← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

အခန်း။ ၃၈၅

ရုပ်ဖျက်ပါရမီက ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

၎င်းသည် ခန္ဓာကိုယ်ရှိ ကြွက်သားနှင့် အရိုးတည်ဆောက်ပုံကို ပြောင်းလဲနိုင်သည့်အပြင် အခြားသူများ၏ အရှိန်အဝါကိုပါ ပုံတူကူးယူနိုင်ရာ ခိုးယူခြင်း၊ ထွက်ပြေးခြင်းနှင့် ပုန်းအောင်းခြင်းတို့အတွက် ကောင်းကင်ဘုံကပေးသောစွမ်းရည်တစ်ခုပင်။

လုံယီသည် အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်ကြီးတစ်ဦး၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ဖြစ်သော သူ၏သူငယ်ချင်း ရုံရွှယ်ကျန်းအဖြစ် ရုပ်ဖျက်ထားခြင်းဖြစ်ရာ မည်သည့်အပြစ်အနာအဆာမျှ ရှာတွေ့နိုင်မည်မဟုတ်ပေ။

ဤနည်းဖြင့် အကြီးအကဲဝမ်နှင့် အနီးကပ်မထိတွေ့သရွေ့ သူသည် ဂိုဏ်းအတွင်းအပြင်သို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပြီး ချုပ်နှောင်ခံထားရသလို ခံစားရတော့မည်မဟုတ်ပေ။

ရုံရွှယ်ကျန်းတွင်လည်း ကိုယ်ပိုင်ကိစ္စများနှင့် ကျင့်ကြံရန် လိုအပ်ချက်များရှိသဖြင့် အချိန်အကြာကြီးတော့ အသုံးပြု၍မရနိုင်ပေ။ သို့သော် အရေးကြီးသော အချိန်များတွင်မူ ဤအတတ်သည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာမည်မှာ သေချာသည်။

ထိုသို့တွေးတောရင်း ရုံရွှယ်ကျန်းသည် တပည့်များနေထိုင်ရာ တောင်ထွတ်မှ ထွက်ခွာသွားပြီးနောက် နာရီအနည်းငယ်အကြာတွင် လုံယီကို ရှာရန်အကြောင်းပြချက်ဖြင့် ဂူသို့ ပြန်လာခဲ့သည်။

ခေတ္တအကြာတွင် သူသည် ဂူအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ သစ်ကိုင်းပေါ်ရှိ ကျီးကန်းမှာမူ လုံယီနှင့် ရုံရွှယ်ကျန်းတို့ နှစ်ကြိမ်တိုင်တိုင် လူစားလဲလိုက်သည်ကို လုံးဝမရိပ်မိဘဲ ဂူဝကိုသာ စူးစိုက်ကြည့်နေဆဲပင်။

ကျီးကန်း၏ စောင့်ကြည့်မှုကို ခံနေရသဖြင့် ဂူအပြင်ဘက်တွင် ထူးထူးခြားခြား ဘာမှမလုပ်နိုင်သောကြောင့် လုံယီသည် သူ၏အာရုံကို ထူးကဲယင်နည်းစနစ်ကျမ်းကျင့်ကြံခြင်း၌သာ အပြည့်အဝနှစ်မြှုပ်ထားလိုက်ပြီး ဂူထဲမှ ခဲယဉ်းစွာ ထွက်တော့သည်။

နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားသည့်အခါ သူ၏ ကျင့်ကြံမှုအဆင့်မှာ ချီသန့်စင်ခြင်း တတိယအဆင့် (၅၁၀/၆၀၀)သို့ ရောက်ရှိလာခဲ့သည်။

နောက်ထပ် တစ်လခန့်ဆိုလျှင် ချီသန့်စင်ခြင်း အစောပိုင်းအဆင့်ကို လုံးဝ ကျော်ဖြတ်နိုင်တော့မည်ပင်။

ထိုအချိန်တွင် ပင်လယ်လေးသွယ်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ကျန်းလီက စိတ်လှုပ်ရှားစွာဖြင့် ရောက်ရှိလာသည်။

“ညီလေးလုံ... ရှိလား”

“စီနီယာကျန်း... ကြွပါဗျာ”

ဂူအတွင်းသို့ ရောက်သောအခါ ကျန်းလီက သတင်းကောင်းတစ်ခု ပါလာသည်။ နဂါးတံထွေးမြက်ရှိနိုင်မည့်နေရာကို ပင်လယ်လေးသွယ်အဖွဲ့မှ တစ်ဦးက ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။

“အလောင်းထိန်းချုပ်ရေးဂိုဏ်းရဲ့ အနောက်ဘက် မိုင်ပေါင်းထောင်ချီအကွာ၊ ကျောက်နိုင်ငံ နယ်စပ်နားမှာရှိတဲ့ ဆေးပင်တစ်ရာချိုင့်ဝှမ်းပဲ။ ငါတို့အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့သူတစ်ယောက်ရဲ့ အမျိုးက အဲဒီချိုင့်ဝှမ်းထဲမှာ နဂါးမြွေရဲ့ အစအနတွေကို မကြာခင်ကပဲ တွေ့ခဲ့တယ်လို့ ပြောတယ်”

ကျန်းလီက ပြောလိုက်သည်။

“နဂါးမြွေ ဟုတ်လား”

လုံယီသည် ရှေးဟောင်းကျမ်းစာများထဲတွင် ဖတ်ဖူးသည်ကို ပြန်အမှတ်ရလိုက်သည်။

“ကြည့်ရတာ မြွေနဲ့တူပေမဲ့ ကိုယ်ပေါ်မှာ အရောင်သုံးမျိုးရှိတယ်။ ဦးခေါင်းပေါ်မှာ အသားပိုတစ်ခု ပါတတ်ပြီး အင်မတန် အဆိပ်ပြင်းတယ်။ သာမန်နဂါးမြွေတွေဟာ အသက်ရာကျော် ရှင်

နိုင်ပြီး ကျင့်ကြံမှုရှိတဲ့ ကောင်တွေဆိုရင် ပိုကြာကြာရှင်နိုင်တယ်။ နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံထားတဲ့ နဂါးမြွေဆိုရင် နဂါးအစစ်ဖြစ်ဖို့တောင် မျှော်လင့်ချက်ရှိတယ်လို့ ကြားဖူးတယ်”

“မှန်တာပေါ့။ အဲဒီထက် ပိုအရေးကြီးတာက နဂါးမြွေရှိတဲ့ နေရာတိုင်းမှာ နဂါးတံထွေးမြက်ကတော့ သေချာပေါက် ရှိတတ်တာပဲ”

ကျန်းလီက ပြုံး၍ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာကျန်း”

လုံယီ ဤသတင်းကို ကြားရသဖြင့် အလွန်ပင် ဝမ်းသာသွားသည်။ နဂါးတံထွေးမြက်မှာ မိစ္ဆာဆင့်ခေါ်ကျမ်းကို အဆင့်တက်ရန်အတွက် အလွန်အရေးကြီးပြီး ၎င်းသည် ထူးခြားသူများ၏ တိုးတက်မှုနှင့်လည်း ဆက်စပ်နေသဖြင့် လုံယီ၏ လက်ရှိရှင်သန်မှုအတွက် တိုက်ရိုက်အရေးပါသော အရာဖြစ်သည်။

“ဟေ့... ငါတို့တွေက ပင်လယ်လေးသွယ်အဖွဲ့ဝင်တွေပဲ။ ဒီလောက် အားနာနေစရာ မလိုပါဘူး” ကျန်းလီက ရယ်မောလိုက်သည်။ လုံယီ ကမ်းလှမ်းသော ရွှေထုပ်ကိုလည်း သူက ငြင်းဆန်ခြင်းမရှိဘဲ လက်ခံလိုက်သည်။ ၎င်းမှာ အဖွဲ့၏ စည်းကမ်းဖြစ်သောကြောင့်ပင်။

ပစ္စည်းတစ်ခုခုကို ရှာဖွေပေးရန် အဖွဲ့၏ အရင်းအမြစ်များကို အသုံးပြုရသည်ဖြစ်ရာ အဖွဲ့မှာ ပရဟိတအဖွဲ့ မဟုတ်သဖြင့် သင့်လျော်သော ဝန်ဆောင်ခကို ယူရမည်သာ ဖြစ်သည်။

“ငါတို့ မဟာမိတ်ရဲ့ အမျိုးက အခုထိ ဆေးပင်တစ်ရာချိုင့်ဝှမ်း နားမှာပဲ ရှိနေသေးတယ်။ မင်းသွားပြီး သူ့ကိုရှာရလိမ့်မယ်။ သူက မင်းကို အတိအကျနေရာကို ပြောပြလိမ့်မယ်”

ထို့နောက် ကျန်းလီက ထိုသူ၏ အမည်၊ ပုံပန်းသဏ္ဍာန်နှင့် အခြားအချက်အလက်များကို လုံယီအား ပြောပြခဲ့သည်။ ဆေးပင်တစ်ရာချိုင့်ဝှမ်းမှာ မြို့ငယ်လေးတစ်မြို့ခန့် ကျယ်ဝန်းလှသဖြင့် ခေါင်းမပါသော ကြက်ကဲ့သို့ လျှောက်ရှာနေပါက မည်သည့်အရာမျှ ရလိမ့်မည်မဟုတ်ပေ။

ကျန်းလီ ထွက်သွားပြီးနောက် လုံယီသည် ဆေးပင်တစ်ရာချိုင့်ဝှမ်းသို့ ဘယ်အချိန်တွင် ထွက်ခွါရမလဲဟု စတင်စဉ်းစားလိုက်သည်။

သို့သော် ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခုသော အန္တရာယ်ကြီး ကျရောက်တော့မည့်အလား အလိုလို ထိတ်လန့်တုန်လှုပ်မှု ဝန်းရံလာခဲ့သည်။ သူ၏ စိတ်ထဲရှိ သိန်းငှက်မှာလည်း ဂနာမငြိမ်ဘဲ ဟိုဟိုဒီဒီ ပျံသန်းကာ အော်ဟစ်နေတော့သည်။

တစ်ခုခုတော့ မှားနေပြီ။ စစ်သည်တစ်ယောက်ရဲ့ ဆဋ္ဌမအာရုံက ငါ့ကို သတိပေးနေတယ်။

လုံယီ၏ မျက်နှာမှာ တည်တင်းသွားသည်။ သူ၏ ဆဋ္ဌမအာရုံမှာ တစ်ခါမျှ မမှားဖူးသဖြင့် ဤနေရာတွင် ပြဿနာတစ်ခု ရှိနေသည်မှာ သေချာသည်။

အနည်းငယ် စဉ်းစားလိုက်ရုံနှင့် အကြောင်းရင်းကို သူ နားလည်သွားသည်။ ယခုအချိန်တွင် သူ၏ အသက်ကို ခြိမ်းခြောက်နိုင်သူမှာ အကြီးအကဲဝမ်မှလွဲ၍ အခြားသူ မရှိပေ။ သူသည် ရုံရွှယ်ကျန်းအဖြစ် ရုပ်ဖျက်ပြီး ခိုးထွက်နိုင်သော်လည်း နဂါးတံထွေးမြက်ကို ရရှိရန်အတွက် ထိုသတင်းပေးသူနှင့် ဆက်သွယ်ရပေလိမ့်မည်။

အကယ်၍ ထိုသတင်းပေးသူမှာ အကြီးအကဲဝမ်၏ လူဖြစ်နေပါက ရုံရွှယ်ကျန်းအဖြစ် သွားသည်ဖြစ်စေ လုံယီအဖြစ် သွားသည်ဖြစ်စေ အသက်ရှင်လျက် ပြန်လာနိုင်ရန် မလွယ်ကူပေ။

"အကြီးအကဲဝမ်က ငါ နဂါးတံထွေးမြက်လို ရတနာမျိုးကို ရှာနေတယ်ဆိုတာ ဘယ်လိုလုပ် သိသွားတာလဲဆိုတာကို စဉ်းစားကြည့်ရင် ပိုတောင် လွယ်သေးတယ်။

ပင်လယ်လေးသွယ်အဖွဲ့ရဲ့ အထက်ပိုင်းက လူတချို့ကို အသာလေး စုံစမ်းခိုင်းလိုက်ရုံနဲ့ သိနိုင်တာပဲ မဟုတ်ဘူးလား။ ပင်လယ်လေးသွယ်အဖွဲ့က ဘယ်လောက်ပဲ အင်အားကြီးတယ်ပြောပြော... တပည့်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲလေ။ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိတဲ့ အကြီးအကဲတစ်ယောက်ရဲ့ စုံစမ်းထိုးဖောက်မှုကိုတော့ သူတို့ ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး"

ထိုသို့တွေးမိသည့်အခါ လုံယီမှာ ကျောချမ်းသွားတော့သည်။ ခွန်အားအရရော၊ ရာထူးအရပါ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်ကြီးနှင့် သူသည် များစွာ ကွာခြားလှသည်။ အကယ်၍ ထိုသူက အရှက်မရှိဘဲ သူ့ကို ပစ်မှတ်ထားမည်ဆိုပါက ၎င်းမှာ အဆင့်အတန်းချင်း လုံးဝမမျှသော တိုက်ခိုက်မှုပင် ဖြစ်ပေလိမ့်မည်။

ဂူထဲမှာပဲ အေးအေးဆေးဆေးနေပြီး ချီသန့်စင်ခြင်း အလယ်အဆင့်ကို အရင်တက်တာကမှ ပိုကောင်းဦးမယ်။

လုံယီ တွေးလိုက်မိတော့သည်။

ထိုသို့ဖြင့် နောက်ရက်များတွင်လည်း လုံယီသည် မည်သို့မျှ မလှုပ်မယှက်ဘဲ ငါးမျှားနေသည့်အလား တည်ငြိမ်စွာပင် ဆက်လက်နေထိုင်ခဲ့သည်။

ကျန်းလီသည် လုံယီ အဘယ်ကြောင့် ခရီးမထွက်သေးတာလဲဟု နားမလည်နိုင်သော အမူအရာဖြင့် ရောက်ရှိလာသည်။

“ငါတို့အဖွဲ့ရဲ့ မဟာမိတ် အမျိုးက ဆေးပင်တစ်ရာချိုင့်ဝှမ်းမှာ ကြာကြာနေမှာ မဟုတ်ဘူး”

ကျန်းလီက ပြောလိုက်သည်။

“မင်း တကယ်လို့ နဂါးတံထွေးမြက်ကို လိုချင်တယ်ဆိုရင် အမြန်ဆုံး ထွက်သွားဖို့ လိုလိမ့်မယ်”

“စီနီယာကျန်း ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အခုလေးတင်ပဲ ကျင့်စဉ်မှာ အလှည့်အပြောင်းတစ်ခု ကြုံခဲ့ရလို့ နဂါးတံထွေးမြက်က အရင်လောက် မလောလောဆယ်တော့ဘူး။ တကယ်တော့ အခု ကျွန်တော် အရေးတကြီး လိုအပ်နေတာက လေစီးသီးလို့ ခေါ်တဲ့ အသီးပါပဲ”

“လေစီးသီး ဟုတ်လား”

ကျန်းလီက ခေါင်းညိတ်သည်။

“ငါ ပြန်သွားပြီး စုံစမ်းကြည့်ပေးပါ့မယ်။ ရှာဖို့ နည်းလမ်းရှိမလားလို့ပေါ့။ ဒါပေမဲ့ အရမ်းကြီးတော့ မျှော်လင့်မထားနဲ့ဦး။ နဂါးတံထွေးမြက်ကို ဒီလောက်မြန်မြန် ရှာတွေ့တာကတောင် ငါ့မျှော်လင့်ချက်ထက် ကျော်လွန်နေတာ။ လေစီးသီးဆိုတာလည်း ရှေးဟောင်းကျမ်းစာတွေထဲမှာပဲ ပါတာဆိုတော့ အလွယ်တကူ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

“တွေ့ရင်လည်း ကံပေါ့ မတွေ့ရင်လည်း ကံပေါ့”

လုံယီက ပြုံး၍ ပြောလိုက်သည်။

ထွက်ခွာသွားသော ကျန်းလီ၏ ကျောပြင်ကို ကြည့်ရင်း လုံယီသည် နက်နက်နဲနဲ စဉ်းစားနေမိသည်။ ကျန်းလီနှင့် အကြီးအကဲဝမ်တို့ ပေါင်းကြံနေသည်ဟု သူ သံသယဝင်သော်လည်း ကျန်းလီကိုယ်တိုင် ဘာမှမသိဘဲ အသုံးချခံနေရသည့် နယ်ရုပ်တစ်ရုပ် ဖြစ်နေနိုင်ခြေမှာ အလွန်မြင့်မားလှသည်။

ဤသည်မှာ ပင်လယ်လေးသွယ်အဖွဲ့ထဲတွင် အကြီးအကဲဝမ်၏ သူလျှိုများ အမှန်တကယ် ရှိမရှိ စမ်းသပ်ရန် အကောင်းဆုံး အခွင့်အရေးပင်။

ဆယ်ရက်ခန့် ကြာပြီးနောက် ကျန်းလီသည် ဝမ်းသာအားရဖြင့် တစ်ဖန် ရောက်ရှိလာပြန်သည်။

“ကံကောင်းတာမှ အကြီးအကျယ်ပဲ ညီလေးလုံရေ ကံကောင်းလိုက်တာ”

ကျန်းလီသည် သူ၏ ချွေးပြန်နေသော နဖူးပြင်ကို ပွတ်ရင်း လက်ခုပ်တီးကာ ပြောလိုက်သည်။

“ဘာဖြစ်မလဲ ခန့်မှန်းကြည့်စမ်း... ငါတို့ လေစီးသီးကိုလည်း ရှာတွေ့ပြန်ပြီ ဟယ်မြို့မှာ လာမယ့်လကျရင် လေလံပွဲတစ်ခု ကျင်းပမယ်။ အဲဒီပွဲရဲ့ အဓိက ရတနာတွေထဲမှာ လေစီးသီးလည်း ပါတယ်တဲ့...”

ဟယ်မြို့ ဟုတ်လား။

လုံယီသည် နားထောင်ရင်း စိတ်ထဲမှ ခပ်ပြုံးပြုံး ဖြစ်နေမိသည်။ ဟယ်မြို့သည် အလောင်းထိန်းချုပ်ရေးဂိုဏ်းနှင့် အနီးဆုံးမြို့ဖြစ်ပြီး မိုင်တစ်ရာပင် မဝေးပေ။ သူသည် မနက်ပိုင်း လေလံပွဲတက်ပြီး ညနေပိုင်း ဂိုဏ်းသို့ ပြန်ရောက်နိုင်သည့် အကွာအဝေးဖြစ်သည်။

အကြီးအကဲဝမ်ကတော့ တကယ့်ကို စနစ်တကျ စဉ်းစားပေးထားတာပဲ။

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ် စီနီယာကျန်း”

လုံယီသည် အလွန်အမင်း ဝမ်းသာသွားသည့်ဟန် ပြလိုက်သည်။

“ကျွန်တော် လာမယ့်လကျရင် သေချာပေါက် သွားပါ့မယ်”

ပြောပြီးသည်နှင့် သူသည် ထုံးစံအတိုင်း ကျန်းလီအား ရွှေထုပ်ကို ကမ်းလှမ်းလိုက်သည်။ ထိုအထဲမှ အချို့မှာ ကျန်းလီအတွက် ကော်မရှင်ဖြစ်ပြီး အများစုမှာမူ လေစီးသီး သတင်းကို ရှာဖွေပေးခဲ့သော အဖွဲ့ဝင်များအတွက် ဖြစ်သည်။

“ဘယ်စီနီယာက ကျွန်တော် အလိုရှိတဲ့ ရတနာကို ဒီလောက် လွယ်လွယ်ကူကူ ရှာပေးလိုက်တာလဲ”

လုံယီက ဘာမှမသိသလို ဟန်ဆောင်၍ မေးလိုက်သည်။

“အခွင့်သင့်ရင် သူ့ကို သေချာလေး ကျေးဇူးတင်ချင်လို့ပါ”

“ဟေး... ငါလည်း သိချင်တာပဲ။ ဒါပေမဲ့ ငါတို့က အဲဒီလို လျှောက်မေးလို့ မရဘူးလေ။ ဒါက ပင်လယ်လေးသွယ်အဖွဲ့ရဲ့ စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်လိမ့်မယ်”

ကျန်းလီက ပြုံး၍ ပြောလိုက်သည်။

ကျန်းလီ ထွက်သွားပြီးနောက် လုံယီသည် ဝမ်တောက်တောင်ထွတ်ဆီသို့ ပိယောင်ယောင်ကို ရှာရန် ထွက်ခွာခဲ့သည်။

ဂူအပြင်ဘက်ရှိ သစ်ကိုင်းပေါ်တွင် ငိုက်မြည်းနေသော ကျီးကန်းနက်ကြီးသည် လုံယီ ဂူထဲမှ ထွက်လာသည်ကို မြင်သည်နှင့် တက်ကြွသွားပြီး ဂါး... ဂါး...ဟု အကြိမ်ကြိမ် အော်ဟစ်ကာ အတောင်ပံများကို ခတ်လျက် နောက်မှ ကပ်လိုက်လာတော့သည်။

သို့သော် အကြီးအကဲပိ၏ ဂူဗိမာန်ရှေ့သို့ ရောက်သောအခါတွင်မူ ၎င်းသည် ဆက်မတိုးရဲတော့ဘဲ ရပ်တန့်ကျန်ရစ်ခဲ့သည်။

အခန်း။ ၃၈၆

“လုံယီ... ဒီနေ့ ငါ့ဆီ ဘာကိစ္စနဲ့ လာတာလဲ”

ပိယောင်ယောင်သည် ဝင်းအတွင်း၌ ဝိညာဉ်လက်နက်တစ်ခုကို လေ့ကျင့်နေရင်း မေးလိုက်သည်။

စူးရှသော အနီရောင်အလင်းတန်းတစ်ခုသည် သူမရှေ့ရှိ လေဟာနယ်ထဲတွင် ဟိုဟိုဒီဒီ ပျံသန်းနေပြီး မြန်လွန်းလှသဖြင့် ပုံရိပ်ကိုပင် သေချာမမြင်ရပေ။

ခေတ္တအကြာတွင်မူ ဝူးခနဲ အသံနှင့်အတူ အနီးရှိ ကျောက်ဆောင်တုကို ထိမှန်သွားပြီး ဘုန်းကနဲ မြည်သံနှင့်အတူ အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။ မီးတောက်များမှာလည်း မြင့်မားစွာ ထိုးတက်လာရာ ၎င်း၏ အစွမ်းမှာ အံ့မခန်းလှပေ။

ဤသည်မှာ လုံယီ ပေးခဲ့သော ပျံလွှားဓားမြှောင် ကျူးရန်ပင်။ ပိယောင်ယောင်သည် ၎င်းကို အလွန်သဘောကျနေပြီး ဆော့ကစားနေသည့် သူမ၏ ပါးပြင်လေးများမှာ ပန်းသီးလေးများကဲ့သို့ နီမြန်းနေကာ ဆွဲလိမ်ချင်စဖွယ် ကောင်းလှသည်။

“ငါ ပြောပြဦးမယ်။ ငါ့ဖေဖေက ကျူးရန်ကို မြင်တော့ မျက်လုံးတွေတောင် ပြူးထွက်သွားတာ။ သူပြောတာတော့ သူ့မှာ အခုထိ ဝိညာဉ်ရတနာ အပိုင်းအစတစ်ခုပဲ ရှိသေးတာတဲ့။ သူကိုင်နေတဲ့ နဂါးနီမီးလျှံဓားကတောင် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ပဲ ရှိသေးတာလေ”

ပိယောင်ယောင်က သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး ရယ်မောရင်း ပြောသည်။ “အကယ်၍ ငါသာ သူ့သမီး မဟုတ်ခဲ့ရင် သူ ဒါကို လုယူသွားလောက်တယ်”

ဟန်ယွဲ့သခင်ကြီး၏ ဂူဗိမာန်ခရီးစဉ်ပြီးကတည်းက ပိယောင်ယောင်သည် လုံယီ၏ ရှေ့တွင် သူမ၏ နဂိုလူငယ်မိန်ကလေး ပုံစံအတိုင်း ပိုမိုပြုမူလာခဲ့သည်။ သူမ အနီးသို့ ရောက်လာသည့်အခါ ရေမွှေးနံ့နှင့်မတူဘဲ သဘာဝအတိုင်း မွှေးပျံ့ကာ စိတ်ကို ကြည်လင်စေသော ရနံ့လေးတစ်ခုကို ရရှိစေသည်။

သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာလည်း အင်မတန် ထင်ရှားသည်။ ကျယ်ဝန်းသော ကျင့်ကြံသူ ဝတ်စုံပင်လျှင် သူမ၏ လှပသော အကောက်အကွေးများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိရာ သူမသည် တကယ်ပင် ဘုရားပေးသော အလှတရားကို ပိုင်ဆိုင်ထားသူဟု ဆိုရပေမည်။

လုံယီသည် သူမကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် စိတ်ကို ထိန်းကာ ပြောလိုက်သည်။ “ငါ နဂါးတံထွေးမြက်ကို ရှာပေးဖို့ ပင်လယ်လေးသွယ်အဖွဲ့ကို အကူအညီတောင်းထားတယ်...”

သူသည် မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို ပိယောင်ယောင်အား အသေးစိတ် ပြောပြလိုက်သည်။

ပိယောင်ယောင်သည် သေချာနားထောင်ပြီးနောက် မျက်နှာမှာ တည်တံ့သွားပြီး နှာခေါင်းလေးကို ရှုံ့ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“ဒီအကြီးအကဲဝမ်က တကယ့်ကို ယုတ်မာတာပဲ။ သတင်းအမှားတွေ သုံးပြီး နင့်ကို မြှူဆွယ်နေတာပေါ့ တော်သေးတာပေါ့ နင်က ဂရုစိုက်လို့။ ငါသာဆိုရင် သူ့ထောင်ချောက်ထဲ မိသွားမှာ သေချာတယ်”

“အကြီးအကဲဝမ်က ငါ့ကို မြှူဖို့ ထုတ်ပေးလိုက်တဲ့ သတင်းတွေက သတင်းအမှား မဟုတ်

လောက်ဘူး”

လုံယီက ပြုံး၍ ပြောလိုက်သည်။

“နင် ဆိုလိုတာက...”

ပိယောင်ယောင်သည် မျက်တောင်လေး ခတ်ကာ လုံယီ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။

သူမက ရင်ဘတ်ကို ပုတ်ကာ “စိတ်မပူနဲ့ ဒါကို ငါ့ကိုသာ လွှဲထားလိုက်။ အမှန်တရားကို ငါ ရှာပေးမယ်”

ပိယောင်ယောင်၏ မိသားစုသည် ကျောက်နိုင်ငံ၏ လူသားလောကတွင် ဩဇာအာဏာ ကြီးမားသူများ ဖြစ်ကြရာ လုံယီအနေဖြင့် ထိုအင်အားကို အသုံးချရန် ရည်ရွယ်ထားခြင်းပင်။

ပိယောင်ယောင်အား ထိုကိစ္စကို အပ်နှံပြီးနောက် လုံယီသည် သူ၏ ပျင်းရိဖွယ်ကောင်းသော ကျင့်ကြံခြင်း ဘဝထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ပြန်သည်။

နေ့စဉ်နေ့တိုင်း ဂူအတွင်း၌ ထူးကဲယင်နည်းစနစ်ကျမ်းကို ကျင့်ကြံခြင်း သို့မဟုတ် ဂူအပြင်ဘက်တွင် လက်သီးပညာ လေ့ကျင့်ကာ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ပြုလုပ်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးစေခဲ့သည်။

ဆယ်ရက်ကျော် ကြာပြီးနောက် လုံယီ၏ စွမ်းရည်ပြမျက်နှာပြင်ပေါ်တွင် အပြောင်းအလဲများ ပေါ်လာခဲ့သည်။

[ကျင့်ကြံမှုအဆင့် စစ်သည်အထွတ်အထိပ် (၁၄၂/)၊ သိုင်းပညာရှင်အထွတ်အထိပ် (၁၁၇/)၊ အလယ်အလတ်အဆင့် ထူးခြားသူ (၁၀၀/၆၀၀)၊ ကြယ်သုံးပွင့် ခန္ဓာကျင့်ကြံသူ (၉၆/၆၀၀)၊ ချီသန့်စင်ခြင်း တတိယအဆင့် (၆၀၀/၆၀၀)]

ချီသန့်စင်ခြင်း တတိယအဆင့်မှာ ပြည့်စုံသွားပြီဖြစ်ရာ ၎င်း၏နောက်တွင် ဝေဝါးနေသော အပေါင်းလက္ခဏာလေး တစ်ခု ပေါ်လာသည်။ လုံယီက ၎င်းကို နှိပ်လိုက်သည်ဟု စိတ်ကူးလိုက်သည့်အခါ

[ချီသန့်စင်ခြင်း တတိယအဆင့် (၆၀၀/၆၀၀) → ချီသန့်စင်ခြင်း စတုတ္ထအဆင့် (၀/၆၀၀)]

အရင်က ပွင့်ထားပြီးသား ဖြစ်သော ယင်သွေးကြော၊ ယန်ဝေသွေးကြောနှင့် ယင်ချောင်

သွေးကြောတို့အပြင် ယန်ချောင်သွေးကြောမှာလည်း လုံးဝ ပွင့်သွားခဲ့သည်။ ပဉ္စမမြောက်

ဖြစ်သော တိုက်မိုင်သွေးကြောမှာလည်း အချို့နေရာများတွင် ပွင့်သွားပြီဖြစ်ရာ ၎င်းသာ လုံးဝ ပွင့်သွားပါက ပဉ္စမအဆင့်သို့ တက်လှမ်းရန် အချိန်ကျပြီ ဖြစ်သည်။

သူ၏ ဝိညာဉ်ချီစွမ်းအင် ပမာဏမှာ ချီသန့်စင်ခြင်း တတိယအဆင့်၏ အထွတ်အထိပ်ထက် နှစ်ဆခန့် ပိုမိုများပြားလာပြီး သူသည် ချီသန့်စင်ခြင်း အလယ်အဆင့်သို့ စတင်ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။

ချီသန့်စင်ခြင်း အလယ်အဆင့်တွင် ဝိညာဉ်ချီစွမ်းအင်များမှာ ကြွယ်ဝလှသဖြင့် အရင်က မလုပ်နိုင်ခဲ့သော တစ္ဆေပခုံးပုတ်အတတ်နှင့် ဝိညာဉ်ဖမ်းစားခြင်းအတတ်ကဲ့သို့သော ဝိညာဉ်အတတ်များကို စတင် လေ့ကျင့်နိုင်ပြီ ဖြစ်သည်။

သူ၏ စိတ်အာရုံထဲမှ အပြောင်းအလဲများမှာ ပို၍ပင် အံ့ဩစရာ ကောင်းလှသည်။ သူ ချီသန့်စင်ခြင်း အလယ်အဆင့်သို့ တက်လှမ်းလိုက်သည့် ခဏတွင် သူ၏ စိတ်ထဲ၌ ဝိညာဉ်အလင်းတန်းလေး တစ်ခု ပေါ်လာပြီး ၎င်းမှာ တဖြည်းဖြည်း ကြီးထွားလာကာ မီးခိုးရောင် တောက်ပနေသော မြွေလေးတစ်ကောင် ဖြစ်သွားသည်။

၎င်းမှာ တစ်ပေပင် မပြည့်သော်လည်း သိန်းငှက်၊ မျောက်ဖြူတို့နှင့်အတူ အခြေသုံးခုသဖွယ် ရပ်တည်နေသည်။ ထိုသုံးမျိုးမှာ ဝိညာဉ်ကျင့်စဉ်၊ သိုင်းပညာနှင့် ခန္ဓာကျင့်စဉ်တို့၏ ကိုယ်စားပြုများပင်။

လုံယီ၏ ပခုံးပေါ်ရှိ ငါးပေခန့် ရှည်သော မြွေနက်ကြီးသည် သူနှင့် အမျိုးအနွယ်တူသော်လည်း ပို၍ သေးငယ်လှသော မီးခိုးရောင် မြွေလေးကို မြင်သောအခါ သူ၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး မောက်မာစွာ ကြည့်လိုက်သည်။

သို့သော် မထင်မှတ်ဘဲ ထိုမီးခိုးရောင် မြွေလေးသည် သိန်းငှက်၊ မျောက်ဖြူတို့နှင့် ချက်ချင်း ပေါင်းစပ်သွားပြီး ပေလေးဆယ်ကျော် ရှည်လျားသော ဧရာမ မြွေနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ရှူး...”

ဧရာမမြွေကြီးသည် မြင့်မားသောနေရာမှနေ၍ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော မြစိမ်းရောင်မျက်လုံးများဖြင့် မြွေနက်ကြီးကို စိုက်ကြည့်နေသည်။

၎င်းသည် ပါးစပ်ကြီးကို ဟလိုက်ရာ မြွေနက်ကြီးကို တစ်လုတ်တည်းနှင့် မျိုချတော့မည့်အလား ထင်ရသဖြင့် မြွေနက်ကြီးမှာ ထိတ်လန့်သွားပြီး လုံယီ၏ပခုံးပေါ်ရှိ အသားပိုအတွင်းသို့ အမြန်ပြန်လည်ပုန်းအောင်းသွားတော့သည်။

ဝိညာဉ်ကျင့်စဉ်နှင့် ခန္ဓာကျင့်စဉ်တို့မှ ထွက်ပေါ်လာသော ဝိညာဉ်အာရုံများအပြင် သိုင်းပညာရှင်တစ်ဦး၏ အာရုံခံစားမှုတို့မှာ လုံယီ၏ ဝိညာဉ်ထံမှ ဆင်းသက်လာခြင်းဖြစ်ရာ အခြေခံအားဖြင့် ခွဲခြား၍မရနိုင်ပေ။

ယခုမှစ၍ သူတို့သည် အပြန်အလှန် ကူးပြောင်းပေါင်းစပ်နိုင်ပြီဖြစ်ရာ လုံယီ၏ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာမြှင့်တင်ပေးနိုင်တော့မည်ပင်။

ယခုအခါ သူသည် သိုင်းပညာနှင့် ခန္ဓာကျင့်စဉ်တို့ကို အသုံးမပြုဘဲပင် ချီသန့်စင်ခြင်း စတုတ္ထအဆင့် (အလယ်အဆင့်) ၏ စွမ်းအားသက်သက်ဖြင့် ချီသန့်စင်ခြင်း အလယ်အဆင့်အတွင်း၌ ပြိုင်ဘက်ကင်းနိုင်ရုံသာမက အချို့သော အဆင့်မြင့်ကျင့်ကြံသူများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီဖြစ်သည်။

အမှန်စင်စစ် ချီသန့်စင်ခြင်း အလယ်အဆင့်သို့ တက်လှမ်းနိုင်ခြင်း၏ အကြီးမားဆုံး အားသာချက်မှာ ဆရာတစ်ဦးဦးထံတွင် တပည့်ခံနိုင်ခြင်းနှင့် ခိုင်မာသော နောက်ခံတစ်ခု ရှာဖွေနိုင်ခြင်းပင်။

လုံယီသည် ဤကိစ္စကို ပိယောင်ယောင်နှင့် သေချာတိုင်ပင်ခဲ့ရာ သူမက အစွမ်းထက်သော အကြီးအကဲအချို့ကို အကြံပြုခဲ့သည်။

ဝိညာဉ်ချီစွမ်းအင် အလွန်အားကောင်းပြီး ဝိညာဉ်အလံကို ကိုင်ဆောင်သည့် အကြီးအကဲတု၊ နှလုံးစားကျိန်စာကြောင့် နာမည်ကြီးသော အကြီးအကဲလျိုနှင့် မိစ္ဆာစစ်သူကြီးအဆင့်ရှိ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကို ပိုင်ဆိုင်သော အကြီးအကဲဖန်... အစရှိသဖြင့် အားလုံးနီးပါးမှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော် သေချာစဉ်းစားပြီးနောက် လုံယီသည် သူတို့ကို မရွေးချယ်ဘဲ ဆရာဟယ်ထံတွင်သာ တပည့်ခံရန် ဆုံးဖြတ်ခဲ့သည်။

မူလအမည်မှာ ဟယ်ရှန်းဖြစ်သော်လည်း ဆရာဟယ်၏ တရားဝင်ဘွဲ့အမည်မှာ ယန်ပေါ်ကျီဖြစ်သည်။ ၎င်းမှာ ကြည်လင်အေးချမ်းသော နေ့ရက်များ၌ အေးဆေးစွာ အနားယူလျက် ရည်မှန်းချက်ဆီသို့ လှမ်းတက်ခြင်းဟူသော အဓိပ္ပာယ်မှ ဆင်းသက်လာခြင်းပင်။ သို့သော် လုံယီသည် ဆရာဟယ်နှင့် အကြိမ်ကြိမ် ဆုံဖူးသဖြင့် သူ၏စရိုက်မှာ ဘွဲ့အမည်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း သိထားသည်။

သူသည် စိတ်မြန်လက်မြန်ရှိပြီး သိုင်းပညာကို အလွန်မြတ်နိုးသူဖြစ်ရာ အခြားအကြီးအကဲများနှင့် လုံးဝမတူပေ။

လုံယီက သူ့ကို ဆရာအဖြစ် ရွေးချယ်ရခြင်းမှာ အဓိက အချက်သုံးချက်ကြောင့်ပင်။

ပထမအချက်မှာ ဆရာဟယ်သည် လုံယီတို့ တပည့်သစ်များကို တစ်ချိန်က ကြီးကြပ်ပေးခဲ့ဖူးသဖြင့် ရင်းနှီးမှုရှိပြီးသား ဖြစ်သည်။

ထို့အပြင် ဆရာဟယ်သည် လုံယီကို ယခင်ကတည်းက အသိအမှတ်ပြုခဲ့ဖူးပြီး လုံယီ ပထမဆုံးရရှိခဲ့သော ချီစုပ်ယူဆေးလုံးတစ်ပုလင်းမှာလည်း ဆရာဟယ် ချီးမြှင့်ခဲ့ခြင်းပင်။

ဒုတိယအချက်မှာ ဆရာဟယ်၏ စရိုက်ပင်။ လုံယီသည် ပိယောင်ယောင်မှတစ်ဆင့် စုံစမ်းကြည့်ရာတွင်လည်း သူခံစားရသလိုပင် ဆရာဟယ်မှာ မတရားမှုကို အလွန်မုန်းတီးပြီး ပွင့်လင်းရိုးသားသူဖြစ်ကာ အရှိန်အဝါဟန်ပန် မပြတတ်ပေ။

အရေးကြီးဆုံးအချက်မှာ သူသည် တပည့်များကို အလွန်ကာကွယ်တတ်ခြင်းပင်။ သူသည် တစ်ခါက သူ၏တပည့်များအတွက် စည်းကမ်းထိန်းသိမ်းရေးခန်းမတွင် ပြဿနာတက်ခဲ့ဖူးပြီး အစွမ်းထက်သော အကြီးအကဲအချို့ကိုပင် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသည်ဟု သိရသည်။

ဆရာတစ်ဦးကို ရွေးချယ်ရာတွင် အခြားအကြီးအကဲတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် ကိုယ့်ဘက်က ရပ်တည်ပေးရဲသလား ဆိုသည်မှာ အလွန်အရေးကြီးသည်။ လုံယီမှာ အပေါ်ယံအားဖြင့် သာမန်ပါရမီသာရှိသော တပည့်တစ်ဦးဖြစ်ရာ ပါရမီရှင်များကဲ့သို့ ဆက်ဆံခံရမည် မဟုတ်ပေ။

တတိယအချက်မှာ ဆရာဟယ်၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်ဖြစ်ပြီး အကြီးအကဲများကြားတွင် သိပ်ပြီး ထင်ပေါ်ခြင်းမရှိပေ။

သို့သော် ဤအဆင့်မှာပင် အလွန်သင့်တော်လှသည်။ ပါရမီရှင်အစစ်အမှန်များမှာ သူ့ကို ပထမဦးစားပေး ရွေးချယ်လေ့မရှိသဖြင့် လုံယီအတွက် အခွင့်အလမ်း ပိုများစေသည်။

ထို့အပြင် ဆရာဟယ်မှာ အသက်နှစ်ရာပင် မပြည့်သေးရာ အခြေခံတည်ဆောက်ခြင်းအဆင့်၏ ပုံမှန်သက်တမ်းဖြစ်သော အနှစ်သုံးရာနှင့် ယှဉ်လျှင် လူပျိုပေါက်အရွယ်သာ ရှိသေးပြီး နောင်တစ်ချိန်တွင် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်သည့် အလားအလာရှိသည်။

ဆုံးဖြတ်ချက်ချပြီးနောက် လုံယီသည် ဝမ်တောက်တောင်ထွတ်ဆီသို့ တိုက်ရိုက် ဦးတည်ခဲ့သည်။ ပုံမှန်လုပ်ထုံးလုပ်နည်းအရဆိုလျှင် သူသည် မှတ်တမ်းခန်းမသို့ သွားရောက်၍ အဆင့်တက်ခြင်းကို သတင်းပို့ရမည်ဖြစ်ပြီး အကြီးအကဲများက သူ့ကို လက်ခံ၊ မခံ ဖောင်ဖြည့်ရမည်ပင်။

သို့သော် ကျောင်းသားများ ဆရာရွေးချယ်သကဲ့သို့ပင် ဖောင်ဖြည့်ခြင်းမှာ အခမ်းအနားသက်သက်သာ ဖြစ်လေ့ရှိပြီး အများစုမှာ ဆရာများနှင့် ကြိုတင်ညှိနှိုင်းထားပြီးသား ဖြစ်သည်။ လုံယီသည်လည်း ဆရာဟယ်နှင့် အရင်ဆုံးတွေ့ဆုံကာ သဘောတူညီမှုရယူပြီးမှ လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်းပင်။

ဆရာဟယ်၏ ဂူဗိမာန်မှာ ဝမ်တောက်တောင်ထွတ်၏ တောင်ခါးပန်းတွင် တည်ရှိပြီး လူသားလောကမှ ဇိမ်ခံစံအိမ်ကြီးတစ်ခုနှင့် တူလှကာ ပတ်ဝန်းကျင်တွင်လည်း တိမ်တိုက်ဖြူများ ဝန်းရံနေသည်။

ဂူဝတွင် အသက် ၅၀ သို့မဟုတ် ၆၀ ခန့်ရှိမည့် နွမ်းလျနေသော အဖိုးအိုတစ်ဦး ရပ်နေသည်။ ဆံပင်များမှာ ဖြူစပြုနေပြီး ပိန်ပိန်ပါးပါး ကိုယ်လုံးဖြင့် ခရမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားရာ ပတ်ဝန်းကျင်နှင့် တစ်မျိုးတစ်ဖုံ ကွဲပြားနေသည်။

သူ၏ မျက်နှာတွင် အရေးအကြောင်း အနည်းငယ်သာ ရှိသဖြင့် သူသည် ကျွမ်းကျင်သော သိုင်းပညာရှင်တစ်ဦး ဖြစ်နိုင်ကြောင်း ခန့်မှန်းနိုင်သည်။

အဖိုးအို၏ ဦးခေါင်းအထက်တွင် ယန်ပေါ်ဟူသော ရွှေရောင်စာလုံးနှစ်လုံးပါသည့် အနက်

ရောင် ခေါင်းပေါင်းတစ်ခု ရှိနေသည်။

သေချာကြည့်လျှင် အဖိုးအို၏ မျက်လုံးများမှာ မှေးစင်းနေသော်လည်း အသက်ရှူသံမှာ အလွန်တည်ငြိမ်ပြီး ရင်ဘတ်မှာ ဖြည်းဖြည်းမှန်မှန် နိမ့်ချည်မြင့်ချည် ဖြစ်နေရာ မျက်လုံးဖွင့်လျက် အိပ်ပျော်နေခြင်း ဖြစ်ကြောင်း သိသာလှသည်။

လုံယီမှာ ဘာပြောရမှန်းမသိ ဖြစ်သွားပြီး သူ၏ ဆုံးဖြတ်ချက် မှားသွားလေသလားဟုပင် တွေးမိလိုက်သည်။

သို့သော် ရောက်လာပြီဖြစ်ရာ သူသည် လက်အုပ်ချီ၍ “အကြီးအကဲ... တစ်ချက်လောက် အကြောင်းကြားပေးလို့ ရမလားခင်ဗျာ။ တပည့် လုံယီက ချီသန့်စင်ခြင်း အလယ်အဆင့်ကို အခုပဲ တက်လှမ်းနိုင်ခဲ့လို့ ဆရာဟယ်ထံမှာ တပည့်ခံဖို့အတွက် လာရောက်ဂါရဝပြုတာပါ။ ဆရာဟယ် အားမယ့်အချိန်နဲ့ ကျွန်တော့်ကို ဘယ်တော့ လက်ခံတွေ့ဆုံနိုင်မလဲဆိုတာ သိပါရစေ”

ဆရာတစ်ဦးကို တပည့်ခံရာတွင် တံခါးဝ၌ တိုက်ရိုက်ပြောဆိုခြင်းမှာ ရိုင်းရာကျသဖြင့် ကြိုတင်ချိန်းဆိုခြင်းမှာ အလွန်အရေးကြီးသော လုပ်ထုံးလုပ်နည်း ဖြစ်သည်။

မလှမ်းမကမ်းတွင် လုံယီကို စောင့်ကြည့်နေသော ကျီးကန်းနက်ကြီးမှာ အတောင်ပံများကို စိတ်မရှည်စွာ ခတ်နေပြီး ၎င်း၏ နီရဲသော မျက်လုံးများဖြင့် ဖြစ်ပျက်သမျှကို စိုက်ကြည့်နေသည်။

အဖိုးအိုမှာ အိပ်ရာမှ လန့်နိုးလာသည့်အလား တုန်လှုပ်သွားပြီးနောက် မျက်လုံးများကို ပြူးကြည့်ကာ လုံယီကို တစ်ချက်ကြည့်လိုက်သည်။ သူက ဘာမှမပြောဘဲ ဂူဗိမာန်အတွင်းသို့ လှည့်ဝင်သွားခဲ့သည်။

ခေတ္တအကြာတွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

“နောက်မှ စောင့်နေစရာ မလိုပါဘူး ဒီနေ့ ငါအားတယ် ဝင်ခဲ့တော့...”

All Chapters