အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
Chapter 15: ပထမအကြိမ်စစ်ဆေးမှု ပြီးဆုံးခြင်း။
စုယွမ်လည်း လူတန်းဆီပြန်သွားလိုက်၏။ ဘေးပတ်လည်ရှိ တပည့်များမှာ သူနှင့်ကျန်းဝေ့ကို ခဏခဏ လှည့်ကြည့်လာကြသည်။
ထိုသူများကြား ကျိုးဝူယိုမှာ စုယွမ်ကို မြဲမြံစွာစိုက်ကြည့်နေလျက်၊ သူ၏အမူအရာအမျိုးမျိုးပြောင်းနေပုံမှာ ဘာတွေတွေးနေသလဲကို ခန့်မှန်း၍မရပါချေ။
ကျန်းဝေ့က စုယွမ်ဆီမှာ အနိုင်းပိုင်းခံလိုက်ရသော်ငြား သူက မိမိကိုယ်ကိုကျေနပ်နေဆဲ၊ ခေါင်းကိုမြင့်မြင့်မော့ကာ ဘေးပတ်လည်ရှိလူတို့အား အပြုံးအပြည့်ဖြင့် စကားပြောနေသည်။
ဆန့်ကျင့်ဖက်အားဖြင့် စုယွမ်ကတော့ ခေါင်းကိုသာအနည်းငယ်ငုံ၍ သိုသိပ်စွာသာ နေလိုဟန်ပြသည်။
ဤသို့ဖြင့် မသိလိုက်ဘာသာနှင့် ကျန်းဝေ့က စုယွမ်ဆီသို့ကျရောက်နေသော အာရုံစိုက်မှုများကိုပါ သိမ်းယူသွားလေသည်။
စင်မြင့်ထက်တွင်မူ စစ်ဆေးမှုက ဆက်လက်နေဆဲ။
စုယွမ်ပြီးနောက် တပည့်များမှာ ဝိညာဉ်သွေးကြောတစ်ခုကိုသာ အများဆုံးတည်ဆောက်နိုင်ကြသည်။ ယေဘုယျအားဖြင့် သုံးယောက်လျှင် တစ်ယောက်သာ ဝိညာဉ်သွေးကြောတစ်ခုတည်ဆောက်နိုင်ပြီး ဝိညာဉ်သွေးကြောနှစ်ခုကတော့ ယခုထက်ထိ အသစ်တစ်ယောက်မရှိသေးပေ။
ဤသည်မှာ အဆင့်၁၈၀မရောက်ခင်ထိသာ။ ထိုတပည့်က ဝိညာဉ်သွေးကြောနှစ်ခုတည်ဆောက်နိုင်ထား၏။ သို့သော် အနှီလူမှာ အလတ်တန်းသုံးခုစပ်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်ဖြစ်လေရာ ထူးခြားပြီးအံ့သြစရာမဟုတ်ခဲ့။
အလတ်တန်းသုံးခုစပ်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်တစ်ဦးက ဝိညာဉ်သွေးကြောနှစ်ခုတည်ဆောက်နိုင်ခဲ့လျှင် တော်သည့်အထဲ ပါသည်။ သို့သော် ယင်းမှာ “တော်သည်” ဟူသော အတိုင်းအတာထိသာ။
ဤအတိုင်းဆက်ဖြစ်ပါက စုယွမ်နှင့်ကျန်းဝေ့တို့နှစ်ဦးမှာ ထိပ်ဆုံးနှစ်ရာဝင်ရန် သေချာသွားပြီဖြစ်ပြီး အပြင်ဆောင်တပည့်ဖြစ်ရန်လည်း ပိုမိုနီးကပ်လာလေပြီ။
ကျန်းဝေ့၏မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ကျယ်ပြန့်လာရသည်။ စုယွမ်က သူ့ကိုထိ၍ လှမ်းသတိပေးလိုက်သည်။
“အရမ်းဘဝင်မြင့်မနေနဲ့ဦး။ ထိပ်တန်းဝိညာဉ်ရင်းမြစ်ပိုင်ရှင်တွေ အလှည့်တောင် မရောက်သေးဘူး။ အရမ်းမြင့်နေရင် သူတို့အလှည့်ရောက်မှ စိတ်ဓာတ်ကျနေရမယ်။”
ကျန်းဝေ့က မျက်ခုံးတစ်ဖက်ပင့်ကာ ဆိုလာသည်။
“သူတို့က ထိပ်တန်းဝိညာဉ်ရင်းမြစ်ရှိတော့ဘာဖြစ်လဲ။ သိပ်မကြာဘူး၊ ငါလိုက်မှီတော့မှာပဲကို။”
သူ၏လေသံမှာ မိမိကိုယ်ကိုယုံကြည်မှုများဖြင့်ပြည့်နှက်နေလေသည်။
စုယွမ်လည်း ပြောစရာပျောက်ရှသွားရသည်။
အဆင့်ပို၍မြင့်လာလေလေ လူတိုင်းမှာ အနည်းဆုံးတော့ ဝိညာဉ်သွေးကြောတစ်ခုပိုင်ဆိုင်ထားကြပြီး ဝိညာဉ်သွေးကြောနှစ်ခုပိုင်ဆိုင်နှုန်းမှာ မြင့်လာ၏။
ကျန်းဝေ့၏မျက်နှာထက်၏အပြုံးမှာ တဖြည်းဖြည်း လွှင့်ပြယ်လာလျက်၊ သို့သော် သူ မိမိကိုယ်ကိုကတော့ ယုံကြည်ချက်ရှိနေဆဲပင်။
နောက်ဆုံးအလတ်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်ဖြစ်သူ အဆင့်၅၀တောင်မှ ဝိညာဉ်သွေးကြောနှစ်ခုသာ ပိုင်၏၊သို့သော် ထိုသူ့တွင် ဝိညာဉ်ချီမျှင်ပေါင်း သုံးရာကျော်ရှိနေသည်။
ကျန်းဝေ့လည်း မိမိနှင့်ထိုအလတ်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်များထဲထိပ်ဆုံးဖြစ်သူ၏ကြားထဲတွင် နှစ်ဆလောက်သာ ကွာသည်ဟု တွေးလိုက်သည်။
ထို့အပြင် အဆင့်အရဆိုလျှင် သူ ၁၄၃ယောက်မြောက်ဖြစ်သွားပြီး ထိပ်ဆုံး၁၅၀အတွင်းဝင်သွားပြီဖြစ်သည်။
စုယွမ်ကတော့ သေချာပေါက်ပို၍မြင့်၏၊ သူက အဆင့်၁၈၈ ရရှိခဲ့သည်။
ဤအဆင့်မှာ စုယွမ်ကို အနည်းငယ်ကူရာမဲ့စေ၏။ သူသည် အနိမ့်စားဝိညာဥ်ရင်းမြစ်သာရှိရာ ဤသည်မှာ အနည်းငယ်ထင်ပေါ်နေသလို ခံစားရသည်။
အဆင့်၄၉အလှည့်ရောက်သော် ပထမဆုံးအဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်က စင်မြင့်ပေါ်သို့ရောက်ရှိလာသည်။
လူတိုင်းက စူးစိုက်ကြည့်နေကြ၏။
ဤသည်မှာ ပထမဆုံး အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်ဖြစ်သည်။
ကျောက်စိမ်းရှိအလင်းတန်းမှာ လျင်မြန်လင်းထွက်လာပြီး အလင်းရောင်မှာလည်း သိသိသာသာတောက်ပနေသည်။
ကျန်းဝေ့ ကျောက်စိမ်းပေါ်ရှိ စာကိုဖတ်လိုက်သည်။
【ဝိညာဉ်ချီမျှင်၁၂၀】
【ဝိညာဉ်သွေးကြောသုံးခုတည်ဆောကပြီးစီး】
【ချီစုဆောင်းခြင်းအဆင့်တစ်】
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
ကျန်းဝေ့၏မျက်လုံးတို့ ပြူးကျယ်သွားရသည်။
“ဒါကြီးက ငါ့ထက် သုံးဆလောက်တောင်မြန်နေတာပဲ။”
ဝိညာဉ်သွေးကြောနှစ်ခုဆိုသည်မှာ သုံးခုနှင့်ယှဥ်လျှင် ဘာမှမဟုတ်တော့ပါပေ။ ၎င်းတို့နှစ်ခုကြားကွာခြားချက်မှာ အလွန်ကြီးမား၏။ စုယွမ်ကတော့ မအံ့သြမိပေ။ သူ ဝိညာဉ်ရင်းမြစ်များ၏စွမ်းရည်ကွာခြားချက်ကို ခန့်မှန်းထားပြီးသားဖြစ်သည်။ ၎င်းတို့မှာ အကြမ်းအားဖြင့် သုံးဆမျှကွာခြားလောက်မည်။ ဝိညာဉ်ရင်းမြစ်အရေအတွက်သာ တူညီပါက အလတ်တန်းအဆင့်က အနိမ့်တန်းအဆင့်ထက် သုံးဆမြင့်ပြီး အမြင့်တန်းကမူ အလတ်တန်းထက် သုံးဆပိုမြင့်ပေမည်။
ကျန်းဝေ၏နှုန်းမှာ အလတ်တန်းဝိညာဥ်ရင်းမြစ်များနှင့်ယှဥ်၍ရပေရာ အဆင့်မြင့်ဝိညာဉ်ရင်းမြစ်၏အောက်ဆုံးဖြစ်သူက သူ့ထက် သုံးဆပိုမြင့်မည်မှာ ပုံမှန်သာဖြစ်၏။
သို့သော်လည်း ထိုအမြင့်တန်းဝိညာဉ်ရင်းမြစ်ပိုင်ရှင်မှာ စိတ်ချမ်းသာနေဟန်မပေါ်၊ အလွန်စိတ်ပျက်နေသည့်ပုံဖြင့် ပြန်ဆင်းလာသည်။
ကျန်းဝေ့က တိုးတိုးလေးကပ်ပြောလာသည်။
“သူ့ကြည့်ရတာ မပျော်သလိုပဲ။”
“သူ့မှာက အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ရှိတာလေ။ သူက သေချာပေါက် သူ့နဲ့အဆင့်တူရှိတဲ့သူတွေနဲ့ပဲ ပြိုင်မှာပေါ့၊ မင်းအဆင့်နဲ့ယှဥ်မလား။”
စုယွမ် ရှင်းပြလိုက်သည်။
“သူ့ထက် မြင့်တာတွေရှိသေးတာလား။”
ကျန့်ဝေ့၏မိမိကိုယ်ကိုယုံကြည်မှုလေးမှာ အနည်းငယ်အက်ရှသွားရသည်။
အဆင့်၄၈က စင်ပေါ်တက်၍ ကျောက်စိမ်းတုံးကို ထိလာသည်။ ထိုသူမှာ ဝိညာဉ်သွေးကြောသုံးခုနှင့် ဝိညာဉ်ချီမျှင်နှစ်ရာရှိကြောင်းထွက်ပေါ်လာသည်။
“သောက်ကျိုးနည်း။”
ကျန်းဝေ့မှာ ခပ်တိုးတိုးသာ ကျိန်ဆဲမိတော့သည််။
သို့လင့်ကစား စုယွမ်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။
အဆင့်၁၅သို့ရောက်မှသာ အပြောင်းအလဲထပ်မံပေါ်လာတော့သည်။
【ဝိညာဉ်ချီမျှင်၂၈မျှင်】
【ဝိညာဉ်သွေးကြောလေးခုတည်ဆောက်ပြီးစီး】
【ချီစုဆောင်းခြင်းအဆင့်၂】
“ဘယ်လိုသတ္တဝါလဲဟ။ ဒါက အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ကြောင့်ပဲလား။”
ကျန်းဝေ့၏မျက်ဝန်းထဲ ထိတ်လန့်မှုတစ်ရပ်ပေါ်ပေါက်လာ၏။
“စိတ်ကိုလျော့။ ဒါက အစပဲရှိသေးတယ်။”
စုယွမ်ပြောလိုက်သည်။
ကျန်းဝေ့မှာ စုယွမ်ကို အံ့သြစွာ လှည့်ကြည့်မိရ၏။ သူ့မှာ စုယွမ်က တကယ်ကိုတည်ငြိမ်နေကြောင်း သိလိုက်ရသည်။ဝိညာဉ်သွေးကြောသုံးခုဖြစ်စေ၊လေးခုဖြစ်စေ စုယွမ်က ကြောက်ရွံမှုရော၊ အံ့သြမှုရောကိုမပြ။
သူအစကတော့ သူ၏ကိုယ်ပိုင်စိတ်ခံနိုင်ရည်မှာ အလွန်တရာကောင်းမွန်လှသည်ဟုထင်ခဲ့သည်။ သို့သော် ယခုအခိုက်အတန့်တွင် စုယွမ်၏စိတ်နှလုံးမှာ သူ့ထက် အဆများစွာ ပို၍ကြံ့ခိုင်လှကြောင်း သိရှိသွားရ၏။ ဤသို့သော တည်ငြိမ်မှုနှင့်မတုန်လှုပ်မှုမှာ လူတစ်ယောက် တုပယူနိုင်သောအရာမဟုတ်ပေ။ သူသည် စုယွမ်၏ကိုယ်ထဲ၌ သူ၏အစ်ကိုဖြစ်သူပင် မြင်လာရသလို ခံစားလာရသည်။ သို့သော် ထူးဆန်းသည်က သူ၏အစ်ကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီးသားသူဖြစ်နေ၏။
စုယွမ် ကျန်းဝေ့ကို စိတ်ရှုပ်သွားဟန် ပြန်လှည့်ကြည့်လာသည်။
“ဘာဖြစ်လို့လဲ။ ဘာလို့ စိုက်ကြည့်နေတာလဲ။”
“အာ၊ ဘာမှမဟုတ်ပါဘူး။”
ကျန်းဝေ့မှာ ကြောင်တောင်တောင်သာ ရယ်ပြလိုက်သည်။ သူ၏စိတ်အခြေအနေဟာလည်း အနည်းငယ်ပိုကောင်းလာခဲ့၏။
စုယွမ် ကျန်းဝေ့က အနည်းငယ်ထူးဆန်းနေကြောင်း ခံစားမိသည်။ သို့သော် သူလည်း အသေးစိတ်ဂရုမစိုက်နိုင်သေး၊ ပွဲကိုသာ ဆက်ကြည့်နေမိ၏။
ငါ ငါးရက်လောက်နားပြီး စွမ်းရည်ကိုသုံးရင်တောင် ဒီထိပ်တန်းအဆင့်တွေကို ယှဥ်နိုင်ပါ့မလား။
မှန်ပေသည်။ စုယွမ်က ငါးရက်တိုင်တိုင် ယခုထိ မကျင့်ကြံရသေးပေ။
အစပထမကတော့ သူ့ခန္ဓာကိုယ်တွင် ဝိညာဉ်ချီမျှင်၂၈မျှင်သာ ကျန်ရှိခြင်းဖြစ်သော်လည်း ဝိညာဉ်သွေးကြောမှ အလိုအလျောက်ထောက်ပံ့ပေးလာသောချီစွမ်းအင်တို့က ဝိညာဉ်ချီမျှင်၆၀အထိ ပြည့်သွားစေခြင်းဖြစ်၏။ ဤသို့ ချီပြည့်တင်းမှုမှာ သေချာပေါက်ကို ပုံမှန်မဟုတ်၊ တစ်နေ့လျှင် ဝိညာဉ်ချီမျှင်၆မျှင်တောင် ပြည့်စေသည်ဆိုသည်ကား သာမန်အနိမ့်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်တစ်ဦးအတွက်တော့ အသဲအသန်အားထုတ်ကြိုးစားမှသာလျှင် ဖြစ်နိုင်၏။
သူ အတွေးနက်စဥ်တွင်ပင် စစ်ဆေးမှုမှာ ဆက်လက်ဖြစ်ပွားနေရာ မကြာခင်မှာပင် အဆင့်၃ရှိသူအလှည့် ရောက်ရှိလာသည်။ အနှီလူကလည်း အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ရှိသူဖြစ်၏၊ သို့သော်မတူညီသည်ကား ယင်းရင်းမြစ်က စွမ်းအင်တစ်ခုသာပါရှိသော သီးသန့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်ဖြစ်နေခြင်းပင်။
【ဝိညာဉ်ချီမျှင်၁၂၇၈မျှင်】
【ဝိညာဉ်သွေးကြောလေးခုတည်ဆောက်ပြီးစီး】
【ချီစုဆောင်းခြင်းအဆင့်နှစ်】
“ဒီလောက်ကြီးက ... “
ကျန်းဝေမှာ တိတ်တဆိတ်သာရေရွတ်မိလျက် သူ၏လေသံမှာလည်း အနည်းငယ်ချဥ်တူးလာရတော့သည်။
စုယွမ်လည်း အလွန်အံ့သြသွားရသည်။ ဤရလဒ်မှာကား တကယ်ကို လောကနိယာမကိုဆန့်ကျင်နေသည်ဟုပင် ပြော၍ရသည်။ ဆယ်ရက်တာဟူသော အချိန်တိုလေးအတွင်း ဝိညာဉ်သွေးကြောလေးခုနှင့် ချီစုဆောင်းခြင်းအဆင့်နှစ်သို့ရောက်ရှိမှာ မယုံနိုင်ဖွယ်ရာသာ။ အလတ်တန်းစားဝိညာဉ်ရင်းမြစ်နှင့် တကယ်ကိုယှဥ်မရပေရာ အနိမ့်တန်းစားဝိညာဥ်ရင်းမြစ်သာဆိုပါက အရိပ်တောင်မမှီနိုင်ပေ။
နောက်ဆုံးအဆင့်ရှိတပည့်၏မျက်နှာမှာ စိမ်းဖန့်ဖန့်ပင်ဖြစ်လာရ၏၊ ဝိညာဉ်ချီမျှင်အရေအတွက်ကတောင် သူ့ထက် ၂ဆဖြစ်နေသေးလေသည်။
ဤကွာဟချက်ကြီးမှာ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာပင်။
Chapter 16
“လျှိုမုဝမ်၊ တက်လာခဲ့။”
တောင်သခင်က ထိပ်တန်းဝိညာဉ်ရင်းမြစ်ရှိသူလျှိုမူဝမ်ကို ပြုံးလျက် ခေါ်သည်။
“ဟုတ်။”
မိန်းမပျိုလေးမှာ ခပ်ဖွဖွလေးပြုံးလျက် အောက်ကွင်းပြင်မှ စင်မြင့်ထက် ခုန်တက်လာသည်။
ကျန်းဝေ့၏အမူအရာမှာ ပြောင်းလဲသွားရသည်။
“ဒါက အခြေခံမန္တန်၊ ကိုယ်ဖော့ကျင့်စဥ်လား။ သူမက မန္တန်တွေတောင်တတ်နေပြီလား။”
စုယွမ် တွေးနေမိသည်။ ဤကွာဟချက်ကြီးမှာ တကယ်ကိုကြီးမားလှ၏။ သူဆိုလျှင် မန္တန်ကိုကျင့်ရန်မပြောနှင့်၊ မြင်တောင်မမြင်ဖူးသေးပေ။ မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်တွင်ပါဝင်သော မန္တန်ကလည်း သုံးခုသာရှိပြီး ပထမဆုံးတစ်ခုကိုတောင် ချီစုဆောင်းခြင်းအဆင့်သုံးရောက်မှသာ စတင်ကျင့်ကြံနိုင်ပေမည်။
ကျောက်စိမ်းတုံးမှာ တောက်ပသည့်အလင်းတန်းထွက်ပေါ်လာ၏။
ရွှေရောင်စာသားမှာ ကျောက်စိမ်းပေါ်တွင် ပေါ်လာသည်။
【ဝိညာဉ်ချီမျှင်၂၈၁၅မျှင်】
【ဝိညာဉ်သွေးကြော၆ခု တည်ဆောက်ပြီးစီး】
【ချီစုဆောင်းခြင်းအဆင့်နှစ်】
“ဟာ။”
လူထုများအကြား ထိတ်လန့်တကြားအသက်ရှိုက်မိသံမှာ ထွက်ပေါ်လာလျက် ကြွပ်ကြွပ်ညံသွားတော့သည်။
လျှိုမူဝမ်က စံနှုန်းကို တစ်ဆင့်တည်းဖြင့် ဝိညာဉ်သွေးကြော၆ခုထိမြင့်အောင် မြှင့်လိုက်တာပင်။
ဝှက်ဖဲရှိနေလျှင်တောင်မှ အခြေခံကန့်သတ်ချက်များရှိနေဦးပေမည်။
စုယွမ်ဆိုလျှင် စနစ်ဟူသောဝှက်ဖဲရှိသော်ငြား ချီစုဆောင်းနိုင်သည့်အချိန်အကန့်အသတ်ရှိ၏။ သို့သော် ဤသည်မှာ ထိပ်တန်းဝိညာဉ်ရင်းမြစ်ရှိသူများအတွက်တော့ အရေးမပါသည်လား။
ရုတ်တရက် စုယွမ်တွေးမိသွားရသည်။ လျှိုမူဝမ်မှ ဝိညာဉ်သွေးကြောတစ်ခုဖွင့်လှစ်ရန် လိုအပ်သည့်ချီစွမ်းအင်က အလွန်နည်းပါးနေခြင်းသာ ဖြစ်ရချေမည်။
သူတောင်မှ ကျင့်စဥ်အပေါ်သဘောပေါက်နားလည်မှုကြောင့် ချီစွမ်းအင်သုံးစွဲမှုကို ဆယ်ရာခိုင်နှိုင်းမှာ လျော့ချနိုင်လျှင် လျှိုမူဝမ်၏ထိပ်တန်းမြေကမ္ဘာအဆင့်ကျင့်စဥ်ဆိုပါက ထက်ဝက်ကို လျော့ချနိုင်လောက်မည်သာ။
ကွာခြားချက်မှာ အလွန်ကြီးမားနေရုံသာ။
စုယွမ် တစ်ကိုယ်တည်း ရေရွတ်မိတော့သည်။ ဤသည်မှာ သူ့ကို စိတ်သက်သာရာရစေသည်။ ဤသို့ယှဥ်လိုက်လျှင် သူ၏ဝိညာဉ်သွေးကြောနှစ်ခုဖွင့်လှစ်နိုင်ခြင်းသည်ကား ဘာမှမဟုတ်တော့။ အလွန်ကို လူမသိသူမသိလေးသာ ဘဝကိုဖြတ်သန်းချင်းသော စုယွမ်မှာ ဤသို့ဖြင့် တိတ်တဆိတ်ကျေနပ်သွားခဲ့ရသည်။
သို့သော် စုယွမ်မှာ တောင်သခင်၏အကဲဖြတ်မှုတွင်မူ သူက လျှိုမုဝမ်အောက်တစ်ဆင့်သာနိမ့်လေကြောင်းကို မသိပေ။ ဝိညာဉ်သွေးကြောလေးခုတည်ဆောက်ပြီးခဲ့သော အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်ကိုတွေ့သည်တောင်မှ တောင်သခင်က ယင်းအဆင့်သတ်မှတ်ချက်ကို မပြောင်းလဲသေးချေ။
တောင်သခင်၏အမြင်၌ စုယွမ်၏ဝိညာဉ်သွေးကြောနှစ်ခုမှာ ထိုထိပ်တန်းဝိညာဉ်ရင်းမြစ်ပိုင်ရှင်၏လေးခုထက် ပိုသာလွန်၏။ စုယွမ် လျှိုမူဝမ်နှင့် ဘယ်လောက်ကွာနေသလဲကတော့ တောင်သခင်သာ သိရှိပေမည်။
အဆုံးသတ်တွင် နောက်ဆုံးလူဖြစ်သော ယဲ့ပိဖန်အလှည့်ရောက်ရှိလာသည်။ ယဲ့ဖိဖန်၏မျက်နှာ၌ အပြုံးခပ်ရေးရေးပေါ်လာပြီး စင်မြင့်မှပြန်ဆင်းသက်လာသော လျိုမူဝမ်ဆီ လျှောက်သွားသည်။
“ဒီတစ်ကြိမ်တော့ ငါပဲ ထိပ်ဆုံးနေရာကို ယူလိုက်ဦးမယ်နော်။”
ယဲ့ပိဖန်က လျှိုမုဝမ်ထံသို့ အသံလွှင့်လိုက်သည်။
လျှိုမုဝမ်၏သိမ်မွေ့လှသောမျက်ခုံးတို့မှာ အနည်းငယ်ပင့်မြောက်သွားပြီး သူမလည်း ယဲ့ပိဖန်၏ရလဒ်ကို စောင့်ကြည့်နေလိုက်သည်။
ယဲ့ပိဖန်က ကျောက်စိမ်းတုံးပေါ်သို့ လက်နှစ်ဖက်လုံးတင်လိုက်ရာ စာသားတို့ထွက်ပေါ်လာ၏။
【ဝိညာဉ်ချီမျှင်၂၂၃၀မျှင်】
【ဝိညာဉ်သွေးကြော ၇ခုတည်ဆောက်ပြီးစီး】
【ချီစုဆောင်းခြင်းအဆင့်သုံး】
“ဝိညာဉ်သွေးကြော၇ခုတဲ့လား။”
လျှိုမုဝမ်၏မျက်ခုံးအစုံမှာ အနည်းငယ်တွန့်ချိုးသွားရသည်။
ဝိညာဉ်သွေးကြော၇ခုဟူသော ရလဒ်ထွက်ပေါ်လာသည်နှင့်...
လူထုကြီးမှာ အကုန်တိတ်ကျသွားလျက်။ လူတိုင်းမှာ မယုံနိုင်စွာဖြင့် ယဲ့ပိဖန်ကိုသာ ကြောင်အစွာ စိုက်နေနေနိုင်သည်။
ဤသည်မှာ ချီစုစည်းခြင်းအဆင့်သုံးပါပေ။
ကမ္ဘာကြီးတစ်ခုလောက် ကွာခြားပေ၏။
သူနှင့်သာယှဥ်လိုက်ပါက အခြားသူများမှာ ပြိုင်ရန်တောင် အဆင့်မမီတော့။
တောင်သခင်က ပြုံးလျက် ခေါင်းညိတ်လာ၏။
“ကောင်းတယ်။”
ယဲ့ပိဖန်က အနည်းငယ်ခပ်ယဲ့ယဲ့သာ ပြုံးပြလျက် အလွန်နှိမ့်ချစွာ ဆိုလာသည်။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တောင်သခင်လန်။”
တောင်သခင်လည်း ခေါင်းညိတ်လိုက်သည်၊ ထို့နောက် အားလုံးကို ကြည့်၍ ပြောလိုက်သည်။
“ဒီနေ့စစ်ဆေးမှုက ဒီမှာပဲပြီးသွားပြီ။ မတ်လအဆုံးမှာ စစ်မယ့် နောက်ဆုံးစစ်ဆေးမှုကလွဲလို့ ကြားထဲမှာ ဘာမှထပ်စစ်ဆေးတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ ကိုယ့်နေရာကိုယ်သေချာသိသင့်တယ်။ ငါထပ်မပြောတော့ဘူး။ လူစုခွဲမယ်။”
လူအုပ်ကြီးမှာ အဖွဲ့ငယ်များအဖြစ် အသီးသီးစုဝေးသွားကြသည်။
စုယွမ်လည်း ကျန်းဝေ့နှင့်အတူထွက်လာခဲ့သည်။
လမ်းတွင် နှစ်ဦးသား ဦးတည်ရာကိုယ်စီ ခွဲထွက်လိုက်ကြ၏။ စုယွမ်က ကျမ်းဂန်ခန်းမဆီ အတန်းတတ်ရန် သွားမည်ဖြစ်ပြီး ကျန်းဝေ့ကတော့ ပြန်၍ရေကုန်ရေခမ်းလေ့ကျင့်တော့မည်ပေ။
စုယွမ် တစ်ယောက်တည်းဆက်လျှောက်လာခဲ့သည်။ သူ တောအုပ်တစ်ခုကိုရောက်သောအခါ လူတစ်ယောက်ပေါ်လာပြီး လမ်းလာပိတ်၏။
“ဟမ်၊ ကျိုးဝူယိုလား။”
စုယွမ် ကျိုးဝူယို တည်ငြိမ်စွာသာ စိုက်ကြည့်လိုက်သည်။
ထိုသူ့၏နောက်တွင်ရှိနေသော တပည့်များမှာ ရှစ်ယောက်ထက်မနည်းပါပေ။
သူ ကျိုးဝူယိုက သူ့လမ်းကိုဖြတ်ပိတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျိုးဝူယိုက အမူအရာမဲ့စွာဖြင့် တစ်ယောက်တည်းရှေ့တိုးလာ၏။
စုယွမ် မျက်မှောင်ကြုတ်ကာ သူဘာလုပ်မည်ကို စောင့်ကြည်လိုက်သည်၊ တစ်ပါးတည်း ထွက်ပြေးရန်လမ်းကိုလည်း ရှာထားလိုက်သည်။
“ငါ့ကိုယ်ငါ ပြန်မိတ်ဆက်ပါရစေ။ ကျိုးဝူယို၊ ကျိုးမိသားစုရဲ့တိုက်ရိုက်ဆက်ခံသူပဲ၊ အနိမ့်တန်းသုံးခုစပ်ဝိညာဥ်ရင်းမြစ်ရှိတယ်။ ငါရဲ့မိသားစုက ဆေးဝါးလုပ်ငန်းကိုလုပ်ကိုင်တယ်။”
ကျိုးဝူယိုက ပြောလာ၏။
စုယွမ်မှာ ဤအရာများကို သိထားပြီးသားပင်။
“အဲ့ဒီတော့။”
စုယွမ် မေးလိုက်၏။
ကျိုးဝူယိုက ဆက်ပြောလာသည်။
“ငါ့မိသားစုမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ၁၅ယောက်နဲ့ ယွင်းမှားကျောရိုးတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရှိတယ်။ ငါတို့က အားနည်းတဲ့မိသားစုမဟုတ်ဘူး။ ငါ့အဖေဆိုရင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အလယ်ဆင့်တောင်ရောက်နေပြီ။”
စုယွမ်၏အမူအရာမှာ လေးနက်သွားရသည်။ ဤမိသားစုမှာ တကယ်ကို အားမနည်းပါပေ။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာ ဒုတိယအဆင့်သာဖြစ်နေလည်း အထင်သေး၍မရ။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တစ်ဦးက တစ်မိသားစုလုံးကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်အောင် ထောက်ပံ့ပေးနိုင်လိမ့်မည်သာ။ အနည်းဆုံးတော့ ထိုမိသားစုတွင် အရင်းအမြစ်ရှားပါးမည်မဟုတ်။ ရာချီသော အနိမ့်ပိုင်းအဆင့်များထဲ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တစ်ယောက်ရှိသည်တောင်မှ အလွန်ကောင်းနေပြီ ဖြစ်သည်။
“မင်းက ဘာကိုပြောချင်တာလဲ။”
စုယွမ်မှာ ကျိုးဝူယိုအတွေးကို ခန့်မှန်းနေရသည်။ သူသည် ကျိုးမိသားစုအတွင်းသို့ဝင်ရောက်ရန်ရော အညံ့ခံဖို့ပါ စိတ်မဝင်စားပါပေ။
“သုံးလကြာတဲ့အခါ ငါ့အတွက် အပြင်ဆောင်တပည့်ဖြစ်ဖို့က ခက်ခဲလိမ့်မယ်။ ရလဒ်အနေနဲ့ ငါ့မိသားစုက ထောက်ပံ့မဲ့အရင်းအမြစ်တွေ သိသိသာသာကိုနည်းသွားလိမ့်မယ်။ ငါ့ရဲ့ကျင့်စဥ်အတွက် လုံလောက်အောင်လေးတော့ ပေးဦးမှာပေမဲ့ အရင်ကထက်တော့ နည်းသွားတော့မှာ။”
ကျိုးဝူယိုက သက်ပြင်းချလာသည်။
စုယွမ်မှာ “အော်” ဟူ၍သာ တုံ့ပြန်လိုက်သည်။
သူ ကျန်းဝေ့၏ပြောစကားမှတဆင့် ဤအရာတို့ကို သိပြီးသားပေ။ အနှီလူက ရည်ရွယ်ချက်အစစ်အမှန်ကို ချပြတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
“ငါစုံစမ်းကြည့်ပြီးပြီ။ မင်းမှာ အနိမ့်တန်းသုံးခုစပ်ဝိညာဥ်ရင်းမြစ်ပဲရှိတာ၊ နောက်ပြီး အပိုဝိညာဉ်ကျောက်တုံးဆိုတာလည်းမရှိဘူး။ မင်းရဲ့အချိန်တိုင်းကို အတန်းတက်လိုက်၊ စာအုပ်ဖတ်လိုက်နဲ့ပဲ ကုန်နေတာ။”
ကျိုးဝူယို ဆက်ပြောလာသည်။
စုယွမ်မှာ ပို၍မျက်မှောင်ကြုတ်မိရတော့သည်။ ဤလူက သူ့ကိုလိုက်စုံစမ်းနေမှန်း မသိလိုက်ပါချေ။
“အားနာပါတယ်။ ငါ အတန်းတက်စရာရှိသေးလို့။ အခုသွားမှဖြစ်တော့မယ်။”
စုယွမ် ပြောလိုက်သည်။
စုယွမ်လည်း သူ့ဘေးမှဖြတ်၍ ကျမ်းဂန်ခန်းမဆီသွားရန် ပြင်လိုက်သည်။ သူ ကျိုးဝူယိုက ဤမသေမျိုးမျိုးစေ့တောင်ကြားထဲ သူ့ကို ဖိအားပေးလာရဲမည်ဟု မထင်ပါချေ။ ဤနေရာမှာ တပည့်များစွာလေ့ကျင့်သောနေရာဖြစ်ရာ အဆက်အသွယ်ဂုဏ်သတင်းမှာ ကျယ်ပြန့်၏၊ ဤတွင် လူတစ်ယောက်ကို အနိုင်ကျင့်၍ ပြဿနာတက်သွားပါက ဂိုဏ်းမှထွက်လျှင်တောင် ရှေ့လျှောက်ဘဝ၌ သာယာတော့မည်မဟုတ်။
“နေပါဦး။”
ကျိုးဝူယိုက အော်လိုက်သည်။
စုယွမ်က မသိချင်ယောင်သာဆောင်လိုက်၏။
“ငါ မင်းနဲ့ပူပေါင်းချင်လို့ပါ။”
“ပူးပေါင်းဖို့။”
စုယွမ် ရပ်လိုက်၏။
“ဒီသုံးလအတွင်း ငါ မင်းကို အတွင်းဆောင်တပည့်ဖြစ်လာတဲ့အထိ အရင်းအမြစ်တွေကို အပြည့်အဝထောက်ပံ့ပေးမယ်။ မင်းသာ အတွင်းဆောင်တပည့်ဖြစ်လာရင် အပြင်ဆောင်တစ်တပည့်တစ်ယောက်ကို ထောက်ခံပေးခွင့်ရှိတယ်။ အဲ့ဒီအချိန်ကျ မင်း ငါ့ကို ရွေးပေးဖို့မျှော်လင့်တယ်။ အပြန်အလှန်အနေနဲ့ ငါမင်းကို ဆေးဝါးနဲ့ ဝိညာဉ်ကျောက်တုံးအပြည့်အစုံကို ထောက်ပံ့ပေးမယ်။”
ကျိုးဝူယိုက တည်ငြိမ်စွာ ဆိုလာသည်။
“မင်းက နားလည်သဘောပေါက်နိုင်စွမ်းမှာဆိုရင် ဥာဏ်ကြီးရှင်ဆိုတာငါသိတယ်။ မင်းရဲ့လက်ရှိအဆင့်ကလည်း မင်းရဲ့နောက်ဆုံးအကန့်အသတ်မဟုတ်ဘူး။ မင်းမှာသာ နောက်ခံကောင်းကောင်းရှိရင် ထိပ်ဆုံးငါးဆယ်ဆိုတာ ဖြစ်နိုင်ချေအရမ်းမြင့်တယ်။ ဒီအစီအစဉ်က နှစ်ယောက်လုံးအတွက် အကျိုးရှိတယ်။”
စုယွမ် ဖြည်းဖြည်းချင်းပြန်လှည့်ကြည့်လိုက်သည်။ ကျိုးဝူယိုကို ကြည့်နေသောအကြည့်ထဲလည်း အံ့သြမှုတစ်ရပ် စွန်းထင်နေလျက်။ ဤလူ.. ဤလူမှာ ကျန်းဝေ့ပြောသကဲ့သို့ ငတုံး ဟူသော စကားလုံးနှင့်လုံးဝမသက်ဆိုင်ပါပေ။