အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
၅၇။ နောင်ယောင်ခံလိုက်ခြင်း
အသက် ၆ နှစ်အရွယ်သာရှိသေးသည့် ကျန်းမုန့်မုန့်၏ လုပ်ရပ်မှာ ကြည့်ရှုနေသူအားလုံးကို အံ့ဩဆွံ့အသွားစေသည်။
ဘုရားရေ.. ငါတော့ ဒီနေ့ အမြင်ကျယ်သွားရပြီ..
ကလေးတစ်ယောက်ဖြစ်သော်ငြား လူကြီးသဖွယ် ပြုမူနိုင်ကြောင်း ကျန်းမုန့်မုန့်မှ သက်သေပြပေးခဲ့၏။
သူမသည် ညစ်ပတ်ပေရေနေသော ဘောင်းဘီကိုကိုင်ထားပြီး ရှီကျန့်ရှန်း၏ ခေါင်းကို တဘုန်းဘုန်းအဆက်မပြတ်ထိုးနှက်လေသည်။
အင်း… အထဲကဟာတွေ ကျကုန်လားဆိုတာတော့ ပြောဖို့ခက်သား....
မည်သို့ပင်ဖြစ်စေ၊ ဤသည်မှာ ရွံစရာကောင်းလှ၏။ လူအများမှာ နောက်သို့ဆုတ်သွားကြပြီး ကျန်းမုန့်မုန့်ကို အံ့ဩဆွံ့အစွာဖြင့် ကြည့်နေမိကြသည်။
ဘယ်လို ကလေးအတန်းအစားလေးပါလိမ့်....
ရှီကျန့်ရှန်းမှာ ကျန်းမုန့်မုန့် သူမအား ဤသို့ပြုလုပ်မည် မထင်၍ ကျောက်ရုပ်ကြီးသဖွယ် ကြောင်အနေ၏။
ရှီကျန့်ရှန်း ကြောင်အနေသည်ကို အခွင့်ကောင်းယူပြီး အဘွားကြီးဟွမ်မှာ ဖျတ်ခနဲထလာပြီး ရှီကျန့်ရှန်းကို တွန်းလှဲကာ အသာစီးယူလိုက်သည်။
"ငါ့ကို ရိုက်တယ် ဟုတ်လား၊ ငါ့ကို လက်ပါရဲတယ်ပေါ့.. ဘာလဲ.. ငါ့မှာ အကူအညီမရှိဘူး ထင်နေလား.. မုန့်မုန့်၊ နင့်ဘောင်းဘီ ယူခဲ့.."
ကျန်းမုန့်မုန့်မှာ ချက်ချင်းပင် ကမ်းပေးလိုက်ပြီး
“အဘွား သူ့ပါးစပ်ထဲ ထည့်ပစ်..”
ဝိုင်းကြည့်နေကြသူများမှာ “ဝိုးခနဲ” ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
အဘွားကြီးဟွမ် : “လာစမ်း…ဒါ”
“ခင်များ ဘာလုပ်တာလဲ လွန်းလွန်နေပြီနော်..”
ရွှီကောင်းမင် နောက်ဆုံးတွင် ဝင်ပါလိုက်ရပြီး အဘွားကြီးဟွမ်ကို တွန်းထုတ်ပစ်လိုက်သည်။ သူ့အနေဖြင့် မိန်းမများရန်ပွဲတွင် ဝင်မပါချင်သည့်တိုင် ဤသို့ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အရာကို ရှီကျန့်ရှန်း ပါးစပ်ထဲသို့ ထည်မည်ကို မလိုလားပေ၊ မဟုတ်လျှင် သူ့မှာ ထာဝရ ရွံရှာနေမိမည်မှာ သေချာ၏။ မည်သို့ပင်ဖြစ်စေ ရှီကျန့်ရှန်းမှာ သူ့ဇနီးဖြစ်နေသေးသည်။
“ထွက်သွားစမ်း..”
“နင် ရွှီကောင်းမင်.. မိန်းမကြီးအချင်းချင်း ရန်ဖြစ်နေတာကို နင်က ကြားဝင်တယ်ပေါ့လေ.. နင့်ကို သေအောင်ကုတ်ပစ်မယ်”
ရွှီကောင်းမင် : "ကျုပ်နားက ဖယ်စမ်း.. ခင်များတို့တွေ ဘယ်တော့မှ ရပ်ကြမှာလဲ.. မရွံကြဘူးလား.. အခု ဘာတွေဖြစ်နေလဲဆိုတာကိုရော မမြင်ကြဘူးလား.. ဘာလဲ... ခင်များတို့က ဒီရွံစရာကောင်းတဲ့ အရာတွေကိုပဲ လိုချင်နေကြတာလား.. ဘာပဲဖြစ်ဖြစ် အားလုံးကို မနက်ဖြန်ကျမှ ပြောကြမယ်။ ခင်များတို့က ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ပေမဲ့ ကျုပ်တို့ကတော့ ဂရုစိုက်ရဦးမယ်။ ရှိသမျှအကြောင်းအရာတွေကို မနက်ဖြန်မှ ရှင်းမယ်။"
သူ ကြွေးကြော်လိုက်ပြီး
"မနက်ဖြန် အလုပ်ဆင်းရင် အားလုံး အိမ်ကို စောစောပြန်လာခဲ့ကြ၊ အစည်းအဝေးလုပ်မယ်.. အဲဒီကျရင် ကျုပ် အားလုံးကို ရှင်းပြပေးမယ်.."
ထိုစကားကြားသောအခါ လူတိုင်း ခေါင်းညိမ့်လိုက်ကြသည်။
အမှန်တကယ်ပင် သူတို့သည်လည်း ပွဲကြည့်ရသည်ကို စိတ်ဝင်စားမှု လျော့နည်းနေပြီဖြစ်၏။ ဆိုရသော် သူတို့ခြေထောက်များမှာ အီးပါရလွန်း၍ ပျော့ခွေနေချေပြီ။
ခြေကုန်လက်ပန်းကျနေပါပြီဗျာ..
“ဟွန့်..”
အဘွားကြီးဟွမ် နှာခေါင်းရှုံ့လိုက်၏။
ရွှီကောင်းမင် : “သွားကြတော့ သွားကြတော့”
မာကျန့်ယီဆိုတဲ့ကောင် ဘယ်ရောက်သွားတာလဲ.. ဘာလို့ ပေါ်မလာတာလဲ.. သူကတော့ တကယ့်ကို ကြီးကြပ်ရေးမှူး လုပ်ဖို့ မတန်တဲ့သူပဲ။ ဒီလောက် ကိစ္စအကြီးအကျယ် ဖြစ်နေတာကို စနစ်တကျ ထိန်းသိမ်းပြီး လူတွေကို စိတ်အေးအောင် လုပ်ပေးရမယ့်အစား လူက ပျောက်ချင်းမလှ ပျောက်နေတယ်....
တကယ့်ကို အတ္တကြီးလိုက်တာ…ရပ်ကွက်ကော်မတီကလည်း မျက်စိမရှိဘူး၊ သူ (ရွှီကောင်းမင်) က ပိုပြီးတော့ အရည်အချင်းရှိတာကို သူ့ကိုကျတော့ တာဝန်ခံအဖြစ် ခန့်မထားကြဘူး။ တကယ့်ကို မျက်စိကန်းနေကြတာပဲ....
ရွှီကောင်းမင် : "မနက်ဖြန် အစည်းအဝေးလုပ်မယ်.. ကဲ... လူစုခွဲကြတော့.. မြန်မြန်.. အိမ်ပြန်ကြ.."
အဘွားကြီးကျောက် ချန်ချင်းယွီ အနားကို တိုးတိုးလေး ကပ်ပြောလိုက်၏။
"သူကတော့ တော်တော်လေး စွမ်းတာပဲ၊ ဒီအခြေအနေကိုတောင် တည်ငြိမ်သွားအောင် လုပ်နိုင်တယ်"
"သူက တည်ငြိမ်အောင် လုပ်နိုင်တာ မဟုတ်ပါဘူး အမေရယ်၊ လူတိုင်းက ဝမ်းလျှောလွန်းလို့ ခြေထောက်တွေ ယိုင်နေကြလို့ပါ"
လူတိုင်း၏ဖြူဖျော့နေသော မျက်နှာများကို မြင်သောအခါ အဘွားကြီးကျောက်မှာ သဘောပေါက်သွားရပြီး တစ်ဆက်တည်းမှာပင် ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းကို ကျိန်ဆဲလိုက်မိ၏။
တကယ်ကို လူမဟုတ်တဲ့ဟာတွေ..
တကယ်ဆို အသားမပါလည်း ကျွေးလို့ရနေတာပဲကို အခုကြတော့ လူတိုင်းကို ဒုက္ခရောက်အောင်လုပ်တယ်..
မျက်နှာလိုချင်တာနဲ့ပဲ လူတွေကို ဒုက္ခပေးလို့ ရရောလား..
“တကယ်ကို လူမဆန်တာပါအေ”
ချန်ချင်းယွီ ခေါင်းညိမ့် ထောက်ခံလိုက်၏။
ယောက္ခမနှင့်ချွေးမ နှစ်ဦးသား အတူတူ လမ်းလျှောက်ပြန်ခဲ့ကြသည်။ ချန်ချင်းယွီ လှည့်ကြည့်လိုက်စဉ် ကျန်းမုန့်မုန့်တစ်ယောက် အဘွားကြီးများသဖွယ် တင်ပါးပေါ်လက်ထောက်၍ သူမအဘွားဘေးတွင် ဝံ့ကြွားစွာရပ်နေသည်ကို မြင်လိုက်ရ၏။
“……”
ထိုခဏတွင် ချန်ချင်းယွီမှာ ပြောစရာပျောက်ဆုံး ဆွံ့အသွားမိသည်။
တခြားသူများရော၊ အဘွားကြီးကျောက်တို့ပါ အိမ်သို့ပြန်ရောက်လာချိန်တွင် မိုးချုပ်နေပြီဖြစ်ပြီး ကလေးလေးနှစ်ယောက်နှင့် နာ့နာတို့ညီအစ်မသုံးယောက်မှာ ခုံပုလေးများတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။
“သမီးတို့ အမေပြန်ရောက်နေပြီ အိမ်ပြန်ကြတော့လေ”
အဘွားကြီးကျောက် : “ငါ့အတွက် ညစာမလုပ်နဲ့တော့.. ငါတကယ်မစားချင်ဘူး”
ခြံဝင်းထဲတွင် မည်သူမှ အပေါ့အလေး မသွားထားသော်လည်း နေ့တစ်ဝက်နီးပါး ရုတ်သဲသဲကိစ္စများကို ကြည့်၍ ဟိုဟိုဒီဒီ ညစ်ညစ်ပတ်ပတ်များကို မြင်နေခဲ့ရသည့်အတွက် အဘွားကြီးကျောက်မှာ စားချင်စိတ် ကုန်ဆုံးနေသည်။ ထို့အပြင် စိတ်အထင်ဖြစ်နိုင်သော်လည်း ခြံဝင်းထဲတွင် အနံ့ဆိုးများ စွဲနေသည်ဟု ထင်နေမိ၏။
"နင်ရော မခံစားရဘူးလား.. တစ်ခုခု နံနေသလိုပဲ"
"ဟုတ်တယ် အမေ၊ ကျွန်မတို့က အများသုံးအိမ်သာနဲ့ ကပ်နေတာ မဟုတ်ပေမဲ့ ခြံဝင်းသုံးခုပဲ ခြားတာဆိုတော့ အနံ့က ဒီဘက်ကို လွင့်လာတာ ဖြစ်မှာပါ။ ဒီနေ့ လေကလည်း ဒီဘက်ကို တိုက်နေတာကိုး။"
"တောက်.. တကယ်ကို ငရဲပဲ၊ တွေးမိတာနဲ့တင် ပျို့ချင်လာပြီ။"
ဤည၌ မည်သူမှ ညစာ စားနိုင်ကြမည် မဟုတ်ကြောင်း သူမ တွေးမိလိုက်သည်။
ချန်ချင်းယွီမှာ အဘွားကြီးကျောက် စားချင်စား၊ မစားချင်နေ ဂရုမစိုက်ပေ။
“မေမေ သားတို့ကို ဆန်ပြုတ်လုပ်ပေးမယ် နည်းနည်းစီစားလိုက်ကြ ဟုတ်ပြီလား”
ကလေးများမှာ အဆာမခံသင့်ပေ။
“ဟုတ်ကဲ့”
ရှောင်ကျားနှင့်ရှောင်ယွမ်မှာ တစ်နေ့လယ်ခင်းလုံး ပြေးလွှားဆော့ကစားခဲ့ကြသဖြင့် နေ့ခင်းမှ စားထားသမျှမှာ အစာကြေသွားပြီဖြစ်၏။ သူတို့မှာ မီးဖိုချောင်တွင် လိမ်လိမ်မာမာ ထိုင်နေကြပြီး မိခင်ဖြစ်သူ ချက်ပြုတ်နေသည်ကို ကြည့်နေကြသည်။
“အမေပြောတော့ ကျွန်မကို ကြက်မတစ်ကောင်ရှာပေးမယ်ဆို.. ဒီလောက်တောင် ကြာနေပြီးကို ရှာလို့မတွေ့သေးဘူးလား”
ချန်ချင်းယွီ ပြောလိုက်၏။
"နင်က လွယ်တယ်မှတ်နေလား.. ငါက ဥဥနိုင်တဲ့ ကြက်မကို လိုချင်တာလေ၊ အဲဒါကြောင့် ရှာရခက်နေတာပေါ့။ ကြက်ပေါက်ကလေးတွေက ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ရတာဆိုတော့ အသက်ရှင်ပါ့မလားတောင် မသိဘူး။ ကြက်ကြီးတွေဆိုရင်တော့ အသက်မရှင်ရင်တောင်မှ တို့တွေ ပြန်ချက်စားလို့ ရသေးတယ်လေ။"
"ကောင်းပါပြီ၊ အမေ နည်းနည်းလောက် ကြိုးစားပြီး ရှာပေးပါဦး။ ကျွန်မတို့အိမ်မှာ ကြက်မ နှစ်ကောင်လောက် မွေးထားရင် ကြက်ဥစားရတာ ပိုအဆင်ပြေသွားမှာပါ။"
"အေးပါ၊ ငါ့တာဝန်ထားလိုက်စမ်းပါ။"
မိမိ၏ မိသားစုသာ အကျိုးအမြတ်ရှိမည်ဆိုလျှင် သူမ အဘွားကြီးကျောက်သည် တက်တက်ကြွကြွ ရေကုန်ရေခမ်း ကြိုးစားမည်သာ။
"အမလေး... ငါတို့မိသားစုကတော့ ဒီတစ်ခါ တကယ်ကို ကံထူးတာပဲ။ တခြားသူတွေရဲ့ အခြေအနေကိုလည်း ကြည့်ဦး၊ တကယ့်ကို သနားစရာကြီးတွေ။ တို့မိသားစုပဲ တစ်ယောက်မှ ဝမ်းမလျှောတာ။"
ချန်ချင်းယွီ ခေါင်းငြိမ့်ရင်း သလောတူလိုက်သည်။
"ဟုတ်တယ် အမေ၊ ကျွန်မလည်း သဘောတူတယ်"
"ဒီနေ့ အသားတွေက အရင်တစ်ခါက နံစော်နေတဲ့ အရိုးတွေနဲ့ ဆက်စပ်နေမယ်လို့ ကျွန်မထင်တယ်။ အဲဒါတွေက တစ်သုတ်တည်းက အတူတူပဲ ထွက်လာတာဆိုရင်တော့ တကယ်ကို ရွံစရာကြီးပဲ။"
"ရွှီကောင်းမင်တို့ မိသားစုက ယုတ်မာနေတာ ဒီနေ့မှ စတာမဟုတ်တာအေ။ ဟင်း... သူတို့က ငါ့ကို အိမ်သာကျင်းထဲကျအောင် ကြံစည်ပြီး ငါ့အလုပ်ကို ဖျက်စီးဖို့တောင် လုပ်ခဲ့သေးတာ။ ဟားဟား... တွေ့လား.. ဝဋ်ဆိုတာ လည်တတ်တယ်လေ။ ငါတို့တွေက သူတို့ကို လွှတ်ပေးထားပေမဲ့ နတ်ဘုရားတွေကတော့ သူတို့ကို လွှတ်မပေးဘူး။ ဒီနေ့ တစ်ခြံဝင်းလုံးက လူတစ်ရာကျော် အိမ်သာပြေးနေရတာ၊ ဘယ်သူမှ သူတို့လောက် အခြေအနေမဆိုးဘူး။ တစ်ကိုယ်လုံးလည်း အညစ်အကြေးတွေနဲ့ ပေပွလို့.. ဟားဟားဟား.. တကယ်ကို အားရစရာကြီး.."
အဘွားကြီးကျောက်မှာ ထိုလင်မယား၏ ကံဆိုးမှုများအကြောင်း တွေးမိသောအခါ သူမ ခံစားခဲ့ရသော အဖြစ်များကို တွေးမိပြီး တစိမ့်စိမ့် ကျေနပ်နေမိ၏။
ဟဟဟ.. နတ်ဘုရားတွေ အပြစ်ပေးတာပဲ…
ခံလိုက်စမ်း..
အမှန်ကိုပဲ.. အခု သူတို့ရဲ့မကောင်းမှုအတွက် ဝဋ်လည်နေကြပြီ..
"ဪ... ဟုတ်သားပဲ၊ ရှီကျန့်ရှန်းက ရဲတွေကို ဘာတွေပြောသွားတာလဲမသိဘူးနော်.. အခန်းထဲမှာ အတော်ကြာအောင် တိုးတိုးတိုးတိုးနဲ့ ပြောနေကြတာ။ ရှီကျန့်ရှန်း အသားဝယ်တဲ့ကိစ္စများလား.. ဒါမှမဟုတ် ရဲတွေကလည်း အဲဒီအသားကို ဝယ်ချင်နေလို့လား မသိဘူး။"
ချန်ချင်းယွီတစ်ယောက် ဆွံ့အသွားပြီး အဘွားကြီးကျောက်ကို လှည့်ကြည့်ကာ ပြောလိုက်မိ၏။
"အမေကလည်း... အဲဒါမျိုး ဖြစ်နိုင်ပါ့မလား.. ကျွန်မ ထင်တာတော့ သူတို့ တစ်ယောက်ယောက်ကို ဖမ်းတော့မှာ သေချာတယ်။"
"ဟယ်.."
ချန်ချင်းယွီ: "မှောင်ခိုဈေးကစားတာလေ အမေ၊ ဒီကိစ္စက အကြီးကြီးလည်း ဖြစ်သွားနိုင်သလို အသေးအမွှားလေးလည်း ဖြစ်သွားနိုင်တယ်။"
"အဲဒါတော့ ဟုတ်တယ်။ ငါ ပြောပြဦးမယ်၊ အရင်တုန်းက တို့အနောက်ဘက် လမ်းကြားထဲမှာ မှောင်ခိုလုပ်တဲ့ မိသားစုတစ်စု ရှိဖူးတယ်၊ သူတို့ကလေ..."
ယောက္ခမနှင့်ချွေးမ နှစ်ဦးသား ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ပြီး တတွတ်တွတ် လုပ်နေကြစဉ်၊ ခြံဝင်းအတွင်း၌လည်း ယနေ့အဖြစ်အပျက်မှာ ရေပန်းစားနေလေသည်။ အဒေါ်ကြီးမေ့တစ်ယောက်လည်း အုတ်ကုတင်ပေါ်တွင် လှဲရင်း ပါးစပ်မှ တတွတ်တွတ် ပြောဆိုနေ၏။
"နှမြောစရာကြီး၊ တကယ်ကို အရှုံးပဲ.. ဒီလောက် အမြတ်ထုတ်ခံရမယ်မှန်း သိရင် မလုပ်ပါဘူး။ ရွှီကောင်းမင်တို့ မိသားစုက သိပ်မရိုးသားဘူးဆိုတာ ငါသိပေမဲ့ သူတို့က ဒီလောက်တောင် လောဘကြီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကိုယ့်အသက်တောင် ဂရုမစိုက်ဘဲ ဈေးပေါတဲ့ပစ္စည်းတွေ ဝယ်ရဲတယ်ဆိုတော့... သူတို့က ဘယ်လိုလူစားတွေပါလိမ့်..."
အဒေါ်ကြီးမေ့၏ မိသားစုဝင်များမှာ တစ်ခွန်းမျှ ဝင်မပြောနိုင်ကြပေ။ သူတို့မှာ တစ်ဦးနှင့်တစ်ဦး ဖေးမရန်ပင် ခွန်အားကင်းမဲ့နေကြပြီး အုတ်ကုတင်ပေါ်တွင် တစ်မိသားစုလုံး ပက်လက်လှန်ကာ အမောဖြေနေရသည်။
"မနက်ဖြန်ကျရင်တော့ ငါ သေချာပေါက် လျော်ကြေးတောင်းရမယ်၊ သူတို့က ငါ့မိသားစုအတွက် တစ်ခုခုတော့ ပြန်ပေးရမယ်..အကျိုးအမြတ် တစ်ခုခု ပေးရမယ်"
ထိုအချိန်တွင် အစ်မကြီးဖန်အိမ်၌…
မူးကာအိပ်ပျော်နေသော အစ်မကြီးဖန်တစ်ယောက် နိုးလာလေသည်။ သူမ၏ အရက်ဒဏ်ခံနိုင်နှုန်းမှာ တုန်လှုပ်ဖွယ်ကောင်းအောင် ဆိုးရွာရလှသော်လည်း သူမမှာ အရက်ကိုချစ်၏။ သူမ အိပ်ပျော်နေစဉ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ကြားသိလိုက်ရသောအခါ သူမမှာ အုတ်ကုတင်မှ ခုန်ထ၍ အော်ဟစ်မိလေသည်။
“ဘယ်လိုဖြစ်ပြီး ငါက ပွဲကြီးပွဲကောင်းကို လွတ်သွားရတာလဲ.. ဘယ်လောက်တောင် စိတ်ပျက်စရာလဲ.. ငါ ဘာမှမသိလိုက်ရဘူး”
သို့သော် သူမမှာ အဆင်ပြေနေသည်ကို သိလိုက်ရ၍ ဝမ်းသာသွားမိသော်ငြား သူမ၏အိမ်သားသုံးယောက် အခြေအနေကြောင့် ဝမ်းသာဝမ်းနည်း ဖြစ်နေမိ၏။
“ရွှီမိသားစုကတော့ တကယ်ကို ရွံ့စရာတွေ…ဒီသောက်ခွေးလိုဟာတွေ”
အစ်မကြီးဖန် ကျိန်ဆဲလိုက်သည်။
အနောက်ဘက်ဝင်းရှိ အဘွားကြီးဟွမ်မှာလည်း ထပ်တူ ကျိန်ဆဲနေလေ၏။ ကျန်းမိသားစု၏ သားအဖနှစ်ယောက်မှာ ရေသွားချိုးမည်ဟုဆိုကာ ထွက်သွားကြပြီး ယခုတိုင် ပြန်မလာကြသေးပေ။ သို့သော် အဘွားကြီးဟွမ်မှာ အတော်လေးကျေနပ်အားရနေလေသည်။ သူမ ခံစားခဲ့ရသော ဝမ်းလျှော ဝေဒနာမှတစ်ပါး ယနေ့အတွက် သူမ အရှုံးမထွက်ခဲ့ပေ။ သူမသည် မြေးဖြစ်သူအား ကျေနပ်စွာကြည့်လိုက်ပြီး ပြောဆိုလိုက်၏။
“မုန့်မုန့် ဒီနေ့လုပ်တာ တကယ်တော်တယ်.. မနက်ဖြန်ကျရင် အဘွားက ကြက်ဥတစ်လုံး ဆုချမယ်”
ကျန်းမုန့်မုန်း မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားပြီး ပြန်တုံ့ပြန်ပြောလိုက်၏။
“အဘွား စိတ်ချစမ်းပါ နောက်ဆိုရင် သမီး အဘွားကို ကူပေးဦးမှာ”
အဘွားကြီးဟွမ်မှာ ကျေနပ်အားရစွာဖြင့် ခေါင်းတညိမ့်ညိမ့်ဖြစ်နေသည်။
ယနေ့တွင် အိမ်တိုင်း၏ မီးခိုခေါင်းတိုင်များတွင် မီးခိုးငွေ့တို့ ဆိတ်သုန်းနေသော်ငြား ချန်ချင်းယွီအိမ်မှာ ဆန်ပြုတ်များပြုတ်နေလေ၏။ မစားဘူးဟုဆိုသော အဘွားကြီးကျောက်သည်ပင် တစ်ပန်းကန် ယူသောက်လိုက်သေးသည်။ တစ်နေ့ကုန် ဟိုမှဒီသို့ ပြေးလွှားကာ ပွက်လောရိုက်နေသည့် ဖြစ်ရပ်တို့ကို လိုက်လံကြည့်ရှုနေရသဖြင့် ပင်ပန်းနွမ်းနယ်နေကြ၍လား မသိ၊ လူတိုင်းစောစောစီးစီး အိပ်ချင်စိတ်တို့ လွှမ်းမိုးနေကြ၏။
ထိုည၌ လူတိုင်း၏ ပါးစပ်ဖျားတွင် စကားတို့ တတွတ်တွတ် ရွတ်နေကြသော်လည်း အိပ်ရာဝင်ချိန်မှာမူ ထူးထူးခြားခြား စောခဲ့ကြ၏။
လူအားလုံးမှာ နောက်ထပ်ရုန်းရင်ဆန်ခတ်မှုများ ဖန်တီးရန်နေနေသာသာ ခြေကုန်လက်ပမ်းကျ၍ ဖက်လက်ပြနေကြပြီဖြစ်သည်။
ရွှီမိသားစု၏ သားနှစ်ဦးမှာလည်း မိမိတို့၏ ဇနီးမယားနှင့် သားသမီးများကိုယ်စီ ခေါ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့ကြ၏။ လမ်းတစ်လျှောက်တွင် ချွေးမနှစ်ဦးမှာ အားနာမှု အလျဉ်းမရှိဘဲ ယောက္ခမများကို မရပ်မနား အပြစ်တင် စကားဆိုနေကြသည်။ ယနေ့ကိစ္စအဝဝမှာ သူတို့ကြောင့်သာ ဖြစ်ပွါးခဲ့ရပြီး မိမိတို့ပါ အမှုပတ်ခဲ့ရသည် မဟုတ်လော့။ ရွှီမိသားစု၏ သားကြီးနှင့် သားလတ်တို့မှာလည်း ထူးထူးခြားခြားပင် မိမိတို့ ဇနီးသည်များ၏ ဆူပူမှုကို မတားဆီးသည့်အပြင်၊ ကိုယ်တိုင်လည်း ငြူစူနေကြကာ အိမ်ရောက်သည်အထိပင် ခြေလှမ်းတို့ ခိုင်ရဲ့လား မသိရအောင် နုံးချိနေကြ၏။
တိတ်ဆိတ်လှသော ညဦးယံ ခုနစ်နာရီ၊ ရှစ်နာရီ ဝန်းကျင်တွင် တစ်ဝင်းလုံးရှိ လူတို့မှာ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ကြပြီ ဖြစ်သည်။ သို့သော် ထိုည၌ပင် အခြားတစ်နေရာတွင်မူ ရဲတပ်ဖွဲ့ဝင်တစ်စုမှာ စတင်လှုပ်ရှားနေခဲ့ကြပြီ။ ၎င်းတို့သည် မှောင်ခိုကုန်သည်များကို ဖမ်းဆီးခြင်း မဟုတ်ဘဲ၊ တရားမဝင် အလုပ်ရုံများကို ဝင်ရောက်စီးနင်းနေကြခြင်းဖြစ်၏။
နေရာအနှံ့၌ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် ခဏချင်းပင် ဝင်ရောက်စီးနင်းနိုင်ခဲ့ကြလေသည်။
သို့ရာတွင် ဤကိစ္စတို့မှာ ချန်ချင်းယွီတို့ကဲ့သို့ သာမန်အရပ်သားများနှင့်မူ အလှမ်းကွာဝေးလှ၏။ ကောင်းမွန်စွာ အိပ်စက်အနားယူခဲ့ရသဖြင့် ချန်ချင်းယွီမှာ နောက်တစ်နေ့ နံနက်၌ စောစောစီးစီး နိုးထနိုင်ခဲ့ပြီး၊ အဘွားကြီးကျောက်မှာလည်း ထူးထူးခြားခြား တက်ကြွနေခဲ့သည်။
"ဒီနေ့တော့ အလုပ်ကို စောစောသွားရမယ်။ အခုဖြစ်တဲ့ကိစ္စကို ဘယ်သူမှ မသိကြသေးဘူးဆိုတော့ ငါကပဲ အားလုံးကို အသေအချာ လိုက်ပြောပြရမယ်လေ။ စောစောသွားမှ ဖြစ်မယ်၊ မဟုတ်ရင် စားဖိုမှူးချန်အလုပ်ရောက်သွားပြီး သတင်းဖြန့်လိုက်မှဖြင့် ငါက အရင်ဆုံးသတင်းပေးနိုင်တဲ့သူ ဖြစ်မှာမဟုတ်တော့ဘူး"
အဘွားကြီးကျောက်မှာ ပြောဆိုရင်း အလုပ်သွားရန် ပြင်နေသည်။
သူမမှာ ဤဝင်းကြီး၏ နံပါတ်တစ် အတင်းအဖျင်း ဘုရင်မဖြစ်၏..
အမှန်စင်စစ် ယခင်၌ အဘွားကြီးကျောက်ကို ပတ်ဝန်းကျင်ရှိ လူတိုင်းမုန်းတီးကြသော်လည်း၊ သူမ အလုပ်စဝင်ပြီးနောက်ပိုင်းတွင်မူ တိတ်တဆိတ်ပင် အတော်လေး ပြောင်းလဲလာခဲ့သည်။ အနည်းဆုံးထမင်းစားဆောင်ရှိ လူများနှင့် သူမ၏ ဆက်ဆံရေးမှာ အတန်ငယ် ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ ၎င်းမှာ သူမ၏ ဖျတ်လတ်မှုနှင့် သတင်းစုံလင်စွာ သိတတ်မှုတို့ကြောင့်ပင် ဖြစ်ပေသည်။
"ငါ သွားပြီနော်၊"
ချန်ချင်းယွီ ခေါင်းညိမ့်ပြလိုက်ပြီး ထပ်မံမှာကြားလိုက်သည်။
“ကြက်မမွေးဖို့ လိုက်စုံစမ်းဦးနော်”
“စိတ်ချစမ်းပါ ဒီလောက်ကတော့ အေးဆေး”
အဘွားကြီးကျောက်မှာ မနက်ခင်းစောစောစီးစီး စွမ်းအင်အပြည့်ဖြင့် ပျံသန်းနေသော ငှက်ကလေးနှယ် ထမင်းစားဆောင်သို့ ချီတက်သွားလေသည်။
ထင်သည့်အတိုင်းပင်.. သူမ အစောဆုံးရောက်နေပြန်၏။
"ဟေ့အဘွားကြီးကျောက်... ရောက်လာပြီလား.. အမြန်ပြောစမ်းပါဦး၊ မနေ့က နင်တို့ဝင်းထဲမှာ တစ်ခုခုဖြစ်တယ်မဟုတ်လား။ မနေ့က နင်တို့ဝင်းထဲကလူတွေ အကုန်လုံး ငါတို့လမ်းကြားထဲက အိမ်သာကို လာသုံးနေကြတာ။ ငါက ဘာဖြစ်တာလဲလို့ မေးတော့လည်း သူက လက်ကာပြပြီး ဘာမှသေချာမပြောဘူးလေ။ ငါတော့ တစ်ခုခု ထူးခြားနေပြီလို့ ထင်နေတာ၊ ပြောပြပါဦး။ ကိစ္စက တော်တော်ကြီးမယ် ထင်တယ်နော်။"
ဟွန်း... မြင်လား.. မြင်လား.. လူတိုင်းသိချင်နေကြပြီ..
သူတို့မှာလည်း ကိုယ်ပိုင်သတင်းအရင်းအမြစ်တွေနဲ့ အတင်းအဖျင်းတွေ ရှိကြတာပဲလေ…
အဘွားကြီးကျောက် သူမ ပေါင်ကို တစ်ချက်ဖြတ်ခနဲ ရိုက်လိုက်ပြီး စတင်၍ အတင်းအဖျင်းများကို ဖြန်ချိတော့သည်။
"ဟေး... နင် ခန့်မှန်းတာ ကွက်တိပဲဟေ့.. တကယ့်ကို ကိစ္စအကြီးကြီးပဲ။ နင်တို့ မသိကြသေးဘူး၊ မနေ့က ငါတို့ဝင်းထဲကလူတွေ တော်တော်လေး ဒုက္ခရောက်သွားကြတာ။ အမယ်လေး... နင် သိတယ်မလား.. ရွှီကောင်းမင် ကျွေးတဲ့ ထမင်းဝိုင်းလေ..."
"အေးလေ... သိတာပေါ့၊ သိတာပေါ့"
"အားလုံးက မနေ့မနက်ကစတာ၊ အို... မနေ့မနက်ကပေါ့။ မနေ့မနက်ခင်းရဲ့ အံ့ဩတုန်လှုပ်စရာ အသံတစ်သံကနေစပြီး မနေ့က တစ်နေ့လုံး ပွက်လောရိုက်သွားတဲ့ ဇာတ်လမ်းကြီး စတင်ခဲ့တာပဲ၊ ငါတို့ဝင်းထဲမှာလေ..."
အဘွားကြီးကျောက်မှာ မနေ့မှဖြစ်ပွါးခဲ့သည့် ဇာတ်လမ်းကြီးကို အရောင်အသွေးစုံလင်စွာ အပီအပြင် ပြောပြနေပြီး လူတွေကြားထဲ ပျံ့နှံ့သွားရန် ကြိုးစားနေရှာ၏။
‘လူအများကြီးသိနေတော့ကော ဘာဖြစ်လဲ.. ဘယ်သူကများ ငါ့လို မြန်မြန်ဆန်ဆန်နဲ့ သရုပ်ပေါ်အောင် သတင်းဖြန့်န်ုင်လို့လဲ..’
‘ဟမ့်.. သတင်းဖြန့်တဲ့နေရာမှာတော့ ငါက အတော်ဆုံးပါအေ့’
အဘွားကြီးကျောက် ထမင်းစားဆောင်တွင် အတင်းအဖျင်းများ ဖြန့်၍ ပျော်မွေ့နေချိန်၊ ချန်ချင်းယွီမှာ ကလေးနှစ်ယောက်နှင့် မြစ်ကမ်းဘေးတွင် ငါးမျှားနေကြလေသည်။ ချန်ချင်းယွီ နေ့စဉ်မပြတ် ငါးဖမ်းထွက်နေရခြင်းမှာ ယခုကာလ၌ ရာသီဥတု သယာနေသောကြောင့်ပင်။ နောက်လအနည်းငယ်ကြာ၍ နေအပူရှိန်ပြင်းလာလျှင် သူမ ထွက်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ရာသီဥတုကောင်းစဉ်ငါးဖမ်းထွက်ခြင်းသည် အကောင်းဆုံးပင် ဖြစ်၏။
ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကိုခေါ်ပြီး မနက်စောစောကတည်းက အိမ်ကထွက်ခဲ့သည်။ သူတို့သားအမိသုံးယောက်စလုံးမှာ ကောက်ရိုးဦးထုပ်၊ ရေဘူးနှင့် ထမင်းဘူးကိုယ်စီသယ်ဆောင်၍ ရိက္ခာအပြည့်အစုံ ပြင်ဆင်ထားကြ၏။
သို့သော်လည်း ယနေ့တွင် သူတို့ဘယ်သွားမည်ကို မည်သူမျှ ဂရုမစိုက်နိုင်ကြချေ။ လူတိုင်း မနက်စောစောထပြီး ရှေ့ဝင်းထဲတွင် စုရုံးကာ ရှီကျန့်ရှန်းနှင့် သူမ၏ခင်ပွန်းကို ဝိုင်းဝန်းအပြစ်တင် ဝေဖန်နေကြသောကြောင့်တည်း။ ချန်ချင်းယွီအားလုံးကို နှုတ်ဆက်ပြီး အပြင်သို့ ထွက်လာခဲ့၏။ လီလင်းလင်း ချန်ချင်းယွီကို အားကျသည့်မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်မိလေသည်။
“ကျွန်မလည်း အစ်မချန်လိုမျိုး ငါးဖမ်းတာ ကျွမ်းကျင်ချင်လိုက်တာ"
မည်သို့ပင်ဆိုစေကာမူ ငါးဆိုသည်မှာ အသားပင် ဖြစ်သည်မဟုတ်ပါလား..
ဟင်းသီးဟင်းရွက်ထက် များစွာ ပို၍ အရသာရှိလှ၏။
ကံကောင်း၍ ငါးကြီးကြီးမားမားရခဲ့လျှင် ငါးကလီစာများကို ကြော်ပြီး ဆီထုတ်ယူ၍ရနိုင်သည်။ ထိုအရာမှာအမှန်တကယ်ပင် ကျေနပ်စရာကောင်းလှ၏၌
မျက်နှာဖျော့တော့ပြီး နာလန်ထစဖြစ်နေသည့် လင်းစန်းရှင်းမှာ
"ငါးမျှားတာက ဘာပညာရှိလို့လဲ။ သမီး ငါးမျှားတတ်ရင်တောင် အမေက ခွင့်ပြုမှာမဟုတ်ဘူး။ သမီးက အခု အရွယ်ရောက်နေပြီ၊ အိမ်ထောင်ဖက်ရှာရမယ့်အချိန်လေ။ တစ်နေ့ကုန် ငါးမျှားထွက်ပြီး အသားတွေ မည်းကုန်ရင် ဘယ်လိုလုပ် ရည်းစားရတော့မှာလဲ။ မိန်းကလေးဆိုတာ အသားဖြူရင် အပြစ်တစ်ရာကို ဖုံးကွယ်နိုင်တယ်လို့ ဆိုကြတယ်လေ။ သမီးက ရုပ်ရည်လှပပြီးသားဆိုတော့ ရွေးချယ်စရာတွေ အများကြီးရှိတယ်။ နေလောင်ပြီး အသားတွေ ကွာနေတာက ကြည့်လို့မကောင်းဘူး"
လီလင်းလင်း ပြန်လည်ငြင်းခုံခြင်းမပြုဘဲ ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ တွေးနေမိ၏။
‘ချန်ချင်းယွီက နေ့တိုင်း ငါးဖမ်းထွက်နေတာတောင် အသားမမည်းပါဘူး’
သမီးဖြစ်သူ၏ သဘောထားကို ရိပ်မိနေသော လင်စန်းရှင်းမှာ
"ကိုယ့်ကိုယ်ကိုယ် ချန်ချင်းယွီနဲ့ သွားမနှိုင်းနဲ့။ သူက ဘယ်တော့မှ အသားမမည်းဘူး။ အိမ်ထောင်ကျတာ နှစ်အတော်ကြာပြီ၊ သူ အသားညိုသွားတာ တစ်ခါဖူးလို့ မြင်ဖူးရဲ့လား.. ဘယ်ရာသီပဲဖြစ်ဖြစ် သူက ဘယ်တော့မှ အသားမညိုသွားဘူး။ တချို့လူတွေက မွေးကတည်းက အသားဖြူလာတာ။ အဲဒါက သူ့ရဲ့ မွေးရာပါ အသားအရည်ပဲ၊ သူ့ကလေးတွေကလည်း သူ့လိုပဲ။ သမီးကတော့ အဲဒီလို မဟုတ်ဘူးလေ။ သမီးက အမေ့ဗိုက်ထဲက မွေးတာ၊ အမေနဲ့တူတာပေါ့။ အမေက နေပူထဲခဏထွက်တာနဲ့ အသားမည်းလွယ်တယ်"
လီလင်းလင်းမှာ မိခင်ဖြစ်သူအား ပြန်လည် နှစ်သိမ့်လိုက်၏။
"အမေကလည်း... အမေက အသားမည်းတာမှ မဟုတ်တာ"
သားအမိနှစ်ယောက် စကားစမြည် အနည်းငယ် ပြောဖြစ်ကြသော်လည်း ချန်ချင်းယွီအကြောင်းပြောစရာ သိပ်မရှိလှပေ။ သူတို့သည် ရှီကျန့်ရှန်းနှင့် ရှီရှောင်ဝေတို့အကြောင်းဘက်သို့ ချက်ချင်းပင် ခေါင်းစဉ်ပြောင်းသွားကြသည်။
မနေ့မှ ဖြစ်ပျက်ခဲ့သမျှသည် အလွန်တရာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့သဖြင့် ချန်ချင်းယွီတို့ မိသားစုအကြောင်းမှာ ထည့်ပြောစရာ ခေါင်းစဉ်မဟုတ်ခဲ့ပေ။
"ဒီနေ့ ရှီရှောင်ဝေက ရဲတွေကို မြို့ပြင်အထိ ခေါ်သွားပြီး ပျောက်ဆုံးနေတဲ့ စာအုပ်တွေကို လိုက်ရှာနေတာ... သူ ဘာလုပ်နေတာလဲလို့ မင်းထင်လဲ.. လူတွေက သူတို့စာအုပ်တွေကို အဲဒီနေရာမှာ ဒီအတိုင်း ပစ်ထားခဲ့မှာမှ မဟုတ်တာ"
"ဘယ်သူသိမှာလဲ.. တို့က ရဲတွေမှ မဟုတ်တာ။ ဒါပေမဲ့ အဲဒီလို ညစ်ညမ်းစာအုပ်တွေ ရှိနေလိမ့်မယ်လို့ တကယ်ကို မထင်ထားမိဘူး။ အို... ဘုရားရေ... မနေ့က တစ်ချက် လှမ်းကြည့်လိုက်မိတာတောင် တကယ် ရှက်စရာကြီးပဲ..."
လူအများအပြား ဝိုင်းဝန်းဆွေးနွေးနေကြစဉ် လင်စန်းရှင်းမှာ သမီးဖြစ်သူအား ကြည့်၍ မျက်မှောင်ကျုံ့လိုက်မိ၏။ ယခုအချိန် ပြန်ပြောနေရင်းဖြင့်ပင် မိခင်တစ်ယောက်အနေဖြင့် သူမ ရင်ထိတ်နေဆဲတည်း။ လွန်ခဲ့သော တစ်လခန့်မှ ရှီရှောင်ဝေသည် လီလင်းလင်းကို အပြင်ထွက်ရန် ဖိတ်ခေါ်ခဲ့ဖူးပြီး မိဘများကိုလည်း လျှို့ဝှက်ထားရန် ပြောခဲ့ဖူးလေသည်။
‘ပစ္စည်းကောင်းလေးတွေ သွားရှာရအောင်’ ဟုဆိုကာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။
သူတို့နှစ်ယောက် အိမ်တံခါးဝမှ ခြေလှမ်းစလှမ်းချိန်မှာတင် လင်းစန်းရှင်း မိသွားခဲ့သဖြင့် ဘာမှ ဆက်မဖြစ်ခဲ့ပေ။ လင်းစန်းရှင်းအနေဖြင့် ထိုကိစ္စကို မေ့လုနီးပါး ဖြစ်နေသော်လည်း မနေ့ည၌ သူမနှင့် သူမ၏ခင်ပွန်းဖြစ်သူတို့ ပြန်စဉ်းစားကြည့်ရာတွင် ရှီရှောင်ဝေပြောသော "ကောင်းတဲ့ပစ္စည်း" ဆိုသည်မှာ အဆိုပါ ညစ်ညမ်းစာအုပ် ဖြစ်နိုင်သည်ဟု ခံစားမိကြသည်။
ထိုအတွေးဖြင့်ပင် လင်မယားနှစ်ယောက်မှာ ကြောက်လန့်သွားမိကြ၏..
အကယ်၍ သူတို့နှစ်ယောက်သာ အတူတူ ထိုစာအုပ်ကိုဖတ်ပြီး သွေးကြွလာခဲ့ကြလျှင်...
သူမရဲ့ လင်းလင်းလေးတော့ ထိခိုက်နစ်နာရတော့မှာပဲ..
အဲဒီ ရှီရှောင်ဝေဆိုတဲ့ ကောင်စုတ်..
လင်းစန်းရှင်းသည် ရှီရှောင်ဝေကို ပို၍ပင် မုန်းတီးသွားမိသည်။
ထိုကောင်လေးသည် လုံးဝ စိတ်ကောင်းမရှိသည့် အယုတ်တမာလေးပင်....
သူက လင်းလင်းကို တကယ်ကြိုက်တာလည်း မဟုတ်ဘဲ ယွမ်ဟောက်ရွှယ်ကိုမှ ကြိုက်တာ၊ ဒါကို အခုလိုအချိန်မျိုးမှာ လင်းလင်းနားကို ကပ်လာတာဟာ သိသိသာသာကို အမြတ်ထုတ်ဖို့ ကြံစည်နေတာပဲ....
လင်းစန်းရှင်း ထိုသို့ တွေးမိရုံနှင့်တင် ရှီရှောင်ဝေကို ကိုက်သတ်ပစ်ချင်စိတ် ပေါက်နေမိသည်။ သူမသည် သားလိုချင်သော်လည်း သမီးဖြစ်သူကို ပစ်ပယ်ထားသူမဟုတ်ပေ။ လောလောဆယ်တွင် သမီးဖြစ်သူမှာ သူမ၏ တစ်ဦးတည်းသော အားကိုးရာဖြစ်ပြီး အခြေအနေမဟန်လျှင် အိမ်ပါ သမက်တစ်ယောက် ရှာပေးရုံသာ ရှိ၏။
တကယ်လို့ ရှီရှောင်ဝေကသာ သူမသမီးကို အမြတ်ထုတ်သွားခဲ့ရင်...
လင်စန်းရှင်းမှာ တွေးကြည့်ရုံဖြင့် သူ့ကို အစိမ်းလိုက် ဝါးစားပစ်ချင်လောက်အောင် ဒေါသထွက်မိသည်။
သို့သော် သူမသည် ရန်လိုတတ်သည့် အမျိုးအစားမဟုတ်သဖြင့် ရင်ထဲတွင်သာ ကျိန်ဆဲနေပြီး အပြင်ပန်းတွင်မူ မဖော်ပြရဲပေ။ သူမလုပ်နိုင်သည်မှာ သမီးဖြစ်သူကို အဖန်ဖန် မှာကြားပြီး အကျိုးအကြောင်းပြ ရှင်းပြရန်သာ ရှိ၏။ ကံကောင်းထောက်မစွာဖြင့် လင်းလင်းမှာ လိမ္မာရှာသည်။ လင်စန်းရှင်းမှာ သူမ၏ သံသယများကို ထုတ်မပြောရဲပေ၊ သမီးဖြစ်သူ၏ သိက္ခာကို ထိခိုက်မည်စိုးမိ၏။ သို့သော် သူမ၏ စိတ်ထဲတွင်မူ အတိုင်းအဆမရှိ မကျေမနပ် ဖြစ်နေမိသည်။
"ရှီရှောင်ဝေက ရဲတွေနဲ့အတူ ပါသွားတာဆိုတော့ သူ့ကို အပြစ်ပေးမှာ မဟုတ်ဘူးလား.."
လင်စန်းရှင်း တိုက်ရိုက်ကြီး မပြောသော်လည်း ရှီရှောင်ဝေ၏ နာမည်ပျက်သွားမည့်အရေးကို ကြည့်ပြီး ဝမ်းသာနေမိ၏။
"တို့ ဝင်းထဲက လူတစ်ယောက်ကို ရဲက ဖမ်းခေါ်သွားတာ ဒါ ပထမဆုံးအကြိမ်ပဲ။"
လီလင်းလင်း သူမအမေကို စူးစမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်သော်လည်း တိတ်တဆိတ်သာ ငြိမ်နေခဲ့သည်။
အဘွားကြီးဝမ် စကားဆိုလိုက်၏။
"ဘယ်သူသိမှာလဲ.. ငါ့အထင်ပြောရရင် အဲဒီကောင်လေးကလည်း ဘာမှကောင်းတဲ့အကောင် မဟုတ်ပါဘူး။ ဘာတဲ့... စာအုပ်တွေ ပျောက်သွားတယ်ဆိုရုံနဲ့ သူက လွတ်မယ်မှတ်နေလား.. ထွီ... လူလေလူလွင့်ပဲ။ ဒီအရွယ်လေးနဲ့ အဲဒီလိုစာအုပ်မျိုး ဖတ်နေတယ်ဆိုတာ မိန်းမလိုချင်နေလို့ပဲ ဖြစ်ရမယ်။"
လင်စန်းရှင်း သူမသမီးပါ ဤကိစ္စထဲ ပါသွားမည်စိုးသဖြင့် အမြန်ဝင်ပြောလိုက်လေသည်။
"သူက အလုပ်လည်းမရှိ၊ ကျေးလက်ကို အပို့ခံရတော့မှာကို ဘယ်သူက သူ့ကို လိုချင်မှာလဲ.. သူကတော့ ရှာချင်ရှာမှာပေါ့၊ ဒါပေမဲ့ ဘယ်သူကများ သူ့ကို အဖက်လုပ်မှာမလို့လဲ.."
"ဟုတ်ပ.."
"ပြောတာ မှန်တယ်"
အဒေါ်ကြီးမေ့ လင်စန်းရှင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမသည် ဤကဲ့သို့ ပြင်းပြင်းထန်ထန် ပြောလေ့ရှိသူ မဟုတ်ပေ။
သို့သော် လင်စန်းရှင်းသည် ရှီရှောင်ဝေကို မကြိုက်ကြောင်းနှင့် သူမသမီးကိုလည်း သူနှင့် မပတ်သက်ရန် အမြဲတားမြစ်ထားကြောင်း အားလုံး သိကြ၏။
"ဒီနေ့ အလုပ်ဆင်းရင် ဘယ်သူက အစည်းအဝေးလုပ်မှာလဲ.. ရွှီမိသားစုကရော ဘာသဘောထားရှိလဲ.. လျော်ကြေးရော ပေးမှာလား.."
"ပေးရမှာပေါ့.. ငါတို့ကို ဒီလောက်အထိ ဒုက္ခပေးထားပြီး ဒီအတိုင်း လက်ရှောင်သွားလို့ ဘယ်ရမလဲ။ ဒါမျိုးတော့ မဖြစ်သင့်ဘူး။"
"မှန်တယ်လေ။"
စကားဝိုင်းသည် လျော်ကြေးကိစ္စဘက်သို့ အလျင်အမြန်ပင် ကူးပြောင်းသွားသည်။ ဖြည်းဖြည်းချင်း လျှောက်လာရင်း စကားအတော်များများကို ကြားလိုက်ရသည့် ချန်ချင်းယွီမှာ ခြေလှမ်းကို သွက်သွက်လှမ်းလိုက်၏။ သူမသည် ကလေးနှစ်ယောက်ကို ဦးဆောင်ခေါ်လာခြင်းဖြစ်ပြီး၊ ထိုကလေးနှစ်ယောက်မှာလည်း နောက်ပိုင်းတွင် အပြင်ခဏခဏထွက်ပြီး အလေ့အကျင့်ဖြစ်လာသဖြင့် ယခင်ထက် ပို၍ သန်မာလာကြသည်။
ကလေးဆိုသည်မှာ ပျိုးပင်လေးများနှယ်ပင်၊ သေချာဂရုစိုက်ပျိုးထောင်ပေးလျှင် အလွန်လျင်မြန်စွာ ကြီးထွားလာတတ်၏။ကလေးနှစ်ယောက်မှာ အရပ်သိသိသာသာ ရှည်မလာသေးသော်လည်း ကိုယ်အလေးချိန် တက်လာကြသည်။ ချန်ချင်းယွီ သူတို့ပုံမှန် ငါးဖမျှားနေကျဖြစ်သော မြို့ပြင်ဘက်သို့ ခေါ်လာခဲ့၏။ ကလေးများမှာလည်း ထိုနေရာနှင့် အတော်အတန် ရင်းနှီးနေကြပြီဖြစ်သဖြင့် နှစ်ယောက်သား ခြေသပေါင်ကျိုး ကစားနည်း ဆော့ရန် နေရာရှာလိုက်ကြသည်။
ကလေးအဝတ်အစားများကို နေ့တိုင်းလျှော်ရသည်မှာ အတော်လေး လက်ဝင်လှသော်လည်း ချန်ချင်းယွီသည် ကလေးများကို အဝတ်အစားပေပွမည်စိုးသည့် အကြောင်းပြချက်ဖြင့် ဆော့ကစားခြင်းကို မတားမြစ်ခဲ့ပေ။
ကလေးဆိုတာ ကလေးပဲလေ..
အလွန်အမင်း စည်းကမ်းတင်းကျပ်လွန်းတာက မကောင်းဘူးမဟုတ်လား....
ချန်ချင်းယွီ သူမ၏ ငါးမျှားတံကို အမြန်ပင် ပစ်ချလိုက်သည်။
သို့သော် သူမ၏ အကြည့်များမှာ နောက်ဘက်သို့ ဝေ့ဝဲသွား၏။တစ်စုံတစ်ယောက်သည် သူတို့နောက်သို့ တောက်လျှောက် လိုက်လာနေခဲ့သည်။
ဝင်းထဲမှ ထွက်လာပြီး မကြာခင်မှာတင် ချန်ချင်းယွီ သတိထားမိခဲ့ခြင်း ဖြစ်၏။ သူမတွင် အထူးတလည် လေ့ကျင့်ထားသော ပညာရပ်များ မရှိသော်လည်း ကိုယ်ခံပညာ လေ့ကျင့်ထားသူတို့၏ ထုံးစံအတိုင်း အာရုံခံစားမှုသည်ကား အလွန်ပင် စူးရှလှသည်။ ဆန်ဒါသည်လည်း ကိုယ်ခံပညာတစ်မျိုးပင် ဖြစ်ရာ အခြေခံအားဖြင့် အတူတူပင်။တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေသည်ကို သူမ စောစောကတည်းက သိထား၏။
ယခင်နေ့ သူတို့ဝင်းထဲမှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ရဲတစ်ယောက်ယောက် နောက်မှလိုက်နေခြင်း ဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း အံ့သြစရာကောင်းသည်မှာ လိုက်လာသူသည် ယွမ်ဟောက်ဖုန်း ဖြစ်နေခြင်းပင်။
ကားပေါ်မှ ဆင်းဆင်းချင်းမှာတင် သူတို့နောက်ကို လိုက်လာသူသည် ယွမ်ဟောက်ဖုန်းဖြစ်ကြောင်း သူမ အတည်ပြုနိုင်ခဲ့သည်။
တကယ့် အရူးပဲ..
သူ့အပြောအရဆိုလျှင် ယွီမေကျွမ်းသည် သူ့ကို အလုပ်ကိစ္စများနှင့် ပတ်သက်ပြီး ပြောပြခဲ့ဖူးသည်ဆိုသော်လည်း ထိုကိစ္စသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ဖြစ်၏။ လူကြီးများပင် မရှိတော့ကာ သူမကိုယ်တိုင်လည်း လွန်ခဲ့သောနှစ်များအတွင်း အကြီးအကျယ် ဒုက္ခခံခဲ့ရပြီးဖြစ်သည်။
အခုထိ သူက ဘာလို့ နောက်ကလိုက်နေရသေးတာလဲ..
‘သူ့မှာ စိတ်ရင်းမမှန်တဲ့ ရည်ရွယ်ချက် တစ်ခုခုရှိနေတာပဲ ဖြစ်ရမယ်၊ ဒါမှမဟုတ် မရိုးသားတဲ့ အကြံတစ်ခုခု ရှိနေလို့ပဲ။ ယွီမေကျွမ်းကများ တခြား ဘာတွေ ပြောထားသေးလို့လဲ’
ယွီမေကျွမ်းနှင့် ယွမ်ဟောက်ဖုန်းမှာ ခဏတဖြုတ်သာ ဆုံဖူးကြခြင်းဖြစ်ပြီး သူသည် ရထားဝန်ထမ်းတစ်ယောက် ဖြစ်နေ၍သာ ယွီမေကျွမ်း သတိမထားဘဲ စကားပြောမိခဲ့ခြင်း ဖြစ်နိုင်၏။
‘ဒါပေမဲ့ ယွီမေကျွမ်းက သူ့ကို ရင်းရင်းနှီးနှီး သိတာမှမဟုတ်တာ၊ ဘာတွေများ လျှောက်ပြောနိုင်မှာမလို့လဲ..’
တစ်စုံတစ်ယောက် သူမကို တောက်လျှောက် စောင့်ကြည့်နေသည်ဆိုသော အသိမှာ ချန်ချင်းယွီကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ချန်ချင်းယွီ ဤအတိုင်း ငြိမ်ခံနေမည့်သူ မဟုတ်ပေ။ သူ့ကို တစ်ခုခုဒုက္ခပေးရန် သူမ ကြံစည်လိုက်၏။
‘ဟက်.. သူတို့က တကယ်ပဲ ငါ့ကို အနိုင်ကျင့်ရလွယ်တဲ့သူလို့ ထင်နေကြတာလား’
ချန်ချင်းယွီ စိတ်တိုနေသော်လည်း မျက်နှာတွင်မူ အမူအရာမပျက်စေဘဲ ငါးမျှားခြင်းကိုသာ အာရုံစိုက်နေလိုက်သည်။
"ဟေး... ဟေး ဟေး ဟေး.. ကောင်းတယ်.. အဘိုးဖန်း... ခင်ဗျား တကယ်တော်တာပဲ.."
"အမလေး... ခင်ဗျားရဲ့ ငါးမြှုံးထဲမှာ တစ်ခုခု မိနေပြီဗျ.."
မနီးမဝေးဆီမှ ဆူညံသံများထွက်ပေါ်လာ၍ ချန်ချင်းယွီ စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်လိုက်၏။ ထိုအချိန်မှာပင် သူမ၏ ငါးမျှားတံသည်လည်း လှုပ်ခါသွားသည်။
"မေမေ... ငါးမိပြီ......"
ရှောင်ကျားမှာ အမြဲတမ်း စပ်စုတတ်သော ကောင်လေးပီပီ အနားမှာတင် ရှိနေသည်။ သူသည် ဆော့နေရင်းပင် ငါးမျှားချိတ်လှုပ်တိုင်း ချန်ချင်းယွီကို လာသတိပေးတတ်ပြီး သူ့လှုပ်ရှားမှုများမှာ လေပွေတစ်ခုနှယ် လျင်မြန်လှ၏။
"အေးပါ၊ အေးပါ"
ချန်ချင်းယွီ ပြန်ပြောလိုက်သည်။
ချန်ချင်းယွီသည်လည်း ငါးမျှားရာတွင် အတွေ့အကြုံရှိသူဖြစ်ရာ ငါးမျှားတံကို အားဖြင့်ဆွဲပြီး အမြန်ပင် လိပ်တင်လိုက်၏။
"မိုက်တယ်.."
ငါးကြီးတစ်ကောင်ပဲ..
ချန်ချင်းယွီ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ချန်ချင်းယွီ ထိုငါးကို ပုံးထဲထည့်လိုက်သော်လည်း ငါးဆက်မျှားဖို့ မလောသေးပေ။
"လာ... မေမေတို့ ဟိုဘက်ကလူတွေ ဘာမိသလဲဆိုတာ သွားကြည့်
ရအောင်"
စကားဆိုကာ ကလေးနှစ်ယောက်ကို ဦးဆောင်ခေါ်သွား၏။ ထိုနေရာတွင် အဘိုးကြီး အတော်များများ စုရုံးရောက်ရှိနေကြပြီး ထိုအဘိုးကြီးများအကြားတွင် ငယ်ငယ်လှလှ မုဆိုးမလေး ချန်ချင်းယွီမှာ ထူးခြားနေသော်လည်း သူမသည် လွန်ခဲ့သော တစ်လကျော်ကတည်းက နေ့တိုင်းလာနေသူဖြစ်သဖြင့် အားလုံးနှင့် ရင်းနှီးနေပြီဖြစ်သည်။
"အဘိုးတို့ ငါးမြှုံးတွေ ချထားတာလား.. ဘာတွေမိလဲဟင်.."
ငါးမြှုံးများကို အကုန်လုံး ဖွင့်ကြည့်လိုက်ကြပြီး ငါးမြှုံးချထားသော အဘိုးအိုမှာ ပြုံးပျော်နေတော့သည်။
"မဆိုးပါဘူး.. ငါးမိမယ် ထင်နေတာ၊ ဒီထဲမှာတော့ ငါးမပါဘူး။ ဒါပေမဲ့ ငါးမမိရင်တောင် တခြား ကောင်းတာလေးတွေ ပါလာသေးတယ်။ ကြည့်စမ်း... လိပ်တစ်ကောင် မိထားတယ်ဟေ့.. ဒါကတော့ တကယ့် အဖိုးတန်ပဲ။ ကျန်တာတွေကတော့ ပုစွန်လေးတွေပေါ့။ အိမ်ကျရင် ဒါလေးတွေနဲ့ ဟင်းတစ်ခွက် လုပ်စားလို့ရပြီ။ တန်ပါတယ်.."
ချန်ချင်းယွီ လိပ်သားမစားသော်လည်း ပုစွန်လေးများကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ သူမချက်ချင်းပင် မေးလိုက်၏။
"အဘိုး... ဒီပုစွန်လေးတွေကို လဲလို့ရမလားဟင်.. ကျွန်မဖမ်းထားတဲ့ ငါးတွေနဲ့ ပြန်လဲပေးပါ့မယ်။ ဒီမှာကြည့်... ဒါ ကျွန်မမိထားတဲ့ ငါးတွေပါ"
အဘိုးကြီး အံ့အားသင့်သွားပြီး ဆိုလိုက်မိသည်။
"ဒီလိုလဲရင် ညည်းဘက်က အရှုံးပေါ်မှာပေါ့ဟ"
"ရှုံးစရာ ဘာရှိမှာလဲ အဘိုးရဲ့။ နှစ်ဖက်စလုံးက ကျေနပ်တယ်ဆိုရင် အရှုံးမရှိပါဘူး။ ကျွန်မက ကလေးတွေကို ပုစွန်ကျွေးချင်နေတာနဲ့ အတော်ပဲ။ ငါးကတော့ ကျွန်မတို့တွေ အမြဲစားနေရတာပဲလေ၊ ပုစွန်ကမှ ရှားတာ"
တကယ်တမ်းတွင် ပုစွန်မှာ ငါးထက် ဈေးပိုကြီးသည် မှန်သော်လည်း လူအများစုသည်ကား ပုစွန်အစား ငါးကိုသာ ရွေးချယ်ကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငါးသည် ပိုပြီး အသားများများစားရ၍ပင်။
"ညည်းက အဲဒီလိုပြောမှတော့လည်း ကဲ... လဲကြတာပေါ့။ ရော့... ဒီမှာ"
ချန်ချင်းယွီခမျာ "ကျေးဇူးတင်ပါတယ် အဘိုး" ဟု ဆိုကာ ပြုံးပျော်သွား၏။
လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူမ ပုစွန်ဆန်ပြုတ် သောက်ချင်နေခဲ့ခြင်း ဖြစ်သည်။ ချန်ချင်းယွီကိုယ်တိုင် တစ်ခါမှ မချက်ဖူးသော်လည်း သူမ အဆင်ပြေပြေ ချက်နိုင်လိမ့်မည်ဟု ခံစားမိ၏။
"ညည်းကတော့ ဟုတ်လှချည်လား ငါ့မြေးမရယ်။ မနက်စောစောစီးစီးတောင် အကောင်အထည် မိနေပြီပဲ"
ချန်ချင်းယွီ ဝင်းပစွာ ပြုံးပြလိုက်ပြီး
"ဒီနေ့ ကျွန်မ ကံကောင်းလို့ပါ"
စကားစမြည် ပြောဆိုပြီးနောက် အဘိုးကြီးမှာ
"ဒီမှာ ဂဏန်းအသေးလေး နှစ်ကောင်လည်း ပါသေးတယ်။ သိပ်တော့ မကြီးဘူး၊ ဒါလေးပါ ညည်းအတွက် ထည့်ပေးလိုက်မယ်"
"ဟုတ်ကဲ့ပါ"
သူမသည် အသေးအဖွဲလေးများကို တွန့်တိုနေမည့်သူ မဟုတ်ပေ။
ဂဏန်းလေးများသည် တကယ်ပင် သေးငယ်လှပြီး ကလေးနှစ်ယောက်၏ လက်ဖဝါးထက်ပင် သေးနေသေးသည်။ သို့သော် ချန်ချင်းယွီကတော့ ဂရုမစိုက်ပေ။ လတ်လတ်ဆတ်ဆတ် ဂဏန်းလေးများကို ဆန်ပြုတ်ထဲ ထည့်ချက်လိုက်ရင် အလွန်အရသာရှိမှာ သေချာ၏။ ဂဏန်းနှင့်ချက်လျှင် ပုစွန်များကို နောက်တစ်ခါမှ စားရန် သိမ်းထားလိုက်မည်။
ချန်ချင်းယွီသည် သူမ၏ ဟင်းချက်နည်းကို ချက်ချင်းပင် ပြောင်းလဲရန် စဉ်စားလိုက်သည်။
ပစ္စည်းများ လဲလှယ်ပြီးနောက် သူမသည် ကလေးနှစ်ယောက်ကို ခေါ်ကာ ငါးမျှားသည့်နေရာသို့ ပျော်ပျော်ရွှင်ရွှင် ပြန်လာခဲ့၏။ သူမ နောက်ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ ယွမ်ဟောက်ဖုန်း ထိုနေရာမှာတင် ရှိနေဆဲပင်။
သောက်ကျိုးနည်း... သူကတော့ တကယ်ကို ရူးနေတာပဲ..
ဒီ ယွမ်ဟောက်ဖုန်း ဆိုတဲ့လူကတော့ တကယ်ကို စိတ်မမှန်တဲ့ ပြဿနာတစ်ခုခု ရှိနေတာ သေချာတယ်..
ချန်ချင်းယွီ ယွမ်ဟောက်ဖုန်းအား လျစ်လျူရှု့ထားလိုက်ပြီး အလုပ်ဆက်လုပ်နေစဉ် ရှောင်ကျားနှင့် ရှောင်ယွမ်မှာ အနားသို့ ရောက်လာပြီး မြေကြီးပေါ် ဘုတ်ခနဲထိုင်ချလိုက်လေသည်။
အာ… ဒီညစ်ပတ်အိုး ကလေးတွေ..
သူမ အမူအရာကို မြင်သောအခါ ရှောင်ယွမ်မှာ ချိုသာသည့်အသံလေးဖြင့် မေးလာ၏။
“ဘာဖြစ်လို့လဲ မေမေ”
ချန်ချင်းယွီ၏ ကလေးနှစ်ယောက်တွင် ရှောင်ကျားသည် စပ်စပ်စုစုဖြင့် နေရာတကာပါတတ်သည့် အရှုပ်ထုပ်လေးဖြစ်ပြီး ရှောင်ယွမ်မှာ အရာရာကို သိလိုစိတ်ပြင်းပြသည့် စပ်စုစိန်လေးဖြစ်သည်။
ချန်ချင်းယွီ : "ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ ပုစွန်စားဖူးလား"
ကလေးနှစ်ဦးလုံး ခေါင်းခါပြကြ၏။
"အဲဒါကြောင့်ပေါ့။ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က ပုစွန်မစားဖူးသေးဘူးလေ၊ ဒါကြောင့် မေမေက သွားလဲတာ။ တို့အိမ်မှာ ငါးတွေရှိတယ်၊ လိုချင်ရင်လည်း ထပ်ဖမ်းလို့ရတာပဲ၊ ဒါပေမဲ့ ပုစွန်ကတော့ ရှာရခက်တယ်။ မေမေက ဒါတွေကို ပုစွန်နဲ့သွားလဲပြီး သားတို့စားဖို့ အိမ်မှာ ချက်ကျွေးမယ်၊ ဟုတ်ပြီလား"
"ဟုတ်ကဲ့"
ကလေးနှစ်ယောက်မှာ ပြုံးပျော်သွားကြသည်။
ချန်ချင်းယွီ : "ဒီဂဏန်းလေးနှစ်ကောင်က သေးလွန်းတယ်၊ ချက်စားဖို့ အသားသိပ်မရှိဘူး။ ဒါကြောင့် အိမ်မှာ ဆန်ပြုတ်ချက်သောက်ကြမယ်၊ ဟုတ်ပြီလား"
"ဟုတ်ကဲ့.."
ကလေးများ၏ တံတွေးမျိုချသံမှာ ထွက်ပေါ်လာ၏။
ချန်ချင်းယွီ ပြုံးလိုက်မိပြီး မှာကြားလိုက်သည်။
"သွားဆော့ကြတော့၊ ဒါပေမဲ့ အဝေးကြီးမသွားနဲ့နော်"
"သိပါပြီ"
အမှန်စင်စစ် ကလေးငယ်တို့သည် မိခင်ဖြစ်သူနှင့် ဝေးရာသို့ သွားကြမည်မဟုတ်ပေ။ အချို့သော လူယုတ်မာတို့သည် ကလေးသူငယ်များကို ခိုးယူကာ ငွေကြေးဖြင့် လဲလှယ်ရောင်းချတတ်ကြောင်း၊ ထိုသူတို့သည် ကိုယ်ချင်းစာတရား ကင်းမဲ့၍ အလွန်ပင် ယုတ်မာရိုင်းစိုင်းကြကြောင်း မိခင်ဖြစ်သူမှ ဆုံးမထားဖူး၏။
ထိုစကားတို့သည် ချန်ချင်းယွီ မြွက်ဟခဲ့သည့် စကားအတိအကျပင် ဖြစ်သဖြင့် ကလေးလေးနှစ်ဦးမှာ စွဲမြဲစွာ မှတ်သားထားကြသည်။
သူတို့သည် မိခင်နှင့် မခွဲခွာလိုကြသကဲ့သို့ လူဆိုးများကိုလည်း အခွင့်အရေး အလျှင်းမပေးလိုကြချေ။
ထို့ကြောင့် ကလေးငယ်နှစ်ဦးသည် ဝေးလံရာသို့ မသွားကြဘဲ ရေပုံးအနားတွင်သာ ထိုင်၍ ပုံးအတွင်းရှိ ပုစွန်နှင့် ဂဏန်းလေးများကို ငေးမောကြည့်ရှုနေကြသည်။ အကောင်ငယ်လေးများမှာ အသက်ရှင်လျက် လှုပ်ရှားနေကြသဖြင့် ကလေးငယ်တို့မှာ အံ့အားသင့်ကာ စိတ်လှုပ်ရှား ကြည့်မဝ ဖြစ်နေကြရှာ၏။ ချန်ချင်းယွီမှာ သူတို့ကို ဂရုမမူအားဘဲ ငါးမျှားခြင်း၌သာ အာရုံစိုက်နေသော်လည်း နံနက်စောစော ရရှိခဲ့သည့် ငါးတစ်ကောင်မှအပ တစ်မနက်ခင်းလုံး မည်သည့်ငါးမျှ ထပ်မံ၍ မမိတော့ပေ။ ချန်ချင်းယွီသည် ယွမ်ဟောက်ဖုန်းကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး "ထားလိုက်ပါတော့လေ" ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ထိုသူကား သူမနောက်သို့ တကောက်ကောက် လိုက်နေဆဲပင်။
'ဒီလူတော့ တကယ်ပဲ ရူးနေပြီထင်တယ်'
သူသည် အလွန်ပင် စိတ်အနှောင့်အယှက် ပေးလွန်းလှသဖြင့် ချန်ချင်းယွီ အခွင့်သာလျှင် သူ့အား တစ်ခုခုလုပ်၍ စပရိုက်အကြီးစား ဖြစ်သွားအောင် ပြုလုပ်ရန် ကြံစည်ထားပြီးသား ဖြစ်၏။
'အင်း... နောက်နောင် ဒီလိုမျိုး အမြင်ကတ်စရာတွေ မလုပ်ရဲတော့အောင် သင်ခန်းစာလေး ဘာလေးတော့ ပေးရမယ်'
အဘွားကြီးကျောက် တစ်ချိန်လုံး လာရောက်ရစ်သီ ရစ်သီလုပ်နေသည်နှင့် နှိုင်းစာလျှင် ဤလူ၏ လုပ်ရပ်မှာ ပို၍ ဆိုးရွားလှသည်။ သူကား သူမ၏ နောက်သို့ တကောက်ကောက် လိုက်ပါနေ၏။
၎င်းမှာ အမှန်တကယ်ပင် စိတ်ပျက်ဖွယ်ရာ အနှောင့်အယှက်မျိုး ဖြစ်ပေသည်။
သို့သော် တစ်မနက်ခင်းလုံး မပြန်ဘဲ စိုက်ကြည့်နေသော သူ့ကို မြင်သောအခါ ချန်ချင်းယွီ၏ စိတ်ထဲ၌ သံသယတစ်မျိုး ဝင်လာမိ၏။ သူ ယွမ်ဟောက်ရွှယ်ကို ပြောခဲ့သည့် စကားတို့မှာ အမှန်တကယ်မဟုတ်ဘဲ လှည့်စားရုံသက်သက် ဖြစ်နိုင်ပြီး သူ့တွင် တခြားအကြံအစည်များ ရှိနေနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ချန်ချင်းယွီသည် လောလောဆယ်တွင် သူ့ကို လျစ်လျူရှုထားရန်နှင့် သူ မည်သို့ဆက်လုပ်မည်ကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
သူ့အား စောစောစီးစီး အံ့ဖွယ်စပရိုက်များ ပြုလုပ်လိုက်လျှင် မိမိ၏ လျှို့ဝှက်ချက်များကို သိရှိသွားနိုင်သဖြင့် ၎င်းအကြံမှာ မကောင်းလှပေ။
'ဟူး... လောကကြီးမှာ နေထိုင်ရတာ တကယ်ကို သတိထားရပါလား'
အပြင်လောက ပတ်ဝန်းကျင်သည် ဖိအားများလွန်းလှသဖြင့် လူနေအိမ်ရာဝင်းအတွင်း၌ အမြဲတစေ ဆူညံပွက်လောရိုက်နေခြင်းမှာ မဆန်းတော့ဟု ချန်ချင်းယွီ တွေးမိလေသည်။
ချန်ချင်းယွီသည် ခေါင်းကို ခါယမ်းလိုက်ရင်း ကလေးများကို ခေါ်လိုက်၏။
"လက်တွေသုတ်ကြတော့၊ ထမင်းစားရအောင်"
"ဟုတ်ကဲ့"
လက်ဆေးရန် ရေသန့်မရှိသဖြင့် သုတ်ရုံသာ တတ်နိုင်ကြသည်။
ယနေ့ နေ့လယ်စာအတွက် ချန်ချင်းယွီသည် ကြက်ဥနှင့် ကြက်သွန်မြိတ်ကြော်၊ ဆန်ဖြူထမင်းတို့ကို ပြင်ဆင်လာခဲ့၏။
ဤမျှဝေးကွာသော အကွာအဝေးမှကြည့်လျှင် သူတို့ ဘာစားနေသည်ကို ထိုသူ မြင်နိုင်မည်မဟုတ်ဟု သူမ ခန့်မှန်းမိသည်။
ချန်ချင်းယွီ: "စားကြတော့"
ထမင်းဘူးကြီး သုံးဘူးမှာ အပြည့်ဖြစ်ပြီး ထမင်းပေါ်တွင် ဟင်းများ အုပ်ထားသဖြင့် အေးစက်နေပြီ ဖြစ်သည်။ ချန်ချင်းယွီသည် သစ်ကိုင်းခြောက်ကလေးအချို့ကို ကောက်ယူကာ မီးမွှေးပြီး ထမင်းကို ပြန်နွှေးလိုက်၏။ အေးလွန်းသော အစားအစာများမှာ ကလေးငယ်တို့၏ ဗိုက်အတွက် မကောင်းနိုင်ပေ။
မိခင်နှင့် ကလေးနှစ်ဦး ထမင်းစစားနေကြသည်ကို မြင်သောအခါ ယွမ်ဟောက်ဖုန်း သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။
‘ချန်ချင်းယွီ ထူးထူးခြားခြား ဘာမျှမလုပ်ပါလား…’
သူသည် အတော်ပင် စိတ်ပျက်သွားမိသော်လည်း အများအားဖြင့် ရထားဖြင့် ခရီးလှည့်လည်နေရသူဖြစ်၍ အိမ်တွင် အနေနည်းလှပြီး ချန်ချင်းယွီ၏ နောက်သို့လိုက်ကာ ပိုမိုလေ့လာလိုသည့် စိတ် ရှိနေဆဲပင်။
တစ်ခုခု ထူးခြားလာနိုင်ခြေ နည်းပါးလှသည်ကို သိသော်လည်း သူ၏စိတ်ထဲ၌ မျှော်လင့်ချက်
ကလေး ရှိနေဆဲ ဖြစ်၏။
ယွမ်ဟောက်ဖုန်းသည် သက်ပြင်းအသာချလိုက်သော်လည်း စိတ်ဓာတ် မကျပေ။
'တစ်ခုခုကို ရယူလိုတယ်ဆိုရင် လမ်းခုလတ်မှာ လက်မလျှော့သင့်ဘူး'
အမှန်တကယ် တစ်ခုခု ရရှိမည်လား ဆိုသည်ကိုမူ သူကိုယ်တိုင်လည်း မသိသော်လည်း ကြိုးစားကြည့်ချင်သည့် စိတ် ပြင်းပြနေဆဲတည်း။
ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီတို့သားအမိကို ခေတ္တမျှ ထပ်မံစောင့်ကြည့်နေစဉ် ဝမ်းဗိုက်အတွင်းမှ ဆာလောင်သံများ မြည်လာလေသည်။ သူသည် နံနက်စောစောကတည်းက သူတို့နောက်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်၍ နံနက်စာလည်း မစားရသေးကာ ယခုမူ မွန်းတည့်ချိန်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ မနေ့ကတည်းက ဝမ်းလျှောနေသည့်အပြင် ယနေ့ပါ အစာမရှိသဖြင့် နေရထိုင်ရသည်မှာ အလွန်ပင် သက်တောင့်သက်သာ မရှိလှပေ။
သူသည် ဝမ်းဗိုက်ကို ဖိထားရင်း ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် အစားအသောက် ရနိုင်မည့်နေရာသို့ သွားရန် ဆုံးဖြတ်လိုက်၏။
ချန်ချင်းယွီအနေဖြင့် ယွမ်ဟောက်ဖုန်း သူမကို အဘယ်ကြောင့် ဤမျှအသည်းအသန် စောင့်ကြည့်နေသနည်းဆိုသည်ကို အဖြေရှာမရ ဖြစ်နေသော်လည်း ယွမ်ဟောက်ဖုန်းကိုယ်တိုင်မူ အကြောင်းရင်းကို ကောင်းစွာသိရှိလေသည်။
"ဘာလို့ မိန်းကလေးဖြစ်ပြီး အလိုလိုက်တာ ခံရတာလဲ။ ချန်ချင်းယွီရဲ့ အဘိုးနဲ့အဘွားက သူ့အပေါ် သိပ်ကောင်းတာပဲ။ သူ့မွေးနေ့တုန်းကဆို အဘွားဖြစ်သူက ရွှေလက်ကောက်လေးတစ်ကွင်း လုပ်ပေးခဲ့သေးတယ်။ နင်မသိပါဘူး... ငါ့ဘဝမှာ အဲဒါ ပထမဆုံး မြင်ဖူးတဲ့ ရွှေအစစ်ပဲ။ ရွှေအစစ်ကြီး.."
"ငါ သူတို့ကို အကူအညီတောင်းတော့လည်း ချက်ချင်းပဲ အလုပ်အကိုင်ကောင်းတစ်ခု ရှာပေးခဲ့တယ်။ တကယ့်အလုပ်အကိုင်ကောင်းပဲ.. ငါ့မှာကျတော့ ဘာလို့ အဲဒီလို အဘိုးအဘွားမျိုးတွေ မရှိတာလဲ"
"ငါ့ပထွေးကလည်း အခြေအနေကောင်းတဲ့သူကိုပဲ လိုချင်တာ။ သူက သူ့ဇနီးဟောင်းရဲ့ ခန်းဝင်ပစ္စည်းတွေကို အခုထိ လက်ထဲမှာ ကိုင်ထားတုန်းပဲလို့ ငါကြားတယ်။ ဟိုလူကြီးတွေကလည်း ပြန်မတောင်းကြဘူးဆိုတော့ တခြားဟာတွေလည်း ရှိဦးမှာပဲ... နှမြောဖို့ကောင်းလိုက်တာ၊ သူတို့သာ အသက်ရှိသေးရင် ငါသာ သူတို့အပေါ် နည်းနည်းလောက် ကောင်းပြခဲ့ရင် အဲဒါတွေ ငါ့ကို ပေးချင်ပေးမှာ"
"အဲဒါတွေကို ချန်ချင်းယွီဆီ ပေးခဲ့သလားဆိုတာ ငါသိချင်တယ်"
ယွီမေကျွမ်းသည် မူးရူးနေလျက် မပြောသင့်သော စကားများကို မြည်တွန်တောက်တီးနေခဲ့၏။
“သူတို့ဆီမှာ ပိုက်ဆံမရှိဘူးဆိုတာ ငါမယုံဘူး၊ လုံးဝမယုံဘူး.."
...
ဤစကားတို့သည် ယွမ်ဟောက်ဖုန်း၏ စိတ်ထဲ၌ ပဲ့တင်ထပ်ကာ စွဲထင်နေခဲ့သည်။
ယွီမေကျွမ်းသည် ကြင်ဖက်တွေ့ရန်အတွက် မြို့သို့အပြန် ရထားပေါ်တွင် ယွမ်ဟောက်ဖုန်းတို့အဖွဲ့နှင့် ဆုံခဲ့ခြင်း ဖြစ်၏။ ဤနုံအသော မိန်းမမှာ လိမ်လည်လှည့်ဖြားခံရလုနီးပါး ဖြစ်ခဲ့ရုံမျှမက အရက်များ အတင်းတိုက်ခြင်း ခံရသဖြင့် အလွန်အမင်း မူးယစ်နေရှာသည်။ ယွမ်ဟောက်ဖုန်း သတိပြုမိသဖြင့် အခြားသူများနှင့်အတူ သူမကို ဝိုင်းဝန်းကူညီပေးခဲ့ရ၏။
အမှန်စင်စစ် ထိုစဉ်၌ သူမသည် သတိကောင်းကောင်းမရဘဲ စကားများမှာလည်း ဗလုံးဗထွေး ဖြစ်နေခဲ့သည်။
ယွမ်ဟောက်ဖုန်း ထွက်ခွာတော့မည့်ဆဲဆဲတွင် သူမ၏ ပါးစပ်ဖျားမှ "ချန်ချင်းယွီ" ဟူသော အမည်ကို ကြားလိုက်ရ၏။ သူသည် ချန်ချင်းယွီကို သိသည်။ သူမကား သူတို့အိမ်ရာဝင်းအတွင်းရှိ လင်းကျန့်ဝမ်၏ ဇနီး မဟုတ်လော့။
အဆက်အဆံ သိပ်မရှိခဲ့သော်လည်း ယွမ်ဟောက်ဖုန်း သူမကို ကောင်းစွာ မှတ်မိနေ၏။ အကြောင်းမှာ သူမ၏ ယောက္ခမမှာ နာမည်ကျော် ပြဿနာရှာသူ အဘွားကြီးကျောက် ဖြစ်နေ၍ပင်။
ထို့ကြောင့် သူသည် အခွင့်ကောင်းယူကာ အချို့သောအချက်များကို မေးမြန်းကြည့်ရာမှ ချန်ချင်းယွီ၏ အဘိုးနှင့်အဘွားမှာ အတော်ပင် ချမ်းသာကြွယ်ဝခဲ့ကြောင်း သိရှိလိုက်ရသည်။
၎င်းတို့ ကွယ်လွန်သွားသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဥစ္စာပစ္စည်းဆိုသည်မှာ အလိုအလျောက် ပျောက်ကွယ်သွားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် စုံစမ်းထောက်လှမ်းခဲ့၏။ နှစ်ပေါင်းအတော်ကြာပြီဖြစ်သဖြင့် လူများလည်း သိပ်မမှတ်မိကြကာ၊ ဆရာကျန်းနှင့် ဇနီးမှာလည်း ထူးထူးခြားခြား ချမ်းသာကြွယ်ဝသူများဟု မထင်ခဲ့ကြပေ။ တော်လှန်ရေးကော်မတီပင် ရှာဖွေ၍ မတွေ့ခဲ့သဖြင့် သူတို့၌ ဖုံးကွယ်ထားသော တခြားပိုင်ဆိုင်မှုများ မရှိဟုသာ ယူဆခဲ့ကြလေသည်။
ယွမ်ဟောက်ဖုန်းအနေဖြင့် ချန်ချင်းယွီ၏ နောက်သို့ တကောက်ကောက် လိုက်နေရခြင်းမှာ သူမ၏ အဘိုးအဘွားတို့ ချန်ထားရစ်ခဲ့နိုင်သည့် ရတနာသိုက်ကို ရှာဖွေလိုသောကြောင့်ပင် ဖြစ်လေ၏။
သို့သော်လည်း ယွမ်ဟောက်ဖုန်း၏ စိတ်ထဲ၌ သံသယအချို့ ရှိနေဆဲပင် ဖြစ်သည်။
အကြောင်းမှာ ယွီမေကျွမ်း၏ အဆိုအရ ထိုအဘိုးအဘွားတို့မှာ ဆင်းရဲမွဲတေသူများ မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်ထားသော်လည်း သူတို့၌ အမှန်တကယ် ငွေကြေးဥစ္စာ ရှိမရှိကို ယွမ်ဟောက်ဖုန်း အတပ်မပြောနိုင်ပေ။ ပတ်ဝန်းကျင်ကို စုံစမ်းကြည့်သမျှသတင်းများအရ သူတို့၌ ဘာမျှရှိပုံမပေါ်ချေ။ သို့သော်လည်း ယွီမေကျွမ်း ပြောခဲ့သည့် စကားတို့မှာသူ၏ အာရုံထဲတွင် စွဲထင်နေဆဲတည်း။ "မရှိတာထက် ရှိတာက ပိုစိတ်ချရသည်" ဟူသော အယူအဆဖြင့် ယွမ်ဟောက်ဖုန်းသည် အားလပ်ချိန်ရတိုင်း ချန်ချင်းယွီကို လိုက်လံစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
သူမ၏ အဘိုးနှင့်အဘွားများ တစ်ခုခု ချန်ထားရစ်ခဲ့လျှင် တစ်နေ့တွင် အစအန ပေါ်လာမည်မှာ အသေအချာပင်။
သူမသည် ထူးခြားသည့် အရည်အချင်းမရှိသော သာမန်အိမ်ရှင်မတစ်ဦးသာ ဖြစ်သဖြင့် အနှေးနှင့်အမြန် အမှားအယွင်း ပြုမိမည်သာ ဖြစ်သည်။
ပထမဆုံးအကြိမ် နောက်ယောင်ခံလိုက်စဉ်၌ပင် သူမ ဝှက်ထားသော ငွေကြေးများကို ရှာတွေ့နိုင်လိမ့်မည်ဟုပင် သူ တွေးထင်ထားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုသို့ ဖြစ်မလာခဲ့ပေ။ ချန်ချင်းယွီသည် တကယ့်ကို ငါးမျှားရန်သာ လာခဲ့ခြင်းဖြစ်ပြီး ငါးများကိုပင် လဲလှယ်ခဲ့သေး၏။
၎င်းမှာ ရိုးရိုးရှင်းရှင်း ဖလှယ်မှုတစ်ခုသာ ဖြစ်ပေသည်။
သူသည် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နောက်တစ်ကြိမ်တွင်လည်း ထပ်မံ၍ နောက်ယောင်ခံလိုက်ရန် ကြံစည်လိုက်၏။
အမှန်စင်စစ် သူ၏ လစာမှာ မနည်းလှသော်လည်း ငွေပိုရမည်ကို မည်သူ ငြင်းပယ်နိုင်မည်နည်း။ ငွေရှိလျှင် သူ၏ ညီမငယ်နှစ်ဦးကို ကူညီနိုင်မည် ဖြစ်သည်။ ကျေးလက်တောရွာသို့ သူ ကိုယ်တိုင် မရောက်ဖူးသော်လည်း မည်မျှ ပင်ပန်းဆင်းရဲမည်ကို သူ သိရှိနားလည်ထား၏။ ငွေသာရှိလျှင် အလုပ်အကိုင်တစ်ခုကို ဝယ်ယူပေးနိုင်မည်သာ။
အလုပ်တစ်ခုရရန် ရှစ်ရာ သို့မဟုတ် တစ်ထောင်ပေးလျှင်ပင် ရောင်းမည့်သူ မရှိဟု ဆိုကြသော်လည်း သူထိုသို့မထင်ပေ။
ငွေကို ရက်ရက်ရောရော သုံးစွဲ၍ တစ်ထောင်နှင့်မရလျှင် တစ်ထောင့်ငါးရာ၊ တစ်ထောင့်ငါးရာနှင့်မရလျှင် နှစ်ထောင် စသည်ဖြင့် ပေးကမ်းလိုက်လျှင် အလုပ်အကိုင် ရောင်းမည့်သူကို ရှာတွေ့နိုင်မည်ဟု သူ ယုံကြည်ထား၏။
သူ့အတွက် တခြားနည်းဖြင့် ငွေရှာရန် လမ်းစမရှိသဖြင့် ချန်ချင်းယွီ၌ ငွေရှိနိုင်သည်ဟု ကြားသိရသောအခါ ယွမ်ဟောက်ဖုန်း စိတ်လှုပ်ရှားသွားမိသည်။ မိမိ၏ လုပ်ရပ်မှာ မကောင်းမှန်း၊ အလွန်ပင် ရှုပ်ထွေးလှမှန်း သူ သိသော်လည်း လူဟူသည် မည်သူမှ အတ္တမကင်းကြချေ။ သူသည် မိမိ၏ မိသားစုအတွက်သာ ဆောင်ရွက်နေခြင်း ဖြစ်၏။
ဟောက်ရွှယ်သည် ယခုတစ်ကြိမ်တွင် အိမ်မှာ နေခွင့်ရနိုင်သော်လည်း နောက်နှစ်အနည်းငယ်ကြာ၍ အရွယ်ရောက်လာမည့် ဟောက်ယွဲ့အတွက် မည်သို့ပြုလုပ်မည်နည်း။
ဟောက်ရွှယ်နှင့် ဟောက်ယွဲ့မှာ သူ၏ ညီမအရင်းများဖြစ်ပြီး ရှောင်ချွေမှာလည်း ဖအေတူ အမေကွဲ ညီမလေး ဖြစ်သည်။ သူတို့ တောင့်မခံနိုင်ဘဲ ကျေးလက်သို့ ပို့ဆောင်ခြင်း ခံရလျှင်ပင် သူ၌ ငွေရှိနေလျှင် ကူညီနိုင်ပေလိမ့်မည်။ အလုပ်အကိုင်များ ဝယ်ယူပေးကာ သူတို့ကို ပြန်ခေါ်နိုင်သည့် နည်းလမ်းကိုပင် ရှာဖွေနိုင်၏။
သို့သော် ထိုသို့ပြုလုပ်ရန် ငွေအမြောက်အမြား လိုအပ်လှသည်။ သူ အလုပ်လုပ်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည့်အပြင် အိမ်သို့လည်း လစဉ် စရိတ်ပေးနေရသဖြင့် မိမိ၏ လစာတစ်ခုတည်းဖြင့် သူတို့၏ အနာဂတ်အတွက် အလုပ်အကိုင်များ ဝယ်ယူပေးရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ပြင်ပသို့သာ အကွက်ချောင်းနေရ၏။ အခြားသူများ အဆင်ပြေသည် မပြေသည်ကိုမူ သူ အားနာရုံမှအပ မတတ်နိုင်ချေ။ သူသည် မိမိ၏ မိသားစုကိုသာ ရှေးရှုဦးစားပေးရပေမည်။
စင်စစ် သူ၏ အလုပ်မှာ အမြဲတစေ ခရီးသွားနေရသဖြင့် ချန်ချင်းယွီကို စောင့်ကြည့်ရန်မှာ အဆင်မပြေလှပေ။ သို့သော်လည်း သူ၏ ညီမများကိုမူ အမှန်အတိုင်း ပြောရန် မဝံ့ရဲပေ။ လူသိများသွားလျှင် လျှို့ဝှက်ချက် ဖြစ်တော့မည် မဟုတ်ပေ။ ထို့ပြင် သူ၏ ညီမမှာ မာနကြီးသူဖြစ်၍ ဤသို့သော လုပ်ရပ်မျိုးကို လုံးဝ လက်ခံလိမ့်မည် မဟုတ်ချေ။
‘ဘယ်လို အခက်အခဲတွေပဲလာလာ ငါပဲ ရင်ဆိုင်မယ်၊ ငါ့ညီမလေးတွေကိုတော့ အပင်ပန်းမခံစေနိုင်ဘူး’
ယွမ်ဟောက်ဖုန်း စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
ဤသို့ တွေးတောလိုက်မိသည်နှင့် သူ၏ စိတ်ဓာတ်မှာ ပိုမိုခိုင်မာလာ၏။ ဖြစ်နိုင်ခြေ အနည်းငယ်မျှ ရှိနေသရွေ့ သူသည် အမြဲတစေ ကြိုးစားသွားမည်သာ။
ယွမ်ဟောက်ဖုန်း တစ်ယောက် နောက်ဆုံးတွင် ထွက်ခွါသွားလေသည်။ အကြောင်းရင်းမရှိဘဲ မိမိနောက်သို့ အဘယ်ကြောင့် တကောက်ကောက် လိုက်နေသနည်းဟု ချန်ချင်းယွီ တွေးတောမိသော်လည်း ထိုသူမှာ ထူးဆန်းလှသည်ဟုသာ မှတ်ချက်ပြုမိ၏။ သို့သော် သူမမှာ ပေါက်စီကို မြိန်ရည်ယှက်ရည် စားသုံးနေလေသည်။ အစားအစာ အမြောက်အမြား ယူဆောင်လာခဲ့သော်လည်း ချန်ချင်းယွီအတွက်မူ အဆာမပြေသဖြင့် ပေါက်စီအချို့ကိုပါ ထပ်မံယူဆောင်လာခဲ့ခြင်း ဖြစ်၏။
သူမသည် ပေါက်စီထဲတွင် သကြားအနည်းငယ် ထည့်ထားသဖြင့် အရသာမှာ အလွန်ပင် ထူးကဲနေသည်။
"မေမေ... သမီးလည်း တစ်ကိုက်လောက် စားချင်တယ်"
ချန်ချင်းယွီ : "ရော့... စားလေ"
ရှောင်ယွမ် တစ်ကိုက် စားလိုက်သည်။
ထိုအခါ ရှောင်ကျားလည်း ချက်ချင်းပင် လိုက်စားလေ၏။
တကယ်တမ်း စားချင်သည်ဖြစ်စေ၊ မစားချင်သည်ဖြစ်စေ အမြွှာကလေးတို့၏ သဘာဝအရ တစ်ဦးလုပ်လျှင် နောက်တစ်ဦးမှာ လိုက်လုပ်စမြဲပင်။
ယနေ့ ကံသိပ်မကောင်းလှသဖြင့် ငါးမဖမ်းမိရာ ချန်ချင်းယွီသည် အစာစားပြီးနောက် ပြန်ရန်လော်ဆော်လိုက်သည်။
"ကဲ... သွားကြမယ်၊ ဒီနေ့တော့ စောစောပြန်ကြရအောင်"
"ဟင်... ပြန်တော့မှာလား"
"ဒီညနေ အိမ်ရာဝင်းထဲမှာ အစည်းအဝေးကြီး ရှိတယ်လေ"
"ဟုတ်ကဲ့"
ချန်ချင်းယွီသည် ကလေးများကို ခေါ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ ယွမ်ဟောက်ဖုန်းမှာမူ အစားစားပြီးနောက် တစ်ဖန် ပြန်လည်စောင့်ကြည့်ရန် ရောက်ရှိလာသော်လည်း...
‘ဟင်... ဘယ်ရောက်သွားကြတာလဲ’
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ အတွေးပေါင်းစုံ ဝင်လာပြီးနောက် အလျင်အမြန်ပင် ပြန်လှည့်သွား၏။
ယွမ်ဟောက်ဖုန်း ပြန်ရောက်လာသည်ကို ချန်ချင်းယွီ မသိသကဲ့သို့ ဂရုလည်းမစိုက်အားပေ။ ယွမ်ဟောက်ဖုန်းမှာ အတော်ပင် ပါးနပ်သူဖြစ်သည့်အတွက် သံသယဝင်သွားမည်ကို စိုးရိမ်နေရ၍ မဟုတ်လျှင် သူမအနေဖြင့် ထိုသူ့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်သည်မှာ ကြာပြီဖြစ်သည်။
'တကယ်ပဲ စိတ်မနှံ့တဲ့လူပဲ'
ချန်ချင်းယွီသည် ယနေ့တွင် အိမ်သို့ အတော်ပင် စောစီးစွာ ပြန်ရောက်လာသော်လည်း အားလုံးမှာ ရှေ့ဝင်းထဲတွင် ရောက်ရှိနေကြပြီ ဖြစ်၏။ ပုံမှန်အားဖြင့် နေ့ခင်းဘက်တွင် အိပ်စက်အနားယူလေ့ ရှိကြသော်လည်း မနေ့ည၌ အိပ်လွန်းသွားကြ၍လားမသိ၊ ယနေ့တွင် မည်သူမျှ အိပ်နေကြသည်ကို မတွေ့ရပေ။
ပိုင်ဖုန်းရှန်း : "ရှောင်ချန်... ဒီနေ့ အစောကြီး ပြန်ရောက်လာပါလား"
ချန်ချင်းယွီ : "ဒီည အိမ်ရာဝင်းထဲမှာ အစည်းအဝေးရှိတယ်ဆိုတော့ နောက်ကျမှာစိုးလို့ အစောပြန်လာတာပါ။ နောက်ပြီး ဒီနေ့လည်း ဘာမှ သိပ်မမိပါဘူး"
သူမ ဆက်၍ မေးလိုက်မိလေသည်။
"ဒေါ်လေးတို့ကော နေ့လယ် မအိပ်ကြဘူးလား"
"မအိပ်ပါဘူးအေ... ဟဲ့၊ မြန်မြန်လာပါဦး၊ ညည်းလည်း သိမှာမဟုတ်သေးဘူး၊ လျိုကျားလမ်းထဲက မိသားစုတစ်စု အဖမ်းခံရတယ်လေ။ အသားသည် မိသားစုလေ၊ ငါတို့စားနေတဲ့ ဝက်သားတွေက အဲဒီကလာတာ။ အဲဒီမိသားစုက ဘယ်လောက်တောင် ကိုယ်ကျင့်တရား မရှိလဲဆိုတာ ယုံနိုင်စရာတောင် မရှိဘူး။ သူတို့က ရောဂါဖြစ်ပြီး ပုပ်သိုးနေတဲ့ ဝက်သားတွေကို ဟင်းချက်ပြီး ရောင်းစားကြတာတဲ့။ တကယ့်ကို ရက်စက်ကြတာပဲ"
ဤသို့ပြောရင်း သူမ အသံကို နှိမ့်လိုက်ကာ
"ရှီကျန့်ရှန်းက ဈေးပေါလို့ဆိုပြီး သူတို့ဆီက ဝယ်တာလေ။ အို... သမဝါယမဆိုင်ထက် ထက်ဝက်လောက် ဈေးသက်သာနေတာဆိုတော့ ဒီလိုဖြစ်မှာပေါ့။ အဘွားကြီးရှီကတော့ သူလည်းမသိဘူးလို့ ငြင်းနေတုန်းပဲ၊ ဈေးက ထက်ဝက်လောက် ကွာနေတာကို သူ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ"
ဤသတင်းမှာ ယနေ့နံနက်တွင် ပျံ့နှံ့လာသဖြင့် အိမ်ရာဝင်းအတွင်းရှိ လူအားလုံး အလွန်ပင် ဒေါသထွက်နေကြသည်။
ဤသည်မှာ တကယ့်ကို မတရားသည့် လုပ်ရပ်ဖြစ်ပြီး သေနေသည့် ရောဂါသည်ဝက်သားများ ဖြစ်သည်ကို သိလိုက်ရသောအခါ လူတို့မှာ ပို၍ပင် စိတ်ဆိုးမာန်ဆိုး ဖြစ်နေကြ၏။
ချန်ချင်းယွီ: "ဟင်... ဟုတ်လား"
သူမ ရွှီကောင်းမင်၏ အိမ်ထဲသို့ လှမ်းကြည့်လိုက်ရာ ပိုင်ဖုန်းရှန်းမှာ ပြောလိုက်သည်။
"မကြည့်နဲ့တော့၊ သူတို့ ရဲစခန်းကို သွားပြီ"
ချန်ချင်းယွီသည် ထိုင်ခုံတစ်ခုကို အမြန်ရှာ၍ ထိုင်လိုက်ပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ရေပုံးကို အတူတကွ မကာ အိမ်ထဲသို့ သယ်သွားကြ၏။ သုံးနှစ်သားလေးများ ဖြစ်သော်လည်း တကယ့်ကို အားကိုးရသူလေးများပင်။
ချန်ချင်းယွီ : "ဒေါ်လေးတို့က သတင်းလည်း သိပ်မြန်တာပဲနော်။ ဒါနဲ့ တကယ်တမ်းက ဘယ်လိုဖြစ်တာလဲ။ ဝက်သားတွေက ပြတ်လပ်နေတာ မဟုတ်ဘူးလား၊ ဝယ်ချင်သူ ဒီလောက်များတာကို ဘယ်လိုလုပ် ပုပ်သွားတာလဲ"
အဘွားကြီးဟွမ်က ချက်ချင်းပင် ဝင်ပြောလိုက်၏။
"အဲဒါကိုတော့ ငါသိတယ်ဟေ့"
သူတို့သည် ဤရပ်ကွက်အတွင်း၌ပင် နေထိုင်ကြသူများ ဖြစ်သဖြင့် ပျံ့နှံ့နေသော သတင်းများကို အရယူနိုင်ကြ၏။
"ငါကြားတာတော့ အဲဒီမိသားစုက တောင်ပေါ်မှာ ဝက်တွေကို တိတ်တဆိတ် မွေးထားတာတဲ့၊ တစ်ခါမွေးရင် အကောင်အတော်များတယ်လေ။ ဝက်မွေးမြူရေးခြံကြီးပေါ့။ မိုက်ရူးရဲဆန်လိုက်တာနော်၊ တကယ့်ကို သတ္တိခဲတွေပဲ။ သူတို့က အမြဲတမ်း ဝက်သားရောင်းစားနေကျပဲ၊ ဒါပေမဲ့ ဒီနှစ်ဆန်းပိုင်း နှစ်သစ်ကူးပြီးတာနဲ့ သူတို့ခြံက ဝက်လေးကောင် သေသွားရော။ အစတုန်းကတော့ လူတွေကို ဒုက္ခပေးနိုင်တဲ့ ကူးစက်ရောဂါ ဖြစ်မှာစိုးလို့ မရောင်းရဲကြဘူး။ ဒါပေမဲ့ မြေမြှုပ်ပစ်ဖို့ကျတော့လည်း နှမြောတာနဲ့ သိမ်းထားလိုက်ကြတာပေါ့။ နောက်မှ ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ကြည့်ခိုင်းတော့ ဝက်တွေက ကူးစက်ရောဂါနဲ့ သေတာမဟုတ်ဘူး၊ စားလို့ရတယ်လို့ ပြောတာနဲ့ မဖြုန်းတီးချင်တာနဲ့ပဲ ရောင်းဖို့လုပ်ကြတာပေါ့။"
"ရောင်းတော့ ရောင်းကြတာပဲ၊ ဒါပေမဲ့ ဝက်သားတွေက တစ်လကျော်လောက် ပစ်ထားတာဆိုတော့ ရာသီဥတုက အေးတယ်ဆိုပေမဲ့ နည်းနည်းတော့ ပုပ်သိုးနေပြီလေ။ ဒါနဲ့ ဈေးလျှော့ရောင်းကြတာပေါ့။ ဒါပေမဲ့ ဝက်လေးကောင်လုံး သေသွားတာဆိုတော့ လူတွေကလည်း ဒီလိုအသားမျိုးကို မဝယ်ချင်ကြဘူးလေ၊ ဒါကြောင့် အကုန်မကုန်သေးဘူး။ အခု ရာသီဥတုက နွေးလာပြီဆိုတော့ မရောင်းရသေးတဲ့ အသားတွေက ပိုနံလာတာနဲ့ အကုန်လုံးကို နှပ်ပြီးဝက်သားနီချက် ချက်ပစ်လိုက်ကြတာပေါ့။ ကြည့်စမ်း... ငါတို့ အိမ်ရာဝင်းထဲက လူတွေလည်း အဲဒီဒဏ်ကို ခံလိုက်ရတာပဲ။"
ချန်ချင်းယွီ မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း အံ့ဩတကြီး ပြောလိုက်မိ၏။
"ဒါက တကယ်ကို မထင်မှတ်ထားစရာပဲနော်"
ဤအဘွားကြီးများ၏ သတင်းစုံစမ်းနိုင်စွမ်းမှာ အံ့မခန်းလှသဖြင့် သူမ ပို၍ပင် အံ့အားသင့်သွားမိ၏။
မနေ့ည၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများမှာ ယနေ့တွင် လူတကာ သိအောင် အသေးစိတ် ပျံ့နှံ့နေပြီ ဖြစ်သည်။
အမှန်စင်စစ် အဘွားကြီးများ၏ သတင်းကွန်ရက်မှာ အလွန်ပင် ထိရောက်လှသဖြင့် လျှော့မတွက်သင့်ပေ။
ချန်ချင်းယွီ : "ဒီလိုရောဂါဖြစ်နေတဲ့ ဝက်သားတွေက အစကတည်းက စားလို့မရတာပါ။ ဒါကိုမှ လပေါင်းများစွာ ပစ်ထားသေးတယ်၊ နှစ်သစ်ကူးပြီးကတည်းဆိုတော့ သုံးလလောက် ရှိပြီပေါ့။ အားလုံး ဝမ်းလျှောကုန်တာ မဆန်းပါဘူး"
"ဟုတ်ပါ့အေ"
"မနေ့ကတော့ ငါလည်း အတော်လေး ခံလိုက်ရတယ်"
"မပြောပါနဲ့တော့၊ မနေ့က ငါ ဘာမှမစားနိုင်ဘူး၊ ဗိုက်ထဲမှာ ဟာလာဟင်းလင်းပဲ။ ဒီမနက် ဗိုက်ဆာလို့ နိုးလာတာတောင် ဗိုက်ထပ်နာမှာစိုးလို့ ဘာမှမစားရဲသေးဘူး။"
ချန်ချင်းယွီ ခေါင်းညိတ်ရင်း သတိပေးစကားဆိုလိုက်သည်။
"ဒါဆိုရင်တော့ ဒေါ်လေးတို့ သတိထားရမယ်နော်"
ယွမ်ဟောက်ဖုန်း ပြန်ရောက်လာသောအခါ ချန်ချင်းယွီသည် အဒေါ်ကြီးများကြားတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူသည် အားလုံးကို ပြုံးပြလျက် ခေါင်းညိတ်နှုတ်ဆက်လိုက်၏။
လင်စန်းရှင်း ချက်ချင်းပင် မေးမြန်းလိုက်လေသည်။
"ဟောက်ဖုန်း... အခုမှ ပြန်လာတာလား၊ ဘယ်တွေသွားနေတာလဲ"
ယွမ်ဟောက်ဖုန်း : "ဘယ်မှ မသွားပါဘူး၊ အလုပ်ခေါ်တဲ့ စက်ရုံများ ရှိမလားလို့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေတာပါ"
အလုပ်အကိုင် ရှာဖွေနေသည်ဟူသော စကားကို ကြားလိုက်ရသည်နှင့် အားလုံးမှာ စိတ်ဝင်တစား ဖြစ်သွားကြသည်။ ယခုအချိန်တွင် အလုပ်အကိုင် ရရှိရေးမှာ အရေးကြီးဆုံးကိစ္စ တစ်ခုဖြစ်သဖြင့် သူတို့ ဆက်လက်မေးမြန်းကြ၏။
"အလုပ်ခေါ်တဲ့နေရာတွေ ရှိလား"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဘယ်မှာ ခေါ်နေတာလဲ၊ နေ့စားယာယီအလုပ်ဆိုရင်တောင် အဆင်ပြေပါတယ်"
ယွမ်ဟောက်ဖုန်း သက်ပြင်းချရင်း ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။
ဤကိစ္စမှာ ချန်ချင်းယွီနှင့် မည်သို့မျှ မသက်ဆိုင်သည့်အတွက် သူမသည် ယွမ်ဟောက်ဖုန်းနှင့် စကားစမြည် မပြောဘဲ အတိတ်ကို လွမ်းဆွတ်တမ်းတနေသည့်ဟန်ဖြင့် ဤသို့ ဆိုလိုက်သည်။
"အလုပ်ရှာရတာ မလွယ်သလို ကိုယ့်အားကိုယ်ကိုးပြီး အလုပ်ရဖို့ဆိုတာ ပိုတောင်ခက်သေးတယ်။ လူတိုင်းကတော့ ကျွန်မ ယောကျာ်းလင်းကျန့်ဝမ်လို အရည်အချင်းရှိကြတာ မဟုတ်ဘူးလေ။ ကိုယ့်အရည်အချင်းသက်သက်နဲ့ အလုပ်ရဖို့ဆိုတာ သန်းနဲ့ချီတဲ့လူတွေထဲမှာ တစ်ယောက်လောက်ပဲ ရှိတာပါ။ ဒါနဲ့ ယွမ်ဟောက်ဖုန်း... ရှင့်အလုပ်က ရှင့်မိသားစုက ဝယ်ပေးထားတာလို့ ကျွန်မကြားတယ်.."
ယွမ်ဟောက်ဖုန်း: "..."
ချန်ချင်းယွီ: "ရှင်က ကျွန်မ ကိုကိုကျန့်ဝမ်လောက် ကြိုးစားတာမဟုတ်ပါဘူး။ သူကတော့ သူ့အရည်အချင်းနဲ့သူ အလုပ်ထဲကို ဝင်နိုင်ခဲ့တာ"
ယွမ်ဟောက်ဖုန်း: "..."
ချန်ချင်းယွီ: "သူက တကယ့်ကို အံ့သြစရာကောင်းတဲ့လူပါ"
(မျက်လုံးများ တောက်ပလျက်)
ယွမ်ဟောက်ဖုန်း: "..."
ကျန်ရှိနေသောသူများ: "..."
အကြောင်းရင်းကို မသိရသော်လည်း အားလုံးမှာ အနေရခက်သလို ခံစားလိုက်ရသည်။
စင်စစ် လင်းကျန့်ဝမ် အကြောင်းကို မပြောသရွေ့ ချန်ချင်းယွီမှာ ပုံမှန်လူတစ်ဦးသာ ဖြစ်၏။ သို့သော် လင်းကျန့်ဝမ်၏ အမည်ကို မြွက်ဟလိုက်သည်နှင့် သူမသည်ကား ကယ်တင်မရနိုင်တော့သော အခြေအနေသို့ ရောက်ရှိသွားလေသည်။
ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိသည်။ မိမိမှာ လင်းကျန့်ဝမ်အောက် နိမ့်ကျနေသည်ဟူသော အတွေးကို သူမ မည်သို့များ တွေးမိသနည်း။ ရုပ်ရည်မှလွဲ၍ ကျန်ရှိသည်တို့မှာ မိမိနှင့် တန်းတူပင် ဖြစ်၏။ ကျန်သည်တို့မှာမူ မိမိသည်ပင် သာလွန်နေသည် မဟုတ်လော့၊ အလုပ်ကို ဝယ်ထားသည်ဆိုဦးတော့၊ သူသည် မီးရထားဝန်ထမ်းတစ်ဦးဖြစ်ပြီး ရထားထိန်းတစ်ယောက်ဖြစ်ရန်မှာ မည်သူမဆို လုပ်နိုင်သည့်အရာ မဟုတ်ပေ။
ဒါက ဂဟေဆော်တဲ့ လင်းကျန့်ဝမ်ထက် ဘယ်နေရာမှာ မသာနေလို့လဲ..
ချန်ချင်းယွီ တစ်ယောက် စိတ်များဖောက်ပြန်သွား၍ လင်းကျန့်ဝမ်ထက် မိမိမှာ နိမ့်ကျနေသည်ဟု ထင်နေခြင်းလော။ ၎င်းမှာ အဓိပ္ပာယ်မရှိလှချေ။
"ဒါနဲ့ ရှောင်ယွမ်... ရှင်က ကျွန်မ ကိုကိုကျန့်ဝမ်နဲ့ အသက်ချင်းလည်း သိပ်မကွာဘူးနော်။ ဘာလို့ အခုထိ လူပျိုကြီး ဖြစ်နေရတာလဲ။ အဖော်ရှာလို့ မရသေးလို့လား"
ချန်ချင်းယွီ၏ ကြည်လင်သော မျက်ဝန်းအစုံမှာ ရိုးသားဖြူစင်ဟန်ဖြင့် တောက်ပနေလေသည်။
သူမသည် ယွမ်ဟောက်ဖုန်းကို ချက်ချင်း တိုက်ခိုက်၍ မရသော်လည်း အနည်းဆုံး သူ့ကို စိတ်တိုအောင် ပြုလုပ်နိုင်ပေသည်။
'ငါ့နောက်ကို လိုက်တဲ့အတွက် ခံစမ်းဦး'
'ဒီလောက် လူလည်လုပ်ချင်တဲ့အတွက် ခံစမ်း'
ချန်ချင်းယွီ ယွမ်ဟောက်ဖုန်းအား ကိုယ်ချင်းစာနာစိတ်အပြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။
"ကျွန်မရဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်တောင် အခု သုံးနှစ်ရှိပြီ။ ရှင်ကတော့ ဇနီးတောင် မရှိသေးဘူး။ အဖော်ရှာလို့ မရဘူးဆိုရင် အောင်သွယ်နဲ့ စမ်းကြည့်သင့်တယ်နော်။ ဒါပေမဲ့ အောင်သွယ်ရဲ့ နောက်ကြောင်းကိုတော့ သေချာစုံစမ်းဦး၊ မဟုတ်လို့ အိမ်ထောင်ရေး လိမ်လည်မှုနဲ့ ကြုံရရင် ဒုက္ခလှလှတွေ့သွားလိမ့်မယ်။ ရှင်က အခုတောင် မိန်းမရှာရခက်နေတာ၊ ထပ်ပြီး အလိမ်ခံရရင်တော့ ပိုတောင်ရှာရ ခက်သွားဦးမယ်"
ယွမ်ဟောက်ဖုန်း: ‘လခွမ်း…’
'ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ့မှာ မိတ်ဆက်ပေးတဲ့သူတွေ အများကြီးရှိတာ၊ ငါက ရွေးချယ်ချင်လို့ ရွေးနေတာကွ။ အရာရှိသားသမီးမျိုးကို ရှာချင်နေတာ။ ဘယ်သူက မိန်းမရှာမရလို့လဲ။ ဘယ်သူက အိမ်ထောင်ရေး အလိမ်ခံရမှာလဲ။ ငါ့ကို ဝမ်တာ့ချွေလို ရိုးအအလူလို့ ထင်နေတာလား'
အဘွားကြီးဟွမ်သည်လည်း ဝင်ရောက်ပြောဆိုလာသည်။
"အေးလေ... ရှောင်ချန်ပြောတာ မှန်သားပဲ။ ဟောက်ဖုန်း... နင်က ဘယ်လိုမျိုးကို ရှာနေတာလဲ၊ ငါ့ကိုပြောပြဦး။ ငါ့သား ကျန်းရှင်းဖှကို ကြည့်ဦး၊ နင့်အရွယ်တုန်းက သူက အိမ်ထောင်ကျပြီး ကလေးတောင် ရနေပြီ။ နင်ကျမှ ဘာလို့ ရှာမရ ဖြစ်နေရတာလဲ။ နင့်မှာ တစ်ခုခု ချို့ယွင်းချက်ရှိလို့လား"
အဘွားကြီးဟွမ်ပါ စကားဝိုင်းထဲသို့ ရောက်ရှိလာ၏။
ချန်ချင်းယွီမှာ ထိုစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။
ဘုရားရေ...
သူမမှာ အောင့်အီးမထားနိုင်မှသာ ရယ်တတ်သူဖြစ်သော်လည်း ယခုမူ အခြေအနေမှာ အတော်ပင် ဆိုးဝါးလှ၏။
ဒါကတော့ တကယ်ကို လွန်သွားပြီ...
သူမသည် ခေါင်းငုံ့ကာ ရယ်သံကို ထိန်းရင်း ယွမ်ဟောက်ဖုန်းကို ခိုးကြည့်လိုက်ရာ သူ့မျက်နှာတစ်ခုလုံး ခရမ်းရောင်သန်းသည့် အနီရောင်သို့ ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။
ဟား..
"ဒေါ်လေးတို့ နားလည်မှု လွဲနေပါပြီ၊ တကယ်ကို လွဲနေတာပါ။ ကျွန်တော့်မှာ ဘာပြဿနာမှ မရှိပါဘူး"
'ဒီသောက်အဘွားကြီးတွေတော့ တကယ်ပဲ ရူးကုန်ကြပြီ'
"ကျွန်တော်က ငယ်ရွယ်တုန်းမှာ အလုပ်ကိုပဲ အာရုံစိုက်ချင်သေးလို့ပါ။ အဖော်ရှာဖို့က မလောသေးပါဘူး၊ နောက်ပြီး အခုက အဲဒီအတွက် စိတ်ပါဝင်စားနေရမယ့် အချိန်လည်း မဟုတ်ဘူးလေ။ ဟောက်ရွှယ်နဲ့ ရှောင်ချွေတို့ နှစ်ယောက်လုံး ကျေးလက်ကို ဆင်းရဖို့ ရှိနေတာဆိုတော့ ခဏလောက် စောင့်ကြည့်ဦးမယ်။ သူတို့ကိစ္စတွေ အခြေကျသွားပြီဆိုမှ ကျွန်တော့်ကိစ္စကို စဉ်းစားတော့မယ်"
သူသည် ကျေးလက်သို့ မသွားချင်ကြောင်းကို အတိအလင်း မပြောဝံ့သော်လည်း သူ့စကားထဲတွင် ထိုအဓိပ္ပာယ်မှာ ပါဝင်နေပြီးသား ဖြစ်၏။
ချန်ချင်းယွီမှာမူ အပြစ်ကင်းစင်သောဟန်ဖြင့် ထပ်မံ၍ မွှေနှောက်လိုက်ပြန်သည်။
"အမှန်ဆိုရင် အမျိုးသမီးတွေထက် အမျိုးသားတွေက ကျေးလက်ဆင်းဖို့ ပိုသင့်တော်တာပေါ့။ အမျိုးသားတွေက ခွန်အားပိုရှိတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ပိုပြီး လုပ်နိုင်တာပေါ့။ ရှင်က ရှင့်ညီမအစား လဲပြီး သွားလိုက်ပါလား"
စိတ်တိုလိုက်တာ၊ တကယ်ကို စိတ်တိုလိုက်တာ..
မျှော်လင့်ထားသည့်အတိုင်း ယွမ်ဟောက်ဖုန်း၏ မျက်နှာမှာ ပို၍ပင် အကြည့်ရဆိုးသွားလေသည်။
သူသည် အတင်းအကျပ် ပြုံးလိုက်ရပြီး
"ကျွန်တော်တို့ အလုပ်က နည်းနည်းတော့ ထူးခြားတယ်လေ၊ လူကြီးတွေကလည်း ကျွန်တော့်ကို အလုပ်ပြောင်းဖို့ သိပ်သဘောမကျကြဘူး။ နောက်ပြီး ကျွန်တော့်အလုပ်က ရထားပေါ်မှာပဲ အချိန်ကုန်နေရတာဆိုတော့ အမျိုးသမီးတွေအတွက် သိပ်အဆင်မပြေဘူးလေ။ ဒါပေမဲ့ တကယ်လို့ တခြားနည်းလမ်းမရှိတော့ဘူးဆိုရင်တော့ ညီမလေးနဲ့ လဲပေးဖို့ အသင့်ပါပဲ။ ကျွန်တော့်ညီမလေးကို အပင်ပန်းမခံစေချင်ဘူးလေ။ တကယ်လို့ အဆင်မပြေတော့ဘူးဆိုရင် အမေ့ကိုပြောပြီး ကျွန်တော့်အလုပ်ကို ညီမလေးကို ပေးလိုက်ရုံပါပဲ"
မည်သို့ပင်ဖြစ်စေ သူ့မိဘများမှာ ဤသို့ပြုလုပ်ရန် လုံးဝသဘောတူမည်မဟုတ်သည်ကို သူ ကောင်းစွာသိ၏။
သူသည် ညီမဖြစ်သူကို အလွန်ချစ်သော်လည်း မိမိ၏ အလုပ်ကို စွန့်လွှတ်ရန်မူ ယွမ်ဟောက်ဖုန်း လုံးဝအစီအစဉ်မရှိပေ။
ကျေးလက်သို့သွားရမည့် ဒုက္ခကိုလည်း သူ အလိုမရှိချေ။ ထိုသို့သွားရသည့် သူ၏ သူငယ်ချင်းများ မည်မျှပင် ပင်ပန်းဆင်းရဲနေကြရသည်ကို သူ မြင်တွေ့ထားပြီးဖြစ်၏။
တစ်ခါသွားပြီးလျှင်ကော မည်သည့်အချိန်တွင် ပြန်လာနိုင်ပါမည်နည်း။
ကျေးလက်သို့ ရောက်သွားကြသူများအကြောင်းကို အိမ်ရာဝင်းအတွင်းရှိ လူတိုင်း သိကြပေသည်။ ထိုဆင်းရဲဒုက္ခများကို မခံစားနိုင်
လွန်းသဖြင့် မာမိသားစု အကြီးဆုံးသားသည် ရွာသူကြီးသမီးနှင့်ပင် လက်ထပ်ခဲ့ရသည် မဟုတ်လော့။ ထိုဒုက္ခကို ခံစားရမည့်အစား သူတစ်ပါးအပေါ် မှီခိုနေရသူတစ်ဦးအဖြစ်သာ သူ ခံယူလိုနေ၏။ ယွမ်ဟောက်ဖုန်းမှာ သူသည် လယ်သမားတစ်ဦးဖြစ်ရန် ပညာသင်ကြားခဲ့ခြင်း မဟုတ်ဟု ခံယူထားသူဖြစ်သည်။
သူသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး
"ကျွန်တော် သွားတော့မယ်၊ ခဏနေရင် သူငယ်ချင်းဟောင်းတွေဆီ သွားပြီး ညီမလေးတို့အတွက် အလုပ်အကိုင်ရနိုင်မယ့် လမ်းစရှိမလား စုံစမ်းကြည့်ဦးမယ်"
ယခုအချိန်တွင် သူသည် နောက်ထပ် စကားတစ်လုံးမျှပင် ထပ်မံ၍ မပြောလိုတော့ပေ။
အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေရ၏..
ယွမ်ဟောက်ဖုန်းသည် ဒေါသကို မြိုသိပ်ကာ အလျင်အမြန်ပင် ထွက်ခွါသွားလေသည်။
ကျန်ရှိနေသူများမှာ ဂရုဏာသက်ဟန်ဖြင့် ဝိုင်းဝန်းပြောလိုက်ကြ၏။
"ဟောက်ဖုန်းက လူကောင်းလေးပါ၊ ဒါပေမဲ့ သူက အမြဲတမ်း ပူပန်နေတတ်တာ။ ကျောက်ရုံနဲ့ သူ့ယောင်္ကျားတောင် မဖြေရှင်းနိုင်တဲ့ကိစ္စကို အလုပ်သက်တမ်း နှစ်အနည်းငယ်ပဲ ရှိသေးတဲ့ သူက ဘယ်လိုလုပ် အဆက်အသွယ်တွေ အများကြီးရှိပြီး ဖြေရှင်းနိုင်မှာလဲ"
"သူက စိတ်ထားကောင်းတဲ့သူပဲ၊ သူ့ညီမလေးတွေအပေါ် တကယ်ကို စေတနာထားတာ"
"ဟောက်ဖုန်းက အမြဲတမ်း လူကောင်းလေးပါပဲအေ"
အားလုံးမှာ ယွမ်ဟောက်ဖုန်းအပေါ် အမြင်ကောင်းရှိကြသည်။
စင်စစ် အိမ်ရာဝင်းအတွင်းရှိ စရိုက်အမျိုးမျိုးရှိကြသော အခြားလူငယ်များနှင့် နှိုင်းစာလျှင် ယွမ်ဟောက်ဖုန်းမှာ လူကြီးစကားနားထောင်သူ၊ ဘဝကို စနစ်တကျ နေထိုင်သူနှင့် စကားပြောချိုသာသူဖြစ်သဖြင့် အမြဲတစေ လူချစ်လူခင် ပေါများလှ၏။
ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်
လိုက်သည်။
"သူက ညီမဖြစ်သူကို အလုပ်ပေးပြီး ကျေးလက်ဆင်းဖို့ စဉ်းစားထားတာကိုး၊ ဒါကြောင့်လည်း ရည်းစားမရှာသေးတာ ဖြစ်မှာပေါ့။ သူက အခုလောလောဆယ် အဖော်ရှာဖို့ မလောတာကတော့ အမှန်ပဲ။ တကယ်လို့ ရည်းစားရပြီးမှ ကျေးလက်ဆင်းသွားရရင် ဘယ်လိုလုပ်မလဲ"
"အို... သူက အဲဒီလောက်အထိတော့ မိုက်မဲမှာ မဟုတ်ပါဘူးအေ"
လင်စန်းရှင်း အာမေဍိတ်သံဖြင့် ဆိုလိုက်၏။
အားလုံး သူမကို လှည့်ကြည့်လိုက်ကြသည်။
လင်စန်းရှင်းသည် ခေတ္တမျှ အနေရခက်သွားပြီးနောက် ဖာထေးပြောဆိုလိုက်၏။
"ဒါမျိုးတော့ လုပ်လို့မရဘူးလေ။ ငါ မမကျောက်ကို သွားပြောရမယ်။ ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပဲ။ သူမမှာ သားတစ်ယောက်ပဲ ရှိတာလေ။ သမီးဖြစ်သူက စည်းစိမ်ခံနေပြီး သားကို ဒုက္ခခံခိုင်းလို့ ဘယ်ဖြစ်မလဲ။ သမီးဆိုတာ ညားပြီးရင် အိမ်က ဖိတ်စင်သွားတဲ့ ရေလိုပဲ၊ တခြားမိသားစုဝင် ဖြစ်သွားမှာ။ သူမသာ သားရဲ့ အရေးပါမှုကို နားမလည်ဘူးဆိုရင်တော့ ငါကတော့ သူမကို အထင်သေးမိမှာပဲ"
ချန်ချင်းယွီ: "..."
'အစ်မကြီး... အစ်မကြီးကိုယ်တိုင်လည်း အမျိုးသမီးတစ်ယောက် မဟုတ်ဘူးလား'
'ကျွန်မလည်း အစ်မကြီးကို အထင်သေးမိပါတယ်..'
‘အံ့ဩလို့ မဆုံးပါဘူး အစ်မကြီးရယ်..’
၅၈။ သံသယ
ချန်ချင်းယွီသည် တစ်အိမ်ရာဝင်းလုံး ခြုံငုံပြုလုပ်သည့် အထွေထွေအစည်းအဝေးမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးချေ။
အချို့သော အိမ်ရာဝင်းများတွင်မူ ထိုသို့သော အစည်းအဝေးများကို မကြာခဏ ကျင်းပလေ့ရှိသည်ဟု သူမ ကြားဖူးသည်။ သို့သော် သူတို့၏ အိမ်ရာဝင်းမှာမူ ထိုသို့မဟုတ်ပေ။ ရပ်ကွက်ကော်မတီမှ အသိပေးချက်များ သို့မဟုတ် နှစ်ချုပ်အစီရင်ခံစာများ ရှိသည့်အခါမှလွဲ၍ အားလုံးမှာ ငြိမ်သက်အေးချမ်းစွာ နေထိုင်တတ်ကြသဖြင့် အထွေထွေအစည်းအဝေး ကျင်းပရန် မလိုအပ်ခဲ့ပေ။
ယခုတစ်ကြိမ် အထွေထွေအစည်းအဝေးမှာမူ အိမ်ရာဝင်းတာဝန်ခံဖြစ်သူ မာကျန့်ယီ စတင်ခြင်းမဟုတ်ဘဲ ရွှီကောင်းမင်မှ စတင်ခဲ့ခြင်းဖြစ်၏။ သို့သော် မာကျန့်ယီသည်လည်း နှုတ်ဆိတ်ကာ သဘောတူခွင့်ပြုပေးခဲ့သည်။
သူ ငြင်းဆန်၍ မရနိုင်သောကြောင့်ပင်။
ယခင်နေ့မှ ဖြစ်ရပ်မှာ တစ်ရပ်ကွက်လုံးကို ဟိုးဟိုးကျော်အောင် လှုပ်ခတ်သွားစေခဲ့သဖြင့် ယနေ့တွင် လူတိုင်းအား ရှင်းလင်းချက်တစ်ခု ပေးရန် လိုအပ်နေပြီဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် အထွေထွေအစည်းအဝေး ကျင်းပရန်မှာ မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်လာ၏။ ဤအစည်းအဝေးကို ဒုတိယမြောက် ဝင်းအတွင်း၌ ကျင်းပခဲ့သည်။ ရွှီကောင်းမင်သည် ထိုင်ခုံတစ်ခုကို မလာကာ သူ၏ အိမ်ရှေ့တွင် ထိုင်နေ၏။ အမှန်အတိုင်း ပြောရလျှင် သူသည် အတော်ပင် စိတ်လှုပ်ရှားနေမိသည်။ အကြောင်းမှာ သူသည် ဤအိမ်ရာဝင်း၏ အာဏာကို သိမ်းပိုက်ရန် ကြံစည်နေခဲ့သည်မှာ ကြာလှပြီ ဖြစ်သောကြောင့် အိမ်ရာဝင်းအတွင်းရှိ လူအားလုံး ရောက်ရှိလာသည်ကို မြင်သောအခါ သူ၏ အာဏာသိမ်းမှု အောင်မြင်သွားပြီဟုပင် ခေတ္တခဏ ယောင်မှားသွားမိလေသည်။
သို့သော် ထိုသာယာသော အတွေးမှာ ခဏတာမျှသာ ခံလိုက်၏။ မကြာမီတွင်ပင် မာကျန့်ယီ ရောက်ရှိလာလေသည်။
လူအများမှာ မာကျန့်ယီကို ပိုမိုယုံကြည်ကြသည်မှာ ထင်ရှားလှ၏။ သူသည် အေးအေးဆေးဆေး ဖြန်ဖြေတတ်သူ ဖြစ်သော်လည်း ပြဿနာများကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းပေးနိုင်စွမ်း ရှိသည်။ တခြားသူသာဆိုလျှင် ဤမျှ ပြဿနာရှာတတ်သူများပြည့်နှက်နေသည့် အိမ်ရာဝင်းကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
သူတို့အိမ်ရာဝင်းအတွက် မာကျန့်ယီကဲ့သို့သော ပုဂ္ဂိုလ်မျိုး အမှန်တကယ် လိုအပ်လှပေသည်။
"ဦးလေးမာ... ရောက်လာပြီပဲ၊ ဦးလေးမရှိရင် ကျွန်တော်တို့က စိတ်မအေးရဘူးဗျ"
"ဟုတ်ပါတယ် ဦးလေးမာ၊ ဒီမှာ ထိုင်ပါဦး"
"အစည်းအဝေး စလို့ရပြီလား၊ ဦးလေးမာလည်း ရောက်နေပြီဆိုတော့"
မာကျန့်ယီသည် အိမ်ရာဝင်းတာဝန်ခံအလုပ်ကို စိတ်ကုန်နေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ယခုကဲ့သို့ လူအများ၏ အားကိုးတကြီး ဆက်ဆံမှုကို ခံရသောအခါ အတော်အတန် ကျေနပ်မိသွား၏။လူအများ၏ ယုံကြည်အားကိုးမှုကို မည်သူ မလိုလားဘဲ နေမည်နည်း။
‘ဒါက လူတိုင်းက သူ့ကို ထောက်ခံနေကြတယ်ဆိုတာ ပြနေတာပဲ မဟုတ်ဘူးလား’
မာကျန့်ယီ အသာအယာ ပြုံးလိုက်ရင်း "အားလုံး စုံကြပြီလား" ဟု မေးမြန်းလိုက်သည်။
လူတိုင်း တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြ၏။ ဤအိမ်ရာဝင်းမှာ ဝင်းခြံငါးခုဖြင့် ဖွဲ့စည်းထားသော အိမ်ရာဝင်းကြီး ဖြစ်သဖြင့် လူဦးရေမှာလည်း အတော်ပင် များပြားလှသည်။ သူတို့သည် ဝေ့ဝဲကြည့်ရှုကာ ခေါင်းညိတ်လိုက်ကြပြီး ပြန်လည် ဖြေကြားလိုက်၏။
"လာသင့်တဲ့လူတွေတော့ အကုန်နီးပါး စုံနေပါပြီ"
အစည်းအဝေးကို ဒုတိယမြောက်ဝင်းအတွင်း၌ ကျင်းပခြင်းဖြစ်သဖြင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ပြတင်းပေါက်တွင် ကပ်၍ ကြည့်နေကြသည်။ အပြင်ဘက်တွင် လူအုပ်ကြီးမှာ ပြည့်နှက်နေပြီး ရှေ့ဝင်းနှင့် အလယ်ဝင်းတို့တွင်ပါ လူများ တိုးဝှေ့ရပ်နေကြရသဖြင့် မတ်တပ်ရပ်ရန် နေရာပင် မရှိတော့ချေ။
ချန်ချင်းယွီ အပြင်သို့ တိုးမထွက်တော့ဘဲ အိမ်ရှေ့ခန်းအတွင်း၌သာ ရပ်နေလိုက်၏။ လူအုပ်ကြားထဲ တိုးဝင်ရန် နေရာ လုံးဝမရှိပေ။
"အားလုံးစုံပြီဆိုရင်တော့ အစည်းအဝေး စလိုက်ကြရအောင်။ အဘိုးကြီးယွမ်... ခင်ဗျား မှတ်တမ်းတင်ပေးပါ"
မာကျန့်ယီမှာ လူအ မဟုတ်ပေ။ နောင်တွင် အငြင်းပွားဖွယ်ရာများ မဖြစ်ပေါ်စေရန် အစည်းအဝေးတိုင်းတွင် မှတ်တမ်းတင်လေ့ရှိသည်။ ထိုတာဝန်ကို ဘွဲ့ရပညာတတ်တစ်ဦးဖြစ်သည့် ယွမ်ဟောက်မင်မှာ အမြဲတမ်း တာဝန်ယူလေ့ရှိပြီး သူကိုယ်တိုင်သည်လည်း ဝမ်းမြောက်ဝမ်းသာ ဆောင်ရွက်ပေးတတ်၏။
ဤသို့သော အလုပ်မျိုးမှာ ပညာတတ်တစ်ဦးသာ လုပ်ဆောင်နိုင်ပြီး တခြားသူများ မလုပ်ဆောင်နိုင်သည့် အရာတစ်ခုဟု သူ ယူဆထားသောကြောင့်ပင်။
"ဒီနေ့ အစည်းအဝေးရဲ့ အဓိကအကြောင်းအရာကတော့ မနေ့က ဖြစ်ပွားခဲ့တဲ့ အစာအဆိပ်သင့်မှုကိစ္စပဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း မနေ့က ထမင်းစားပွဲမှာ ပြဿနာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ရွှီမိသားစု ဝယ်လာတဲ့ အသားနှပ်ချက်မှာ ပြဿနာရှိနေတဲ့အတွက် လူတိုင်း အစာအဆိပ်သင့်ခဲ့ကြရတယ်၊ တချို့ဆို ဆေးရုံတက်ပြီး ပုလင်းတောင် ချိတ်ခဲ့ရတယ်၊ ဒါက အတော်လေးကို ဆိုးရွားတဲ့ သက်ရောက်မှုပါပဲ။ အဘိုးကြီးရွှီကလည်း လူတိုင်းကို ရှင်းလင်းချက်ပေးချင်တယ်လို့ ပြောထားတယ်။ အခု လူစုံတုန်းမှာ ခင်ဗျား ဘယ်လိုပြောချင်သလဲ"
ရွှီကောင်းမင်၏ ရင်ထဲ၌ ခါးသီးလှပေသည်။ မနေ့ည၌ တခြားမိသားစုများ စောစောစီးစီး အိပ်စက်အနားယူခဲ့ကြသော်လည်း သူ၏ မိသားစုမှာမူ တစ်မှေးမျှပင် မအိပ်ခဲ့ရချေ။ တွေးမိလေလေ ပို၍ ဒေါသထွက်မိလေလေပင်။
သို့သော် မည်မျှပင် ဒေါသထွက်နေပါစေ၊ ပြဿနာကိုမူ ဖြေရှင်းရမည်သာ ဖြစ်၏။
သူ ခါးသီးစွာ ပြုံးလိုက်ပြီး ဖြေရှင်းပြောဆိုလိုက်သည်။
"ဒီတစ်ခါတော့ ကျွန်တော့်မိသားစုရဲ့ အမှားဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောပါရစေ။ အသားမှာ ပြဿနာရှိနေတယ်ဆိုတာကို ကျွန်တော် တကယ်ကို မသိခဲ့ပါဘူး။ စဉ်းစားကြည့်ကြပါဦး... ပြဿနာရှိမှန်း သိနေရင် ကျွန်တော်က ဒီလိုတွေ ဖြစ်အောင် လုပ်ပါ့မလား"
မည်သို့ပင်ဖြစ်စေ သူ လုံးဝဝန်ခံ၍ မဖြစ်ပေ။ ဝန်ခံလိုက်လျှင် ကိစ္စ၏ သဘောသဘာဝမှာ ပြောင်းလဲသွားပေလိမ့်မည်။ ကံကောင်းသည်မှာ သူ၏ မိသားစုကိုယ်တိုင်လည်း ထိုအသားကို စားခဲ့ကြသဖြင့် သူ၏ အပြစ်ကင်းစင်မှုကို အနည်းဆုံးတော့ သက်သေပြနိုင်ခဲ့သည်။
အဘွားကြီးဟွမ်မှာ လက်မလျှော့ဘဲ ငေါ့ပြောလိုက်၏။
"အသားကို ဈေးထက်ဝက်နဲ့ ဝယ်ခဲ့တာလေ၊ အဲဒါကိုတောင် မသိဘူးလို့ ပြောနေတာလား။ ကျွန်မတို့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား"
‘ဟွန်း... ဒါက တကယ့်ကို သင်္ချိုင်းမှာ သတင်းစာ မီးရှို့ပြနေသလို (လိမ်လည်လှည့်ဖြားနေသလို) အောက်တန်းကျလွန်းလှတယ်’
ရွှီကောင်းမင်သည် တစ်ညလုံး အမျိုးမျိုးသော အရေးပေါ်အစီအစဉ်များကို ကြိုတင်စဉ်းစားထားသူဖြစ်သည်။ ထို့ကြောင့် သူသည် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ တိုက်ရိုက်ပင် ရှင်းလင်းချက်ပေးလေ၏။
"ဈေးသက်သာနေတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ကျွန်တော့်မိသားစုက အဲဒီနေရာမှာ အသားဝယ်လာတာ ဆယ်နှစ်ကျော်ပြီလေ။ ကျွန်တော်တို့က ဖောက်သည်ဟောင်းတွေမို့လို့ အထူးဈေးနဲ့ ပေးတယ်လို့ပဲ ထင်ခဲ့တာ။ နောက်ပြီး နှစ်ပေါင်းများစွာ ဝယ်လာတာ ဘာပြဿနာမှ မရှိခဲ့ဘူးလေ။ ဒီတစ်ခါကျမှ ဒီလိုအလိမ်ခံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ကျွန်တော့်မြေးလေးတွေလည်း ဒါကို စားခဲ့တာပဲ။ ကျွန်တော့်မှာ မကောင်းတဲ့စိတ်သာ ရှိရင် သူတို့ကို တားမှာပေါ့ မဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ အားလုံး လက်ခံသလိုရှိသော်လည်း တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ဝေဖန်နေကြသည်။
သူပြောသည်မှာ မှန်သော်လည်း လူများ ဒုက္ခရောက်ခဲ့ရသည်မှာလည်း အမှန်ပင်ဖြစ်၏။
"ဦးလေးရွှီ... အခု ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ပြောပါဦး။ ဦးလေး တမင်လုပ်တာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ယုံပါတယ်။ ဒါပေမဲ့ ဘာမှမဖြစ်သလိုတော့ ဟန်ဆောင်လို့ မရဘူးလေ"
"ဟုတ်တယ်.. ကျွန်မဆို နေမကောင်းဖြစ်လွန်းလို့ သွေးအန်တော့မတတ်ပဲ။ ဒါကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ကြတော့မှာလား"
"တစ်ခုခုစားမိပြီး နေမကောင်းဖြစ်ရတာက တကယ့်ကို အားအင်ကုန်ခမ်းစေတာပဲ၊ ဘယ်လိုမှ မခံစားနိုင်ဘူး"
အားလုံး ဝိုင်းဝန်းပြောဆိုကြလေသည်။
ရွှီကောင်းမင် စိတ်ထဲမှ ကျိန်ဆဲနေမိပြီး ဤလူများမှာ အလွန်အတ္တကြီးသည်ဟု ခံစားနေရ၏။ သူ၏ ဧည့်ခံကျွေးမွေးမှု၌ အကျိုးအမြတ်များစွာ ရရှိခဲ့ကြပြီးမှ ယခုအခါ ကျေးဇူးကို ရန်တုံ့မူကာ သူ့ကို အဆက်မပြတ် ဖိအားပေးနေကြသဖြင့် လူစိတ်မရှိသူများဟု တွေးနေမိသည်။
သူ အတင်းအကျပ် ပြုံးလိုက်ရင်း
"ဒါက တမင်လုပ်တာမဟုတ်ပေမဲ့ လူတိုင်းကို ဒုက္ခပေးခဲ့မိတာမို့ ဘာမှမဖြစ်သလိုတော့ မနေပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ သိတဲ့အတိုင်း ဒီပွဲအတွက် ကျွန်တော်တို့ အများကြီး အကုန်အကျခံထားရတော့ ငွေကြေးက နည်းနည်း ကျပ်တည်းနေတယ်။ ဘယ်လောက်ပဲ ကျပ်တည်း ကျပ်တည်း ကျွန်တော် တတ်နိုင်သလောက်တော့ လုပ်ပေးပါ့မယ်။ မိသားစုတစ်စုကို စည်သွပ်ဗူး တစ်ဗူးစီ လျော်ကြေးပေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ နည်းတယ်ဆိုပေမဲ့ ဒါဟာ ကျွန်တော့်မိသားစုရဲ့ စေတနာပါ..."
"ရှင်... ကျွန်မတို့မှာ ဘယ်က ပိုက်ဆံရှိလို့လဲ။ မိသားစုတိုင်းကို စည်သွပ်ဗူး တစ်ဗူးစီ ပေးဖို့က ဘယ်လောက်တောင် ကုန်မှာလဲ။ ကြက်သွန်မြိတ် တစ်စည်းစီ ဝယ်ပေးလိုက်ရင် ရတာပဲ၊ အဲဒါလည်း ဟင်းတစ်ခွက်ပဲလေ..."
ရှီကျန့်ရှန်း လွှတ်ခနဲ ပြောချလိုက်သည်။
အစောပိုင်းတွင် လူတိုင်းမှာ ရွှီကောင်းမင်သည် စည်သွပ်ဗူးတစ်ဗူးတည်းဖြင့် ကပ်စေးနှဲနေသည်ဟု ထင်ခဲ့ကြသော်လည်း ရှီကျန့်ရှန်း၏ မကျေမနပ်ဖြစ်မှုကို မြင်သောအခါ စည်သွပ်ဗူးသည် အဆင်ပြေလှပြီဟု ချက်ချင်း ပြောင်းလဲတွေးတောမိသွားကြသည်။ သူတို့သည် အလျင်အမြန်ပင် ပြောလိုက်ကြ၏။
"အဒေါ်ကြီးရှီ... ဒါက အမျိုးသားတွေရဲ့ ကိစ္စလေ။ ဦးလေးရွှီက တာဝန်ယူထားတာပဲ၊ အဒေါ်တို့ အမျိုးသမီးတွေ ဝင်မပူပါနဲ့"
"ဟုတ်ပ၊ ဘယ်သူက ကြက်သွန်မြိတ်ကို လိုချင်မှာလဲ"
ကြက်သွန်မြိတ်မှာ ယခုရာသီတွင် အပေါဆုံးနှင့် အသက်သာဆုံး ဟင်းသီးဟင်းရွက်ဖြစ်ပြီး စည်သွပ်ဗူးနှင့် နှိုင်းယှဉ်လျှင် တန်ဖိုးမှာ အလွန်ကွာခြားလှ၏။
ရှီကျန့်ရှန်း : "ကျွန်မတို့မှာ အခုတလော အသုံးစရိတ်တွေက အရမ်းများနေတာ၊ လက်ထဲမှာလည်း ပိုက်ဆံက တကယ်ကို ပြတ်နေတာပါ။ ကြက်သွန်မြိတ်က ကောင်းပါတယ်၊ ကျွန်မယောက်ျားက..."
ရွှီကောင်းမင် : "ဘာမှ ထပ်မပြောနဲ့တော့၊ ဆုံးဖြတ်ပြီးပြီ.. ပိုက်ဆံမလောက်ရင် ငါ့ဘာသာနည်းလမ်းရှာမယ်။ ငါ့ရဲ့ သားကြီးနဲ့ သားလတ်ဆီကနေလည်း အနည်းအကျဉ်းတော့ ရှာကြံလို့ရမှာပါ။ အဲဒါကို မပူနဲ့တော့။ အားလုံးပဲ စိတ်မပူကြပါနဲ့၊ ကျွန်တော် စည်သွပ်ဗူးပေးမယ်လို့ ပြောပြီးမှတော့ စည်သွပ်ဗူးပဲ ပေးပါ့မယ်။"
"ဦးလေးရွှီကတော့ တကယ်ကို ရက်ရောတာပဲ။"
"ဦးလေးရွှီက တာဝန်ယူတတ်တဲ့သူမှန်း ကျွန်တော် သိသားပဲ။"
"ဦးလေးရွှီ..."
ရှီကျန့်ရှန်းမှာမူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျနေကာ အတော်ပင် စိတ်မသက်မသာ ဖြစ်နေရှာသည်။
အမျိုးသမီးအချို့မှာ တိုးတိုးတိတ်တိတ် ဝိုင်းအတင်းပြောနေကြ၏။
"အဘွားကြီးရှီကတော့ တကယ်ကို ကပ်စေးနှဲတာပဲ။ ငါတို့ကို ဒီလောက်ဒုက္ခပေးထားပြီးတော့ ကြက်သွန်မြိတ်တစ်စည်းနဲ့ ပြီးချင်နေတာလား။ ငါတို့ကို သူတောင်းစားများ မှတ်နေလား မသိဘူး။"
"အေးလေ၊ ဘယ်သူက မဟုတ်ဘူးလို့ ပြောလဲ။"
"ဒေါ်လေးရှီက ဦးလေးရွှီလောက် စိတ်သဘောထား မကြီးပါဘူး..."
သူတို့ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသော်လည်း ချန်ချင်းယွီ၏ အိမ်နှင့် မဝေးလှသဖြင့် သူမ အားလုံးကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ရွှီကောင်းမင်၏ ပါးနပ်မှုကို သူမ မချီးကျူးဘဲ မနေနိုင်တော့ချေ။ ဤကဲ့သို့ မိမိဇနီးကို နင်းခြေကာ ကိစ္စရပ်တစ်ခုကို အေးအေးချမ်းချမ်း ပြီးဆုံးအောင် လုပ်ဆောင်သွားသည့် 'ဇာတ်တူသားစား' ပြကွက်မှာ တကယ်ကို ဆန်းကြယ်လှ၏။
သူမသည် ထိုကဲ့သို့သော အမျိုးသားမျိုးကို အမှန်တကယ်ပင် ရွံရှာမိသည်။
သို့သော်လည်း သူတို့၏ အကွက်ချလုပ်ရပ်ကြောင့် ကိစ္စမှာ ပြေလည်သွားသည်မှာ အမှန်ပင်။
အဘွားကြီးကျောက် တစ်ယောက် သူတို့ကို အဘယ်ကြောင့် မယှဉ်နိုင်သလဲဆိုသည်မှာ မဆန်းတော့ပေ။ ရွှီကောင်းမင်သည် ကိစ္စတစ်ခု ပြေလည်စေရန် မိမိဇနီးကိုပင် အသုံးချနိုင်သူဖြစ်ရာ မည်သည်ကိုမဆို လုပ်ဝံ့မည်သာ။
ရွှီကောင်းမင် : "ဒီတစ်ခါတော့ ကျွန်တော့်မိသားစုရဲ့ အမှားဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်က ကျွန်တော်တို့အားလုံးအတွက် သင်ခန်းစာတစ်ခု ဖြစ်သင့်တယ်။ နောင်ကျရင် ဈေးပေါတာတစ်ခုတည်းကိုပဲ မကြည့်ကြနဲ့တော့။ ကျွန်တော်ကိုယ်တိုင်လည်း ဈေးပေါတာလေးကို လောဘတက်မိလို့ အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရပြီ။"
သူသည် မိမိကိုယ်ကိုယ် နစ်နာသူတစ်ဦးအဖြစ် ဟန်ဆောင်ကောင်းကောင်းဖြင့် ပြောဆိုလိုက်ရာ လူတိုင်း ချက်ချင်းပင် ထောက်ခံကြ၏။
"ဦးလေးရွှီ ပြောတာ တကယ်မှန်ပါတယ်ဗျာ။"
"ဟုတ်ပါတယ် ဦးလေးရွှီ..."
ချန်ချင်းယွီသည် အခြေအနေများကို ကြည့်ရင်း စိတ်ပျက်သွားမိသည်။ စိတ်လှုပ်ရှားစရာကောင်းမည့် အစည်းအဝေးဟု ထင်ထားခဲ့သော်လည်း အလွန်ပင် ရိုးရိုးရှင်းရှင်းနှင့် အေးအေးဆေးဆေး ပြီးဆုံးသွားခဲ့၏။ အခြားအိမ်ရာဝင်းများရှိ အစည်းအဝေးများတွင်မူ တစ်ယောက်တစ်ပေါက် သဘောမတူညီမှုများဖြင့် အလွန်ပင် ဆူညံပွက်လောရိုက်နေတတ်သည်ဟု သူမ ကြားဖူးသည်။
သူတို့၏ အိမ်ရာဝင်းမှာ ဤမျှပင် တည်ငြိမ်နေပါသလော့။
ချန်ချင်းယွီသည် ပုခုံးတစ်ချက်တွန့်ကာ အိမ်ထဲသို့ ဝင်လာခဲ့စဉ် မှန်ပြတင်း၌ ကပ်၍ စိတ်အားထက်သန်စွာ ကြည့်နေဆဲဖြစ်သော ကလေးနှစ်ဦးကို တွေ့လိုက်ရ၏။
အစည်းအဝေးမှာမူ အေးအေးဆေးဆေးပင် ပြီးဆုံးသွားခဲ့သည်။ သို့သော် မိမိတို့အိမ်ရာဝင်းအတွင်းရှိ လူများသည် ပုံမှန်အချိန်၌ ဆူညံတတ်ကြသော်လည်း ဤကဲ့သို့သော တရားဝင်အစည်းအဝေးမျိုးတွင်မူ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်ကြသည်ကို ချန်ချင်းယွီ သတိပြုမိလိုက်၏။
"ချွေးမရေ..."
လူအုပ်ကြားထဲမှ တိုးဝှေ့ကာ အဘွားကြီးကျောက် ပြန်ရောက်လာသည်။
"ဘာဖြစ်လို့လဲ အမေ"
ချန်ချင်းယွီ မေးလိုက်ရာ အဘွားကြီးကျောက် ဝမ်းသာအားရ ပြောလိုက်၏။
"အစည်းအဝေးမီအောင် အပြေးအလွှား ပြန်လာရတာနဲ့ အရေးကြီးတဲ့ကိစ္စတစ်ခု မေ့နေလို့။ ငါ ကြက်ရောင်းမယ့်သူကို ရှာတွေ့ခဲ့ပြီ"
"အို... ဟုတ်လား၊ ဒါဆိုရင်တော့ သိပ်ကောင်းတာပဲ"
ချန်ချင်းယွီ ဝမ်းသာအားရ ဆိုလိုက်သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်လည်း အနားသို့ ခုန်ပေါက်ရောက်ရှိလာကာ စိတ်ဝင်တစား နားထောင်ရန် ပြင်လိုက်ကြ၏။
ကြက်မွေးခြင်းသည် ကြက်ဥရခြင်း၊ ကြက်ဥရှိခြင်းသည် ကြက်ဥစားသုံး၍ခြင်းဟု သူတို့လေးများ နားလည်ထားကြသည်။
ကလေးငယ်တို့၏ အတွေးမှာ ရိုးရှင်းလှပေသည်။
ကြက်ဥစားရတော့မည်ကို တွေးမိကာ ကလေးနှစ်ယောက်မှာ ပျော်ရွှင်လွန်းသဖြင့် သွားရည်ပင် ကျလုနီးပါး ဖြစ်နေကြရှာ၏။
"ငါတို့ ထမင်းစားဆောင်က အဘွားကြီးစွန်းရဲ့ အမျိုးတွေက အဲဒီကြက်တွေကို မွေးထားတာ။ အရင်က သူတို့က မြေစိုက်အိမ်မှာနေပြီး ကြက်နှစ်ကောင် မွေးထားတာလေ။ အခုတော့ သူတို့သားက အိမ်ခွဲနေပြီဆိုတော့ အဘွားကြီးစွန်းက သူ့သားနဲ့ လိုက်နေတော့မလို့တဲ့။ တိုက်ခန်းမှာ ကြက်မွေးဖို့က အဆင်မပြေဘူးလေ၊ အဲဒါကြောင့် ရောင်းပစ်ဖို့ ကြံနေတာ။ အဘွားကြီးစွန်းက ငါလည်း ကြက်မွေးချင်နေမှန်းသိတော့ လိုချင်လားလို့ လာမေးတာ။ သူကတော့ ကြက်တွေက တကယ်ကို ကျန်းမာပြီး ကောင်းတယ်လို့ အာမခံတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီကြက်တွေက ဥ ဥနေပြီဆိုတော့ ဈေးကတော့ မနည်းဘူး”
"ဝယ်မှာပါ၊ ဘယ်လောက်ပဲဖြစ်ဖြစ် ဝယ်မယ်"
"အေးလေ၊ နင်သဘောပဲ။ ဒါနဲ့ ငါတို့ ဘယ်လိုမွေးကြမလဲ"
ကြက်ခြံဆောက်ရန်မှာမူ မဖြစ်နိုင်သည့်ကိစ္စဖြစ်ကြောင်း အော့ကြောလန် အဘွားကျောက်ပင် သိထားသည်။
"ကြက်လှောင်အိမ်ပဲ လုပ်ကြရအောင်။ ကြက်ခြံလောက် အဆင်မပြေပေမဲ့ ဒါပဲ ကျွန်မတို့ တတ်နိုင်တဲ့ နည်းလမ်းရှိတာကိုး"
"အေးပါ"
ယင်းမှာ တစ်ခုတည်းသော ရွေးချယ်စရာပင် ဖြစ်၏။
"ဒါကို ဒေါ်လေးမေ့ကိုပဲ အကူအညီတောင်းလိုက်မယ်။ သူတို့မိသားစုဆိုရင် ဒါမျိုးလုပ်တတ်မှာပါ။ အရင်တစ်ခါက သူတို့လုပ်ပေးတဲ့ ကောက်ရိုးဦးထုပ်တွေဆိုရင် တကယ်ကို ကောင်းတာ"
အဒေါ်ကြီးမေ့တို့ မိသားစုနှင့် လဲလှယ်ရခြင်းကို ချန်ချင်းယွီ သဘောကျ၏။ အဘယ်ကြောင့်ဆိုသော် သူတို့မိသားစုမှာ တစ်ခုခုလုပ်ပေးမည်ဆိုလျှင် အပြစ်ပြောစရာမရှိအောင် စေ့စပ်သေချာစွာ လုပ်ပေးတတ်သောကြောင့် ဖြစ်သည်။ ငါးမျှားတံဖြစ်စေ၊ ကောက်ရိုးဦးထုပ်ဖြစ်စေ လဲလှယ်မှုတစ်ခုစီတိုင်း၌ စိတ်ပျက်အောင် လုံးဝမလုပ်တတ်ကြချေ။
ထို့ကြောင့် ချန်ချင်းယွီ သူတို့ကိုပင် အကူအညီတောင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"အေး... အဲဒါဆို နင်ပဲ သွားပြောလိုက်တော့။ ကြက်လှောင်အိမ်ရတာနဲ့ ငါ ကြက်သွားယူလိုက်မယ်"
"ကောင်းပြီ"
ချန်ချင်းယွီ သဘောတူလိုက်၏။
"ဒါနဲ့... ဒီနေ့ ငါးတစ်ကောင်မှ မရဘူးလား"
"ရပါတယ်၊ ဒါပေမဲ့ ပုစွန်နဲ့ လဲလိုက်တယ်။ ဒီညပဲ ကျွန်မတို့ စားကြမယ်"
ပင်လယ်စာဆိုသည်မှာ လတ်လတ်ဆတ်ဆတ် စားနိုင်လေ ပိုကောင်းလေ ဖြစ်သဖြင့် ယခုစားလိုက်ခြင်းမှာ အကောင်းဆုံးပင်။
အဘွားကြီးကျောက် မကျေမနပ်ဟန်ဖြင့် နှုတ်ခမ်းမဲ့ကာ မေးလိုက်လေသည်။
"ဂဏန်းပေါက်လေး နှစ်ကောင်လည်း ကျန်သေးတယ် မဟုတ်လား။ အသားလည်း မရှိဘဲနဲ့ အဲဒါကို ဘယ်လိုစားမှာလဲ"
"အမေကလည်း မသိရင် မသိသလိုနေလေ. လျှာရှည်လိုက်တာ.. ကျွန်မက ဂဏန်းလေးတွေကို သန့်စင်အောင် ဆေးကြော၊ အခွံခွာပြီး ဆန်ပြုတ်ချက်မှာ။ တကယ့်ကို အရသာရှိမယ်ဆိုတာ အာမခံတယ်"
အဘွားကြီးကျောက် ချန်ချင်းယွီကို စူးစိုက်ကြည့်ကာ မေးမိ၏။
"နင် အရင်က ဒါမျိုး ချက်ဖူးလို့လား"
ချန်ချင်းယွီတစ်ယောက် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
"မချက်ဖူးဘူး၊ ဒါပေမဲ့ စားဖူးတယ်။ စိတ်ချပါ... ဘာပြဿနာမှ မရှိဘူး"
"ငါ့အထင်ကတော့..."
"အမေ့အထင်ကို ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မအထင်ကိုပဲ ကျွန်မ ဂရုစိုက်တယ်.."
ချန်ချင်းယွီ လွှတ်ခနဲ ပြောလိုက်၏။
'ဟော... အဟမ်း.. ဒီနာမည်ကြီးစကားစုက တကယ်ကို သုံးလို့ကောင်းတာပဲ၊ နာမည်ကြီးတာလည်း မဆန်းပါဘူး'
"ကဲပါ... ကဲပါ... ကျွန်မပြောသလိုပဲ လုပ်လိုက်စမ်းပါ"
ချန်ချင်းယွီ ထပ်လောင်းဆိုလိုက်သည်။
အဘွားကြီးကျောက်- "..."
'တောက်.. တကယ့်ကို ဆိုးဝါးလိုက်တဲ့ ချွေးမ..'
ယနေ့ ပြုလုပ်သော တစ်အိမ်ရာဝင်းလုံး အစည်းအဝေးမှာ အတော်ပင် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ အချို့မှာ ဝင်းအတွင်း၌ပင် စုဝေးစကားပြောနေကြဆဲ ဖြစ်သော်လည်း အချို့မှာမူ ထမင်းဟင်းချက်ပြုတ်ရန် အိမ်ပြန်သွားကြပြီဖြစ်၏။ ချန်ချင်းယွီတို့ မိသားစုမှာမူ ဟင်းချက်ရန် အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။
"ဒီနေ့ တို့စားတဲ့ ပုစွန်ခွံတွေနဲ့ ဂဏန်းခွံတွေကို လွှင့်မပစ်နဲ့နော်။ အဲဒါတွေကို အမှုန့်ကြိတ်ပြီး ကြက်စာအဖြစ် ကျွေးမယ်။"
အဘွားကြီးကျောက်- "..."
"ပင်လယ်ကမ်းခြေမှာ လွှတ်ကျောင်းထားတဲ့ ကြက်တွေက ရွှေရောင်အနှစ်ပါတဲ့ ကြက်ဥတွေ ဥတတ်တယ်တဲ့။ ဒါတွေကျွေးရင်လည်း အဲဒီလို အကျိုးကျေးဇူး ရနိုင်တာပဲ။"
အဘွားကြီးကျောက်- "..."
‘ညည်းသာအသိဆုံး ညည်းသာ အတတ်ဆုံး ဟုတ်ပြီလား..’
‘ညည်းက တက်ကျမ်းကြီးပါအေ’
သို့သော် အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီ၏ စကားမှာ မှန်ကန်လှပေသည်။ ဤဂဏန်းပေါက်လေးများမှာ ကြည့်လိုက်လျှင် ဘာမှမဟုတ်သော်လည်း ဆန်ပြုတ်ထဲ ထည့်ချက်လိုက်သောအခါ ဆန်ပြုတ်၏ အရသာကို အထူးပင် ကောင်းမွန်စေ၏။ ချန်ချင်းယွီသည် အနံ့အရသာအတွက် ကြက်သွန်မြိတ်နှင့် နံနံပင်တို့ကိုပါ ဆန်ပြုတ်ထဲတွင် ဖြူးပေးလိုက်သေးသည်။ သူမသည် ယခင်၌ ဤဟင်းကို မချက်ဖူးသော်လည်း မိမိဘာသာ တီထွင်
ဖန်တီးထားခြင်း ဖြစ်၏။
‘ဘာပဲဖြစ်ဖြစ် အရသာရှိလျှင် ပြီးတာပါပဲ’
သူတို့အိမ်မှ ထွက်ပေါ်လာသော ဟင်းနံ့ကြောင့် တခြားသူများမှာ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အိမ်ပြန်ကာ ထမင်းအမြန်ချက်ကြရတော့သည်။ ယခုအခါ အားလုံးမှာ ထမင်းစားနေကြပြီ ဖြစ်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ ဝက်ကလေးနှစ်ကောင်ပမာ သူတို့၏ ပန်းကန်လုံးများကို ပိုက်ကာ ခေါင်းပင်မဖော်ဘဲ ဆန်ပြုတ်ကို သောက်နေကြသည်။
"နင်သိလား... တကယ်ကို အရသာရှိတာပဲ.. တကယ့်ကို ကောင်းတယ်အေ။"
ချန်ချင်းယွီသည် ဂုဏ်ယူစွာဖြင့် မျက်ခုံးပင့်လိုက်သ၏။
‘ဟွန့်.. သူမလက်ရာပဲဟာကို..ထွေထွေထူးထူး ပြောနေစရာ လိုသေးလို့လား..’
"ရှောင်ကျားနဲ့ ရှောင်ယွမ်... မေမေက ပုစွန်ခွာပေးမယ်။ မေမေ ဘယ်လိုခွာသလဲဆိုတာ ကြည့်ထားကြ၊ နောက်ကျရင် သားတို့ဘာသာ ခွာစားရမယ်နော်။"
"ဟုတ်ကဲ့ပါ~"
အမှန်စင်စစ် လတ်ဆတ်သော ပင်လယ်စာများမှာ ဟင်းခတ်အမွှေးအကြိုင် အမြောက်အမြား မလိုဘဲ ၎င်း၏ မူလလတ်ဆတ်မှုဖြင့်တင် အလွန်အရသာရှိလှပေသည်။
သူတို့မိသားစု မြိန်ရည်ယှက်ရည် စားသောက်နေချိန်တွင် အစ်မကြီးဖန်မှာမူ အိမ်၌ ပွစိပွစိ လုပ်နေလေသ၏။
"တကယ်ပဲ... အမြဲတမ်း ဟိုဟာချက် ဒီဟာချက်နဲ့ တစ်ဝင်းလုံး ငါးညှီနံ့တွေ နံနေတာပဲ။ အဲဒီလိုလုပ်ပြတော့ သူတို့ကပဲ ငါးဖမ်းတတ်တယ်လို့ ထင်နေလားမသိဘူး။ ရှီရှန်း... ရှင်လည်း အိမ်မှာ အားနေတာပဲ၊ ဘာလို့ ငါးသွားမဖမ်းတာလဲ။ ရှင်က မိန်းမတစ်ယောက်လောက်တော့ မညံ့ပါဘူး မဟုတ်လား။"
သူမသည် တကယ်တမ်း အလွန်ပင် မနာလိုဖြစ်နေခြင်း ဖြစ်သည်။ ငါးဖမ်းတတ်သူမှာ သူမ၏ ခင်ပွန်းသာ ဖြစ်စေချင်မိ၏။ ရှီရှန်းမှာမူ သူမ၏ ခိုင်းစေချက်များကို အေးဆေးစွာဖြင့် လျစ်လျူရှုထားပြီး သူ ဖြည်းညှင်းစွာ ဆိုလိုက်၏။
"လူတိုင်းက ငါးဖမ်းတတ်တာ မဟုတ်ဘူးဟ။ လူတိုင်းသာ ဖမ်းတတ်ရင် ဒေါ်လေးမေ့တို့၊ ရှီကျန့်ရှန်းတို့၊ ပိုင်ဖုန်းရှန်းတို့ ဘာလို့ တစ်ကောင်မှ မရကြတာလဲ။ ကျန့်ဝမ်မိန်းမလည်း အမြဲတမ်း အများကြီး ရတာမဟုတ်ပါဘူး၊ ဒီနေ့ဆို ပုစွန်လေး နည်းနည်းပဲ ရတာလေ။ ငါတော့ မြစ်ကမ်းနားမှာ တစ်နေကုန် အချိန်မဖြုန်းနိုင်ဘူး။"
"ရှင်က ပျင်းလို့ပါ၊ ရှင်က..."
"မြန်မြန် ထမင်းချက်စမ်းပါ။ ဘယ်ယောက်ျားက ကြိုးစားနေလို့လဲ၊ ဒီလောကမှာ အလုပ်ကြိုးစားတဲ့ ယောက်ျားဆိုတာ မရှိဘူး။"
သူ အစ်မကြီးဖန်ကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်၏။
"တခြားယောက်ျားတွေက ကောင်းချင်ကောင်းလိမ့်မယ်၊ ဒါပေမဲ့ သူတို့က နင့်ကို လာအကူအညီပေးမှာမဟုတ်ဘူးလေ။"
အစ်မကြီးဖန် ဒေါသတကြီးဖြင့်
"ရှင် ဘာတွေပြောနေတာလဲ၊ ရှင်က..."
"မရန်ဖြစ်ကြနဲ့တော့၊ နားငြီးစရာကြီး။"
ရှီရှောင်ဝေ တံခါးကို ဝုန်းခနဲ ပိတ်ကာ အပြင်သို့ အော်ဟစ်ထွက်သွားလေသည်။
"ကဲ... ထမင်းအမြန်ချက်တော့"
ရှီရှန်း ခိုင်းစေလိုက်၏။
"ရှောင်ဝေ... သူ ဒီနေ့ ရဲစခန်းသွားတာ ဘာဖြစ်တာလဲဟင်"
အစ်မကြီးဖန် သားဖြစ်သူအတွက် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ရဲအရာရှိက သူ့ကို မကောင်းတဲ့အရာတွေ ထပ်မကြည့်ဖို့ပဲ ပြောလိုက်တာပါ။ လူငယ်ဆိုတာ လူငယ်ပီပီ တက်ကြွလန်းဆန်းပြီး ရိုးရိုးသားသား အလုပ်တွေကိုပဲ လုပ်သင့်တာပေါ့။"
အစ်မကြီးဖန် သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ရှီရှန်း သူမကို ခပ်စောင်းစောင်း ကြည့်ကာအပြစ်တင်လိုက်၏။
"ငါသာ အခြေအနေကို အကဲခတ်မမြန်ခဲ့ရင် ဘယ်လောက်တောင် ဒုက္ခရောက်ကုန်ကြမလဲ မသိဘူး။ မင်းက အမေပဲ၊ နောက်ဆိုရင် သူ့ကို သေသေချာချာ စောင့်ကြည့်ဦး။ ကလေးက အရွယ်ရောက်လာပြီဆိုတော့ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိလာမှာပဲ။ မင်း သူ့ကို ပိုပြီး ဂရုစိုက်ဖို့ လိုတယ်"
"ကျွန်မက မသိဘဲ နေမလား။ ရှင်ကတော့ ဖခင်ဖြစ်ပြီး ကျွန်မ သူ့အတွက် ဘယ်လောက်တောင် ပူပန်နေရသလဲဆိုတာ သိမှာမဟုတ်ဘူး"
"သူက မင်းလို အမေနဲ့ ပိုရင်းနှီးတာ မဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ အစ်မကြီးဖန်မှာ ဝမ်းသာသွားပြီး
"ဒါပေါ့... ကျွန်မသားပဲ၊ ကျွန်မနဲ့ပဲ ပိုရင်းနှီးတာပေါ့။ တခြားလူတွေဆို မနာလိုဖြစ်လွန်းလို့ သေတော့မတက်ပဲ။ လင်စန်းရှင်းကို ကြည့်ဦး၊ သူဆို အရမ်းမနာလိုဖြစ်နေတာ။ အပြင်ပန်းမှာတော့ ပျော့ညံ့နေသလိုလိုနဲ့ တကယ့်ကို လူလည်မကြီးပါ။ သူဆို မနာလိုစိတ်တွေ၊ အငြိုးအတေးတွေနဲ့ ရူးတောင်သွားမလားပဲ။ ဟင်း"
သူမ၌ သားနှစ်ယောက် ရှိခြင်းမှာ ဤအိမ်ရာဝင်းအတွင်း ဂုဏ်ယူစရာတစ်ခု ဖြစ်ပေသည်။
ရှီရှန်းသည် အစ်မကြီးဖန်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမျှမပြောတော့ပေ။
ချန်ချင်းယွီတို့ မိသားစု အရသာရှိလှသော အစားအစာများကို စားသောက်နေချိန် အစ်မကြီးဖန်တို့ မိသားစုသာမက ဒုတိယဝင်းအတွင်းရှိ အခြားမိသားစုများမှာလည်း အလွန်ပင် အားကျနေကြပြီး အိမ်၌ ပွစိပွစိ ပြောဆိုနေကြ၏။ ရွှီကောင်းမင်၏ မိသားစုမှာမူ...
ရွှီကောင်းမင်သည် အုတ်ခုတင် ပေါ်တွင် မျက်နှာပျက်ပျက်ဖြင့် လှဲလျောင်းနေသည်။
အခုတလော... အခုတလောမှာ..
အခုတလော သူ အလွန်ပင် ကံဆိုးနေ၏..
‘ဒါတွေက ဘယ်အချိန်ကတည်းက စတင်ခဲ့တာပါလိမ့်’
သူသည် အုတ်ခုတင်ပေါ်တွင် လှဲလျောင်းရင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်သုံးသပ်နေစဉ် ရှီကျန့်ရှန်းခုတင်ခြေရင်း၌ နံရံကိုမှီကာ ထိုင်နေလေသည်။
"ရှင်... အခုတလော ကျွန်မတို့ စုထားဆောင်းထားတာတွေကို ထုတ်သုံးနေရပြီ၊ ဒါမျိုးတော့ မဖြစ်သင့်ဘူး"
ရှီကျန့်ရှန်းမှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်နေရှာ၏။ သူတို့မိသားစုမှာ ဤကဲ့သို့ ဆုံးရှုံးမှုမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သို့သော် မကြာသေးမီမှ စတင်၍ အဆက်မပြတ် ဆုံးရှုံးနစ်နာနေရသဖြင့် သူမအတွက် အလွန်ပင် ဝမ်းနည်းစရာ ကောင်းနေသည်။
ရွှီကောင်းမင် သူမ၏ စကားကို မတုံ့ပြန်ဘဲ မေးချင်ရာကိုသာ မေးလိုက်မိ၏။
"မိန်းမရေ... တို့တွေ ကံဆိုးတာက ဘယ်တုန်းက စခဲ့တာလဲ"
"ဟင်... ဘာဖြစ်လို့လဲ"
“ငါတို့မိသားစုက အခုတလော တကယ်ကို ကံဆိုးနေတာ၊ ဒါက ဘယ်အချိန်က စခဲ့တာလဲလို့"
ရှီကျန့်ရှန်း ပြန်ဖြေလိုက်သည်။
"ရှင့်ခြေထောက် ကျိုးတဲ့အချိန်က စတာပေါ့.. အို... လူတစ်ယောက်က အနင်းခံရရုံနဲ့ အရိုးကျိုးသွားတာ ကျွန်မတစ်သက်မှာ ဒါ ပထမဆုံး မြင်ဖူးတာပဲ။ အဲဒါ ကံဆိုးတာ မဟုတ်လို့ ဘာလဲ"
ရှီကျန့်ရှန်းသည်လည်း သူတို့မိသားစု အခုတလော အလွန်ပင် ကံဆိုးနေပြီး အရာရာ လွဲချော်နေသည်ဟု ခံစားနေရသည်။
ဒုက္ခရောက်ရရုံသာမက ငွေကြေးများစွာလည်း ကုန်ကျခဲ့ရပြီး အကြိမ်ကြိမ် လျော်ကြေးပေးနေရသည် မဟုတ်လော့။
‘မုန်းဖို့ကောင်းတဲ့ ကျောက်တာ့ရာရှိသေးတယ်.. ဒီအဘွားကြီး အမြဲတမ်း သူတို့မိသားစုကို မလွှတ်တမ်း ဆုပ်ကိုင်ထားပြီး ဒုက္ခပေးနေတော့တာပဲ။ ဒါကြောင့်လည်း သူတို့မိသားစု ဆုံးရှုံးမှုရတာတွေ မနည်းခဲ့ဘူး။ အခုလည်း ထမင်းကျွေးရရုံတင်မက လျော်ကြေးပါ ပေးရဦးမယ်ဆိုတော့ တကယ့်ကို သေချင်တော့တာပါပဲ..’
"အဘိုးကြီး... ဒီတစ်ခါ ကျောက်တာ့ရာက ဝမ်းမလျှောဘူးလေ၊ အဲဒီတော့ သူတို့အိမ်ကို စည်သွပ်ဗူး ပေးဖို့ လိုသေးလို့လား"
သူမ မေးလိုက်သောအခါ ရွှီကောင်းမင် အံကြိတ်လျက် ပြောလိုက်၏။
"ပေးလိုက်ပါ.."
ထို့နောက် ဆက်လက်၍ ဆိုလိုက်ပြန်သည်။
"တစ်အိမ်နှစ်အိမ်လောက်ကို ချန်ထားခဲ့ရင် မကောင်းဘူး။ နောက်ပြီး ကျောက်တာ့ရာက ပြဿနာရှာတတ်တဲ့သူလေ၊ အဲဒီအချိန်ကျရင် သူက အော်ဟစ်ဆူပူနေဦးမယ်၊ ငါတို့မိသားစုပဲ အရှက်ကွဲရမှာ။ စည်သွပ်ဗူး တစ်ဗူးနှစ်ဗူးနဲ့တော့ အပြောမခံနိုင်ပါဘူးကွာ"
ရှီကျန့်ရှန်း ဒေါသတကြီးဖြင့် "တကယ့်ကို ကံဆိုးမိုးမှောင်ကျတာပဲ.." ဟု ရေရွတ်လိုက်မိ၏။
"ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာအတွက် ဒီပိုက်ဆံကို သုံးရမှာပဲ။ နာမည်ကောင်းရှိမှ နောက်ပိုင်း ဘာပဲလုပ်လုပ် ငါတို့အတွက် အကျိုးရှိမှာ။ ငါတို့ရဲ့ ဂုဏ်သတင်းကို အပျက်မခံနိုင်ဘူး"
ရွှီကောင်းမင် ဆိုလေသည်။
ရွှီကောင်းမင်သည် အလွန်အမင်း ဂုဏ်သိက္ခာကို အလေးထားသူဖြစ်ပြီး လူတကာအမြင်တွင် မျက်နှာပန်းလှလိုသူ ဖြစ်၏။
ထို့ပြင် နာမည်ကောင်းရှိထားလျှင် အခြားသူကို လှည့်ဖြားစဥ်းလဲသည့်တိုင် ဘေးပတ်ဝန်းကျင်မှာ ကာကွယ်ပေးမည့်သူများ ရှိတတ်သည်ကို သူ ကောင်းစွာ နားလည်ထားသည်။
ရုတ်တရက် သူသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ရှီကျန့်ရှန်း၏ လက်ကို အတင်းဆုပ်ကိုင်လိုက်ရာ ရှီကျန့်ရှန်းမှာ လန့်အော်လိုက်မိ၏။
"အို... ဘာဖြစ်တာလဲ ရှင်"
"ကျောက်တာ့ရာ... ကျောက်တာ့ရာ.."
ရှီကျန့်ရှန်း- "......"
'ဒါ ဘာဖြစ်တာလဲ။ အောက်လမ်းနဲ့များ တွေ့နေတာလား'
"အမလေး... အဘိုးကြီးရဲ့၊ ရှင် ဘာဖြစ်နေတာလဲ၊ ကျွန်မကို ခြောက်မနေပါနဲ့ဦး၊ ဘာဖြစ်တာလဲဆိုတာ ပြောပါဦး"
"ကျောက်တာ့ရာပဲ... ဟုတ်တယ်၊ လင်းကျန့်ဝမ်... ဟုတ်တယ်၊ ဟုတ်တယ်.."
သူသည် လေးနက်တည်ကြည်သွားပြီး အခိုင်အမာပင် ပြောလိုက်လေသည်။
"တို့မိသားစု ကံဆိုးနေတာ လင်းကျန့်ဝမ် သေပြီးကတည်းကပဲ"
သူ့မိသားစုမှာ ယခုလတ်တလော အလွန်ပင် ကံဆိုးနေပြီး ဘာတစ်ခုမျှ အဆင်မပြေချေ။ ယခင် ဤသို့မဟုတ်ခဲ့ဘဲ မည်သည့်အချိန်မှ စတင်ခဲ့သနည်းဟု ပြန်စဉ်းစားကြည့်ရာ လင်းကျန့်ဝမ် ကွယ်လွန်ပြီးနောက်မှသာ ဖြစ်ပွါးခဲ့ခြင်းပင်။ ရှီကျန့်ရှန်းလည်း ပြန်စဉ်းစားကြည့်ရာ အမှန်ပင် ထိုသို့တွေးမိသွား၏။
လင်းကျန့်ဝမ် မြေမြှုပ်ပြီး သုံးရက်မြောက်နေ့တွင် သူ၏ခင်ပွန်း ခြေထောက်ကျိုးခဲ့ပြီး ယနေ့တိုင် ကောင်းကောင်း လမ်းမလျှောက်နိုင်သေးချေ။ ထိုကြားထဲတွင်လည်း ပြဿနာပေါင်းစုံ ကြုံခဲ့ရသည်။
"အဘိုးကြီး... ရှင်ပြောတာ မှန်သားပဲ။ ဒါဆို ရှင့်အဆိုအရ ဟိုအဘွားကြီး ကျောက်တာ့ရာက ကျွန်မတို့မိသားစုကို တစ်ခုခု ပြုစားထားတာလား"
ရွှီကောင်းမင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး အတန်ကြာမှ ဆိုလိုက်မိ၏။
"ငါတို့မိသားစုတင် ကံဆိုးတာမဟုတ်ဘူး၊ ကျန်းမိသားစုလည်း ကံဆိုးနေတာပဲ။ ဘယ်လိုလုပ်ပြီး အဲဒီမိသားစုနဲ့ ရန်ငြိုးရှိတဲ့သူတွေချည်းပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေရတာလဲ"
သူ တွက်ချက်ကြည့်ရာ ကျန်းမိသားစု၏ ကံဆိုးမှုမှာလည်း သူတို့ထက် မနည်းလှပေ။
ကျန်းရှင်းဖှသည် ဟိုမုဆိုးမလေးကို အမြဲတမ်း စောင့်ကြည့်နေတတ်သည်ကို သူ သိထား၏။ ထိုလူမှာလည်း အကြောင်းရင်းမရှိဘဲ အရိုက်ခံခဲ့ရသေးသည်။
"ကျန်းရှင်းဖှ အရိုက်ခံရတာက ဒေါ်လေးကျောက်တို့ ယောက္ခမနဲ့ ချွေးမ လက်ချက်များလား"
ရှီကျန့်ရှန်းက အချက်ကျကျ မေးလိုက်သည်။
တကယ်တမ်းတွင်လည်း သူမ ခန့်မှန်းသည်မှာ မှန်ကန်လှပေသည်။
သို့သော် ရွှီကောင်းမင် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်၏။
"မဟုတ်နိုင်ဘူး.."
သူက မျက်မှောင်ကြုတ်လျက်
"ဒါက မဖြစ်နိုင်ဘူး။ အမျိုးသမီး နှစ်ယောက်တည်းနဲ့ ကျန်းရှင်းဖှလို ယောကျ်ားကြီးတစ်ယောက်ကို ဘယ်လိုမှ မနိုင်နိုင်ဘူး။ နောက်ပြီး ငါမှတ်မိသလောက် အဲဒီနေ့က ဒေါ်လေးကျောက် အိမ်မှာ ရှိနေတာ။ ကျန်းရှင်းဖှ ပြဿနာတက်တော့ သူတောင် အပြင်ထွက်ကြည့်သေးတယ်လေ။ မင်းလည်း ပြန်စဉ်းစားကြည့်ဦး၊ ငါ မှတ်မိတာ မှားသလားလို့"
ရှီကျန့်ရှန်း အသေအချာ ပြန်စဉ်းစားကြည့်ပြီး ထောက်ခံလိုက်သည်။
"ဟုတ်တယ်၊ သူတို့ မဟုတ်ဘူး။ အဲဒီနေ့က သူက အိမ်ထဲမှာ ချွေးမကို ဆူနေတာလေ။ အပြင်က သတင်းလာပေးတော့မှ သူ အိမ်ထဲက ထွက်လာတာ၊ ကျွန်မနဲ့တောင် ရှေ့ဆင့်နောက်ဆင့်ပဲ"
"ဒါဆိုရင်တော့ သူတို့ မဟုတ်တော့ဘူး"
ရှီကျန့်ရှန်းမှာ မဟုတ်ဘူးဟု ပြောပြီးနောက် မျက်နှာပျက်သွားကာ ဗလုံးဗထွေးဖြင့်
"အဘိုး... အဘိုးကြီး.. ရှင် မှတ်မိသေးလား၊ ကျန်းရှင်းဖှ ပြောတာလေ... သူပြောတာ... သရဲခြောက်တာ တဲ့"
"ဘာသရဲခြောက်တာလဲ၊ အယူသီးတဲ့ စကားတွေ လျှောက်မပြောနဲ့"
"ဘယ်က အယူသီးတာလဲ၊ ကျန်းရှင်းဖှ ကိုယ်တိုင် မြင်ခဲ့တာလေ.. လင်စန်းရှင်းလည်း မြင်တယ်၊ အဘွားကြီး ဝမ်လည်း မြင်တယ်.. သူတို့အားလုံး သရဲခြောက်တယ်လို့ ပြောကြတာပဲ"
ရှီကျန့်ရှန်း စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ရေရွတ်လေ၏။
"သူတို့အားလုံး ပြောနေကြတာဆိုတော့ တကယ်လည်း ဖြစ်နိုင်တာပဲ။ ရှင် စဉ်းစားကြည့်ဦး၊ ဒါ လင်းကျန့်ဝမ်ရဲ့ ဝိညာဉ်များလား.. ချန်ချင်းယွီကလည်း အရူးလိုပဲ လင်းကျန့်ဝမ်အကြောင်းကို ပါးစပ်ကမချ တတွတ်တွတ် ပြောနေတာဆိုတော့ လင်းကျန့်ဝမ်က လူ့ပြည်ကို မခွာနိုင်ဘဲ ရှိနေတာလား။ ဟုတ်တယ်... သူက မုဆိုးမနဲ့ မိဘမဲ့သားသမီးတွေကို စိတ်မချလို့များလား။ မဟုတ်ရင် ဘာလို့ ဒီလိုတွေ ဖြစ်နေရမှာလဲ။ ကြည့်ဦးလေ... အခုတလော ကံဆိုးတဲ့သူတွေက အဲဒီမိသားစုနဲ့ မတည့်တဲ့သူတွေချည်းပဲ မဟုတ်လား။ ကျောက်တာ့ရာနဲ့ ချန်ချင်းယွီတို့ မိန်းမသား နှစ်ယောက်တည်းက ဘာလုပ်နိုင်မှာလဲ။ သေချာတယ်... သရဲရှိနေတာ၊ သရဲရှိနေတာပဲ.."
ရှီကျန့်ရှန်းမှာ ပြောရင်းဖြင့် ပိုမိုကြောက်လန့်လာကာ ရွှီကောင်းမင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတော့သည်။
"မင်း... မင်း... လျှောက်မပြောနဲ့ဦး၊ ဘယ်မှာ သရဲရှိမှာလဲ။ သူများတွေ ကြားသွားရင် ငါတို့တွေ အယူသီးမှုကို ပြန့်ပွားအောင် လုပ်တယ်ဆိုပြီး အပြောခံရလိမ့်မယ်"
"ဒါပေမဲ့... ဒါပေမဲ့ ရှင့်ဘာသာ ပြန်စဉ်းစားကြည့်ဦးလေ.."
ရှီကျန့်ရှန်းမှာ တွေးမိလေလေ ပို၍ ကြောက်လာလေလေ ဖြစ်လာ၏။
"လူဆိုတာ ဘယ်လိုလုပ်ပြီး သရဲကို ယှဉ်နိုင်မှာလဲ။ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲဟင်"
သူမ တုန်တုန်ရင်ရင်ဖြင့် မေးမိ၏။
ရွှီကောင်းမင်၏ ရင်ထဲ၌လည်း ထိတ်လန့်နေမိသည်မှာ အမှန်ပင်။ ဤကိစ္စများကို ပြန်လည်သုံးသပ်ကြည့်လေလေ ပို၍ ထူးဆန်းနေလေလေ ဖြစ်နေ၍ ပိုထိတ်လန့်နေမိလေသည်။ သို့သော် သူသည် အိမ်ထောင်ဦးစီး ယောကျ်ားတစ်ယောက်ဖြစ်သဖြင့် အားတင်းထားရမည် ဖြစ်၏။
"ကဲ... တော်တော့၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ တကယ်လို့ သရဲခြောက်တာသာ မှန်ရင် တခြားလူတွေကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ။ အရင်က သူတို့အလုပ်ရုံမှာ လင်းကျန့်ဝမ်ကို နှိပ်ကွပ်ခဲ့တဲ့သူတွေ မနည်းဘူးလေ"
ရှီကျန့်ရှန်း- "ကျွန်မ..."
"သူတို့တောင် ဘာမှမဖြစ်တာ၊ တို့လည်း ဘာမှမဖြစ်ပါဘူး။ ကိုယ့်ဘာသာကိုယ် တွေးပြီး ကြောက်မနေနဲ့၊ ဘာမှမဖြစ်ဘူး.."
ရှီကျန့်ရှန်း- "ကျွန်မ..."
"တို့တွေ အများကြီး တွေးမိသွားတာနေမှာပါ။ အဲဒီလောက်အထိ မလိုပါဘူး။ အနားယူတော့။"
ရှီကျန့်ရှန်း- "ကျွန်မ..."
"တော်ပြီ.. ငါပြောတာနားထောင်၊ မနက်ဖြန် ငါ စက်ရုံသွားရင် သူတို့ ဂဟေဆော်တဲ့ အလုပ်ရုံက အကြောင်းတွေကို စုံစမ်းကြည့်ဦးမယ်။ ပြီးမှ ပြန်တိုင်ပင်ကြတာပေါ့။"
ရှီကျန့်ရှန်းမှာ နောက်ဆုံးတွင် စကားပြောခွင့်ရသွားပြီး ဆိုလိုက်မိ၏။
"ကျွန်မ အိမ်သာသွားချင်လို့"
သူမ တစ်ချိန်လုံး ပြောချင်နေသည်မှာ အိမ်သာသွားချင်သည်ဟူသော အကြောင်းပင်....
ရွှီကောင်းမင်- "..."
သူ ဒေါသတကြီးဖြင့် ငေါက်ငမ်းလိုက်မိလေသည်။
"သွားချင်ရင်လည်း သွားပေါ့၊ ငါ့ကို လာပြောနေတာ ဘာလုပ်ဖို့လဲ"
"ဒါပေမဲ့ ကျွန်မ ကြောက်လို့ပါ။ ရှင် ကျွန်မနဲ့ အတူတူ လိုက်ခဲ့ပေးပါဦး။"
သရဲခြောက်နိုင်သည်ဟု တွေးမိလိုက်သည်နှင့် သူမမှာ အလွန်အမင်း ကြောက်လန့်သွားပြီး တစ်ကိုယ်လုံးပင် တုန်ရင်နေမိ၏။
ရွှီကောင်းမင် : "မင်းကလည်း ကိစ္စက များလိုက်တာ။ ခုမှ မှောင်ကာစ ရှိသေးတာ ဘာကြောက်စရာ ရှိလို့လဲ။ သရဲခြောက်တယ်ဆိုဦးတော့... သရဲက ဒီလောက်စောစော ထွက်တာ မင်း ဘယ်မှာ မြင်ဖူးလို့လဲ"
ရှီကျန့်ရှန်း : "အဲဒါက ဘယ်ပြောလို့ ရမလဲ။ အဘိုးကြီးရဲ့... ကျွန်မနဲ့ လိုက်ခဲ့ပါ၊ ကြောက်လို့ပါ၊ တကယ် ကြောက်လို့ပါ"
ရွှီကောင်းမင် : "ငါ့ကို လာအနှောင့်အယှက် မပေးနဲ့စမ်း။ ဒီနေ့ တစ်နေကုန် အလုပ်လုပ်ထားရတာ မောလှပြီ၊ မင်းဘာသာမင်း သွား"
ရွှီကောင်းမင် လုံးဝ မလှုပ်ရှားသည်ကို မြင်သောအခါ ရှီကျန့်ရှန်းမှာ မဝံ့မရဲဖြင့် ထရပ်လိုက်ပြီး ညည်းတွားပြောဆိုလိုက်၏။
"ဒါဆိုရင်တော့ ကျွန်မ လက်နှိပ်ဓာတ်မီး ယူသွားရမှာပဲ"
ရွှီကောင်းမင် ဂရုမစိုက်တော့ပေ။ ရှီကျန့်ရှန်းသည် ဗိုက်ကိုနှိပ်ကာ ထွက်လာခဲ့သည်။ ဗိုက်ထဲ၌ အနည်းငယ် မအီမသာ ဖြစ်နေဆဲဖြစ်သဖြင့် အိမ်ထဲ၌ ဆီးအိုးကို မသုံးလိုခြင်း ဖြစ်၏။ သူမသည် ဆေးရုံသွားပြီး ဆေးထိုးရန်လည်း နှမြောသဖြင့် ဆေးရုံလည်း မသွားခဲ့ပေ။ ဗိုက်ကိုပွတ်ရင်း တစ်ယောက်တည်း အပြင်သို့ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ချန်ချင်းယွီသည်လည်း ကလေးများကို အိမ်သာလိုက်ပို့ရန် ထွက်လာခဲ့၏။
ဤအိမ်ရာဝင်းအတွင်းရှိ မိသားစုတိုင်းမှာ ဆီးအိုးများကို သုံးစွဲကြသော်လည်း ချန်ချင်းယွီမှာ ကလေးများ မအိပ်မီ အပြင်အိမ်သာသို့ လိုက်ပို့လေ့ရှိသည်။ ရာသီဥတု နွေးလာပြီဖြစ်သဖြင့် အိမ်ထဲ၌ အနံ့အသက်မကောင်း ဖြစ်မည်ကို သူမ မလိုလားပေ။
ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို လက်ဆွဲကာ လျှောက်လာစဉ် ရှီကျန့်ရှန်းကို ရှေ့မှ မြင်လိုက်ရ၏။ သူမသည် တစ်ယောက်တည်း ဖြစ်သော်လည်း ပုခုံးကလေးများ တွန့်ကာ ဂဏာမငြိမ်ဖြင့် တတွတ်တွတ် ရေရွတ်နေလေသည်။
"လင်းကျန့်ဝမ်ရေ... မင်း သရဲခြောက်မယ်ဆိုရင် ငါတို့ဆီ မလာပါနဲ့၊ ငါ့ဆီ မလာပါနဲ့၊ ငါ မင်းကို ဘာမှမလုပ်ခဲ့ပါဘူး။ အထက်က နတ်မင်းတွေ ကယ်ကြပါ... ဘေးရန်ကင်းပါစေ..."
ချန်ချင်းယွီ- "..."
‘ဟဲ့ သောက်ကျိုးနည်း’
သူမ အားလုံးကို အတိုင်းသား ကြားလိုက်ရသည်။
ရှီကျန့်ရှန်း : "ငါတို့က မင်းရဲ့ မိန်းမနဲ့ ကလေးတွေကိုလည်း မနှိပ်စက်ခဲ့ပါဘူး၊ ငါ့ဆီ မလာပါနဲ့။ ချဲယုံဖုန်းတို့ဆီပဲ သွားပါ၊ သူတို့က အရင်က မင်းကို အမြဲအနိုင်ကျင့်ခဲ့တာလေ၊ သူတို့ဆီပဲ သွားပါ၊ ငါတို့နဲ့ မဆိုင်ဘူး..."
ချဲယုံဖုန်းဆိုသည်မှာ လင်းကျန့်ဝမ်တို့ အလုပ်ရုံမှ အလုပ်ရုံမှူး ဖြစ်ကြောင်း ချန်ချင်းယွီ မှတ်မိလိုက်၏။
"လီတာ့ရှန်းဆီကို သွားပါ၊ သူက မင်းရဲ့ ဆရာဖြစ်ပြီးတော့ မင်းကို ကောင်းကောင်းမသင်ပေးဘဲ အဆင့်စစ်ဆေးပွဲတွေမှာလည်း မင်းကို နှိပ်ကွပ်ထားတဲ့သူလေ။ သူတို့ဆီပဲ သွားပါ၊ တို့မိသားစုနဲ့တော့ ဘာမှမပတ်သက်ပါဘူး..."
ချန်ချင်းယွီမှာ မျက်ခုံးပင့်လိုက်မိသည်။
ရှီကျန့်ရှန်း၏ အသံမှာ မကျယ်သော်လည်း ညဘက် ငြိမ်သက်နေချိန်တွင် တတွတ်တွတ် ပြောနေသည်များကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။
ကြည့်ရသည်မှာ ရှီကျန့်ရှန်း သိထားသည်များမှာ မနည်းလှပေ။
သို့သော်လည်း ရွှီကောင်းမင်မှာ အဆင့် (၈) ကျွမ်းကျင်လုပ်သားတစ်ဦး ဖြစ်သဖြင့် အလုပ်သမားများကြားတွင် ဩဇာရှိသူဖြစ်ပြီး လူချစ်လူခင်လည်း ပေါများ၍ သတင်းစုံ သိထားမည်မှာ မဆန်းပေ။ သူ သိထားလျှင် ဇနီးဖြစ်သူ ရှီကျန့်ရှန်း မသိဘဲ မနေနိုင်ပေ။
ချန်ချင်းယွီ၏ မျက်ဝန်းများ ဝေ့ဝဲသွားသည်။ အမှန်စင်စစ် မကြာသေးမီက သူမသည် လင်းကျန့်ဝမ် ကိစ္စများကို အမြဲ စဉ်းစားနေခဲ့၏။
‘လူကကွယ်လွန်သွားပြီဆိုတိုင်း သူခံစားခဲ့ရတဲ့ မတရားမှုတွေကို ဒီအတိုင်း ထားလိုက်ရတယ်မယ်ပေါ့ စဉ်းတောင်မစဉ်းစားနဲ့ အတုံ့အလှည့်ဆိုတာ အလကားစကားမဟုတ်ဘူး..’
ယခု သူမသည် ချန်ချင်းယွီ ဖြစ်နေပြီဖြစ်၍ လင်းကျန့်ဝမ်အတွက် ကလဲ့စားချေပေးရန်မှာ သူမ၏ တာဝန်ပင် ဖြစ်သည်။ သူမသည် တစ်နေကုန် လင်းကျန့်ဝမ်အမည်ကို တတွတ်တွတ်ရွတ်ကာ သူ့ကို ဒိုင်းသဖွယ် အသုံးချနေသည်ဖြစ်၍ သူ့အတွက် သိက္ခာပြန်ဆယ်ပေးခြင်းမှာ ပြုလုပ်သင့်သည့် အရာပင်။
မည်သို့လုပ်ရမည်ကို သူမ အသေအချာ မစဉ်းစားရသေးသော်လည်း ရှီကျန့်ရှန်း၏ စကားများသည် သူမကို နည်းလမ်းတစ်ခု ပေးလိုက်၏။
၎င်းမှာ သရဲခြောက်သလို ဟန်ဆောင်ခြင်းပင်....
‘လူများကို ခြောက်လှန့်ပြီး တစ်ခုခု ထွက်လာမလား စမ်းကြည့်မည်....’
ထွက်မလာလျှင်ပင် ထိုလူများကို ဒုက္ခရောက်အောင် ခြောက်လှန့်ရခြင်းမှာလည်း မဆိုးလှပေ။
ချန်ချင်းယွီ ဆုံးဖြတ်ချက်ချပြီးချိန်တွင် ရှီကျန့်ရှန်း၏ တတွတ်တွတ် ရေရွတ်သံကို ထပ်ကြားလိုက်ရပြန်သည်။
"လင်းကျန့်ဝမ်ရေ... မင်း တစ်ခုခု လုပ်ချင်ရင် ကျန်းရှင်းဖှဆီ သွားပါ၊ သူက တစ်နေကုန် မင်းမိန်းမကိုပဲ ငမ်းနေတာ၊ စိတ်ရင်းမကောင်းတဲ့လူ။ သူ့ဆီပဲ သွားပါ။ ငါ့ဆီတော့ မလာပါနဲ့၊ ငါက မိန်းမသားတစ်ယောက်ပါ၊ ဘာနဲ့မှ မပတ်သက်ပါဘူး။ ဒါမှမဟုတ် ယွမ်ဟောက်ဖုန်းဆီ သွားပါ၊ ငါမြင်တယ်... သူလည်း မင်းမိန်းမကို ခဏခဏ ကြည့်နေတာ။ သူတို့က မရိုးသားကြတဲ့သူတွေ၊ မင်း အစိမ်းရောင် ဦးထုပ် မဆောင်းချင်ရင် (ဖောက်ပြန်တာ မခံချင်ရင်) သူတို့ကိုပဲ သွားရှာပါ၊ ငါ့ဆီတော့ လုံးဝ မလာပါနဲ့..."
ချန်ချင်းယွီသည် ရှီကျန့်ရှန်းကို အံ့သြစွာ ကြည့်နေမိသည်။ ယွမ်ဟောက်ဖုန်း မိမိကို အမြဲခိုးကြည့်နေသည်ကို ရှီကျန့်ရှန်း သတိထားမိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
‘တကယ့်ကို ရပ်ကွက် စီစီတီဗွီ ပီသပါပေတယ်..’
ဤအဒေါ်ကြီးများ မည်မျှအထိ အကဲခတ်ပါးနပ်သည်မှာ တကယ်ကို မှန်းဆရခက်လှသည်။ ထို့ကြောင့် ဘာပဲလုပ်လုပ် သတိထားရပေမည်။
"ဒေါ်လေးရှီ.."
ချန်ချင်းယွီ လှမ်းခေါ်လိုက်၏။
ရှီကျန့်ရှန်း : "အား... အမလေး.."
သူမသည် ငယ်သံပါအောင် အော်ဟစ်လိုက်သည်။
"ဒေါ်လေးကလည်း ဘာဖြစ်တာလဲ။ ဒီလောက်တောင် လန့်သွားရအောင်၊ ဘာမှမဖြစ်ပါဘူးနော်"
ရှီကျန့်ရှန်း : "နင်... နင်... နင်က ဘာလို့ ဒီမှာ ရှိနေတာလဲ"
ချန်ချင်းယွီ ဇဝေဇဝါဟန်ဖြင့် ပြန်ပြောလိုက်၏။
"ကလေးတွေကို အိမ်သာလိုက်ပို့တာလေ။ ဒေါ်လေးကို ရှေ့မှာ မြင်လို့ လှမ်းခေါ်လိုက်တာပါ။ ဘာဖြစ်လို့လဲ၊ ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ"
သူမ တမင်ပင် နောက်ပြောင်လိုက်သည်။
"ဘာကို ကြောက်နေတာလဲဟင်။ တစ်စုံတစ်ယောက်က ဒေါ်လေးကို ကလဲ့စားလာချေမှာ ကြောက်နေတာလား။ အို... ဒေါ်လေးကလည်း အများကြီး တွေးနေပြန်ပြီ။ အသားနှပ်ချက်စားပြီး အားလုံး ဝမ်းလျှောကုန်ကြပေမဲ့ ဒေါ်လေးတို့ တမင်လုပ်တာ မဟုတ်မှန်း လူတိုင်း သိကြပါတယ်။ ဒီကိစ္စအတွက်နဲ့တော့ ဘယ်သူမှ ဒေါ်လေးကို ရန်လာလုပ်မှာ မဟုတ်ပါဘူး"
ရှီကျန့်ရှန်း : "မဟုတ်ပါဘူး... ငါက ဘယ်လိုလုပ်ပြီး... အဲ... ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ အဲဒါကို နည်းနည်း စိုးရိမ်နေတာ.. ဒါပေမဲ့ ရပါပြီ၊ ဘာမှမဖြစ်တော့ဘူး ဟဲဟဲ"
‘အင်း... ချန်ချင်းယွီ ပြောသလိုပဲ လိုက်ပြောလိုက်တာက မိမိ သရဲကြောက်နေသည်ဟု ပြောရသည်ထက် ပိုအဆင်ပြေသည် မဟုတ်လား’
“ဒေါ်လေးရှီကတော့ အတွေးလွန်နေတာပဲ"
"ဟဲဟဲ... ဟဲဟဲဟဲ"
သူမသည် သရဲအကြောင်းကို မပြောလိုပေ။
သို့သော် ရှီကျန့်ရှန်းမှာ ချန်ချင်းယွီ၏ စကားကို ထောက်ခံလိုက်ခြင်းအား လင်စန်းရှင်း ကြားသွားသည်ကို မသိလိုက်ပေ။ ရှီကျန့်ရှန်း၏ အော်သံကြောင့် တံခါးနှင့် အနီးဆုံးဖြစ်သော လင်န်းရှင်းတို့ မိသားစုမှာ အတိုင်းသား ကြားလိုက်ရခြင်း ဖြစ်သည်။ သူမသည် ဘာဖြစ်သလဲဟု ထွက်ကြည့်စဉ် ချန်ချင်းယွီ၏ စကားကို ကြားလိုက်ရ၏။
ထို့နောက်တွင် ရှီကျန့်ရှန်း၏ ဝန်ခံချက်ကိုပါ ကြားလိုက်ရသည်။
လင်စန်းရှင်းက နှုတ်ခမ်းမဲ့ကာ ကျ်န်ဆဲလိုက်၏။
"လူအောက်တန်းစားတွေကတော့ လူကောင်းတွေကို ဒီလိုပဲ ထင်တတ်တာပဲ။ ငါတို့က ဝမ်းလျှောရုံနဲ့ နင့်ကို ဒီလောက်အထိ အငြိုးအတေး ထားပါ့မလား၊ နင့်ကို ခိုးပြီး တိုက်ခိုက်လိမ့်မယ်လို့ သံသယဝင်နေတာကတော့ တကယ့်ကို ရယ်စရာပဲ"
လင်စန်းရှင်းသည် ရှီကျန့်ရှန်းမှာ သူတို့၏ စိတ်ဓာတ်ကို အထင်သေးနေသည်ဟု ယူဆကာ မျက်နှာပျက်ပျက်ဖြင့် အိမ်ထဲ ပြန်ဝင်သွားတော့သည်။
ချန်ချင်းယွီတို့ အုပ်စုမှာမူ အိမ်သာသို့ အတူတကွ သွားခဲ့ကြ၏။ ယခင်နေ့တွင် လူတိုင်း ဝမ်းလျှောထားကြသဖြင့် အိမ်သာထဲတွင် အနံ့အသက်မှာ အလွန်ပင် ဆိုးဝါးလှရာ လူကို မွန်းကြပ်စေသည်။ ချန်ချင်းယွီသည် အမြန်ဝင်၊ အမြန်ထွက်ကာ ကလေးများကို ဆွဲ၍ "အမလေး... ဒီအနံ့ကတော့ တကယ်ကို မခံနိုင်ဘူး။ ဒေါ်လေးရှီ... ကျွန်မတို့ အရင်သွားပြီနော်၊ မရတော့ဘူး" ဟု ဆိုကာ ပြေးထွက်ခဲ့၏။
ရှီကျန့်ရှန်း : "နေဦး... ငါ့ကို စောင့်ဦး.."
သူမသည် အနံ့ကို မကြောက်သော်လည်း သရဲကိုတော့ ကြောက်လှပေသည်..
ရှီကျန့်ရှန်းသည် ချန်ချင်းယွီ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ချန်ချင်းယွီ မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
"ဒေါ်လေးရှီ... ဒီနေ့ ဒေါ်လေးပုံစံက တကယ့်ကို ထူးဆန်းနေတယ်နော်"
ရှီကျန့်ရှန်း- "..."
'သရဲခြောက်တဲ့အကြောင်းကို ညည်း နားမလည်ပါဘူးအေ..'
သူမသည် ရယ်ကျဲကျဲ တစ်ချက်လုပ်ကာ ဒုက္ခကင်းဝေးရာ ဒုတိယဝင်းထဲသို့ အလျင်အမြန်ပင် ပြေးဝင်သွားလေ၏။
ချန်ချင်းယွီတို့မှာ မလောကြဘဲ ရေဘုံဘိုင်မှာ လက်ဆေးပြီးမှ အိမ်ထဲဝင်ကြသည်။ အဘွားကျောက်မှာ ဆီးကြို၍ မာန်မဲလိုက်၏။
"နင်တို့ကတော့ ကိစ္စကို များတာပဲ၊ အိမ်မှာပဲ အဆင်ပြေအောင် လုပ်လိုက်ရင် ပြီးနေတာကို ဘာလို့ အပြင်ထိ သွားနေရတာလဲ"
"ရှောင်ကျားနဲ့ ရှောင်ယွမ်... အုတ်ခုတင်ပေါ် တက်ကြတော့"
ချန်ချင်းယွီ ပြောလိုက်သောအခါ ကလေးငယ်များမှာ "ဟုတ်ကဲ့" ဟု ပြန်တုံ့ပြန်၍ ရှောင်ကျားတစ်ယောက် ခေါင်းမော့ကာ စပ်စုစူးစမ်းစွာ မေးလေ၏။
"မေမေ... အဘွားရှီက ဘာတွေ တတွတ်တွတ် ပြောနေတာလဲဟင်၊ သား ဖေဖေ့နာမည်ကို ကြားလိုက်
သလိုပဲ"
ရှောင်ယွမ်သည်လည်း ခေါင်းညိတ်ကာ အစ်ကိုဖြစ်သူဘေးတွင် ယှဉ်ထိုင်ပြီး မျက်လုံးဝိုင်းကြီးများဖြင့် မိခင်ဖြစ်သူကို စိုက်ကြည့်နေကြသည်။
"သူ ဘာမှ မပြောပါဘူး"
ချန်ချင်းယွီ ပြုံးလိုက်ရင်း အငြင်းစကားဆိုလိုက်၏။
"သားတို့ဘာသာ ဆော့နေကြနော်၊ မေမေနဲ့ အဘွားနဲ့ ပုစွန်ခွံတွေ သွားကြိတ်လိုက်ဦးမယ်"
"ဟုတ်ကဲ့"
ကလေးများကို ထိုအကြောင်းအရာများ မကြားစေချင်သဖြင့် ချန်ချင်းယွီ အကြောင်းပြချက်တစ်ခုပေးကာ အဘွားကြီးကျောက်ကို မျက်ရိပ်ပြလိုက်သည်။ နှစ်ယောက်သား အပြင်ခန်းသို့ ထွက်လာကြ၏။ နေထိုင်ရသည့်နေရာ ကျဉ်းသောအခါ ကလေးများ မကြားအောင် စကားပြောရန်မှာ ဤသို့ပင် ဖုံးဖုံးဖိဖိ လုပ်ကြရသည်။
"ကဲ... အလုပ်စကြရအောင်။"
"ဟင်.. တကယ် လုပ်မှာလား။ မနက်ဖြန် နင် အိမ်မှာ တစ်ယောက်တည်းရှိတုန်း အေးဆေးလုပ်ပါလား၊ ဒီလောက်လေးဟာကို။"
ချန်ချင်းယွီ : "စကားတွေ အများကြီး ပြောမနေနဲ့၊ အမေကရော ဒီအိမ်ရဲ့ မိသားစုဝင် မဟုတ်ဘူးလား။"
"အေးပါအေ... လုပ်မယ်၊ လုပ်မယ်။"
'ငါ့မှာတော့ သူနဲ့ဆိုရင် မယှဉ်သာပါဘူး' ဟု တွေးကာ အဘွားကြီးကျောက် မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ခေါင်းငုံ့ကာ အလုပ်လုပ်လေသည်။ ထို့နောက် တိုးတိုးလေး မေးလိုက်၏။
"နင် ငါ့ကို ဘာပြောစရာ ရှိလို့လဲ။"
ချန်ချင်းယွီ စောစောမှ ဖြစ်ပျက်ခဲ့သည်များကို အသံနှိမ့်ကာ ပြောပြလိုက်ပြီးနောက်
"ကျွန်မ သရဲခြောက်သလို ဟန်ဆောင်ပြီး သူတို့ကို ခြောက်လှန့်ဖို့ စဉ်းစားထားတယ်"
အဘွားကြီးကျောက်- "......"
သောက်ကျိုးနည်း..
သို့သော် မကြာမီမှာပင် သူမသည် အံကြိတ်ကာ ဆဲဆိုလေသည်။
"ဒါမျိုး လုပ်သင့်တာပေါ့.. ငါ့သား ကျန့်ဝမ် ဘာလို့ အဆင့်စစ်ဆေးပွဲတွေ တိုင်းမှာ နာမည်စာရင်း မပါတာလဲလို့ ငါလည်း စဉ်းစားနေတာ။ သူတို့က နှိပ်ကွပ်ထားတာကိုး၊ ဘယ်လိုလုပ် စာရင်းထဲ ပါမလဲ။ ဒီလို စိတ်ဓာတ်မကောင်းတဲ့ လူယုတ်မာတွေ.."
သူမသည် ယခင်၌ ထိုအကြောင်းများကို မသိခဲ့ချေ။ သားဖြစ်သူသည်လည်း သူမကို ဘာမျှ မပြောပြခဲ့ပေ။ ချန်ချင်းယွီ ပြောပြမှသာ သူမ သိခဲ့ရခြင်း ဖြစ်ပြီး ယခု ထိုအကြောင်းကို ပြန်တွေးမိသောအခါ ဒေါသတကြီးဖြင့် အံကြိတ်နေမိသည်။ သူမသည် အလွန်အတ္တကြီးသူ ဖြစ်သော်လည်း လူတစ်ယောက်အပေါ် အကန့်အသတ်မရှိ စေတနာထားခဲ့သည်ဆိုလျှင် ၎င်းမှာ သူမ၏ သားဖြစ်သူ လင်းကျန့်ဝမ် တစ်ဦးတည်းသာ ဖြစ်၏။
သို့သော် ယခုမူ သားဖြစ်သူမှာ မရှိတော့ပေ..
ချွေးမဖြစ်သူ ပြောသည်မှာ မှန်သည်။ ကျန့်ဝမ် မရှိတော့သော်လည်း ဤကိစ္စများကို ဒီအတိုင်း လွှတ်ထား၍ မဖြစ်ပေ။
‘ဘယ်လိုလဲ... လူတစ်ယောက်ကို နှိပ်စက်ထားပြီး ဘယ်သူမှ မသိဘူးလို့ ထင်နေကြတာလား..’
"ချွေးမရေ... နင် ဘာလုပ်ချင်သလဲသာ ပြော၊ ငါကတော့ နင်ခိုင်းတဲ့အတိုင်း လုပ်မှာပဲ"
"မနက်ဖြန် အမေ အလုပ်သွားရင် သူတို့ ဘယ်မှာ နေကြသလဲဆိုတာ စုံစမ်းပေးပါ။ အလုပ်ရုံမှူး ချဲယုံဖုန်းနဲ့ ကျန့်ဝမ်ရဲ့ ဆရာ လီတာ့ရှန်း၊ ဒီနှစ်ယောက်အကြောင်းကို အသေအချာ စုံစမ်းပေးပါ။ သူတို့အိမ်မှာ လူဘယ်နှစ်ယောက် ရှိသလဲဆိုတာပါ သိရရင် ပိုကောင်းမယ်။ ဒါပေမဲ့ ဗြောင်ကျကျကြီးတော့ မလုပ်နဲ့နော်၊ အမေက တကူးတက စုံစမ်းနေမှန်း သူများတွေ ရိပ်မိသွားလို့ မဖြစ်ဘူး။ မဟုတ်ရင် သူတို့ သရဲခြောက်ခံရတဲ့အခါ ကျွန်မတို့ကို သံသယဝင်ကုန်ကြလိမ့်မယ်။"
"အေး... ဒါကိုတော့ ငါ့ကိုသာ လွှတ်ထားလိုက်၊ ဒီလို လူမှုရေး သတင်းစုံစမ်းတာမျိုးကတော့ ငါ့အတွက် မခက်ပါဘူး။"
ချန်ချင်းယွီ : "ဒီအိမ်ရာဝင်းထဲမှာ ဘယ်သူက အင်္ကျီချုပ်အတော်ဆုံးလဲ။"
"အားလုံးပဲ တတ်ကြတာပါပဲအေ၊ အင်္ကျီပြင်ချုပ်ရုံလေးပဲကို ဘယ်မိန်းမက မလုပ်တတ်ဘဲ နေမလဲ။ ဒါနဲ့ နင်က အင်္ကျီချုပ်မလို့လား။"
ချန်ချင်းယွီ အဘယ်ကြောင့် ရုတ်တရက် စကားလမ်းကြောင်း ပြောင်းသွားသည်ကို သူမ မသိချေ။
“အစ်ကိုကျန့်ဝမ်ရဲ့ အင်္ကျီတွေကို ရှောင်ကျားနဲ့ ရှောင်ယွမ်တို့အတွက် ပြန်ပြင်ချုပ်ပေးမလို့လေ။"
အဘွားကြီးကျောက်မှာ ခေတ္တမျှ မှင်တက်သွားပြီး ဆိုလိုက်မိ၏။
"နှမြောစရာကြီးအေ၊ အချို့အင်္ကျီတွေဆိုရင် ငါတောင် ဝတ်လို့ရတာ။ ကလေးတွေအတွက် ပြင်ချုပ်လိုက်ရင် ပြန်ပြီး ကြီးအောင်လုပ်လို့ မရတော့ဘူးလေ။ ဒါက မဖြစ်သင့်ဘူးထင်တယ်"
သူမ ဆက်လက်၍ အကြံပြုလိုက်သည်။
"နင်က ပြင်ချုပ်ချင်တယ်ဆိုရင်လည်း အချို့အင်္ကျီတွေကို နင့်ဘာသာပြင်ချုပ်လိုက်လေ၊ မခက်ပါဘူး"
ချန်ချင်းယွီ : "မဟုတ်ဘူး၊ အပြင်လူကိုပဲ အပ်ပြီး ချုပ်ခိုင်းရမယ်။ ကျန့်ဝမ်ရဲ့ အပြင်ဝတ်အင်္ကျီတွေ အကုန်လုံး မရှိတော့ဘူးဆိုတာကို အပြင်လူတွေ သိသွားအောင် လုပ်ရမယ်။ သူ့ရဲ့ အတွင်းခံအင်္ကျီတွေ၊ သိုးမွှေးအင်္ကျီတွေနဲ့ ရှပ်အင်္ကျီတွေကိုတော့ ချန်ထားလို့ ရတယ်၊ အပြင်ဝတ်တွေကိုတော့ အကုန် ပြင်ချုပ်ပစ်ရမယ်။ အပြင်လူကို အပ်ချုပ်ခိုင်းမှသာ ကျွန်မတို့မှာ အင်္ကျီတွေ အကုန်ဖျက်လိုက်ပြီဆိုတာကို သက်သေပြပေးမယ့်သူ ရှိမှာ။ ဒါက ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်တာပါ။"
အဘွားကြီးကျောက်မှာ သေသေချာချာ နားမလည်သော်လည်း အနည်းငယ်တော့ ရိပ်မိလိုက်သည်။
‘ဒါက ချန်ချင်းယွီ အပြင်မှာ ပြဿနာသွားရှာရင် သူမက အိမ်မှာနေပြီး လူတွေကို ဆဲဆိုနေသလိုမျိုး (သက်သေဖျောက်တာမျိုး) လား’
"ငါ အကုန်လုံးကိုတော့ နားမလည်ပါဘူး၊ ဒါပေမဲ့ နင်ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်။"
ချန်ချင်းယွီ ခေါင်းညိတ်ကာ
"ဟိုတစ်ခါက မီးပုံထဲကနေ အမေ ဆွဲထုတ်ခဲ့တဲ့ အင်္ကျီကိုတော့ ကျွန်မကိုပေးပါ၊ အဲဒီတစ်ထည်ကိုတော့ မပြင်တော့ဘူး"
"အေးပါအေ"
လူသေဆုံးသွားလျှင် အဝတ်အစားအချို့ကို မီးရှို့ပေးလေ့ရှိကြသည်၊ ၎င်းမှာ ကွယ်လွန်သူ နောက်ဘဝတွင် ဝတ်ဆင်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်၏။ ပုံမှန်အားဖြင့် ကွယ်လွန်သူ သက်ရှိထင်ရှားရှိစဉ်က အနှစ်သက်ဆုံး အဝတ်အစားများကို ရွေးချယ်လေ့ရှိကြရာ လင်းကျန့်ဝမ်အတွက်မူ သူ၏ အလုပ်ရုံဝတ်စုံမှာ အမြတ်နိုးဆုံး အရာပင်ဖြစ်သည်။ သို့သော် အဘွားကြီးကျောက်မှာမူ အလွန်ပင် ကပ်စေးနှဲသူဖြစ်သဖြင့် နှမြောတွန့်တိုနေခဲ့၏။ သူမသည် လင်းကျန့်ဝမ် အသတ်ခံရစဉ် ဝတ်ဆင်ထားသည့် အင်္ကျီတစ်ထည်ကိုသာ ရွေးထုတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် ဝတ်စုံကိုမူ မည်သို့မျှ အရှို့မခံနိုင်ဘဲ ထိန်ချန်ထားခဲ့သည်။
အလုပ်ရုံမှ အလုပ်သမားများကို အလဲအလှဲဝတ်ရန် ဝတ်စုံနှစ်စုံ ထုတ်ပေးထားခြင်း ဖြစ်၏။
ယေဘုယျအားဖြင့် ဝတ်စုံအားလုံးကို မီးရှို့ပေးခြင်းမှာ ပုံမှန်ဖြစ်သော်လည်း အဘွားကြီးကျောက်သည် နှမြောလှသဖြင့် လူအများ ဝိုင်းဝန်းတိုက်တွန်းသည့်အခါ အဝတ်စုတ်ပမာ ဖြစ်နေသည့် တခြားအင်္ကျီအဟောင်းတစ်ထည်ကို မီးပုံထဲသို့ ပစ်ထည့်ကာ လူအများကို လှည့်ဖြားခဲ့သည်။
ထိုမျှမက လူအများ သတိမထားမိခင်မှာပင် အလုပ်ရုံဝတ်စုံတစ်ထည်ကို သူမ၏ အင်္ကျီအတွင်း၌ ဝှက်ကာ ခိုးယူသိမ်းဆည်းခဲ့သဖြင့် အမှန်တကယ်တွင် မီးမရှို့ခဲ့ပေ။
သို့သော် အိမ်ရာဝင်းအတွင်းရှိ လူများမှာ အဘွားကြီးကျောက် ဝတ်စုံတစ်ထည်ကို ခိုးဝှက်သိမ်းဆည်းထားသည်ကို မသိကြဘဲ နှစ်စုံလုံးကို ရှို့လိုက်ပြီဟုသာ ထင်မှတ်နေကြ၏။
"ငါ နင့်စကားအတိုင်းပဲ လုပ်ပါ့မယ်။ ဒါနဲ့ နင်က အဲဒီဝတ်စုံကို ဝတ်ပြီး သရဲခြောက်သလို ဟန်ဆောင်မလို့လား"
ချန်ချင်းယွီက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် ကျန့်ဝမ်ရဲ့ အင်္ကျီတွေကို ပြင်ချုပ်နေဖို့ မလိုတော့ဘူး မဟုတ်လား"
"ကျွန်မက အင်္ကျီအဟောင်းတွေကို ဖျက်ပြီး ပြန်မချုပ်ဘူးဆိုရင် သူတို့က လင်းကျန့်ဝမ်ကို ဘယ်လိုလုပ် သတိရလာပါ့မလဲ"
အဘွားကြီးကျောက်မှာ တစ်ခါတစ်ရံတွင် ဦးနှောက်ကို အသုံးမပြုတတ်သူဟု ချန်ချင်းယွီ တွေးမိလိုက်၏။
သူမ အာပေါက်မတတ် ရှင်းပြလိုက်ရသည်။
"ကျွန်မက ဒီအလုပ်ရုံဝတ်စုံကို ဝတ်ပြီး သရဲခြောက်သလို ဟန်ဆောင်ရုံနဲ့ သူတို့က လင်းကျန့်ဝမ်ကို တိုက်ရိုက် ပြေးမြင်ချင်မှ မြင်မှာလေ။ ဘာလို့လဲဆိုတော့ အလုပ်သမားတိုင်းက ဒီဝတ်စုံကိုပဲ ဝတ်ကြတာကိုး။ ဒါပေမဲ့ ကျွန်မတို့အိမ်မှာ ကျန့်ဝမ်ရဲ့ အင်္ကျီတွေကို ဖျက်နေတယ်ဆိုတာကို အမေက စက်ရုံမှာ သွားပြောလို့ ရတယ်လေ။ အမေ့ရဲ့ ချွေးမက အိမ်မှုကိစ္စ ဘာမှမတတ်ဘူး၊ အင်္ကျီလေး ပြင်ချုပ်တာတောင် မလုပ်တတ်လို့ အပြင်လူကို အပ်နေရတယ်ဆိုပြီး အတင်းအဖျင်း ပြောလို့ရတာပေါ့။ အခုဆို အမေက စက်ရုံထဲမှာ အတင်းအဖျင်းပြောရာမှာ နာမည်ကြီးနေပြီဆိုတော့ အမေပြောတဲ့ စကားတွေကို လူတွေက ပြန်ပြောကြမှာပဲ။ သူတို့ခေါင်းထဲမှာ လင်းကျန့်ဝမ်ရဲ့ အဝတ်အစားတွေအကြောင်း အစွဲအလမ်းရှိသွားတဲ့အခါမှ ကျွန်မက အဲဒီဝတ်စုံကို ဝတ်ပြီး ပေါ်လာရင် သူတို့က ဒီသရဲခြောက်မှုကို လင်းကျန့်ဝမ်နဲ့ အလွယ်တကူ ဆက်စပ်တွေးမိသွားလိမ့်မယ်။ ဒါက ရာနှုန်းပြည့် အောင်မြင်မယ်လို့ မပြောနိုင်ပေမဲ့ စမ်းကြည့်သင့်တာပေါ့။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်လောက်ဆိုရင်တော့ ထိမှာပဲ။ သူတို့က အနိုင်ကျင့်ခဲ့တာဆိုတော့ ကျွန်မတို့ကလည်း ပြန်ပြီး ခြောက်လှန့်ရမှာပေါ့၊ အကျိုးအကြောင်းကတော့ အပြန်အလှန်ပဲလေ"
"အေးပါ... နင်ပြောသလိုပဲ လုပ်ကြစို့.. နင်က အင်္ကျီပြင်ချုပ်တာကို သက်သေအထောက်အထား လုပ်မလို့လားလို့ ငါ ထင်နေတာ"
ချန်ချင်းယွီ ဇဝေဇဝါဖြင့် ပြန်မေးမိ၏။
"ဒါက ဘာသက်သေ လုပ်လို့ရမှာမို့လို့လဲ"
"အေးလေ... ငါ အတွေးလွန်သွားတာပါ"
သူမ မှားတွေးမိခြင်း ဖြစ်သည်။
သို့သော် သူမသည် ချန်ချင်းယွီကို တစ်ချက်ပြန်ကြည့်ကာ ဤ 'အရူးမလေး' ကြံစည်သမျှမှာ တကယ့်ကို ဆန်းကြယ်လှသည်ဟု တွေးမိနေ၏။
သို့သော်လည်း... အဘွားကြီးကျောက်မှာ ချန်ချင်းယွီ ဤသို့လုပ်မည်ကို အလွန်ပင် သဘောကျလှသည်။
ဤလောကတွင် သူမ အချစ်ဆုံးမှာ မိမိကိုယ်ကိုယ်ဖြစ်သော်လည်း ဒုတိယအချစ်ဆုံးမှာမူ လင်းကျန့်ဝမ်ဖြစ်၍ပင်။
ထိုလူများ သူမ၏ သားကို ဤမျှအထိ အနိုင်ကျင့်ခဲ့သည်ကို သူမ လုံးဝ ခွင့်လွှတ်မည်မဟုတ်ပေ။
"အင်္ကျီပြင်ချုပ်ဖို့ဆိုရင်တော့ အဒေါ်ကြီးမေ့ဆီ သွားအပ်လိုက်၊ သူ့လက်ရာက ကောင်းတယ်"
“ကောင်းပြီလေ”
နှစ်ယောက်သား တိုင်ပင်ပြီးကြသော်လည်း အဘွားကြီးကျောက်
စိုးရိမ်တကြီးဖြင့် ဆိုလိုက်လေသည်။
"သတိတော့ထားနော်၊ သရဲခြောက်သလို ဟန်ဆောင်တဲ့အခါ သူများတွေ ရိပ်မိသွားလို့ မဖြစ်ဘူး။ နင့်မှာ တစ်ခုခုဖြစ်သွားရင် ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ ဘယ်လိုလုပ်မလဲ။ ငါ့လို အဘွားကြီးက သူတို့ကို စောင့်ရှောက်နိုင်လိမ့်မယ်လို့တော့ လုံးဝ မမျှော်လင့်နဲ့ဦး"
ချန်ချင်းယွီ အဘွားကြီးကျောက်ကို မျက်စောင်းတစ်ချက်ထိုးကာ ပြန်ပြောလိုက်၏။
"နိမိတ်မရှိတာတွေ လျှောက်မပြောနဲ့"
အဘွားကြီးကျောက်မှာ မယုံနိုင်သည့်နှယ် ကြည့်နေမိသည်။
'နင်ကိုယ်တိုင်က နိမိတ်မရှိတာတွေ ပြောတတ်တဲ့သူဖြစ်ပြီး သူများကို ပြန်ပြောနေသေးတယ်ပေါ့'
"ကျွန်မအတွက် ကောင်းတာလေးတွေပဲ ဆုတောင်းပေးစမ်းပါ။ ကျွန်မ ဘာမှမဖြစ်ပါဘူး။ အခုဟာက ကျန့်ဝမ်အတွက် ကလဲ့စားချေပေးမှာဆိုတော့ ကျွန်မ အောင်မြင်ဖို့သာ အသေအချာ ဆုတောင်းပေး"
"အေးပါ... ငါ ဆုတောင်းပေးမှာပေါ့။"
အခြားသူများနှင့် ယှဉ်လျှင် ချန်ချင်းယွီ အဆင်ပြေနေသည်ကိုသာ သူမ ပို၍ မြင်ချင်သည်။
မည်သူမှာ မိမိလူ၊ မည်သူမှာ သူစိမ်းဆိုသည်ကို အဘွားကြီးကျောက် ကောင်းစွာ တွက်ချက်တတ်၏။ သားဖြစ်သူ မရှိတော့သည့်နောက်တွင် ချန်ချင်းယွီနှင့် ကလေးနှစ်ယောက်မှာ သူမ၏ တစ်ဦးတည်းသော ဆွေမျိုးသားချင်းများ ဖြစ်လေသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း ငယ်သေးသဖြင့် ဤမိသားစုကြီး ကောင်းမွန်စွာ နေထိုင်နိုင်ရန်မှာ သူမနှင့် ချန်ချင်းယွီတို့ နှစ်ဦးသား ရိုင်းပင်းကူညီကြမှသာ ဖြစ်ပေမည်။
အခြားသူများလား..
ချီးတောင် ယုံလို့မရဘူး..
အဘွားကြီးကျောက်သည် ပါးစပ်သရမ်းပြီး ပြဿနာရှာတတ်သူဖြစ်သော်လည်း အလုပ်လုပ်လျှင်မူ အတော်လေး ပိုင်နိုင်လှ၏။အထူးသဖြင့် အတင်းအဖျင်း သတင်းစုံစမ်းရာတွင် ဆရာတစ်ဆူပင်။ မကြာမီမှာပင် နည်းလမ်းမျိုးစုံဖြင့် သူမသည် ထိုမိသားစုနှစ်ခု၏ အခြေအနေကို စုံစမ်း၍ ရခဲ့သည်။
‘ဟင်း... ဒီမိသားစုနှစ်ခုက ဆွေမျိုးတွေတောင် တော်ကြတာကိုး။
မဆန်းပါဘူး... ဒါကြောင့်လည်း ပေါင်းပြီး လူယုတ်မာလုပ်နေကြတာ..’
လီတာ့ရှန်း၏ သမီးသည် ချဲယုံဖုန်း၏ ညီဖြစ်သူနှင့် လက်ထပ်ထားခြင်း ဖြစ်သဖြင့် သူတို့မှာ ခမည်းခမက် တော်စပ်နေကြခြင်း ဖြစ်သည်။
"မြွေနဲ့ ကင်းမြီးကောက် တစ်တွဲတည်းပဲ။"
အဘွားကြီးကျောက် ကျိန်ဆဲလိုက်မိ၏။ အဘွားကြီးကျောက်တို့ တစ်ဖက်တွင် ပြင်ဆင်မှုများ လုပ်နေစဉ်မှာပင် အရေးကြီးသည့် သတင်းကြီးတစ်ခု ထွက်ပေါ်လာသည်။
စက်မှုစက်ရုံက အလုပ်သမားအသစ်တွေ ခေါ်ယူနေပြီတဲ့....
ဟုတ်ပါသည်။ အလုပ်သမားအသစ်များ ခေါ်ယူနေ၏။
ဤအကြောင်းမှာ လူတိုင်းကို အံ့အားသင့်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စက်မှုစက်ရုံသည် ပြင်ပ အလုပ်သမား လုံးဝ မခေါ်ယူခဲ့သောကြောင့်ပင်။နောက်ဆုံးအကြိမ် တရားဝင်ခေါ်ယူခဲ့သည်မှာ လင်းကျန့်ဝမ်တို့ လက်ထက်မှ ဖြစ်ပြီး ထိုကြားထဲတွင် ယာယီနေ့စားအလုပ်သမားပင် မခေါ်ဘဲ အတွင်းလူများ၏ မိတ်ဆက်မှု သို့မဟုတ် ရပ်ကွက်ရုံး၏ ထောက်ခံချက်ဖြင့်သာ ခန့်ထားခဲ့၏။ သို့သော် ယခုတစ်ကြိမ်မှာမူ ထူးခြားနေသည်။
ယခုတစ်ကြိမ်တွင် စက်မှုစက်ရုံသည် နေ့စားအလုပ်သမား စုစုပေါင်း ၈၀ ဦး ခန့်ထားမည်ဖြစ်၏။ ထို ၈၀ ဦးအနက် ၇၀ ဦးကို အလုပ်ရုံအသီးသီးသို့ ခွဲဝေခန့်ထားမည်ဖြစ်ပြီး ကျန် ၁၀ ဦးကိုမူ စက်ရုံရုံးခန်းစသည့် နေရာများတွင် ခန့်ထားမည်ဖြစ်သည်။ ယာယီအလုပ်သမားဖြစ်ပြီး တစ်နှစ်သာ လုပ်ကိုင်ရမည်ဟု ဆိုသော်လည်း တစ်နှစ်ဆိုသည်မှာလည်း နည်းလှသည်မဟုတ်ပေ။ အလုပ်ကို ကောင်းကောင်းလုပ်နိုင်လျှင် ရှေ့ဆက်လုပ်ကိုင်ခွင့် ရနိုင်ပြီး၊ နောင်တွင် အမြဲတမ်းဝန်ထမ်း ခေါ်ယူသည့်အခါတွင်လည်း အခြားသူများထက် အခွင့်အရေး ပိုသာနိုင်ပေသည်။
ယခုခေတ်တွင် နေ့စားအလုပ်သမားနေရာသည်ပင် အလွန်ရှားပါးလှရာ စက်မှုစက်ရုံကဲ့သို့သော စက်ရုံကြီးအတွက် လုပ်ရမည်ဆိုလျှင် ပို၍ပင် အဖိုးတန်လှ၏။
အလုပ်ဆင်းချိန်ပင် မရောက်သေးမီ စက်ရုံရှေ့ရှိ မှန်ကြော်ငြာသင်ပုန်းတွင် အသိပေးချက်ကို ကပ်ထားလိုက်ပြီ ဖြစ်သည်။ အဘွားကြီးကျောက်သည် စာမတတ်သူပပျောက်ရေး အတန်းအချို့ တက်ခဲ့ဖူးသော်လည်း စာကို ကောင်းကောင်း မဖတ်တတ်ချေ။ သူမ သိသည့် တစ်လုံးတည်းသော စာလုံးမှာ မိမိ၏ အမည်သာ ဖြစ်၏။
ကျန်တာ ဘာမှမသိ....
သို့သော် အဘွားကြီးကျောက်သည် ဂိတ်စောင့်လုံခြုံရေးကောင်လေးကို အတင်းဆွဲမေးလိုက်ရာ "အလုပ်သမား ခေါ်တဲ့အကြောင်းပါ..." ဟု သိလိုက်ရသည်။
"ဘုရား... ဘုရား... အမလေး.."
သူမသည် ပေါင်ကိုပုတ်ကာ အိမ်သို့ အပြေးအလွှား ပြန်သွား၏။
‘ဒါက ပထမဆုံးရရှိသည့် သတင်းထူး မဟုတ်လား’
အဘွားကြီးကျောက် တစ်လမ်းလုံး အပြင်းနှင်လာသဖြင့် လမ်းသွားလမ်းလာများ အံ့အားသင့်စွာ ကြည့်နေကြသော်လည်း သူမ ဂရုမစိုက်အားပေ။ အိမ်ရာဝင်းထဲသို့ ခြေချမိသည်နှင့် အသံကုန် အော်ဟစ်လိုက်၏။
"သတင်းကြီးဟေ့... သတင်းကြီး.. သတင်းကောင်း လာပြီဟေ့.."
ယခုအချိန်တွင် အားလုံးမှာ ရှေ့ဝင်းအတွင်း၌ စုဝေးနေကြပြီး ချန်ချင်းယွီလည်း ထိုနေရာမှာပင် ရှိနေသည်။ သူမသည် အင်္ကျီမချုပ်တတ်သော်လည်း အိတ်ကလေးတစ်လုံးကိုတော့ ဖာထေးချုပ်လုပ်နေ၏။ အင်္ကျီချုပ်ရာမှ ထွက်လာသည့် အဝတ်စုတ်ကလေးများကို စုစည်းကာ မိမိအတွက် လက်ဆွဲအိတ်တစ်လုံး ပြုလုပ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ဤခေတ်ကာလတွင် ပလတ်စတစ်အိတ်များ ရှိသော်လည်း အသုံးနည်းပြီး တွေ့ရခဲလှ၍ အပြင်သွားလျှင် အဝတ်အိတ်တစ်လုံး ပါသွားခြင်းမှာ ပစ္စည်းထည့်ရန် အဆင်ပြေစေသဖြင့် လူတိုင်းနီးပါး ဆောင်ထားကြ၏။
"အမေ... ဘာဖြစ်လို့လဲဟင်။ ဘာမှမဖြစ်ပါဘူးနော်။"
"ဘာမှမဖြစ်ဘူး၊ ငါ ဘာမှမဖြစ်ဘူး.. ငါ့မှာ သတင်းကြီးတစ်ခု ပါလာတယ်.."
"ဒေါ်လေးကျောက်... ဘာသတင်းလဲဟင်၊ ဒီလောက်တောင် အသည်းအသန် ဖြစ်နေရအောင်။"
"ဟုတ်ပါ့... ရှိတာပြောစမ်းပါဦး။"
"မောဟိုက်နေတာပဲ..."
"ငါက နင်တို့အတွက် စဉ်းစားပေးလို့ပေါ့။ မြန်မြန် စက်မှုစက်ရုံကို သွားကြည့်ကြစမ်းပါ၊ စက်ရုံက အလုပ်သမားတွေ ခေါ်နေပြီ။"
"ဘာပြောတယ်.."
"အလုပ်ခေါ်တယ်.. ဘယ်လိုဖြစ်တာလဲ။ ဒေါ်လေးကျောက်... အရင်ထိုင်ပါဦး။"
"ဒေါ်လေးကျောက်... အလုပ်ခေါ်တာက ဘယ်လိုမျိုးလဲဆိုတာ ရှင်းပြပါဦး။"
ယခုမူ လူတိုင်း စိတ်လှုပ်ရှားသွားကြပြီ ဖြစ်သည်။ ရှီရှန်းပင်လျှင် သူထိုင်နေကျ အကောင်းဆုံးနေရာဖြစ်သည့် သစ်ပင်ခြေရင်းနေရာကို အဘွားကြီးကျောက်အား အတင်းပေးကာ ထိုင်ခိုင်းလိုက်၏။
"စက်မှုစက်ရုံက ယာယီအလုပ်သမားတွေ ခေါ်နေတာ။ ဒီတစ်ခါ လူ ၈၀ တောင် တစ်ခါတည်း ခေါ်မှာတဲ့။ အဲဒီထဲက ၁၀ ယောက်က အလုပ်ရုံထဲ ဆင်းစရာမလိုဘဲ ရုံးခန်းထဲမှာ လုပ်ရမှာတဲ့။ ဒါပေမဲ့ ရုံးခန်းကလူလည်း ယာယီအလုပ်သမားပဲ၊ အမြဲတမ်းဝန်ထမ်းတော့ မဟုတ်ဘူးပေါ့။"
"၈၀ တောင်လား.. ဒီလောက်အများကြီး.."
"ဟုတ်ပ.."
ရှီရှန်း အလျင်အမြန် မေးလိုက်သည်။
"ဒါဆို ဘာသတ်မှတ်ချက်တွေ ရှိလဲ။ ဘယ်သူမဆို လျှောက်လို့ရတာလား။"
"အသေးစိတ်ကိုတော့ ငါလည်း စာမတတ်တော့ မဖတ်တတ်ဘူး။ ဒါပေမဲ့ ဂိတ်စောင့်ကောင်လေး ပြောတာတော့ ပေကျင်းမြို့ခံ အိမ်ထောင်စုစာရင်း ရှိရမယ်တဲ့။ မိသားစုထဲမှာ စက်မှုစက်ရုံက အမြဲတမ်းဝန်ထမ်း တစ်ယောက်ယောက် ရှိရမယ်တဲ့၊ ဒါက စက်ရုံရဲ့ အထူးခံစားခွင့်ပေါ့။ နောက်ပြီး အထက်တန်းအောင်၊ အလယ်တန်းအောင် စသဖြင့်လည်း ပါသေးတယ်၊ နင်တို့ဘာသာ သွားကြည့်ကြတော့။"
ရှီရှန်း : "ငါ သွားကြည့်လိုက်ဦးမယ်.."
သူသည် ဝုန်းခနဲ ထရပ်ကာ ပြေးထွက်သွားတော့၏။
"ငါလည်း လိုက်မယ်။"
"ငါ့ကို စောင့်ဦးလေ.."
အားလုံးပင် အပြိုင်အဆိုင် ပြေးထွက်သွားကြသည်။ အဘွားကြီးကျောက် ယူဆောင်လာသည့် သတင်းမှာ အမှန်တကယ်ပင် တုန်လှုပ်စရာကောင်းပြီး အလွန်လည်း ဝမ်းသာစရာ ကောင်းလှ၏။ လူတိုင်း မိမိတို့အတွက် အခွင့်အရေးရှိမရှိ သိလိုလှသဖြင့် စိတ်စောနေကြသည်။ ရှီရှန်းမှာ အရှေ့ဆုံးမှ ပြေးနေပြီး အပျော်ဆုံးလည်း ဖြစ်နေ၏။ စက်မှုစက်ရုံဆိုသည်မှာ အမျိုးသားများသာ ဦးစားပေးခေါ်သည့်အတွက် သူ့တွင် သားယောက်ျားလေးရှိသဖြင့် တခြားသူများထက် အခွင့်အရေး ပိုသာသည်ဟု ယူဆထား၍ ပိုပျော်နေလေသည်။
လင်စန်းရှင်းသည် လီလင်းလင်းကို ဆွဲကာ ထွက်လာပြီး အဘွားကြီးဝမ်တို့လည်း အပြေးအလွှား လိုက်သွားကြ၏။ အဘွားကြီးဝမ်တို့ အိမ်တွင် အလုပ်ရှာနေသူ မရှိသော်လည်း လူ့သဘာဝအရ သတင်းဦးကိုတော့ သိချင်ကြသည်သာ။
တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
"ငါ့သတင်းက တော်တော် မြန်တယ်မလား.. ငါက ပထမဆုံး လာပြောတာနော်။ မရသေးဘူး... ဘေးက အိမ်ရာဝင်းကိုလည်း သွားပြောရဦးမယ်။"
သူမသည် ဝှေ့ခနဲ ပြန်ထွက်သွားပြန်သည်။ ‘သတင်းဟူသမျှ အားလုံးသိ’ ဆိုသည့် ဘွဲ့ထူးကို သူမ လုံးဝ အပိုင်ယူထားတော့မည် ဖြစ်၏။
ချန်ချင်းယွီ… ‘….’
အဘွားကြီးကျောက်မှာ အသက်ပင် ကောင်းကောင်း မရှူနိုင်ဘဲ ပြေးထွက်သွားရာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အနားသို့ တိုးကပ်လာပြီး မေးလိုက်ကြ၏။
"မေမေ... ဘာဖြစ်တာလဲဟင်"
"စက်ရုံက အလုပ်သမားခေါ်လို့ သူတို့ သွားကြည့်ကြတာလေ။"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ချက်ချင်းပင် နားလည်သွားကြသည်။
"ဖေဖေလည်း အလုပ်သမားခေါ်တုန်းက ဝင်ဖြေခဲ့တာပဲ။ ဖေဖေက အတော်ဆုံးမို့လို့ အမြဲတမ်းဝန်ထမ်း ဖြစ်ခဲ့တာ"
ချန်ချင်းယွီမှာ မျက်ခုံးပင့်လိုက်မိသည်။
‘အလို.. သူမ လူတွေကို ဦးနှောက်ဆေးရာမှာ သုံးလေ့ရှိတဲ့စကားတွေကို ကလေးတွေက ကောင်းကောင်းမှတ်မိနေရုံတင်မကဘဲ ပြန်ပင် သုံးတတ်နေကြပြီကိုး’
ချန်ချင်းယွီ ပြုံးလိုက်ပြီး ကြွားလုံးထုတ်လိုက်၏။
"ဟုတ်တာပေါ့၊ သားတို့ဖေဖေက အဲဒီတုန်းက တကယ်ကို တော်တာ။ သူက ကိုယ့်အရည်အချင်းနဲ့ကိုယ် ဝင်ခဲ့တာလေ။ သားတို့ဖေဖေက တခြားလူတွေထက် အများကြီး သာပါတယ်"
"မေမေလည်း တော်တာပဲ။"
ကလေးနှစ်ယောက် ရုတ်တရက် ဆိုလိုက်ကြသည်။
"ဒါပေါ့... မေမေလည်း တော်တာပေါ့၊ မေမေလည်း အရမ်းတော်တာ။ စာလည်း အရမ်းတော်တယ်။ ဒါပေမဲ့ အဲဒီတုန်းက စက်ရုံက မိန်းကလေးတွေ မခေါ်ဘူးလေ၊ ယောက်ျားလေးတွေပဲ ခေါ်တာဆိုတော့ မေမေ အခွင့်အရေး မရလိုက်တာ။ မဟုတ်ရင် မေမေလည်း သေချာပေါက် အလုပ်ရမှာပဲ။"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ယခုမှ သဘောပေါက်သွားကြသည်။ ‘မေမေက ဒီလောက်တော်တာကို ဘာလို့ အလုပ်မရတာလဲ’ ဟု သူတို့ တွေးနေခဲ့ကြသည်။
ဒါကြောင့်ကိုး..
"ကျွန်တော်တို့ မေမေက အတော်ဆုံးပဲ။"
"ဒါကတော့ သေချာတာပေါ့။ သားတို့ဖေဖေကလည်း ဉာဏ်ကောင်းတယ်၊ မေမေကလည်း ဉာဏ်ကောင်းတယ်။ သားတို့ ကြီးလာရင်လည်း သေချာပေါက် ဉာဏ်ကောင်းမှာပဲ။ ဒါကို ဘာခေါ်လဲ သိလား"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ခေါင်းခါပြကြသည်။
"ဒါကို မျိုးရိုးဗီဇ လို့ ခေါ်တယ်။ တို့မိသားစုက မျိုးရိုးလိုက်ပြီး ဉာဏ်ကောင်းတာ။"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မှတ်ချက်ချလိုက်ကြ၏။
"ဪ... သားတို့မိသားစုရဲ့ မျိုးရိုးလိုက်တဲ့အရာက တော်တော်ကောင်းတာပဲနော်.."
“ဒါပေါ့..”
သတင်းသွားမကြည့်ဘဲ ကျန်နေခဲ့သည့် လူအချို့ …"..."
‘ဉာဏ်ကောင်းတာ မျိုးရိုးလိုက်မလိုက်တော့မသိဘူး.. ညည်းရဲ့ကြွားလုံးတွေ မျိုးရိုးမလိုက်ဖို့ပဲ ဆုတောင်းပါတယ်အေ..’