်: "........"

ဒီကလေး ဘာဖြစ်တာလဲ၊ ဘာလို့ ထွက်ပြေးတာလဲ.. ဘာမကောင်းတာတွေ လုပ်ထားလို့လဲ..

ရှီရှန်း သားဖြစ်သူကို ဆွဲလိုက်ပြီး

"မင်း ဘာလုပ်တာလဲ၊ ဘာလို့ ပြေးတာလဲ.. လာ... အိမ်ထဲဝင်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်စမ်း။ ငါသင်ပေးထားတဲ့အတိုင်း ပြော၊ ဘာမှမဖြစ်စေရဘူး"

ယခုအချိန်တွင် ရှောင်ဝေမှာ ထိပ်လန့်ခြင်း မရှိတော့ပေ။

သူသည် ဝမ်းလျှောလွန်းသဖြင့် ခြေကုန်လက်ပန်း ကျနေသည့်အပြင် ဖခင်ဖြစ်သူ၏ ဆုံးမမှုကိုလည်း ခံယူထားပြီးဖြစ်သဖြင့် အတန်ငယ် သတိဝင်လာပြီဖြစ်သည်။

ရှောင်ဝေ ဝင်းထဲသို့ ဝင်သွားသောအခါ အဘွားကြီးကျောက်သည်လည်း နောက်မှ ထပ်၍ လိုက်သွားပြန်၏။ ဟုတ်ပါသည်၊ နောက်တစ်ကြိမ် ထပ်လိုက်သွားခြင်း ဖြစ်၏..

သူမသည် ဤသို့သော လူစားမျိုးပင်။ မိမိနှင့် ဘာမှမဆိုင်လျှင်ပင် နေရာတကာ ပါဝင်ပတ်သက်ရန် အလွန်ပင် အလုပ်ရှုပ်နေတတ်၏။

မည်သည့်သတင်းကိုမျှ လွတ်မသွားစေရန် တကယ့်ကို ကြိုးစားလွန်းလှသည်။

ရှီကျန့်ရှန်းတံတွေးတစ်ချက် ထွေးလိုက်ကာ ကျိန်ဆဲလိုက်၏။

"တကယ့်ကို အိုစနာမကြီးပဲ၊ နေရာတကာ ပါဝင်ချင်နေလိုက်တာ။ သူနဲ့ ဘာဆိုင်လို့လဲ။ ဒီလောက် ဝင့်ကြွားနေတာ၊ ဘာလို့ အဲ့ဒီအသားကို စားပြီး မသေသွားတာပါလိမ့်။ ဒီလိုဖြစ်မှန်းသိရင် အဲ့ဒီအသားကို သူ့မျက်စိရှေ့မှာ ချထားပေးလိုက်ပါတယ်"

ရွှီကောင်းမင်မှာ ယနေ့တွင် လူပုံအလယ်၌ အရှက်တကွဲ ဖြစ်ခဲ့ရသဖြင့် မျက်နှာပျက်ကာ စကားတစ်လုံးမျှပင် မပြောလိုတော့ပေ။

သူ ရွှီကောင်းမင်တစ်ယောက် ဘဝတစ်လျှောက်လုံး ဂုဏ်သိက္ခာနှင့် နေလာခဲ့သော်လည်း ယခုကဲ့သို့သော အရှက်ရစရာမျိုး မည်သည့်အခါမျှ မကြုံဖူးခဲ့ပေ။ ယခုအချိန်တွင် သူသည် ကျန်းမိသားစု သားအဖကို အလွန်ပင် နာကျည်းနေမိသည်။

မင်းတို့ စောင့်နေလိုက်ကြပါ..

တစ်နေ့ ငါခံစားခဲ့ရတဲ့ အရှက်တရားအတွက် မင်းတို့ကို ကောင်းကောင်းကြီး ကလဲ့စားချေ အရေးယူပစ်မယ်..

သူ့ဘဝတွင် ဤကဲ့သို့သော ကိစ္စမျိုး မည်သည့်အခါမျှ မကြုံဖူးကာ တစ်လမ်းလုံး သိသွားကြခြင်းမှာ သူ၏ သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့၏။ သူ တိတ်ိတ်လေး အငြိုးထား တေးထားလေသည်။

ရွှီကောင်းမင်သည် တစ်ကိုယ်လုံး အေးစိမ့်ကာ ဖိအားများဖြင့် လွှမ်းမိုးနေလေ၏။ ရှီကျန့်ရှန်း ခေတ္တမျှ ဆဲဆိုပြီးနောက် ရွှီကောင်းမင်၏ မကျေမနပ်ဖြစ်မှုကို သတိထားမိသွားကာ နှစ်သိမ့်ပေးလိုက်သည်။

"အဘိုးကြီးရယ်... သိပ်ပြီး စိတ်မကောင်းမဖြစ်ပါနဲ့။ ဒါက မတော်တဆဖြစ်ရပ်တစ်ခုပဲလေ၊ ကျွန်မတို့လည်း ဒီလိုဖြစ်မယ်လို့မှ မရည်ရွယ်တာ"

ရွှီကောင်းမင် ရှီကျန့်ရှန်းကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။ အကယ်၍ ရှီကျန့်ရှန်းသာ ပုပ်သိုးနေသော အသားများကို မဝယ်ခဲ့ပါက သူ ဤမျှအထိ အရှက်ရစရာ အကြောင်းမရှိပေ။

သူ့စိတ်ထဲတွင်မူ ဤမိန်းမကို အသားကုန် ရိုက်နှက်ပစ်ချင်သည့်စိတ်များ တဖွားဖွား ပေါ်နေတော့၏။

သို့သော်လည်း လူပုံအလယ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်ရန်မှာ မဖြစ်နိုင်ပေ။

ရွှီကောင်းမင် အလွန် ဒေါသထွက်နေသည့် အမူအရာပြနေသဖြင့် ရှီကျန့်ရှန်းလည်း ဆက်၍ စကားမပြောရဲတော့ပေ။

ရွှီကောင်းမင်သည်လည်း သူ၏ အမူအရာကို ထိန်းချုပ်မထားတော့ချေ။ သူ ဟန်မဆောင်နိုင်တော့ခြင်းကြောင့် မဟုတ်ဘဲ သူ့ကို အာရုံစိုက်နေသူ သိပ်မရှိတော့၍ပင်။ မည်သို့ပင်ဆိုစေကာမူ ဤကိစ္စမှာ အနည်းငယ် ရွံစရာကောင်းလှသဖြင့် လူတိုင်း တစ်ချက်ကြည့်ပြီး ရှောင်ဖယ်သွားကြကာ ယခုအခါ ဝင်းတံခါးဝတွင်သာ စုရုံးနေကြသည်။

ရှီရှောင်ဝေသည် ရဲများ၏ ခေါ်ယူမေးမြန်းခြင်းကို ခံရသောအခါ ထစ်ထစ်ငေါ့ငေါ့ဖြင့် ငြင်းဆိုနေ၏။

"အဲ့ဒါက... အဲ့ဒါက သာမန်စာအုပ်ပါ၊ အကျင့်စာရိတ္တ ပျက်ပြားစေတဲ့စာအုပ် မဟုတ်ပါဘူး၊ မ... မဟုတ်ပါဘူး"

သူသည် အသေအလဲ ငြင်းဆိုနေကာ

"ဒါက ကျွန်တော် တောင်ပေါ်မှာ ကောက်ရတဲ့ ရုပ်ပြစာအုပ်လေး တစ်အုပ်ပါ၊ ဘယ်သူက မသင့်တော်ဘူးလို့ ပြောသလဲ၊ ဒါ တကယ်ကို အကြီးအကျယ် အထင်မှားတာပဲ"

ရဲအရာရှိများမှာ သူ အမှန်အတိုင်း မပြောသည်ကို သိသော်လည်း ထိုကိစ္စကို ဇွတ်မမေးဘဲ စာအုပ်၏ အရင်းအမြစ်ကိုသာ တိတိကျကျ မေးမြန်းကြသည်။ ဤအချက်ကိုမူ ရှောင်ဝေ မဖုံးကွယ်ရဲပေ။ ဖခင်ဖြစ်သူသည်လည်း အရင်းအမြစ်ကို အမှန်အတိုင်းပြောရန် မှာကြားထားသဖြင့် သူ နားထောင်လိုက်၏။

ယခုအချိန်တွင် သူ၏ဦးနှောက်မှာ အတန်ငယ် ကြည်လင်လာပြီဖြစ်ရာ ဤစာအုပ်အကြောင်းကို လျှောက်ပြော၍ မရမှန်း သိလိုက်ပြီဖြစ်သည်။

ရှောင်ဝေသည်လည်း မိမိကိုယ်မိမိ အပြစ်တင်နေမိ၏။

အစောတုန်းက ဘာလို့များ ဒီလောက် သတ္တိတွေ ကောင်းနေခဲ့ပါလိမ့်၊ အရက်ကတော့ တကယ်ကို ဒုက္ခပေးတာပဲ....

ရဲအရာရှိများလည်း မထင်မှတ်ထားမိပေ။ မူလ၌ အစာအဆိပ်သင့်မှုအတွက် လာခဲ့ခြင်းဖြစ်သော်လည်း ယခုမူ မှောင်ခိုကုန်ကူးမှု၊ မသင့်တော်သောစာအုပ်များ စသည့် အမှုများစွာ ထွက်ပေါ်လာလေ၏။

တကယ့်ကို အလုပ်ရှုပ်စရာတွေချည်းပဲ....

ထို့ပြင် သတင်းစပ်စုရန် ဟိုပြေးဒီလွှား လုပ်နေသော အဘွားကြီးတစ်ယောက်လည်း ရှိသေးရာ၊ သူမ၏ လှုပ်ရှားမှုများကို ကြည့်ရင်း ရဲများပင် မျက်စိလည်မတတ် ဖြစ်နေရသည်။

"ဝူး... ဝူး... ဝူးဝူး"

မကြာမီမှာပင် အပြင်ဘက်မှ ငိုသံတစ်ခု ထပ်မံထွက်ပေါ်လာရာ အဘွားကြီးကျောက်မှာ ဝှစ်ခနဲ ပြေးထွက်သွားပြန်၏။

ချန်ချင်းယွီ: "..."

အင်း.. ဒီအဘွားကြီးကတော့ ပန်းဝတ်ရည်စုပ်နေတဲ့ ပျားပိတုန်းလေးတွေလို ဟိုကူးဒီသန်းနဲ့ လုပ်နေတော့တာပဲ..

ချန်ချင်းယွီသည် ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ အဝတ်များကို လှန်းပြီးနောက် စပ်စုချင်စိတ်ဖြင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ၊ ငိုယိုကာ ပြန်လာသူမှာ အခြားသူမဟုတ်ဘဲ အဘွားကြီးဝမ် ဖြစ်နေသည်။

ဝမ်မေ့လန်မှာ ယောက္ခမဖြစ်သူ အဘွားကြီးဝမ်ကို တွဲ၍ ပြန်လာခြင်းဖြစ်ပြီး အဘွားကြီးဝမ်မှာ လမ်းတစ်လျှောက်လုံး ငိုယိုလာခဲ့၏။ အဘွားကြီးကျောက်မှာ သိချင်စိတ်အဟုန်ဖြင့် စပ်စုလေတော့သည်။

"ဒါက ဘာဖြစ်ပြန်တာလဲ.."

"ဝူး... ဟီး... ငါ ဝမ်းပိတ်ဆေးနဲ့ မတည့်ဘူးတဲ့ (ဓာတ်မတည့်)၊ ဆရာဝန်က ငါ့ကို အောင့်ခံထားပါဦးတဲ့။ အောင်မယ်လေး... ဒီကမ္ဘာပေါ်မှာ ဝမ်းပိတ်ဆေးနဲ့ ဓာတ်မတည့်တဲ့သူ ရှိတယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးပါဘူး၊ နတ်ဘုရားက ငါ့ကို နှိပ်စက်နေတာပဲ"

သူမသည် မိမိကိုယ်မိမိ အလွန်ပင် သနားစရာကောင်းသည်ဟု ထင်နေမိသည်။

မိမိထက် ပို၍ ဒုက္ခရောက်သောသူ မရှိတော့ဟု ခံစားနေရ၏။

"ဟယ်... ဒီလိုမျိုးလည်း ရှိသေးတာလား.."

"ဟုတ်ပ.."

အဘွားကြီးဝမ်မှာ တကယ့်ကို နာကျင်ခံရခက် ဖြစ်နေရှာ၏။ သူမသည် ဤကဲ့သို့ ဆင်းရဲဒုက္ခ မကြုံဖူးသဖြင့် ယခုအခါ အားအင်များပင် မရှိတော့ပေ။

ဝမ်မေ့လန်: "အမေ... အိမ်ပြန်ပြီး ခဏလောက် လှဲနေလိုက်ပါ၊ ကျွန်မ ဆားရည်လေး ဖျော်တိုက်မယ်၊ ဖြည်းဖြည်းချင်း သက်သာသွားမှာပါ"

"နင် ငါ့နားက ထွက်သွားစမ်း.. ငါ ဒီလောက် ဒုက္ခရောက်နေတာကို နင်က ဂရုမစိုက်ဘူး။ နင်တို့ဝင်းထဲမှာ ပွဲလာမစားရင် ငါ အခုလို ဖြစ်ပါ့မလား.."

ဤသို့ ပြောရင်းနှင့် သူမသည် အပြစ်ရှိသူကို တွေ့သွားရာ၊ ကိစ္စအားလုံးရွှီမိသားစု၏ အမှားတွေ ဟု တွေးလိုက်မိသည်။

အဘွားကြီးဝမ်သည် ရုတ်တရက် ပြေးထွက်သွားကာ ရေပုံးကို ခြေထောက်ဖြင့် ကန်မှောက်လိုက်ပြီး ဆဲဆိုလေတော့၏။

"နင်တို့ လင်မယားနှစ်ယောက်က တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ သူတွေပဲ.. အိမ်နီးချင်းတွေကို ဒီလို ဒုက္ခပေးတာ တကယ်ကို ကိုယ်ချင်းစာတရား မရှိတာပဲ။ လမ်းတစ်လျှောက်လုံး ငါစဉ်းစားလာတာ၊ နင်တို့လို လူလည်တွေက စေတနာအမှန်နဲ့ ကျွေးမွေးပါ့မလားလို့။ တကယ်ပဲ မကောင်းတဲ့ စိတ်ထားတွေနဲ့ လုပ်ခဲ့တာကိုး.. တောက်... နင်တို့ကို မိုးကြိုးပစ်ပါစေဦး.."

ဆဲဆိုပြီးနောက် သူမသည် ဝင့်ကြွားသော အမူအရာဖြင့် ထွက်ခွါသွား၏။

ရွှီကောင်းမင် ဇနီးမောင်နှံမှာ ဒေါသထွက်လွန်း၍ ဆွံ့အကာ ကျန်ရစ်ခဲ့ရသည်။

အလွန်အမင်း ဒေါသထွက်နေကြသော်လည်း ဘာမျှ မတတ်နိုင်ကြပေ။

"ကျွတ်ကျွတ်"

အဘွားကြီးကျောက်သည် ကျွစ်စုပ်သပ်လိုက်မိ၏။ ယခုအခါ သူမသည် မိမိကိုယ်ကို ဝင်းထဲတွင် အမွှေးအကြိုင်ဆုံး အမျိုးသမီးတစ်ဦး ဖြစ်နေသည်ဟု ထင်နေမိသည်။ အခြားသူများအားလုံး အိမ်သာထဲတွင် အခြေချနေရချိန်၌ သူမတစ်ဦးတည်းသာ တစ်ကြိမ်မျှ မသွားရသေးခြင်း ဖြစ်၏။ ချန်ချင်းယွီမှာ အနှီအဘွားကြီး ဤသို့ ဆက်လက်၍ ဟိုဟိုဒီဒီ စပ်စုနေပါက တစ်ဦးတစ်ယောက်မှ သူမကို ဂုံနီအိတ်နှင့်စွပ်ကာ ရိုက်သွားတော့မည်ဟု တွေးနေမိသည်။ သူမ၏ အမူအရာမှာ တကယ့်ကို အမြင်ကတ်စရာ ကောင်းနေလေ၏။

သို့သော် ချန်ချင်းယွီ သိပ်ပြီး မစိုးရိမ်ပေ။ အဘွားကြီးကျောက်မှာလည်း လူညံ့တစ်ယောက် မဟုတ်သည်မှာ သေချာသည်။ အကယ်၍ ဂုံနီအိတ်နှင့် စွပ်ခံရလျှင်ပင် ဘယ်သူက ဘယ်သူ့ကို ပြန်နှိပ်စက်မည်ကို မပြောနိုင်ပေ။

ထို့ပြင် သူမထက် ပို၍ အမုန်းပွားစရာကောင်းသော ရွှီကောင်းမင် ဇနီးမောင်နှံလည်း ရှိနေသေးသည်။ ဝင်းထဲမှ လူတိုင်း၏ မျက်နှာမှာ ဝါဖျော့နေကာ ခြေထောက်များ တုန်ယင်နေသည်ကို ကြည့်ခြင်းဖြင့် ၎င်းတို့ အိမ်သာတက်ရသည်မှာ မည်မျှ ပင်ပန်းဆင်းရဲနေသည်ကို သိနိုင်၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် လူတိုင်း ဝမ်းလျှောနေကြသော်လည်း ဝင်းထဲတွင်မူ အနံ့အသက် သိပ်မရှိလှပေ။

"ခေါင်းဆောင်.."

ထိုစဉ် ရဲအရာရှိနှစ်ဦး အလျင်အမြန် ထပ်မံရောက်ရှိလာကြသည်။ ၎င်းတို့သည် လူအုပ်ကြားမှ တိုးဝှေ့ကာ ဝင်းထဲသို့ ဝင်လာကြ၍ ချန်ချင်းယွီသည်လည်း အခြေအနေကို မြင်ရစေရန် ခြေဖျားထောက်၍ လှမ်းကြည့်လိုက်မိသည်။ သူမ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ မကျေနပ်ချက်တစ်ခု ရှိသည်ဆိုလျှင် ယခုဘဝတွင် အရပ်မှာ ၁.၆ မီတာသာ ရှိပြီး ယခင်ဘဝ၌ ၁.၇ မီတာအထိ မြင့်ခဲ့သည်ကို မမီခြင်းပင် ဖြစ်၏။

အရင်တုန်းကဆိုရင် ငါ ဘယ်တုန်းက ခြေဖျားထောက်ပြီး ချောင်းကြည့်ခဲ့ဖူးလို့လဲ..

သူမ "ချောင်းကြည့်" ရန် ကိုယ်ကို ကိုင်းလိုက်ရုံရှိသေး၊ ရဲအရာရှိမှာ စတင်ပြောကြားလေတော့သည်။

"ဒီနေ့ နေ့လယ်စာအတွက် ဓာတ်ခွဲခန်း စစ်ဆေးချက် ရလဒ်တွေ ထွက်လာပါပြီ။ တခြားအစားအသောက်တွေကတော့ ဘာမှမဖြစ်ပေမဲ့ နှပ်ထားတဲ့အသားကတော့ ပြဿနာရှိနေပါတယ်။ အဲ့ဒီအသားက ပုပ်သိုးနေတာပါ၊ ဘက်တီးရီးယား ပါဝင်မှုနှုန်းက အရမ်းမြင့်မားနေတယ်။ ပြီးတော့ ဒီအသားက သေနေတဲ့ဝက်သား ဖြစ်ဖို့များတယ်၊ အပြင်မှာ ပစ်ထားတာ ကြာလှပြီ။ အနံ့ပျောက်အောင် ငရုတ်ကောင်းနဲ့ နာနတ်ပွင့်တွေ သုံးပြီး ဖုံးကွယ်ထားပေမဲ့ တကယ်တမ်းမှာတော့ အသားက ပုပ်နေတာ ကြာလှပါပြီ။ ခင်များတို့ ဝမ်းလျှောရုံပဲ ဖြစ်တာ ကံကောင်းတယ်လို့ မှတ်ပါ၊ ဒီလို အစာအဆိပ်သင့်မှုမျိုးက အန်တာရော၊ ဝမ်းလျှောတာရော ပြင်းပြင်းထန်ထန် ဖြစ်တတ်တာ။ ဝမ်းလျှောရုံတင်က အပျော့ဆုံး လက္ခဏာပဲ။ တကယ်လို့ ဝမ်းလျှောတာ မရပ်ဘူးဆိုရင်တော့ ဆေးရုံသွားပြီး ပုလင်းချိတ်ရပါလိမ့်မယ်။ ကိစ္စအသေးအဖွဲကနေ အမှုကြီး မဖြစ်ပါစေနဲ့။"

တစ်ဝင်းလုံး တိတ်ဆိတ်သွားကြ၏။

မကြာမီမှာပင် လူအများ၏ ဒေါသတကြီး ပြောဆိုသံများဖြင့် ဆူညံသွားသည်။

စားဖိုမှူးချန်မှာ ထိုကောက်ချက်ကို ကြားရသောအခါမှ သက်ပြင်းချနိုင်သွား၏။ အနည်းဆုံး ဤကိစ္စသည် သူ့လက်ရာကြောင့် မဟုတ်ပေ၊ မဟုတ်လျှင် အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးသွားပေလိမ့်မည်။ သို့သော်လည်း အလကားသက်သက် အလုပ်ပန်းခဲ့ရသည့်အပြင် ဒုက္ခနှင့်ပါ နီးနီးကပ်ကပ် ဖြစ်ခဲ့ရသည်ကို တွေးမိသောအခါ သူလည်း ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။

နောင်ကို ဒီလိုအလုပ်မျိုး ဘယ်တော့မှ လက်မခံတော့ဘူး၊ တကယ့်ကို အလုပ်ရှုပ်လွန်းတယ်..

စားဖိုမှူးချန် စိတ်အေးသွားသော်လည်း အခြားသူများမှာမူ ဒေါသထွက်နေကြဆဲ ဖြစ်၏။

"တကယ်ပဲ အသားက ပြဿနာရှိနေတာကိုး.. သူတို့က အသားကြောင့်လို့ ခန့်မှန်းတုန်းက ငါက မယုံခဲ့ဘူး၊ အခုတော့ တကယ်ကြီး ဖြစ်နေတာပဲ။ ဒါဟာ တကယ့်ကို ကိုယ်ချင်းစာတရား မရှိတာပဲ.. ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ။ လူတွေကို မကျွေးချင်လည်း မကျွေးနဲ့လေ၊ အခုတော့ လူတွေကို ဒုက္ခပေးနေတာပဲ.."

"ဟုတ်ပါ့.. ကျွန်တော်ဆို မနေ့ညကတည်းက ဘာမှမစားထားရလို့ အစာအိမ်က အားနည်းနေတာ။ အခုတော့ ဒီလိုအသားမျိုး ကျွေးတယ်ပေါ့လေ.. ဒါ လူသတ်တာပဲ.. ဝူး... ကျွန်တော်ကလည်း အသားစားချင်ဇောနဲ့ အများကြီး စားမိတာတော့ ဝန်ခံပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ဒီလိုတော့ မလုပ်သင့်ဘူးလေ.."

"ဒါကို ကျွန်တော့်မိဘတွေကိုပဲ အပြစ်တင်လို့ မရဘူးလေ.. သူတို့က စေတနာနဲ့ ကျွေးမွေးတာပါ၊ လူတွေကို ဒုက္ခပေးဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ တကယ်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုရင် သူတို့ကိုယ်တိုင်ရော စားပါ့မလား.. ကြည့်ပါဦး၊ ကျွန်တော့်မိဘတွေ အပြင်မှာ ဆေးကြောနေရတုန်းပဲ။ သူတို့လည်း အလိမ်ခံလိုက်ရတာပါ.."

"ဟုတ်တယ်၊ အဘိုးကြီးနဲ့ အဘွားကြီးက စေတနာနဲ့ လုပ်ခဲ့တာပဲ၊ သူတို့ကို ဒီလိုတော့ မဆက်ဆံသင့်ပါဘူး။"

ရွှီမိသားစု၏ သားလတ်မှာ စကားပြော အလွန်ကောင်းလှသဖြင့် သူ၏ စကားများကြောင့် လူအများမှာ အတန်ငယ် ငြိမ်ကျသွားကြသည်။

သို့သော်လည်း အချို့မှာမူ ကျေနပ်ခြင်း မရှိသေးပေ။

"ငါတို့ ဒီလောက်အထိ ဖြစ်သွားတာကို မင်းတို့မိသားစုက ဒီအတိုင်း လျစ်လျူရှုထားလို့တော့ မရဘူးမလား.."

"ဟုတ်တယ်၊ ကျွန်တော့်အစာအိမ်ကတော့ ကျွန်တော့်စကားကို လုံးဝ နားမထောင်တော့ဘူး။"

"နင့်အစာအိမ်က နင့်စကား နားမထောင်တော့ဘူးလား.."

အချို့သည် အခြေအနေကို ပေါ့ပေါ့ပါးပါး သဘောထားကာ ဟာသပင် လုပ်နေကြသေးသည်။

ဤကိစ္စမှာ ချန်ချင်းယွီ၏ မိသားစုနှင့် လားလားမျှမဆိုင်သဖြင့် သူမသည် ဘေးမှသာ တိတ်တဆိတ် စောင့်ကြည့်နေလေသည်။ ထိုစဉ် သက်ကြီးပိုင်း ရဲအရာရှိတစ်ဦးသည် ချန်ချင်းယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနားသို့ လျှောက်လာကာ မေးမြန်းလေ၏။

"မင်းရဲ့ မျိုးရိုးက ချန် လား.. မင်းရဲ့ အဘိုးက ဆရာကျန်းလား.."

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ကဲ့ပါ၊ ဦးလေးက....." ဟု ပြန်မေးလိုက်၏။

"မင်းကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလို ရှိနေတာနဲ့၊ အခုတော့ အိမ်ထောင်ကျသွားပြီကိုး။ မင်းရဲ့ အဘိုးအဘွားတွေ ဆုံးပါးသွားတုန်းက အခင်းဖြစ်ပွားရာနေရာကို ရောက်လာခဲ့တဲ့ ရဲအရာရှိတွေထဲမှာ ငါလည်း ပါခဲ့တယ်လေ"

ငါးနှစ်၊ ခြောက်နှစ်ခန့် ကြာသွားပြီ ဖြစ်သော်လည်း သူ မှတ်မိနေသေးသည်။

"မင်း အိမ်ထောင်ကျသွားတာ ကောင်းပါတယ်။"

ထိုစဉ်၌ သမက်ဖြစ်သူ၏ အမူအရာကို သူ မှတ်မိနေသေးသည်။ မိမိသမီးကိုပင် အနားမကပ်ခိုင်းဘဲ တွန်းထုတ်နေခဲ့သူ ဖြစ်၏။ သမီးဖြစ်သူ သူ့ထံမှ အကျိုးအမြတ် တစ်ခုခု ရသွားမည်ကို အလွန်ပင် စိုးရိမ်နေပုံရလေသည်။

သူတို့သည် ဤကဲ့သို့သော လောဘဇောတိုက်သည့် ကိစ္စရပ်များကို များစွာ မြင်ဖူးသော်လည်း၊ ဤမျှအထိ ပွင့်ပွင့်လင်းလင်း လောဘကြီးကာ ဟန်ပင်မဆောင်နိုင်သောသူမျိုးကိုမူ တွေ့ရခဲလှ၏။

အနည်းဆုံးတော့ ဟန်ဆောင်ပြရမှာပေါ့..

ထိုလူသည် ဟန်ဆောင်ရန်ပင် စိတ်မကူးခဲ့ချေ။ တော်လှန်ရေးကော်မတီကို ခေါ်ဆောင်လာခဲ့ရုံသာမက သောင်းကျန်းမှုများပြုလုပ်ကာ ရနိုင်သမျှ အကျိုးအမြတ်များကို ရှာဖွေခဲ့သဖြင့် ရဲများအား အလွန်ပင် ဒေါသထွက်စေခဲ့သည်။ ရဲအရာရှိများသည် ထိုကဲ့သို့သောသူမျိုးကို အလွန်ပင် ရွံမုန်းကြ၏။

ထို့ကြောင့်ပင် သူသည် ထိုလူကို ကောင်းကောင်းမှတ်မိနေခြင်းပင်။

ချန်ချင်းယွီ အံ့အားသင့်စွာဖြင့် ဆိုလိုက်မိလေသည်။

"အဲ့ဒီတုန်းက မြို့ပြရဲဗျူရိုက ရဲအရာရှိတွေချည်းပဲလေ"

ရဲအရာရှိကြီးမှာ ပြုံး၍ ခေါင်းညိတ်ကာ ဖြေလိုက်၏။

"အဲ့ဒီတုန်းက ငါက မြို့ပြဗျူရိုမှာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ဒီနယ်မြေရဲစခန်းကို ပြောင်းလာတာ"

ချန်ချင်းယွီ မျက်တောင်လေး တခတ်ခတ် ဖြစ်သွားရသည်။

တခြားလူတွေက ရာထူးတက်ကြတာ၊ ဦးလေးက ဘာလို့ ရာထူးကျတဲ့နေရာကို ပြောင်းလာရတာလဲ....

သူမ ခေတ္တမျှ တွေးတောမိသော်လည်း မမေးမြန်းတော့ပေ။ သို့သော် ဤသည်မှာ အံ့ဩစရာကိစ္စ မဟုတ်ပေ။ ယခုခေတ်ကာလ၏ အခြေအနေမှာ ဤသို့ပင်တည်း။

အချို့သောအရာများသည် ထုတ်ဖော်ပြောရန် မလိုဘဲ အားလုံး နားလည်ပြီးသား ဖြစ်၏။

"မေမေ.."

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ရဲအရာရှိ ချန်ချင်းယွီနှင့် စကားပြောနေသည်ကို မြင်သည်နှင့် ပြေးလာကြသည်။

ရဲအရာရှိကြီးမှာ ပို၍ပင် အံ့သြသွားကာ မေးမြန်းလိုက်၏။

"မင်းရဲ့ကလေးတွေက ဒီလောက်တောင် ကြီးနေပြီလား.."

ချန်ချင်းယွီ: "ကျွန်မ အထက်တန်းကျောင်းပြီးပြီးချင်း အိမ်ထောင်ကျတာပါ"

ရဲအရာရှိကြီး ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမကို အကဲခတ်ကြည့်ကာ ဤမိန်းကလေး၏ အိမ်ထောင်ရေးမှာ သာမန်မျှသာ ဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။ ယခင် ဤမိန်းကလေးကို မြင်ဖူးစဉ်က သူမသည် အဝတ်အစား တောက်တောက်ပပ ဝတ်ဆင်နိုင်သူ ဖြစ်၏။ အမှန်ပင်၊ သူမသည် အချိန်အများစုကို ကျန်းမိသားစုနှင့်အတူ ကုန်ဆုံးခဲ့သည်ဟု ဆိုကြသည်။ ကျန်းမိသားစု ဇနီးမောင်နှံမှာ တက္ကသိုလ် ဆရာ၊ ဆရာမများ ဖြစ်ကြပြီး အခြားသားသမီးလည်း မရှိသဖြင့် ဂရုစိုက်မှုအားလုံးမှာ သူမအပေါ်၌သာ ရှိခဲ့၏။

ယခုမူ သူမ၏ အဝတ်အစားများမှာ ဟောင်းနွမ်းနေပြီ ဖြစ်သည်။

သူမ ဤမျှ စောစောစီးစီး အိမ်ထောင်ပြုခဲ့ခြင်းမှာ... ကျေးလက်သို့ ဆင်းရမည့်ကိစ္စကို ရှောင်လွှဲရန် ဖြစ်ပေလိမ့်မည်။

ရဲအရာရှိကြီးမှာ နားလည်လိုက်

သည့်အလား စကားဆိုလိုက်သည်။

"မင်း အိမ်ထောင်ပြုတာ စောပေမဲ့ ဒါလည်း ကောင်းပါတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးထိန်းရတာ ပိုလွယ်တာပေါ့"

၎င်းတို့နှစ်ဦးမှာ ရိုးရိုးရှင်းရှင်းပင် နှုတ်ဆက်စကား ပြောဆိုခဲ့ကြသော်လည်း ရဲအရာရှိကြီးသည် သူမ၏ အဘိုးကို "ဆရာကျန်း" ဟု ခေါ်ဝေါ်သည်ကို ချန်ချင်းယွီ သတိပြုမိလိုက်သည်။ သူမ၏ အဘိုးမှာ မကွယ်လွန်မီက တက္ကသိုလ်တွင် စာပြခဲ့သူ ဖြစ်သော်လည်း သူ မကွယ်လွန်မီ နှစ်အနည်းငယ်၌ တက္ကသိုလ်များ ပိတ်ထားခဲ့သဖြင့် အဘွားနှင့်အတူ အိမ်တွင်သာ အနားယူနေခဲ့ရ၏။

ထိုအချိန်၌ အဘိုးအဘွားတို့မှာ အရေးယူခံရခြင်း မရှိသေးပေ။ အဓိကမှာ သူတို့သည် ချမ်းသာပုံမပေါက်ဘဲ သာမန် အခြေခံလူတန်းစား မိသားစုကဲ့သို့သာ နေထိုင်ခဲ့ကြ၍ပင်။ သို့သော် ချန်ချင်းယွီ သေသေချာချာ စဉ်းစားကြည့်သောအခါ သူမ၏ အဘိုးအဘွားများမှာ လုံးဝ မဆင်းရဲမှန်း သိလိုက်ရသည်။

လူကြီးများမှာ မိမိ၏ ချမ်းသာမှုကို ထုတ်ဖော်ပြသခြင်းမှာ မကောင်းမှန်း သိကြသဖြင့် ရိုးရိုးရှင်းရှင်းပင် နေထိုင်ခဲ့ကြခြင်းသာ ဖြစ်ပေလိမ့်မည်။

"ဒီဖြစ်ရပ်က မတော်တဆမှုတစ်ခုပါပဲ၊ အားလုံး စိတ်အေးအေးထားကြပါ။ အဆိပ်ခတ်တာ မဟုတ်ပါဘူး။ အားလုံး ဆားရည်ဖျော့ဖျော့လေး များများသောက်ကြပါ။ ဝမ်းလျှောတာ မရပ်ရင်တော့ ဆေးရုံမှာ ဆေးသွားယူကြပါ။ အောင့်မခံထားကြပါနဲ့၊ မသက်သာနိုင်ပါဘူး။ ကဲ... ဒါဆိုရင် ကျွန်တော်တို့ သွားတော့မယ်"

ရဲများ လာရောက်စုံစမ်းခြင်းမှာ အဆိပ်ခတ်မှု ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ ယခုမူ မဟုတ်မှန်း သိရပြီဖြစ်သဖြင့် ဆက်လက်စုံစမ်းရန် မလိုတော့ပေ။ သို့သော် ရဲအရာရှိတစ်ဦးသည် ရှီရှောင်ဝေကို မှာကြားလိုက်သည်။

"မနက်ဖြန် ကျောင်းခွင့်တိုင်ပြီးရင် ရဲစခန်းကို လာခဲ့ဦး၊ ငါတို့ကို တောင်ပေါ် လိုက်ပို့ပေးရမယ်"

ရှီရှောင်ဝေ မဝံ့မရဲဖြင့် သဘောတူလိုက်ရ၏။

သူသည် စာအုပ်ကို "ကောက်ရသည်" ဟု ဆိုသော နေရာသို့ ရဲများကို လိုက်ပို့ရမည်ဖြစ်သည်။

ရှောင်ဝေမှာ မငြင်းဝံ့ပေ။ သူ မသင့်တော်သော စာအုပ်ဟု ဝန်မခံသော်လည်း ဝင်းထဲမှ လူအတော်များများမှာ မြင်ဖူးနေကြပြီ ဖြစ်၏။ စာအုပ်မှာ မရှိတော့သော်လည်း သက်သေခံ လူများ ရှိနေသေးရာ၊ ရဲများ အသေးစိတ် ဇွတ်မမေးခြင်းမှာပင် သူ ကျေးဇူးတင်လှပြီ ဖြစ်သည်။

ရှောင်ဝေ: "ကျွန်တော် တိုက်ရိုက်ပဲ လာခဲ့ပါ့မယ်။ အဖေ... ကျောင်းသွားပြီး ကျွန်တော့်အတွက် ခွင့်တိုင်ပေးဦးနော်"

ရှီရှန်း: "ကောင်းပြီ၊ အဖေ သွားလိုက်မယ်"

ရှီရှန်းမှာလည်း ပြဿနာ မရှာဝံ့တော့ပေ။

လူတိုင်းတွင် ရဲများကို ကြောက်ရွံ့တတ်သော ဗီဇရှိကြရာ၊ ရဲများမှာလည်း အမြန်ပင် ပြန်လည်ထွက်ခွာသွားကြသည်။ ထွက်သွားပြီဟု ထင်ရသော်လည်း လူအချို့မှာမူ အနီးအနားတွင် ရှိနေဆဲ ဖြစ်၏။ ၎င်းတို့သည် ယနေ့ညတွင် မှောင်ခိုကုန်သည်များကို ဖမ်းဆီးရန် အစီအစဉ်ရှိသဖြင့် ဝင်းထဲရှိ ရွှီမိသားစုကို သတိထား စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

ရွှီမိသားစုမှ သတင်းသွားပေးမည်ကို စိုးရိမ်ခြင်း ဖြစ်၏။ ၎င်းတို့သည် ဤနေရာတွင် ဆယ်နှစ်ကျော် နေထိုင်လာသူများ ဖြစ်ရာ အလွယ်တကူ ယုံကြည်၍ မရနိုင်ပေ။ ရဲများ ထွက်သွားသည်နှင့် ဝင်းထဲတွင် ချက်ချင်းပင် ပို၍ ဆူညံသွားတော့သည်။

"ငါပြောသားပဲ၊ ငါ့အမှားမဟုတ်ပါဘူးဆိုတာ.. ငါ့မှာ အလကားနေရင်း အပြစ်တင်ခံရတော့မလို့။ ငါ သွားတော့မယ်။ နောင်ကို ဒီလိုအလုပ်မျိုး ဘယ်တော့မှ လက်မခံတော့ဘူး။ တကယ့်ကို ရှုပ်နေတာပဲ.. ဘာအကျိုးအမြတ်မှလည်း မရဘဲနဲ့ ဒုက္ခနဲ့တောင် နင်လားငါလား ဖြစ်သွားရတယ်"

စားဖိုမှူးချန်မှာ ကျိန်ဆဲလိုက်လေ၏။

အဘွားကြီးဝမ်: "သူတို့က ရိက္ခာပေးမယ်လို့ မပြောဘူးလား.."

စားဖိုမှူးချန်: "အခု အခြေအနေတွေ ဘယ်လိုဖြစ်ကုန်ပြီလဲ ကြည့်ဦး။ ပေးရင်ရော ဘာထူးမှာလဲ။ သူတို့လည်း ပေးနိုင်မှာ မဟုတ်တော့ဘူးလို့ ကျုပ်ထင်တယ်။ ထားလိုက်ပါတော့၊ ကျုပ်လည်း မလိုချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီဝင်းကနေ ဘာအလုပ်မှ ထပ်မယူတော့ဘူး။ တကယ့်ကို အလကားနေရင်း ဒုက္ခရှာမိသလိုပဲ"

သူသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ လှည့်ထွက်သွားတော့သည်။

အဒေါ်ကြီးမေ့ ပေါင်ကို ရိုက်ကာ ငိုညည်းလိုက်၏။

"ကြည့်ကြပါဦး... ဒီလောက် ပြဿနာတက်ကုန်တာ.. အကြောင်းမရှိဘဲ ရွှီမိသားစုက သူများကို သွားပြစ်မှားမိလို့ အခုတော့ ဝင်းထဲက လူတိုင်း ဒုက္ခရောက်ကုန်ပြီ"

အဒေါ်ကြီးမေ့၏ မိသားစုလည်း ဝမ်းလျှောသည့်ဒုက္ခမှ မလွတ်ကင်းကြပေ။ သူမသည် အိမ်သာထဲတွင် ဆောင့်ကြောင့်ထိုင်ဖန်များလွန်း၍ ခြေထောက်များပင် မခိုင်တော့သဖြင့် နံရံကိုမှီကာ ထိုင်ခုံပုလေးပေါ်တွင် ထိုင်နေရရှာသည်။ သို့သော်လည်း သူမ၏နှုတ်ဖျားမှာမူ အနားမရဘဲ တတွတ်တွတ် အော်ဟစ်နေဆဲ ဖြစ်၏။

"အမေနဲ့ အဖေရယ်... ကျွန်မတို့တော့ ဆရာကြီးချန်ကို ပြစ်မှားမိပြီ ထင်တယ်။ သူတို့က ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ.."

"ဟုတ်ပနော်... နောက်ဆို ကျွန်မကလေးတွေ အိမ်ထောင်ပြုရင် ဘယ်သူ့ကို ဟင်းချက်ခိုင်းရတော့မလဲ.."

"နင့်စကားကလည်း ဟုတ်တာပဲ၊ ငါ့မိသားစုဆို ပိုတောင်ဆိုးသေးတယ်..."

"အား... အမလေး... ဗိုက်က ပြန်နာလာပြန်ပြီ။ တကယ်ကို နေလို့မကောင်းတာ။ ပြောစမ်းပါဦး၊ ရွှီမိသားစုက ငါတို့ကို တမင်သက်သက် ဒုက္ခပေးနေတာလား.. ဒီတစ်နပ်စာ စားမိတာ... ဝူး... တကယ်ကို ခံစားနေရတာပဲ"

"မခံနိုင်ရင်တော့ ဆေးရုံသွားပြကြတာ ကောင်းမယ်နော်။ ဝမ်းလျှောတာ မသက်သာရင် ရောဂါကြီးဖြစ်သွားနိုင်တယ်လို့ ဆရာဝန်က ပြောတယ်။ ကျောက်ရုံတို့ဆို အခု ဆေးရုံမှာ ပုလင်းတောင် ချိတ်နေရပြီ"

ဝမ်မေ့လန် ဝင်ပြောလိုက်သည်။

"ဘာ.. ပုလင်းချိတ်နေရတယ် ဟုတ်လား.. အဲ့ဒါ ပိုက်ဆံတွေ အလဟဿ ကုန်တာပေါ့.."

"ငါတို့တော့ ဆရာဝန်ပြဖို့ မလိုလောက်ပါဘူးနော်.."

ဝမ်မေ့လန် ဆက်၍ ဆိုလိုက်၏။

"နေလို့ကောင်းတယ်ဆိုရင်တော့ မသွားလည်း ရပါတယ်၊ ဒါပေမဲ့ အိမ်သာ ခဏခဏ သွားချင်စိတ်က မပျောက်ဘူးဆိုရင်တော့ သေသေချာချာ စဉ်းစားကြပါဦး"

"အဲ့ဒါလည်း ဟုတ်တာပဲ"

"အမလေး... ဒါဆိုရင် ပိုက်ဆံတွေ ဘယ်လောက်တောင် ကုန်ဦးမှာလဲ.."

"ငါတော့ ဆေးရုံသွားရမှာကို အမုန်းဆုံးပဲ၊ နိမိတ်မကောင်းဘူး"

"ဒါတွေအားလုံး ရွှီကောင်းမင်နဲ့ သူ့မိန်းမကြောင့်ဖြစ်တာ.."

ဝင်းအတွင်း၌ ပြန်လည် ပွက်ပွက်ညံ စည်ကားလာ၏။ ချန်ချင်းယွီအထင် ရွှီကောင်းမင်တစ်ယောက် ယခုတစ်ကြိမ်တွင် အကြီးအကျယ် ငွေကုန်ကြေးကျများတော့မည်ဟု တွေးနေမိသည်။ ဆိုရသော် ဤကဲ့သို့သော အခြေအနေဆိုးကြီး ဖြစ်ပေါ်လာရခြင်းမှာ သူ၏ ပေါ့ဆမှုကြောင့်ဖြစ်ရာ အားလုံး၏ ဒေါသကို ပြေလျော့စေရန် တစ်စုံတစ်ရာ ပြန်လည်ပေးဆပ်ရပေလိမ့်မည်။ မဟုတ်လျှင် ဧည့်ခံပွဲအတွက် ကုန်ကျထားသော ငွေများမှာလည်း အလဟဿဖြစ်ရုံသာမက လူအများ၏ နာကျည်း မုန်းတီးမှုကိုလည်း ရရှိသွားပေမည်။

ရွှီကောင်းမင်သည် သူ၏ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားသူဖြစ်ရာ ဤကဲ့သို့သော အရှက်ရစရာမျိုးဖြင့် အဆုံးသတ်သွားရန် အလိုရှိမည်မဟုတ်ပေ။

"ရန်ဖြစ်ကုန်ပြီဟေ့.. အပြင်မှာ ရန်ဖြစ်နေကြပြီ.."

ဆူညံသံများ ကြားလိုက်ရသဖြင့် ချန်ချင်းယွီ အပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။

ဘာလဲ... နောက်ထပ် ရန်ပွဲတစ်ခုလား..

သူမသည် အဘွားကြီးကျောက်ကို လှမ်းကြည့်လိုက်ရာ အဘွားကြီး၏ မျက်ဝန်းအစုံမှာ ပွဲကောင်းကြည့်ရတော့မည်ဖြစ်၍ အရောင်တောက်နေ၏။ ယနေ့သည် ထူးဆန်းလှသည်ဟု ဆိုရမည်။ ခါတိုင်းကဲ့သို့ ဝင်းထဲ၌ ဖြစ်သမျှ ဆူညံသံများတွင် သူမ လုံးဝမပါဝင်ဘဲ ဘေးမှသာ ဟိုဟိုဒီဒီ လိုက်ကြည့်နေရခြင်းမှာ အလွန်ပင် တွေ့ရခဲသော မြင်ကွင်းဖြစ်၏။

အဘွားကြီးကျောက်သည်လည်း ယနေ့တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ရန် ဆန္ဒအလျဉ်းမရှိပေ။ အခြားသူများ ဗိုက်ကိုနှိပ်ကာ ငိုယိုအော်ဟစ်ပြီး ပြေးလွှားနေရသည့် အဖြစ်မှာ အလွန်ပင် သနားစရာကောင်းလွန်းလှသည်။

အဘွားကြီးကျောက်သည် လူအုပ်ကြီး၏ သားကောင်အဖြစ် မခံလိုပေ။

သူမသည် ချန်ချင်းယွီထက်ပင် ပို၍မြန်သော အရှိန်ဖြင့် ပြေးထွက်သွားကာ သတင်းထောက်ကြီးတစ်ဦးနှယ် အစွမ်းပြလေ၏။ ဤဝန်းကျင်ရှိ မည်သည့်သတင်းမဆို ဤအဘွားကြီးများ၏ မျက်စိအောက်မှ လွတ်ကင်းသွားခြင်း မရှိပေ။ အဘွားကြီးကျောက် ရောက်သွားသောအခါ ……

ကြည့်စမ်းပါဦး... ရှီကျန့်ရှန်းနှင့် အဘွားကြီးဟွမ်တို့ သတ်ပုတ်နေကြသည် မဟုတ်ပါလား..

ဤနှစ်ယောက်မှာ...

အိမ်သာထဲမှ အငြိုးအတေးများ၏ ဒုတိယပိုင်းကို ဆက်လက်ကပြနေကြခြင်းပေလော့။

အမျိုးသားများ ရန်ဖြစ်ပြီးသွားသောအခါ ယခုတစ်ခါ အမျိုးသမီးများအလှည့် ရောက်လာခြင်း ဖြစ်မည်။

ချန်ချင်းယွီ ဘေးမှလူတစ်ယောက်ကို အမြန်ဆွဲမေးလိုက်သည်။ "ဘာဖြစ်တာလဲ.. ဘာဖြစ်လို့လဲ.. သူတို့ ဘာလို့ ရန်ဖြစ်ကြတာလဲ.."

"အဒေါ်ကြီးရှီက ရွှီကောင်းမင်ကို ရေဆေးပေးဖို့ လုပ်နေတုန်း အဒေါ်ကြီးဟွမ်က ရောက်လာပြီး ရေပုံးကို ကန်ချလိုက်တာလေ။ ပြီးတော့ သူတို့နှစ်ယောက်စလုံးက ဒုက္ခပေးတဲ့သူတွေလို့ ဆဲဆိုတော့တာပဲ။ အစောတုန်းက အဒေါ်ကြီးဝမ်က တစ်ခါ ကန်သွားသေးတယ်၊ အခု အဒေါ်ကြီးဟွမ်က ထပ်ကန်တော့ အဒေါ်ကြီးရှီလည်း ဒေါသပေါက်ကွဲပြီး အော်ဟစ်ဆဲဆို စသတ်ကြတော့တာပဲ"

တစ်ဖက်တွင် အဒေါ်ကြီး၊ အခြားတစ်ဖက်တွင်လည်း အဒေါ်ကြီး...

ချန်ချင်းယွီ: "ဒါကတော့ တကယ့်ကို အကြီးအကျယ် ရန်ပွဲပဲ"

"ဒါပေါ့.. ဒီနေ့ လူတိုင်းက ဒေါသတွေကို အောင့်ထားကြရတာလေ။ ဘယ်သူက ဒေါသမထွက်ဘဲ နေမှာလဲ.. ဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ဦး.."

"အရင်ကတော့ အဒေါ်ကြီးရှီက ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူလို့ ငါထင်ခဲ့တာ၊ အခုတော့ ဘာလို့များ ဒီလောက်အထိ လက်ပါသွားရတာလဲ မသိဘူး"

"သူ ဒေါသထွက်နေတာလေ.. ဒီနေ့ သူကြုံတွေ့ရတဲ့ ဒုက္ခတွေကိုလည်း ကြည့်ဦး"

"ဘာကို ဒေါသထွက်နေရမှာလဲ.. သူတို့က အစားအစာမကောင်းတာကြောင့် ဒုက္ခရောက်ရတယ်ဆိုပေမဲ့ အဲ့ဒါ သူတို့အမှား မဟုတ်ဘူးလား.. ကြည့်ပါဦး၊ သူတို့ဆို ဝမ်းလျှောလွန်းလို့ ခြေထောက်တွေတောင် မခိုင်တော့ဘူး။ ကြားတာတော့ လူအတော်များများ ဘောင်းဘီထဲတောင် ပါကုန်ကြတယ်ဆိုပဲ"

"အီး... မပြောပါနဲ့တော့၊ ရွံစရာကြီး"

"အေးပါ... နင်မပြောလည်း အမှန်တရားကတော့ ဒါပဲလေ"

လူတိုင်း ဝိုင်းဝန်းပြောဆိုနေကြသော်လည်း ယနေ့တွင် ရန်ပွဲကို ဝင်ရောက်ဖြန်ဖြေပေးမည့်သူ တစ်ဦးမျှ မရှိပေ။ မည်သူမျှ အိမ်သာကျင်းထဲ မကျခဲ့သော်လည်း အားလုံးမှာ ဝမ်းလျှောနေသဖြင့် အားအင်ကုန်ခမ်းနေကြပြီ ဖြစ်သည်။ ထို့ပြင် သူတို့နှစ်ဦးမှာ သန့်ရှင်းမှု ရှိ၊ မရှိ မည်သူ အာမခံနိုင်ပါမည်နည်း။

အကယ်၍များ...

ဆက်ပြီး မတွေးရဲစရာပင်။

ရှင်းရှင်းပြောရလျှင် ယနေ့တွင် ကူညီမည့်သူ တစ်ဦးမျှ မရှိပေ။

ရှီကျန့်ရှန်းနှင့် အဘွားကြီးဟွမ်တို့မှာ တစ်ဦး၏ ဆံပင်ကို တစ်ဦး ဆွဲဆုပ်လျက် အော်ဟစ်ဆဲဆိုကာ သတ်ပုတ်နေကြ၏။

ဝင်းထဲရှိ အခြေအနေမှာ တကယ့်ကို ရုပ်ပျက်ဆင်းပျက်နိုင်လှသည်။ ရှီကျန့်ရှန်း ဒေါသတကြီးဖြင့် အော်ဟစ်ဆဲဆိုလေသည်။

"ဟဲ့... အဘွားကြီးဟွမ်၊ ငါ့ကို လွှတ်စမ်း.. နင်ကတော့ တကယ့်ကို အကျင့်မကောင်းတဲ့ အိုစနာကျနေတဲ့ဟာမကြီး.. ငါက နင့်ကို လာစားပါဦးလို့ ဒူးထောက်တောင်းပန်ခဲ့လို့လား.. နင့်ဘာသာနင် စားချင်လို့ စားခဲ့တာလေ။ နင်ပဲ အများဆုံးနှိုက်၊ အများဆုံးစားခဲ့ပြီးတော့ အခုကျမှ ငါ့ကိုလာအပြစ်တင်နေတာလား.. နင် အမြတ်ထုတ်တုန်းကတော့ ဘာလို့ အပြစ်မရှိသလို နေခဲ့တာလဲ။ နင်တို့လို လူစားမျိုး တစ်ခါမှမမြင်ဖူးဘူး၊ စားပြီးရင် နောက်ကနေ ပြန်ဆဲတဲ့ အမျိုးတွေ.. နင်တို့က လူတောင် မဟုတ်ဘူး.."

အဘွားကြီးဟွမ်သည်လည်း အလျှော့မပေးဘဲ ပြန်လည်

တုံ့ပြန်သည်။

"နင်တို့ ဧည့်ခံပွဲ မလုပ်ချင်ရင်လည်း မလုပ်နဲ့လေ.. ဒီလို အမှိုက်တွေကို ကျွေးပြီး လူတွေကို ဒုက္ခပေးရတာလား။ ကြည့်စမ်း... ငါ့အိမ်သားတွေကို ဘယ်လိုတွေ ဖြစ်ကုန်အောင် လုပ်ထားသလဲဆိုတာ.. ပြီးတော့ နင်တို့ ဘာလုပ်ခဲ့သလဲ.. နင်တို့ အဘိုးကြီးက ငါ့ယောက်ျားကိုတောင် လက်ပါသေးတယ်.. နင်တို့မိသားစုကတော့ သေရမှာ.."

သူမ၏ သားနှင့် ယောက်ျားမှာ ရွှီကောင်းမင် ဆွဲချလိုက်ခြင်းကြောင့် ဤမျှအထိ ညစ်ပတ်ပေပွသွားခဲ့ရသည်ကို သူမ ကောင်းကောင်းသိနေသည်။

သေဖို့ပဲ ထိုက်တန်တယ်..

တကယ်ကို သေသင့်တာ..

အဘွားကြီးဟွမ်သည် ဟိန်းဟောက်လိုက်ပြီးနောက် သူမ၏ ယင်ကိုးပါး အရိုးဖြူလက်သည်းကို ထုတ်သုံးကာ ရှီကျန့်ရှန်းကို ကုတ်ဖဲ့သတ်ပစ်ရန် ကြိုးစားတော့၏။

ရှီကျန့်ရှန်းနှင့် အဘွားကြီးဟွမ်တို့တွင် ကိုယ်စီအကြောင်းပြချက်ရှိကြပြီး နှစ်ဦးစလုံးမှာ မိမိသာ နစ်နာသူဟု ခံစားနေရသဖြင့် ရန်ပွဲမှာ အရှိန်တက်လာသည်။ အိမ်နီးချင်းများမှာမူ ဝင်မတားကြပေ၊ ရွှီမိသားစုမှ သားများနှင့် ချွေးမများပင်လျှင် ထွက်မလာကြချေ။

သူတို့ မကူညီလို၍ မဟုတ်ဘဲ ဝမ်းလျှောလွန်းသဖြင့် ခြေထောက်များမှာ ပျော့ခွေနေသောကြောင့် ဖြစ်၏။ သူတို့သည် ဝင်းထဲသို့ ပြန်ရောက်ကတည်းက အိမ်ထဲတွင်သာ လှဲနေကြပြီး လုံးဝ မလှုပ်ချင်ကြတော့ပေ။ မိခင်ဖြစ်သူအပြင်တွင် ဤမျှအထိ စွမ်းအားအပြည့်နှင့် တိုက်ခိုက်နေလိမ့်မည်ဟုလည်း သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

ရှီကျန့်ရှန်း အဘွားကြီးဟွမ်၏ ဆံပင်ကို ဆွဲထားပြီး အဘွားကြီးဟွမ်သည်လည်း အလျှော့မပေးပေ။

လက်ကို အသုံးမပြုနိုင်သောအခါ ခြေထောက်ကို သုံးကြပြီး တစ်ဦးကိုတစ်ဦး အားရပါးရ ကန်ကျောက်နေကြသဖြင့် "ဖောင်း... ဒုန်း" ဆိုသော အသံများ ထွက်ပေါ်နေလေသည်။

"နင့်ကို ငါ အလွတ်မပေးဘူး.."

"ငါလည်း နင့်ကို အလွတ်မပေးနိုင်ဘူး.."

သူတို့၏ တိုက်ပွဲမှာ ပြင်းထန်လှသော်လည်း အဘွားကြီးကျောက်၏ တိုက်ခိုက်ပုံလောက် မရက်စက်လှပေ။ အဘွားကြီးကျောက်မှာ ရန်ဖြစ်လျှင် အသေအလဲ သတ်ပုတ်တတ်သည့် လူစားမျိုးဖြစ်ပြီး သူမ၏ တိုက်ခိုက်ပုံမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။ မဟုတ်လျှင် သူမ၏ အတင်းအဖျင်းပြောတတ်သော ပါးစပ်နှင့် အမြင်ကတ်စရာကောင်းသော အမူအရာများကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အနှိပ်စက်ခံလိုက်ရပြီးဖြစ်မည်။ ထိုတိုက်ခိုက်နိုင်စွမ်းကြောင့် ဝင်းထဲ၌ မည်သူမှ သူမကို မပြစ်မှားဝံ့ကြပေ။

အဘွားကြီးကျောက်မှာ ဘေးမှကြည့်ကာ တကျွတ်ကျွတ်နှင့် ခေါင်းခါနေလေသည်။

ချန်ချင်းယွီ စိတ်ထဲမှ မှတ်ချက်ပေးမိ၏။

ဒီရန်ပွဲက တကယ့်ကို အဆင့်မရှိတာပဲ၊ အတတ်ပညာလည်း မပါသလို နည်းစနစ်လည်း လုံးဝမရှိဘူး..

သို့သော် အဘွားကြီးဟွမ်သည် ရှီကျန့်ရှန်းကို မယှဉ်နိုင်သည်မှာ ထင်ရှားနေသည်။ သူမ ဟင်းများကို အများဆုံး နှိုက်စားခဲ့ကာ ပိုစားခဲ့၍လည်း သူများထက် ပိုဝမ်းလျှောခဲ့သဖြင့် ခြေထောက်များမှာ ပို၍ အားနည်းနေ၏။ ရှီကျန့်ရှန်းမှာ သူမထက်စာလျှင် ပို၍ အားရှိနေသေး၏။ သူမသည် အဘွားကြီးဟွမ်ကို မြေပြင်ပေါ်သို့ အတင်းဖိချလိုက်ပြီး

"ဟဲ့ အဘွားကြီး၊ နင့်ကို ငါကြောက်နေမယ် ထင်လား.. ငါ နင့်ကို အဖတ်မလုပ်တာက ငါ အားနည်းလို့ မဟုတ်ဘူး။ မကောင်းတတ်လို့ သသည်းခံနေတာ.. ရောင့်မတက်လာနဲ့.. ကဲ... ရော့.."

ဖြောင်း..

ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသည်။ ရှီကျန့်ရှန်း ဒေါသထွက်နေသည်မှာ ကြာလှပြီဖြစ်ရာ ယနေ့တစ်နေ့လုံး ခံစားခဲ့ရသော ဖိအားများကို အဘွားကြီးဟွမ်အပေါ်တွင် ပုံချလိုက်ခြင်း ဖြစ်၏။

"ငါတို့က စေတနာအပြည့်နဲ့ ဧည့်ခံတာ၊ ကူညီခဲ့တဲ့သူအတွက်လည်း ဂုဏ်ပြုပေးတာ၊ ဘယ်သူကမှ ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ခဲ့ဘူးလေ။ အဲ့ဒါကို နင်က ငါ့ကိုပါ လာတိုက်ခိုက်ရတာလား.. ငါ ဘာကိုမှ ဂရုမစိုက်တော့ဘူး၊ လာစမ်း.. သတ်မယ်... လာသတ်ကြမယ်.."

အဘွားကြီးဟွမ်မှာ သူမကို မယှဉ်နိုင်သဖြင့် အော်ဟစ်ငိုယိုလေတော့သည်။

"နင်... ရှီကျန့်ရှန်း.. နင်တို့မိသားစုက ငါ့ကို ဝမ်းလျှောအောင်လုပ်တယ်၊ ငါ့သားကို အနိုင်ကျင့်တယ်၊ အခုကျတော့ ငါ့ကိုပါ လာသတ်နေတာလား.. အားလုံးပဲ လာကြည့်ကြပါဦး.. ရှီကျန့်ရှန်း ဘယ်လောက်တောင် ယုတ်မာသလဲဆိုတာ လာကြည့်ကြစမ်းပါ။ သူက တကယ့်ကို အကြင်နာတရား မရှိတဲ့လူပဲ.. ကူညီကြပါဦး.. ငါက ငါတို့လို နစ်နာသူတွေဘက်ကနေ ရပ်တည်ပေးနေတာပါ.."

သူမ အော်ဟစ်နေသော်လည်း မည်သူမျှ ကူညီရန် မသွားကြပေ။ အချည်းနှီးပင် ဖြစ်၏။

အဘွားကြီးဟွမ်: "ယောက်ျား.. သား.."

မည်သူမျှ ထွက်မလာကြပေ။

အဘွားကြီးဟွမ်: “မုန့်မုန့်..”

ထိုအချိန်တွင် မျက်စိလျှင်သော ချန်ချင်းယွီသည် ကျန်းမုန့်မုန့်ကို ချက်ချင်းပင် မြင်လိုက်၏။ ကျန်းမုန့်မုန့်သည် ဘောင်းဘီလဲပြီးသားဖြစ်သော်လည်း သူမ၏ လက်ထဲတွင်မူ "ဝါကျင်ကျင်" အကွက်များ ပေကျံနေသော ဘောင်းဘီတစ်ထည်ကို ကိုင်ထားသည်။ သူမသည် အပြေးအလွှား ရောက်လာပြီး ထိုဘောင်းဘီဖြင့် ရှီကျန့်ရှန်း ခေါင်းကို ရိုက်ချလိုက်လေတော့၏။

"ငါ့အဘွားကို အနိုင်ကျင့်ရဲတယ်ပေါ့.. အီးတွေ စားလိုက်စမ်း.."

ဘေးမှ ကြည့်နေသူများမှာ အသက်ရှူပင် မှားသွားကြတော့သည်..

ချန်ချင်းယွီ: "ဟယ်... သောက်ကျိုးနည်း.... သေစမ်း.."

သူမ၏ မျက်လုံးများမှာ ပြူးထွက်သွားလာရ၏။

ဟိုလီရှစ်....

အမယ်လေး ကောင်းကင်ဘုံ......

ဘုရားရေ... တကယ့်ကို မယုံနိုင်စရာပဲ..

All Chapters