အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
၅၃။ အိမ်ရာဝင်း၏လူအဖုံဖုံ
ချန်ချင်းယွီသည် ကလေးနှစ်ယောက်အား လက်ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။ ကလေးငယ်များမှာ အမြဲတမ်း ပွေ့ချီထားရန် မလိုတော့ဘဲ မိမိခြေထောက်နှင့်မိမိ လျှောက်နိုင်နေကြပြီ ဖြစ်၏။
သူတို့လေးများသည် ငါးမျှားသွားရသည်ကို အကျင့်ရနေပြီဖြစ်၍ ရှေ့ဆုံးမှ ရဲရဲဝံ့ဝံ့ ချီတက်နေကြသော်လည်း ခဏအကြာတွင် ကလေးလေး ရှောင်ကျားမှာ သူ၏ ဗိုက်ကလေးကို ပွတ်သပ်ရင်း လှမ်းပြောလေသည်။
"အမေ... သားတို့ မနက်စာ မစားရသေးဘူး"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ
"အမေ သိတာပေါ့၊ အခု သွားစားကြမလို့ပဲလေ"
ထိုခေတ်အခါမှာ ပစ္စည်းတိုင်းကို လတ်မှတ်နှင့်လဲမှ ရသည်ဆိုသော်ငြား မနက်စာရောင်းသော ဆိုင်များမှာ ရှိနေဆဲပင်။ ချန်ချင်းယွီသည် ကလေးများကို မနက်စာဆိုင်လေးတစ်ခုသို့ ခေါ်သွားခဲ့၏။ သူမသည် 'တူ့ကျစ်အော်' ခေါ် ပဲနို့ရည်ကို လုံးဝမမှာပေ။ အသက်ပင် သေချင်သေပါစေ… မသောက်ဟု ဆုံးဖြတ်ထားလေသည်။
ဒါက ပန်းကန်ဆေးရည်နံ့ထက်တောင် ပိုဆိုးသေးတယ်၊ ငါတော့ ဒါကို လုံးဝမကြိုက်ဘူး…
သူမသည် ဖက်ထုပ်သုံးပန်းကန်နှင့် အီကြာကွေးတစ်ပေါင်ကို ရဲရဲဝံ့ဝံ့ မှာယူလိုက်ပြီး ပိုက်ဆံနှင့် ရိက္ခာလက်မှတ်ကို အမြန်ပေးလိုက်၏။သူမသည် မိမိ၏ အစားကြီးသော အလေ့အထကို အပြင်လူများ မသိစေရန် ကလေးများအတွက်လည်း လူကြီးစာ ပမာဏအတိုင်း မှာပေးလေ့ရှိသည်။
ကလေးတွေ မကုန်ရင်တော့ အမေဖြစ်တဲ့ ငါကပဲ ရှင်းရတော့မှာပေါ့၊ ဒီခေတ်မှာ ဘယ်သူက အစားအစာ ဖြုန်းတီးရဲမှာလဲ......
ဘယ်လောက်ပိုင်လိုက်တဲ့ ငါ့အကြံလဲ..
စားပွဲထိုးသည်လည်း ကလေးများမှာ အများကြီး မကုန်နိုင်မှန်း သိသည့်တိုင် ဝင်မစွက်ဖက်ဘဲ ပိုက်ဆံနှင့် လက်မှတ်ကိုသာ ယူကာ ဆောင့်ကြွားဆောင့်ကြွားနှင့် ထွက်သွားသည်။
ချန်ချင်းယွီသည်လည်း ထိုအပြုအမူကို အရေးမစိုက်ပေ။ရှောင်ကျားနှင့် ရှောင်ယွမ်တို့အတွက်မူ ဤနေရာသို့ ရောက်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ကလေးငယ်များမှာ ယခင်၌ မည်သည့်နေရာမှ မရောက်ဖူးကြသဖြင့် နောင်တွင်လည်း အသစ်အသစ်သော အတွေ့အကြုံများစွာ ရရန်အတွက် နေရာအနှံ့ ခေါ်သွားရပေမည်။
သို့သော် ယခုအချိန်တွင်မူ သူတို့လေးများသည် ရွယ်တူကလေးများထက်စာလျှင် အမြင်ကျယ်နေပြီဟု ဆိုရမည်။ သူတို့နေထိုင်ရာ ဝင်းအတွင်း အခြေအနေအကောင်းဆုံးဖြစ်သည့် ဝမ်ကျန့်ကော်တို့ မိသားစုပင်လျှင် ကလေးများကို အပြင်ထွက်၍ မနက်စာ ကျွေးလေ့မရှိပေ။ လူကြီးများပင် မစားကြရာ ကလေးများအတွက်မူ နှမြောစရာဟု မှတ်ယူကြ၏။ ဖက်ထုပ်နှင့် အီကြာကွေးများရောက်လာသောအခါ ချန်ချင်းယွီ သတိပေးစကားဆိုလိုက်သည်။
"စားကြတော့၊ ပူမယ်နော် သတိထား"
"ဟုတ်ကဲ့၊ မှုတ်ပြီးမှ စားမှာပါ"
အရသာမှာ အလွန်ကောင်းမွန်လှသဖြင့် ချန်ချင်းယွီ စိတ်ထဲတွင် "ဒီခေတ်မှာ ဆိုင်ဖွင့်နိုင်တယ်ဆိုကတည်းက လက်ရာကတော့ တကယ့်ကို ရှယ်ပဲ" ဟု ချီးကျူးမိသည်။
ကလေးနှစ်ယောက်မှာလည်း ခေါင်းတငြိမ့်ငြိမ့်နှင့် မျက်နှာလေးများ ပန်းကန်ထဲ နစ်မတတ် စားနေကြ၏။ အလွန်အရသာရှိလှသည် မဟုတ်လော့။
"အီကြာကွေးတွေလည်း ရှိသေးတယ်၊ စားကြဦးလေ"
"ဟုတ်ကဲ့"
ရှောင်ကျားမှာ အီကြာကွေးကို တစ်ကိုက် ကိုက်လိုက်ပြီး ကျေနပ်အားရစွာဖြင့် မျက်မှောင်လေးများ ကျုံ့သွားသည်။ သူမတို့အိမ်ရှိ ကလေးနှစ်ယောက်မှာ အခြားကလေးများထက် အစားပိုဝင်ကြသည်ဟု ဆိုရမည်။ ချန်ချင်းယွီလောက် အစားမကြီးသော်လည်း ရွယ်တူများထက် ပိုစားနိုင်၏။ ကလေးနှစ်ယောက်မှာ ဖက်ထုပ် ပန်းကန်တစ်ဝက်စီနှင့် အီကြာကွေး တစ်ခုခွဲစီကို ကုန်အောင်စားလိုက်ကြသည်။
သူမသည် ကလေးများစား၍ မကုန်သည့် ဖက်ထုပ်နှင့် အီကြာကွေးများကို "အို... တို့တွေက ထမင်းဘူးလည်း မပါလာတော့ နှမြောစရာကြီး၊ မေမေပဲ အကုန်စားလိုက်တော့မယ်" ဟု သရုပ်ဆောင်ကာ ဗိုက်ထဲ အကုန်သွန်ထည့်လိုက်၏။ သူမ သရုပ်ဆောင်သည်မှာ အလွန်သိသာလှသော်လည်း မည်သူမှကြည့်မနေသဖြင့် အမြန်ပင် လက်စသတ်လိုက်သည်။ ထိုမျှ စားလိုက်သော်လည်း သူမအတွက်မူ ခြောက်ပုံတစ်ပုံခန့်သာ ဗိုက်ပြည့်သေး၏။ အထူးသဖြင့် ဖက်ထုပ်ဟင်းရည်မှာ အလွန်ပင် သောက်ကောင်းလှပြီး မပြန်ခင်အထိ သူမမှာ တရှူးရှုးသောက်နေမိသည်။
ထို့နောက် သူမမှာ ကလေးများကို
"နေလည်ကျရင် ဘာစားကြမလဲ"
"ဒေသပိုင် စားသောက်ဆိုင်"
ကလေးနှစ်ဦးမှာ ပြိုင်တူ ဖြေကြ၏။
ချန်ချင်းယွီ : "အင်း နေရာအသစ်တစ်ခု သွားကြတာပေါ့... နေ့လည်ကျရင် 'တုန်းလိုင်ရွှမ်း' မှာ သိုးသားလွှာဟော့ပေါ့ သွားစားကြမယ်လေ"
“အဲ့ဒါဘာလဲ”
“ကိုကိုလည်း မသိဘူး”
ကလေးလေးနှစ်ယောက်မှာ တစ်ဦးနှင့်တစ်ဦး မေးမြန်းနေကြ၍ ချန်ချင်းယွီ ပြုံးလိုက်မိပြီး ရှင်းပြလိုက်သည်။
“အဲ့ဒါတာက သိုးသားနဲ့လုပ်ထားတဲ့ ဟင်းရည်တစ်မျိုးပဲ.. ကလေးတို့ သိုးသားစားဖူးကြလား”
ကလေးများမှာ ပြိုင်တူ ခေါင််းခါကြ၏။
ချန်ချင်းယွီ : “ဒါဆို ဒီနေ့ပဲ သွားစမ်းကြည့်ကြမယ်လေ”
“ဟုတ်ကဲ့....”
သို့သော် ခဏအကြာတွင် ရှောင်ကျားမှာ သတိကြီးစွာဖြင့်
“မေမေ သားတို့မှာ ပိုက်ဆံရောရှိလို့လား”
“ဒါပေါ့ စိတ်မပူပါနဲ့”
ချန်ချင်းယွီ တုံ့ပြန်လိုက်သည်။
ရှောင်ကျားမှာ စိတ်သက်သာရာ ရသည့်အလား သက်ပြင်းလေးချလိုက်ပြီးမှ တိုးတိုးလေး ရေရွတ်ရှာ၏။
“ဖေဖေကတော့ ဘယ်တုန်းကမှ မစားခဲ့ရရှာဘူး”
ချန်ချင်းယွီ တုံ့ဆိုင်းသွားပြီးမှ ကလေးများ စိတ်မကောင်းမဖြစ်စေရန် လျင်မြန်စွာ နှစ်သိမ့်လိုက်၏။
"ဖေဖေ မစားဖူးပေမယ့် သားတို့ စားရရင် ဖေဖေက ဝမ်းသာမှာပါ။ သူက သားတို့ကို ကောင်းကောင်းမွန်မွန် နေစေချင်တာလေ ဟုတ်တယ်မလား"
ရှောင်ကျား ခေါင်းညိမ့်၍
“ဟုတ်တယ်”
ရှောင်ယွမ်လေးမှာလည်း တိတ်တဆိတ် ခေါင်းညိမ့်လိုက်သည်။
ဖခင်ဖြစ်သူအကြောင်း ပြောသည့်အခါ ကလေးနှစ်ဦးလုံးမှာ ဝမ်းနည်းသွားကြ၍ ချန်ချင်းယွီမှာ စကားလွှဲ၍ အားပေးချော့မော့လိုက်၏။
“မေမေကတော့ သားတို့ကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာစေချင်တယ်… မေမေ့ဆန္ဒကို မပြည့်စေချင်ဘူးလား”
“မဟုတ်ပါဘူး..”
ချန်ချင်းယွီ ခေါင်းညိမ့်လိုက်ပြီး
“ဒါဆို ကတိတည်ရမယ်နော်”
သူတို့သည် ဟူချန်မြစ်ကမ်းသို့ ငါးမျှားရန် ရောက်လာကြသည်။ ထိုနေ့မှာ အားလပ်ရက်ဖြစ်၍ လူစည်ကားနေပြီး ချန်ချင်းယွီ နေရာယူနေကျ နေရာများမှာ အားလုံး လူအပြည့် ဖြစ်နေသည်။
“ဒီမှာနေရာရှိသေးတယ်”
ငါးမျှားဖော် ဆရာယွီမှ လက်ယမ်းပြကာ နေရာဖယ်ပေးသဖြင့် အဆင်ပြေသွား၏။
ချန်ချင်းယွီသည် ကလေးများကို ခေါ်ဆောင်ကာ ထိုနေရာသို့ အပြေးအလွှား သွားခဲ့သည်။ သူမ ငါးမျှားလာသည်မှာ တစ်လပင် မပြည့်သေးသော်လည်း ငါးမျှားဖော် ငါးမျှားဖက် အသိအကျွမ်းအချို့ရှိနေပြီ ဖြစ်၏။
ဆရာယွီ : "ဒီနေရာလေးက အတော်ကောင်းတယ်၊ ငါတောင် ဒီမနက် အကောင်အချို့ မိထားသေးတယ်"
ချန်ချင်းယွီ : "ကောင်းလိုက်တာဆရာကြီး၊ ဒီနေ့ အားလပ်ရက်ဆိုတော့ အိမ်မှာ ဧည့်သည်တွေ ဘာတွေ မရှိဘူးလား"
ပြီးခဲ့သည့် ရက်များအတွင်း ဆရာယွီသည် မေဒေးအားလပ်ရက်တွင် အိမ်၌ ဧည့်သည်ရှိသည်ဟု ဆိုကာ သူမနှင့် ငါးချင်း လဲလှယ်ရန် ကမ်းလှမ်းခြင်း မရှိခဲ့ပေ။
"ဟူး... ငါ့သားက ဒီမေဒေးမှာ အိမ်ထောင်ဖက်နဲ့ တွေ့ဖို့ အစီအစဉ် ရှိထားတာ၊ နောက်ဆုံးကျမှ စိတ်ပြောင်းသွားလို့ အစီအစဉ် ပျက်သွားရော။ ကံကို ဆိုးတာပဲ။ အဲဒီ ကြင်ဖက်တွေ့ပွဲသာ မရှိရင် ငါ ဒီငါးတွေကို စုထားမှာ မဟုတ်ဘူး။ အလကားနေရင်း အိမ်မှာ ပုံနေတာ၊ ကိုယ့်ဘာသာ စားပစ်ဖို့ကျတော့လည်း နှမြောစရာကြီး"
သူသည် သက်ပြင်းချကာ ညည်းတွားလေသည်။
သူ၏ စကားကြောင့် ချန်ချင်းယွီ ရယ်မိသွားပြီး
"အိမ်မှာလည်း အလျှံပယ် ရှိနေပြီဆိုတော့ ဒါတွေကို တခြားပစ္စည်းနဲ့ လဲလိုက်တာက ပိုမကောင်းဘူး”
ဆရာယွီ သူ၏ မျက်မှန်ကို ပင့်တင်ရင်း
"အကုန်ကုန်အောင် မစားနိုင်ပါဘူးကွာ၊ လဲလိုက်တာကမှ ပိုအဆင်ပြေဦးမယ်"
သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဆုံလိုက်ရုံဖြင့် အကွက်မြင်သွားကြ၏။
ဒါပေါ့.. အကြည့်တစ်ချက်ဆုံရုံနဲ့ အချင်းချင်းက အတူတူ စီးပွါးရေး လုပ်လို့ရမယ့်သူဆိုတာ သဘောပေါက်ပြီးသား..
နှစ်ဦးသား အပေးအယူ တည့်သွားကြပြီး ချန်ချင်းယွီ ငါးများကို သူမ၏ ပုံးထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။ ဆရာယွီ လက်ချောင်းလေးများဖြင့် အရေအတွက်ကို တွက်ပြရာ သူမက ခေါင်းငြိမ့် သဘောတူလိုက်၏။
ချန်ချင်းယွီ : "ဆရာကြီးရဲ့ ငါးစာက တကယ်ကောင်းတာပဲ၊ ပိုတာရှိရင် ကျွန်မကို နည်းနည်းလောက် ပေးပါဦး"
ဆရာယွီ : "အတော်ပဲ၊ ငါ့ဆီမှာ ပိုတာရှိတယ်"
တကယ်တော့ "အတော်ပဲ" ဆိုသည်မှာ ဘာကိုဆိုလိုသနည်း......
ဆိုသည်မှာ ဆရာယွီသည် ချန်ချင်းယွီ ငါးစာကုန်တော့မည်ကို ကြိုတွက်ကာ နေ့စဉ် သယ်ဆောင်လာပြီး ရောင်းရန် အသင့်ပြင်လာခြင်းတည်း။
နှစ်ဦးသားသည် ချက်ချင်းပင် တွက်ချက်လိုက်ကြပြီး ဆရာယွီမှာလည်း ကျေနပ်ပီတိဖြာနေ၏။
ကြည့်စမ်းပါဦး ဘယ်လောက်အလိုက်သိလိုက်လဲ....
ဟဲဟဲ... အတော်ပဲပေါ့၊ ဘတ်စ်ကားပေါ်မှာ ထိုင်ခုံရသလိုပဲ၊ အမဲလိုက်ထွက်ကာမှ ယုန်နဲ့ တည့်တည့်တိုးတာပဲ..
ဒါက လက်ငင်းရတဲ့ အမြတ်အစွန်း မဟုတ်လား..
"မိန်းမသားတွေထဲမှာ နေ့တိုင်း ငါးလာမျှားတဲ့သူက ရှားတယ်နော်"
ဆရာယွီ ဆိုလိုက်ရာ ချန်ချင်းယွီမှာ ချက်ချင်း အရှက်မရှိ ကြွားဝါတော့သည်။
"ကျွန်မက ငါးအမိများတော့ နေ့တိုင်း လာရတာပေါ့" ဟ
ဆရာယွီ၏ နှုတ်ခမ်းများ တွန့်လိမ်သွားပြီး “….”
ညည်းကတော့ ကမ္ဘာပေါ်မှာ အကြွားသန်ဆုံးပဲ..
ညည်းက ငါးတွေမျှားတယ် ဟုတ်လား..
ညည်းကမျှားတဲ့နေရာ တော်တာမဟုတ်ဘူး.. ဝယ်တဲ့နေရာမှာတော်တာ..
စိတ်ထဲမှ ဆိုလိုက်သော်လည်း ထုတ်မပြောပေ။ ဤကဲ့သို့သော ဖောက်သည်မျိုး ရှိသည်မှာလည်း သူ့အတွက် ကောင်းသည်ပင်။ သူရသည့် ငွေဖြင့် နောက်မှ ရိက္ခာများ ပြန်ဝယ်နိုင်၏။
ဆရာယွီသည် လူပါးဖြစ်သဖြင့် ချန်ချင်းယွီသည်လည်း ထိုကဲ့သို့သော သူနှင့် ပေါင်းရသည်ကို သဘောကျသည်။ ထိုသို့သော လူမျိုးမှာ သူများကိစ္စမစပ်စု၍ ဆက်ဆံရသည်မှာ အဆင်ပြေလွန်း၏။ နှစ်ဦးသားမှာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ငါးလေး တစ်ကောင်စ နှစ်ကောင်စ ရကြသဖြင့် ချန်ချင်းယွီမှာ ပျော်ရွှင်နေ၏။ ငါးမျှားနေရင်းနှင့် သူမ၏ အတွေးများက ဝင်းကြီးထဲသို့ ရောက်သွားသည်။ နှမြောတသစွာဖြင့်……
"ဒီနေ့ ဝင်းထဲမှာ အတော်စည်ကားနေမှာပဲ၊ စားပွဲဝိုင်း ဆယ်ဝိုင်းလောက်တောင် ရှိမယ်ဆိုတော့ နည်းတဲ့ပွဲ မဟုတ်ဘူး။ ငါ အဲဒီမှာ မရှိတာ တကယ်ကို နစ်နာတာပဲ"
သူမ တစ်ယောက်တည်းဆိုလျှင် ထိုနေရာမှာပဲနေပြီး အတင်းအဖျင်း နားထောင်ကာ ပွဲကြည့်နေမိမည်မှာ အသေအချာပင်။
စားစရာ မစားရရင်နေပါစေ၊ အတင်းတော့ နားထောင်ချင်တယ်....
သို့သော် ကလေးများရှိနေသဖြင့် သူတို့လေးများ စိတ်မပျက်စေရန် အပြင်သို့ ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။
ငါ့လောက် ကောင်းတဲ့အမေ လောကမှာ ဘယ်မှာ ရှိဦးမှာလဲ..
သူမဘာသာ ကျေနပ်နေမိ၏။
သူမသည် ရွှံ့တဗွက်ဗွက်နှင့် ဆော့နေသော ကလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ ကလေးများကို ဘယ်သောအခါမှ ကန့်သတ်ချုပ်ချယ်လေ့မရှိသဖြင့် သူတို့လေးများ ပျော်နေကြသော်လည်း "အိမ်ပြန်ရင်တော့ ငါပဲ အဝတ်လျှော်ရဦးမှာပါလား၊ အိမ်ရှင်မ ဘဝက တကယ် မလွယ်ပါလား" ဟု တွေးကာ သက်ပြင်းချမိသည်။ နောင် ဆယ်စုနှစ်အနည်းငယ်အကြာက ခေတ်မီစက်ကိရိယာများ မရှိသည့် ဤခေတ်တွင် အလုပ်လုပ်ရသည်မှာ ပို၍ ပင်ပန်းလှသည်ဟု သူမ ခံစားနေရ၏။
သို့သော်လည်း အခြားသော အမျိုးသမီးများနှင့် ယှဉ်လျှင်သူမမှာ များစွာ သက်သာနေသေးသည်ဟု ဆိုရပေမည်။
"ငါးဟပ်နေပြီဟေ့.."
ချန်ချင်းယွီ ငေးငိုင်နေသည်ကို သတိထားမိပြီး ဆရာယွီ အမြန်လှမ်းသတိပေးလိုက်ရာ ချန်ချင်းယွီလည်း လက်စွမ်းပြရန် အသင့်ပြင်လိုက်သည်။
ဖျတ်..
မိပြီ..
ချန်ချင်းယွီတစ်ယောက် ငါးမျှားရင်း ပျော်ရွှင်နေချိန်တွင် သူမ ခန့်မှန်းထားသည့်အတိုင်း ဝင်းကြီးအတွင်း၌ အလွန်ပင် စည်ကားသိုက်မြိုက်နေ၏။ နှစ်သစ်ကူးပွဲတော်ထက်ပင် ပို၍ စည်ကားနေသယောင် ရှိပြီး၊ နှစ်သစ်ကူးပွဲသည်ပင် ယခုကဲ့သို့ လူစုံတက်စုံ မိသားစုဆုံခြင်းမျိုး မရှိခဲ့ဖူးပေ။
အဘွားကြီးကျောက်မှာ လူအုပ်ကြားထဲတွင် ဟိုဟိုဒီဒီ ကူးလူးယှက်သန်း၍ စကားများဖောင်ဖွဲ့နေသည်။
အလုပ်အကိုင် ကူလုပ်ဖို့လား.. ဝေးသေး။
ငါ့ကိုအမြတ်ထုတ်ချင်တယ်ပေါ့..
ဒီအဘွားကြီးက ဘယ်တော့မှ လက်ကြောတင်းအောင် လုပ်မယ့်သူ မဟုတ်ဘူး....
အဘွားကြီးသည် အလုပ်ရှောင်ရန် အမြဲချောင်းနေတတ်သော်လည်း မီးဖိုချောင်ဘက်ကိုမူ ခဏခဏ လှည့်ပတ်ကြည့်နေတတ်၏။ "တစ်ခုခု စားရဖို့များ လွတ်သွားမလား" ဟူသော စိုးရိမ်စိတ်ဖြင့် အကြာကြီး အကြည့်မလွှဲနိုင် ဖြစ်နေလေသည်။ မနက်ပိုင်း၌ ပြဿနာအနည်းငယ် တက်ခဲ့သော်လည်း အရေထူလှသော ရှီရှန်းမှာ အရှက်မရှိစွာပင် ရွှီကောင်းမင်တို့နှင့်အတူ ဝင်ထိုင်နေပြီ ဖြစ်၏။ ထမင်းဝိုင်းမစမီ အမျိုးသမီးများ အလုပ်ရှုပ်နေကြသော်လည်း အမျိုးသားများသည်ကား ဝိုင်းတွင်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောနေကြသည်။
အဘွားကြီးကျောက်မှာ မကျေမနပ်ဖြင့် ကျွတ်စ်စုပ်သပ် တောက်ခေါက်ကာ ကျိန်ဆဲလိုက်၏။
တကယ်ပါပဲ.. ရွှီကောင်းမင်နဲ့ရှီကျန့်ရှန်း ကပ်စီးနည်းချက်က…
လက်ဖက်ရည်ကြမ်းနဲ့သောက်ရအောင် နေကြာစေ့၊ ဖရုံစေ့လေးတောင် မမှာကြဘူး....
ပလိန်းကြီးသောက်တော့ ဘာအရသာရှိမှာလဲ.. သောက်ကပ်စီးတွေ..
ထိုစဉ် မီးဖိုချောင်ဘက်မှ မွှေးကြိုင်သော ရနံ့များ လွင့်ပျံ့လာသည်။ ရွှီကောင်းမင် ငှားထားသည့် စားဖိုမှူးမှာ လမ်းထိပ်ရှိ စားသောက်ဆိုင်မှ 'စားဖိုမှူးချန်' ပင် ဖြစ်သည်။ စားဖိုမှူးချန်မှာ စက်ရုံတွင်လည်း အလုပ်လုပ်သော်လည်း အမြဲတမ်းဝန်ထမ်း မဟုတ်ဘဲ မီးဖိုချောင်ကူ ယာယီဝန်ထမ်းသာ ဖြစ်၏။ အမှန်အတိုင်းပြောရလျှင် သူ၏ လက်ရာမှာ အလွန်ကောင်းမွန်လှသော်လည်း မိသားစုနောက်ခံ အခြေအနေကြောင့် အမြဲတမ်းဝန်ထမ်း ဖြစ်ခွင့်မရခဲ့ရှာပေ။
သို့သော်လည်း သူ၏ လက်ရာကောင်းမှုကြောင့် အလုပ်ပြုတ်ခြင်း မရှိခဲ့ပေ။
သူသည် ဒုတိယ ထမင်းစားဆောင်တွင် အလုပ်လုပ်သဖြင့် အဘွားကြီးကျောက်နှင့် တစ်နေရာတည်း မဟုတ်ပေ။ စက်ရုံတွင် ထမင်းစားဆောင်ကြီး သုံးခုရှိရာ အဘွားကြီးကျောက်အနေဖြင့် သူနှင့်ဆုံခဲလှသည်။ သူတို့တစ်ဦးကိုတစ်ဦး မရင်းနှီးသော်လည်း စားဖိုမှူးချန်၏ ဇနီးမှာ နာမည်ကျော် အောင်သွယ်တော် 'ဒေါ်လေးလျှို' ဖြစ်သောကြောင့် စောင်းပါးရိပ်ခြေမျှတော့ ကျွမ်းဝင်ကြ၏။
စားဖိုမှူးချန်သည် အခကြေးငွေ မယူဘဲ လုပ်ကိုင်ပေးခြင်းဖြစ်ပြီး သူ၏လူမှုရေးနောက်ခံအရ ငွေကြေးနှင့်ပက်သက်၍ ပြဿနာနိုင်တက်သည့်အတွက် ရိက္ခာများကိုသာ လုပ်အားခအဖြစ် တောင်းဆိုလေ့ရှိသည်။
ယခုအခါ စားဖိုမှူးချန်မှာ ဟင်းချက်နေပြီဖြစ်ရာ ရိုးရိုးဂေါ်ဖီထုပ်ကြော်လေးကိုပင် နတ်သုဒ္ဓါအလား မွှေးကြိုင်အောင် ဖန်တီးနိုင်စွမ်း ရှိလေ၏။
"ရှင့်လက်ရာကတော့ တကယ်ကို အံ့မခန်းပဲ"
အဘွားကြီးကျောက် မြှောက်ပင့်ပြောဆိုလိုက်သည်။ အဘွားကြီးကျောက်မှာ လူတစ်ဖက်သားကို ချီးကျူးခဲလှသဖြင့် လူတိုင်း သူမကို တအံ့တဩ ကြည့်လိုက်ကြ၏။
"ညည်းတို့က ထမင်းစားဆောင် တစ်ခုတည်းလည်း မဟုတ်ဘဲနဲ့၊ ဘာလဲ... ညည်းတို့ ထမင်းစားဆောင်က စားဖိုမှူးက သူ့လောက် လက်ရာမကောင်းဘူးလား"
အဒေါ်ကြီးမေ့မှာ ခနဲ့ကျီစယ်လိုက်လေသည်။
အဘွားကြီးကျောက် မျက်စောင်းထိုးလိုက်ရင်း ပြန်ပက်လိုက်ကာ
"စကားကို ကောင်းကောင်းပြောစမ်းပါ၊ ငါ့ကို ပြဿနာတက်အောင် လုပ်နေတာလား။ ငါတို့ ထမင်းစားဆောင်က ဒုတိယ ထမင်းစားဆောင်ထက် ညံ့စရာလား၊ ငါတို့ ထမင်းစားဆောင်က တစ်စက်ရုံလုံးမှာ အကောင်းဆုံးဟေ့.."
ကောင်းချင်ကောင်း၊ မကောင်းချင်နေ၊ ငါတို့က အကောင်းဆုံးပဲ..
ဒါက ငါတို့ထမင်းစားဆောင်ရဲ့ ဂုဏ်သိက္ခာပဲ၊ အရှက်ရစေလို့မရဘူး....
ပြီးတော့ ငါက ဒုတိယ ထမင်းစားဆောင်ကမှ မဟုတ်တာ ဟွန်း....
"ဘာမှမသိတဲ့သူတောင် ငါတို့ ပထမထမင်းစားဆောင်က တစ်စက်ရုံလုံးမှာ အကောင်းဆုံးဆိုတာ သိကြတယ်။ မဟုတ်ရင် ဘာလို့ ပထမထမင်းစားဆောင်လို့ ခေါ်မလဲ.. လူအများဆုံးလာတာလည်း ငါတို့ဆီပဲဟေ့"
အဘွားကြီးကျောက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ အမှန်တကယ်လည်း ဒုတိယနှင့် တတိယထမင်းစားဆောင်များတွင် သွားစားဖူးသူများသည် ပထမဆောင်မှလက်ရာပိုကောင်းသည်ဟု ခံစားကြရသည်မှာ အမှန်ပင်။
"ညည်းက စက်ရုံမှာ အလုပ်လုပ်တာမှ မဟုတ်တာ၊ ဘာသိမှာလဲ"
အဘွားကြီးကျောက် ခေါင်းကို မော့ကာ ဝင့်ကြွားစွာ ဆိုပြန်၏။
အဒေါ်ကြီးမေ့ "..."
အမလေး... သောက်ကြွားထူမ..
သူမ စက်ရုံမှာ အလုပ်မလုပ်သော်လည်း စက်ရုံထမင်းစားဆောင်၏ ထူးရှယ်ဟင်းလျာများကိုမူ တတိယဆောင်မှ ပိုလုပ်နိုင်မှန်း သိထားသည်။ သို့သော် အဘွားကြီးကျောက်နှင့် အငြင်းပွားရသည်မှာ အလွန်ပင်ပန်းလှသဖြင့် ငြိမ်နေလိုက်တော့၏။
ထိုစဉ် အစ်မကြီးဖန်မှာ ဝင်၍
"ပထမဆောင်ကတော့ အိုးကြီးချက်ဟင်းတွေ ကောင်းတာပေါ့၊ စားဖိုမှူးကြီးက အဲဒါ ကျွမ်းကျင်တာကိုး။ ဒုတိယဆောင်ကတော့ ခေါက်ဆွဲနဲ့ မုန့်မျိုးစုံ ကောင်းတယ်၊ တတိယဆောင်ကတော့ ထူးရှယ်ဟင်းတွေမှာ နာမည်ကြီးတာ"
သူမသည် စက်ရုံအကြောင်း အကုန်သိသည်ဆိုသည့် လေသံဖြင့် ဂုဏ်ယူစွာ ပြောလိုက်ခြင်း ဖြစ်သည်။ ထမင်းစားဆောင် တစ်ခုစီတွင် စားဖိုမှူးတစ်ယောက်တည်း ရှိသည်မဟုတ်သော်လည်း မီးဖိုချောင်တစ်ခုချင်းစီတွင် ကိုယ်ပိုင်လက်ရာ အထူးပြုချက်ပြုတ်ပုံများ ရှိကြ၏။
အစ်မကြီးဖန်မှာ ဆက်၍
"သာမန်ဝန်ထမ်းတွေကတော့ ပထမဆောင်မှာပဲ စားကြတာ များတာပေါ့။ ဒါပေမဲ့ ငါကတော့ တတိယဆောင်က ထူးရှယ်ဟင်းတွေကို စားဖူးတယ်၊ အဲဒါတွေကတော့ အိုးကြီးချက်ဟင်းတွေနဲ့ ယှဉ်လို့တောင် မရဘူး"
သူမသည် အထက်လူကြီးပိုင်း
မဟုတ်သော်လည်း အထက်လူကြီးများနှင့် တစ်ဝိုင်းတည်း ထိုင်စားနိုင်သူ ဖြစ်သည်ဟု လူအများသိအောင် ပြောလိုက်ခြင်းပင်။ သူမသည် အလွန်ပင် ကျေနပ်ပီတိဖြစ်ကာ တဟားဟား ရယ်မောဘဝင်ကျနေ၏။ အဘွားကြီးကျောက်မှာ ထိုသို့ အသာစီးရသွားသည်ကို ကြည့်မနေနိုင်ဘဲ ခနဲ့ကာ ပြန်ပက်လိုက်လေသည်။
"ညည်းက တစ်သက်မှာ တစ်ခါပဲ စားဖူးပြီးတော့ကို ကမ္ဘာပတ်ကြွားနေလိုက်တာ၊ အဲဒါက ကြွားစရာလားအေ"
အစ်မကြီးဖန်လည်း စိတ်မရှည်တော့ဘဲ ဟစ်ကြွေးကာ
"ဘာလို့ ကြွားတာလဲ.. ကျွန်မက ဘာကို ကြွားနေလို့လဲ.. တို့ဝင်းထဲမှာ အထက်လူကြီးတွေနဲ့ ဘယ်နှစ်ယောက် ထိုင်စားဖူးလို့လဲ.. ကျွန်မကတော့ အထက်လူကြီးဝိုင်းမှာ ထိုင်ခဲ့ရတာဟေ့.."
အဘွားကြီးကျောက် မျက်မှောင်ကြုတ်ကာ ခနဲ့တဲ့တဲ့ လေသံဖြင့်
"အဲဒါ ကြွားတာမဟုတ်လို့ ဘာလဲ.. ညည်းက ဘယ်လောက်များ ချောလို့ အထက်လူကြီးတွေက ဝိုင်းခေါ်ထိုင်မှာလဲ.. ငါ အလုပ်စဝင်ကတည်းက ညည်းလို လူစားမျိုး အဲဒီလို အခွင့်အရေးရတယ်လို့ တစ်ခါမှ မကြားဖူးပါဘူးအေ"
"ရှင်... ရှင်.."
အစ်မကြီးဖန် တစ်ယောက် ထပ်ပြီး ဒေါသထွက်သွားပြန်သည်။
အဘွားကြီးကျောက်မှာမူ အစ်မကြီးဖန် စိတ်ဆိုးသည်၊ မဆိုးသည်ကို ဂရုမစိုက်ပေ။ သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
"ဘာလို့ အသားဟင်း မတွေ့တာလဲ.. အသားဟင်းမပါဘဲ ပွဲတော်တည်လို့ ရမှာလား.. ဒါတော့ မဖြစ်နိုင်ဘူး"
စားဖိုမှူးချန် : "ကျွန်တော်ကတော့ ဟင်းချက်ဖို့နဲ့ ဆီသတ်ဖို့ပဲ တာဝန်ယူထားတာပါ။ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ အိမ်ရှင်က ကိုယ်တိုင်ဝယ်ထားတာ"
သူ့အတွက်လည်း ဤသို့သော အခြေအနေမျိုးမှာ ပထမဆုံးပင်။ သို့သော် သူလည်း အကျိုးအမြတ် ရသည်ဖြစ်၍ အိမ်ရှင် ခိုင်းသမျှကိုသာ လုပ်ပေးလိုက်သည်။
မိမိကိုယ်တိုင် ဘာမှ လိုက်မလုပ်ရတော့လည်း သက်သာတာပေါ့..
အဘွားကြီးကျောက် : "အသင့်ဝယ်ထားတာ ဟုတ်လား.. သူတို့က ဒီလောက်တောင် လက်ဖွာတာလား.."
အစ်မကြီးဖန် ချက်ချင်းပင် အခွင့်ရခိုက် ပြန်ငေါ့ကာ
"သူတို့ လက်ဖွာတော့ ဘာဖြစ်လဲ..ရှင်ကတော့ အလကားစား၊ အလကားသောက်ပြီး ပြဿနာပဲ လိုက်ရှာနေတယ်"
အဘွားကြီးကျောက် : "ညည်းနဲ့ ဘာဆိုင်လို့လဲ.. မနက်တုန်းကပဲ ရန်ဖြစ်ထားပြီးတော့ အခုကျတော့ လာပြီး အချိုသတ်နေပြန်ပြီ"
"ရှင်....."
အစ်မကြီးဖန်မှာ ဘာမှ ပြန်မပြောနိုင်ဘဲ "ရှင်... ရှင်" သာ လုပ်နေသဖြင့် အဘွားကြီးကျောက်မှာ သူမကို အသုံးမကျသူဟု သတ်မှတ်လိုက်သည်။
တိုက်ခိုက်လိုစိတ်လည်း မရှိ..
‘ရှင်’ တစ်လုံးတည်းနှင့် ဘယ်သူက ကြောက်မှာလဲ..
အဘွားကြီးကျောက် ခပ်လှောင်လှောင် ရယ်လိုက်၍ အစ်မကြီးဖန် မကျေနပ်ဖြစ်ပြီး ထပ်၍ ဖိပြောပြန်၏။
"ကြည့်စမ်း... ဒီဝင်းထဲက အိမ်တိုင်း စုံနေတာတောင် ရှင်က ကိုယ့်ချွေးမကိုတော့ အပြင်ထွက် အလုပ်ခိုင်းနေသေးတယ်။ တကယ်ကို အရှက်မရှိတဲ့ လူပဲ။ ရှင်လောက် စိတ်ပုပ်တဲ့ ယောက္ခမမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
အဘွားကြီးကျောက် ခါးထောက်လိုက်ပြီး
"အဲဒါ ငါ့ချွေးမပဲအေ။ ငါ့မိသားစုကိစ္စကို ညည်းက ဘာလို့ လာဝင်ပါနေတာလဲ.. ညည်းအလုပ် မဟုတ်ရင် ဝင်မရှုပ်နဲ့။ ကိုယ့်အိမ်ကိစ္စတောင် ကိုယ်အဖတ်ဆယ်အောင် မလုပ်နိုင်ဘဲနဲ့ သူများကိစ္စ လာစွက်ဖက်နေတာ ရယ်စရာကြီး.. ညည်းသောက်လုပ်လား"
အဘွားကြီးကျောက်သည် ထမင်းစားရမည့်အချိန်ကို စောင့်နေရသဖြင့်သာ သူမနှင့် ထပ်ပြီး အငြင်းမပွားချင်တော့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ဝအောင် ဆဲဆိုပစ်လိုက်သည်မှာ ကြာပြီသာ။
မီးဖိုချောင်တွင် ဝိုင်းကူနေကြသော အမျိုးသမီးများမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့ထဲတွင် အဘွားကြီးကျောက်ကို ကြည်ဖြူအဆင်ပြေသူ တစ်ယောက်မှ မရှိပေ။
သို့သော် သူတို့ ပြန်မပြောနိုင်ခင်မှာပင် ရှီကျန့်ရှန်း၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။
"လာပြီ၊ လာပြီ.. အသားတွေ ရောက်ပြီဟေ့.."
အသားကို ကြိုမှာထားသည်ဆိုသော်လည်း စောစောစီးစီး သွားယူ၍မရဘဲ ယနေ့မနက်မှသာ သွားထုတ်ရခြင်း ဖြစ်၏။ ရှီကျန့်ရှန်းသည် ဤကဲ့သို့သော အရေးကြီးကိစ္စမျိုးကို သူများကို မယုံသဖြင့် ကိုယ်တိုင်သွားယူခဲ့လေသည်။
"ကျွန်မ ဝက်သားနီချက်တွေ ဝယ်လာတယ်၊ ဆရာကြီး ဒါလေးတွေကို လှီးပေးပါဦး"
စားဖိုမှူးချန်သည်လည်း ဝမ်းသာအားရ တုံ့ပြန်ကာ
“ကောင်းပါပြီ”
သူမ နောက်ထပ် အထုပ်တစ်ထုပ်ကို ကမ်းပေးရင်း
"ဒါလေးကိုလည်း လှီးပြီးတော့ သခွားသီးနဲ့ သုပ်ပေးပါဦး၊ အဓိကဝိုင်းအတွက် အမြည်းလုပ်ပေးရအောင်"
"အဓိကဝိုင်းက လူကြီးလူကောင်းတွေချည်းပဲဆိုတော့ သူတို့ သေချာပေါက် အရက်သောက်ကြမှာ၊ အဲဒါကြောင့် အမြည်းလေးတွေ လုပ်ပေးထားမှ ဖြစ်မယ်"
ရှီကျန့်ရှန်း ဆင်ခြေဆင်လက်ဖြင့် ပြောလိုက်၏။
စားဖိုမှူးချန် ကြည့်လိုက်သောအခါ ဝက်နားရွက်များကို တွေ့သဖြင့် "စိတ်ချပါဗျာ" ဟု ဆိုကာ ခေါင်းငြိမ့်ပြလိုက်သည်။
သူ အသားထုပ်ကို လှန်ကြည့်လိုက်သောအခါ ဝက်နှလုံးတစ်တုံးကို တွေ့သဖြင့် ချက်ချင်းပင် ရေနွေးပူထဲသို့ ထည့်လိုက်သည်။ ထို့နောက် အသားများကို ချိန်လိုက်ကြည့်ရာ အလေးချိန် ငါးကျင်း (၂.၅ ကီလိုဂရမ်) ခန့် ရှိလေသည်။ စားဖိုမှူးချန် အတော်လေး ကျေနပ်သွားရ၏။ အိမ်ရှင်မှ ယခုကဲ့သို့ အသားအများကြီး ဝယ်ကျွေးသည်မှာ တွေ့ရခဲလှသည်။
တစ်ဝိုင်းလျှင် ပျမ်းမျှ အသားတစ်ဝက် (၂၅၀ ဂရမ်) ခန့် ကျသဖြင့် ဤအိမ်မှာ တကယ့်ကို ချမ်းသာသော အိမ်ဟု ဆိုရပေမည်။
အသားတစ်ဝက်ကိုမှ ဝိုင်းအများကြီး ခွဲစားရသည့် ပွဲမျိုးစုံကို သူမြင်ဖူးထားရာ ရွှီကောင်းမင်မှာ သူ့အမြင်တွင် တကယ်ကို လက်ဖွာသူ ဖြစ်၏။
"အဘိုးကြီးရွှီကတော့ အားကိုးရတာပဲဗျာ။ ကြည့်စမ်း... ဒါ အပြည့်အဝ ငါးကျင်းတောင် ရှိတယ်.."
လူတိုင်း၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားကြသည်။ အစကတည်းက အများကြီးမှန်း သိသာသော်လည်း ယခုကဲ့သို့ အလေးချိန်အတိအကျ ကြားလိုက်ရသောအခါ ပို၍ ကျေနပ်စရာ ကောင်းလှ၏။ လူတိုင်း ပြုံးပျော်နေကြပြီး အဘွားကြီးကျောက်ပင်လျှင် ဝမ်းသာမဆုံး ဖြစ်နေသည်။
ဘယ်သူက အသားများများ မစားချင်ဘဲ နေမှာလဲ..
"အင်း... အသားကောင်းလေးတွေဆိုတော့ မြိန်မှာပဲ"
အဘွားကြီးကျောက် တွေးရင်း သွားရည်ကျနေမိသည်။
စားဖိုမှူးချန် ဝက်သားနီချက်များကို ထုတ်ယူလိုက်သော်လည်း ထုတ်ပြီးသည်နှင့် တန့်သွားကာ အနည်းငယ် မျက်မှောင် ကြုတ်လိုက်၏။ အခြားသူများမှာ ပျော်ရွှင်နေကြဆဲ ဖြစ်သော်လည်း အဘွားကြီးကျောက်သည်ကား အနီးကပ် စောင့်ကြည့်နေလေသည်။ သူမ၏ ချွေးမမှာ အမြဲတမ်း စိုးရိမ်တကြီး ဖြစ်နေတတ်သဖြင့် သူမလည်း အလိုလို ဂရုစိုက်မိနေခြင်း ဖြစ်၏။
တကယ်တမ်းမူ အဘွားကြီးမှာ တခြားအရာကို စိုးရိမ်နေခြင်းမဟုတ်ဘဲ စားဖိုမှူးမှ အသားခိုးစားမှာကိုသာ ကြောက်နေခြင်း ဖြစ်သည်။ သူမ သေချာ စောင့်ကြည့်နေစဉ် စားဖိုမှူးချန်၏ မျက်နှာအမူအရာ ပျက်သွားသည်ကို သတိထားမိလိုက်၏။
အဘွားကြီးကျောက် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
"ဒုက္ခပဲ... တစ်ခုခုတော့ မှားနေပြီထင်တယ်"
သူမ ထိတ်လန့်သွားမိ၏။
ချန်ချင်းယွီက အဲဒီလောက် စိုးရိမ်နေတာ ငါ ဘာလို့ မေ့နေရတာလဲ....
"ဘာဖြစ်လို့လဲ.. တစ်ခုခု မှားနေလို့လား.."
အဘွားကြီးကျောက် အမြန်လှမ်းမေးလိုက်သည်။
စားဖိုမှူးချန် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြန်တုံ့ပြန်ကာ
"ဘာမှမဟုတ်ပါဘူး၊ ကျွန်နော် လှီးလိုက်ပါ့မယ်"
စားဖိုမှူးချန် "ဘာမှမဟုတ်ဘူး" ဟု ဆိုသော်လည်း သူ၏တွန့်ချိုးနေသော မျက်ခုံးတန်းများမှာ ပြေလျော့မသွားပေ။ နာမည်အရသာ မီးဖိုချောင်အကူဟု ဆိုသော်လည်း သူသည် လီချန်ရွှမ်း သို့မဟုတ် ကျောက်တာ့ရာတို့ကဲ့သို့ အပျော်တမ်းသမား မဟုတ်ဘဲ အရည်အချင်းပြည့်ဝသည့် စားဖိုမှူးစစ်စစ် တစ်ဦးဖြစ်သည်။ မိသားစုနောက်ခံကြောင့်သာ ရာထူးတိုးမရဘဲ မီးဖိုချောင်အကူ အမည်ခံထားရခြင်း ဖြစ်၍ ဝါရင့်သူပီပီ အရာရာကို ကြည့်ရုံနှင့် သိနိုင်သော အမြင်အာရုံနှင့် အတွေ့အကြုံလည်း ရှိ၏။
ဒီဝက်သား... တစ်ခုခုတော့ မှားနေပြီ..
တောဝက်သားမို့လို့ မဟုတ်ဘူး..
တောဝက်သား၏ အသားအမျှင်မှာ ခွဲခြားရလွယ်ပြီး ဤအသားမှာ အိမ်မွေးဝက်သားစစ်စစ် ဖြစ်သည်။ သို့သော် အသား၏ အနံ့မှာ လုံးဝမူမမှန်ပေ။ ဟင်းခတ်အမွှေးအကြိုင်များ အများကြီး သုံးထားပုံရသော်လည်း အသားနံ့မှာ မမွှေးကြိုင်လှပေ။ မသိမသာလှသော်လည်း ငြင်းပယ်၍မရသော အပုပ်နံ့တစ်ခုမှာ စိမ့်ထွက်နေ၏။
ပုံမှန်အားဖြင့် ဟင်းခတ်အမွှေးအကြိုင် အစုံအလင် သုံးထားလျှင် အသားမလတ်ဆတ်သည်ကို သိရန် ခဲယဉ်းလှသည်။ အနီးကပ် နမ်းကြည့်နိုင်မှသာ သိနိုင်မည်ဖြစ်၏။ သို့သော် ဤအသားမှာမူ အထုပ်ကို ဖွင့်လိုက်သည်နှင့် အနံ့ထွက်လာခြင်း ဖြစ်သည်။
သူသည် အနံ့ခံ အလွန်ကောင်းသူ မဟုတ်သည့်တိုင် သိသိသာသာ အနံ့ရနေသည်ဆိုလျှင် ဤအသား၏ အရည်အသွေးမှာ အတော်လေး ညံ့ဖျင်းနေသည်ဟု ဆိုရမည်။ ဟင်းခတ်အမွှေးအကြိုင်တွေ အလွန်အကျွံ သုံးထားသည်မှာလည်း အံ့သြစရာမဟုတ်တော့ပေ။ အသားနံ့ထက် ဆေးနံ့မှာ ပိုကဲနေ၏။ သူသည် ခဏမျှ တုံ့ဆိုင်းသွားမိသော်လည်း မိမိမှာ ရိက္ခာအတွက် လာကူပေးရသူသာ ဖြစ်သည်ဟု တွေးမိလိုက်သည်။
မိမိ၏ အလုပ်လည်း မဟုတ်သဖြင့် ပြဿနာမတက်စေရန် သူ နှုတ်ဆိတ်နေလိုက်ဖို့သာ ဆုံးဖြတ်လိုက်၏။
သူကဲ့သို့ နောက်ခံ မသန့်ရှင်းသော လူစားမျိုးမှာ သူတစ်ပါးကို အလွယ်တကူ အပြစ်တင်ရန် မဖြစ်နိုင်ပေ။
စားဖိုမှူးချန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ
"ဒေါ်လေးဝမ်... ဒါလေးကို လှီးပေးပါဦးလား"
"ရတာပေါ့"
အဘွားကြီးဝမ်မှာ ဤဝင်းအတွင်း နေထိုင်သူ မဟုတ်သော်လည်း သူမ၏သားဖြစ်သူ မိသားစုသည် ဤနေရာတွင် နေထိုင်သဖြင့် သူမကိုယ်သူမ ဤဝင်းသားဟုပင် သတ်မှတ်ထားသည်။ ထို့ကြောင့် ပွဲရှိတိုင်းလည်း မပျက်မကွက် လာတတ်၏။
သူမသည် ဝိုင်းကူရန် မနက်စောစောကတည်းက ရောက်နေခြင်း ဖြစ်ပြီး
"အမလေး... အဘိုးကြီးရွှီကတော့ တကယ့်လူကောင်းပဲ။ ကြည့်စမ်းပါဦး... ဘယ်လောက် ကောင်းလိုက်သလဲ။ ဒီလောက် အသားတုံးကြီး ဝယ်နိုင်ဖို့ဆိုတာ မလွယ်ဘူးအေ"
အမှန်အတိုင်းပြောရလျှင် ပွဲလမ်းသဘင်တွင် အသားဟင်းပါရုံနှင့်ပင် အဆင့်အတန်းရှိလှပြီဖြစ်ရာ အသားနှပ်ပါ ပါနေသည့်အတွက် ပို၍ပင် ဟိတ်ကြီးဟန်ကြီး ရှိလှသည်။ အဘွားကြီးဝမ်မှာ အသားကိုကြည့်ပြီး ပျော်နေသော်လည်း စားဖိုမှူးချန်၏ မျက်နှာမှာမူ အမူအရာ ပျက်နေဆဲပင်။
အဘွားကြီးကျောက် : သောက်ကျိုးနည်း..
သူမသည် စားဖိုမှူးချန်ကို အနီးကပ် စောင့်ကြည့်နေသူ ဖြစ်သဖြင့် သူ၏ မသိမသာ ပျက်ယွင်းသွားသော အမူအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
"ဒီအသားက တကယ်ပဲ မလတ်ဆတ်တာလား.."
အဘွားကြီးကျောက်သည် ဟိုတစ်လောက အနံ့ဆိုးထွက်နေသော အရိုးကြီးအကြောင်းကို ရုတ်တရက် သတိရသွားပြီး ရင်ထဲမှာ ရတက်မအေးနိုင် ဖြစ်သွားရသည်။
"ဒုက္ခပဲ... အသားလေး ဝဝလင်လင် စားရတော့မယ် ကြံကာမှ၊ အခုတော့ တကယ်ပဲ စားလို့မရတော့ဘူးလား.."
သို့သော် ရှီကျန့်ရှန်းမှာ ဘာကိုမှ သတိမထားမိဘဲ သူမ၏ အသားများအကြောင်းကို တတွတ်တွတ်နှင့် ကြွားလုံးထုတ်နေဆဲပင် ဖြစ်၏။
"ဒါတွေက ပစ္စည်းကောင်းတွေနော်၊ လူတိုင်းဝယ်လို့ရတာမျိုး မဟုတ်ဘူး။ ဒီလောက်အများကြီးရဖို့ ကျွန်မမှာ လူကပ်ပြီး အကူအညီတောင်းခဲ့ရတာ။ ကျွန်မတို့မိသားစုမှာ ဒီလိုအဆက်အသွယ်ရှိလို့သာပေါ့၊ သာမန်လူတွေဆို ဝယ်ဖို့နေနေသာသာ မြင်တောင်မမြင်ဖူးကြဘူး။ ကျွန်မယောကျ်ား အဘိုးကြီးရွှီက ပြောတယ်၊ ပွဲလုပ်မှတော့ လူတိုင်းကို ဝဝလင်လင် ကျွေးမွေးရမယ်၊ မဟုတ်ရင် ဘာသွားထူးမှာလဲတဲ့။ ဟုတ်တယ်မလား.."
"ဦးလေးရွှီကတော့ တကယ်ကို ရက်ရောတဲ့လူပဲဗျာ။"
"မရက်ရောဘဲ နေမလား.. ဦးလေးရွှီက တကယ့်လူကောင်းဗျ။"
"ဒေါ်လေးရှီ... အစ်ကိုကြီးရွှီတို့ မိသားစုကော ပြန်မလာကြဘူးလား.."
ရှီကျန့်ရှန်း : "ပြန်လာမှာပေါ့၊ လမ်းမှာ တစ်ခုခုကြောင့် ကြန့်ကြာနေလို့ ဖြစ်မှာပါ"
သူမသည် စိတ်ထဲတွင် သူမ၏ချွေးမကို တတွတ်တွတ် ဆဲရေးနေမိ၏။
"ဒါတွေအားလုံး ငါ့ချွေးမကြောင့်ပဲ၊ လူကြီးမိဘအပေါ် ဝတ္တရားမကျေပွန်လိုက်တာ။ အိမ်ရှင်မ တစ်ယောက်ဖြစ်ပြီးတော့ လာကူရကောင်းမှန်းလည်း မသိဘူး။ ငါ့သားကလည်း သူ့ကို အလုပ်ရှာပေးချင်နေသေးတယ်၊ တကယ်တော့ လျစ်လျူရှုထားလိုက်ရမှာ.."
ရှီကျန့်ရှန်းသည် စိတ်ထဲ၌သာ ဆဲဆိုနေသော်လည်း အပြင်ကိုမူ မကောင်းသတင်း ထွက်မသွားစေရန် ထိန်းထား၏။ မိသားစုအရှုပ်အထွေးဆိုသည်မှာ လူကြားထဲ ချပြရမည့် အရာမဟုတ်ပေ။
အဘွားကြီးကျောက်မှာ နှုတ်ခမ်းမဲ့ကာ ကြည့်နေလေသည်။
သို့သော်လည်း လူဆိုသည်မှာ ပြောရင်းဆိုရင်းနှင့်ပင် ရောက်လာတတ်စမြဲတည်း။ သူမ စကားဆုံးသည်နှင့် ရွှီမိသားစု သားကြီးနှင့် ဇနီးဖြစ်သူတို့ ရောက်ရှိလာကြသည်။ ရွှီမိသားစု သားကြီးသည်လည်း စက်ရုံတွင် အလုပ်လုပ်သူဖြစ်ပြီး ယခင်၌ ဤဝင်းအတွင်း၌ပင် နေထိုင်ခဲ့သူ ဖြစ်၏။ လွန်ခဲ့သော ဆယ်စုနှစ်ကျော်က အဘွားကြီးကျောက် မိသားစုထံမှ အလုပ်နေရာကို ဝယ်ယူခဲ့ပြီးနောက် စက်ရုံတွင် အလုပ်လုပ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
ယခုအခါ သူသည် ကိုယ်ပိုင်တိုက်ခန်းနှင့် နေထိုင်နေပြီဖြစ်ပြီး ဤဝင်းနှင့် သိပ်မဝေးလှဘဲ လမ်းသုံးလမ်းခန့်သာ ကွာဝေး၏။သို့သော် လွန်ခဲ့သော ခြောက်လခန့်အတွင်း သူ ဤဘက်သို့ သိပ်မလာဖြစ်ပေ။ စက်ရုံသည် သူ့ကို ကျေးလက်ဘက်ရှိ ဆောက်လုပ်ရေးစီမံကိန်းများသို့ အကူအညီပေးရန် စေလွှတ်ထားသဖြင့် နှစ်လ သုံးလမှ တစ်ကြိမ်သာ ပေကျင်းသို့ ပြန်လာနိုင်သည်။ မည်သို့ပင်ဖြစ်စေ မေဒေးအားလပ်ရက် မတိုင်မီ၌ သူ ပြန်ရောက်လာတတ်စမြဲပင်။
နယ်ဘက်သို့ အကူအညီသွားပေးခြင်းကြောင့် သူ ပြန်လာသည့်အခါ ဒုတိယအလုပ်သမားခေါင်းဆောင်အဖြစ် တိုက်ရိုက် ရာထူးတိုးမည်ဟု သတင်းများ ထွက်နေ၏။ ထိုကဲ့သို့ အခွင့်အရေးမျိုးသာ မရှိပါက လူအများစုမှာ အခြားဒေသသို့ သွားရောက်လုပ်ကိုင်ရန် ဆန္ဒမရှိကြပေ။ သူ၏ ဇနီးမှာ အလုပ်မလုပ်ဘဲ အိမ်မှာပင် ကလေးသုံးယောက်ကို ပြုစုစောင့်ရှောက်နေသူ ဖြစ်သည်။
"အဘွား... အဘွား... မြေးတို့ ပြန်ရောက်ပြီ.."
ရွှီသားအကြီးဆုံးတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက် ရှိ၏။ အကြီးဆုံးမြေးယောကျာ်းလေးကို မွေးပေးထားသဖြင့် ရွှီကောင်းမင်မှာ သူ၏ချွေးမအပေါ် အတော်လေး အလေးထားပြီး ရှီကျန့်ရှန်းနှင့် ဆက်ဆံပုံခြင်း မတူပေ။ သို့သော် ရှီကျန့်ရှန်းမှာလည်း မြေးများကို မြင်လိုက်ရသောအခါ အလွန်ပင် ဝမ်းသာသွားပြီး
"အို... ငါ့မြေးလေးတွေ ပြန်ရောက်ပြီပဲ.. အဘွားမှာ မြေးတို့ကို လွမ်းနေတာ.."
"အဘွား... မြေးအတွက် စားစရာကောင်းကောင်းတွေ ချန်ထားရဲ့လား.."
"ချန်ထားတာပေါ့ မြေးရယ်။"
ရွှီမိသားစု၏ သားကြီးဖြစ်သူမှာ ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားပြီး မိခင်ဖြစ်သူကို နှုတ်ဆက်ကာ အမျိုးသားများဝိုင်းတွင် ဝင်ထိုင်လိုက်သည်။ သူသည် မကြာမီ လူကြီးပိုင်းတစ်ယောက် ဖြစ်တော့မည်ဖြစ်ရာ လေသံမှာ အနည်းငယ် မာနဖြင့် ဝင့်ကြွားနေ၏။
"ခေါင်းဆောင်ရွှီ... ဒီစီမံကိန်းပြီးရင် နယ်ကို ပြန်သွားရဦးမှာလား.."
သူသည် ခေါင်းယမ်းလိုက်ပြီး
"မလိုတော့ပါဘူး၊ သွားစရာ မလိုတော့ဘူး။ ဒီတစ်ခေါက် အကူအညီပေးတာ အောင်မြင်ခဲ့တယ်။ နောက်ပိုင်းကျရင် သူတို့ဘာသာသူတို့ လုပ်နိုင်သွားကြပါပြီ။ နောက်ပြီး ကျွန်တော်တို့က ပေကျင်းသားတွေဆိုတော့ တစ်သက်လုံး အဲဒီမှာပဲ နေလို့မဖြစ်ဘူးလေ။ ဒါပေမဲ့ ဒီတစ်ခေါက် နယ်သွားရတာ ကျွန်တော့် အတွက်တော့ ခံစားချက်တွေ အများကြီးပဲ။ အိမ်နဲ့ဝေးနေတဲ့အချိန်မှာ ကျွန်တော် အမြဲတမ်း တွေးနေတာက..."
သူသည် သူ၏ အတွေးအခေါ်များကို တတွတ်တွတ်နှင့် အရှည်ကြီး ပြောနေလေတော့သည်။
အဘွားကြီးကျောက် ခေါင်းကို ခါယမ်းရင်း
"ဒီလူကတော့ အနှစ်မပါတဲ့ စကားတွေနဲ့ ဟန်ကြီးပန်ကြီး လုပ်နေတာပဲ"
ရွှီမိသားစု၏ ချွေးမကြီးသည်ကား တကယ့်ကို နှုတ်ချိုသူဖြစ်၏။ ယောက္ခမဖြစ်သူအား အမေ၊ အမေဖြင့် မချတမ်းခေါ်ဝေါ်နေပြီး သူမသစ္စာရှိမှုကို အမြဲပြလေ့ရှိသော်လည်း ထမင်းစားချိန်ကျမှ ကွက်တိရောက်လာပုံကို ကြည့်
လျှင် သူမ၏ လက်တွေ့လုပ်ရပ်မှာ ပါးစပ်မှ တဖွဖွပြောနေသည့် မိဘကိုသိတတ်မှုနှင့် ထပ်တူမကျဖြစ်
နေသည်မှာ သိသာလှ၏။
ဒါတောင်မှ သူမကိုယ်သူမ အတော်လေး အလုပ်အကျွေးပြုတယ်လို့ ထင်နေသေးတာ....
ဆိုရသော် ဒုတိယသား မိသားစုလေးယောက်မှာ ယခုအထိ အမြီးပင် မမြင်ရသေး၍ ဖြစ်၏။
"အလို... မေမေရယ်၊ တကယ့်ကို လက်ဖွာတာပဲ.. ကြည့်စမ်းပါဦး၊ အသားတွေ ဒီလောက်အများကြီး.. သမီးတို့အိမ်မှာဆို ချွေတာလွန်းလို့ အသားဝယ်ဖို့တောင် မစဉ်းစားနိုင်ဘူး။ မေမေကတော့ တကယ့်ကို သဘောကောင်းတာပဲ"
ချွေးမကြီး မြှောက်ပင့်ပြောဆိုနေသော်ငြား စိတ်ထဲတွင် မကျေမနပ် ဖြစ်နေလေသည်။
"ယောက္ခမတွေတော့ ရူးကုန်ကြပြီထင်တယ်၊ အပိုအလုပ်တွေလုပ်ပြီး ဟိတ်ဟန်ထုတ်နေလိုက်တာ... ဆယ်ဝိုင်းတောင်တဲ့.. ဒါတွေအားလုံး ဘယ်လောက်ကုန်သွားမလဲ.. ဒီပိုက်ဆံတွေကို ငါတို့ကိုပေးလိုက်ရင် ပိုမကောင်းဘူးလား.. ဂေါ်ဖီထုပ်လေး ဘာလေးပဲ ကျွေးလည်း ရတာကို၊ ဘာလို့ အသားတွေအထိ လုပ်နေရတာလဲ.. နှမြောစရာကြီး.."
သူမသည် နှမြောတသဖြစ်လွန်း၍ ယောက္ခမများ၏ အပေါ်ယံဂုဏ်မက်မှုကို ခနဲ့တဲ့တဲ့ လေသံဖြင့် ကြိတ်ရေရွတ်နေမိခြင်းပင်။
အဘွားကြီးကျောက်မှာ ထိုတီးတိုးစကားကိုကြားပြီး နှုတ်ခမ်းကလေးမဲ့ကာ လှောင်ပြုံး ပြုံးလိုက်၏။
"ဟော... ဒုတိယလေးတို့ မိသားစုက ဘာလို့ အခုထိ ပြန်မလာသေးတာလဲ.. ကျွန်မရဲ့ ညီမလေးကတော့ အမြဲတမ်း ဒီလိုပဲ၊ အလုပ်အကိုင်ဆို ဝေးဝေးကရှောင်တယ်၊ စားဖို့ကျတော့ ပါးစပ်က အမြဲအဆင်သင့်ပဲ"
"ဟား.. ငါက စားဖို့ပဲ ပါးစပ်ရှိတာလား မမကြီးရဲ့.. မမကြီးလည်း အဖေနဲ့အမေအတွက် ဘာမှ ယူလာပေးတာ မတွေ့မိပါဘူး။ ကိုယ်ကျိုးပဲကြည့်တတ်ပြီး သူများကြားထဲ ရန်တိုက်ပေးဖို့ကတော့ တကယ့်ကို ဆရာကျတာပဲ.."
ပြောရင်း ဒုတိယချွေးမမိသားစု ရောက်လာကြသာ်။ ရွှီမိသားစု၏ ဒုတိယချွေးသည်လည်း အလျှော့ပေးမယ့်သူ မဟုတ်ချေ။ ရောက်ရောက်ချင်းမှာပင် သူမအကြောင်း အတင်းပြောနေသည့် ချွေးမကြီးဖြစ်သူကို ချက်ချင်း ပြန်ပက်လိုက်၏။
အဘွားကြီးကျောက် ထိုအဖြစ်ကို အားရပါးရ ကြည့်နေပြီး
"အမလေး... ကွာစေ့လေး ဘာလေးသာ ရှိရင်တော့ ရှယ်ပဲ"
ရွှီမိသားစု၏ ဇာတ်လမ်းများသည် တကယ့်ကို ကြည့်ကောင်းလွန်း၍ သူမမှာ အလကားရသည့် ဇာတ်ပွဲကြည့်နေရသည့်နှယ် သဘောအကျကြီး ကျနေလေသည်။ သို့သော် ချွေးမနှစ်ယောက်မှာ အကြာကြီး အငြင်းမပွါးလိုက်ကြရပေ။ ရှီကျန့်ရှန်း ချက်ချင်းပင် ကြားဝင်ငေါက်လိုက်ကာ
"ဘာတွေလုပ်နေကြတာလဲ.. အားလုံးက မိသားစုဝင်တွေပဲဥစ္စာ၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေကြနဲ့။ သူများတွေကြားရင် ရှက်စရာကြီး။ တို့မိသားစုက စည်းစည်းလုံးလုံး ရှိရမယ်။ ညည်းတို့နှစ်ယောက်က စကားပြောတာ အားမနာတတ်ကြလို့ တခြားလူတွေက ညည်းတို့ ရန်ဖြစ်နေတယ်လို့ အထင်မှားကုန်ဦးမယ်။ နောက်နေတာ တော်ကြတော့၊ အမေ သိပါတယ် ညည်းတို့ စနောက်နေကြတာမှန်း"
ချွေးမနှစ်ယောက်စလုံး အောင့်သက်သက်နှင့် ပြုံးပြလိုက်ကြပြီး ထပ်မပြောတော့ပေ။ သူတို့နှစ်ယောက်စလုံးသည် ယောက္ခထီးဖြစ်သူကို ဖားယားမြှောက်ပင့်နေကြ၏။
ယောက္ခထီးဖြစ်သူက တစ်လကို ယွမ်ကိုးဆယ်ကျော် ဝင်ငွေရှိတာကိုး။ ဘယ်ချွေးမကများ ဒါကို မျက်ကွယ်ပြုရဲမှာလဲ..
သူတို့နှစ်ယောက် ရန်မဖြစ်တော့သည်ကို မြင်ရသောအခါ အဘွားကြီးကျောက် တော်တော်လေး စိတ်ပျက်သွားလေသည်။
"ပွဲကြည့်ရတာ တကယ် မလွယ်ပါလား"
သူမ ညည်းတွားလိုက်၏။
သို့သော် သူမ ခေါင်းအလှည့်မှာတော့... ဟင်..
အဘွားကြီးကျောက် တစ်ယောက် လန့်သွားပြီး ရင်ဘတ်ကို ဖိကာ "အဲဒီကောင်လေး ဘာလုပ်နေတာလဲ.." လို့ တိုးတိုးလေး ရေရွတ်မိ၏။
တခြားသူပေ…ရှီရှောင်ဝေသာတည်း။ ရှီရှောင်ဝေသည် ကိုယ့်အိမ်ပြတင်းပေါက်မှာ ကပ်ပြီး ရွှီမိသားစု တတိယသား၏ အခန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေလေသည်။ သူ့မျက်လုံးများမှာ မှောင်မှိုင်နေပြီး မကျေနပ်ချက်များ ပြည့်နေ၍ ကြည့်ရသည်မှာ တော်တော်လေးကို ကြောက်စရာ ကောင်းနေ၏။
သောက်ကျိုးနည်း.. ရုပ်ရှင်တွေထဲက ဗီလိန်ကြီးအတိုင်းပဲ..
ဘုရားရေ.. တကယ်ကို ဗီလိန် ဟွမ်ရှီးရန်ရဲ့ ရုပ်အတိုင်းပဲ..
ကြောက်စရာကြီး....
အဘွားကြီးကျောက် မှတ်ချက်ချလိုက်မိသည်။
"ဒီကောင်လေးဆီကနေ ရွှီအငယ်ကောင် ဘာတွေများ လုယူသွားလို့ပါလိမ့်"
အဘွားကြီးကျောက်မှာ တွေးတောမိနေ၏။ ရှီရှောင်ဝေတစ်ယောက် ရူးမတတ် ဖြစ်နေပုံရသည်။
ယွမ်ဟောက်ရွှယ် တစ်ယောက်လုံး ရှေ့တင်ရှိနေတာတောင် သူမကို ဖားဖို့ စိတ်မကူးနိုင်ဘဲ ဖြစ်နေတယ်....
ထို့နောက် အဘွားကြီးကျောက် ယွမ်ဟောက်ရွှယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ယွမ်မောင်နှမ လေးယောက်စလုံး ရှိနေသည်ကို တွေ့ရသည်။ ယွမ်ဟောက်ဖုန်းလည်း မေဒေးအားလပ်ရက်အတွက် ပြန်ရောက်နေပြီဖြစ်ရာ ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့သည် သူတို့အစ်ကိုနားတွင် ဝိုင်းနေကြ၏။ ယွမ်ရှောင်ချွေ့မှာလည်း ထိုနည်းတူပင်။ သို့သော် ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့၏ သဘာဝကျသော အမူအရာနှင့် ယှဉ်လျှင် ရှောင်ချွေမှာ သူမအစ်ကိုကို အတင်းအကျပ် ဖားနေရသည့်နှယ် ဖြစ်နေသည်။
ထိုစဉ် ယွမ်ဟောက်ဖုန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း
"ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကို မတွေ့ပါလား"
သူသည် ချန်ချင်းယွီ အမည်ကို တမင်ရှောင်ပြောသွားခြင်း ဖြစ်၏။ လူပျိုလူလွတ် အမျိုးသားတစ်ယောက်အနေဖြင့် မုဆိုးမတစ်ဦးအကြောင်း ထုတ်ပြောလျှင် သူ့အတွက် အကောင်းဖြစ်လာမည် မဟုတ်ပေ။
ဒုတိယဝင်းတွင် ဟင်းနံ့များ အမွှေးဆုံးဖြစ်နေသည်။ ကလေးများအားလုံး စုနေကြပြီး မည်သူမှ မပြန်ကြဘဲ ထမင်းစားဖို့ စောင့်နေကြ၏။ သို့သော် ထိုကလေးများကြားတွင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမ မပါဝင်ပေ။
"သူတို့က ဒီမနက်တင် အစ်မချန်နဲ့အတူ ငါးမျှားထွက်သွားကြတယ်"
ဟောက်ရွှယ် သူမအစ်ကိုကို မကျေမနပ် ကြည့်ရင်း ပြောလိုက်သည်။ သူမသည် အစ်ကိုဖြစ်သူ ချန်ချင်းယွီနှင့် နီးစပ်သည်ကို သဘောမကျကာ၊ ထိုသို့ နီးစပ်ခြင်းမှာ အဘယ်မှာများ အကျိုးထူးမည်နည်းဟု တွေးနေမိ၏။
ယွမ်ဟောက်ဖုန်း၏ စိတ်ထဲမှ အကြံကို မသိရှာသော ယွမ်ရှောင်ချွေမှာ နှုတ်ခမ်းကလေး စူလိုက်ရင်း
"ဒါတွေအားလုံး ဟိုအဘွားကြီးက အကျိုးအကြောင်း မရှိလို့ပေါ့။ ကြည့်စမ်း... အဲဒီလောက် စိတ်ပုပ်တဲ့ ယောက္ခမမျိုး၊ လူကို နွားလို ခိုင်းနေတာ။ ကျွန်မအထင်တော့ အိမ်ထောင်ပြုမယ်ဆိုရင် စိတ်ကူးပေါက်တိုင်း ဇွတ်မလုပ်သင့်ဘူး၊ မဟုတ်ရင် တစ်ဘဝလုံး ပျက်စီးသွားလိမ့်မယ်။ ဝက်ဝယ်မယ်ဆိုရင်တောင် ဝက်ခြံကို အရင်ကြည့်ရသေးတာပဲ။ အိမ်မှာ အဲဒီလို ယောက္ခမဆိုးကြီး ရှိနေရင်တော့ ပြီးပြီသာမှတ်တော့"
ဟောက်ရွှယ်မှာ "ရှောင်ချွေ..." ဟု လှမ်းတားလိုက်သည်။
သူမ ရှောင်ချွေကို ငေါက်လိုက်ရင်း
"အဲဒီလိုတွေ မပြောစမ်းနဲ့။ သူကြားသွားလို့ကတော့ နင့်ကို ဒုက္ခပေးလိမ့်မယ်။ အိမ်ထဲမှာ ပြောတာကတော့ ဘာမှမဖြစ်ပေမဲ့ အပြင်မှာတော့ ဒါမျိုးတွေ မပြောနဲ့။ သူ့အကြောင်း နင်တို့လည်း သိသားပဲ၊ တကယ့်ကို ပက်စက်တဲ့ မိန်းမကြီး။ တို့မိသားစု တစ်စုလုံး ဝိုင်းတိုက်ရင်တောင် သူ့ကို နိုင်ပါ့မလားမသိဘူး။ တို့က ပညာတတ်တွေဆိုတော့ ရန်ဖြစ်ရတာကို ဝါသနာမပါဘူး၊ ရှက်စရာကြီး"
"ငါကတော့ သူ့ကို မကြောက်ပါဘူး"
ရှောင်ချွေ ပြန်ပြောသော်လည်း သူမ၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ် အနည်းငယ် ရှိနေ၏။ တကယ်မကြောက်ခြင်း မဟုတ်ဘဲ ဟန်လုပ်ပြောနေခြင်းသာတည်း။
ဟောက်ရွှယ် : "နင် စိတ်အေးအေးထားစမ်းပါ"
ရှောင်ချွေ: "မကြောက်ပါဘူးဆို။ သူ့ကိုကြည့်ဦး၊ ဘယ်လိုမှ လူကောင်းမဟုတ်တာ သိသာနေတာပဲ"
"ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တည့်တည့်ကြီး ပြောဖို့ကျတော့လည်း မကောင်းဘူးလေ"
သူတို့ စကားပြောနေစဉ် လီလင်းလင်း ရှက်ကိုးရှက်ကန်းနှင့် လျှောက်လာသည်။ သူမသည် ယွမ်ဟောက်ဖုန်းကို မော့ကြည့်ရင်း
"အစ်ကိုဟောက်ဖုန်း... ဘယ်တုန်းက ပြန်ရောက်တာလဲ"
ယွမ်ဟောက်ဖုန်း: "မနေ့ညကပဲ၊ ပြန်ရောက်တာ နည်းနည်းနောက်ကျသွားတော့ ဝင်းထဲကလူတွေ အိပ်ကုန်ကြပြီ"
"ညကြီးမင်းကြီး တစ်ယောက်တည်း ပြန်လာတာလား.. အန္တရာယ် များလိုက်တာ"
လီလင်းလင်း စိုးရိမ်တကြီး ပြောရှာ၏။
ယွမ်ရှောင်ချွေ မျက်စောင်းထိုးလိုက်ရင်း ခနဲ့လိုက်ကာ
"ငါ့အစ်ကိုက အဲဒါတွေကို ကြောက်ပါ့မလား.. နင်က လူကို အထင်သေးမနေနဲ့… ငါအစ်ကိုက တကယ့်ကို တော်တဲ့လူ"
သူမသည် လီလင်းလင်းကို သံသယအပြည့်ဖြင့် စိုက်ကြည့်နေပြီး
"ဒီကောင်မကတော့ ငါ့အစ်ကိုကို မျက်စိကျနေပြီ ထင်တယ်" ဟု တွေးကာ ချက်ချင်းပင် သတိထားလိုက်သည်။
လီလင်းလင်းဆိုတာ ဘယ်လိုလူစားမျိုးလဲ..
အစက ရှီရှောင်ဝေကို မျက်စိကျနေပြီးတော့ အခု သူက ဂရုမစိုက်တော့မှ ငါ့အစ်ကိုဆီ ပြောင်းလာတာလား..
ငါ့အစ်ကိုက အမှိုက်ကောက်တဲ့လူ မဟုတ်ဘူး။ ရှီရှောင်ဝေတောင် အထင်မကြီးတဲ့ လူမျိုးကို ငါ့အစ်ကိုလို လူကုံထံတစ်ယောက်က ဘာလို့ ပြန်ကြည့်ရမှာလဲ....
ယွမ်ရှောင်ချွေမှာ လီလင်းလင်းကို တကယ့်ကို အထင်သေးနေမိလေသည်။
ရှောင်ချွေသည် လီလင်းလင်း၏ အမြဲတမ်း ကြောက်ကြောက်ရွံ့ရွံ့နှင့် သနားစဖွယ် လုပ်ပြတတ်သော အမူအရာကို တကယ်ကို ကြည့်မရပေ။
တစ်ဦးတည်းသော သမီးဖြစ်ပါလျက်နဲ့ ဘာလို့ အမြဲတမ်း အားကိုးရာမဲ့သလို လုပ်ပြနေရတာလဲ၊ ဘယ်သူ့ကို ဖားချင်လို့လဲ....
သူတို့နှစ်ဦးစလုံးမှာ အထက်တန်း မအောင်ကြသူများ ဖြစ်ကြပြီး အသက်ချင်းတူကာ ဝင်းတစ်ခုတည်းတွင် ကြီးပြင်းလာသူများ ဖြစ်သဖြင့် အမြဲတမ်း အပြိုင်အဆိုင် ဖြစ်နေကြစမြဲတည်း။ ယွမ်ရှောင်ချွေသည် လီလင်းလင်းအပေါ် အနည်းငယ် မနာလိုစိတ် ရှိနေ၍ သူမကို အမြဲတမ်း ပစ်မှတ်ထား တိုက်ခိုက်ချင်နေခြင်း ဖြစ်သည်။
ထို့ပြင် သူမ၏ အစ်မဖြစ်သူ ဟောက်ရွှယ်သည်လည်း ထုတ်မပြောသော်ငြား လီလင်းလင်းကို အထင်သေးနေမှန်း ရှောင်ချွေ သိနေ၏။ ညီအစ်မချင်းဖြစ်၍ စိတ်ချင်း တူနေကြသည်သာ။ ယခုအခါ လီလင်းလင်း သူမ၏ အစ်ကိုဖြစ်သူနှင့် နီးစပ်အောင် ကြိုးစားနေသည်ကို မြင်ရသောအခါ သူမ ပို၍ပင် မကျေမနပ် ဖြစ်သွားရသည်။
"နင်က ဘာလို့ ရှီရှောင်ဝေကို သွားမရှာတော့တာလဲ.. နင်တို့နှစ်ယောက်က အချင်းချင်း သဘောကျနေတဲ့သူတွေ မဟုတ်ဘူးလား"
လီလင်းလင်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။ သူမ ယွမ်ဟောက်ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ချက်ချင်း ဖြေရှင်းချက် ထုတ်လိုက်၏။
"ရှောင်ဝေနဲ့ ငါက သာမန်အိမ်နီးချင်းတွေပါပဲ။ ငါက လူတိုင်းအပေါ် တူတူပါပဲ။ အတူတူ ကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေဆိုတော့ မောင်နှမတွေလို ခင်ကြတာပေါ့။ ဒါပေမဲ့ ချစ်သူရည်စား ခံစားချက်မျိုးတော့ လုံးဝမရှိပါဘူး"
ယခုရက်ပိုင်းအတွင်း သူမသည် မိခင်ဖြစ်သူ၏ ဆုံးမစကားများကို နားထောင်ပြီးနောက် မိခင်ပြောသည်မှာ မှန်သည်ဟု ပို၍ ခံစားလာရသည်။ အိမ်ထောင်ရေးဆိုသည်မှာ စားဝတ်နေရေး ဖူလုံမှုနှင့် ဘဝလုံခြုံမှုအပေါ်တွင် မူတည်၏။ ရှီရှောင်ဝေနှင့် လက်ထပ်ပြီး ဆင်းရဲဒုက္ခ ခံရမည်ဆိုလျှင် သူမ မခံစားနိုင်ပေ။ ယခုမှာ ၆၀ ပြည့်လွန်နှစ်များ မဟုတ်တော့၍ ကျေးလက်သို့ အလုပ်ဆင်းရခြင်းမှာ မည်မျှ ပင်ပန်းသည်ကို လူတိုင်း သိကြသည်။ ရှီရှောင်ဝေမှာ ကျေးလက်သို့ သေချာပေါက် သွားရတော့မည်ဆိုလျှင် လီလင်းလင်းအနေဖြင့် အချစ်နောက်ကို လိုက်မည်ဟု မပြောရဲပေ။ သူမတွင် မာမိသားစုမှ ဒုတိယသမီးကဲ့သို့ သတ္တိမျိုးလည်း မရှိပေ။ တစ်ဖက်တွင်လည်း ဟောက်ဖုန်းသည် ရုပ်ရည်ချောမောသည့်အပြင် အလုပ်အကိုင် ကောင်းကောင်းလည်း ရှိသည်။ ဒေါ်လေးကျောက်ရုံသည်လည်း ကြင်နာတတ်ပြီး၊ ဦးလေးယွမ်မှာ နာမည်ပျက် အနည်းငယ် ရှိသော်လည်း ပညာတတ်တစ်ဦး ဖြစ်၍ တခြားယောကျ်ားများကဲ့သို့ ပေါက်ကရ မပြောဘဲ အမြဲတမ်း ဖော်ဖော်ရွေရွေ ရှိလှ၏။
အကယ်၍သာ ဤကဲ့သို့သော မိသားစုထဲသို့ လက်ထပ်ဝင်ခွင့် ရခဲ့မည်ဆိုလျှင် သူမ မိဘအိမ်နှင့်လည်း နီးသဖြင့် နစ်နာစရာ မရှိပေ။
လီလင်းလင်း မော့ကြည့်လိုက်ပြီး ဖိတ်ခေါ်စကားဆိုလိုက်က
"အစ်ကိုဟောက်ဖုန်း... ဟိုဘက်ကို လာပြီး လက်ဖက်ရည် သောက်ပါဦးလား၊ ကျွန်မတို့မိဘတွေလည်း စကားပြောနေကြတယ်"
ယွမ်ဟောက်ဖုန်း ဖော်ရွေစွာ ပြုံးပြရင်း
"ကောင်းပြီလေ၊ ညီမလေး အခုတလော ဘယ်လိုလဲ.. ဈေးဘက်မှာ အလုပ်သွားရှာသေးလား"
လီလင်းလင်း ခေါင်းငြိမ့်ပြသော်လည်း သက်ပြင်းချကာ ညည်းတွားပြလိုက်သည်။
"အလုပ်ရှာရတာ ခက်လိုက်တာ အစ်ကိုရယ်၊ လူတွေက များပြီး နေရာက မရှိသလောက်ပါပဲ"
အမြဲတမ်းအလုပ် မဆိုထားနှင့်၊ ယာယီအရံအလုပ် နေရာပင် မရှိပေ။ ရပ်ကွက်ထဲရှိ လူငယ်တွေအားလုံးသည် အဒေါ်ကြီးမေ့တို့ကဲ့သို့ ဆင်းရဲသည့် မိသားစုများ၏ ရသလောက် အလုပ်များကိုပင် လုနေကြရ၍ သူမတို့လို မိသားစုအတွက်မူ အခွင့်အရေး နည်းလွန်းလှ၏။
ယွမ်ဟောက်ဖုန်း အားပေးလိုက်ပြီး
"အေးအေးဆေးဆေးပေါ့ ညီမလေးရာ၊ ဘာမှတတ်နိုင်တာ မဟုတ်ဘူး၊ အခုချိန်မှာ အလုပ်အကိုင်က တကယ်ကို ရှားနေတာကိုး"
လီလင်းလင်းလည်း နှုတ်ခမ်းကလေးကို ကိုက်ကာ ခေါင်းငြိမ့်ပြလိုက်၏။
"အစ်ကို... ရပ်ကွက်ကော်မတီက လူတွေရဲ့ အမူအရာက ဘယ်လောက် ဆိုးသလဲဆိုတာ အစ်ကို မသိလို့ပါ။ ညီမ အလုပ်သွားရှာတော့ 'မရှိမဖြစ် မဟုတ်ရင် မလာပါနဲ့' တဲ့၊ တကယ်ကို လွန်လွန်းပါတယ်။ ဟွန်း... သူတို့က စာရေးစာချီလေးအဆင့် ဖြစ်ပြီးတော့များ။ ရယ်စရာကြီး၊ ဘယ်လိုတောင် မာန်တက်နေကြသလဲ မသိဘူး"
ရှောင်ချွေ ဝုန်းခနဲ ဝင်ပြောလိုက်၍
ဟောက်ဖုန်း အမြန်ပင် တားမြစ်လိုက်ကာ
"လျှောက်မပြောပါနဲ့ ညီမလေးရာ၊ လူတိုင်းကလည်း အလုပ်ရဖို့ ကြိုးစားနေကြတာပဲ။ သူတို့မှာလည်း အခက်အခဲတွေ ရှိမှာပေါ့"
"ဟွန်း.."
ရှောင်ချွေ မကျေမနပ် နှာမှုတ်လိုက်လေသည်။
ဟောက်ရွှယ် : "အစ်ကို... ထမင်းစားဖို့ အချိန်ရသေးတယ် ထင်တယ်၊ ညီမကို စာလေး နည်းနည်း ကူသင်ပေးပါဦးလား"
"ရတာပေါ့"
ယွမ်ဟောက်ဖုန်း လိုလိုလားလားပင် ပြန်ဖြေလိုက်လေသည်။
ယွမ်ဟောက်ရွှယ်သည် သူမ၏အစ်ကိုကို လီလင်းလင်းနှင့် အဆက်အဆံမလုပ်မိစေရန် သိမ်မွေ့စွာပင် ခေါ်ဆောင်သွားခဲ့၏။သူမသည် လီလင်းလင်းကို အထင်သေးပြီး မိမိအစ်ကိုနှင့် မတန်ဟု ယူဆထားသည်။ သို့သော် ဟောက်ရွှယ်သည် ရှောင်ချွေကဲ့သို့ သူမ၏မနှစ်မြို့မှုကို အထင်အရှားမပြဘဲ အလိမ္မာသုံး၍သာ ဆွဲခေါ်သွားခြင်းဖြစ်၏။
သူမသည် လီလင်းလင်းနှင့် အဝေးသို့ ခေါ်ထုတ်သွားလေသည်။
လီလင်းလင်းမှာမူ အစ်ကိုယွမ်နှင့် စကားကောင်းကောင်းပြောနေရသည်ဟု ထင်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေဆဲဖြစ်ပြီးကြောင်တောင်တောင် ဖြစ်ကျန်ခဲ့၏။ ရှောင်ချွေ နှာခေါင်းရှုံ့ကာ မျက်စောင်းထိုးလိုက်ပြီး "ငါတို့လည်း သွားကြရအောင်" ဟု ပြောကာ ဟောက်ယွဲ့ကို တွန်းထုတ်လိုက်သည်။
ဟောက်ယွဲ့သည် ဆယ်နှစ်အရွယ် ကလေးသာသာလေးမျှသာ ဖြစ်သောကြောင့် ထိုသို့သော သိမ်မွေ့သည့် အကွက်ဆင်မှုများကို နားမလည်ဘဲ "အင်း" ဟုသာ ပြန်ပြောကာ သူတို့နောက်သို့ လိုက်သွားလေ၏။
လီလင်းလင်းမှာ ယွမ်ရှောင်ချွေ၏ ရိုင်းစိုင်းသော အမူအရာကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အလွန်အမင်း မခံမရပ်နိုင်ဖြစ်နေရသည်။
ယွမ်ရှောင်ချွေ ကိုယ့်ကိုယ်ကို ဘယ်သူမှတ်နေတာလဲ..
တရားမဝင်မွေးထားတဲ့ သမီးတစ်ယောက်ဖြစ်ပါလျက်နဲ့ လာပြီး မာန်တက်ပြနေလိုက်တာ..
မဆီလျော်လိုက်တာ..
အဘွားကြီးကျောက် ဤအခြေအနေအားလုံးကို စောင့်ကြည့်နေခဲ့၏။
ထိုစုတ်ဖွားမလေး ယွမ်ရှောင်ချွေသူမအကြောင်း မကောင်းပြောနေသည်ကို ကြားသော်လည်း ယခုတစ်ကြိမ်တွင်မူ ပြဿနာမရှာခဲ့ပေ။ သူမသည် အသိတရားရှိလွန်း၍ မဟုတ်ဘဲ ယွမ်ရှောင်ချွေကို ဆဲဆိုမနေချင်ရုံမျှသာ ဖြစ်သည်။
နောက်ထပ် လအနည်းငယ်ကြာ၍ သူတို့ ကျေးလက်သို့ ဆင်းသွားကြသည့်အခါ ထိုမိန်းကလေး ဒုက္ခရောက်ပေတော့မည်။ ကျောက်ရုံဆိုသည်မှာ အလွယ်တကူ အလျော့ပေးမည့် လူစားမျိုးမဟုတ်ပေ။
ဟွန်း.. ငါ ကျောက်တာ့ရာက အဲ့ခွေးမလေး ယွမ်ရှောင်ချွေ ကျေးလက်မှာ ဒုက္ခရောက်မယ့်အချိန်ကို စောင့်ကြည့်နေဦးမယ်..
ပြီးတော့ ယွမ်ဟောက်ရွှယ်... ဟွန်း၊ အဲ့မြေခွေးမလေးလည်း ကျေးလက်ဆင်းရဦးမှာပဲလေ..
သူမသည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ရှီရှောင်ဝေဘက်သို့ တစ်ချက်ပြန်ကြည့်လိုက်သည်။ ရှီရှောင်ဝေမှာ ရွှီမိသားစုအိမ်ကို စိုက်ကြည့်နေဆဲပင်။ အဘွားကြီးကျောက် ပခုံးတွန့်လိုက်ရင်း အကြီးအကျယ် သိချင်နေမိ၏။
‘ဒီကောင်လေးကြည့်ရတာ တစ်ချိန်ချိန်မှာ အိမ်ထဲဝင်ခိုးမယ့်ပုံပဲ၊ တောက်... သူတို့ ဘာတွေများ ခိုးထားကြလို့ပါလိမ့်’
လီလင်းလင်းလည်း ရှီရှောင်ဝေရှိရာဘက်ကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်ကာ သူမ၏မိခင် လင်စန်းရှင်းရှိရာဘက်သို့ ပြန်သွားခဲ့သည်။ လင်စန်းရှင်းမှာ မီးဖိုချောင်ထဲတွင် ကူညီပေးနေပြီး ထိုထဲ၌ ဆီပူထိုးသံ၊ ဟင်းချက်သံများဖြင့် တောမီးလောင်သကဲ့သို့ ဆူညံကာ အသက်ဝင်နေ၏။ ဝင်းထဲရှိ လူတိုင်းမှာလည်း စိတ်လှုပ်ရှား ပျော်ရွှင်နေကြပြီး ရွှီကောင်းမင် ဒကာခံကျွေးမွေးခြင်းဖြစ်သောကြောင့် သူ့ကို ဖားနေကြသူများလည်း မနည်းလှပေ။
ဘာမှမပေးရဘဲ အလကားစားရမှာလေ..
ဘယ်သူကမိုက်မဲပြီး မမြှောက်ပင့် ဘဲ နေမှာလဲ....
မာကျန့်ယီမှာ ဝင်းထဲတွင် စီမံခန့်ခွဲသူဖြစ်ပြီး စက်ရုံတွင်လည်း ခေါင်းဆောင်ပိုင်း ဖြစ်သော်လည်း သူသည် ထိုကဲ့သို့သော လူစုလူဝေးပွဲများတွင် စိတ်အားထက်သန်တတ်သူ တစ်ယောက်မဟုတ်ပေ။ အခြားတစ်ဖက်တွင်မူ ဝမ်ကျန့်ကော်တစ်ယောက် လူအများ ဝိုင်းဝိုင်းလည်နေခြင်းကို ခံနေရသည်။
အခြားအကြောင်းကြောင့်မဟုတ်ဘဲ ဝမ်ကျန့်ကော်မှာ ဝယ်ယူရေးဌာနတွင် အလုပ်လုပ်ကိုင်နေပြီး အမြဲတမ်း ခရီးသွားနေရသူဖြစ်၍ ဒေသတွင်းနှင့် ပတ်ဝန်းကျင်သတင်းများကို နှံ့နှံ့စပ်စပ် သိရှိနေသောကြောင့်ပင်။ အလုပ်ထဲတွင်သာ အချိန်ကုန်နေရသည့် သူတို့နှင့်ယှဉ်လျှင် ဝမ်ကျန့်ကော်၏ သတင်းကွန်ရက်မှာ ပို၍သာလွန်နေ၏။
"ကျန့်ကော်... ဒီနှစ် နယ်ဘက်မှာ ကောက်ပဲသီးနှံ ထွက်နှုန်း ဘယ်လိုရှိလဲ.."
နွေဦးရာသီသာ ရှိသေးသဖြင့် ပြောရန်စောလွန်းနေသေးသည်။ ဝင်းထဲရှိ လူတော်တော်များများမှာ လယ်ယာမလုပ်ဖူးကြသဖြင့် ထိုအကြောင်းကို သဘာဝကျကျပင် မသိနားမလည်ကြချေ။
ဝမ်ကျန့်ကော် : "ဒီနှစ် နွေဦးမိုးက ကောင်းတယ်။ နေရာတော်တော်များများမှာ မျိုးစေ့တွေကို မြေခြောက်ထဲ ချခဲ့ရပေမယ့်၊ တခြားမမျှော်လင့်ထားတဲ့ အခက်အခဲတွေ မရှိဘူးဆိုရင် ဒီနှစ်ဟာ ဆန်ရေစပါး ကောင်းမယ့်နှစ်လို့ ပြောလို့ရတယ်။ အကယ်၍ တစ်ယောက်ယောက်က ဆန်စပါး လိုအပ်နေတယ်ဆိုရင် နယ်က အမျိုးတွေနဲ့ လဲလှယ်ထားလို့ရတယ်။ အများအားဖြင့်တော့ အခုချိန်မှာ လူတွေက စတင်လဲလှယ်နေကြပြီ"
ရိက္ခာသိုလှောင်ထားသည့် အိမ်ထောင်စုအချို့မှာ ယခုနှစ် အခြေအနေကောင်းမည်ကို မြင်သောအခါ လက်ကျန်များကို တဖြည်းဖြည်းချင်း ထုတ်ရောင်းလာကြသည်။ နွေရာသီပြီးဆုံးသည်အထိ စောင့်ရန် မဝံ့ရဲကြပေ။ ထိုအချိန်အထိ စောင့်လျှင် ပို၍စိတ်ချရသော်လည်း ကောက်သစ်များ ပေါ်လာမည်ဖြစ်သဖြင့် လူတိုင်း ကောက်ဟောင်းများကို ဝိုင်းရောင်းကြလိမ့်မည်။ အများအပြား ရောင်းချလာလျှင် မှောင်ခိုဈေးကွက်တွင် ဈေးကျသွားနိုင်သဖြင့် မည်သူမှ အရှုံးမခံလိုကြပေ။ ထို့ကြောင့် မိမိတို့စိုက်ခင်းအခြေအနေကို ကောင်းကောင်းသိသည့် အတွေ့အကြုံရှိ လယ်သမားအချို့မှာ နွေဦးရာသီ ထွက်နှုန်းအခြေအနေကို ခန့်မှန်းမိသည်နှင့် လက်ကျန်ရိက္ခာများကို စတင်ထုတ်ရောင်းနေကြခြင်း ဖြစ်၏။
ဝမ်ကျန့်ကော် ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့် လူတိုင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ဤအကြောင်းမှာ အခြားသူများ နားမလည်သည့်အရာဖြစ်ရာ လူတိုင်းခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေကြ၏။ စားပွဲတွင် ထိုင်နေသော အဘွားကြီးကျောက်သည်လည်း ထိုစကားများကို နားထောင်ပြီး တိတ်တဆိတ် မှတ်သားထားလိုက်သည်။
ချန်ချင်းယွီမှာ အစားအသောက် အလွန်စားကြောင်း အဘွားကြီးကျောက် သိနေ၏။ ထို့ကြောင့် သူမသည် ပါးစပ်တစ်ပေါက်အတွက် အမြဲတမ်း အကောင်းဆုံး အစားအစာများကို ဝယ်တတ်သည်။ သူမနှင့် ချန်ချင်းယွီမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ ဖြစ်ကြရာ၊ ချန်ချင်းယွီအနေဖြင့် မိမိပုံရိပ်ကို ကာကွယ်ရန်နှင့် ပြဿနာများကို ဖြေရှင်းပေးရန် သူမကို လိုအပ်သည်။ တစ်ချိန်တည်းမှာပင် အဘွားကြီးကျောက်မှာလည်း ကလေး ပြုစုပျိုးထောင်ရန်နှင့် မိမိကို ထောက်ပံ့ပေးရန် ချန်ချင်းယွီကို လိုအပ်နေ၏။ နှစ်ဦးနှစ်ဖက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေကြရပြီး သို့မဟုတ်လျှင် သူမတို့နှစ်ဦးလုံး ဒုက္ခရောက်ပေလိမ့်မည်။
ဒီဝင်းထဲမှာတော့ ခွန်အားတစ်ခုတည်းနဲ့ မလုံလောက်ဘူး..
မင်းက ပါးနပ်ဖို့လည်း လိုတယ်၊ အားလုံးက မြေခွေးအိုကြီးတွေလို လည်ကြလွန်းတယ်..
ဒေါသထွက်စရာကြီးပဲ..
"ဒေါ်လေးကျောက်၊ ဘာတွေ ငေးနေတာလဲ.. လာပါဦး၊ ဝိုင်းကူကြစမ်းပါ၊ ဟင်းတွေ ချတော့မယ်။"
"ဒေါ်လေးကျောက်၊ စားပွဲပြင်တော့မယ်၊ ချွေးမကို သွားမခေါ်ဘူးလား.."
"ဟုတ်ပ၊ သွားခေါ်လိုက်ပါဦးလား။"
အဘွားကြီးကျောက် : "တောက်.. နင်တို့က မကောင်းကြံနေကြတာပဲ၊ ဘာလို့ သွားခေါ်ရမှာလဲ.. ငါ သူ့ကို သွားခေါ်နေတုန်း နင်တို့ အကုန်စားပစ်ကြမှာ မဟုတ်လား.. နင်တို့အကြောင်း ငါမသိဘူးများ မှတ်နေလား။ သူတို့သားအမိက မစားဖူးတာကြလို့ သွားခေါ်နေဖို့ မလိုဘူး.."
အဘွားကြီးဟွမ် ; "အို ဒါမျိုးကျတော့လည်း ကြွားလိုက်တာ.. တစ်လုပ်မှ လွတ်မှာမဟုတ်ဘူး ဟုတ်လား.. ဒီလောက် ကောင်းတဲ့ စားသောက်ပွဲမျိုး ဘယ်မှာ ရှာလို့ရမလဲဆိုတာ နင် မမြင်ဘူးလား.."
အဘွားကြီးကျောက် : "ငါ ဘာလုပ်လုပ် နင်နဲ့မဆိုင်ဘူး။ နင့်မြေးမလေးကိုသာ ကြည့်ထားစမ်းပါ၊ ဘယ်လောက်တောင် ငတ်ကြီးကျနေသလဲဆိုတာ။"
ကျန်းမုန့်မုန့်တစ်ယောက် မီးဖိုချောင်ပြတင်းပေါက်ကို မှီပြီး မီးဖိုပေါ်မှ အသားများကို စိုက်ကြည့်ရင်း သွားရည်ကျနေသည်။
သူမ သွားရည်များ စီးကျနေပုံမှာ တကယ့်ကို ခြောက်နှစ်အရွယ် ကလေးတစ်ယောက်နှင့်ပင် မတူတော့ချေ။
အဘွားကြီးဟွမ် ဂုဏ်ယူစွာဖြင့်
"ငါ့မြေးမလေးက တော်လွန်းလို့ ဘာက အရသာရှိလဲဆိုတာ သိတာပေါ့"
အဘွားကြီးကျောက် လှောင်ရယ်ရင်း
"ဟဟ.. နင်ကတော့ ကလေးကို ဘယ်လိုဆုံးမရမလဲဆိုတာ တကယ်ကို မသိတာပဲ။ ခြောက်နှစ်ဆိုတာ ကလေးမဟုတ်တော့ဘူး။ ငါ့အိမ်က သုံးနှစ်အရွယ်တောင် အဲ့လောက် သွားရည်မကျဘူး။ တကယ့်ကို ကြည့်မကောင်းလိုက်တာ။"
"နင်ကမှ ကြည့်မကောင်းတာ.."
ထိုနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ပြန်ချတော့မည်ကို မြင်သောအခါ ပိုင်ဖုန်းရှန်း အမြန်ဝင်တားကာ
"ကဲပါ၊ ကဲပါ၊ စားပွဲမြန်မြန်ပြင်ကြစို့။ စားဖို့က အရေးကြီးဆုံးပဲ"
"ဟုတ်တယ်၊ ဟုတ်တယ်.."
အဘွားကြီးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် တက်ကြွသွားကြသည်။ စားရသောက်ရမည့်ကိစ္စထက် အရေးကြီးသည်မှာ မရှိတော့ချေ။
လူတိုင်း အလုပ်ရှုပ်သွားကြပြီး အဘွားကြီးကျောက်တို့အိမ်မှ ထမင်းစားစားပွဲကိုပင် ခဏငှါးလိုက်ရ၏။ စုစုပေါင်း စားပွဲ (၁၀) လုံး ရှိပြီး အလယ်ဝင်းထဲတွင် အပြည့်ခင်းထားကြသည်။ လူများမှာလည်း ပြည့်ကျပ်နေပြီး စားပွဲနှစ်လုံးကိုမူ အိမ်ထဲတွင် ခင်းထား၏။ စားပွဲတစ်လုံးတွင် ရွှီကောင်းမင်၊ သူ့သားနှစ်ယောက်နှင့် မာကျန့်ယီ၊ ဝမ်ကျန့်ကော်တို့ကဲ့သို့ အရှိန်အဝါရှိသည့် အမျိုးသားများအတွက် ဖြစ်သည်။ ထိုစားပွဲမှာ လူပြည့်နေပြီဖြစ်ပြီး အဘွားကြီးကျောက်သည် မည်သူ့ကိုမှ ဂရုမစိုက်စွာဖြင့် ရွှီကောင်းမင်တို့အိမ် ပြတင်းပေါက်နားရှိ စားပွဲတစ်ခုတွင် အမြန်ဝင်ထိုင်လိုက်၏။
ရှီကျန့်ရှန်း အဘွားကြီးကျောက်ကို မကျေမနပ်ဖြင့် စိုက်ကြည့်
နေသည်။ တကယ်တမ်း ဘယ်စားပွဲမှာ ထိုင်ထိုင် အရေးမကြီးသော်လည်း၊ ဤမိန်းမကြီး သူမအိမ်မှာ လာစားပြီး သောက်စားနေခြင်းကို ရှီကျန့်ရှန်း ခံပြင်းနေမိ၏။
ဒီအဘွားကြီးက အရင်က အရူးလိုနေခဲ့ပြီး အခုကျမှ ဦးနှောက်သုံးတတ်လာတာ တကယ်ကို ဒေါသထွက်စရာပဲ....
"မမပိုင်၊ ဒေါ်လေးဟွမ်၊ မမဖန်... ဒီဝင်းထဲက အမျိုးသမီးတွေ ဒီစားပွဲမှာ ထိုင်ကြရအောင်၊ ဒေါ်လေးဝမ်..."
သူမ အမြန်ပင် နေရာချပေးလိုက်သည်။ ပုံမှန်အရဆိုလျှင် ဤကိစ္စမျိုးကို ဝင်းကြီးကြပ်သူ၏ အမျိုးသမီးဖြစ်သူ ပိုင်ဖုန်းရှန်းလုပ်ရမည် ဖြစ်၏။ သို့သော် ရှီကျန့်ရှန်းမှာ သူမကို အရေးပါအရာရောက်သူ ဖြစ်မသွားစေချင်ပေ။ ထို့ပြင် နံနက်မှ ရန်ဖြစ်ထားသည့် အစ်မကြီးဖန်ကိုလည်း အကူအညီမတောင်းချင်သဖြင့် ကျောက်ရုံကိုသာ တာဝန်ပေးလိုက်သည်။
သူတို့မိသားစုအချင်းချင်း ဆက်ဆံရေးကောင်းသဖြင့် ကျောက်ရုံသည် နေရာထိုင်ခင်းများကို အမြန်ကူညီ စီစဉ်ပေးလိုက်၏။ ဝင်းထဲတွင် လူတော်တော်များများရှိရာ စားပွဲတိုင်းမှာ လူအပြည့်ဖြင့် ကျပ်ညှပ်နေသည်။ လီလင်းလင်းနှင့် အခြားမိန်းကလေးများမှာ ဟင်းပွဲများ လိုက်ချပေးနေသော်လည်း အဘွားကြီးကျောက်မှာ နေရာမှ မရွေ့ပေ။
သူမ၏ ဆောင်ပုဒ်မှာ- "ငါက အရှက်လည်းမရှိဘူး၊ ယဉ်ကျေးမှုလည်း မရှိဘူး၊ နင်တို့ ငါ့ကို ဘာလုပ်နိုင်မှာလဲ.." ဆိုသည်ပင်။
ဒီလိုလူမျိုးကို တခြားသူတွေ ဘယ်လောက်ပဲ အထင်သေးပါစေ၊ ကာယကံရှင်ကိုယ်တိုင်ကတော့ အေးဆေးပင်....
စားပွဲတစ်လုံးကို ဟင်း ၈ ပွဲနှုန်းဖြင့် ဟင်းများစုံနေပြီဖြစ်ပြီး၊ စားပွဲတစ်လုံးတွင် လူတစ်ဒါဇင်ကျော် ထိုင်နေကြသဖြင့် တစ်မိနစ်လောက် နောက်ကျသွားသည်နှင့် ဘာမှကျန်တော့မည် မဟုတ်ပေ။
အဘွားကြီးကျောက်မှာ စားဖိုမှူးချန်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူသည် အလုပ်ရှုပ်နေဆဲဖြစ်ပြီး မျက်မှောင်ကြီးမှာ ကုတ်ထားဆဲပင်။
အဘွားကြီးကျောက် ထိုအသားဟင်းကိုစားရန် အနည်းငယ် ဝေခွဲမရဖြစ်နေ၏။
သူမ သတ္တိရှိလှသည်ဆိုသော်လည်း ချန်ချင်းယွီ သူမကို တစ်မျိုးခြောက်လှန့်ထားပြီး၊ ယခုလည်း စားဖိုမှူးချန်မှာ တစ်မျိုးဖြစ်နေပြန်ရာ သူမအနေဖြင့် မည်သို့အမှုမဲ့အမှတ်မဲ့ နေနိုင်ပါမည်နည်း။ အဘွားကြီးဆိုသည်မှာ မိမိအသက်ကို အင်မတန်နှမြောတတ်သည်သာ။ အဘွားကြီးကျောက်သည် မိမိကိုယ်မိမိ အချစ်ဆုံးဖြစ်၍ သေမည်ကို ကြောက်၏။
ဒုတိယဝင်းထဲမှ အတူနေ အိမ်နီးချင်းတစ်ဦးအနေဖြင့် ထိုအပုပ်နံ့ကို သူမ တကယ်မှတ်မိနေဆဲပင်။
အဘွားကြီးကျောက် စိတ်မလုံမလဲ ဖြစ်နေစဉ်မှာပင် ရှီကျန့်ရှန်းသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး အသားဟင်းပန်းကန်ကို အဘွားကြီးကျောက်နှင့် အဝေးဆုံးနေရာသို့ ခပ်တည်တည်ဖြင့် ရွှေ့လိုက်ကာ တိတ်တဆိတ် ကျေနပ်နေသည်။
ရှင်လို စရိုက်မျိုးနဲ့ ငါ့အိမ်က အသားကို စားချင်တယ်ပေါ့.. အိမ်မက်မက်နေလိုက်..'
သူမက အဝေးကြီးမှာ ထားလိုက်ပြီ၊ ဘယ်လိုစားမလဲ ကြည့်ကြသေးတာပေါ့..
ဒီလို စရိုက်မကောင်းတဲ့သူက အသားစားဖို့ မတန်ဘူး..
အဘွားကြီးကျောက်: "......"
အပွေးမြင်အပင်သိ၊ တစ်ချက်ကြည့်ရုံဖြင့် ဆယ်မိုင်လောင်မြင်နေသည့် လည်လွန်းသူ သူမအဖို့ ရှီကျန့်ရှန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းရိပ်မိလိုက်သည်။ အဘွားကြီးကျောက် မျက်လုံးတစ်ချက်ဝေ့လိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲရေရွတ်လိုက်၏။
'နင်က ငါက ဒီအပုပ်နံ့နံတဲ့အသားကို ကြိုက်တယ်များ မှတ်နေလား.. ငါက နင်တို့ကို သံသယဝင်နေလို့ပါအေ..'
စားပွဲရှိ လူတိုင်း သူတို့နှစ်ယောက်၏ အပြုအမူလေးများကို မြင်သော်လည်း မည်သူမှ ဘာမှမပြောကြချေ။ မည်သူမှလည်း အဘွားကြီးကျောက်ကို မကြိုက်ကြပေ။ထို့ပြင် အဘွားကြီးကျောက် မစားလေ သူတို့အတွက် ပိုရလေဖြစ်ရာ တစ်ခွန်းမှပင် ဟမလာကြချေ။
အဘွားကြီးကျောက်မှာ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ရာ ကြက်သွန်မြိတ်နှင့် ကြက်ဥကြော်ပန်းကန်ပေါ်သို့ အကြည့်ရောက်သွားသည်။ သူမ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။
အသားမစားရလည်း ရတယ်… ဘာပဲဖြစ်ဖြစ် သူမက အဲ့အသားတွေကို စိုးရိမ်နေတာပဲလေ…ကြက်ဥကြော်ကသာ သူမ၏ ပစ်မှတ်ပဲ....
"လူကြီးမင်းတို့နဲ့ အမျိုးသမီးတို့ခင်ဗျာ၊ ကျွန်တော်တို့ မိသားစုက ပြင်ဆင်ထားတဲ့ ဒီစားသောက်ပွဲကို ကြိုဆိုပါတယ်။ ဒီလို စားပွဲခင်းရတဲ့ အကြောင်းရင်းကတော့ နှစ်ပေါင်းများစွာ ကျွန်တော်တို့အပေါ် စောင့်ရှောက်ပေးခဲ့ကြတာကို ကျေးဇူးတင်ဖို့နဲ့ အထူးသဖြင့် မကြာသေးခင်က ကူညီပေးခဲ့ကြတာတွေအတွက် ကျေးဇူးဆပ်ဖို့ပါ။ အဆိပ်ရှိတဲ့ မှိုကိစ္စတုန်းက ကူညီပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။"
"ငါတို့ကို ကျေးဇူးတင်တာ မှန်တာပေါ့၊ မဟုတ်ရင် နင် အိမ်သာကျင်းထဲ ခုန်ဆင်းမိတော့မှာ။ တော်သေးတာပေါ့ ငါတို့ တားလိုက်လို့"
အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။
ဝမ်တာ့ချွေ: "...................................."
'အဲ့တုန်းက လူတွေကို အတင်းတားခဲ့တဲ့ အဓိကလူက ကျုပ်ပါဗျာ.. ခင်များကြီး ဘေးကနေ ပွဲကြည့်နေတာ မဟုတ်ဘူးလား.. အခုကျမှ အမှတ်ယူနေတာလား..'
ရွှီကောင်းမင်၏ မျက်နှာမှာ ခဏချင်း ညိုမှောင်သွားရကာ
'တောက်... ဒီအိမ်သာကျင်းအကြောင်းကို ခဏခဏ လာမပြောလို့ မရဘူးလား..'
လူတွေကို အေးအေးဆေးဆေး စားခွင့်မပေးတော့ဘူးလား....
ပြီးတော့... ခင်များကြီး မရှိလည်းကျုပ်က ခုန်ဆင်းမိမှာ မဟုတ်ပါဘူး..
"ပြီးတော့ ရှီကျန့်ရှန်း... နင်လည်း အတူတူပဲ၊ အဲ့တုန်းက နင်က ကျားလား ခွေးလားတောင် ငါတို့ မခွဲခြားနိုင်ဘူး။ ကြည့်ရတာ လေလွင့်ခွေးမလေးအတိုင်းပဲ။ နင် ငါတို့ကို ကျေးဇူးတင်သင့်တယ်၊ မဟုတ်ရင် နင် အညစ်အကြေးတွေ စားနေရလောက်ပြီ။ အညစ်အကြေးမကြိုက်တဲ့ ခွေးဆိုတာမှ မရှိတာ"
အဘွားကြီးကျောက် ထပ်လောင်းပြောဆိုလိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံး ခဏတာ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ လူတိုင်း သက်ပြင်းချမိကြရင်း
'ဒီအဘွားကြီးကျောက်ကတော့ ဘယ်လိုများ လူမုန်းများအောင် လုပ်နိုင်ရတာလဲ'
ဒါက တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကြီးလေ..
"စားကြရအောင်၊ ဒါတွေ ပြောမနေနဲ့တော့.. ခင်များ ဒီလိုတွေပဲ ပြောနေရင် တခြားသူတွေ ဘယ်လိုစားမလဲ။ အဘွားကြီးကျောက် စကားကို နားမယောင်ကြနဲ့"
မာကျန့်ယီ ဟန့်တားလိုက်သည်။
ထမင်းစားနေရင်း အညစ်အကြေးအကြောင်းတွေကို မပြောဘဲ မနေနိုင်ကြဘူးလား..
တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ....
မာကျန့်ယီ ရွှီကောင်းမင်ကို ကြည့်
လိုက်ရာ သူသည်လည်း အလိုက်သင့်ပင်
"အားလုံးကို ဒီကနေပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပြောချင်တဲ့ စကားလုံးပေါင်းများစွာကို ဒီအရက်တစ်ခွက်နဲ့ပဲ ဖော်ပြပါရစေ၊ အားလုံးကို ဂုဏ်ပြုပါတယ်.."
သူတို့စားပွဲသည် အိမ်ထဲတွင် ဖြစ်သော်လည်း ပြတင်းပေါက်ကို ဝင်းထဲသို့ မျက်နှာမူကာ ဖွင့်ထား၍ အားလုံးမြင်နေရ၏။
"ဦးလေးရွှီ ကျေးဇူးတင်ပါတယ်.."
"ဦးလေးရွှီက တကယ့်ကို ရက်ရောတာပဲ။"
"ခွက်ချင်းတိုက်မယ်.."
အမျိုးသမီးများအပါအဝင် လူတိုင်းအရက်ကို တစ်ကျိုက်တည်း မော့ချလိုက်ကြသည်။ အဘွားကြီးကျောက် "ရှူး..." ခနဲ့အသံထွက်သွားမိ၏။
ဒီအရက်က ငါ့ထက်တောင် ပိုပြီး ရေသန့်စင်ထားသလို (ရေရောထားသလို) ဖြစ်နေတယ်..
ဒီအရက်တစ်ပုလင်းတည်းနဲ့တင် စားပွဲ (၁၀) လုံးစာ လောက်အောင် လုပ်ထားတာ ဖြစ်ရမယ်....
အရသာက တကယ့်ကို ပေါ့ရွှတ်ရွှတ်နိုင်လှချည်လား..
သူမ အထွေအထူး စဉ်းစားမနေဘဲ တစ်ကျိုက်တည်း မော့ချလိုက်ပြီး အသားဟင်းပန်းကန်များဆီသို့ ချက်ချင်း လက်လှမ်းလိုက်သည်။ ပြောရမည်ဆိုလျှင် အဘွားကြီးကျောက် ထိုင်နေသည့် နေရာအနေအထားအရ အသားဟင်းရရန် မတ်တတ်ထရပ်ရ၏။ သို့သော် အဘွားကြီးကျောက်သည် အသားကို အရင်မနှိုက်ဘဲ ကြက်သွန်မြိတ် ကြက်ဥကြော် အကြီးကြီးတစ်ဖတ်ကို အရင်ကော်ယူကာ ပါးစပ်ထဲ ချက်ချင်း သွတ်သွင်းလိုက်သည်။
အင်း... အရသာရှိလိုက်တာ..
တကယ်ပါပဲ၊ အသားက မနူးဘဲနေနိုင်တယ်၊ ဟင်းသီးဟင်းရွက်က ပေါ့ပျက်နေနိုင်တယ်၊ ဒါပေမဲ့ ကြက်ဥကြော်ကတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး..
သူမသည် အခြားအရာများကို ဂရုမစိုက်ဘဲ ဒုတိယတစ်လုပ်ကို ချက်ချင်း ထပ်ယူလိုက်၏။ သူမတို့စားပွဲမှာ ပြင်းထန်သော ပြိုင်ဆိုင်မှုအကွင်းအပြင် ဖြစ်နေပြီး အခြားစားပွဲများသည်လည်း အရှုံးမပေးကြချေ။ ပွဲလမ်းသဘင်များတွင် ဤကဲ့သို့ပင် ဖြစ်တတ်စမြဲ ဖြစ်ကာ အသားဟင်းရရန် မည်သူမှ လက်နှေးမခံကြပေ။ အဘွားကြီးကျောက်မှာ အသားကို ဂရုမစိုက်တော့ဘဲ အခြားသူများ အသားဟင်းနောက် လိုက်နေချိန်တွင် ကြက်ဥကြော်တစ်ပန်းကန်လုံးနီးပါးကို မြန်မြန်ဆန်ဆန်ပင် စားပစ်လိုက်သည်။
အဒေါ်ကြီးမေ့မှာ ထိုအချင်းအရာကို မြင်လျှင် သူမနောက်လိုက်ပြီး ကြက်ဥကြော်အချို့ကို ကမန်းကတန်း နှိုက်ယူလိုက်၏။
အခြားသူများ အသားဟင်းစားပြီးချိန်တွင် ကြက်ဥကြော်ပန်းကန်မှာ အောက်ခြေပင် မြင်နေရပြီဖြစ်သည်။
ရှီကျန့်ရှန်း၏ မျက်နှာမှာ မဲမှောင်သွားသော်လည်း အဘွားကြီးကျောက် အသားဟင်း တစ်ဖတ်မှ မရသည်ကို သတိရသွားကာ ကျေနပ်ဂုဏ်ယူစိတ် ဖြစ်ပေါ်လာ၏။ လူတိုင်း နောက်ထပ် ဟင်းပန်းကန်များဆီသို့ အာရုံပြောင်းသွားကြသည်။ တူများမှာ နေရာအနှံ့ ပျံဝဲနေကြစဉ် အဘွားကြီးကျောက် အရက်တစ်ခွက် ငှဲ့လိုက်ပြီး အိမ်ထဲသို့ မတ်တတ်ရပ်ကာ ဝင်သွား၏။
"အဘိုးကြီးရွှီ လာပါ... ကျွန်မ ဂုဏ်ပြုပါရစေ၊ ကျွေးမွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။"
ရွှီကောင်းမင် : သောက်ခွေး…ဘာတွေကြံနေတာလဲ..
သူ ခဏတာ ကြောင်အသွားပြီးနောက် ပို၍ပင် ဘဝင်မြင့်သွားကာ
'ဟင်း... အခုမှ ငါ့ကိုလာဖားနေတာလား.. သွားစမ်းပါ သောက်အဘွားကြီး.. နင်ကို ငါ ဘယ်တုန်းကမှ အလေးမထားခဲ့ဘူး။ နောက်မှ ငါ ကောင်းကောင်း ကလဲ့စားချေဦးမယ်'
"ကျွန်မ ဒါကို ကုန်အောင်သောက်မယ်၊ ရှင်ကတော့ သဘောရှိသလို သောက်ပါ.."
ထိုသို့ပြောကာ သူမ အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ထို့နောက် ချက်ချင်းပင် တူကိုမြှောက်ကာ
"ကျွန်မတို့ စားပွဲမှာ ဝက်နားရွက်နဲ့ ဝက်နှလုံးဟင်း မပါဘူး၊ အဲ့ဒါလေး နည်းနည်း မြည်းကြည့်ချင်လို့.."
ရွှီကောင်းမင်၏ မျက်နှာမှာ ချက်ချင်းပင် ပြိုတော့မည့်မိုးနှယ် မည်းမှောင်သွားတော့သည်။
၅၄။ သွားပြီ.. ဝမ်းလျှောပြီ
အဘွားကြီးကျောက်မှာ မယုံကြည်နိုင်လောက်အောင် မျက်နှာပြောင်
လွန်းလှ၏။ သို့သော် သူမသည် အလွန်မျက်နှာပြောင် အရေထူသည့်တိုင် အလိုက်အထိုက်စိတ်လေး ရှိသေးသည်။ ဝက်နှလုံးတစ်လုပ်၊ ဝက်နားရွက်တစ်လုပ်…… အနည်းငယ် များသွားသည်ဟု ထင်ရသော်လည်း… သူမ ဒုတိယတစ်လုပ် ထပ်မတောင်းခဲ့ပေ။
အဘွားကြီးကျောက် သူမ၏ အရက်ခွက်ကို ကိုင်ကာ ပြန်လှည့်သွား၏။ သူမ ပြန်ရောက်လာသည့်အချိန်တွင် သူတို့စားပွဲပေါ်ရှိ အဓိကဟင်းလျာများအားလုံး ကုန်စင်နေပြီဖြစ်သည်။
အသားလည်းမရှိ၊ ဥလည်းမရှိ၊ ငါးလည်းမရှိတော့ပေ။
လူတိုင်း အဘွားကြီးကျောက်ကို စိတ်မသက်မသာဖြစ်စွာဖြင့် ကြည့်နေကြပြီး၊ ထိုအဘွားကြီး မည်မျှပင် အရှက်မရှိကြောင်း တွေးနေကြ၏။ သူမ ခွက်လိုက်တိုက်နေခြင်းမှာ အစားအသောက်ကို မျက်စိကျနေ၍သာ ဖြစ်နေသည်။
မထူးဆန်းတော့ပါဘူး.. တကယ့်ကို ကောက်ကျစ်ဉာဏ်များလိုက်တာ..
အဘွားကြီးကျောက် : "နင်တို့ အသားစားတာ မြန်လှချည်လား.. ငါ တစ်လုပ်တောင် မစားရသေးဘူး။ တကယ်ပဲ.."
သူမ ထိုသို့ပြောလိုက်သည်နှင့် လူတိုင်း မိမိတို့ပန်းကန်ထဲရှိ အသားများကို အလွန်လျင်မြန်သော အရှိန်ဖြင့် စားပစ်လိုက်ကြ၏။ အဘွားကြီး ထပ်မံ ခွက်လာတိုက်မည်ကို သူတို့ခမျာ စိုးရိမ်နေမိ၍ပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အဘွားကြီးကျောက်သည် ခဏမျှသာ ညည်းညူပြီးနောက် ခေါင်းငုံ့ကာ အငန်းမရ စားသောက်နေပြန်သည်။
စားဖိုမှူးချန်၏ လက်ရာမှာ တကယ်ပင် ထူးကဲလှ၏။
ပုံမှန်ဆိုလျှင် အလွန်ထက်မြက်လှသော ချန်ချင်းယွီသည် အသားအနည်းငယ်အတွက်နှင့် ယခုကဲ့သို့ စားဦးစားဖျားပွဲကို ငြင်းပယ်ခြင်းမှာ လူမိုက်ဆန်သော အမှားတစ်ခုကို ကျူးလွန်မိခြင်းဖြစ်သည်ဟု အဘွားကျောက် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။
တကယ့် လူအပဲ.. ဒါကြောင့် လူတော်တွေက အတွေးများတတ်ကြတာ၊ ဘယ်သူသိမှာလဲ အတွေးလွန်တာက ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ..
သူမသည် စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါရင်း ဘန်းမုန့်ကို အားရပါးရ တစ်လုပ် ကိုက်လိုက်သည်။ ယနေ့ လူအများကြီးအတွက်ဖြစ်၍ ဂျုံမှုန့်အဖြူစစ်စစ်ဖြင့် လုပ်ထားခြင်း မဟုတ်ဘဲ ဂျုံနှင့် ပြောင်းရောစပ်ထားသည့် ဘန်းမုန့်များသာ ဖြစ်၏။ သို့သော် မည်သူမျှ မညည်းညူဘဲ အားလုံးမှာ မြိန်ယှက်စွာ စားနေကြသည်။
အရူးပဲ အလကားရတာကို ဂျေးများမှာ..
သူမသည် တခြားစားပွဲတွင် ထိုင်နေသော စားဖိုမှူးချန်ကို လှမ်းကြည့်ကာ အော်ပြောလိုက်၏။
"စားဖိုမှူးချန်၊ ရှင့်လက်ရာက တကယ်ကောင်းတာပဲ.. ကျွန်မမြေးလေး မင်္ဂလာဆောင်ရင် ရှင့်ကိုပဲ လာချက်ခိုင်းမယ်။"
စားဖိုမှူးချန် ခေတ္တမျှ ကြောင်သွားပြီးနောက် ဝမ်းသာအားရ ရယ်မောလျက် မေးလိုက်လေသည်။
"ကောင်းသားပဲ.. ခင်များမြေးက ဘယ်တော့ မင်္ဂလာဆောင်မှာလဲ.."
လူတိုင်း ဝိုင်းရယ်လိုက်ကြ၏။ ရှီကျန့်ရှန်းမှာ ကြားဝင်၍
"စားဖိုမှူးချန်၊ သူ့မြေးက အခုမှ သုံးနှစ်ပဲ ရှိသေးတာ။ သူ့စကားကို နားမယောင်နဲ့။ အဲ့ဒါက အကြာကြီးလိုသေးတယ်၊ အနည်းဆုံး အနှစ်နှစ်ဆယ်လောက် ကြာဦးမှာ။ သူက ရှင့်ကို မြှောက်ပင့်ပြောနေတာပါ"
စားဖိုမှူးချန်မှာ ဆွံ့အသွားသော်လည်း ချက်ချင်းပင် ပြန်လည် တက်ကြွလာကာ
"အနှစ်နှစ်ဆယ်ဆိုရင်လည်း ရပါတယ်။ ကျွန်တော် လုပ်နိုင်ပါသေးတယ်။ ကျွန်တော့်ကိုတော့ ခေါ်ရမှာနော်.."
အမြင်ပေါ်မူတည်၍ စားဖိုမှူးချန်မှာ အလွန်ပျော်သွားသည်။ ဤသည်မှာ သူ နောက်ထပ် အနှစ်နှစ်ဆယ် အသက်ရှည်ဦးမည်ဟူသော အဓိပ္ပာယ်ပင် မဟုတ်လော့။ သူသည် ယခုဆိုလျှင် အသက်ငါးဆယ်နီးပါး ရှိနေပြီဖြစ်ပြီး နောက်ထပ် အနှစ်နှစ်ဆယ် အသက်ရှင်ပြီး အလုပ်လုပ်နိုင်သေးသည်ဆိုသည်မှာ သူ့ကျန်းမာရေး ကောင်းမွန်နေသည်ဟု ဆိုလို၏။ ၎င်းမှာ အကောင်းဆုံးသော ကောင်းချီးမင်္ဂလာပင်..
စားဖိုမှူးချန် အဘယ်မှာ မပျော်ဘဲ နေပါ့မည်နည်း..
စားဖိုမှူးချန် အတွေးကဲ့သို့ အခြားသူများ မတွေးမိကြသော်လည်း သူ၏ စိတ်ရှည်သည်းခံမှုကို အားလုံး အထင်ကြီးသွားကြသည်။ အဘွားကြီးကျောက် သူ့ကို နောက်ပြောင်နေသော်လည်း သူ စိတ်မဆိုးခဲ့ပေ။
"ကောင်းပြီ၊ ကတိနော်။ အဲ့ကျရင် ကျွန်မ ရှင့်ကို ဧည့်ခံမယ်၊ ရှင် ငြင်းလို့မရဘူး၊ ပြီးတော့ ကျွန်မကို လျှော့စျေးလည်း ပေးရမယ်နော်"
အဘွားကြီးကျောက် ထပ်မံပြောလိုက်၏။
စားဖိုမှူးချန်မှာ ပို၍ပင် ပျော်သွားကာ ဝမ်းသာအားရဖြင့်
"ရတာပေါ့.."
ထိုအဘွားကြီးသည် သူ့ကို နောက်ပြောင်နေခြင်း မဟုတ်ဟု သူထင်မိသည်။ အဘွားကြီးကျောက် အငမ်းမရ စားသောက်နေသည်ကို ကြည့်ခြင်းဖြင့် သူ၏လက်ရာကို အသိအမှတ်ပြုကြောင်း သိသာလှ၏။
အဘွားကြီးကျောက်က ကောလာဟလတွေထဲကလို ဆိုးတဲ့သူ မဟုတ်ပါလား....
အဘွားကြီးကျောက်မှာ တခြားသူများ မည်သို့ထင်ထင် ဂရုမစိုက်အားပေ။ သူမသည် အမှန်အတိုင်းပြောနေခြင်းဖြစ်ပြီး စကားပြောနေစဉ်မှာပင် သူမ၏လက်များမှာ မနားတမ်း လှုပ်ရှားနေသည်။ ဤစားပွဲဝိုင်းတွင် အစားအသောက်ကျွမ်းကျင်သူချည်း စုနေသည့်အတွက် ခဏလေး လက်တွန့်သွားသူတိုင်း ပန်းကန်သာလျက်ရပေလိမ့်မည်။
မတွေ့ဘူးလား..
အဒေါ်ကြီးမေ့ဆိုရင် ဒီထမင်းဝိုင်းကို ဗိုက်ဟောင်လောင်းနဲ့ စောင့်နေခဲ့တာ အခုဆို ဘန်းမုန့်လေးလုံးတောင် စားပြီးနေပြီ....
သူတို့စားပွဲမှ အပြိုင်အဆိုင်စားနေကြသည်နှင့် နှိုင်းယှဉ်ရင် တခြားစားပွဲများသည်လည်း အားကျမခံလိုက်ပါနေ၏။ လူတိုင်း သူတို့၏တူများကို အလွန်မြန်သည့်အရှိန်နှင့် အသုံးပြုနေကြသည်။
ဒီလို အားရပါးရ စားရတာမျိုးက ရှားမှရှားပဲ၊ ဘယ်သူက လက်လွှတ်ခံပါ့မလဲ..
စားပွဲတိုင်းမှာ အစားအသောက်အတွက် အပြင်းအထန် လုယက်စားသောက်နေကြစဉ်မှာပင်… ချန်ချင်းယွီတစ်ယောက် သူမ၏ကလေးနှစ်ယောက်ကို ခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်နေပြီဖြစ်သည်။
ချန်ချင်းယွီအတွက် "တုန်းလိုင်ရွှမ်း" သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး သူမထံတွင် ရှိနေသော အစားအသောက်လက်မှတ်နှင့် အသားလက်မှတ်များကို စစ်
ကြည့်လိုက်သောအခါ……
လုံလောက်တယ်.. ဟိဟိ..
ချန်ချင်းယွီ အသား နှစ်ကျင်း (၂ ပေါင်ခန့်) နှင့်တခြားဟင်းပွဲ တော်တော်များများကို ချက်ချင်းမှာလိုက်သည်။ သားအမိသုံးယောက်မှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်မထားသော်ငြား ငါးဖမ်းပုံးနှင့် ငါးမျှားတံများ သယ်လာသည်ကို မြင်၍ စားပွဲထိုးများသည် သူတို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံကြ၏။
ငါးဖမ်းထွက်တဲ့သူ ဘယ်သူမှ အဝတ်အစား သားနားစွာနဲ့ မသွားကြဘူးလေ..
သူတို့မှာထားသည့် အစားအသောက် ပမာဏကိုကြည့်ပြီး စားပွဲထိုးများမှာလည်း အပိုစကားမဆိုကြတော့ပေ။ ဝင်းထဲ၌ အစားအသောက်အတွက် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြချိန် ချန်ချင်းယွီတို့ သားအမိသုံးယောက်မှာ အသားဟင်းများကို အရသာရှိရှိ သုံးဆောင်နေကြသည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မျက်လုံးလေးများ အရောင်တလက်လက်ဖြင့် စားနေကြ၏။ ရှောင်ယွမ်မှာ သိုးသားဟင်းအိုးလေးကို ကိုင်ပြီး ကျေနပ်စွာဖြင့် တိုးတိုးလေး ရယ်မောရင်း
"မေမေ၊ အရသာရှိလိုက်တာ၊ တကယ်ကို အရသာရှိတာပဲ.."
“ဒါဆိုရင် ရှောင်ယွမ် အများကြီးစားနော်"
ချန်ချင်းယွီ အားပေးလိုက်၏။
"ဟုတ်ကဲ့.."
ကလေးငယ်လေးမှာ ချိုသာသော အပြုံးလေးနှင့် ပြန်ဖြေလေသည်။ ချန်ချင်းယွီ ဘက်မလိုက်ဘဲ ရှောင်ကျားအတွက်လည်း ဟင်းတစ်ဖဲ့ ခက်ပေးရင်း စကားဆိုလိုက်၏။
"ငါတို့ ရှောင်ကျားလေးလည်း အများကြီးစားရမယ်"
"ဟုတ်ကဲ့၊ ကျွန်တော်က ယောက်ျားလေးပဲ၊ အများကြီးစားမှ အရပ်ရှည်လာပြီး မေမေနဲ့ ညီမလေးကို ကာကွယ်ပေးနိုင်မှာ"
ရှောင်ကျား တုံ့ပြန်ပြောလိုက်သည်။
ချန်ချင်းယွီမှာ ပီတိဖြာ၍ "အို... လိမ်မာလိုက်တာ" ဟု ရေရွတ်ချီးကျူးပေးလိုက်၏။
ချန်ချင်းယွီကိုယ်တိုင်လည်း တော်တော်လေး မြန်မြန်စားနေမိသည်။ ယနေ့ခေတ် သိုးသားများသည် သဘာဝအတိုင်း ပိုကောင်းနေ၍လား သို့မဟုတ် သူမကိုယ်တိုင်၏ အစားအသောက်တွင် အဆီဓာတ် လိုအပ်နေ၍လား မပြောတတ်ပေ၊ သိုးသားမှာ တကယ့်ကို အရသာထူးကဲပြီး အံ့သြစရာကောင်းလောက်အောင် ကောင်းနေသည်ဟု သူမ ခံစားနေရ၏။
အင်း... တကယ်ပါပဲ၊ လူဆိုတာ အသားစားရမှပဲ စိတ်ကျေနပ်မှု ရတာ....
သူတို့သုံးယောက် ပါးစပ်မှာ အဆီများ ပေကျံသည်အထိ အားရပါးရ စားကြသည်။ ရှောင်ကျားတစ်ယောက် ပျော်လွန်း၍ သူ၏ ခြေထောက်လေးများကို လွှဲနေပြီး ခြေချောင်းလေးများမှာ ညီမဖြစ်သူကို သွားသွားထိနေ၏။ ရှောင်ယွမ်သည်လည်း အကိုဖြစ်သူကို ပြုံးကြည့်နေပြီး အစားစားခြင်းကိုလည်း မရပ်ပေ။ သားအမိ သုံးယောက်သား အသား၊ ဟင်းသီးဟင်းရွက်များ အများကြီး စားခဲ့ကြပြီး အိုးထဲသို့ ခေါက်ဆွဲများပါ ထည့်စားလိုက်ကြကာ အကုန်ပြောင်သလင်းခါသွားသည်။
ချန်ချင်းယွီ "ဖူး~" ခနဲ သက်ပြင်းချလိုက်ပြီး...
တကယ်ပါပဲ၊ ဒီလို ကောင်းကောင်းစားနိုင်ဖို့ဆိုတာ လက်မှတ်တွေကို အများကြီး စုထားရဦးမှာပဲ..
ပိုက်ဆံကုန်သွားတာက နည်းနည်း နှမြောစရာကောင်းပေမဲ့ ဒါက တကယ်ကို တန်ပါတယ်…
ဗိုက်ဝပြီး အားရပါးရ စားသောက်ပြီးနောက် ချန်ချင်းယွီ ဗိုက်လေးကို ပွတ်ရင်း မေးလိုက်၏။
"ကဲ... အိမ်ပြန်ပြီး ရေချိုးကြမလား.."
"ဟုတ်ကဲ့.."
ချန်ချင်းယွီ: "သွားကြစို့.."
သူမသည် နေ့တိုင်း ငါးဖမ်းထွက်သည်ဆိုသော်လည်း တကယ်တမ်းတွင် တစ်နေ့ကုန် မြစ်ကမ်းနားမှာ ရှိနေခြင်းမဟုတ်ဘဲ နေ့တစ်ဝက်ခန့်သာ အချိန်ပေးခြင်းဖြစ်သည်။ သူတို့သားအမိသုံးယောက် အတူတူထွက်လာကြရာ ခပ်လှမ်းလှမ်းအရောက်တွင် အသိတစ်ယောက်နှင့် ဆုံလေသည်။ သူမမှာ သမဝါယမ ကုန်တိုက် လူသုံးကုန်အရောင်းဆိုင်ရှိ စက်ဘီးကောင်တာမှ အရောင်းစာရေးမ ထန်ယွီချန်ပင် ဖြစ်၏။
သူမသည် လက်ကိုင်အိတ်လေးတစ်လုံးကို ကိုင်ကာ လမ်းလျှောက်လာရင်း ချန်ချင်းယွီတို့ သားအမိနှင့် တိုးမိခြင်းဖြစ်၏။
ထန်ယွီချန်: "ချန်ချင်းယွီ.."
သူတို့နှစ်ဦးသည် ယခင်က နာမည်ဖလှယ်ဖူးကြသဖြင့် တစ်ဦးကိုတစ်ဦး သိကြသည်။
ချန်ချင်းယွီ: "ရှောင်ထန်"
ထန်ယွီချန် နှာခေါင်းလေးရှုံ့ကာ အသားဟင်းနံ့ကို ရလိုက်ပြီးနောက် သိပ်မဝေးလှသော "တုန်းလိုင်ရွှမ်" ဆိုင်ဘက်ကို လှမ်းကြည့်လိုက်
သည်။
"နင်တို့ တုန်းလိုင်ရွှမ်မှာ သွားစားလာတာမလား.."
ချန်ချင်းယွီ
ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်၏။
"ဟုတ်တယ်၊ အရသာကတော့ ရှယ်ပဲ.. တကယ်ကို ကောင်းတာ၊ ဒါပေမဲ့ နှမြောစရာကောင်းတာက ငါစုထားသမျှ လက်မှတ်တွေ အကုန်သုံးပစ်လိုက်ရတာပဲ။ နောက်တစ်ခါ ဘယ်တော့ ပြန်စားနိုင်ဦးမလဲ မသိတော့ဘူး"
ထန်ယွီချန် ရယ်မောလိုက်ပြီးနောက် ချန်ချင်းယွီအနားသို့ လျှို့ဝှက်စွာ တိုးကပ်လာကာ တိုးတိုးလေးဆိုလိုက်သည်။
"နင်က လက်မှတ်လိုချင်တာလား၊ လက်မှတ်မလိုဘဲ စားလို့ရတဲ့နေရာလည်း ရှိတယ်"
ချန်ချင်းယွီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ တိုးတိုးလေး ပြန်မေးလိုက်၏။
"ငါ့ကို ပြောပါဦး။"
"ဒီလမ်းအတိုင်း နောက်ဘက်ကိုသွား၊ လမ်းကြားနှစ်ခုကို ဖြတ်လိုက်ရင် တံခါးမှာ 'ဖူ' (ကံကောင်းခြင်း) စာလုံးကပ်ထားတဲ့ နေရာတစ်ခုရှိတယ်၊ အဲ့ဒါ စားသောက်ဆိုင်အသေးလေးပဲ"
"အဲ့ဒီမှာ လက်မှတ်မလိုဘူး။"
ချန်ချင်းယွီ ချက်ချင်း နားလည်သွားသည်။
တကယ်ပါပဲ၊ ဘယ်ခေတ်မှာမဆို သတ္တိရှိတဲ့လူတွေကတော့ ရှိနေစမြဲပဲ....
သူမ လေသံနှိမ့်ကာ ထန်ယွီချန်ကို ကပ်မေးလိုက်ပြန်သည်။
"သူတို့က ငါ့ကို ဒီအတိုင်း အဝင်ခံပါ့မလား.."
"အရောင်းဆိုင်က ရှောင်ထန် မိတ်ဆက်ပေးလိုက်တာလို့သာ ပြောလိုက်၊ သူတို့ အဝင်ခံပါလိမ့်မယ်။ အဲ့ဒီမှာ ဟော့ပေါ့တော့ မရှိဘူး၊ ဒါပေမဲ့ သူတို့ဆီက အသားနဲ့ ငါး ဟင်းလျာတွေက တော်တော်လေး ကောင်းတယ်။ စျေးနှုန်းကတော့ မသက်သာဘူးပေါ့။ နင် စိတ်ဝင်စားရင် သွားကြည့်ကြည့်လေ"
ထန်ယွီချန် ဆက်ပြီး တိုးတိုးလေး ပြောပြပြန်၏။
"သူတို့မိသားစုက ပစ္စည်းတွေလည်း ဝယ်တယ်လေ။"
သူမ ချန်ချင်းယွီ၏ ပုံးကို ငုံ့ကြည့်လိုက်သည်။ အရွယ်စုံ ငါးအချို့မှာ အမြီးတယမ်းယမ်းဖြင့် အသက်ရှင်နေကြဆဲ ဖြစ်၏။
ချန်ချင်းယွီ ချက်ချင်း သဘောပေါက်သွားသော်လည်း ထန်ယွီချန်ကို လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
"ဒါတွေက ငါ့မိသားစုအတွက်ပဲ ချန်ထားတာပါ။ အကယ်၍ ငါ ဒါတွေကို ရောင်းလိုက်ရင် ငါတို့ဘာစားရတော့မှာလဲ"
ထန်ယွီချန်မှာ အံ့အားသင့်သွားသော်လည်း ဘာမှ ထပ်မပြောတော့ပေ။ ချန်ချင်းယွီ နေ့တိုင်း ငါးဖမ်းထွက်နေခြင်းမှာ ငါးများကို ခိုးရောင်းပြီး မိသားစုဝင်ငွေ ရှာနေသည်ဟု သူမ ထင်ခဲ့သော်လည်း တကယ်တမ်းတွင် မရောင်းချခဲ့ပေ။ ချန်ချင်းယွီ နေ့စဉ် မွန်းလွဲပိုင်းတွင် စက်ဘီးအခြေအနေကို သွားကြည့်တတ်၍ သူတို့နှစ်ဦးမှာ နေ့စဉ်တွေ့နေရသည့်တိုင် များစွာ ရင်းနှီးကြသည် မဟုတ်ပေ။
သူတို့သည် နာမည်ဖလှယ်ထားရုံမျှသာဖြစ်ပြီး အလွန်အမင်း ခင်မင်ခြင်း မရှိကြသေးပေ။ ချန်ချင်းယွီ
သူမကို မယုံကြည်သဖြင့် အမှန်အတိုင်း မပြောခြင်းလည်း ဖြစ်နိုင်၏။ ထန်ယွီချန် အပြုံးလေး အနည်းငယ် ပျက်သွားကာ
"ကောင်းပါပြီ၊ နင့်ဘာသာနင်ပဲ ကြည့်လုပ်တော့။ ငါ သွားတော့မယ်"
"အေးအေး၊ ကောင်းကောင်းသွားနော်"
ချန်ချင်းယွီ ပြန်နှုတ်ဆက်လိုက်သည်။
သူတို့နှစ်ဦး လက်ပြနှုတ်ဆက်ပြီးနောက် ချန်ချင်းယွီ ကလေးများကို စကားဆိုလိုက်၏။
"ကဲ အိမ်ပြန်ကြရအောင်။ ငါးတွေကို ဆားနယ်ထားကြမယ်၊ ဒါမှ ဆောင်းတွင်းကျရင် အရသာရှိတဲ့ ငါးခြောက်တွေ စားရမှာ”
"ကျွန်တော် မေမေကို ကူလုပ်ပေးမယ်"
ရှောင်ကျားစကားကြောင့် ချန်ချင်းယွီ ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။
“ကောင်းပြီ”
"သမီးလည်း ကူမယ်"
ရှောင်ယွမ်မှာလည်း သူမ၏အစ်ကိုနှင့် အမြဲတတွဲတွဲ လုပ်လိုသည့်အတိုင်း တိုးတိုးလေး ဆို၏။
"ကောင်းပြီလေ"
ထန်ယွီချန်သည် သူတို့စကားများကို ကြားလိုက်သဖြင့် နောက်သို့ တစ်ချက် လှည့်ကြည့်သော်လည်း သိပ်ပြီး အလေးအနက် မတွေးတော့ပေ။
ချန်ချင်းယွီသည် ယနေ့တွင် ငါး ၄ ကောင်ဝယ်ခဲ့ပြီး ၃ ကောင်ကိုယ်တိုင်ဖမ်းမိခဲ့ရာ အကြီးအသေးရောနှောနေသော်လည်း အတော်လေး အဖတ်တင်သည်ဟု ဆိုရမည်။ သူတို့မိသားစု ငါးမျှားချိန်မှစ၍ လမ်းကြားထဲရှိ လေလွင့်ကြောင်အချို့သည် သူတို့ဝင်းထဲတွင် လာရောက်ဝေ့ဝဲနေတတ်ကြသည်။ ကံကောင်းသည်မှာ ထိုကြောင်များသည် ငယ်စဉ်ကတည်းက လွတ်လပ်စွာနေထိုင်လာကြသူများဖြစ်သော်ငြား လူယဉ်ပါးသူများ ဖြစ်ကြသဖြင့် တစ်စုံတစ်ယောက်မှာ သူတို့ကို ရန်မမူသရွေ့ လူကို အရင်ရန်မမူတတ်ကြပေ။
ချန်ချင်းယွီတို့သားအမိ ငါးစားလာသည်မှာ ယခုဆိုလျှင် ရက်အတော်ကြာ ရှိနေပြီဖြစ်ရာ အနည်းငယ် ငြီးငွေ့လာကြပြီဖြစ်၏။ အစားအသောက်တွင် အဆီဓာတ်လိုအပ်နေသည်ဆိုစေဦး၊ နေ့စဉ် စားလာရလျှင်မူ ငြီးငွေ့လာတတ်သည်မှာ သဘာဝပင်။ ထို့ကြောင့် ချန်ချင်းယွီမှာ ကလေးများကို မေးမြန်းလိုက်၏။
"ဒီညတော့ ငါးမစားဘဲ နေကြမလား.."
"ဟုတ်ကဲ့.."
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ယနေ့တွင် အပြင်၌ နှစ်ကြိမ်တိုင်တိုင် စားသောက်ခဲ့ရပြီး၊ နာမည်ကြီး "တုန်းလိုင်ရွှမ်း" ဆိုင်တွင်လည်း စားခဲ့ရသဖြင့် အလွန်ကျေနပ်နေကြသည်။ သူတို့သည် ဗိုက်ဝဝစားရပြီး အဆူအဆဲမခံရလျှင်ပင် အပျော်ကြီးပျော်နေတတ်သည့် ကလေးများ ဖြစ်ကြ၏။
သူတို့သုံးယောက် အိမ်ပြန်ရောက်သည့်အချိန် လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် သူတို့ဝင်းထဲမှ ဆူညံသံများကို ကြားလိုက်ရသည်။ ချန်ချင်းယွီ၏ မျက်လုံးများ ဝင်းပသွားပြီး "မြန်မြန်သွားကြစို့.." ဟု ဆိုလိုက်၏။
"ဟုတ်ကဲ့.."
ကလေးနှစ်ယောက်သည်လည်း သူတို့မိခင်နောက်သို့ ခြေလှမ်းသွက်သွက်ဖြင့် လိုက်ပါလာကြသည်။
ချန်ချင်းယွီ ဝင်းထဲသို့ အမြန်ဝင်လာခဲ့၏။ မွန်းလွဲပိုင်းပင် ကျော်နေပြီဖြစ်သော်လည်း လူတိုင်း လူစုမခွဲသေးဘဲ အလွန်စည်ကားနေဆဲဖြစ်သည်။ အရက်ရှိန်ကြောင့် အမျိုးသား၊ အမျိုးသမီးအချို့မှာ ထူးထူးခြားခြား တက်ကြွနေကြပြီး အသံကျယ်ကြီးများဖြင့် လက်ဟန်ခြေဟန်ပြကာ စကားပြောနေကြ၏။
ချန်ချင်းယွီ ကလေးများကိုဦးဆောင်ကာ ဒုတိယဝင်းထဲသို့ ဝင်လာစဉ် စားပွဲများပေါ်တွင် အစားအသောက်များ အကုန်ပြောင်သလင်းခါနေသည်ကို တွေ့လိုက်ရသည်။ သို့သော် မည်သူမျှ စားပွဲမှမထကြသေးဘဲ စကားလက်ဆုံကျကာ ရယ်မောဆူညံနေကြဆဲဖြစ်၏။
အဘွားကြီးကျောက်သည် သူမ၏ချွေးမကို ပထမဆုံး မြင်လိုက်သူဖြစ်ပြီး အသံကျယ်ကြီးဖြင့် လှမ်းခေါ်လိုက်သည်။
"ချွေးမ၊ ပြန်လာပြီလား.. စားပြီးပြီလား.. မစားရသေးရင် ဒေါ်လေးရှီကို တစ်ခုခုလုပ်ပေးဖို့ ပြောလိုက်လေ။"
ရှီကျန့်ရှန်း၏ မျက်နှာ ပျက်သွားကာ
အားနာဟန်ဆောင်ပြုံး၍ ပြောလိုက်၏။
"ကြည့်ပါဦး၊ ဝယ်ထားတဲ့ ကုန်စိမ်းတွေအကုန် ကုန်သွားပြီ၊ အဲ့ဒါကတော့..."
ချန်ချင်းယွီ ချက်ချင်းပင် ငြင်းလိုက်ကာ "မလိုပါဘူး၊ မလိုပါဘူး" ဟု ပြန်ပြောလိုက်သည်။
သူမသည် ငါးပုံးကို အခန်းထဲသို့ သယ်သွား၍ လူအများစုမှာ သူမကို သတိပင်မထားမိကြပေ။ ထိုအစား သူတို့သည် ယနေ့စားကောင်းသောက်ကောင်း စားခဲ့ရပြီး၊ ချန်ချင်းယွီခမျာ အလုပ်သာလုပ်ရကာ ဘာမှမစားရသည်ကို ကြည့်၍ မိမိကိုယ်ကိုယ် သာလွန်သည်ဟု ထင်မှတ်ကာ ကျေနပ်နေကြသည်။
ချန်ချင်းယွီမှာ ထိုအရာများကို ဂရုမစိုက်ဘဲ သူမအလုပ်သူမ လုပ်နေ၏။ အဘွားကြီးကျောက် မျက်လုံးကစားကြည့်ပြီးနောက် ထရပ်လိုက်ကာ ပြောလိုက်သည်။
"ငါ သွားပြီး ငါ့ချွေးမကို ကူလုပ်ပေးလိုက်ဦးမယ်"
လူတိုင်း သူမကို အံ့သြတကြီး ကြည့်နေကြ၏။ သို့သော် အဘွားကြီးဟွမ်မှာ အဘွားကြီးကျောက်၏ အကြံကို သိနေသည့်အလား ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။
"အော်... စားပွဲဝိုင်း သိမ်းရမှာစိုးလို့ ရှောင်ချင်တာပေါ့.. အပျင်းထူချင်တာလား.."
အဘွားကြီးကျောက်
ပြန်ပက်လိုက်ပြီး
"ပေါက်ကရတွေ ပြောမနေနဲ့.. နင့် ဘယ်သောက်မျက်လုံးက ငါအလုပ်မလုပ်ချင်ဘူးလို့ မြင်နေတာလဲ.. အားလုံးက စားသောက်ပြီးလို့ စားပွဲက ခွာနေကြပြီပဲ၊ ငါ့ချွေးမကို အရင်သွားကူတာ ဘာမှားလို့လဲ.. ပြီးတော့ သူများကို လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကိုယ် အရင်ကြည့်ဦး.. နင်ကိုယ်တိုင်လည်း ဘာမှမလုပ်ဘဲ သူများကိုပဲ စောင့်ကြည့်နေတာ၊ နင်ကရော ဘယ်လောက် အရှက်ရှိလို့လဲ.. တကယ်ပါပဲ၊ အသုံးမကျတဲ့ဟာ.."
အဘွားကြီးကျောက်သည် တံတွေးကို အားရပါးရ ထွေးပစ်လိုက်ပြီး ခါးထောက်ကာ အိမ်ထဲသို့ ခုန်ဆွခုန်ဆွနှင့် ဝင်သွားတော့သည်။
အားလုံး "..."
ခင်များကြီး ဘယ်တုန်းကတည်းက ကိုယ့်ချွေးမအပေါ် ဒီလောက် ကောင်းသွားတာလဲ.. ဟန်ဆောင်နေပြန်ပြီ....
အဘွားကြီးကျောက်သည် တကယ်ကို ကောက်ကျစ်ဉာဏ်များသည့် လူလိမ်တစ်ယောက်ဖြစ်သည်ဟု အားလုံး တညီတညွတ်တည်း သတ်မှတ်လိုက်ကြ၏။
အဘွားကြီးကျောက် သူတို့ကို ဂရုမစိုက်အားပေ။ အခန်းထဲဝင်လာပြီး ငါးအများကြီးကို မြင်လိုက်ရသည့်အခါ သူမ မျက်လုံးများသည် ဝမ်းသာလွန်း၍ မှေးစက်သွားရကာ အံ့ဩတကြီး ရေရွတ်ပြောဆိုလိုက်သည်။
"အို... အမလေး၊ နင်ကတော့ တကယ့်ကို စွမ်းဆောင်ရည်ရှိတဲ့သူပဲ.."
"အတော်ပဲ.. ဒီငါးတွေကို ဆားနယ်ပြီး အခြောက်လှမ်းဖို့ ကူပေးပါဦး။ အခုတလော ငါးတွေပဲ စားနေရတာဆိုတော့ ခဏနားလိုက်တာ ကောင်းမယ်။ ငါးခြောက်လုပ်ထားရင် ဆောင်းတွင်းကျရင် ဟင်းတစ်ခွက်ဖြစ်တာပေါ့"
ချန်ချင်းယွီ လေသံမှာ တိုးတိုးလေးသာဖြစ်၏။ အဘွားကြီးကျောက်သည်လည်း သဘောတူ လက်ခံလိုက်ပြီးနောက် မေးမြန်း စပ်စုလိုက်လေသည်။
"နေ့လယ်စာကရော ဘာစားခဲ့လဲ.."
"အပြင်မှာ စားခဲ့တယ်"
အဘွားကြီးကျောက် မျက်လုံးများ ပြူးထွက်သွားပြီး ဆူပူကြိမ်းမောင်းမည်လုပ်ပြီးမှ ပြန်ထိန်းလိုက်ရသည်။ အတော်ကြာ တိတ်ဆိတ်သွားပြီးမှ မနေနိုင်စွာဖြင် မြည်တွန်တောက်တီးလိုက်၏။
"ပိုက်ဆံရှိတိုင်းလည်း ဒီလောက် မဖြုန်းတီးနဲ့ဦး.. အကုန်ကုန်သွားရင် ဘယ်လိုလုပ်မလဲ.. ငါပြောထားမယ်နော်၊ ငါ့လစာအများစုကို လတိုင်း နင့်ကို ပေးနေတာ။ ငါ့ဆီကနေ အပိုထပ်ရမယ်လို့တော့ မမျှော်လင့်နဲ့"
"စိတ်မပူပါနဲ့၊ ကျွန်မတို့ သဘောတူထားတဲ့အတိုင်းပဲ လုပ်ပါ။ အပိုလည်း မတောင်းပါဘူး"
ချန်ချင်းယွီ ပြန်ပြောလိုက်သည်။
အဘွားကြီးကျောက်က ချန်ချင်းယွီကို သံသယစိတ်နှင့် ကြည့်နေမိ၏။
ဒီကောင်မက ဘာလို့ ဒီလောက်တောင် ယုံကြည်မှုလွန်ကဲနေရတာလဲ....
ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားလုံးများကို အားယူပြီး တိုးတိုးလေး ပြောလိုက်၏။
"နင်... ဓားပြတိုက်တာတွေ ဘာတွေတော့ သွားမလုပ်နဲ့ဦးနော်။"
သူမအနေဖြင့် ဤကောင်မလေး ပြဿနာရှာမည်ကို ကြောက်သည်ဟု မဆိုသော်ငြား……
ဒီမိန်းမက မျက်နှာနှစ်မျိုးရှိတယ်၊ အကြမ်းဖက်တတ်တယ်၊ ရူးကြောင်ကြောင်နိုင်ပြီး ထူးဆန်းတယ်ဆိုပေမဲ့...
သေဆုံးသွားတဲ့ သူမသားအပေါ်မှာတော့ တကယ်ကို သစ္စာရှိတာ....
ဒါကြောင့် အဲ့ဒါကို သူမ စိတ်မပူဘူး။ သူမ ကြောက်တာက ဒီမိန်းမ ပြဿနာတက်သွားမှာကိုပဲ..
ဒီမိန်းမက နည်းနည်းလေး စိတ်ဆွလိုက်တာနဲ့ အကြမ်းဖက်ဖို့ အသင့်ဖြစ်နေတတ်သူမလား၊ သူမ မကြည်တဲ့သူကို ဓားပြတိုက်ရင် တိုက်မိမှာ....
"ဟို... တခြားဟာတွေ ခဏထားဦး၊ ဥပဒေနဲ့မကင်းတာတွေတော့ မလုပ်နဲ့နော်။"
ချန်ချင်းယွီမှာ ဆွံ့အသွားရသည်။
သူမက အဲ့ဒီလိုပုံစံမျိုး ပေါက်နေလို့လား..
"အမေ အတွေးလွန်နေပြီ။"
သူမ ပုခုံးတွန့်ပြပြီး အတွင်းခန်းထဲ ဝင်သွားလိုက်သည်။ ကလေးနှစ်ယောက်မှာ အဝတ်အစားများလဲ၊ မျက်နှာ၊ လက်များဆေးပြီး သန့်ရှင်းနေကြပြီဖြစ်၏။ ယခုတလော ငါးဖမ်းထွက်လျှင် ညနေစောင်းမှ ပြန်ရောက်တတ်သောကြောင့် ကလေးနှစ်ယောက်မှာ နေ့ခင်းဘက် မအိပ်ဖြစ်တော့ပေ။ အိပ်လေ့အိပ်ထမရှိသည်မှာ အကျင့်ဖြစ်သွားကြပြီး ယခုလည်း မအိပ်ချင်ကြသေးဘဲ အုတ်ခုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း ရုပ်ပြစာအုပ်များ ဖတ်နေကြသည်။
"ရှောင်စန်း ငါ့စာအုပ် ပြန်ပေး.. ငါ့စာအုပ် ပြန်ပေးစမ်း.. မင်းက ငါ့ပစ္စည်းကို ယူရအောင် ဘာအခွင့်အရေးရှိလို့လဲ... ပြန်ပေး.."
ရုတ်တရက် အပြင်မှာ ဆူညံသံများထွက်ပေါ်လာ၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့အပြေးအလွှား ထရပ်လိုက်ကြပြီး ပြတင်းပေါက်ဆီ ပြေးသွားကြသည်။ သူတို့မိသားစုသည် အရှေ့ဘက်အဆောင်မှာ နေခြင်းဖြစ်၍ ဒုတိယဝင်းထဲ ဖြစ်သမျှ အကြောင်းအရာတိုင်းကို ပြတင်းပေါက်မှတစ်ဆင့် အထင်းသား မြင်နေရ၏။
အိမ်မှာ 'အထူးတန်း' ဗီအိုင်ဗီထိုင်ခုံ ရှိသလိုပါပဲ......
ကလေးများ ပြတင်းပေါက်ဘောင်ပေါ်မှာ ဝိုင်းကြည့်နေကြပြီး ချန်ချင်းယွီမှာ အဘွားကြီးကျောက် ဘေးနား အတူရပ်ရင်း တံခါးဝဆီ ထွက်လာခဲ့သည်။
နေ့လယ်မှ အရက်သောက်ထားသော ရှီရှောင်ဝေသည် ယခုအချိန်တွင် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ရှောင်စန်းကို အတင်းဆွဲထားရင်း အော်ဟစ်နေ၏။
"ပြန်ပေး.. ပြန်ပေးစမ်း.. အဲ့ဒါ ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားကိုးရာကွ.. ငါ့စာအုပ် ပြန်ပေး.. ဝါး... ပြန်ပေးလို့.. ငါ့ပစ္စည်းကို ယူရအောင် မင်းက ဘာကောင်လဲ.. မင်းက ဝန်မခံဘူးပေါ့၊ မင်း တိရစ္ဆာန်ကောင်.."
ရှီရှောင်ဝေ၏ အရက်ဒဏ်ခံနိုင်ရည်မှာ ယောက်ျားတစ်ယောက်နှင့်ပင် မတူပေ။ ဤသို့ ရောနှောထားသော ရေအရသာ အရက်တုကို သောက်ပြီး မူးသူ ရှားသော်ငြား ရှီရှောင်ဝေမှာ ထိုထဲမှ တစ်ယောက်ဖြစ်နေခဲ့သည်။
သူသည် ရှောင်စန်းကို ဆွဲထားပြီး
"ပြန်ပေးစမ်း ငါ့ကို၊ မင်းက လူယုတ်မာ၊ မင်းက လူမဟုတ်ဘူး၊ မင်းက ခွေးမသား..."
"ရှီရှောင်ဝေ၊ မင်းက ဘယ်လိုတောင် ပြောရဲတာလဲ.. ငါ့ကို ဆဲရအောင် မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ.. ငါမယူဘူးလို့ ပြောပြီးပြီပဲ.."
ရှောင်စန်း၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားနေသော်လည်း သူ၏ ဆုံးဖြတ်ချက်သည်ကား ခိုင်မာနေဆဲဖြစ်သည်။ သူသည် ထိုအရာကို ပြန်မပေးရန် အခိုင်အမာ ဆုံးဖြတ်ထား၏။ ပြန်ပေးလိုက်လျှင် သူသည် သူခိုးဖြစ်ကြောင်း ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ ရူးသွားလျှင်ပင် သူ ဝန်ခံမည်မဟုတ်ပေ။ ထို့အပြင် သူသည် တကယ်ကို ပြန်မပေးလိုပေ။ ထိုမျှ တန်ဖိုးရှိသော ပစ္စည်းကို တစ်ချက်လေး ကြည့်လိုက်ရုံနှင့်ပင် သူ ရင်ဖိုတုန်လှုပ် သွားရသည်။ ဤကဲ့သို့ အရာမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"မင်းက အရက်သမားတစ်ယောက်လို လုပ်နေတာကို ရပ်လို့မရဘူးလား.. မင်းဘာတွေ ပြောနေလဲဆိုတာတောင် ငါမသိဘူး.. ပြီးတော့ ငါက ဘာလို့ မင်းစာအုပ်ကို ယူရမှာလဲ.. ငါ့မှာ အလုပ်ရှိတယ်၊ လတိုင်း လစာရတယ်။ ငါလိုချင်တာကို ငါ့ဘာသာ ဝယ်လို့ရတာပဲ။ ဘာလို့ ဒါမျိုးလုပ်ရမှာလဲ.."
"မင်း လျှောက်ပြောနေတာ။ အဲ့ဒါက ဝယ်လို့မရဘူး.. ဘယ်လိုမှ ဝယ်လို့မရတာကွ.."
ရှီရှောင်ဝေ ဟိန်းဟောက်လိုက်သည်။
ယခုမှပင် လူတိုင်း နားလည်သွားကြရ၏။ ရှီရှောင်ဝေ တစ်မနက်လုံး ပျောက်နေရခြင်းမှာ ထိုစာအုပ်ကြောင့် ဖြစ်နေခဲ့ခြင်းပင်။
ဘယ်လိုစာအုပ်မျိုးပါလိမ့်....
ဘယ်လိုစာအုပ်မျိုးက ဒီကောင်လေးကို တစ်မနက်လုံး ရူးသွပ်သွားအောင် လုပ်နိုင်ရတာလဲ....
လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
သူတို့ နားမလည်နိုင်ကြဘူး၊ တကယ်ကို နားမလည်နိုင်ကြတာပါ....
"ဘာစာအုပ်လဲ.."
"အေးလေ.. ရှောင်ဝေ၊ စာအုပ်အညံ့စားတွေတော့ မဖတ်နဲ့ဦးနော်.."
"ဟုတ်တယ်၊ ဒါက ပေါ့ပေါ့ဆဆ လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။"
ရှီရှောင်ဝေ ဒေါသတကြီးဖြင့်
"ပါးစပ်ပိတ်ထား.. ဘာစာအုပ်အညံ့စားလဲ.. ဒါက ထိပ်တန်းစာအုပ်ကွ.."
လူတိုင်း ဆွံ့အသွားကြသည်။
ဒီကောင်က အရက်ဒဏ် တကယ်ပဲ မခံနိုင်တာလား.. မူးလာရင် ဒီလိုပဲ ရူးကြောင်ကြောင်တွေ လျှောက်လုပ်တာလား..
ယွမ်ဟောက်ရွှယ်နှင့် ယွမ်ရှောင်ချွေ တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကြသည်။ သူတို့လုပ်ရပ်မှာမသိမသာ လုပ်လိုက်သည်ဟု ထင်နေကြသော်လည်း ချန်ချင်းယွီအကုန်မြင်နေရ၏။ သူတို့ မသိသည်မှာ အားလုံး ထိုင်နေကြချိန် ချန်ချင်းယွီသည် တံခါးဝရှိလှေကားထစ်ပေါ်မှာ ရပ်နေခြင်းဖြစ်၍ အမြင့်မှ ကြည့်နေသည့် သူမအတွက် အားလုံးသည် ကွင်းကွင်းကွက်ကွက် မြင်နေရသည်ပင်။
ယွမ်ရှောင်ချွေနှင့် ယွမ်ဟောက်ရွှယ်တို့သည် ရှီရှောင်ဝေတို့နှင့် နီးနီးကပ်ကပ် ထိုင်နေကြ၏။
သူမ ချက်ချင်း မြင်လိုက်ပြီး
ချန်ချင်းယွီ အတော်လေး အံ့သြသွားသည်။ သူတို့၏ အမူအရာကို ကြည့်ရခြင်းအားဖြင့် ယွမ်ဟောက်ရွှယ်နှင့် ယွမ်ရှောင်ချွေတို့သည်…
အဲ့စာအုပ်က ဘာစာအုပ်လဲဆိုတာကို သိနေကြတာလား..
ရုတ်တရက် ချန်ချင်းယွီလည်း စိတ်မရှည်ဖြစ်ကာ ခေါင်းကုတ်၊ ဖင်ကုတ် ဖြစ်လာသည်။ သူမလည်း တကယ်ကို သိချင်နေပြီဖြစ်၏။
ဘယ်လိုစာအုပ်ပါလိမ့်..
"အဲ့ဒါက ဘယ်လိုစာအုပ်မျိုးမို့လို့လဲ...."
အဘွားကြီးကျောက် သူမ၏ စိတ်ထဲမှ ထွက်ပေါ်လာသည့် သံသယများဖြင့် မေးလိုက်သည်။
"ဒါက မကောင်းတဲ့အရာ ဖြစ်ရမယ်၊ မဟုတ်ရင် တခြားတစ်အုပ် ထပ်ဝယ်လိုက်မှာပေါ့။ ဘာလို့ ဒီလောက်ထိ ဒုက္ခခံနေဦးမှာလဲ.."
အဘွားကြီးကျောက် အော်ပြောခြင်း မဟုတ်သဖြင့် မည်သူမျှ သူမကို ဂရုမစိုက်ကြပေ။ ထို့အပြင် ယခုကိစ္စမှာလည်း သူမသည် အဓိကဇာတ်ကောင် မဟုတ်၍ မည်သူမှ အလေးမထားကြပေ။
ရှောင်စန်း၏ ထပ်တလဲလဲ ရန်စမှုများကို မြင်သောအခါ ရှီရှောင်ဝေမှာ ထိုအပြုအမူကို သက်သက်မဲ့ စိန်ခေါ်မှုဟု မှတ်ယူကာ ဆက်မအောင့်နိုင်တော့ပေ။ သူ လက်သီးတစ်ချက် ပစ်ထိုးလိုက်ပြီး
"ငါ မင်းကို သတ်ပစ်မယ်.."
ရှောင်စန်း ပြန်အော်လိုက်ကာ
"ဟေ့ ရှီရှောင်ဝေ.. ငါ့မိသားစုက ထမင်းဖိတ်ကျွေးတာကို စားပြီးတာနဲ့ ငါ့ကို ထိုးတယ်ပေါ့။ ထမင်းစားပြီး အိုးရိုက်ခွဲတဲ့ လူမိုက်နဲ့ မင်းကဘာကွာလို့လဲ.."
သူသည် မူးမနေသဖြင့် လက်သီးကို ရှောင်လိုက်နိုင်သော်လည်း ဒေါသထွက်သွားသည်။
ဖုန်း..
သူ ပြန်ထိုးလိုက်၏။..
"မင်းက အညှာအတာ မရှိမှတော့ ငါလည်း မညှာတော့ဘူး။"
ရှောင်စန်း နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးလိုက်ရာ ရှီရှောင်ဝေမှာ နှစ်ချက်ဆင့် အထိုးခံလိုက်ရသဖြင့် ဟိန်းဟောက်
အော်ဟစ်လိုက်၏။
"ငါ မင်းကို သတ်မယ် လူယုတ်မာကောင်.. မင်းက ငါ့အပေါ် မှားထားတာတောင် ငါ့ကို ထိုးရဲသေးတယ်ပေါ့.. မေ-ိုး ငါနဲ့ အသေအလဲ တိုက်ကြတာပေါ့.."
လူငယ်နှစ်ဦးမှာ တစ်ဦးပေါ်တစ်ဦး ခုန်အုပ်ကာ အဝတ်အစားများ ဆွဲဖြဲလျက် လုံးထွေးနေကြတော့သည်။
ရုန်းရင်းဆန်ခတ် အပြန်အလှန် ထိုးနှက်သံများ ထွက်ပေါ်လာ၏။
အဘွားကြီးကျောက် လျှာတသပ်သပ်ဖြင့်
"သူတို့ ချကြတဲ့ပုံစံကတော့... ဟင်းဟင်း၊ ငါက သူတို့ကို အထင်သေးလို့ ပြောတာတော့ မဟုတ်ပါဘူးနော်၊ ဟားဟား"
ချန်ချင်းယွီ အဘွားကြီးကျောက်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်ရာ အဘွားကြီးကျောက်သည်လည်း "နင် စောင့်ကြည့်နေလိုက်" ဆိုသည့် အကြည့်မျိုး ပြန်ပေးလိုက်သည်။ တကယ်လည်း ထိုလူငယ်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ဖက်တွယ် လုံးထွေးနေကြပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိကြပေ။ သူတို့ ရန်ဖြစ်နေပုံမှာ...
အဘွားကြီးကျောက်ပင် သူတို့ကို နိုင်နိုင်ချေရှိ၏။
သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ဆွဲကိုင်ကာ တွန်းထိုးနေကြသည်။
"မင်းက ငါ့ကို လက်ပါရဲတယ်ပေါ့.."
"ငါက လက်ပါတော့ ဘာဖြစ်လဲ.."
"ဘာဖြစ်လဲ ဟုတ်လား.. မင်း ဘာစကားပြောတာလဲ.. ငါက ဘာမှမလုပ်ဘဲ နေမယ်ထင်လို့လား.."
"ကောင်းပြီလေ၊ ဒါဆိုလည်း ငါ့ကို ဘာလုပ်နိုင်လဲ လုပ်ကြည့်စမ်း.."
——
သူတို့နှစ်ဦးမှာ တိုက်ခိုက်တော့မည့် နွားလားဥဿဘနှစ်ကောင်နှယ် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာလည်း ကွက်တိပင်…… လက်တစ်ဖက်သည် တစ်ဖက်လူ၏ ဆံပင်ကို ဆွဲထားပြီး၊ ကျန်လက်တစ်ဖက်မှာ အင်္ကျီကော်လာကို ဆွဲကိုင်ထားကာ အံကြိတ်ရင်း ခြိမ်းခြောက်နေကြ၏။ စားပွဲဝိုင်းများကြားတွင် သူတို့နှစ်ယောက်မှာ ဟိုယိုင်ဒီယိုင်နှင့် လုံးထွေးနေကြစဉ် အဘွားကြီးဝမ်မှာ ထိတ်လန့်တကြား အော်ပြောတော့သည်။
"နင်တို့ ရိုက်ကြနှက်ကြတာ ငါဂရုမစိုက်ဘူး၊ ငါ့စားပွဲကိုတော့ တိုက်မိတာတို့၊ ခွဲပစ်တာတို့ မလုပ်နဲ့နော်.."
ယနေ့ခေတ်ကာလမှာ ပွဲလမ်းသဘင်လုပ်လျှင် စားပွဲ၊ ကုလားထိုင်၊ အိုးခွက်ပန်းကန်များကို အိမ်နီးနားချင်းများထံမှ ငှါးကြရ၏။ မည်သည့်မိသားစုမှာမှ အများကြီး မရှိကြပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရှီရှောင်ဝေတို့ မိသားစုထိုင်နေသည့် စားပွဲမှာ အဘွားကြီးဝမ်ပိုင်သော စားပွဲဖြစ်နေသည်။
သူမ၏ အော်ဟစ်သံမှာ ကျန်လူများကိုပါ လန့်သွားစေကာ "ပန်းကန်တွေ မခွဲကြနဲ့ဦး.." ဟု ဝိုင်းအော်ကြတော့၏။
ထိုစကားကို ကြားလိုက်သည်နှင့် လူတိုင်း တောင့်ခဲသွားကြသည်။
အဘွားကြီးကျောက်က ရုတ်တရက် ခုန်ထလာပြီး စားပွဲတစ်လုံးဆီ ပြေးသွားကာ
"ငါ့အိမ်က ပန်းကန်တွေကို နင်တို့ ဆေးပေးဖို့မလိုဘူး။ ငါတို့ဘာသာပဲ ပြန်ယူဆေးလိုက်တော့မယ်"
စားသောက်၍လည်း ပြီးနေပြီဖြစ်သဖြင့် အဘွားကြီးကျောက်သည် သူမငှားထားသော ပန်းကန်များကို အမြန်လိုက်ရှာပြီး နောက်စားပွဲတစ်လုံးဆီ ထပ်ပြေးပြန်သည်။
"ဒါ ငါ့စားပွဲ..."
အဘွားကြီးကျောက်၏ လှုပ်ရှားမှုမှာ ကွင်းဆက်တုံ့ပြန်မှုတစ်ခု ဖြစ်သွားစေပြီး အဘွားကြီးဟွမ်သည်လည်း အော်ဟစ်ကာ ဝင်ယူလေသည်။
"အော်... ဒါတွေက ငါ့ပန်းကန်တွေပဲ။ နင်တို့ ဆေးပြီးမှ ပြန်ပေးဖို့ မလိုတော့ပါဘူး။ အိမ်နီးနားချင်းတွေပဲ၊ ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်မယ်"
"ဒါတွေက ငါ့ဟာတွေ။"
"ဒါက ငါ့ဟာ..."
လူတိုင်း သွက်လက်စွာ လှုပ်ရှားကြနေကြပြီး ယနေ့ခေတ်၏ မိသားစုတိုင်းမှာ ပစ္စည်းအနည်းငယ်သာ ရှိကြသဖြင့် မိမိပိုင်ဆိုင်မှုများကို မပျက်စီးအောင် ကာကွယ်ဖို့ အမြဲတမ်း တိုက်ပွဲဝင်နေရ၏။ ဤခေတ်ကာလ၌ အိုးခွက်ပန်းကန်
များသည်လည်း ဝယ်ရခက်သည်။ ရွှီကောင်းမင် ပိုက်ဆံအများကြီး ရှာနိုင်သည်ဆိုဦး၊ ဤပစ္စည်းများမှာ လက်မှတ်ရှိမှသာ ဝယ်လို့ရလေသည်။
အကယ်၍ အကုန်လုံးသာ ကွဲကုန်ရင် အဲ့ဒီဆုံးရှုံးမှုကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး....
အိမ်ရှင်ဖြစ်တဲ့ ရွှီကောင်းမင်ရော၊ ရန်ဖြစ်နေတဲ့ လူအနှစ်ယောက်ရောက ဒီပစ္စည်းဖိုးတွေကို ပေးနိုင်မှာမဟုတ်ဘူး၊ အသေအချာပဲ..
ထမင်းစားစရာ ပန်းကန်မရှိတော့မည့် အဖြစ်ကို တွေးမိသည်နှင့် လူတိုင်း လေဆင်နှာမောင်းတိုက်သကဲ့သို့ မြန်မြန်ဆန်ဆန် လှုပ်ရှားကြလေ၏။
တကယ်ပါပဲ....
ပန်းကန်ဆေးရမည်ကို မည်သူမှ ဂရုမစိုက်အားတော့ဘဲ အခြေအနေကို ကယ်တင်ခြင်းသည်သာ ပထမဦးစားပေး ဖြစ်သွားသည်။
ပထမဆုံး လှုပ်ရှားပြီး မိမိပစ္စည်းများကို အမြန်ဆုံး ပြန်သိမ်းနိုင်ခဲ့သည့် အဘွားကြီးကျောက်မှာ ချန်ချင်းယွီကို ထိတ်လန့်မှု မပြေသေးဟန်ဖြင့် ပြောလိုက်၏။
"ငါက ဉာဏ်ပြေးလို့ပေါ့.. ငါသာမရှိရင် ဒီမိသားစုကတော့ ဘာမှလုပ်လို့ဖြစ်မှာ မဟုတ်ဘူး။"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ ထောက်ခံပေးလိုက်၏။
"အမေ ရှိနေလို့ တော်သေးတာပေါ့"
သူမ တကယ်ကို ရိုးရိုးသားသား ချီးကျူးလိုက်ခြင်းဖြစ်သည်။
ဤသို့ကိစ္စမျိုးမှာ သူမ၌ အတွေ့အကြုံ မရှိသေး၍ သတိမမူမိသွားခြင်းပင်။ ယခု သေချာစဉ်းစားကြည့်ခါမှ ယင်းမှာ တကယ်ကို မှန်ကန်လှ၏။ အကယ်၍သာ ပစ္စည်းများ ကွဲသွားခဲ့လျှင် နောက်တစ်ခါ ပြန်ဝယ်ရန် အကြာကြီး စောင့်ရပေလိမ့်မည်။ ပိုက်ဆံရှိခြင်းမရှိခြင်းကို ထားဦး၊ လက်မှတ်မရှိရင် ဝယ်၍မရပေ။ မှောင်ခိုစျေးကွက်၌ပင် ဤပစ္စည်းမျိုးမှာ ရခဲလှကာ အလွန်ပင်ရှားပါးသည်။
လူတိုင်းက စားဖို့သောက်ဖို့အတွက်ပဲ အဓိကထား ဝယ်ကြတာလေ..
သံထည်ကြွေထည် ဒီလောက်ရှားနေတဲ့ခေတ်မှာ ဘယ်ကနေ အိုးခွက်ပန်းကန်ကို ရှာဝယ်ရမှာလဲ....
ခဏအတွင်းမှာပင် စားပွဲ ၈ လုံးနှင့် ပြည့်နှက်နေသော နေရာသည် ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွား၏။
စားပွဲ၊ ကုလားထိုင်၊ ထိုင်ခုံရှည်၊ အိုးခွက်ပန်းကန်—အားလုံးကို သိမ်းသွားကြပြီ....
လေတစ်ချက်အဝေ့၌ အချင်းချင်း ဆံပင်ဆွဲပြီး လုံးထွေးနေကြသည့် ငတုံးငအ နှစ်ယောက်သာ ကျန်ရစ်တော့သည်။
လူတိုင်း ကိုယ့်ပစ္စည်းကိုယ်သိမ်းပြီး အိမ်ထဲသို့ အပြေးအလွှား ဝင်သွားကြသော်လည်း အပြင်ကို ပြန်ထွက်လာကြပြီး ဝိုင်းအုံကြည့်နေကြဆဲဖြစ်၏။ ယခုဆိုလျှင် တစ်ဝင်းလုံးရှိ လူများဖြင့် ပြည့်နှက်နေပြီး အလွန်ပင် စည်ကားလှသည်။ ပုံမှန်ဆိုလျှင် ဆူညံသည်ဆိုသော်ငြား လူအားလုံး စုံစုံလင်လင် ရှိတတ်သည်မဟုတ်ပေ။ သို့သော် ယခုမူ ရှေ့ဝင်းမှ နောက်ဝင်းအထိ ဝင်းငါးခုလုံးမှ လူအားလုံး ရောက်ရှိနေကြ၏။
ထိုအထဲတွင် ရင်းနှီးကျွမ်းဝင်မှုမရှိသော မျက်နှာသစ်များစွာပင် ပါဝင်နေသည်။
ချန်ချင်းယွီမှာ မှတ်ဉာဏ် သိပ်မကောင်းလှသည့်အပြင် လူများကိုလည်း သေသေချာချာ မမှတ်မိတတ်သဖြင့်... တစ်ယောက်ကိုမျှ မသိပေ။
"ဟိုဘက်က ဘယ်သူလဲ.."
ချန်ချင်းယွီ အဘွားကြီးကျောက်ကို တိုးတိုးလေး မေးလိုက်သည်။
အဘွားကြီးကျောက် သူမညွှန်ပြရာကို ကြည့်ပြီး
"အဲ့ဒါ ရွှီမိသားစု ဒုတိယသားရဲ့ မိန်းမလေ၊ ရှီကျန့်ရှန်းရဲ့ ဒုတိယချွေးမပေါ့။ ဟိုဘေးက ကလေးကို တွေ့လား.. အဲ့ဒါ သူ့ကလေးပဲ"
ထို့နောက် အဘွားကြီးကျောက်မှာ လှောင်ပြောင် ခနဲ့လိုက်၍
"နင့်မှတ်ဉာဏ်ကလည်း ဘယ်လိုဖြစ်တာလဲ.. သူက အားလပ်ရက်တိုင်း ပြန်လာနေကျပဲဟာကို"
"ကျွန်မတို့မှ အဆက်အသွယ် သိပ်မရှိတာ၊ တွေ့ရတာလည်း ရှားတယ်လေ၊ ဘယ်လိုလုပ် သိမှာလဲ.. မြင်ပြီးတာနဲ့ ချက်ချင်း မေ့သွားတာပဲ"
အဘွားကြီးကျောက် မျက်စောင်းထိုးလိုက်မိသည်။
ဒီကောင်မလေးရဲ့ မှတ်ဉာဏ်က အဘွားကြီးဖြစ်တဲ့ သူမထက်တောင် ဆိုးနေသေးတယ်..
သို့သော်လည်း သူမချွေးမအနေဖြင့် ထိုလူများကို မမှတ်မိသည်မှာ မဆန်းပေ။ ရွှီမိသားစု ဒုတိယချွေးမသည် အိမ်ကို ဆယ်ခါတစ်ခါသာ ပြန်လာတတ်သူဖြစ်သည်။ သူမယောင်္ကျားကိုပင် သူမမိဘအိမ်မှာသာ လာနေစေချင်သူဖြစ်ရာ ဤနေရာသို့ လာလည်ရန် စိတ်မဝင်စားသည်မှာ သဘာဝပင်။ ချန်ချင်းယွီသည် အခြားသော သူစိမ်းအချို့ကိုလည်း လိုက်ကြည့်နေမိသည်။ သူတို့မှာ မရင်းနှီးသော်လည်း ရေးရေးမျှတော့ မှတ်မိနေသဖြင့် နောက်ဘက်အဆောင်တွင် နေသူများ ဖြစ်နိုင်သည်ဟု တွေးမိ၏။
အခုတော့ လူစုံတက်စုံ ရှိနေကြပြီ....
ရှောင်စန်းနှင့် ရှီရှောင်ဝေတို့မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း အချင်းချင်း ဆဲဆိုနှိမ်ချနေကြသည်။
လူငယ်နှစ်ယောက်မှာ သူတို့ဝင်းထဲရှိ အဆိုးဆုံးသော မိန်းမကြီးများထက်ပင် ပို၍ ရန်လိုနေကြပြီး အယုတ်တ အနတ္တများ ဆဲရေးတိုင်းထွာနေကြလေ၏။
အကျဉ်းချုပ်ရလျှင် တစ်ယောက်မှာ စာအုပ်ကို လိုချင်နေပြီး နောက်တစ်ယောက်သည်ကား ယူမထားကြောင်း ငြင်းဆိုနေခြင်းပင်။
သူတို့ဝင်းထဲရှိ ဆူညံသံကြောင့် အိမ်ထဲရှိ လူများလည်း ဆက်ပြီး ငြိမ်မနေနိုင်တော့ပေ။ ရွှီကောင်းမင် သူ့သားများကို မျက်စပစ်ပြလိုက်ကာ အခြေအနေကို ထိန်းခိုင်းလိုက်သည်။
"သားကြီးနဲ့ သားလတ်၊ သွားကြည့်ကြဦး။ အဲ့ဒီကောင်နှစ်ယောက် ဘာဖြစ်နေတာလဲ၊ ပြီးတော့ သူတို့အစ်ကိုမှာ ဘာဖြစ်နေတာလဲဆိုတာ ပြောပြလိုက်ဦး"
"ဟုတ်ကဲ့။"
ပြောရလျှင် ရွှီမိသားစုမှ သားကြီးနှင့် သားလတ်တို့လည်း ရှက်နေကြသည်။ သူတို့ညီသည် ယခုကဲ့သို့ အရှက်ရဖွယ် ပြုမူနေ၍ အဘယ်မှာ မရှက်ဘဲ နေပါ့မည်နည်း။ ၎င်းအပြင် သူတို့မှာ တစ်အူတုံစင်း ညီအစ်ကိုများဖြစ်သဖြင့် မိမိတို့ညီသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို မသိဘဲ မနေပေ။ သူတို့ ပြတင်းပေါက်မှ ခဏမျှ ချောင်းကြည့်လိုက်ရာ သူတို့ညီမှာ အမှားလုပ်ထားသဖြင့် စိတ်မလုံဖြစ်နေသည်ကို မြင်လိုက်ရ၏။
တကယ်ပါပဲ၊ အလုပ်အကိုင် အခိုင်အမာရှိတဲ့သူက ဘာလို့ သူခိုးဖြစ်သွားရတာလဲ....
သားကြီးနှင့် သားလတ်တို့လည်း အရှက်ရနေကြပြီး သူတို့ညီကြောင့် လူကြားထဲ အရှက်ကွဲမည်ကို မလိုလားကြပေ။
သားကြီးဖြစါသူမှာ ရှေ့သို့တက်လာပြီး ရန်ဖြစ်နေသူ နှစ်ယောက်ကို အတင်းဆွဲခွာလိုက်သည်။ သူသည် ကာယလုပ်သားဖြစ်သဖြင့် ထိုသူနှစ်ဦးထက် အင်အားအများကြီး ပိုသန်မာ၏။ သားကြီးဖြစ်သူမှာ ဒေါသတကြီးဖြင့် အော်ဟစ်ကြိမ်ရမောင်းလေသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ.. ကြည့်ကြဦး.. လူတွေအများကြီး ဝိုင်းကြည့်နေကြပြီ.. အရှက်ကွဲမှာ မကြောက်ကြဘူးလား.."
"အဘိုးကြီး၊ ခင်ဗျားနဲ့ မဆိုင်ဘူး.."
လူငယ်နှစ်ယောက်မှာ အလွန်ပင် မထီမဲ့မြင်ပြုသော လေသံဖြင့် တညီတညွတ်တည်း ပြန်ပြောလိုက်ကြသည်။
"ငါနဲ့မဆိုင်ဘူး ဟုတ်လား.. မင်းတို့က သူများလှောင်တာ အရှက်ခွဲတာကို ခံချင်နေတာလား၊ ငါကတော့ အဲ့ဒါကို သည်းမခံနိုင်ဘူးဟေ့.. ငါ တကယ်ပဲ မင်းတို့ကို..."
အစ်ကိုကြီးရွှီ တရားသဖြင့် စကားကို ဆိုနေရင်းမှ ရုတ်တရက် သူ့မျက်နှာ လုံးဝ ပြောင်းလဲသွားတော့သည်။
ထိုမတိုင်ခင် အရက်ရှိန်ကြောင့် မျက်နှာနီမြန်းနေသော်လည်း ယခုမူ သွေးဆုတ်ဖြူလျော့သွား၏။
"အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ.."
အခြားသော ရွှီမိသားစုဝင်များမှာလည်း အစ်ကိုကြီးကို နားမလည်နိုင်သည့်အလား ကြည့်လိုက်သည်။ ပုံမှန်ဆိုလျှင် ဤသို့အခြေအနေမျိုး၌ အစ်ကိုကြီးမှာ ဦးဆောင်
စကားပြောပြီး ဒုတိယညီသည် ကြားဝင်ဖြန်ဖြေသူ၊ လူကောင်းအဖြစ်သာ နေတတ်၏။ အစ်ကိုကြီးမှာ မိသားစုတွင် ဖခင်တစ်ယောက်နှယ် အားကိုးရသူဖြစ်သော်လည်း အစ်ကိုကြီး၏ ရုတ်တရက် မျက်နှာပျက်သွားမှုသည် ထူးဆန်းနေသည်။
"နေကောင်းရဲ့လား.."
ဗုန်း..
စကားပင် မဆုံးသေးမီ ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။
အစ်ကိုကြီးရွှီ လေလည်လိုက်ခြင်းပင်..
အခြားသူများသည်လည်း အစ်ကိုကြီးရွှီကို မယုံနိုင်စွာ စိုက်ကြည့်ရင်း နောက်သို့ ချက်ချင်း ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။
ဘေးနားရှိလူများမှာကား အခြေအနေ သိပ်မကောင်းလှပေ။
ရှီရှောင်ဝေ နှာခေါင်းကို ပိတ်ထားရင်း အနံ့ဆိုးကြောင့် ယိုင်ထိုးသွားကာ အော်ဟစ်လိုက်မိ၏။
"အား... နံလိုက်တာ.."
အစ်ကိုကြီးရွှီမှာ နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေမိပြီး သူ့မိန်းမဖြစ်သူသည် အမြန်ပြေးလာကာ
"ယောင်္ကျား၊ အဆင်ပြေရဲ့လား.."
လူကြားထဲ လေလည်ခြင်းမှာ ရှက်စရာကောင်းသည်ဆိုသော်လည်း ကြီးမားသည့် ပြဿနာ မဟုတ်ပေ။
အစ်ကိုကြီးရွှီခမျာ နေရာမှာတင် မလှုပ်မယှက် ရပ်နေပြီး အတော်ကြာမှ စကား ထစ်ထစ်အအဖြင့်
"ငါ... ငါ... ဒါက တကယ်တော့ မတော်တဆပါပဲ၊ တကယ်တော့လေ..."
ဗူဝူး..
နောက်ထပ် လေတစ်ချက် ထပ်လည်ပြန်ပြီ..
လူတိုင်း နှာခေါင်းကို အုပ်ထားရင်း နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားကြသည်။
ချန်ချင်းယွီနှင့် သူမ၏ ယောက္ခမမှာလည်း နှာခေါင်းကို မလွှတ်ရဲဘဲ အုပ်ထားကြလေ၏။
လူတိုင်း အစ်ကိုကြီးရွှီကို စိတ်ပျက်စွာ ကြည့်နေကြသည်။
လူကြီးတန်မဲ့၊ ကလေးလည်း မဟုတ်ဘဲနဲ့ ဒီလောက်တောင် မထိန်းနိုင်ရဘူးလား..
ဒါက တကယ်ကို ရှက်စရာကောင်းလွန်းတယ်..
အစ်ကိုကြီးရွှီ၏ မျက်နှာမှာ ပို၍ မှောင်မည်း သွားရ၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ရုတ်တရက် အော်ဟစ်ကာ သူ့ဖင်ကို လက်ဖြင့်အုပ်ပြီး ပြေးထွက်သွားတော့သည်..
"ဘယ်လေလည်သံကိုမှ မယုံပါနဲ့.."
အထူးသဖြင့် ကျယ်လောင်တဲ့ အသံမျိုးကိုပေါ့..
အစ်ကိုကြီးရွှီသည် လူအုပ်ကို တိုးဝှေ့ကာ အပြင်သို့ အမြန်ပြေးထွက်သွား၏။
ကျန်ရှိနေသူများမှာ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်နေကြပြီး ကိုယ်စီ သံသယများ ရှိနေကြသည်။
ရှီရှောင်ဝေက လှောင်ပြုံးပြုံးရင်း
"ဘောင်းဘီထဲ ပါချပစ်တဲ့ လူမျိုးက သူများကို လာပြီး ဆရာလုပ်ရဲသေးတယ်ပေါ့.. လူကြီးလူကောင်းလို ဟန်ဆောင်နေတာ၊ သူ့ကိစ္စလည်း မဟုတ်ဘဲနဲ့။ တကယ်ကို ရယ်စရာကောင်းလိုက်တာ.. ခင်ဗျားတို့ မိသားစုမှာ လူကောင်းတစ်ယောက်မှ မရှိဘူး။ ညီက ငါ့စာအုပ်ကို ခိုးတယ်၊ အစ်ကိုက လူကြားထဲ လေလည်တယ်၊ ခင်များတို့ မိသားစုတစ်ခုလုံးက အသုံးမကျတဲ့ အမှိုက်တွေချည်းပဲ၊ ခင်များတို့က... အား.."
ရှီရှောင်ဝေသည် ရုတ်တရက် သူ့ဗိုက်ကို အုပ်လိုက်သည်။ ဘာကြောင့်မှန်းမသိ ဗိုက်ထဲမှ ရစ်နာလာ၏။
ဒီခံစားချက်က...
ရှီရှောင်ဝေသည် လူအုပ်ထဲမှ နောက်သို့ ဆုတ်လိုက်ကာ ခြေထောက်နှစ်ဖက်ကို အတင်းစေ့ထားပြီး ပြတ်သားစွာဖြင့် ပြောလိုက်သည်မှာ……
"ငါ အိမ်သာသွားတော့မယ်.."
ထို့နောက် သူလည်း ပြေးထွက်သွားတော့သည်။
"အာ..."
"ဟာ... မဟုတ်သေးပါဘူး၊ ဘာတွေဖြစ်ကုန်တာလဲ.. ဘာလို့ နောက်တစ်ယောက်က ထပ်ပြေးသွားပြန်တာလဲ.."
"အခုတလော အဆီအဆိမ့်တွေ သိပ်မစားရတာ ကြာပြီမလား.. ရုတ်တရက်ကြီး အဆီအဆိမ့်တွေ စားလိုက်တော့ ဗိုက်က လက်မခံနိုင်တာ ဖြစ်မှာပေါ့"
ယင်းမှာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စဖြစ်သဖြင့် လူတိုင်း ယဉ်ပါးနေကြပြီဖြစ်ရာ ပေါ့ပေါးလေးသာ တွေးလိုက်ကြ၏။
မိသားစုများစွာ၌ အသားမစားရသည်မှာ ကြာပြီဖြစ်၍ ရုတ်တရက် စားလိုက်သည့်အခါ ဗိုက်က လက်မခံနိုင်ဖြစ်တတ်သည်။
ထိုစကားပြောပြီးသည်နှင့် အဒေါ်ကြီးမေ့ သူမဗိုက်ကို အုပ်လိုက်ကာ
"ငါ အိမ်သာသွားဦးမယ်..."
အမှန်ပင်၊ သူမလည်း မထိန်းနိုင်တော့ပေ။
အဒေါ်ကြီးမေ့မှာ အမျိုးသားနှစ်ဦးထက် ပို၍ အိန္ဒြေဆယ်နိုင်ပြီး သူမသည် အိမ်ထဲသို့ အမြန်ဝင်ကာ အိမ်သာသုံးစက္ကူ သွားယူပြီးမှ အပြင်သို့ အပြေးအလွှား ထွက်သွားသည်။
"တွေ့လား၊ တွေ့လား၊ ငါပြောသားပဲ.. ငါတို့ အသားမစားရတာ ကြာလှပြီ။ ဒေါ်လေးမေ့တောင် မခံနိုင်တော့ဘူး..."
ဘူ၊ ဘူ..
ရုတ်တရက် အနံ့ဆိုးကြီးတစ်ခု ထပ်မံလွင့်ပျံ့လာပြန်သဖြင့် လူတိုင်း နှာခေါင်းကို အမြန်ပြန်ပိတ်လိုက်ကြပြီး ရှာဖွေလိုက်ရာ... အို... ကလေးမလေးတစ်ယောက်သည် နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေရှာ၏။
အဘွားကြီးဟွမ်: "မုန့်မုန့်.. ဘာဖြစ်လို့လဲ.."
နာ့နာ သူမ၏ ညီမငယ်နှစ်ယောက်ကို အမြန်ဆွဲခေါ်သွားရင်း အမြန်ပြောလိုက်သည်။
"သူ ဘောင်းဘီထဲ ပါချလိုက်ပြီ"
ကျန်းမုန့်မုန့်ကတော့ တခြားကလေးတွေနဲ့ တကယ်ကို မတူတာပါ....
တခြားကလေးများဆိုလျှင် အသံကုန်အော်ငိုနေကြမည် ဖြစ်သော်လည်း ကျန်းမုန့်မုန့်မှာ ဘာမှအရှက်မရှိဘဲ အော်ဟစ်ပြောဆိုလိုက်၏။
"အဘွား၊ သမီး အီးပါချလိုက်ပြီ.."
အဘွားကြီးဟွမ်: "အို... အမလေး.."
သူမသည် မြေးမလေးကို သွားရောက်ပြုစုပေးချင်သော်လည်း ရုတ်တရက် သူမကိုယ်တိုင်လည်း ဗိုက်ထဲတွင် တစ်မျိုးကြီး ဖြစ်လာလေသည်။
အဘွားကြီးဟွမ် တကယ်ကို ဒေါသထွက်နေပြီဖြစ်ပြီး ရှီကျန့်ရှန်းကို အတင်းလှည့်မေးလိုက်၏။
"ရှီကျန့်ရှန်း၊ နင် ငါတို့ကို ဘာတွေကျွေးလိုက်တာလဲ.. အား... ငါ့ဗိုက်.. နင်တို့ကျွေးတဲ့ ပွဲက ဘယ်လိုဖြစ်ရတာလဲ...."
အဘွားကြီးဟွမ် သက်သက်မဲ့ စွပ်စွဲနေခြင်းမဟုတ်ပေ။ မျက်လုံးရှိသူတိုင်း မြင်နိုင်သည်..
ဒီမှာ တစ်ခုခုတော့ မှားနေပြီ....
လူတိုင်း ဗိုက်နာနေကြတာက အဓိပ္ပာယ်မရှိဘူး၊ နေ့လယ်က စားခဲ့တဲ့ အစားအသောက်တွေက မကောင်းတာ သေချာနေပြီ....
သူမ နောက်ထပ် ညည်းတွားချင်သေးသော်လည်း မအောင့်နိုင်တော့ဘဲ အိမ်သာဆီသို့ တန်းပြေးရလေသည်။
လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲ မတင်မကျ ဖြစ်ကုန်ကြ၏။
တကယ်ပဲ တစ်ခုခု မှားနေတာလား..
ကံဆိုးချင်သောအခါ ယွမ်ဟောက်ယွဲ့ နှင့် ရှောင်ကွားနင်တို့လည်း မကြာမီမှာပင် နေမထိထိုင်မသာ ဖြစ်လာကြသည်။
"မမ... ညီမလေး ဗိုက်လည်း နာလာပြီ..."
ယွမ်ဟောက်ရွှယ် : "လာလာ၊ မမ အိမ်သာလိုက်ပို့ပေးမယ်။ ရှောင်ချွေ သွား... အိမ်သာသုံးစက္ကူ သွားယူချေ။"
ယွမ်ရှောင်ချွေ: “ကောင်းပြီ..”
သူမလည်း အမြန်ပြေးလိုက်ရ၏။သူမလည်း မအောင့်နိုင်တော့ပေ၊ သူမကိုယ်တိုင်လည်း ဗိုက်ထဲက မအီမသာ ဖြစ်နေပြီဖြစ်၏။
ဗိုက်နာသည့်ကိစ္စသည် လက်ဆင့်ကမ်းပြိုင်ပွဲနှယ် တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာကြသည်။ အဘွားကြီးကျောက် ပျာပျာသလဲဖြင့်
"မွေးမေရေ၊ ငါလည်း စက္ကူယူပြီး အိမ်သာမှာ ခဏသွားထိုင်နေမှ ထင်တယ်။ မဟုတ်ရင် ဗိုက်တကယ်နာလာတဲ့အခါ နေရာမရဘဲ နေဦးမယ်"
ချန်ချင်းယွီ ဆွံ့အစွာဖြင့် နှုတ်ခမ်းလေးတွန့်လိမ်သွားပြီးမှ ပြောလိုက်မိသည်။
"အမေကလည်း မလိုပါဘူး။ ဗိုက်နာတာမျိုး မဖြစ်ရင် မသွားသင့်ဘူးလေ။ အိမ်သာဆိုတာ အမြဲတမ်း အနံ့ကောင်းနေတာမှ မဟုတ်တာ"
အဘွားကြီးကျောက် ကြောင်အသွားပြီး…
အင်း... ဒါလည်း ဟုတ်တာပဲ..
အိမ်သာထဲမှာ အနံ့က တကယ်ဆိုးမှာ..
အဘွားကြီးကျောက် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်
"အေး... ဒါဆိုလည်း ငါမသွားတော့ဘူး"
"အမလေး... ငါ့ဗိုက်လည်း နာနေပြီ.."
"မရတော့ဘူး၊ ငါလည်း အိမ်သာသွားမှဖြစ်မယ်.."
"အစားအသောက်ထဲမှာ အဆိပ်ခတ်ထားတာလား.."
သံသယဖြစ်စရာ မလိုတော့ပေ။ လူတိုင်းမှာ ဤကိစ္စသည် အစားအသောက်ကြောင့်ဟု အခိုင်အမာ ယုံကြည်သွားကြသည်။ တစ်စုံတစ်ယောက်သည် အစားအသောက်ထဲ အဆိပ်ခတ်ထားခြင်း ဖြစ်ရမည်ဟု ပြင်းပြင်းထန်ထန် သံသယဝင်နေကြ၏။
မဟုတ်လျှင် ဘာလို့ လူတိုင်း ဝမ်းလျှောနေရမှာလဲ..
"တစ်ယောက်ယောက်က ဝမ်းနှုတ်ဆေးတွေ ထည့်လိုက်တာလား.."
"ပေါက်ကရတွေ မပြောနဲ့၊ သူတို့ချက်နေတုန်းက ငါဝိုင်းကူပေးနေတာ၊ အဲ့လိုမျိုး ဘာမှမဖြစ်ခဲ့ပါဘူး။"
"ဒါဆိုရင် မသန့်ရှင်းလို့ ဖြစ်မှာပေါ့.. အမလေး... အိမ်သာသွားမှ ရတော့မယ်.."
"မြန်မြန်သွားကြ၊ မဟုတ်ရင် အိမ်သာအလှည့်ရမှာ မဟုတ်ဘူး.."
"အေးပါ၊ အေးပါ၊ ပွစိပွစိ လုပ်မနေနဲ့တော့။ မြန်မြန် အိမ်သာဆီ ပြေးကြစို့.."
လူတိုင်း ကစဉ့်ကလျား ပြေးထွက်သွားကြသဖြင့် တစ်ဝင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့၏။
နောက်ဘက်ဝင်းထဲမှ အမျိုးသမီးငယ်တစ်ဦးသည် သူမ၏ယောင်္ကျားကို ဆွဲခေါ်ကာ
"လာ... နောက်လမ်းထဲက အိမ်သာကို သွားရအောင်။ ဒီမှာတော့ နေရာရမှာမဟုတ်ဘူး၊ သွားကြစို့..."
"ငါက အကောင်းကြီးပဲဟာကို။"
"သိပါတယ်၊ ကျွန်မလည်း မနာသေးပါဘူး၊ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားရမယ်လေ။ ခဏနေ ဗိုက်နာလာရင် ဒီလူအုပ်ကြီးကို ရှင် လုနိုင်ပါ့မလား.. ဗိုက်နာမှ ပြေးရင် အချိန်မှီမှာ မဟုတ်ဘူး။ အခုကတည်းက သွားကြမယ်။ တခြားလူတွေ အကုန်ဖြစ်နေတာ၊ ကျွန်မတို့လည်း လွတ်မှာမဟုတ်ဘူး။"
"အမလေး... မိန်းမရာ၊ မင်းက တကယ်ကို တော်တာပဲ.."
"သွားစို့.."
ဗိုက်မနာသေးသော အချို့သူများသည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်လုံးများ ဝင်းပသွားပြီး အိမ်ထဲသို့ အမြန်ဝင်ကာ တစ်ရှူးများယူ၍ ထွက်သွားကြတော့သည်။
ဒါကတော့ မဖြစ်ဘူးလေ..
အဘွားကြီးကျောက်: "အမလေး... အမလေး.."
စားဖိုမှူးချန်မှာ နေရာမှာတင် အနေရခက်စွာ ရပ်နေမိ၏။
ထိုအချိန်တွင် လူတချို့မှာ သူ့ကို စတင်ဆဲဆိုကြတော့သည်။
"ဆရာချန်၊ ရှင့်လက်ရာက ဘာတွေလဲ.. ကျွန်မတို့စားခဲ့တဲ့ အစားအသောက်တွေရဲ့ အခြေအနေကို ကြည့်ဦး.. ပြောစမ်းပါဦး၊ ရှင် တစ်ခုခု မကောင်းကြံထားတာလား.. သက်သက်မဲ့ လုပ်တာလား.."
"ဟုတ်တယ်၊ ရှင့်ပွဲမှာ စားပြီးမှ ဒီလိုတွေ ဖြစ်ကုန်တာ.. ရှင် အဖြေပေးရမယ်.."
ရှီကျန့်ရှန်းသည်လည်း သံယောင်လိုက်ကာ
"အဘိုးကြီးချန်၊ ကျွန်မမိသားစုက ရှင့်ကို ယုံကြည်လို့ ပွဲအပ်တာလေ၊ ရှင့်မှာ တာဝန်ရှိတယ်"
တကယ်တမ်းတွင် သူမရင်ထဲ၌ သံသယအချို့ ရှိနေ၏။ သူမဝယ်ခဲ့သည့် အသားမှာ ဘယ်လောက်တန်သည်ကို သူမကိုယ်တိုင် သိနေသည်သာ။ သို့သော် သူမ ဝန်ခံ၍မဖြစ်သဖြင့် အပြစ်ကို လွှဲချလိုက်လေသည်။
"ရှင့်ရဲ့ လူမှူရေး နောက်ခံသမိုင်းကြောင်းက မကောင်းဘူးဆိုကတည်းက ကျွန်မ စဉ်းစားသင့်တာ။ ရှင်က ဘယ်တုန်းကမှ လူကောင်းမဟုတ်ခဲ့ဘူး။ စိတ်စေတနာ မကောင်းဘဲနဲ့ ရှင်က..."
စားဖိုမှူးချန်မှာ ရုတ်တရက် ထိတ်လန့်သွားသည်။ သူသည် လူအများမှာ သူ့လူမှုရေး နောက်ခံအကြောင်းကို ဆွဲထုတ်လာမည်ကို အကြောက်ဆုံးဖြစ်၏။ ထိုကိစ္စကြောင့် သူဒုက္ခအများကြီး ရောက်ခဲ့ဖူး၍ ရှီကျန့်ရှန်း သူ့ကို နာမည်ဖျက်ရန် ကြိုးစားနေသည်ကို မြင်သောအခါ စားဖိုမှူးချန် ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
သူ အော်ဟစ်လိုက်၍ ပြန်ပြောဆိုလိုက်၏။
"ဒီမိန်းမ... ဘာတွေ ပြောနေတာလဲ.. ခင်များ ကျုပ်ကို ဘယ်လိုတောင် စွပ်စွဲရဲတာလဲ.. ကျုပ်လုပ်တယ်လို့ ထင်ရင် ရဲတိုင်လိုက်လေ.. ကျုပ်ကတော့ အပြစ်ကင်းတယ်ဟေ့။ လူတိုင်း စဉ်းစားကြည့်ကြပါဦး၊ ဟင်းသီးဟင်းရွက် စားလို့ ဗိုက်နာတယ်ဆိုတာ ကြားဖူးကြလား.. မီးဖိုချောင်မှာ ကူပေးခဲ့တဲ့ အဘွားတွေကို မေးကြည့်လိုက်။ ကျုပ်က ဟင်းသီးဟင်းရွက်တွေကိုပဲ ကိုင်တွယ်ခဲ့တာ၊ ချက်ပြီးသား အသားဟင်းတွေက အပြင်ကနေ ဝယ်လာတာတွေပဲ။ ကျုပ် အဲ့ဒါတွေကို လက်ဖျားနဲ့တောင် မထိခဲ့ဘူး။ ကျုပ်ကိုင်ခဲ့တာဆိုလို့ ဝက်နားရွက်နဲ့ ဝက်နှလုံးပဲ ရှိတယ်၊ အဲ့ဒါတွေကလည်း ခင်များတို့စားပွဲပေါ်မှာ မရှိဘူး.. အစ်မရှီ... ခင်များ လူကို အကြောင်းမဲ့ မစွပ်စွဲနဲ့.. ကျုပ်က တကယ်ကို မတရား ခံနေရတာပါ.."
သူသာ အကျိုးအကြောင်း ရှင်းမပြလျှင် လူအများသည် သူ့လူမှုရေးအဆင့်အတန်းကို ပစ်မှတ်ထားပြီး သူဒုက္ခရောက်လာမည်ကို သိသဖြင့် အော်ဟစ်ရှင်းပြနေရ၏။
"ရဲသွားခေါ်လေ၊ ခေါ်လိုက်.. ကျုပ်တို့တွေ စားလို့ ပြီးသွားပြီဆိုပေမဲ့ အဓိကစားပွဲပေါ်မှာ ဟင်းအကြွင်းအကျန်တွေ ရှိသေးတယ်။ ဘာကြောင့် လူတွေနေမကောင်းဖြစ်တာလဲဆိုတာ ကြည့်ကြတာပေါ့။ ခင်များတို့ လူကို ဒီလို လာအနိုင်ကျင့်လို့မရဘူး.. အထဲက အစားအသောက်တွေက စားလို့မရဘူး၊ ရဲခေါ်ရမယ်။ ကျုပ်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ အထောက်အထားတွေကို ထိန်းသိမ်းထားရမယ်။"
သူသည် ဝယ်လာသည့် အသားဟင်းများ ပြဿနာရှိနေသည်ဟု တိုက်ရိုက် မပြောရဲပေ။
အကယ်၍ ပြောလိုက်လျှင် တစ်စုံတစ်ယောက်မှ ‘ဒါဆို ဘာလို့ အစကတည်းက မပြောတာလဲ' ဟု မေးလာမည်ကို သူစိုးရိမ်မိသည်။ ထိုအခါ သူသည်သာ အပြစ်တင်ခံရနိုင်သဖြင့် လူများကို အရိပ်အမြွက်ပြကာ လမ်းကြောင်းပေးရုံသာ တတ်နိုင်၏။ စားဖိုမှူးချန်မှာ ရှီကျန့်ရှန်းနှင့် ရွှီကောင်းမင်ကို တကယ်ပင် မုန်းတီးသွားတော့သည်။
လူကို မကျွေးချင်ရင်လည်း မကျွေးနဲ့လေ.. ကျွေးမယ်ဆိုရင်လည်း ကောင်းကောင်းမွန်မွန် ကျွေးပါလား။ အခုတော့ ဘာတွေလဲ....
ဒီ အနံ့အသက်မကောင်းတဲ့ အစားအသောက်တွေက တကယ်ကို ဝမ်းလျှောစေတာပဲ..
သူသည် စောစောမှ ထုတ်မပြောခဲ့မိသည်ကို ယခုမှ နောင်တရနေမိ၏။
စားဖိုမှူးချန်တစ်ယောက် သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူဟု ခံစားနေရသည်။ အိမ်ထဲမှ လူတိုင်း အပြင်သို့ ထွက်လာကြရာ မာကျန့်ယီ၏ မျက်နှာမှာ အဆိုးဆုံး ဖြစ်နေ၏။
ပြဿနာက တစ်ခုပြီးတစ်ခု.. တစ်ခုပြီးတစ်ခု..
သနားစရာကောင်းလှသော အဘိုးကြီး မာကျန့်ယီ..
ချန်ချင်းယွီသည် အဘိုးကြီးမာကို ကြည့်ပြီး အနည်းငယ် သနားမိသွားသည်။ အဘိုးကြီးမာသည် လူများကို လှည့်စားရာတွင် တော်သည်ဆိုစေဦး၊ သူ၏ တာဝန်ကိုမူ ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်၏။ တခြားသူသာဆိုလျှင် ယခုကဲ့သို့ အခြေအနေမျိုးကို ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။ ချန်ချင်းယွီမှာ သူမသာ အဘိုးကြီးမာ၏ နေရာမှာဆိုလျှင်လည်း ဤမျှ ကောင်းမွန်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ဟု ခံစားနေရသည်။
အဘိုးကြီးမာမှာ အော်ဟစ်လိုက်ပြီး
"တခြားဟာတွေ နောက်မှပြောကြစို့။ အိမ်ထဲက ဟင်းအကျန်တွေကို ဘယ်သူမှ မထိကြနဲ့ဦး။ နေလို့မကောင်းဘူးဆိုရင်... အား.. မရတော့ဘူး.. ငါ အိမ်သာသွားမှ ဖြစ်တော့မယ်.."
အဘိုးကြီးမာလည်း ဆက်ပြီး မထိန်းထားနိုင်တော့ပေ။
သူတို့ဝင်းထဲမှာ လူတစ်ရာကျော် ရှိနေတာဆိုတော့... အားလုံးသာ အိမ်သာလုကြမည်ဆိုလျှင်... သူ ဆက်တောင် မတွေးရဲတော့ဘူး..
မြန်မြန်သွားမှ ဖြစ်မယ်..
လူတိုင်း အလုအယက် ပြေးထွက်သွားကြသည်။
ဝမ်မေ့လန် သူမ၏ သမီးသုံးယောက်ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်၏။
"သမီးတို့ ဘယ်လိုနေသေးလဲ.."
နာ့နာ ခေါင်းခါပြရင်း
"သမီးကတော့ အကောင်းပဲ.."
သူမ ညီမငယ်နှစ်ယောက်ကို ကြည့်လိုက်ရာ ကလေးနှစ်ယောက်စလုံးသည်လည်း ခေါင်းခါပြကြသည်။
ဝမ်မေ့လန်မှာ နားမလည်နိုင်ဖြစ်သွား၏။ သူမကိုယ်တိုင်လည်း ဘာမှမဖြစ်ကာ၊ သူမ၏ ကလေးသုံးယောက်စလုံးသည်လည်း ဘာမှမဖြစ်ကြပေ။ သူမ မော့ကြည့်လိုက်စဉ် အဘွားကြီးကျောက်နှင့် သူမ၏ချွေးမတို့သည် တံခါးဝတွင်ရပ်ကာ ဆူညံပွက်လောရိုက်နေမှုများအား ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူမ အနားသို့သွားကာ မေးလိုက်မိ၏။
"ဒေါ်လေးကျောက်၊ အဆင်ပြေရဲ့လား.."
အဘွားကြီးကျောက် ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
"ငါကတော့ ဘာမှမဖြစ်ပါဘူး"
ဝမ်မေ့လန်မှာ အံ့သြသွားရသည်။
အဘွားကြီးကျောက်လည်း အကောင်းကြီး ဖြစ်နေပါလား....
ရုတ်တရက် ဝမ်မေ့လန် စဉ်းစားမိသွားကာ မေးလိုက်ပြန်၏။
"ဒေါ်လေးကျောက်၊ ဒေါ်လေး အသားနှပ်ထည့်ချက်ထားတဲ့ ဝက်သားတုံးတွေ မစားလိုက်ရဘူးမလား.."
အဘွားကြီးကျောက် မျက်စောင်းထိုးလိုက်ပြီး
"ငါက ဘယ်မှာ စားရမှာလဲ.."
ဝမ်မေ့လန်: "ကျွန်မလည်း မစားလိုက်ရဘူး.."
သူမသည် အဘွားကြီးကျောက်နှင့် စားပွဲတစ်ဝိုင်းတည်း ကျခဲ့သူဖြစ်သည်။ ထိုစားပွဲတွင် အာဂထိပ်ခေါင် အဘွားကြီးများချည်း စုနေပြီး အသားအတွက် အပြင်းအထန် လုစားနေကြသဖြင့် သူမမှာ မမြည်းရဲဘဲ တစ်လုပ်မှ မစားလိုက်ရခြင်း ဖြစ်၏။
ဝမ်မေ့လန် သူမကလေးသုံးယောက်ကို အမြန်မေးလိုက်သည်။
"သမီးတို့ရော အသားစားလိုက်ရသေးလား.."
နာ့နာ ခေါင်းခါပြပြီး အာ့နာမှာ နှုတ်ခမ်းလေးစူကာ ပြောရှာ၏။
"သမီးတို့ မုန့်မုန့်ကို ယှဉ်မလုနိုင်ဘူး"
ဝမ်မေ့လန်: "..."
နာ့နာ သွက်လက်စွာ ပြောပြလိုက်၏။
"အသားပန်းကန် စားပွဲပေါ်ရောက်တာနဲ့ မုန့်မုန့်တို့အုပ်စုက ရူးမတတ် လုစားကြတာ။ သမီးလည်း မစားရဘူး၊ ညီမလေးလည်း မစားရဘူး။"
သူတို့စားပွဲမှာ ကျန်းမုန့်မုန့်၊ ရွှီကောင်းမင်၏ မြေးများနှင့် ဝင်းထဲမှ တခြားကလေးအချို့ ရှိနေကြသည်။ နာ့နာသည် အသက်ကြီးသော်လည်း သူမမိသားစုမှာ ချောင်လည်သဖြင့် ပုံမှန်ဆိုလျှင် အစားအသောက်အတွက် လုစားလေ့မရှိပေ။
ထို့ကြောင့် သူမ ဘာမှမစားလိုက်ရခြင်း ဖြစ်သည်။
ဝမ်မေ့လန်က သူမ၏ ရင်ဘတ်ကို ဖိရင်း ဘုရားတလိုက်မိ၏။
"တော်သေးတာပေါ့၊ သမီးတို့ ဘာမှမစားလိုက်ရလို့.."
နာ့နာတို့ ညီအစ်မ သုံးယောက်မှာနေ့လယ်ခင်း၌ အသားမစားလိုက်ရသဖြင့် တစ်နေကုန် စိတ်မကောင်းဖြစ်နေခဲ့ရာမှ ယခုစကားကို ကြားလိုက်ရသည့်အခါ ကြောင်အသွားကြသည်။
ဘာလဲ.. ဒါက ကံကောင်းသွားတာလား..
နာ့နာနှင့် အာ့နာတို့မှာ ငယ်သေးသည်ဆိုသော်လည်း အမှားအမှန်ကိုနားလည်ကြ၏။
အငယ်ဆုံး စန်းနာလေးမှာမူ ဘာမှမသိဘဲ ငေးကြည့်နေဆဲပင်။
နာ့နာနှင့် အာ့နာတို့မှာ မှင်သက်နေမိကြသည်။
ဝမ်မေ့လန် သူမ၏ မှန်းဆချက်ကို ဘေးလူများကို အမြန်ပြောပြလိုက်သည်။
"ကျွန်မထင်တာတော့ အသားက မကောင်းတာပဲ။ ကျွန်မတို့ ဘယ်သူမှ အသားမစားဘူး၊ ဒါကြောင့် အခုအားလုံး အကောင်းကြီး ဖြစ်နေတာ။"
"အာ.. ဟုတ်မှာပဲ.. ကျွန်မလည်း ဘာမှမစားလိုက်ရဘူး၊ အခုအကောင်းကြီးပဲ။"
စားဖိုမှူးချန်သည်လည်း ချက်ချင်း ဝင်ပြောလိုက်၏။
"ကျုပ်ကို ကျွေးတဲ့အချိန်မှာ ပန်းကန်တွေက အကုန်ပြောင်နေပြီ၊ ကျုပ်လည်း ဘာမှမစားလိုက်ရဘူး။"
ဘုရားရေ.. ဒီလူတွေထဲမှာ ဘာမှမဖြစ်တဲ့သူတွေက အသားမစားလိုက်ရတဲ့သူတွေ ဒါမှမဟုတ် နည်းနည်းပဲ စားမိတဲ့သူတွေချည်းပဲ....
ယခုမူ စနစ်တကျ ထိန်းသိမ်းမည့်သူလည်း မရှိတော့ပေ။ မာကျန့်ယီမှာ အိမ်သာအပြင်ဘက်သို့ ရောက်နေပြီး သူ့မိန်းမသည်လည်း အိမ်သာထဲ ရောက်နေပြီဖြစ်သည်။
ဝမ်မေ့လန်: "ဒါက တကယ်ကို..."
သူမ ဘာပြောရမှန်းမသိ ဖြစ်နေသော်လည်း ကလေးများကို အိမ်ထဲဝင်ခိုင်းလိုက်၏။
"နာ့နာ၊ ညီမလေးတွေကို အိမ်ထဲခေါ်သွားတော့၊ အပြင်မှာ မဆော့ခိုင်းနဲ့။ လူတွေက ဒီလိုပြေးလွှားနေကြတာ သမီးတို့ကို ဝင်တိုက်မိလိမ့်မယ်"
နာ့နာ ခေါင်းငြိမ့်ပြကာ ညီမလေးများကို ခေါ်သွား၏။ လူတိုင်းမှာ အလျင်စလိုဖြင့် ဟိုပြေးဒီလွှား ဖြစ်နေကြလေသည်။
ဝမ်မေ့လန် အိမ်ပြန်မသွားဘဲ ချန်ချင်းယွီဘေးမှာ ရပ်နေပြီး ထိတ်လန့်နေဆဲပင်။
"ဒါက တကယ်ကို..."
ဘူ၊ ဘူ.. ဘူ.. ဘွတ်..ဘွတ်
ကျန်းမုန့်မုန့်သည် အများဆုံး လုစားခဲ့သူဖြစ်ရာ ယခု၌ နေရာမှာတင် ရပ်ပြီး တဘူဘူ တဂွမ်ဂွမ် အသံများ ထွက်နေတော့သည်။ အသံကြားရုံဖြင် သာမန် လေလည်ခြင်း မဟုတ်မှန်း ဘယ်သူမဆို သိနိုင်၏။
ကံကောင်းလို့.... ဘုရားသခင်....
စကတ်မဝတ်ထားကြလို့ပေါ့.. စကတ်ကြီးနဲ့သာဆို အမယ်လေး မတွေးဝံ့စရာ......
အဘွားကြီးကျောက် ပုံမှန်အတိုင်းပင် အာကြမ်းလျှာကြမ်းဖြင့် အော်ဟစ်လိုက်သည်မှာ …
"ဟဲ့ အဘိုးကြီးကျန်း၊ ကျန်းရှင်းဖှ နင်တို့ နှစ်ယောက်စလုံး မျက်စိကန်းနေကြတာလား.. နင်တို့ကလေး အီးပါချလိုက်တာ မမြင်ဘူးလား.. အိမ်ကိုဖြစ်ဖြစ်၊ အိမ်သာကိုဖြစ်ဖြစ် ခေါ်သွားလေ။ ငါတို့ ဒုတိယဝင်းကြီးကို ဒီလိုမျိုး ရွံစရာကောင်းအောင် လုပ်နေတာ ဘာသဘောလဲ.. နင်တို့က ဘယ်လိုလူမျိုးတွေလဲ.. စေတနာကို မကောင်းကြဘူး.."
"ခင်များ စကားကို ကောင်းကောင်းပြောလို့ မရဘူးလား.."
"ဘာ 'ကောင်းကောင်းပြောလို့ မရဘူးလား' လဲ.. ငါက အမှန်အတိုင်း ပြောနေတာလေ။ နင်တို့က ငါတို့ ဒုတိယဝင်းကို ပြဿနာဖြစ်စေချင်နေတာလား.. နင်တို့က အရမ်းအတ္တကြီးတာပဲ.. ဘာလဲ.. နင်တို့က ဒီကိစ္စကို တာဝန်မယူချင်ဘူးပေါ့.."
အဘွားကြီးကျောက် အလျှော့မပေးပေ။
ငါတို့ ဒုတိယဝင်းက ဘာလို့ ဒီဒဏ်ကို ခံရမှာလဲ..
အဘိုးကြီးကျန်း မျက်နှာပျက်ပျက်ဖြင့် လှမ်းခေါ်လိုက်သည်။
"မိန်းမရေ၊ မိန်းမရေ။"
"ဒေါ်လေးဟွမ်က အိမ်သာသွားနေတယ်လေ။"
အဘိုးကြီးကျန်း၏ ဗိုက်ထဲမှလည်း တဂွီဂွီမြည်သံများ ထွက်ပေါ်နေသည်။ သူသည် အလွန်အမင်း စိတ်မရှည်ဖြစ်နေပြီး ဒေါသတကြီးဖြင့်
“ငါနဲ့ အတူအပြင်ထွက်ခဲ့၊ အိမ်သာသွားပြီး နင့်အဘွားကို သွားရှာ”
ကျန်းမုန့်မုန့် မလှုပ်မယှက်ခြေထောက်နှစ်ဖက်ကို အတင်းစေ့ထားရင်း ဆိုလိုက်၏။
“အဘိုး... သမီးဘောင်းဘီထဲမှာ အီးတွေရှိနေတယ်၊ လမ်းလျှောက်လို့မရဘူး”
အနှီ ကလေးမလေးမှာ အရှက်အကြောက်ဟူသည် အလျင်းမရှိဘဲ ဆက်ပြောလိုက်ပြန်သည်။
“လမ်းလျှောက်လိုက်ရင် အီးတွေ ထွက်ကျလာရင် ဘယ်လိုလုပ်မလဲ”
“အမလေး... ဘုရား၊ ဘုရား..”
“ဖြစ်ရလေ... တကယ်ကို ရွံစရာကောင်းလိုက်တာ။”
“အဘိုးကြီးကျန်း၊ နင်တို့မိသားစုက ဘာဖြစ်နေတာလဲ.. သူ့ကို အပြင်အမြန်ခေါ်သွားစမ်းပါ။”
“ဟုတ်ပ..”
အဘိုးကြီးကျန်းမှာ ဒေါသထွက်လွန်း၍ စကားပင်မထွက်နိုင်တော့ဘဲ ဗိုက်ထဲမှလည်း ရစ်နာနေပြီဖြစ်သည်။
“ကျန်းရှင်းဖှ မင်းရဲ့ သမီးကို အပြင်ခေါ်သွားစမ်း”
အဘိုးကြီးကျန်း သားဖြစ်သူကိုဟိန်းဟောက်လိုက်၏။
ကျန်းရှင်းဖှ : “ကျွန်တော့်ဒဏ်ရာက မပျောက်သေးဘူးလေ...”
ဤလူသည် ဒဏ်ရာရထားသည်မှာ တစ်လကျော်နေပြီဖြစ်သော်လည်း အနာကျက်နှုန်းသည်ကား အလွန်နှေးကွေးနေသည်။
“ဒါ မင်း သမီးပဲ၊ မင်း မပြုစုရင် ဘယ်သူပြုစုမှာလဲ.. မြန်မြန်လုပ်စမ်း။”
အဘိုးကြီးကျန်းသည်လည်း ယခုအချိန်တွင် ဗိုက်ကိုဖိထားရင်း
“မင်း သူ့ကိုခေါ်ပြီး ငါ့နောက်က လိုက်ခဲ့”
သူတို့အခြေအနေနှင့် နှိုင်းယှဉ်လျှင် ဝမ်းလျှောနေသော အခြားမိသားစုမှ ကလေးများမှာ လူကြီးများက အပြင်သို့ ခေါ်သွားကြသည်။ ကံကောင်းသည်မှာ ကလေးတိုင်း အိမ်သာသွားရမည်ကို သိကြသဖြင့်သာ တော်တော့၏။ မဟုတ်လျှင် အားလုံးမှာ ကျန်းမုန့်မုန့်ကဲ့သို့ ဆိုပါလျှင် တစ်ဝင်းလုံး အနံ့အသက် ကောင်းတော့မည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် လူတိုင်းမှာ အိမ်သာသွားရန်ပင် မဝံ့မရဲ ဖြစ်နေကြရသည်။
လူတိုင်းမှာ သနားစရာကောင်းလောက်အောင် အခြေပျက်နေကြ၏။ အဘွားကြီးကျောက် ချန်ချင်းယွီကို ခိုးကြည့်လိုက်ပြီး ‘ဒီအရူးမက ရန်ဖြစ်တာ တော်ရုံတင်မကဘဲ နိမိတ်လည်း မကောင်းဘူး’ ဟု တွေးနေမိသည်။ ဤအရူးမသည် ရွှီမိသားစု၏ ပွဲအတွက် အမြဲစိုးရိမ်နေပြီး သူမကိုယ်တိုင်လည်း မစားဝံ့ခဲ့သည်ကို အဘွားကြီးကျောက် သိထား၏။
မမျှော်လင့်ဘဲ...
သူမ ထင်သည့်အတိုင်း ဖြစ်လာခဲ့သည်။
ဝမ်းလျှောသည့်ကိစ္စမှာ သူမချွေးမကြောင့် မဟုတ်မှန်း သိသော်လည်း ဤအချက်မှာပင် ချန်ချင်းယွီ အရူးမတွင် မကောင်းသော နိမိတ်ဆိုးရှိကြောင်း ပို၍သက်သေပြနေ၏။
တွေ့လား၊ သူမ စိုးရိမ်ခဲ့သမျှ တကယ်ဖြစ်လာတာပဲ....
သူမ ချန်ချင်းယွီကို "နိမိတ်မရှိ ကံဆိုးမ"ဟု အမြဲခေါ်ခဲ့သည်မှာ မဆန်းတော့ပေ၊ သူမမှာ တကယ်ကို နိမိတ်မကောင်းသူပင်။
နိမိတ်ဆိုးတဲ့သူတွေဆိုတာ ကိုယ်လုံးတစ်ခုလုံး မည်းနက်နေပြီး ခေါင်းမှာလည်း အမွေးအတောင်တစ်ချောင်း ပါတတ်တယ်လို့ သူမ ကြားဖူးတယ်....
ဒါဆိုရင် အဲ့ဒါ ကျီးကန်းတစ်ကောင် မဟုတ်ဘူးလား..
ကဲ... နိမိတ်မကောင်းတဲ့သူမှာ နိမိတ်ဆိုးတွေ ရှိနေတာ မှားလို့လား..
မမှားဘူး..
အဘွားကြီးကျောက်သည် သူမဘာသာ အမြန်တွေးတော ယူဆလိုက်ပြီး သူမ၏ ခန့်မှန်းချက်မှာ လုံးဝမှန်ကန်သည်ဟု ခံစားလိုက်ရသည်။
ချန်ချင်းယွီကတော့ တကယ်ကို လူကောင်းမဟုတ်ဘူးပဲ..
အဘွားကြီးကျောက် ချန်ချင်းယွီကို နောက်တစ်ချက် ခိုးကြည့်ပြန်၏။
အရင်ကတော့ သူမက သူမနဲ့နီးစပ်သူတွေကိုပဲ ကံဆိုးစေခဲ့တာ၊ အခုတော့ သူမနီးစပ်သူတွေ အကုန်ကုန်သွားပြီဆိုတော့...
သူမနဲ့ မတည့်တဲ့သူတွေကိုပါ ကံဆိုးအောင် စလုပ်နေတာလား..
ဖြစ်နိုင်တယ်၊ အရမ်းဖြစ်နိုင်တယ်....
အရင်က သူမက နိမိတ်ဆိုးမ တစ်ယောက်ပဲ၊ ဒါပေမဲ့ သူမက သူမဘေးနားက လူတွေကိုပဲ ကံဆိုးစေခဲ့တာ၊ သူမအပေါ် ကောင်းတဲ့သူတွေ အကုန်သေကုန်ကြပြီ။ အခုတော့ သူမကို ကာကွယ်ပေးမယ့်သူ မရှိတော့ဘူး၊ တခြားသူတွေက သူမကို နှိပ်စက်ချင်ကြတော့ သူမက မိစ္ဆာအဖြစ် ပြောင်းလဲသွားတာပဲ..
ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့ဒါပဲ..
မိစ္ဆာဖြစ်သွားပြီးတဲ့နောက် သူမက သူမအပေါ် မကောင်းတဲ့သူတွေကို ကံဆိုးအောင် လုပ်တော့တာပဲ။
ဟုတ်တယ်၊ ဒါပဲဖြစ်ရမယ်.. ငါ့အထင် လုံးဝမမှားဘူး..
သူမ ငယ်စဉ်၌ သရဲပုံပြင်များ အများကြီး ကြားဖူးထားသောကြောင့် ဤကိစ္စအပေါ် သူမဆုံးဖြတ်ချက်သည် လုံးဝကို မှန်ကန်နေသည်ဟု ထင်နေ၏။
အဘွားကြီးကျောက် တွေးတွေးဆဆ ဖြစ်နေသည်ကို မြင်သောအခါ ချန်ချင်းယွီမှာ မေးလိုက်လေသည်။
“အမေ ဘာဖြစ်လို့လဲ..”
အဘွားကြီးကျောက်မှာ လန့်သွားပြီး အမြန်ပြန်ဖြေလိုက်၏။
“ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး..”
သူမ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ရာ စားဖိုမှူးချန် ထွက်သွားသည်ကို တွေ့လိုက်သဖြင့် တိုးတိုးလေး မေးလိုက်သည်။
“စားဖိုမှူးချန်က ဘာလို့ ထွက်သွားတာလဲ..”
ချန်ချင်းယွီနှင့် တခြားသူများလည်း သူထွက်သွားသည်ကို မြင်လိုက်ကြသော်လည်း မည်သူမျှ တားဆီးခြင်း မပြုခဲ့ကြပေ။
သူထွက်သွားခြင်းမှာ သူတို့နှင့် တိုက်ရိုက်မပတ်သက်၍ ဂရုမစိုက်ကြသော်လည်း ဝမ်မေ့လန်မှာခန့်မှန်းချက်တစ်ခု ရှိနေသည်။
"ကျွန်မထင်တာတော့ သူ ရဲစခန်းသွားတာ ဖြစ်လိမ့်မယ်..."
သူမသည် အလုပ်ခွင်တွင် နေ့စဉ်နှင့်အမျှ လူတကာနှင့်အဆက်အသွယ်များစွာ ရှိနေသဖြင့် လူမှုရေးနောက်ခံမကောင်းသူများမှာ မည်မျှပင် သတိကြီးကြီးထားရသည်ကို ပို၍ နားလည်သည်။ ဤကိစ္စသည် အဖြေတစ်ခုရှိရန် အသေအချာ လိုအပ်၏။ မဟုတ်လျှင် ဝင်းထဲရှိလူများမှာ ငြိမ်ခံနေကြမည်မဟုတ်ပေ။ ယခုလောလောဆယ်တွင် လူတိုင်း အိမ်သာထဲရောက်နေကြသဖြင့် အချိန်မရသေးခြင်းသာ ဖြစ်သည်။
အကယ်၍ စားဖိုမှူးချန်အနေဖြင့် မတရား အပြစ်တင်ခံရမည့်ဒဏ်ကို မခံချင်ပါက ရဲစခန်းသွားမည်မှာ အသေအချာပင်။
ချန်ချင်းယွီက စဉ်းစားကြည့်ရာ ဝမ်မေ့လန်၏စကားမှာ အကျိုးအကြောင်းဆီလျော်သည်ဟု ခံစားရ၏။
အခြေအနေများမှာ လွန်ခဲ့သောနှစ်များကဲ့သို့ အလွန်တရာ ရူးသွပ်ဆိုးသွမ်း မနေတော့သော်ငြား လုံးဝကြီး စိတ်ချလက်ချနေရန် မဖြစ်သေးပေ။
တကယ်တမ်းတွင်လည်း ချန်ချင်းယွီသည် စားဖိုမှူးချန်ကို ရဲစခန်းသွားစေချင်သည်။ အကြောင်းရင်းမှာ အဖြစ်မှန်ကို ဖော်ထုတ်ပြီး ရွှီမိသားစု၏ လုပ်ရပ်ကို လူသိရှင်ကြားဖြစ်စေရန်ပင်။ အမှန်အတိုင်းပြောရလျှင် အသားမပါဘဲ ကျွေးလျှင်လည်း ရပါလျက်နှင့် ယခုကဲ့သို့ ညစ်ပတ်လှသော အစားအသောက်များဖြင့် လူကို လှည့်စားခြင်းမှာ အလွန်ပင် လွန်လွန်ကျူးကျူး ရှိလှ၏။
ချန်ချင်းယွီသည် ထိုအနံ့အသက်မကောင်းသော အရိုးကြီးကို ထပ်မံ မြင်ယောင်လာသည်။
အင်း... တွေးမိရုံနှင့်ပင် ပျို့အန်ချင်လာမိ၏။
"ဒုက္ခပါပဲ.. ဒုက္ခပါပဲ.. အပြင်မှာ ရန်ပွဲတွေ ဖြစ်နေပြီ.."
"လူတွေ အမြန်လာကြဦး၊ သူတို့ကို တားကြပါဦး.. ရန်ဖြစ်နေကြပြီ.."
အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာရာ အဘွားကြီးကျောက်မှာ တစ်ချက်လေးမျှ စဉ်းစားမနေဘဲ အပြေးအလွှား ထွက်သွား၏။
ချန်ချင်းယွီသည်လည်း သွက်လက်သူဖြစ်ပြီး နောက်မှလိုက်ပါသွားကာ၊ ဝင်းထဲ၌ ဘေးကင်းကင်း ကျန်ရစ်နေသူ အနည်းငယ်တို့သည်လည်း အပြင်သို့ အမြန်ထွက်လာကြသည်။
ဤကဲ့သို့သော ပွဲကြည့်စရာကို လက်လွတ်ခံ၍ မဖြစ်ပေ..
ချန်ချင်းယွီ အပြင်ရောက်ရောက်ချင်းမှာပင် လူနှစ်ဦး ရန်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"ငါ အရင်ရောက်တာ၊ ငါ အရင်သွားရမယ်။"
"ဖယ်စမ်း.. ငါ့လူက အထဲမှာရှိတာ။ သူက သူ့အလှည့်ကို ငါ့ကိုပေးတာပဲ။ ဒါက ငါတို့အချင်းချင်းကိစ္စ၊ ဘယ်သူအရင်ရောက်တယ်ဆိုတာနဲ့ မဆိုင်ဘူး။"
"ဖယ်စမ်းပါဆို.."
"နင်ပဲ ဖယ်စမ်း.."
ထိုသူနှစ်ဦး အချင်းချင်း လုံးထွေးဆွဲလားရမ်းလား ဖြစ်နေစဉ်မှာပင် တခြားတစ်ယောက်မှာ အထဲသို့ အတင်းတိုးဝင်သွားသည်။
"အား.. ငါ့နေရာကို လုသွားပြီ.."
"ဘုရားရေ.. ငါ့ကို အရင်ပေးသွားပါဦး.."
"ငါ့ကို အိမ်သာသွားခွင့်မပေးရင်တော့ နင်နဲ့ ငါနဲ့ အသေပဲ.."
"အား.. ဖယ်စမ်း.. သူ့ကို ဆွဲထားကြပါဦး၊ အိမ်သာက ငါ့ဟာ......"
ချန်ချင်းယွီ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အနေမိ၏။..
ဘာမှပြောစရာမရှိတော့ဘူး..
ဒါဆို နင်တို့နှစ်ယောက်က အိမ်သာလုပြီး ရန်ဖြစ်နေကြတာလား..
အမျိုးသမီးအိမ်သာ အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး၊အမျိုးသားအိမ်သာ အပြင်ဘက်တွင်လည်း လက်သီးလက်မောင်း တန်းနေကြပြီဖြစ်သည်။
ရှီရှောင်ဝေ၏ ဟိန်းဟောက်လိုက်သံကြီးမှာ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"ရှောင်စန်း ခွေးသား.. မင်း ခုထိ ဝန်မခံသေးဘူးလား.... ဒါက ဘာလဲဟမ်...."