← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

Chapter 13: ပထမအချီစမ်းသပ်စစ်ဆေးခြင်း။

ကျန်းဝေ့က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စုယွမ်၏နံဘေးတွင် ရပ်နေသည်။

“စုယွမ်၊ ငါ အောင်မြင်ခဲ့တယ်။ ငါလုပ်နိုင်ခဲ့တယ်။ ငါ ဒုတိယဝိဉာဉ်သွေးကြောကို ဖွဲ့စည်းနိုင်ခဲ့တယ်။”

သူ၏မျက်လုံးတစ်ဝှိုက်၌ မဲနက်နေလေသည်၊ ကြည့်ရသည်မှာ အနှီလူက အမှန်တကယ် မအိပ်မနေ ကြိုးစားခဲ့သည့်ပုံပင်။

စုယွမ်လည်း သူ့ကို ဂုဏ်ပြုပေးလိုက်သည်။

“မိုက်လိုက်တာ၊ ကျန်းဝေ့။ ငါ မင်းကြိုးစားတာတွေအကုန်ကို မြင်ခဲ့ရတာ၊ မင်းက တကယ်ကို အထင်ကြီးစရာပဲ။ မင်း ဒီတစ်ကြိမ်တော့ နာမည်ကြီးပြီပဲ။”

ကျန်းဝေ့မှာ လွန်စွာစိတ်လှုပ်ရှားနေလျက် သူ့မျက်နှာပေါ်ရှိ ဂုဏ်ယူနေသော အကြည့်မှာ ပို၍ပေါ်လွှင်လာရသည်။ သူဟာ လေပေါ်တွင် လွှင့်နေသည့်အတိုင်းပါပင်။

ထိုအချိန်တွင် သူ တစ်စုံတစ်ခုကို တွေးမိသွားပုံပေါပြီး စုယွမ်ကို သနားဟန်ဖြင့် ကြည့်လာသည်။

“ဟင်း။ သနားစရာပဲ။ မင်းက ပါရမီကလည်းမပါ၊ အရင်းအမြစ်ကလည်းမရှိ၊ ကြိုးပါမကြိုးစားတော့ အပြင်ဆောင်တပည့်ဆိုတာ မင်းအတွက်ဝေးပြီပဲ။ အားငယ်မသွားရဘူးနော်။ ဒါက ပုံမှန်ပါပဲ။ မင်းနဲ့အခြေအနေတူ နောက်ထပ် လူရှစ်ရာလောက်ရှိတာ။ အဲ့ဒီလိုတွေးလိုက်ရင် ဒါက ကိစ္စကြီးမဟုတ်တော့ပါဘူး။”

တစ်ခဏမျှ စုယွမ်မှာ ကျန်းဝေ့က အမှန်တကယ်နှစ်သိမ့်ပေးနေသည်လား၊ လှောင်ပြောင်နေသည်လားကို မခွဲတတ်တော့ပါပေ။ ဤသူမှာ တကယ်ကို စကားလုံးအသုံးအနှုန်းပြောင်မြောက်လှ၏။

“မင်းပြောတာ မင်းမှတ်ထားနော်။”

စုယွမ် ပြန်ပြောလိုက်သည်။

ကျန်းဝေ့မှာ တုံ့ဆိုင်းသွားလျက် တစ်ခဏမျှ မည်သို့တုံ့ပြန်ရမှန်းမသိဖြစ်သွားသည််။ ပြီးနောက်မှသာ ရှက်ရွံ့ဟန်တစ်မျိုး သူ့မျက်နှာထက် ပေါ်လာ၏။

“စတော့မယ်။”

စုယွမ် သူ့ကို သတိပေးလိုက်သည်။

ကျန်းဝေ့လည်း ကိုယ်ခန္ဓာကို သေချာပြန်မတ်ထားလိုက်၏။

အချိန်တစ်ခုစောင့်ဆိုင်းပြီးနောက်။

အဖြူရောင်အလင်းတန်းတစ်ခုမှာ တောင်ထိပ်မှကျရောက်လာ၏။

အကုန်လုံးမော့ကြည့်လိုက်တော့ တောင်သခင်ဆင်းသက်လာခြင်း ဖြစ်နေသည်။ မြေပြင်သို့ဆင်းသက်ပြီးနောက်တွင် တောင်သခင်၏ဓါးမှာ သူ့ကို ကိုးကြိမ်တိတိလှည့်ပတ်ပြီးမှသာ အင်္ကျီလက်အတွင်းတိုးဝင်လျက် ပျောက်ကွယ်သွား၏။

ကျန်းဝေ့၏အကြည့်၌ အားကျခြင်း၊ ဝန်တိုခြင်းများ ဖြတ်သန်းသွားလေသည်။

စုယွမ် ရုတ်တရက်တွေးမိသွားရသည်။ အခေါက်တိုင်းတွင် လူသစ်များက ဂိုဏ်းတွင်းမဝင်မှီ ထိပ်တန်းပါရမီရှိလျှင်တောင်မှ ဤလေ့ကျင့်ရေးကိုဖြတ်သန်းရပေမည်။ ထိုအခါတိုင်းတွင်လည်း တောင်သခင်၏အံ့ချီးဖွယ်ဝံ့ကြွားနေသော အဖွင့်ဝင်ရောက်မှုကို မြင်ခဲ့ရမည်သာ။ ထိုအခါ ထိုလူသစ်များ အဆင့်တစ်ခုရောက်၍ ကျင့်ကြံဆင့်မြင့်လာသောအခါ တောင်သခင်၏နည်းလမ်းအတိုင်း လိုက်လံအတုခိုးကြတော့မည်။

အဓိပ္ပါယ်ရှိသွားချေပြီ။

နောက်ဆုံးတော့ သူ အတွင်းဆောင်၏အစ်ကိုအစ်မများက ဘာကြောင့် ကြီးကြီးကျယ်ကျယ်ထွက်ပေါ်လာရသည်ကို သိရှိသွားပေပြီ။

အကုန်လုံးမှာ တောင်သခင်လမ်းပြခဲ့၍သာ။ ဒီလူအိုကြီး၊ တကယ်ကို ကလေးတွေကို လမ်းမှားရောက်စေသည်ပဲ။

တောင်သခင်က တည်ငြိမ်စွာဖြင့် တပည့်များကို တစ်ချက်ကြည့်လိုက်ပြီး ဆိုသည်။

“မင်းတို့အားလုံးကို ထပ်တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနေ့၊ မင်းတို့ကျင့်ကြံထားတာတွေကို စစ်ဆေးဖို့အချိန်ရောက်ပြီ။ အခုဆိုရင် ငါတို့စစ်ပြီးတာနဲ့ ဘယ်သူက မြင်းလဲ၊ ဘယ်သူက လားလဲဆိုတာ သိရတော့မှာပဲ။ မင်းတို့ အခြားသူတွေကို လိုက်မှီနိုင်လားမနိုင်ဘူးလားဆိုတာလည်း သိလာရမယ်။ အခု နောက်ဆုံးအဆင့်ကနေစပြီး စင်မြင့်ပေါ်ကို တက်လာခဲ့ကြစမ်း။”

တောင်သခင် လက်တစ်ဝှေ့ယမ်းလိုက်ရာ စင်မြင့်ထက်တွင် မှော်ပစ္စည်းတစ်ခုပေါ်လာသည်။ ၎င်းမှာ ဧရာမကျောက်တုံးကြီးတစ်ခုဖြစ်ပြီး ရောင်စဥ်များထွက်ပေါ်နေလျက်ရှိသည်။ ရောင်စဥ်တို့မှာ အနည်းငယ်မှိန်ဖျော့နေသော်ငြား အလှဆင်ရန် သက်သက်တော့ မဟုတ်နိုင်ပေ။

စိတ်လှုပ်ရှားနေသည့်မျက်နှာဖြင့် တပည့်တစ်ဦးက လူသောင်းချီ၏အကြည့်အောက် လမ်းလျှောက်လာခဲ့သည်။

သူသည်ကား နောက်ဆုံးအဆင့်ရှိသူပင်၊ ဆိုလိုသည်မှာ ချီစုစည်းခြင်းကို နောက်ဆုံးမှအောင်မြင်ခဲ့သူဖြစ်သည်ဟု။ ဤအချိန်သည်ကတော့ သူ မျက်နှာသာရတော့မည့် အခိုက်အတန့်ဟုတွေးထင်နေသည်။ သူသည် ဆယ်ရက်တိုင်တိုင် မအိပ်မနေ စိတ်ဆုံးဖြတ်ကာ အောက်ဆုံးအဆင့်မှ တက်ရန်အဖို့ ကြိုးစားထားရခြင်းဖြစ်သည်။

တောင်သခင်က မထူးခြားစွာသာ ပြောသည်။

“မင်းလက်ကို ဗဟိုကျောက်စိမ်းပေါ်တင်လိုက်။”

“ဟုတ်ကဲ့ပါ၊ တောင်သခင်။”

ထိုတပည့်လည်း အလျင်အမြင် ဗဟိုကျောက်စိမ်းပေါ် လက်တင်လိုက်သည်။

အသက်တစ်ရှိုက်စာအတွင်း ကျောက်စိမ်းအတွင်းရှိ အနီရောင်အလင်းမှာလင်းလက်လာပြီး အနည်းငယ်ဖြာထွက်လာ၏။

ကျောက်စိမ်းပေါ်၌မူ စာလုံးများပေါ်လာခဲ့သည်။

“ဝိညာဉ်ချီမျှင် နှစ်ဆယ့်ကိုးမျှင်။”

“မဆိုးပါဘူး”

တောင်သခင်က ခေါင်းညိတ်လာသည်။ ဤသည်မှာ နောက်ဆုံးအဆင့်ရှိသူဖြစ်ရာ ဝိညာဉ်ချီမျှင်နှစ်ဆယ့်ကိုးမျှင်ရှိခြင်းက ပါရမီနှင့်မဆိုင်၊ သေချာစွာ အားစိုက်ထုတ်ထားကြောင်းပြနေသည်။

အားပေးစကားကြားရပြီးနောက် ထိုတပည့်၏မျက်လုံးများမှာ အရောင်တောက်သွားပြီး ပျော်ရွှင်စွာဖြင့် စင်မြင့်ပေါ်မှ ပြန်ဆင်းသွားသည်။

နောက်ဆုံးမှရေလျှင် ဒုတိယတပည့်ကမူ အနီးနားတွင် ရပ်စောင့်နေခြင်းဖြစ်ရာ ထိုစာလုံးတို့ကို မြင်တော့ မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားရ၏။

သူ့အလှည့် ကျောက်စိမ်းပေါ်တွင် လက်တင်လိုက်သောအခါ ဝိညာဉ်ချီမျှင်နှစ်ဆယ့်ခြောက်မျှင်ဟူ၍သာ ပြလာသည်။

မျှော်လင့်ထားသည့်အတိုင်း တောင်သခင်၏မကြည်လင်သောအသံကို ကြားလိုက်ရသည်။

“ညံ့သေးတယ်။ ထပ်ပြီးကြိုးစားချေဦး။”

တပည့်ဖြစ်သူလည်း ခေါင်းငိုက်စိုက်ကျလျက် နာခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် စင်ပေါ်မှ ပြန်ဆင်းသွားသည်။

ဤသည်ကိုမြင်တော့ စုယွမ်မှာ ဆရာက စာသင်ခန်းထဲ အဆင့်များကို လူတိုင်းသိအောင်ကြေညာနေသလို ခံစားလိုက်ရသည်။ ဤသည်မှာ ဆိုးဝါသောအဆင့်များအကြောင်းပြောနေခြင်းမဟုတ်၊ အနိမ့်ဆုံးဖြစ်နေသောကြောင့်သာဖြစ်ပေသည်။

လူအများစုမှာ အလယ်အလတ်အဆင့်ရှိသူများကို သတိထားမိမည်မဟုတ်၊ ထိုအစား ထိပ်ဆုံးအဆင့်နှင့် အောက်ဆုံးအဆင့်ရှိသူများကသာ အာရုံအလုံးစုံကို ရရှိပေမည်။

ဥပမာအားဖြင့် ယခုဆိုလျှင် စုယွမ်လည်း ဤဝိညာဉ်ချီမျှင်နှစ်ဆယ့်ခြောက်မျှင်သာရှိသော တပည့်မှာ လိုင်ရွှင်းဟု အမည်ရှိကြောင်း သတိထားမိသွားရသည်။ ဤလူမှာ သူ့နာမည်ဖြစ်သော ကံကောင်းခြင်းနှင့် ဆန့်ကျင့်ဘက်၊ သူ၏ဘဝမှာ ချောမွေ့ခြင်းရှိမနေပါချေ။

တတိယမြောက်နောက်ဆုံးတပည့်လည်း မျက်နှာမကောင်းစွာနှင့် စင်မြင့်သို့ တက်သွားသည်။

စာသားမှာ ဝိညာဉ်ချီမျှင်နှစ်ဆယ့်ရှစ်မျှင်ဟု ပြသလာလျက်၊ ဤသည်မှာ နောက်ဆုံးအဆင့်ထက် တစ်မျှင်လျှော့နေသေးသည်။

ယခုတွင်မှ နောက်ဆုံးအဆင့်ရှိသော တပည့်မှာ ခေါင်းမော့နိုင်တော့သည်။ အနည်းဆုံးတော့ အောက်ဆုံးအဆင့်များကြား သူ၏အနေအထားမှာ ဆိုးဝါးမနေတော့ပေ။

“ငါသာဆိုရင် လူသိများသွားတဲ့အတွက်၊ စနစ်ကအမှတ်လည်းတိုးလာရမှာပဲမလား။”

စုယွမ်လည်း နှစ်ဆယ့်ခြောက်မျှင်ရှိသူကိုကြည့်ရင်း မိမိကိုယ်ကိုတွေးနေမိသည်။

စိတ်မကောင်းစရာကတော့ သူ၏အသိစိတ်က ခွင့်မပြု။

ရလဒ်များက တစ်ခဏလေးအတွင်း ထွက်ပေါ်လာသည်ဖြစ်ရာ စစ်ဆေးခြင်းက အလွန် လျင်မြန်စွာ ဆက်လက်နေ၏။

ရမှတ်များမှာလည်း တဖြည်းဖြည်းတိုးလာခဲ့သည်။

အဆင့်ငါးရာရောက်သောအခါ ဝိညာဉ်ချီမျှင်ပမာဏကလည်း ၇၀မျှင်အထိ ရောက်ရှိလာသည်။

အဆင့်လေးရာလောက်တွင်တော့ ဝိညာဉ်ချီမျှင်၉၀အထိရောက်ရှိလာပြီး တဖြည်းဖြည်း ၁၀၀နားကပ်လာသည်။

နောက်ဆုံး အဆင့်၃၅၀အရောက်တွင် တပည့်တစ်ဦးက ဝိညာဉ်ချီမျှင်၁၀၀ရှိနေသည်၊ သို့လင့်ကစား ထိုသူက ဝိညာဉ်သွေးကြောမဖွဲ့စည်းနိုင်သေး။

အဆင့်၃၃၃ကိုရောက်မှသာ ဝိညာဉ်သွေးကြောတစ်ခုကို ဖွဲ့စည်းနိုင်သူတစ်ဦးရှိလာသည်။

“အဲ့ဒါဘယ်သူများလဲ။ သူက ဝိညာဉ်သွေးကြောတောင်ရှိသွားပြီလား။ သူမှာ အနိမ့်တန်းဝိညာဥ်ရင်းမြစ်ပဲ ရှိတာကို၊ အရမ်းတော်လွန်းသွားပြီ။”

"အဲ့ဒီလိုလူတွေနဲ့ ငါတို့ကြား ကွာခြားချက်က တောင်ထိပ်နဲ့ တောင်ခြေလိုပါပဲကွာ။"

အချို့လူများက မထိန်းနိုင်ဘဲ တီးတိုးသံများထွက်လာ၏။ အနောက်ဘက်တွင်ရှိသည့်သူများကလည်း လည်ဆန့်ကာ မျှော်ကြည့်လာကြသည်။

တောင်သခင်က တစ်ချက်လှည့်ကြည့်လာ၏။

လူတိုင်း တိတ်ကျသွားတော့သည်။

သို့သော် သူတို့၏မျက်နှာ၌ အံ့သြမှုများရှိနေဆဲဖြစ်သည်။

သေချာပေါက်ကိုပင်၊ ဤသည်မှာ အဆင့်နိမ်ရှိသူများသာ ဖြစ်သည်။ ထိပ်ဆုံးရှိ ပါရမီရှင်များကတော့ အကြည့်တစ်ချက်တောင် စွန့်ကြဲမလာပင်။

ကျန်းဝေ့၏ပါးစပ်ထိပ်များမှာ မြင့်တက်လာရသည်။ သူ မပြုံးဘဲမနေနိုင်တော့ချေ။

ဤအမူအရာကိုကြည့်လျှင် စုယွမ်ကတော့ သူ့အလှည့်ကျလျှင် လူတိုင်းကိုအံ့သြသွားရန်လုပ်ဖို့ စောင့်ဆိုင်းနေသည်ကို သိလိုက်၏။ ဤဝိညာဉ်သွေးကြောတစ်ခုကတောင် ပွဲဆူအောင်လုပ်နိုင်လျှင် သူ၏ဝိညာဉ်သွေးကြောနှစ်ခုကတော့ အမှန်တကယ် ကျော်ကြားတော့ပေမည်။

Chapter 14

ဆက်လက်၍ တပည့် ၃၂ယောက်လောက်ကို စစ်ဆေးနေသော်လည်း ဝိညာဉ်သွေးကြောရှိသူမှာ တစ်ဦးသာရှိသေးသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဝိညာဉ်သွေးကြောဆိုသည်မှာ အောင်မြင်မှုတစ်ရပ်ဖြစ်သည်ကို သိနိုင်၏။

ကျန်းဝေ့မှာ လက်နှစ်ဖက်ကို ပွတ်သပ်လျက် အလွန် စိတ်လှုပ်ရှားနေသည့်ဟန်ပင်။

အနောက်ရှိ ကျိုးဝူယိုကတော့ အထင်သေးစွာသာ ကြည့်နေသည်။

“ဒီကောင် ဘာဖြစ်နေတာလဲ။ သာလွန်အဆင့်ကျင့်စဥ်လေးတစ်ခုရတာ မပြီးတော့ဘူးလား။ ကျင့်စဥ်မြင့်တာ ဘာလုပ်ရမှာလဲ၊ ကျင့်စဥ်၏အနှစ်သာရကိုသာ မသိရင် အဝါရောင်အဆင့်ထက်တောင် ဆိုးဦးမယ်။”

စုယွမ်က ကျန်းဝေ့ကို အားပေးသည့်ဟန် လှည့်ကြည့်လိုက်သည်။

ကျန်းဝေ့ကလည်း စုယွမ်ကို “ငါ့ကိုစောင့်ကြည့်လိုက်” ဟူသော အကြည့်တစ်ချက်သာ ပေးလာသည်။

ထို့နောက် သူ စင်မြင်ထက်လျှောက်လှမ်းသွားပြီး လက်နှစ်ဖက်လုံးဖြင့် ကျောက်စိမ်းပေါ်ဖိလိုက်သည်။

ကျောက်စိမ်းပေါ်၌ ရွှေရောင်နှင့်အစိမ်းရောင် ရောယှက်နေသောအလင်းက ခပ်မှိန်မှိန်ထွက်ပေါ်လာသည်။

ကျိုးဝူယိုလည်း ကျောက်စိမ်းပေါ်ရှိ စာသားကို မြန်မြန်ဖတ်လိုက်၏။

စာသားတစ်ကြောင်းထွက်ပေါ်လာ၏။

“ဝိညာဉ်ချီမျှင် ဆယ့်နှစ်မျှင်။”

ဤသည်မှာ ကျိုးဝူယိုကို ချက်ချင်း စိတ်သက်သာရာ ရသွားစေ၏။ သူ့တွင် ဝိညာဉ်သွေးကြောတစ်ခုတည်ဆောက်ပြီးသည့်အပြင် ဝိညာဉ်ချီမျှင် ၆၂မျှင်လည်းရှိရာ ကျန်းဝေ့ထက် အများကြီးသာသွားပြီပင်။

နောက်ရှိတပည့်များကလည်း အရမ်းမအံ့သြပေ။ ဤအဆင့်နှင့် ဤမျှနည်းသောဝိညာဉ်ချီမျှင်ရှိခြင်းက ဝိညာဉ်သွေးကြောတစ်ခုကို တည်ဆောက်နိုင်ထားသည်ကို ဆိုလိုသည်မှာ အရှင်းသာပင်။ အရင်လူများနှင့်ယှဥ်လျှင် ကျန်းဝေ့က ထူးကဲမနေပေ။

သို့သော် ဤသည်မှာ ဒုတိယစာသားထွက်ပေါ်မလာခင်ထိသာ။

“ဝိညာဉ်သွေးကြောနှစ်ခုတည်ဆောက်ပြီးစီး။”

“ဟမ်။”

တောင်သခင်ဆီမှ အာမေဋိတ်အသံပင်ထွက်ပေါ်လာလျက်၊ မျက်နှာအမူအရာမှာလည်း အံ့သြသွားသည့်ဟန် ရှိသည်။

“ဝိညာဉ်သွေးကြောနှစ်ခုတောင်လား။”

တစ်စုံတစ်ယောက်က အံ့သြတကြီးရေရွတ်လာသည်။

ကျိုးဝူယို၏မျက်နှာမှာ ၎င်းစာသားကိုဖတ်မိသည်နှင့် တောင့်တင်းသွားရလျက်၊ သူ၏အကြည့်တို့မှာ ဒုတိယစာသားတွင်သာ ခိုင်မြဲစွာရှိနေလေသည်။

ဤသည်မှာ တကယ်ကို တစ်ခုမဟုတ်၊ နှစ်ခုတောင်ပင်။

“မဖြစ်နိုင်တာ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

ကျိုးဝူယိုမှာ လွန်စွာထိတ်လန့်သွားရတော့သည်။

လူအုပ်ကြီးမှာလည်း အံ့သြသံတို့ထွက်လာ၏။ ထိပ်ဆုံးတန်းရှိပါရမီရှင်များတောင် တစ်ချက်ကြည့်လာကြလေသည်။

ထိုအချိန်တွင် ကျန်းဝေ့၏မျက်နှာကတော့ အလွန်တောက်ပလျက်၊ အလွန်ဝံ့ကြွားစွာဖြင့် ဝမ်းသာတကြီးပြုံးဖြီးနေလျက်ရှိသည်။

“မဆိုးဘူး။ မဆိုးဘူး။ ကျန်းဝေ့၊ ဟုတ်တယ်မလား။ မင်းကောင်းကောင်းကြိုးစားခဲ့တာပဲ။”

တောင်သခင်ကလည်း ချီးကျူးရန် မတွန့်ဆုတ်ပါချေ။

“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တောင်သခင်။ ကျွန်တော် နောက်ကျရင်လည်း ထပ်ကြိုးစားပါ့မယ်။”

ကျန်းဝေ့လည်း ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။

“ဟုတ်ပြီ၊ မင်း ပြန်သွားလို့ရပြီ။”

တောင်သခင်က ခေါင်းညိတ်ပြလာ၏။

ကျန်းဝေ့က စင်ပေါ်ကနေ တည်ငြိမ်စွာပင် ပြန်ဆင်းလာသည်၊ ထို့နောက် စုယွမ်ကို “မင်းမှတ်ထား”ဟူသော အကြည့်ဖြင့်ပင် ကြည့်လာသေး၏။

စုယွမ်လည်း ခေါင်းခါ၍ ခပ်ဖွဖွသာ ရယ်လိုက်ပြီး စင်ပေါ်တက်သွားလိုက်၏။ သူ ကျောက်စိမ်းပေါ်သို့ လက်တင်လိုက်သောအခါ အနွေးဓာတ်တစ်ခုမှာ သူ့ခန္ဓာထဲစီးဝင်သွားပြီး ကျောက်စိမ်းပေါ်ပြန်လည်ရောက်ရှိသွားကြောင်း ခံစားလိုက်ရသည်။

စစ်ဆေးမှုပြီးကြောင်းအတည်ပြုပြီးသည်နှင့် စုယွမ်လည်း ချက်ချင်းလက်ပြန်ရုတ်ကာ ဆင်းလာခဲ့လိုက်သည်။

တောင်သခင်မှာ ကြောင်အသွားရလျက်၊ ဤတပည့်မှာ အလွန်ဒဲ့တိုးဆန်လှသည်ဟုသာ တွေးမိသွားရသည်။

တောင်သခင်လည်း ကျောက်စိမ်းပေါ်ကြည့်လိုက်၏။

【ဝိညာဉ်ချီမျှင်၆၀မျှင်】

【ဝိညာဉ်သွေးကြောနှစ်ခုတည်ဆောက်ပြီးစီး】

“ဟမ်၊ ဒါက ... “

တောင်သခင်မှာ ဤတစ်ကြိမ်တွင် ပို၍ပင် ကြောင်အသွားရသည်။

စင်၏အဆင်းနေရာတွင် ရပ်ကာ စုယွမ်ကိုစောင့်နေသော ကျန်းဝေ့ကလည်း ထိုစာသားတို့ကို မြင်လိုက်ရသည်။ သူ့မှာ မှားဖတ်မိသည်အထင်နှင့် မျက်လုံးတို့ကို ပွတ်သပ်မိရသည်။ သို့သော် ဘယ်နှကြိမ်ပြန်ဖတ်ပါစေ၊ စုယွမ်က တကယ်ကို ဝိညာဉ်သွေးကြောနှစ်ခုတည်ဆောက်ပြီးကြောင်းသာ ရေးသားထား၏။ ထို့အပြင် သူက ဝိညာဉ်ချီမျှင်၆၀တောင် ကျန်ရှိလေသေးသည်။

ဒါက ယုတ္တိတောင်ရှိရဲ့လား။

ပုံမှန်ရောဟုတ်ရဲ့လား။

ကျန်းဝေ့၏ဦးနှောက်မှာ ရပ်တန့်သွားရ၏။ စုယွမ်တွင် အနိမ့်တန်းသုံးခုစပ်ဝိညာဥ်ရင်းမြစ်သာ ရှိလေသည်။ ထို့အပြင် ဤလူဟာ အပြင်အရင်းအမြစ်တွေလည်းမရှိ။ သူက ပုံမှန်အားဖြင့် တစ်နေကုန် ကျမ်းဂန်ခန်းမတွင် အိပ်လျှင်အိပ်၊ မအိပ်လျှင် စာကြည့်တိုက်တွင်သာ အချိန်ဖြုန်းတတ်သူဖြစ်၏။ ညအိပ်ချိန်ပါ လျော့တွက်လိုက်လျှင် သူ့တွင် ကျင့်ကြံချိန်မည်မျှရှိသေးလို့နည်း။ သူ့တွင်ရှိသည့်ကျင့်စဥ်ကလည်း အဝါရောင်အဆင့်သာရှိကာ ကျန်းဝေ့ထက်နိမ့်ပေသည်။

ဤသည်တောင်မှ စုယွမ်က သူ့ထက် ကျင့်ကြံနှုန်းမြန်နေခဲ့သည်။ ဤအချင်းအရာက တကယ့်ကို ... သူ့အား စိတ်ဓာတ်ပြိုလဲသွားစေ၏။

သူ ရုတ်တရက် လွန်ခဲ့သည့်ငါးရက်က စုယွမ်က သူ့ကိုပြောခဲ့တာကို မှတ်မိသွားရသည်။ ထိုအချိန်ကတည်းက စုယွမ်က ဝိညာဉ်သွေးကြောနှစ်ခုကို တည်ဆောက်နိုင်သွားသည့်ပုံပင်။ သူ အနှီလူရှေ့တွင် တစ်ချိန်လုံးကြွားဝါးနေသော်လည်း စုယွမ်က ပြုံးလျက် ရံဖန်ရံခါ သဘောတူတတ်ကြောင်း ပြန်တွေးမိလျှင် သူ့မှာ မထိန်းနိုင်စွာ ရှုံ့မဲ့သွားရတော့၏။

သူသည်သာမက လူအများကြီး အံ့သြသွားရတာပင်။

ကျန်းဝေ့က အရင်ဆုံးစံချိန်ကို ချိုးနိုင်သူဖြစ်လင့်ကစား စုယွမ်အပေါ် လူများ၏အံ့သြမှုက အနည်းငယ်မှ လျော့ကျမသွားပေ။ ကျိုးဝူယိုမှာ မျက်လုံးများ ကျွတ်ကျမတတ်ပင်၊ သူ့မှာ တစ်ရက်တည်းတွင်ပင် နှစ်ကြိမ်လောက် မျက်လုံးများပြာသွားရသည်။

“သူ့နာမည်ဘာတဲ့လဲ။”

“စုယွမ်တဲ့။ ငါသူ့ကို ကျမ်းဆောင်ခန်းမမှာ ခဏခဏမြင်ဖူးတယ်။”

“ဟုတ်လား။ ငါလည်း သူ့ကိုခဏခဏမြင်ဖူးတာ။ မင်းက သစ်သားဝိညာဉ်ရင်းမြစ်မဟုတ်ဘူးလား။”

“ဟမ်၊ မင်းလည်းတွေ့ဖူးတာလား။”

လူအနည်းငယ်မှာ ခဏလောက် စကားများဖလှယ်ပြီးနောက် အားလုံး၏အမူအရာမှာ ရှုပ်ထွေးခြင်း၊ အံ့သြခြင်းများဖြင့် ပြည့်သွားရသည်။

တောင်သခင်က ချောင်းဟန့်လိုက်၏။ လူအုပ်ကြီးမှာလည်း ပြန်တိတ်သွားတော့သည်။

“နောက်တစ်ယောက်။”

တောင်သခင်က နှိုးဆော်လိုက်သည်။

စုယွမ်နောက်ရှိ တပည့်မှာ အသိပြန်ဝင်လာပြီး စင်ပေါ်သို့တက်သွားတော့၏။

တောင်သခင်မှာ စုယွမ်၏ကျောပြင်ကို ကြည့်ရင်း မှတ်ဥာဏ်များထဲ စွဲထင်သွားလေ၏။ သူသည် စုယွမ်၏နောက်ခံရော အထုံပါရမီကိုပါသိ၏။ ဤအနေအခြေသို့ရောက်ရန် တစ်ခုတည်းသောဖြစ်နိုင်ချေမှာ မြင့်မားလွန်းသော နားလည်သဘောပေါက်နိုင်စွမ်းသာ ရှိတော့သည်။

ထိုသူက နားလည်နိုင်စွမ်းအရမ်းကောင်းတဲ့ဥာဏ်ကြီးရှင်များဖြစ်နေမလား။

ထိုသို့သော ဥာဏ်ကြီးရှင်များ၏တန်ဖိုးမှာ အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များထက် အနည်းငယ်မျှ လျော့နည်းမနေပါချေ။

တောင်သခင်လည်း စုယွမ်၏အမည်ကို တိတ်တဆိတ်မှတ်သားကာ အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များနှင့် တစ်တန်းတည်းသတ်မှတ်ထားလိုက်၏။

【ဒင် ကျော်ကြားမှုအမှတ် +1】

【ဒင် ကျော်ကြားမှုအမှတ် +1】

【ဒင် ကျော်ကြားမှုအမှတ် +1】

【ဒင် ကျော်ကြားမှုအမှတ် +2】

【ဒင် ကျော်ကြားမှုအမှတ် +5】

မျက်စိတစ်မှိတ်တွင်း စုယွမ်၏စနစ်မှာ ငါးကြိမ်တိုင် အသိပေးချက်ဝင်လာခဲ့၏။ သူ၏စုစုပါင်းကျော်ကြားမှုအမှတ်မှာလည်း ၁၃ ထိရောက်ရှိလာတော့သည်။

စုယွမ်လည်း ရှုပ်ထွေးသွားရသည်။ ဤကျော်ကြားမှုအမှတ်များမှာ တကယ်ပဲ မည်သို့ အလုပ်လုပ်ပါသနည်း။

စုယွမ်လည်း ခေါင်းခါလိုက်ပြီး အာရုံမထားရန် ဆုံးဖြတ်လိုက်သည်။

စုယွမ် ကြောင်အနေဆဲဖြစ်သော ကျန်းဝေ့ကို သတိပေးလိုက်သည်။

“သတိဝင်စမ်း။”

စုယွမ် တိုးတိုးလေးဆိုလိုက်သည်။

ကျန်းဝေ့မှာ အသိပြန်ဝင်လာပြီး စုယွမ်ကို စိုက်ကြည့်လာလျက် တီးတိုးဆိုလာ၏။

“ငါ့ကို ပြောပြစမ်းပါ။ မင်းလျှို့ဝှက်ချက်က ဘာလဲ။ ငါ ဝိညာဉ်ကျောက်တုံးတွေ ပေးပါ့မယ်ကွာ။”

စုယွမ် ကူရာမဲ့သွားရ၏။

ဘာလျှို့ဝှက်ချက်လဲ။ စနစ်ရှိတာကို ထည့်တွက်လို့ရလား။

“ကြည့်ရတာ ငါက ဒီကျင့်စဥ်နဲ့အရမ်းသင့်တော်နေလို့နေမှာပေါ့။ စကားမစပ် ငါက အခုဆို ဒီကျင့်စဥ်အရဆိုရင် ငါက အနိမ့်တန်းအောင်မြင်ခြင်းအဆင့်မှာ ရှိနေရမှာ။”

စုယွမ် ပြောလိုက်သည်။

ကျန်းဝေ့၏မျက်လုံးများမှာ ထပ်ကျယ်သွားရသည်။

“အနိမ့်တန်းအောင်မြင်မှုအဆင့်တဲ့လား။ မင်းလာနောက်နေတာလား။ ငါတောင် ဝင်ခွင့်အဆင့်ပဲရှိသေးတာ။ အဲ့ဒါပြီးရင် အခြေခံအောင်မြင်မှုအဆင့်၊ ပြီးမှ အနိမ့်တန်းအောင်မြင်မှုအဆင့်လာတာလေ။ မင်းဘယ်လိုတောင်ကျင့်ကြံနေတာလဲဟ။”

“ငါလည်းမသိဘူးလေ။ ငါက ဒီအတိုင်းနားလည်သွားတာပဲ။ ငါပြောတာ မင်းသိတယ်မလား။”

စုယွမ်၏မျက်နှာ၌ ကူရာမဲ့မှုများပြည့်နေလေ၏။ သူ တကယ်ကို မလိမ်ချင်ပါပေ။

တောင်သခင်၏နားရွက်မှာ တစ်ချက်တုန်ခါသွား၏။ သူ စုယွမ်၏အမည်ကို ပြန်ယူ၍ ထိပ်ဆုံးရှိ ထိပ်တန်းဝိညာဉ်ရင်းမြစ်ပိုင်ရှင်နှစ်ဦး၏နောက်တွင်သာ ပြန်မှတ်ထားလိုက်တော့သည်။

All Chapters