အခန်း (၃၈၉-၃၉၀)
Vol. 39 Ch. 389-390
အခန်း။ ၃၈၉
လုံယီသည် ဝိညာဉ်အိတ်ကို ယူလိုက်ပြီး အတွင်းမှ အကူအလောင်းကောင်တစ် ခုကို ထုတ်ယူလိုက်သည်။
ချက်ချင်းပင် သူ၏ရှေ့မှောက်၌ အရိပ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် မီးခိုးရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဝိုင်းစက်နေသော ဦးထုပ်ကို ဆောင်းထားသည်။
အသက် ၄၀ ကျော်၊ ၅၀ ခန့်ရှိမည့် ပုံသဏ္ဌာန်ရှိပြီး အသားအရေမှာ ခြောက်ကပ်ကာ ဝါကြန့်ကြန့် ဖြစ်နေသည်။ မျက်နှာအမူအရာမှာလည်း တောင့်တင်းခက်ထန်နေ၏။ မျက်လုံးများမှာ ရှေ့သို့သာ တည့်တည့်စိုက်ကြည့်နေပြီး မျက်ဆန်းမှာ လှုပ်ရှားမှုမရှိသလောက်ပင်။
မျက်တွင်းများ ညိုမည်းနေပြီး နှုတ်ခမ်းများမှာလည်း မည်းနက်နေကာ ပေါ်ထွက်နေသော လည်ပင်းနှင့် လက်မောင်းတစ်လျှောက်တွင်လည်း နက်မှောင်သော အစင်းကြောင်းများ သိပ်သည်းစွာ ရှိနေသည်။
သို့သော် ၎င်းသည် သက်စောင့်အလောင်းကောင်နှင့် ယှဉ်လျှင်မူ အစင်းကြောင်းများမှာ ရှုပ်ထွေးဝေဝါးနေသဖြင့် အတုအပတစ်ခုနှင့်သာ တူနေတော့သည်။
“ရော့... ဒါကိုသုံးပြီး အကူအလောင်းကောင်ကို ထိန်းချုပ်”
ပိယောင်ယောင်က ထူးဆန်းသော အဆောင်စာလုံးများ ရေးထုထားသည့် သစ်သားရောင် တံဆိပ်ပြားလေးတစ်ခုကို လုံယီအား ကမ်းပေးလိုက်သည်။
“ဝိညာဉ်ချီစွမ်းအင်ကို ထည့်သွင်းပြီး ဒီနှလုံးသားကျင့်စဉ်ဂါထာကို ရွတ်ဖတ်လိုက်ဦး... ယင်ဓာတ်ကို ကွန်ရက်ပြု၊ ဝိညာဉ်ကို ထိန်းချုပ်၊ အမိန့်တော်အတိုင်း နာခံစေသတည်း...”
လုံယီသည် တံဆိပ်ပြားကို ယူကာ ဝိညာဉ်ချီစွမ်းအင် သွင်းလိုက်ရာ ၎င်းမှာ မှိန်ဖျော့ဖျော့ လင်းလက်လာသည်။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်သည့်အခါ သာမန်လူတစ်ဦးထက်ပင် အားနည်းလှသော ဝိညာဉ်ချီစွမ်းအင် အစုအဝေးလေးတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် အကူအလောင်းကောင်၏ စစ်မှန်သော ဝိညာဉ်ပင်။
တစ်ချိန်တည်းမှာပင် သူသည် နှလုံးသားကျင့်စဉ်ဂါထာကို ရွတ်ဖတ်လိုက်ရာ အကူအလောင်းကောင်မှာ တကျီကျီမြည်သံနှင့်အတူ လည်ပင်းကို လှည့်၍ လုံယီကို ကြည့်လာသည်။ လုံယီက စိတ်ထဲမှ အမိန့်ပေးလိုက်သည့်အခါ အကူအလောင်းကောင်သည် ရှိသည့်နေရာ၌ပင် စတင်လှုပ်ရှားတော့သည်။
ပထမတွင် အနည်းငယ် ခက်ခဲပြီး မရင်းနှီးသလို ရှိသော်လည်း မကြာမီမှာပင် ချောမွေ့လာကာ နောက်ဆုံး၌ လေထဲသို့ လက်သီးချက်များပင် ပစ်သွင်းနိုင်သည်အထိ ကျွမ်းကျင်လာသည်။
“နင်က ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ရတာလဲ”
ပိယောင်ယောင်က စိတ်တိုင်းမကျသလို နှုတ်ခမ်းလေးကို ဆူလိုက်ရင်း “ငါဆိုရင် အကြာကြီး စမ်းကြည့်တာတောင် သူက ဘာမှပြန်မလုပ်ဘူး။ ဒီအလောင်းကို လုပ်တဲ့သူက ပြောတာတော့ သာမန်လူဆိုရင် ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်ဖို့ အနည်းဆုံး တစ်လလောက် ကျင့်ရမယ်တဲ့။ အခု နင်လုပ်နေသလို အဆင့်မျိုး ရောက်ဖို့ဆိုရင်တော့ အနည်းဆုံး တစ်နှစ် ဒါမှမဟုတ် အဲဒီထက်မက ကြာနိုင်တယ်လို့ ပြောတာပဲ”
“ငါက မွေးရာပါ အလောင်းကောင်တွေကို ထိန်းချုပ်နိုင်တဲ့ ဗီဇပါလာလို့ ဖြစ်မှာပါ”
လုံယီက အမှန်တစ်ဝက် အမှားတစ်ဝက်ဖြင့် ဖြေလိုက်သည်။
“ဟွန့်... လေကြီးလိုက်တာ”
ပိယောင်ယောင်က နှာခေါင်းလေး ရှုံ့ကာ သူ့ကို မကျေမနပ် ကြည့်လိုက်သည်။
“ဒီအကူအလောင်းကောင်က ခွန်အား ပေါင်ချိန် သုံးလေးထောင်လောက်ပဲ ရှိတာပဲ။ ဝိညာဉ်
အလောင်းကောင်နဲ့ ယှဉ်ရင်တော့ အများကြီး နိမ့်ကျပါသေးတယ်”
အတန်ကြာ စမ်းသပ်ပြီးနောက် လုံယီက အနည်းငယ် စိတ်ပျက်သလို ပြောလိုက်သည်။
ကံကောင်းသည်မှာ သူသည် ဤအကူအလောင်းကောင်ကို တိုက်ခိုက်ရန်အတွက် အသုံးမပြုဘဲ အစီအရင်ပြားကို ကိုင်တွယ်ရန်အတွက်သာ အသုံးပြုမည်ပင်။
လုံယီသည် ပိယောင်ယောင်ကို ကြည့်ကာ မေးလိုက်သည်။
“ယောင်ယောင်... ဒါကို ရဖို့ ဂိုဏ်းရဲ့ အကျိုးဆောင်အမှတ် ဘယ်လောက်တောင် သုံးလိုက်ရလဲ”
အကူအလောင်းကောင်ကဲ့သို့ အဖိုးတန်သော ပစ္စည်းတစ်ခုအတွက် ငွေကြေးသည် တန်ဖိုးမရှိလှပေ။ ပိယောင်ယောင်အနေဖြင့် ၎င်းကို လိုချင်ပါက တာဝန်ဆောင်ရွက်ရေးခန်းမတွင် သီးသန့်တာဝန်တစ်ခုအဖြစ် မှတ်ပုံတင်ပြီး တစ်ဖက်လူကို အကျိုးဆောင်အမှတ်များ လွှဲပြောင်းပေးရမည်ပင်။
သို့သော် ထိုသို့ပြုလုပ်ပါက ဂိုဏ်းကို အကျိုးဆောင်ခ အဖြစ် ၂၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ပင်။
“အကျိုးဆောင်အမှတ်တွေ ဘာမှမကုန်ပါဘူး။ ဒါကို လုပ်တဲ့သူက ငါ့ကို ကျေးဇူးကြွေးရှိနေလို့ ဒီအတိုင်း ပေးလိုက်တာ”
ပိယောင်ယောင်က တက်ကြွစွာ ပြုံးလျက် ပြောလိုက်သည်။
“ကောင်းပြီလေ။ နောက်မှပဲ တစ်ခုခုနဲ့ ပြန်ပေးဆပ်ပါ့မယ်”
လုံယီသည် သူမနှင့် အားနာမနေတော့ပေ။
သူသည် သူ့ရှေ့ရှိ အလျား ပေခြောက်ဆယ်နှင့် အမြင့် ခြောက်ပေခန့်ရှိသော အခန်းကို ကြည့်လိုက်သည်။ အခန်းမှာ ကျယ်ဝန်းသော်လည်း အစီအရင်ကို လေ့ကျင့်ရန်အတွက်မူ မသင့်တော်လှပေ။ ထို့ကြောင့် လုံယီသည် အဝါရောင် အချက်ပြအဆောင်တစ်ခုကို ထုတ်ယူကာ လက်ချောင်းဖြင့် စာရေးလိုက်သည်။
ဝမ်တောက်တောင်ထွတ်ရှိ အခြားဂူဗိမာန်တစ်ခုအတွင်း၌ ရုံရွှယ်ကျန်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံပင်။ သူ၏လက်ထဲတွင် အဝါရောင် အဆောင်စက္ကူလေးတစ်ခု ပေါ်လာပြီး ၎င်းပေါ်၌ အနက်ရောင် စာလုံးများ လွင့်မျောနေ၏။
အစ်ကိုရုံ... ကျွန်တော့်ဆီ လာလည်ဖို့ အချိန်အားလားခင်ဗျာ။
ရုံရွှယ်ကျန်းက ပြုံးလိုက်မိသည်။
ညီလေးလုံကတော့ ငါ့ကို ရုပ်သေးရုပ် တစ်ခါပြန်လုပ်ခိုင်းဦးမှာပဲ။
လုံယီ အသုံးပြုလိုက်သည်မှာ အနိမ့်ဆုံးအဆင့် အချက်ပြအဆောင် ဖြစ်ပြီး သူ၏ ယခင်ဘဝက စာပို့စက်လေးများနှင့် တူလှကာ အကျဉ်းချုပ်သတင်းစကားကိုသာ ပို့ဆောင်နိုင်သည်။
သို့သော် ၎င်းသည် အကွာအဝေး အကန့်အသတ်ရှိရာ မိုင်အနည်းငယ်ထက် ကျော်လွန်၍ အသုံးမပြုနိုင်ပေ။ အဆင့်မြင့် အချက်ပြအဆောင်များမှာမူ မိုင်ပေါင်းထောင်ချီ၍ ပေးပို့နိုင်သည်ဟု သိရသော်လည်း ၎င်းတို့မှာ အလွန်တန်ဖိုးကြီးလှသဖြင့် ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များသာ ကိုင်ဆောင်လေ့ရှိကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲ အများစုမှာပင် သူတို့၌ မရှိကြပေ။
လုံယီ၏ သတင်းစကားကို ရရှိပြီးနောက် ရုံရွှယ်ကျန်းသည် ဆရာဟယ်၏ ဂူဗိမာန်သို့ ရောက်ရှိလာပြီး ဂါရဝပြုကာ ခဏအကြာ၌ပင် အလျင်အမြန် ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူသည် တောင်အောက်သို့ ဆင်းလာစဉ် တောင်ခြေရှိ အလွန်စိမ်းလန်းသော ထိုင်ပင်ကြီးတစ်ပင်ကို မရည်ရွယ်ဘဲ လှမ်းကြည့်လိုက်ပြီး မျက်လုံးကို ချက်ချင်း ပြန်လွှဲလိုက်သည်။ ခဏတာမျှ ကြည့်လိုက်ရုံဖြင့် လုံယီသည် ထိုသစ်ကိုင်းကြားထဲတွင် ပုန်းကွယ်နေသော ရင်းနှီးသည့် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ဒီမြေခွေးအိုကြီးကတော့ တကယ်ကို လက်မလျှော့သေးဘူးပဲ။ တောင်ခြေမှာတောင် လူယုံတွေ ထားထားသေးတယ်။
လုံယီက စိတ်ထဲမှ တွေးလိုက်သည်။
ဆရာဟယ်၏ တားမြစ်ချက်ကြောင့် အကြီးအကဲဝမ်သည် လုံယီနောက်သို့ သူ၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကို လွှတ်၍ မလိုက်ရဲတော့ပေ။ သို့သော် သူသည် လုံယီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် လက်မလျှော့သေးဘဲ အချက်အခြာကျသော နေရာများ၌ လူလွှတ်ထားခြင်းပင်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူသည် လုံယီကို တိုက်ရိုက်ပစ်မှတ်ထားနေသည်ဟု သက်သေပြရန် ခက်ခဲလှသဖြင့် ဆရာဟယ်အနေဖြင့် သူ၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကို ထပ်မံဖျက်ဆီးရန် အကြောင်းပြချက် မရှိတော့ပေ။
လုံယီကမူ ထိုကိစ္စကို သိပ်ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရုံရွှယ်ကျန်းအဖြစ် ရုပ်ဖျက်ထားပြီးသား ဖြစ်ကာ ဂိုဏ်းအတွင်းမှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး မိုင်ဆယ်ဂဏန်းခန့် ဝေးကွာသော ဝေးလံသည့် တောင်တန်းတစ်ခုဆီသို့ ဦးတည်သွားခဲ့သောကြောင့်ပင်။
ဤနေရာသည် ဂိုဏ်းနှင့် မိုင်တစ်ရာအတွင်း၌သာ ရှိသေးသည်။ သူ့တွင် အရှိန်အဝါအာရုံခံ အဆောင်လက်ဖွဲ့ရှိနေသဖြင့် အချိန်မရွေး ဆရာဟယ်ကို ဆင့်ခေါ်နိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် များစွာ စိုးရိမ်စရာမရှိပေ။
သူသည် တောင်ထိပ်ပေါ်ရှိ ကျယ်ဝန်းသော မြေကွက်လပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
အလောင်းကောင်သိုလှောင်အိတ်ကို လက်ဖြင့် ခပ်သွက်သွက် လှုပ်ရှားလိုက်ရာ ရှေ့မှောက်၌ အရိပ်ဆယ်ခု ပေါ်ထွက်လာသည်။
သူတို့မှာ အကူအလောင်းကောင်များ ဖြစ်ကြပြီး အားလုံးမှာ မီးခိုးရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး အသားအရေ ခြောက်ကပ်ကာ ခန္ဓာကိုယ်များမှာ ပိန်ချောင်လျက် မျက်လုံးများမှာ အရည်မရှိသလို ဖြစ်နေကြသည်။
လုံယီသည် လုံအာကိုလည်း ဆင့်ခေါ်လိုက်သည်။
လုံအာသည် အကူအလောင်းကောင်များထက် များစွာ အရပ်ရှည်ပြီး တောင့်တင်းသန်မာကာ အသားအရေမှာလည်း နူးညံ့စိုပြည်ပြီး ပန်းရောင်သန်းနေသည်။ အကယ်၍ ရင်ဘတ်ပေါ်ရှိ ထင်ရှားသော ဇီးသီးပွင့် အမှတ်အသားသုံးခုသာ မရှိပါက ၎င်းကို သာမန်လူတစ်ယောက်ဟုပင် ထင်မှတ်မှားနိုင်သည်။
လုံအာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘေးနားရှိ အကူအလောင်းကောင် ဆယ်ခုကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေတော့သည်။ လုံအာ၏ အရှိန်အဝါကြောင့် မူလက ငြိမ်သက်နေသော အကူအလောင်းကောင်များမှာ တုန်လှုပ်ချောက်ချားသွားကြပြီး အချို့မှာ နောက်သို့ပင် ဆုတ်သွားကြသည်။
သူတို့သည် လုံအာအပေါ် မွေးရာပါ ကြောက်ရွံ့မှုကို ပြသနေခြင်းပင်။
ထိုမြင်ကွင်းကို ကြည့်ပြီး လုံယီမှာ မရယ်ဘဲ မနေနိုင်တော့ချေ။
သူ၏ ဝိညာဉ်ချီစွမ်းအင်များကို လည်ပတ်စေလိုက်သည်နှင့် တစ်ပြိုင်နက် ပန်းကန်လုံးအရွယ်အစားရှိ သွေးနီရောင် အစီအရင်ပြား ကိုးခုမှာ ဝူးကနဲ မြည်သံနှင့်အတူ ရှေ့ရှိ မြေကွက်လပ်ပေါ်သို့ ကျလာပြီး ကိုးနန်းစံအိမ်ပုံစံအတိုင်း စနစ်တကျ စီတန်းသွားတော့သည်။
စိတ်အာရုံတစ်ခုနှင့်တင် လုံအာသည် ကိုးနန်းအစီအရင်၏ အလယ်ဗဟိုချက်ဆီသို့ အလိုအလျောက် ရွေ့လျားသွားပြီး အစီအရင်၏ အဓိကအစောင့်အရှောက် ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လုံယီသည် အခြားအကူအလောင်းကောင်များကို ထိန်းချုပ်ရန် တံဆိပ်ပြားကို ထုတ်လိုက်သည်။ ပိယောင်ယောင် ပြောခဲ့သလိုပင် အကူအလောင်းကောင်များကို ထိန်းချုပ်သည့် တံဆိပ်ပြားသည် အလောင်းကောင်ထိန်းကျောင်းခြင်း အတတ်ပညာနှင့် ကျင့်ကြံသူ၏ ဝိညာဉ်အသိအာရုံ ခိုင်မာမှုကို အဓိက စမ်းသပ်ခြင်းပင်။
ပုံမှန်အားဖြင့် တပည့်ရင်းများပင်လျှင် အများဆုံး နှစ်လောင်း၊ သုံးလောင်းထက် ပို၍ မထိန်းချုပ်နိုင်ကြချေ။
အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲများပင်လျှင် ကိုးလောင်းအထိ မထိန်းချုပ်နိုင်ကြပေ။ သို့သော် လုံယီမှာမူ အလောင်းကောင်ထိန်းကျောင်းခြင်း အတတ်၌ ပါရမီရှင်တစ်ဦး ဖြစ်သည့်အပြင် သူ၏ ဝိညာဉ်အသိအာရုံမှာလည်း ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်ထက် များစွာ သာလွန်နေခြင်းပင်။
ထို့ကြောင့် သူသည် အလောင်းကောင်ထိန်းကျောင်းခြင်းအတတ်ကို စတင်လိုက်သည့်အခါ လုံအာအပြင် အခြားသော အားနည်းသည့် ဝိညာဉ်အသိ ဆယ်ခုကို ချက်ချင်း အာရုံခံမိလိုက်ပြီး ၎င်းတို့ကို တစ်ပြိုင်နက်တည်း ရှေ့သို့ တစ်လှမ်းတိုးရန် ခိုင်းစေလိုက်သည်။
ရှပ်
အဝတ်အစားများ လှုပ်ရှားသွားသည့် အသံနှင့်အတူ အကူအလောင်းကောင် ဆယ်ခုလုံးသည် ညာခြေကို ရှေ့သို့ တစ်ပြိုင်နက် လှမ်းလိုက်ကြပြီးနောက် ဘယ်ခြေကို ဆက်လှမ်းကြသည်။ တစ်သွေမတိမ်း ညီညာခြင်းဆိုသည်မှာ သူတို့ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
ထိုအချိန်တွင် လုံယီသည် သူ၏လက်ထဲရှိ အကူအလောင်းကောင် ထိန်းချုပ်သည့် သစ်သားရောင် တံဆိပ်ပြားလေးမှာ ပူနွေးလာပြီး နီရဲလာသည်ကို သတိထားမိလိုက်သည်။
သိသာသည်မှာ အကူအလောင်းကောင် ဆယ်ခုကို တစ်ပြိုင်နက် ထိန်းချုပ်ခြင်းက တံဆိပ်ပြား၏ ခံနိုင်ရည်ထက် ကျော်လွန်နေခြင်းပင်။ ဤကဲ့သို့ လုပ်ဆောင်နိုင်သူ ရှိလိမ့်မည်ဟု ၎င်းကို ဖန်တီးသူကိုယ်တိုင်ပင် ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။
ခေတ္တမျှ လေ့ကျင့်ပြီးနောက် အကူအလောင်းကောင် ဆယ်ခုမှာ လုံယီ၏ လက်ခြေများကဲ့သို့ပင် သဘာဝကျကျ လှုပ်ရှားလာနိုင်ခဲ့သည်။ သူသည် သူတို့ထဲမှ ရှစ်ခုကို အစီအရင်ပြားများရှိရာသို့ ရွေ့လျားစေပြီး အစီအရင်၏ ထောင့်စောင့်အဖြစ် ထားရှိလိုက်သည်။
သက်စောင့်အလောင်းကောင်နှင့် အကူအလောင်းကောင်များအားလုံးက အစီအရင်ပြားများအတွင်းသို့ ဝိညာဉ်ချီစွမ်းအင်များကို တစ်ပြိုင်နက်တည်း ထည့်သွင်းလိုက်သည့်အခါ လုံယီသည် စိတ်ထဲမှ ဂါထာကို ရွတ်ဆိုလိုက်တော့သည်။
“ကောင်းကင်နှင့်မြေပြင် အတိုင်းအဆမဲ့၊ စကြဝဠာ၏ နိယာမကို ငှားရမ်းအသုံးချအံ့၊ ဗဟိုနန်းဆောင်ကို အချက်အချာပြု၍၊ ကိုးနန်းဆောင်တို့ နယ်ပယ်ခွဲခြားစေသတည်း...”
နောက်တစ်ခဏတွင် အစီအရင်ပြား ကိုးခုမှာ စူးရှတောက်ပသော အလင်းတန်းများ ပွင့်ထွက်လာသည်။ သူတို့ပေါ်ရှိ အစီအရင် စာလုံးများမှာ သက်ဝင်လှုပ်ရှားလာသယောင် ရှိပြီး တောက်ပသည့် အလင်းတန်း ကိုးခုမှာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
လေထဲတွင် ထိုအလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကာ တဖြည်းဖြည်း ပြန့်ကားလာပြီး မြေပြင်သို့ ပြန်လည် ဆင်းသက်လာကာ ခဏချင်းအတွင်းမှာပင် သွေးနီရောင် အလင်းအကာအကွယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းအကာအကွယ် ဖုံးလွှမ်းထားသော ဧရိယာမှာ ပေပေါင်း ထောင်နှင့်ချီ၍ ကျယ်ဝန်းပြီး သူ၏ ရှေ့မှောက်ရှိ မြေကွက်လပ်တစ်ခုလုံးနီးပါး ပါဝင်သွားသည်။
အလင်းအကာအကွယ်အတွင်း၌ အရာအားလုံးမှာ မရေမရာဖြစ်ကာ မီးခိုးရောင် သန်းနေပြီး အတွင်း၌ သွေးနီရောင် လျှပ်စီးတန်းများ ဟိုဒီကူးခတ်နေသည်ကို လုံယီ ဝေဝေဝါးဝါး မြင်နေရသည်။
နက်နဲလှသော အန္တရာယ်အငွေ့အသက်များမှာ အတွင်းမှ ထွက်ပေါ်နေပြီး လုံယီ၏ သိုင်းပညာရှင် အာရုံအရ ဤအစီအရင်မှာ အလွန် အန္တရာယ်ကြီးကြောင်း သိနေသည်။
ဒါရဲ့ စွမ်းအားကို အရင်ဆုံး စမ်းသပ်ကြည့်ရမယ်။
လုံယီသည် အကူအလောင်းကောင်များကို ထိန်းချုပ်ရင်း ဝိညာဉ်ချီစွမ်းအင်များကို ဆက်လက်ပေးပို့စေကာ တွေဝေမနေဘဲ အစီအရင်နယ်မြေအတွင်းသို့ လှမ်းဝင်လိုက်တော့သည်။
အခန်း။ ၃၉၀
ဝူး...
လုံယီသည် ကမ္ဘာသစ်တစ်ခုထဲသို့ ခြေချလိုက်သလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်၌ မီးခိုးရောင် မြူနှင်းများ ဖုံးလွှမ်းနေပြီး အရှေ့အနောက် တောင်မြောက်ကိုပင် ခွဲခြား၍မရတော့ပေ။
သူ၏ အကြားအာရုံမှာလည်း ရေနက်ပိုင်းတွင် နစ်မြုပ်နေသကဲ့သို့ ပြင်းထန်စွာ အနှောင့်အယှက် ခံနေရသည်။ ကြားရသမျှ အသံမှန်သမျှမှာလည်း အလွန်ဝေးကွာသော အရပ်မှ လာနေသယောင် ရှိတော့သည်။
သိုင်းပညာရှင်တစ်ဦး၏ ထက်မြက်လှသော အာရုံငါးပါးမှာ ဤအစီအရင်အတွင်း၌မူ လုံးဝ အသုံးမဝင်တော့ချေ။
ရှူး...
ကျူးကျော်သူ လုံယီကို တွေ့ရှိသွားသည်နှင့် တစ်ပြိုင်နက် သွေးနီရောင် လျှပ်စီးတန်းတစ်ခုသည် သူ့ထံသို့ ဦးတည်ကာ ပစ်ခတ်လိုက်တော့သည်။
လုံယီသည် တစ်ကိုယ်လုံး တုန်တက်သွားပြီး လုံးဝ ပေါ့ဆ၍ မနေရဲတော့ပေ။
“အသားမာအတတ်”
“ကျောက်ဖြစ်အတတ်”
“ရွှေချပ်ဝတ်အတတ်”
“ဟွမ်ကျီအတတ်”
ကာကွယ်ရေး အလွှာလေးခုအပြင် ထိခိုက်ဒဏ်ရာကို လျှော့ချပေးနိုင်သော ဇွဲနပဲပါရမီကိုပါ ပေါင်းစပ်၍ လုံယီသည် အစွမ်းကုန် ခုခံလိုက်သည်။
ဖြောက်...ဟူသော အသံနှင့်အတူ သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ အပြင်ဘက်ဆုံးမှ ခရမ်းနီရောင် စစ်မှန်သောခွန်အား အလွှာသည် သွေးနီရောင်လျှပ်စီးဒဏ်ကြောင့် အလွယ်တကူပင် ကြေမွသွားခဲ့သည်။
ထို့နောက် လျှပ်စီးတန်းသည် ထူထဲလှသော ရွှေရောင် အသားမာလွှာကို လျင်မြန်စွာ ဖောက်ထွက်သွားပြီး နီငွေရောင် အသားအရေကို မှေးမှိန်သွားစေသည့်တိုင်အောင် တိုးဝင်လာပြီးမှ အားပျော့ကာ ပျောက်ကွယ်သွားတော့သည်။
အစီအရင်သည် အသိဉာဏ်ရှိနေသယောင်ယောင်ပင်။ သွေးနီရောင်လျှပ်စီးတစ်ကြောင်းတည်းနှင့် လုံယီကို မတားဆီးနိုင်ကြောင်း တွေ့ရှိသွားသည့်အခါ နောက်ထပ် နှစ်ကြောင်းကို ဆက်တိုက်ဆိုသလို စေလွှတ်လိုက်ပြန်သည်။
သို့သော်လည်း လုံယီ၏ ခုခံနိုင်စွမ်းမှာ ကြောက်ခမန်းလိလိ ကောင်းမွန်နေသဖြင့် ထိုလျှပ်စီးတန်းများမှာ အရာမထင်ခဲ့ပေ။
နောက်ဆုံးတွင်မူ အစီအရင်သည် ဒေါသထွက်သွားပုံပင်။
လုံယီ၏ ခေါင်းပေါ်တွင် သွေးနီရောင်လျှပ်စီးတန်း ပေါင်းများစွာ စုစည်းလာပြီးနောက် သူ့ထံသို့ တစ်ပြိုင်နက်တည်း အရှိန်အဟုန်ဖြင့် ပစ်ချလိုက်တော့သည်။
“တောက်”
လုံယီသည် အကူအလောင်းကောင်များကို ဝိညာဉ်ချီစွမ်းအင် ပေးပို့မှု ရပ်တန့်ရန် အမိန့်မပေးမိစေရန် စိတ်ကို အတင်းအကျပ် ထိန်းချုပ်ထားပြီး အစီအရင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို စတင် ခံယူလိုက်တော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
ဂျိန်း... ဂျိန်း... ဂျိန်း...
လျှပ်စီးတန်းပေါင်းများစွာသည် လုံယီအား တရစပ် ထိမှန်နေပြီး ကွင်းဆက်ဓာတ်ပြုမှုများ ဖြစ်ပေါ်ကာ သူ့အား နီရဲသော လျှပ်စစ်အလင်းတန်းများအကြား ပိတ်မိသွားစေသည်။
လုံယီသည် လျှပ်စစ်အလင်းတန်းများကြားတွင် ပြုတ်ခြင်း၊ ဖုတ်ခြင်း ခံနေရသလို ခံစားနေရသည်။ သူသည် အစီအရင်နယ်မြေအတွင်းမှ ပြန်လည်ထွက်ခွာလာသည့်အခါ တစ်ကိုယ်လုံးတွင် မီးလောင်ရာများနှင့် သိသာထင်ရှားသော အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။ ကြွေထည်ပစ္စည်းတစ်ခု အက်ကွဲနေသကဲ့သို့ မည်သည့်အချိန်တွင်မဆို အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။
သို့သော် ပါရမီပြကွက်၏ ကုသမှုကြောင့် လုံယီသည် သူ၏ အကောင်းဆုံး အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။
“ဒီအစီအရင်ရဲ့ စွမ်းအားက ငါထင်ထားတာထက်တောင် ပိုပြီး ကြောက်စရာကောင်းပါလား”
လုံယီ မအံ့သြဘဲ မနေနိုင်တော့ချေ။
စောစောက သွေးနီရောင်လျှပ်စီးတန်း အစုအဝေးမှာ သူ၏ ကာကွယ်ရေး အလွှာလေးခုလုံးကို ဖောက်ထွက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ဇွဲနပဲပါရမီကို သုံး၍ ခက်ခဲစွာ တောင့်ခံခဲ့ရခြင်းဖြစ်ပြီး လုံးဝ မခံနိုင်တော့သည့် အခြေအနေသို့ပင် ရောက်လုနီးပါး ဖြစ်ခဲ့သည်။
အကယ်၍ သူသာ အစီအရင်ပြား၏ သခင်မဟုတ်ဘဲ အချိန်မီ ရပ်တန့်နိုင်ခြင်း မရှိခဲ့ပါက သူ၏ ဒဏ်ရာမှာ ယခုထက် များစွာ ပို၍ ပြင်းထန်နိုင်သည်။
ဤအစီအရင်ပြားသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက်ပင် သေချာပေါက် ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်။ အမှတ်မထင် ချုံခိုတိုက်ခိုက်မည်ဆိုပါက ရန်သူကို အကြီးအကျယ် ဒုက္ခပေးနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ အစီအရင်ပြား ကိုးခုမှာ လုံယီ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ဝိညာဉ်ချီစွမ်းအင်ဖြင့် စစ်ဆေးကြည့်ရာ အစီအရင်ပြားအတွင်းရှိ ချီစွမ်းအင်များမှာ ထက်ဝက်ကျော်ခန့် ကုန်ဆုံးသွားပြီဖြစ်ကြောင်း တွေ့ရသည်။
ဤအစီအရင်ပြားသည် ကမ္ဘာဦး ဝိညာဉ်ချီများကို အလိုအလျောက် စုပ်ယူနိုင်သော်လည်း ချီစွမ်းအင်အပြည့် ပြန်လည်ရရှိရန်မှာမူ လဝက်ခန့် အချိန်ယူရမည်ပင်။
အစီအရင် အတတ်ပညာက တကယ်ကို အံ့သြစရာကောင်းတာပဲ။
နောင်တွင် ဤကဲ့သို့ ရိုးရှင်းပြီး အစွမ်းထက်သော အစီအရင်များကို ရှာဖွေစူးစမ်းရန် လုံယီ စိတ်ကူးလိုက်မိသည်။ သို့မဟုတ်လျှင်လည်း အစီအရင်ပညာကို တိုက်ရိုက် လေ့လာလိုက်မည်ဆိုပါက သူ၏ အလောင်းကောင်များကို အလုံးအရင်းနှင့် ထိန်းချုပ်နိုင်သော စွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်မည်ပင်။
အစီအရင်ကို လေ့ကျင့်ပြီးနောက် လုံယီသည် ဂိုဏ်းအတွင်းသို့ တိတ်တဆိတ် ပြန်လည်ဝင်ရောက်ခဲ့ပြီး ရုံရွှယ်ကျန်းနှင့် ရုပ်ဖျက်ထားမှုကို အချောသတ် လဲလှယ်လိုက်သည်။ အကြီးအကဲဝမ်မှာမူ သူ၏ အသွားအပြန် လှုပ်ရှားမှုကို လုံးဝ သတိမထားမိခဲ့ပေ။
ဤအချက်က လုံယီအား လာမည့်လတွင် သွားရောက်မည့် ဟယ်မြို့ခရီးစဉ်အတွက် ပို၍ ယုံကြည်မှု ရှိသွားစေသည်။ လေစီးသီးမှာ ရှားပါးလှသဖြင့် မည်သည့်နည်းနှင့်မဆို ရယူရန် သူ ဆုံးဖြတ်ထားသည်။
လီမိသားစု ဘိုးဘေး၏ အစီအရင်ပြား လက်ထဲရှိနေသရွေ့ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော ပညာရှင်ကြီးတစ်ဦးကိုပင် ခေတ္တခဏ ပြန်လည်ခုခံနိုင်မည်ဟု သူ ယုံကြည်ချက်ရှိသည်။
ထို့အပြင် ဟယ်မြို့မှာ အလောင်းထိန်းချုပ်ရေးဂိုဏ်းနှင့် အနီးဆုံးမြို့ဖြစ်ပြီး မိုင်တစ်ရာပင် မဝေးလှပေ။
ထိုအချိန်အတွင်း အသက်ရှူအာရုံခံ အဆောင်ကို အသုံးပြု၍ ဆရာဟယ်ကို ဆင့်ခေါ်မည်ဆိုပါက သူ၏ ဘေးကင်းမှုမှာ လုံလောက်သော အာမခံချက် ရှိသည်။
နောက်ပိုင်းရက်များတွင် လုံယီသည် ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ နေ့စဉ် သူ၏ ဂူဗိမာန်အတွင်း၌ ရွှမ်ယင်ကျင့်စဉ်ကို လေ့ကျင့်လိုက် တစ်ခါတစ်ရံ ဆရာဟယ်၏ ဟောပြောပို့ချချက်များကို တက်ရောက်လိုက်နှင့် အချိန်ကုန်လွန်ခဲ့သည်။
ကြားရက်များတွင်လည်း ဝိညာဉ်ဆေးခန်းမသို့ သွားရောက်ကာ လေစီးသီး၏ အချက်အလက်များနှင့် ထူးခြားချက်များကို လေ့လာရင်း ဟယ်မြို့ခရီးစဉ်အတွက် ပြင်ဆင်နေခဲ့သည်။
ထိုအချိန်တွင် ဆရာဟယ်၏ အခြားတပည့်နှစ်ဦးမှာ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာကြသည်။
“ဒါ... ဂျူနီယာမောင်လေးလား။ ငါတို့ အပြင်ထွက်နေတုန်း ဆရာက တပည့်သစ် လက်ခံလိုက်လိမ့်မယ်လို့ မထင်ထားဘူး။ ရော့... ဒါက တွေ့ဆုံလက်ဆောင်ပါ”
ပြောလိုက်သူမှာ အရပ်ပုပု၊ ကလေးမျက်နှာနှင့် အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူမမှာ ချောမောလှပပြီး အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိကာ အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
“စီနီယာအစ်မ မင်္ဂလာပါခင်ဗျာ”
လုံယီက ပြုံးရွှင်စွာဖြင့် သူမကမ်းလှမ်းသော ချီစုပ်ယူခြင်းဆေးလုံးနှစ်ပုလင်းကို လက်ခံလိုက်သည်။
ဤလက်ဆောင်သည် အလွန်အမင်း တန်ဖိုးကြီးလွန်းသည်မျိုး မဟုတ်သော်လည်း မလေးမစားပြု၍မရသော တန်ဖိုးရှိသည့်အရာ ဖြစ်ရာ ပထမဆုံးတွေ့ဆုံခြင်းအတွက် အလွန်သင့်လျော်လှသည်။
“နေကောင်းလား ဂျူနီယာမောင်လေး”
ကလေးမျက်နှာနှင့် အမျိုးသမီးကျင့်ကြံသူဘေးတွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အမျိုးသားကျင့်ကြံသူတစ်ဦး ရပ်နေသည်။
သူ၏ အမူအရာမှာ အေးစက်စက်ရှိပြီး စကားပြောနည်းပုံပင်။ သူသည်လည်း လုံယီထံသို့ ချီစုပ်ယူခြင်းဆေးလုံးနှစ်ပုလင်းကိုပင် ကမ်းပေးလိုက်သည်။
“စီနီယာအစ်ကို မင်္ဂလာပါခင်ဗျာ”
“ညီလေးက ဘယ်အရပ်က လာတာလဲ”
ကလေးမျက်နှာနှင့် စီနီယာအစ်မဖြစ်သူက မေးသည်။
“ကျွန်တော် ကျင်းမြို့ရဲ့ ဝိဇ္ဇာရှာပုံတော်ခန်းမကနေ လာခဲ့တာပါ...”
ထို့နောက် လုံယီသည် စီနီယာအစ်မဖြစ်သူနှင့် စကားစမြည် ပြောဆိုဖြစ်ခဲ့သည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး စီနီယာအစ်ကိုမှာမူ တစ်ခွန်းမျှ ဝင်မပြောဘဲ ဘေးမှ တိတ်တဆိတ် နားထောင်နေခဲ့သည်။
စကားပြောဆိုရင်းမှ လုံယီသည် သူတို့၏ အမည်များကို သိရှိခဲ့ရသည်။ ကလေးမျက်နှာနှင့် စီနီယာအစ်မ၏ အမည်မှာ လုထျန်းရန် ဖြစ်ပြီး သူမသည် ကျောက်နိုင်ငံသား မဟုတ်ပေ။
စစ်မှန်သော သွေးနီဂိုဏ်း တည်ရှိရာ ယန်နိုင်ငံမှ လာသူဖြစ်သည်။ သူမတွင် ထိပ်တန်းအဆင့် ယင်ဝိညာဉ်ပါရမီရှိကြောင်း သိရှိရပြီးနောက် အလောင်းထိန်းချုပ်ရေးဂိုဏ်းသို့ ဝေးလံသောခရီးကို နှင်၍ တပည့်ခံရန် ရောက်ရှိလာခြင်းပင်။
အေးစက်စက်နိုင်သော စီနီယာအစ်ကို၏ အမည်မှာမူ လျိုချီ ဖြစ်ပြီး ကျောက်နိုင်ငံ၊ ချိုးမြို့မှ လာသူဖြစ်သည်။
“ဆရာက တပည့်သစ် လက်မခံတာ တော်တော်ကြာပြီ။ အခုတော့ ဒီနေရာလေး ပြန်ပြီး စည်ကားလာပြီပဲ”
လုထျန်းရန်သည် လုံယီ ရောက်ရှိလာခြင်းအတွက် များစွာ ဝမ်းမြောက်နေပုံရပြီး သူ့ကို မေးခွန်းများစွာ မေးမြန်းခဲ့သည်။ နောက်ဆုံးတွင် မွန်းတည့်ချိန်သို့ နီးကပ်လာသည့်အခါ သူမက “မောင်လေး... မင်း ဝမ်တောက်တောင်ထွတ်ကို ပြောင်းလာတာ မကြာသေးဘူးဆိုတော့ စားသောက်ဆောင်ကို ရောက်ဖူးပြီလား” ဟု မေးလိုက်သည်။
“စားသောက်ဆောင် ဟုတ်လားခင်ဗျာ”
“ငါတို့ အရင်က စားခဲ့တာတွေက သာမန်ဝိညာဉ်စပါးတွေလေ။ ချီသန့်စင်ခြင်း အစောပိုင်းအဆင့်မှာတော့ အကျိုးရှိပေမဲ့ အလယ်အဆင့်ကို ရောက်လာတဲ့အခါမှာတော့ သာမန်ထမင်းနဲ့ ဘာမှမထူးတော့ဘူး”
လုထျန်းရန်က ရယ်မောရင်း ပြောသည်။
“ဝမ်တောက်တောင်ထွတ်မှာ စားသောက်ဆောင်တစ်ခုရှိတယ်။ အဲဒီနေရာက အတွင်းစည်းတပည့်တွေပဲ ဝင်ခွင့်ရှိတာ။ အဲဒီက ထမင်းက စိမ်းပြာရောင်သွားပုံစံစပါးနဲ့ ချက်ထားတာလေ။ သာမန်စပါးထက် ဝိညာဉ်ချီတွေ ပိုပြီး သိပ်သည်းတယ်။ တစ်နပ်စားရုံနဲ့တင် ကျင့်ကြံမှုကို အနည်းငယ် တိုးတက်စေနိုင်တယ်။ အထူးသဖြင့် ပထမဆုံး စားတဲ့အချိန်မှာ ပိုသိသာတယ်”
“စားသောက်ဆောင်က အလကား ကျွေးတာလားခင်ဗျာ”
လုံယီက စပ်စုလိုက်သည်။
“ငါတို့ ညီလေးနဲ့ ပထမဆုံး တွေ့တာပဲလေ။ ထမင်းတစ်နပ်လောက်တော့ ကျွေးလို့ မရဘူးလား”
သူတို့သည် ရယ်ရယ်မောမောဖြင့် ဝမ်တောက်တောင်ထွတ်၏ ခါးပန်းနေရာရှိ မြင့်မားသော တောက္ကပတ်သစ်သား အဆောက်အဦးကြီးဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အစားအစာ၏ မွှေးပျံ့သော ရနံ့များမှာ သူတို့၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး စိတ်ကို လန်းဆန်းစေကာ သွားရည်ကျစရာ ကောင်းသည်။ အဆောက်အဦး၏ ဆိုင်းဘုတ်ပေါ်တွင် စားသောက်ဆောင်ဟု ရွှေရောင်စာလုံးများဖြင့် ရေးထုထားပြီး တပည့်များ ဝင်ထွက်သွားလာနေသည်ကို တွေ့ရသည်။
အများစုမှာ တပည့်ရင်းများအဖြစ် အပြာရင့်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အချို့မှာမူ အတွင်းစည်းတပည့်များအဖြစ် အပြာနုရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
လုံယီသည် သူ၏ စီနီယာအစ်ကို၊ အစ်မတို့နောက်မှ လိုက်ပါ၍ ကျောက်ခင်းလမ်းအတိုင်း ဝင်လာခဲ့ရာ နောက်ဆုံးတွင် စားသောက်ဆောင်၏ ခန်းမမကြီးအတွင်းသို့ ရောက်ရှိသွားတော့သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အကျယ်အဝန်းမှာ ပေပေါင်း နှစ်ထောင်ခန့် ရှိပြီး လူလေးဦးစာ ထိုင်နိုင်သော တောက္ကပတ် စားပွဲဝိုင်းများကို စနစ်တကျ စီထားသည်။
ခန်းမအလယ်တွင် သုံးပေခန့်မြင့်သော ကြေးအိုးကြီးတစ်လုံး ရှိနေပြီး ၎င်းအပေါ်တွင် ဖြူလွှလွှ အငွေ့များမှာ မပျယ်ဘဲ ဝဲနေတော့သည်။
လုထျန်းရန်သည် စားသောက်ဆောင် အိမ်တော်ထိန်းထံသို့ သူတို့၏ တပည့်အမှတ်အသား တံဆိပ်များကို ပေးအပ်လိုက်ပြီး “ဝိညာဉ်ဆန်ပြုတ် သုံးပန်းကန်” ဟု မှာကြားလိုက်သည်။
“ကောင်းပါပြီ”
အိမ်တော်ထိန်းက မည်သို့မျှ လှုပ်ရှားလိုက်သည်ဟု မထင်ရသော်လည်း ခဏချင်းအတွင်းမှာပင် လုံယီတို့ထံသို့ အနက်ရောင် သစ်သားလင်ဗန်းတစ်ခုနှင့် အလွတ်ဖြစ်နေသော သစ်သားပန်းကန်လုံး တစ်လုံးစီကို ကမ်းပေးလိုက်သည်။
လုထျန်းရန်နှင့် ကျန်နှစ်ဦးသည် လုံယီကို ဦးဆောင်၍ ဆန်ပြုတ်ထည့်ရန် ကြေးအိုးကြီးဆီသို့ သွားကြသည်။ စိမ်းပြာရောင်သွားပုံစံစပါးဖြင့် ချက်ထားသော ဆန်ပြုတ်မှာ ပျစ်နှစ်နေပြီး အနီရောင်သန်းသော အနက်ရောင် ရှိနေသည်။
အတွင်း၌ရှိသော ဆန်စေ့များမှာ သွားပုံသဏ္ဌာန်ရှိပြီး အပေါ်ပိုင်းမှာ ကျယ်၍ အောက်ပိုင်းမှာ ကျဉ်းလျက် ကြည်လင်နေကာ ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေသည်။
“တစ်ယောက်ကို ဆန်ပြုတ် တစ်ပန်းကန်ပဲ ထည့်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီဘေးက အသားဟင်းတွေကတော့ ဝိညာဉ်သားရဲသားတွေနဲ့ ချက်ထားတာလေ။ နင် ကြိုက်သလောက် ယူစားလို့ရတယ်။ ဒါပေမဲ့ အလေအလွင့်တော့ မရှိစေနဲ့ပေါ့”
လုထျန်းရန်က ဘေးဘက်ရှိ စားပွဲရှည်ကြီးတစ်ခုကို ညွှန်ပြသည်။
ထိုနေရာတွင် အသားမျိုးစုံကို ချက်ပြုတ်ထားသည်ဖြစ်စေ၊ အချပ်လိုက် လှီးထားသည်ဖြစ်စေ သို့မဟုတ် အချဉ်သိပ်ထားသည်ဖြစ်စေ ကျင့်ကြံသူများ စိတ်ကြိုက် ယူစားနိုင်ရန် ပုံစံအမျိုးမျိုးဖြင့် ပြင်ဆင်ထားသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး လုံယီမှာ အံ့ဩကာ ချီးကျူးမိတော့သည်။