ရန်ကျောက်ကဲချန်ထားခဲ့သောဒဏ္ဍာရီ
Vol. 33 Ch. 461
အခန်း (၄၆၁) ရန်ကျောက်ကဲချန်ထားခဲ့သောဒဏ္ဍာရီ
လော့ကျင်းဟောင်နှင့် အခြားသောမိစ္ဆာသွေးကျင့်ကြံသူများကို ပြန်လွှတ်လိုက်ပြီးနောက် ရန်ကျောက်ကဲက ရရှိလာသော မဟာဝိညာဉ်ကျောက်တုံးအနှစ်သာရများကို စီစစ်လိုက်သည်။
စူးယွင်ကိုနှုတ်ဆက်စကားဆိုပြီးနောက် ရန်ကျောက်ကဲက နှင်းကြိုးကြာဂိုဏ်းမှ သူနှင့်အတူလိုက်ပါလိုသောတပည့်ငယ်အချို့ကို ခေါ်ဆောင်လျှက် ဖန်းယွင်ရှန်းတို့နှင့်အတူ နှင်းကျောက်စိမ်းတောင်တန်းမှ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပြန်ရမည့် ကမ္ဘာဖြတ်လမ်းကြောင်း ဝင်ပေါက်ဆီသို့ တိတ်တဆိတ်ထွက်ခွာသွားလေသည်။
စူးယွင်တို့သားအမိအပြင် နှင်းကြိုးကြာဂိုဏ်းတွင် ငယ်ရွယ်ပြီး အရည်အချင်းရှိသော ချီစွမ်းအားကျင့်ကြံသူလူငယ်များစွာရှိလေသည်။ သူတို့အနေဖြင့် ကျင့်ကြံရန်ပိုမိုသင့်တော်သောနေရာတစ်ခုသို့ ရန်ကျောက်ကဲနှင့်အတူ လိုက်ပါလိုကြသည်။
ရန်ကျောက်ကဲ သိုသိုသိပ်သိပ်ဖြင့်ပင် မျောလွင့်ဝိညာဉ်ကမ္ဘာမှထွက်ခွာသွားပြီး ဤကမ္ဘာတွင် အဆုံးမရှိသော ဒဏ္ဍာရီများစွာကို ချန်ထားရစ်ခဲ့လေသည်။
အချိန်တဖြည်းဖြည်းကြာမြင့်လာခဲ့ပြီး ရန်ကျောက်ကဲ ပေါ်မလာတော့သည့်အခါ လော့ကျင်းဟောင်နှင့် အခြားသူများ သံသယဝင်လာကြသည်။ ရန်ကျောက်ကဲသည်လည်း ရွှယ်ချူးချင်ပမာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး အခြားကမ္ဘာတစ်ခုသို့ ထွက်ခွာသွားပြီဟု ထင်မြင်လာကြ၏။
သို့သော် ယခင်တစ်ချိန်က ရွှယ်ချူးချင်ပဲဖြစ်ဖြစ် ၊ ယခု ရန်ကျောက်ကဲပဲဖြစ်ဖြစ် ဤလူထူးလူဆန်းများသည် ဘယ်အချိန်တွင် မျောလွင့်ဝိညာဉ်ကမ္ဘာသို့ ပြန်ရောက်လာမည်လဲ ဘယ်သူမှ အတိအကျ မပြောနိုင်ပေ။
ထို့ကြောင့် သူတို့အားလုံး နှင်းကြိုးကြာဂိုဏ်းကို အနည်းငယ်ပင် ထိပါးရဲခြင်း မရှိကြပေ။
အနောက်ဒေသတိုက်ပွဲတွင် ရန်ကျောက်ကဲက သိုင်းဂိုဏ်း (၃)ဂိုဏ်းနှင့် မိစ္ဆာတစ်ပါးကို သတ်ဖြတ်ချေမှုန်းခဲ့ပြီး မိစ္ဆာသွေးကျင့်ကြံသူများ၏ သတ္တိကိုချိုးဖျက်ကာ ချီစွမ်းအားကျင့်ကြံသူများ၏အောင်မြင်မှုကို ကိုယ်စားပြုခဲ့သည်။ ဤသည်က အချိန်တိုအတွင်း မေ့ပျောက်သွားနိုင်သည့်ကိစ္စ မဟုတ်ပေ။
မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ချီစွမ်းအားကျင့်ကြံရသည်မှာ အလွန်တရာခက်ခဲသဖြင့် လုံးဝခေတ်စားခဲ့ခြင်း မရှိပေ။ သို့သော် ရန်ကျောက်ကဲရောက်ရှိလာပြီး မကြာခင်ကာလအတွင်း ချီစွမ်းအားကျင့်ကြံခြင်းက လူငယ်များကြားတွင် အရှိန်အဟုန်ဖြင့် ရေပန်းစားလာခဲ့သည်။
လူငယ်တိုင်းက ဒဏ္ဍာရီထဲမှ “ကောင်းကင်ဧကရာဇ် ‘ရန်’ “ ကဲ့သို့ ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်ချင်သူ ဖြစ်လိုကြပြီး သူတို့အသက်ရှင်နေထိုင်မှုပုံစံအားလုံးကို ‘ရန်ကျောက်ကဲ’ က များစွာ လွှမ်းမိုးနိုင်ခဲ့သည်။
သွေးနီတိမ်တိုက်ဂိုဏ်းကဲ့သို့ စွမ်းအားစုများ၏အမြင်မှာတော့ ရန်ကျောက်ကဲက ပြီးပြည့်စုံသော မိစ္ဆာဘုရင်တစ်ပါးသာ ဖြစ်၏။ သို့သော် ရန်ကျောက်ကဲ မျက်နှာပျက်စေရန်အတွက် ထိုသို့သောနာမည်ဆိုးကို ထုတ်ဖော်ပြောဆိုဝံ့ခြင်း မရှိကြပေ။
“ကောင်းကင်ဧကရာဇ်’ရန်’”။
မိုးအောက်မြေပြင် အလုံးစုံကို လွှမ်းမိုးချုပ်ကိုင်၍ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးသော “ကောင်းကင်ဧကရာဇ်’ရန်’”။
ဤသည်က ရန်ကျောက်ကဲကို မျောလွင့်ဝိညာဉ်ကမ္ဘာက ခေါ်ဆိုကြသော နာမ ဖြစ်သည်။
သူရောက်လာချိန်နှင့် ထွက်ခွာသွားချိန်က တစ်ခဏမျှဖြစ်သော်လည်း မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံး၏ အခြေအနေကတော့ ပြောင်းလဲသွားခဲ့သည်။ ဤကမ္ဘာတွင် သူ နေထိုင်စဉ် ပြောသမျှစကားလုံးတိုင်းက အာဏာနှင့်ပြည့်လျှက် မိုးမြေတစ်ခွင်ကို အမိန့်ပေးစေခိုင်းနိုင်စွမ်း ရှိခဲ့၏။
သူ ဤကမ္ဘာကို ကျော်လွန်ထွက်ခွာသွားသည့်တိုင် သူ၏တည်ရှိမှုက မျောလွင့်ဝိညာဉ်ကမ္ဘာမှ လူသားတိုင်းကို ခြိမ်းခြောက်နေဆဲပင်။
“အဟက်... ဂုဏ်ယူစရာပဲ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာရဲ့ ပလ္လင်ပေါ်မှာ ဘယ်ကျားမှတက်မထိုင်ရဲတော့ဘူးပေါ့”
ဖန်းယွင်ရှန်း ၊ အားဟူ ၊ ယင်လုန်ထူ ၊ အခြားသူများနှင့်အတူ ကမ္ဘာဖြတ်လမ်းကြောင်းကို အတူတကွ ဖြတ်သန်းလာရင်း ရန်ကျောက်ကဲ ရယ်မောကာဆိုသည်။
“ကောင်းကင်ဧကရဇ် ၊ ကောင်းကင်ဘုံအရှင်ဆိုတဲ့ ဘွဲ့နာမည်တွေက မဟာကပ်ဘေးကြီးမတိုင်ခင်ကတောင် လွယ်လွယ်နဲ့ မအပ်နှင်းကြဘူး ၊ အခုချိန်ထိလည်း ဘယ်သူမှ ဒီနာမည်တွေကို ပေါ့ပေါ့ဆဆ အသုံးမပြုရဲကြဘူး ၊ ကြည့်လေ... ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက အထွတ်ထိပ်ကျင့်ကြံသူတွေတောင် သူတို့ကိုယ်သူတို့ အဲဒီလိုနာမတွေ အသုံးမပြုကြဘူး ၊ ဟန်ထျန်းပုဂ္ဂိုလ်မြတ် ၊ ကောင်းကင်ခန့်မှန်းသူ ၊ ကောင်းကင်ခြေရာတိုင်းသူဆိုတာလောက်ပဲ အသုံးပြုခဲ့ကြတာ”
ရန်ကျောက်ကဲကပြုံးရင်း...
“ဘယ်သူမှ ‘ကောင်းကင်ဘုံဧကရာဇ်’ ၊ ကောင်းကင်ဘုံအရှင်’ ဆိုတဲ့ နာမည် အသုံးမပြုခဲ့ကြဘူး”
အားဟူက ရိုးရှင်းစွာရယ်မောလိုက်ရင်း...
“ဒါပေမဲ့ သခင်လေးကိုကြည့်ရတာ အဲဒီလို အခေါ်ခံရတာကို သဘောကျနေသလိုပဲနော်”
ရန်ကျောက်ကဲက ရှက်ကိုးရှက်ကန်း ချောင်းတစ်ချက်ဟန့်လိုက်ရင်း...
“အဟမ်း... မင်းကလည်းကွာ... သူတို့ကခေါ်တော့လည်း လက်ခံရတာပေါ့”
ထိုစကားကြားတော့ ဖန်းယွင်ရှန်းက အော်ဟစ်ရယ်မောလိုက်ပြီး ယင်လုန်ထူကလည်း သဘောကျစွာပြုံးလိုက်ရင်း...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က ဟန်ဆောင်နေပြန်ပြီ”
ရန်ကျောက်ကဲက ယင်လုန်ထူ၏နဖူးကို လက်ဖြင့်လှမ်းတောက်ရင်း...
“သြော... မင်းက ငါ့ကိုပြောဖို့ကျ အရမ်းဉာဏ်ကောင်းနေတာပေါ့လေ”
ယင်လုန်ထူက ငယ်စဉ်ကလေးဘဝပြန်ရောက်သွားသည့်ပမာ ရိုးရှင်းပျော်ရွှင်စွာရယ်မောရင်း ခေါင်းကိုပွတ်လျှက်ရှိသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“တကယ်တော့... အခုချိန်မှာ ဒီလိုမျိုး ကောင်းကင်ဧကရာဇ်အခေါ်ခံရဖို့က မထိုက်တန်သေးပါဘူး ၊ ဒါပေမဲ့ ကြားလို့တော့ အတော်ကောင်းပဲ”
ဖန်းယွင်ရှန်းက မျက်တာင်လေးများတဖျတ်ဖျတ်ခတ်ရင်း...
“ဟမ်... အခုချိန်မှာ မထိုက်တန်သေးဘူး... ဟုတ်လား”
ရန်ကျောက်ကဲကလည်း မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ရင်း...
“ဘာတုန်း... မင်းက ငါပြောသမျှစကားတိုင်းကို အမှားထောက်ဖို့ စောင့်နေတာလား”
ဖန်းယွင်ရှန်းက လက်မထောင်ပြရင်း...
“ဒါပေါ့...”
သူတို့ပျော်ရွှင်စွာစကားပြောဆိုရင်း ကမ္ဘာဖြတ်လမ်းကို ဖြတ်သန်းခရီးနှင်လာကြသည်။
မကြာမီ မိုးမြေတစ်ခွင်တွင် ဝိညာဉ်စွမ်းအားစီးကြောင်းများနှင့် ရောယှက်နေသည့် သက်တံ့နှစ်စင်းကို တွေ့မြင်လိုက်ရသည်။ သက်တံ့တစ်ခုက အရှေ့နှင့်အနောက် ၊ အခြားသက်တံ့တစ်ခုက တောင်နှင့်မြောက် မိုးကုတ်စက်ဝိုင်းကိုချိတ်ဆက်လျှက် တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ် အနေအထားရှိနေကြသည်။
ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားစီးဆင်းမှုများကို ခံစားရသည့်အခါ ရန်ကျောက်ကဲတို့အားလုံး စိတ်အေးစွာြဖင့် သက်ပြင်းချမိကြသည်။ သဲကန္တာရကြီးအတွင်းမှထွက်လာပြီး ရေအပြည့်ရှိနေသော ရွာလေးတစ်ရွာဆီသို့ ဝင်လိုက်ရသလိုပင် ဖြစ်၏။
ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောတွင် ကောင်းကင်သက်တံ့နှစ်လွှာပျောက်ကွယ်သွားခြင်း မရှိသေးသဖြင့် ပုံရိပ်ယောင်များ အားနည်းနေသည့်တိုင် လူအများ၏စိတ်ကိုတော့ လှည့်စားနိုင်ဆဲ ဖြစ်သည်။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း...
“မျောလွင့်ဝိညာဉ်ကမ္ဘာဘက်ခြမ်းက ကမ္ဘာဖြတ်လမ်းကြောင်းက မတည်ငြိမ်ပေမယ့် ဒီဝင်ပေါက်က ပုံသေတည်ရှိနေတာဖြစ်ရမယ် ၊ ဒါပေမဲ့ မျောလွင့်ဝိညာဉ်ကမ္ဘာကလူတွေ ငါတို့ဆီရောက်လာတယ်လို့ တစ်ခါမှ မကြားဖူးဘူး”
သူက ဟိုဟိုဒီဒီ ကြည့်ရင်း ဆက်ပြောသည်။
“ငါတို့ ပုံရိပ်ယောင်စိမ့်စမ်းတောထဲမှာ ဒီလောက်ကြာကြာပျောက်သွားတာတောင် ဘယ်သူမှ ကောင်းကင်သက်တံ့နှစ်လွှာဆီကို လာမရှာကြဘူး... ကြည့်စမ်း“
ဖန်းယွင်ရှန်းက...
“ကောင်းကင်သက်တံ့နှစ်လွှာက ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောရဲ့ နက်ရှိုင်းတဲ့နေရာမှာရှိတာဆိုတော့ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးတဲ့သူတွေ ရောက်လာဖို့ဆိုတာ အရမ်းခက်ခဲတယ် ၊ အခုချိန်မှာ ပုံရိပ်ယောင်တွေ အားနည်းနေတယ်ဆိုပေမယ့် သိုင်းဆရာသခင်တွေတောင်မှ လမ်းပျောက်နိုင်တယ်လေ”
သူမက ဆက်ပြောသည်။
“အင်း... ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့သူတွေ ကျွန်မတို့ကို လာမရှာကြတာကတော့... ကြည့်ရတာ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ပြဿနာကြီးတစ်ခုခုများ ဖြစ်နေလားမသိဘူး”
ရန်ကျောက်ကဲက...
“ငါတို့ ဒီနေရာက အရင်ထွက်ကြရအောင် ၊ အပြင်ရောက်မှ တခြားသူတွေကိုမေးကြည့်ကြတာပေါ့ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနဲ့ ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာက အချိန်စီးဆင်းမှုတူညီနေတာ ကံကောင်းတယ်မှတ်ရမယ် ၊ ငါတို့ပျောက်သွားတာ သိပ်ပြီး အချိန်ကြာမသွားဘူး”
ရန်ကျောက်ကဲက ကောင်းကင်ထက်မှ ကောင်းကင်သက်တံ့နှစ်လွှာကိုမော့ကြည့်လိုက်ပြီး သူ့လက်ထဲမှ နှင်းကြိုးကြဆံထိုးလေးကို ပြန်ငုံ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းတစ်ချက်ခါယမ်းရင်း သက်ပြင်းချလိုက်၏။
ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောလို နေရာမျိုးက လမ်းကြောင်းရှာဖွေရန်ခက်ခဲသဖြင့် ဝင်ရောက်ရန်လည်းခက်သလို အန္တရယ်ကင်းကင်းဖြင့် ပြန်ထွက်လာနိုင်ရန်ကလည်း ခက်ခဲသည်။
သို့ဖြစ်ရာ အချိန်အတန်ကြာပြီးမှသာ သူတို့အားလုံး ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောမှ ထွက်ခွာလာနိုင်ခဲ့ကြသည်။
သူတို့ရောက်ရှိနေသည်က ရေကန်နယ်မြေပိုင်နက်ဖြစ်သဖြင့် သူတို့ပြန်လည်ရောက်ရှိလာကြောင်း လှိုင်းနက်ဂေဟာသို့ အရင်ဆုံး သတင်းပို့ကြရသည်။
ရှဲ့ယိုချန် တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ကြောင်းသိလိုက်ရသဖြင့် ရန်ကျောက်ကဲ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ရွှီဖေးကို အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ အန္တရယ်ကင်းစွာ ပြန်လည်ခေါ်ယူနိုင်သည်အထိ ရှဲ့ယိုချန် တံခါးပိတ်ကျင့်ကြံနေလျှင် အကောင်းဆုံးဖြစ်မည်ဟု သူ တွေးထင်လိုက်သည်။
ရှဲ့ယိုချန်နှင့် မဆုံတွေ့ရသော်လည်း လှိုင်းနက်ဂေဟာတွင် ရန်ကျောက်ကဲတို့ကိုစောင့်နေသော မိတ်ဆွေတစ်ယောက် ရှိနေလေ၏။
မိန်းမပျိုလေး ကျန်းယောင်က ရန်ကျောက်ကဲတို့ကိုတွေ့တော့ ဝမ်းသာအားရဖြင့် နှုတ်ဆက်လေ၏။
“အစ်ကိုကြီး’ရန်’ ... ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောက ပြန်လာပြီလား”
“ဟုတ်တယ် ညီမလေးကျန်းယောင် ၊ အချိန်တောင်အရမ်းကြာသွားတယ် ၊ နေကောင်းကြတယ်မလား”
ထို့နောက် သူက ကျန်းယောင်ကို ဖန်းယွင်ရှန်း ၊ ယင်လုန်ထူတို့နှင့် မိတ်ဆက်ပေးလိုက်သည်။
ကျန်းယောင်က ဖန်းယွင်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
လှိုင်းနက်ဂေဟာမှ ထူးကဲယင်မိန်းမပျို’ဖန်ချိုး’ နှင့် ကျန်းယောင်က ရင်းနှီးသောသူငယ်ချင်းများ ဖြစ်ကြသည်။ ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် ဖန်းယွင်ရှန်းက ဖန်ချိုးကို အနိုင်ယူခဲ့သဖြင့် ကျန်းယောင်က ဖန်းယွင်ရှန်းကို အနည်းငယ်ရှိန်နေသလို စိတ်ဝင်စားလျှက်လည်း ရှိ၏။
ဖန်းယွင်ရှန်းက ပြုံးရင်း သူမကို နှုတ်ဆက်စကားဆိုသည်။
“တွေ့ရတာဝမ်းသာပါတယ် ညီမလေး ကျန်းယောင် ၊ ဒါနဲ့... ညီမလေးဖန်ချိုးရော ဘာတွေလုပ်နေလဲ”
ကျန်းယောင်က...
“ဂိုဏ်းတူအစ်မ’ဖန်ချိုး’ က အစ်မ’ဖန်းယွင်ရှန်း’ ကို အရမ်းသဘောကျတာလေ ၊ အစ်မရောက်လာတာသိရင် သူ တွေ့ချင်မှာ ၊ ဒါပေမဲ့ နောက်နှစ် ထူးကဲယင်သရဖူပြိုင်ပွဲအတွက် အခု တံခါးပိတ်ကျင့်ကြံနေတယ်”
ဖန်းယွင်ရှန်းက ဟက်ဟက်ပက်ပက် ရယ်မောရင်း...
“ညီမလေးဖန်ချိုးက တကယ်ထူးခြားပြီးထက်မြက်တဲ့သူပါ ၊ ကျင့်ကြံတာလည်းအရမ်းဇွဲကောင်းတယ် ၊ ထူးကဲယင်ပြိုင်ပွဲမှာ သူနဲ့တွေ့ရဖို့ မျှော်နေပါ့မယ်”
သူတို့အားလုံးရယ်မောစကားဆိုကြရင်း ကျန်းယောင်သည်လည်း ဖန်းယွင်ရှန်းနှင့် ခင်ခင်မင်မင် ဖြစ်လာသည်။
ရန်ကျောက်ကဲက...
“ညီမလေးကျန်းယောင် ၊ ငါတို့တွေ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောကိုရောက်နေတုန်း ဘာတွေများကြီးကြီးမားမား ဖြစ်ခဲ့သေးလဲ”
ကျန်းယောင်၏မျက်နှာက တည်ကြည်လေးနက်သွားပြီး...
“အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်သွားတယ်”
သူမက ဆက်ပြောသည်။
“မကြာခင်ကပဲ... နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမ ပူးပေါင်းပြီး ကျောက်စိမ်းပင်လယ်မြို့တော်ကို ပြဿနာရှာကြတယ် ၊ နေသူတော်စင်ဂိုဏ်းက ဘိုးဘေးအကြီးအကဲ အရှေ့အရပ်ကထွက်သောနေသူတော်စင်နဲ့ ကောင်းကင်မိုးကြိုးခန်းမဂိုဏ်းချုပ် အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင်တို့က ရေနယ်မြေကို ဦးတည်တိုက်ခိုက်ခဲ့ကြတယ်”
သူမက ရန်ကျောက်ကဲနှင့် အခြားသူများကိုကြည့်ရင်း...
“အစ်ကိုကြီး’ရန်’ တို့ဂိုဏ်းက ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်က ကြယ်တာရာသန့်စင်ချီဝတ်ရုံကိုဝတ်ဆင်ပြီး မြေကမ္ဘာနယ်မြေမှာ အရှေ့အရပ်ကထွက်သောနေသူတော်စင်ကို တားဆီးလိုက်တယ် ၊ အဲဒီနေရာမှာ တကယ့်တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တာပဲ”