အခန်း (၃၈၁-၃၈၂)
Vol. 39 Ch. 381-382
အခန်း။ ၃၈၁
"တကယ်လို့ ဒါက ရှေ့လျှောက်ကြုံရမယ့် ဘေးဒုက္ခဆိုရင်လည်း ရှောင်လွှဲလို့ ရနိုင်မှာမဟုတ်သလို... တကယ်ပဲ ကံကြမ္မာက ပါလာတာဆိုရင်လည်း ပြေးဖို့လမ်းရှိမှာ မဟုတ်ပါဘူး"
လုံယီက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း “အဆင့်မြင့်အဆင့် ပညာရှင်တစ်ယောက်က ငါ့ကို ပစ်မှတ်ထားနေတာပဲ။ ငါက အခုမှ ချီသန့်စင်ခြင်း အစောပိုင်းအဆင့်ပဲ ရှိသေးတာ။ ဘယ်လိုလုပ်ပြီး ထွက်ပြေးလို့ လွတ်မှာလဲ” ဟု ပြောလိုက်သည်။
“ဒါပေမဲ့ မင်း သိပ်ပြီး စိုးရိမ်မနေပါနဲ့ဦး။ ငါ့အဖေက ဂိုဏ်းကို ပြန်ရောက်တော့ အကြီးအကဲဝမ် စခန်းမှာ လုပ်ခဲ့တဲ့ ယုတ်မာမှုတွေကို ဂိုဏ်းချုပ်ဆီ တင်ပြလိုက်တယ်။ ဂိုဏ်းချုပ်က စိတ်တိုသွားတာ။ အကြီးအကဲဝမ်ကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တဲ့အပြင် စည်းကမ်းထိန်းသိမ်းရေး ခန်းမက အကြီးအကဲ အတော်များများကိုလည်း စောင့်ကြည့်ခိုင်းထားတယ်”
“ပြီးတော့ သူတို့က ဂိုဏ်းအကြီးအကဲဆီက ငှားလာတဲ့ နှလုံးသားကြေးမုံကိုလည်း ပြန်ပေးလိုက်ပြီဆိုတော့ လောလောဆယ် ကာလတိုအတွင်းမှာ သူ ဘာမှ အကြီးအကျယ် လုပ်နိုင်မှာ မဟုတ်ဘူး”
ပိယောင်ယောင်က ပြောလိုက်သည်။
“ငါ့အဖေ ပြောတာတော့ အကြီးအကဲဝမ်မှာ ဂိုဏ်းထဲမှာ ရန်သူတွေ အများကြီးပဲတဲ့။ သူ အမှားလုပ်မိလို့ အဖမ်းခံရမှာကို စောင့်နေကြတဲ့သူတွေချည်းပဲ”
“နောက်ပြီး သူက ဘယ်သူက တရားခံလဲ။ ဘယ်သူက အမွေအနှစ်ကို ရသွားတာလဲဆိုတာကို ချက်ချင်း ခွဲခြားနိုင်မှာ မဟုတ်ဘူး”
ပိယောင်ယောင်၏ မျက်နှာထက်တွင် ရုတ်တရက် ထူးခြားသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး “ချင်းယီက အခုလေးတင်ပဲ တံခါးပိတ်ကျင့်ကြံတော့မယ်လို့ ကြေညာလိုက်တယ်။ အခုတလော ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ဘူး”
“ဟမ်...”
လုံယီ ခဏမျှ စဉ်းစားလိုက်ရုံနှင့် ထိုလုပ်ရပ်၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို နားလည်သွားသဖြင့် စိတ်လှုပ်ရှားသွားမိသည်။
ယိုချင်းယီသည်လည်း အကြီးအကဲဝမ်၏ သံသယအရှိဆုံးစာရင်းတွင် ပါဝင်နေသူဖြစ်သည်။ ဂူသင်္ချိုင်းမှ ထွက်လာသည်နှင့် တံခါးပိတ်ကျင့်ကြံခြင်းကို အလျင်အမြန် ကြေညာလိုက်ခြင်းက အခြားသူများကို သူမပင် အမွေအနှစ် ရရှိသွားသယောင် ထင်ယောင်ထင်မှားဖြစ်စေပြီး သူမကိုယ်သူမ အာရုံစိုက်မှုကို ဆွဲယူလိုက်ခြင်းပင်။
အမွေအနှစ်ရရှိသူသည် ဝမ်ဝမ်ပိုင် မည်သို့သေဆုံးသည်ကို သိရှိနိုင်သော်လည်း နှလုံးသားကြေးမုံသည် အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်များ၏ ရတနာမျှသာ ဖြစ်သည်။ သခင်ကြီးဟန်ယွဲ့မှာမူ အဆင့်မြင့်ဆုံး ရွှေအမြုတေအဆင့်ပညာရှင်ကြီးဖြစ်ရာ စစ်ဆေးခြင်းကို ကာကွယ်ရန် နည်းလမ်းတစ်ခုခု ချန်ရစ်ခဲ့သည်မှာ သေချာသလောက်ပင်။
“ဒါပေမဲ့ ချင်းယီရဲ့ ဆရာက အကြီးအကဲလီ။ ဘွဲ့အမည်က ယွီချန်ကျီလေ။ သူ့ရဲ့ ကျင့်ကြံမှုက ငါ့အဖေနဲ့ အဆင့်တူတူပဲ။ ဂိုဏ်းထဲက အခြေခံတည်ဆောက်ခြင်းအဆင့်တွေထဲမှာ အသန်မာဆုံးစာရင်းဝင်ပဲ။ သူမမှာတော့ သူမဆရာရဲ့ အကာအကွယ် ရှိတယ်။ မင်းမှာက မရှိဘူးလေ”
ပိယောင်ယောင်က ထပ်ပြောလိုက်သည်။
“အကြီးအကဲဝမ်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ”
လုံယီက သူ၏ရန်သူအကြောင်းကို စတင်စုံစမ်းတော့သည်။ ရန်သူ့အင်အားကို သိရှိထားခြင်းက အောင်ပွဲအတွက် အတော်လေး အရေးပါသည်။
“သူက အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်မှာပဲ နှစ်တော်တော်ကြာ ရပ်နေတာ။ သိသိသာသာ တိုးတက်မှု မရှိဘူး”
ပိယောင်ယောင်က ခေတ္တစဉ်းစားပြီး “ဒါပေမဲ့ အဲဒါကြောင့်ပဲ သူက မှော်အတတ်တွေ၊ ဝိညာဉ်
လက်နက်တွေနဲ့ တိုက်ခိုက်ရေးပညာတွေမှာ ပိုပြီး အာရုံစိုက်လာခဲ့တာ။ သူ့ရဲ့ ခွန်အားက အချို့သော အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ပညာရှင်တွေနဲ့ ယှဉ်ရင်တောင် မနိမ့်ဘူးလို့ ပြောလို့ရတယ်”
“အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ပေါ့...”
လုံယီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ပိယောင်ယောင်က အကြီးအကဲဝမ်သည် တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သည်ဟု ဆိုသော်လည်း အဆင့်အတန်း ကွာခြားမှုမှာ အခြေခံအကျဆုံး ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်း အဆင့်တစ်ခုနှင့် တစ်ခုကြားတွင် ကွာခြားချက်မှာ အလွန်ပင် ကြီးမားသည်။
အကယ်၍ သူသာ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပါက လုံယီအတွက် လွတ်မြောက်နိုင်ခြေမှာ ပို၍ပင် နည်းပါးသွားပေလိမ့်မည်။
“အကြီးအကဲဝမ်မှာ နာမည်ကျော်တဲ့ မှော်အတတ် ဒါမှမဟုတ် ဝိညာဉ်လက်နက်တွေ ရှိလား”
“သူ့ရဲ့ နာမည်ကြီးမှော်အတတ်က ငရဲဘုံလေးထပ်တဲ့။ အဲဒါက လောကအရပ်ရပ်က အာဃာတတွေ၊ မနာလိုမှုတွေနဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကို ဆင့်ခေါ်ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါတွေနဲ့ ကြီးမားတဲ့ ထောင်ချောက်တစ်ခုကို တည်ဆောက်တာပဲ။ ရန်သူကို အဲဒီထဲမှာ ပိတ်လှောင်ထားတတ်တယ်။ အဲဒီ သတ်ဖြတ်ခြင်းအရှိန်အဝါက ဓားသွားတွေထက်တောင် ပိုကြောက်စရာကောင်းတယ်။ ခန္ဓာကိုယ်ကို တိုက်စားရုံတင်မကဘဲ စိတ်ဝိညာဉ်ပါ လွတ်မြောက်လို့ မရနိုင်တော့ဘူး...”
ပိယောင်ယောင်က ပြန်လည်ရှင်းပြပြီး “သူ့ရဲ့ ဝိညာဉ်လက်နက်ကတော့ အဲဒီမှော်အတတ်နဲ့ လိုက်ဖက်တဲ့ ကြောက်မက်ဖွယ် အလံလေးခုပဲ၊ အဲဒီအလံတွေက သတ်ဖြတ်ခြင်းအရှိန်အဝါတွေနဲ့ နှစ်ပေါင်းများစွာ သန့်စင်ထားတာဆိုတော့ သူ့ရဲ့ မှော်အတတ်ကို ပိုပြီး အစွမ်းထက်စေတယ်။ ဒါကြောင့်ပဲ သူက တန်းတူအဆင့်တွေထဲမှာ ရှုံးနိမ့်ခြင်းမရှိသလောက် ဖြစ်နေတာ...”
ပိယောင်ယောင်သည် သူမသိရှိထားသမျှကို အကုန်အစင် ပြောပြလိုက်သည်။ အချို့အချက်များကို သူမ၏ဖခင်ထံတွင် ကြိုတင်မေးမြန်းထားခဲ့ခြင်းပင်။
“နေဦး... မင်းက ဒါတွေကို ဘာဖြစ်လို့ မေးနေတာလဲ။ မင်း အကြီးအကဲဝမ်ကို တန်ပြန်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်”
ပိယောင်ယောင်က လုံယီကို သံသယဖြင့် စိုက်ကြည့်လိုက်ရာ သူမ၏ တောက်ပသော မျက်ဝန်းနက်လေးများထဲတွင် လုံယီ၏ ပုံရိပ်မှာ ထင်ဟပ်နေတော့သည်။
“ငါ့မှာ အဲဒီလို အစွမ်းမျိုး မရှိပါဘူး”
လုံယီက ခပ်ဖွဖွ ပြုံးရင်း “ဒါပေမဲ့ ပိုပြီး သိထားတော့ ပိုပြီး ပြင်ဆင်ထားလို့ ရတာပေါ့”
“ဒါလည်း ဟုတ်တာပဲ”
ပိယောင်ယောင်က ခေတ္တရပ်ပြီး “မင်း ချီသန့်စင်ခြင်း စတုတ္ထအဆင့်ကို မြန်မြန်ရောက်အောင် ကြိုးစားပြီး ဆရာကောင်းတစ်ယောက် ရှာရမယ်။ အဲဒီကျရင် မင်းမှာ ခိုင်မာတဲ့ အနောက်ခံ ရှိသွားပြီလေ။ အကြီးအကဲဝမ်က မင်းကို ဗြောင်ကျကျ ရန်ပြုရဲတော့မှာ မဟုတ်ဘူး။ ငါ ငါ့အဖေကိုလည်း မေးကြည့်ပါသေးတယ်။ ဒါပေမဲ့ သူက မင်းက မီးဓာတ်လိုင်း မဟုတ်လို့ဆိုပြီး တပည့်အဖြစ် လက်ခံဖို့ ငြင်းနေတယ်...”
ပိယောင်ယောင်သည် သူမ၏ နှုတ်ခမ်းနီနီလေးကို ဆူလိုက်ရာ စိတ်ကောက်နေသော ပုံစံလေးမှာ အလွန်ပင် ချစ်စရာကောင်းနေသဖြင့် သူမ၏ ပါးဖောင်းဖောင်းလေးကို ဆွဲဖျစ်ချင်စရာပင် ကောင်းလှတော့သည်။
“ယောင်ယောင်... ကျေးဇူးတင်ပါတယ်”
လုံယီက ရိုးသားစွာ ပြောလိုက်သည်။
လုံယီက သူမကို ယောင်ယောင်ဟု ပထမဆုံးအကြိမ် ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ ပိယောင်ယောင်မှာ ခေတ္တမျှ ကြောင်အသွားပြီး ရင်ထဲတွင် ဖော်ပြရခက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာတော့သည်။
ထို့နောက် လုံယီက သူမ၏ လက်ကလေးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သောအခါ ပိယောင်ယောင်၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ရင်သွားပြီး ရင်ထဲတွင် တလှပ်လှပ် ခံစားလိုက်ရကာ လက်ကို ပြန်လည် ရုန်းဖယ်ရန်ပင် မေ့လျော့နေတော့သည်။
သူ့လက်က... အရမ်း နွေးတာပဲ...
သူမ ရုတ်တရက် တွေးလိုက်မိတော့သည်။
ထို့နောက် သူမ၏ လက်ဖဝါးပြင်ထက်သို့ အေးမြသော အထိအတွေ့တစ်ခု ရုတ်တရက် ကျရောက်လာသည်။
နှင်းကဲ့သို့ ဖြူစင်နုနယ်သော လက်ဖဝါးပေါ်တွင် နှစ်လက်မခန့်ရှည်သည့် အနီရောင် ပစ်ဓားလေးတစ်စင်းမှာ ငြိမ်သက်စွာ လဲလျောင်းနေပြီး ဆွဲဆောင်မှုရှိသော အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေတော့သည်။
“ဒါက မင်းအတွက်ပါ။ ငါက တစ်လက်ပဲ သန့်စင်နိုင်တာဆိုတော့ ဒါကို ဆက်သိမ်းထားရင်
လည်း အလဟဿ ဖြစ်နေမှာစိုးလို့”
လုံယီက ပြုံးလျက် ပြောလိုက်သည်။
သခင်ကြီးဟန်ယွဲ့ ချန်ရစ်ခဲ့သော ဝိညာဉ်ရတနာလောင်း နှစ်လက်အနက် အနက်ရောင်ဖြစ်သော မိုယွမ်ကို လုံယီက ကိုယ်တိုင်အတွက် သိမ်းဆည်းခဲ့ပြီး ကျူးယန်ဟု အမည်ရသော အနီရောင်ဓားကိုမူ ယနေ့တွင် ပိယောင်ယောင်အား လက်ဆောင်အဖြစ် ပေးအပ်လိုက်ခြင်းပင်။
ယခင်က စခန်းတွင်ရှိစဉ်အခါက သူမသာ အကြီးအကဲပိကို အပြေးအလွှား သွားရောက်မခေါ်ဆောင်ခဲ့ပါက သူ၏အသက်မှာ လွတ်မြောက်နိုင်ခြေ ရှိတော့မည်မဟုတ်ပေ။
ယခုအခါတွင်လည်း သူမက သူ့အတွက် စေတနာအပြည့်ဖြင့် အကြံပေးတိုင်ပင်နေသည်ဖြစ်ရာ လုံယီအနေဖြင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။
ထို့ပြင် သူမသည် ဂိုဏ်းအတွင်း၌ သူ၏ အားအကိုးရဆုံးသော မဟာမိတ်လည်း ဖြစ်သဖြင့် သူမကို လက်မလွှတ်တမ်း ဆွဲထားရန်မှာ အရေးကြီးသည်။
“ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်... ဂိုဏ်းကို ပြန်ရောင်းရင်တောင် မင်းအတွက် အကျိုးအမြတ် အများကြီး ရနိုင်တာပဲကို...”
ပိယောင်ယောင်သည် နှုတ်ခမ်းကို ဖိကိုက်ရင်း တုံ့ဆိုင်းစွာ ပြောရှာသည်။
ဝိညာဉ်ရတနာလောင်းတစ်လက်သည် ကျင့်ကြံသူတစ်ဦးအား ရွှေအမြုတေအဆင့်ထိတိုင်အောင် အဖော်ပြုပေးနိုင်စွမ်းရှိရာ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်ကြီးများအတွက်ပင် အလွန်အဖိုးတန်လှသည်။
သူက ငါ့ကို ဘာမှမစဉ်းစားဘဲ ပေးလိုက်တာလား။
"ပြီးတော့... ဒီရတနာလောင်း နှစ်လက်က စုံတွဲတွေအတွက်ပဲ သီးသန့်လုပ်ထားတာလေ။ သူက ဘာကို ရည်ရွယ်ပြီး ဒါကို ပေးတာလဲ... ငါ့ကို တစ်ခုခု ပြောချင်နေတာလား..."
ပုံမှန်အားဖြင့် လည်လည်ဝယ်ဝယ်ဖြင့် ဖျတ်လတ်လေ့ရှိသော ပိယောင်ယောင်တစ်ယောက် လုံယီ၏ လက်ဆောင်ကြောင့် အတွေးပေါင်းစုံဖြင့် ဇဝေဇဝါ ဖြစ်နေရတော့သည်။
“ဒါကို ဘာလို့ ချင်းယီကို မပေးတာလဲ”
စိတ်ထဲရှိသည့်အတိုင်း သူမ ရုတ်တရက် မေးလိုက်မိသည်။
မေးပြီးသွားမှပင် သူမ နောင်တအနည်းငယ် ရသွားသော်လည်း ရင်ထဲတွင်မူ မဖော်ပြနိုင်သော မျှော်လင့်ချက်လေးတစ်ခု ကိန်းအောင်းနေမိသည်။
“ဒီ ကျူးယန်ဓားပျံက သိသိသာသာကို မီးဓာတ်ကျင့်ကြံသူတွေအတွက် သီးသန့်ပဲလေ။ သူမရဲ့ ဓာတ်သဘာဝနဲ့က မကိုက်ညီဘူး။ သုံးရင်လည်း အစွမ်းကုန် ထွက်လာမှာမဟုတ်ဘူး”
“လုံယီ”
လုံယီ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ပိယောင်ယောင်၏ စောစောက ခံစားချက်
အားလုံးမှာ လေထဲတွင် ပျောက်ကွယ်သွားပြီး ဒေါသတကြီးဖြင့် အံကြိတ်လိုက်မိသည်။
သို့သော်လည်း ဤအကြောင်းပြချက်ကြောင့်ပင် လုံယီ၏ ဓားကို လက်ခံရန်မှာ ပို၍ပင် လုံလောက်သော အကြောင်းပြချက် ဖြစ်သွားတော့သည်။
“ကောင်းပြီလေ... မင်းရဲ့ ဒီဓားအစုတ်လေးကို ငါကပဲ စိတ်မပါ့တပါနဲ့ ခေတ္တငှားထားပေးမယ်” ပိယောင်ယောင်က စိတ်ကောက်ဟန်ဖြင့် ပြောလိုက်သည်။
ထို့နောက် လုံယီသည် ဆရာတင်ရန် ပြင်ဆင်နိုင်ရေးအတွက် ဂိုဏ်းအတွင်းရှိ အကြီးအကဲများအကြောင်းကို ပိယောင်ယောင်နှင့် တိုင်ပင်ဆွေးနွေးသည်။
ပိယောင်ယောင်က ဝမ်တောက်တောင်ထွတ်မှ အစွမ်းထက်သော အကြီးအကဲအချို့၏ အကြောင်းကို ပြောပြရာ လုံယီအတွက် ဗဟုသုတများစွာ ရရှိခဲ့သည်။
ဝမ်တောက်တောင်ထွတ်မှ အကြီးအကဲအားလုံးမှာ လုံယီနှင့် ကိုက်ညီသော ယင်ဓာတ်လိုင်းများ ဖြစ်ကြသည်။
ဥပမာအားဖြင့် အကြီးအကဲထု၏ ဝိညာဉ်အလံတော်မှာ အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ သမိုင်းတစ်လျှောက် ထိပ်တန်းစာရင်းဝင် ဖြစ်သည်။ ၎င်းအတွင်း၌ ထောင်ပေါင်းများစွာသော သားရဲဝိညာဉ်များနှင့် မိစ္ဆာဝိညာဉ်များကို မွေးမြူထားရာ အခြေခံတည်ဆောက်ခြင်းအဆင့်များထဲတွင် ပြိုင်ဘက်ကင်းလှပြီး နေနီဂိုဏ်းမှ အကြီးအကဲနှစ်ဦးကိုပင် တစ်ဦးတည်းနှင့် အနိုင်ယူခဲ့ဖူးသည်။
ထို့ပြင် နှလုံးတိုက်စားဂါထာတွင် ကျွမ်းကျင်ပြီး မိုင်တစ်ရာအကွာမှပင် ပစ်မှတ်ကို သတ်ဖြတ်နိုင်သော အကြီးအကဲလျူ၊ မိစ္ဆာစစ်သူကြီးအဆင့်ရှိသော ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကို ပိုင်ဆိုင်ထားသည့် အကြီးအကဲဖန်တို့လည်း ရှိသည်။
ဒါက ဘွဲ့လွန်တက်ဖို့အတွက် ပါမောက္ခတွေကို လိုက်စုံစမ်းနေရသလိုပဲ။
အဖက်ဖက်မှ နှိုင်းယှဉ်တွေးတောပြီးနောက် သူသည် ဆရာတစ်ဦးကို ရွေးချယ်လိုက်တော့သည်။
နောက်ဆုံးတွင် သူသည် လီမျိုးနွယ်စု ဘိုးဘေးထံမှ ရရှိခဲ့သည့် အစီအရင်ပြားကို ထုတ်ယူကာ ပိယောင်ယောင်နှင့်အတူ တိမ်တိုက်တစ်သောင်းတောင်ထွတ်သို့ အတူတူ ထွက်ခွာခဲ့ကြသည်။ ယင်ဓာတ်လွှမ်းမိုးသော ဝမ်တောက်တောင်ထွတ်နှင့် မတူဘဲ တိမ်တိုက်တစ်သောင်းတောင်ထွတ်တွင် ရွှေ၊ ထင်း၊ ရေ၊ မီး၊ မြေ ဟူသော ဓာတ်ငါးပါးလုံးမှ ကျင့်ကြံသူများ စုဝေးနေကြသည်။
ထိုနေရာတွင် အစီအရင်အတတ်၌ ကျွမ်းကျင်သော အကြီးအကဲဝူ ရှိပြီး သူ၏ ထိပ်တန်းတပည့် ရုံဟိန်းမှာ ပိမျိုးနွယ်စုနှင့် ရင်းနှီးသော ပတ်သက်မှု ရှိသူဖြစ်သည်။
“ဟိုးအရင်က ရုံဟိန်းက ငါ့အိမ်က အိမ်စေရဲ့ သားလေးလေ။ သူ့မှာ မြေဓာတ်ဝိညာဉ်အမြုတေ ရှိတာကို တွေ့တော့ ငါ့အဖေကပဲ ဂိုဏ်းကို အကြံပြုပေးလိုက်တာ...”
ပိယောင်ယောင်သည် လုံယီ၏ ရှေ့မှနေ၍ ခုန်ဆွခုန်ဆွနှင့် လျှောက်လှမ်းရင်း ရုံဟိန်းနှင့် သူမမိသားစုအကြောင်းကို လမ်းတစ်လျှောက်လုံး အားတက်သရော ပြောပြနေတော့သည်။
အခန်း။ ၃၈၂
ရုံဟိန်းသည် အသားညိုညိုနှင့် ရိုးသားဖြောင့်မတ်သော ရုပ်ရည်ရှိသည့် ဂိုဏ်း၏ တပည့်ရင်းတစ်ဦးဖြစ်သည်။ အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်သုံးဆယ်ကျော်အရွယ်ခန့် ရှိသော်လည်း ဝတ်စားပုံမှာ ဖရိုဖရဲနိုင်လှသည်။
ဆံပင်များကလည်း ရှုပ်ထွေးနေပြီး မျက်ဝန်းအစုံမှာမူ တစ်စုံတစ်ခုကို ကြောင်စီစီဖြင့် ငေးမောနေတတ်သည့် ပုံစံမျိုး ရှိသည်။
သို့သော် ပိယောင်ယောင်ကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ ခက်ထန်လှသော မျက်နှာထက်၌ အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
“သ... သခင်မလေး...”
“အစ်ကို့ဆီက အကူအညီတောင်းစရာ ရှိလို့”
ပိယောင်ယောင်က အားနာရကောင်းမှန်းမသိဘဲ တဲ့တိုးပင် ပြောလိုက်သည်။
“သ... သခင်မလေး ခိုင်းစရာရှိတာသာ ခိုင်းပါ”
ရုံဟိန်းမှာ လူများနှင့် မထိတွေ့သည်မှာ ကြာပြီဖြစ်ရာ အစပိုင်းတွင် စကားများ ထစ်ငေါ့နေသော်လည်း တဖြည်းဖြည်း အဆင်ပြေသွားတော့သည်။
သူတို့ သုံးဦးသားမှာ ရုံဟိန်း၏ ဂူဗိမာန်အတွင်းရှိ ဘေးခန်းတစ်ခု၌ ထိုင်လိုက်ကြသည်။ လုံယီက လီမျိုးနွယ်စု ဘိုးဘေးထံမှ ရရှိထားသော ပေါင်းစပ်အစီအရင်ပြားကို ထုတ်ယူလိုက်သည်။ ပန်းကန်လုံးခန့် အရွယ်အစားရှိသော ထိုအစီအရင်ပြားတိုင်းမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး မျက်နှာပြင်ပေါ်တွင် အနက်ရောင် အင်းကွက်များစွာ ထွင်းထုထားရာ သတ်ဖြတ်လိုသော အရှိန်အဝါများ ကိန်းအောင်းနေတော့သည်။
“ဒါ... ဒါက သိပ်ကို အံ့သြဖို့ကောင်းတဲ့ အစီအရင်ပြားပဲ သာမန်တော့ မဟုတ်ဘူး”
ခပ်အေးအေးနေတတ်သော ရုံဟိန်းပင် လုံယီ၏ အစီအရင်ပြားများကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ဝင်းလက်သွားတော့သည်။
သူသည် အစီအရင်ပြားကို သူ၏ ချစ်သူကို တွေ့လိုက်ရသကဲ့သို့ တယုတယဖြင့် အလျင်အမြန် စမ်းသပ်ကြည့်ရှုသည်။
“ဒီအစီအရင်ပြားထဲမှာ ချီစွမ်းအင်တွေ အမြောက်အမြား ရှိနေတာပဲ။ ဟမ်... ဒါက ဝိညာဉ်
ကျောက်တုံးတွေနဲ့ ပေါင်းစပ်ပြီး ဝိညာဉ်မြှင့်တင်ခြင်း အစီအရင်ကိုပါ ထွင်းထားတာပဲ။ အပြင်က ချီစွမ်းအင်တွေကို အလိုလို စုပ်ယူနိုင်တာဆိုတော့ အပိုချီစွမ်းအင် ပေးစရာတောင် မလိုတော့ဘူး...”
“အခြေခံအကျဆုံး နန်းတော်ကိုးသွယ် အစီအရင် နည်းပညာကို သုံးခုတစ်တွဲ စီစဉ်ထားတာပဲ။ ဘေးပတ်ပတ်လည်က နေရာတွေကို ခြေကုပ်အဖြစ် ထားပြီး အလယ်ဗဟိုကိုတော့ မျက်လုံးအဖြစ် ထားထားတော့ တည်ဆောက်ရတာ အရမ်းလွယ်ကူတာပဲ။ တခြား အစီအရင်တွေလို မရှုပ်ထွေးပေမဲ့ အစွမ်းကတော့ လျော့မသွားဘူး...”
“ထူးခြားတယ်... တကယ့်ကို ထူးခြားတယ်။ ဒီအစီအရင်ပြားကို ဖန်တီးခဲ့တဲ့သူက ပါရမီရှင်ပဲ”
ရုံဟိန်းသည် အစီအရင်ပြားကို ပွတ်သပ်ရင်း မရပ်မနား ချီးကျူးနေတော့သည်။ လုံယီနှင့် ပိယောင်ယောင်တို့က သူ့ကို ထူးဆန်းသလို ကြည့်နေကြသည်ကို မြင်မှပင် သူသည် ရှက်ကိုးရှက်ကန်းဖြင့် အစီအရင်ပြားကို လုံယီထံ ပြန်ပေးလိုက်သည်။
ရုံဟိန်း၏ အဆိုအရ ဤပေါင်းစပ်အစီအရင်ပြား၏ အစွမ်းမှာ အလွန်ပင် ကြီးမားလှပြီး ချီသန့်စင်ခြင်းအဆင့်ကို ကျော်လွန်ကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် ရောက်ရှိနိုင်သည်ဟု သိရသည်။
၎င်းတွင် ကိုယ်တိုင်အားသွင်းနိုင်သော စွမ်းရည် ပါဝင်ပြီး ယခုအချိန်တွင်လည်း ချီစွမ်းအင်များ အပြည့်အဝ ရှိနေသည်။ နန်းတော်ကိုးသွယ် စနစ်အတိုင်း နေရာချပြီး အစီအရင်မျက်လုံး သို့မဟုတ် သက်ဆိုင်ရာ ခြေကုပ်စောင့်ရှောက်သူများကို ရှာဖွေနိုင်ပါက အစွမ်းကို တိုက်ရိုက် ထုတ်ဖော်နိုင်မည်ပင်။
“အစီအရင် စောင့်ရှောက်သူ ဟုတ်လား”
ထိုစကားကို ကြားလိုက်ရသောအခါ လုံယီမှာ ကြောင်အသွားသည်။ အစီအရင်ပြား ကိုးခုမှာ ခြေကုပ် ရှစ်ခုနှင့် မျက်လုံး တစ်ခုတို့နှင့် ညီမျှသည်။
"ငါကိုယ်တိုင်က အစီအရင်မျက်လုံးအဖြစ် ဆောင်ရွက်လို့ ရတယ်ဆိုပေမဲ့... ကျန်တဲ့ စောင့်ရှောက်သူ ရှစ်ယောက်ကို ဘယ်ကနေ သွားရှာရမလဲ။
အလောင်းထိန်းချုပ်ရေးဂိုဏ်းမှာ ကျင့်ကြံသူတွေ ပေါများတာကြောင့် လူရှာဖို့က သိပ်မခက်ပေမဲ့ ပြဿနာက ငါက ဒီအစီအရင်ပြားတွေကို လိုအပ်တဲ့အချိန်တိုင်း သုံးနိုင်အောင် တစ်ပါတည်း ယူသွားချင်တာ။ ဒါဆိုရင် ငါ့နောက်ကို အမြဲတမ်း လိုက်နေပေးမယ့် လူယုံတော် ကျင့်ကြံသူ ရှစ်ယောက်ကို ငါ ဘယ်လိုမျိုး ရှာနိုင်မှာလဲ..."
လုံယီ၏ ဇဝေဇဝါ ဖြစ်နေသော အမူအရာကို မြင်သောအခါ ရုံဟိန်းက ဆက်လက် ရှင်းပြသည်။
“အကယ်လို့ ကူညီပေးမယ့်သူ မရှိဘူးဆိုရင်လည်း ဝိညာဉ်အိမ်မွေးတိရစ္ဆာန် ရှစ်ကောင်ကို ရှာလို့ရတယ်။ ဒါပေမဲ့ သူတို့တွေက အစီအရင်ရဲ့ အစွမ်းအစစ်အမှန် ထွက်ပေါ်လာဖို့အတွက် အဓိက အစီအရင်မျက်လုံးရဲ့ စိတ်ဆန္ဒအတိုင်း လှုပ်ရှားနိုင်ဖို့ လိုအပ်လိမ့်မယ်...”
“ဒါက အခြေခံအကျဆုံး နန်းတော်ကိုးသွယ် အစီအရင်ပဲ။ ဂါထာကတော့ အများသုံးအတိုင်းပါပဲ ကောင်းကင်နှင့် မြေကြီး အကန့်အသတ်မဲ့၊ ကောင်းကင်နှင့် မြေကြီး၏ နည်းနာကို ချေးယူပါ၏၊ အလယ်ဗဟို နန်းတော်က မဏ္ဍိုင်ပြုကာ နန်းတော်ကိုးသွယ်က နယ်ပယ်ကို ခွဲခြားလော့...”
ရုံဟိန်းက ဂါထာကို ရွတ်ဆိုရင်း ဝိညာဉ်ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ သူ၏ လက်ထဲရှိ အစီအရင်ပြားနှင့် နန်းတော်ကိုးသွယ်အတိုင်း စီစဉ်ထားသော ကျန်အစီအရင်ပြား ရှစ်ခုမှာ စူးရှသော အလင်းတန်းများဖြင့် ဝင်းလက်လာတော့သည်။ သို့သော် လုံလောက်သော စောင့်ရှောက်သူ အရေအတွက် မရှိသဖြင့် အလင်းမှာ ခေတ္တမျှသာ တဖျတ်ဖျတ် တောက်ပပြီးနောက် ပြန်လည် မှိန်ဖျော့သွားခဲ့သည်။
လုံယီအနေဖြင့် ဤအစီအရင်မှာ သတ်မှတ်ချက်များနှင့် ကိုက်ညီသူ မည်သူမဆို အသုံးပြုနိုင်သည့် အလွန်ကောင်းမွန်သော အရာဖြစ်ကြောင်း နားလည်သွားခဲ့သည်။
အကြီးမားဆုံး စိန်ခေါ်မှုမှာ စောင့်ရှောက်သူ ရှစ်ဦး သို့မဟုတ် ဝိညာဉ်တိရစ္ဆာန် ရှစ်ကောင်ကို ရှာဖွေရန်ပင်။
ပတ်ဝန်းကျင် တောင်တန်းတွေထဲက သားရဲအချို့ကို ဖမ်းဆီးလိုက်ရင် ကောင်းမလား။
လုံယီ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။
သူ့တွင် ထိန်းချုပ်နိုင်စွမ်းရှိသည့် ပါရမီရှိသည့်အပြင် ယခုအခါ သူ၏ စိတ်အာရုံမှာလည်း မကြုံစဖူး တောင့်တင်းနေပြီဖြစ်ရာ ကိုးကောင်စလုံးကို ထိန်းချုပ်နိုင်ရန် ဖြစ်နိုင်ခြေ ရှိသည်။ သို့သော် မကြာမီမှာပင် ထိုအတွေးကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
"သာမန်သားရဲတွေကတော့ ဝိညာဉ်ချီစွမ်းအင် ထုတ်လွှတ်တာမျိုးနဲ့ အစီအရင်ပြားတွေကို ထိန်းချုပ်တာမျိုးကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ..."
“ငါ့မှာ ဝိညာဉ်အလောင်းက တစ်ခုတည်း ရှိနေတာ နှမြောစရာပဲ။ အကယ်လို့ ကိုးခုသာ ရှိရင် သိပ်ကောင်းမှာပဲ”
လုံယီက မချိတင်ကဲ ရေရွတ်လိုက်မိလေတော့သည်။
“မင်းအနေနဲ့ အရန်အလောင်းတွေကို ဝယ်ယူလို့ရတာမှန်ပေမဲ့ နောက်ပိုင်းမှာ သူတို့ရဲ့အဆင့်အတန်း တိုးတက်လာဖို့ကတော့ အင်မတန်ခက်ခဲလိမ့်မယ်။ ပြီးတော့ ပိုင်ရှင်ရဲ့ စိတ်ဆန္ဒနဲ့ တစ်ထပ်တည်းကျအောင် ချိတ်ဆက်ဖို့လည်း မဖြစ်နိုင်ဘူး”
ရုံဟိန်းက အံ့သြသလိုဖြင့် ရေရွတ်လိုက်သည်။
“ဒါပေမဲ့ အလောင်းတွေကို ဝယ်လိုက်ဦးတော့ တစ်ပြိုင်နက်တည်း ရှစ်လောင်း၊ ကိုးလောင်းကို မင်းဘယ်လိုလုပ်ပြီး ထိန်းချုပ်မှာလဲ။ ငါသိသလောက်တော့ အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲတွေတောင် ဒါကို လုပ်နိုင်ဖို့ ခဲယဉ်းကြတယ်”
ထိုစကားကို ကြားလိုက်ရသည့်အခါ လုံယီ၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်တွေအတွက် ခက်ခဲနိုင်သော်လည်း သူ မလုပ်နိုင်ဘူးဟု မဆိုလိုပေ။
အဆုံးမှာတော့ သူသည် အလောင်းကောင်ထိန်းချုပ်ခြင်း အတတ်ကို အထွတ်အထိပ်အဆင့်ထိ ကျွမ်းကျင်ထားသည့်အပြင် ထိန်းချုပ်ခြင်းပါရမီကိုပါ ပိုင်ဆိုင်ထားသည့် ရက်စက်သောသူတစ်ဦးပင်။
ထိုစွမ်းရည်နှစ်ရပ်လုံး၏ အရှိန်အဝါအောက်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲတစ်ဦးပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။
“အရန်အလောင်းဆိုတာ ဘာလဲ”
လုံယီ မေးလိုက်သည်။ ဤဝေါဟာရကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
“ငါတို့ဂိုဏ်းက လူအများစုက ချီစွမ်းအင်ကန့်သတ်ချက်ရှိတာကြောင့် ဝိညာဉ်အလောင်း တစ်ခုတည်းကိုပဲ အဓိကထားပြီး သန့်စင်ကြတာများတယ်”
ပိယောင်ယောင်က ကြားဖြတ်ရှင်းပြသည်။
“ဒါပေမဲ့ တချို့ကတော့ အားမရကြဘူး။ ဝိညာဉ်အလောင်းတစ်လောင်းတည်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ကန့်သတ်ချက်ရှိတယ်လို့ ယူဆကြတယ်။ အဲဒါကြောင့် အလောင်းအုပ်စုဗျူဟာကို သုံးဖို့အတွက် အရန်အလောင်းတွေ ပေါ်ပေါက်လာတာပဲ။
ဝိညာဉ်အလောင်းတွေကတော့ အလောင်းစိုက်ပျိုးရာတောင်ထွတ်က အလောင်းတောအုပ်ကနေ အရင်းအမြစ်အလောင်းကို သေချာရွေးချယ်ပြီး ဆရာကြီးတွေက ဝိညာဉ်သဘာဝ နိုးကြားလာအောင် သူတို့ရဲ့ တန်ခိုးစွမ်းအားတွေနဲ့ ပြုစုပျိုးထောင်ပေးရတာ။ အဲဒီနောက် ဘိုးဘေးတွေ တည်ဆောက်ထားတဲ့ တောအုပ်ထဲမှာ အနည်းဆုံး သုံးနှစ်လောက် မြှုပ်နှံထားပြီးမှ မြက်ပင်အလောင်းအဆင့် ဖြစ်လာနိုင်ခြေရှိတာ...
အရန်အလောင်းတွေကတော့ ငါတို့ဂိုဏ်းက ကျင့်ကြံသူတွေက ဝိညာဉ်အလောင်းတွေကို အတုယူပြီး ကိုယ့်ဘာသာ ဖန်တီးထားတာဆိုတော့ အဆင့်အတန်းက အင်မတန် အောက်တန်းကျတယ်။ ပိုင်ရှင်နဲ့ စိတ်ချင်းဆက်သွယ်လို့ မရသလို သူ့ဘာသာသူလည်း ကျင့်ကြံလို့မရဘူး။ ဒါပေမဲ့ သာမန်လူသားလောကက သိုင်းပညာရှင်တွေထက်တော့ ပိုသန်မာတယ်။ အမြောက်စာအဖြစ် သုံးလို့ရသလို ရိုးရှင်းတဲ့ အစီအရင်တွေကိုလည်း တည်ဆောက်လို့ရတယ်...”
ပိယောင်ယောင် ပြောပြီးနောက် ရုံဟိန်းကလည်း ဖြည့်စွက်ပြောကြားသည်။
“တကယ်တော့ အလောင်းအုပ်စုဗျူဟာဆိုတာ လက်တွေ့မှာ ဖြစ်လာဖို့ အရမ်းခက်ခဲတယ်။ ငါတို့ဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်ကျော်က ဆရာကြီးချန်းစစ်ဆိုတာ တစ်ယောက်ပဲ ထင်ရှားခဲ့တာ။ သူက အလောင်းတစ်ထောင်လို့ အမည်ကျော်ပေမဲ့ တကယ်တမ်း သူထိန်းချုပ်နိုင်တဲ့ အရန်အလောင်း အရေအတွက်က တစ်ရာကျော်ပဲ ရှိတာပါ။ ပြီးတော့ သူကွယ်လွန်ပြီးနောက်မှာ အလောင်းအုပ်စုကို စေခိုင်းတဲ့ လျှို့ဝှက်နည်းလမ်းကလည်း ပျောက်ကွယ်သွားခဲ့ပြီ။ အခု ဂိုဏ်းထဲမှာ မြင်တွေ့နေရတာတွေကတော့ ပုံစံနှစ်မျိုး၊ သုံးပါးညီ အစီအရင်တွေလောက်ပဲ။ လေးပါးသင်္ကေတ အစီအရင်ဆိုတာတောင် အရမ်းရှားပြီး ငါးပါးဓာတ် အစီအရင်ဆိုတာကတော့ လုံးဝကို မရှိသလောက်ပါပဲ”
“ဒါက အရေးမကြီးပါဘူး။ ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်တာပါ”
လုံယီက ကိုယ်ကို့ကိုယ် ယုံကြည်မှုအပြည့်ဖြင့် “အရန်အလောင်းတွေကို ဘယ်မှာ ဝယ်လို့ရမလဲ” ဟု မေးလိုက်သည်။
“ငါတို့ဂိုဏ်းက အကြီးအကဲလင်းက ဒီအတတ်မှာ ကျွမ်းကျင်တယ်။ ဒါပေမဲ့ သူက အခုတလော တံခါးပိတ်ကျင့်ကြံနေတယ်။ ကံကောင်းတာက ငါ သူ့တပည့်ကို သိတယ်။ ညီလေးအတွက် ငါ စုံစမ်းပေးပါ့မယ်”
လုံယီကို ပိယောင်ယောင်ကိုယ်တိုင် ခေါ်လာခြင်းဖြစ်သဖြင့် ရုံဟိန်းက ပို၍တက်ကြွစွာ ကူညီပေးနေခြင်းပင်။
ကံမကောင်းစွာဖြင့် အကြီးအကဲလင်း၏ တပည့်များမှာ ယခုအချိန်တွင် ဂိုဏ်းအတွင်း၌ မရှိကြပေ။ အချို့က အိမ်ပြန်ကြပြီး အချို့မှာ တာဝန်ဖြင့် ထွက်သွားကြရာ မည်သည့်အချိန်တွင် ပြန်လာမည်ကို မသိရပေ။
လုံယီအနေဖြင့် စိတ်လောနေ၍ မရမှန်း သိသဖြင့် ရုံဟိန်းကိုသာ အကူအညီတောင်းကာ စောင့်ကြည့်ခိုင်းထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ယနေ့ ကူညီပေးမှုအတွက် ကျေးဇူးတင်သောအားဖြင့် လျှပ်စစ်ခြေလှမ်းအဆောင်စာရွက် အချို့ကို ပေးအပ်လိုက်သည်။ ဂူဗိမာန်အစစ်အတွင်း၌ နေနီဂိုဏ်းနှင့် သွေးစစ်ဂိုဏ်းမှ နောက်လိုက်များကို အပြတ်ရှင်းခဲ့ပြီးနောက် လုံယီ၏ လက်ထဲတွင် အဆောင်စာရွက်များစွာ ရှိနေသဖြင့် ကြွယ်ဝချမ်းသာနေပြီ ဖြစ်သည်။
တိမ်တိုက်တစ်သောင်းတောင်ထွတ်မှ ထွက်ခွာလာချိန်တွင် ပိယောင်ယောင်က အသံဖမ်းနိုင်သော ရတနာကျောက်တုံးလေးတစ်ခုကို သူ့အား ပေးလိုက်ပြီး “အကယ်လို့ အဲဒီအဖိုးကြီးက မင်းကို အတင်းအကျပ် လုပ်လာရင် ဒါနဲ့ အထောက်အထားယူထား။ ပြီးရင် စည်းကမ်းထိန်းသိမ်းရေး ခန်းမကို တင်ပြလိုက်။ သူက အကြီးအကဲဖြစ်နေရင်တောင် ဒါကို ရှောင်လွှဲလို့ ရမှာမဟုတ်ဘူး” ဟု အသံလွှင့်ကာ သတိပေးလိုက်သည်။
“ကောင်းပါပြီ”
ပိယောင်ယောင်နှင့် နှုတ်ဆက်ပြီးနောက် လုံယီသည် တပည့်များနေထိုင်ရာ တောင်ထွတ်သို့ ချက်ချင်းမပြန်ဘဲ ပင်လယ်လေးသွယ် အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ကျန်းလီကို သွားရောက်ရှာဖွေခဲ့သည်။
“နဂါးတံထွေးမြက်၊ ရေခဲဝိညာဉ်၊ ဝိညာဉ်စားနွယ်ပင် ဟုတ်လား”
ကျန်းလီက ခေါင်းခါယမ်းရင်း “မင်းအလိုရှိတဲ့ အရာတွေထဲက တချို့ကို ငါ ရှေးဟောင်းကျမ်းစာတွေထဲမှာပဲ တွေ့ဖူးတယ်။ ဂိုဏ်းရဲ့ ဆေးပင်ခန်းမမှာတောင် ရှိမှာမဟုတ်ဘူး”
“စီနီယာကျန်းကိုပဲ အားကိုးပါရစေဦး”
လုံယီအတွက် အခြားလမ်းစမရှိပေ။ သူသည် အကြီးအကဲတစ်ဦးဦး၏ သားသမီး မဟုတ်သဖြင့် ပင်လယ်လေးသွယ်အဖွဲ့၏ လမ်းကြောင်းများကိုသာ အသုံးပြုနိုင်သည်။ ထိုရှားပါးရတနာများအကြောင်းကို ပိယောင်ယောင်နှင့် ရုံရွှယ်ကျန်းတို့ကိုလည်း ကူညီရှာဖွေပေးရန် ပြောထားခဲ့ပြီး ဖြစ်သည်။
အရာအားလုံးကို စီစဉ်ပြီးနောက် လုံယီသည် ကျင့်ကြံခြင်းလမ်းခရီးကို အာရုံစိုက်လိုက်တော့သည်။ နေ့စဉ်နေ့တိုင်း သူ၏ ဂူဗိမာန်အတွင်း၌ မိစ္ဆာဆင့်ခေါ်ကျမ်းသို့မဟုတ် ထူးကဲယင်နည်းစနစ်ကျမ်းကို ကျင့်ကြံခြင်း၊ သို့မဟုတ်ပါက ဝူကျိုစိုက်ပျိုးရေးနယ်မြေသို့ သွားရောက်ကာ ပိုးမွှားများကို သတ်ဖြတ်ပြီး စွမ်းအားများကို စုဆောင်းခြင်းဖြင့် သူ၏ ခွန်အားမှာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
အကြီးအကဲဝမ်မှာမူ ဂိုဏ်းချုပ်၏ သတိပေးမှုကို ခံထားရသောကြောင့်လား မသိပေ။ ဤအတောအတွင်း မည်သည့် သတင်းအစအနမျှ မကြားရဘဲ ပျောက်ကွယ်နေခဲ့သည်။
ထိုသို့သော တိတ်ဆိတ်ငြိမ်သက်မှုမှာ တစ်လခန့် ကြာမြင့်ခဲ့ပြီး နှစ်သစ်သို့ ကူးပြောင်းလာသည့်အခါ လုံယီ၏ အသက်မှာလည်း တစ်နှစ်ကြီးသွားခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံသူများ၏ ဂိုဏ်းများတွင် နှစ်ကာလများကို အလေးမထားကြသဖြင့် နှစ်သစ်ကူးအတွက် ကြီးကျယ်သော အခမ်းအနားများ မရှိကြပေ။
အလွန်ဆုံးရှိလှမှ ရင်းနှီးသူများ ဂိုဏ်းပြင်ပတွင် အတူတူ ထမင်းစားကြရုံသာ ဖြစ်သည်။ လုံယီမှာမူ ဂိုဏ်းပြင်ပသို့ မထွက်ရဲသဖြင့် တပည့်များနေထိုင်ရာ တောင်ထွတ်၌သာ အခြေချကာ မည်သည့်တာဝန်ကိုမျှ လက်မခံဘဲ နေထိုင်ခဲ့သည်။
ထိုနေ့တွင် သူ၏ ဂူဗိမာန်ရှေ့သို့ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။
အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြူစင်သော အသားအရည်၊ အရပ်ရှည်ရှည်နှင့် ဆွဲဆောင်မှုရှိသော အေးစက်စက် အလှတရားတို့ ပိုင်ဆိုင်ထားသည့် ထိုသူမှာ လုံယီ ယခင်က တွေ့ဆုံဖူးသည့် ယန်ဇီချန်ပင်။ တစ်ချိန်တည်းမှာပင် သူသည် အကြီးအကဲဝမ်၏ တပည့်တစ်ဦးလည်း ဖြစ်သည်။
“ညီလေးလုံ... ရှိလား”
ယန်ဇီချန်သည် ဂူအတွင်းသို့ ဇွတ်မဝင်ဘဲ အပြင်ဘက်မှနေ၍ အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်သည်။
လုံယီ အပြင်သို့ ထွက်လာသောအခါ ယန်ဇီချန်ကို မြင်လိုက်ရသော်လည်း သူ၏ မျက်နှာမှာမူ မည်သည့် ခံစားချက်မျှ မဖော်ပြဘဲ တည်ငြိမ်နေဆဲပင်။ သူက လက်အုပ်ချီ ဂါရဝပြုရင်း “စီနီယာယန်... ဘာကိစ္စများ ရှိလို့လဲ” ဟု မေးမြန်းလိုက်သည်။
“ညီလေးလုံအတွက် သတင်းကောင်း လာပါတာပေါ့”
ယန်ဇီချန်က ခပ်ဖွဖွ ပြုံးလျက် “ငါ့ဆရာက ညီလေးကို သူ့ရဲ့ ဂူဗိမာန်ဆီ ဖိတ်ခေါ်လိုက်တယ်။ သူကိုယ်တိုင် ကျင့်ကြံခြင်း အတတ်ပညာတွေကို သင်ကြားပေးဖို့ ပြင်ဆင်ထားတယ်လေ။ ညီလေး... မင်းအတွက် အခွင့်အရေးကြီး ရောက်လာပြီ”